Chapter 66
Vol. 7 Ch. 66
လုဟွမ် ဒီကမ္ဘာကိုရောက်လာတော့ အရာအားလုံးဟာ သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။ စုရှီက သူ့ကို ဒီခေတ်ယဉ်ကျေးမှုတွေ ကြည့်ဖို့နဲ့ ခေတ်သစ် အစားအသောက်တွေကို စားစေချင်လို့ နေရာတွေကို ခေါ်သွားချင်သည်။ နွေရာသီကျောင်းပိတ်ရက်မလို့ ကျောင်းတံခါးပိတ်ထားတဲ့ အချက်ကြောင့်သာမဟုတ်ရင် အတန်းထဲမှာ နားထောင်ဖို့ ကျောင်းကိုခေါ်သွားဖို့ဆိုတာ တော်တော်စိတ်ဝင်စားစရာကောင်းလိမ့်မည်ပင်။
သို့သော်ငြား အခုအရေးကြီးဆုံးအချက်ကတော့ ဘယ်လို ကူးပြောင်းလာလဲဆိုတာကို ဖော်ထုတ်ဖို့ပါဘဲ။
ဒီတခေါက် ကူးပြောင်းလာဖို့အတွက်ကို လုဟွမ်က ဘာတွေလုပ်ခဲ့ရသည်လဲ။ အမှတ်၂၀၀ ပြည့်သွားတာကြောင့်လား။ ဘယ်ချိန်တုန်းက ရောက်လာတာလဲ။ သူပြန်သွားလို့ကော ရသေးရဲ့လား။
သူ ပြန်သွားရင်ကော ဒီကိုထပ်ပြီး ပြန်လာလို့ ရသေးရဲ့လား။
သူအဲဒီမှာ ပျောက်သွားတော့ ချန်ကျိုးက အရာရှိတွေမှာ မင်းသားကိုး ပျောက်သွားပြီဆိုပြီး လိုက်ရှာကြလိမ့်မည်။ သူတို့တွေလဲ ရှုပ်ကုန်ကြမှာပဲ။ ဘယ်လိုအခြေအနေဖြစ်နေလဲ သူလဲမသိပေ။
အမှတ်၂၀၀ ပြည့်ပြီးလို့ အချိန်စီးဆင်းမှု အချိုးက ၂:၁ဖြစ်နေသေးတယ်ဆိုရင် ဒီမှာ တစ်နေ့တာအချိန်ကုန်သမျှဟာ ဟိုမှာ နှစ်ရက်ကုန်လိမ့်မည်။
သူ သုံးရက်ထက် ပိုပျောက်နေရင် မြို့တော်ရှိ လူတွေကို အကြီးအကျယ် အုံကြွစေပြီး ထိတ်လန့်စေမှာ သေချာသည်။ သူ ပြန်ရောက်သွားရင်လဲ ရှင်းပြဖို့က ခက်နေ၏။
ထို့ကြောင့် သူ့မှာ ဒီပြဿနာတွေကို အရင် ဖြေရှင်းဖို့က လိုနေသည်။ မဟုတ်ရင် စုရှီ ရင်ဘတ်ကို ကျောက်တုံးကြီးနဲ့ဖိထားသလို ဖြစ်နေလိမ့်မည်။ စုရှီက မျက်စိတစ်မှိတ်အောက်အတွင်း သူပျောက်သွားမှာကိုစိုးတာကြောင့် သူ့ကိုလျှောက်ပြချင်စိတ်လဲ ရှိမနေတော့။
သို့သော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် စုရှီအတွက်တော့ လုဟွမ် သူ့ရှေ့ ရောက်လာတာဟာ မမေ့နိုင်စရာ အံ့ဖွယ်ကိစ္စကြီး လိုပင်။
အဲဒီည လုဟွမ်ဟာ ဟောက်ကျင်းချွမ် အိမ်မှာနေခဲ့ပြီး စုရှီက အိမ်အရင်ပြန်သွားလေသည်။
ထွက်လာပြီးတဲ့နောက်မှာ လုဟွမ်ကို ဖုန်း မဝယ်ပေးမိတဲ့အတွက် စုရှီ နောင်တရနေ၏။ အခုတော့ သူ့ကိုဆက်သွယ်လို့ မရချေ။ ကူးပြောင်းပေးတဲ့စနစ်က အလုပ်လုပ်လာပြီး သူ ရုတ်တရက် ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မည်လဲ။
