← Chapters

Chapter 64

Vol. 7 Ch. 64

Chapter 64

Vol. 7 Ch. 64

လုဟွမ် ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။ ကန့်လန့်ကာဟာ ထပ်မပေါ်လာတော့သလိုမျိုး ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်။ လုဟွမ်မှာ ကျိုးနေတဲ့စားပွဲခုံပေါ် တက်နင်းပြီး လှည့်ပတ်ရှာနေ၏။ လက်ရာမြောက်လှသည့် သစ်သားပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်ဟာ တောက်ပနေပေမယ့်လည်း လေထုထဲမှာတော့ ဖုန်မှုန့်လေးတွေကိုသာ မြင်နေရသည်။

သူ့နှလုံးခုန်သံမှာ ကျယ်လောင်နေပြီး လေထဲကို အော်ခေါ်နေလေသည်။

"ရှောင်ရှီ၊ ရှောင်ရှီရေ.."

သူသည် အကြိမ်‌ပေါင်းများစွာ ခေါ်ခဲ့ပြီး အကြိမ်တိုင်းလဲ နောက်ဆုံးခေါ်ခဲ့စဉ်ကထက် ပိုပြီး အလျင်လိုစိတ်စောကာနေခဲ့သည်။ သို့ပေမယ့် အခန်းက ခေါင်းတလားတစ်ခုအလား တိတ်ဆိတ်လိုသာ နေခဲ့သည်။ သူ့ဝတ်ရုံလက်အနားစကို လာရောက်ရိုက်ခတ်လေ့ရှိသော လေလေးကလဲ ပေါ်မလာခဲ့ချေ။

ဘာတုံ့ပြန်မှုမှ ရှိမလာ။

အိမ်မက်ဆိုးမက်နေတယ်လို့ထင်ပြီး လုဟွမ်မှာ စက္ကူလို ဖြူစုပ်နေသည့်မျက်နှာဖြင့် လှည့်ပတ်လိုက်ရှာနေခဲ့သည်။

ဒီမြင်ကွင်းဟာ သူ့အိမ်မက်ဆိုးတွေထဲမှာ အကြိမ်ကြိမ် ပေါ်လာခဲ့သည့် မြင်ကွင်းပင်။

စုရှီ ဘယ်တော့များ ပျောက်သွားမလဲ မသိတာကြောင့် အစတည်းက စုရှီရဲ့အကြောင်းကို သိအောင်လုပ်ခဲ့ရသည်။ သူ စုရှီကို တွေ့ချင်သည်၊ စုရှီရဲ့ ကမ္ဘာကို သွားချင်သည်။ စုရှီ ‌သူ့ဘေးနားရှိတေမှ စိတ်သက်သာရာ ရသည်။ ဒါပေမယ့် သူ အစိုးရိမ်ခဲ့ရဆုံးအရာက ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

ဒီအခြေအနေဟာ စုရှီ ရှစ်ရက်လောက် မပေါ်လာတုန်းကနဲ့ မတူဘူးလို့ သူ စိတ်ထဲကနေ ကြိုသိနေ၏။ ဒီတစ်ကြိမ်သူ့ကိုသာ မရှာနိုင်ခဲ့ရင် နောက်လဲ ထပ်တွေ့ရတော့မည် မဟုတ်ပေ။

ဒါပေမယ့် ဘာလို့ ရုတ်တရက်ကြီး ဒီလိုမျိုး ဖြစ်လာရတာလဲ။

စုရှီ တစ်ခုခုဖြစ်လို့လား။ ဒါမှမဟုတ် သူဒီရက်ပိုင်း စုရှီကို တွန်းအားတွေ ပေးမိလို့များ စုရှီ သူ့ကို မလိုချင်တော့တာလား...ဒါကြောင့် ဆက်သွယ်လို့ရတဲ့ နည်းလမ်းကို ဖြတ်ချလိုက်တာလား။

လုဟွမ်မှာ ရေခဲတောက်အောက်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

စားပွဲခုံဟာ ဘန်းခနဲဆိုပြီး ကြမ်းပြင်ပေါ် ကျသွားသည်နှင့် အပြင်က အစောင့်တွေဟာ သတိထားမိသွားသည်။ အစောင့်နှစ်ယောက်ဟာ အလျင်အမြန်ပြေးဝင်လာကြတော့ မင်းသားကိုး တက်နင်းထားတဲ့ ပြန့်ကျဲနေသည့် စာရွက်လိပ်တွေကိုသာ မြင်လိုက်ရတာကြောင့် အလျင်စလို မေးလိုက်ကြသည်။

"အရှင့်သား၊ ဘာများဖြစ်လို့ပါလဲ"

လုဟွမ်က ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး စိတ်ငြိမ်အောင်လုပ်ကာ အသံနက်ကြီးဖြင့် ပြန်ပြောလေ၏။

"ဘာမှမဖြစ်ဘူး"

အခုတော့ ကန့်လန့်ကာဟာ လုံးဝပျောက်ကွယ်သွားပြီး စုရှီဘက်မှလည်း တုံ့ပြန်မှုတစ်စုံတစ်ရာမ‌ရချေ။ ဒီလိုအခြေအနေမျိုး ဘယ်ထိဖြစ်နေမှာလဲ သူမသိ။ ဒီတိုင်းသာ သူစောင့်နေရမယ်ဆိုရင်လည်း ဘာမှမတတ်နိုင်တော့ပြီ။ သို့သော်လည်း လုဟွမ်မှာ စုရှီတွင် မမျှော်လင့်ထားစရာကိစ္စတခုခု ဖြစ်နေမှာကို စိုးရိမ်နေ၏။ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ လိုက်ကာစခရင်မျက်နှာပြင် မပျောက်သွားခင် ပြောခဲ့တဲ့ မစ်ရှင်၁၅ကို မြန်နိုင်သမျှမြန်မြန် ပြီးအောင်လုပ်ဖို့ပင်။

ဒီလိုတွေးလျက် လုဟွမ်မှာ ကြမ်းပြင်ပေါ်ရှိ စုတ်တံတွေ၊ မှင်ချောင်းတွေ၊ စာရွက်တွေ၊ မှင်အိုးတွေကို လျစ်လျူရှုပြီး အမြန်ထွက်လာလိုက်သည်။

လမ်းလျှောက်နေရင်းနဲ့လည်း သူ့နောက်ကအစောင့်ကို ပြောလိုက်သည်။

"မြင်းပြင်ထား၊ ငါချန်ကျိုးကို သွားမယ်"

နန်းတော်က မိန်းမစိုးတွေဟာ လက်ရာမြောက်လှတဲ့ စင်္ကြံကနေ အလျင်စလို ရောက်လာကြပေမယ့်လည်း အချိန်ကိုက် မရောက်လာလိုက်ပေ။ သူတို့တွေမှာ မင်းသားအိမ်ရာကနေ မင်းသားကိုးရဲ့ ဝတ်ရုံ ပျောက်ကွယ် သွားတာကိုသာ မြင်လိုက်ရပြီး မိန်းမစိုးတွေမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် မင်းသားကိုး ဘာလို့ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ မသိကြ။

စုရှီကတော့ အိမ်မှာထိုင်နေပြီး နာရီဝက်လောက် ဖုန်းကို ဆံပင်အခြောက်ခံစက်နဲ့ ထိုင်မှုတ်နေပေမယ့်လည်း ပွင့်မလာသေးပေ။

