အပိုင်း ၅၉
Vol. 6 Ch. 59
ယန်ရှီသည် သူမတို့နေအိမ်တွင် ဖြစ်ပျက်နေသည့် ဒရာမာများအကြောင်းကို မသိရှိခဲ့ပေ။ ကျောင်းကျောင်းနှင့် ဖုန်းပြောပြီးနောက် သူမသည် ကျုံချင်းယွီဘေးသို့ ပြန်လာခဲ့သည်။
ကျုံချင်းယွီက စိတ်လှုပ်ရှားစွာဖြင့် မေး၏။
“ငါ့ကို ရိုးရိုးသားသားပြောပါဦး၊ နင် ရှန့်ရှင်းဟယ်ကို တကယ်ပဲ မကြိုက်တော့တာ သေချာလား"
ယန်ရှီသည် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။
“ငါ သူ့ကို အဲ့ဒီလိုမျိုး တစ်ခါမှ မကြိုက်ဖူးပါဘူး၊ လေယာဉ်ပေါ်မှာ မေးတုန်းကလည်း ပရိသတ်တစ်ယောက်က Idol ကို ကြိုက်တာမျိုးပဲလို့ ပြောခဲ့တယ်လေ"
ကျုံချင်းယွီသည် စဉ်းစားကြည့်မိသည့်အခါမှ ယန်ရှီ ပြောတာ မှန်နေသည်ကို သဘောပေါက်သွားသည်။ ရှန့်ရှင်းဟယ်အား ယန်ရှီ ကြည့်သည့်ပုံစံမှာ ပေယွဲ့ပိုင်ကို ကြည့်သည့်ပုံစံနှင့် လုံးဝမတူပေ။ ယန်ရှီ၏ မျက်လုံးများက လွန်စွာ စင်ကြယ်ဖြူစင်လွန်းသည်။ ကျုံချင်းယွီတစ်ယောက် စိတ်ဓာတ်ကျကာ စိတ်ပျက်သွားမိသည်။ ယန်ရှီ၏ အချစ်ဇာတ်လမ်းများကို မြင်တွေ့လိုခဲ့သော်လည်း သူမ ထင်မြင်ခဲ့သည်မှာ မှားယွင်းခဲ့ပုံရ၏။
သူမသည် ယန်ရှီကို မျက်လုံးစောင်းကြည့်လိုက်ပြီး
"အဲဒါ နင့်ကို အရင်တုန်းက ရေပက်ခဲ့တဲ့ အခန်းဖော်ဆီက ဖုန်းလား" ဟု မေးလိုက်သည်။
ယန်ရှီ တောင့်တင်းသွားကာ တုံ့ဆိုင်းနေရင်းမှ "...ဟုတ်တယ်" ဟု ဝန်ခံလိုက်သည်။
ကျုံချင်းယွီက ကျောင်းကျောင်းအကြောင်း ပြောသည့်အခါတိုင်း သူမ ကြောက်လန့်မိသည်။ အမှန်မှာ ထိုဖြစ်စဉ်တစ်ခုလုံးသည် ဖန်တီးထားခြင်းဖြစ်သည်။ ယန်ရှီသည် ကျောင်းကျောင်းကို ပါဝင်ကူညီရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ကျုံချင်းယွီသည် ယန်ရှီက ကျောင်းကျောင်း၏ ချစ်သူကို သဘောကျခဲ့သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ ယန်ရှီ စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်သောအခါ ကျိုးချင်းယွီ စိတ်ပျော့သွားသည်။ “ချီး ဒါဆို အဲ့ဒီအခန်းဖော်ကပဲ ယန်ရှီရဲ့ နာကျင်စရာ အတိတ်တွေကို ပြန်ဖော်နေတာပဲ” ဒီလောက်တောင်ကြာနေပြီကို ယန်ရှီက အဲဒီလူကို မေ့မရသေးဘူး။ ဘာလို့များ ဒီလောက်တောင် သစ္စာရှိနေရတာလဲ။
ကျုံချင်းယွီသည် ယန်ရှီ၏ ပခုံးကို အားပေးသည့်အနေဖြင့် ပုတ်လိုက်သည်။
“ဝမ်းနည်းမနေစမ်းပါနဲ့၊ ယောကျ်ားတွေမှ အများကြီးရှိတယ် တစ်ယောက်ကို ဆုံးရှုံးလိုက်ရုံနဲ့ တခြားတစ်ယောက်ကို ရှာမတွေ့တော့မှာမှ မဟုတ်တာ"
ငြင်းခုံရဲခြင်းမရှိဘဲ ယန်ရှီသည် ခေါင်းကိုသာ ပြင်းပြင်းထန်ထန် ညိမ့်ပြလိုက်သည်။
“ဟုတ်"
သူတို့ အခန်းသို့ ပြန်ရောက်သောအခါ ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာဝင်ခဲ့ကြသည်။
အိပ်ရာပေါ်တွင် လဲလျောင်းရင်း ယန်ရှီသည် ယနေ့ည ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် သူမ၏ နောင်တစိတ်ကို ဖယ်ရှား၍မရခဲ့ပေ။ မကြာသေးမီကပင် သူမသည် ဤ "အလွန်အကျွံ ဇာတ်ကွက်" အတွက်ပင် ကျုံချင်းယွီအား မုသားများစွာ ပြောခဲ့ရသည်။ ပိုဆိုးသည်မှာ ကျုံချင်းယွီသည် ထိုအရာအားလုံးကို ရင်ထဲ၌ အလေးအနက်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် နောင်တစိတ်က သူမကို နှိပ်စက်နေသော်လည်း အချို့အရာများကို ရှောင်လွှဲ၍မရခဲ့ပေ။
"System, ငါ့ရဲ့ သဘောကျမှတ် 100 ရောက်တာနဲ့ ချင်းယွီကို အမှန်အတိုင်း ပြောပြမယ်"
[ဒါပေမဲ့ ဇာတ်ကွက်ထိန်းချုပ်မှုအကြောင်း ပြောပြလို့မရဘူး၊ လိမ်ခဲ့တယ်ဆိုတာပဲ ဝန်ခံလို့ရမယ်၊ သခင်မလေး ဒေါသထွက်သွားမှာ မဟုတ်ဘူးလား]
"ရပါတယ် အဲဒီအချိန်ကျရင် ဇာတ်ကွက်က သူ့ကို ထိခိုက်တော့မှာ မဟုတ်ဘူး၊ ဒေါသထွက်လည်း ဘာမှ မဖြစ်ဘူး"
နောက်တစ်ရက်တွင် ကောင်းကင်သည် ကြည်လင်ကင်းစင်နေပြီး တိမ်တစ်စွန်းတစ်စမျှ မရှိပေ။
