အပိုင်း ၅၅
Vol. 6 Ch. 55
နောက်တစ်ရက်၌ သူတို့ လွတ်လပ်စွာ လည်ပတ်ရန် အချိန်ရကြသည်။
ကျုံချင်းယွီနှင့် ယန်ရှီတို့သည် သူတို့ ကြည့်ဖူးသည့် ကိုရီးယားဒရာမာများမှ ထင်ရှားသည့် ဇာတ်ဝင်ခန်းများကို အတုယူကာ ဟန်မြို့၏ အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ဓာတ်ပုံရိုက်ရာတွင်လည်း ဒရာမာဇာတ်ဆောင်များနှင့် ဆင်တူသည့် ဝတ်စုံများကိုပင် ဝတ်ဆင်ခဲ့ကြသည်။ နေ့လယ်ဘက်တွင် H နိုင်ငံ၌ ထူးခြားသည့် ဟင်းလျာများဖြင့် နာမည်ကြီးသည့် စားသောက်ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာ စားသုံးခဲ့ကြပြီး ထိုစားဖိုမှူးသည် နိုင်ငံတကာဟင်းလျာများမှ အစိတ်အပိုင်းများကို ကိုရီးယားအစားအစာများတွင် ထည့်သွင်းကာ တစ်ခါတစ်ရံ ထူးခြားဆန်းပြားသည့် အရသာရှိသော ဟင်းလျာများကို ဖန်တီးလေ့ရှိသည်။
ထိုစားသောက်ဆိုင်သည် စျေးဝယ်စင်တာ၏ အချက်အချာကျသော နေရာရှိ မြေညီထပ်တွင် တည်ရှိသည်။ ဆန့်ကျင်ဘက်တွင် စင်တာ၏ ဖန်သားပြင်ဖြင့် မြင့်မားသော မျက်နှာကျက်မြင့် ရှိပြီး ထိုနေရာတွင် သေးငယ်သည့် စင်မြင့်လေးတစ်ခု တည်ဆောက်ထားသည်။ စင်တာ၌ ပွဲလမ်းသဘင်များပြုလုပ်သည့်အခါ ထိုစင်မြင့်ပေါ်တွင် ဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည်။ ယနေ့သည်လည်း အလားတူပင်ဖြစ်ပြီး ယန်ရှီသည် အနီးရှိ ကြော်ငြာတစ်ခုကို ကြည့်လိုက်ရာ LMN အမည်ရှိ မိန်းကလေးအဖွဲ့တစ်ဖွဲ့ ဖျော်ဖြေမည်ဟု ကြေညာထားသည်ကို တွေ့ရသည်။
ပြောင်ပေါင်ယွမ်သည်
“H နိုင်ငံမှာ ဒီလိုပွဲမျိုးတွေက အဆန်းမဟုတ်ဘူး ဒါပေမဲ့ ဒီလိုစင်တာပွဲတွေမှာ ဖျော်ဖြေတဲ့သူတွေက နာမည်သိပ်မကြီးသေးတဲ့ အိုင်ဒေါတွေ များတယ်" ဟု ရှင်းပြသည်။
LMN ကဲ့သို့ပင် ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ထိုအဖွဲ့အကြောင်းကို မကြားဖူးကြပေ။
ကျုံချင်းယွီက "နာမည်သိပ်မကြီးသေးတဲ့ အဖွဲ့ဖြစ်နိုင်တယ်၊ H နိုင်ငံမှာ လူတွေက အိုင်ဒေါဖြစ်ဖို့ အရမ်းရူးသွပ်ကြပေမဲ့ ထိပ်တန်းကုမ္ပဏီတွေနဲ့ အောင်မြင်တဲ့သူက ၀.၁% လောက်ပဲ ရှိတယ်၊ ကျန်တဲ့သူတွေကတော့ ပုံမှန်လူ့ဘောင်ကို ပြန်သွားကြတယ် ဒါမှမဟုတ်လည်း နာမည်မကြီးတဲ့အဖွဲ့တွေ ဖွဲ့ဖို့အတွက် သေးငယ်တဲ့ကုမ္ပဏီတွေ ကိုဝင်ကြတယ်" ဟု မှတ်ချက်ပြုသည်။
"သေးငယ်တဲ့ကုမ္ပဏီကနေ နာမည်ကြီးဖို့က မဖြစ်နိုင်သလောက်ပဲ"
ယန်ရှီသည် LMN အဖွဲ့ဝင်များ၏ ဓာတ်ပုံကို ကြည့်လိုက်ရာ အများစုမှာ မိတ်ကပ်များ ထူထဲစွာလိမ်းခြယ်ထားသဖြင့် သူတို့၏ သဘာဝမျက်နှာသွင်ပြင်များကို ဖုံးကွယ်ထားသည်ကို တွေ့ရသည်။ သို့သော် အနောက်ဘက်တွင် ရပ်နေသည့် မိန်းကလေးတစ်ဦးသည် သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။
ယန်ရှီသည် ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ထိုမိန်းကလေး၏ နာမည်ကို ရှာဖွေလိုက်သည်။
သူမ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် အရောင်တောက်ပသွားပြီး "ဒီအဖွဲ့ထဲမှာ တရုတ်အဖွဲ့ဝင်တစ်ယောက် ပါနေတာပဲ" ဟု ပြောလိုက်သည်။
ကျုံချင်းယွီသည် ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါက ပုံမှန်ပဲလေ၊ တရုတ်နိုင်ငံမှာ အိုင်ဒေါဈေးကွက်က မကောင်းတော့ အများစုက H နိုင်ငံကို သွားပြီး အနုပညာရှင် လုပ်ကြတယ်၊ တို့ Starshine အေဂျင်စီက ကလေးတချို့ကိုလည်း H နိုင်ငံကို ပို့ထားပြီး ဟေနိုင်ငံမှာ ပွဲဦးထွက်ဖို့ စီစဉ်ထားတယ်"
တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်သည် သရုပ်ဆောင်များနှင့် အဆိုတော်များအတွက်သာ ပိုမိုသင့်တော်၏။
ယန်ရှီသည် ဖျော်ဖြေရေးလောကနှင့် ရင်းနှီးကျွမ်းဝင်သူမဟုတ်သော်လည်း ဟန်ရှုကဲ့သို့ နာမည်ကြီး အရှုပ်တော်ပုံများကိုမူ သူမ မှတ်မိခဲ့သည်။
ယန်ရှီ၏ မှတ်ဉာဏ်ထဲတွင် ဟန်ရှု စတင်၍ ပွဲဦးထွက်လာချိန်၌ သူမသည် H နိုင်ငံ၏ အချစ်သီချင်းဘုရင်မ ဖြစ်နေခဲ့လေပြီ။ တရုတ်လူမျိုးဖြစ်သော်လည်း ကိုရီးယားဘာသာစကားကို ပြောဆိုနိုင်ပြီး ကိုရီးယားတွင်သာ သူမ၏ အနုပညာလမ်းကြောင်းကို ဖန်တီးခဲ့သည်။ သူမ၏ ဇာတိမြေသို့ ပြန်လာခြင်းမရှိသဖြင့် များစွာသောနယ်ခံများသည် နောင်တရမိကြသော်လည်း သူမသည် H နိုင်ငံတွင်သာ ဆက်လက်နေထိုင်ခဲ့သည်။ ဟန်ရှု၏ နာမည်ကျော်ကြားမှုသည် လျင်မြန်လှပြီး အင်အားကြီးမားသောကျောထောက်နောက်ခံရှိသည်ဟူသည့် ကောလာဟလများနှင့် မနှစ်မြို့ဖွယ် ထင်မြင်ယူဆချက်များ ရှိခဲ့သော်လည်း မည်သည့်အရာကမျှ သူမ၏ ပါရမီကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။ ဟန်ရှုသည် အာရှရှိ ဂီတဆုအသီးသီးကို ရရှိခဲ့သည့်အပြင် ဂရမ်မီဆုကိုပင် ဆွတ်ခူးခဲ့သည်။ သူမ၏ သီချင်းများသည် H နိုင်ငံတွင်သာမက တရုတ်နိုင်ငံ၏ နေရာတိုင်းတွင်လည်း ပျံ့နှံ့ခဲ့ပြီး တရုတ်ဂီတပလက်ဖောင်းကြီး သုံးခုလုံး၌ ထိပ်ဆုံးနေရာကို ရယူခဲ့သည်။
