Chapter 65
Vol. 7 Ch. 65
ဆေးရုံမှာလူအများကြီးရှိပြီး ပတ်ပတ်လည်ကလူတွေဟာ သူတို့ကို စိုက်ကြည့်နေကြသည်။ ပြောရရင် လုဟွမ်ကို တအံ့တဩ ကြည့်နေကြခြင်းသာ။
စုရှီမှာ လက်တစ်ဖက်က ဆေးစစ်ချက် ရလဒ်ကို ကိုင်လျက် တစ်ဖက်ကလည်း လုဟွမ်ရဲ့ အင်္ကျီစကို ဆွဲထားသည်။ စုရှီက သူ့ကို ဆေးလိပ်မသောက်ရဧရိယာဆီ ခေါ်သွားပြီး ကုချင်နဲ့ ဟောက်ကျင်းချွမ်တို့မှာတော့ ရုတ်တရက် ရောက်ချလာတဲ့ ထိုကောင်လေးက ထူးဆန်းသည်ဟု ထင်တာကြောင့် စိုးရိမ်လျက် နောက်က ကပ်လိုက်လာကြလေသည်။
လေးယောက်သား ကော်ရစ်ဒါနောက်မှာ ရပ်နေကြပြီး စုရှီက သူ့အင်္ကျီစကို လွှတ်ကာ မျက်နှာချင်းဆိုင် လိုက်သည်။ အခုထိ အစစ်အမှန်မဟုတ်သေးဘူးလို့ ခံစားနေရဆဲပါပင်။
တိမ်တွေပေါ် လမ်းလျှောက်နေရသလို ထင်ရပြီး စုရှီ ခေါင်းလဲ မူးနောက်နောက် ဖြစ်လာလေ၏။ ဒီလိုမှော်ဆန်တဲ့ ခံစားချက်မျိုးဟာ သူ့ရှေ့မှာ ဒိုရေမွန်ကို ရုတ်တရက် တွေ့လိုက်ရသလိုမျိုးပင်။
တစ်ချိန်တည်းမှာပဲ သူဆုံးရှုံးလိုက်ရတဲ့ အရာကို ပြန်ရတဲ့အတွက် ပျော်ရွှင်နေခဲ့သည်။ သူ့မှာ ကျိုက်ကျိုက်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာပင်။
စုရှီ ကိုယ့်နဖူးကို စမ်းလိုက်သည်။ သူ့မှာအဖျားလဲမရှိသလို အဆိပ်ရှိတဲ့မှိုလဲ မစားခဲ့ပါဘူး။
ကျိုက်ကျိုက် နဖူးကိုစမ်းဖို့ လက်လှမ်းလိုက်တော့ သူ့လည်ပင်းနားထိသာ ရောက်ကြောင်း တွေ့ရ၏။ ကျိုက်ကျိုက် ထင်ထားတာထက်ကို အရပ်ရှည်နေတာကြောင့် မျက်နှာပူစွာဖြင့် ခေါင်းနည်းနည်းထပ်မော့လိုက်ကာ သူ့နဖူးကို စမ်းလိုက်သည်။
နဖူးက အေးစက်နေပြီး ချွေးစို့နေလေသည်။ အထိအတွေ့က တကယ်ခံစားလို့ရ၏။
စုရှီမှာ ပါးစပ်အနည်းငယ်ဟလျက် သူ့ကိုမှင်သေသေစိုက်ကြည့်နေသည်။ အိုးမိုင်ဂေါ့၊ ကျိုက်ကျိုက်ကတကယ်ပဲ ဖုန်းစခရင်ထဲက ခုန်ထွက်လာတာလား။
လုဟွမ်ရဲ့ မျက်လုံးနက်တွေမှာလည်း သူ့ရှေ့က စုရှီကို စိုက်ကြည့်နေလျက်ပင်။ သူ့ကြည့်ရတာ စုရှီကို ထပ်ဖက်ချင်နေပုံ ရပေမယ့် ခက်ခက်ခဲခဲ ထိန်းနေပုံရ၏။ ခဏကြာတော့ အသံနက်ကြီးဖြင့် မေးလာလေသည်။
"စကားမစပ်၊ သမားတော်လာပြတယ်ဆိုတော့ နေမကောင်းဖြစ်လို့လား"
သူ့ဘေးနားက ဟောက်ကျင်းချွမ်မှာ အသံပြဲကြီးနဲ့ အော်ရီတော့သည်။
"သမားတော်၊ ဟားဟားဟား သမားတော်တဲ့၊ ဘရို ဘာလို့စာတစ်သံပေတစ်သံ ပြောနေရတာလဲ။ ရုပ်ရှင်ရိုက်နေတာ မုမပျောက်သေးလို့လား။ စကားမစပ် ဘရိုက ဘယ်အဖွဲ့ကလဲ။ ဝတ်ထားတာတွေက တော်တော်တူတာပဲ"
သူ့မှာ မနေနိုင်ဘဲ လုဟွမ်ရဲ့ တော်ဝင်ဝတ်ရုံကြီးကို ကိုင်ကြည့်နေသည်။
လုဟွမ်က သူ့ကို စိုက်ကြည့်ကာ မျက်နှာကြီးမဲမှောင်သွားပြီး သူ့လက်ကို လိမ်လိုက်သည်။
လုဟွမ် အားသိပ်မသုံးလိုက်ပေမယ့် ဟောက်ကျင်းချွမ်မှာတော့ လက်ကျိုးသွားမလိုတောင် ခံစားလိုက်ရ၏။ သူ့မျက်နှာကြီးရှုံ့တွလာကာ အသည်းအသန်ပြောလိုက်သည်။
"လွှတ်ပေး၊ လွှတ်ပေးလို့၊ စုရှီရေ၊ ငါ့လက်ကျိုးတော့မယ်ဟ"
စုရှီမှာ သူ့ကို ပြန်ချော့ရလေသည်။
"ဟုတ်ပြီ ကျိုက်ကျိုက် အားနည်းနည်းပဲသုံး။ ဒီကလူတွေရဲ့ အရိုးက ပိုနုတယ်။ မခံနိုင်ကြဘူး"
လုဟွမ်မှာ စိတ်မအီမသာ ဖြစ်သွားပြီး ဘာမှမပြောဘဲ ဟောက်ကျင်းချွမ်လက်ကို လွှတ်ပေးလိုက်သည်။
ဟောက်ကျင်းချွမ်မှာ လုဟွမ်ကို စိုက်ကြည့်နေပေမယ့် လုဟွမ် ပြန်ကြည့်လိုက်တော့ သူ့မှာ နှလုံးခုန် ရပ်မတတ်ပင်။ သူ့လက်ကို ပွတ်ကာ စုရှီနောက်မှာ အမြန်ပုန်းလိုက်ပြီး ပူညံပူညံလုပ်တော့၏။