နံနက်စာ စားပြီးနောက် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ယနေ့အတွက် အစီအစဉ်များကို ဆွေးနွေးကြသည်။ ပြောင်ပေါင်ယွမ်က ခရီးသွားအစီအစဉ်ကို တင်ပြခဲ့သည်။ သူတို့သည် ဟန်မြို့တွင် လေးရက်နေရမည်ဖြစ်ပြီး သုံးရက်ကို ရိုက်ကူးရေးအတွက်၊ တစ်ရက်ကို အပန်းဖြေခရီးအတွက်ဖြစ်ကာ ဆွဲဆောင်မှုရှိသော နေရာများစွာမှ ရွေးချယ်နိုင်ပေသည်။ သို့သော် ယနေ့တွင် ကျုံချင်းယွီသည် အစီအစဉ်ကို လစ်လျူရှုလိုက်သည်။ ယင်းအစား သူမသည် ယန်ရှီ၏ လက်ကို ဆွဲကိုင်လိုက်ကာ
"ငါနဲ့ လိုက်ခဲ့ ငါ စီစဉ်ထားတာရှိတယ်"
[သခင်မလေး တကယ်ပဲ တစ်ခုခု စီစဉ်ထားတာလား]
[ဘယ်လောက်တောင် စိတ်အားထက်သန်နေလဲ ကြည့်ပါဦး ဒါက ကောင်းမယ်လို့ ခံစားရတယ်]
[Live Stream မှာ တဲထိုးစခန်းချနေတာ ကံကောင်းတာပဲဟေ့ ဒီနေ့ စွန့်စားခန်းက စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ တစ်ခုခုက ပြောပြနေသလိုပဲ]
ယန်ရှီသည် ဝေခွဲမရဖြစ်သွားသည်။ ကျုံချင်းယွီသည် လွတ်လပ်ပေါ့ပါးသည့် ပုံစံ၏ စံနမူနာပင်။ သူမ မည့်သည့်အချိန်က စီစဉ်တတ်သွားသနည်း။
မိနစ်သုံးဆယ်အကြာတွင် ကျုံချင်းယွီသည် ယန်ရှီကို အလှပြင်ဆိုင်သို့ ခေါ်ဆောင်သွားသည်။ သူမသည် ဝတ်စုံ ဆယ်ခုကျော်ကို ရွေးချယ်ပြီး ယန်ရှီအား စမ်းဝတ်ရန် တိုက်တွန်းခဲ့သည်။
ယန်ရှီ: "...ဒါဆို နင့်ရဲ့ 'အစီအစဉ်' က ငါ့ကို ဒီမှာ အသွင်ပြောင်းဖို့ ခေါ်လာတာလား"
ကျုံချင်းယွီ - "အဲဒါတင် မကသေးဘူး မြန်မြန်လဲလိုက် နင် ဒီနေ့ တကယ်ကို လှနေစေရမယ်”
ယန်ရှီ တစ်ထည်ပြီးတစ်ထည် လဲဝတ်နေစဉ်တွင် ကျုံချင်းယွီနှင့် ပြောင်ပေါင်ယွမ်တို့သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဖက်ရှင်ရှိုးဂိမ်းမှ အကဲဖြတ်ဒိုင်များကဲ့သို့ ဝတ်စုံတစ်ထည်ချင်းစီကို ဝေဖန်နေကြသည်။ နောက်ဆုံးတွင် ကျုံချင်းယွီသည် နူးညံ့သိမ်မွေ့သော အစိမ်းဖျော့ရောင် ပန်းပုံစံ ဂါဝန်ကို သပ်ရပ်သော ဖိနပ်မြင့်နှင့် တွဲဖက်ကာ ရွေးချယ်လိုက်သည်။ ထို့နောက် မိတ်ကပ်ပညာရှင်တစ်ဦးက သိမ်မွေ့လှပသော မိတ်ကပ်ကို လိမ်းခြယ်ပေးရာ ယန်ရှီ၏ ပြောင်းလဲမှုသည် ပြီးပြည့်စုံသွားတော့သည်။
[အရမ်းလှတာပဲ ရှီရှီက နတ်သမီးလေးလိုပဲ]
[သူမက အမြဲတမ်း လှနေတာပဲ၊ ဒါပေမဲ့ သခင်မလေးရဲ့ အလှက လူတိုင်းကို လွှမ်းမိုးနိုင်တယ်]
[ဇနီးမယားစရိုက် ဇနီးလေး ကျွန်မကို သတိထားမိပါစေ]
[ယန်ရှီ တကယ်ပဲ ပွဲဦးမထွက်ချင်တာ သေချာလား၊ အဲဒီနူးညံ့သိမ်မွေ့တဲ့ မျက်နှာက ဝတ္ထုထဲက အမျိုးသမီးဇာတ်ဆောင်တွေ အများကြီးနဲ့ လိုက်ဖက်မှာပဲ]
ကျုံချင်းယွီသည် ယန်ရှီကို နှစ်သက်စွာ ကြည့်ပြီးနောက် သေးငယ်သော အဖြူရောင် လွယ်အိတ်လေးတစ်ခုကို ထပ်ပေါင်း၍ တွဲစပ်လိုက်သည်။
"ပြီးပြည့်စုံပြီ အခုတော့ နင်အဆင်သင့်ဖြစ်ပြီ"
ယန်ရှီက မျက်တောင်ခတ်လိုက်သည်။
"ငါ အလှပြင်ထားရင် နင်လည်း လဲသင့်တယ် မဟုတ်လား"
ကျုံချင်းယွီက ဟန်ဆောင်ပြုံးကာ သူမ၏ ဆံပင်များကို ပခုံးပေါ်သို့ ခါလိုက်ပြီး
“မလိုပါဘူး ငါက အစကတည်းက အရမ်း လှနေပြီးသားလေ ဒီနေ့တော့ နင်က စူပါစတားပဲ"
ယန်ရှီက ရယ်မောလိုက်သည်။
“ဒါဆို အခုဘာဆက်လုပ်ရမှာလဲ"
ကျုံချင်းယွီ၏ မျက်လုံးများက ဆိုးသွမ်းစွာ တောက်ပနေပြီး သူမက ထပ်ပြောသည်။
“Blind dates”
ယန်ရှီ - "???"
ဆယ်မိနစ်အကြာတွင် ယန်ရှီသည် သူမရှေ့မှ အမျိုးသားသုံးဦးကို ကြည့်ရင်း ကျုံချင်းယွီ နောက်နေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ယန်ရှီသည် အသက်ရှူရပ်သွားသလို ခံစားလိုက်ရပြီး သူမ၏ ဖိနပ်မြင့်များ ရုတ်တရက် မတည်မငြိမ် ဖြစ်သွားသည်။ ကျုံချင်းယွီက သူမ၏ ပခုံးများကို ဖက်လိုက်သည်။
"ရှန့်ရှင်းဟယ်ကို မကြိုက်ဘူးမလား ပြဿနာမရှိဘူး၊ လောကကြီးမှာ ယောကျ်ားတွေ အများကြီးပဲ သူ မဟုတ်ရင် တခြားတစ်ယောက် ရှာမယ်၊ ဒီသုံးယောက်ကို မနေ့ညက ငါ ကိုယ်တိုင် ရွေးထားတာ တစ်ယောက်ယောက်ကို နင်မျက်စိကျလား ကြည့်လိုက်၊ သူတို့ နင့်ကို ဒီနေ့ ဟန်မြို့ထဲ ပတ်ပြပေးနိုင်တယ်"
ယန်ရှီ - "!!!"
