← Chapters

Chapter 60

Vol. 6 Ch. 60

Chapter 60

Vol. 6 Ch. 60

စုရှီက တက္ကစီငှားပြီး ထမင်းစားဖို့ သွား၏။ သီးသန့်ခန်းထဲ ဝင်လိုက်တာနဲ့ ဟောက်ကျင်းချွမ်ဘေးက ခုံလွတ်နေတာကို တွေ့လိုက်ရပြီး သူ့အမေက လက်လှမ်းပြနေသည်။

"ရှီရှီ ဒီမှာလာထိုင်။ သမီးတို့တွေ အတူထိုင်ရမှာပေါ့"

"အနောက်ဘက်ကနေ နေများထွက်လာတာလား။ ပြင်လို့ဆင်လို့"

ဟောက်ကျင်းချွမ်က စုရှီကို အံ့ဩနေသည့် ပုံစံဖြင့် ခေါင်းအစခြေအဆုံး ကြည့်သည်။ သူ ပြောလို့မပြီးခင်မှာဘဲ သူ့အမေက နောက်ကျောကို ပိတ်ရိုက်လိုက်ပြီး ဟောက်တော့သည်။

"မင်းဘာလို့ ဒီလို ပြောရတာလဲ။ မိန်းကလေးတစ်ယောက် ထိုင်ဖို့ ခုံရွေ့ပေးရတယ်ဆိုတာ မသိဘူးလား။ လူကြီးလူကောင်းဆန်တဲ့ အကျင့်လေးတော့ ရှိမှာပေါ့"

ဟောက်ကျင်းချွမ်မှာ သူ့အမေရိုက်ချက်ကြောင့် လန့်သွားပြီး ပြုံးတုံ့တုံ့ဖြင့်ထကာ စုရှီအတွက် ခုံထရွေ့ပေးသည်။

"ထိုင်ပါ"

စုရှီက သီးသန့်အခန်းထဲက လေထုတွေကြောင့် ခေါင်းကိုက်လာ၏။

"ကျေးဇူးတင်ပါတယ် အန်တီ" ဟုပြောကာ ထိုင်လိုက်သည်။

ထို့နောက်မှာတော့ သူနဲ့ဟောက်ကျင်းချွမ်တို့ နှစ်ယောက်သား ဖုတ်ဝင်သလိုမျိုး စားစရာတွေကို ခေါင်းမဖော်တမ်း စားတော့၏။ နှစ်ဖက်မိဘတွေမှာတော့ စကားကောင်းနေကြပြီး သူနဲ့ ဟောက်ကျင်းချွမ်တို့ ငယ်ငယ်တုန်းက အိမ်ထဲမှာဆော့ကာ သေးပေါက်ချတဲ့ အကြောင်းကိုပင် ပြောနေကြသည်။ ဒါ့အပြင် အထက်တန်းကျောင်းတတိယနှစ်၊ ကိုယ်ပိုင်ကျောင်းဝင်ခွင့်စာမေးပွဲနဲ့ ဘယ်မြို့မှာ ကျောင်းထားရမလဲ ဆိုတာတွေပါ ပြောကြသည်။

နှစ်ဖက်မိသားစုတွေက တစ်ရပ်ကွက်ထဲမှာ အတူတူနေကြတာဖြစ်လို့ မိဘတွေမှာလည်း အခင်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပြီး ဆယ်နှစ်ကျော်လောက် တစ်ဦးနဲ့တစ်ဦး ကူညီစောင့်ရှောက်ပေးခဲ့ကြသည်။ ငယ်ငယ်တုန်းက စုရှီရဲ့မိဘတွေ ထမင်းဟင်းချက်ဖို့ အချိန်မရှိတဲ့အခါ ဟောက်ကျင်းချွမ် အိမ်မှာပဲ သွားစားနေကျပင်။ ဟောက်ကျင်းချွမ် မူကြိုမှာတုန်းက သူ့အဖေ လာကြိုဖို့ မေ့နေခဲ့ရင်လည်း စုရှီရဲ့အဖေက ကလေးနှစ်ယောက်လုံးကိုပါ တစ်ခါတည်း ကြိုသွားပေးတတ်သည်။

