← Chapters

Chapter 62

Vol. 7 Ch. 62

Chapter 62

Vol. 7 Ch. 62

ထိုနေ့ည မြို့ပြင်ဘက်ရှိ တဲအတွင်း၌ စစ်တပ်ရေးရာဝန်ကြီးနှင့် စစ်သူကြီးကျန့်ယွမ်မှာ လျှို့ဝှက်ဆွေးနွေးနေကြသည်။

မြို့တော်သို့ အပြန်လမ်းမှာတင် မင်းသားကိုးအကြောင်း ကောလဟလများသည် စစ်သူကြီးကျန့်ယွမ်နားထဲသို့ ရောက်နေပြီဖြစ်၏။ မြို့ထဲ ဝင်ကာ ထိုကောလဟလတွေ ဘယ်ကလာတယ် ဆိုတာကို စစ်တပ်ရေးရာဝန်ကြီးအား မေးမည်ပြုသော်လည်း စစ်တပ်ရေးရာဝန်ကြီးက မြို့ပြင်ကို ထွက်ပြီး သူ့ကိုလာတွေ့ကာ ချန်ချွင်းဘုရားကျောင်းမှာ သူကြားခဲ့တာတွေ လာပြောမယ်လို့ မထင်ထားခဲ့ပေ။

တာအိုသူတော်စင်ရဲ့ ပြောစကားတွေသာ မှန်တယ်ဆိုပါက ကောလဟလတွေကို ဖြန့်နေသူမှာ ဧကရာဇ်ကလွဲပြီး မရှိ‌နိုင်တော့။

ဤသို့မဟုတ်ဘဲ ဧကရာဇ်သာ မသိကျိုးကျွန် ပြုမထားပါက ကောလဟလတွေမှာ မြို့တော်တစ်ဝိုက် ဒီလောက်ထိ ဘယ်လိုပျံ့နိုင်ပါမည်လဲ။

စစ်တပ်ရေးရာဝန်ကြီးမှာ ချန်ချွင်းဘုရားကျောင်းထဲတွင် လုဟွမ်ရဲ့အတိတ်ကို မတော်တဆ သိခဲ့ပြီးထဲက မျက်တောင်တစ်ချက်မခတ်ဘဲ လူတွေကို စုံစမ်းဖို့ စေလွှတ်ခဲ့ပြီးပြီပင်။ တစ်ဖက်မှာလည်း အဖွဲ့တစ်ခုဖွဲ့ထားပြီး တာအိုသူတော်စင်ကို ကာကွယ်ဖို့အတွက် လူတွေ တိတ်တိတ်လေး လွှတ်ထားခဲ့သည်။

ဒါပေမဲ့ သူလုံးဝမထင်ထားခဲ့တာက သူ့အစီအစဉ်တွေ အကောင်အထည် မဖော်သေးခင် ဧကရာဇ်က ယွင်ကျိုး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ခန့်မှန်းချက်များ ရှိထားပြီး ဖြစ်လေသည်။

ဧကရာဇ်ရဲ့ အတွေးတွေကို နားမလည်နိုင်သော်လည်း သဲလွန်စတွေက တွေ့ထားပြီးဖြစ်၏။ အရင်ဆုံး သူက ကောလဟလတွေကို ဖြန့်ပြီး လုဟွမ်ကို ညဘက်ကြီး ခေါ်တွေ့ခဲ့သည်။ မနက်ဖြန် ညီလာခံခန်းမမှာ တစ်တိုင်းပြည်လုံးသိအောင် ကြေငြာဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နိုင်သည်။

စစ်တပ်ရေးရာဝန်ကြီးက ဘာမှန်းမသိ စိတ်ရှုပ်ထွေးနေတော့သည်။

"မနက်ဖြန် ရုံးတော်မှာ ရာသီဥတုမကောင်းမှာကို စိုးရိမ်မိတယ်"

သူကော စစ်သူကြီးကျန့်ယွမ်ပါ တော်ဝင်နန်းတော်ထဲ ရုတ်တရက်ဆိုသလို မင်းသားကိုး ပေါ်လာပြီး သူ့ရာထူးကို ပြန်ယူမယ်ဆိုရင် ရုံးတော်ရဲ့အခြေအနေကို အကြီးကြီးသက်ရောက်သွားမယ်ဆိုတာကို သိနေသည်။

လက်ရှိမှာ ရုံးတော်ထဲရှိ လူတွေဟာ အိမ်ရှေ့စံမင်းသားဘက်က လူတွေနှင့် မင်းသားငါးဘက်က လူတွေဖြစ်၏။ အစက မင်းသားနှစ်ဘက်မှာလည်း ရပ်တည်တဲ့ လူတွေလည်းရှိတယ်ဆိုပေမယ့် မင်းသားနှစ်က ခဏခဏ နေမကောင်းဖြစ်ကာ မြောက်ပိုင်းစစ်ပွဲကို ရှောင်သွားပြီး ရည်မှန်းချက်မရှိ သူ့ကိုယ်သူကာကွယ်ဖို့ပဲ သိတတ်တာကြောင့် သူ့ဖြစ်တည်မှုဟာ တဖြည်းဖြည်း အရောင်မှိန်လာခဲ့သည်။

ဧကရာဇ်ရဲ့ အတွေးတွေက အမြဲတမ်း နက်ရှိုင်းပြီး ခန့်မှန်းရ ခက်ခဲလေသည်။ သူက စီမံအုပ်ချုပ်ရာတွင် မျှခြေထိန်းသိမ်းခြင်း ကို အမြဲကျင့်သုံးလေ့ရှိသည်။ ဘယ်မင်းသားမဆို ထောင်လွှားလာပါက သူတို့အား ဖိနှိပ် နှိပ်ကွပ်လိမ့်မည် ဖြစ်ပြီး မင်းသားတစ်ပါးပါးက အခြားမင်းသားများထက် နောက်ကျကျန်ခဲ့ခြင်းမျိုး ရှိပါကလည်း ထိုမင်းသားအား ထောက်ပံ့ပေးခြင်းဖြင့် မင်းသားများကြားရှိ အင်အားချိန်ခွင်လျှာကို အမြဲ ထိန်းညှိ နေတတ်သည်။ ဒီလိုနည်းလမ်းတွေကြောင့် ပြည်သူတွေနဲ့ စစ်တပ်အရာရှိတွေမှာ ဧကရာဇ် ရင်ထဲက ထီးနန်းလွှဲပေးချင်တဲ့ ဆက်ခံသူကို ခန့်မှန်းလို့မရချေ။

အခုတော့ နန်းတွင်းတစ်ခုလုံးကို ဆိတ်ဆိတ်ငြိမ်စေခဲ့တဲ့ ကိုယ်လုပ်တော်ချင်းရဲ့သား၊ အငယ်ဆုံးမင်းသားဖြစ်သူ မင်းသားကိုးဟာ ဘယ်ကနေမှန်းမသိ ပေါ်လာလေသည်။ ဧကရာဇ်ရဲ့ အပြုအမူတွေကို ကြည့်ရလျှင် ဧကရာဇ်က မင်းသားကိုးကို နှစ်ခြိုက်ပုံရ၏။

ဧကရာဇ်က သူ့ကို နန်းတော်ထဲ တိတ်တိတ်လေး ဆင့်ခေါ်ခဲ့သည့်တိုင် နံရံတွေမှာ နားတွေ ရှိတာကြောင့် စစ်တပ်ရေးရာဝန်ကြီးမှာ ဒီသတင်းကို သိသွားခဲ့သည်။ တစ်ခြားအရာရှိတွေမှာလည်း ဒီအကြောင်းကို သိထားတဲ့သူတွေ ရှိ၏။

အဲတာကြောင့် နောက်နေ့ မနက်ကျရင် အရာရှိတွေက လုဟွမ် နဲ့ ရင်းနှီးခွင့်ရအောင် ကြိုးစားလိမ့်မည်။

မင်းသားကိုး ရုတ်တရက်ပေါ်လာခြင်းက အိမ်ရှေ့စံမင်းသားရဲ့နေရာကို တုန်လှုပ်စေပြီး မင်းသားငါးရဲ့ဂုဏ်သတင်းကိုလည်း လွှမ်းမိုးသွားတာကြောင့် ဒီနှစ်ယောက်ကတော့ စိတ်အနှောင့်အယှက်ဖြစ်နေမှာ သေချာသည်။ အခြားသောမင်းသားတွေမှာလည်း စစ်တုရင်ခုံရဲ့ အလယ်ဗဟိုမှာ ရှိမနေကြသည့်တိုင် သူတို့အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်လျက် ရှိ၏။