လုံးဝ မဖြစ်နိုင်ဘူး။
သို့သော် ကျုံချင်းယွီက အလွန် စိတ်လှုပ်ရှားနေသဖြင့် ယန်ရှီတစ်ယောက် ငြင်းဆန်၍မရခဲ့ပေ။ အမျိုးသားများက ယဉ်ကျေးစွာ ပြုံးပြနေကြပြီး သူတို့၏ အကြည့်များသည် သူမထံတွင် စူးစိုက်နေခဲ့သည်။
ပထမဆုံး ကိုယ်စားလှယ်မှာ ချိုသာပြီး ခွေးကလေးကဲ့သို့ ချစ်စရာကောင်းသော ကောင်လေးတစ်ဦး ဖြစ်သည်။
ပထမဆုံးအကြိမ် မြင်လိုက်သည်နှင့် ယန်ရှီ တုန်လှုပ်သွားသည်။ သူသည် စီယဲ့နှင့် အံ့အားသင့်ဖွယ် ဆင်တူနေသည်။
ကျုံချင်းယွီက တီးတိုးပြောသည်။
"သူက တစ်နှစ် ငယ်တယ်၊ ကိုရီးယားမှာ ကျောင်းတက်နေတာ သူ့မိသားစုက ဟိုင်မြို့က အထက်တန်းလွှာတွေ ကျုံကော်ပိုရေးရှင်းနဲ့လည်း ပူးပေါင်းလုပ်ကိုင်နေကြတာ"
ထို့နောက် လျှို့ဝှက်စွာဖြင့် "နင် အခုတလော စီယဲ့ကို သဘောကျနေတယ် မလား၊ ဝိန်ရုံကို သူ့လက်မှတ်တောင် တောင်းခိုင်းခဲ့သေးတယ်လေ ဒါပေမဲ့ Idol တွေက ချိန်းတွေ့လို့မရဘူး၊ ဒါက ဒုတိယအကောင်းဆုံး နည်းလမ်းပဲ”
ထိုအချိန်တွင် "စီယဲ့အစားထို " ကောင်လေးသည် သူ၏ ဂျာကင်အင်္ကျီထဲမှ နှင်းဆီပန်းတစ်ပွင့်ကို ထုတ်ယူလာသည်။
“ကျဲကျဲက အရမ်းလှတာပဲ၊ ညစာ လိုက်ကျွေးခွင့်လေးများ ပေးမလား"
[လုပ်လိုက် လုပ်လိုက် လုပ်လိုက်]
[အော် သူ နှင်းဆီပန်းလေးပါ ပါလာတာပဲ]
[ချမ်းသာတယ်၊ ချောတယ်၊ ငယ်တယ် ဘာလို့ ငါ့မှာ ဒီလိုလူမျိုးနဲ့ နေရာချပေးမယ့် သူငယ်ချင်းမရှိရတာလဲ]
ယန်ရှီက အသက်ပြင်းပြင်း ရှူလိုက်သည်။
စီယဲ့အပေါ် သူမ၏ စိတ်ဝင်စားမှုမှာ ရိုးရိုး လေးစားမှု သက်သက်သာဖြစ်သည်။ သူ့လက်မှတ်လိုချင်သူမှာ ကျောင်းကျောင်းသာ ဖြစ်သည်။ အတင်းအကြပ် ပြုံးပြလိုက်ပြီး သူမ ညင်သာစွာ ငြင်းဆန်လိုက်သည်။ ခွေးကလေးမျက်လုံးဖြင့် ကြည့်နေသည့် ကောင်လေးမှာ အသဲကွဲသွားပုံရပြီး သူမ နောက်ဆုတ်သွားစဉ် အနမ်းတစ်ပွင့်အား မှုတ်ထုတ်လိုက်သည်။
ယန်ရှီ: "..."
ဒုတိယ ကိုယ်စားလှယ်လောင်းမှာ ကြွက်သားအမြောက်အမြားရှိသော ခန္ဓာကိုယ် တောင့်ဝောာင့်ဖြင့် လူကြီးတစ်ဦး ဖြစ်သည်။
သူ့ကို "ကြွက်သားအမြောက်အမြားရှိသူ" ဟု ခေါ်ခြင်းမှာ လျှော့ပြောနေခြင်းပင်။ သူ၏ ရင်ဘတ်ကြွက်သားများမှာ လုံးဝပင် လစ်လျူရှု၍ မရနိုင်ပေ။ ကြယ်သီးတပ်အင်္ကျီ ဝတ်ထားသော်လည်း အပေါ်ဆုံး ကြယ်သီးအချို့မှာ သူ၏ ကြေးရောင်သမ်းပြီး ထွင်းထုထားသည့် ပုံစံဖြင့် ရင်ဘတ်ပေါ်တွင် ကွဲထွက်တော့မည့်အလား ဖြစ်နေသည်။ ယန်ရှီက တံတွေး မျိုချလိုက်သည်။
အိုး ဘုရားရေ သူ့လက်မောင်းကြွက်သားတွေက သူမ ခေါင်းထက်တောင် ပိုကျယ်နေပြီ။
ပြီးတော့ သူ့ရင်ဘတ်က... သူမ ရင်ဘတ်ထက် ပိုကြီးနေတယ်
ကျုံချင်းယွီက ထပ်မံ တီးတိုးပြောသည်။
"အိမ်ထောင်ပြုဖို့တော့ မဟုတ်ဘူး ဒါပေမဲ့ အတွေ့အကြုံတွေအတွက်တော့ အရမ်းကောင်းတယ်၊ နင်က ငယ်ပါသေးတယ် အခုချက်ချင်း အခြေချဖို့ မလိုသေးဘူး နည်းနည်း စူးစမ်းကြည့်ပါဦး”
ယန်ရှီ ခေါင်းကို လည်ထွက်သွားမတတ် ပြင်းပြင်းထန်ထန် ခါလိုက်သည်။
“မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး!"
သူမ နှစ်ရက်အတွင်း အိပ်ရာပေါ်တွင် သေဆုံးသွားနိုင်ဖွယ် ရှိသည်။
ယန်ရှီမှ ငြင်းဆန်လိုက်သောအခါ ထိုလူတောင့်ကြီး၏ မျက်နှာ ပျက်သွားသည်။ ရုတ်တရက် သူသည် သူမ၏ လက်ကို ဆွဲယူကာ သူ့ရင်ဘတ်ဗလာပေါ်သို့ ဖိကပ်လိုက်ပြီး နှုတ်ခမ်းဆူပြသည်။
"တကယ် အခွင့်အရေးလေး မပေးနိုင်ဘူးလား၊ ကိုယ်က ရုပ်ရည်ကောင်းတယ် ပြီးတော့ မင်းလိုချင်တာ ဘာမဆို ပေးနိုင်တယ်"
ယန်ရှီ "!!!"