"စုရှီ နင်ဒီလို သူငယ်ချင်း ဘယ်က ရလာတာလဲ။ သူကြည့်ရတာ ကိုယ်ခံပညာသင်ဖူးသလိုပဲ။ သူ့အင်္ကျီက အဲလောက်ဈေးကြီးလို့လား။ ငါ့ကိုတောင် မထိခိုင်းဘူး"
လုဟွမ်မှာ ဟိုနေ့တည်းက စခရင်ထဲမှာ မြင်ဖူးတဲ့အတွက် ဟောက်ကျင်းချွမ်ကို မှတ်မိသည်။ သူက စုရှီရဲ့ မိဘတွေ ညစာစားပွဲကို ခေါ်လာပြီး စုရှီနဲ့ "date"လုပ်ခဲ့တဲ့သူပင်။ လုဟွမ်ရဲ့ မျက်နှာချက်ချင်း မဲမှောင်သွားတော့သည်။
ဒါပေမယ့် စုရှီ လှည့်ကြည့်လာတော့ မျက်နှာထားပြောင်းကာ နှုတ်ခမ်းကို တင်းတင်းစိထားပြီး မျက်လွှာချလိုက်၏။
"အပြင်လူတွေထိတာ မကြိုက်လို့"
စုရှီ သူဆုံးရှုံးသွားတာကို ပြန်ရလိုက်လေပြီ။ သူ့မှာ ထပ်ဆုံးရှုံးရမှာစိုးလို့ ကျိုက်ကျိုက်ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်လှ၏။ အခုစုရှီမှာ သူ့မျက်နှာမအီမသာ ဖြစ်နေတာလဲမြင်ရော နှလုံးသားထဲ စူးအောင့်သွားတော့သည်။
"ဟုတ်ပါပြီ၊ ကျွန်မရှင့်ကို မထိပါဘူး"
ဟောက်ကျင်းချွမ်နဲ့ကုချင် "..."
"ဒါပေမယ့် ရှင်ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"
စုရှီက သူ့ကို ဘေးဘက်ဆွဲခေါပြီး အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ သူအခုထိ စိတ်မငြိမ်နိုင်သေးဘဲ တအံ့တဩဖြစ်နေဆဲပင်။ နဂိုတည်းက ဖုန်းစခရင်ကနေ ကမ္ဘာနှစ်ခုခြားတဲ့ လူနှစ်ယောက်က ဆက်သွယ်နိုင်တယ်ဆိုတာကို မှော်ဆန်တဲ့အရာလို့ ထင်ခဲ့တာဖြစ်ပြီး ဒီလိုကူးပြောင်းလာတယ်ဆိုတာ တကယ်ဖြစ်လာလိမ့်မယ်လို့လဲ မထင်ထားခဲ့ချေ။ ကျိုက်ကျိုက်မှာ လူအကောင်လိုက်ကြီး သူ့ရှေ့ရောက်လာလေပြီ။
လုဟွမ်က မစ်ရှင်၁၅ အကြောင်းနဲ့ သူ့ရှေ့မှာပေါ်လာတဲ့ အဖြူရောင်အလင်းတန်းကြီး အကြောင်းကို ရှင်းပြခဲ့သည်။ သူရောက်လာတော့ စုရှီရဲ့ အခန်းထဲမှာ ဖြစ်ကြောင်း၊ ရေခဲသေတ္တာပေါ်က စုရှီ ဒီနေ့ဆေးရုံသွားမယ်ဆိုတဲ့ စာရွက်ကို မြင်ပြီး အမြန်လာရှာတာဖြစ်ကြောင်း ပြောပြ၏။
သူထင်ထားတာ မမှားလို့ စုရှီ မျက်လုံးပြူးသွားလေသည်။ အမှတ်၂၀၀ပြည့်ရင် ရမယ့် လက်ဆောင်အထုပ်ကြီးဆိုတာ ဒါကိုပြောတာပင်။ ဒါပေမယ့် ပြဿနာရှိတာက ကျိုက်ကျိုက်ကတော့ ရောက်လာပြီ၊ သူ့ဖုန်းကတော့ ကွဲသွားတယ်ဆိုတော့ ကျိုက်ကျိုက် ဘယ်လိုပြန်သွားမည်လဲ။ သူပြန်သွားလို့ မရတော့ဘူး မဟုတ်ပါလား။ သူက ဒီမှာ မှတ်ပုံတင်တောင် မရှိပေ။ ဒါပေမယ့် အခုမှဒီပြဿနာကို စဉ်းစားနေလို့က အလကားပဲမလို့ ထပ်မစဉ်းစားတော့။ မနက်ဖြန် ဖုန်းအသစ်ရလို့ ဒေတာတွေပြောင်းပြီးတော့မှ ပြန်စဉ်းစားတော့မည်။
စုရှီရဲ့ မျက်တောင်တဖျပ်ဖျပ်ခတ်လျက် ရှေ့မှာရှိနေတဲ့ လုဟွမ်ကို စိုက်ကြည့်ပြီး မယုံမကြည်နိုင် ဖြစ်နေလေသည်။
လုဟွမ်မှာ ဖျားနေတာကြောင့် ခြောက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ စုရှီရဲ့ နှုတ်ခမ်းတွေကိုကြည့်ပြီး မနေနိုင်ဘဲ စုရှီရဲ့နဖူးကို လက်ဖြင့်စမ်းလိုက်သည်။
ဒါပေမယ့် ချက်ချင်းဆိုသလို စုရှီက တားလိုက်၏။
"မလှုပ်နဲ့"
စုရှီမှာ မျက်လုံးအပြူးသားလေးနှင့် ရှေ့ကကောင်လေးရဲ့ ဆံပင်ရှည်တွေကို ခြေဖျားထောက်ကာ ကိုင်ကြည့်လိုက်သည်။ လုဟွမ်ရဲ့ ဆံပင်တွေမှာ တိမ်ထူထူကြီးလိုပင်ဖြစ်ကာ ရွှေဆံညှပ်နဲ့ ထိုးထားသည်က ရေတံခွန်လိုပင်။ ဒါတွေကို ဖုန်းစခရင်ထဲကနေ မြင်နေကျဖြစ်သော်လည်း သူ့ရှေ့မှာရုတ်တရက် မြင်ရလိမ့်မယ်လို့ မယုံနိုင်သေးပေ။