သို့သော်ငြား စုရှီအိမ်ပြန်ရောက်တော့ အိမ်ဖုန်းမြည်လာသည်။ ဟောက်ကျင်းချွမ်ရဲ့ဖုန်းဖြစ်ပြီး ခေါ်သူမှာတော့ လုဟွမ်ပင်။
စုရှီမှာ ဝမ်းသာသွားပြီး ဖိနပ်အပြေးလဲကာ ဖုန်းပြောဖို့ပြေးသွားလိုက်သည်။
သူ့မိဘတွေ အိမ်ပြန်ရောက်လာတော့ စုရှီက ဖုန်းပြောနေဆဲပင်။ သို့ပေမယ့် အခုက နွေရာသီကျောင်းပိတ်ရက် ဖြစ်တာကြောင့် စုရှီရဲ့အမေက စုရှီကို အတန်းထဲက မိန်းကလေးသူငယ်ချင်းနဲ့ပဲ စကားပြောနေတယ်လို့ ထင်တာမလို့ သိပ်ဂရုမစိုက်ပေ။ သို့သော်ငြား ညစာစားချိန်ရောက်တာတောင် စုရှီက ဆိုဖာပေါ်မှာထိုင်ကာ အူမြူးလျက် ဖုန်းပြောနေဆဲ ဖြစ်တာမလို့ စုရှီရဲ့အမေက မနေနိုင်ဘဲ လှမ်းအော်လိုက်ရသည်။
"ရှီရှီ၊ ညစာ လာစားတော့လေ။ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"
စုရှီက တစ်ဖက်ဖုန်းထဲမှ ယောင်္ကျားသံကို သူ့အမေ ကြားသွားမှာစိုးတာကြောင့် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ကျွန် မညစာစားရတော့မှာမလို့ ဖုန်းအရင်ချ လိုက်တော့မယ်နော်။ ရှင့်ကို အောက်မှာ ညစာခေါ်ကျွေးဖို့ ဟောက်ကျင်းချွမ်ကို ပြောလိုက်မယ်။ အဆာမခံနဲ့"
လုဟွမ်ကပြုံးပြီး ပြန်ပြောလိုက်သည်။
"ရှောင်းရှီ စိတ်မပူပါနဲ့။ ကိုယ်မီးဖိုချောင်ထဲက အသုံးအဆောင်တွေ ဘယ်လို သုံးရမလဲ သိပါတယ်။ ဒီည ညီနောင်ဟောက်ကို ဒုက္ခမပေး.."
သို့သော်ငြား သူ့စကားမဆုံးခင်မှာပင် တစ်ဖက်မှ လိုင်းပြတ်တောက်သွားသံကို ကြားလိုက်ရသည်။
လုဟွမ်က မျက်မှောင်ကြုတ်ကာ ကြိုးဖုန်းကိုယူပြီး ဟောက်ကျင်းချွမ်ရှိရာ အိပ်ခန်းထဲ သွားလိုက်သည်။
"ညီနောင်ဟောက်၊ ဒီအရာကြီးက ထူးထူးဆန်းဆန်းအသံတွေ ထွက်နေတယ်။ ပျက်သွားတာလားမသိဘူး"
ဟောက်ကျင်းချွမ်:"ငါတို့တစ်မိသားစုလုံး ဒီဖုန်းသုံးလာတာ ငါးနှစ်ရှိပြီ၊ မပျက်ပါဘူး။ မင်းသုံးမှ ဘယ်လိုလုပ်ပျက်ရတာလဲ"
သူကကြိုးဖုန်းကို ရိုက်ကြည့်သည်။
ဒါကိုမြင်တော့ လုဟွမ်က အသံပြန်ထွက်အောင် ပြုလုပ်သည့်နည်းလမ်းဟု ယူဆလိုက်ကာ သူလဲ ကျင်းချွမ် လုပ်သည့်အတိုင်း ကြိုးဖုန်းကို ရိုက်နှက်လေတော့၏။
အဲတာနဲ့ပဲ ဟောက်ကျင်းချွမ်မှာ သူ့ကိုတားရလေတော့၏။
"မရိုက်နဲ့ဟ။ မင်းအဲဒီလိုရိုက်နေရင် ငါ့ကြိုးဖုန်းပျက်သွားလိမ့်မယ်"
လုဟွမ် မျက်မှောင်ကြုတ်လိုက်သည်။
"အရည်အသွေးက တော်တော်နိမ့်တာပဲ"
ဟောက်ကျင်းချွမ်"..."
