အခန်း (၅၃)
Vol. 6 Ch. 53
လူပေယွီသည် ကံကံ၏အကျိုးကို မယုံကြည်သူဖြစ်သည်။
ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သော လူငယ်တစ်ဦးအနေဖြင့် သာမန်ကိစ္စများတွင် ရှုံးနိမ့်ခြင်းကို လက်ခံနိုင်သော်လည်း သူသည် ပရော်ဖက်ရှင်နယ် E-sports ကစားသမားတစ်ယောက်ဖြစ်သည်။ သူအကျွမ်းကျင်ဆုံးဂိမ်းကို ကစားနေခြင်းမဟုတ်သည့်တိုင် သူ့အနေဖြင့်မရှုံးနိမ့်သင့်ပေ။
"နောက်တစ်ပွဲထပ်ဆော့မယ်"
သူက ထွက်ခွာတော့မည့် ယန်ရှီကို ဆတ်ခနဲလှမ်းဆွဲလိုက်သည်။
ယန်ရှီက အားကိုးရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ နောက်တစ်ပွဲထပ်ဆော့ကြတာပေါ့"
ဒုတိယပွဲတွင် လုပေယွီသည် Ban/Pick (BP) အဆင့်မှစ၍ အပြည့်အဝအာရုံစိုက်ထားပြီး ပြိုင်ပွဲတစ်ခုတွင် ကစားသကဲ့သို့ အာရုံစိုက်ခဲ့သည်။ ဤအကြိမ်တွင် မြေပုံပေါ်၌ ယန်ရှီနှင့်တွေ့သည်နှင့် လုံးဝ နောက်ပြန်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ပစ်လိုက်သည်။
ဆယ်မိနစ်အကြာတွင် ဂိမ်းပြီးဆုံးသွားသည်။
လူပေယွီသည် သူ၏ဖုန်းဖန်သားပြင်ပေါ်ရှိ "ရှုံးနိမ့်သည်" ဟူသောစာသားကို မှတ်တက်စွာဖြင့် ငေးကြည့်နေမိသည်။ အချိန်အတော်အတန်ကြာသည်အထိ အသိစိတ်ပြန်မဝင်လာခဲ့သေးပေ။
သူသည် ဤပွဲ၏ ဒုတိယမြောက်အဖိုးအတန်ဆုံးကစားသမား (SVP) ဖြစ်ခဲ့ပြီး ဤပွဲတွင်ရရှိသော သတ်ဖြတ်မှုများ၏ တစ်ဝက်ကျော်ကို ရရှိခဲ့သည်။ သူကစားပုံက အတော်လေးကောင်းခဲ့သည်ဟု သူ့ကိုယ်သူထင်နေမိသည်။
လုပေယွီသည် ယန်ရှီကို ကြည့်ပြီး မေးလိုက်သည်။
"မင်း ဒီဂိမ်းကို အခုမှ ပထမဆုံးအကြိမ်ကစားနေတာလား"
"ဟုတ်တယ်"
ယန်ရှီက အေးစက်နေသော ရေနွေးကို ဖြည်းဖြည်းသောက်လိုက်သည်။
"ဒါပေမဲ့ ဒီဂိမ်းတွေအကုန်လုံးက တော်တော်လေးကိုဆင်တူတယ်၊ ချင်းယွီလည်း တစ်ခါတလေကျရင် ဂိမ်းဆော့တယ်၊ သူမနိုင်တော့ရင် ငါ့ကိုလွှဲပေးတယ်လေ၊ အဲဒီလိုဂိမ်းတွေအများကြီး ဆော့ပြီးတော့ အခုဆို အသားကျနေပြီ"
"အဲဒါမလို့ ငါ့ကိုဂိမ်းရှုံးတာက နင့်အတွက် ရှက်စရာမဟုတ်ပါဘူး"
[ဟားဟားဟားဟား]
[ငါရယ်ရတာ အူတွေနာလို့သေတော့မယ်၊ Island က တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ငါ့ကိုဂိမ်းရှုံးတာက ရှက်စရာမဟုတ်ပါဘူးလို့ပြောမယ်လို့ ဘယ်တုန်းကမှတွေးခဲ့ဖူးမှာမဟုတ်ဘူး]
[Island က ဒီနှစ် ရာသီရဲ့ အအောင်မြင်ဆုံးလူသစ်ဆိုပြီး ရေပန်းစားခဲ့တာ (အခုအချိန်က နှုတ်ထွက်ရမယ့်အချိန်ပဲလား)]
[Island က သူ့ကိုယ်သူပါ သံသယဝင်နေပြီ]
[တကယ်တော့ Island က သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ ဂိမ်းအသစ်တွေကို အမြဲလိုလို စမ်းဆော့ပြတတ်တယ် ပြီးခဲ့တဲ့ပွဲမှာလည်း SVP ရခဲ့တယ်၊ ဒါပေမဲ့ ယန်ရှီက ပိုကောင်းလို့ရှုံးတယ်ဆိုတာတော့ လက်ခံရမှာပဲ]
ယန်ရှီက လုပေယွီ၏ပခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး ပြောသည်။
"ငါပြောပြီးပြီ နင်က ဟီးရိုးရဲ့ စကေးတွေကို အချိန်ကိုက်မသုံးတတ်တာ၊ နင်က ငါ့ထက်ပိုပြီး စကေးကောင်းပါတယ်၊ နောက်ထပ်ပွဲနည်းနည်းလောက်ထပ်ကစားမယ်ဆိုရင် နင်ငါ့ကိုကျော်တက်သွားမှာပါ"
လုပေယွီသည် အလွန်စိတ်ညစ်နေသည်။ ယန်ရှီဆိုလိုသည်ကို သူသိသည်။ သူတို့ကဲ့သို့ပရော်ဖက်ရှင်နယ်ကစားသမားများသည် ပြိုင်ပွဲများတွင် စကေးများ၏ အချက်အလတ်များကို တွက်ချက်ပြီးမှသာပြိုင်ဘက်များကို ပိုမိုထိရောက်စွာတိုက်ခိုက်ကြသည်။
သို့သော် ဂိမ်းတစ်ခုတွင် ဟီးရိုးမည်မျှရှိသနည်း။
လုပေယွီသည် League of Legends (LOL) တွင် သူအသုံးပြုသော ဟီးရိုးများ၏ စကေးများအားလုံးကိုသာ မှတ်မိသည်။ အခြားဂိမ်းများရှိ စကေးများကို သူမမှတ်မိနိုင်ပေ။ ယခု ဤဂိမ်းအသစ်၏ Pick / Ban လုပ်သည့် အချိန်တခဏ လေးအတွင်းတွင် ယန်ရှီသည် စကေးများအားလုံးကို မည်သို့မည်ပုံမှတ်မိနိုင်သနည်း။
"မင်းက မှတ်ဉာဏ်တော်တော်ကောင်းတာပဲ"
လုပေယွီက အောင့်သက်သက်ဖြင့် ဝန်ခံသည်။
နာရီထက်ရှိ ရှစ်နာရီကို ကိုယ်စားပြုသည့် နေရာသို့ နာရီလက်တံကလေး ရောက်သွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်။
ယန်ရှီနှင့် လူပေယွီတို့ ဂိမ်းဆော့နေကြစဉ် ကျုံချင်းယွီနှင့် လင်းရန်ရန်မှလွဲ၍ အခြားဧည့်သည်များအားလုံး ဧည့်ခန်းသို့ရောက်ရှိလာခဲ့ကြသည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် မနက်စာများပြင်ဆင်နေကြပြီး ချူမိုကမူ အပြင်စာမှာစားသည်။ မလာသေးသူများမှာ အိပ်နေဆဲဖြစ်သော ကျုံချင်းယွီနှင့် မည်သည့် နေရာရောက်နေမှန်းမသိသော လင်းရန်ရန်တို့သာဖြစ်သည်။
ချူမိုက ဧည့်ခန်းကို စစ်ဆေးကြည့်သည်။ သူအောက်ထပ်မဆင်းမီ လင်းရန်ရန်၏တံခါးကို ခေါက်ခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။ သူက လင်းရန်ရန်က စောစောထသွားခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