မြို့တော်ရဲ့ ကျားကစားကွက်တွေက အပြောင်းအလဲတွေ ဖြစ်လိမ့်မည်ပင်။

အချိန်ကျလာရင် ဘယ်အဖွဲ့တွေက ဝင်ပါလာပြီး ဘယ်သူတွေက ခေါင်းကြိမ်းနေမှာလဲဆိုတာကိုတော့ မသိနိုင်ချေ။

စစ်သူကြီးကျန့်ယွမ်မှာ တစ်နှစ်ပတ်လုံး စစ်မြေပြင်မှာပဲ အချိန်‌ကုန်နေတဲ့ စစ်တပ်အရာရှိဖြစ်တာမလို့ ရုံးတော်ရဲ့ လှည့်ကွက်တွေကို သိပ်မသိတာကြောင့် သူ့အတွေးတွေမှာ စစ်တပ်ရေးရာဝန်ကြီးထက် ရိုးရှင်းသည်။ သူဟာ စစ်တပ်ရေးရာဝန်ကြီးဆီကနေ မြင်းတပ်ဗိုလ်မှူးက ကိုယ်လုပ်တော်ချင်းရဲ့သား မင်းသားကိုးဖြစ်ကြောင်းကို ကြားခဲ့ရ၏။ သူ အကြီးအကျယ် အံ့အားသင့်သွားခဲ့ပေမဲ့လည်း ချက်ချင်းပင် အပျော်လွန်သွားတော့သည်။

"ခင်ဗျားက ဘာလို့ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ပြည်သူတွေက တစ်နှစ်ပတ်လုံး ဒုက္ခရောက်နေကြရတာ။ သူက ဒီရာထူးမှာ ထိုင်ဖို့ အစွမ်းအစရှိနေသရွေ့ ကျုပ်တို့ကူညီပေးရတာ တန်ပါတယ်လေ။ အရင်ကတော့ ဒီလူငယ်က ကျုပ်နေရာကို ဆက်ခံနိုင်လို့ သူ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေဦးတော့ ဧကရာဇ်က မယုံသင်္ကာ ဖြစ်မှာပါပဲ ဆိုပြီး ကျုပ် စိတ်ပူခဲ့ရတယ်။ နောက်ဆုံးကျ သူ စစ်မြေပြင်မှာ မသေရဘဲနဲ့ ဧကရာဇ်လက်ထဲမှာပဲ သေရလိမ့်မယ်ပေါ့။ ဒါပေမယ့် သူကမင်းသားကိုး ဖြစ်နေမယ်လို့တော့ ကျုပ် တကယ်ကို မထင်ထားတာ။ အဲဒါကြောင့် အနာဂတ်မှာ သာမန်ပြည်သူတွေအတွက် သူ လုပ်ပေးနိုင်တဲ့အရာတွေက ကျုပ်လို သိုင်းပညာရှင်တစ်ယောက်ထက် ပိုသာနိုင်တယ်"

စစ်တပ်ရေးရာဝန်ကြီးက ကျန့်ယွမ်စစ်သူကြီးရဲ့ သဘောထားအတိုင်း သာမန်ပြည်သူများအား တာဝန်ထမ်းဆောင်စေရန် လက်ခံခဲ့သည်။ သို့သော်ငြား နောက်တကြိမ် ထပ်မံစဉ်းစားသောအခါ၌ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားနေရသည်။

စစ်သူကြီးကျန့်ယွမ်အား သူပြော၏။

"ကျုပ်လည်း မြင်းတပ်ဗိုလ်မှူးကို တော်တော်သဘောတွေ့ပါတယ်။ သူ မင်းသားကိုးဖြစ်နေတာထက် ပိုကောင်းတာမရှိတော့ဘူး။ ဒါပေမယ့် ဒီလတွေထဲမှာ သူ အရင်နှစ်က လုပ်ခဲ့တဲ့လုပ်ရပ်တွေကို ပြန်စုံစမ်းကြည့်တော့ သူရုံးတော်ထဲ စဝင်လာတာနဲ့ ယုံအန်းဘုရားကျောင်းက ဖျားနာနေတဲ့သူတွေကို ကူညီပေးတာတွေ၊ လယ်ယာမြေကို ဦးစီးတာတွေ၊ စစ်ချီတာတွေ၊ စားနပ်ရိက္ခာစုတာတွေကို လုပ်ပေးခဲ့တယ်။ နောက်တော့ ဧကရာဇ်က သူ့သရုပ်မှန်ကို သိသွားတယ်။ အားလုံးက ချောချောမွေ့မွေ့ ဖြစ်နေသလိုပဲ"

"အဲဒါက..."

စစ်တပ်ရေးရာဝန်ကြီးက မျက်မှောင်ကြုတ်သွားပြီး စကားကိုရပ်လိုက်သည်။

"အဲဒါက နောက်ကွယ်မှာ တွန်းအားပေးနေတဲ့လူ ရှိနေပုံပဲ"

ဟုတ်ပါ၏။ အစမှသည် တစ်ခုပြီးတစ်ခုက သူ့ကို မင်းသားကိုးနေရာပြန်ရအောင် တွန်းပို့နေသလိုပင်။

စဉ်းစားစရာပင် ဖြစ်၏။

အရင်ဆုံးသူက နတ်ဆေးဆရာလေးအဖြစ်နဲ့ ယုံအန်းဘုရားကျောင်းက ဒုက္ခသည်တွေကို ကယ်တင်ကာ ထိုလူတွေ လေးစားခြင်း ခံခဲ့ရသည်။ အဲဒီနောက် တော်ဝင်ကျောင်းတော်ကို ဝင်နိုင်ရန် ဆောင်းငှက်တောင်အမဲလိုက်ပွဲကို အသုံးချခဲ့သည်။ ထို့နောက် စစ်တပ်ရေးရာဝန်ကြီးမှတဆင့် ကျန့်ယွမ်စစ်တပ်သို့ ဝင်ရောက်နိုင်ရန် ပြုလုပ်ခဲ့သည်။ သူ၏မြင်းစီးအတတ်နှင့် မြားပစ်အတတ်ကို ပြသကာ ကျန့်ယွမ်စစ်သူကြီး၏ အသိအမှတ်ပြုမှုကို ရယူခဲ့သည်။ အဲ့ဒီနောက် စားနပ်ရိက္ခာတွေ စုဆောင်းတာ၊ လယ်မြေတွေ ဖွင့်ပေးတာ၊ ပြည်နယ်သုံးခုမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်တာ စသဖြင့် အခြားသော ကြီးကြီးမားမား လုပ်ဆောင်ချက်တွေနှင့် ပြည်သူများ၏ စိတ်ကိုရယူခဲ့သည်။ ယွင်ကျိုးမှာ ဖြစ်ခဲ့တဲ့ လုပ်ကြံမှုကလည်း မတော်တဆဟု မထင်ရဘဲ…. ကြိုသိနေခဲ့ပြီး ဒီအခွင့်အရေးကို ယူကာ ဧကရာဇ်နဲ့နီးစပ်အောင်လုပ်ပြီး သူ့သရုပ်မှန်အကြောင်း ဧကရာဇ်သိသွားစေဖို့ အသုံးချခဲ့တာလို့ ထင်ရ၏။

အချိတ်အဆက်မိမိ ပြည်သူတွေရဲ့စိတ်ကို အပိုင်‌သိ‌မ်းထားသည့်အပြင် နိုင်ငံနဲ့ပါ ယှဉ်လို့ရသည့် စည်းစိမ်ဥစ္စာတွေလည်း ရှိနေသည်။ အဲအပြင်ကိုမှ စစ်သူကြီးကျန့်ယွမ်နဲ့ ဝမ်စန့်ချန်းတို့ကလည်း အားပေးထောက်ခံထား၏။

အခုတော့ သူ၏သရုပ်မှန်က ပေါ်ပေါက်လာခဲ့လေပြီ။ သူကိုယ်တိုင်သည်လည်း အရာအားလုံး အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ကာ ကန့်လန့်ကာ မတင်ပြီး လူအများရှေ့ ရုပ်လုံးထွက်ပြရန်သာ ကျန်တော့သည်။

ဤအချိန်၌ ဧကရာဇ်က သူ့ကို ကိုယ်လုပ်တော်ချင်းရဲ့သား မင်းသားကိုးလို့ပဲ မြင်တော့တာမဟုတ်ပေ။ ဒီထပ် ပိုအရေးပါတာက ပြည်သူတွေ ကျေးဇူးတင်ခြင်းခံရသော ယုံအန်းဘုရားကျောင်းက နတ်ဆေးဆရာ၊ စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးတဲ့ နတ်ဘုရားကုန်သည်ကြီး၊ စစ်မြေပြင်ကနေ အောင်ပွဲတွေ ရယူပြီး ပြန်လာတဲ့ မြင်းတပ်ဗိုလ်မှူးလေး ဖြစ်နေတာပင်။

