← Chapters

အခန်း(၆၀)

Vol. 6 Ch. 60

အခန်း(၆၀)

Vol. 6 Ch. 60

ယန်ရှီသည် ကျုံယန်စီကို ကျုံချင်းယွီနှင့် အလွန်တူသည်ဟု ထင်‌နေမိသည်။

ကျုံချင်းယွီသည် တေးဂီတဖျော်ဖြေပွဲ လုပ်မည်ဆိုလျှင် ညတွင်းချင်းမဖြစ်ဖြစ်အောင်ဖြစ် လုပ်မည့်သူဖြစ်သည်။ ကျုံယန်စီသည်လည်း နှင်းကြည့်ချင်သည့် စိတ်ကူးပေါ်လာပါက ချက်ချင်းပင် နှင်းကြည့်သွားမည့်သူတစ်ဦးဖြစ်သည်။

သို့သော် Hနိုင်ငံသည် ကမ္ဘာ့မြောက်ဘက်အခြမ်းတွင် တည်ရှိသည့်အပြင် လက်ရှိအချိန်သည်လည်း နွေရာသီဖြစ်နေသည်။ ဆီးနှင်းများကို ကြည့်ရှုလိုပါက ကမ္ဘာ့ တောင်ဘက်ခြမ်းသို့ သွားရောက်ရမည်ဖြစ်သည်။ သီးသန့်လေယာဉ်ဖြင့်ပင် ခရီးနှင်သည်ဆိုစေကာမူ နာရီပေါင်း ၁၀ နာရီ ကျော်ကြာမြင့်မည်ဖြစ်သည်။

ယန်ရှီက ပြောလိုက်သည်။

“မဖြစ်ဘူး ရသစုံရှိုးက မပြီးသေးဘဲ အခုထွက်သွားမယ်ဆိုရင် ချင်းယွီက စိတ်ဆိုးသွားမှာပေါ့"

ကျုံယန်စီက လက်ကိုမြှောက်ကာ နာရီကိုကြည့်လိုက်သည်။

"အခုမှ ငါးနာရီပဲရှိသေးတယ် အချိန်ရှိသေးတယ်"

ထို့နောက် သူက ယန်ရှီရှိရာဘက်သို့ မျက်နှာမူကာ ပြောလိုက်သည်။

"ဒီနေ့မကုန်ခင် မင်းကိုပြန်ပို့ပေးမယ်"

2နာရီခွဲခန့်ကြာပြီးနောက် ယန်ရှီနှင့် ကျုံယန်စီတို့သည် ယွင်ပိုင်တောင်တန်းသို့ ရောက်ရှိသွားကြသည်။ သူတို့သည် မူလက သီးသန့်လေယာဉ်စီးလာခဲ့ပြီး ယခုအခါတွင် ဟယ်လီကော်ပတာ‌ ပေါ်သို့ပြောင်းကာ ထန်းချီတောင်ထိပ်သို့ တိုက်ရိုက်တက်သွားကြသည်။

ဇူလိုင်လ၏ နွေရာသီအလယ်ပိုင်းအချိန်ဖြစ်ရာ ယွင်ပိုင်တောင်ထိပ်တွင် ဆီးနှင်းများက မရပ်မနား ကျဆင်းနေဆဲဖြစ်သည်။ ညအချိန်ကျရောက်လာသောအခါ ကောင်းကင်သည် မင်ကဲ့သို့ မည်းနက်နေတတ်သည်။ လ၏ ရောင်စဉ်တန်းများ ကျရောက်နေသောကြောင့် ဆီးနှင်းများအရောင်တလတ်လတ်တောက်ပနေသည်မှာ စိန်တုံးကလေးများကို ဖြန့်ကြဲထားသကဲ့သို့ဖြစ်နေသည်။

ယန်ရှီသည် ထူထဲသော အနွေးထည်အင်္ကျီဝတ်ဆင်ထားပြီး ဆီးနှင်း ပေါ်တွင် စီးရသည့်ဖိနပ်ကိုစီးကာ နူးညံ့သောဆီးနှင်းများပေါ်တွင် ဖြေးညင်းစွာ လျှောက်သွားနေမိသည်။

သူမ အတွက်တော့ ဤသည်မှာမယုံနိုင်စရာပင်။

လွန်ခဲ့သော 2နာရီခွဲမတိုင်ခင်ခန့်က ဟန်မြို့ရှိ လမ်းမပေါ်တွင် ကြိုးတစ်ချောင်းဂါဝန်ကလေးဝတ်ပြီး ရေခဲမုန့်စားနေခဲ့သည်။ ယခု မျက်စိတစ်မှတ်အတွင်းမှာပင် ကမ္ဘာကြီးမှာ ဆောင်းတွင်းကို ကူးပြောင်းသွားလေသလား။

ကျုံယန်စီသည် သူမ၏ဘေးတွင် အနက်ရောင်သားရေဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး ပျင်းရိပျင်းတွဲဖြင့် မတ်တပ်ရပ်နေသည်။

အနီးအနားရှိ ဘုဇပတ်အပင်ကြီး၏ အခက်အလက်များပေါ်တွင် ဆီးနှင်းများဖုံးလွှမ်းနေပြီး လေတစ်ချက်ဝှေ့လိုက်သည်နှင့် ဆီးနှင်းများသည် ဆောင်းရာသီဆီးနှင်းများကဲ့သို့ တဖွဲဖွဲကျလာသည်။

"ဒီနေရာက ပင်လယ်ရေမျက်နှာပြင်အမြင့်မှာရှိတော့ နွေရာသီမှာတောင်မှ ဆီးနှင်းတွေအရည်မပျော်ဘူး"

ကျုံယန်စီက ခပ်တိုးတိုးပြောသည်။

"ဒါပေမဲ့ ဆောင်းတွင်းမှာကျတဲ့ နှင်းစက်လေးတွေကိုတော့ မမှီဘူး"

"အရမ်းလှတယ်"

ယန်ရှီသည် နွေရာသီတွင် ဆီးနှင်းများကို မြင်ရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။သူမအတွက်တော့ ယခုအခြေအနေသည် မှော်ဆန်သော ကမ္ဘာတစ်ခုထဲသို့ ရောက်သွားသလိုပင်။

လက်ထောက်ဆွန်းသည် သူတို့နှစ်ဦးရှေ့မှ လမ်းညွှန်နေရင်းဖြင့် ထမေးလိုက်သည်။

"မစ္စတာကျုံနဲ့ ယန်ရှီ ဒီအရှေ့မှာ ဆုတောင်းပြည့်သစ်ပင်ရှိပါတယ်၊ ကိုယ်လိုချင်တဲ့ ဆုကို တောင်းလို့ရတယ် ဆုတောင်းစာလေးတွေလည်း ရေးလို့ရတယ် ရေးကြဦးလား"

ယန်ရှီက လက်ထောင်ပြပြီး ပြန်ဖြေလိုက်သည်။

"ရေးချင်တာပေါ့"

ယန်ရှီသည် ထိုကဲ့သို့သော ကိစ္စမျိုးကို အလွန်ဝါသနာပါသည်။ သူမအနေဖြင့် အလွန်ယုံကြည်လွန်း၍ မဟုတ်ဘဲ ထိုအခြေအနေတွင် ယုံကြည်လိုက်ခြင်းဖြင့် သူမကို ပိုမိုပျော်ရွှင်စေနိုင်သောကြောင့်ဖြစ်သည်။

ဤသည်မှာ သရဲအိမ်ထဲ ဝင်ရသကဲ့သို့ပင်။ လူအစစ်များက သရဲအယောင်ဆောင်ပြီး ခြောက်လှန့်နေသည်ကိုသိသော်လည်း သူငယ်ချင်းများနှင့် ကြောက်လန့်တကြားအော်ဟစ်ပြေးလွှားရခြင်းသည် စိတ်သောကများကို ပျောက်စေနိုင်ပြီး ပျော်ရွှင်စေနိုင်သည်။

အပင်ကြီးထက်ဝယ် အနီရောင်ဆုတောင်းစာရွက်ကလေးများက တွဲလွဲကျနေကြသည်။ နှင်းများက ထုထည်ကြီးမားစွာဖြင့် အကိုင်းအခတ်များပေါ်တွင် ပိနေကြသည်။ သို့သော်လည်း ယန်ရှီသည် အနီရောင်မှတ်စုစာရွက်ကလေးများထက်တွင် အခြားသူများ၏ ဆုတောင်းများကိုလည်း မြင်နိုင်သေးသည်။

"ညတွင်းချင်းချမ်းသာရပါစေ"

"တက္ကသိုလ်တက်ခွင့်ရပါစေ"

"မိသားစုအားလုံး ကျန်းမာပျော်ရွှင်ပါစေ"

"မစ္စတာကျုံ ရေးဦးမှာလား"