ရဲ့လော့ယီက မနေ့ညကဖြစ်ပျက်ခဲ့သည်တို့ကို ပြန်သတိရလိုက်ပြီး ပြောသည်။
"ရန်ရန်က ဟန်မြို့ကိုပြန်သွားပြီထင်တယ်"
"ဟန်မြို့ကိုပြန်သွားပြီလား"
ဧည့်သည်များအားလုံး အံ့အားသင့်သွားကြသည်။
"ငါတို့က ရသစုံရှိုးကို ရိုက်ကူးရမှာမဟုတ်ဘူးလား"
ဆုလင်းလင်းက မေးသည်။
"သူဘာလို့ဟန်းမြို့ကိုပြန်သွားတာလဲ၊ ရိုက်ကူးရေးမှာ ပါရမှာမဟုတ်ဘူးလား"
လူတိုင်းက စိတ်ရှုပ်ထွေးနေကြသည်။ ထိုအချိန်တွင် လင်းရန်ရန်ကတည်းခိုခန်းသို့ ဒယီးဒယိုင်ခြေလှမ်းများဖြင့် ပြန်ရောက်လာသည်။
ဟန်မြို့သို့ပြန်သော အစောဆုံးလေယာဉ်သည် မနက် ၅နာရီ ၃၀မိနစ် တွင်ထွက်သောလေယာဉ်သာရှိသည်။ လေယာဉ်စောင့်နေစဉ်အတွင်း လင်းရန်ရန်က အဝတ်အစားအသစ်နှင့် ဖိနပ်များဝယ်ပြီး သူမဝတ်ဆင်ထားသည်တို့နှင့် လဲလှယ်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူမ၏ခြေဖဝါးများက နာကျင်နေဆဲဖြစ်ရာ လမ်းလျှောက်ရာတွင် ထော့နဲ့ထော့နဲ့ဖြစ်နေသည်။
ရဲ့လော့ယီက လင်းရန်ရန်ပြန်လာသည်ကိုမြင်သောအခါ ချက်ချင်းရှေ့တိုးပြီး သူမကို ထိန်းပေးကာ မေးလိုက်သည်။
"နင်ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"
ရဲ့လော့ယီသည် မကြာသေးမီက ကျုံချင်းယွီနှင့်ပဋိပက္ခမဖြစ်စေရန် သူမကိုယ်သူမနှိမ့်ချစွာနေထိုင်ရန် စီစဉ်နေခဲ့သည်။ ထို့အပြင် ပရိတ်သတ်များအကြား သူမ၏ကျော်ကြားမှုကို ပြန်လည်ရရှိရန်အတွက် ရှိုးပွဲတွင် နူးညံ့သိမ်မွေ့စွာပြုမူနေထိုင်ရန် ကြိုးစားနေခဲ့သည်။ လင်းရန်ရန်၏ မျက်နှာသည် အလွန်အမင်းဖြူဖပ်ဖြူရော်ဖြစ်နေသည်။
"ဘာမှမဖြစ်ဘူး"
သူမက အားနွဲ့စွာ ပြန်ဖြေလိုက်သည်။
ဆုလင်းလင်းက လက်ပိုက်ကာ မေးသည်။
"လင်းရန်ရန်၊ ငါတို့က နင့်ဟန်မြို့ကို ပြန်သွားပြီး ဒီရိုက်ကူးရေးမှာလည်း ဆက်မပါတော့ဘူးလို့ထင်တာ၊ အခု ဘာလို့ပြန်လာတာလဲ"
လင်းရန်ရန်တစ်ကိုယ်လုံးတုန်လှုပ်သွားသည်။ မနေ့ညဖြစ်ပျက်ခဲ့သည်များကို သူမ ယခုအချိန်အထိ မှတ်မိနေသေးသည်။ ကျုံယန်စီက သူမအား ရသစုံရှိုးပွဲတွင် ဆက်ပါပြီး ရှိုးပွဲပြီးသွားမှသာ ယန်ရှီကိုတောင်းပန်ရန်ပြောခဲ့သည်။ သူမ၏ ဖခင်ကလည်း ဘာမှမဖြစ်သည့်ပုံစံဖြင့်သာ ဆက်နေရန် မှာထားခဲ့သည်။
လင်းရန်ရန်: "နင်ဘာတွေပြောနေတာလဲ ငါက မနက်တုန်းကလမ်းလျှောက်ရင်းလဲသွားတာပါ"
ဆုလင်းလင်းက မကျေမနပ်ဖြစ်ဖြင့်ပြန်ပြောသည်။
"ငါဘာမှပြောပါဘူး အဲဒါ ရဲ့လော့ယီပြောတာ"
လင်းရန်ရန်က ရဲ့လော့ယီကိုတွန်းဖယ်ပြီးပြောသည်။
"အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့ ၊ငါ ရသစုံရှိုးကထွက်စရာ ဘာအကြောင်းမှမရှိဘူး"
ရဲ့လော့ယီ: ????
သူမဘာများမှားခဲ့သနည်း။ အမှန်အတိုင်းပြောနေခြင်းသာဖြစ်ပါသည်။
ရဲ့လော့ယီက လင်းရန်ရန်နဲ့ဆက်ပြီး အငြင်းမပွားလိုတော့ချေ။လင်းရန်ရန်က ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ အနာကုသရန်အခန်းထဲသို့ပြန်သွားသည်။
ကိုးနာရီတိတိတွင် ဧည့်သည်အားလုံး ဧည့်ခန်း၌ စုရုံးလာကြသည်။
ကျုံချင်းယွီပင် အိပ်ရာထလာပြီဖြစ်သည်။ သူမက ညအိပ်ဝတ်စုံဝတ်ထားဆဲဖြစ်ပြီး အိပ်ချင်မူးတူးဖြစ်နေဟန်ရှိသည်။
[ ကောင်မလေးက အိပ်ချင်မူးတူးဖြစ်နေတာတောင် အရမ်းလှတာပဲ]
[သဘာဝဆန်တဲ့မျက်နှာလေးပါလား မနာလိုလိုက်တာနော်]
[ငါသာ ကျုံချင်းယွီလောက်လှရင် ပျော်လွန်းလို့ အိပ်နေရင်းနဲ့တောင်ရယ်မိမလားမသိဘူး]
ကျုံချင်းယွီက အိပ်ချင်မူးတူးဖြင့်ပင် ယန်ရှီဘေး၌ ထိုင်လိုက်သည်။ ထိုအချိန်တွင် ဒါရိုက်တာယွီလည်း ဧည့်ခန်းထဲရောက်လာသည်။ ယနေ့သည် မိမိစိတ်ကြိုက်လုပ်ချင်ရာ လုပ်လို့ရမည့်နေ့မဟုတ်ပေ။ ညွှန်ကြားရေးအဖွဲ့က အလုပ်တစ်ခုကြေညာတော့မည်ဖြစ်သည်။
"ယွီကျီကျုံး ငါတို့ ဘာလုပ်ရမှာလဲဆိုတာမြန်မြန်ပြောပါတော့၊ ငါအိပ်ချင်နေသေးလို့"
ကျုံချင်းယွီက ပြောပြီးသည်နှင့် တစ်ချက်သမ်းဝေလိုက်သည်။ မနက်ခင်းတိုင်းတွင် သူမ၏အလှအပအတွက် အိပ်ချိန်သပ်သပ်ရှိသည်။ ထိုသို့မဟုတ်လျှင် ရုပ်ဆိုးသွားလိမ့်မည်။
"ငါးမိနစ် ငါးမိနစ်ပဲ"
ဒါရိုက်တာယွီက ဧည့်သည်များကိုကြည့်ပြီးပြောသည်။
"တကယ်တော့ ငါ့အတန်းဖော် လူပေယွီပြောလို့စဉ်းစားမိတာ၊ ပုံမှန်ဆို ခရီးသွားတာက ပိုက်ဆံကုန်တယ်မလား ဒါပေမဲ့ အလုပ်လုပ်ရင်း ခရီးသွားတဲ့နည်းလမ်းလည်းရှိသေးတယ်လေ၊ အဲဒါကြောင့် ဒီနေ့အလုပ်က ပိုက်ဆံရှာရမှာပါ၊ သတ်မှတ်ချက်က သိပ်အများကြီး မရှိပါဘူး သုံးနာရီအတွင်း ဘယ်လောက်ရနိုင်မလဲဆိုတာကိုကြည့်ရုံပါပဲ"
"နောက်ထပ်စည်းမျဉ်းတစ်ခုက Livestream လွှင့်ခွင့်မရှိဘူး"
လူပေယွီက အော်လိုက်သည်။