အဲဒီလိုနဲ့ မနှစ်ကချောင်ထိုးထားတဲ့ ဖုန်းအဟောင်းကို ပြန်ရှာပြီး မိနစ်နှစ်ဆယ်ကျော်လောက် အားသွင်းထားလိုက်၏။ ထို့နောက် ဖုန်းအဟောင်းထဲမှာ app storeကို ဖွင့်ကြည့်ပေမယ့် ဂိမ်းကို ရှာမတွေ့ချေ။ ဂိမ်းကို ဘယ်လိုစာလုံးနဲ့ပဲဖြစ်ဖြစ် ရိုက်ရှာရိုက်ရှာ အင်္ဂလိပ်လို ရှာတာတောင် ပေါ်မလာပေ။ ဘိုင်ဒူထဲမှာလည်း အတူတူပဲ ဖြစ်ပြီး ဘာမှရှာမတွေ့။

စုရှီ စပြီး ထိတ်လန့်လာတော့သည်။ သူ့ဖုန်းပျက်သွားတာကို ကြောက်တာမဟုတ် ကျိုက်ကျိုက်ရဲ့ကမ္ဘာနဲ့ ဆက်သွယ်မရတော့မှာကို ကြောက်နေသည်။

"ပြင်လို့ရမှာပါ"

စုရှီ ထိတ်‌လန့်နေရာမှ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။ အဲဒီနောက် သော့တွေယူကာ ဖုန်းနှစ်လုံးကို ကိုင်လျက် ဖိနပ်လဲပြီး ဖုန်းပြင်ဆိုင်ကို အလျင်စလိုသွားတော့၏။

အပြင်က နေဟာ အတော်ကိုမှ ပူပြီး စုရှီမှာလည်း ထီးယူလာဖို့ အချိန်မရလိုက်ပေ။ လူမှုရေး အသင်းစင်တာ‌ ဝင်ပေါက်ကို လမ်းလျှောက်လာတော့ ဘတ်စကတ်ဘောကစားပြီး ပြန်လာတဲ့ ဟောက်ကျင်းချွမ်နဲ့ တွေ့တော့သည်။ ဟောက်ကျင်းချွမ်က စုရှီတစ်ယောက် စက်ဘီးကို အသည်းအသန် နင်းလာတာလဲ မြင်ရော တားလိုက်သည်။

"စုရှီ၊ အပြင်မှာ အရမ်းပူနေတာကို။ ဘယ်သွားမလို့လဲ"

စုရှီ ဟောက်ကျင်းချွမ်ကိုလဲ မြင်ရော အလျင်စလို ပြောလိုက်၏။

"ငါ့ကို နင့်ဖုန်းခဏငှား"

"နင့် ဖုန်းပျက်သွားလို့လား"

ဟောက်ကျင်းချွမ်က စုရှီလက်ထဲက ဖုန်း ပိတ်နေတာကို မြင်သွားတာကြောင့် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပေးလိုက်သည်။

စုရှီ သူ့ဖုန်းထဲမှာ ဂိမ်းကိုလိုက်ရှာပေမယ့် ဆေးရုံမှာတုန်းကလိုပင် ဘယ်လိုမှရှာလို့မတွေ့ဘဲ ဂိမ်းဟာကမ္ဘာကြီးထဲက ပျောက်ကွယ်သွားသလိုပင်။

သူ့ရဲ့ပျက်နေတဲ့ဖုန်းကပဲ အဲဒီဂိမ်းကို ဆော့လို့ရတာများလား။

စုရှီစိတ်ထဲ မကောင်းတဲ့ခံစားချက်တွေ ရ‌နေလေသည်။ ဟောက်ကျင်းချွမ်ကို ဖုန်းပြန်ပေးလိုက်ကာ ရှင်းပြဖို့တောင် အချိန်မရှိဘဲ စက်ဘီးကိုအသည်းအသန်နင်းပြီး လူမှုရေးအသင်းစင်တာဝင်ပေါက်ကနေ ထွက်သွားတော့၏။

ဖုန်းပြင်ဆိုင်က နှစ်လမ်းကျော်မှာ ရှိတယ်ဆိုပေမယ့် နေ့လယ်ဘက် အရမ်းပူတာကြောင့် စုရှီ အဲဒီကို စက်ဘီးနင်းသွားတော့ ဆိုင်ကမဖွင့်ချေ။ အဲဒါကြောင့် ဖုန်းအဟောင်းထဲ ဝင်ရှာကြည့်လိုက်တော့ နောက်နှစ်လမ်းကျော်လောက်မှာ ဖုန်းပြင်ဆိုင်ရှိသေးတာတွေ့ပြီး စဉ်းစားမနေတော့ဘဲ ချက်ချင်းနင်းသွားလိုက်တော့သည်။

ကံကောင်းချင်တော့ ဆိုင်ထဲမှာ လူမရှိတာကြောင့် တန်းစီနေစရာ မလိုတော့ပေ။ စုရှီက ဆိုင်အပြင်မှာ စက်ဘီးရပ်ထားခဲ့ပြီး တစ်ခေါင်းလုံးချွေးတွေ စိုရွှဲလျက် ဝင်သွားတော့သည်။ ဆိုင်ရှင်အား ဖုန်းကို အသည်းအသန် ပေးလိုက်ပြီး

"သူဌေး၊ ဒီဖုန်းကိုလေ မြန်မြန် ပြင်နိုင်မလားမလို့ ကြည့်ပေးပါလား"

"အဲဒါက ဘယ်လောက်ထိခိုက်သွားလဲ ဆိုတာပေါ် မူတည်တယ်"

ဆိုင်ရှင်က ကောင်တာနောက်ကနေ လှမ်းကြည့်ပြီး ဖုန်းကိုယူလိုက်သည်။

ဖုန်းကို ဆိုင်ရှင်ဆီ ပေးပြီးနောက် စုရှီ မြန်မြန်ပဲ ဆိုင်ကောင်တာပေါ်က နမူနာ ခင်းကျင်းထားတဲ့ ဖုန်းတွေ ထဲမှာ သူ ဆော့နေသောဂိမ်းကို လိုက်ရှာလိုက်သည်။ သို့သော်လည်း ထိုဂိမ်းကို ရှာလို့မရခဲ့ချေ။

တစ်နည်းပြောရရင် ပြန်ပြင်လို့ရဖို့သာ ရှိတော့သည်။ မဟုတ်ရင်-

စုရှီ အာခေါင်တွေ ခြောက်လာပြီး အသက်အောင့်ကာ ဆိုင်ရှင်ကို ကြည့်လိုက်သည်။

"ဘယ်လိုနေလဲ"

ဆိုင်ရှင်က ဖုန်းကို ကိရိယာနဲ့ ဖွင့်ကလိကြည့်နေပြီး မျက်မှောင်ကြုတ်ကာ စုရှီကို ပြောလိုက်သည်။

"Motherboard ပျက်သွားတာလားမသိဘူး။ ပျက်တယ်ဆိုရင် ပြင်လို့မရ‌နိုင်ခြေ များတယ်။ တကယ်လို့ ပြင်လို့ရတယ် ဆိုရင်တောင် ဖုန်းထဲက ဒေတာတစ်ချို့ကတော့ ပြန်ယူလို့ မရဘူး။ ပြင်ကြည့်ရတာပေါ့"

"ပြင်လို့မရနိုင်ခြေ များတယ်ပေါ့"