ယန်ရှီက လက်ထောက်ဆွန်းထံမှ ဆုတောင်းကဒ်ပြားနှစ်ခုကိုယူကာ တစ်ခုကို ကျုံယန်စီအားပေးလိုက်သည်။

ကျုံယန်စီ ဆုတောင်းကဒ်ကို ယူလိုက်သည်။ သူ့တွင် ဆုတောင်းစရာမရှိချေ။ ငယ်စဉ်ကတည်းက သူလိုချင်သည့်အရာမှန်သမျှကို သူကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ရယူခဲ့သည်။ ပစ္စည်းဥစ္စာဆိုလျှင်လည်း လိုအပ်ချက်မရှိ။ ပညာရေးနှင့် အလုပ်အကိုင်ဆိုလျှင်လည်း အခက်အခဲမရှိခဲ့ပေ။ ထို့ကြောင့်ပင် အနှစ်နှစ်ဆယ်ကျော်ကြာ သူ့ဘဝက ကန်ရေပြင်နှယ် ငြိမ်သက်နေခဲ့သည်။

ဆုတောင်းကဒ်ကို ကိုင်ထားရင်း ကျုံယန်စီသည် အတော်ကြာအောင် စဉ်းစားနေမိပြီး နောက်ဆုံးတွင် ဆုတောင်းကဒ်ကို သူ့အိတ်ကပ်ထဲသို့ထည့်လိုက်သည်။

ယန်ရှီက ဘောပင်အဖျားကို ကိုက်ပြီး လက်ထောက်ဆွန်းဘက်သို့ ကိုယ်ကို ကိုင်းကာ မေးလိုက်သည်။

“လက်ထောက်ဆွန်း ရှင်ဘာရေးထားလဲ"

လက်ထောက်ဆွန်းက သူ၏ဆုတောင်းကဒ်ကို ဖြန့်ပြလိုက်သည်။

"ရာထူးတိုးပါစေ လစာတိုးပါစေ"

"ဟား ဟား"

ယန်ရှီက အားရပါးရ ရယ်မောပြီး နှစ်ကိုယ်ကြားလေးဆိုလိုက်သည်။

"ဒီဆုတောင်းကဒ်ကို မစ္စတာကျုံပေါ်မှာ ချိတ်ထားရင် ပိုအကျိုးရှိမယ်ထင်တယ်"

လက်ထောက်ဆွန်းကလည်း နှစ်ကိုယ်ကြားပြန်ပြောလိုက်သည်။

"ငါမလုပ်ချင်ဘူးလို့ ထင်လို့လား"

ယန်ရှီက လက်ထောက်ဆွန်းထံမှ ဆုတောင်းကဒ်ပြားတစ်ခုကို ထပ်မံ၍ တောင်းလိုက်သည်။ တစ်ခုက ကျုံချင်းယွီအတွက်ဖြစ်ပြီး နောက်တစ်ခုက ကျုံယန်စီအတွက်ဖြစ်သည်။

ထို့နောက် သူမသည် ဆုတောင်းကဒ်များကို ဆုတောင်းပြည့်သစ်ပင်ပေါ်တွင် ချိတ်ဆွဲရန်အလို့ငှာ သစ်ပင်ကြီးအနီးသို့ တိုးသွားသည်။

ကံမကောင်းစွာပင် သူမသည် အရပ်မမီသောကြောင့် ဘုဇပတ်ပင်အခက်များတွင် ချိတ်ဆွဲနိုင်ရန် ခုန်မှသာ မှီမည့် အနေအထားမျိုးဖြစ်နေသည်။ ကျုံယန်စီသည် ယန်ရှီ၏နောက်မှ ရပ်ကာ လက်ကိုဆန့်ထုတ်ပြီး သစ်ကိုင်းအခက်ကို အလွယ်တကူဖမ်းယူလိုက်သည်။

"ငါချိတ်ပေးမယ်"

သူက ယန်ရှီဘက်သို့ လက်ကိုဆန့်ကာ ပြောလိုက်သည်။

"အိုကေ"

ယန်ရှီက ဆုတောင်းကဒ်နှစ်ခုလုံးကို ကျုံယန်စီထံသို့ ပေးလိုက်သည်။ ကျုံယန်စီသည် ၎င်းကဒ်များကို တကူးတက မကြည့်နေသော်လည်းဆုတောင်းကဒ်ပေါ်ရှိ စာသားများကို ဘေးတိုက်အနေအထားဖြင့် လှမ်းမြင်မိလိုက်သည်။

"သခင်မလေးအမြဲပျော်ရွှင်ပြီး စိတ်လွတ်လက်လွတ်နေနိုင်ပါစေ"

"ကျုံကော အသက်ရှည်ပြီး ကျန်းမာပါစေ"

ထိုဆုတောင်းကဒ်ပြားလေးသည် ရေထဲတွင် မျောပါနေတတ်သည့် အမြစ်မရှိသော ရေမှော်ပင်လေးတစ်ပင်ကဲ့သို့ ဆုတောင်းပြည့်သစ်ပင်ကြီး၏ အကိုင်းပေါ်တွင် ချိတ်ဆွဲလျက်ရှိပြီး အခြားဆုတောင်းကဒ်များနှင့် ရောနှောနေသည်။ လေတိုးလာသောအခါ သစ်ပင်ပေါ်ရှိ ဆုတောင်းကဒ်အားလုံး လှုပ်ယမ်းလာသည်။ ကျုံယန်စီသည် အပေါ်သို့မော့ကြည့်ကာ ယန်ရှီ သူ့အတွက် ရေးပေးထားသောဆုတောင်းကဒ်ကိုမြင်လိုက်ရပြီး လျှို့ဝှက်စွာ ပြုံးလိုက်မိသည်။

လက်ထောက်ဆွန်းသည် သူတို့နှစ်ဦးအတွက် အနှောင့်အယှက်ဖြစ်မည်စိုးကာ တာဝန်ပြီးဆုံးသွားသည်နှင့် ဟယ်လီကော်ပတာထဲသို့ တိတ်တဆိတ်ပြန်ထွက်သွားသည်။

ယန်ရှီသည် စိတ်လှုပ်ရှားမှုမှ တဖြည်းဖြည်း သတိရလာပြီး သူမ၏စိတ်သည် ကြည်လင်လာသည်။

"ဒါနဲ့လေ မစ္စတာကျုံ ၊ဘာလို့ချက်ချင်းကြီး ဟန်မြို့ကိုလာပြီး ယွင်ပိုင်တောင်ကိုလာတာလဲ၊ ဒီမှာ အလုပ်ကိစ္စရှိလို့လား"

ကျုံယန်စီက ယန်ရှီကို ကြည့်လိုက်သည်။

စုစုပေါင်း ၃နာရီခန်ပင် ကြာခဲ့ပြီဖြစ်သည်။ သည်မိန်းကလေးက ယခုအခါမှ သတိရလေသလား။ သူက စကားတစ်ခွန်းတစ်ပါဒမျှ မပြောဘဲ ယန်ရှီကို တိတ်တဆိတ်ကြည့်နေသည်။

ယန်ရှီသည် ကျုံယန်စီ၏ အကြည့်များအောက်တွင် အနည်းငယ်မသက်မသာဖြစ်လာမိသည်။ ထိုယောက်ျား၏ မျက်လုံးများသည် ယခင်ကလိုရေကဲ့သို့ ကြည်လင်အေးမြနေတော့ဘဲ အတင့်ရဲသည့်ဟန်များ ပါဝင်နေပြီး သူမ၏ပါးပြင်များကို နီရဲလာစေသည်။ ယန်ရှီက ရှက်ကို့ရှက်ကန်းဖြင် နှာခေါင်းကို ကိုင်ပြီး မေးလိုက်သည်။

"ကျွန်မအတွက်ကြောင့်နဲ့ လာတာတော့ မဟုတ်ဘူးမလား"

ကျုံယန်စီက ပြန်မေးလိုက်သည်။

"မင်းပဲ နှင်းကျတာမြင်ချင်တာမဟုတ်ဘူးလား"

"ကျွန်မလား"

ယန်ရှီက ရယ်မောလိုက်သည်။

"ကျွန်မ ဘယ်တုန်းကမှ"

ခဏအတွင်းမှာပင် ယန်ရှီသည် မွန်းလွဲပိုင်းက ချန်ရွှမ်းနှင့် စကားပြောနေခဲ့သည့်အကြောင်းကို သတိရလိုက်သည်။

"မင်း နှင်းကျတာ ကြည့်ချင်လား"

"ကြည့်ချင်တာပေါ့"

"ဒါဆို ဆောင်းတွင်းထိ စောင့်မှရမယ်၊ ဟန်မြို့မှာဆိုရင် ဆောင်းတွင်းမှာ ကျတတ်တဲ့ ဆီးနှင်းတွေက အရမ်းကိုလှတယ်"