သေစမ်း ဒါက မာတောင့်နေတာပဲ
[LOL ယန်ရှီရဲ့ မျက်လုံးတွေ လင်းလက်သွားတာ ကြည့်ပါဦး]
[အဲဒီကြွက်သားကြီးကို ဖျစ်ညှစ်ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းမယ်ထင်တယ်]
[သခင်မလေး ပြောတာ မှန်တယ် ယန်ရှီ ဒီအသက်အရွယ်မှာ ပိုပြီး အတွေ့အကြုံယူသင့်တယ်၊ ဒီကြွက်သားကြီးက "သာယာမှု" ကြီးကြီးမားမား ပေးမယ်ဆိုတာ ရှင်းနေပြီ]
[ဟေ့ ဟိတ်လူ မင်းဘောင်းဘီကို ပြန်ဝတ်လိုက်ဦး]
ကျုံချင်းယွီက ယန်ရှီနှင့် ပိုနီးအောင် ချည်းကပ်လာသည်။
"ကောင်းတယ်မလား ဆက်ပြီး ဖျစ်ညှစ်ကြည့်လိုက်ပါဦး”
ယန်ရှီ၏ မျက်နှာမှာ နီရဲတောက်သွားသည်။
"ငါက ဘယ်လိုလုပ်ပြီးတော့"
သို့သော် သူမ၏ လက်မှာ... ပြန်မခွာထုတ်မိပေ။
သူမ မလိုချင်သည် မဟုတ်ဘဲ ကြွက်သားကြီး၏ ဖမ်းဆုပ်ထားမှုက ပြင်းထန်လွန်းသည်။ ထိုလူသည် ယန်ရှီထက် နှစ်ဆကြီးမားသောကြောင့် သူမ ရုန်းထွက်နိုင်သည့် ခွန်အားမရှိခဲ့ပေ။
သူတို့ဘေးနားတွင် ပြောင်ပေါင်ယွမ်က သရော်ဟန်ဖြင့် လေးနက်စွာ ဖြည့်စွက်ပြောကြားလိုက်သည်။
"လူငယ်ဘဝဆိုတာ ချိန်းတွေ့ဖို့ပဲ၊ အချစ်ရေးအတွေ့အကြုံ ရှုထောင့်ကနေကြည့်ရင် ဒီတစ်ယောက်က ခိုင်မာတဲ့ ရွေးချယ်မှုပဲ၊ ကောင်းမွန်တဲ့ အသားအရေက ကောင်းမွန်တဲ့ အရည်အသွေးကို ပြောတာပေါ့ ဟုတ်တယ်မလား၊ ယန်ရှီ ဘယ်လောက် ပျော်နေလဲ ကြည့်ပါဦး"
ယန်ရှီ: ?
*ကျွန်မ မပျော်ဘူး ကျွန်မ မလုပ်ဘူးလို့၊ ကျွန်မကို လာပြီး ပုံမချမနေနဲ့!!!*
ထိုအချိန်အတွင်း၌ ဟိုင်မြို့ရှိ ကျုံကော်ပိုရေးရှင်းတွင်
ကျုံယန်စီသည် မကြာသေးမီကပင် ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်မှုပုံစံကို ကျင့်သုံးခဲ့ပြီး အချိန်မှန် အစားအစာများပင် စားသုံးခဲ့သည်။ ကုမ္ပဏီ၏ နေ့လယ်စာ စားချိန်တွင် သူသည် ကျုံကော်ပိုရေးရှင်း အဆောက်အအုံရှိ အမှုဆောင် ထမင်းစားခန်းသို့ ဦးတည်သွားလေ့ရှိသည်။ မကြာသေးမီက “The Journey” တိုက်ရိုက်ထုတ်လွှင့်မှုကို ထမင်းစားနေစဉ် ကြည့်ရှုခြင်းသည် သူ၏ အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ယန်ရှီနှင့် ကျုံချင်းယွီတို့လည်း ညစာစားလေ့ရှိပြီး မိန်းကလေး၏ ပျော်ရွှင်သော အစားအစာ စားချင်စိတ်က ကြည့်ရှုရန် ကောင်းမွန်စေခဲ့သည်။
ယနေ့တွင် ကျုံယန်စီသည် ပုံမှန်အတိုင်း သီးသန့်အခန်းရှိ တီဗီကို ဖွင့်လိုက်သည်။
ထိုအခါ သူမ ပေါ်လာသည်။ ယန်ရှီ၊ သူမ၏ လက်သည် အမျိုးသားတစ်ဦး၏ ထွင်းထုထားသော ရင်ဘတ်ကြွက်သားများပေါ်တွင် မြဲမြံစွာ ရှိနေသည်။
ကျုံယန်စီ: "…မှားဖွင့်မိတာ ဖြစ်ရမယ်"
မျက်နှာသေဖြင့် သူသည် တီဗီကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည်။ ပုံရိပ်မှာ ပြောင်းလဲခြင်းမရှိပေ။ ယန်ရှီ၏ လက်ချောင်းများက ကြွက်သားကြီးသည့် လူစိမ်း၏ ရင်ဘတ်ကို ညှစ်နေပြီး သူ၏ နှမအရင်းမက ဘေးနားမှ အားပေးနေခဲ့သည်။
ကျုံယန်စီ: "………"
အလှပြင်ဆိုင်တွင် ယန်ရှီသည် ကြီးမားသော အားထုတ်မှုဖြင့် သူမ၏ လက်ကို နောက်ဆုံးတွင် ခွာထုတ်လိုက်နိုင်ခဲ့သည်။ ကျုံချင်းယွီသည် စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်သည်။
"ကြွက်သားကြီးတဲ့သူတွေက နင့်အကြိုက် မဟုတ်ဘူး ထင်တယ်၊ စိတ်မပူပါနဲ့ ငါတို့မှာ တတိယရွေးချယ်စရာ ရှိသေးတယ်”
ပထမဆုံး "ကိုယ်စားလှယ်လောင်း" နှစ်ဦးပြီးနောက် ယန်ရှီသည် ထွက်ပြေးရန် အသင့်ဖြစ်နေခဲ့သည်။ သူတို့သည် ရုပ်ရည်အားဖြင့် ဆွဲဆောင်မှုရှိသည်မှာ အမှန်ပင်။ သို့သော် သူတို့သည် သူမ၏ အသက်ကိုပင် သတ်နိုင်လောက်သည်။ သို့သော် တတိယမြောက် အမျိုးသားကို မြင်သောအခါ ယန်ရှီတစ်ယောက် ခေတ္တခဏမျှ ရပ်တန့်သွားသည်။
ပေါ့ပေါ့ပါးပါး လှပသော တီရှပ်ဂျာကင်ကို ဝတ်ဆင်ထားပြီး အမှတ်တံဆိပ် မပါဝင်သော်လည်း အဆင့်မြင့်အသားဖြင့် ပြုလုပ်ထားသည်။ သူသည် လက်တစ်ဖက်ကို သူ၏ အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်ထားသည်။ အလွန်အကျွံ ဟန်ဆောင်မှု မရှိဘဲ ပေါ့ပေါ့ပါးပါးဖြင့် ဆွဲဆောင်မှုရှိနေခဲ့သည်။
"မစ္စယန်" ဟု ချန်ရွှမ်းက နှုတ်ဆက်လိုက်ပြီး သူ၏ အပြုံးသည် သိမ်မွေ့၍ ယဉ်ကျေးလှသည်။
"ထပ်ပြီး တွေ့ရတာ တိုက်ဆိုင်လိုက်တယ်နော်"
ယန်ရှီသည် သူ့ကို မှတ်မိသည်။ ယမန်ညက ဖျော်ဖြေပွဲမှ စင်မြင့်ဒါရိုက်တာပင်။ သူ၏ မိသားစုလုပ်ငန်းသည် ပွဲလမ်းသဘင်များ ထုတ်လုပ်ခြင်းတွင် အထူးပြုပြီး ဟိုင်မြို့၌ ရုံးချုပ်တည်ရှိကာ ကိုရီးယားတွင်လည်း ဘဏ်ခွဲများရှိသေးသည်။
ချန်ရွှန်းက ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သောအခါ ယန်ရှီသည် အလိုအလျောက် ပြန်တုံ့ပြန်လိုက်မိသည်။ သူ၏ ဖမ်းဆုပ်မှုမှာ ခဏတာမျှသာဖြစ်ပြီး သူမ၏ လက်ချောင်းထိပ်များကိုသာ ထိတွေ့ပြီးနောက် ပြန်ဆုတ်သွားသည်။ အတိုင်းအတာအချိန်အဆ မှန်ကန်လှသည်။
"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါပဲ"
ယန်ရှီက ပြုံးလျက် သိသိသာသာ ပို၍ ပေါ့ပါးသော လေသံဖြင့် ပြန်ဖြေသည်။
[!!!]