စုရှီမှာ ထိတ်လန့်သွားတော့သည်။

"ဟုတ်တယ်"

ဆိုင်ရှင်က ပြော၏။

"စိတ်ကို သေချာပြင်ဆင်ထားတာ ကောင်းမယ်။ ဒါပေမယ့် ဖုန်းတွေက ဈေးပေါပါတယ်။ ပိုက်ဆံ နည်းနည်းလောက် သုံးပြီး ထပ်ဝယ်လိုက်ပေါ့"

စုရှီမှာ သူထပ်ပြောတဲ့စကားတွေကို မကြားတော့။ ဖုန်းပြင်ဆိုင်ထဲက ထွက်လာတော့ လက်ဖျားခြေဖျားတွေ အေးစက်နေပြီး လမ်းတစ်လျှောက်လုံး စက်ဘီးတွန်းလာခဲ့သည်။ လမ်းလျှောက်နေရင်းနဲ့လည်း မအောင့်နိုင်ဘဲ ငိုမိတော့၏။

နေကြောင့် ‌မြေကြီးဟာ ကျစ်ကျစ်တောက်အောင် ပူနေပြီး စုရှီ တံတားရှည်ကြီးကို ဖြတ်တော့ မျက်လုံးတွေဟာ ဝါးနေပြီဖြစ်သည်။ စက်ဘီးကိုရပ်ကာ ဘောင်ပေါ်ထိုင်လိုက်ပြီး မျက်လုံးတွေကို ပွတ်လိုက်၏။

ဖုန်းပျက်တာကြောင့် ငိုနေတာ မဟုတ်ပေ။

ယွမ်တစ်သောင်းတန်ဖုန်းက တစ်ခြားကမ္ဘာကို ဆက်သွယ်လို့ မရတာကြောင့် သူ့အတွက် အဓိပ္ပာယ်မရှိလှ။

ဖုန်း ရေထဲကျသွားလို့များ တစ်ခြားကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်မိသလို ဖြစ်သွားတယ်ဆိုရင် သူ ဘာလုပ်ရမည်လဲ။

ကျိုက်ကျိုက်ကို ထပ်မတွေ့ရတော့ရင် ဘယ်လိုလုပ်မလဲ။

နောက်ဆုံးတွေ့ခဲ့တုန်းက သူ့အပြုအမူတွေဟာ ဆိုးရွားခဲ့ပြီး ကျိုက်ကျိုက် စိတ်ညစ်စေတဲ့ စကားပြောခဲ့သည်။ အဲတာက စုရှီ သူ့ကိုမတွေ့ချင်လို့ မဟုတ်ပေ။ ဒီရက်တွေထဲ သူ့ကိုဘယ်လို မျက်နှာပြရမလဲ မသိတာကြောင့် အရေးမပါဘဲ ရှောင်ပြေးနေမိတာပင်။ သို့သော်ငြား အဲတာက သူ ကျိုက်ကျိုက်ကို ထပ်မတွေ့ချင်တော့တာလို့ အထင်လွဲသွားစေခဲ့သည်။ ကျိုက်ကျိုက်က စုရှီ ဘာမှလုပ်စရာမရှိရင် ဒီညလာတွေ့ဖို့တောင် ပြောခဲ့ပေမယ့် သူ့ကတိကို မတည်နိုင်တော့ချေ။

စုရှီ ရင်တမမ ဖြစ်နေတော့သည်။ ဖုန်းသာ ပြင်လို့မရခဲ့ရင် ကျိုက်ကျိုက်ရဲ့ ပထမဆုံး ဆုံတွေ့မှု ၊ပထမဆုံး ချိန်းတွေ့မှု၊ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်ကမ္ဘာတစ်ခု တည်ဆောက်ပြီး နောက်ဆုံးမှာတော့ အဆုံးအစမရှိတဲ့ နွေဦး ကို ဖြတ်သန်းနေမလား။ ဒါတွေအကုန်လုံး စုရှီတောင့်တခဲ့ရတဲ့ အိမ်မက်ရှည်ကြီး ဖြစ်တာကြောင့် မြေပြင်ပေါ် ထိတ်လန့်စွာ စိုက်ကြည့်နေလျက် စုရှီမှာ ငိုချင်လောက်အောင် ကြောက်နေမိတော့သည်။

ဖုန်းကို ပြင်နိုင်လား မပြင်နိုင်လား ကြည့်ဖို့ အချိန်သုံးရက်ခန့်လောက် ကြာမည်ဟု ဆိုင်ရှင်ကပြောသည်။ အဲတာကြောင့် စုရှီမှာ အိမ်ပြန်ပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေဖို့သာရှိတော့၏။

စုရှီရဲ့ အဖေနဲ့အမေ အိမ်ပြန်ရောက်တော့ ဖုန်းရေစိုသွားတာကို သိလိုက်ရသည်။ စုရှီတစ်ယောက် ဆိုဖာပေါ် ခွေခွေလေးလှဲနေတာမြင်တော့ စိတ်ညစ်လို့ ဖုန်းအသစ်ဝယ်ပေးစေချင်တယ်လို့ ထင်ကြ၏။ သို့ပေမယ့် စုရှီမှာ အပြင်ထွက်ဖို့ စိတ်ကူးမရှိဘဲ ပြောလေသည်။

"နည်းနည်းလောက်ပဲ ထပ်စောင့်ရအောင်။ ပြင်လို့ရရင်ရော၊ အခုတော့ ဖုန်းအဟောင်းကိုပဲ သုံးရတာပေါ့"

စုရှီရဲ့ အမေမှာတော့ အံ့ဩနေသည်။

"ဖုန်းလေးတစ်လုံးပဲ မဟုတ်ဘူးလား။ ပျက်သွားတယ်ဆိုရင် အမေတို့ ‌အသစ်ထပ်ဝယ်ပေးမယ်လေ"

စုရှီမှာ ထမင်းကိုငုံ့စားရင်း မျက်ရည်ကို ထိန်းနေလေသည်။ ဒီသုံးရက်တာလေးဟာ ဒီလောက်ကြာမယ်လို့‌လဲ မထင်ခဲ့။

သုံးရက်မြောက်နေ့မှာတော့ မစောင့်နိုင်တော့ဘဲ ဆိုင်ရှင်ဆီ ဖုန်းခေါ်လိုက်ပေမယ့် ဖုန်းကပြင်နေတုန်းပဲလို့ ပြောသည်။ Motherboardက တော်တော်လေးထိခိုက်သွားပြီး ထပ်သုံးလို့မရဘူးလို့ ပြော၏။ ဆိုင်က ဖုန်းပြင်သမားတွေဟာ ထိုဖုန်းထဲက ဒေတာတွေကို ဖုန်းအသစ်ဆီ ပြောင်းလို့ရမရ လုပ်ကြည့်နေသည်တဲ့လေ။

"သုံးလို့ မရတော့ဘူးတဲ့လား"

စုရှီမှာ ကိုယ့်နားကိုယ်တောင် မယုံချေ။

ဖုန်းချပြီး အခန်းထဲမှာ တစ်ယောက်ထဲနေကာ ‌ခေါင်းတွေလဲ ထူပူနေပြီး ဒေါသထွက်နေမိတော့သည်။

ဒါဟာ သူ့ရဲ့ ဂရုမစိုက်မှုကြောင့်သာ...