"အခုက ဘာလို့ ဆောင်းတွင်းမရောက်သေးတာလဲ"

ယန်ရှီ၏ မျက်လုံးများက တဖြည်းဖြည်းပြူးကျယ်လာခဲ့သည်။ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" ဒါဆို ရှင် ဟန်မြို့ကိုလာတာရော ယွင်ပိုင်တောင်ကိုလာတာရောက အလုပ်ကိစ္စအတွက်မဟုတ်ဘူးပေါ့"

လေညှင်းများက ပျော်ရွှင်မြူးထူးစွာ တိုက်ခတ်လာသောအခါ သစ်ကိုင်းသစ်ခက်တို့ပေါ်ရှိ ဆီးနှင်း‌အချို့သည် ယန်ရှီ၏ပခုံးပေါ်သို့ ကျလာခဲ့သည်။ ကျုံယန်စီက ယန်ရှီအနီးသို့ ချဉ်းကပ်လာပြီး သူမ၏ကိုယ်ပေါ်မှ ဆီးနှင်းများကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

"မင်းကြောင့်ပါပဲ"

ထိုစကားလုံးလေးလုံးက ယန်ရှီ၏ နှလုံးခုန်သံကို ပိုမိုမြန်ဆန်စေခဲ့သည်။

ကျုံယန်စီသည် သူမ၏ဘေးတွင် အလွန်နီးကပ်စွာရပ်နေသည်။ ယန်ရှီက နောက်တစ်လှမ်းဆုတ်လိုက်သောအခါ သူမ၏နောက်တွင် အေးစက်နေသောသစ်ပင်ပင်စည်ကြီးသာရှိပြီး သစ်ပင်ထိပ်ဖျားရှိ ဆီးနှင်းများသည် တဖွဲဖွဲကျလာတော့သည်။ ကျုံယန်စီသည် လျှင်မြန်စွာဖြင့် သူ၏လက်နှစ်ဘက်ကို အမိုးသဏ္ဌာန်လုပ်ကာ ယန်ရှီခန္ဓာကိုယ်‌လေးကို ကာကွယ်ပေးလိုက်သည်။ ယန်ရှီသည် သူမ၏နှလုံးခုန်သံ ပိုမိုမြန်ဆန်လာသည်ကို ခံစားရပြီး သူမ၏ လက်ချောင်းများက သစ်ပင်ပင်စည်ကို ကိုင်ထားနေမိသည်။ သူသည် အလွန်ကြည့်ကောင်းနေရုံသာမက သူမ၏ဘေးတွင်နီးကပ်စွာရှိနေသည့် အခိုက်အတန့်လေးတွင် ယောက်ျားပီသလွန်းနေသည်။ ကျုံယန်စီသည် အမှန်တကယ်ပင် သူမကို ရူးလောက်အောင်ပြုစားနေသည်။

"System ရေ မြန်မြန်ထွက်လာပါဦး"

System က တဖြည်းဖြည်းပေါ်လာသည်။

[ဘာကိစ္စလဲ]

"နင် MP3 လို အလုပ်လုပ်နိုင်တယ်မလား"

[ရတာပေါ့ ဘယ်သီချင်းကို ဖွင့်ပေးရမလဲ၊ မရေရာခြင်းများဆိုတဲ့ သီချင်းလား နှလုံးခုန်သံများဆိုတဲ့သီချင်းလား၊ ဒါမှမဟုတ် သိမ်မွေ့သော အချစ်ဆိုတဲ့သီချင်းလား]

"မဟာကရုဏာတရားတော်ကို ဖွင့်ပေးပါ"

[???]

"ကျုံယန်စီက ငါ့ကို မြှူဆွယ်နေတယ်လို့ သံသယရှိတယ်"

မဟာကရုဏာတရားတော်၏ အသံသည် ယန်ရှီ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး ကျုံယန်စီ၏ အလှအပအပေါ် ယိမ်းယိုင်လိုသည့်စိတ်များကို ချက်ချင်းလျော့ကျသွားစေသည်။

ယန်ရှီသည် စိတ်သက်သာရာရစေရန်အလို့ငှာ သက်ပြင်းတစ်ချက်ချလိုက်သည်။

အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။ သူမအနေဖြင့် မဆွတ်ခင်က ညွတ်ချင်သကဲ့သို့ ဖြစ်သွားလုနီးပါးပင်ဖြစ်သွားခဲ့ရသည်။

ယန်ရှီသည် ကျုံယန်စီကို ကြည့်လျက် မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"ကျုံကော ရှင်ဒီလောက် ကြည့်ကောင်းတဲ့သားနဲ့ ဒီလို ဒွိဟဖြစ်စေမဲ့ စကားတွေ မပြောပါနဲ့လား၊ ကျွန်မ အဓိပ္ပါယ်မှားကောက်မိသွားမှာစိုးလို့ပါ"

ကျုံယန်စီ နဖူးကြုပ်ကာ ပြန်မေးလိုက်သည်။

"မင်း ငါ့ကို မကြိုက်ဘူးလား"

ယန်ရှီ: “??”

"ကျွန်မက ဘယ်တုန်းက ကြိုက်ခဲ့ဖူးလို့လဲ"

ဤကဲ့သို့ မဆိုင်းမတွဖြင့် တိကျပြတ်သားစွာ ပြန်ပြောလိုက်သော အသံသည် ကျုံယန်စီကို အံ့အားသင့်သွားစေခဲ့သည်။ သူ ဘာဆက်ပြောရမည်ကိုပင် မသိတော့ပေ။

ကျုံယန်စီ၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို တွေ့သောအခါ ယန်ရှီက တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ခဏနေပါဦး၊ System သူ့ကို အရင်တုန်းက ဂရုစိုက်ခဲ့မိတာနဲ့ပဲ သူ့ကိုကြိုက်တယ်ဆိုပြီး ထင်နေတာများလား"

[ဟုတ်တယ်ထင်တယ်နော်]

[နင်က အပျိုလေးလေ၊ နေ့တိုင်း မက်ဆေ့လေးတွေ ပို့ပို့နေတာ ညဘက်ဆိုရင်လည်း သူအိမ်ပြန်လာမှာကို စောင့်ပေးသေးတာ၊ သူ့ကို နှိပ်ပေးဖို့ အနှိပ်ပညာတွေတောင် လေ့လာထားသေးတယ်၊ ဘယ်ယောက်ျားမဆို မှားပြီး ထင်ချင်စရာပဲလေ]

[ကျုံယန်စီလို အနေအထားတစ်ခုရှိတဲ့သူအတွက်ဆို ပုံမှန်ဘက်က ကြည့်မယ်ဆိုရင် သူ့ကိုကြိုက်နေတာလို့ ထင်မှာပဲ၊ အမှောင်ဘက်ခြမ်းက ကြည့်မယ်ဆိုရင်တော့ သူ့ကိုလိုချင်လို့ ဇာတ်လမ်းဆင်ပြီး ချမ်းသာထဲမိသားစုထဲ ရောက်အောင် လုပ်နေတာလို့ထင်မှာပဲ]

"ဘုရားသခင် ကယ်တော်မူပါ၊ သူ့ကို ညနက်တဲ့အထိ အလုပ်မလုပ် အောင်လို့ ညဘက်တွေဆို စောင့်‌ ပေးနေတာလေ၊ ပြီးတော့ နှိပ်ပေးတဲ့ အကြောင်းကိုပြောရရင် ငါ ကျုံချင်းယွီကိုရော လင်းရန်ရန်ကိုရော နှိပ်ပေးဖူးတာပဲ၊ အဲဒါကလည်း သူတို့ကို ကောင်းကောင်းလေးအိပ်ပျော်စေချင်လို့လေ"

စနစ်က သူမကို စနောက်လိုက်သည်။

[ဒါပေမဲ့ ကျုံယန်စီက ယောက်ျားလေးလေ]

[နင်က သူ့ကို ကံကောင်းမှုအမှတ်ရဖို့ ပစ္စည်းတစ်ခုလို တွေးနေပေမဲ့ သူကတော့ နင့်ကို မိန်းကလေးတစ်ယောက်အနေနဲ့ပဲ မြင်နေတာလေ]

သူပြောသည်ကို ကြားလိုက်ပြီး ယန်ရှီသည် ကျုံယန်စီကို ပြန်လှည့်ကြည့်ပြီးမှ ဦးခေါင်းတစ်ခုလုံးထူပူလာခဲ့သည်။

“ကျွန်မတို့ အကြား နားလည်မှုလွဲနေတာ ရှိနိုင်တယ်ထင်တယ်၊ ကျုံကော ယုံမလား တကယ်တော့ ကျွန်မက စာနာတက်တဲ့ ကရုဏာတရားထားတတ်တဲ့ လူတစ်ယောက်ပါ၊ တစ်ယောက်ယောက် ပျက်စီးမှာကို လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး ရှင်က အလုပ်လုပ်ရရင် ထမင်းမေ့ဟင်းမေ့လုပ်တာလေ အဲဒါမလို့ ကျုံကော ကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေစေချင်ခဲ့တာပါ၊ တခြားရည်ရွယ်ချက်လုံးဝ မရှိပါဘူး"