သူ့ဂုဏ်ပုဒ်ကို ပြန်လည်ပေးအပ်ပြီး တော်ဝင်မိသားစုရဲ့ဂုဏ်သတင်းကို အဖတ်ဆယ်ကာ ယန်တိုင်းပြည်ရှိ ပြည်သူတွေအားလုံးရဲ့ စိတ်တွေကို အပိုင်သိမ်း၍ ဒီလောက်‌ အောင်မြင်မှုတွေရနေမှတော့ ဧကရာဇ်က စိုးရိမ်ကြောင့်ကြမှု မဖြစ်ဘဲမနေချေ။

ဒါတွေမဖြစ်သေးခင် လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့် နင်းဖူမင်းသားအိမ်တော်က ကိုယ်လုပ်တော်ရဲ့သားအဖြစ်ပဲ ရှိနေသေးစဉ် တစ်ယောက်ယောက်က ဧကရာဇ်အား သူဟာ ကိုယ်လုပ်တော်ချင်းရဲ့ လမစေ့ခင် မွေးခဲ့တဲ့သားဟု ဆိုပါက ယုံမည်မဟုတ်ဘဲ ပြစ်ဒဏ်အကြီးကြီး ချမှတ်လိုက်မှာဖြစ်သည်။ တကယ်လို့ ယုံတယ်ဆိုရင်တောင် သူ့ကို မင်းသားကိုး ဂုဏ်ပုဒ်ကို လွယ်လွယ်နဲ့ ပြန်ပေးမည်မဟုတ်။

ဘယ်အပိုင်းကို ဘယ်လောက်ပဲ စဉ်းစားစဉ်းစား လုဟွမ် တစ်ယောက်ထဲတော့ ဒါတွေကို လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်နေသည်။ သူက ဉာဏ်ကောင်းတဲ့ လူငယ်လေးဆိုရင်တောင် ယန်တိုင်းပြည်မှာ နာမည်ကျော်သွားခဲ့တဲ့ စိုက်ပျိုးရေးနည်းပညာတွေနဲ့ ဖန်လုံအိမ်တွေကျတော့ ဘယ်လိုလုပ်ခဲ့ပါသလိမ့်။ သူ အဲ့တာတွေကို တီထွင်ခဲ့တာလား။

အဲတော့ တစ်ခြားနည်းနဲ့ပြောရရင် ယုံအန်းဘုရားကျောင်းနဲ့ ဆောင်းငှက်တောင် အမဲလိုက်ပွဲမှာကတည်က လုဟွမ်နဲ့ သူ့ဘက်ကလူတွေဟာ ဒါတွေကို စီစဉ်ခဲ့တာလို့ ဆိုလိုတာလား။

ဒါပေမယ့် ချန်ချွင်းဘုရားကျောင်းမှာ လုဟွမ် သူ့သရုပ်မှန်အကြောင်း သိလိုက်ရချိန် အံ့အားသင့်သွားတဲ့ ပုံစံမှာတော့ ဟန်ဆောင်နေပုံမရပေ။ စစ်တပ်ရေးရာဝန်ကြီးက သူ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာမလို့ အဲမတိုင်ခင်ထိ လုဟွမ်သည် သူ့သရုပ်မှန်အကြောင်း မသိသေးတာကိုတော့ အတပ်ပြောနိုင်သည်။

ဒါဆိုရင် ဘယ်သူက ဟိုးအစတည်းကနေ မီးထဲလောင်စာထည့်လိုက်တာလဲ။

စစ်တပ်ရေးရာဝန်ကြီးဟာ လုဟွမ် နောက်မှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတာကို သဲလွန်စမရှာနိုင်ဘဲ စဉ်းစားရခက်နေလေသည်။ အဲဒါကြောင့် သူ့အတွေးတွေကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ပြီး ဒီအချိန်မှာ ထုတ်မပြောတော့ပေ။

ထိုအချိန် တော်ဝင်ဥယျာဉ်မှာတော့ စုရှီတစ်ယောက် လုဟွမ်ရဲ့ အကြည့်တွေကြောင့် ရင်တုန်နေ၏။ သူ့မျက်နှာမှာ ဘဲကင်ကြီးလိုပင် ပူခြစ်နီရဲနေတော့သည်။ မျက်နှာလွှဲကာ စကားလမ်းကြောင်းပြောင်းချင်ပေမယ့် လုဟွမ်က သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေဆဲဖြစ်တာကြောင့် ဦးနှောက်ထဲဘာမှမရှိတော့ဘဲ ဘာပြောရ‌မှန်းမသိတော့။

ဒီလို အရေးကြီးတဲ့ အချိန်မှာမှ စုရှီရဲ့ ဖုန်းစခရင်မှာ အနက်ရောင်ပြောင်းသွားပြီး အားကုန်ကာ အလိုအလျောက် စက်ပိတ်သွားတော့သည်။

စုရှီ: !

စခရင်က အနက်ရောင်ပြောင်းသွားတာကြောင့် စုရှီမှာ လုဟွမ်ရဲ့ မျက်နှာကြောတင်းတင်းလေးနဲ့ သူ့ကို ရင်တုန်အောင်လုပ်တဲ့ မျက်ဝန်းများကို မမြင်ရတော့ချေ။ အဲတာကြောင့် သက်ပြင်းသာ တိုးတိုးလေးချမိတော့၏။

စုရှီ မတ်တပ်ထရပ်ကာ ဖုန်းကိုပုတ်ပြီး ပွစိပွစိပြောနေ၏။

"ဖုန်းအားကုန်သွားတာလား။ ဘုရားရေ အားကုန်သွားပြီ။ ဟာ မဖြစ်ဘူး တကယ်အားကုန်သွားပြီ"

"ကျိုက်ကျိုက်။ ကျွန်မကို မြင်ရသေးလား"

စုရှီက လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။

"ဖုန်းက အားကုန်သွားပြီ။ လိုင်း အရင်ဆင်းရ‌တော့မယ်ထင်တယ်။ အူး ဟူး ဟူး၊ ရှင် နန်းတော်ကို ပြန်သွားရင် ဂရုစိုက်နော်"

တော်ဝင်ဥယျာဉ်ထဲမှာ ရပ်နေဆဲဖြစ်တဲ့ လုဟွမ် : "...."

အားသွင်းတဲ့ဟာက မင်းဘေးမှာတင်လေ။

စုရှီရဲ့ ကမ္ဘာအကြောင်း လေ့လာပြီးတဲ့နောက်မှာ သူက သူ့ချပ်ပြားအမဲကြီးကို ပလပ်ပေါက်ထဲထည့်ဖို့ ဝါယာကြိုးဖြူကို သုံးရကြောင်း သိလိုက်ရသည်။ တဖြည်းဖြည်းနဲ့ အဲဒါတွေကို ဘယ်လိုခေါ်လဲဆိုတာပါ သိလာခဲ့၏။ ရေနွေးအိုးတွေနဲ့ ဆဲလ်ဖုန်းတွေလို လျှပ်စစ်ပစ္စည်းတွေဟာ အားသွင်းကိရိယာတွေလိုသည်။

စုရှီက ဖုန်းကို ဘေးပစ်ချလိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်သွားသည်။ အဲဒီနောက် ရေပိုက်ကိုဖွင့်ကာ ပူနေတဲ့ပါးတွေကို ရေအေးအေးနှင့် ပုတ်တော့၏။

လုဟွမ်မှာ တော်ဝင်ဥယျာဉ်ထဲ အကြာကြီးရပ်နေခဲ့ပြီး ညရဲ့အေးစိမ့်မှုက သူ့လည်ပင်းထဲ တဖြည်းဖြည်း စိမ့်ဝင်လာချိန်မှာတော့ အဖြူရောင်ပြောင်းခါနီးဖြစ်နေတဲ့ လက်ချောင်းတွေကို ဖြန့်လိုက်သည်။ အဲဒီနောက် ကျောက်လမ်းအကွေးတွေကနေ လမ်းလျှောက်ပြီး နန်းတော်ထဲက ထွက်ခဲ့တော့၏။

သူ့ကိုယ်သူ တောင့်ခံထားခဲ့တာလဲ ကြာလှပြီပင်။

ဖြေးဖြေးချင်း မသွားနိုင်တော့ပေ။

သူအခု အရမ်းစိတ်လှုပ်‌ရှားနေသည်။ စခရင်ကိုပိတ်ပြီး စုရှီသက်ပြင်းချနေတာကို မြင်လိုက်ရတော့ သူ စိတ်အားငယ်သလို ဝမ်းနည်းသလို ခံစားလိုက်ရ၏။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုဟွမ်ဆိုတာက လက်လျှော့မည့်သူမဟုတ်ပေ။ အချိန်ကုန်တဲ့အထိ စောင့်ရမယ်ဆိုရင်တောင် သူက စောင့်မဲ့လူမျိုးပင်။