အရင်နေ့တွေတည်းက စုရှီဘက်က တုံ့ပြန်မှုမရှိလာပေ။ ဖုန်းပျက်သွားတာမလို့ လုဟွမ်ဘက်က စခရင်လဲ ပျောက်ကွယ် သွားပုံရ‌သည်။ မဟုတ်ရင် သူလဲ စုရှီကို လာရှာလိမ့်မည်ပင်။

စုရှီမှာ ဒူးကိုပိုက်ပြီး မျက်နှာအပ်ထားကာ စိတ်တွေကလဲ ဗလာဖြစ်နေလျက်။

မြင်ကွင်း အများအပြားက စုရှီ အာရုံထဲမှာပေါ်လာကြသည်...... မင်းသားနင်းဖူအိမ်တော် က သစ်သားအိမ်စုတ်လေးမှာ ကျိုက်ကျိုက်အတွက် ရေအိုးထဲ ရေထည့်ပေးထားတုန်းက၊ လုဟွမ်က ဘာမှမရှိတဲ့ သာမန်လူတစ်ယောက်ပဲ ရှိသေးသည်။ သူသည် အလွန်အမင်း သတိရှိကာ အမြဲသံသယရှိနေပြီး သူကို တစ်ယောက်ယောက် ဒုက္ခပေးလာမှာကို ကြောက်ရွံနေခဲ့သည်။ ဒီအကြောင်းအရာတွေ ကို ပြန်တွေးမိတော့ စုရှီ ပြုံးလိုက်မိသည်။ ဒါတင်မကသေးပဲ လုဟွမ် ခေါင်းပေါ်က အတွေးပူဖောင်းထဲမှာ အသဲပုံလေး ပထမဆုံး ပေါ်လာတုန်းကလဲ စုရှီ အံသြခဲ့ရသည်။ နောက်တော့ လုဟွမ် ခေါင်းပေါ်မှာ ပူဖောင်းလေးတွေ ပေါ်လာတိုင်း စုရှီ လုဟွမ်ကို စနောက် နေတတ်သည်။

ကျိုက်ကျိုက် သူ့ကို ဝိညာဥ်လို့ ထင်ခဲ့တုန်းက သူ့အတွက် ထီးတောင်ဆောင်းပေးခဲ့သေးသည်။ အဲဒီနောက် သူ့ဘက်မှာ စခရင်ပေါ်လာတော့ ကာတွန်းပုံကို ပြောင်းပြီး စုရှီ မြင်အောင် မူလပုံစံကို ပြောင်းခဲ့၏။ စုရှီမှာ ထိုဆန်မုန့်လုံးရုပ်လေးကို အရမ်းသတိရတယ်‌ဆိုပေမယ့်လည်း လုဟွမ်ကို စိတ်မဆိုးတာကြောင့် ပြန်မပြောင်းခဲ့ချေ။ အဲဒီတုန်းကတော့ အနာဂတ်မှာ အချိန်တွေအများကြီး ရှိသေးတယ်လို့ ထင်ခဲ့မိသည်။ သူ အာရုံမရသည့်အချိန်ကျမှ စုရှီက ပြန်ပြောင်းတတ်တာပင်။

ဒါပေမယ့် အခုတော့...အနာဂတ်မှာ အချိန်အများကြီးမရှိတော့။

စုရှီရဲ့ မျက်ရည်တွေဟာ ဒူးပေါ် တစ်စက်ချင်းကျလာတော့သည်။

အချိန်တွေသာ တရွေ့ရွေ့ကုန်သွားသည်။ စုရှီ သူ့ကို အဖော်လုပ်ပေးတယ်လို့ ထင်ရပေမယ့် တကယ်တော့ စုရှီ ညဘက်အထိ စာလုပ်နေတာကို လုဟွမ်က အဖော်ပြုပေးနေခဲ့တာပင်။

စုရှီ သူနဲ့ ရှိနေတုန်းက သတိမထားမိခဲ့ဘဲ ဆုံးရှုံးရမှ သူတို့မှာ အမှတ်တရများစွာ ရှိခဲ့ပြီး ထိုအမှတ်တရတွေမှာ ဒီနေ့ အဆုံးသတ်သွားတယ်ဆိုတာ ရုတ်တရက် သိလိုက်ရသည်။ နောင်တွင် ကျိုက်ကျိုက်ပဲဖြစ်ဖြစ် လုဟွမ်ပဲဖြစ်ဖြစ် စုရှီရှေ့တွင် ပေါ်လာမည်မဟုတ်တော့။ စုရှီမှာ ဝမ်းနည်းလွန်းလို့ နှလုံးသားတွေ တစစီ ကြေမွသွားသည်လို့တောင် ခံစားနေရ၏။

စုရှီဘက်မှာတော့ တပတ်ကြာသွားပြီပင်။ သူ အစားပုံမှန်စားတယ်ဆိုပေမယ့်လည်း တစ်နေကုန် အားမရှိပေ။ မိခင်စုလဲ စိတ်ပူနေရုံမှလွဲပြီး ဘာမှမတတ်နိုင်။ အဲဒီနေ့ ညစာစားပြီးနောက် မိခင်စုက စုရှီနဖူးကို စမ်းပြီးပြော၏။

"အဖျားလဲ မရှိပါဘူး။ ရှီရှီရယ်၊ သမီးမျက်နှာ ဘာလို့ ဖြူဖတ်ဖြူရော် ဖြစ်နေရတာလဲ။ မနက်ဖြန် ဆေးရုံမှာ သွားစစ်ကြည့်မလား"

"သမီး အဆင်ပြေပါတယ်"

စုရှီမှာ ခဏလောက် ရပ်တန့်သွားပြီး ပါးစပ်ထဲအပြည့် ထမင်းထည့်လိုက်ကာ ပြောသည်။

"နွေပိတ်ရက်မှာ အိမ်ထဲမှာပဲ အအိပ်များနေလို့ ဖြစ်မယ်"

မိခင်စုမှာတော့ စိတ်ပူနေတုန်းဖြစ်ကာ စုရှီကို ပြော၏။

"သမီးအဖေနဲ့ အမေက မနက်ဖြန် လုပ်စရာလေးရှိလို့ အပြင်ထွက်မရဘူးကွယ်။ ကျင်းချွမ်နဲ့ ချင်ကို အဖော်လိုက်ခိုင်းပြီး ဆေးရုံမှာ ဆရာဝန်နဲ့ ဆွေးနွေးဖို့ သွားလိုက်နော်"

စုရှီမှာ တခုခုပြောဖို့ လုပ်ပေမယ့် တုန့်ဆိုင်းနေသည်။ သူ့မိဘတွေစိတ်ပူနေမှာ စိုးတာကြောင့် ခေါင်းညိတ်ပြီး လက်ခံလိုက်တော့သည်။

သူ့ဖုန်းကလဲ ပျက်နေပြီး ပြန်ပြင်လို့ မရသေးပေ။ မနေ့တုန်းက ဖုန်းအသစ်သွားဝယ်ပြီး ဆိုင်ရှင်ကို ဒေတာတွေ ပြောင်းပေးဖို့ ပြောခဲ့သေး၏။