"ဒါရိုက်တာ ယွီ ခင်ဗျားက ကျွန်တော့်ကိုပစ်မှတ်ထားနေတာပဲ"
ဒါရိုက်တာ ယူက လက်ကာပြီးပြောသည်။
"ငါလည်းဘာမှမလုပ်နိုင်ဘူး၊ မင်းတို့အကုန်လုံးသာ Livestream လွှင့်ပြီး ပိုက်ဆံရှာမယ်ဆိုရင် ရလာမဲ့ဆုကြေးကအများကြီးနေမှာ၊ ဒါက ငါတို့ရဲ့ မူလရည်ရွယ်ချက်နဲ့မကိုက်ဘူး၊ ငါတို့က ငါတို့ပရိတ်သတ်တွေကို မတူညီတဲ့အလုပ်တွေ ကိုယ်စီလုပ်ရင်း ပိုက်ဆံရှာနည်းတွေကို ပြချင်တာ Livestream ပဲလွှင့်နေမယ်ဆိုရင် အဓိပ္ပါယ်မရှိဘူး"
လုပေယွီက ဒါရိုက်တာယွီ၏ ဆိုလိုရင်းကိုနားလည်သွားသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"ကောင်းပြီ Livestream လွှင့်ပြီး ဂိမ်းဆော့ပြလို့မရရင် တခြားအလုပ်လုပ်မှာပေါ့၊ လမ်းဘေးမှာ ခုံချပြီး ပန်းချီဆွဲပေးတာကနေ ပိုက်ဆံရှာလို့ရပါတယ်"
အခြားဧည့်သည်များလည်း အသီးသီးဆွေးနွေးကြသည်။ သူတို့အနေဖြင့် အဖွဲ့လိုက်လုပ်ရမည်ဖြစ်ပြီး နှစ်ဦးနှစ်ဘက်စလုံးနှင့် သင့်တော်မည့် အလုပ်ကိုရွေးချယ်ရမည်ဖြစ်သည်။
ရဲ့လော့ယီ: "လင်းလင်းနဲ့ ငါတို့က လမ်းဘေးမှာသီချင်းဆိုပြီး ဘောက်ဆူးဘယ်လောက်ရမလဲဆိုတာ ကြည့်ကြတာပေါ့"
ဧည့်သည်များကလည်း ဘယ်ဘက်ရှိလူများစတင်ပြီး အလှည့်ကျစကားပြောကြသည်။ ချူမိုနှင့် လင်းရန်ရန် အလှည့်ရောက်သောအခါ လင်းရန်ရန်က မနေ့ညဖြစ်ပျက်ခဲ့သည်များကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။ ချူမိုက သူမကိုနှစ်ကြိမ်အော်ခေါ်သော်လည်း တုံ့ပြန်မှုမရှိ ပေ။
"ကျွန်မကဘာဖြစ်ဖြစ်ရပါတယ်"
လင်းရန်ရန်က ခပ်တိုးတိုးပြောလိုက်သည်။
ချူမိုမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ အခြားဧည့်သည်များကိုကြည့်ပြီးပြောသည်။
"ငါက ဓာတ်ပုံရိုက်တတ်တယ် ငါတို့အဖွဲ့က ခရီးသွားတွေကိုဓာတ်ပုံရိုက်ပေးပြီး ပိုက်ဆံရှာမယ်"
နောက်ဆုံးတွင် ယန်ရှီနှင့် ကျုံချင်းယွီတို့၏အလှည့် ရောက်လာသည်။
ကျုံချင်းယွီက အမှန်တကယ်တမ်းတွင် ပိုက်ဆံရှာရန် တစ်ခါတလေမျှ မစဉ်းစားဖူးပေ။ သူမ၏ ပိုက်ဆံများကို ဘဏ်တွင်အတိုးနှင့်ထည့်ထားလျှင်ပင် များလှစွာသောငွေပမာဏများကိုရနိုင်သည်။
ယန်ရှီက မျက်လုံးကိုပင့်ပြီး ပြောလိုက်သည်။
"ငါ့မှာအစီအစဉ်တစ်ခုရှိတယ်"
သူမက အဓိပ္ပါယ်ဖော်ရခတ်စွာဖြင် မျက်တောင်ခပ်လိုက်သည်။
"ဒါပေမဲ့ အခုမပြောသေးဘူး နောက်မှသိမယ်"
[ဒါရိုက်တာယွီကိုသတင်းပို့ပါတယ်၊ ယန်ရှီက လာပြီးလျှို့ဝှက်နေတယ်]
[ဟာကွာ ငါက လုပေယွီပန်းချီဆွဲတာကိုကြည့်ဖို့ စိတ်ဝင်စားနေတာ၊ ယန်ရှီဒီလို ပြောလိုက်တော့ သူ့အိုင်ဒီယာကိုတောင် ပိုပြီးစိတ်ဝင်စားသွားပြီ]
[ယန်ရှီက ငါတို့ကိုစိတ်လှုပ်ရှားအောင်လုပ်နေတာပဲ]
ယန်ရှီက ပရိတ်သတ်ကို စိတ်လှုပ်ရှားစေရန် ရည်ရွယ်ပြီးလုပ်နေခြင်းမဟုတ်ပေ။ သူမတွင် အိုင်ဒီယာတစ်ခုရှိပြီး အလုပ်ဖြစ်မဖြစ်မသေချာသောကြောင့် ကြိုတင်ပြောရန်မသင့်ခြင်းကြောင့်သာ ကြိုမပြောသေးခြင်းဖြစ်ပါသည်။
ဒါရိုက်တာယွီက လက်ခုပ်တီးပြီးပြောလိုက်သည်။
"ပြင်ဆင်ချိန်က မရေတွက်ပါဘူး ဘယ်အချိန်ကပဲစစ သုံးနာရီအလုပ်လုပ်ရင်ရပါပြီ၊ နောက်ဆုံးလူပြန်စုမဲ့ အချိန်က ညရှစ်နာရီပဲ၊ ပိုက်ဆံအနည်းဆုံးရတဲ့ သူတွေကတော့ အပြစ်ပေးခံရပါလိမ့်မယ်"
[တကယ်ကြီး အပြစ်ပေးခံရမှလား]
[ငါတို့ကောင်မလေးက ကိုယ့်အားကိုယ်ကိုးပြီး အလုပ်မလုပ်တတ်ဘူး၊ လောကကြီးအကြောင်းလည်းသိပ်ပြီး သိသေးတာမဟုတ်ဘူးသူပဲ နောက်ဆုံးဖြစ်မယ်ထင်တယ်]
[ဟုတ်တယ် သီချင်းဆိုတာ ဓာတ်ပုံရိုက်တာ ပန်းချီဆွဲတာ ဒါတွေအားလုံးအလုပ်ဖြစ်နိုင်တယ် ပိုက်ဆံနည်းနည်းရဖို့ကမခက်ပါဘူး၊ ဒါပေမဲ့ တို့ကောင်မလေးလည်း ဘာလုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ]
[တို့ကောင်မလေးက ပိုက်ဆံပဲသုံးတတ်တာ]
ဒါရိုက်တာယွီကြေညာပြီးနောက် ဧည့်သည်များသည် ပြင်ဆင်ရန်အတွက် အသီးသီးထွက်ခွာသွားကြသည်။
ကျုံချင်းယွီသည်လည်း ယန်ရှီလုပ်မည်ဆိုသည့်အရာကိုစိတ်ဝင်စားနေသော်လည်း ယန်ရှီက သူမအား အိပ်ရာပြန်ဝင်ရန်ပြောလိုက်သည်။
"နင်တစ်ယောက်တည်း ပြင်ဆင်လို့ရလို့လား"
ကျုံချင်းယွီက မေးသည်။
"အေးဆေးပါ"
ယန်ရှီက အချိန်ကိုကြည့်လိုက်ပြီး ထပ်ပြောသည်။
"နောက်ထပ်တစ်နာရီလောက်အိပ်လို့ရသေးတယ်၊ ပြီးတော့မှ မိက်ကပ်ဘာညာထလိမ်း အဲဒါဆိုရင် အချိန်ကကွက်တိလောက်ကျမယ်"
ကျုံချင်းယွီသည် ဤနေရာတွင် အလွန်လိုက်နာတတ်သူဖြစ်သည်။ ယန်ရှီအိပ်ဖို့ပြောသောအခါ သူမက ချက်ချင်းပင်အိပ်ရာပြန်ဝင်လိုက်သည်။
ချူမိုသည် အခန်းသို့ပြန်ရောက်သောအခါ သူ၏ ပစ္စည်းများကို မွှေ နှောက်ရှာဖွေရာ နောက်ဆုံးတွင် SLR (Single-Lens Reflex camera) ကင်မရာကိုရှာဖွေတွေ့ရှိခဲ့သည်။