စုရှီမှာ လုဟွမ်ရဲ့ အနက်ရောင်ဆံနွယ်ရှည်တွေကို ညင်ညင်သာသာ သပ်တင်ပေးလိုက်သည်။ သူ့နှလုံးသားဟာလဲ ကြက်အော်သံလို ဖြစ်နေ၏။ အိုးမိုင်ဂေါ့၊ ဆံပင်က အစစ်ကြီး၊ ကျိုက်ကျိုက်ရဲ့ ဆံပင်က တော်တော်ရှည်တာပဲ။
လုဟွမ်ရဲ့ မျက်နှာကိုလဲထိကာ ညီညာတဲ့မျက်ခုံးတွေ၊ မျက်လုံးတွေကို ထိကြည့်သည်။ စုရှီရဲ့လက်ဖျားထိပ်တွေ လုဟွမ်ရဲ့မျက်တောင်ပေါ် ကျလာပြီးနောက် မျက်နှာပေါ်ကိုလဲ ထိတွေ့လျက်ပင်။ စုရှီမှာ စိတ်လှုပ်ရှားနေသည့် အမူအရာကို မထိန်းနိုင်တော့ပေ။ သူ့မျက်နှာက နွေးနေတာပဲ၊ ဒါတကယ်ကြီးပေါ့။
သူက လုဟွမ်ကို ခေါင်းအစခြေအဆုံး ကိုင်ကြည့်ကာ ထိုင်ချလိုက်ပြီး သူ့အင်္ကျီ၊ သူ့ဖိနပ်၊ သူ့ဒူးတွေအကုန် ကိုင်ကြည့်နေသည်။ နောက်ဆုံးမှာတော့ ကျိုက်ကျိုက်က လူစစ်စစ်ကြီးဆိုတာကို လက်ခံလိုက်ရပြီပင်။ အူးဟူးဟူး သူငိုချင်လိုက်တာ။
စုရှီရဲ့ မျက်နှာမှာတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ လုဟွမ်ရဲ့ နားရွက်တွေလဲ နီရဲလာပြီး စုရှီကို ငုံ့ကြည့်ကာ သူ့ခန္ဓာကိုယ်ကို ထိစေ၏။ စုရှီ ခြေဖျားထောက်ပြီး သူ့နားရွက်ကိုထိလိုက်တဲ့အခါမှာတော့ ဓာတ်လိုက်သလို တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ နောက်ဆုံးမှာတော့ မခံနိုင်တော့ဘဲ စုရှီလက်ကို အသာအယာကိုင်ကာ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။
"ရှောင်ရှီ၊ ကိုယ့်ခန္ဓာကိုယ်မှာ မင်းရှာနေတာ တခုခုရှိလို့လား"
ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာတော့ သူ့ကိုကြည့်တောင် မကြည့်ချင်တော့ပေ။ လူမြင်ကွင်းကြီးမှာ ဒီလောက်ကိုင်နေတာကြီးက မသင့်တော်ဘူးလေ။ စုရှီက သူတို့သူငယ်ချင်းဆိုတာ ဝန်မခံချင်ပေ။
ဟောက်ကျင်းချွမ်က ထိုကောင်လေးရဲ့ဆံပင်တွေဟာ အစစ်ကြီးနဲ့တူကြောင်း သတိထားမိသွားသည်။ အတုတပ်ထားတာနဲ့ မတူတာကြောင့် မနေနိုင်ဘဲ ကုချင်ကို တို့လိုက်ပြီး ပြောလေသည်။
"ဒီကောင်လေးက သရုပ်ဆောင်မလား။ ဒါပေမယ့် သူ့ဆံပင်က အတုတပ်ထားတာနဲ့ တူမနေတာလဲ။ ပြီးတော့ သူ့ခေါင်းပေါ်က ရွှေဆံညှပ်ကြီးကလဲ အစစ်နဲ့တူနေသလိုပဲနော်"
ကုချင်မှာလဲ သူ့ရဲ့ ချောမောလှပမှုကြောင့် ခေါင်းမူးနေပြီဖြစ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"အနီးနားရုပ်ရှင်အဖွဲ့က သရုပ်ဆောင်အသစ်လေး ဖြစ်နိုင်တယ်။ ဒါပေမယ့် ယုတ္တိမရှိလွန်းနေရောပဲ။ သူ့မျက်နှာက အရမ်းချောလွန်းလို့ နတ်ဘုရားတွေနဲ့ ယောင်္ကျားတွေတောင် ဒေါသထွက်ချင်စရာကို ဘာလို့နာမည်မကြီးရတာလဲ"
"နင်တို့မိန်းကလေးတွေက မျက်နှာကိုပဲ ကြည့်ကြတာပဲနော်။ သူ့စရိုက်က ငါ့လောက်ကောင်းလို့လား"
ဟောက်ကျင်းချွမ်က မယုံမကြည်နိုင်ဖြစ်ကာ တိုးတိုးလေးပြောသည်။
"စုရှီက ဒီလူ့ကိုဘယ်လိုသိတာလဲ"
ကုချင်လဲ ရူးချင်နေပြီး ပြန်ပြော၏။
"ငါက ဘယ်လိုသိမှာလဲဟ။ သူတို့ကြည့်ရတာ တစ်ရက် နှစ်ရက်ထက် ပိုသိနေပုံပဲ။ ပြီးတော့ သူက ငါတို့ကို ဖုံးကွယ်ထားတာလေ"
စုရှီနဲ့ လုဟွမ်တို့ နှစ်ယောက်သား အချင်းချင်းတွေ့ရလို့ အလွမ်းသယ်ပြီးတော့ အချိန်ဟာ နာရီဝက်လောက် ကုန်သွားပြီပင်။ ထိုနာရီဝက်အတွင်း ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာ စုရှီ ထိုကောင်လေးအား ထိကိုင်နေတာကို ထိုင်ကြည့်နေခဲ့ရ၏။ ကောင်လေးရဲ့ နားရွက်တွေမှာ နီရဲနေပေမယ့် မျက်နှာကြီးကို အတတ်နိုင်ဆုံး တည်ထားသည်။ ဟောက်ကျင်းချွမ်မှာတော့ ရူးချင်သလိုလို ဖြစ်နေပြီး မနေနိုင်တော့ဘဲ သတိပေးလိုက်ရသည်။
