← Chapters

Chapter 63

Vol. 7 Ch. 63

Chapter 63

Vol. 7 Ch. 63

ကျန့်ယွမ်စစ်တပ်က အောင်ပွဲခံပြီး မြို့ထဲပြန်ရောက်လာသည်။ မြို့တော်ရှိ လူတွေမှာ ဗုံတွေ စည်တွေတီးပြီး ဂုဏ်ပြုပေးကြ၏။ အပျော်တွေမှာ မိုးရွာပြီး စိမ်းစိုစွာကျန်ခဲ့တဲ့ ဝါးပင်တွေလို ယန်တိုင်းပြည်တစ်ပြည်လုံး ကူးစက်သွားတော့သည်။ ဆုတော်လာဘ်တော်များ ချီးမြင့်ပေးပြီးနောက် အောင်ပွဲခံအခမ်းအနားမှာ နှစ်ရက်နှင့် နှစ်ညတောင် ကြာမြင့်ခဲ့လေသည်။

တော်ဝင်နန်းတော်ထဲက လူတွေအားလုံး ကိုယ့်အတွေးတွေနဲ့ကိုယ် မြောနေစဉ် မင်းသားကိုးရဲ့ အောင်မြင်မှု ဂုဏ်သတင်းတွေမှာ လမ်းတွေများအကြား ပျံ့နှံ့လျက်ရှိနေသည်။

လူတွေက နင်းဖူမင်းသားနဲ့ မင်းသားကိုးရဲ့ ဆက်ဆံရေးကို မသိကြပေ။ ဧကရာဇ်က ပြည်သူတွေနဲ့ စစ်တပ်အရာရှိတွေကို နင်းဖူမင်းသားရဲ့ကိုယ်လုပ်တော်မှာ သားတစ်ယောက်ရှိခဲ့တယ်ဆိုတဲ့ အကြောင်းကို မပြောဖို့ အမိန့်ပေးခဲ့ပြီး အမှန်တရား‌ကို ဦးနှောက်ဆေးခဲ့သည်။ မင်းသားကိုးက ငယ်ငယ်တည်းက အားနည်းပြီး ဖျားနာခဲ့ကာ ဧကရာဇ်ရဲ့ မေတ္တာကြောင့် ချန်ချွင်းဘုရားကျောင်းမှာ ကြီးပြင်းလာခဲ့ရသည်။ သူဟာ ကျမ်းကြီး လေးကျမ်း နဲ့ ဂန္တတင်စာပေငါးခုကို ဖတ်ရှုခဲ့တာကြောင့် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာသိ၏။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က တောင်ပေါ်မှ ဆင်းလာကာ မြို့တော်သို့ ပြန်နေခဲ့၏။ တောင်ပေါ်က ဆင်းလာပြီးနောက် ယုံအန်းဘုရားကျောင်းက ဒုက္ခသည်တွေကို ကယ်တင်၊ ဖန်းပြည်နယ်မှာ စပါးဆိုင်ဖွင့်ကာ ယန်တိုင်းပြည်ရှိ ကုန်သည်သူဌေးတွေထံမှ စပါးတစ်သောင်းကို ဝယ်ယူခဲ့သည်။ စစ်တပ်ထဲဝင်ကာ အောင်ပွဲအကြီးကြီးတွေလဲ ရခဲ့သေးသည်။

ယုံအန်းဘုရားကျောင်းက ဒုက္ခသည်တွေကို ကယ်ခဲ့တဲ့ နတ်ဆေးဆရာလေးမှာ သူ့နာမည်ကို ထုတ်မပြောခဲ့ကြောင်း လူတွေရုတ်တရက် ပြန်သတိရသွားသည်။ တကယ်တော့ သူဟာ တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်နေလို့ပင်။ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ကောက်ပဲသီးနှံတွေ ဝေငှတာ စားနပ်ရိက္ခာတွေစုဆောင်းတာတွေဟာ သာမန်လူတစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်ပေ။ ဒါတွေဟာ ပုန်းကွယ်နေတဲ့ မင်းသားကိုး လုပ်ခဲ့တာဖြစ်၏။

ဒီအချိန်မှာ လူတွေက ဒီအကြောင်းကိုပဲပြောနေကာ ယုံအန်းဘုရားကျောင်းက ဖြစ်ရပ်တွေကို မြင်တဲ့လူတွေမှာလဲ ပြန်အစဖော်နေကြသည်။ သူတို့က ထိုလူငယ်လေးဆီမှာ မြင့်မြတ်သောစိတ်ထားရှိပြီး သာမန်လူမဟုတ်ကြောင်း ခံစားခဲ့ရ၏။

ဧကရာဇ်ကတော့ လုဟွမ် လူတွေရဲ့စိတ်ကို အပိုင်သိမ်းထားနိုင်တယ်ဆိုတဲ့ အချက်ကို အသုံးချနေတာပင်။

လုဟွမ်က အသုံးချခံနေရတယ်ဆိုပေမယ့် သူ့မှာ ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာမှမပြောပေ။ ပြီးတော့ ဒါက လူတွေစိတ်ငြိမ်အောင် ကူညီပေးသည်ပင်။ အရင်ကဆို ယန်တိုင်းပြည်ရှိ နေရာတိုင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ဒီသတင်းတွေလဲပျံ့နှံ့သွားရော လူတွေရဲ့စိတ်ကို ပိုငြိမ်စေကာ အဓိကရုဏ်းဖြစ်တာတွေလဲ နည်းလာသည်။ မြောက်ပိုင်းကို အောင်နိုင်သွားတော့ ယန်တိုင်းပြည်ရှိ လူတွေမှာ အရင်ကလိုပင် ‌ထောက်ခံပေးခဲ့ကြ၏။

လွန်ခဲ့တဲ့ ရက်တွေလုံးလုံး မြို့တော်ထဲက စကားဝိုင်းတွေမှာ မင်းသားကိုးအကြောင်းချည်းပဲ ဖြစ်သည်။ သူဟာ လျို့ဝှက်ဆန်းကြယ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာကြောင့် လုဟွမ်အပေါ် လူထူရဲ့စိတ်ဝင်စားမှုမှာ ဘယ်သူနဲ့မှ ယှဉ်လို့တောင်မရပေ။ သူက တစ်ခြားမင်းသားတွေထက်သာပြီး ပြည်သူတွေကြား ဂုဏ်သတင်းအကျော်ဇောဆုံး မင်းသားတစ်ပါး ဖြစ်လာလေသည်။

အကျိုးဆက်အနေနဲ့ကတော့ မင်းသားငါး၊ အိမ်ရှေ့စံမင်းသားနှင့် မင်းသားနှစ်တို့မှာ အန္တရာယ်ရှိလာကြသည်။

မင်းသားငါးက လက်သီးဆုပ်ကာ မျက်နှာကလဲ ပြာနှမ်းနေလျက် အိမ်ရာအတွင်း ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေသည်။

ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာထဲက သူ့ရုပ်က ခမည်းတော်နဲ့ ဘာမှန်းမသိ တူနေပါတယ်လို့ ထင်ခဲ့မိသေးသည်။ သို့သော်ငြား အဲဒီတုန်းက အများကြီးမတွေးခဲ့ပေ။ လွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်က သူ့နာမည်ကို ပြောလိုက်တာနဲ့ တော်ဝင်နန်းတော်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တဲ့အထိ ဖြစ်စေခဲ့သည့် ကိုယ်လုပ်တော်ချင်းရဲ့သားဟာ သူဖြစ်နေမယ်လို့လဲ ထင်မထားခဲ့ချေ။ သူသာစောစောသိခဲ့ရင် သူ့ရဲ့စာသင်ဖော်လုပ်ပေးဖို့ တောင်းဆိုခဲ့မည်မဟုတ်။ သူအသက်ရှင်နေသေးတဲ့အချက်ကို အခွင့်ကောင်းယူပြီး ပျောက်ကွယ်သွားအောင် လုပ်ခဲ့မည်သာ ဖြစ်၏။