ဟန်ရှု၏ အသံသည် ဘုရားသခင်၏ နမ်းရှိုက်ခြင်းခံထားရသကဲ့သို့ ပြိုင်ဘက်ကင်းလှပေသည်။
ဟန်ရှုသည် ငယ်ရွယ်ပြီး သူမ နာမည်အကျော်ကြားဖြစ်နေချိန်၌ အသက် ၂၄ နှစ်သာ ရှိသေးသည်။ သို့သော် ကမ္ဘာတစ်ဝန်းမှ သူမ၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်နေ့တွင်ပင် သူမ၏ ကုမ္ပဏီအဆောက်အအုံဈ အပေါ်ဆုံးထပ်မှ ခုန်ချကာ ဘဝကို အဆုံးသတ်ခဲ့သည်။
ဟန်ရှု၏ ခမ်းနားထည်ဝါသော ဘဝအကြောင်းကို လူတိုင်းသိကြသော်လည်း သူမ၏ မိမိဘဝကိုယ်မိမိ အဆုံးစီရင်မှု မှတ်တမ်းသည် ကွဲပြားသော ဇာတ်လမ်းကို ဖော်ပြခဲ့သည်။
ငယ်ရွယ်သော မိန်းကလေးတစ်ဦးသည် ငယ်စဉ်ကတည်းကပင် ဂီတအိပ်မက်များကို မြတ်နိုးခဲ့သော်လည်း H နိုင်ငံသို့ ခရီးစဉ်တစ်ခုအတွင်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုသည် လိမ်လည်၍ စာချုပ်ချုပ်ဆိုခဲ့သည်။ စာချုပ်ဖျက်သိမ်းခြင်းအတွက် ဒဏ်ကြေးပေးဆောင်ရန် မတတ်နိုင်သောကြောင့် သူမသည် H နိုင်ငံတွင် ဆက်လက်နေထိုင်ခဲ့ရသည်။ အစပိုင်းတွင် ငယ်ရွယ်၍ နာမည်မကြီးသေးသော အိုင်ဒေါတစ်ဦးမျှသာဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ ဟန်ရှုသည် သည်းခံကာ အိမ်ပြန်နိုင်ရန် မျှော်လင့်ခဲ့သည်။ သို့သော် သူမ၏ အဖွဲ့ ဖျက်သိမ်းမည့်ဆဲဆဲတွင် ဟန်ရှုအား သူမ၏ မန်နေဂျာမှ မူးယစ်ဆေးခတ်ကာ အကြီးအကဲတစ်ဦး၏ အိပ်ရာထက်သို့ ပို့ဆောင်ခဲ့သည်။ ခမ်းနည်းထည်ဝါမှုများ အားလုံးသည် သွေးနှင့် မျက်ရည်များဖြင့် ကျောထောက်နောက်ခံ ပြုထားခြင်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ဟန်ရှုသည် ရဲတိုင်ရန် ကြိုးစားခဲ့ကာ အဓမ္မပြုကျင့်ခံရကြောင်း ဆေးစစ်ချက် အထောက်အထား ရှိသော်လည်း သူမကို နာကျင်စေခဲ့သူများအား ဖမ်းဆီးချုပ်နှောင်နိုင်ခြင်း မရှိခဲ့ပေ။ ဟန်ရှုသည် H နိုင်ငံ၏ ဂီတလောက အထွတ်အထိပ်တွင် ရပ်တည်ကာ သူမ၏ ခါးသီးသော အတိတ်ကို လူသိရှင်ကြား ကန့်ကွက်ရှုတ်ချလိုသောကြောင့် အိမ်သို့ မပြန်ခဲ့ခြင်းပင် ဖြစ်သည်။
ဟန်ရှုသည် အောင်မြင်ခဲ့ပြီးနောက် သူမ၏ ဘဝအပေါ် မကျေနပ်ချက်များကို ဖော်ပြခဲ့သည်။ ထိုအရှုပ်တော်ပုံသည် အလွန် ပေါက်ကွဲခဲ့ပြီး ပင်လယ်ရပ်ခြားမှ ကျုံချင်းယွီပင် ထိုအကြောင်းကို ကြားသိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အသက်တစ်ခုသည် တန်ဖိုးအတွက် ပေးဆပ်ခဲ့ရပြီး ဟန်ရှု၏ ပရိသတ်များက ဒေါသအမျက်ထွက်ခဲ့ကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုဖြစ်စဉ်ကို တဖြည်းဖြည်း မေ့လျော့သွားခဲ့ကြသည်။ ဟန်ရှုသာ ဆုံးပါးသွားခဲ့ပြီး သူမအား ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့သူ မည်သူတစ်ဦးတစ်ယောက်မျှ အပြစ်ပေးခြင်း မခံခဲ့ရပေ။ နေ့လယ်စာ စားပြီးနောက် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် စျေးဝယ်စင်တာ၏ အလယ်ဗဟိုရှိ စင်မြင့်ငယ်ထံသို့ သွားခဲ့ကြသည်။ သူတို့နှစ်ဦးသည် နေ့လယ်စာ စားခဲ့သည်များ အစာကြေညက်စေရန် စျေးဝယ်စင်တာပတ်လည်တွင် လမ်းလျှောက်ကာ အိတ်များနှင့် လက်ဝတ်ရတနာများ ဝယ်ယူလေ့ရှိသည်။
စင်နောက်ဘက်တွင် LMN အဖွဲ့ဝင်များသည် အပြင်ဘက်အခြေအနေကို သတိပြုမိကြသည်။
“ဟိုလူတွေ ဟွားကော် ကြယ်ပွင့်တွေ ထင်တယ်”
"သူတို့ရှိုးတွေ ငါကြည့်ဖူးတယ်၊ အရမ်းနာမည်ကြီးပဲ အဲဒီလှလှလေးက ကျုံချင်းယွီလေ၊ သူက ဟွားကော်ရဲ့ အလှအိုင်ကွန်ပဲ ပြီးတော့ အဲဒီဖြူစင်တဲ့ပုံစံလေးက ယန်ရှီ၊ သူက ရှိုးထဲမပါခင်က ဘယ်သူမှမသိတဲ့သူ အခုဆို weibo မှာ Follower တစ်သန်းကျော်နေပြီ"
"ဘယ်တော့များမှ ဒီလို နာမည်ကြီးရှိုးမျိုးမှာ ငါတို့ ပါဝင်ခွင့်ရပါ့မလဲ”
မိန်းကလေးများသည် ကျုံချင်းယွီနှင့် ယန်ရှီတို့ကို အားကျနေကြောင်း စကားပြောဆိုနေကြသည်။
သူတို့သည် ထိုကဲ့သို့သော စီးပွားဖြစ်ပွဲများတွင် ဖျော်ဖြေခြင်းဖြင့် ဝမ်းရေးအတွက် အနည်းငယ်မျှသာ ငွေရှာရကြပြီး နာမည်ကြီးလာခြင်း မရှိပေ။ ပရိသတ်တစ်ယောက်မျှမရှိဘဲ ဖျော်ဖြေနေကြရသည်။ အမှန်တွင် LMN သည် လက်ရှိ၌ ပရိသတ်တစ်ဦးမျှ မရှိသေးပေ။