ဤသို့ကြောင့် ဒီလို မိသားစုလက်ဆုံစားတာကို လအနည်းငယ်ကြားတိုင်း တစ်ခါလောက် လုပ်ဖြစ်ကြသည်။ အချိန်တိုင်း နှစ်ဖက်မိဘတွေရဲ့ စကားဝိုင်းမှာတော့ မပြောင်းလဲပေ။ အလာပသလာပတွေ အကုန်ပြောကြပြီး နောက်ဆုံးကျရင် စုရှီနဲ့ ဟောက်ကျင်းချွမ် အကြောင်းပဲ ပြန်ပြောကာ ရယ်ကြ၏။ ငယ်ချစ်ဦးတွေဖြစ်ပြီး နောင်ကျရင် လက်ထပ်ရမယ်လို့ တွက်ထားကြသည်။

စုရှီနဲ့ ဟောက်ကျင်းချွမ်မှာ ဒီလိုစကားတွေချည်းပဲ ကြားရပါများနေတော့ နားစည်တွေလည်း ပေါက်ထွက်တော့မည်ပင်။ သူတို့ကတော့ ဒါကို အတည်မယူခဲ့ကြ။

နှစ်ယောက်သားအချင်းချင်း စိတ်ပျက်လက်ပျက်ကြည့်ကာ အားပါးတရ စားနေလိုက်ကြသည်။

စုရှီက မျက်နှာကို ပန်းကန်လုံးနဲ့ ကွယ်ပြီး ငုံ့နေကာ ဟောက်ကျင်းချွမ်ကို တိုးတိုးလေးပြောလိုက်သည်။

"ငါ ရှင်းရှင်းပဲပြောမယ်ဟာ။ ငါ တက္ကသိုလ်ကို ငါ့အမှတ်မှီသလောက် ရွေးမှာ။ နင်နဲ့တက္ကသိုလ် တူတူတက်ဖို့ အမှတ်မမှီဘူးဆိုရင်လည်း ငါ နင့်နောက်မလိုက်ဘူး။ ငါက နင့်ကို ကုချင်လိုပဲ သဘောထားတာ။ နင့်ကို လုံးဝ စိတ်မဝင်စားဘူး"

ဟောက်ကျင်းချွမ်လည်း လိမ္မော်သီးဖျော်ရည်ဘူးကြီးနဲ့ မျက်နှာကို ကွယ်ပြီး တိုးတိုးလေးပြန်ပြောသည်။

"ငါ့မိဘတွေက ငါ့ကို ဒီအတင်းဆွဲခေါ်လာတာဟ။ ငါကရော နင့်လို မဟုတ်ဘူးများ ထင်နေလား။ နင့်ကို ကြည့်ရတာ ငါ့ညာလက်ကို ကြည့်ရတာနဲ့ ဘာမှ မကွာဘူး"

စုရှီ ကလည်း ပြန်ပြောသည်။

"အဲတာဆို နောက်ခါကျရင် နင်လည်း ငြင်းလေ။ ပြောလိုက်ပေါ့။ ငါ့ကိုပဲ လွှဲချမနေနဲ့"

ဟောက်ကျင်းချွမ်မှာတော့ စိတ်ရှုပ်နေသလို စုရှီကို ကြည့်ကာပြော၏။

"သူတို့က နှစ်တွေအကြာကြီး နားပူနားဆာတိုက်‌နေတာပါဟာ။ ဒီတိုင်းမသိချင်ယောင်ဆောင်လိုက်။ အရင်ကတောင် နင်ဘာမှမဖြစ်တဲ့ဟာ ခုမှ ဘာလို့အဖြစ်သည်းနေတာလဲ… ဟ စုရှီ နင် ချစ်တဲ့သူရှိနေလို့လား။ အရင်ရက်တုန်းက ကျောင်း..."