"စုရှီ နင်ဆေးသွားယူမှာမလား။ ဒီလိုအီလေးဆွဲနေရင် ဆေးရုံပိတ်သွားလိမ့်မယ်"
စုရှီ အခုမှ အရေးကြီးတဲ့အချက်ကို သတိရပြီး လုဟွမ်ကို ပြုံးပြကာ ပြောလိုက်သည်။
"ကျွန်မဆေးသွားဝယ်လိုက်အုန်းမယ်။ စောင့်နေနော်"
လုဟွမ်ကလဲ ပြောလိုက်သည်။
"ကိုယ် သွားပါ့မယ်။ ကိုယ် မင်းရဲ့ကမ္ဘာအကြောင်း အများကြီးလေ့လာထားတာ၊ ကြည့်နေ"
သူက စုရှီကို ကော်ရစ်တာဘက် ခေါ်သွားပြီး နေရာရှာကာ ထိုင်ခိုင်းလိုက်သည်။ အဲဒီနောက် စုရှီ လက်ထဲက ဆေးစာရင်းကိုယူကာ မော့ကြည့်ပြီး အနောက်တိုင်းဆေး အပေါက်ဝဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားတော့သည်။
လုဟွမ်က ရွှေချည်ထိုးခြည်များ အဝါရောင် ပန်းဖွားများဖြင့် စီမံထားသည့် တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားလေသဖြင့် အနီးအနားရှိ လူအများက သူ့ကို သရုပ်ဆောင် လူငယ်လေး တစ်ဦးလို့ အထင်ရောက်စေသည်။
သို့ရာတွင် လုဟွမ်က အမှန်တကယ်ကို သိုင်းပညာတတ်ကျွမ်းသလို စစ်မြေပြင်တွင်လည်း တကယ်ဖြတ်သန်းခဲ့ဖူးသည်။ ထို့ကြောင့် ပိတ်ဆို့နေသော လူများကို ကျော်ဖြတ်နေသည့် သူ၏လှုပ်ရှားမှုတိုင်းသည် သက်တူရွယ်တူ သရုပ်ဆောင်များနှင့် နှိုင်းယှဥ်လျှင် လွန်စွာကွဲပြားနေလေသည်။
ဒါကြောင့် သူလျှောက်သွားသည့် နေရာတိုင်းတွင် အံ့သြမင်သက်သော အကြည့်အမြောက်အမြားကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ ဆွဲဆောင်ခံထားရသော ပိုမိုများပြားလာသည့် လူအုပ်စုသည် ဖြည်းဖြည်းချင်း လူစုကွဲသွားပြီး တက်တက်ကြွကြွ စတင် စကားပြောလာကြသည်။
တစ်ဖက်မှာတော့ လုဟွမ်က တန်းစီပြီး စည်းကမ်းအတိုင်းဖြေးဖြေးချင်း ရှေ့တက်သွားတာကို စုရှီက ကြည့်နေလေသည်။ အပေါက်မှ ဆေးကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့ပြီး စိတ်ထဲကနေ အော်လိုက်၏။ ဒီလို ဆေးဘက်ဆိုင်ရာကိစ္စအဝဝတွေကို နားလည်လိမ့်မယ်လို့ မထင်ထားခဲ့ချေ။ ကြည့်ရတာ သူ့ရဲ့မှတ်စုတွေက အသုံးမဝင်တာတော့မဟုတ်။
ဟောက်ကျင်းချွမ်နဲ့ ကုချင်မှာတော့ စုရှီ တအံ့တဩ ဖြစ်နေရတာကို မြင်နေရသည်။ ဆေးလေးသွားယူတာကို ဘာအံ့ဩစရာ ပါလို့လဲ။ စုရှီမှာ စိတ်လှုပ်ရှားနေကာ ပြောလိုက်၏။
"သုံးနှစ်သားလေးပဲ ရှိသေးပေမယ့် ကိုယ့်ဘာကိုယ် လုပ်တတ်တာပဲ"
စုရှီ ရူးနေတယ်လို့သာ ထင်လိုက်ကြတော့သည်။
ဒီလိုဝိုင်းအကြည့်ခံနေရတာက မကောင်းပေ။ စုရှီမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို ကြောက်နေမိသည်။ ဥပမာပြောရရင် လုဟွမ်က ဒီကမ္ဘာက မဟုတ်မှန်း၊ သူ့မှာမှတ်ပုံတင်မရှိမှန်း သိသွားရင် အဖမ်းခံရလိမ့်မည်။ ထို့ကြောင့် လုဟွမ်ကို ပြန်ပို့ဖို့ နည်းလမ်းမတွေ့သေးခင်အထိ သူ့ကိုထားဖို့အတွက် နေရာရှာရမည်။
သူ့အိမ်မှာတော့ လုံးဝထားလို့ မရပေ။ အခန်းလွတ်ရှိပေမယ့်လည်း ယောင်္ကျားလေးတစ်ယောက်ကို ရုတ်တရက်ကြီး အိမ်ခေါ်လာလို့ကတော့ ပေါက်ကွဲကြလိမ့်မည်။
စုရှီ အကြံရသွားပြီး ရုတ်တရက် ဟောက်ကျင်းချွမ်ကို တံတောင်နဲ့ ထိုးလိုက်သည်။
"ဟောက်ကျင်းချွမ် နင့်မိဘတွေ နိုင်ငံခြားသွားတာ မကြာသေးဘူးဆို။ အိမ်မှာ နင်တစ်ယောက်တည်းမလား"
ဟောက်ကျင်းချွမ်မှာ စုရှီကိုကြည့်ကာ မျက်ခွံတွေလှုပ်လာသည်။
"နင်ဘာလိုချင်လို့လဲ"
စုရှီ: "ငါ့သူငယ်ချင်းကို နင့်အိမ်မှာ ရက်ပိုင်းလောက် နေခိုင်းချင်လို့..."
