အခန်း (၅၈)
Vol. 6 Ch. 58
ဖျော်ဖြေပွဲပြီးဆုံးသွားပြီးနောက် ကျုံချင်းယွီသည် ရေချိုးပြီး၍ လန်းဆန်းနေသော်လည်း ချက်ချင်းအိပ်ရာမဝင်ခဲ့ပေ။ ပြောင်ပေါင်ယွမ်သည် ကျုံချင်းယွီနှင့် ယန်ရှီတို့အား နှိပ်နယ်ပေးရန်အတွက် ဟန်ကျင်းမြို့ရှိ အထူးကျွမ်းကျင်မှုရှိသော အနှိပ်ဆရာများကို စီစဉ်ပေးထားခဲ့သည်။ နှစ်ဦးစလုံးသည် အိပ်ရာပေါ်ပက်လက်လှဲအိပ်နေကြရင်း အနှိပ်ဆရာများက ၎င်းတို့၏ မျက်နှာများအား Mask များဖြင့် ပေါင်းတင်ပေးထားခဲ့သည်။ ထို့နောက် စည်းချက်ကျကျလှုပ်ရှားလည်ပတ်လျက်ရှိသော အခန်းထဲတွင် ၎င်းတို့၏ ကျွမ်းကျင်မှုရှိသော လက်များဖြင့် နောက်ကျောကို နှိပ်နယ်ပေးနေကြသည်။
K ကုမ္ပဏီနှင့်ပတ်သက်သော အရှက်ရစရာကိစ္စများသည် လှိုင်းထနေသော်လည်း ကျုံချင်းယွီအနေဖြင့် ဂရုမစိုက်နိုင်ပေ။ သူမ၏ ဘဋထဲတွင် သက်တောင့်သက်သာနေရရန်သည်သာ အရေးကြီးဆုံးဖြစ်သည်။ K ကုမ္ပဏီ၏ပြဿနာများကို ပြောင်ပေါင်ယွမ်ယွမ်က ကိုင်တွယ်နိုင်ပြီး အကယ်၍ လူကြိုက်များသော သတင်းခေါင်းစဉ်များဝယ်လိုသူများရှိပါက ဝူလျောင်ထံသွားနိုင်သည်။ သူမသည် ထိုကဲ့သို့သော အဓိပ္ပါယ်မရှိသည့်ကိစ္စများ သူမ၏ဘဝထဲသို့ ဝင်ရောက်လာခြင်းကို လုံးဝလက်မခံပေ။
နှိပ်နယ်ပေးနေသည့် နည်းစနစ်များသည် အလွန်သက်တောင့်သက်သာရှိလှသည်ဖြစ်ရာ ကျုံချင်းယွီမှာ အိပ်ငိုက်နေပြီဖြစ်သည်။ ယန်ရှီသည်လည်း အိပ်ငိုက်နေပြီး မျက်ခွံများ လေးလံလာသည်။ ပရော်ဖက်ရှင်နယ်များနှင့်နှိုင်းယှဉ်လျှင် သူမယခင်က ကျုံယန်စီကို နှိပ်နယ်ပေးခဲ့သည်များမှာ အလွန်ရိုးရှင်းပြီး အချိန်ဖြုန်းရုံသာဖြစ်ခဲ့ကြောင်း သူမ သိလိုက်ရသည်။
ရုတ်တရက် ဖုန်းသံထွက်ပေါ်လာသည်။ ကျုံပါးပါးကဖုန်းဆက်လာခြင်းဖြစ်သည်။
"ပါးပါးလား"
ကျုံချင်းယွီသည် စက္ကန့်ပိုင်းခန့်မျှ ဆွံ့အသွားခဲ့သည်။ ကျုံပါးပါးသည် ရှေုးရိုးစွဲရှိသူတစ်ဦးဖြစ်ပြီး ဖခင်တစ်ယောက်အနေဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို သားသမီးအားပြသလေ့မရှိသူတစ်ယောက်လည်းဖြစ်သည်။ ယခင်က သူသည် သူ၏အလုပ်ကိုသာ အာရုံစိုက်သူဖြစ်ပြီး အခုအခါ အငြိမ်းစားယူပြီးနောက် ကျုံမိသားစု ရေကန်ထဲရှိ လိပ်ကလေးများကိုသာ သူ၏သားသမီးများထက် ပိုဂရုစိုက်နေတတ်သည်။ သူ့ဘက်မှ စတင်ဆက်သွယ်သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။
ကျုံချင်းယွီသည် ဖုန်းမကိုင်ရဲသေးဘဲ ချီတုံချတုံဖြစ်နေသည်။
“ငါဒီနေ့ ပိုက်ဆံတွေ အများကြီးသုံးလိုက်လို့များ ဖုန်းဆက်တာလားမသိဘူး တစ်ဆယ်မီလီယံလောက်ပဲရှိသေးတာပါ၊ ဖုန်းဆက်ဖို့အထိတော့ မလိုပါဘူး"
ယန်ရှီက သူမကို တံတောင်ဖြင့်တွတ်လိုက်သည်။
"ဖြေလိုက်ပါ၊ ဘာလို့ဆက်တာလဲ အရင်မေးကြည့်ပါဦး"
ကျုံချင်းယွီသည် သူမ၏မျက်နှာတွင် ကပ်ထားသော Mask ကို ချွတ်လိုက်ပြီး ဗီဒီယိုဖြင့်ဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်သည်။ ကျုံပါးပါး၏မျက်နှာသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ သူသည် ဖန်သားပြင်ကို နီးကပ်စွာကြည့်ရင်း ပြောနေသည်။
"ဖြေဖို့အချိန်ယူတာလည်း ကြာလိုက်တာ၊ သမီးကို အိပ်ပျော်သွားပြီလို့တောင် ထင်နေတာ"
ကျုံချင်းယွီ၏ ပျားရည်ထက်ပင် ချိုမြိန်သည့်အသံက တစ်လုံးချင်းထွက်လာခဲ့သည်။
"ပါးပါးဖုန်းဆက်တာကို သမီးက မကိုင်စရာလား၊ အိပ်နေရင်တောင် ပါးပါးဖုန်းကို ကိုင်ဖို့အတွက် တန်းပြီးနိုးလာမှာ"
သမီးဆိုသည်မှာ ဖခင်တိုင်း၏ အသည်းကြော်လေးများဖြစ်ကြသည်။ ကျုံပါးပါးနှင့် ကျုံချင်းယွီ၏ မိခင်တို့၏လက်ထပ်မှုသည် စီးပွားရေးအရမဟာမိတ်ဖွဲ့မှုတစ်ခုသာဖြစ်သော်လည်း သူသည် သူမကို ပို၍ ချစ်သည်။ သူ၏ မိဘတစ်ဦးမှ သားသမီးအပေါ်ထားသောချစ်ခြင်းမေတ္တာအများစုကို သူမထံ၌သာ ပုံအပ်ထားခဲ့သည်။ ငယ်စဉ်ကလေးဘဝက သူမလိုချင်သည့်အရာမှန်သမျှ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် အစ်ကိုတစ်ယောက်လည်းဖြစ်ပြီး ယောက်ျားလေးလည်းဖြစ်သည့်အတွက် ကျုံယန်စီသည်ကား ကလေးထိန်းဆရာမများထံအပ်နှံခံခဲ့ရပြီး ချစ်ခြင်းမေတ္တာ ငတ်မွတ်စွာဖြင့် ကြီးပြင်းလာခဲ့ရသည်။
သူမ၏ ဖခင်က သူမငွေအလွန်အကျွံသုံးမိသည့်အတွက် ဆူနိုင်သည်ကို စိုးရိမ်မိပြီး ကျုံချင်းယွီက ဦးစွာပြောထားလိုက်သည်။
"ပါးပါး ဘာလို့ဖုန်းဆက်တာလဲဆိုတာ သမီးသိပါတယ်၊ သမီးက ဖျော်ဖြေပွဲလေးပဲသွားချင်တာပါ ပါးပါးရယ် အခုကလည်း H နိုင်ငံရောက်နေပြီးပဲကို ဘယ်မှမသွားဘူးဆိုရင်တော့ သိပ်မဟုတ်တော့ဘူးလေ၊ ပြီးတော့ အများကြီးလည်း သုံးတာမဟုတ်ပါဘူးတစ်ဆယ်မီလီယမ်လောက်ပဲရှိသေးတာပါ၊ သမီးတို့ကုမ္ပဏီက တစ်ရက်တည်းနဲ့ ဒီထက်ပိုရှာလို့ရပါတယ်"
ကျုံပါးပါးက သဘောကျစွာ ပြုံးရယ်လိုက်သည်။
"အေးအေးဆေးဆေးနေစမ်းပါ၊ ပါးကဆူဖို့ဖုန်းဆက်တာမဟုတ်ပါဘူး"
ကျုံချင်းယွီသည် သိသိသာသာပင် စိတ်သက်သာရာရသွားသည်။
တကယ်တမ်းတွင် တစ်ဆယ်မီလီယမ်မျှလောက်သော ပမာဏအတွက် သီးသန့်ဖုန်းဆက်စရာမလိုပါ။ နောက်ဆုံးအကြိမ် ကျုံပါးပါးသီးသန့်ဖုန်းဆက်ခဲ့သည်မှာ သူမကြီးကြပ်နေသော စီမံကိန်းတစ်ခုတွင် ဘီလီယံနှင့် ချီပြီး အရှုံးပေါ်ခဲ့စဉ်ကဖြစ်သည်။