အခုတော့ သူဟာ မသိလိုက်ခင်မှာဘဲ ကျန့်ယွမ်စစ်တပ်နှင့် ရုံးတော်ရှိ အဆင့်တစ်အရာရှိတွေဆီက ထောက်ခံမှုတွေကို ရရှိထားပြီဖြစ်သည်။

အင်အားတစ်ခုက မနိုးထလာ‌သေးပေမယ့် နိုးထလာတော့ တစ်ချက်တည်းနဲ့ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့သည်။

သူဟာ မယှဉ်နိုင်လောက်အောင် အင်အားကြီးတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

အရင်ကဆို မင်းသားငါးနဲ့ အိမ်ရှေ့စံမင်းသားတို့မှာ အပေါ်ယံမှာသာ ရင်းနှီးကြပေမယ့် ဝန်ကြီးချုပ်ဆီက မင်းသားငါးအဖွဲ့နဲ့ အိမ်ရှေ့စံမင်းသားအဖွဲ့တို့မှာ အမြဲလိုလို ပြောင်ပြောင်တင်းတင်းပဲဖြစ်ဖြစ် လျို့ဝှက်ပြီးပဲဖြစ်ဖြစ် ထေ့ငေါ့တိုက်ခိုက်လေ့ရှိသည်။

သို့သော်ငြား လုဟွမ်က မင်းသားကိုးအဖြစ် ပြန်လည်ခန့်အပ်ခံရပြီးနောက် ဒီအဖွဲ့နှစ်ဖွဲ့ဟာ ရန်သူတွေကနေ မိတ်ဆွေတွေအဖြစ် ယာယီပြောင်းလဲသွားကြသည်။ ကြိုတင်မစီစဉ်ထားဘဲ သူတို့တွေဟာ စစ်သူကြီးကျန့်ယွမ်၊ စစ်တပ်ရေးရာဝန်ကြီး၊ စစ်သူကြီးယွင်နဲ့ အခြားသူတွေကို စွပ်စွဲအပြစ်ရှာဖို့ အာရုံစိုက်ကြတော့သည်။ ကျန့်ယွမ်စစ်တပ်က အခုမှ အောင်ပွဲခံပြီးပြန်ရောက်လာတဲ့အတွက် စစ်သူကြီးကျန့်ယွမ်ကို အပြစ်ရှာဖို့က ခက်ခဲသည်။ မင်းသားနှစ်ယောက်ရဲ့ အပေါင်းအပါတွေမှာ တိတ်တဆိတ် စိုးရိမ်ပူပန်နေရုံသာ ရှိတော့၏။

ယွင်ရှိုးဖန်၊ ချန်ကုန်းဝူနဲ့ တော်ဝင်ကျောင်းတော်မှာ လုဟွမ်ကို သိခဲ့တဲ့ အခြားသူတွေမှာလည်း ဒီအချိန် အံ့ဩနေကြခြင်းမှာ ဖော်ပြလို့တောင်မရ။

ဒီအကြောင်းကို မပြောဘဲ ထားရအောင်။ ရှင်းရှင်းပြောရရင် အဲဒီအချိန်တုန်းက သာမန်လူတွေက ဂုဏ်ပြုပေးနေကြပြီး ရုံးတော်ထဲမှာတော့ မုန်တိုင်းတိုက်နေခဲ့ခြင်းပင်။

တော်ဝင်မှတ်တမ်းရေးသူက မင်းသားကိုးရဲ့ ရုံးတော်သမိုင်းအကြောင်း တရားဝင်ပြုစု ရေးသားပြီးနောက်တွင် လုဟွမ်ကော စုရှီကော မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးစာကို တစ်ချိန်တည်းရလိုက်ကြသည်။

[မစ်ရှင်၁၃ကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ် (အဆင့်မြင့်): ယုံအန်းဘုရားကျောင်းမှ "နတ်ဆေးဆရာ" နှင့် ရွှေဒင်္ဂါး 3000 ကို ထောက်ပံ့ပေးခဲ့သော "အမည်မသိနတ်ဘုရားကုန်သည်ကြီး" စသည့် ကိစ္စများ၏ နောက်ကွယ်မှ လူကို တိုင်းပြည်တစ်ခုလုံးကို သိသွားပြီ ဖြစ်တဲ့အတွက် ဆုငွေ- ရွှေဒင်္ဂါး ၁၅ဝဝ၊ ၁၂ မှတ် ရရှိပါတယ်။]

[မစ်ရှင်၁၄ကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ် (အဆင့်မြင့်): မင်းသားကိုးဂုဏ်ပုဒ်ကို အောင်မြင်စွာ ပြန်လည်ရယူနိုင်တဲ့အတွက် ဆုငွေ- ရွှေဒင်္ဂါး ၂၅၀၀၊ ၁၈မှတ် ရရှိပါတယ်။]

အဓိကမစ်ရှင်နစ်ခု ပြီးသွားတာနဲ့ အမှတ်တွေက ၁၅၂ကနေ ၁၈၂သို့ တက်သွားလေသည်။

စုရှီနဲ့ လုဟွမ်မှာ ဘာမှန်းမသိဘဲ တစ်မျိုးစီ စိတ်လှုပ်‌ရှားနေကြ၏။

လုဟွမ်က သူအမှတ်၂၀၀ပြည့်ဖို့ ဘယ်လောက်လိုသေးလဲဆိုတာ တိတ်တိတ်လေးရေလိုက်ပြီး နောက်မစ်ရှင်ဘာလဲဆိုတာသိဖို့ စခရင်ကို ကြည့်လိုက်သည်။ မထုတ်ပြန်ထားသေးတဲ့ မစ်ရှင်ကို ကြည့်လိုက်တော့- "ဇွန်လတွင် ချန်ကျိုးမှာ ရေစီးကမ်းပြိုလိမ့်မည်။ သာမန်ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် ရေကြီးမှာကို တားဆီးပေးပါ။ ဆုငွေ-၁၈မှတ်"

ချန်ကျိုးကမ်းပါးတွေဟာ မနှစ်က အလုပ်သမားရေးရာဝန်ကြီးဌာန လုပ်ဆောင်ခဲ့သည့် အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်သည်။ ကမ်းပါးတွေ ဘယ်လိုလုပ် ပြိုကျနိုင်မှာလဲ။ မစ်ရှင်ပြောတဲ့အတိုင်း ကမ်းပါးတွေပြိုမယ်ဆိုရင် သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြမည် မဟုတ်ပါလား။ ကြည့်ရတာ အလုပ်သမားရေးရာဝန်ကြီးအတွင်း နောက်ထပ် အကျင့်ပျက်ခြစားမှု ရှိနေလို့ပင်။

လုဟွမ် မျက်မှောင်ကြုတ်လျက် စိတ်ထဲကနေ အလုပ်သမားရေးရာဝန်ကြီးဌာနကို ကျိန်ဆဲလိုက်သည်။ သူ ဆက်ရှာပေမယ့် နောက်မစ်ရှင်က စခရင်ထဲမှာ ပေါ်မလာပေ။ ဆိုလိုတာက သူမစ်ရှင်ဆက်လုပ်ချင်ရင် မစ်ရှင်၁၅ကို ပြီးအောင်လုပ်ရမည်။