သူ့စကားမဆုံးခင်မှာဘဲ ဟောက်ကျင်းချွမ်က တန်းငြင်းတော့သည်။
"မရဘူး"
စုရှီ:"အရင်တစ်ခေါက်က Gunda mလိုချင်တယ်လို့ ဘယ်သူကပြော.."
ဟောက်ကျင်းချွမ်မှာ တံတွေးမြိုချလိုက်ရသည်။
"ရတယ်။ ဒါပေမယ့် ငါပြောထားမယ်နော်။ သူ ငါ့ကို ရိုက်လို့မရဘူး"
အကြောင်းရင်းတစ်ချို့ကြောင့် သူတို့နှစ်ယောက်က အခုမှ တွေ့ဖူးသော်ငြား ဒီကောင်လေးဟာ သူ့ကိုရန်လိုနေတယ်လို့ ခံစားနေရသည်။
"သူကဘာလို့ နင့်ရိုက်မှာလဲဟ"
စုရှီက ချက်ချင်း ဟောက်ကျင်းချွမ်ကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါ့သားက သိပ်စကားနားထောင်တာ၊ နူးနူးညံ့ညံ့၊ ထက်ထက်မြက်မြက်နဲ့ အပြစ်ကင်းတာကို။ နင့်ကို ဘယ်လိုလုပ် ရိုက်မှာလဲ"
ဟောက်ကျင်းချွမ်: "...."
လုဟွမ်က ဆေးဝန်ထမ်းပေးတဲ့ ဆေးတွေကို အပေါက်ကနေလှမ်းယူပြီး ပလတ်စတစ်အိတ်အဖြူထဲ ထည့်လိုက်သည်။ ခေါင်းနည်းနည်းငုံ့လိုက်ပြီး ဝန်ထမ်းကိုပါ မေးလိုက်၏။
"ဒီမှာဗျ ဆေးကို ဘယ်လိုမျိုး သောက်ရမလဲ"
ဝန်ထမ်းမှာ ကြက်သေသေလျက် ပြန်ပြောတော့ စကားပါထစ်နေလေသည်။ ဆေးထုပ်ယူပြီး ထွက်သွားတော့ ဝန်ထမ်းနှစ်ယောက်မှာ မနေနိုင်ဘဲ ပြောကြတော့၏။
"အိုးမိုင်ဂေါ့၊ အဲဒီလူချောလေးက ရှေးခေတ်အဝတ်အစားတွေပဲ ဝတ်ထားတာမဟုတ်ဘူး၊ ရှေးခေတ်လူသားတွေလိုပဲ ပြောပုံဆိုပုံက။ ဆေးရုံထဲမှာ ကူးပြောင်းတဲ့ဒရာမာကားတွေများ လာရိုက်နေတာလား"
စုရှီနဲ့ လုဟွမ်မှာ ဆွေးနွေးလိုက်ပြီး ဟောက်ကျင်းချွမ်မှာ လုဟွမ်ကို ရက်ပိုင်းလောက် နေခိုင်းလိုက်သည်။ ဒီကမ္ဘာကိုရောက်လာတဲ့အတွက် စုရှီနဲ့ သူ့သူငယ်ချင်းတွေကို ဒုက္ခအများကြီး ပေးမိတယ်ဆိုတာ သူသိပါသည်။ သူတိတ်တိတ်လေး လေ့လာကြည့်တော့ စုရှီနဲ့ ဟောက်ကျင်းချွမ်မှာ တကယ်ရင်းနှီးတဲ့ ဘော်ဒါတွေလို နီးစပ်ပြီး ပွင့်လင်းကြသည်။
ထိုအတွက်ကြောင့် သူက ဟောက်ကျင်းချွမ်ကို ပိုမို ပျော့ပြောင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ အတော်အတန်ကြာ စဥ်းစားပြီးနောက်မှာ လုဟွမ်က သူ့ခါးကြားရှိ ငွေတုံးများပါရှိသော နံသာအိတ်ကို ဟောက်ကျင်ချွမ်း ထံသို့ ထိုးပေးလိုက်သည်။
"ညီနောင်ဟောက် ကျေးဇူးတင်ပါတယ် "
ဟောက်ကျင်ချွမ်းက ငွေတုံးအပိုင်းအစများကို စိတ်မသက်မသာဖြင့် ကြည့်လိုက်မိသည်။
'ဒီငွေတုံးတွေက အစစ်လို့ ဘာလို့ထင်နေမိပါလိမ့်။ ဒီနေ့ ဒီခေတ်ကြီးထဲမှာ ငွေတုံးတွေ ဆောင်ထားတဲ့သူ ရှိနေသေးတာလား။ ဒါတွေကို အလေးချိန်ချိန်ကြည့်ရင် ယွမ်ထောင်ဂဏန်းလောက်က အသာလေး ရနိုင်မလားပဲ'
"ငါ့..ငါ့အတွက်လား"
ဟောက်ကျင်းချွမ် စကားထစ်နေလျက်။
"ညီနောင်လု၊ မင်းအရမ်း ယဉ်ကျေးလွန်းမနေဘူးလား"
သူက လုဟွမ် ခေါ်ပုံအတိုင်း ပြန်ခေါ်လိုက်သည်။ စုရှီ သူငယ်ချင်းရဲ့ ဦးနှောက်ပျက်နေတာလည်း သိလိုက်ရ၏။ သူ့ကြည့်ရတာ ရုပ်ရှင်ရိုက်နေတာနဲ့မတူဘဲ ရှေးခေတ်ကနေ ကူးပြောင်းလာတဲ့ ပုံပေါက်နေသည်။
လုဟွမ်မှာ စုရှီနဲ့ သူ့နောက်ကနေ အိမ်သို့လိုက်လာလေသည်။ ဟောက်ကျင်းချွမ်တစ်ယောက် လက်နောက်ပစ်ကာ တံခါးဖွင့်နေတာကို ကြည့်ပြီး ခေါင်းညိတ်လိုက်ကာ
"ဘယ်လိုမှ သဘောမထားပါနဲ့။ အသေးအဖွဲ လက်ဆောင်လေးရယ်ပါ။ ကျုပ်အတွက် အပန်းမကြီးတဲ့ ပမာဏပါပဲ။ ညီနောင် လိုချင်ရင် နောက်တစ်ခါ သေတ္တာတစ်ခု ယူလာခဲ့ပါ့မယ်"
ဟောက်ကျင်းချွမ်မှာ ထခုန်လုမတတ်ပင်။ တံခါးကိုအမြန်ဖွင့်လိုက်ပြီး လုဟွမ်ကို ကြိုဆိုလိုက်ကာ စုရှီအား ဘေးကိုတွန်းလိုက်ပြီး စိတ်လှုပ်ရှားစွာပြောလေသည်။
"ချီး၊ ရှီရှီရေ၊ နင့်သူငယ်ချင်းက ဘယ်ကလာတာလဲဟ။ ရှေးခေတ်မင်းသားလေးလို Cosplayလုပ်နေတာလား။ ငါ့ကိုတကယ်ကြီး ငွေတုံးပေးတာပဲ"