သူမက အပျင်းကြောဆွဲရင်း မေးလိုက်သည်။
“ဆူဖို့မဟုတ်ရင် ဘာလို့ဖုန်းဆက်တာလဲ၊ သမီးတို့ မနေ့ကလေးတင် တွေ့ခဲ့တာကို"
H နိုင်ငံသို့ ရိုက်ကူးရေးအတွက်ရောက်ရှိခဲ့သည်မှာ နှစ်ရက်သာရှိသေးသည်။
ကျုံဖခင်မျက်လုံးများကို မှေးစင်းလိုက်ရင်း ပြောသည်။
"မင်းစီစဉ်တဲ့ ဖျော်ဖြေပွဲက အံ့သြစရာကောင်းလောက်အောင် ကောင်းခဲ့တယ်"
"ဟင်"
ကျုံချင်းယွီတစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။
"ဖန်းယွဲ့ပြောတာတော့ မင်းလုပ်တာ အရှုံးမပေါ်တဲ့အပြင် နောက်ထပ်အမြတ်တောင်ရသွားတယ်ဆို"
"ဘယ်လိုလုပ်လိုက်တာလဲ"
ယန်ရှီသည် အမြန်ရှင်းပြလိုက်ရသည်။
"ဒီဖျော်ဖြေပွဲအတွက် သမီးတို့က ပရော်ဖက်ရှင်နယ် ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး အင်တာနက်ဝက်ဘ်ဆိုက်ပေါ်မှာ သီးသန့်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုပ်ခဲ့တယ်၊ တိုက်ရိုက်ထုတ်လွှင့်မှု မူပိုင်ခွင့်ရောင်းချတဲ့ငွေတစ်ခုတည်းနဲ့တင် သုံးဆယ်မီလီယမ်လောက်ရသွားခဲ့တယ်လေ"
"နောက်ပြီး ကြော်ငြာနဲ့ ပရိတ်သတ်တွေရဲ့ အလှူငွေတွေပါထည့်တွက်ရင် စုစုပေါင်းဝင်ငွေက ဖျော်ဖြေပွဲကုန်ကျစရိတ်တွေကိုပြန်ကာရုံမကဘဲ နောက်ထပ်တစ်ဆယ်မီလီလောက်အမြတ်ရသွားခဲ့သေးတယ်"
ကျုံချင်းယွီသည် အံ့အားသင့်သွားခဲ့သည်။
"ငါတို့ တကယ်ကြီးအမြတ်ရသွားတာလား"
ကျုံပါးပါးသည် မျက်ခုံးတွန့်သည်အထိ အံဩသွားသည့်ဟန်ဖြင့် မေးလိုက်သည်။
"ခဏနေပါဦး ဒါက မင်းစီစဉ်ထားတာမဟုတ်ဘူးလား"
ကျုံချင်းယွီသည် ယန်ရှီရှိရာဘက် မျက်စပစ်ကာ လှမ်းကြည့်လိုက်သည်။ ဉာဏ်ကောင်းသော ယန်ရှီသည် ချက်ချင်းပင် သူမကို ဖုန်းစခရင်ရှေ့သို့ ဖြေးညင်းစွာတွန်းလိုက်သည်။
ကျုံချင်းယွီသည် ခါးဆန့်ကာထိုင်ချလိုက်ပြီး အားရပါးရ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တာပေါ့ သမီးမလုပ်လို့ ဘယ်သူရှိဦးမှာလဲ၊ သမီးက ဖန်းယွဲ့ကို ဘာလုပ်ဘာလုပ်ဆိုပြီး ခိုင်းရတာပေါ့၊ ဖျော်ဖြေပွဲကြည့်ရုံတင်မဟုတ်ဘဲ အမြတ်ထွက်မယ်ဆိုတာ ပါးပါးသမီးက သိပြီးသားပါ"
"အဲဒါမလို့ ပြောတာ ကျုံယန်စီလက်ထဲကို ကုမ္ပဏီအပ်ဖို့ မတွေးနဲ့တော့နော်၊ ပါးပါးသမီးက တစ်ညတည်းနဲ့ မီလီယမ်ဆယ်ချီကို အေးဆေးရှာနိုင်တယ်၊ သမီးက သူ့ထက် အမျာကြီးပိုတော်တယ်"
ကျုံပါးပါးသည် သူ့အနောက်ရှိ ဆိုဖာပေါ်တွင်လှဲနေသော ကျုံယန်စီဘက်လှည့်ကာ လှမ်းပြောလိုက်သည်။
"ကြားလား မင်းညီမလေးက ပြောနေတယ် သူက မင်းထက်ပိုတော်တယ်တဲ့"
ထိုအခါမှသာ ကျုံချင်းယွီသည် သူမ၏ဖခင်သည် စာကြည့်ခန်းထဲတွင်ရှိနေခြင်းဖြစ်ကြောင်း သတိထားမိသည်။ စာကြည့်ခန်းမီးအိမ်၏နွေးထွေးသောအလင်းရောင်သည် ရေပြာရောင်ညအိပ်ဝတ်စုံဝတ်ထားသည့် ကျုံယန်စီကို ထင်ဟပ်စေသည်။ သူသည် ဆိုဖာပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေပြီး သူ့ကိုခေါ်သောအခါ ပျင်းရိစွာငေးကြည့်ကာ သူ၏ အကြည့်များက လက်တော့ဖန်သားပြင်ရှိရာဘက်သို့ ရွေ့လျားသွားသည်။ ကျုံဖခင်သည် ဗီဒီယိုခေါ်ဆိုမှုအတွက် သူ၏ဖုန်းကိုမသုံးဘဲ ကွန်ပျူတာကိုသုံးနေခြင်းဖြစ်သည်။
ကျုံယန်စီသည် အောက်သို့ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင်အမည်ဖော်ရခတ်သည့် အပြုံးတစ်ပွင့်ပေါ်လာသည်။
"ဟုတ်တာပေါ့၊ သူကအမြဲတမ်း အံ့သြစရာကောင်းအောင်လုပ်နိုင်တယ်"
ကျုံချင်းယွီသည် ယန်ရှီ၏ အင်္ကျီလက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲကိုင်လိုက်သည်။
“ငါကြားတာမှန်ရဲ့လား၊ ကျုံယန်စီက တကယ်ပဲ ငါ့ကိုချီးကျူးတာလား"
ထို့နောက် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ သူအခုငါ့ကိုကြည့်နေတာမဟုတ်ဘူးထင်တယ်"
"စကားကို ကြည့်ကြပ်ပြောစမ်း"
ကျုံဖခင်က ဖန်သားပြင်မှတဆင့် သူမကို အော်ဆူလိုက်သည်။
"ယန်စီက မင်းအစ်ကိုပဲ၊ အနည်းဆုံးတော့လေးစားမှုရှိပါ"
ကျုံချင်းယွီက နှုတ်ခမ်းစူပြီး ဆောင့်ဆောင့်အောင့်အောင့်ပြောလိုက်သည်။
“ဘာလို့သမီးကိုပဲပြောနေတာလဲ ယန်ရှီလည်း သူ့ကို နာမည်အရင်းပဲခေါ်တာကို"
ယန်ရှီစိတ်ထဲမှ ငြင်းဆန်လိုက်မိသည်။
"မဟုတ်ပါဘူး ငါမခေါ်ဘူး၊ သူ့ရှေ့မှာတော့ ကျုံဥက္ကဋ္ဌလို့ပဲခေါ်ပါတာပါ"
"ဟုတ်လား"
ကျုံပါးပါးသည် ယန်ရှီ၏ တိကျသောအသုံးအနှုန်းကို မမှတ်မိပေ။ သူမနှင့်များများစားစားမဆက်ဆံဖူးခြင်းကြောင့်လည်းပါသည်။
“မဖြစ်သင့်ဘူး အမျိုးသမီးလေးတွေက လိမ္မာရေးခြားရှိသင့်တယ်"
သူသည် ယန်ရှီဘက်လှည့်ကာ ဆုံးမလိုက်သည်။
“မင်းကလည်း ချင်းယွီရဲ့သူငယ်ချင်းဆိုတော့ ယန်စီကို ကောလို့ပဲခေါ်သင့်တယ်၊ နားလည်တယ်မလား"
ကျုံယန်စီသည် ရုတ်တရက် စိတ်ဝင်စားမိသကဲ့သို့ဖြစ်သွားသည်။ စာအုပ်ကိုပိတ်ပြီး ဖန်သားပြင်နားကိုချဉ်းကပ်လာကာ နွေးထွေးသောအလင်းအောက်တွင် ပယင်းရောင်ကဲ့သို့ ကြည်လင်ဝင်းလဲ့သည့်မျက်လုံးများက တဖျတ်ဖျတ်တောက်ပလာခဲ့သည်။
"လုပ်"
သူပြောပြီး နှုတ်ခမ်းထောင့်များတွန့်သွားသည်။
"ကိုယ့်ကို ကောလို့ခေါ်"
ယန်ရှီက အံဩဟန်ဖြင့် မျက်တောင်တစ်ချက်ခပ်လိုက်မိသည်။
စဉ်းစားကြည့်လျှင် သည်ကိစ္စက ကျုံချင်းယွီနဲ့သာ သက်ဆိုင်သာည်မဟုတ်လော။
