Chapter 13
Vol. 2 Ch. 13
တစ်ညတာလုံး ရှချန်းချန်းနှင့် စနစ်တို့သည် ရုပ်ရှင်ကြယ်ပွင့်တို့အား သဲသဲလှုပ်အားပေးကြသော မိန်းကလေးများပမာ ၎င်းတို့၏ "ကြယ်ပွင့်" အကြောင်းကို အသေးစိတ် ဖော်ထုတ်ခဲ့ကြလေသည်။
တစ်ဦးချင်းစီမှာ လွှမ်းမိုးနိုင်သူများဖြစ်သောကြောင့် သူတို့၏ မျက်ဝန်းများမှာ တုန်ခါလျက်ပင်။
သူတို့သည် အမှန်တကယ်ပင် အင်တာနက်ပေါ်မှ CP-ချစ်မြတ်နိုးသော၊ ဖရဲသီးစားရကြိုက်သော ကောင်လေးနှင့် အိမ်ရှိ စွဲလမ်းမှုကင်းမဲ့၍ ခံစားချက်အား ထုတ်ပြလေ့မရှိသော နတ်ဘုရားကဲ့သို့ အမျိုးသားကို ဆက်စပ်၍ မရနိုင်အောင် ဖြစ်နေကြသည်။
သို့သော်ငြား အသက်ကို လှုပ်ခါစေနိုင်သော အပင်မှ ရရှိသည့် ဖရဲသီးမှာ အသက်ကယ်ဆေးကဲ့သို သတင်းအချက်အလက်ကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြန်သည်။
ကျေးဇူးတင်ပါတယ်၊ Top ဖန်ရယ် ငါနဲ့ အတူရှိနေပေးပါ။
မျက်စိတစ်မှိတ်အတွင်း ၊ ညဆယ့်တစ်နာရီသို့ ရောက်လာသော် ရှချန်းချန်းသည် ကိုယ်လက်လှုပ်ရှားကာ အောက်ထပ်သို့ ဆင်း၍ စားဖိုမှူးအား ညစာ ပြုလုပ်ပေးရန် တောင်းဆိုလိုက်၏။
စားဖိုမှူးသည် ညစာ သုံးပွဲ ပြုလုပ်ပေးခဲ့သည်။ တစ်ပွဲမှာ ရှချန်းချန်းအတွက် ပူနွေးသော ပင်လယ်စာဆန်ပြုတ်ဖြစ်ပြီး၊ ကျန်နှစ်ပွဲမှာ ကွမ်ကျုံး ယောက်ကျူ၏ အာဟာရပြည့်ဝသော အစားအစာ ဖြစ်သည်။
ညစာ စားပွဲပေါ် ရောက်လာသောအချိန်တွင် ကွမ်ကျုံးသည် ပေါ့ပေါ့ပါးပါး နှစ်ဇွန်းခန့် စားပြီးနောက် လှဲချလိုက်သည်။ သူ အတော်ပင် ပင်ပန်းနေပုံရသည်။
ယောက်ကျူသာ် အင်မတန် တက်ကြွနေခဲ့သည်။ ရှချန်းချန်း၏ ပေါင်ကို အဆက်မပြတ် ဖက်တွယ်နေပြီး၊ ရှချန်းချန်း ခွင့်ပြုလိုက်သည်နှင့် ချက်ချင်းပင် သူ့ညစာကို စားရန် ပြေးဝင်သွားတော့သည်။
ရှချန်းချန်းလည်း ထိုင်လိုက်ကာ ဆန်ပြုတ် သောက်လျက် ဖုန်းမှတဆင့် အင်တာနက်ပေါ်ရှိစာများကို ဖတ်နေလိုက်သည်။