ဒုတိယမျိုးဆက် သူဠေးသားတစ်ဦးအနေဖြင့် သူ့တွင် ငွေကုန် ကြေးကျများသောဝါသနာများရှိပြီး ဓာတ်ပုံရိုက်ခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ သူသည် ဓာတ်ပုံရိုက်ရာတွင် အလွန်တော်သည်။ ယခင်က အမျိုးသမီးများစွာကို ဓာတ်ပုံရိုက်ပေးခဲ့ဖူးပြီး ယခုအချိန်တွင် ထိုအလုပ်ဖြင့် ငွေရှာနိုင်မည်ဟုထင်သည်။
သူသည် မှန်ဘီလူးကိုသုတ်နေသည့် တစ်ချိန်တည်းမှာပင် ခရီးသွားဝက်ဘ်ဆိုက်တစ်ခုတွင် ခရီးသွားဓာတ်ပုံဆရာငှားလိုသူရှိမရှိစုံစမ်းရန် ပို့စ်တစ်ခုတင်လိုက်သည်။
သူ၏ ဖုန်းမြည်လာသည်။ သူ့အမေ၏ မက်ဆေ့ဖြစ်သည်။ မက်ဆေ့ထဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ မမြင်ရသည့်နေရာသို့သွားကာ ဖုန်းပြန်ခေါ်ရန် ရေးသားထားသည်။
ချူမိုသည် သူ၏ဖုန်းကိုယူပြီး ကင်မရာမရှိသော လာသာဆောင်သို့ သွားလိုက်သည်။ သူ၏မိခင်က ဆိုလိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။
"လင်းမိသားစုမှာ အရေးကြီးကိစ္စတစ်ခုဖြစ်နေပြီ"
ဈေးကွက်တန်ဖိုးထက်ဝက်ကျဆင်းသွားပြီဖြစ်ရာ လင်းမိသားစုသည် ဤအရာကိုဖုံးကွယ်၍မရနိုင်တော့ပေ။ ယနေ့နံနက်အစောပိုင်းတွင် ဟိုင်မြို့ရှိ အထက်တန်းလွှာလူမှုအသိုင်းအဝိုင်းတွင် ဤအကြောင်းကိုပြောဆိုနေကြသည်။ လင်းကုမ္ပဏီသည် မကြာသေးမီက ကောင်းစွာလည်ပတ်နေပြီး မည်သည့်အကျင့်ပျက်ခြစားမှုမျှမရှိခဲ့ပေ။ စတော့စျေးနှုန်းမည်သို့မည်ပုံဖြစ်ပြီး ဤမျှကျဆင်းသွားလေသနည်း။
ချူမို၏ မိခင်က ဆက်ပြောသည်။
"မင်းနဲ့လင်းရန်ရန်ကိုလက်ထပ်ခိုင်းဖို့စီစဉ်တာက ငါတို့နှစ်ဦးနှစ်ဖက်မိသားစုတန်းတူညီမျှတယ်ထင်လို့ ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အကျိုးရှိမယ်လို့ထင်လို့ပဲ၊ အခုတော့ လင်းမိသားစုက ပြဿနာကြီးတစ်ခုရှာလိုက်မိပြီထင်တယ်၊ အခုလက်ထပ်မယ်ဆိုရင် ငါတို့က ကိုယ့်မိသားစုကို မီးပုံထဲပစ်ချနေသလိုဖြစ်သွားလိမ့်မယ်"
"မင်းတို့ စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်ပါ၊ ဒါပေမဲ့ ရသစုံရှိုးမှာတော့မလုပ်နဲ့ဦး အဆင်မပြေဘူး"
ဤစကားကိုကြားသောအခါ ချူမိုသည် ဝမ်းသာမှုကိုမဖုံးကွယ်နိုင်တော့ပေ။ သူသည် လင်းရန်ရန်ကို အစကတည်းကမကြိုက်ခဲ့ချေ။ ဤမိန်းကလေးသည် ချူချာပြီး စိတ်ဆိုးစိတ်ကောက်လွယ်သည်။ ဒုတိယမျိုးဆက်သူဠေးသားများအတွက် အပြင်လောကတွင် ရည်းစားအနည်းငယ်ရှိခြင်းမှာ ထူးခြားသည့်ကိစ္စမဟုတ်ပေ။ သူ၏ ဖခင်သာ်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ သို့သော် လင်းရန်ရန်က မကြာခဏဆိုသလို ထိုကိစ္စနှင့်ပက်သတ်ပြီး အော်ဟစ်ဆူပူနေတတ်သည်။ သူမသည် သူ့အတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေစေသည်။
ချူမိုက ပြောသည်။
"မားမား ဒါဆိုရင် သား တခြားမိန်းကလေးတွေနဲ့ ပက်သတ်လို့ရပြီလား"
မိခင်ဖြစ်သူက ပြန်ဖြေသည်။
"မင်းနဲ့မတန်တဲ့အတန်းအစားက မိန်းကလေးတော့မဖြစ်ဘူး ဒါပေမဲ့ ပျော်သဘောနဲ့ တွဲတာဆိုရင်တော့ ငါမမြင်ချင်ယောင်ဆောင်ပေးလိုက်မယ်၊ ကိုယ်ဝန်သာ မရစေနဲ့"
"စိတ်မပူပါနဲ့ ဘာလုပ်ရမယ်ဆိုတာ သားကိုယ်သားသိပါတယ်"
ဖုန်းချပြီးနောက် မိနစ်အနည်းငယ်အတွင်း သူ၏ပျော်ရွှင်မှုကို အနီးရှိ အခန်းမှ ဆူညံသံတစ်ခုကနှောင့်ယှက်လိုက်သည်။ ချူမိုသည် လင်းရန်ရန်၏ အခန်းသို့သွားကြည့်လိုက်သောအခါ သူမသည် အခန်းထဲရှိ ပန်းအိုးတစ်လုံးကို အမှတ်တမဲ့ခွဲမိသည်ကိုတွေ့လိုက်ရသည်။
သူမသည် ဖိနပ်စီးလျက် ကြမ်းပြင်ပေါ်ထိုင်နေပြီး ခြေဖဝါးမှ သွေးအနည်းငယ်စိမ့်ထွက်နေသည်။
လင်းရန်ရန်က သူ့ကိုသနားဖွယ်ကောင်းလောက်အောင် ကြည့်ပြီးပြောသည်။
"အစ်ကိုချူမို ခဏလေးစောင့်ပေးပါဦး၊ ကျွန်မပြင်လို့ပြီးပါတော့မယ်"
"အေးအေးဆေးဆေးလုပ်ပါ"
ချူမိုက ပြောလိုက်သည်။
သူသည် လင်းရန်ရန်ကို မကြိုက်သော်လည်း အမျိုးသမီးများကိုညှင်းပန်းနှိပ်စက်တတ်သူတော့မဟုတ်ပေ။ သူမ၏ခြေထောက်အခြေအနေကိုမြင်သောအခါ ယနေ့လမ်းလျှောက်ထွက်ရန်မဖြစ်နိုင်ကြောင်းသိသည်။
"ဘာပဲဖြစ်ဖြစ် ငါတစ်ယောက်တည်းဓာတ်ပုံရိုက်လည်းရပါတယ်၊ မင်းလိုက်လည်းရတယ် မလိုက်လည်းရတယ်"
လင်းရန်ရန်သည် အနည်းငယ်တွေဝေနေသည်။ သို့သော် သူမ၏ဖခင်သည် ရသစုံရှိုးဆက်ရိုက်ရန်သာပြောခဲ့ပြီး အစစအရာရာလိုက်ပါလုပ် ဆောင်ရန် တွန်းအားမပေးခဲ့ပေ။
သူမသည် အတော်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ မနေ့ညက ဟန်မြို့နှင့် ဟိုင်မြို့ကြား ခရီးသွားလာပြီးနောက် သူမသည် စိုးရိမ်ပူပန်မှုများဖြင့် တစ်မိနစ်ခန့်မျှပင် အိပ်မပျော်နိုင်ခဲ့ပေ။ သူမ၏ မျက်လုံးများသည် နီရဲနေသည်။
ကျုံချင်းယွီထလာပြီး အလှပြင်ပြီးသောအခါ ၁၁ နာရီနီးပါးရှိပြီဖြစ်သည်။ လင်ကွန်းကားရှည်ကြီးထဲတွင် ကျုံချင်းယွီသည် ပြောင်ပေါင်ယွမ်ပြင်ဆင်ပေးသော မနက်စာကိုစားလိုက်သည်။ ကိုရီးယားချဉ်ဖတ်များနှင့် မတည့်သောကြောင့် အမဲသားသုပ်ကို ရွေးချယ်လိုက်သည်။ ဤအသုပ်သည် သူမ၏ ခန္ဓာကိယ်အလှကိုလည်း ထိန်းပေးနိုင်သည်။