သူမတစ်ယောက်တည်း အဘယ့်ကြောင့်များ ရုတ်တရက်ဆိုသလို စကားဝိုင်းအတွက် အမြည်းဖြစ်သွားရသနည်း။
သို့သော်လည်း ကျုံပါးပါးနှင့် ကျုံယန်စီတို့နှစ်ဦးစလုံးက သူ့ကိုကြည့်နေသည့်အခါ အထူးသဖြင့် ကျုံယန်စီ၏ နူးညံ့သိမ်မွေ့လွန်းနေသည့် အကြည့်များကြောင့် သူမ၏နှလုံးသားလေးက အလိုက်သိစွာ ခုန်လာခဲ့တော့သည်။
သူမ၏ပါးပြင်နှစ်ဘက်လုံး နီမြန်းလာသည်။
အချိန်အတန်ကြာပြီးနောက် ယန်ရှီသည် နောက်ဆုံးတွင် ခေါင်းငုံ့ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကော"
"ကောင်းပြီ"
ကျုံယန်စီသည် နူးညံ့သောမျက်နှာအမူအရာဖြင့် ပြုံးလိုက်သည်။
ကျုံချင်းယွီကျန်နေသေးသည်။သို့သော် ယန်ရှီတစ်ယောက်လက်နက်ချအရှုံးပေးသွားပြီဆိုလျှင်တောင် သူမအနေဖြင့် ကျုံယန်စီကို ကောဟုခေါ်မည့်အစား အသေသာခံလိုက်မည်ဖြစ်ပါသည်။
ဖုန်းချပြီးသွားသော်လည်း သူမသည် မကျေနပ်သေးဘဲ ကလန်ကဆန်ပြောလိုက်သည်။
"အံမယ် သူက အသက်နည်းနည်းပိုကြီးတာနဲ့ပဲ ငါ့ကို အမိန့်ပေးချင်နေသေးတယ် ငါကလိုက်လုပ်စရာလား၊ စိတ်ကူးထဲတောင်မရှိဘူး"
သူမသည် ယန်ရှီ၏ပါးကို ညှစ်ပြီးဆွဲလိုက်သည်။
“နင်ဘာလို့ ကျုံယန်စီအနိုင်ကျင့်တာကို ခံလိုက်ရတာလဲ၊ သူကနင့်ကို ကော လို့ခေါ်ခိုင်းတာနဲ့ပဲ ခေါ်လိုက်ရလား"
ယန်ရှီနှုတ်ခမ်းကို စူပြီးပြန်ဖြေသည်။
“ငါမှာ ဘာများရွေးချယ်စရာရှိလို့လဲ"
ကျုံပါးပါးကလည်း သူမကိုကြည့်နေခဲ့သည်။ ထို့အပြင် ကျုံယန်စီ၏ ခွေးတစ်ကောင်ပင် အရည်ပျော်သွားရလောက်အောင် ပန်းနုရောင်မျက်လုံးများ၏ ဆွဲဆောင်မှုရှိသည့် အကြည့်များအောက်တွင် သူမမည်သို့ ငြင်းဆန်နိုင်မည်နည်း။
"ထားပါ"
ကျုံချင်းယွီက သူမကို လွှတ်ပေးလိုက်ပြီး ဘာမျှမဖြစ်သည့်ဟန်ဖြင် လက်ခါလိုက်သည်။
"နာမည်တစ်ခုပါပဲ ဘာမှမထူးသွားပါဘူး"
ယန်ရှီသည် ရှက်သွေးဖြာနေခဲ့သော သူမ၏ ပါးပြင်နှစ်ဘက်ကို ပွတ်သပ်လိုက်သည်။
သူမ အဘယ့်ကြောင့် ယခုလောက်ထိစိတ်လှုပ်ရှားနေရသနည်း။
ကောဟုခေါ်ရုံသာ မဟုတ်လော။
ဖျော်ဖြေပွဲအတွင်းမှာပင် သူမနဲ့ ကျုံချင်းယွီတို့ သူတို့ရဲ့အိုင်ဒေါများကို အစ်ကို၊ အစ်မဟု အကြိမ်ကြိမ်အော်ခေါ်နေခဲ့ပါလျက် ယခုတစ်ခေါက်မှ အဘယ့်ကြောင့်ထူးထူးဆန်းဆန်းခံစားနေရပါသနည်း။
ကျုံချင်းယွီသည် အတော်ကြာအော်ဟစ်ပြီးနောက် နောက်ဆုံးတွင် အဓိကအရာကိုသတိရသည်။
"ငါနင့်ကို ဒီညလုပ်မဲ့ဖျော်ဖြေပွဲအကြောင်း မေးဖို့ မေ့နေတာ၊ ချောင်ယန်ကပြောတယ် နင်ကသူ့ကို ဟန်ရှုဆီကို လက်မှတ်သွားထိုးခိုင်းဖို့ ပြောတယ်ဆို၊ ဟန်ရှုအဆိုကောင်းတာကို နင်ဘယ်လိုသိခဲ့တာလဲ"
ယန်ရှီသည် သူမ၏မျက်နှာကို ပွတ်သပ်နေသည်။ သူမ စကားမပြောမီ သူမ၏ဦးနှောက်ထဲရှိ System မှ အနီရောင် သတိပေးအလင်းတန်းများ လျှပ်တစ်ပြက်လင်းလတ်လာခဲ့သည်။
[သတိပေးချက်! သတိပေးချက်! Host ရေ ဝတ္ထုဇာတ်လမ်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အခြားသူကို ပြောပြခွင့်မရှိပါဘူး၊ တခြားအကြောင်းပြချက်တွေနဲ့ ဖုံးကွယ်ဖို့ လိုအပ်ပါတယ်]
ယန်ရှီက ချစ်စနိုးအသွင်ဖြင့် ကြည့်လိုက်ပြီး ပြောသည်။
“သူသီချင်းဆိုတာ တစ်ခါနားထောင်ဖူးတယ်လေ၊ အဲဒီတည်းက သူတကယ်ကောင်းတယ်လို့ သဘောကျသွားတာ"
"အို"
ကျုံချင်းယွီက ဘာမှမသံသယမရှိတော့ဘဲ ဆက်မေးသည်။
"ဒါဆို ဂီတပွဲအတွက်စီစဥ်ထားတာတွေကရော ဘယ်လို စီစဉ်ထားခဲ့နာလဲ"
"အဲဒါတွေကို ငါ စီမံကိန်းဌာနက ဖန်းယွဲ့ဆီက သင်ထားတာ၊ မကြာသေးဘူး ငါကပိုက်ဆံနည်းနည်းလောက်ပိုရအောင်လုပ်ချင်လို့ပါ"
"ဒါပေမဲ့ ငါတကယ်ကို ဒီလောက်များများ ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ယန်ရှီသည် အမှန်ကို ပြောနေခြင်းဖြစ်သည်။ သူမအနေဖြင့် အထူး ထုတ်လွှင့်မှုမူပိုင်ခွင့်များ ရောင်းချခြင်းဖြင့် ငွေအနည်းငယ် ရနိုင်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ဂီတပွဲကျင်းပသည့် ကုန်ကျစရိတ်ကို ကာမိရန် ရည်ရွယ်ခဲ့ခြင်းသာဖြစ်သည်။ ကြော်ငြာများနှင့် ပရိသတ်များမှ ချီးမြင့်သောဆုများကြောင့် ဤမျှများပြားစွာ ရသွားလိမ့်မည်ကို သူမ မမျှော်လင့်ထားခဲ့ပေ။
ကျုံချင်းယွီက တစ်ခုခုကို စဉ်းစားနေပုံရသည်။
"ငါ့ပါးပါးက လုပ်တာကိုင်တာ တကယ်ကောင်းတာပဲ၊ ဟိုးအရင်ငါးနှစ်တုန်းက နင့်ကို အရည်အချင်းရှိတယ်ဆိုတာ သိပြီး သူ့ကုမ္ပဏီထဲ ဝင်စေချင်ခဲ့တာ၊ ကံကောင်းလို့ ငါက နင့်ကို အရင်ရသွားတာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ယန်ရှီက ရယ်မောလိုက်သည်။
"ငါက နင့်အပိုင်ပါ"
ကျုံချင်းယွီက ပျော်ရွှင်စွာဖြင့် ယန်ရှီ၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။
"နင့်ကို ပရိုဂျူဆာအနေနဲ့ပဲ ထားတာက နင့်အတွက် နစ်နာနေသလားလို့"
ယန်ရှီက မသဲမကွဲသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"နင်ဘာလုပ်ဖို့ စဉ်းစားနေပြန်ပြီလဲ"
ကျုံချင်းယွီက ပြုံးလိုက်သည်။
"နင်က ပိုက်ဆံရှာတဲ့ နေရာမှာအရမ်းတော်တယ်၊ ငါ နင့်ကို Starlight အနုပညာကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ ခန့်မယ်"
ယန်ရှီ: ???