[မီးပွားတွေ မြင်နေရပြီလား]
[ချန်ရွှန်းက အများကြီး သာတယ် နှိမ့်ချတတ်ပြီး ယဉ်ကျေးတယ် ငါတော့ သူတို့ကို ship ပြီ]
[ဒီတစ်ယောက်က ခေါ်သွားသင့်တဲ့သူပဲ ယန်ရှီ ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းကို ဖမ်းဆုပ်လိုက်]
ထမင်းစားခန်းထဲတွင် ကျုံယန်စီ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
သူ၏ Medium-rare အသားကင်သည် သူ၏ ရှေ့တွင် ချထားသည်။ ဓားကိုင်လျက် သူသည် အသားကို ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ တိကျစွာ လှီးဖြတ်နေပြီး ဓားသွားမှာ နီရဲတောက်ပနေခဲ့သည်။
သူသည် စားနေခြင်း မဟုတ်ဘဲ လှီးဖြတ်နေခြင်းသာ ဖြစ်သည်။
လက်ထောက်ဆွန်း ဝင်လာသောအခါ ကျုံယန်စီသည် အသားတုံးကို ကြေမွအောင် လှီးဖြတ်နေဆဲပင် ဖြစ်သည်ကို တွေ့လိုက်ရသည်။ တီဗီကို ကြည့်လိုက်သောအခါ ရသစုံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်ခြင်းဟု ပေါ်နေသည်။ သခင်မလေးက သူ့ကိုများ ထပ်ပြီး စိတ်တိုအောင် လုပ်လိုက်ပြန်သည်လား။
…မဖြစ်နိုင်ဘူး။
လက်ထောက်ဆွန်းတစ်ယောက် ဝေခွဲရခက်သွားခဲ့သည်။
မျက်နှာပြင်ပေါ်တွင် ချန်ရွှမ်းက သူ့ကိုယ်သူ မိတ်ဆက်နေခဲ့သည်။
"ကျွန်တော်က တစ်ဦးတည်းသော အမွေဆက်ခံသူပါ ဒါပေမဲ့ မိသားစုလုပ်ငန်းကို မလွှဲပြောင်းခင် ကိုယ်ပိုင်အလုပ်အကိုင်ကို လွတ်လပ်စွာ ဦးဆောင်နေပါတယ်၊ တစ်နှစ်ဝင်ငွေက သန်း ၁၀၀ ဝန်းကျင်ရှိပါတယ်"
ကျုံယန်စီက လှောင်ရယ်လိုက်သည်။ သန်း ၁၀၀? ငါ နေ့လယ်စာ မစားခင်ကတည်းက ရပြီးပြီ။
ချန်ရွှမ်း: "ကျွန်တော်က ကိုရီးယားတက္ကသိုလ်မှာ တက်ခဲ့ပါတယ်"
ကမ္ဘာ့ထိပ်တန်း ၅၀ ထဲတောင် မပါဘူး ဟု ကျုံယန်စီသည် အတွင်းစိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ငါ့တက္ကသိုလ်က ထိပ်တန်း ၁၀ ကျောင်းထဲမှာ ပါတယ်။
ထို့နောက် ချန်ရွှမ်းသည် ကြွက်သားကြီးသည့် လူကို ကြည့်လိုက်ပြီး ညင်သာစွာ ထပ်ပြောသည်။
"ကြွက်သားတွေကတော့... မင်း ကြိုက်တယ်ဆိုရင် ကျွန်တော့်မှာလည်း ရှိပါတယ်"
ကျုံယန်စီက သွားကြိတ်လိုက်သည်။ ဘယ်သူ့မှာ မရှိလို့လဲ။ ငါ့မှာ ရှစ်ထပ်တောင် ရှိတယ်။
ကျုံချင်းယွီသည် ယန်ရှီအား နေ့လယ်ပိုင်း အပြင်ထွက်လည်ရန် ချစ်သူတစ်ဦးကို ရွေးချယ်ခိုင်းသည်။ ယန်ရှီက တုံ့ဆိုင်းနေခဲ့သည်။
"ဒါက ခရီးသွားအစီအစဥ်မဟုတ်ဘူးလား၊ အစီအစဉ်ကို လမ်းလွဲစေမှာ မဟုတ်လား"
သို့သော် မှတ်ချက်ကဏ္ဍတွင် ပေါက်ကွဲနေလေသည်။
[လုပ်လိုက် လုပ်လိုက် လုပ်လိုက်]
[အချစ်ဇာတ်လမ်းတော့ စပြီ ချိန်းတွေ့! ချိန်းတွေ့! ချိန်းတွေ့!]