ကျုံယန်စီ၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။

"နည်းနည်းလေးတောင် မရှိဘူးလား"

"အသေအချာပါပဲ"

သူမက ပြတ်ပြတ်သားသား ဖြေလိုက်သည်။

ယခင်က ကျုံချင်းယွီနှင့် အတင်းပြောခဲ့စဉ်က နာမည်ကြီးအမျိုးသမီး တစ်ယောက်အကြောင်းကို ပြန်ပြောင်းသတိရမိသည်။ ထိုအမျိုးသမီးသည် ချမ်းသာသည့်မိသားစုအသိုင်းအဝိုင်းထဲသို့ ဝင်‌ရောက်နိုင်ရန်အတွက် ကျုံယန်စီကို ဆွဲဆောင်မြှူဆွယ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီးကို ထိုင်းနိုင်ငံသို့ ဒူးရင်းပင်စိုက်ရန် ပို့လိုက်သည်ဆိုသည့် အဖြစ်ကို ကြားဖူးသည်။ သူမအနေဖြင့် ကံကောင်းခြင်းအမှတ်များ မလုံလောက်သေးသည်ဖြစ်ရာ ဒူးရင်းပင်တော့ မစိုက်ချင်ပေ။

ကျုံယန်စီက ယန်ရှီနှင့် ပိုနီးကပ်စွာ ချဉ်းကပ်လာပြီး အသံတွင် စိတ်အားထက်သန်မှုများ ရောပြွမ်းပါဝင်လာသည်။

"တစ်စွန်းတစ်စလေးတောင် သဘောမကျဘူးလား"

ယန်ရှီသည် ဗုံတီးသကဲ့သို့ အဆက်မပြတ်စွာ ခေါင်းကိုခါပြီး ငြင်းလိုက်သည်။

"မကြိုက်ဘူး မကြိုက်ဘူး၊ လုံးဝမကြိုက်ဘူး"

ကျုံယန်စီ၏ အသက်ရှူသံများ ပိုမိုမြန်ဆန်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။

မောပမ်းသွားသော ယန်ရှီသည် စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ ကျုံယန်စီနှင့် ခြေနှစ်လှမ်းအကွာသို့ နောက်ဆုတ်လိုက်သော်လည်း မြေပြင်ပေါ်ရှိ ဆီးနှင်းများသည် ရေခဲနေကြပြီဖြစ်သဖြင့် သူမ ချော်လဲကျသွားသည်။

"အာ့"

ကျုံယန်စီက ချက်ချင်းပင် အနားရောက်လာခဲ့သော်လည်း သူမရောက်လာမီမှာပင် ယန်ရှီ၏ နောက်စေ့သည် သစ်ပင်အား ဆောင့်မိသွားသည်။ ထိုလဲကျမှု‌ကြောင့်ပင် သစ်ပင်၌ ကပ်လျက်ကျန်ရှိနေသော နှင်းခဲများသည် အကုန်အစင်ကျလာခဲ့ တော့သည်။

လှပသော ဆုတောင်းကဒ်ပြားများသည်လည်း မြေပြင်ပေါ်သို့ ပြန့်ကြဲသွာလေသည်။

သူမက နာကျင်စွာဖြင့် ညည်းသူနေရင်း ခေါင်းကို ခပ်ဖွဖွပွတ်သပ်နေသည်။ မျက်လုံးဖွင့်ပြီး ကြည့်လိုက်သောအခါ ကျုံယန်စီကို စိတ်မသက်မသာဖြစ်နေသည့်အမူအရာဖြင့် သူမရှေ့တွင်တွေ့လိုက်ရာ အလျင်အမြန်ထရပ်လိုက်သည်။

ယန်ရှီသည် စိတ်ထဲတွင် ငိုကြွေး‌လိုက်မိသည်။

"ဒူးရင်းပင်စိုက်ဖို့ ပို့ခံလိုက်ရတဲ့ အမျိုးသမီးက အနည်းဆုံးတော့ သူ့ကိုမြှူဆွယ်ခဲ့တယ်၊ ငါ့မှာ ပိုက်ဆံလည်း မလိမ်ရသေးပါဘူး မြှူလည်း မမြှူဆွယ်ရသေးပါဘူး၊ ကျုံယန်စီက ငါ့ကို တစ်ခုခု လုပ်မှာတော့ မဟုတ်ဘူးမို့လား"

[လိမ်ပြီးသားလေ]

System က သူမကို စိုက်ကြည့်လိုက်သည်။

[ယွမ်နှစ်ရာမီလီယန် ရင်းနှီးမြှုပ်နှံဖို့ လိမ်ခဲ့တာ]

"အဲဒါမပါဘူး"

ဆုတောင်းပြည့်သစ်ပင်ကြီး၏ အနီးတွင် အသံ‌ဗလံများ ဆူညံလာခဲ့သည်။ ရဟတ်ယာဉ်ဘေးရှိ လက်ထောက်ဆွန်းသည် အသံကိုကြားပြီး ချက်ချင်းပြေးလာခဲ့သည်။

"မစ္စတာကျုံ ဘာဖြစ်သွားတာလဲ"

ယန်ရှီက ခပ်ကုပ်ကုပ်ပုံစံကလေးဖြင့် လက်ထောက်ဆွန်းထံသို့ ခပ်သုတ်သုတ်လေးပြေးသွားသည်။

"အာ ဒါနဲ့ နောက်ကျနေပြီနော် ဒီည တည်းခိုခန်းမှာပြန်အိပ်မယ်လို့ ပြောခဲ့သေးတယ်မလား၊ ကျွန်တော်တို့ အခုပြန်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ"

ကျုံယန်စီက တုပ်တုပ်မျှမလှုပ်။ လက်ထောက်ဆွန်းအနေဖြင့်လည်း သူ့သဘောနှင့်သူ ဆုံးဖြတ်ချက်မချဝံ့ပေ။

ယန်ရှီတစ်ယောက် နှလုံးသားက ရင်ဆို့ရောက်မတတ် တဝုန်းဝုန်းတဒိုင်းဒိုင်းခုန်နေသည်။ သူ့ကို သိုက်တူးသမတစ်ယောက်ဟု ထင်သွားမည်ကို ကြောက်ရွံ့နေရသကဲ့သို့ ယွင်ပိုင်တောင်ကြီးတွင် တစ်ကိုယ်တည်းကျန်ခဲ့ရမည့်အဖြစ်ကို တွေးကြောက်နေမိသည်။

ထိုသို့ကျန်ခဲ့ရမည်ဆိုပါက ဒူးရင်းပင်များသာ သွားစိုက်လိုက်သည်က ပိုကောင်းပေလိမ့်ဦးမည်။

ထိုသို့တွေ့မိလေတိုင်း နှင်းကြည့်ချင်သည်ဟု ပြောခဲ့သော သူမကိုယ်သူမသာ ကျိန်ဆဲမိနေတော့သည်။

ကျုံယန်စီသည် တစ်ခဏတိတ်ဆိတ်စွာ နေပြီးနောက် တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွဲလိုက်သည်။

"သူ့ကို ပြန်ပို့ပေးလိုက်"

"ဟုတ်ကဲ့"

ယန်ရှီသည် လက်ထောက်ဆွန်းနှင့်အတူ လိုက်သွားသည်။ ကျုံယန်စီကမူ သူတို့နှင့်အတူမပြန်ဘဲ ဆုတောင်းပြည့်သစ်ပင်ကြီးအောက်တွင် တစ်ကိုယ်တည်း ရပ်ကျန်နေခဲ့သည်။ သူသည် တစ်စုံတစ်ခုကို ကောက်ယူနေဟန်ရှိသည်ဟု မြင်နေရသော်လည်း အတန်ငယ်လှမ်းလာသည်နှင့်အမျှ ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။

ရဟတ်ယာဉ်ပေါ်တက်ပြီးနောက် လက်ထောက်ဆွန်းက ယန်ရှီကို တောင်ခြေသို့ ပို့ဆောင်ရန် လေယာဉ်မှူးအား ညွှန်ကြားလိုက်သည်။ ကျုံယန်စီ၏ လက်ထောက်တစ်ယောက်အနေနှင့် ကျုံယန်စီမထွက်ခွာသေးသရွေ့ သူလည်း သွားမရပေ။

မသွားမီ လက်ထောက်ဆွန်းက ယန်ရှီအား စိတ်သက်သာရာရစေရန် အားပေးလိုက်သည်။

"ဒီကနေ ဟန်းမြို့ကို သွားတဲ့ခရီးက မဝေးပါဘူး၊ ငါတို့မင်းကို အချိန်မီ ပြန်ပို့ပေးမှာပါ"