လင်ကွန်းကားသည် မီချယ်လင်ကြယ်သုံးပွင့်စားသောက်ဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။
[စားသောက်ဆိုင်လား ယန်ရှီနဲ့ ကျုံချင်းယွီတို့က စားပွဲထိုးလုပ်ဖို့လား]
[မဖြစ်နိုင်ဘူး တို့အိုင်ဒေါလိုလူမျိုးက ဒါမျိုးလုပ်နိုင်မယ်မထင်ဘူး]
[စားပွဲထိုးလုပ်တာကိုကြည့်ရမှာ ပျင်းစရာကြီး၊ ရဲ့လော့ယီသီချင်းဆိုတာကိုပဲကြည့်ရင် ပိုကောင်းမယ်]
[တို့ကောင်မလေးကို အွန်လိုင်းပေါ်မှာ ဆိုင်တစ်ခုခုရဲ့ မော်ဒယ်လ်လုပ်ခိုင်းပါလား၊ အဲဒါဆို ပိုက်ဆံရှာရတာ ပိုမြန်လိမ့်မယ်]
ယန်ရှီသည် စားသောက်ဆိုင်ဝင်ပေါက်၌ ရောက်နှင့်နေပြီဖြစ်သည်။ ပြောင်ပေါင်ယွမ်က ဦးစွာဆင်းလာပြီး ကားတံခါးဖွင့်ပေးလိုက်သည်။
စားသောက်ဆိုင်ကိုမြင်သည့်အချိန်တွင် ကျုံချင်းယွီတစ်ယောက် ကြည့်ရှုသူများကဲ့သို့ တွေးနေမိသည်။
"ယန်ရှီ နင်ငါ့ကိုစားပွဲထိုးလုပ်ခိုင်းမှာတော့မဟုတ်ဘူးမလား၊ ငါမလုပ်ဘူးနော်"
ငယ်ရွယ်နုပျိုသည့် အမျိုးသမီးတစ်ယောက်အနေဖြင့် သူမသည် မည်သည့်အခါတုန်းကမှ စားပွဲထိုးမလုပ်ခဲ့ဖူးပါ။ သူမ၏ဘဝတွင် အမြဲတမ်းဆိုသလို အခြားသူများကသာ သူမကိုအလုပ်အကျွေးပြုခဲ့သည်။ သူမက အခြားသူများကို အလုပ်အကျွေးပြုရန်မှာ မဖြစ်နိုင်ပေ။
"လုပ်ခိုင်းစရာလား"
ယန်ရှီကပြုံးပြလိုက်သည်။
"ဒါက နင့်ရဲ့အားသာချက်တွေကို အပြည့်အဝဖော်ပြနိုင်မဲ့ အလုပ်ပါ"
စားသောက်ဆိုင်မန်နေဂျာထွက်လာပြီး နှစ်ယောက်စလုံးနှင့် နွေးထွေးစွာလက်ဆွဲနှုတ်ဆက်သည်။
သူသည် H နိုင်ငံသားဖြစ်သော်လည်း ဤကဲ့သို့သောစားသောက်ဆိုင်မျိုးရှိ မန်နေဂျာတိုင်းသည် ပုံမှန်အားဖြင့် ဘာသာစကားမျိုးစုံပြောတတ်ကြသည်။ သူက နှစ်ဦးစလုံးကို တရုတ်သံမပီကလာပီကလာဖြင့် နှုတ်ဆက်သည်။
"မိန်းကလေးယန် မိန်းကလေးကျုံ မင်္ဂလာပါ၊ ကျွန်တော်တို့သူဌေးကမိန်းကလေးကျုံရဲ့ တယောတီးပြထားတဲ့ဗီဒီယိုကို အရမ်းသဘောကျနေတာပါ၊ သူကပဲ မိန်းကလေးကျုံကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ဖို့အ တွက်သဘောတူထားပါတယ်၊ နေ့လည်စာစားချိန်မှာ ဖျော်ဖြေပေးရမှာဖြစ်ပြီးတော့ တစ်နာရီကို ဝမ်ရှစ်သောင်းပေးမှာဖြစ်ပါတယ်ဘယ်လိုသဘောရပါသလဲ"
[ဝမ် ၈၀၀၀၀ တောင်လား ယွမ် ၄၀၀ ကျော်ပေါ့]
[အံ့သြစရာကြီး ဟိုမှာတော့ ရဲ့လော့ယီတို့သီချင်းဆိုနေတာ သူတို့ရတဲ့ဆုကြေးက ဝမ်ထောင်ဂဏန်းပဲရတာ၊ ဒီမှာတော့ တစ်ခါတည်း ၈ သောင်းကြီးတောင်]
[ခဏနေပါဦး ချင်းယွီက တယောတီးတတ်လို့လား]
[စားသောက်ဆိုင်က ချင်းယွီရဲ့ ကျော်ကြားမှုကို တန်ဖိုးထားတာဖြစ်မယ်၊ သူက နာမည်လည်းကြီးတယ် ချမ်းသာတဲ့အမွေဆက်ခံသူလည်းဖြစ်တယ် စားသောက်ဆိုင်က သူ့ကိုလေးစားသမှုပြသခြင်းပဲဖြစ်မယ်]
မန်နေဂျာက ကျုံချင်းယွီနှင့် ယန်ရှီတို့ကို ဖျော်ဖြေရမည့်နေရာသို့ ခေါ်ဆောင်သွားသည်။ လမ်းတွင် ကျုံချင်းယွီက ယန်ရှီကိုတိုးတိုးပြောသည်။
"ဒီလိုပိုက်ဆံရှာနည်းကို ဘယ်လိုစဉ်းစားမိတာလဲ"
ယန်ရှီက မျက်တောင်ခတ်လိုက်ပြီး ပြန်ပြောသည်။
"နင် လီဟွားဇာတ်ကောင်အတွက် တယောလေ့ကျင့်နေတယ်မလား ၊အခု စားသောက်ဆိုင်မှာလေ့ကျင့်လိုက်ရင် ပိုက်ဆံပါရဦးမယ်"
ယခင်က ကျုံချင်းယွီ၏ဖခင်သည် အမြဲလိုလိုပင် ကျော်ကြားသော ဂီတပညာရှင်များကို ငှားပြီး သူမကိုသင်ကြားစေခဲ့သည်။ ထို့ကြောင့် ကျုံချင်းယွီ၏ တယောပညာသည် အလွန်မြင့်မားသည်။ ယန်ရှီအနေဖြင့် ကျုံချင်းယွီသည် စားသောက်ဆိုင်တွင်သာမဟုတ်ဘဲ ကြီးမားသောဇာတ်ခုံထက်တွင်ပါ ဖျော်ဖြေနိုင်စွမ်းရှိသည်ဟု ထင်မိသည်။
သူမသည် အချိန်အနည်းငယ်ယူပြီး လေ့ကျင့်မှုမပြုလုပ်မိသည့် အတွက် ကြီးမားသောဇာတ်ခုံထက်တွင် ဖျော်ဖြေရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ဤကဲ့သို့သော စားသောက်ဆိုင်တွင် ဖျော်ဖြေရန်မှာမူ ပြဿနာမရှိပေ။
ဤစားသောက်ဆိုင်၏ ပိုင်ရှင်သည် ဖျော်ဖြေပွဲမျိုးစုံတက်ရောက်ရန် နှစ်သက်ခုံမင်သည့် ဝါရင့်ဂီတပရိတ်သတ်တစ်ဦးဖြစ်သည်။ သူမ၏ စားသောက်ဆိုင်သည်လည်း ပြဇာတ်ရုံအနီးတွင်တည်ရှိသည်။ ထို့ကြောင့် ယန်ရှီပို့လိုက်သော ကျုံချင်းယွီ၏ တယောတီးနေသည့် ဗီဒီယိုကိုရရှိပြီးနောက် သူမသည် ကျုံချင်းယွီကိုငှားယမ်းရန်ချက်ချင်းဆုံးဖြတ်လိုက်သည်။ သူတို့အတွက် ကျုံချင်းယွီသည် တ ယောတီးသူတစ်ဦးထက်ပိုသည်။ ကျုံချင်းယွီတို့သည် အစီအစဉ်တစ်ခုကိုလည်း ရိုက်ကူးနေခြင်းဖြစ်ရာသူမစားသောက်ဆိုင်ကို ကြော်ငြာပေးသကဲ့သို့ပါဖြစ်ဦးမည်။ ယခုကိစ္စက နှစ်ဦးနှစ်ဖက်အနိုင်ရသည့်အခြေအနေဖြစ်သည်။