ယန်ရှီ၏မျက်လုံးများ မယုံကြည်နိုင်သည့်ဟန်ဖြင့် ပြူးကျယ်သွားသည်။
"နင်တကယ်ပြောနေတာလား"
"ဟုတ်တယ်"
ကျုံချင်းယွီက ပခုံးလှုပ်ပြလိုက်သည်။
"ဥက္ကဋ္ဌက ငါ့အဒေါ်လေ၊ ဒါပေမဲ့ သူက နာမည်ခံပဲရှိပြီး စီးပွားရေးကို ဂရုမစိုက်ဘူး အများစုကို ယူရှောင်က စီမံကွပ်ကဲရတာ၊ အခုကစပြီး နင်က Starlight ကို ဦးဆောင်ပြီး ငါ့ကို ပိုပြီးဝင်ငွေရအောင် ကူညီပေး၊ ဒီနှစ် နှစ်ကုန်လောက်ကျရင် Starlight ရဲ့ အကြွေးတွေကျေသွားအောင် ကြိုးစားကြမယ်၊ ဒါမှ ကျုံယန်စီက ငါ့ကို ထပ်ပြီးမလှောင်ရဲတော့မှာ"
ယန်ရှီ: “....”
"ငါ… ငါက အမြဲတမ်းဝန်ထမ်းတောင်မဖြစ်သေးဘူးလေ၊ အခုမှအလုပ်သင်ပဲရှိသေးတယ် အလုပ်သင်ကို ဒုတိယဥက္ကဋ္ဌခန့်တာက သင့်တော်မယ်ထင်နေတာလား"
ကျုံချင်းယွီက လက်ယမ်းပြလိုက်သည်။
"ဘာမှမဖြစ်ဘူး ငါပြောလိုက်တာနဲ့ ရပြီ"
ကျုံချင်းယွီသည် စိတ်မြန်လက်မြန်လုပ်တတ်သည့် လူစားမျိုးဖြစ် သည်။ မိနစ်ပိုင်းအတွင်း ရာထူးအသစ်ခန့်အပ်လွှာတစ်ခုကို ယန်ရှီ၏ အီးမေးလ်ထဲသို့ ပို့လိုက်သည်။
ယန်ရှီက သူမ၏ဦးခေါင်းကို ကုတ်လိုက်သည်။
ဤသည်မှာ ချမ်းသာသောအမျိုးသမီးတစ်ဦးနှင့်တွဲပြီး ပြန်ရရှိလာ သောခံစားချက်ပင်လော။
အရမ်းမိုက်သည်ဟုသာဆိုရပေမည်။
တည်းခိုခန်း၏ မီးဖိုချောင်ထဲတွင် ဖုန်းက Group မက်ဆေ့များကြောင့် ဆက်တိုက်မြည်နေသည်။ ချူမိုက ပျင်းရိစွာဖြင့် ဖုန်းကို ကောက်ယူလိုက်ပြီး မက်ဆေ့ ၉၉ စောင်ကျော်ကို မြင်လိုက်ရလိုက်သည်။
[ချူမို လင်းမိသားစုကုမ္ပဏီရဲ့ စတော့ဈေးကွက်တန်ဖိုးက ထိုးကျသွားပြီ၊ ကုမ္ပဏီက ဆက်ပြီးလည်ပတ်နိုင်ဦးမလားဆိုတာ ဘယ်သူမှမသိဘူး၊ မင်းက လင်းမိသားစုဝင်နဲ့ လက်ထပ်ဖို့ ဆက်ပြီးစဉ်းစားနေတုန်းလား]
[တကယ်တော့ ငါထင်တာက ယန်ရှီကို ရွေးချယ်တာလည်း မဆိုးဘူးလို့ပြောရမယ်၊ နင်တို့ရှိုးပွဲအစီအစဉ်ကို ငါကြည့်ခဲ့တယ် မိန်းကလေးကျုံက သူ့ကိုဆို အရမ်းချစ်တာ၊ နင်သာ သူနဲ့တွဲလိုက်ရင် ကျုံစီးပွားရေးလုပ်ငန်းစုရဲ့ထောက်ခံမှုတောင် ရနိုင်လိမ့်မယ်]
[ယန်ရှီက သခင်လေးချူမိုကို အရင်ကတည်းက သဘောကျနေတာ မွေးစားသမီးနဲ့ သမီးအရင်းကြားက ပြဿနာမျိုးသာ မဖြစ်ခဲ့ဘူးဆိုရင် သူက သခင်လေးကို အဆုံးရှုံးခံမှာ မဟုတ်ဘူး]
[ချူမို မင်းစမ်းကြည့်လိုက်ပါလား ကောင်မလေးက တကယ်လှတယ် နော်၊ ငါးမရရေချိုးပြန်ပေါ့ကွာ]
ချူမိုက ဖုန်းစခရင်ကို စိုက်ကြည့်နေပြီး သူ၏လက်ချောင်းများက စားပွဲရှည်ကြီးကို စည်းချက်ညီစွာ ခေါက်နေသည်။ သူက မီးဖိုချောင်ထဲရှိ နံရံကပ်နာရီကို ကြည့်လိုက်သည်။ ဆယ့်တစ်နာရီထိုးရန် စက္ကန့်ပိုင်းသာ လိုတော့သည်။
"ငါး လေး သုံး နှစ် တစ်"
စိတ်ထဲတွင် နောက်ဆုံးစက္ကန့်ရေတွက်ပြီးသောအခါ မီးဖိုချောင်တံခါးက ပွင့်လာပြီး နွားနို့ခွက်ကိုင်ထားသော ကောင်မလေးတစ်ယောက် ဝင်လာသည်။
ချူမိုကို မြင်လိုက်ရသည်နှင့် သူမ ရုတ်တရက် ရပ်တန့်သွားသည်။
သို့သော် ချူမိုမှ ပြုံးရင်းဖြင့် စကားစပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာနော်"
ယန်ရှီသည် ချူမိုကို မြင်လိုက်သည်နှင့် သူမ၏ တစ်နေ့တာလုံး စိတ်ကောင်းဝင်နေမှုအားလုံး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ချူမိုနှင့် စကားမပြောလိုပါ။ ထို့ကြောင့်ပင် နွားနို့ကို အပူပေးပြီး သူမ၏အခန်းထဲသို့ ပြန်သွားရန် စဉ်းစားနေသည်။
"ရှီရှီ"
ချူမို၏အသံက ယန်ရှီ၏ အနောက်မှ ထွက်ပေါ်လာသည်။
"မင်းက လုပေယွီကို ဒီညလုပ်မဲ့ ဖျော်ဖြေပွဲကို ဖိတ်ထားတယ်ဆို ငါ့ကိုကျတော့ ဘာလို့မဖိတ်တာလဲ"
ယန်ရှီက လျှပ်စစ်မီးဖိုရှေ့တွင် ရပ်နေရင်း ပြန်ပြောလိုက်သည်။
"ငါတို့က သိပ်ပြီးမရင်းနှီးဘူးလေ"
ချူမိုသည် ယန်ရှီ၏ အနီးသို့ ချဉ်းကပ်လာသည်။ ယန်ရှီသည် သူမ၏ အထက်မှ အသံထွက်ပေါ်လာသည်ကို ခံစားမိရာ သူမနှင့်အလွန်နီးကပ်စွာရပ်နေကြောင်း သတိပြုမိသည်။
"ငါတို့ အရင်တုန်းက လက်ထပ်ဖို့ စေ့စပ်ခဲ့ဖူးတယ်လေ၊ ဘာကိုမရင်းနှီးတာလဲ"
ယန်ရှီသည် နောက်သို့လှည့်လိုက်ပြီး ချူမိုနှင့်အကွာအဝေးတစ်ခုခြား နေစေရန် ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူမသည် မျက်ခုံးကိုပင့်ပြီး အထင်သေးသောအပြုံးဖြင့် ပြောလိုက်သည်။