ပြောလို့မပြီးသေးခင်မှာဘဲ စုရှီက မျက်နှာကြီးနီနေလျက် တားလိုက်သည်။

"မဟုတ်ဘူး ပါးစပ်ပိတ်ထား"

ကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေးပြောနေတာကိုမြင်တော့ နှစ်ဖက်မိဘတွေမှာ ပို ရယ်မောနေ ကြ၏။ အထူးသဖြင့် ဟောက်မေမေက ကလေးနှစ်ယောက်ကို ပြုံးကြည့်နေလျက် ပြောသည်။

"သူတို့က ငယ်ချစ်ဦးလေးတွေပဲ။ ငါ့ချွေးမလေးတော့ ရှာတွေ့ပြီ"

နှစ်ယောက်သား မော့ကြည့်လာပြီး စိတ်ကင်ဆာတွေ ရနေသည်။

"...."

ထိုနှစ်ယောက်မှာ ခုံတွေကို ဆွဲလိုက်ပြီး ဝေးနိုင်သမျှ ဝေးဝေးမှာ ထိုင်ကာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် မနေကြတော့။

စုရှီက စိတ်ငြိမ်အောင် ကြိုးစားပေမယ့် တစ်နေ့လုံး ဟောက်ကျင်းချွမ် ပြောခဲ့တဲ့စကားတွေကို တွေးနေမိသည်။

သူနဲ့ ဟောက်ကျင်းချွမ်ကို မိဘတွေက တွဲကြဖို့ တိုက်တွန်းနေခဲ့သည်မှာ တစ်နှစ် နှစ်နှစ်လောက် ရှိနေပြီပင်။ ကြာလာတော့ အသားကျနေခဲ့ပြီး မကြားချင်ယောင်ဆောင်ခဲ့ပေမဲ့ ဒီနေ့ကျမှ ဘာလို့စိတ်ထဲမှာ မတင်မကျဖြစ်နေတာပါလိမ့်။ အိမ်က မထွက်ခင် သူ့အမေဆီက မက်ဆေ့ဝင်လာတဲ့ အချိန်တည်းက စုရှီမှာ တစ်စုံတစ်ယောက်ကို သစ္စာဖောက်မိသလို ခံစားချက်ကြီး ဝင်နေတာပင်။

စုရှီမှာ ကျိုက်ကျိုက် မှုန်ကုပ်နေတဲ့ပုံကို တွေးမိပြီး စိတ်ထဲမှာ ကျိုက်ကျိုက် နှစ်ယောက် ပေါ်လာလေသည်။ ဘယ်ဘက်မှာတော့ ဆန်မုန့်လုံးလို မျက်နှာလေးက ငုံ့နေပြီး ပခုံးက နွမ်းလျ ပြိုကျနေကာ ငိုတော့မည့် ပုံပေါက်နေသည့် ကျိုက်ကျိုက် ရှိနေသည်။ ညာဘက်မှာတော့ မှုန်ကုပ်ကုပ်ပုံစံနှင့် လူငယ်လေးက သူ့ကိုယ်သူထိန်းဖို့ ကြိုးစားနေကာ ပြုံးလျက် သူမကို ပြောသည်။

"ကိုယ်စိတ်မဆိုးပါဘူး"

စုရှီမှာ လေအေးပေးစက်ကြောင့် လည်ပင်းနည်းနည်းအေးသလို ခံစားလိုက်ရပြီး တုန်နေလေသည်။

ဘာလုပ်ရမှန်းမသိတာကြောင့် ကောင်းကင်ကိုသာ မော့ကြည့်ပြီး ကျိုက်ကျိုက်တစ်ယောက် သူ့မိဘတွေပြောတဲ့ အကြောင်းတွေ ကြားသွားမလားဆိုတာ သိချင်နေမိ၏။

သို့သော်ငြား သူ့ကိုယ်သူ တစ်ခုခုမှားနေကြောင်း ချက်ချင်းသတိထားမိလိုက်သည်။ မဟုတ်သေးဘူး၊ သူက ဘာလို့ အပြစ်ရှိ‌သလို ခံစားနေရတာလဲ။ ဘယ်သူ့ကိုမှလဲ အကြွေးမတင်ထားဘဲနဲ့လေ။