နေ့လည် ၁၁ နာရီတွင် ကျုံချင်းယွီ၏ဖျော်ဖြေမှုသည် စားသောက် ဆိုင်၏ သေးငယ်သောဇာတ်စင်ထက်တွင် စတင်ခဲ့သည်။ လူများစွာသည် ကျုံချင်းယွီ၌ ဤကဲ့သို့ တယောထိုးတတ်သည့် ပညာရှိသည်ကို မသိကြပေ။ သူမ တယောတီးမည်ဟုကြားသောအခါ ၎င်းတို့သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ အုပ်လိုက်ကျင်းလိုက်ဝင်ရောက်ကြည့်ရှုကြသည်။
[ဒီလိုစားသောက်ဆိုင်တွေကငှားတဲ့ တယောပညာရှင်တွေအတွက် သက်မှတ်ချက်တွေက အရမ်းတော့မြင့်မှာမဟုတ်ပါဘူး]
[ဟုတ်တယ် ငါမှန်းတာမမှားရင် သူက ဝါသနာအရ အပျော်တမ်းတယောထိုးတာပဲဖြစ်ရမယ်]
[ဘာပဲဖြစ်ဖြစ် သူတို့လည်း အစီအစဉ်အတွက် လုပ်ရတာပဲလေ၊ ငါတို့လည်း အပျော်သက်သက်နားထောင်ကြတာပေါ့]
ထိုသို့ပြောကြသော်လည်း ကျုံချင်းယွီစတင်ဖျော်ဖြေသောအခါ ၎င်းတို့မှာ အံ့အားသင့်သွားကြတော့သည်။
[ငါ တယောကိုနားမလည်ဘူး၊ ဒါပေမဲ့ အသံလေးက နားထောင်လို့ကောင်းလိုက်တာ]
[တို့ကောင်မလေးက တယောထိုးနေတဲ့အချိန်မှာ အရမ်းမိုက်တာပဲနော်၊ ကြည့်ရတာကို မျက်စိထဲထင်းနေတာ]
[ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ပြောရရင် ကောင်မလေးရဲ့ဖျော်ဖြေမှုက အရမ်းကောင်းပါတယ် "Saint-Saëns: Cello Concerto No. 1 in A minor" သီချင်းနဲ့ ဖျော်ဖြေတဲ့အကြောင်းကိုပြောရရင် နည်းပညာပိုင်းရော ခံစားချက်ပိုင်း နှစ်မျိုးလုံးမှာ ဘာမှအပြစ်ရှာစရာမရှိဘူး]
[ကောင်မလေး ဒီလောက်တောင် အံ့ဩစရာကောင်းတာလား]
မှတ်ချက်များသာမက စားသောက်ဆိုင်ရှိဧည့်သည်များလည်း ဂီတထဲတွင် နှစ်မြုပ်နေကြသည်။ ဟုံဆန်းစားသောက်ဆိုင်သည် ဟန်မြို့ပြဇာတ်ရုံနှင့်နီးသည်။ ညနေပိုင်းတွင် သံစုံတီးဝိုင်းဖျော်ဖြေပွဲကြီးရှိပြီး ဖျော်ဖြေပွဲလက်မှတ်ဝယ်ထားသည့် ဧည့်သည်များစွာသည် ဟုံဆန်းစားသောက်ဆိုင်သို့ နေ့လယ်စာစားရန်လာရောက်ကြပြီး နောက်မှဖျော်ဖြေပွဲသို့သွားကြမည်ဖြစ်သည်။
ဟုံဆန်းစားသောက်ဆိုင်သည် အချို့သောဂီတပညာရှင်များကို ဖျော်ဖြေရန်ဖိတ်ခေါ်လေ့ရှိသော်လည်း ယေဘုယျအားဖြင့် ဝါသနာရှင်အဆင့်များသာဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဂီတပညာရှင်များမှာ အလွန်စျေးကြီးသည်။ သို့သော်ယနေ့တွင် နေ့လယ်စာစားနေစဉ် ဧည့်သည်များသည် ဖျော်ဖြေပွဲကြီးများနှင့်ယှဉ်လျှင် အနည်းငယ်မလျော့သော ပြောင်မြောက်သည့် တယောဖြင့် ဖျော်ဖြေမှုတစ်ခုကိုနားထောင်လိုက်ကြရသည်။
စားသောက်ပြီးသောဧည့်သည်များစွာသည်လည်း ဆိုင်တွင်သာ ဆက်လက်၍ နေလိုကြဆဲပင်ဖြစ်သည်။ တစ်ခါတရံတွင် အချို့ဧည့်သည်များသည် ကျုံချင်းယွီအား ဆုကြေးငွေပေးလိုကြသော်လည်း သူမ၏ ဖျော်ဖြေမှုကိုအနှောင့်အယှက်မဖြစ်စေရန် ယန်ရှီထံပေးကြသည်။
မူလက ဧည့်သည်အနည်းငယ်သာရှိသော စားသောက်ဆိုင်သည် နောက်ဆုံးတွင် လူပြည့်သွားသည်။ သုံးနာရီခန့်အကြာတွင် ကျုံချင်းယွီ၏ ဖျော်ဖြေမှုပြီးဆုံးသွားသည်။
သူမသည် အိမ်တွင်နေစဉ်က ဤကဲ့သို့အချိန်ကြာမြင့်စွာ လေ့ကျင့်ဖူးသည်။ တယောထိုးခြင်းသည် သူမ၏ ဝါသနာဖြစ်သောကြောင့် ကြာရှည်စွာလေ့ကျင့်သည့်တိုင် ပင်ပန်းသည်ဟု မခံစားရပေ။
ဖျော်ဖြေမှုပြီးဆုံးကြောင်းသိရသောအခါ ဧည့်သည်များစွာတို့သည် ထွက်ခွာရန် နှေးကွေးနေဆဲဖြစ်သည်။ တိုက်ဆိုင်စွာပင် အနီးရှိဖျော်ဖြေပွဲသည် တစ်နာရီအတွင်းစတင်မည်ဖြစ်ရာ ဧည့်သည်များသည် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။
"မိန်းကလေးကျုံ ခင်များဖျော်ဖြေတာ အရမ်းကောင်းပါတယ်၊ ဒါက ဝမ်သုံးသောင်းပါ ပိုတာက ခင်များရဲ့ဆုကြေးငွေတွေပါ"
မန်နေဂျာက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ကျုံချင်းယွီက ငွေကိုလက်ခံယူလိုက်သည်။ သူမသည် ရေတွက်ရန်ပျင်းရိသောကြောင့် ငွေအားလုံးကို ယန်ရှီထံပေးအပ်လိုက်သည်။
ဧည့်သည်များထံမှ ဆုကြေးငွေအနည်းငယ်လည်း ရရှိခဲ့သေးသည်။ အကျဉ်းချုပ်ဆိုရသော် ဤအချိန်ပိုင်းအလုပ်မှ ငွေအတော်များများရရှိခဲ့သည်။
"အချိန်ပိုင်းအလုပ်လုပ်ပြီး ပိုက်ဆံရှာတာ အရမ်းခက်တယ်လို့မထင်ဘူးနော်"
ကျုံချင်းယွီက ကျေနပ်စွာခေါင်းတညိမ့်ညိမ့်လုပ်ရင် ပြောလိုက်သည်။
[ဟိုဘက်က ရဲ့လော့ယီနဲ့ လုပေယွီတို့တော့ ငိုကြတော့မယ်]
[အရင်ကတော့ ကျုံချင်းယွီကို ချမ်းသာပြီးလှတဲ့မိန်းကလေးတစ် ယောက်လို့ပဲထင်ခဲ့တာ အခုတော့ သူအရမ်းတော်တာကိုသိလိုက်ရတယ်]
[ကောင်မလေးက လောကကြီးအကြောင်းများများစားစားမသိပေမဲ့ သူ့ရဲ့ကျွမ်းကျင်မှုတွေက တကယ့်ကို အဆင့်မြင့်တယ်]
[ယန်ရှီလည်း အရမ်းအံ့သြစရာကောင်းတယ်နော် သူက အချိန်ခဏလေးနဲ့ ကျုံချင်းယွီနဲ့ကိုက်မဲ့ ဒီလိုစားသောက်ဆိုင်မျိုးကို ရှာနိုင်ခဲ့တာ၊ ဟုံဆန်းစားသောက်ဆိုင်က အနားမှာ ပြဇာတ်ရုံရှိတော့ ဧည့်သည် တွေအကုန်လုံးကလည်း ဂီတကို ကြိုက်ကြတယ်လေ သာမန်စားသောက်ဆိုင်သာဆိုရင် ဆုကြေးငွေ ဒီလောက်များမည်မဟုတ်ဘူး]
[သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်]
တာဝန်ပြီးဆုံးသွားသောအခါ ကျုံချင်းယွီနှင့် ယန်ရှီတို့သည် တည်းခိုခန်းသို့ ပြန်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ခရီးထွက်ခြင်းထက် အလုပ်လုပ်ခြင်းက ပိုမိုပင်ပန်းသည်။ နှစ်ယောက်လုံးက ပြန်အိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်တွင် အဖြူရောင်ပွဲတတ်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ရှေ့သို့တိုးလာကာ နှုတ်ဆက်လိုက်သည်။
"ဟယ်လို"
သူမ၏မျက်နှာသည် အာရှသူများ၏ ရုပ်ရည်မျိုးဖြစ်ပြီး တရုတ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သည်။ သူမက လုပ်ငန်းကတ်ပြားတစ်ခုထုတ်ယူပြီး ပြောသည်။
"ကျွန်မကိုကျွန်မ မိတ်ဆက်ပါရစေ ကျွန်မနာမည်က ကုဖန်သံစုံတီးဝိုင်းအဖွဲ့ရဲ့မန်နေဂျာ ချီဝိန်ပါ၊ ကျုံမိန်းကလေးရဲ့ ဖျော်ဖြေမှုက အရမ်းကိုကောင်းပါတယ် ကျွန်မတို့အဖွဲ့ထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ"
[ကုဖန်ဆိုတာ တရုတ်နိုင်ငံမှာ အကျော်ကြားဆုံးသံစုံတီးဝိုင်းအဖွဲ့သုံးဖွဲ့ထဲက တစ်ဖွဲ့ပဲမဟုတ်လား]
[သူတို့တကယ်ပဲ ကျုံမိန်းကလေးကို ခေါ်တာလား၊ ကျုံမိန်းကလေးက တော်လိုက်တာ]
[ကျုံချင်းယွီက သရုပ်ဆောင်အလုပ်ကို မလုပ်တော့ဘဲ ဂီတပညာရှင်လုပ်မှာလား]
[တကယ်တော့ ကျုံမိန်းကလေးက သရုပ်ဆောင်တာထက် တယောထိုးတာ ပိုတော်တယ်၊ ဂီတက သူနဲ့ တကယ်လိုက်တယ် ဒါပေမဲ့ ကျုံမိန်းကလေးရဲ့ မျက်နှာလှလှလေးကို နောက်ထပ်မြင်ရမည်မဟုတ်တာကတော့ ဝမ်းနည်းစရာကြီး]
ကျုံချင်းယွီက ကတ်ပြားကိုလက်ခံယူလိုက်သည်။ ထိုအမျိုးသမီးသည် တရုတ်လူမျိုးဖြစ်ပြီး ကုဖန်သံစုံတီးဝိုင်းသည်လည်း အလွန်နာမည်ကြီးသည်။ ကျုံချင်းယွီအနေဖြင့် ယခင်ကလည်း ၎င်းတို့၏ ဖျော်ဖြေပွဲများကိုကြည့်ခဲ့ဖူးသည်။ ရိုးရိုးသားသားဆိုရလျှင် သူမအနေဖြင့် အမှန်တကယ်ပင် ၎င်းတို့အဖွဲ့ထဲသို့ ဝင်ချင်မိသည်။
သူမ၏ ငယ်စဉ်က ရည်မှန်းချက်မှာ သံစုံတီးဝိုင်းအဖွဲ့ထဲသို့ဝင်ပြီး ဂီတပညာရှင်လုပ်ရန်ဖြစ်သည်။
သို့သော်လည်း သူမက ကတ်ကို ပြန်ပေးလိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်မက သရုပ်ဆောင်တစ်ယောက်ပါ ပြီးတော့ အလုပ်ပြောင်းဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး"
အစ်ကိုယွဲ့ပိုင်သည် အနုပညာလုပ်ငန်းထဲတွင်ရှိနေဆဲဖြစ်ပြီး ကျုံချင်းယွီသည် သူနှင့်အလွန်ဝေးကွာသွားရန်ကို မလိုလားပေ။
ချီဝိန်မှာ အတော်ပင် စိတ်မကောင်းဖြစ်သွားသည်။ သူမတွင် ကောင်းမွန်သော အမြင်အာရုံရှိပြီး ယခုနှစ်များတစ်လျှောက် အရည်အချင်းရှိပြီး ပါရမီရှိသူ လူသစ်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျုံချင်းယွီ၏ဖျော်ဖြေမှုကို ကြည့်လိုက်သည်နှင့် သူသည် အရည်အချင်းရှိပြီး ကြိုးစားလိုစိတ်လည်းရှိကြောင်း သိလိုက်ရသည်။ သို့သော် သူမကိုယ်သူမ နှစ်အနည်းငယ်ဖြုန်းတီးခဲ့သည်ဟု ခံစားလိုက်ရသည်။
အရေးမကြီးပါ။ ချီဝိန်က ကျုံချင်းယွီ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးကြည့်ရာ သူမသည် အသက် ၂၃ နှစ်သာရှိသေးကြောင်း သိလိုက်ရသည်။ အနည်းငယ်ကြိုးစားမှုဖြင့်ပင် သူမအနေဖြင့် ဂီတလောကတွင် ထိပ်ဆုံးအဆင့်သို့ အေးအေးဆေးဆေးရောက်ရှိသွားနိုင်သည်။
သို့သော် အခြားသူက စိတ်ဝင်စားမှုမရှိသည်မှာ ဝမ်းနည်းစရာဖြစ်သည်။
ဂီတကိစ္စတွင် လူတစ်ဦးကို အတင်းအကျပ်လုပ်ခိုင်း၍ မရနိုင်ပါ။ ကျုံချင်းယွီသည် သရုပ်ဆောင်အလုပ်ကို မစွန့်လွှတ်လိုသောကြောင့် ချီဝိန်ကလည်း သူမကိုအတင်းမတိုက်တွန်းခဲ့ပေ။
သူမသည် ယနေ့ဟုံဆန်းစားသောက်ဆိုင်သို့လာရခြင်းမှာ နောက်ပိုင်းတွင် ဖျော်ဖြေပွဲသို့သွားရန်အစီအစဉ်ရှိသောကြောင့်ဖြစ်သည်။ ဖိတ်ခေါ်မှုမအောင်မြင်ပါက ချီဝိန်သည် လက်ဆွဲအိတ်ကို ကိုင်ပြီး ပြဇာတ်ရုံသို့သွားရန် လှည့်လိုက်သည်။
ဟုံဆန်းစားသောက်ဆိုင်ဝင်ပေါက်တွင် ယန်ရှီက ချီဝိန်ကို ရုတ်တရက်လှမ်းခေါ်လိုက်သည်။
"အစ်မချီ ရှင့်လုပ်ငန်းကတ်တစ်ခုပေးလို့ရမလား"
ချီဝိန်က နောက်သို့လှည့်ကြည့်ကာ ယန်ရှီကို အနီးကပ်ကြည့်ရှုလိုက်သည်။ ဤမိန်းမငယ်လေးသည် ယခင်ကတည်းက ကျုံချင်းယွီကိုကူညီနေပြီး ဧည့်သည်များထံမှ ဆုကြေးငွေများကို ကောက်ခံနေသည်ကို သူမမှတ်မိသည်။ သူမသည် ဂီတအကြောင်း ဘာမှမသိပုံရသည်။
"ငါတို့အဖွဲ့ထဲ ဝင်ချင်လို့လား"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"
ယန်ရှီက ပြုံးပြလိုက်သည်။
"ကျွန်မက ကတ်လေးပဲလိုချင်တာပါ၊ ချင်းယွီ တစ်နေ့ကျရင် စိတ်ပြောင်းသွားလိုပြောင်းသွားငြားပေါ့"