ယန်ရှီက မေးလိုက်သည်။

"ရှင်တို့ကရော"

လက်ထောက်ဆွန်းက ဦးခေါင်းကိုကုတ်လိုက်မိသည်။ ကျုံယန်စီ အဘယ်ကြောင့် ဤမျှအမျက်ထွက်နေသည်ကို သူစဥ်းစား၍ မရပါ။

"ငါတို့ နောက်ရဟတ်ယာဉ်တစ်စီး ခေါ်လိုက်မယ် စိတ်မပူပါနဲ့၊ ငါတို့ ပြန်လာမှာပါ"

ရဟတ်ယာဉ်သံဆူဆူညံညံတစ်ခု စတင်ထွက်ပေါ်လာပြီး တောင်ခြေသို့ စတင်၍ ဦးတည်ထွက်ခွာသွားသည်။

လေအေးများက သူမအနီးဝန်းကျင်တွင် ကျီဆယ်ဆော့ကစားနေကြသည်။ ယန်ရှီသည် ဆုတောင်းပြည့်သစ်ပင်ကြီးအောက်ရှိ အထီးကျန်ပြီး အဖော်ကင်းမဲ့စွာဖြင့် ရပ်နေသည့် ကျုံယန်စီ၏ အမည်းရောင်အရိပ်လေးကိုသာ တွေ့မြင်နေရသည်။ သူနှင့်ဝေးကွာလာလေ လေ ကျုံယန်စီ၏ အမဲရောင်အရိပ်ကလေးသည် ပိုမို၍ သေးငယ်လာခဲ့သည်။

ယန်ရှီအတွက် စီစဉ်စရာရှိသည်များ စီစဉ်ပေးပြီးနောက် လက်ထောက်ဆန်းသည် ကျုံယန်စီထံသို့ပြန်လာခဲ့သည်။

"ဥက္ကဠကျုံ ယန်ရှီ ထွက်သွားပါပြီ၊ ၁၂ နာရီမတိုင်ခင်တော့ ဟန်မြို့ကိုရောက်ပါလိမ့်မယ်"

သူသည် မြေပြင်ပေါ်ရှိ နှင်းများနှင့် သစ်ပင်ထက်မှ ပြုတ်ကျနေသော ဆုတောင်းကဒ်များကို လှမ်းကြည့်မိသည်။ လေဒဏ်နှင့် နှင်းဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရခြင်းကြောင့် ဆုတောင်းကဒ်များမှာ အရောင်မွဲနေပြီဖြစ်သည်။ လေပြေညင်းလေးသည်ပင်လျှင် ၎င်းတို့ကို စုတ်ပြဲသွားစေနိုင်‌နေပြီဖြစ်သည်။

ကျုံယန်စီလက်ထဲတွင် ဆုတောင်းကဒ်ပြားနှစ်ပြားရှိနေသည်။ ထိုနှစ်ရွက်မှာ ယန်ရှီရေးထားခဲ့သော ဆုတောင်းစာများဖြစ်သည်။

"ဥက္ကဠကျုံ ဒီဆုတောင်းကဒ်ပြားနှစ်ခုကို သစ်ပင်ပေါ်မှာ ပြန်ချိတ်ပေးရမလား"

ကျုံယန်စီ မျက်နှာပျက်သွားပြီ လက်‌ထောက်ဆွန်းထံသို့ ဆုတောင်းကဒ်ပြားများကို ပစ်ပေးလိုက်သည်။

"လွှင့်ပစ်လိုက်"

ယနေ့မနက် တောင်ပေါ်သို့ တက်လာခဲ့သော ရဟတ်ယာဉ်သည် ယန်ရှီကို တင်၍ ပြန်ထွက်သွားပြီဖြစ်ရာ လက်ထောက်ဆွန်းသည် အခြားရဟတ်ယာဉ်တစ်စီးကို ချက်ချင်းလှမ်းမှာလိုက်သည်။

မိနစ်ဆယ်အကြာတွင် ရဟတ်ယာဉ်တစ်စီးသည် ယွင်ပိုင်တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ပန်ကာလည်သံများကြားတွင် ပတ်ဝန်းကျင်ရှိ နှင်းများသည် ဇူလိုင်လတွင် အစာရှာထွက်လေ့ရှိသည့် နှင်းငှက်ကလေးများ၏ အတောင်ပံများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားကြသည်။

ကျုံယန်စီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရဟတ်ယာဉ်ထံသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။

သို့သော် သူရဟတ်ယာဉ်ပေါ်သို့ တက်ရောက်ပြီးနောက် ခဏရပ်တန့်ကာ ခြေနင်းကုန်းမှ ပြန်ဆင်းလာခဲ့ပြီး အကူဆန်းထံစကားပြန်ပြောလိုက်သည်။

"ငါ့ဆုတောင်းကဒ်တွေဘယ်မှာလဲ ပြန်ပေးဦး"

လက်ထောက်ဆွန်း- ???

"သူဌေး နည်းနည်းလောက်စောပြောလို့ မရဘူးလား ကျွန်တော်က ခု လေးတင် အမှိုက်ပုံထဲ ပစ်လိုက်ပြီလေ"

—

ယန်ရှီ ည ၁၂ နာရီ အတိအကျတွင် ဟန်မြို့သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ လေယာဉ်စီးနေချိန်ကတည်းကပင် ပြန်မရောက်သေးသည့်အတွက် မေးခွန်းပေါင်းစုံဖြင့် ကျုံချင်းယွီက WeChat မက်ဆေ့များဆက်တိုက်ပို့နေခဲ့သည်။

"ချန်ရွှမ်းနဲ့အတူတူရှိနေတာလား၊ ၁၂ နာရီအထိ အတူတူဒိတ်နေသေးတယ်ဆိုတော့ သူ့ကို အရမ်းတွေသဘောကျနေပြီနဲ့တူတယ်"

ယန်ရှီ ပြုံးရယ်မိပြီးချက်ချင်းပင် စိတ်အနှောင့်အယှက်ဖြစ်သကဲ့သို့ ခံစားလိုက်ရသည်။

ကျုံချင်းယွီနှင့် ကျုံယန်စီတို့ မောင်နှမချင်း ဆက်ဆံရေးကောင်းခဲ့ပါက သူမအနေဖြင့် "ငါချန်ရွှမ်းနဲ့ဒိတ်‌နေတာမဟုတ်ဘူး နင့်အစ်ကိုနဲ့ ဒိတ်နေတာ" ဟု ပြန်ဖြေမိမည်ဖြစ်သည်။ သို့သော် ဖြစ်မလာခဲ့ပါ။

သူမ ကျုံယန်စီကို ဂရုစိုက်ခဲ့သည်မှာ သူမအတွက် ကံကောင်းခြင်းအမှတ်များရရှိနိုင်ရန် အတွက်သာဖြစ်ကြောင်း ကျုံချင်းယွီကို မပြောနိုင်ပေ။

သူမ တည်းခိုခန်းသို့ပြန်ရောက်သောအခါ တိုက်ရိုက်လွှင့်မှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ကျုံချင်းယွီက ယန်ရှီကို စနောက်လိုသည့်ဟန်ဖြင့် ပြုံးဖြီးဖြီးလုပ်ပြီးမေးလိုက်သည်။

"ချန်ရွှမ်းကို ဘယ်လိုခံစားရလဲ၊ နင်တို့ဘယ်အဆင့်အထိ ရောက်သွားပြီလဲ နမ်းပြီးကြပြီလား၊ ဒီလိုနောက်ကျတဲ့အထိ ပြန်မတာတဲ့ပုံထောက်တော့ အခြေအနေတစ်ခုခုတော့ တိုးတတ်သွားမှာပေါ့"

ယန်ရှီမှာ မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်လိုက်မိသည်။

"နင် ဘာတွေတွေးနေတာလဲ"

ကျုံချင်းယွီက ပခုံးတွန့်ပြပြီး ဆက်ပြောပြန်သည်။

"ဘာမှတော့ မဟုတ်ပါဘူး သိချင်လို့ပါ၊ သူ့ကိုတော့ အကာအကွယ်လေးဘာလေးတော့သုံးခိုင်းဦးနော်"

ထို့နောက် ရုတ်တရက် တစ်ခုခုကို တွေ့မိသည့်ဟန်မျိုးလုပ်ကာ ဆက်ပြောလိုက်သည်။

"သူ အကာအကွယ်တော့သုံးတယ်မလား နင်က အသက်ငယ်သေးတယ် ပျော်တာက ပျော်ပါ ကိုယ်ဝန်တော့ မရသွားစေနဲ့ပေါ့"