စုရှီလည်း ကောင်းကောင်း အိပ်မပျော်ပါချေ။ မှောက်လိုက်လှန်လိုက်နဲ့ လူးလှိမ့်နေကာ ရှက်သွေးဖြာနေတော့သည်။ လုဟွမ် စခရင်ပြန်ဖွင့်ရင် အိပ်မရတဲ့သူ့ကို တွေ့သွားမှာစိုးတာနဲ့ စောင်ကို ခေါင်းမြီးခြုံကာ လှုပ်လှုပ်ယွယွဖြစ်မနေအောင် ကြိုးစားရသည်။ သူ့ရဲ့ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ချမပြချင်ပေ။

ရလဒ်အနေနဲ့ကတော့ နောက်နေ့ စုရှီ မျက်ကွင်းညိုပါ‌တော့သည်။ စုရှီ မှန်ကို စိုက်ကြည့်ရင်း အံ့ဩနေမိ၏။

နောက်ဆုံးစာမေးပွဲက ပြီးသွားလေပြီ။ စုရှီက နောက်ဆုံးစာမေးပွဲအဖြေလွှာတွေနဲ့ နွေရာသီအိမ်စာတွေကို ယူဖို့ ကျောင်းကို ပြန်သွားရ၏။ နွေရာသီကျောင်းပိတ်ရက်က စနေပြီဖြစ်သည်။ ပုံမှန်အားဖြင့် စုရှီဟာ စာမေးပွဲရက်ကာလတွေကလွဲလို့ ကျိုက်ကျိုက် ဘာလုပ်နေလဲ ကြည့်ရအောင် နာရီပိုင်းလောက် လိုင်းတက်လေ့ရှိသည်။ သို့သော်ငြား မနေ့ညက တော်ဝင်ဥယျာဉ်ထဲမှာ နှလုံးသားချင်း စကားပြောပြီးတဲ့နောက်ပိုင်း စုရှီရဲ့ ပါးတွေမှာ ပူခြစ်နေပြီး လိုင်းပေါ်လည်း မတက်ရဲတော့ချေ။

ကျောင်းဂိတ်ဝကနေ ထွက်လာတော့ ဟောက်ကျင်းချွမ်နဲ့ ကုချင်းတို့က မုန့်ဈေးတန်းကနေ သူ့ဆီ‌ကိုလာနေသည်။ ဟောက်ကျင်းချွမ်မှာ ပြောင်စပ်စပ်လုပ်ကာ စုရှီ ပုခုံးပေါ် လက်တင်လိုက်ပြီး ပြော၏။

"အိမ်တူတူပြန်ရအောင် ရှီရှီ"

ပုံမှန်လိုပဲ စုရှီမှာ သူ့လက်ကြီးကို ဖယ်ပြီး ထွက်သွားခိုင်းပေမယ့် ဖယ်မရတဲ့အခါကျ ဒီတိုင်းသာ ထားလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် သူတို့သုံးယောက်က အတူတူကြီးပြင်းလာခဲ့တာမလို့ ယောင်္ကျားမိန်းမ ခွဲခြားနေစရာမလိုပေ။ သို့ပေမယ့် ဘာလို့မှန်းမသိ စုရှီ သူ့ကို တွေ့လိုက်တော့ မျက်ခွံတွေလှုပ်နေသည်။ လေထဲကို စိုက်ကြည့်လျက် အပြစ်ရှိသလို ခံစားနေရတာကြောင့် ဝေးဝေးကို ခုန်ထွက်ကာ သတိပေးလိုက်၏။

"ငါ့ကို မထိနဲ့"

ဟောက်ကျင်းချွမ်က ပြောသည်။

"နင့်မှာ အဖျားတော့မရှိပါဘူးနော်"

တကယ်တော့ ရှေးခေတ်မှာဆို ယောင်္ကျားနဲ့ မိန်းမတွေဟာ အချင်းချင်း ထိတွေ့ခွင့်မရှိပေ။ လုဟွမ်က ခေတ်သစ်ယဉ်ကျေးမှုတွေကို လေ့လာထားပေမယ့် သူ့အတွေးအခေါ်တွေနဲ့ အယူအဆတွေမှာ လုံးဝပြောင်းလဲသေးတာမဟုတ်တာကြောင့် သူသာ စုရှီပုခုံးပေါ် ဟောက်ကျင်းချွမ် လက်တင်နေတာကို မြင်ရင် မျက်နှာကြီး မဲပုတ်သွားလိမ့်မည်။ မျက်လုံးတွေနီရဲကာ ခေါင်းပေါ်မှာလည်း တိမ်မည်းတွေ ပေါ်လာပေလိမ့်မည်။

"ငါ့မှာ အဖျားမရှိပါဘူး"

စုရှီမှာ ငြိမ်ငြိမ်မနေတဲ့ ဟောက်ကျင်းချွမ်ရဲ့လက်တွေ သူ့နားမရောက်စေဖို့ သတိကြီးစွာထားပြီး ရှောင်နေတော့၏။

အဲလိုနဲ့ပဲ ဟောက်ကျွင်းချွမ်မှာ ဆွံ့ဆလျက် ကုချင်းမှာလည်း အူကြောင်ကြောင်ဖြစ်ကာ စုရှီလည်း သတိထားနေရင်းနဲ့တင် သုံးယောက်သား နွေရာသီကျောင်းပိတ်ရက်အိမ်စာတွေကို အိမ်သယ်လာခဲ့ကြသည်။

စုရှီက ဖိနပ်လဲဖို့ အိမ်ထဲဝင်နေရင်း သူ့အမေ ဖုန်းပြောနေတာကို ကြားလိုက်ရသည်။ သူက သစ်သီးတွေ ငှက်သိုက်တွေ ကျန်းမာရေးဖြည့်စွက်စာတွေလိုမျိုး လက်ဆောင်တွေ ရနေကြောင်း ပြောပြထားသည်။ အဲဒီလက်ဆောင်တွေ တံခါးမှာလာချထားပြီး လက်ခံပေးဖို့ စာချိန်ထားတာကို တွေ့တိုင်း သူ့အမေမှာ ပဟေဌိဖြစ်လျက် ဝမ်းသာနေသည်။

"လက်ရေးလေးက လှလိုက်တာ။ စုတ်တံနဲ့ ရေးထားတာပဲ။ ရှင်းလင်းပြီး လှနေရော"

စုရှီက အာရုံထဲမထားဘဲ အိမ်စာတွေကို အခန်းထဲသယ်လာကာ စားပွဲပေါ် ချထားလိုက်သည်။ ဒီ‌နွေရာသီကျောင်းပိတ်ရက်အိမ်စာတွေကို ရက်နည်းနည်းလေးအတွင်း အပြီးဖြတ်မယ်လို့ သူစီစဉ်ထား၏။ အဲလိုဆို နောက်တစ်လ နှစ်လလောက် အပြည့်အဝအနားယူလို့ရပြီပင်။

စုရှီမှာ တစ်ယောက်ယောက် စာပို့တာကို စောင့်နေသလိုမျိုး မှုန်ကုပ်ကုပ်နှင့် ဖုန်းကိုခဏခဏ စိုက်ကြည့်နေလေသည်။ နောက်ဆုံးတော့လည်း မနေနိုင်ဘဲ ဖုန်းအားသွင်းပြီး လိုင်းတက်တော့၏။

ဒီနေ့ရုံးတော်အစည်းအဝေးအတွင်း ဧကရာဇ်သည် သူ လုဟွမ်အား ယန်ရှင်းနန်းတော်ခန်းမထဲမှာ ပြောခဲ့သလို လုပ်ခဲ့သည်။ သူဟာ ချန်ချွင်းဘုရားကျောင်းမှာ ကြီးပြင်းခဲ့သည့် အသက်ဆယ့်ခုနှစ်နှစ်အရွယ် မင်းသားကိုးကို တော်ဝင်နန်းတော်ထဲ ခေါ်ဆောင်ကာ မင်းသားကိုးဆိုတဲ့ ဂုဏ်ပုဒ်အား ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြည်သူလူထုနဲ့ စစ်တပ်အရာရှိတွေကို အသိပေးလိုက်၏။