"ရှိုးရဲ့ ကင်မရာတွေက ငါတို့ကို ရိုက်မိမယ်ထင်လား၊ ဒီလိုနာမည်ကြီး ရသစုံအစီအစဥ်မှာသာ ပါခွင့်ရရင် ငါတို့ နာမည်ကြီးလာနိုင်တယ် မဟုတ်လား"
"တကယ်လား ဒါဆို ငါ ပြီးရင် ကောင်းကောင်း ဖျော်ဖြေရမယ်”
"နင်လုပ်နိုင်ပါတယ် နင်ကောင်းကောင်းကနိုင်တယ် လူတွေ ပိုပြီး သတိထားမိလာမှာ သေချာတယ်”
ရသစုံအစီအစဉ်ထဲတွင် ပါဝင်လာခြင်းသည် သူတို့ရှေ့တွင် တွဲလဲဆွဲထားသည့် မုန်လာဥနီတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ LMN မိန်းကလေးအဖွဲ့ဝင်များသည် ပိုမို စိတ်လှုပ်ရှားလာကြပြီး မိတ်ကပ်မှန်များဆီသို့ အလုအယက် ပြေးကာ မိတ်ကပ်ပြင်ဆင်ကြသည်။ Screen Time အများဆုံးရရန် မျှော်လင့်နေခဲ့ကြသည်။
ဟန်ရှုသည် မိတ်ကပ်မှန်ရှေ့တွင် ထိုင်နေသည်။ အဖွဲ့အတွင်း နာမည်မကြီးသောကြောင့် သူမသည် မိတ်ကပ်ပြင်ဆင်ရာတွင် အမြဲသာ နောက်ဆုံး ဖြစ်သည်။
ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင်များ မရှိသောကြောင့် LMN မိန်းကလေးအဖွဲ့ဝင်များ အားလုံးသည် တူညီသော လိမ်းချယ်သည့်ပုံစံအတိုင်း မိတ်ကပ်ထူထူ လိမ်းခြယ်ကြသည်။ ထိုတူထဲသည့် မိတ်ကပ်များသည် မီးရောင်အောက်တွင် ကြည့်ကောင်းသည်။
"ဟန်ရှု နင်မပြီးသေးဘူးလား"
ပန်းရောင်ဆံပင်နှင့် မိန်းကလေးတစ်ဦးသည် ဟန်ရှုကို ကိုရီးယားဘာသာစကားဖြင့် မေးသည်။
"မြန်မြန်လုပ်ပါဟ ငါ ပါးနီ လိမ်းရဦးမယ်”
ဟန်ရှုသည် သိပ်မကျွမ်းကျင်သော ကိုရီးယားဘာသာစကားဖြင့်
"မမယန်ယန် အခုမှ ညီမအလှည့်" ဟု ပြန်ဖြေသည်။
ပန်းရောင်ဆံပင်နှင့် မိန်းကလေးသည် ဟန်ရှုကို ဆွဲဖယ်ပြီး
"နင်က အမြဲနောက်ဆုံးပဲ၊ ဘယ်သူက နင့်ကို မြင်မှာမလို့လဲ၊ ဘာပဲဖြစ်ဖြစ် မြန်မြန်လိမ်းလိုက်!" ဟု ပြောလိုက်သည်။
အခြားသူများကပါ ထောက်ခံပြောဆိုကြသည်။
"မမယန်ယန်က အဖွဲ့ရဲ့ မျက်နှာဖုံးပဲ၊ ကင်မရာတွေက သူ့ဆီမှာပဲ အာရုံစိုက်သင့်တာ”
ဟန်ရှုသည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မတ်တပ်ထရပ်ကာ သူမ၏ နေရာကို ပန်းရောင်ဆံပင်နှင့် မိန်းကလေးအား မပေးချင်ဘဲ ပေးလိုက်ရ၏။ LMN အဖွဲ့တွင် သူမသည် H နိုင်ငံသားမဟုတ်သည့် တစ်ဦးတည်းသော အဖွဲ့ဝင်ဖြစ်ပြီး သူမ၏ စွမ်းရည်များသည်လည်း ထူးထူးခြားခြား ထင်ပေါ်ခြင်း မရှိသောကြောင့် အဖွဲ့ထဲမှ ဖယ်ကြဉ်ထားခြင်းခံရသည်မှာ ဖြစ်မြဲဖြစ်ပွားနေကျ အဖြစ်အပျက်တစ်ခု ဖြစ်၏။
ဟန်ရှုသည် ဖုန်းကိုင်၍ ထောင့်တစ်နေရာတွင်သာ ထိုင်နေနိုင်တော့သည်။
ဖုန်းမျက်နှာပြင်တွင် သူတို့အဖွဲ့ ဖျော်ဖြေမည့် သီချင်းစာသားများကို ပြသထားသည်။ ဟန်ရှုသည် တိတ်ဆိတ်စွာပင် ထိုစာသားများကို မှတ်သားနေခဲ့၏။ သူမတွင် တစ်ကိုယ်တော် သီဆိုရမည့်အပိုင်း မရှိပေ။ အဖွဲ့ထဲမှ နာမည်ကြီး အဖွဲ့ဝင်များကသာ တစ်ကိုယ်တော်အပိုင်းများ ရရှိကြသည်။
တစ်ခါတစ်ရံတွင် ဟန်ရှုသည် စိတ်ထဲ၌ ရယ်မောမိ၏။ တစ်ကိုယ်တော်အပိုင်းမရှိခြင်းသည် ကင်မရာရိုက်ကူးမည့်အချိန် မရခြင်းအား ဆိုလိုသည်။ ကင်မရာရိုက်ကူးချိန်မရခြင်းသည် နာမည်မကြီးခြင်းကို ဆိုလိုသည်။ နာမည်မကြီးဘဲနှင့် နာမည်ကျော်ကြားမှု ရရှိကာ သူမ၏ ကိုယ်ပိုင်အပိုင်းကို မည်သို့ ရရှိနိုင်မည်နည်း။
၎င်းသည် ဆိုးရွားစွာ သံသရာလည်နေခြင်း ဖြစ်၏။
မကြာမီပင် မန်နေဂျာတစ်ယောက် ရောက်လာပြီး မိန်းကလေးများကို အလျင်စလို ပြောဆိုလိုက်သည်။ "အဆင်သင့်ဖြစ်ကြပြီလား စင်ပေါ်တက်ဖို့ အလှည့်နီးနေပြီ! စင်ပေါ်မှာ ကြည်နူးမှင်သက်ဖွယ်ရှိပါစေ မဝံ့မရဲမလုပ်ကြနဲ့ မင်းတို့ ပိုပြီး ပွင့်လင်းလေလေ ပိုပြီး ရလေလေပဲ!" မိန်းကလေးများက မကျေမနပ်ဖြင့် ခေါင်းညိမ့်လိုကိကြသည်။
အားလုံးကို ညွှန်ကြားပြီးသည့်နောက်တွင် မန်နေဂျာသည် နောက်ဆုံး၌ ဟန်ရှုထံသို့ ချဉ်းကပ်လာခဲ့သည်။ သူ၏ ဆီများ စိမ့်ထွက်လုနီးပါးဖြစ်နေသည့် ဖောင်းကားနေသော မျက်နှာနှင့် မျက်လုံးများကို မှေးလျက် ကိုရီးယားဘာသာဖြင့်
“ဟန်ရှု မင်းကို ငါ အခွင့်အရေး မပေးဘူးလို့ မပြောနဲ့ ယန်ယန်နဲ့ တခြားသူတွေ သွားပြီးပြီ ဒီညက မင်းအလှည့်ပဲ၊ စီးပွားဖြစ်ဖျော်ဖြေပွဲပြီးရင် ငါ လူလွှတ်ပြီး မင်းကို လာခေါ်ခိုင်းမယ်" ဟု ဆိုလိုက်၏။
ဟန်ရှုသည် သူမ၏ ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူဖွေးသွားသည်။
"ကျွန်မ မသွားလို့ မရဘူးလား"
မန်နေဂျာက ရယ်မောလိုက်ပြီး