စုရှီက ဖုန်းအဟောင်းကို ကြည့်လျက် နောက်ဆုံးမျှော်လင့်ချက်လေးလည်း ကုန်ဆုံး‌သွားပြီပင်။ တစ်ဖက်မှာလဲ ကျိုက်ကျိုက်ကို ထပ်မတွေ့ရတော့တာကြောင့် ဝမ်းနည်းနေမိ၏။ နောက်တစ်ဖက်မှာလဲ အနည်းဆုံးတော့ သူ မပျောက်သွားခင် ကျိုက်ကျိုက် သူ့ရဲ့မင်းသားဂုဏ်ပုဒ်ကို ပြန်ရသွားတာကို စိတ်အေးမိသည်။ နောက်ကျရင် သူ အိမ်ထောင်ကျကလေးတွေရပြီး အိမ်မက်ကိုအကောင်အထည်ဖော်ကာ ဘဝကိုကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားလိမ့်မည်။ ကျိုက်ကျိုက် ခဏလောက်တော့ ဝမ်းနည်းနိုင်ပေမယ့်လဲ နှစ်နှစ်လောက်ပဲ ရောက်လာခဲ့တဲ့ သူ့အကြောင်းကိုမေ့သွားပြီး ပျော်ရွှင်စရာအဆုံးသတ်လေး ဖြစ်သွားလိမ့်မည်။

သို့သော်ငြား ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ အားပေးနေပါစေ သူ့ရင်ထဲလစ်ဟာနေပြီး စိတ်ငြိမ်အောင်လုပ်ဖို့ ခက်လှသည်။ ဖုန်းကရုတ်တရက် ရေဝင်သွားတာကြောင့် ကျိုက်ကျိုက်ကို ညကျလာတွေ့မယ်ဆိုတဲ့ ကတိကိုလဲ မတည်နိုင်တော့။

စုရှီမှာ စိတ်ညစ်လွန်းလို့ နံရံနဲ့ခေါင်း ပြေးဆောင့်ပစ်ချင်ပေမယ့်လဲ တစ်ခြားနည်းလမ်းက မရှိပေ။ သူလဲ တတ်နိုင်သမျှ ကြိုးစားခဲ့တာပဲ။ ဖုန်းကပျက်သွားတာကို။

‌နောက်နေ့ရောက်တော့ စုရှီ အင်္ကျီလဲကာ မျက်နှာသစ်ပြီး နေရောင်ကာလိမ်းဆေး လူးလိုက်သည်။ နည်းနည်းလန်းဆန်းသွားသလို ခံစားလိုက်ရပြီး ဆေးရုံကို သွားတော့၏။

ဒီရက်ပိုင်းတွေထဲ စိတ်ဓာတ်ကျနေခဲ့တာကြောင့် ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာ သူဘာဖြစ်နေလဲ မသိကြ။ တိုက်ဆိုင်ချင်တော့ နှစ်ယောက်လုံးကလဲ နွေပိတ်ရက်အတွင်း ခန္ဓာကိုယ်စစ်ဆေးမှု ပြုလုပ်ချင်ကြတာကြောင့် ရက်ကိုရှေ့တိုးလိုက်ပြီး စုရှီနဲ့အတူ ဆေးရုံကို အဖော်လိုက်လာသည်။

စုရှီက သူအအေးမိနေသလို ခံစားနေရပြီး ခေါင်းတွေလဲ မူးနောက်နေတာကြောင့် ပြင်ပလူနာဆေးခန်းမှာ စာရင်းသွင်းကာ သွေးစစ်ပြီးလို့ စောင့်နေလိုက်သည်။

ဟောက်ကျင်းချွမ်ကတော့ ဘယ်ဘက်မှာ ထိုင်ကာ မိုဘိုင်းလီးဂျန့် ဆော့နေလေ၏။ ကုချင်ကလဲ ညာဘက်မှာထိုင်ကာ ဝတ္ထုဖတ်နေသည်။ နွေရာသီမို့လို့ ဆေးရုံမှာ လူအကျများပြီး ဆူညံနေကာ ပူလဲပူ၏။ ဆေးစစ်ရလဒ်ကို စောင့်နေရင်းနဲ့တင် အိပ်ချင်လာပြီး ခေါင်းငိုက်စိုက်ကျနေတော့သည်။

ထိုအချိန် ဗီရိုထဲက သူ့ဖုန်းအပျက်ဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတယ်ဆိုတာတော့ သူမသိခဲ့ပေ။

အဲဒီအချိန် ဖုန်းမပျက်ခင်က ပိတ်ဖို့အချိန်မရလိုက်တဲ့ ဂိမ်းစခရင်မှာ မက်ဆေ့ခ်ျတစ်ခု‌ကျလာလေသည်။ [မစ်ရှင်၁၅ကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်(အဆင့်မြင့်)- ချန်ကျိုးတွင် ရေကြီးတာကို တားဆီးပါ။ ဆုကြေး၁၈မှတ်ကို သင်ရရှိပါသည်။ ယခုအချိန်ထိ သင်ဟာ စုစုပေါင်းအမှတ်၂၀၀ စုဆောင်းပြီးသွားပါပြီ။ ဒုတိယလက်ဆောင် အထုပ်ကြီးကို တရားဝင်ဖွင့်လို့ရပါပြီ-]

[ရေတွက်နေပါသည်၊ သုံး..နှစ်..တစ်]

ဖုန်းဟာ ခဏလောက် လင်းလာပြီးနောက် ပြန်ပိတ်သွားသည်။ ဖုန်းလင်းသွားတဲ့အချိန်အတွင်း ချန်ကျိုး အစိုးရရုံးတော်မှာ ရှိနေတဲ့ လုဟွမ်ဟာ ၁၄ရက်လောက် ပျောက်သွားပြီးမှ သတိပေးချက်မရှိဘဲ ပြန်ပေါ်လာသည့် စခရင်ကိုတွေ့လိုက်ရသည်။

သူမျက်ခွံတွေလှုပ်သွားပြီး မျက်ဆံအိမ်မှာ ကျုံ့သွားလျက် အသက်ရှူ မြန်လာသည်။ အရာရှိတွေ ရောက်လာမှာကို စောင့်မနေတော့ဘဲ အဲဒီနေ့တုန်းကလို စခရင်ထဲ တွေဝေမနေဘဲ ခုန်ဝင်‌လိုက်တော့သည်။

အရင်တစ်ခေါက် စစ်တပ်ရေးရာဝန်ကြီးဌာန အိမ်ရာတွင် သူခုန်ဝင်သွားတုန်းက ဘာမှမရှိ။

ဒီတစ်ခေါက်မှာတော့ လုဟွမ်ဟာ မျက်စိရှေ့တွင် အဖြူရောင်အလင်းတန်းကို မြင်လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ရှေ့ကမြင်ကွင်းမှာ ရုတ်တရက်ပြောင်းလဲသွားသည်။

သူအသက်အောင့်ပြီး ဘေးဘီကိုကြည့်လိုက်တော့ ပတ်ဝန်းကျင်ဟာ အတော်ကိုရင်းနှီးနေသည်။ Kumamon အိပ်ရာ၊ မှန်ပြတင်းပေါက်နှင့် သူစခရင်ကို ခဏခဏဖွင့်တုန်းက စစပေါ်လာတဲ့ အင်တာဖေ့စ်ဖြစ်တဲ့ စုရှီရဲ့ အိမ်ပင်။

ဒါအိမ်မက်များလား။

လုဟွမ်ထိုင်ပြီး ကြမ်းပြင်ကို ထိကြည့်သည်။ အဲဒီနောက် စုရှီရဲ့ စားပွဲပေါ်က မပြီးသေးတဲ့အဖြေလွှာစာရွက်ကို ကိုင်ကြည့်သည်။