သို့သော်ငြား အခုမှ မေလအစပိုင်းပဲရှိသေးတာမလို့ ကမ်းပါးတွေမပြိုအောင် ကြိုသတိပေးရမယ်ဆိုလဲ မစ်ရှင်ပြီးဖို့ ဇွန်လအထိ စောင့်ရပေမည်။ အဲတာဆို စုရှီကို တွေ့ရဖို့အတွက် သူအနည်းဆုံး တစ်လလောက် ထပ်စောင့်ရဦးမယ်မလား။

စုရှီက လက်ရှိအခြေအနေကို မြန်မြန်ဖွင့်လိုက်တော့ ဒီလိုဖြစ်နေသည်--

[စည်းစိမ်နဲ့ပိုင်ဆိုင်မှု]-မင်းသားကိုးရဲ့စည်းစိမ်များ၊ လယ်မြေ ၁၄၅(ရွှေဒင်္ဂါးသုံးထောင်၏ သုံးပုံတစ်ပုံနှင့် ညီမျှ၊ ယန်တိုင်းပြည်၏ သုံးပုံတစ်ပုံနှင့် ယှဉ်နိုင်)

[နိုင်ငံရေးပါတီထောက်ခံမှု]-စစ်သူကြီးကျန့်ယွမ်၊ စစ်တပ်ရေးရာဝန်ကြီး၊ စစ်သူကြီးယွင်၊ စစ်တပ်ရေးရာဝန်ကြီးဌာနရှိ အရာရှိအများအပြားနှင့် တော်ဝင်ခုံရုံးရှိ အရာရှိတစ်ချို့။

[ဂုဏ်သတင်း]-မင်းသားကိုးက ချောမောပြီး ပြိုင်ဘက်ကင်းတယ်လို့ သတင်းထွက်နေ။ ပြည်သူပြည်သားတွေကို ဂရုစိုက်ပြီး တိုင်းပြည်ကို စီမံရာတွင် ထူးချွန်။

စုရှီက ကျော်ကြားမှုနဲ့ ဂုဏ်သတင်းဘားတန်းမှာ ကျိုက်ကျိုက်ကို အကဲဖြတ်ထားပုံကို မြင်တော့ ချက်ချင်းဝမ်းသာမိသွားသည်။ သူ ထင်းရှူးဝင်းက စထွက်လာတည်းက စုရှီကသူနဲ့အတူ လိုက်လာပါခဲ့ကာ ဒီအခြေအနေထိရောက်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရ၏။ တကယ်မလွယ်ခဲ့ပါ။ ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ရသလိုမျိုး ပြီးမြောက်အောင်မြင်သည့် ခံစားချက်မျိုး ရနေတာမလို့ မနေနိုင်ဘဲ ပြုံးမိတော့သည်။

လုဟွမ်က ခေါင်းမော့ကာ စုရှီကို ကြည့်လိုက်သည်။ သူ့အပြုံးတွေ ကူးစက်သွားတာကြောင့်လားမသိ စိတ်ထဲက စိုးရိမ်ကြောင့်ကြမှုတွေမှာ နည်းနည်းတော့ ပြေပျောက်သွားလေ၏။ ဘာပဲဖြစ်ဖြစ် တစ်လလောက်သာ လိုတော့တာမလို့ တစ်လအတွင်း ဘာမတော်တဆမှ မရှိစေဖို့သာ မျှော်လင့်ရတော့မည်။

ယန်မင်းဆက်၏ အဓိကမျိုးရိုးနာမည်မှာ ယန်ဖြစ်သည်။ မင်းသားကိုးကို သူ့ရဲ့မိသားစုနာမည် ချင်း ကိုယူပြီး အဆင့်သတ်မှတ်ပေးထား၏။ သို့သော်ငြား ဒီကမ္ဘာကြီးမှာ တော်ဝင်မိသားစုကလွဲလို့ မင်းသားကိုး နာမည်တပ်ခေါ်ရဲတဲ့သူ မရှိပေ။ ထို့ကြောင့် ဘယ်သူကမှ သူ့ကို ယန်ချင်းလို့ မခေါ်ကြ။ အရာရှိတွေမှာလည်း လေးလေးစားစားဖြင့် မင်းသားကိုးဟူ၍သာ ခေါ်ကြသည်။

နောက်နေ့ကျတော့ ရထားလုံးနှင့် တော်ဝင်အစောင့်တွေဟာ အပြင်မှာစောင့်နေကြပြီး မင်းသားကိုး ယုံအန်းဘုရားကျောင်းကို သွားဖို့ရာ စောင့်ဆိုင်းနေကြ၏။

ယုံအန်းဘုရားကျောင်းကနေ လုဟွမ် ကယ်ခဲ့သည့်လူတွေမှာ လမ်းတစ်လျှောက်လုံး ဒူးထောက်ထားကြသည်။ သူတို့တွေဟာ မင်းသားကိုးကို တွေ့ချင်လို့ တောင်းပန်ကြပြီး ကျေးဇူးတင်ကြောင်းပြသည့်အနေဖြင့် ကန်တော့ကြသည်။ ဒါကြောင့်ပင် ဧကရာဇ်က ဒါကို အခွင့်အရေးယူကာ လုဟွမ်ကို မင်းသားကိုးအဖြစ် လှည့်လည်စေပြီး ယုံအန်းဘုရားကျောင်းဆီ ဗုဒ္ဓဘုရားကို ဝတ်ပြုဖို့ သွားခိုင်း၏။ ဒါဟာ တော်ဝင်အမိန့်စာအပြင် ကမ္ဘာကြီးတစ်ခုလုံးကို တရားဝင်အသိပေးလိုက်တာနှင့် အတူတူပင်။

လုဟွမ်က အထောက်အထားပြောင်းလဲတာကို တည်တည်ငြိမ်ငြိမ်ပင် လက်ခဲ့ခဲ့၏။ သို့သော်ငြား စုရှီမှာတော့ ခမ်းနားမိမိုက်လှတဲ့ တော်ဝင်အစောင့်တွေကို အပြင်မှာမြင်လိုက်ရချိန်တွင် ကြက်သေသေသွားမိတော့သည်။ အရင်ကဆို ကျိုက်ကျိုက် အပြင်သွားရင် အမြဲတမ်း တစ်ယောက်တည်းသွားရပြီး အခု မင်းသားကိုး ဖြစ်သွားတော့ စီးတော်ယဉ်အပြင် သွားလေရာလိုက်မိုးမဲ့ ထီးတော်ကပါ ပါသေးသည်။ တော်တော့်ကို အဆင့်အတန်းမြင့်ပါ၏။

လုဟွမ် ထမ်းဆောင်ခဲ့တဲ့ ရာထူးအဆင့်ဆင့် က အရာရှိဝတ်စုံများကို စုရှီ အလွန်တစ်ရာ စိတ်ဝင်စားနေသည်။ အခု မင်းသားအဆောင်အယောင် ဝတ်စုံ ကို လုဟွမ် ပြောင်းလဲ ဝတ်ဆင်ထားပြီ ဖြစ်ပြီး ယခင်ဝတ်စုံများ ထပ် လက်ရာမြောက်ကာ အဆင်အတန်းမြင့်လေသည်။ ကျောက်စိမ်းအဆင်တန်စာများ၊ ရွှေဖြင့် ပြုလုပ်ထားသော ဆံထိုး အပြင် ကိုးပါးသော မင်းသားအမှတ်သင်္ကေတများ ပါဝင်လေသည်။ အသက်ဝင်လှသည့် နဂါးပုံများကို ပုခုံးနှစ်ဖက်တွင် ပန်းထိုးထားပြီး နောက်ကျောဘက်နှင့် ဝတ်စုံအနားသားများကို အဝါရောင်ပိုးချည်ကို အသုံးပြု ပုံဖော်ထားသည်။ ဝတ်စုံ၏ခါးပတ်သည်လည်း ကျောက်စိမ်းများဖြင့် အလှဆင်ထားကာ အနီရောင်ပန်းဖွား ကို တပ်ဆင်ထားသေးသည်။ လုဟွမ်၏ ဖြောင့်မတ် သွယ်တန်းသော မျက်ခုံးများ ၊ ကြယ်တစ်စင်းလို တောက်ပနေသော မျက်လုံးများနှင့် ကျောက်စိမ်းလို ဖြူဖွေးသော အသားအရည်စသည့် အသွင်အပြင်များဖြင့် မင်းသားကိုးသည် ခမ်းနားသော မင်းသားဝတ်စုံ ကို ဝတ်ဆင်လိုက်သောအခါ မယုံကြည်နိုင်လောက်အောင်ပင် ကြည့်ကောင်းပြီး တည်ကြည်ခန့်ညားနေတော့သည်။