ချီဝိန်၏မျက်လုံးများ တောက်ပလာသည်။ မှန်ပါသည်။ သူမသည် ယခုလက်မခံသော်လည်း တစ်နေ့တွင် စိတ်ပြောင်းသွားကောင်း ပြောင်းသွားနိုင်သည်။
"Wechat မှာ တစ်ယောက်နဲ့တစ်ယောက် အကောင့်အပ်ကြရအောင်"
ချီဝိန်က သူမ၏ဖုန်းကိုထုတ်ယူကာပြောလိုက်သည်။
ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ဟုံဆန်းစားသောက်ဆိုင်တွင် နေ့လယ်စာစားပြီးမှ တည်းခိုခန်းသို့ပြန်သွားကြသည်။ ၎င်းသည် မီချယ်လင်ကြယ်သုံးပွင့်စားသောက်ဆိုင်ဖြစ်ပြီး သူတို့သုံးစွဲသည့်ငွေမှာ နေ့လယ်ပိုင်းတွင်ရသောငွေထက် ပိုများသည်။ ကံကောင်းစွာပင် ဒါရိုက်တာယွီက သူတို့အား ငွေရှာရန်သာလိုအပ်သည်ဟုဆိုပြီး သုံးစွဲမှုကို ကန့်သတ်ထားခြင်းမရှိပေ။
အပြန်လမ်းတွင် လင်ကွန်းကားသည် လူသွားလမ်းပေါ်သို့ရောက်သွားသည်။ ပြောင်ပေါင်ယွမ်က ထိုနေရာတွင် အလွန်အရသာရှိသော နို့လက်ဖက်ရည်ဆိုင်ရှိကြောင်း ပြောပြသည်။ ကျုံချင်းယွီနှင့် ယန်ရှီနှစ်ဦးစလုံးမှာ အလွန်စိတ်ဝင်စားနေကြသည်။ သူတို့သည် ယနေ့အလုပ်လုပ်ခဲ့သည့်အတွက် ကိုယ်အလေးချိန်လျှော့ချရန်အစီအစဉ်ကို ယခုအတွက် ခဏတာ မေ့ထားလိုက်ကြသည်။ သူတို့၏ဗိုက်ကိုတော့ ဆိုးဆိုးရွားရွားမဆက်ဆံနိုင်ပါ။
ပြောင်ပေါင်ယွမ်က နို့လက်ဖက်ရည်ဝယ်ရန် ဆင်းသွားစဉ် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ကားထဲတွင်ပျင်းရိစွာထိုင်နေပြီး အိပ်ပြီးနောက် ဆက်သွားရမည့် နေရာအကြောင်းကို ဆွေးနွေးနေကြသည်။ ဟန်မြို့တွင် ကိုရီးယားဇာတ်လမ်းတွဲများထဲပါတတ်သည့် ကျော်ကြားသော ရှုခင်းများစွာရှိပြီး နှစ်ဦးစလုံးမှာ ဓာတ်ပုံရိုက်ရန် သွားလိုကြသည်။
ထိုအချိန်တွင် ယန်ရှီမှာ လူသွားလမ်းနှင့်မနီးမဝေးတွင် လူတန်းရှည်ကြီးတစ်ခုကို သတိထားမိသွားသည်။
"ဘယ်လို အရသာရှိတဲ့စားစရာမလို့ ဒီလောက်လူအများကြီးတန်းစီနေကြတာလဲ"
အသံကြားသည်နှင့် ကျုံချင်းယွီကလည်း လည်ပင်းဆန့်ကာကြည့်လိုက်သည်။
PD က အနားတွင်ရပ်ထားသော ကားကိုကြည့်ပြီး ပြောလိုက်သည်။
"စားစရာမဟုတ်ပါဘူး ကျွန်တော်တို့အစီအစဉ်ရဲ့ ဧည့်သည်တစ်ယောက်ပါ"
"လုပိုင်ယွီတို့အဖွဲ့ပါ"
ယန်ရှီမှာ အံ့အားသင့်သွားသည်။
"လုပိုင်ယွီက ပန်းချီဆွဲပြီး ပိုက်ဆံရှာမယ်လို့ပြောခဲ့တယ် ငါက အပြောပဲရှိတယ်ထင်နေတာ၊ တကယ်တော်တာအခုမှပဲ သိတော့တယ်"
ပြောင်ပေါင်ယွမ်ပြန်မရောက်သေးသည့်အတွက် နှစ်ယောက်စလုံးမှာ ကားပေါ်မှဆင်းပြီး သွားကြည့်ကြသည်။ လုပေယွီရှေ့ရှိ လူတန်းကြီးမှ အမှန်ပင်ရှယ်လျားလှသည်။
သို့သော် လူများမှာ ပန်းချီဆွဲခိုင်းရန်အတွက် တန်းစီနေခြင်းမဟုတ် ပေ။ ယောင်ကျူကို ကြည့်ရန်အတွက် တန်းစီနေကြခြင်းဖြစ်သည်။ ယောင်ကျူမှာ ငွေရောင်မျက်မှန်တပ်ထားပြီး အဖြူရောင်ဆံပင်များမှာ တောက်ပနေကာ အလွန်ပင်ယောက်ျားပီသလှသည်။
သူ၏ ရှေ့တွင် ကိုရီးယားဘာသာဖြင့် "ဓာတ်ပုံတစ်ပုံအတွက် ဝမ် ၅၀၀၀ ခွေးကိုလက်ဖြင့် တို့ထိနိုင်သော်လည်း လက်ကိုဆေးရမည်" ဟုရေးထားသော ဆိုင်းဘုတ်ငယ်တစ်ခုရှိသည်။
လူပိုင်ယွီမှာ သူ့ရှေ့တွင် ပန်းချီဆွဲရန် တစ်ယောက်မျှမရှိဘဲ တက်ဘလတ်တစ်ခုကို ကိုင်ထားကာ ထိုင်ခုံပေါ်တွင် ငူငူငိုင်ငိုင်ကြီး ထိုင်နေသည်။
ယန်ရှီ “.....”
ကျုံချင်းယွီ “....”
၎င်းတို့နှစ်ဦးသည် ရုတ်တရက် "ဆင်ဖြူတော်မီပြီးကြံစုပ်" ဟူသည့် စကားပုံ၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
လုပိုင်ယွီ၏ ရှေ့တွင်ဖောက်သည် တစ်ယောက်တလေမှမရှိသည်ကို မြင်ရသောအခါ ကျုံချင်းယွီသည် လုပိုင်ယွီအတွက် ဝမ်းနည်းမှုကို ခံစားလိုက်မိသည်။
"ငါ့အတွက် ပန်းချီကားတစ်ချပ်ဆွဲပေးပါ ဒါဆို နင် ဒီနေ့ဝင်ငွေရပြီမလား"
လုပိုင်ယွီက ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။
"ကျုံမိန်းကလေးက အကောင်းဆုံးပဲ"
ပြောင်ပေါင်ယွမ်တစ်ယောက် နို့လက်ဖက်ရည်ဝယ်ပြီးပြန်လာသောအခါ ကျုံချင်းယွီမှာ နို့လက်ဖက်ရည်သောက်ရင်း လုပိုင်ယွီပန်းချီဆွဲပြီးရန် စောင့်ဆိုင်းနေသည်။
နာရီဝက်အကြာတွင် လူပိုင်ယွီ၏ ပန်းချီပြီးဆုံးသွားတော့သည်။ ကျုံချင်းယွီမှာ တက်ဘလတ်ပေါ်ရှိ ပန်းချီကားကိုကြည့်ပြီး ပြောလိုက်သည်။
"လုပိုင်ယွီ ရှင်ကပန်းချီဆွဲတာ တကယ်တော်တာပဲ"
သူမမှာ လုပိုင်ယွီ၏ ပန်းချီဆွဲသည့်ပညာမှာ အလွန်ညံ့မည်ဟု ယူဆထားပြီး ထို့ကြောင့်ပင် မည်သူမျှမှ စိတ်မဝင်စားခြင်းဖြစ်မည်ဟု ထင်ထားခဲ့သည်။ ယခုမှ သူမမှားယွင်းနေသည်ကို သိလိုက်ရသည်။
"ဒီခူကောင်လေးနှစ်ကောင်က တော်တော်ချစ်စရာကောင်းတာပဲ၊ အိုး သူတို့က ကတောင် ကနေသေးတယ် တစ်ကောင်က ပြုံးနေသေးတယ်"
လူပိုင်ယွီမှာ ခေတ္တခဏတုံ့ဆိုင်းနေပြီးမှ ပြန်ပြောလိုက်သည်။
"ငါက မင်းနဲ့ ယန်ရှီကို ရည်ရွယ်ပြီးဆွဲထားတာပါ"