မျက်နှာပြင်တစ်ခုလုံးမှာ ရှဲ့ကျစ်ရှင်း၏ မှတ်ချက်များနှင့် ပြည့်နှက်နေပြီး၊ ရှချန်းချန်းမှာ ခိုး၍ရယ်မောခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။
အတန်းဖော် ကျူ- {ရှဲ့ကျစ်ရှင်း သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ ရွှေမြင်းဆု(အကောင်းဆုံးသရုပ်ဆောင်ဆု) ရဖို့ ထိုက်တန်တယ်! ^-^}
အတန်းဖော် ကျူ - {ရှဲ့ကျစ်ရှင်း 'လိုက်ဖမ်းခြင်း' ထဲက ငိုတဲ့အခန်းမှာဆိုရင်လေ တကယ်ကို ငါ့မှာ ငိုရလွန်းလို့ သေမလိုပဲ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဘာလို့ ဒီလောက်တောင် ကောင်းရတာလဲ! TAT}
အတန်းဖော် ကျူ - {ရှဲ့ကျစ်ရှင်းရဲ့ နောက်ထပ် ရုပ်ရှင်တွေကို စောင့်မျှော်နေပါတယ်နော်! o( ̄▽ ̄)d}
ထိုအချိန်မှာပင် ရှဲ့ကျစ်ရှင်း ဧည့်ခန်းသို့ ရောက်လာပြီး၊ ရှချန်းချန်း၏ အပြုံးသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။
ရှဲ့ကျစ်ရှင်းသည် ဘာမှ မဖြစ်သလိုပင် သူ့အတွက်သူ ရေတစ်ခွက် ငှဲ့လိုက်သည်။
ရှချန်းချန်းသည် ပြုံးလျက် နှုတ်ဆက်လိုက်သည် "ယောကျာ်း~ ရှင် ညစာ သိပ်မစားလိုက်ရသေးဘူး ထင်တယ်နော် နည်းနည်းလောက် ထပ်စားမလား?"
သူမသည် နှုတ်ဆက်ခြင်းသာ ဖြစ်ပြီး၊ ရှဲ့ကျစ်ရှင်းကို ညစာ အတူစားရန် အမှန်တကယ် ဖိတ်ခေါ်ခြင်း မဟုတ်ပေ။
သို့သော် ရှဲ့ကျစ်ရှင်းက မထင်မှတ်ထားစွာဖြင့် "ကောင်းပြီ"
စားဖိုမှူး ဆန်ပြုတ်မချမီ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းဘေးတွင် ထိုင်ပြီး ကွမ်ကျုံးရှေ့ရှိ ပုံမှန်မဟုတ်သော ပျစ်ချွဲချွဲ အရာကို မြည်းစမ်းနေပြီ ဖြစ်သည်။
ရှချန်းချန်းက- "......"
သူမသည် ရှဲ့ကျစ်ရှင်းကို သတိပေးချင်ခဲ့သော်လည်း အချိန်မမီတော့ပေ။ ထို့ကြောင့် သူမ စကားကို ပြောင်းကာ "...ကောင်းရဲ့လား?"