"ချူမို၊ ငါက လင်းမိသားစုရဲ့ မွေးစားသမီးဖြစ်နေတယ်ဆိုတာ သိသွားတုန်းက ချက်ချင်းကြီး ငါ့အိမ်ကိုလာပြီး စေ့စပ်ပွဲကို ဖျက်ခဲ့တာလေ၊ အဲဒီတုန်းကတော့ ငါတို့ စေ့စပ်ထားတာကို ဘာလို့မေ့နေခဲ့တာလဲ၊ အခုကရော ဘာလုပ်ဖို့လဲ၊ ဘာလဲ လင်းမိသားစုမှာ အခက်အခဲတွေဖြစ်နေပြီဆိုတော့မှ စေ့စပ်ပွဲကို ထပ်ပြီးဖျတ်ဖို့ အစီအစဉ်ဆွဲနေတာလား"
"မဆိုင်လိုက်တာ"
ချူမိုက တည်ငြိမ်စွာဖြင့် ပြန်ချေပသည်။
“လင်းမိသားစု ဘာမှမဖြစ်ခဲ့ရင်တောင် ငါက မင်းကိုပိုပြီးကြိုက်တာ၊ ငါငယ်ငယ်လေးတည်းက မင်းကို ငါ့အနာဂတ်ဇနီးလောင်းလေးဆိုပြီး စိတ်ကူးယဉ်ခဲ့တာ"
လင်းမိသားစုနှင့် ချူမိသားစုသည် အချိန်ကြာမြင့်စွာ လက်ထပ်ပွဲအတွက် မဟာမိတ်ဖွဲ့ထားခဲ့သည်။ ယန်ရှီအသက် ၁၀ နှစ်ကတည်းက သူမတွင် လက်ထပ်ရမည့်သူရှိကြောင်းသိခဲ့ရသည်။ ထိုအချိန်တွင် ချူမိုမှာ အသက် ၁၄ နှစ်သာရှိသေးသည်။
ယန်ရှီတစ်ယောက် မျက်မှောင်ကြုတ်မိသွားသည်။ အသက် ၁၀ နှစ်ကလေးက အချစ်အကြောင်းဘာမျာ သိနိုင်ဦးမည်နည်း။ သူမသည် ချူမိုကို အစ်ကိုတစ်ယောက်သဖွယ်သာမြင်ခဲ့သည်။ ချူမိသားစုက စေ့စပ်ပွဲကို ဖျက်လိုက်သည့်အခါတွင်လည်း ယန်ရှီမှာ ဝမ်းနည်းစရာမရှိခဲ့ပါ။
သို့သော် ယခုအခါတွင်တော့ သူမသည် ချူမိုကို ရွံစရာကောင်းသည်ဟုသာမြင်မိသည်။
ချူမိုစကားစမပြောမီ မီးဖိုချောင်ထဲမှ ခွက်ကျကွဲသံတစ်ချက်ကြားလိုက်ရသည်။ ယန်ရှီနှင့် ချူမိုနှစ်ဦးစလုံး ခေါင်းလှည့်ကြည့်လိုက်သည်။ လင်းရန်ရန်သည်လည်း မီးဖိုချောင်ထဲတွင်ရပ်နေပြီး သူမ၏ လက်ထဲမှခွက်သည် ကြမ်းပြင်ပေါ်သို့ကျကွဲသွားခဲ့ခြင်းဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ဖန်ကွဲစများက ပြန့်ကြဲနေသည်။
သူမသည် ရှေ့သို့ပြေးလာပြီး ချူမို၏ လက်ကိုဆွဲကိုင်ကာ ယန်ရှီ၏ အဝေးသို့ ဆွဲခေါ်သွားသည်။ သူမ၏ဖခင်က စိတ်လိုက်မာန်ပါမလုပ်ရန်တားမြစ်ထားသော်လည်း ယန်ရှီကိုမြင်သည့်အခါတွင် လင်းရန်ရန်သည် သူမ၏ စိတ်ကိုမထိန်းနိုင်ခဲ့ပေ။ သူမ၏မျက်လုံးများတွင် မုန်းတီးမှုများနှင့် ကြောက်ရွံ့မှုများပြည့်နှက်နေသည်။
"ယန်ရှီ နင့်ကြောင့်သာမဟုတ်ရင် လင်းမိသားစုဒီလိုအခြေအနေမျိုးထိဖြစ်မှာမဟုတ်ဘူး နင်က ဘာကို အရမ်းတွေဂုဏ်ယူပြနေတာလဲ၊ အခုလည်း ချူမိုကိုဖြားယောင်းပြီး ဘာလုပ်ချင်တာလဲ နင့်ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ"
ယန်ရှီတစ်ယောက်အံ့ဩလွန်း၍ မျက်မှောင်ကြုတ်လိုက်မိသည်။
သူမသည် လင်းရန်ရန်၏စကားမှ အဓိကအချက်ကို နားလည်သဘောပေါက်သွားပြီး သူမ၏ စိတ်ထဲရှိ System အား မေးမြန်းလိုက်သည်။
"System လင်းမိသားစုကို ကျုံယန်စီ ဘာလုပ်ခဲ့သေးလဲ"
[ကြည့်လိုက်ဦးမယ်]
Systemသည် အရာအားလုံးမတတ်နိုင်သော်လည်း ဤကဲ့သို့သော အချက်အလတ်အသေးစိတ်များကိုရှာဖွေရန်မှာ အလွန်လွယ်ကူသည်။
[ဟုတ်တယ်၊ ဒါပေမဲ့ ကျုံစီးပွားရေးလုပ်ငန်းစုက ဒီသတင်းကိုဖုံးဖိထားတယ်၊ ဘယ်သူမှအမှန်အတိုင်း သိပ်မသိကြဘူး]
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
ယန်ရှီသည် တကယ်တမ်းတွင် ထိုကဲ့သို့သာ တွေးထားခဲ့ဖူးသည်။ ဤကဲ့သို့လုပ်နိုင်သူများများစွာမရှိပါ။ သူမမျှော်လင့်မထားသည်မှာ ကျုံယန်စီက သူမကိုကူညီမည်ဆိုသည်ကိုသာဖြစ်သည်။
လင်းရန်ရန်သည် ယန်ရှီကိုအငြိုးထားစွာကြည့်နေသော်လည်း ချူမိုမှာ သူမ သူ့ကိုဆုပ်ကိုင်ထားသည်မလိုလားသကဲ့သို့ သူမအနားတွင်ရှိနေသည်ကိုလည်း မလိုလားပေ။ ချူမိုက လင်းရန်ရန်ထံမှ သူလက်ကို အတင်းရုန်းထွက်လိုက်သည်။
"အစ်ကိုချူမို ဒီမိန်းမကိုမယုံပါနဲ့၊ သူက မထုံတတ်ထေးနဲ့ အစ်ကို့ကိုတမင်သက်သက်မြှူဆွယ်နေတာ"
ချူမို၏မျက်လုံးထောင့်တွင် အရောင်တဖျပ်ဖျပ်လတ်သွားသည်။
သူ့ကို မြှူဆွယ်ပါက သူ့အတွက်ဝမ်းသာစရာပင်မဟုတ်ပေလော။
"ဘာကိုမြှူဆွယ်တာလဲ၊ သန့်စင်ခန်းထဲက မှန်မှာသူ့ကိုယ်သူသွားကြည့်ခိုင်းလိုက်ပါဦး ငါတို့ရှီရှီက သူ့ကိုမြှူဆွယ်စရာလား"
ကျုံချင်းယွီသည် ယန်ရှီတစ်ယောက် အချိန်ကြာမြင့်စွာပြန်မလာသည်ကို သတိထားမိပြီး သူမကိုရှာရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူမသည် သူတို့သုံးဦးပဋိပက္ခဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
သူမက ချက်ချင်းပင် ရှေ့သို့တိုးလာပြီး ယန်ရှီကိုကာကွယ်ပေးလိုက်သည်။
"ကိုယ့်အဆင့်ကိုမသိကြပါလား၊ ရုပ်ကြည့်တော့ အမှိုက်ပုံထဲက ကောက်ရထားတဲ့ရုပ်နဲ့၊ Kappa ကောင်နဲ့တောင် ခပ်ဆင်ဆင်၊ နင်တစ်ယောက်ထဲကပဲ နင့်အကောင်ကို အလေးထားနေတာ၊ ဘယ်သူကမှ အဖက်မလုပ်ဘူး"