သူ့လက်ချောင်းတွေ အရာဝတ္ထုကို ထိနိုင်တော့မှ အိမ်မက်မဟုတ်မှန်း ယုံသွားတော့၏။ အမှတ်၂၀၀ပြည့်သွားတော့ သူ့ကမ္ဘာကို တကယ်ရောက်လာခဲ့ပြီပင်။

လုဟွမ်မှာ ရင်တဒိန်းဒိန်းခုန်နေလျက် သူ့မျက်လုံးတွေမှာလည်း စိတ်လှုပ်ရှားလွန်းလို့ နီရဲနေ၏။

လွန်ခဲ့တဲ့၁၄ရက်အတွင်း သူ့မှာ ကြိုးစားရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။ ချန်ကျိုးဆီ မြင်းစီးသွားပြီး ရေကြီးမှုကြောင့် ဆည်တွေ မပြိုကွဲခင်မှာ ဆည်ပြုပြင်နေတဲ့ အရာရှိတွေကို အရင်သွားရှာခဲ့သည်။ လုဟွမ်သည် ချန်ကျိုး၏အုပ်ချုပ်သူကိုလည်း ရေကြီးရေလျှံမှု‌ကြောင့် ထပ်မံ ဖြစ်ပေါ်လာနိုင်သော ပျက်စီးမှုများ နည်းနိုင်သမျှနည်းအောင် ‌စောင့်ကြည့်စီမံရန် ညွှန်ကြားထားသည်။ ယုံကြည်မှု သိပ်မရှိခဲ့ပေမယ့် သူ မစ်ရှင်အတွက် ကြိုးစားလုပ်ဆောင် ပြီးသွားတော့လည်း စခရင်က ပြန်ပေါ်မလာခဲ့ပေ။

စုရှီမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ လုဟွမ်သိလိုက်သည်။ မဟုတ်ရင် သူ့ကို ၁၄ရက်လောက် အဆက်အသွယ်မလုပ်ဘဲ နေမည်မဟုတ်။

စိတ်သောက ပိုရောက်လာပြီး အလုပ်လုပ်ဖို့တောင် စိတ်အဆင်မပြေတော့ချေ။

ချန်ကျိုးက အရာရှိတွေမှာ သူပျောက်နေတာ သတိထားမိရင် အပူတပြင်း လိုက်ရှာကြလိမ့်မည်။ သို့သော်ငြား ဒီအချိန်မှာ လုဟွမ်ဘာကိုမှ ဂရုမစိုက်တော့ချေ။ ရင်တွေ တဒိန်းဒိန်း‌ခုန်နေပြီး စုရှီကို ချက်ချင်းတွေ့ချင်နေ၏။

လုဟွမ်မှာ စုရှီအခန်းထဲ ခဏလောက် ရပ်နေခဲ့သည်။ သူ့မှာ အခန်းနဲ့တောင်မဆန့်တဲ့ အဝါရောင်တောက်တောက် မင်းသားဝတ်ရုံကြီးကို ဝတ်ထားရ၏။ သူခိုးလို့ စွပ်စွဲခံရမှာစိုးတာကြောင့် အလျင်စလိုလဲ မလုပ်ရဲချေ။ သို့သော်ငြား စုရှီအိမ်ထဲတွင် ဘာသံမှမကြားရဘဲ လူလဲမရှိကာ သူ့မိဘတွေလည်း အလုပ်သွားပုံရသည်။ လုဟွမ် ခဏလောက် ချီတုံချတုဖြစ်နေပြီးနောက် တံခါးဆီသွားကာ ဖွင့်လိုက်တော့၏။

သူ့မှာ ဧည့်ခန်းနဲ့တောင် တော်တော်ရင်းနှီးနေပြီပင်။

စိတ်လှုပ်ရှားနေပြီးတော့ လုဟွမ်မှာ စုရှီ ဘယ်သွားလဲ မသိမှန်း တန်းသတိထားမိသွားသည်။ တကယ်လို့ သူဒီမှာစောင့်နေရင် စုရှီမိဘတွေ ညကျ အရင်ရောက်လာလိမ့်မည်။ ဒါဆို သူ ဘာလို့ ဒီအိမ်ထဲ ရောက်နေမှန်း ရှင်းပြလို့လဲ ရမည် မဟုတ်ပေ။ ခေါင်းကုတ်ကာ ရေခဲသေတ္တာဆီသွားလိုက်သည်။ သူက စုရှီရဲ့မိသားစုအကြောင်းကိုလဲ သိနေပြီး တခုခုဖြစ်လာတိုင်း စုရှီက ရေခဲသေတ္တာမှာ မှတ်စုတိုလေး ကပ်ကပ်ထားတတ်သည်ကို သိသည်။

လုဟွမ်မှာ တနင်္လာနေ့တွင် စုရှီ ဆေးရုံကို ဆေးသွားစစ်ရမယ်ဆိုတာကို တန်းမြင်လိုက်သည်။

သူဘာလို့ ဆရာဝန်ပြရမှာလဲ။

လုဟွမ် ရင်ထဲတင်းကျပ်လာလေသည်။ သူ ချက်ချင်းထင်လိုက်မိသည်က စုရှီဟာ နေမကောင်းတာကြောင့် စခရင်ကောလူပါ ပျောက်သွားတယ်ပေါ့။ မျက်ခွံတွေလှုပ်လာကာ အရမ်းမတွေးဖို့ ကိုယ့်ကိုယ်ကို ပြောလိုက်ပြီး တံခါးဖွင့်ကာ ပြေးထွက်လာခဲ့တော့သည်။

လုဟွမ်မှာ ဓာတ်လှေကား‌ဆီ ရောက်သွားပြီး သတ္တုပုံးကြီးကို အကြာကြီးစိုက်ကြည့်နေသည်။ ဒီဟာအကြောင်း အရင်က လေ့လာဖူးပေမယ့် အခုမှပထမဆုံးစသုံးတာမလို့ သိပ်တော့ အသားကျမနေ။

ခဏကြာတော့ တိုက်ထဲက အဖိုးကြီးနှစ်ယောက် ဓာတ်လှေကားထဲဝင်လာကာ သူတို့လဲ ပထမထပ်ကို သွားကြမှာဖြစ်သည်။ သူတို့က လုဟွမ်ကို အထူးအဆန်းကြည့်ကာ သူဝတ်ထားတာတွေကို တိုင်းကြည့်ပြီး မေးလာ၏။

"လူလေး၊ မင်းဇာတ်ကားရိုက်နေတာလား၊ ဒီမှာရုပ်ရှင်စတူဒီယို မရှိပါဘူး။ ဘယ်အဖွဲ့က လာတာလဲ"

လုဟွမ်မှာ သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းကိုတင်းတင်းစိထားလျက် ဘာမှပြန်မပြောပေ။

အဲတာနဲ့ အဖိုးကြီးနှစ်ယောက်နား ကပ်လိုက်လာပြီး အောင်အောင်မြင်မြင်နဲ့ ပထမထပ်ကို ရောက်သွားတော့မှ သက်ပြင်းချမိသွားသည်။

ထို့နောက်-

လုဟွမ်က ရပ်ကွက်အဝင်လမ်းကို လျှောက်သွားလိုက်သည်။

သူသွားနေရင်း ရပ်ကွက်ထဲက အဒေါ်ကြီးတွေ အဖွားကြီးတွေမှာ သူ့ကိုဝိုင်းကြည့်နေကြ၏။ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရတာကြိုက်တဲ့ အဒေါ်ကြီးနှစ်ယောက်ဆို အံ့ဩသွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြောလိုက်ကြသည်။