ရှဲ့ကျစ်ရှင်းသည် ဤပုံမှန်မဟုတ်သော ပျစ်ချွဲချွဲ အရာ၏ အရသာကို အမှန်တကယ်ပင် ခံစားနေပုံရသည်။ အချိန်အတော်ကြာသည်အထိ သင့်လျော်သော ဖော်ပြချက်ကို မစဥ်းစားနိုင်သောကြောင့် "သာမာန်ပါပဲ" ဟုသာ ပြန်ဖြေနိုင်ခဲ့သည်။
သူ ပန်းကန်ကို ချလိုက်ပြီးနောက်တွင် အနားရှိ ကွမ်ကျုံးမှာ သူ့ကို ဒေါသတကြီး ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ထိုအချိန်တွင် စားဖိုမှူးသည် ပင်လယ်စာ ဆန်ပြုတ်တစ်ပန်းကန်ကို ရှဲ့ကျစ်ရှင်းရှေ့သို့ ချပေးလိုက်၏။
ရှဲ့ကျစ်ရှင်းသည် သူ့ရှေ့ရှိ လှပသော ပင်လယ်စာ ဆန်ပြုတ်ပန်းကန်နှင့် ထူးဆန်းသော ပျစ်ချွဲချွဲ အရာများပါသည့် ပန်းကန်ကို ကြည့်ကာ အံ့အားသင့်သွားသည်။
ခဏအကြာတွင် သူသည် သံသယမျက်လုံးများဖြင့် အနားမှ ရယ်ချင်စိတ်ကိုအောင့်နေရသော ရှချန်းချန်းကို ကြည့်လိုက်သည်။ ရှချန်းချန်း ပြန်မဖြေနိုင်ခင်မှာပင် ကွမ်ကျုံးသည် ခြေတံတိုလေးများကို လှုပ်ရှားကာ ဖြည်းညင်းစွာဖြင့် ထိုပျစ်ချွဲချွဲ အရာရှေ့သို့ ရောက်သွားပြီး၊ သူ့၏ နူးညံ့သေးငယ်သော လျှာလေးကိုထုတ်ကာ လှပစွာ နှစ်ကြိမ်ခန့် လျက်လိုက်သည်။
ရှဲ့ကျစ်ရှင်း- "......"
ရှဲ့ကျစ်ရှင်းသည် သူ၏ မူလကတည်းက ထိုင်နေသော လှပခန့်ညားသည့် ကိုယ်ဟန်အမူအရာကို ဆက်လက်ထိန်းသိမ်းထားသည်။ သို့သော် ကွမ်ကျုံး၏ ပန်းကန်လုံးကို ကိုင်ထားသော သူ၏ လက်ဖမိုးမှာ အနည်းငယ် တင်းမာနေကာ အပြာရောင် သွေးကြောများပင် ထင်းလျက်ရှိသည်။
ခဏကြာပြီးနောက် သူ ထရပ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်- "နောက်ကျနေပြီ၊ ငါ အရင်နားနှင့်တော့မယ်"
ရှဲ့ကျစ်ရှင်း လှည့်ကာ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ဧည့်ခန်းထဲမှ တည်ငြိမ်စွာ ထွက်ခွာသွားသည်။
ထောင့်ချိုးတစ်ခုကို ကျော်သွားပြီးနောက်၊ ရှချန်းချန်း သူ့ကို မမြင်ရတော့သောအချိန်မှ ရေချိုးခန်းထဲသို့ ချက်ချင်း ပြေးဝင်ကာ ရေချိုးကန်ကို မှီ၍ အန်ချလိုက်တော့သည်!
ခုနက စားခဲ့သော ကြောင်စာများကို အကုန်အန်ထုတ်လိုက်ပြီးမှ ရှဲ့ကျစ်ရှင်းမှာ ကိုယ်ရောစိတ်ပါ ပေါ့ပါးသွားပြီး၊ ပါးစပ်ကို နှစ်ကြိမ်ခန့် ဆေးကြောကာ ထွက်သွားရန် ပြင်ဆင်လိုက်၏။
ခေါင်းလှည့်လိုက်သည်နှင့် ရှချန်းချန်းသည် ကွမ်ကျုံးကို ပွေ့ချီကာ ရေချိုးခန်းတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ရှဲ့ကျစ်ရှင်း- "......"
ရှချန်းချန်း- "......"
ကွမ်ကျုံး- "......"
ရှဲ့ကျစ်ရှင်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းလာပြီး၊ ရှချန်းချန်းဘေးမှ ကမန်းကတန်း ဖြတ်လျှောက်ကာ သူ၏အခန်းသို့ ပြန်ဝင်သွားသည်။
ရှဲ့ကျစ်ရှင်း အခန်းထဲ ဝင်သွားသည်အထိ ရှချန်းချန်းသည် ဝမ်းဗိုက်ကို ဖိကိုင်ကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သောကြောင့် ရယ်သံများမှာ အိမ်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဒုတိယထပ်မှ ရှဲ့ကျစ်ရှင်း- "......"