[ခွေးကလေးမျက်လုံးနဲ့ ကောင်လေးက ချစ်စရာကောင်းတယ် ကြွက်သားကြီးတဲ့ ကောင်လေးက ဆွဲဆောင်မှုရှိတယ်၊ ဒါပေမဲ့ ချန်ရွှမ်းက အကုန်လုံးပြည့်စုံပြီးသား… ရွေးရခက်တာပဲ]
[ချန်ရွှမ်းအဖွဲ့ သူတို့ရဲ့ လိုက်ဖက်ညီနေမှုကြီးက က လျှပ်စီးလိုပဲ]
ယန်ရှီသည် ချန်ရွှမ်းကို ရွေးချယ်လိုက်ပြီးနောက် "ချိန်းတွေ့ခြင်း" ကို သတ်မှတ်လိုက်၏။
ရိုးရိုးသားသားပြောရလျှင် သူမ ဘာမှမဖြစ်ခဲ့ပေ။ ကျုံချင်းယွီသာ ရဲ့လော့ယီနှင့် အစီအစဉ်တွင် တရားမျှတမှုမရှိဘဲ နှိုင်းယှဉ်ခံရခြင်းကို ရှောင်ရှားနိုင်လျှင် ၎င်းသည် ခရီးသွားအစီအစဉ်ဖြစ်စေ၊ ချိန်းတွေ့သည့်အစီအစဉ်ဖြစ်စေ မည်သို့မျှ ကွာခြားမှုမရှိပေ။ သူမ၏ "အသည်းကွဲခြင်း" မှ ကျော်လွှားနိုင်ပြီဟု သက်သေပြရန် အစီအစဉ်ဆွဲထားသော ခရီးစဉ်တစ်ခုလား။ သူမအတွက်တော့ အဆင်ပြေသည်။
နေ့လယ်စာစားပြီးနောက် သူတို့၏ "ချိန်းတွေ့ခြင်း" စတင်ခဲ့သည်။
ချိန်းတွေ့သည့် အတွေ့အကြုံ လုံးဝမရှိခြင်း၊ လင်းမိသားစု၏ စောင့်ကြည့်မှုအောက်တွင် ချူမိုနှင့် သူမ၏ "ဆက်ဆံရေး" သည် ရိုးရှင်းစင်ကြယ်ပြီး စီးပွားရေးဆန်ခဲ့သည်။ ယန်ရှီသည် ချန်ရွှမ်း၏ လေးစားဖွယ်ကောင်းသော အကွာအဝေးကို လန်းဆန်းသည်ဟု ခံစားရသည်။ ဖိအားမရှိ၊ ရိုးရှင်းသော ခင်မင်ရင်းနှီးမှုဖြင့် သူသည် သူမအား ဟန်မြို့၏ အထင်ကရနေရာများဖြစ်သည့်
ဂယောင်းဘော့ဂန်းနန်းတော်၊ မြောင်ဒုံရှိ ကော်ဖီဆိုင်များ၊ အဆောက်အအုံ ၆၃ ရှိ ငါးပြတိုက်များသို့ လမ်းပြပို့ဆောင်ခဲ့သည်။
ရင်ခုန်စရာ မဟုတ်သော်လည်း ပျော်စရာကောင်းသည်။ ကိုယ်ပိုင်ခရီးသွားလမ်းညွှန်တစ်ဦး ရှိနေသလိုပင်။
ငါးပြတိုက်မှ ထွက်လာစဉ် ယန်ရှီသည် ကျုံကော်ပိုရေးရှင်း၏ နှင်းလျှောစီးဂီယာ ကြော်ငြာ LED ကို သတိပြုမိလိုက်သည်။ ကြော်ငြာမော်ဒယ်အား သူတို့အေဂျင်စီမှ အနုပညာရှင်တစ်ဦးဖြစ်သူ ရှန့်ရှင်းဟယ်ဖြင့် အစားထိုးထားသည်။
ချောင်ရန်က အလုပ်လုပ်တာမြန်လိုက်တာ ဟုသူမ တွေးလိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ငါတို့လူတွေ အကျိုးကျေးဇူးတွေ ရနေကြပြီ။
ချန်ရွှမ်းက ယန်ရှီ၏ အကြည့်နောက်သို့ လိုက်ကြည့်မိသည်။
"နှင်းကို ကြိုက်လား"
"လုံးဝ ကြိုက်တာပေါ့"
ယန်ရှီက ရုတ်တရက် ထပြောလိုက်သည်။ နှင်းများများကျလေ ကြော်ငြာထိရောက်မှု ကောင်းလေ ရောင်းအားတွေ တက်လေပဲ။ ဒေါ်လာသင်္ကေတများ သူမစိတ်ထဲတွင် တောက်ပလာသည်။
"ဆောင်းရာသီ မဟုတ်တာ နှမြောစရာပဲ"
ချန်ရွှမ်းက ပြောလိုက်သည်။
"ဟန်မြို့ရဲ့ နှင်းကျတာက ရင်သပ်ရှုမောစရာ ကောင်းတယ်"
ယန်ရှီက ကြီးမားသော သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလေ၏။
"ဘာလို့ အခု ဆောင်းရာသီ မဟုတ်ရတာလဲ"
[ယန်ရှီက သူနဲ့ နှင်းကျတဲ့အချိန်လေးမှာ အတူတူ ဖြတ်သန်းချင်တာ ကိုရီးယားဒရာမာ ပုံစံမျိုးပဲ]
[ဒါ သူမရဲ့ သွယ်ဝိုက်တဲ့ ဝန်ခံချက်လား]
[ဘုရားရေ သူတို့ နှစ်ယောက် တကယ်ပဲ တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြပြီ]
အနီးနားရှိ မုန့်ဆိုင်တွင် ချန်ရွှမ်းက ကိတ်တစ်တုံး ယူလာပေးသည်။
"ဒီနေရာက သူတို့ရဲ့ အချိုပွဲတွေကြောင့် နာမည်ကြီးတယ်"
"ကျေးဇူးပါပဲ” ဟု ယန်ရှီက ပြုံးလျက် ပြောသည်။
ယန်ရှီသည် ဗိုက်ဆာနေခဲ့သည်။ တစ်နေကုန် ခရီးသွားလာနေရသဖြင့် စွမ်းအင်များ ကုန်ခမ်းနေပြီး အထူးသဖြင့် ရှစ်စင်တီမီတာ ဖိနပ်မြင့်များ ဝတ်ထားရသဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပင်။
"ယန်ရှီ" ဟု ချန်ရွှမ်းက ခေါ်လိုက်သည်။
"အဲဒီလို ခေါ်လို့ ရမလား"
"ရပါတယ်၊ ‘’မစ္စယန်' ဆိုတာ နည်းနည်း အလုပ်သဘောဆန်လွန်းနေလို့ ဘယ်လိုပဲဖြစ်ဖြစ် နာမည်ရင်းနဲ့ ခေါ်တာ ကောင်းပါတယ်"
ချန်ရွှမ်းသည် သူ၏ ရင်ဘတ်ပေါ်ရှိ မိုက်ကရိုဖုန်းကို ပိတ်လိုက်သည်။
"သခင်မလေးက မင်း အသဲကွဲခဲ့တယ်လို့ ပြောတယ်၊ ဒါပေမဲ့ ကိုယ့်အမြင်မှာတော့ အဲလို ဟုတ်ပုံမရဘူး”
သူသည် လမ်းခွဲပြီးနောက် မိန်းကလေးများစွာကို မြင်ဖူးသည်။ သူ့၏ ရည်းစားဟောင်း၊ သူ့၏ အမျိုးသမီးသူငယ်ချင်းများ၊ သို့သော် ယန်ရှီမှာ ထူးဆန်းစွာ စိတ်တည်ငြိမ်နေခဲ့သည်။ သူမ၏ ယဉ်ကျေးမှုသည် လက်လွှတ်၍မရနိုင်သောသူ၏ ဝန်ခံချက်ကဲ့သို့ ဝေးကွာနေခြင်းမျိုးမဟုတ်ဘဲ သူငယ်ချင်းအဖြစ်သာ ဆက်ရှိနေလိုသူ၏ ရည်ရွယ်ချက်ရှိရှိ ဝန်ခံချက်ဖြစ်သည်။