"ဟဲ့ ဟိုမှာကြည့်၊ သရုပ်ဆောင်လားမသိဘူး၊ သူဝတ်ထားတဲ့ ဝတ်စုံကိုကြည့်လိုက်။ မင်းသားနေရာသရုပ်ဆောင်တာ ထင်တယ်။ ဝတ်စုံက တကယ့်အတိုင်းပဲနော်။ အခုခေတ် သရုပ်ဆောင် လူငယ်လေးတွေများ ချောလိုက်ကြတာ။ သူက အရမ်းချောတာပဲ။ အိုးမိုင်ဂေါ့၊ သူ ဒီမှာနေတာလား မသိဘူးနော်"

လုဟွမ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေပြီး သူတို့ကို မသိချင်ယောင်ဆောင်ကာ ရပ်ကွက်အဝင်လမ်းရှိ ဘတ်စ်ကားမှတ်တိုင်သို့ ပြေးသွားလိုက်သည်။

ဘတ်စ်ကား ဘယ်လို စီးရမလဲဆိုတာ သေသေချာချာလေ့လာခဲ့တယ်ဆိုပေမယ့် ဒုက္ခရောက်နေရသည်။ သူ့မှာ ဒီကမ္ဘာရဲ့ ငွေကြေးမရှိပေ။ ရင်ဘတ်ကို စမ်းကြည့်လိုက်တော့ ယန်မင်းဆက်သုံး ငွေလက်မှတ် နည်းနည်းပဲ ရှိသည်။

အဆင်ပြေအောင် သူ့မှာလဲ ဘာပိုက်ဆံမှ ရှိမနေပေ။ အဲအပြင် ရုတ်တရက်ကြီး ရောက်လာတာမလို့ ပြင်ဆင်ဖို့ အချိန်တောင်မရလိုက်။

ခဏလောက် တုံ့ဆိုင်းနေပြီး ဘတ်စ်ကားလာရပ်လာတော့ ရှေ့ကလူ နောက်လိုက်ကာ ကားပေါ်တက်လိုက်သည်။ ငွေလက်မှတ်တွေကို ဒရိုင်ဘာဆီပေးလိုက်ပြီး ချိုချိုသာသာမေးလိုက်သည်။

"ကျွန်တော် ဒါနဲ့ပေးလို့ရလား"

ဘက်စ်ကားပေါ်မှ လူကလဲ အံဩမင်သက်နေကာ "သရုပ်ဆောင်လား" ဟု ပြောလိုက်မိသည်။

ဒရိုင်ဘာကလဲ နားမလည်နိုင်ဘဲ ကြောင်ငေးနေမိကာ တစ်နေရာ‌ရာမှာ ကင်မရာများ ရှိနေမလို့ပင် ထင်မိလာသည်။ ဒရိုင်ဘာက လျှို့ဝှက်ရိုက်ကူးနေတဲ့ကင်မရာ မရှိတာသေချာမှ လုဟွမ်ကို လက်ဝှေ့ယမ်းကာ ‌‌ပြောလိုက်လေသည်။

"ရုပ်ရှင်ရိုက်ဖို့ ထွက်လာတော့ ပိုက်ဆံ ယူမလာ မိတာလား။ ပိုက်ဆံအစား ဒီစက္ကူနဲ့ ပေးမယ် ဟုတ်လား။ ငါ ကားမောင်းနေတာကို လာမနှောက်ယှက်နဲ့"

ကြည့်ရတာ ဒေသိယစကား ဖြစ်ပုံရသည်။ လုဟွမ် နားမလည်ပေမယ့်လည်း နောက်ဆုတ်ကာ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်လေသည်။

ဘတ်စ်ကားကလဲ မောင်းထွက်သွားပြီး ကားထဲကလူတွေမှာ သူ့ကို စိတ်လှုပ်ရှားစွာ ပြန်လှည့်ကြည့်နေကြသည်။ တစ်ချို့လူတွေဆို ဖုန်းထုတ်ပြီး ဓာတ်ပုံပါရိုက်နေ၏။

လုဟွမ်က ဆေးရုံသို့ သွားရမည့် လမ်းကို တွက်ချက်လိုက်ပြီးနောက် သူစတင်ပြေးတော့သည်။

စုရှီက ဆေးစစ်ချက် အ‌ဖြေကို ရရှိရန် တန်းစီနေတုန်း ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးက ဆေးရုံ အပြင်ဘက်မှာ အုတ်အော်သောင်းနင်းတွေ ဖြစ်နေတာကို မသိကြသေးချေ။ အိမ်ရှေ့မင်းသားဝတ်စုံ ဝတ်ဆင်ထားသော ချောမောလှပသည့် လူငယ်လေး က လမ်းမထက်တွင် ဘာလို့များ မာရသွန်ပြေးနေရသလဲ ဆိုသည့် သတင်းက ဆေးရုံအထိ ပျံ့နှံ့လာတော့သည်။

လူအုပ်ကြီးက လမ်းမပေါ်ဝိုင်းနေကာ ဓာတ်ပုံရိုက်နေကြပြီး တစ်ချို့ဆို သူ့ကိုတောင် အားပေးနေကြ၏။

လုဟွမ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေတာကို ထိန်းပြီး ဆေးရုံထဲ ပြေးဝင်သွားတော့သည်။

ကော်ရစ်ဒါမှ ဆူညံသံတွေကြောင့် စုရှီလဲ ငိုက်နေရာမှ လန့်နိုးသွားတော့သည်။ သူနာပြု သူ့နာမည်ကို ခေါ်တာကြားတော့ မျက်နှာကိုပွတ်ကာ ဆေးစစ်ချက်ရလဒ် ကြည့်ဖို့ ထလိုက်တော့၏။

သူနာပြုရဲ့ ခေါ်သံမှာ ကျယ်လဲမကျယ် တိုးတာလဲမဟုတ် ကော်ရစ်ဒါတစ်ခုလုံးလဲ ပွက်ပွက်ဆူနေတဲ့ ရေနွေးလို ဖြစ်နေပေမယ့် လုဟွမ်ကတော့ ကြားလိုက်ရသည်။

"စုရှီ"

လုဟွမ်မှာ ခဏလောက် အသက်ရှူရပ်သွားပြီး ရှာနေတာကို ရပ်လိုက်သည်။ ရင်မှာလဲ တဒိန်းဒိန်းခုန်နေပြီး အသက်ရှူအောင့်ကာ ဖြေးဖြေးချင်း လှမ်းကြည့်လိုက်၏။

စုရှီမှာ လူအုပ်ကြီးထဲက ဖြတ်သွားပြီး သမ်းနေကာ ပြတင်းပေါက်နား တစ်လှမ်းချင်းသွားနေတာကို မြင်လိုက်ရသည်။

စုရှီပဲ။

ချက်ချင်းဆိုသလို လုဟွမ်ရဲ့ နှလုံးသားက လည်ချောင်းထဲကနေ ခုန်ထွက်လုမတတ်ဖြစ်သွားရသည်။ ဘေးပတ်ဝန်းကျင်က ဘာဆိုဘာကိုမှ မကြားရတော့ဘဲ အရာအားလုံး တိတ်ဆိတ်နေလျက်။ သွေးက ခေါင်းထိဆောင့်တက်လာပြီး မျက်လုံးထောင့်တွေနဲ့ မျက်ခုံးတွေဟာ နီရဲလာကာ စိတ်လှုပ်ရှားနေလေသည်။