စုရှီ ထင်တာမမှားချေ။ လုဟွမ်မှာ သီးသန့်ခန်းထဲက သူတို့ မိဘတွေ ပြောနေတာကို ကြားပြီးပြီဖြစ်သည်။ စုရှီနဲ့ ဟောက်ကျင်းချွမ် ခေါင်းချင်းဆိုင်ပြီး တိုးတိုးလေးပြောနေကြတာကို မြင်တော့ သူ့အကြည့်တွေမှာ စူးရှလွန်းလို့ ဟောက်ကျင်းချွမ်ရဲ့ ခေါင်းကိုတောင် အပေါက်ဖောက်လိုက်တော့မလိုပင်။

လုဟွမ်မှာ သူတို့ခေါင်းတွေ နီးသထက် နီးလာတာကို စိုက်ကြည့်နေရသည်။ အရမ်းကို မျက်စိစူးစရာ ဖြစ်နေတာကြောင့် သူကိုယ်တိုင် ခွာထုတ်ပစ်ချင်လောက်သည် အထိပင်။

အရင်အချိန် သူ စုရှီကို ဘယ်သူမှန်း မသိခဲ့တုန်းကဆို သူ အဖြစ်ချင်ဆုံးက မှတ်စုတွေကနေတစ်ဆင့် စုရှီနဲ့ စကားပြောရဖို့ပင်။ သူဘယ်သူလဲဆိုတာ ရှာပြီး ရင်းနှီးအောင်လုပ်ဖို့ မလွယ်ပေမယ့် ပြန်တွေ့ချင်နေခဲ့သည်။ နောက်ဆုံး စခရင်ပေါ်လာပြီး သူ့အသံကို ကြားရ သူ့မျက်နှာကိုမြင်ရကာ မျက်နှာချင်းဆိုင် စကားပြောလို့ရလာတော့ သူ့ကမ္ဘာကြီးက ဘယ်လောက်ကျယ်ကြောင်း သိလိုက်ရသည်။ စုရှီရဲ့ ကမ္ဘာက ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေကို လေ့လာဖို့ အချိန် တစ်နှစ်ခွဲလောက် ယူလိုက်ရပေမယ့် ဘယ်လောက်ပဲ နီးစပ်နေပါစေ ရေထဲက လမင်းရဲ့ ပုံရိပ် ဖမ်းနေသလိုမျိုးသာ ဖြစ်၏။

သူ့အနေနဲ့ စုရှီ ဘေးနားမှာ လမ်းလျှောက်ချင်သည်၊ တစ်လေထဲ အသက်ရှူချင်သည်၊ မျက်နှာချင်းဆိုင် စကားပြောချင်သည်၊ သူ့ရဲ့ကိုယ်ငွေ့လေးကို ခံစားချင်သည်။ ဒီအေးစက်စက် အကြည်ရောင်ကန့်လန့်ကာကြီးက သူတို့နှစ်ယောက်ကို နှစ်ပေါင်းထောင်ချီလောက် ခြားထားတာကို မလိုချင်ပေ။

လုဟွမ်မှာ ဆန္ဒတွေကို ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်ပြီး ကိုယ့်ပြဿနာတွေပဲ ကိုယ်ဖြေရှင်းဖို့ လုပ်တော့သည်။

မြို့တော်ထဲမှာ ကောလဟလတွေ ပျံ့နေပြီး မင်းသားကိုး ဘယ်ချိန်ပြန်ရောက်လာမလဲ ဆိုတာကို ဘယ်သူမှ မသိကြချေ။ အရာရှိတစ်ယောက် ဒီကိစ္စကို ရုံးတော်မှာတင်ပြတော့လည်း ဧကရာဇ်က စကားလမ်းကြောင်းသာလွှဲပြီး ငြင်းတာမျိုး မလုပ်ခဲ့ချေ။

ဤကိစ္စက ယန်တိုင်းပြည်ရှိ လူတွေအတွက် ဝမ်းသာစရာဖြစ်ပေမယ့် မြို့တော်က အာဏာရှိတဲ့လူတွေအတွက်တော့ ဝမ်းသာစရာကိစ္စမဟုတ်ပေ။