ဒီသတင်းကိုကြားတော့ အကုန်လုံး အံ့အားသင့်ကုန်ကြသည်။ ညီလာခံခန်းမထဲမှာ အိုးပေါက်ကွဲ သွားသလိုမျိုးပင်။ လုဟွမ်က မင်းသားအဆောင်အယောင်တွေ ဝတ်ဆင်ပြီး ညီလာခံခန်းမထဲ ဝင်လာတော့ ပြည်သူတွေနဲ့ အရာရှိတွေမှာ ပိုလို့တောင် အံ့ဩနေကြတော့သည်။

ကျန့်ယွမ်စစ်တပ် မြို့တော်ကိုပြန်လာတော့ ဧကရာဇ် တိတ်တိတ်လေးဆင့်ခေါ်ခဲ့တာက စစ်သူကြီးကျန့်ယွမ်မဟုတ်ဘဲ မြင်းတပ်ဗိုလ်မှူးတစ်ယောက် ဖြစ်သည်။ အဲဒီညက သတင်းတွေကိုသိတဲ့ အရာရှိတွေမှာတော့ ထင်ကြေးပေးခဲ့ကြ၏။ တချို့ဉာဏ်ကောင်းတဲ့သူတွေမှာလည်း ခန့်မှန်းခဲ့ပြီးသား ဆိုပေမယ့် အများစုမှာတော့ အံ့အားသင့်နေကြသည်။

လုဟွမ်က ခုံရုံးကို တစ်ခါမှမတက်ရောက်ဖူးဘူး ဆိုပေမယ့်လည်း မင်းသားငါးနဲ့ တခြားသူတွေလိုပင် သူ့ကိုသိတဲ့ ပြည်သူတွေနဲ့ အရာရှိတွေ ရှိသည်။ သူတို့ဘယ်လောက်ပဲ ဦးနှောက်ခြောက်အောင် စဉ်းစားပါစေ နင်းဖူမင်းသားအိမ်တော်က ကိုယ်လုပ်တော်ရဲ့သားမှန်း သိနေတာကို သူတို့ ဧကရာဇ်ဘုရင်ကြီးက ကိုယ်လုပ်တော်ချင်းရဲ့သားလို့ ပြောမှန်း အဖြေရှာလို့မရချေ။ လွယ်လွယ်နဲ့ နားလည်လိုက်တာကတော့ ကိုယ်လုပ်တော်ချင်းရဲ့ သေဆုံးမှုမှာ မသမာမှုတခုခု ရှိနေတာပင်။ သူဟာ ကလေးကို ဘယ်သူမှမသိအောင် မွေးခဲ့တာတင်မက ကလေးကိုပါ နန်းတော်ထဲကနေ တိတ်တိတ်လေး ခေါ်ထုတ်စေခဲ့သည်။ ဒါပေမယ့် ခမည်းတော် ဧကရာဇ်က ဆယ့်ခုနှစ်နှစ်ကြာမှ မင်းသားကိုးကို အသိအမှတ်ပြုချင်ရတာလဲ။

အဲအပြင် မင်းသားကိုးက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ပေးဆပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေသည်။ အဲဒါတွေက ဒီနေ့ညီလာခံအစည်းအဝေးအတွက် လမ်းခင်းထားတာများလား။

မင်းသားတွေရဲ့ မျက်နှာထားတွေမှာ ပြောရခက်သည်။ အထူးသဖြင့် မင်းသားငါး ဖြစ်ပြီး လုဟွမ်ကို မဲ့ရွဲ့နေသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေလေသည်။

ဝန်ကြီးချုပ်၏ ဦးရီးတော်ရဲ့ နောက်လိုက်တစ်ယောက်မှာ မနေနိုင်ဘဲ ပြောဆိုလိုက်၏။

"အရှင်မင်းကြီး မင်းသားကိုးရဲ့ အထောက်အထားက သေးသေးဖွဲဖွဲကိစ္စ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က အရှင်မင်းကြီးကို လှည့်ဖြားဝံ့တယ်ဆိုတာ ကြီးလေးတဲ့ အပြစ်ဒဏ်ပဲ"

ဧကရာဇ်က လှောင်ပြောင်ရယ်လိုက်၏။ "အထောက်အထားလား။ ငါကိုယ်တော်ကိုက သက်သေပဲ။ ဝန်ကြီးက ကိုယ်တော့်ကို မေးခွန်းထုတ်နေတာလား”

ပြောပြီးတာနဲ့ ထိုအရာရှိဟာ ဆွဲခေါ်ခံလိုက်ရပြီး အကျဉ်းထောင်ထဲ တန်းရောက်သွားတော့သည်။ ဧကရာဇ်ဟာ ပြည်သူတွေနဲ့အရာရှိတွေ နှုတ်ပိတ်သွားအောင်လို့ ဒီ‌နည်းလမ်းကိုသုံးလိုက်တာပင်။

ဧကရာဇ်က တော်ဝင်မှတ်တမ်းရေးသူကိုလည်း စာလိပ်တစ်ခုရေးပြီး ကမ္ဘာသိအောင် ကြော်ငြာစေဖို့ အမိန့်ပေးလိုက်သည်။

ပြီးခဲ့တာတွေကိုတော့ ပြန်ပြင်လို့မရတော့ချေ။ ဒီကိစ္စဟာ အကြီးအကျယ် ပွက်လောရိုက်ခဲ့ပေမယ့် ဧကရာဇ်ရဲ့ ခိုင်မာတဲ့ ပြောဆိုချက်‌က နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။ ပြည်သူတွေနဲ့ အရာရှိတွေကို အံ့ဩစေတဲ့အချက်က စစ်သူကြီးကျန့်ယွမ်၊ စစ်တပ်ရေးရာဝန်ကြီး၊ စစ်သူကြီးယွင်နှင့် တစ်ခြားသူတွေမှာလည်း မင်သားကိုးနောက်မှာ ငြိမ်ငြိမ်လေးရပ်နေကြတာပင်။ တော်ဝင်ခုံရုံးမှာ ဝါးဖို့အခက်ဆုံး အရိုးတွေကတော့ စစ်သူကြီးကျန့်ယွမ်နဲ့ စစ်တပ်ရေးရာဝန်ကြီးဖြစ်ပြီး ထိုနှစ်ဦးရဲ့ လက်ထဲမှာ စစ်အင်အားရှိနေကာ ကိုယ်ရေးကိုယ်တာအတွက် လက်နက်ကိုင်အဖွဲ့တွေ မဖွဲ့စည်းခဲ့ကြပေ။ သူတို့ကို လက်ဆောင်တွေ မိန်းမလှလေးတွေနဲ့ မြှားလို့ရတဲ့လူတွေလည်း မဟုတ်တာကြောင့် အားလုံးက မင်းသားကိုးအား ရှုပ်ထွေးနေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ သူဘယ်လိုများ လုပ်လိုက်တာပါလိမ့်။ အခုမှ သူ့ဂုဏ်ပုဒ်ကို ပြန်ရတာဆိုပေမယ့် ဒီလူတွေက သူ့နောက်မှာရပ်တည်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်နေ၏။

ပြည်သူတွေနဲ့ အရာရှိတွေမှာ ကိုယ့်ကိုယ်ကျိုးကိုယ်သာကြည့်ပြီး ဘာတွေဖြစ်နေလဲဆိုတာမြင်တော့ သူတို့စိတ်တွေ ဖြည်းဖြည်းချင်း ပြောင်းလဲသွားကြသည်။

တော်ဝင်ခုံရုံးမှာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရောက်နေပြီး မြို့တော်ရဲ့အာဏာမှာလည်း ရုတ်တရက် ကြီးကြီးမားမား ပြောင်းလဲသွားတော့သည်။

စုရှီ လိုင်းတက်လာတော့ နေ့တစ်ဝက်ကျော်တောင် ကုန်သွားပြီဖြစ်သည်။ ကျိုက်ကျိုက်ကို ကြည့်လိုက်ရာ သူမြောက်ပိုင်းနယ်မြေကို မသွားခင်က ဝယ်ခဲ့တဲ့အိမ်မှာ ရောက်နေတာကို တွေ့လိုက်ရသည်။ အဲဒီတုန်းက အိမ်ကို အမြန်ရှာဝယ်လိုက်ရတာမလို့ သေသေချာချာတော့ မပြင်ဆင်ရသေးပေ။

ကြည့်ရတာ ဧကရာဇ်က သူ့အတွက် မင်းသားအိမ်ရာအဖြစ် စီစဉ်ပေးထားပုံရပြီး အိမ်တော်ထိန်းနှင့် တော်ဝင်အစောင့်တွေက သူ့ပစ္စည်းတွေ ရွေ့ပြောင်းပေး‌ထားသည်။