(Kappa =ဂျပန်ရိုးရာပုံပြင်များထဲမှာ အရုပ်ဆိုးအကျည်းတန်ပြိး ပိန်လှီရှုံ့တွနေသည့် တိရစ္ဆာန်)
ကျုံချင်းယွီသည် လူကိုဆဲရာတွင် အလွန်ကျွမ်းကျင်သည်။ ညစ်ပတ်သောစကားလုံးများမသုံးဘဲ လူတစ်ဦးကို ခေါင်းမှခြေဖျားထိ စော်ကားနိုင်သည်။
ယန်ရှီသည် ချူမို၏ မျက်နှာပျက်သွားသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ လင်းရန်ရန်၏မျက်နှာလည်းထိုနည်းလည်းကောင်းပင်။ ချူမိုသည် သူ၏လက်သီးကို ခပ်တင်းတင်းဆုပ်ထားသည်။ ကျုံချင်းယွီသည် အလွန်လှပပြီး ချမ်းသာကြွယ်ဝသည့် ကျုံမိသားစုမှ လူတစ်ယောက်ဟူသော နောက်ခံများသာမရှိပါက သူ့အနေဖြင့် လက်သီးဖြင့် ပစ်ထိုးပြီးနေပြီဖြစ်သည်။
သို့သော် လင်းရန်ရန်မှာ မကျေနပ်နိုင်သေးပေ။
"သူက ချူမိုကို မြှူဆွယ်တာမဟုတ်ဘူးဆိုရင် ဘာလို့အောက်ထပ်ကိုဆင်းလာတာလဲ၊ ပြီးတော့ သူ့သဘောနဲ့သူ ချူမိုနဲ့ နှစ်ယောက်တည်းလည်း စကားပြောနေတာ"
ကျုံချင်းယွီက လက်ပိုက်လိုက်ပြီး ချက်ချင်ပြန်တုံ့ပြန်လိုက်သည်။
"ဟာသပဲ၊ ဒီမီးဖိုချောင်က နင်တို့မိသားစုပိုင်တာလား သူတောင်လာလို့ရတာကို ငါတို့က လာလို့မရဘူးလား၊ ငါတို့ရှီရှီမှာ သူကြိုက်တဲ့သူရှိပြီးသား ချူမိုထက်ပိုတော်ပြီး ပိုချမ်းသာတဲ့သူ၊ နင့်ရဲ့မှင်စာလေးကို ဘယ်သူကမှမလိုချင်ဘူး၊ မြင်ရတာတောင် အန်ချင်တယ် နင့်အကောင်ကို မြန်မြန်ဆွဲခေါ်သွားပါတော့"
လင်းရန်ရန်၏မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။
ကျုံချင်းယွီ၏ စကားက သူမအား ကျုံယန်စီကိုအလိုလိုသတိရသွားမိစေသည်။ ယခင်က သူမထင်ခဲ့သည်မှာ ကျုံချင်းယွီက ကျုံယန်စီကို လင်းမိသားစုကိုဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟုဖြစ်သည်။ ယခုတော့ ယန်ရှီဖြစ်နိုင်သည် မဟုတ်လား။
ယန်ရှီ အဘယ့်ကြောင့် ကံအလွန်ကောင်းခဲ့သနည်း။ လင်းမိသားစုမှထွက်ပြီး ကျုံချင်းယွီနှင့်ရင်းနှီးလာကာ ကျုံယန်စီနှင့်ပါ ချိတ်ဆက်မိသွားခဲ့သည်။
ချူမိုသည်လည်း ကျုံယန်စီအကြောင်းကိုမတွေးဘဲမနေနိုင်ခဲ့ပေ။
အမှန်တကယ်တမ်းတွင် သူသည် ကိုယ့်ကိုယ်ကို အတော်လေးစိတ် ကြီးဝင်နေသူဖြစ်သည်။ သူ့ထက်ပို၍ ချောမောလှပသူ၊ သူ့ထက်ပို၍ ချမ်းသာသူများရှိသည်ဟု သိထားသော်လည်း နှစ်ချက်လုံးပြည့်စုံသူမှာ အလွန်ပင်နည်းပါးလှသည်။ ကျုံယန်စီမှာ ထိုလူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ လင်းမိသားစု၏ ယခုကဲ့သို့ဖြစ်သွားစေရန် ကျုံယန်စီကလုပ်ခဲ့ခြင်းပေလား။
အားလုံးအဓိပ္ပါယ်ရှိလာသည်။
ချူမိုသည် ကျုံယန်စီကို အနည်းငယ်ကြောက်ရွံ့သည်။ လင်းမိသားစုကဲ့သို့အဆုံးသတ်မခံလိုပါ။
မကျေနပ်သော်လည်း သူသည် လင်းရန်ရန်၏လက်ကိုကိုင်ပြီး မီးဖိုချောင်မှထွက်ခွာသွားသည်။
သူတို့ထွက်သွားပြီးနောက် ကျုံချင်းယွီသည် လှည့်ပြီး ယန်ရှီကိုစိုးရိမ်စွာကြည့်လိုက်သည်။
"အဆင်ပြေရဲ့လား၊ သူတို့နှစ်ယောက်ကနင့်ကိုနှောင့်ယှက်ခဲ့တာလား"
ယန်ရှီက ပြုံးပြလိုက်သည်။
"မနှောင့်ယှက်ပါဘူး"
ကျုံချင်းယွီသည် အလွန်လျင်မြန်စွာရောက်ရှိလာသဖြင့် သူမအနေဖြင့် ဝင်ရောက်ပြောဆိုရန်အခွင့်အရေးမရှိခဲ့ပေ။
ထို့အပြင် ယန်ရှီသိထားသည်မှာ လင်းရန်ရန်သည် အလုပ်ထက် အပြောကြီးသူဖြစ်ပြီး သူစဉ်းစားနိုင်သော အဆိုးရွားဆုံးလက်စားချေနည်းမှာ သူမကို ချွေးမအတုလုပ်ခဲ့သည်ဆိုသည့် ကောလာဟလကို ဖော်ထုတ်ခြင်းသာဖြစ်မည်။ ချူမိုမှာ သူမအတွက် အနည်းငယ်ခေါင်းစားစေသော်လည်း သူတို့သည် တည်းခိုခန်းထဲတွင်ရှိနေသေးသည်။ ယန်ရှီအနေဖြင့် သူတစ်ခုခုလုပ်ရဲမည်ဟု မထင်ပါ။
ယန်ရှီမှာ တစ်စုံတစ်ခုကို အမှတ်ရမိပြီး စပ်စုချင်လာမိသည်။
"ဒါနဲ့ ငါ့မှာ သဘောကျတဲ့သူရှိခဲ့တာ ဘယ်တုန်းကလဲ၊ ငါကိုယ်တိုင်တောင် မသိခဲ့ပါလား"
ကျုံချင်းယွီက သူမ၏ ခေါင်းကို အသာအယာပုတ်လိုက်သည်။
"နင်ထွက်သွားတာ မကြာသေးဘဲနဲ့ သူ့ကိုမေ့သွားပြီလား ရှန့်ရှင်းဟယ်လေ၊ သူက ချူမိုလောက် မချမ်းသာပေမဲ့ ငါကတော့ သူ့ကို အထင်ကြီးတယ်၊ နောင်တစ်ချိန် ရုပ်ရှင်လောကမှာ ဘရင်တစ်ဆူလိုဖြစ်လာရင် ပိုက်ဆံရှာတာက သူ့အတွက်က အလွယ်လေးပဲ"
ယန်ရှီ တစ်ယောက်အနည်းငယ် ဆွံ့အမိသွားသည်။
"မဟုတ်ပါဘူး၊ ငါက သူ့ကို ပရိတ်သတ်တစ်ယောက်ရဲ့ သဘောကျမှုမျိုးနဲ့ သဘောကျတာပါ၊ ဟန်ရှူနဲ့ စီယဲ့ကို သဘာကျသလိုမျိုး သဘောကျရုံပါ"
ကျုံချင်းယွီလည်း အံ့အားသင့်သွားသည်။
"နင်ကြိုက်တဲ့သူက သူမဟုတ်ဘူးလား"