ယန်ရှီက ပြန်မဖြေဘဲ သူမ၏ မိုက်ကရိုဖုန်းကိုပါ ပိတ်လိုက်သည်။
"ရပါတယ် လူတိုင်းမှာ မပြောချင်တဲ့ ကိစ္စတွေ ရှိကြတာပဲ"
သူမ တိတ်ဆိတ်နေစဉ် ချန်ရွှမ်းက ဆက်ပြောသည်။
"မင်း ကိုယ့်ကို ရှင်းပြစရာ မလိုပါဘူး၊ ကိုယ် ဒီ blind date ကို သဘောတူခဲ့တာက ကျုံကော်ပိုရေးရှင်းနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့သက်သက်ပဲ"
ယန်ရှီက ခေါင်းညိမ့်လိုက်သည်။
"ကျွန်မ သိပါတယ်"
အထက်တန်း လူ့အသိုင်းအဝိုင်း အိမ်ထောင်ရေးများသည် စီးပွားရေးဆန်သည်။ ကျုံချင်းယွီက ဤအရာကို စီစဉ်ခဲ့ခြင်းဖြစ်ပြီး ချန်ရွှမ်း၏ တွေ့ဆုံရန် ဆန္ဒရှိခြင်းမှာ စီးပွားရေးသက်သက်သာ ဖြစ်သည်။ ယန်ရှီသည် ထိုအရာကို မည်သို့မျှ မှားယွင်းသည်ဟု မထင်ခဲ့ပေ။ သူက ပထမအကြိမ် မြင်သည်နှင့် ချစ်မိသွားကြောင်း ပြောခဲ့ပါက ထိတ်လန့်စရာပင် ဖြစ်ပေလိမ့်မည်။
"ကိုယ့် ကုမ္ပဏီကို ဘယ်လိုထင်လဲ" ဟု ချန်ရွှမ်းးက မေး၏။
ယန်ရှီက သေချာ စဉ်းစားလိုက်သည်။
"အရမ်း လုပ်နိုင်စွမ်းရှိပါတယ်"
ယမန်နေ့ကပင် သူ၏ အဖွဲ့သည် စင်မြင့်တစ်ခုလုံးကို စံချိန်တင် အချိန်တိုအတွင်း တပ်ဆင်ခဲ့သည်။ မီးရောင်၊ အသံ၊ ကင်မရာရှုထောင့် ဆယ်ခု။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့သည်။ ရလဒ်များမှာ ပြစ်ချက်မရှိပေ။
"ဒါဆိုရင် ရှင်းယောင်နဲ့ ရေရှည်ပူးပေါင်းဖို့ အဆိုပြုပါရစေ"
ချန်ရွှမ်းသည် သူ့၏ လုပ်ငန်းကတ်ပြားကို ပေးလိုက်သည်။
"ညက ဖျော်ဖြေပွဲကို ကျွန်တော် ကြည့်ခဲ့တယ် US မင်းတို့ရဲ့ နှစ်နှစ်တာ လေ့ကျင့်ထားတဲ့ ကောင်လေးအဖွဲ့က တော်တော်လေးကောင်းပြီး ဟန်ရှုမှာလည်း အလားအလာကောင်းတွေ အများကြီး ရှိတယ်၊ ရှင်းယောင်ဟာ ရှေ့ဆက်ပြီး ဖျော်ဖြေပွဲ စီစဉ်သူတွေ လိုအပ်မှာဖြစ်ပြီးတော့ ကိုယ့်အဖွဲ့က အကောင်းဆုံးတွေကို ပေးစွမ်းနိုင်ပါတယ်"
ထိုအတောအတွင်း သူတို့နောက်မှ လင်ကွန်းကား ရှည်ကြီးထဲတွင် ကျုံချင်းယွီနှင့် ပြောင်ပေါင်ယွမ်တို့က အဝေးမှ ကြည့်နေကြသည်။
စကားပြောသံကို ကြားရန် အလွန်ဝေးနေသော်လည်း ထိုနှစ်ဦး စကားပြောဆိုနေသည်ကို တွေ့ရသည်။
ကျိုးချင်းယွီ သူမ၏ ပေါင်ကို ရိုက်လိုက်သည်။
"ဒါ ကောင်းတဲ့ လက္ခဏာပဲ"
အစပိုင်းတွင် သူတို့သည် နှစ်မီတာ အကွာအဝေးတွင် လမ်းလျှောက်ခဲ့ကြသည်။ ယခု၌တ ဘေးချင်းကပ်လျက် ထိုင်ကာ တက်ကြွစွာ စကားပြောနေကြသည်။ ရှင်းနေအောင် သဘောကျနေကြလေပြီ။
“ပြောင်ပေါင်ယွမ် ဒါ တကယ်ပဲ အဆင်ပြေသွားမယ် ထင်တယ်"
ပြောင်ပေါင်ယွမ်က တက်ကြွစွာ ခေါင်းညိမ့်လိုက်သည်။
"ကျွန်မလည်း အဲလိုပဲ ထင်တယ်"
ယခင်က သူမသည် ချန်ရွှမ်း၏ အခွင့်အလမ်းကို သံသယဝင်ခဲ့သည်။ ယန်ရှီ၏ အကြည့်က အလွန်ပင် သာမန်မျှသာရှိခဲ့သည်။ သို့သော် ငါးပြတိုက်ပြီးနောက်ပိုင်းတွင်လား။ ချန်ရွှမ်းကို ကြည့်သောအခါ ယန်ရှီ၏ မျက်လုံးများတွင် မီးပွားလေးများ ရှိနေခဲ့သည်။
ပြောင်ပေါင်ယွမ်တစ်ယောက် လစာထုတ်ရက်၌ သူမ၏ လစာကို စစ်ဆေးချိန်တွင် ဖြစ်လာသည့် မီးပွားအတိုင်းပင်။
"သွားရအောင်”
ကျုံချင်းယွီက ယာဉ်မောင်းအား ပြောသည်။
"သူတို့ဘာသာ အဆင်ပြေကြပါတယ်၊ ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာ မလိုပါဘူး"
ကားသည် ချက်ချင်းပင် လှည့်ထွက်သွားသည်။
[စောင့်ပါဦး သူတို့ ထွက်သွားကြပြီလား သူတို့ နမ်းတာကို မြင်ချင်တာ]
[လက်တောင် မကိုင်ဘူးလား ဘယ်လောက် နှမြောစရာကောင်းလိုက်မလဲ]
[ဒါပေမဲ့ အကြည့်တွေကို မြင်လိုက်လား ဒါက တကယ့်ကို တစ်ခုခုပဲ]
PD အဖွဲ့သည် ကွဲသွားသည်။ အချို့က ယန်ရှီကို ရိုက်ကူးနေကြပြီး အချို့က ကျုံချင်းယွီနှင့်အတူ ရှိနေသည်။ ယန်ရှီ၏ မိုက်ကရိုဖုန်း ပိတ်ထားသော်လည်း သူတို့သည် စကားပြောဆိုမှု၏ အဓိကအချက်ကို ခန့်မှန်းနိုင်ကြသည်။
PD က တုံ့ဆိုင်းနေခဲ့သည်။
"ဖြစ်နိုင်ရင်… သူတို့ တကယ် ဘာပြောနေလဲ နားထောင်ပြီးမှ ထွက်သွားသင့်လား"
ကျုံချင်းယွီ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ချိန်းတွေ့တာကို ခိုးနားထောင်တာလား အဲဒါက ရွံစရာကောင်းတယ်"
PD: ???
[LOL ကျွန်မ ကိတ်ဆိုင်နားမှာ ရောက်နေပြီ သူတို့ စီးပွားရေး အကြောင်း ပြောနေကြတာ၊ ချန်ရွှမ်းက ရှင်းယောင်ရဲ့ ဖျော်ဖြေပွဲတွေကို လုပ်ပေးချင်နေတာ မစ္စကျုံ မစ္စ ထွက်သွားတာ နောင်တရလိမ့်မယ်!]