ဒီညပွဲတစ်ခုရှိတာမလို့ ဧကရာဇ်လည်း လာလိမ့်မည်ပင်။

မြို့တော်က မရေမတွက်နိုင်တဲ့ အရာရှိတွေမှာ အိမ်တံခါးကျိုးလုမတတ် ရောက်လာကြပြီး မင်းသားကိုး ပြန်ရောက်လာသည့် အထိမ်းအမှတ်ဖြင့် ဂုဏ်ပြုလက်ဆောင်တွေ ပေးပို့ကြ၏။

မြို့တော်က ဒီလိုပဲဖြစ်သည်။ အာဏာဘက်ပါပြီး အားကြီးသူကို မျက်နှာချိုသွေးကာ အားနည်းသူအပေါ် တက်နင်းကြ၏။ ကျိုက်ကျိုက်နဲ့ ပြောဆိုခဲ့ဖူးတဲ့ သူတွေမှာ တုန်လှုပ်သွားကြပြီး မြို့တော်မှာ အခု‌လတ်တလော တောမီးလိုပျံ့နှံ့နေတဲ့ မင်းသားကိုးသတင်းက အမှန်ဖြစ်နေမယ်လို့ မထင်ခဲ့ကြပေ။ ထို့အပြင် သူဟာ စစ်သူကြီးကျန့်ယွမ်လက်အောက်က မြင်းတပ်ဗိုလ်ဖြစ်နေပြီး မြောက်ပိုင်းဒေသတိုက်ပွဲမှာ အကူအညီ‌အကြီးကြီးပေးခဲ့သည့်။

အခုမှ အခြေအနေကို နားလည်သွားကြတဲ့ အရာရှိတွေမှာ အရင်တုန်းကဆို ကျိုက်ကျိုက် ဘယ်မှာနေတယ် ကျိုက်ကျိုက် ဘာလုပ်နေတယ်ဆိုတာကို ဂရုမစိုက်ခဲ့ကြပေ။ အခု သူက မင်းသားကိုးဆိုတာကို သိလိုက်ရတော့ သူ့ကိုအသည်းအသန် လာမိတ်ဆက်ကြတော့၏။

မင်းသားကိုး အိမ်ရာရဲ့ ဝင်ပေါက်မှာတော့ လူ‌စည်နေပြီး အရာရှိတွေအားလုံးက ဂုဏ်ပြုဖို့ လာကြသည်။ စုရှီ ပတ်ရှာကြည့်တော့ ကျိုက်ကျိုက်ကို ဘေးတံခါးမှာ တွေ့လိုက်ရပြီး ပြဿနာတက်နေပုံပေါ်၏။

အင်တာဖေ့စ်ကို ပိုင်းပြီး ကြည့်လိုက်တော့ သူတွေ့လိုက်သည်က--

ဘေးတံခါးတွင် တော်ဝင်အစောင့်အချို့က ရှက်ရွံ့နေပုံပေါ်သည့် သခင်မကြီးကို လမ်းပိတ်ထားကြသည်။ သခင်မကြီးက ငွေကြိမ်တုတ်ဖြင့် ကြမ်းပြင်ကို ဆောင့်ပြီး မျက်နှာမှာလည်း ဒေါသများပြည့်နှက်နေလျက်။

"လုဟွမ် နင်ကကျေးဇူးကန်းတာပဲ။ ငါကတော့နင့်ကို အရာရှိဖြစ်လာ‌ဖို့အတွက် တော်ဝင်ခုံရုံးကို ပို့ပေးခဲ့တယ်။ နင်က နင်းဖူမင်းသားရဲ့ သား ဖြစ်နေတာကို ဘယ်လိုလုပ်ပြီး မင်းသားဖြစ်သွားရတာလဲ"

ဒီနေ့ညီလာခံခန်းမထဲမှာ ထိုသတင်းကို နင်းဖူမင်းသားရဲ့လူတွေ ကြားတော့ စိတ်ဓာတ်တွေပြိုလဲကုန်တော့သည်။ နင်းဖူမင်းသားရဲ့ ကိုယ်လုပ်တော်သား ဆိုတာ ရှင်းနေတာကို ဘာလို့များ သူ ငယ်ငယ်ထဲက ချန်ချွင်းဘုရားကျောင်းမှာ ကြီးလာခဲ့ရတယ်လို့ ဧကရာဇ်က ပြောရတာလဲ။ ဘာလို့ ရုတ်တရက်ကြီး သူက မင်းသားဖြစ်သွားရတာလဲ။

တရားဝင်သားကြီး လုယီအန်းနဲ့ ဒုတိယသား လုဝမ်ရှို့တို့ ညီအစ်ကို နှစ်ယောက်မှာ လုဟွမ်ကို ရန်စခဲ့တုန်းက မအောင်မြင်ခဲ့ရုံသာမက အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သည်။ တစ်ယောက်ယောက်က နောက်ကနေ ကာကွယ်ပေးနေသလိုဖြစ်ကာ ကောင်းကင်ကြီးပြိုကျသလို အသားတွေတဆတ်ဆတ် တုန်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ချေ။

သူတို့တွေသာ မင်းသားကိုးကို စော်ကားမိပြီဆိုရင် လုံးဝ သွားပေပြီ။ အခုပြန်စဉ်းစားကြည့်တော့ ရှန့်ကွမ်မိသားစု ပြိုလဲသွားတာက လုဟွမ်နဲ့များ သက်ဆိုင်နေသလား။

လုယီအန်းနဲ့ တစ်ခြားသူတွေမှာ ဒေါသထွက်ကာ စိတ်ပူပန်နေလျက် သူတို့ကိုယ်သူတို့တောင် ကာကွယ်လို့ မရနိုင်တော့ချေ။ သူတို့မှာ မင်းသားကိုးဖြစ်သွားတဲ့ လုဟွမ်ကို ရန်စဖို့ အစွမ်းအစလည်း မရှိတော့။

သူတို့တွေကြားထဲက သခင်မကြီးမှာတော့ ဘာမှမမြင်တော့ဘဲ မူးနောက်သွားတော့သည်။

တော်ဝင်ခုံရုံးကို လုဟွမ် အရာရှိအနေနဲ့ ဝင်ထဲက နင်းဖူမင်းသားရဲ့ ကိုယ်လုပ်တော်သားဟာ အောင်မြင်လာပြီး နင်းဖူမင်းသားဆီ အောင်မြင်မှုတွေ ပြန်ရယူပေးလာနိုင်ဖို့ မျှော်လင့်ခဲ့သည်။ ဒါပေမယ့် လုဟွမ်က တော်ဝင်မျိုးနွယ်ဖြစ်နေမယ်လို့ တစ်ခါမှမထင်ထားခဲ့ဘဲ အဖိုးတန် မင်းသားကိုး ဖြစ်နေသည်။ ထို့ကြောင့် နင်းဖူမင်းသားအတွက် အကျိုးပြုလာနိုင်တဲ့ စစ်တုရင်အပိုင်းလေးမှာ ချက်ချင်း ပျက်စီးသွားခဲ့ရတော့၏။

သူ့မှာ ဒေါသထွက်လွန်းလို့ သတိပါလစ်သွားပြီး နိုးလာတော့ အသက်ကြီးတာကို အခွင့်ကောင်းယူကာ လုဟွမ်ဆီက ဖြေရှင်းချက်တောင်းသည်။

သို့သော်ငြား လက်ရှိလုဟွမ်မှာ အရင်တုန်းကနဲ့ မတူတော့တာကြောင့် သူ့မျက်နှာကို မမြင်ရအောင် တော်ဝင်အစောင့်တွေကို ဘေးမှာခေါ်ထားလိုက်သည်။ ထို့ကြောင့် သခင်မကြီးမှာ စိတ်တွေလွတ်တဲ့အထိ ဒေါသထွက်ပြီး စဆဲဆိုတော့သည်။ ထိုမှသာ သူ့ကို လုဟွမ်က ထွက်တွေ့၏။

မင်းသားကိုး အိမ်ရာရဲ့ ဘဏ္ဍာစိုးမှာ ဧကရာဇ်အဖွဲ့ထဲမှ ဖြစ်ကာ ယုတ္တိမရှိတဲ့ သခင်မကြီးကို စိုက်ကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။

"နင်းဖူမင်းသားရဲ့ မယ်တော်၊ မင်းသားတစ်ပါးကို လူမြင်ကွင်းမှာ ပုတ်ခတ်စော်ကားတာက ခေါင်းဖြတ်ခံရတဲ့အထိ ကြီးလေးတဲ့ ပြစ်မှုမြောက်တယ်ဆိုတာ သိပါသလား။ ကိုယ်လုပ်တော်ရဲ့ မြေးက တိုက်ပွဲမှာ သေသွားခဲ့ပြီးပြီ။ ဧကရာဇ်က နင်းဖူမင်းသားကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲကို ခင်ဗျား ဒီလိုငိုယိုပြီး ပြဿနာရှာနေမယ်ဆိုရင် ခင်ဗျားရဲ့ တစ်မိသားစုလုံး သုတ်သင်ခံရလိမ့်မယ်"