သူ့ရဲ့အဆင့်အတန်းမြင့်သည့် ရုပ်သွင်ကို စုရှီ မြင်နေကျပေမယ့် ကျိုက်ကျိုက်သူ့ကို မျက်ခုံးပင့်ပြီးကြည့်လိုက်တိုင်း မှင်သက်နေမိသည်။

ဒါက မူလလူပုံစံပုံရိပ်ကို ‌ပြောင်းလိုက်မိခြင်းရဲ့ ဆိုးကျိုးတွေသာ။ ကျိုက်ကျိုက်မျက်နှာဟာ ဇာတ်လမ်းဇာတ်အိမ်ကိုတောင် လွယ်လွယ်မေ့သွားနိုင်လောက်သည့် ရုပ်မျိုးပင်။

ကျိုက်ကျိုက်က မူလပုံရိပ်ကို အစတည်းက ပြောင်းခဲ့မယ်ဆိုရင် စုရှီမှာ မစ်ရှင်တွေပြီးအောင်လုပ်ဖို့ အာရုံစိုက်နိုင်မည် မဟုတ်။

ယုံအန်းဘုရားကျောင်းကို သွားသည့်လမ်းတွင် ကျိုက်ကျိုက်က အိမ်ရာက ပို့ဆောင်ပေးသည့် စီးတော်ယဉ်ထဲ ထိုင်နေသည်။ စုရှီမှာတော့ မနေနိုင်ဘဲ သူ့ကိုသာ ကြက်သေသေ၍ စိုက်ကြည့်နေလျက်ပင်။ လုဟွမ် သတိပြုမိတော့ သူ့နားတွေ နီရဲလာပြီး တည်ငြိမ်ချင်ဟန်ဆောင်လိုက်ကာ စုရှီကြည့်လို့ရအောင် ဝတ်ရုံကိုသပ်ပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်လိုက်သည်။

ဒီလောကမှာ ဘယ်ယောင်္ကျားကမှ ဒီလောက်ခန့်ညားလွန်းသည့် ရုပ်ရည်ကို မသိ‌ချင်ယောင်ဆောင်တာ မလိုချင်ဘဲ ကြည့်စေချင်ကြလေသည်။ တစ်ခြားသူ‌သာ သူ့ကိုစိုက်ကြည့်နေမယ်ဆို လုဟွမ် စိတ်အနှောင့်အယှက်ဖြစ်ကာ မျက်နှာကြီးမဲနက်သွားလိမ့်မည်။ သို့သော်ငြား စုရှီကျတော့ သူ့ကို ကြာကြာလေး ဆက်ကြည့်နေပါစေလို့ မျှော်လင့်မိ၏။ သူ့မျက်နှာကြောင့် စုရှီသူ့ကို ဂရုစိုက်လာဖို့ ဖြစ်နိုင်ချေ နည်းနည်းပဲ ရှိတယ်ဆိုရင်တောင် ဒါက ကောင်းသည့်အချက်ပင်။

ယုံအန်းဘုရားကျောင်းမှ လူတွေဟာ စိတ်လှုပ်ရှားလျက် အော်ဟစ်နေကြသည်။

"မင်းသားကိုး သက်တော်ရာကျော်ရှည်ပါစေ"

စကားပြောစာတန်းတွေ စခရင်အပြည့် ပေါ်လာတော့မှ စုရှီလဲ အသိစိတ်ပြန်ဝင်လာတော့သည်။ ဘုရားရေ၊ သူ ကျိုက်ကျိုက်ကို တစ်လမ်းလုံး စိုက်ကြည့်နေမိခဲ့တာပါလား။ စုရှီ ချက်ချင်းရှက်သွားပြီး မျက်နှာလွှဲမိတော့သည်။

လုဟွမ်မှာ ဘုရားကျောင်းထဲ ဝင်သွားပြီး ဗုဒ္ဓဘုရားကို အာရုံထားကာ ဝတ်ပြုနေသည်။

အမွှေးတိုင်အိုးမှ မီးခိုးဖြူများဟာ တရိပ်ရိပ်တက်လာတော့ မျက်လုံးဖွင့်ကာ အသက်မှန်မှန်ရှူလိုက်၏။ စခရင်တစ်ခု ခြာထားတဲ့ စုရှီကို သူကြည့်လိုက်တဲ့အချိန် သူ့မျက်ဝန်းထဲဝယ် အလင်းရောင်ဖျော့ဖျော့လေး ရှိနေသည်။ သူစုရှီကို ပြုံးပြလိုက်၏။

"ရှောင်းရှီ၊ ကိုယ်ဘာဆုတောင်းလိုက်လဲ သိလား"

စုရှီမှာ ကျိုက်ကျိုက်ရဲ့နားရွက်တွေ နီရဲနေတာကိုမြင်ပြီး တစ်ခုခုဖြစ်နေတယ်လို့ ခံစားလိုက်ရတာကြောင့် မျက်ခွံတွေ‌ လှုပ်သွားသည်။ စုရှီမှာ ကျိုက်ကျိုက်တစ်ယောက် သူ့ကိုရှက်သွေးဖြာစေမယ့် စကားတွေပြောပြီး နှလုံးခုန်‌မြန်အောင် လုပ်မှာကို ကြောက်တာကြောင့် ခပ်မြန်မြန်ပြောလိုက်သည်။

"ဟင့်အင်း၊ ကျွန်မမသိဘူး..."

ဒါပေမယ့် စုရှီ စကား‌မဆုံးခင်မှာပင် လုဟွမ်က သူ့ကိုစိုက်ကြည့်ပြီး ဖြေးဖြေးချင်းပြောသည်။

"ကိုယ်အိမ်ထောင်ပြုရပါစေလို့ ဆုတောင်းလိုက်တယ်"

သူ့မျက်လုံးနက်တွေဟာ တောက်ပပြီး ဝင်းလဲ့နေကာ စုရှီကို ဖြတ်ခနဲ ကြည့်လိုက်သည်။ စုရှီသာ ကြမ်းကြမ်းတမ်းတမ်း ပြန်ပြောမယ်ဆိုရင် ညိုးခြောက်နေတဲ့ ရော်ရွက်ဝါလေးက သူ့ခေါင်းထဲက အတွေးပူဖောင်း‌ထဲ‌တွင် ပေါ်လာပေလိမ့်မည်။