ယန်ရှီမှာ ရှက်စိတ်ကြောင့် မျက်နှာများနီရဲလာခဲ့သည်။

"မဟုတ်ပါဘူးဟာ အဲလိုမျိုး ဘာမှမဖြစ်ခဲ့ပါဘူး"

"မဖြစ်နိုင်ဘူး"

ကျုံချင်းယွီမှာ သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။

"အဲဒါဆို နမ်းခဲ့ကြတာလား"

"နမ်းလည်း မနမ်းခဲ့ဘူး"

"ဒါဆို လက်ပဲကိုင်ခဲ့ကြတာလား"

"လက်လည်းမကိုင်ဘူး"

ကျုံချင်းယွီတစ်ယောက် ဘာဆက်ပြောရမှန်းမသိဖြစ်သွားခဲ့သည်။

"အဲဒါဆိုနင်က ချန်ရွှမ်းနဲ့ ဘာမှကိုမလုပ်ခဲ့ကြဘူးပေါ့ တစ်နေကုန် ချိန်းတွေ့ပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတာလား၊ ပျင်းစရာကြီး"

"အာ အဲဒါကတော့"

ယန်ရှီက တစ်ခုခုပြောမည့်ဟန်ဖြင့် ပါးစပ်ကိုဟလိုက်စဉ် ယနေ့ခရီးစဉ်အကြောင်း ခေါင်းထဲရောက်လာခဲ့သည်။ နေ့လယ်ခင်းပိုင်းသည် အတော်လေးပျင်းရိဖွယ်ကောင်းသော်လည်း ညနေခင်းပိုင်းသည်.......။

"အရမ်းကြီးတော့ ပျင်းစရာမကောင်းပါဘူး"

"ဒါဆို ဘာများမျှော်လင့်စရာရှိသေးလဲ”

ကျုံချင်းယွီသည် ယန်ရှီနှင့် အနီးကပ်ဆုံးအနေအထားသို့ ရောက်လာစေရန် ကိုယ်ကိုကိုင်းပြီး မေးလိုက်သည်။ ယန်ရှီသည် လက်အုပ်ချီကာ တောင်းပန်လိုက်ရသည်။

"တောင်းပန်ပါတယ်၊ ငါအခု အလုပ်ကိုပဲ အာရုံစိုက်ပါရစေ"

ယန်ရှီ၏ ဘလိုင်းဒိတ်မအောင်မြင်ကြောင်း သိလိုက်ရသောအခါ ကျုံချင်းယွီ စိတ်ပျက်မိသလိုဖြစ်သွားခဲ့သော်လည်း သိပ်အရေးမကြီးပါ။ သူတို့သည် အခု H နိုင်ငံတွင် ရှိနေပြီး ဘလိုင်းဒိတ်တွေ့ဆုံရန်အတွက် သင့်တော်သူအနည်းငယ်သာရှိသည်။ ဟိုင်မြို့သို့ ပြန်ရောက်လျှင် ချိန်းတွေ့ရန် သင့်တော်မည့်ယောက်ျားကောင်းများစွာ ရှိမည်သာမဟုတ်ပါလား။

မျက်စိတစ်မှိတ်အတွင်း ဟန်မြို့တွင် နေထိုင်လာခဲ့သည်မှာ စတုတ္ထမြောက်နေ့ရောက်ရှိလာခဲ့သည်။ လီမြို့တော်၌ကဲ့သို့ စတုတ္ထမြောက်နေ့တွင် တိုက်ရိုက်ထုတ်လွှင့်မှုမရှိဘဲ ကြော်ငြာဗီဒီယိုများ ရိုက်ကူးပြီးသွားပြီဖြစ်သဖြင့် ယခုနေ့မှာ လွတ်လပ်စွာ အပန်းဖြေရမည့်နေ့ဖြစ်သည်။ အစီအစဉ်မှ ဧည့်သည်များသည်လည်း မိမိတို့စိတ်ကြိုက် လှည့်လည်သွားလာနိုင်ပြီး လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်သည်။

ယန်ရှီနှင့် ကျုံချင်းယွီတို့ မနက်စောစောကတည်းက ထွက်လာခဲ့ကြသည်။

ထင်ရှားသော ကိုရီးယားကြွေထည်များ၊ ထိုက်ကျီဖန်များ အပြင် အခြားစိတ်ဝင်စားဖွယ်ပစ္စည်းများကို ရွေးချယ်ဝယ်ယူခဲ့ကြသည်။ ကျုံချင်းယွီကလည်း ပေယွဲ့ပိုင်အတွက် လက်ဆောင်တစ်ခု ရွေးချယ်ထားသည်။ ယန်ရှီက မတားဆီးခဲ့ပါ။ ကံကောင်းခြင်းအမှတ်များ ၅၅.၂ မှတ်အထိ ရောက်နေပြီဖြစ်သဖြင့် ဤအဆင့်ပြီးလျှင် နောက်ထပ်ကံကောင်းခြင်းအမှတ်များ ထပ်မံရရှိမည်ဖြစ်သည်။ ကျုံချင်းယွီသည် ဇာတ်လမ်း၏ထိန်းချုပ်မှုမှ လွတ်မြောက်ရန် နီးစပ်လာပြီဖြစ်သည်။ လက်ဆောင်ဝယ်ခြင်းကဲ့သို့သော အသေးအဖွဲကိစ္စများဖြင့် သူမ၏ပျော်ရွှင်မှုကို မထိခိုက်စေလိုပေ။

ကျုံချင်းယွီတစ်ယောက် ပေယွဲ့ပိုင်အတွက် လက်ဆောင်ရွေးနေစဉ် ယန်ရှီသည်လည်း ထိုလက်ဆောင်ပစ္စည်းများကို လှမ်းကြည့်မိသည်။

Hနိုင်ငံသို့ ပြန်မရောက်မီ ကျုံပါးပါးအတွက်လည်း လက်ဆောင်တစ်ခုဝယ်ရန် ကျုံချင်းယွီအကြံဉာဏ်‌ပေးခဲ့သည်။ ထို့အပြင် ကျုံယန်စီအတွက်လည်း လက်ဆောင်တစ်ခုဝယ်သွားပေးသင့်ကြောင်း အကြံပြုခဲ့သည်။

သို့သော် ကျုံချင်းယွီအနေဖြင့် ယခုအခါ သူမတို့ မောင်နှမနှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အနည်းငယ် ကိုးရိုးကားရားနိုင်နေပြီး လက်‌ ဆောင်ပေးသင့်မပေးသင့် ဝေခွဲရခတ်နေသည်။

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ယန်ရှီသည် ကျုံယန်စီအတွက် အင်္ကျီလက်ကြယ်သီးတစ်စုံကို ရွေးချယ်လိုက်သည်။

အမှန်တာ့ သူတို့နှစ်ဦးသည် မခေါ်ချင်၍ရ မတော်ချင်၍မရသည့် မောင်နှမများပင်ဖြစ်‌နေသေးသည်မဟုတ်လော။ ကျုံပါးပါးနှင့် အိမ်တော်ထိန်းယွီအတွက် လက်ဆောင်များ ဝယ်ထားပြီးဖြစ်ရာ ကျုံယန်စီတစ်ယောက်တည်းသာ လက်ဆောင်မရဘဲနေလျှင် သနားစဖွယ် မျက်နှာငယ်နေမည် မဟုတ်ပါလော။

ငွေရှင်းပြီးနောက် ယန်ရှိသာ် ကျုံချင်းယွီတစ်ယောက် ဆိုင်ငယ်လေးထဲတွင် မရှိတော့ ကြောင်းသတိထားမိသွားသည်။ အပြင်သို့ထွက်ကြည့်လိုက်ရာ ကျုံချင်းယွီသည် လက်ဆောင်ပစ္စည်းဆိုင်ရှေ့ရှိ မိုးကာအောက်တွင် ရပ်နေသည်။

မျက်နှာတစ်ခုလုံး ညှိုးနွမ်းချောင်ကျနေသော ရဲ့လော့ယီက သူမရှေ့၌ ရပ်နေသည်။

ယခင်က လေယာဉ်ပေါ်တွင် ပေယွဲ့ပိုင်၏ ဝန်ချတောင်းပန်မှုသည် ရဲ့လော့ယီအား ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ သူမသည် လုပေယွီကို အသုံးချ၍ အဆင့်အတန်းမြင့်မားစွာနေနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း လုပေယွီသည် သူ၏ခွေးကြောင့် နာမည်ကျော်ကြားလာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဆုလင်းလင်းနှင့်ပါ ပဋိပက္ခဖြစ်ခဲ့ကြရာ သူမအနေဖြင့် ခရီးစဉ်တစ်လျှောက်လုံးတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းလျခဲ့ရသည်။

ယခုအချိန်တွင် ကျုံချင်းယွီကို ကြည့်ရင်း ရဲ့လော့ယီ၏ မျက်နှာတွင် ရှုပ်ထွေးသောအမူအရာပေါ်လာသည်။