ဟောက်ကျင်းချွမ်က သူပေးတဲ့ငွေတုံးကို ကိုက်ကြည့်နေ၏။
စုရှီမှာလဲ ဆွံ့အလျက် သေချာမရှင်းပြတတ်တော့တာကြောင့် ဟောက်ကျင်းချွမ်ကို ဒီတိုင်းပဲ ထားလိုက်ထားတော့သည်။
ဟောက်ကျင်းချွမ်မှာ လုဟွမ်ကို စုရှီထက်တောင် ပိုပြီး နွေးနွေးထွေးထွေး ဆက်ဆံနေလေသည်။ အိမ်ထဲရှိ လေအေးပေးစက်ကိုဖွင့်ကာ အဝတ်ဗီရိုကို ဖွင့်လိုက်သည်။ လုဟွမ်အား အဝတ်အရင်လဲ ခိုင်းလိုက်ပြီး အောက်မှာ မုန့်နဲ့ ကိုကာကိုလာ သွားဝယ်ဖို့အတွက် နှစ်ယောက်လုံးကို ပြောသွားသည်။ ဟောက်ကျင်းချွမ်က လုဟွမ်ရဲ့ ငွေတုံးတွေကို လက်ခံထားပြီးပြီဆိုတော့ စုရှီ ဝယ်ပေးမယ့် သူ့ရဲ့ ဂမ်ဒမ်း(Gundam ) စက်ရုပ် ကို သစ္စာဖောက် လိုက်လို့ရလေပြီ။
"ရှစ်လပိုင်းတောင် ရောက်နေပြီပဲ။ ရာသီဥတုက အရမ်းပူတယ်နော်။ အားဟွမ်၊ အင်္ကျီလဲ လိုက်အုန်းလေ..ရှင်က 1.83မီတာတောင် ရှည်တာ။ ဟောက်ကျင်းချွမ်ဆို 1.8မီတာပဲရှိတယ်။ သူ့အင်္ကျီတွေက နည်းနည်းတော့ သေးမှာဆိုပေမယ့် တော်လောက်မယ်ထင်ပါတယ်"
စုရှီက ဗီရိုထဲကနေ လက်တိုအင်္ကျီကို ယူလိုက်ပြီး လုဟွမ်ရှေ့မှာ တိုင်းကြည့်ကာ ပြောလိုက်သည်။
"ဒါ အရင် ဝတ်ထားလိုက်။ မနက်ဖြန်ကျရင် ရှင့်အတွက် Mallမှာ သွားဝယ်ပေးမယ်"
လုဟွမ်က သူ့ကိုယ်တိုင်းနေတာကို ခွင့်ပြုပြီး ရင်ထဲကြည်နူးမိသွားသည်။ အင်္ကျီကို ခါလိုက်ပြီးနောက် ပြောလိုက်၏။
"ရပါတယ်"
စုရှီက သူ့အပြုံးမှာ မျောပါသွားတော့သည်။ ဆုံးရှုံးလိုက်ရတာကို ပြန်ရလိုက်တဲ့ ကျေနပ်မှုတွေဟာ ရင်ထဲအသည်းထဲကနေ စီးဆင်းနေတော့၏။ ဒီရက်ပိုင်းတွေထဲ ငိုရလွန်းလို့ မျက်လုံးတွေလဲ ယောင်နေပြီပင်။ သူ့ရဲ့ ဂိမ်းထဲက သားလေးကို အပြီးပိုင်ဆုံးရှုံးလိုက်ရပြီလို့ထင်လိုက်မိပေမယ့် ကောင်းကွက်ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီကမ္ဘာထဲ သူရောက်လာလို့ ရင်ထဲက ဗလာဖြစ်နေတဲ့ ခံစားချက်တွေဟာလည်း နည်းနည်းသက်သာလာခဲ့သည်။
သူ့ကိုဆေးရုံမှာ တွေ့တော့ စုရှီ အံ့ဩသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရလေသည်။ သူဟာ သူဘာမှမသိတဲ့ကမ္ဘာကြီးကို ရင်ဆိုင်ပြီး ဒီတိုင်းဒီကို ရောက်လာခဲ့၏။ သူ့နေရာမှာ စုရှီသာဆို ဘာမှမပြင်ဆင်ရသေးဘဲ သွားမှာမဟုတ်ပေ။ သို့သော်လည်း သူကတော့ ဘာအနှောင့်အယှက်မှ မဖြစ်ဘဲ စုရှီကို လာရှာခဲ့လေသည်။
လုဟွမ်နှင့် အဆက်အသွယ် ပြတ်လုနီးပါး ဖြစ်ခဲ့ဖူးသောကြောင့် စုရှီသည် အချို့သော လူများနှင့် အရာဝတ္ထုတွေက သူ့နှလုံးသားထဲမှာ နေရာတစ်ခု ယူထားပြီးသား ဖြစ်နေပြီဆိုတာကို နားလည်နိုင်ခဲ့သည်။
စုရှီ စိတ်ထဲ နည်းနည်းတင်းသွားပေမယ့် ရင်လဲခုန်နေလေသည်။
စုရှီ ရှာကြည့်လိုက်ပြီး လက်တိုအင်္ကျီနဲ့ ဟောက်ကျင်းချွမ်ဝယ်ပြီး မဝတ်ရသေးတဲ့ ဘောင်းဘီကို ရွေးလိုက်သည်။ အရမ်းကြီးလို့ ဟောက်ကျင်းချွမ် မဝတ်ရသေးပေမယ့် လုဟွမ်အတွက်တော့ အနေတော်ပဲဖြစ်သည်။
ဒါပေမယ့် ပြဿနာရှိတာက လုဟွမ်ရဲ့ဆံပင်တွေမှာ တော်တော်ရှည်သည်။ ယန်တိုင်းပြည်မှာဆို ရေချိုးကန်တွေထဲမှာ ချိုးကြသည်။ ဆံပင်ရှည်ကြီး ရေမစိုချင်ဘူးဆိုရင် ရေချိုးကန်ပေါ်မှာ တင်ထားလေ့ရှိ၏။ ဒါပေမယ့် ဟောက်ကျင်းချွမ်ရဲ့အိမ်မှာ ရေပန်းနဲ့ချိုးတာကြောင့်မလို့ သူ့ဆံပင်ရှည်တွေ သေချာပေါက်ကို ရေစိုလိမ့်မည်။ စုရှီမှာ စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်ကာ လုဟွမ်အား ထိုင်ခိုင်းပြီး သားရေကြိုးနဲ့ လုဟွမ်ရဲ့ဆံပင်ကို အမြင့်ချည်ဖို့လုပ်တော့၏။
လုဟွမ်"..."