ရှချန်းချန်းမှာ အသက်ရှူပင် မရှုနိုင်လောက်အောင် ရယ်မောကာ အသက်ရှူမဝတော့မှ ရပ်လိုက်တော့သည်။ သူမ မေးစေ့ကို ထောက်ကာ ဝမ်းသာအားရဖြစ်စွာ ပြောလိုက်သည်- "စနစ်၊ အစတုန်းကတော့ အတန်းဖော် ကျူ က ရှဲ့ကျစ်ရှင်းရဲ့ အခြားအကောင့် မဟုတ်ဘူးလို့ ထင်ခဲ့တာ"
"ဒါပေမဲ့ အခုတော့ သူတို့နှစ်ယောက် တူလိုက်တာလို့ စထင်နေပြီ~"
စနစ်သည် စိတ်ပျက်အားငယ်စွာ- "...... အေးတိအေးစက်မျက်နှာထားနဲ့ ဗီလိန်တစ်ယောက်ရဲ့ ပုံရိပ်ကတော့...... ပျက်စီးသွားပြီ......TAT"
သူ လုံးဝ မတွေးမိခဲ့သည်မှာ ဝတ္ထုထဲတွင် ထိုကဲ့သို့ ဝှက်ထားသော ဇာတ်ကြောင်းတစ်ခု ရှိနေခြင်းပင်။ ရှချန်းချန်းသာ Paparazzi မဖြစ်ခဲ့လျှင် ဤလျှို့ဝှက်ချက်ကို မည်သူမျှ သိရှိမည် မဟုတ်တော့ပေ။
“ဒါပေမဲ့ အဲ့ဒါနဲ့ပဲ သူ့ကို ဝတ္ထုထဲက ဗီလိန် မဟုတ်ဘူးလို့ ပြောလို့မရဘူးလေ” စနစ် ဒေါသတကြီး ပြောလိုက်သည်- "သူက ရက်စက်တဲ့အခါ တကယ် ရက်စက်တာနော်! သေပြီး ခြေရာလက်ရာတောင် မကျန်တော့တဲ့ သူ့ဦးလေး ရှဲ့ချန်းရယ်ကိုသာ စဉ်းစားကြည့်!"
"ဟုတ်ပါပြီရှင့် ဟုတ်ပါပြီ! သတိထားပါ့မယ်ရှင့်~" ရှချန်းချန်းသည် ကွမ်ကျုံးကို ပွေ့ချီကာ သူ့အခန်းသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဖုန်းမှ "တောင်" ခနဲ မြည်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ "ရှန်းကျွယ်" ရုပ်ရှင် ထုတ်လုပ်ရေးအဖွဲ့မှ ပို့လာသော အီးမေးလ်တစ်စောင်ပင် ဖြစ်သည်။
အီးမေးလ်တွင် ရှချန်းချန်းသည် "ရှန်းကျွယ်" ရုပ်ရှင်၏ "ဝူဟွမ်း" ဇာတ်ကောင် အတွက် ရွေးချယ်ခံရကြောင်းနှင့် မနက်ဖြန် ဆယ်နာရီတွင် ဒါရိုက်တာ ကျိုးရှန်းနန်၏ စတူဒီယိုသို့ သွားရောက်ကာ ဓာတ်ပုံရိုက်ရန် ပြောကြားထားသည်။
"Host! ဒါက ဒုတိယ အမျိုးသမီးဇာတ်ဆောင်နေရာပဲ!" စနစ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်- " ဝတ္ထုထဲမှာဆိုရင် "ရှန်းကျွယ်" ရုပ်ရှင်က တစ်နှစ်တာဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် နံပါတ်တစ်ချိတ်ခဲ့တာလေ ဒါဆိုရင်တော့ ဒီဝတ္ထုကို ရိုက်ကိုရိုက်သင့်ပါတယ်!"