စုရှီ ရင်ထဲဝယ် ဆိုင်းတွေဗုံတွေ တီးနေကာ မျက်နှာကြီးရဲလာပြန်သည်။ ကျိုက်ကျိုက်က ဒီရက်ပိုင်းတွေ တကယ်ကို မူမမှန်တော့တာပင်။ ကြောက်ဖို့ကောင်းတာက စုရှီလဲ မူမမှန် နေတာပင်။ အကြောင်းပြချက်လဲမရှိဘဲ ဘာလို့ရှက်နေတာလဲ။ သူက အိမ်ထောင်ပြုချင်တယ်လို့ ပြောတာလေ နင့်ကိုပြောတာမှမဟုတ်တာ။ ဘာလို့နှလုံးခုန်မြန်နေရတာလဲ။ မြစ်နားမှာ တိတ်တိတ်လေးသွားတွေ့ခဲ့တဲ့ လျှိုရုယန်နဲ့ လက်ထပ်ချင်တာလဲ ဖြစ်နိုင်တာပဲ။

လုဟွမ်က သူ့ကိုစိုက်ကြည့်ကာ နှုတ်ခမ်းပါးပါးတွေကို ဟလိုက်သည်။ ကြည့်ရတာ တစ်ခုခုပြောမယ့်ပုံဆိုတော့ စုရှီမှာ ကြောက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာ ဂိမ်းကနေ မြန်မြန်ထွက်လိုက်တော့၏။

"ဂွတ်ဘိုင်နော်၊ ပန်းကန်တွေ မဆေးရသေးတာ ခုမှမှတ်မိလို့"

လုဟွမ် "..."

စုရှီ ရေချိုးခန်းထဲမှာ ပုန်းကာ မှန်ကို ဝမ်းနည်းနေသည့် မျက်နှာဖြင့်ကြည့်လိုက်သည်။ သူ့မျက်နှာဟာ မျောက်ဖင်နီလို ‌နီရဲနေတာလဲ မြင်ရော"...."

လုဟွမ်တစ်ယောက် ယုံအန်းဘုရားကျောင်းမှာ ဘုရားဝတ်ပြုပြီးနောက် အားလုံး ပြီးဆုံးသွားသည်။ နောက်ပြီးရင် ကျန့်ယွမ်စစ်တပ်ထဲမှာ သူကိုင်တွယ်ဖြေရှင်းရမည့် စစ်ရေးကိစ္စတွေလဲ ရှိနေသည်။ ကျုံးကန်ဖိန်ကလဲ ယန်တိုင်းပြည်ထဲက လယ်ဧက၁၀၀ကျော် အကြောင်း သူနဲ့လာဆွေးနွေးအုန်းမည်။ သူက အောင်ပွဲရယူကာ ပြန်လာခဲ့တာမလို့ လူတွေမှာသူ့ကို နက်နက်ရှိုင်းရှိုင်းကို ကျေးဇူးတင်ခဲ့ကြ၏။ ဧကရာဇ်ကလဲ တော်တော်ဘက်လိုက်နေပြီး တော်ဝင်ခုံရုံးက တစ်ခြားမင်းသားတွေဟာ ထီးနန်းအတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင်တောင် လက်ရှိအချိန်မှာ အလျင်စလိုမလုပ်ကြသေးပေ။ တစ်နည်းပြောရရင် လောလောဆယ် သူ့ဘက်မှာ ကြီးကြီးမားမား ပြဿနာတစ်စုံတစ်ရာမှ ရှိမနေပါ။

ပြဿနာကြီးကြီးမားမား ရှိနေတာကတော့ စုရှီဘက်မှာပင်။

သူ့ခမျာ အိမ်မှာတောင်မနေရဲတော့ပေ။ အိမ်မှာနေနေတာနဲ့အမျှ လုဟွမ် သူ့ကို ကြည့်တဲ့အကြည့်တွေ၊ လုဟွမ် သူ့ကိုပြောတဲ့စကားတွေနဲ့ လုဟွမ်ရဲ့ နူးညံ့လှတဲ့ အပြုအမူတွေအကြောင်းကိုပဲ ပြန်တွေးနေမိသည်။

မီးခိုးဖြူတလိပ်လိပ်ကြားက သူ့ရဲ့ နက်မှောင်ပြီး ဝင်းလဲ့နေတဲ့မျက်ဝန်းတွေကို စုရှီ ခေါင်းထဲက ထုတ်လို့ကို မရဖြစ်နေ၏။ ရင်ထဲမှာလဲ ရှုပ်ထွေးနေပြီး စိတ်လဲမငြိမ်တာကြောင့် အိမ်စာတွေတောင် မလုပ်နိုင်ချေ။

ဒါကြောင့် နွေရာသီကျောင်းပိတ်ရက်အိမ်စာတွေကို ပိုက်ကာ ဖုန်းကိုယူပြီး ကုချင်းအိမ်မှာ အိမ်စာသွားလုပ်တော့သည်။

လုဟွမ်က ကုချင်းအိမ်ကို မဖွင့်ရသေးတာကြောင့် ဘယ်မှာရှိလဲ သိမည်မဟုတ်။

ကုချင်ရဲ့အမေက ဖရဲသီးတွေချကျွေးပြီး လေအေးပေးစက်ဖွင့်ပေးထားကာ နှစ်ယောက်လုံးကို အိမ်မှာပဲနေကာစာလုပ်ဖို့ မှာသွားသည်။ သူနဲ့ ကုချင်ရဲ့အဖေက အလုပ်ကို ပြန်သွားရတာကြောင့် ကုချင်နဲ့စုရှီတို့သာ အိမ်မှာကျန်ခဲ့တာမလို့ စာလုပ်လိုက် မုန့်စားလိုက်လုပ်နေကြသည်။ စုရှီမှာ စိတ်ထဲမှာ တစ်ချိန်လုံး ရှုပ်ထွေးနေတဲ့ခံစားချက်တွေကို မြိုသိပ်ထားရင်း ကုချင်နဲ့ ဒရာမာကားကြည့်နေလိုက်သည်။ ဒါပေမယ့် နေ့တစ်ဝက်လဲကုန်ရော လူတစ်ယောက်ကို အကြာကြီးမတွေ့ရ‌သလို ရင်ထဲဗလာကြီးဖြစ်လာ၏။

စုရှီမှာ စိတ်နဲ့လူနဲ့မကပ်ဘဲ အာလူးကြော်စားနေတာကြောင့် ကုချင်ရဲ့အထုပ်ကို သွားဆွဲမိတော့သည်။

"ဘာလုပ်တာလဲ။ စိတ်နဲ့လူနဲ့လဲ မကပ်ဘူး"

ကုချင်က သူ့လက်ကို ဖယ်ထုတ်လိုက်သည်။

"ကိုယ့်မုန့်ကိုယ်စား"

စုရှီက ရုတ်တရက် တောင့်တောင့်ကြီးထိုင်ကာ ကုချင်ကို အတည်ပေါက်ကြီးကြည့်ပြီး ပြောလာသည်။

"ငါနင့်အကြံဉာဏ် တောင်းချင်လို့"

ကုချင်က တခစ်ခစ်ရီပြီး သူ့ကိုစောင်းကြည့်လိုက်သည်။

"ချစ်မိနေတယ်လို့ ပြောမလို့လား"

"မဟုတ်ပါဘူး"

စုရှီ သူ့ကိုတွန်းထုတ်လိုက်၏။

"အတည်ပြောရရင် အဲလိုမျိုးပဲ။ ငါဂိမ်းတစ်ခုဆော့နေတာ၊ အဲဒီဂိမ်းက ရှေးခေတ်‌ဂိမ်း။ အခုလတ်တလော တော်တော့်ကို ထူးဆန်းလာတာ။ ရုတ်တရက်ကြီး အဲဒီဂိမ်းကို နောက်ဆုံးအပိုင်းရောက်အောင် မဆော့ချင်တော့ဘူး။ ဂိမ်းဇတ်ကောင်က ငါ့ကိုသိပ်အားမကိုးတော့ဘူးဆိုတာ သိတော့ တော်တော်ဝမ်းနည်းမိတယ်။ အဲတာတင်မဟုတ်ဘဲ အဲဒီဂိမ်း‌ဇာတ်ကောင်က နောက်ထပ်ဂိမ်းဇာတ်ကောင်နဲ့ နီးစပ်လာတာကိုမြင်ရင် ငါ့စိတ်ထဲတစ်မျိုးကြီးပဲ...အစတုန်းက အဲလိုမဟုတ်ဘူး။ အစကတော့ ငါသူ့ကို ကိုယ်လုပ်တော် ရှာပေးဖို့ပဲ လုပ်နေခဲ့တာ..."