အိမ်မက်လို့ ထင်ရပေမယ့် ဒါဟာ အိမ်မက်မဟုတ်မှန်း လုဟွမ် ရှင်းရှင်းလင်းလင်း သိသည်။

ကိုယ့်ကိုယ်ကို ထိန်းပြီး လူအုပ်ကို ဖြတ်ကာ စုရှီရှိရာသို့ သွားလိုက်၏။

သူလမ်းလျှောက်တာ မြန်သထက် မြန်လာလေသည်။

စုရှီက ပြတင်းပေါက်မှ ဆေးစစ်ချက်ကိုယူကာ ဘေးကပ်ပြီး အားမရှိစွာ ငုံ့ကြည့်လိုက်သည်။ သွေးစစ်ချက်ရလဒ်မှာ သွေးဖြူဥ‌ဆဲလ်တွေ တိုးလာသည်တဲ့လေ။ တုပ်ကွေးဖြစ်ပုံရ၏။ ဒီရက်ပိုင်း သူ့မှာအဖျားမရှိပေမယ့် အားနည်းသလိုဖြစ်နေတာ မဆန်းတော့ပေ။

ပြင်ပလူနာဆေးခန်းမှာ ဆေးသွားဝယ်ပြီး အိမ်မှာရက်ပိုင်းလောက် အိပ်နေလိုက်ရင် သူအဆင်ပြေမှာပါ။

တွေးနေရင်းနဲ့ စုရှီဟာ သူ့နောက်က‌ ကောင်မလေး တခုခုအော်လိုက်တာကို ကြားလိုက်ရသည်။ သူက ဂရုမစိုက်ဘဲ ဆေးစစ်ချက်ကို ကိုင်ကာ ထွက်လာလိုက်၏။

သို့သော် သူ့ရှေ့က လူအုပ်ကြီးမှာ ကျဲသွားသလိုခံစားလိုက်ရသည်။ အဲဒီနောက် သူ့နဖူးက ရှေ့လူရဲ့ ရင်ဘတ်ကို တိုက်မိပြီး စုရှီ တောင်းပန်ဖို့ လုပ်လိုက်ပေမယ့် မျက်လုံးထောင့်ကနေ သူဝတ်ထားတာတွေကို မြင်လိုက်ရသည်။ ခါးမှာ ရွှေချည်ထိုးထားတဲ့ အဝါရောင်တောက်တောက် ဝတ်ရုံနဲ့ သူမြင်‌ဖူးနေသည့် အနက်ရောင်ဘွတ်ဖိနပ်တွေ။ ဝတ်ရုံပေါ်က ရုပ်ကြွနဂါးကြီးမှာ လက်ရာပြောင်မြောက်ပြီး အဆင့်အတန်းမြင့်ပုံပေါ်လျက်။

စုရှီရဲ့ အသက်ရှူသံတွေမှာ ဖြေးဖြေးချင်း မြန်လာတော့သည်။

သူ့ခေါင်းထက်ရှိ လူငယ်လေးမှာ ပြေးလာတယ်ထင်ရပြီး အသက်ရှူနည်းနည်း မြန်နေလေသည်။ စုရှီမှာ သူ့ကိုယ်ပေါ်ရှိ နှင်းပွင့်နံ့ သင်းသင်းလေးကို ရလိုက်မိ၏။

နေပါဦး။

စုရှီမှာ အာခေါင်တွေခြောက်လာပြီး မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်မိသည်။

တန်းမတ်နေသည့် မျက်ခုံးမွှေး၊ ကြယ်တာရာလိုမျက်လုံးတွေနှင့် ကျောက်လိုဖြူဖွေးနေသည့် အသားအရည်ဖြင့် မျက်နှာတစ်ခုဟာ သူ့ရှေ့ပေါ်လာသည်။

သူ့ရှေ့မှာ ရောက်နေတဲ့သူဟာ စုရှီ အိမ်မက်မက်နေတာလားတောင် ထင်မိသည်အထိပင်။

အဲဒီနောက် လုဟွမ်က သူ့ကို လူပုံအလယ်မှာ ဖက်လိုက်ကာ မျက်လုံးတွေဟာလဲ နီရဲနေလျက် တိုးတိုးလေး ပြောရှာသည်။

"ကိုယ်လေ၊ ကိုယ်ရောက်လာပြီ"

စုရှီ စိတ်တွေ ကြေမွသွားပြီး ဗလာကျင်း‌ သွားတော့သည်။ ဘေးက လူတွေမှာလည်း အသက်ရှူရပ်နေကြလျက်။

ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာ မင်းသားဝတ်စုံ ဝတ်ထားတဲ့လူက ရုတ်တရက်ရောက်လာပြီး စုရှီကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တာကို မြင်တော့ ချက်ချင်း ပြေးလာကြပြီး အတင်းဆွဲထုတ်ကြတော့သည်။

"ချီးထဲမှဟေ့"

လုဟွမ်ရဲ့ မျက်လုံးတွေမှာ ပိုလို့တောင်နီရဲလာ၏။ အခုမှ သူ့ရဲ့အချစ်တော်ရတနာလေးကို ပြန်တွေ့ရတာမလို့ လုံးဝလွှတ်မပေးတော့ချေ။

စုရှီမှာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူငယ်ချင်းနှစ်ယောက်အား ပြောလိုက်သည်။

"မဆွဲကြနဲ့"

မျက်နှာပေါ်က ကြက်သေသေနေသည့် အမူအရာဟာ ပျောက်သွားပြီး စိတ်လှုပ်ရှားကာ ဝမ်းသာလာသည်။ သူအိမ်မက်များ မက်နေတာလား။ မဟုတ်တာ၊ အိမ်မက်နဲ့ မတူပါဘူး။ ဘုရားရေ၊ ကျိုက်ကျိုက်က ဘယ်လိုလုပ်သူ့ဆီ ရောက်လာရတာလဲ။ ဖုန်းပျက်သွားတယ် မဟုတ်လား။ မပျက်ဘူးဆိုရင်တောင် မဖြစ်နိုင်တဲ့ဟာကို...

စုရှီရဲ့ ဦးနှောက်မှာ ထူပူသွားကာ မြန်မြန်အလုပ်မလုပ်တော့ဘဲ ပေါက်ကွဲတော့မလို ဖြစ်နေ၏။ အဲတာကြောင့် အရင်ဆုံး အဲအကြောင်းမတွေးဖို့ ဆုံးဖြတ်လိုက်သည်။

သူ့သူငယ်ချင်းနှစ်ယောက်က ကျိုက်ကျိုက်ကို ဆွဲထုတ်ဖို့ လုပ်နေကြပြီး လုဟွမ်ရဲ့ မင်းသားဝတ်ရုံဟာလဲ ပြဲတော့မှာ ဖြစ်တာကြောင့် ရုတ်တရက် စိတ်ကမကြည်တော့ဘဲ သူ့ကို ပြန်ဖက်ထားလိုက်သည်။ ထိုစဉ် သူ ပြောလိုက်တဲ့စကားကြောင့် ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာ အံ့ဩသွားကြတော့၏။

"သူ့ကိုမထိနဲ့"

ကုချင်နဲ့ ဟောက်ကျင်းချွမ် "...?"

All Chapters