"ရှန်းကျွယ်" သည် အမှန်တကယ်ကို ကောင်းမွန်သော ဝတ္ထုတစ်ခုပင်။
ဝတ္ထုထဲတွင် ယဲ့ရှီဝမ်သည် ဤရုပ်ရှင်ကြောင့်ပင် ရုပ်ရှင်ထူးချွန်မင်းသမီးဆုကို ဆွတ်ခူးခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူမနှင့် ဟန်ကျားလင်းတို့ လက်ထပ်ပြီးချိန်တွင် ဝတ္ထုကလည်း ပြီးဆုံးခဲ့သည်။
"မသွားဘူး"
ရှချန်းချန်းသည် စဥ်းတောင်မစဉ်းစားဘဲ ငြင်းဆန်လိုက်သည်- "သွားရင် ဘယ်လိုလုပ် Paparazzi ဖြစ်တော့မလဲ?"
စနစ်- "......"
စနစ်သည် လက်မလျှော့ခဲ့ပေ- "ဒါပေမဲ့ မူလဇာတ်ဆောင်က စာချုပ်ချုပ်ထားပြီးသားလေ! မင်း ငြင်းရင် စာချုပ်ဖောက်ဖျက်ကြေး ပေးရမှာပေါ့!"
"ပြဿနာ မရှိပါဘူး၊ ဒဏ်ကြေး ပေးရင်လည်း ပေးပေါ့!" ရှချန်းချန်းသည် အားမာန်အပြည့်ဖြင့် "ကျွန်မမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်!"
စနစ်- "......"
မင်းရဲ့ ဘဏ်အကောင့်ထဲမှာ ဂဏန်းကိုးလုံးနီးပါး ရှိတာနဲ့တင် မင်း ပျော်ရွှင်နေပြီ မဟုတ်လား!
"ကျွန်မ အိပ်တော့မယ်၊ ဒီဇာတ်ကားကို ဘယ်သူပဲရိုက်ရိုက် ရိုက်ချင်တဲ့သူရိုက်!" ရှချန်းချန်းသည် သမ်းဝေရင်း အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်သည်။
ရုတ်တရက်၊ သူမ၏ ဦးနှောက်ထဲတွင် စာလုံးနက်နက်ဖြင့် တာဝန်လုပ်ရန် သတိပေးချက်တစ်ကြောင်း ပေါ်လာသည်။
[ရှန်းကျွယ် ရုပ်ရှင်ရိုက်ကွင်းကို ဖျက်ဆီးပါ၊ ဆက်စပ်သော သတင်းဆိုးများကို ထိပ်တန်းသတင်းဖြစ်အောင် တင်ပါ] သတိပြုရန်- [တာဝန် ပျက်ကွက်ပါက အသက်ကို ဆုံးရှုံးရမည်]
ရှချန်းချန်း- "......?"
ရှချန်းချန်း၏ မျက်လုံးများမှာ ချက်ချင်းပင် မှောင်မိုက်သွားပြီး၊ "စနစ်၊ဒါတော့ ရှင် အရမ်း တရားလွန်သွားပြီ!"
စနစ်- "ဝိုး ဝိုး ဝိုး…. Host၊ ဒါက ကျွန်တော် စီစဉ်ထားတာ မဟုတ်ပါဘူး၊ ဒါက ပင်မစနစ်က ပေးပို့တာပါ။ ကျွန်တော်လည်း အသက်ရှည်ချင်တာပဲ! ကျွန်တော်က ခင်ဗျားကို မှီခိုပြီး မိန်းမကို ကျွေးမွေးရဦးမယ်!"