ကုချင်က အာလူးကြော်ဝါးနေရင်း ပြော၏။

"ဒါသာမန်ပါပဲ။ ဂိမ်းဆော့ရင် လူတွေတော်တော်များများ ဒီလိုဖြစ်ကြတယ်။ နင်က2Dဇာတ်ကောင်ကို ကြိုက်နေတာ"

"ကြိုက်တယ်ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စုရှီ လန့်သွားပြီး ထခုန်လုမတတ်ပင်။ ခဏကြာတော့ ခြေချိတ်ထိုင်လိုက်ပြီး မျက်နှာကြီးကရဲနေလျက် ပွစိပွစိပြောနေ၏။

"ဂိမ်းက တကယ့်ကမ္ဘာကြီးဖြစ်ပြီး 2Dဇာတ်ကောင် မဟုတ်ရင်ရော"

"သူငယ်ချင်းတွေကြားမှာ ပိုင်ဆိုင်လိုစိတ်မှ မရှိတာ"

ကုချင်က သူ့နဖူးကိုစမ်းကာ ပြောသည်။

"ရှီရှီ၊ နင်နေမကောင်းတာဘဲ ဖြစ်ရမယ်"

သူက စုရှီကို သနားသလိုကြည့်ကာ ပြော၏။

"နောက်ဆုံးစာမေးပွဲပြီးတာမှ ရက်ပိုင်းပဲရှိသေးတယ်။ ဂိမ်းအဆော့လွန်ပြီး ရူးသွားတာလား"

စုရှီ "..."

"မဖြစ်နိုင်တာ"

စုရှီက ကုချင်ပြောလိုက်တဲ့ "ကြိုက်တယ်"ဆိုသည့်စကားလုံးကိုပဲ ပြန်တွေးနေတုန်းဖြစ်သည်။ နှလုံးခုန်သံတွေလဲ မြန်လာပေမယ့် အောက်မှာရှိတဲ့ အာလူးကြော်ထုပ်အခွံကိုလဲတွေ့ရော မတတ်နိုင်ဘဲပြောလိုက်တော့သည်။

"ငါ သူ့ကိုအိမ်မွေးတိရစ္ဆာန်လိုပဲ ဖြစ်ဖြစ် သူငယ်ချင်းလိုပဲ ဖြစ်ဖြစ် များများဆက်ဆံ‌ရတော့မှာပေါ့"

အဲဒီအပြင် မတူညီတဲ့ကမ္ဘာနှစ်ခုကြားက လူနှစ်ယောက်ဟာ စခရင်ကနေ တွေ့ဆုံနိုင်ဖို့ဆိုတာ အတော်လေးမှော်ဆန်လှသည်။ စုရှီမှာ ဘာမှတောင် ဆက်မတွေးရဲတော့ပေ။

ဆက်တွေးရဲတယ်ဆိုရင်တောင် ဘာမှမလုပ်နိုင်ချေ။

တိုင်းပြည်တစ်ခုလုံး ဆီးနှင်းများ‌ကြောင့် သဘာဝကပ်ဘေးကြရောက်စဉ်ကလည်း ပြည်သူများကို အစားအသောက်များ ထောက်ပံ့နိုင်ခဲ့လို့ လူထုက ထောက်ခံအားပေးခဲ့ကြသည်။ အားပေးမှုကလည်း တစ်ဖြည်းဖြည်းနဲ့လဲ ပိုမိုတက်ကြွ လာခဲ့ကြ၏။ မြောက်ပိုင်းနယ်မြေမှာကော ယုံအန်းဘုရားကျောင်းထဲမှာကော လူတွေဟာ ဒူးထောက်လျက်ရှိသည်။ စုရှီ သူတို့ရဲ့အကြည့်တွေကို မြင်နေရပြီး သူတို့ လုဟွမ်ကို ကြည့်နေပုံမှာ ကယ်တင်ရှင်တစ်ပါးကို ကြည့်နေသလိုမျိုးပင်။ ဂိမ်းရဲ့အဓိကဇာတ်ကြောင်းအရ သူဟာ အနာဂတ်တွင် ဒီတိုင်းပြည်ရဲ့ အုပ်ချုပ်သူဖြစ်လာလိမ့်မည်။ ဒီလိုဖြစ်လာဖို့ကလဲ မလွယ်ပေ။ သူသေ‌ချာကြိုးစားပြီး ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်စေဖို့က သူ့အိမ်မက်ပင်။

အခြားကမ္ဘာကို သွားပြီး ဘာမှမပိုင်ဆိုင်ရတာက စုရှီလုပ်ဖို့ သတ္တိမရှိတဲ့အရာပင် ဖြစ်သည်။ ဒါကြောင့် စုရှီက သူ့ကိုလဲ အဲလိုလုပ်ခိုင်းဖို့ သတ္တိမရှိပေ။

ဒါတွေက စုရှီရဲ့ စိတ်‌ထဲ ကလိကလိဖြစ်စေတဲ့ အတွေးတွေပင်။ ကုချင်ကလဲ စုရှီဘာပြောနေလဲ သိတာမဟုတ်လို့ သူနဲ့လဲ မတိုင်ပင်ချင်တော့။

စုရှီ သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် အားလူးကြော်အိတ်ခွံကို ပွတ်နေလေသည်။

လုဟွမ်ဘက်တွင်တော့ မိုးသည်းထန်စွာရွာသွန်းနေသည်။ လုဟွမ်က အိမ်ရာတံစက်မြိန်အောက်တွင် ရပ်ကာ မိုးရေစက်များ အဆက်မပြတ် ကျဆင်းနေသည်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ဖယောင်းတိုင် မီးရောင်သည်လည်း မိုးသည်းလေသည်းကြားထဲတွင် ယိမ်းနွဲ့ကာ လှုပ်ခါယမ်းနေပြီး မီးတောက်မှာ ငြိမ်းသွားတော့မယောင် ဖြစ်နေသည်။

သူက စခရင်ပေါ်ကနေ သူ့သူငယ်ချင်းကိုပြောနေသည့် စုရှီရဲ့ ချီတုံချတုံအမူအရာကို ကြည့်နေရင်း စာတန်းလေးတွေ ပေါ်လာသည်။

"ငါ သူ့ကို အိမ်မွေးတိရစ္ဆာန်လိုပဲဖြစ်ဖြစ် သူငယ်ချင်းလိုပဲဖြစ်ဖြစ် များများဆက်ဆံ‌ရတော့မှာပေါ့"

လုဟွမ် နှုတ်ခမ်းကိုကိုက်ကာ စိတ်အားမငယ်အောင် ကြိုးစားပေမယ့်လည်း ရင်ထဲဝယ် ကျောက်တုံးကြီး ပြုတ်ကျလာပြီး မြေပေါ် အားနဲ့လာဆောင့်သလို ခံစားလိုက်ရသည်။