"မင်း တစ်သက်လုံး အရှုံးသမားဖြစ်ချင်တာလား၊ ယန်ယန်နဲ့ တခြားသူတွေကို ကြည့်လိုက်ဦး သူတို့ ပြန်လာပြီးတဲ့နောက် တစ်ကိုယ်တော် အခွင့်အရေးတွေ ရခဲ့တယ်၊ မင်း အဲဒါတွေကို မလိုချင်ဘူးလား" ဟု ဆို၏။
ဟန်ရှုသည် တိတ်ဆိတ်နေခဲ့ပြီး စကားပြောရန်ပင် ကြောက်ရွံ့နေခဲ့သည်။
သူမ မလိုချင်ပေ။ သူမ၏ စာချုပ်သည် ၁၀ နှစ်စာဖြစ်ပြီး နောက်ထပ် ၈ နှစ် ကျန်ရှိသေးသည်။ ထို ၈ နှစ်ကို သူမသာ သည်းခံနိုင်လျှင် အိမ်ပြန်နိုင်ပေမည်။
ဟန်ရှု၏ ခုခံချင်သည့် အမူအရာကို မြင်သောအခါ မန်နေဂျာ၏ မျက်လုံးများတွင် မကောင်းဆိုးဝါး အကြည့်တစ်ချက် ပေါ်လာ၏။
"မင်းရဲ့ စာချုပ်က ငါ့လက်ထဲမှာ ရှိသေးတယ်နော်၊ သေချာ စဉ်းစားတာ ပိုကောင်းမယ်”
ဆယ်မိနစ်အကြာတွင် ဖျော်ဖြေပွဲ စတင်ခဲ့သည်။
မိန်းကလေးများသည် ဆွဲဆောင်မှုရှိသော ဝတ်စုံများဖြင့် စင်ပေါ်သို့ တက်လာကြ၏။ သူတို့၏ ရောင်စုံအဝတ်အစားများနှင့် ထူထဲသော မိတ်ကပ်များသည် သူတို့အား တစ်ယောက်နှင့်တစ်ယောက် ခွဲခြားမရလောက်အောင်ကို ဖြစ်စေသည်။ သူတို့၏ လှုပ်ရှားမှုများသည် ရဲရင့်ပြတ်သားပြီး မြှူဆွယ်နေခဲ့သည်။ ထိုမြင်ကွင်းကြောင့် အမျိုးသားပရိသတ် အများအပြားသည် စင်ရှေ့တွင် စုဝေးလာကြသည်။ သို့သော် မျှော်လင့်ထားသည့် ရသစုံအစီအစဉ် ရိုက်ကူးမှုကား ဖြစ်မလာခဲ့ပေ။ ကျုံချင်းယွီနှင့် ယန်ရှီတို့သည် အလယ်ဗဟိုခန်းမ စင်မြင့်သို့ ခေတ္တမျှ ဖြတ်လျှောက်သွားရုံသာ ဖြစ်ပြီး ဖျော်ဖြေပွဲကြည့်ရန် နောက်ထပ် ၁၅ မိနစ် စောင့်ရမည်ကို သိသောအခါ ကျုံချင်းယွီသည် စိတ်ဝင်စားမှု လျင်မြန်စွာ ပျောက်ဆုံးသွားပြီး ယန်ရှီအား ရေမွှေးကောင်တာသို့ ဆွဲခေါ်သွားသည်။
သူတို့ ပစ္စည်းများဝယ်နေစဉ် တေးဂီတသံများသည် ရံဖန်ရံခါ ပျံ့လွင့်လာသော်လည်း ကျုံချင်းယွီ၏ အာရုံအား ဖမ်းစားနိုင်ခြင်း မရှိခဲ့ပေ။
ယန်ရှီမူကား အတော်လေးပင် သိလိုစိတ် ပြင်းပြနေခဲ့သည်။ ဟန်ရှု၏ ဖျော်ဖြေမှု မည်သို့ ဖြစ်လာသည်ကို သူမ အမှန်တကယ် မြင်တွေ့လိုနေသည်။ ပြောင်ပေါင်ယွမ်သည် ဝမ်းနည်းစွာဖြင့်
"အချိန်မှား ရောက်လာတာပဲ၊ ဖျော်ဖြေပွဲတွေရယ် ဂီတစင်မြင့်တွေရယ် လောလောဆယ်မရှိသေးဘူး၊ ရှိခဲ့ရင် ဒီည ရရင် သွားကြည့်လို့ ကောင်းမှာပဲ" ဟု ပြော၏။
"ဟုတ်တယ်" ဟု ယန်ရှီက သက်ပြင်းချလိုက်သည်။
ယခင်က ဒါရိုက်တာယွီသည် ဤမှတ်တိုင်ကား H နိုင်ငံတွင် ဖြစ်သည်ဟု ပြောခဲ့ပြီး Live Chat မှ ပရိသတ်များစွာသည် သူတို့ Idol များ၏ စင်မြင့်ဖျော်ဖြေပွဲများကို သွားရောက်ကြည့်ရှုနိုင်ကြောင်း အကြံပြုခဲ့ကြသည်။ ချောမောသော ယောကျ်ားလေးများ စည်းချက်ညီညီ ကခုန်နေသည်ကို ကြည့်ရခြင်းနှင့် တစ်ခါတစ်ရံ သူတို့၏ ဝမ်းဗိုက်ကြွက်သားများ၊ Adonis ခါးပတ်များကို ပြသသည်မှာ ကြည့်ကောင်းမည်မှာ သေချာပေသည်။
“ဖျော်ဖြေပွဲရှိခဲ့လို့ လက်မှတ်တွေ ကုန်နေရင်တောင် VIP လက်မှတ်တွေ ကျွန်မတို့ ရနိုင်တယ်မလား"
ယန်ရှီက ပြောင်ပေါင်ယွမ်ကို မေးလိုက်သည်။
ပြောင်ပေါင်ယွမ်၏ အကြည့်သည် ခိုင်မာပြတ်သားသည်။
“ရတာပေါ့”
ယွင်တုန်ဘဏ်သည် Black Card ဖောက်သည်တိုင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကြိုးစားပြီး ဖျော်ဖြေပွဲလက်မှတ်များ ရရှိရန်မှာလည်း ခက်ခဲသည့် ကိစ္စမဟုတ်ပေ။
ယန်ရှီသည် သက်ပြင်းချလိုက်ပြီး "သူတို့ကို နောက်ထပ် ဖျော်ဖြေပွဲတစ်ခု လုပ်ခိုင်းလို့ မရတာက ဆိုးတာပေါ့" ဟု ဆို၏။
"ဘာလို့ မရရမှာလဲ”
ကျုံချင်းယွီသည် ရေမွှေးနံ့များကြောင့် အသက်ရှူရခက်ခဲကာ နှာခေါင်းရှင်းစေရန် ကော်ဖီစေ့များကို ရှူရှိုက်နေသည်။ သူမသည် ယန်ရှီထံသို့ လျှောက်လာပြီး အလေးအနက် စဉ်းစားဟန်ဖြင့် ပြောလိုက်သည်
"နင်ပြောတာ မှန်တယ် H နိုင်ငံအထိ ရောက်လာပြီးမှ ဖျော်ဖြေပွဲတစ်ခုမှ မတက်ဖြစ်ရင် ခရီးစဉ်က အလကား ဖြစ်သွားမှာပေါ့"
ကျုံချင်းယွီသည် ပြောင်ပေါင်ယွမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"ရှင် အိုင်ဒေါအဖွဲ့တွေ အများကြီးကို ခေါ်ပြီး ကျွန်မတို့အတွက် သီးသန့်ဖျော်ဖြေပွဲလေးတစ်ခု လုပ်ပေးလို့ မရဘူးလား၊ ဘယ်လိုလဲ"
ပြောင်ပေါင်ယွမ်: ???
ပြောင်ပေါင်ယွမ်က အောင့်ကာ ပြုံးလိုက်ပြီး
"သခင်မလေး တကယ်ပြောနေတာလား" ဟု မေးလိုက်သည်။
ကျုံချင်းယွီက ကော်ဖီစေ့များကို ထပ်မံရှူရှိုက်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
“တကယ်ပေါ့၊ ဘာလဲ ရှင်မလုပ်နိုင်ဘူးလား"
ပြောင်ပေါင်ယွမ်သည် ချက်ချင်းပင် ခါးဆန့်လိုက်ပြီး
"မလုပ်နိုင်စရာလား!!!"