ရှချန်းချန်း၏ မျက်နှာတွင် ထေ့ငေါ့နေသောအကြည့်ဖြင့် ဤဆိုးဝါးသော စနစ်ကို လုံးဝ မယုံကြည်ပေ။
စနစ်- "တကယ်! မင်းက ဇာတ်လမ်းကို ထိန်းချုပ်ဖို့ ဒီကိုရောက်လာတာ၊ ဒါက ဝတ္ထုကမ္ဘာရဲ့ စည်းမျဉ်းတွေပဲ။"
ဒီနေရာမှာ "ရှန်းကျွယ်" မိတ်ကပ်ဓာတ်ပုံရိုက်တာမှာ ပါဝင်တာမျိုးက ဝတ္ထုထဲက အရေးကြီးတဲ့ ဇာတ်လမ်းကွက်တစ်ခု ဖြစ်တဲ့အတွက်၊ ပင်မစနစ် က ဇာတ်လမ်းကို ပိုပြီး ပြင်းထန်လာအောင် မင်းကို မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တွေ ပေးထားတယ်။
နောက်ပြီး ကျိကျင်းဟန် ရဲ့ တောင်းပန်ပွဲလိုမျိုးကတော့ ဝတ္ထုထဲမှာ တစ်ခါတလေပဲ ဖော်ပြထားတဲ့ ဇာတ်လမ်းကွက်ဖြစ်လို့ မင်းအနေနဲ့ ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးဖို့ပဲ လိုတာ။
ဥပမာအားဖြင့်၊ မင်းက "Glorious Ancestors" ဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ဝယ်လိုက်တယ်ဆိုရင်၊ ဒါက ဝတ္ထုထဲမှာ လုံးဝမပါတဲ့ ဇာတ်လမ်းဇာတ်ကွက်ဖြစ်တဲ့အတွက် မင်းက OOC (ဇာတ်ကောင်စရိုက်ကနေ လွဲချော်)သွားရင်တောင် အပြစ်ပေးခံရမှာ မဟုတ်ဘူး!"
ရှချန်းချန်း စဉ်းစားခန်း ဝင်လိုက်သည်။
အမှတ်တကယ်တော့ တောင်းပန်ပွဲ ပြီးဆုံးချိန်မှစ၍ "ရှန်းကျွယ်" ထုတ်လုပ်ရေးအဖွဲ့ရဲ့ အီးမေးလ်ကို လက်ခံရရှိချိန်အထိ သူမ OOC ဖြစ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင်။ သို့သော်ငြား စနစ်ရဲ့ သတိပေးချက်ကို မရရှိခဲ့ပေ။
"ဝတ္ထုထဲက ဇာတ်လမ်းကွက်တွေနဲ့ ကြုံလာရင် ကျွန်တော် မင်းကို သေချာပေါက် သတိပေးမှာပါ" ဟု စနစ်က တိုးတိုးလေး ပြောလိုက်သည်။ "တကယ်တော့... စုစုပေါင်း ဇာတ်ကွက်နေရာ နည်းနည်းပဲ ရှိတော့တာ"
မူလဇာတ်ဆောင် သေဆုံးချိန်တွင် ဝတ္ထု၏ ဇာတ်လမ်းမှာ ထက်ဝက်ကျော်သွားပြီ ဖြစ်သည်။
"ကောင်းပြီလေ၊ ရုပ်ရှင်ရိုက်ကွင်းကို သွားဖျက်ဆီးရုံပဲ မဟုတ်လား?" ရှချန်းချန်းသည် အခန်းထဲရှိ အိပ်ရာပေါ်တွင် လှဲနေလျက် ပြည်တည်တည်အပြုံးဖြင့် ရယ်မောလိုက်သည်- "ဒီရုပ်ရှင်ရိုက်ကွင်းကို လုံးဝ ပျက်စီးသွားအောင် လုပ်ပစ်မယ်~"
သူမ၏ အပြုံးသည် လှပပြီး စိတ်ရင်းကောင်းပုံပေါက်သော်လည်း စနစ်၏ အမြင်မှာမူ အဘယ်ကြောင့်မှန်းမသိ၊ ကြက်သီးမွေးညင်းထချင်စရာ ကောင်းနေတော့သည်။