အထူးသဖြင့် မင်းသားငါးနဲ့ အိမ်ရှေ့စံမင်းသားပင်။

မင်းသားငါးမှာ ဒီသတင်းကိုကြားပြီးနောက် မျက်နှာကြီးမဲသွားပြီး ဆွေးနွေးနေကြတဲ့အချိန် ဒီကောလဟလတွေ ဖြန့်တဲ့သူကို ဖမ်းဖို့ အကြံပေးလိုက်သည်။ ဝန်ကြီးချုပ်နဲ့ အိမ်ရှေ့စံမင်းသား၏ မယ်တော် မိဖုရားခေါင်ကြီးမှာလည်း မျက်နှာသိပ်မကောင်းလှပေ။ သို့သော်လည်း သူတို့က မင်းသားငါးလို စိတ်မတည်မငြိမ်ဖြစ်မနေဘဲ အချိန်တစ်ခုလောက်ထိ ဘာမှလှုပ်ရှားမည်မဟုတ်။

အရင်နှစ်တွေကမှ နန်းတော်ထဲ ရောက်လာသည့် အရာရှိတွေမှာ မင်းသားကိုးအကြောင်း မသိကြပေမယ့် နှစ်ပေါင်းများစွာ ရုံးတော်ထဲရှိနေခဲ့သည့် မင်းသားများနှင့် အရာရှိတွေမှာတော့ သိကြသည်။ အဲဒီတုန်းက ကိုယ်လုပ်တော်ချင်းဟာ ရေကန်ထဲကျပြီး ကယ်ပြီးတဲ့အချိန် ရေကန်မှာလည်း သွေးတွေပြည့်နှက်နေကာ ကလေးမှာလည်း သေဆုံးလျက်သား ဟု ပြောခဲ့ကြတာ မဟုတ်ပါလား။ နှစ်ယောက်လုံး သေသွားတယ်ဆိုတာ မဟုတ်ဘူးလား။ အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာ နန်းတော်ထဲက လူတွေအကုန် ပါးစပ်ပိတ်ကာ 'ကိုယ်လုပ်တော်ချင်း'ဆိုတဲ့ နာမည်ရော 'မင်းသားကိုး'အကြောင်းကိုရော မပြောရဲကြတော့ပေ။

ဒါပေမယ့် ဆယ့်ခုနှစ်နှစ်ကြာပြီးမှ တစ်ယောက်ယောက်က ဒီအကြောင်းကို ပြန်ဖော်ကာ မင်းသားကိုးသည် တကယ်မသေသေးကြောင်း ချန်ချွင်းဘုရားကျောင်းထဲမှာ ဧကရာဇ်က ပျိုးထောင်ထားခဲ့ကြောင်းကို ပြောလာသည်။

ဧကရာဇ်ကိုယ်တိုင် သူယုံကြည်တဲ့ အရာရှိတွေကို အမိန့်ပေးပြီး ဒီကောလဟာလတွေ ဖြန့်ခိုင်းနေတာကိုတော့ ဘယ်သူမှ မသိကြချေ။ အဲတာကြောင့် ဘယ်သူပြောတာလဲဆိုတာ သူတို့လည်း ခန့်မှန်းမရတာဖြစ်သည်။

သို့သော်ငြား ရာဇပလ္လင်အခန်းထဲက ဧကရာဇ်ရဲ့ အပြုအမူတွေကို ကြည့်ပြီး အရပ်သားတွေနဲ့ စစ်တပ်အရာရှိတွေမှာ ခန့်မှန်းကြည့်ကြသည်။ ရုံးတော်မှာရှိတဲ့ မင်းသားတွေရဲ့အာဏာကို ထိန်းချင်လို့ ဧကရာဇ်က မင်းသားကိုးအကြောင်း လုပ်ကြံဖန်တီးလိုက်ခြင်လား ဒါမှမဟုတ်ရင် အဲဒီတုန်းက မသမာတဲ့ကိစ္စတစ်ခုခု ရှိနေခဲ့ပြီး မင်းသားကိုးက တကယ်မသေခဲ့ဘူးဆိုတာလားပင်။