ယွင်တုန်ဘဏ်၏ ခရီးသွားအကြံပေးတစ်ဦးအနေဖြင့် "မဖြစ်နိုင်" ဟူသော စကားလုံးသည် ပြောင်ပေါင်ယွမ်၏ အဘိဓာန်ထဲတွင် မရှိပေ။
[ငါ နားကြားများမှားတာလား… သခင်မလေးက အိုင်ဒေါတွေကို သူတို့အတွက် သီးသန့်ဖျော်ဖြေပွဲ လုပ်ပေးဖို့ ခေါ်စေချင်တာလား]
[ဘုရား ဒါက ဖြစ်နိုင်လို့လား]
[ဘုရားရေ ဒီလိုမျိုးလုပ်တာ မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ]
ပရိသတ်များသည် စိတ်လှုပ်ရှားနေကြပြီး ကျုံချင်းယွီနှင့် ယန်ရှီတို့လည်း ထို့အတူပင်။ သူတို့သည် ပြောင်ပေါင်ယွမ်အား တက်ဘလက်တစ်ခု ယူဆောင်လာရန် တက်ကြွစွာ တောင်းဆိုကာ စတင်ရွေးချယ်ကြသည်။
ကျုံချင်းယွီ: "ဒီကောင်လေးက ချောတယ် ဒီအဖွဲ့ကို လာခိုင်းရအောင်”
ယန်ရှီ: "ဒီမိန်းကလေးအဖွဲ့က ကောင်မလေးတွေ အားလုံး အရမ်းလှတာပဲ သူတို့ကို ကြည့်ချင်တယ်”
ကျိုးချင်းယွီ "အိုး ဝိုး ဒီအဖွဲ့လည်း မဆိုးဘူး၊ အဲ ဗိုက်ကြွက်သားတွေ six pack တွေနဲ့”
ယန်ရှီ - "ဒီအဖွဲ့ရောပဲ အရမ်းများတာပဲ ငါ ကြည့်ချင်လာပြီ”
သူတို့နှစ်ဦးသည် ခေတ္တခဏမျှ ရွေးချယ်ပြီးနောက် အိုင်ဒေါများစွာကို မသိရှိကြသဖြင့် အများအပြား မရွေးဖြစ်ခဲ့ကြပေ။
ထို့နောက် ကျုံချင်းယွီသည် မော့ကြည့်ကာ ပရိသတ်ကို မေးလိုက်သည်။
"ဘယ်သူတွေကို ဖိတ်စေချင်လဲ"
[ဒါဆို ငါတို့ပါ ရွေးလို့ရတာပေါ့]
[အာ့... ကျွန်မအကြိုက်ဆုံးကို မြင်ချင်တယ် သူတို့က သိပ်နာမည်မကြီးပေမဲ့ ကြိုးစားကြတယ် ကျေးဇူးပြုပြီး သူတို့ကို အခွင့်အရေးပေးပါ သခင်မလေး]
[ကျွန်မ Idol က အခုထိ Comeback မလုပ်သေးဘူး၊ အခန်းပိတ် လေ့ကျင့်နေကြတယ် ဖိတ်လို့ရမှာ မဟုတ်လောက်ဘူး]
[သခင်မလေး Only, TKT, Shark Girls ဒါတွေက H နိုင်ငံရဲ့ ထိပ်တန်းအဖွဲ့တွေ မဟုတ်ပေမဲ့ အရည်အချင်းရှိကြတယ် သူတို့ကို ဖိတ်ရတာ တန်လိမ့်မယ် ကျေးဇူးပြုပြီး ကျွန်မရဲ့ အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပေးပါ သခင်မလေး]
[LMN က မစ္စဟန်ရှုကို ဖိတ်လို့ရမလား၊ သူက အရမ်းကောင်းကောင်း ဆိုတတ်တယ် တစ်ခါတုန်းက သူ့ Live ကို နားထောင်ဖူးတယ် တကယ် ထပ်နားထောင်ချင်တယ်]
ပရိသတ်များသည် Idol အဖွဲ့များစွာကို အကြံပြုကြပြီး ပြောင်ပေါင်ယွမ်သည် တစ်ဖွဲ့ချင်းစီအား မှတ်သားထားသည်။ ကျုံချင်းယွီသည် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်၏။
"ဒီညကို ဖျော်ဖြေပွဲ လုပ်ရအောင် ဗီလာရှေ့က မြက်ခင်းပြင်က အတော်လေး ကျယ်တယ်၊ အဲဒီမှာ ဖျော်ဖြေပွဲ လုပ်လို့ရတယ်"
ပြောင်ပေါင်ယွမ်: "ဟုတ်ကဲ့ ပစ္စည်းကိရိယာကြီးတွေ ထားရင် မြက်ခင်းပြင်ကို ထိခိုက်နိုင်ပေမဲ့ နောက်ပိုင်းမှာ ကျွမ်းကျင်ဥယျာဉ်မှူးနဲ့ ပြန်ပြင်ခိုင်းလိုက်ပါ့မယ် ဒီစာရင်းကတော့"
ပြောင်ပေါင်ယွမ်သည် မကြာသေးမီကပင် မှတ်သားထားသော ဖိတ်ကြားမည့်လူဦးရေစာရင်းကို မြှောက်ပြကာ ကျုံချင်းယွီကို ပြသလိုက်သည်။
"ဖိတ်ကြားမယ့်လူ အရေအတွက်က ဒီလောက်များတော့ ဖျော်ဖြေပွဲကို ဘယ်လောက်ကြာကြာ လုပ်ဖို့ စီစဉ်ထားလဲ မသိဘူး၊ ကျွန်မတို့ အစီအစဉ်ဆွဲဖို့ လိုလိမ့်မယ်"
ကျုံချင်းယွီသည် ခဏမျှ စဉ်းစားပြီး "နှစ်နာရီဆိုရင် ရလောက်ပါတယ်" ဟု ပြော၏။
သူမသည် စိတ်ဝင်စားမှု မရှိတော့ဘဲ နှစ်နာရီကြာ ဖျော်ဖြေပွဲပင် များလွန်လှးနေပြီဟု ထင်မှတ်နေသည်။ ကျုံချင်းယွီသည် ယန်ရှီဘက်သို့ လှည့်ကာ
"ရှီရှီ နင်သဘောမတူတာရှိသေးလား" ဟု မေးလိုက်သည်။
ယန်ရှီက သူမ၏ "Baseline" ထုတ်လုပ်သူ ဖြစ်လာပြီးနောက် အမြဲတစေဆိုသလို ဘောပင်ဆောင်ထားလေ့ရှိရာ ကျွမ်းကျင်စွာဖြင့် ဘောပင်အား ထုတ်လိုက်သည်။ သူမ လက်မှတ်ထိုးရန် လိုအပ်သည့် စာရွက်စာတမ်းများစွာ ရှိခဲ့သည်။ ယန်ရှီသည် အမည်များစွာကို မှတ်သားလိုက်ပြီး ပြောလိုက်သည်။
"ဒီလူတွေကိုတော့ သေချာဖိတ်လိုက်ပါ၊ ကျန်တာက အခြေအနေပေါ် မူတည်ပြီး စီစဉ်မယ်"
ပြောင်ပေါင်ယွမ်သည် "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေသည်။
နောက်ထပ် အစီအစဉ်အတွက် ပြောင်ပေါင်ယွမ်သည် ကျုံချင်းယွီနှင့် ယန်ရှီတို့ နောက်သို့ လိုက်ပါခြင်း မရှိတော့ပေ။ သူမသည် ဖျော်ဖြေပွဲအတွက် ပြင်ဆင်ရမည် ဖြစ်သည်။
ဖျော်ဖြေပွဲကို ညနေ ခုနစ်နာရီတွင် စတင်ရန် စီစဉ်ထားပြီး ယခု အချိန်မှစ၍ ငါးနာရီသာ လိုတော့သည်။ ငါးနာရီအတွင်း ဖျော်ဖြေပွဲတစ်ခုကို ပြင်ဆင်ပြီး နာမည်ကြီး Idol များစွာကို ဖျော်ဖြေရန် ဖိတ်ကြားခြင်းသည် သာမန်လူတစ်ဦးအတွက်တော့ ပုံပြင်ဆန်လှပေမည်။
သို့သော် ယွင်တုန်ဘဏ်မှ အကြံပေးတစ်ဦးသည် သာမန်လူ မဟုတ်ပေ။
ပြောင်ပေါင်ယွမ် ထွက်သွားချိန်တွင် သူမကိုယ်သူမ အားပေးစကားပြောနေသည့်အသံကို ယန်ရှီ ကြားနေရသေးသည်။
"ငါ လုပ်နိုင်တယ် ငါ လုပ်နိုင်တယ်! 'မလုပ်နိုင်ဘူး' ဆိုတဲ့ စကားလုံးက ငါ့အဘိဓာန်ထဲမှာ မရှိဘူး!"