သူမက ပေယွဲ့ပိုင်အတွက် လက်ဆောင်ဝယ်နေသော ကျုံချင်းယွီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်ရင်းပြောလိုက်သည်။

"နင်နဲ့ ပေသခင်လေးနဲ့က တွဲနေကြတုန်းလား"

ကျုံချင်းယွီက ရဲ့လော့ယီကို မျက်လုံးပင့်ပြီး ပြန်ကြည့်လိုက်သည်။

"ဘာတွေလာစားနေတာလဲ၊ ငါနဲ့ ယွဲ့ပိုင်ကော‌ကောကြားက ကိစ္စက နင်နဲ့မဆိုင်ပါဘူး"

ရဲ့လော့ယီ၏ လက်သည်းများသည် သူမ၏လက်ဝါးကို စူးဝင်လာသည်အထိ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိပြီး အံကြိတ်ထားလိုက်မိသည်။

သူမ၏ဖုန်းထဲတွင် ပေယွဲ့ပိုင်၏ မက်ဆေ့များ ရှိနေဆဲဖြစ်သည်။ ဟိုင်မြို့မှ ထွက်ခွာပြီးကတည်းက ပေယွဲ့ပိုင်သည် နေ့စဉ်နေ့ဆိုင်းဆိုသလို သူမထံ မက်ဆေ့များပို့ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။စေ့စပ်ပွဲကိစ္စသည်လည်း မိဘများမှ တွန်းအားပေးမှုကြောင့်သာဖြစ်ပြီး ကျုံချင်းယွီနှင့် သူ၏ဆက်ဆံရေးသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူတို့ကြား အမှန်တကယ်ပင် ဆက်သွယ်မှုမရှိပါက ကျုံချင်းယွီသည် အဘယ်ကြောင့် သူ့အတွက် လက်ဆောင်ဝယ်နေရသနည်း။

သူတို့နှစ်ဦး မကွဲသေးသည်မှာ သေချာနေပြီဖြစ်သည်။ သို့မဟုတ်ပါက သူမသည် အဘယ်ကြောင့် ပေယွဲ့ပိုင်၏ အရေးကိစ္စများတွင် ထိုမျှ ပါဝင်နေသေးသနည်း။ သူမတို့နှစ်ယောက်သား ကြိတ်ပုန်းခုတ်နေကြခြင်းများလား။

ဤသို့တွေးလေ ရဲ့လော့ယီ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်လာလေပင်။ သူမ ကျုံချင်းယွီ၏ ဖရုဿဝါစာစကားများကို ဆက်နားမထောင်တော့ဘဲ လှည့်ထွက်သွားလိုက်သည်။

ကျုံချင်းယွီက သူမ၏နောက်ကျောကို ကြည့်ရင်း တမင်ကြားစေရန်အော်ပြောလိုက်သည်။

"တကူးတကကြီးလာ တစ်ဝက်တပျက်ကြီး ပြောဆိုပြီး ချက်ချင်းကြီး ပြန်ပြေးသွားတယ်တော့ ထူးဆန်းလိုက်တာ "

နေ့လည်ခင်းပိုင်းတွင် ဧည့်သည်အားလုံး ပြန်လည်စုရုံးလာကြသည်။

ဒါရိုက်တာယွီသည် အခမ်းအနားကြိုက်သူတစ်ဦးဖြစ်သည်။ ဒုတိယမြောက် ခရီးစဉ်၏ နောက်ဆုံးနေ့တွင် အားလုံးအတူတူ စုဝေးစားသောက်နိုင်ရန် ဘာဘီကျူးပါတီကျင်းပပေးခဲ့သည်။

ဤသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မဟုတ်သောကြောင့် တင်းကျပ်သည့် စည်းမျဉ်းများမရှိပါ။ ဝန်ထမ်းများပါ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ကျုံချင်းယွီနှင့် ယန်ရှီတို့ ဗီလာသို့ပြန်ရောက်သည့်အခါ မြက်ခင်းပြင်ပေါ်တွင် မီးဖိုများ ပြင်ဆင်ပြီးဖြစ်နေသည်။ လုပေယွီသည် ဝိုင်းဝန်းကူညီရန် ရှေ့ဆောင်လှုပ်ရှားခဲ့ပြီး အစုံလိုက်အသားကင်သည့် တံစို့များကို စနစ်တကျဖြစ်‌စေရန် ပြင်ဆင်နေသည်။

"ငါ့ကို အသက်ငယ်တယ်ဆိုပြီး အထင်မသေးနဲ့နော်၊ နွေရာသီအားလပ်ရက်တုန်းက ဘာဘီကျူးစားသောက်ဆိုင်မှာ အလုပ်လုပ်ဖူးတယ်၊ ငါလုပ်တဲ့ဆော့စ်ဆိုရင် ဆိုင်လာတဲ့ ဧည့်သည်တွေက အသည်းစွဲပဲ"

လုပေယွီ၏ ဘာဘီကျူးလက်ရာကောင်းမကောင်းကိုတော့ အကုန်မပြီးသေးသဖြင့် မသိရသေးပါ။ သို့သော် ယောင်ကျူက မျက်စိအပျောက်မခံဘဲလိုက်ကြည့်နေပြီး လုပေယွီရှေ့တွင် အမြီးလှုပ်ရင်း အားပေးနေသည်။ မိနစ်ဆယ်အကြာတွင် လှီးပြီးသားသိုးသားများ အပြင်မှာကင်ပြီးသွားပြီဖြစ်သည်။

လုပေယွီက ပတ်ဝန်းကျင်ရှိလူတိုင်းကို တစ်ချောင်းစီ ဝေမျှပေးလိုက်သည်။

ကျုံချင်းယွီစားကြည့်ပြီး အရသာရှိသည်ဟု ချီးကျူးလိုက်သည်။

သူမ၏ ဘေးနားမှ ရဲ့လော့ယီမှာကား အသားကင်တစ်ချောင်းပင် မယူဘဲ ရေတစ်ခွက်ကိုင်ကာ စိတ်ဓာတ်ကျနေသည်။ သူမ၏ မျက်နှာထက်တွင် အပြုံးအရယ်ဟူ၍ မတွေ့ရချေ။

ကျုံချင်းယွီသည် ရဲ့လော့ယီကို နှစ်ပေါင်းများစွာမုန်းတီးခဲ့သူဖြစ်ရာ အခြားသူများကဲ့သို့ သနားစရာအဖြစ် မမြင်ပါ။ သူမက လုပေယွီကိုပြောလိုက်သည်။

"ရဲ့လော့ယီက ရှင့်အစ်မပဲလေ သူ့အတွက် မကင်ပေးဘူးလား၊ မဟုတ်ရင် သတင်းသမားတွေက ဓာတ်ပုံရိုက်ပြီး တင်လိုက်မှ မဆိုင်တဲ့ ငါတို့ပါ အတူတူ‌ပေါင်းပြီးအနိုင်ကျင့်တယ်ဆိုပြီး ဖြစ်နေဦးမယ်"

ရဲ့လော့ယီက မသက်မသာ ကြည့်ရင်း ပြန်ဖြေသည်။

"မလိုပါဘူး ငါ့မှာ စားချင်စိတ်မရှိလို့"

လုပေယွီသည် နှစ်ယောက်ကြားထဲမှ ကြားညှပ်နေပြီး အကူအညီမဲ့နေသည်ဟု ခံစားနေရသည်။

"ကျုံအစ်မရယ် ကျွန်တော့်အစ်မ လော့ယီအကြောင်း မပြောပါနဲ့တော့၊ သူက ခုတလောစိတ်ဓာတ်တွေကျနေတာ"

ကျုံချင်းယွီက သရော်ပြုံးပြုံးလိုက်သည်။

"ဒါဆို သွားပြီး နှစ်သိမ့်ပေးလိုက်ပေါ့"

လုပေယွီ အလျင်အမြန်ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်ပါဘူး လူကြီးတွေရဲ့ကိစ္စတွေက အရမ်းရှုပ်ထွေးလွန်းတယ်"

ရဲ့လော့ရီ၏ မောင်လေးတစ်ယောက်အနေဖြင့် သူမကို ပေယွဲ့ပိုင်အား အမြန်ဆုံးစွန့်လွှတ်ရန် အကြံပေးခဲ့သော်လည်း နားမထောင်မည်ကို ကြိုသိနေသည်။

ဆက်ပြောလည်း မထူးမည်ကို ကြိုသိသောကြောင့် လုပေယွီသာ် အသားကင်များကိုသာ ဆက်ကင်နေလိုက်သည်။

သူက ယန်ရှီကို နွေးပြီးသား အမဲသားကင်များ ပိုပေးလိုက်သည်။

"အစ်မယန်ရှီ ထပ်စားပါဦး"