ထိုအချိန်တွင် ယန်ရှီ၏ ဖုန်းက အသံမြည်လာခဲ့သည်။ ချောင်ချောင်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်။
"ခဏစောင့်ဦး ငါ့အခန်းဖော်က ဖုန်းလာလို့ ဖြေလိုက်ဦးမယ်"
ယန်ရှီက ကျုံချင်းယွီနှင့် ခပ်ဝေးဝေးသို့သွားကာ ဖုန်းဖြေလိုက်သည်။
ကျုံချင်းယွီက စိတ်ရှုပ်စွာဖြင့် ခြေတစ်ချက် ဆောင့်လိုက်သည်။
"ဘာလို့ ရှီရှီက ရှန့်ရှင်းဟယ်ကို မကြိုက်တာလဲ၊ သူ့အသည်းကွဲထားတာကို မကုစားနိုင်သေးဘူးလား"
အခြားတစ်ဖက်တွင် ယန်ရှီက သူမ၏ဖုန်းနှင့်အတူ မီးဖိုချောင်ရှိ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ ဖုန်းထဲမှ ချောင်ချောင်၏ အလွန်တက်ကြွသောအသံထွက်လာသည်။
“ရှီရှီ နင့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးသွားပြီလား၊ နင့်ဖျော်ဖြေပွဲကို ငါကြည့်ခဲ့သေးတယ် အရမ်းကောင်းတာပဲ စီယဲ့ကောကောက အရမ်းချစ်စရာကောင်းတာပဲ၊ ငါ့ကို သူ့ရဲ့လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံတစ်ပုံလောက် တောင်းပေးပါလား၊ ကျေးဇူးပြုပြီး ကူညီပါနော်"
ယန်ရှီက နှာခေါင်းကို လက်ဖြင့်ညှစ်ကာ အကူအညီမဲ့စွာပြောလိုက်သည်၊
"မနေ့ကမှ နင်ပဲ ရှန့်ရှင်းဟယ်ကိုသဘောကျတယ်လို့ပြောပြီး သူ့ရဲ့လက်မှတ်ပါတဲ့ဓာတ်ပုံတစ်ပုံ ရအောင်လုပ်ပေးဖို့ တောင်းခဲ့တာလေ၊ အခုကျ မကြိုက်တော့ပြန်ဘူးလား"
ချောင်ချောင်က နည်းလမ်းတကျ ပြန်ပြောသည်။
“သဘောကျတဲ့သူများတာ ဘာဖြစ်လို့လဲ၊ ချင်မင်းဆက်ခေတ်က ကျန်ခဲ့ပါပြီ နင့်ကိုယ်နင် ကန့်သတ်ချုပ်ချယ်မထားနေနဲ့ ပြီးတော့ ငါကလည်း ရွပိုးထိုးနေတာမဟုတ်ပါဘူး၊ ငါ့ရဲ့အချစ်တွေကို ယောက်ျားတွေအများကြီးကို မျှဝေပေးချင်တာပါ"
ယန်ရှီရယ်မောလိုက်သည်။
“ငါမထွက်သွားခင် စီယဲ့ဆီက တောင်းထားလိုက်ပါမယ်၊ အချိန်ကျရင် နင့်ဆီကို ကားကြုံနဲ့ ပို့ပေးလိုက်မယ် ဟုတ်ပြီလား"
"ချစ်တယ် နင်က ငါ့အတွက် အကောင်းဆုံးသူငယ်ချင်းလေးပါပဲ"
ကျုံချင်းယွီသည် ယန်ရှီနှင့် မဝေးလှသည့် နေရာတွင်ရှိနေသည်။
သူမသည် ယန်ရှီ၏ ဖုန်းဖြင့် ပြောနေသောစကားများကို မကြားနိုင်ပါ။ ယန်ရှီ၏ အကူအညီမဲ့စွာ ပြုံးနေသော မျက်နှာနှင့် အားပါပြီး အောက်လိုက်ဟန်တို့ကိုသာ မြင်နေရသည်။
ဒီဖုန်းခေါ်ဆိုမှုက သူမ၏ အခန်းဖော်ထံက ဆိုသည်ကိုသာ သူမကြားလိုက်ရသည်။
ရေတစ်ခွက်လုံး မျက်နှာပေါ်သို့ လောင်းချခဲ့သည့် အခန်းဖော်လား။
ထို့ကြောင့်ပင် ယန်ရှီရဲ့ ပြုံးနေသော မျက်နှာက ယခုကဲ့သို့ ညှိုးငယ်နေခြင်းသာဖြစ်ပေလိမ့်မည်။ သူမသည် ထိုယောက်ျားကို မမေ့နိုင်သေးပဲ အခန်းဖော်နှင့် စကားပြောရာတွင် အတင်းပြုံးနေခြင်းသာ ဖြစ်ပေမည်။
ကျုံချင်းယွီသည် အလွန်ဒေါသထွက်နေသည်။
ယခင်က လေယာဉ်ပေါ်ရှိ လေယာဉ်မောင်များသည် အလွန်အသုံးမဝင်ခဲ့ပေ။
ရှန့်ရှင်းဟယ်သည်လည်း အသုံးမဝင်ပါ။
လှပခြင်းနှင့် သရုပ်ဆောင်မှုကျွမ်းကျင်ခြင်းက ဘာအကျိုးရှိသနည်း။ သူသည် ယန်ရှီ၏နှလုံးသားကို မဖမ်းစားနိုင်သေးပါ။ ယခုထိတိုင် ယန်ရှီသည် သူမအခန်းဖော်၏ မသန့်ရှင်းသောယောက်ျားကိုသာ စွဲလမ်းနေဆဲဖြစ်သည်။
ကျုံချင်းယွီ စဉ်းစားလေလေ မပျော်ရွှင်ဖြစ်လေလေဖြစ်လာခဲ့သည်။ သူမသည် ဖုန်းကို ရုတ်တရက်ထုတ်လိုက်သည်။
သူမတွင် ရှန့်ရှင်းဟယ်၏ ဆက်သွယ်ရန်ဖုန်းနံပါတ်မရှိသော်လည်း ရှင်းယောင်တွင် ဝန်ထမ်းအားလုံးပါဝင်သော စကားပြော Group တစ်ခုရှိသည်။
ကျုံချင်းယွီသည် Group ထဲတွင် ရှန့်ရှင်းဟယ်ကို ထင်သာမြင်သာဖြစ်စေရန် @ ဖြင့် မန်းရှင်းခေါ်ကာ စာရေးလိုက်သည်။
[ရှန့်ရှင်းဟယ် မင်းက နည်းနည်းလေးမှ အသုံးမကျဘူး ]
ဤသည်မှာ ရှင်းယောင်ကုမ္ပဏီ၏ စကားပြောGroup ဖြစ်သည်။လူတိုင်းက ဤမက်ဆေ့ကို မြင်နေကြသည်။
ရှင်းယောင်အနီးတွင် အရက်သောက်နေသော ချောင်ယန်သည် ဤမက်ဆော့ကိုမြင်သောအခါ သူမ၏ပါးစပ်ထဲမှ ကော့တေးကို ထွေးထုတ်လိုက်ပြီး ဝူလျောင်မျက်နှာပေါ်သို့ စင်သွားသည်။
"မိန်းကလေးကျုံနဲ့ ရှန့်ရှင်းဟယ်ကြားမှာ ပြဿနာတစ်ခုခုရှိနေတာလား"
ဝူလျောင်က ကျိန်ဆဲလိုက်ပြီး သူ၏မျက်နှာမှ ပေနေသော အရက်များကိုသုတ်ကာ Group ထဲရှိ မက်ဆေ့ကိုလည်း ကြည့်လိုက်သည်။
"သေစမ်း ဒါက ငါထင်ထားသလို ဖြစ်နေမလား မသိဘူး"
ချောင်ယန်က ပြန်ပြောသည်။