[နေဦး တကယ်ကြီးလား]
[ယန်ရှီရဲ့ မျက်လုံးတွေ ဘာလို့ လင်းလက်သွားတာလဲဆိုတော့ ပိုက်ဆံ ကြောင့်ပဲ]
[မစ္စကျုံ မသွားပါနဲ့ဦး]
သို့သော် ကျုံချင်းယွီက မှတ်ချက်များကို မမြင်နိုင်ဘဲ ပျော်ရွှင်စွာ မောင်းထွက်သွားသည်။ PD အဖွဲ့ တစ်ဖွဲ့တည်းသာ ရှိသောကြောင့် သူမနောက်သို့ လိုက်ပါသွားသည်။ ယန်ရှီနှင့် ချန်ရွှမ်းတို့သည် အပြီးသတ်ချိန်တွင် အဖွဲ့ဝင်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဖုန်းကို စစ်ဆေးလိုက်သောအခါ ယန်ရှီသည် ကျုံချင်းယွီတစ်ယောက် ဗီလာသို့ ပြန်ရောက်နေပြီး ယောင်ကျူနှင့်အတူ ရေကန်ဘေးတွင် ကစားနေသည်ကို တွေ့လိုက်ရသည်။
ချန်ရွှမ်းသည် သူ၏ ဂျာကင်ကို ဆွဲယူလိုက်သည်။
"ကျွန်တော် ပြန်လိုက်ပို့ပေးရမလား"
"အဲလိုဆို အရမ်း ဒုက္ခပေးရာ ရောက်သွားလိမ့်မယ်"
"ဘာမှ မဖြစ်ပါဘူး"
ဆည်းဆာနေရောင်သည် ကောင်းကင်ကို မီးတောက်များဖြင့် ဆေးခြယ်ထားသည်။ နီညိုရောင်နှင့် ရွှေရောင်တို့ ယှက်နွယ်ကာ အေးမြသော ညနေလေပြည်က တိုက်ခတ်နေခဲ့သည်။ ချန်ရွှမ်း၏ Mercedes ကားသည် ဗီလာအနီးရှိ ဘေးလမ်းကြားတစ်ခုတွင် ရပ်တန့်လိုက်သည်။ ယန်ရှီသည် ထိုနေရာတွင် ခဏရပ်ရန် တောင်းဆိုခဲ့သည် ထောင့်ဆိုင်မှ ဘာဘယ်တီးကောင်းကောင်းဝယ်ပြီး သူမ အိမ်သို့ ယူသွားချင်သောကြောင့် ဖြစ်သည်။
ယန်ရှီ ကားပေါ်က ဆင်းလိုက်သည်နှင့် ချန်ရွှမ်းက ရုတ်တရက်ဆိုသလို သူမ၏ နာမည်ကို ခေါ်လိုက်သည်။
သူသည် ကျုံကော်ပိုရေးရှင်းအတွက် ဤချိန်းတွေ့မှုကို သဘောတူခဲ့ခြင်း ဖြစ်သည်။ သို့သော် နေဝင်ချိန်၏ အရှိန်အဝါကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် မိန်းကလေး၏ အပြုံးသည် အလင်းရောင်ကို ဖမ်းယူလိုက်ပုံ၊ သူမ၏ ဆံပင်များ လေထဲတွင် ဝဲလွင့်နေပုံကြောင့် ဖြစ်နိုင်သည်။
သူ၏ နှလုံးခုန်နှုန်း တုံ့ဆိုင်းသွားသည်။
ပြင်းထန်စွာ တံတွေး မျိုချလိုက်ပြီး သူသည်။
"ယန်ရှီ ကိုယ် ပထမဆုံးအမြင်နဲ့ ချစ်မိတာကို တစ်ခါမှ မယုံကြည်ဖူးဘူး ဒါပေမဲ့ ဒီနေ့ မင်းနဲ့တွေ့တော့မှ… ကိုယ်…”
"ယန်ရှီ"
လေထဲတွင် သူ၏ နောက်ဆုံးစကားလုံးများကို နစ်မြုပ်စေသည့် အသံတစ်သံက ဖြတ်တောက်လိုက်သည်။
သူမ လှည့်ကြည့်လိုက်သည်။ လမ်းထိပ်တွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အင်္ကျီလက်များကို ခေါက်တင်ထားသည့် အမျိုးသားတစ်ဦး ရပ်နေခဲ့သည်။ သူ၏ လည်စည်းအား လျော့ရဲစွာ ချည်နှောင်ထားပြီး အပေါ်ဆုံးကြယ်သီးကို ဖြုတ်ထားကာ Bentley ကားပေါ်တွင် ပေါ့ပေါ့ပါးပါး မှီထားသည်။ ကားအဖုံးမှာ အေးစက်နေလေသည်။ သူ အတန်ကြာအောင် စောင့်နေခဲ့ခြင်း ဖြစ်ပေမည်။
ချန်ရွှမ်း ချက်ချင်း မြင်လိုက်သည်။ ထိုလူအား မြင်လိုက်သည်နှင့် ယန်ရှီ၏ မျက်လုံးများ လင်းလက်သွားပုံသည် ကြယ်များ လင်းလက်လာသကဲ့သို့ပင်။
"ဥက္ကဌကျုံ"
ယန်ရှီသည် မျက်တောင်ခတ်လိုက်ပြီး ချန်ရွှမ်းကို ပြန်ကြည့်လိုက်သည်။
"မစ္စတာချန်၊ ကျွန်မမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိနေသေးတာမလို့ အလုပ်အကြောင်း နောက်မှ ဆွေးနွေးကြရအောင်နော်"
ချန်ရွှမ်းသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
"ဟုတ်ကဲ့ပါ"
ယန်ရှီသည် ကားတံခါးကို ပိတ်လိုက်ပြီး ကျုံယန်စီထံသို့ ပြေးသွားသည်။ လေသည် သူမ၏ ဆံပင်များကို ရစ်ဝဲစေပြီး သူမ၏ အပြုံးက တောက်ပနေခဲ့သည်။
"ဥက္ကဌကျုံ ဘာလာလုပ်တာလဲ အလုပ်ကိစ္စလား"
ကျုံယန်စီသည် သူမ၏ နဖူးကို ဖြေးညှင်းစွာ တောက် လိုက်သည်။
"မနေ့ညက ငါ သင်ပေးတဲ့ အပြုအမူတွေ ဘယ်ရောက်သွားပြီလဲ"
မနာကျင်သော်လည်း သူမက မကျေမနပ်ဖြင့် နဖူးကို ပွတ်လိုက်သည်။
"'ဥက္ကဌကျုံ' လို့ ခေါ်တာ ဘာများ မယဉ်ကျေးလို့လဲ"
"အွန်း"
ခဏအကြာတွင် သူမက တီးတိုးပြောသည်။
"...ကောကော"
ကျုံယန်စီသည် ပြုံး၍ "နှင်းကြည့်ချင်လား" ဟု ပြော၏။
ယန်ရှီက စိုက်ကြည့်လိုက်လေသည်။
"အခုလား နွေရာသီကြီးလေ”
ယန်ရှီ၏ အကြည့်ကို ကျုံယန်စီက စိုက်ကြည့်နေခဲ့သည်။
"အဲဒီတော့ ကြည့်ချင်လား”