"ဒီလိုလုပ်ချင်တာ သေချာရဲ့လား"
လုဟွမ်က ရေချိုးခန်းထဲသွားကာ မှန်ထဲကြည့်လိုက်ပြီး မျက်နှာမှာ နည်းနည်းမဲနေလေ၏။
စုရှီမှာ ဖုန်းယူပြီး သူ့ပုံကိုရိုက်နေတော့သည်။ ရီရလွန်းလို့လဲ ဗိုက်အောင့်မတတ်ပင်။ လုဟွမ်ကို တွန်းလိုက်ပြီး ရေပူစက်ဘယ်လိုသုံးရမလဲ ရှင်းပြကာ ပြောလိုက်၏။
"ဒါ ရှင့်ဆံပင် ရေမစိုအောင်"
လုဟွမ်မှာ ပြန်ဖြည်ချင်ပေမယ့် စုရှီ ပြုံးနေတာလဲ မြင်ရော အင်တင်တင်နဲ့ လက်ခံရတော့သည်။
မကြာခင်မှာပင် နှင်းဆီရနံ့ အခိုးအငွေ့တွေက ရေချိုးခန်းထဲ၌ သိပ်သည်းလာကြသည်။ လုဟွမ်မှာ ဒီလိုမှော်ဆန်တာမျိုးကို အရင်က စခရင်ထဲတွင် မြင်ဖူးပေမယ့် ရေပိုက်ခေါင်းကို ထိလိုက်တဲ့အချိန် ပူလဲမပူ အေးလဲမအေးတဲ့ရေတွေက ဖွင့်တာနဲ့ တန်းကျလာတာကိုမြင်ပြီး တအံ့တဩ ဖြစ်မိသွားသည်။ အဲတာနဲ့ပဲ ရေမချိုးခင် ရေချိုးခန်းထဲမှာ လိုက်ပြီး စပ်စုနေတော့၏။
စုရှီမှာ ဆိုဖာပေါ်ထိုင်ပြီး တီဗွီဖွင့်လိုက်ကာ လုဟွမ်ရဲ့ဆံပင်ပုံတွေကို ပြန်ကြည့်နေလေသည်။ ဆံပင်ရှည်ရှည်နဲ့ကောင်လေးမှာ မျက်နှာကြီးက မဲ့နေလျက် ဆံပင်အမြင့်ချည်ထားတဲ့ပုံမှာ တော်တော်လေး ကြည့်ကောင်းလှသည်။ စုရှီမှာ အူတက်အောင်ရီနေလျက် အသက်တောင်ရှူမဝတော့။
အကြာကြီးစောင့်နေကာ လုဟွမ်က ထွက်မလာသေးတော့ ဆေးအရင်သောက်ထားလိုက်သည်။ ဆေးရုံမှာတည်းက စုရှီက ရီဝေဝေဖြစ်နေတာမလို့ ဆေးသောက်လိုက်တဲ့ချိန်မှာ ခေါင်းနည်းနည်း မူးလာတော့သည်။
လုဟွမ်မှာ ဆံပင်ကို အခြောက်ခံလိုက်ပြီး သူနဲ့သိပ်မတော်တဲ့ လက်တိုအင်္ကျီနဲ့ ဘောင်းဘီကို ဝတ်လိုက်သည်။ သူထွက်လာတော့ စုရှီမှာ ဆိုဖာပေါ်တွင် အိပ်ပျော်နေလေပြီ။
သူက စုရှီကို နှိုးမိမှာစိုးတာကြောင့် အသက်ကိုတိုးတိုးရှူကာ လျှောက်သွားလိုက်သည်။
သူ့အကြည့်များသည် စုရှီမျက်နှာပေါ်တွင်သာ ငြိမ်သက်စွာ ကျရောက်နေလေ၏။ စုရှီ မျက်နှာကောက်ကြောင်းများတစ်လျှောက် အကြည့်တွေက ဖြည်းညှင်းစွာ ရွေ့လျားနေခဲ့လေသည်။ အရင်တုန်းကဆို အိမ်မက်တွေထဲကနေတောင် ဒီလိုနေ့မျိုး ရောက်ချင်ခဲ့မိသည်။ အခုတော့ စုရှီဟာ သူ့ရှေ့မှာ တကယ်ကြီးအိပ်နေပြီး သူ့နှလုံးသားဟာလဲ သူများတွေထက်ကို ပိုခုန်နေလို့နေသည်။ သို့သော်ငြား သူဟာ တောင့်တောင့်ကြီးနေနေလျက် စုရှီကိုသာ တိတ်တိတ်လေး ကြည့်နေ၏။ သူ့ပုံစံဟာ လက်ထဲမှာကိုင်ထားတဲ့ ရတနာလေးကျကွဲသွားမှာကို ကြောက်နေသလိုပင်။ လုဟွမ်မှာ ပျော်ရွှင်နေပြီး အစစ်အမှန်မဟုတ်ဘူးလို့ပဲ ထင်နေလေသည်။
ဒါတကယ်ကြီး ဖြစ်ရမယ်။
လုဟွမ်မှာ ဂရုတစိုက်ဖြင့် စုရှီနဲ့နှာခေါင်းကို လက်နဲ့တို့လိုက်သည်။
စုရှီမှာ နှာခေါင်းယားသလို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်သွားလေသည်။
နွေးနေလိုက်တာ။ ဒါတကယ်ပဲ။
လုဟွမ် သဘောပေါက်လိုက်သည်က မိမိဟာ အသီးသကြားချောင်း ထန်ဟူလုကို မလွတ်တမ်းကြည့်နေသည့် ကလေးလေးလို သူလည်း စုရှီဘေးတွေ ရပ်ကာ စိတ်အားထက်သန်စွာဖြင့် ကြည်နေခဲ့မိသည်ပင်။