အတိုချုပ်ပြောရရင် ဒီကိစ္စရဲ့ အမှန်တရားကို ဘယ်သူမှ မသိကြပေမယ့် အဲဒီကိစ္စကြောင့်ပင် မြို့တော်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဖြစ်၏။

အမှန်ကို သိတဲ့ စစ်တပ်ရေးရာဝန်ကြီးမှာတော့ စစ်သူကြီးကျန့်ယွမ်ဆီ စာရေးဖို့ပြင်နေပြီး မြို့တော်ကို ပြန်ရောက်ရင် ဘာမှအလျင်စလိုမလုပ်ဖို့ သူ့အိမ်ရာမှာ ယင်းကိစ္စအကြောင်းဆွေးနွေးဖို့အတွက် စောင့်ပေးဖို့ကို ပြောရမည်ဖြစ်သည်။

စုရှီ လိုင်းတက်လိုက်တော့ မြို့တော်ထဲမှာ မင်းသားကိုးအကြောင်း ကောလဟာလတွေ ထွက်နေပြီး ယန်တိုင်းပြည်တစ်ခုလုံးနီးပါးကို ပျံ့နေ၏။

လုဟွမ်မှာ ဒီအကြောင်းကို စုရှီကို မပြောထားတာမလို့ စုရှီမှာ လုဝမ်ရှို့က နင်းဖူမင်းသားအိမ်ရာထဲမှာ သခင်မနင်းကို ပြောနေတာကိုကြားမှ သိရသည်ပင်။

သူ ခဏလောက် အေးခဲသွားမိသည်။

လက်ရှိမှာ မင်းသားကိုးရဲ့ သရုပ်မှန်ကို သိတဲ့သူဟာ သူမရယ်၊ ကျိုက်ကျိုက်ရယ်၊ ချန်းချွင်ဘုရားကျောင်းက တာအိုသူတော်စင်ရယ်၊ စစ်တပ်ရေးရာဝန်ကြီးရယ်၊ ဧကရာဇ်ရယ်သာ ရှိသည်။

ဧကရာဇ်ကသာ ကောလဟလတွေကို ဖြန့်ခိုင်းခြင်း ဖြစ်နိုင်သည်။ သို့သော်ငြား နောက်ကွယ်မှာ ကျိုက်ကျိုက်က မီးလောင်ရာလေပင့်လိုက်လုပ်နေမယ်လို့ စုရှီ ထင်နေသည်။

သူ သိပ်နားမလည်သေးချေ။ ချွန်းချွင်ဘုရားကျောင်းထဲမှာတုန်းကဆို ကျိုက်ကျိုက်က မြို့တော်ထဲမှာ ပြောစရာမဖြစ်ချင်ဘူး မင်းသားရာထူးကို စိတ်မဝင်စားဘူးလို့ ပြောခဲ့ပြီး အခုမှ မင်းသားရာထူးကို ပြန်ယူဖို့ ဆုံးဖြတ်ထားသလိုမျိုး ဒါတွေကို လုပ်နေတာကိုပင်။

အဲအချိန်တုန်းက ဂိမ်းရဲ့အစီအစဉ်အတိုင်း မစ်ရှင်တွေ ဆက်လုပ်ရင် ကျိုက်ကျိုက်ရဲ့ ဆန္ဒကို ဆန့်ကျင်နေသလို ဖြစ်မှာစိုးလို့တောင် တွန့်ဆုတ်နေခဲ့သေးသည်။

အခုတော့ ကျိုက်ကျိုက်က စိတ်ပြောင်းသွားပြီ ထင်ရ၏။

ဘာလို့များလဲ။

သူ့ဘက်မှာ မစ်ရှင်အသစ်နှစ်ခု ပေါ်လာလို့များလား။ မစ်ရှင်ပြီးအောင်လုပ်ဖို့ နဂိုအကြံအစည်ကို ပြောင်းလိုက်တာလား။ ဒါမှမဟုတ်ရင် အမှတ်တွေကြောင့်လား။