အိမ်ရာတံစက်မြိန်အောက်တွင် အကြာကြီးရပ်ကာ အင်္ကျီလက်တွေမှာ စိုနေလျက် ဖြေးဖြေးချင်း အသိဝင်လာပြီး မျက်လွှာချလိုက်သည်။ သူ ဒီလောက် ဝမ်းမနည်းတဲ့ပုံ ဟန်ဆောင်လိုက်ပြီး စခရင်ကို ဘေးဖယ်ကာ အိမ်ထဲ ပြန်ဝင်လာလိုက်၏။

စုရှီ စိတ်ရှုပ်နေတာကြောင့် နှစ်ရက်လောက် စားလိုက်သောက်လိုက် လုပ်ပြီးမှ လိုင်းပြန်တက်လာသည်။

လိုင်းတက်လာတော့ သူကျိုက်ကျိုက်ကို ပေးခဲ့တဲ့ မီးပုံးလေးဟာ အိမ်တော်အသစ်ရှိ သူ့အခန်းထဲမှာ ချိတ်ထားတာကို တွေ့လိုက်ရသည်။ စုရှီ သူ့ပစ္စည်းတွေ အဆင်တန်ဆာတွေ ထည့်သိမ်းလေ့ရှိသည့် သေတ္တာတွေကိုလည်း ပြောင်းပေးထားတာတွေ့ရသည်။ ကျိုက်ကျိုက်က ထိုပစ္စည်းတွေကို အိမ်ပြောင်းတိုင်း သယ်ဆောင်သွားတတ်ပြီး...စုရှီ ရုတ်တရက် တော်တော်အပြစ်ရှိသလို ခံစားလိုက်ရသည်။

ထိုအချိန် လုဟွမ်မှာ ရုံးတော်ကနေ ထွက်လာပြီးဖြစ်ပြီး ရုံးတွင်းဝတ်ရုံကိုချွတ်ကာ အလုပ်စားပွဲမှာ ရိုးရိုးဝတ်ရုံဝတ်၍ ထိုင်ပြီး အလုပ်လုပ်နေလေသည်။

စုရှီက သူစခရင်ဖွင့်ထားလား သူ့ကိုမြင်ရလားဆိုတာ သေချာမသိတာကြောင့် ခိုးဝင်ပြီး စိုက်ကြည့်နေလေ၏။ ဘာလို့မှန်းမသိ နှစ်ရက်လောက် လိုင်းမတက်တာ ကျိုက်ကျိုက် ဝိတ်ကျသွားသလိုပင်။ မင်းသားဖြစ်လာတော့ လုပ်စရာအလုပ်တွေ ပုံနေလို့များလားမသိ။ စုရှီမှာ ကျိုက်ကျိုက်အစား ခံပြင်းမိသွား၏။ အခုမှ မင်းသားဂုဏ်ပုဒ်ပြန်ရတာကို ဧကရာဇ်က ဘာလို့ အလုပ်တွေအများကြီး ပေးထားရတာလဲ။

စုရှီ ခဏလောက် စိုက်ကြည့်နေပြီး ပြန်ခိုးထွက်မလို့ လုပ်နေတုန်းမှာပဲ ကျိုက်ကျိုက်က ရုတ်တရက် စခရင်ကနေ မော့ကြည့်လာကာ ပြော၏။

"မင်းရောက်နေတာပဲ"

စုရှီမှာ လန့်ပြီးထခုန်မိကာ ခပ်မြန်မြန် နှုတ်ဆက်လိုက်သည်။

"အာ ဟုတ်တယ်။ ကျွန်မရောက်နေတာ။ ရှင်အလုပ်များနေတာမြင်တော့ မနှောင့်ယှက်‌တော့တာ"

စုရှီမှာ လုဟွမ်တစ်ယောက် အရင်တစ်ခေါက်လို သူ့ဦးနှောက်ကြီး ပေါက်ကွဲ‌သွားစေမည့် စကားမျိုးပြောလာမှာ ခပ်လန့်လန့်ဖြစ်နေသည်။ သို့သော်ငြား ဒီနေ့ ကျိုက်ကျိုက် ဘာမှမပြောဘူးလို့တော့ မထင်ထားခဲ့ပေ။ သူက စုရှီကို နူးနူးညံ့ညံ့ကြည့်ပြီး ပြောလိုက်သည်။

"မင်းနှစ်ရက်လုံးလုံး မလာဘူးနော်။ နွေရာသီကျောင်းပိတ်ရက် အိမ်စာတွေ လုပ်နေရလို့လား"

စုရှီက ခပ်မြန်မြန် ‌ပြန်ပြော၏။

"ဟုတ်တယ်။ အိမ်စာတွေ အများကြီး မို့လို့"

လုဟွမ်က ပြုံးလျက် ပြောသည်။

"ကိုယ် ကူလုပ်ပေးရမလား"

စုရှီမှာ သူ့စကားကြောင့် ကြည်နူးမိသွားပြီး စိတ်လှုပ်ရှားမှုတွေဟာလည်း ချက်ချင်းထိုးတက်လာလေသည်။

"ကျိုက်ကျိုက်ရယ်၊ ရှင့်ရဲ့စစ်ရေးကိစ္စတွေကိုပဲ အရင်ပြီးအောင် လုပ်ပါအုန်း"

ပီပီပြင်ပြင် ထွက်လာတဲ့ "ကျိုက်ကျိုက်"ဆိုသည့် နာမည်ကို ကြားလိုက်ရတော့ လုဟွမ်ရဲ့ စုတ်တံရှည်ကို ကိုင်ထားသည့် လက်ချောင်းသွယ်သွယ်တွေဟာ ရပ်တန့်သွားသည်။ သူဘာမှမပြောဘဲ မျက်လွှာကိုသာ ချထား၏။ ထုတ်မပြမိဖို့ ကြိုးစားပေမယ့်လဲ သူ့မျက်နှာမှာ အထီးကျန်သည့်ပုံရိပ်တို့ ရှိနေလေသည်။

စုရှီရဲ့ နှလုံးသား စူးခနဲဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုတောင် ပါးပိတ်ရိုက်လိုက်ချင်သည့် အထိပင်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စုရှီက ပေါ့ပေါးပါးပါးလေသံဖြင့် ပြောလာသည်။

"ကျွန်မ အိမ်စာတွေ ဆက်လုပ်ရအုန်းမယ်။ မနက်ဖြန်ကျမှ လာတော့မယ်နော်"

လုဟွမ်က သူ့ကိုကြည့်ပြီး တစ်ခုခုပြောချင်နေပေမယ့် တုံ့ဆိုင်းနေလေသည်။

စုရှီရဲ့ အာခေါင်တွေမှာ တင်းကျပ်လာလျက် သူတစ်ခုခုပြောမယ်ထင်လိုက်ပေမယ့် ဒီတိုင်းသူက နှုတ်ခမ်းကို ဖိလိုက်တာဖြစ်သည်။ အဲဒီနောက်မျက်ခုံးပင့်ကာ ပြုံးပြီးပြော၏။

"မင်းကို ဒီမှာ မတွေ့ရတာငါးရက်တောင် ရှိပြီလေ။ မနက်ဖြန်လာတွေ့မယ့်အစား ဒီညလာတွေ့ပါလား"

စုရှီက သက်ပြင်းချလိုက်ပြီး မြန်မြန်ကတိပေးလိုက်တော့သည်။

"ရတယ်လေ။ ကိစ္စမရှိပါဘူး"