ဖျော်ဖြေပွဲပြီးသည့်နောက် LMN အဖွဲ့ဝင်များသည် စိတ်ဓာတ်ကျစွာဖြင့် စင်နောက်ဘက်သို့ ပြန်လာကြသည်။
ထုတ်လုပ်ရေးအဖွဲ့သည် ထွက်ခွာသွားပြီဖြစ်ကာ LMN အဖွဲ့သည် ကံကောင်းစွာဖြင့် "ကင်မရာ" အချိန် မရခဲ့ပေ။ လူတိုင်း စိတ်ပျက်အားငယ်နေပုံရ၏။
ဟန်ရှုသည် ဖျော်ဖြေပွဲ ဗီဒီယိုကို မောလ် စင်မြင့်မန်နေဂျာထံမှ ရယူကာ အကြိမ်ကြိမ် ပြန်ကြည့်နေခဲ့သည်။
သူမသည် နောက်ဘက်တွင် နေရာယူရသဖြင့် အခြားအဖွဲ့ဝင်များက သူမအား မကြာခဏ ကွယ်နေသည်။ သူမကို မြင်နိုင်သည့် ထောင့်အနည်းငယ်သာ ရှိသော်လည်း ထူထဲသော မိတ်ကပ်နှင့် သာမန်မျှသာ ကခုန်နိုင်သည့် စွမ်းရည်တို့ကြောင့် ပရိသတ်များအား ဆွဲဆောင်ရန် ခဲယဉ်းခဲ့သည်။
ဟန်ရှုတစ်ယောက် ကုမ္ပဏီသို့ စတင်ဝင်ရောက်စဉ်က နာမည်ကြီးလိုသည့် အိပ်မက်များ ရှိခဲ့သည်။ သူမသည် သီချင်းဆိုရခြင်းကို အမြဲတစေ နှစ်သက်မြတ်နိုးခဲ့ပြီး သူမ၏ အကြီးမားဆုံး အိပ်မက်မှာ ကိုယ်ပိုင်ဖျော်ဖြေပွဲ ကျင်းပကာ သူမ၏ အသံကို လူတိုင်းအား ကြားစေလိုခြင်း ဖြစ်သည်။
သို့သော် LMN နှင့် သူမ၏ နှစ်နှစ်တာ ကာလအတွင်းတွင် မထင်မရှား စီးပွားဖြစ် ဖျော်ဖြေပွဲများတွင် ပါဝင်ရခြင်း သို့မဟုတ် ကုမ္ပဏီအရာရှိများနှင့်အတူ အရက်သောက်ရန် အတင်းအကျပ် လိုက်ပါရခြင်းသာ ဖြစ်ခဲ့သည်။
ယင်းသည် ဟန်ရှု လိုချင်သည့် ဘဝမဟုတ်ခဲ့ပေ။
ယန်ရှုသည် စာချုပ်ဖျက်သိမ်းလိုခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ မိသားစုမှာ သာမန် အလုပ်သမားလူတန်းစား မိသားစုမျှသာဖြစ်ပြီး မြင့်မားသော ဒဏ်ကြေးငွေကို မတတ်နိုင်ခဲ့ပေ။
ဤသည် သေးငယ်သော ကုမ္ပဏီများ လည်ပတ်ပုံဖြစ်သည်။ သူတို့သည် အရင်းအမြစ်များ မပေးစွမ်းနိုင်သောအခါ အနုပညာရှင်များကို ဆွဲဆန့်ထားတတ်သည်။ အနုပညာရှင် ရာချီရှိရာမှ တစ်ဦးမှ ဒဏ်ကြေးပေးဆောင်ရန် ဆန္ဒရှိပါက ကုမ္ပဏီသည် အမြတ်အစွန်းရရှိသည်။ နာမည်ကျော်ဖြစ်လာခြင်း သို့မဟုတ် ခံနိုင်ရည်ရှိခြင်း နှစ်ခုထဲမှ တစ်ခုဖြစ်သည်။
ဟန်ရှုအတွက်မူ ထိုရွေးချယ်စရာ နှစ်ခုလုံးသည် ခက်ခဲလှသည်။
နာမည်ကျော်ဖြစ်လာရန်မှာ အလွန်ခက်ခဲသည်။
ခံနိုင်ရည်ရှိခြင်းက ပို၍ပင် ခက်ခဲသည်။
အဖွဲ့ဝင်များသည် ပစ္စည်းများ သိမ်းဆည်းကာ အဆောင်သို့ ပြန်ရန် အသင့်ဖြစ်နေကြသည်။ ဤသည်မှာ နာမည်မကြီးသော စီးပွားဖြစ် ဖျော်ဖြေမှု ဖြစ်သော်လည်း နေ့စဉ်ဖြစ်ပွားနေခြင်း မဟုတ်ဘဲ နောက်ရက်အနည်းငယ်သည် အဆောင်၌သာ နေရဖွယ်ရှိသည်။
ရုတ်ချည်းဆိုသလို စင်နောက်ဘက်တံခါး ရိုက်ဖွင့်ခံရပြီး မန်နေဂျာသည် အလျင်အမြန် ပြန်ရောက်လာသည်။
"အဆောင်ကို မပြန်ကြနဲ့ဦး!" ဟု မန်နေဂျာက စိတ်လှုပ်ရှားစွာ ပြောသည်။
"တစ်စုံတစ်ယောက်က မင်းတို့ကို ဒီည ဖျော်ဖြေပွဲမှာ ဖျော်ဖြေဖို့ ဖိတ်ထားတယ်၊ ကုမ္ပဏီကို ပြန်ပြီး ဒီည ဖျော်ဖြေပွဲအတွက် လေ့ကျင့်ကြ၊ ဒီအခွင့်အရေးက အရမ်းအရေးကြီးတယ် လက်လွတ်မခံကြနဲ့”
အဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကြသည်။
"ဖျော်ဖြေပွဲလား ကျွန်မတို့ကို ဖျော်ဖြေဖို့ ဖိတ်တာလား"
"ဘယ်အဖွဲ့လဲ မကြာသေးခင်က ဖျော်ဖြေပွဲတွေ ရှိတယ်လို့ မကြားမိပါဘူး"
"ဖျော်ဖြေပွဲမှာ ဖျော်ဖြေရမယ်ဆိုတာ ပရိသတ်အများကြီး ရှိမှာလား၊ အိုး ဘုရားရေ ကျွန်မတို့ လူအများကြီးရှေ့မှာ တစ်ခါမှ မဖျော်ဖြေဖူးဘူး”
အေးဂျင့်သည် မိန်းကလေးငယ်များ၏ လှပသော အိပ်မက်များကို နှောင့်ယှက်လိုက်သည်။
“ဘာတွေ စဉ်းစားနေကြတာလဲ သူ့အကြိုက်ဆုံး Idol တွေ ဖျော်ဖြေတာကို ကြည့်ချင်တဲ့ သူဌေးမတစ်ယောက် ရှိတယ်၊ သူ့ဗီလာမှာပဲ ဖျော်ဖြေပွဲ ကျင်းပမှာ ပရိသတ်က သူနဲ့ သူ့သူငယ်ချင်းတွေပဲ ရှိမှာ လူတော့ သိပ်မများဘူး၊ ဒါပေမဲ့ သူ ဖိတ်ထားတဲ့သူတွေက မင်းတို့ထက် ပိုနာမည်ကြီးတဲ့ ကြယ်ပွင့်တွေချည်းပဲ Only, TKT, Shark Girl တို့လည်း ဖိတ်ကြားခံရတဲ့အထဲမှာ ပါတယ်လို့ ငါကြားတယ်"
LMN အဖွဲ့ဝင်များ၏ မျက်လုံးများ အရောင်တောက်ပသွားကြသည်။
အေးဂျင့် ပြောပြသည့် Idol အဖွဲ့များသည် သူတို့ အိပ်မက်ထဲတွင်သာ ရောက်ရှိနိုင်သည့် ကြယ်ပွင့်များဖြစ်ပြီး တစ်နေ့နေ့တွင် သူတို့နှင့် ရင်ဘောင်တန်း ရပ်တည်ရလိမ့်မည်ဟု မည်သည့်အချိန်ကမှ စိတ်ကူးမယဉ်ခဲ့ကြပေ။