ဆုလင်းလင်းက သူ့ပန်းကန်နှင့် ယန်ရှီပန်းကန်ကို ယှဉ်ကြည့်ပြီး ပြောလိုက်သည်။

"လုပေယွီ နင်က မတရားဘူးပဲ၊ ငါတို့က သိလာတာကြာပြီကို ဘာလို့ ယန်ရှီကို ပိုပေးနေတာလဲ"

လုပေယွီ မျက်လုံးလွှဲပြီး

"နိုးပါ ငါဘာမှမပေးပါဘူး"

"ဟုတ်ပါတယ် နင်ပေးလိုက်တာငါတွေ့တယ်၊ ငါတို့ကိုကျ အကင်လေးချောင်းထဲပေးပြီးတော့ ယန်ရှီကိုကျ ငါးချောင်းတောင်ပေးတယ်"

ကျုံချင်းယွီကလည်း သူ့ပန်ကန်ပြားကို ကြည့်လိုက်မိသည်။

အို...စိတ်ဝင်စားဖွယ်ကောင်းလှပေစွ။ သူမတွင်လည်း အသားကင်လေးချောင်းသာရှိသည်။

လုပေယွီက ရှက်ကို့ရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်သည်။

" အစ်မယန်ရှီကို ပိုပေးချင်လို့ပေးတာဘာဖြစ်လဲ"

ကျုံချင်းယွီ၏ မြားနတ်မောင်ဖြစ်ချင်သည့် ဗီဇက ချက်ချင်းနိုးထသွားသည်။ လုပေယွီသည် အသက် ၁၇နှစ်သာရှိသေးသော်လည်း ယန်ရှီက ၂၀သာရှိသည်။ "အသက်သုံးနှစ်ကြီးသည့်မိန်းမမျိုး ရွှေပုံ ရွှေခဲထက်ဆိုး" ဆိုသည့် စကားပုံလည်းရှိသည်။ E sport လောကတွင် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ်ရပ်တည်နေသော သူဠေးသားလည်းဖြစ်သော လုမိသားစု၏ လူငယ်မျိုးဆက်သစ်သည် လူအားလုံး၏အာရုံကို ဆွဲဆောင်နိုင်သည်။

ယန်ရှီက ကျုံချင်းယွီ၏ စိတ်လှုပ်ရှားနေသော မျက်လုံးများကို မြင်တွေ့ရပြီး အလျင်အမြန်ငြင်းလိုက်သည်။

"မဖြစ်နိုင်ပါဘူး ငါ အချစ်ရေးတွေ ဘာတွေ ခေါင်းထဲမထည့်ချင် သေးဘူး! တကယ်ပြောတာပါ"

သူမတွင် အချစ်ကံကောင်းစေသော ဝိညာဉ်တစ်ခုများ ပူးကပ်နေ လေရော့သလား။ အဘယ်ကြောင့် ဤမျှလောက် မရမကပိုးပန်း‌နေသည့်မေတ္တာရှင်ကိုရွှေပြည်သာများ ပေါများနေရသနည်း။

လုပေယွီ ခဏတာ ဆွံ့အသွားမိပြီး ပြုံးရယ်လိုက်သည်။

"ယန်ရှီအစ် နားလည်မှုမှားသွားတာနဲ့တူပါတယ်၊ ကျွန်တော့်မှာ အစ်မကြီးအပြင် ဒုတိယအစ်မတစ်ယောက်လည်းရှိခဲ့ဖူးပါတယ်၊ သူ ပျောက်နေတာ အနှစ်နှစ်ဆယ်လောက်ရှိပါပြီ သူက အစ်မနဲ့အသက်တူတူလောက်ပဲ၊အဲဒါ အစ်မကိုတွေ့ရင် သူ့ကို သတိရမိလို့ပါ"

လုပေယွီသည် အမှန်အတိုင်းပြောနေခြင်းပင်ဖြစ်သည်။ သူသည် ယန်ရှီကို တွေ့သည့်အခါတိုင်းတွင် မိသားစုဝင်တစ်ယောက်ကဲ့သို့ ခံစားနေခဲ့ရသည်။ ဤသည်မှာ ပျောက်နေသည့်သူ့အစ်မနှင့် ယန်ရှီတို့ အသက်တူနေခြင်းကြောင့်သာမက သူမ၏ မျက်ခုံးမျက်လုံးတို့သည် လုဝမ်ဝမ်နှင့် ဆင်တူနေခြင်းကြောင့်ပင်ဖြစ်ပါသည်။

ဤစကားကို ကြားပြီး ကျုံချင်းယွီနှင့် ယန်ရှီတို့ အံ့အားသင့်သွားကြပြီး ခဏတာ တိတ်ဆိတ်သွားကြသည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲသွားခဲ့သည်။

ဆုလင်းလင်းသည်ကား သူတို့၏ ထူးဆန်းသောအမူအရာကို သတိမထားမိဘဲ သူမ နစ်နာသွားသော အသားကင်တစ်ချောင်းအတွက် ဆက်လက်တောင်းဆိုနေဆဲဖြစ်သည်။ လုပေယွီက အမဲသားကင်တစ်ချောင်း ထပ်ပေးလိုက်သောအခါမှသာ တရားမျှမှုရှိသည်ဟု ခံစားသွားရပြီး ငြိမ်ကျသွားသည်။

နာရီဝက်အကြာတွင် အစားအသောက်ပေးပို့သည့် ကုန်တင်ကားတစ်စီးသည် ဗီလာအနီးတွင် ထိုးရပ်လာခဲ့သည်။

ကျုံချင်းယွီက အားလုံးကိုခေါ်ပြီး ကြွေးလိုက်သည်။

"အသားကင်စားရင် နို့လက်ဖက်ရည်မပါရင် မဖြစ်ဘူးလေ၊ ကျွန်မတိုက်ပါ့မယ် အားလုံးပဲ တစ်ယောက်ကိုတစ်ခွက်စီ ကိုယ်ကြိုက်တာ ရွေးသောက်နိုင်ပါတယ်"

ဝန်ထမ်းအဖွဲ့ဝင်များအားလုံး ဝမ်းသာသွားကြသည်။ သူမသည် ယခင်က ရသစုံရှိုးရိုက်ကူးစဉ်ကလည်း သူတို့အား အကောင်းဆုံးအစားအစာများ ကျွေးခဲ့ဖူးသည်။

ကျုံချင်းယွီက နို့လက်ဖက်ရည်နှစ်ခွက်ယူလာပြီး ယန်ရှီကို တစ်ခွက်ပေးလိုက်သည်။ တစ်မော့နှစ်မော့ခန့်သောက်ပြီးနောက် ချက်ချင်းပင်တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသဖြင့် ယန်ရှီကို တားလိုက်သည်။

"မသောက်နဲ့ဦး"

ယန်ရှီ- "ဘာဖြစ်လို့လဲ"

"ဒီဟာမှာ သရက်သီးပါနေတယ် နင် သရက်သီးနဲ့မတည့်ဘူးမလား၊ စတော်ဘယ်ရီအရသာကို ပြောင်းသောက်လိုက်နော်"

"အိုကေ"

ယန်ရှီသည် သရက်သီးနှင့် ဓာတ်မတည့်သော်လည်း အလွန်အမင်း တော့ မပြင်းထန်ပေ။ အနီအကွက်များသာ ထွက်လာတတ်ခြင်းဖြစ်သည်။ ထို့ကြောင့် သောက်မိလျှင်လည်း ဆေးတစ်လုံးနှစ်လုံးသောက်ကာ ပုံမှန်ပြန်ဖြစ်နိုင်သည်။

သို့သော်လည်း မည်သည့်နို့လက်ဖက်ရည်ဖြစ်စေ အရသာရှိသည့် အခြားတစ်ခွက်ကို ပြောင်းသောက်ရလျှင်လည်း အဆင်ပြေပါသေးသည်။

ယန်ရှီသည် များများစားစား တွေးမနေတော့ဘဲ ဝန်ထမ်းမှ ပေးလိုက်သော နို့လက်ဖက်ရည်ကို ယူလိုက်သည်။

သူမဘေးနားတွင် လုပေယွီသည် မလှုပ်မယှက် ရပ်နေပြီး ယန်ရှီကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေသည်။

ဆုလင်းလင်းက သူ့အကြိုက်ဆုံးအရသာကို ရွေးနေရင်း လုပေယွီကိုမေးသည်။

"လုပေယွီ ဘာအရသာလိုချင်လဲ၊ သရက်သီးအရသာလား"

လုပေယွီ၏ နှလုံးသားသည် တုန်လှုပ်နေပြီး လည်ချောင်းများခြောက်သွားသကဲ့သို့ ခံစားနေရသည်။

"စတော်ဘယ်ရီအရသာ"

သူကဆက်ပြောလိုက်သည်။

" ငါလည်း သရက်သီးနဲ့ မတည့်ဘူး"

All Chapters