စုရှီက ပန်းကန်လုံးတွေ တူတွေကိုကောက်ပြီး မီးဖိုချောင်ဆီသွားကာ ပန်းကန်ဆေးဖို့ ‌လုပ်တော့သည်။ တစ်ချိန်တည်းမှာပင် ကျိုက်ကျိုက်ရဲ့ အလုပ်စားပွဲနေရာ အင်တာဖေ့စ်ကို ဖျက်လိုက်၏။ လိုင်းဆင်းတော့မလို့ လုပ်နေတုန်း တော်ဝင်နန်းတော်က မိန်းမစိုး‌တွေကို အိမ်ရာအဝင်ဝတွင် တွေ့လိုက်ရသည်။ လက်ထဲမှာလည်း တော်ဝင်အမိန့်စာကို ကိုင်ထား၏။ မိန်းမစိုးခေါင်းဆောင်က မင်းသားကိုး အိမ်ရာကို စောင့်တဲ့ တော်ဝင်အစောင့်တွေကို တစ်ခုခုပြောလိုက်သည်။

ဒီအခြေအနေကို ကြည့်ရရင် မြို့တော်မှာ ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်ပေါ်ပုံ၏။ ဧကရာဇ်က ကျိုက်ကျိုက်ကို ဖြေရှင်းပေးဖို့ လက်လွှဲလိုက်တာများလား။

စုရှီ နည်းနည်းတော့ စိုးရိမ်နေလျက် ရေပိုက်ခေါင်းကို ဘယ်လက်နှင့်ဖွင့်ကာ ညာလက်ဖြင့် အင်တာဖေ့စ်ကို ဖျက်လိုက်သည်။

အဲဒီနောက် မိန်းမစိုးခေါင်းဆောင်က တော်ဝင်အစောင့်တွေကို ပြောနေတာမြင်လိုက်ရသည်။

"မယ်တော်မိဖုရားကြီးက မနေ့က ဧကရာဇ်ကို အကြံပြုခဲ့ပါတယ်။ မင်းသားကိုးက အသက်ဆယ့်ခုနှစ်နှစ် ပြည့်ပြီးပေမယ့် အိမ်ရာကို စောင့်ရှောက်ပေးဖို့ ကိုယ်လုပ်တော်ရှိမနေဘူး။ အိမ်တော်ထိန်းကလဲ အိမ်ရာကိုတစ်နေကုန် စောင့်ရှောက်နေရလို့ သူ့အနားမှာ နေမယ့် အနီးကပ်လူတစ်ယောက်မှ မရှိဘူး။ အဲတာက မကောင်းပါဘူး။ ဒါကြောင့် မယ်တော်မိဖုရားကြီးက အထက်တန်းလွှာမိန်းမပျို‌တို့ရဲ့ ပုံတူပန်းချီ‌တွေကို မင်းသားကိုးကြည့်ပြီး ရွေးချယ်လို့ရအောင် ပို့ပေးခိုင်းလိုက်ပါတယ်"

မယ်တော်မိဖုရားကြီးတဲ့။

စုရှီက မယ်တော်မိဖုရားကြီးဟာ အိမ်ရှေ့စံဘက်ကလူဖြစ်မှန်း ရုတ်တရက်သတိရသွားသည်။ အခု အိမ်ရှေ့စံမင်းသားနဲ့ မင်းသားငါးတို့နှစ်ယောက်လုံးက ကျိုက်ကျိုက်ကို ပစ်မှတ်ထားနေကြပေမယ့် ဒီအချိန်မှာတော့ အလျင်စလို ဘာမှတော့ မလုပ်ကြသေးပေ။ ဒါကြောင့် ကျိုက်ကျိုက်အတွက် အထက်တန်းလွှာအမျိုးသမီးတွေ ပို့ပေးတာက လက်ရှိမှာ လုပ်လို့ရနိုင်တဲ့ အလွယ်ဆုံးနည်းလမ်းပင်။

တစ်ခြားပြောရရင်-ချီးပဲပေါ့လို့။ သူအမြဲစောင့်နေခဲ့ရတဲ့ ကြင်ယာတော်ရွေးချယ်မှုက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

ဒါပေမယ့် သူ့လက်ချောင်းတွေ ချက်ချင်းအေးသွားတယ်လို့ ခံစားနေရတာလဲ။

စုရှီမှာ မိန်းမစိုးခေါင်းဆောင်ရဲ့စကားကို ကြားပြီး ဘေးဖယ်ပေးလိုက်တဲ့ တော်ဝင်အစောင့်တွေကို မှင်သေသေဖြင့် စိုက်ကြည့်နေမိသည်။ ထို့နောက် မိန်းမစိုးခေါင်းဆောင်က လူတွေကို ဦးဆောင်ကာ လုဟွမ်ကို ရှာကြတော့သည်။

"..."

ဒီလိုမြင်ကွင်းက သူ့ကို တော်တော်စိတ်လှုပ်ရှားစေခဲ့မယ်လို့ စုရှီ တွေးခဲ့မိဖူးသည်။ တံတွေးတွေပါ မြိုချရပြီး လုဟွမ် ရွေးချယ်တာကို မျက်စိစုံမှိတ် လက်ခံမည်ပေါ့။

ဒါပေမယ့် တကယ်လဲ ဖြစ်လာရော ဘေစင်ရှေ့မှာရပ်ကာ လက်ချောင်းတွေမှာ ထုံကျင်နေပြီး စိတ်တွေလဲ လေလွင့်နေလျက်။ ခေါင်းထဲဝယ် တဝီဝီဖြစ်နေပြီး ရေကျသံကိုတောင် မကြားနိုင်တော့ပေ။

အသိစိတ်ပြန်ဝင်လာတော့ သူ့ဖုန်းက ဘေစင်ထဲကို "ပလုံ"ဆိုပြီး ပြုတ်ကျသွားတော့သည်။

စုရှီမှာ ချက်ချင်းဆိုသလို အသည်းအသန် ထိတ်လန့်သွားပြီး ပျာယာခတ်လျက် ဖုန်းကို အမြန်ပြန်ကောက်ကာ ဖုန်းပေါ်က ရေတွေကို ရေစုပ်စက္ကူနဲ့ သုတ်လိုက်သည်။

ဒါပေမယ့် ဖုန်းစခရင်မှာ ပိတ်သွားပြီး ဘယ်လောက်ပဲ ဖိထားဖိထား ဖွင့်လို့မရတော့ပေ။

ထိုချိန် လုဟွမ်မှာလဲ တခုခုမှားနေတယ်လို့ ကြိုသတိထားမိသလိုပင် မျက်မှောင်ကြုတ်လိုက်သည်။

စာရေးနေတာကိုရပ်ပြီး ခေါင်းမော့ကာ မပိတ်ရသေးတဲ့ စခရင်ကိုကြည့်လိုက်သည်။

ဒါပေမယ့် ရုတ်တရက်ဆိုသလို စခရင်မှာ အလင်းတောက်လာပြီး ပျောက်ကွယ်သွားတော့သည်။

အဲလိုပဲ..ပျောက်သွားတာလား။

လုဟွမ်ရဲ့ မျက်နှာမှာ စက္ကူလို ဖြူစုပ်နေတော့သည်။ သူချက်ချင်း မတ်တပ်ရပ်ကာ လေထဲက စခရင်ကို ဆွဲယူဖို့လုပ်၏။

ဒါပေမယ့် လေထဲမှာ စခရင်ရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပေ။

ထိတ်လန့်တုန်လှုပ်စွာဖြင့် ကန့်လန့်ကာရှိရာသို့ ခြေလှမ်းကြီးများဖြင့် လှမ်းလာလိုက်သည်။

ဒါပေမယ့် သူ့ရှေ့က စားပွဲခုံကို တိုက်မိပြီး ကြမ်းပြင်ပေါ်လဲကာ တစ်ပိုင်းတစ်စစီ ဖြစ်သွားတော့၏။

ပြီးတော့ သူဟာလဲ သူ့ရဲ့ကမ္ဘာကြီးထဲရှိ ဒီအခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့လျက်။

All Chapters