“ဪဟုတ်သား ပြောဖို့ မေ့သွားတယ်" ဟု အေးဂျင့်က ထပ်ပြောသည်။
"ငါ အခုလေးတင် စီစဉ်သူကို မေးကြည့်တာ မင်းတို့ကို ဖိတ်တဲ့ သူဌေးမက တရုတ်နိုင်ငံက နာမည်ကြီး ကြယ်ပွင့် ကျုံချင်းယွီတဲ့၊ သူက အခု ရသစုံအစီအစဉ်တစ်ခုမှာ ပါဝင်နေတာ၊ မင်းတို့ရဲ့ ဖျော်ဖြေမှုက သူတို့ အစီအစဥ်မှာပါ ပါလာနိုင်တယ်”
"ကျုံချင်းယွီ”
ချိုင်မိန်ယန်က ပထမဆုံး သတိရသွားသည်။
“သူက ခုနကမှ ငါတို့ မြင်ခဲ့တဲ့ အရမ်းလှတဲ့ ကြယ်ပွင့် မဟုတ်ဘူးလား"
"ပြီးတော့ သူ့ ရသစုံအစီအစဉ်မှာပါ ပါဝင်ရနိုင်တယ်၊ အိုး ဘုရားရေ သူ့ အစီအစဉ်က အရမ်းနာမည်ကြီးတာ အခု တရုတ်နိုင်ငံမှာ ထိပ်တန်း ရသစုံအစီအစဉ်လို့ ငါကြားတယ်"
“သူ့ အစီအစဉ်မှာသာ ပါဝင်ရရင် ငါတို့ နာမည်ကြီးပြီ"
"ဒါကြောင့် မင်းတို့ ကောင်းကောင်း ဖျော်ဖြေကြ" ဟု အေးဂျင့်က ပြောသည်။
"ငါ့ကို မျက်နှာမပျက်စေနဲ့"
LMN အဖွဲ့ဝင်များသည် ယခင်ကထက်ပင် ပိုမို စိတ်လှုပ်ရှားနေကြပြီး အေးဂျင့်၏ ထပ်မံတိုက်တွန်းစရာပင် မလိုဘဲ သူတို့၏ အိတ်များကို ထုပ်ပိုးကာ ကုမ္ပဏီသို့ ပြန်ပြီး လေ့ကျင့်မှုများ အရှိန်မြှင့်ရန် စိတ်အားထက်သန်နေကြသည်။ အပြင်ဘက်တွင် ဗန်အသေးလေးတစ်စီးက စောင့်ဆိုင်းနေခဲ့ပြီး LMN အဖွဲ့ဝင်များသည် တစ်ဦးပြီးတစ်ဦး ကားပေါ်သို့ တက်ရောက်ကြသည်။ ဟန်ရှုသည် နောက်ဆုံးမှ တက်ရောက်သူဖြစ်ပြီး သူမ မတက်ရောက်မီ အေးဂျင့်က ရုတ်တရက် ဆွဲခေါ်လိုက်သည်။
"ဒီနေ့ ရုတ်တရက် ကိစ္စပေါ်လာလို့ နည်းနည်း နောက်ကျသွားပေမဲ့ ဒီည တွေ့ဆုံတာတော့ ဖျက်လို့ မရဘူး၊ ဖျော်ဖြေပွဲပြီးရင် ငါ့ကို လာရှာဖို့ မမေ့နဲ့"
ဟန်ရှုသည် စိတ်မပါစွာဖြင့် ခေါင်းညိမ့်လိုက်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့ ဗီလာသို့ ပြန်ရောက်သောအခါ စင်မြင့်ထက်၌ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။ တစ်ချိန်က ဗလာနတ္တိဖြစ်နေခဲ့သော မြက်ခင်းပြင်သည် ပြောင်းလဲသွားခဲ့သည်။ ခမ်းနားကြီးကျယ်သော ဖျော်ဖြေပွဲစင်မြင့်ကြီးသည် အလယ်ဗဟိုတွင် ရပ်တည်နေပြီး ၎င်း၏ အနက်ရောင် သံမဏိတည်ဆောက်ပုံမှာ ခိုင်ခံ့ပြီး ခန့်ညားလှသည်။ နောက်ခံကားချပ်ကြီးမှာ ကြီးမားသော LED မျက်နှာပြင်ဖြစ်ပြီး တောက်ပမြူးကြွသော ပုံစံများဖြင့် ရွေ့လျားနေခဲ့သည်။ ဝန်ထမ်းများသည် အလုပ်များနေကြပြီး အချို့က တူရိယာများ တပ်ဆင်နေကြကာ အချို့က မိုက်ခရိုဖုန်းများနှင့် အသံလိုင်းများကို စစ်ဆေးနေကြသည်။ အားလုံးသည် ယူနီဖောင်းဝတ်ဆင်ထားကြပြီး လျင်မြန်ထိရောက်စွာ လှုပ်ရှားနေကြသည်။
ယန်ရှီသည် သူမ မျက်လုံးများကိုပင် မယုံနိုင်ခဲ့ပေ။ သူမ စိတ်ကူးထဲရှိ ဖျော်ဖြေပွဲသည် စျေးဝယ်စင်တာများကဲ့သို့ သစ်သားစင်မြင့်ကို မြက်ခင်းပြင်ပေါ်တွင် တပ်ဆင်ထားကာ စပီကာအနည်းငယ်၊ မီးလုံးအကြီးအချို့ဖြင့် ဝန်းရံထားမည်ဟု ထင်ထားခဲ့သည်။ ပြောင်ပေါင်ယွမ်သည် ဤမျှ ပရော်ဖက်ရှင်နယ်ကျလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ တရားဝင် ဖျော်ဖြေပွဲနှင့် မည်သို့မျှ မကွာခြားလှပေ။
လုပေယွီနှင့် ယောင်ကျူတို့လည်း ဗီလာသို့ ပြန်ရောက်လာကြပြီး မြက်ခင်းပြင်ပေါ်ရှိ ဧရာမအဆောက်အအုံ ရုတ်တရက် ပေါ်ပေါက်လာခြင်းကို အံ့အားသင့်နေကြသည်။
ဗီလာသည် လုမိသားစုပိုင်ဖြစ်ပြီး ကျုံချင်းယွီသည် ဖျော်ဖြေပွဲ စီစဉ်ခြင်းမပြုလုပ်မီ လုပေယွီနှင့် တိုင်ပင်ခဲ့သည်။ လုပေယွီတွင် ကန့်ကွက်စရာမရှိခဲ့ပေ၊ နေရာငှားရမ်းခြင်းသည် အသေးအဖွဲကိစ္စဖြစ်ပြီး အထူးသဖြင့် မနေ့ညက သခင်မလေးက သူ့ကို ညစာ တည်ခင်းခဲ့ခြင်းကြောင့် ဖြစ်သည်။
မြက်ခင်းပြင်ပေါ်ရှိ ဧရာမအဆောက်အအုံကို မြင်လိုက်မှသာ လုပေယွီသည် ဤကိစ္စမှာ အသေးအဖွဲကိစ္စမဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
သခင်မလေးသည်... အထင်ကြီးစရာ ကောင်းလှသည်။
ကျုံချင်းယွီသည် ဖျော်ဖြေပွဲစင်မြင့်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြုသည်။
"ဟင်း စင်မြင့်က နည်းနည်းသေးနေတုန်းပဲ၊ သိပ်ကြီးကျယ်ခမ်းနားမှု မရှိဘူး အဆင့်အတန်း မမှီဘူး"
ယန်ရှီနှင့် လုပေယွီ: “....”