လုဟွမ်ကို စူးစူးရဲရဲစိုက်ကြည့်နေရင်းနဲ့ သခင်မကြီးရဲ့ လည်ချောင်းထဲက သွေးတွေ‌ခဲသွားသလို ခံစားလိုက်ရသည်။ သူ့မှာ လုဟွမ်နဲ့ အတူတူသေဖို့တောင် ရည်ရွယ်နေပြီး အတင်းအကြပ်ဖယ်တော့ တော်ဝင်အစောင့်တွေက တံခါးအပြင်ကို ဆွဲထုတ်သွားခဲ့သည်။

လုဟွမ်က လက်ကိုမြှောက်လိုက်ပြီး တော်ဝင်အစောင့်‌တွေကို တားလိုက်သည်။

သခင်မကြီးက ရှေ့ကို ဝရုန်းသုန်းကားဖြင့် ရောက်လာကာ လုဟွမ်ရဲ့ အင်္ကျီကို ဆွဲပြီး အားဖြင့်ညစ်လိုက်သည်။ သူ့မျက်လုံးတွေမှာ ဒေါသတွေနှင့်ပြည့်နေလျက် ပြော၏။

"ငါနင့်ကို ရုံးတော်ပို့လိုက်လို့သာ နင့်မှာ ဒီလိုနေ့ဆိုတာ ရှိလာတာ"

သခင်မကြီးက သူ့အင်္ကျီကို ဆွဲညစ်ထားတော့ ကျိုက်ကျိုက် မျက်မှောင်ကြုတ်လိုက်တာကို စုရှီ တွေ့လိုက်သည်။ သူနာနေသည်မှာ သိသာ၏။

စုရှီ ဒေါသထွက်သွားသည်။ ကျိုက်ကျိုက် အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ် နင်းဖူမင်းသားနဲ့နေတုန်းက သခင်မကြီးမှာ သူ့ကို လှည့်မကြည့်ခဲ့ပေ။ ကျိုက်ကျိုက် သေရင်တောင် သခင်မကြီးက ဂရုစိုက်လိမ့်မည်မဟုတ်။ ကျိုက်ကျိုက်သည် သူကိုယ်တိုင် ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ ပထမရခဲ့ပြီး အရာရှိဖြစ်လာခဲ့တာပင်။ ကျိုက်ကျိုက်ကိုယ်တိုင် ရုန်းကန်ခဲ့ရတာကို သခင်မကြီးနဲ့ ဘာများဆိုင်လို့လဲ။

ဟိုးအရင်တည်းကနေ အခုထိ သခင်မကြီးလုပ်ပေးခဲ့တာဖူးတာဆိုလို့ ကျိုက်ကျိုက် ထင်းရှူးခြံဝင်း ပေးခဲ့တာသာရှိသည်။ ဒါပေမယ့် အဲတာကလည်း ကျိုက်ကျိုက်က သခင်မကြီးကို ရေခဲနေတဲ့ မြစ်ထဲက‌နေ သက်စွန့်ဆံဖျား ကယ်ပေးခဲ့လို့ကြောင့်ပင်။

အခု သူက ကျိုက်ကျိုက်ကို ကျေးဇူးကန်းတယ်ဆိုပြီး စွပ်စွဲ‌နေလေ၏။ သူက ကျိုက်ကျိုက်ကို ဘာတွေများ ကြင်နာပေးခဲ့လို့လဲ။

ကြီးသူကိုလေးစား ငယ်သူကိုသနားဆိုတဲ့ ဓလေ့ထုံးတမ်းတွေကြောင့်သာ မဟုတ်ပါက စုရှီသည် သခင်မကြီးကို ကျိုက်ကျိုက်ဆီကနေ ဆွဲထုတ်သွားမည်သာဖြစ်၏။

"အဖွားက ကျွန်တော့်ကို မွေးခဲ့တာလဲမဟုတ် ကျွေးမွေးခဲ့တာလဲ မဟုတ်ဘဲ ဘာလို့ ကျေးဇူးကန်းတယ်လို့ ပြောရတာလဲ။ အဖွား ပြဿနာရှာနေတာရပ်ပြီး လောဘမကြီးဘဲ စိတ်ကူးတွေမယဉ်တော့ဘူးဆိုရင် နင်းဖူမင်းသားဆီမှာ ဘာကိစ္စမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် ထပ်လာရင်တော့ ကျွန်တော် မယဉ်ကျေးနိုင်တော့အတွက် အဆိုးမဆိုပါနဲ့"

လုဟွမ်က သခင်မကြီးကို လျစ်လျူရှုကာ သူ့ဝတ်ရုံကိုဆွဲထားသည့် လက်ကို ဖြည်ချပြီး ဘေးနားကအစောင့်ကို ပြောလိုက်သည်။

"သူ့နေထိုင်ရာဆီ ဘဝတစ်သက်တာလုံး အနားယူနိုင်ဖို့ ပြန်ပို့ပေးလိုက်"

သခင်မကြီးမှာ မျှော်လင့်ချက်အားလုံး မရှိတော့ပုံရ၏။ သူ့မှာ‌ဆံပင်တွေလည်း ဖြူလာချေပြီ။ သူ့ရဲ့ကျန်တဲ့ မြေးနှစ်ယောက်မှာ ဘာမှမတော် ဘာမှမကောင်းပေ။ နင်းဖူမင်းသားရဲ့ ဂုဏ်သတင်းပြန်ကောင်းလာနိုင်ဖို့အတွက် လုဟွမ်ကို မှီခိုနိုင်မယ်လို့ သူထင်ခဲ့မိသည်။ လုဟွမ်က နင်းဖူမင်းသားရဲ့ သွေးသား မဟုတ်ပေမယ်လို့ပေါ့။

အဲတာတွေအားလုံး လုဟွမ်ကို မွေးခဲ့တဲ့ ကောင်မကြောင့် ဖြစ်ရတာ။

သခင်မကြီးမှာ အကြောင်းပြချက် မရှိတော့တာကြောင့် ဆဲမည်အလုပ် အစောင့်တွေမှာ သူ့ပါးစပ်ကိုပိတ်ကာ ဘေးတံခါးအပြင်ဘက် ဆွဲထုတ်လိုက်တော့သည်။ သခင်မကြီးရဲ့ ဝေါယာဉ်ကို သယ်လာတဲ့အစေခံတွေမှာ ဒါကိုလဲမြင်ရော တုန်ယင်လျက် ဝေါယာဉ်ကြီးကိုပစ်ချကာ ထွက်ပြေးသွားကြတော့၏။

မင်းသားကိုးအိမ်ရာရဲ့ အိမ်ရှေ့တံခါးမှာ ဆူညံစည်ကားနေပေမဲ့လည်း ဘေးတံခါးမှာတော့ ပြဿနာတက်နေသည်။ လုဟွမ်မှာ သခင်မကြီးလုပ်လို့ ပြဲသွားတဲ့ ဝတ်ရုံကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ အင်္ကျီပြန်လဲဖို့ သွားတော့သည်။ ဘဏ္ဍာစိုးက တော်ဝင်အစောင့်တွေကို အိမ်ရာတစ်ခုလုံးစောင့်ကြပ်ပြီး ဘယ်သူမှ ပြဿနာမရှာစေဖို့ ညွှန်ကြားလိုက်၏။

လုဟွမ် အခန်းထဲဝင်ကာ လက်ကိုခေါက်ပြီး ကြည့်လိုက်တော့ သခင်မကြီး လက်ချက်ကြောင့် သူ့လက်ဒဏ်ရာ ရသွားတာကို စုရှီ တွေ့လိုက်သည်။ ဒီဒဏ်ရာသေးသေးလေးလောက်က ကျင့်သားရနေတာမလို့ ဘာမှမခံစားရပေမယ့် စုရှီရဲ့ မျက်လုံးထဲမှာတော့ ကန့်လန့်ကြီးခံနေ၏။

သခင်မကြီးက သူနဲ့ဘာမှမတော်ဘဲ နည်းနည်းကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်ဆိုပေမယ့် လုဟွမ်ကို အသုံးချရုံသာ။ သွေးသားတော်စပ်တဲ့ ဧကရာဇ်ကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုပေမယ့် အကြံဖြင့် သူ့ကို အသုံးချနေဆဲပင်။

စုရှီက သူလက်တစ်ဖက်တည်းနဲ့ အဆင်မပြေတာတွေ့တော့ အင်္ကျီလက်ကို ခေါက်တင်ပေးလိုက်ပြီး ပြော၏။

"ကျွန်မ ဒီမှာရှိတယ်"

လုဟွမ်မှာ နေကို မြင်လိုက်ရသလို မျက်မှောင်ကြုတ်ထားတာတွေကို ချက်ချင်းပြေသွားပြီး ပြုံးကာ စခရင်မျက်နှာပြင် ကို ဖွင့်လိုက်၏။

"မင်းရောက်နေတာပဲ"

စုရှီ သူ့ကိုကြည့်လိုက်တော့ အရင်နေ့ တော်ဝင်ဥယျာဉ်ထဲဝယ် သူ့ရဲ့ လောင်မြိုက်နေတဲ့ မျက်လုံးတွေကို သွားမြင်ယောင်မိပြီး ရုတ်တရက် ဘာမှန်းမသိ ကို့ရို့ကားယား ဖြစ်သွားလေသည်။

စုရှီ ရော သူပါ စကားမပြောဘဲ သူက စုရှီကို ကြည့်သာကြည့်နေ၏။

"...."