လုဟွမ် ပြန်စဉ်းစားကြည့်တော့ စုရှီ ဆေးဝယ်ဖို့ဆေးရုံသွားတုန်းက အအေးမိသွားတာ ဖြစ်မယ်လို့ထင်သည်။ ဒါဆို သူအအေးထပ်မိလို့ မဖြစ်ပေ။ ဟောက်ကျင်းချွမ်အိမ်က ဆိုဖာက နည်းနည်းမာတော့ အိပ်ရတာ နည်းနည်း အဆင်ပြေတာလဲပါသည်။
လုဟွမ် မတ်တပ်ရပ်ကာ ခါးကိုင်းလိုက်ပြီး လက်တစ်ဖက်က စုရှီရဲ့ လည်ပင်းနောက်ကနေ ကိုင်ကာ တစ်ဖက်ကာ ဒူးအောက်ကနေ ပွေ့ယူလိုက်ပြီး အသာလေးချီသွားလိုက်၏။
ရှောင်ရှီက တော်တော်ပေါ့မှန်း လုဟွမ် သိလိုက်ရသည်။ စုရှီက သူ သယ်ရတဲ့ပုံးလောက်တောင် မလေးပေ။
သူအရင်က တစ်ခြားမိန်းမတစ်ယောက်ကို မချီဖူးတာကြောင့် မသိခဲ့ချေ။ မိန်းမတွေက ရေလိုပဲ ပေါ့ကြတယ်လို့ ပြောကြ၏။ ကြည့်ရတာ တကယ်ဖြစ်ပုံရသည်။ စုရှီကို ချီလိုက်တာနဲ့ သူ့လက်တွေထဲ အလိုအလျောက် ပါလာကာ လုဟွမ် တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။
လုဟွမ်ရဲ့ ရင်ထဲလဲ ဗလုံးဗထွေး ဖြစ်လျက်ပင်။ စုရှီ မနှိုးသွားစေဖို့ ကိုယ့်စိတ်ကို ပြန်ထိန်းပြီး အိပ်ခန်းရှိရာသို့ ဖြေးဖြေးချင်း သွားလိုက်သည်။ ဒါပေမယ့် ထိုအချိန် စုရှီက သူ့ခန္ဓာကိုယ်ကြီး လေပေါ်ဝဲနေသလို ခံစားရပြီး သိပ်လဲအိပ်မပျော်သေးတာကြောင့် ချက်ချင်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
သူမျက်လုံးဖွင့်လိုက်တာနဲ့ အံ့ဩသွားတော့သည်။ လုဟွမ်မှာ ရေချိုးပြီးပြီဖြစ်ပြီး အခုခေတ်စတိုင် လက်တိုအင်္ကျီနဲ့ ဘောင်းဘီကို လဲထားပြီးပြီ ဖြစ်သည်။ လုဟွမ်မျက်ဝန်းထဲရှိ ရှေးခတ်ဟောင်း၏ပြရုပ်သဖွယ်ရှိနေသော တော်ဝင်ဆန်မှုနှင့် နှစ်လိုဖွယ်ရာ အသွင်အပြင်သည်တော့ အနည်းငယ်မှေးမှိန်ကာ သွားသည်။
ဒါပေမယ့် သူ့ရဲ့ အနက်ရောင်ဆံပင်ရှည်ကြီးတွေကြောင့်ပဲ တစ်မျိုးတစ်ဖုံ ချောနေသေးသည်။
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံလိုက်ကြသည်။
လုဟွမ်ရဲ့ ရုပ်ချောချောမျက်နှာလေးမှာ ချက်ချင်းဆိုသလို ရဲရဲတောက် နီသွားတော့၏။ စုရှီကိုလဲ ချီထားဆဲဖြစ်ပြီး ချပေးရမလား မချရမလားလဲ မသိဖြစ်နေကာ ပြောလိုက်၏။
"ကိုယ်မင်းကို အခွင့်အရေးယူတာမဟုတ်ပါဘူး။ ကိုယ်.."
မင်းသားတစ်ပါးက ချီတယ်ဆိုတာ ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပေမယ့် လုဟွမ်မှာ ငယ်ငယ်တည်းက ယောင်္ကျားလေးနဲ့ မိန်းကလေးဟာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့လို့မရဘူးဆိုတဲ့ ကျင့်ဝတ်ကို သင်ထားခဲ့ရလို့ဖြစ်သည်။ ထို့ကြောင့် လုဟွမ်ရဲ့ မျက်နှာချောချောလေး နီရဲသွားတာကို စုရှီ အစကတော့ မအံ့ဩမိပေမယ့် နောက်တော့ ရှက်လာပြီး နှလုံးခုန်မြန်လာလေသည်။
လုဟွမ်မှာ အလန့်တကြားနှင့် စကားလမ်းကြောင်း လွှဲလိုက်တော့၏။ စုရှီအား ချီထားတဲ့လက်တွေကို အားထည့်ကာ သူပြောလိုက်သည်က
"ရှောင်ရှီ၊ မင်းကပုံးနှစ်ပုံးစာလောက်လေးတယ်"
စုရှီမှာ ရှက်နေတာတွေရော ရင်ခုန်တာတွေရော ချက်ချင်းရပ်သွားတော့သည်။