တိုက်ရိုက်ထုတ်လွှင့်မှု ပရိသတ် - “…”
ပြောင်ပေါင်ယွမ်သာလျှင် ကျုံချင်းယွီ၏ စကားများကို လုံးဝ ငြင်းဆိုခြင်းမရှိဘဲ ထပ်မံ၍ ဖြည့်စွက်ပြောကြားသည်။
"အဓိက ပြဿနာက ဒီဗီလာက အရမ်းသေးလွန်းနေတာပါ၊ မြက်ခင်းပြင်ကလည်း မကျယ်ဘူး အားကစားကွင်းမှာ လုပ်နိုင်ရင် ဒီထက် နှစ်ဆလောက်ကြီးတဲ့ စင်မြင့်ကို ကျွန်မ တပ်ဆင်ပေးနိုင်ပါတယ်"
ကျုံချင်းယွီက ခေါင်းညိမ့်လိုက်ပြီး "နှမြောစရာပဲ" ဟု ဆို၏။
လုပေယွီ: "ကျွန်တော်မှားတာ၊ ကျွန်တော့်ဗီလာက အရမ်းသေးလွန်းနေတာ ကျွန်တော့်အပြစ်ပဲ ဟုတ်ပြီလား"
[သခင်မလေးက "သေးငယ်တယ်" ဆိုတာကို ပြန်အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပြီ]
[သခင်မလေး မှန်တယ်၊ စူပါ-ကြီးမား တဲ့စင်မြင့်ကို လက်ခံနိုင်စွမ်းမရှိတဲ့ ဗီလာက တကယ်တမ်းကျတော့ သေးတာပါပဲ ဒီမြက်ခင်းပြင်က ယောင်ကျူ ကစားဖို့လောက်ပဲ ရှိတာ (ခွေးခေါင်းပုံ)]
[လုပေယွီ မင်းရဲ့ အစ်မနဲ့ ယောင်ကျူအတွက် ပိုကြီးတဲ့ မြက်ခင်းပြင်တစ်ခု လုပ်ဖို့အကြောင်း ပြောကြည့်သင့်ပြီထင်တယ်]
လူတိုင်းသည် လာမည့်ဖျော်ဖြေပွဲအကြောင်းကို တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း ယန်ရှီသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စင်မြင့်ပတ်လည်တွင် လှည့်ပတ်ကြည့်ရှုလိုက်သည်။
ယန်ရှီ: "ဒီလို တရားဝင်စင်မြင့်ကို တပ်ဆင်ပြီးပြီဆိုတော့ ဒါရိုက်တာယွီရဲ့ ကင်မရာကိုပဲ Live လွှင့်ဖို့အတွက် သုံးရင် နှမြောစရာပဲ၊ အထူးသဖြင့် အနုပညာရှင် အများကြီးကို ဖျော်ဖြေဖို့ ဖိတ်ထားတာဆိုတော့ ပိုဆိုးတာပေါ!”
ကျုံချင်းယွီသည် သိချင်စိတ်ဖြင့် "ဘာများ ထပ်ထည့်ချင်လို့လဲ" ဟု မေးလိုက်သည်။
ယန်ရှီက "ဒါရိုက်တာယွီရဲ့ ကင်မရာက ငါတို့နှစ်ယောက်ကိုပဲ အဓိကထားပြီး ရိုက်မှာဆိုတော့ ဖျော်ဖြေပွဲကို သိပ်ရိုက်မိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ပရိသတ်တွေ အများကြီးက ဒီဖျော်ဖြေပွဲကို ကြည့်ချင်နေကြတာ အိုင်ဒေါတွေ အများကြီး သူတို့ အကြံပြုထားတဲ့သူတွေလည်း အများကြီးကို ကျွန်မတို့ရဲ့ Live လွှင့်မယ့်ကင်မရာကနေပဲ မြင်ရမှာဆိုတော့ သူတို့ရဲ့ ဖျော်ဖြေမှုအပြည့်အဝကို သေချာပေါက် ပြပေးနိုင်မှာ မဟုတ်ဘူး”
"ကျွန်မတို့ ကင်မရာ ရှုထောင့်တွေ ထပ်ထည့်ပြီး Live လွှင့်ဖို့ အခန်းအသစ်တစ်ခု ထပ်လုပ်လို့ ရတယ်၊ live မှတ်တမ်း အပြည့်အဝပေါ့!"
ကင်မရာရှုထောင့်များ ထပ်ထည့်ခြင်း၊ ကင်မရာများကို ထိန်းချုပ်ရန် လူများ လိုအပ်ခြင်း၊ ထို့အပြင် နောက်ထပ် live လွှင့်ရန် တပ်ဆင်ခြင်းတို့သည် ကုန်ကျစရိတ်ကို သေချာပေါက် တိုးမြှင့်စေမည် ဖြစ်သည်။
ပြောင်ပေါင်ယွမ်သည် စိုးရိမ်တကြီးဖြင့်
“ဒါက ဈေးမပေါဘူးနော်... သခင်မလေး ပိုက်ဆံ ကောက်သင့်လား" ဟု မေးလိုက်သည်။
ကျုံချင်းယွီသည် လက်ဝှေ့ယမ်းကာ
"ဖျော်ဖြေပွဲကို ကြည့်ချင်တာ ကျွန်မပဲ၊ Live အသံလွှင့်တပ်တာက စပ်လျဉ်းနေတဲ့ကိစ္စဘဲ ဘာလို့ ပိုက်ဆံ ကောက်ရမှာလဲ၊ အဲလိုဆို ကျွန်မကို ကပ်စေးနည်းတယ်လို့ ထင်သွားမှာပေါ့ သေချာပေါက် အလကားပဲ!"
ပြောင်ပေါင်ယွမ်မှာ စကားလုံးများပင် ရှာမတွေ့ဘဲ "ကိစ္စ ကိစ္စမရှိပါဘူး!" ဟု ဆိုလိုက်သည်။
[ဝူးးး သခင်မလေးက တကယ့်ကို နတ်သမီးလေးပါပဲ!]
[ယန်ရှီရဲ့ အကြံပြုချက်ကလည်း အရမ်းကောင်းတာပဲ၊ ကင်မရာ ရှုထောင့်တွေ အများကြီး ထပ်တိုးလိုက်တော့ ကျွန်မ ကောကောရဲ့ ချောမောတဲ့ မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ၊ ယန်ရှီက ကျွန်မတို့အတွက် တကယ်ကို စာနာတတ်တာဘဲ~]
[ဒါဆို ကျွန်မတို့ အခမဲ့ အွန်လိုင်းဖျော်ဖြေပွဲ ကြည့်လို့ ရပြီပေါ့၊ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်!]
[ထုတ်လုပ်ရေးအဖွဲ့ရဲ့ Live အသံလွှင့်တာကိုပဲ ကြည့်ရမှာဆိုတော့ သခင်မလေးနဲ့ ယန်ရှီကိုပဲ မြင်ရမှာမလို့ စိုးရိမ်နေခဲ့တာ၊ အခုတော့ ကောကာတို့ကိုပါ မြင်ရတော့မယ် ဒါ အရမ်းကောင်းတာပဲ]
[ယန်ရှီကို ချစ်တယ်၊ သခင်မလေးကို ချစ်တယ်]
ထိုနောက်ပိုင်းတွင် ပြောင်ပေါင်ယွမ်သည် ဆက်လက် စီစဉ်နေခဲ့ပြီး ကျုံချင်းယွီမှာမူ တစ်နေ့တာ ခရီးသွားလာမှုကြောင့် ပင်ပန်းနွမ်းနယ်နေသဖြင့် ရေချိုးရန်သို့ ပြန်သွားသည်။
System က ပေါ်ထွက်လာပြီး ယန်ရှီ၏ နားနားသို့ ကပ်၍ တီးတိုးပြောသည်။
[သခင်မလေးက တကယ်ကို အသုံးအဖြုန်းကြမ်းတာပဲ]
[ပြောင်ပေါင်ယွမ်ရဲ့ ကုန်ကျငွေကို ခုနကပဲ ကြည့်လိုက်တာ ဒီနေ့ ဖျော်ဖြေပွဲ Live အသံလွှင့်တာက မင်းရဲ့ ရွက်လှေကြီးထက် မနည်းဘူး တကယ်ပါပဲ သခင်မလေးအတွက် ပိုက်ဆံဆိုတာ ဘာမှ မဟုတ်ဘူး]
ယန်ရှီက စိုးရိမ်ပူပန်မှုမရှိဘဲ "မပေးဆပ်ဘဲ ဘာမှ မရဘူး ဖျော်ဖြေပွဲက အမြဲတမ်း အရှုံးခံပြီး လုပ်ရမယ်လို့ ဘယ်သူက ပြောလို့လဲ" ဟု ဆို၏။
System ကတွေဝေသွားပြီး
[သခင်မလေးက အလကားလို့ မပြောခဲ့ဘူးလား] ဟု မေးသည်။
"ပရိသတ်ဆီက ပိုက်ဆံမကောက်ဘူးလေ ဒါပေမဲ့ တခြားသူတွေဆီက ပိုက်ဆံ မကောက်ဘူးလို့ မဆိုလိုဘူး”
“တုန်ကျီ ရှင်းယောင်နဲ့ ဆက်သွယ်ပေးပါဦး သူတို့ အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ~”