"သေချာတာပေါ့ မဟုတ်ရင် မိန်းကလေးကျုံက ဒုတိယသခင်လေး ပေနဲ့ စေ့စပ်ပွဲကို ဘာလို့ဖျက်သိမ်းလိုက်မှာလဲ စဉ်းစားကြည့်၊သူက The Bottom Line ကို အရင်ရင်းနှီးမြှုပ်နှံခဲ့တယ်၊ ပြီးမှ စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့တယ် ဒါတွေက တစ်ခုခုတော့ဆက်စပ်နေမှာပဲ"
ဝူလျောင်က ယခင်က ဤကိစ္စကို အလေးထားစရာမဟုတ်ဟုထင်ခဲ့သော်လည်း ဤစကားကိုကြားပြီးနောက် ၎င်းတို့ မသိသေးသည့်အရာတစ်ခုခုရှိနေပုံရသည်ဟု ထင်မြင်လာမိသည်။
"ပြီးတော့လည်း The Bottom Line ပရောဂျက်အစည်း အဝေးမှာ မိန်းကလေးကျုံက ရှန့်ရှင်းဟယ်ကိုမေးခဲ့တဲ့မေးခွန်းတွေက တကယ့်ကို ထူးဆန်းနေခဲ့တယ်"
ဝူလျှောင်က ခေါင်းကို တစ်ဆတ်ဆတ်ညိတ်လိုက်ကာ ဆက်ပြောသည်။
"အရမ်းကို ထူးဆန်းတယ်"
ပုံမှန်ဘော့စ်တစ်ယောက်က ပရောဂျက်အစည်းအဝေးတစ်ခုတွင် မင်းသားအား အဝတ်အစားချွတ်ခိုင်းခြင်း၊ ဒိုက်ထိုးခိုင်းခြင်းနှင့် မိသားစုအခြေအနေကိုမေးခြင်းတို့ကို လုပ်လေ့ရှိပါသလား။ သူမက ရှန့်ရှင်းဟယ်ကို သူ့အမေသည် ပေါင်းသင်းဆက်ဆံရ လွယ်သူဟုတ်မဟုတ်ကိုပါမေးခဲ့သေးသည်။ ဤသည်မှာ ချွေးမနှင့် ယောက္ခမကြားရှိ ဆက်ဆံရေးအတွက် ကြုံတင်စုံစမ်းခြင်းပင် မဟုတ်ပါလော။
ချောင်ယန်က စားပွဲကို တစ်ချက်ဆောင့်ရိုက်လိုက်သည်။
"ရှန့်ရှင်းဟယ်က ပိုကောင်းနေမှရမယ် မဟုတ်ရင် ကျုံမိန်းကလေးက ဒုတိယသခင်လေးပေကို ထပ်ပြီးလွမ်းနေရလိမ့်မယ်"
မကြာသေးမီက စီးပွားရေးဌာန၏ အရင်းအမြစ်များသည် ပေါများနေပြီး အနုပညာရှင်များစွာသည် စတင်ထွက်ပေါ်လာခဲ့သည်။ ချောင်ယန်သည် ယခင်တုန်ူကကဲ့သို့ စရိတ်စကချွေတာရမည့်နေ့ရက်များကို ပြန်မကြုံချင်ပါ။ သူမက ဝူလျှောင်ကို လက်ဖြင့် တစ်ချက်တွန်းလိုက်သည်။
"ရှင်က ယောက်ျားလေးပဲ ရှင်သိမှာပါ၊ ရှန့်ရှင်းဟယ်ကို ဘယ်လိုပို ကောင်းအောင်လုပ်ကြမလဲ"
ဝူလျောင်က ချက်ချင်းပင် ကျောကိုဆန့်ကာ ခေါင်းကိုမော့လိုက်သည်။
"ငါကိုယ်တိုင်က အရမ်းကောင်းနေပြီး ဘာမှထပ်မလိုအပ်တော့တာကို ငါက ဘယ်လိုသိမလဲ"
ချောင်ယန်က ပြက်ရယ်ပြုလိုက်သည်။
"လုပ်စမ်းပါ၊ ငါတို့အတူအိပ်ဖူးပါတယ် နင့်ရဲ့စွမ်းဆောင်ရည်တွေကိုငါမသိဘူးထင်လို့လား၊ ရှန့်ရှင်းဟယ်အတွက် အသုံးဝင်တဲ့အရာတွေကို အမြန်အကြံပေးပါ ကျုံမိန်းကလေး ပြန်လာတဲ့အချိန်ကျရင် ရှန့်ရှင်းဟယ်က ပိုကောင်းနေရမှရမယ်"
တစ်ဖက်တွင် ရှန့်ရှင်းဟယ်သည် ညပိုင်းဇာတ်ကွက်တစ်ခုရိုက်နေသည်။ ရိုက်ကူးမှုများ ရှေ့ဆက်သွားနေသည်နှင့်အမျှ သူသည်လည်း လိုက်ပါတိုးတက်လာခဲ့ပြီး ဇာတ်ကောင်နှင့် ပိုမို၍ အံဝင်ခွင်ကျဖြစ်လာသည်။ သူသည် ရိုက်ကွင်းပေါ်ရှိလူအားလုံးနှင့် ဆက်ဆံရေးအဆင်ပြေနေခဲ့သည်။ ဇာတ်ဆောင်အကြီးအကဲများစွာကလည်း ရှူတင်နားချိန်များတွင် သရုပ်ဆောင်အတတ်ပညာအချို့ကို သင်ကြားပေးရန် ဆန္ဒရှိကြသည်။
သို့သော် ယနေ့ရိုက်ကူးမှုတွင် ရှန့်ရှင်းဟယ်သည် သူ၏ခါးကို မတော်တဆထိခိုက်မိသွားခဲ့သည်။ ကံကောင်းစွာပင် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။ ရှန့်ရှင်းဟယ်ကလည်း မည်သူ့ကိုမျှ မပြောခဲ့ချေ။ သူသည် ပြန်သွားပြီး အနာကပ်ပလာစတာကပ်ရန်သာ စီစဉ်ထားခဲ့သည်။ သို့သော် လူတိုင်းသိသွားပုံရသည်။
ရိုက်ကူးမှုပြီးဆုံးသည်နှင့် ရှန့်ရှင်းဟယ်သည် သူ၏ဖုန်းကိုဖွင့်လိုက်ရာသူ၏ကျန်းမာရေးအခြေအနေကိုမေးမြန်းသော စာတိုများဖြင့် ပြည့်နေသည်ကိုတွေ့လိုက်ရသည်။
ဂရုစိုက်သောစကားလုံးများက သူ၏နှလုံးသားကို နွေးထွေးစေသည်။
ယနေ့တွင် ကျင်းထောင်ပင် ပုံမှန်မဟုတ်သော ကြင်နာမှုကိုပြသခဲ့သည်။ သူသည် အပြာရောင်သေတ္တာတစ်လုံးကိုယူလာပြီး ရှန့်ရှင်းဟယ်၏ လက်ထဲသို့ တိတ်တဆိတ်ထည့်ပေးလိုက်သည်။
"ယောက်ျားတွေက အသက်ကြီးလာရင် ဒီလိုပဲဖြစ်တတ်တယ် စိတ်မပူနဲ့ ပြန်ကောင်းလာမှာပါ"
"ကျေးဇူးတင်ပါတယ်၊ ဒါရိုက်တာကျင်း"
ရှန့်ရှင်းဟယ်သည် အလွန်ကျေးဇူးတင်လိုက်မိသည်။
ကျင်းတုံက ရှန့်ရှင်းဟယ်၏ပခုံးကို လေးလေးနက်နက်ပုတ်ပေး လိုက်သည်။
"ကောင်လေး အရာအားလုံးက လွယ်ကူနေမှာတော့ မဟုတ်ဘူး၊ နောက်ထပ် တစ်ခုခုလိုအပ်ရင် ငါ့ဆီလာခဲ့ပါ၊ အားနာမနေနဲ့ ဟုတ်ပြီလား"
ထိုညတွင် ရှန့်ရှင်းဟယ်သည် ဟော်တယ်တယ်သို့ပြန်ရောက်ပြီး ရေချိုးခန်းထဲမှထွက်လာသောအခါ ဒါရိုက်တာကျင်းပေးခဲ့သော အကိုက်အခဲပျောက်ဆေးကို သုံးရန် စီစဉ်ခဲ့သည်။
အပြာရောင်သေတ္တာထဲရှိ အပြာရောင်ဆေးလုံးငယ်များကို ကြည့်ရင်း ရှန့်ရှင်းဟယ်၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက တဖြည်းဖြည်းချင်းပေါ်လာခဲ့တော့သည်။