အမှတ်တစ်ရာပြည့်ပြီးတော့ သူတို့နှစ်ယောက်စပြီး စကားပြောလို့ရခဲ့သည်။ အမှတ်နှစ်ရာပြည့်ရင် စနစ်ကပြောတဲ့ လက်ဆောင်အကြီးကြီးဆိုတာက လူချင်းတွေ့ပေးမယ်လို့ ပြောတာများလား။

စုရှီစိတ်ထဲ ရုတ်တရက် တွေးမိသွားသည်။ အမှတ်နှစ်ရာပြည့်ရင် သူ ကူးပြောင်းသွားနိုင်မယ်လို့ ပြောတာလား။ သို့မဟုတ်ပါက ကျိုက်ကျိုက်သည် အမှတ်တစ်ရာပြည့်ပြီးတာကို ဘာလို့မစ်ရှင်တွေ လုပ်နေရတာလဲ။ သူ သေချာကြိုးစားပြီးတော့တောင် စစ်ပွဲမှာ တပ်တွေကို ဦးဆောင်ခဲ့တာဆိုတော့ သူစုရှီကို တွေ့ချင်လို့များလား။

အမှတ်နှစ်ရာပြည့်တဲ့အခါ သူ ကျိုက်ကျိုက်ကို တွေ့ရမယ်ဆိုရင်....။ စုရှီ ရင်တွေ တဒုတ်ဒုတ် ခုန်လာပြီး စိတ်လှုပ်ရှားနေသည်မှာ ဖော်ပြလို့တောင်မရတော့။

ကျိုက်ကျိုက်နဲ့ စကားပြောချင်တာကြောင့် အမှတ်တစ်ရာမပြည့်ခင်တုန်းက မစ်ရှင်တွေ ပြီးအောင် တော်တော်ကြိုးစားခဲ့သည်။ ဂိမ်းက နောက်ဆုံးအခန်းရောက်ဖို့ နီးလာတာနဲ့အမျှ နှမြောမိနေပြီး ကျိုက်ကျိုက်ကို နောက်တစ်ခါ ထပ်မတွေ့ရတော့မှာကို ကြောက်နေမိ၏။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိတာကြာခဲ့ပြီပင်။ နှစ်ယောက်သား လမ်းမတွေပေါ်မှာ လမ်းလျှောက်ဖူးသည်၊ ညဉ့်နက်အထိ စကားပြောခဲ့ဖူးပြီး ပြဿနာအခက်အခဲတွေကိုလည်း အတူတူဖြေရှင်းခဲ့ကြသည်။ သို့သော်ငြား နှစ်ယောက်စလုံးဟာ မတူညီတဲ့ အချိန်ကာလမှာ ရှိနေခဲ့၏။

မြင်ရ ကြားရသည့်တိုင် နွေးထွေးမှုကိုတော့ မခံစားရချေ။

အဲဒါကြောင့် စုရှီလည်း ကျိုက်ကျိုက်လိုပဲ ခံစားရပြီး သူ့ကို တွေ့ချင်သည်။

သို့သော်လည်း စုရှီ ရင်ထဲ အောင့်သက်သက် ဖြစ်သွားလေသည်။ အမှတ်နှစ်ရာပြည့်တဲ့အခါ သူ့အချိန်ကာလဆီ ရောက်လာပါ့မလား။

သူ လာနိုင်ပါက လာပေလိမ့်မည်။ ဒါပေမယ့် လာပြီးတော့ရော ဘာဆက်ဖြစ်မည်လဲ။ သူနောင်တရသွားမည်လား။

စုရှီဟာ သူနဲ့တစ်နှစ်ခွဲလောက် အတူတူရှိနေခဲ့တာဖြစ်လို့ သူ နင်းဖူမင်းသားဆီက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကနေ ဘယ်လိုရုန်းထွက်ခဲ့လဲဆိုတာ မြင်ဖူးသည်။ သူဟာ နင်းဖူမင်းသားရဲ့ ကိုယ်လုပ်တော်နဲ့ လုယီအန်းကို ဖြေရှင်းပြီး ရှန့်ကွမ်မိသားစုကို ဖြုတ်ချကာ စစ်တပ်ရေးရာဝန်ကြီးဌာနနဲ့ လယ်မြေတွေမှာ ကြီးကြပ်ပြီး စစ်သူကြီးကျန့်ယွမ်နဲ့ စစ်တပ်ရေးရာဝန်ကြီးတို့ သဘောကျအောင်လုပ်ကာ သူ့ဘက်ကိုပါစေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ မရေမတွက်နိုင်လောက်အောင်ပင်။