နှစ်ယောက်သားရဲ့လေထုဟာ ရုတ်တရက် အေးစက်သွားတော့သည်။

စုရှီမှာ ရင်ခုန်သံတွေ ရှက်သွေးဖြာနေတာတွေကို ခက်ခက်ခဲခဲ ထိန်းလိုက်ရပေမယ့် မျက်နှာကြီးပူနေတာကိုတော့ ထိန်းမရချေ။ သူချောင်းဟန့်လိုက်ကာ ပြောလိုက်၏။

"နာလား။ ဘာလို့မရှောင်လိုက်တာလဲ"

"နာတယ်"

လုဟွမ်က သက်ပြင်းဖျော့ဖျော့လေး ချသည်။ အိပ်ရာပေါ်ထိုင်ချပြီး ခေါင်းမော့ကာ စုရှီကိုပြော၏။

"ကိုယ့်ပုခုံးမှာလည်း ဒဏ်ရာရှိတယ်ထင်တယ်။ အရမ်းနာတယ်၊ ဒါပေမယ့် ကိုယ်ဆေးလိမ်းလို့ မရလို့"

စုရှီမျက်ခွံတွေ လှုပ်သွားသည်။ ဘာလဲ ဘာအဓိပ္ပာယ်လဲ။ သူ့ကို ဆေးလိမ်းပေးစေချင်တာလား။

လုဟွမ် မတ်တပ်ရပ်ကာ အပြင်ဝတ်ရုံကို ချွတ်လိုက်သည်။ အတွင်းမှာ နှင်းလိုဖြူစွတ်နေသော သစ်ကတိုးနံ့မွှေးနေတဲ့ ဝတ်ရုံကိုဝတ်ထားပြီး အတွင်းဝတ်ရုံ ညာဘက်ကို ပုခုံးထိဆွဲတင်လိုက်တော့ ချောမွေ့ပြီး ကျစ်လစ်တဲ့လက်မောင်းသားက ပေါ်လာသည်။ ပုခုံးသားမှာ ကြွေရည်သုတ်ထားသလို ပြောင်ချောနေ၏။

စုရှီ: "..."

စုရှီက သူ့အင်္ကျီချွတ်မယ်လို့ ထင်လိုက်ပေမယ့် တကယ်တော့ ဝတ်ရုံကို ဆွဲတင်လိုက်ရုံသာ။

သူက စုရှီကိုကြည့်ကာ ဂုတ်က ဒဏ်ရာကို ပြလိုက်ပြီး ထပ်ပြောသည်။

"နာတယ်"

စုရှီက သူ့ရဲ့ချောမွေ့ပြီး ကျစ်လစ်နေတဲ့ လက်မောင်းကို ကြည့်ကာ မျက်နှာကြီးနီရဲသွားပြီး နှလုံးခုန်မြန်လာ၏။

စုရှီ သူ့ကိုပြောလိုက်သည်။

"ကျွန်မဘာသာ ဆေးလိမ်းပေးလို့မရဘူး။ အိမ်ရာထဲမှာ အစေခံတွေ အိမ်တော်ထိန်းတွေ ရှိတယ်မဟုတ်ဘူးလား။ ဖုန်းထဲကနေ အားကိုမထိန်းနိုင်တာ ရှင်လည်း သိရဲ့သားနဲ့။ ကျွန်မ ရှင့်ကို ဆေးလိမ်းပေးလို့ မရဘူးလေ"

လုဟွမ်က သူ့ကိုစိုက်ကြည့်ပြီး သက်ပြင်းဖျော့ဖျော့လေးချသည်။ တဖန်ပြန်ထိုင်ကာ လက်ကိုချလိုက်ပြီး

"မင်းအရင်က ဒီလိုမဟုတ်ပါဘူး။ ကိုယ်အအေးမိပြီး မထနိုင်တုန်းကဆို မင်း..."

သူ့ကြည့်ရတာ အတိတ်ကိုပြန်တွေးပြီး ဝမ်းနည်းနေပုံရကာ သက်ပြင်းကြီးကြီး ချလိုက်ပြန်သည်။

စုရှီ: "...?"

မဟုတ်ဘူးလေ ရှင်က အဲဒီတုန်းက ဆန်မုန့်လုံးဖြူဖြူလေးဟာကို။ ကျွန်မ အကုန်မြင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် အခုရှင့်ရဲ့ လက်မောင်းကြီး‌တွေက ကျွန်မကို ရင်တုန်စေတယ်ရှင့်။

"အရင်ရက်တွေတုန်းက ဧကရာဇ်အကြောင်း ကိုယ့်ကို မေးခဲ့တယ်နော်။ ဧကရာဇ်က ရက်စက်ပြီး ကြမ်းကြုတ်တယ်"

လုဟွမ်ရဲ့ မျက်တောင်ရှည်နက်နက်တွေမှာ ကော့တက်လာပြီး တိုးတိုးလေးပြောလာသည်။

"ရှောင်ရှီ အခုမင်းရဲ့အပြုအမူတွေက ဧကရာဇ်နဲ့ တူနေပြီ"

စုရှီရဲ့ ခေါင်းထဲ သူ့စကားတွေ တဝီဝီနဲ့ ဝင်ရောက်လာလေသည်။ သူခေါင်းမော့ပြီး နောက်ထပ်ရှော့ရစေမဲ့ စကားပြောတော့မလို့ လုပ်နေတော့ စုရှီရဲ့ ဦးရေပြားတွေ တောင့်တင်းကုန်ပြီး အသည်းအသန်ပြောလိုက်၏။

"တော်တော့ တော်တော့။ လိမ်းပေးမယ်။ ရှင့်ကိုဆေးလိမ်းပေးမယ် ရပြီလား"

လုဟွမ်က လက်မောင်းကို မြှောက်လိုက်ပြီး နားရွက်တွေမှာလည်း နီရီနေလျက်။

စုရှီက သူ့လက်မောင်းကို တို့လိုက်ပြီး စတိုးဆိုင်ကနေ သွေးလည်ပတ်မှုအားကောင်းအောင်နဲ့ သွေးခြည်ဥတာတွေ ပျောက်ဖို့အတွက် ဆေးတွေဝယ်ကာ လိမ်းပေးလိုက်သည်။

ဘာလို့မှန်းမသိ ဒီလူ ကလေးလေးဖြစ်နေတုန်းကဆို ဒါတွေလုပ်ပေးရတာက ပုံမှန်ပဲဖြစ်သည်။ အခုချိန်မှာတော့ သူ့ရဲ့ လက်မောင်းဖြူဖြူကြီးကို ကြည့်ရုံနဲ့ စုရှီမှာ ဂနာမငြိမ်‌ဖြစ်နေရသည်။

"ဟူး..."

လုဟွမ်က သူ ချီတုံချတုံဖြစ်နေတာကို ကြည့်ပြီး သက်ပြင်းချပြန်သည်။

စုရှီက အံကိုကြိတ်ပြီးပြော၏။

"ချီးကို သက်ပြင်းချနေလိုက်။ ဆေးလိမ်းပေးပါမယ်ဆိုနေ။ ရှင်ထပ်ပြီးသက်ပြင်းချရင် ကျွန်မ လိုင်းဆင်းတော့မယ်"

လုဟွမ် မျက်နှာလွှဲလိုက်သည်။ ထိန်းချုပ်ထားဖို့ ကြိုးစားပေမဲ့လည်း သူ့မျက်ဝန်းတွေထဲမှာ အလင်းရောင်တွေက ရှိနေ၏။

All Chapters