တစ်လှမ်းပြီး တစ်လှမ်းတက်လှမ်းရင်း ယနေ့နေရာကို ရောက်လာကာ နောက်ဆုံးမှာ သူ ရောက်ရမယ့် မင်းသားနေရာကို ရောက်သွားလိမ့်မည်။ ပြည်သူတွေရဲ့ နှလုံးသား‌ကိုလည်း အပိုင်ယူထားပြီဖြစ်ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကိုပါ ထိန်းချုပ်ထားနိုင်လေ၏။

သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ကမ္ဘာကြီး ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ ခြေတစ်လှမ်းအကွာလောက်သာ လိုတော့၏။

သူအချိန်အကြာကြီး ကြိုးစားခဲ့ပြီး ဒီအရာအားလုံးအတွက် လုံးပမ်းနေခဲ့ရသည်။ သူသာ စုရှီရဲ့ ကမ္ဘာကို ရောက်သွားမယ်ဆိုရင် အစကနေ ပြန်စရမည် မဟုတ်ပါလား။

တန်ပါ့မလား။

ထိုအောင့်သက်သက်ခံစားချက်တွေကြောင့် စုရှီ စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ကျိုက်ကျိုက်က သူ့ကို တွေ့ချင်တာကြောင့် ဖြစ်ချင်တဲ့ဆန္ဒကို ဆန့်ကျင်ခဲ့တာလို့ စုရှီ ထင်မိသည်။ သူ မင်းသားရာထူးကို ပြန်ရဖို့ မစ်ရှင်ကို လက်ခံလိုက်တဲ့အချိန်တုန်းက စုရှီ ဂနာမငြိမ်ခဲ့ပေ။

အခုချိန်မှာတော့ နောက်ဆုံးအခန်းရောက်ရင် ဘာဖြစ်မလဲဆိုတာ စုရှီ မသိ။ အမှတ်နှစ်ရာပြည့်တဲ့အခါ ပေးတဲ့လက်ဆောင်က အချင်းချင်းတွေ့ပေးတာ မဟုတ်တာလည်း ဖြစ်နိုင်သည်။ အချိန်ကာလကို ဖြတ်ပြီး ဆက်သွယ်နိုင်ဖို့အတွက် ကူးပြောင်းဖြတ်သန်းရမယ်ဆိုတာကလည်း လျို့ဝှက်ဆန်းကြယ်လွန်းပြီး မဖြစ်နိုင်ပေ။

စုရှီမှာ တွန့်ဆုတ်နေရ၏။ တစ်ဖက်မှာ ကျိုက်ကျိုက်ကို တွေ့ချင်ပေမယ့် တစ်ဖက်မှာလည်း စုရှီကြောင့် သူ ခက်ခက်ခဲခဲရယူထားတဲ့ အရာတွေကို မဆုံးရှုံးစေချင်ပေ။

သို့သော်လည်း အမှတ်နှစ်ရာပြည့်ရင် ရမဲ့လက်ဆောင်က ကူးပြောင်းရတာမျိုး မဟုတ်တာလည်း ဖြစ်နိုင်သည်။ ထိုအချိန်၌ ဘာဖြစ်မှာလဲမသိတာကြောင့် သိပ်စိုးရိမ်နေဖို့လည်း မလိုတော့ပေ။ စဉ်းစားကြည့်ရရင် စုရှီ ဒီအကြောင်းကို မတွေးခဲ့ဖူး‌ပေ။ ကျိုက်ကျိုက်သာ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ သူ့ဘေးနားမှာပဲနေပြီး ကျန်ခရီးဆုံးထိ ပြီးအောင် လိုက်သွားမည်ဖြစ်သည်။

All Chapters