'ချီး၊ သူကပဲ ငါ့ကြိုးဖုန်း ကောင်းမကောင်း ဝေဖန်ရသေးတယ်'
ဟောက်ကျင်းချွမ် က ကြိုးဖုန်းကို ကိုင်ကာ နံပတ်တစ်ခုကို ဖုန်းခေါ်လိုက်သည်။ နံပါတ် နှိပ်ပြီးနောက် သူ "တူ တူ တူ" ဟူသော အသံကို ကြားလိုက်ရသည်။ ဘေလ်ကုန် သွားသံကို ကြားလိုက်ရသည်။ ဟောက်ကျင်းချွမ် ငိုချင်ပေမယ့် မျက်ရည်မကျနိုင်တော့ချေ။
"ဘာကို ဖုန်းပျက်တာလဲ? ဒါ ဘေလ်ကုန်သွားတာလေ! ညီနောင် လု က စုရှီနဲ့ မနားတမ်း ၃နာရီဆက်တိုက် ဖုန်းခေါ်နေတာကိုး။ ကြိုးဖုန်းတောင် ဘေလ်ကုန်လို့ ကြွေးကျန် ဖြစ်နေပြီ ညီနောင်ရေ! ဘာလို့ ဒီလောက်တောင် ပြောစရာတွေများနေတာလဲ။ နက်ဖြန်မှ ပြောရင် မမှီမှာစိုးလို့လား"
လုဟွမ်မှာ သူ့ရဲ့မကြည်မလင်ဖြစ်နေတဲ့ မျက်နှာကိုကြည့်ပြီး "ဘေကုန်သွားတယ်"ဆိုတာကို အကြမ်းဖျဉ်း နားလည်လိုက်သည်။
စဉ်းစားလိုက်ပြီးနောက် အိပ်ရာဆီပြန်သွားကာ ဝတ်ရုံပေါ်ရှိ ကျောက်စိမ်းကိုမှ ငွေမှင်ရောင်ဖောက်ထားသည့် ခါးပတ်ပေါ်မှ ပုလဲတစ်လုံးကို ဖြုတ်လိုက်ကာ ဟောက်ကျင်းချွမ်ကို ပေးလိုက်သည်။
"ဒီလောက်ဆို လောက်ပါရဲ့လား"
ဟောက်ကျင်းချွမ်မှာ ဂိမ်းထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွားပြီး မှင်သက်နေလျက်။
"မင်းတို့မိသားစုက သူဌေးလက်သစ်တွေ များလား။ ပုလဲက အစစ်ကြီးနဲ့ ဘာလို့တူနေတာလဲ"
ဟောက်ကျင်းချွမ်မှာ မျောက်အုန်းသီးရသလို ဖြစ်သွားပြီး ငွေမျက်နှာပဲ ကြည့်တော့သည်။
"ကျုပ် ဖုန်းလိုတယ်"
"ဒီမှာ ဒီမှာ ဒီမှာ"
ဟောက်ကျင်းချွမ်မှာ အားတက်သရောဖြင့် ပုလဲလုံးကိုယူကာ ကြိုးဖုန်းအားယူပေးလိုက်သည်။
"ခုနလေးကမှ 100RMB သွင်းထားတာနော် ညီနောင် ချန်ထားအုန်း"
လုဟွမ်က ကြိုးဖုန်းကို ယူကာ အခန်းထဲ ပြန်သွားသည်။ သို့သော်ငြား ဖုန်းထပ်မခေါ်တော့ဘဲ စုရှီကို စာပို့ဖို့ လုပ်တော့၏။
တစ်ဝက်တစ်ပျက်ကြီးရှိသေး ဟောက်ကျင်းချွမ်က တံခါးကို တွန်းဝင်လာပြီး သူမနက်ဖြန် ဘယ်ချိန်ထမလဲ လာမေးသည်။ လုဟွမ်မှာ အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူ့နောက်ကျောမှာ စစ်သည်တော်တစ်ယောက်နှယ် ဖြောင့်မတ်နေကာ သူ့ရဲ့အရောင်အဝါမှာတော့ ထင်းရှူးပင်တစ်ပင်လို အထီးကျန်ဆန်နေသည်။ ဒါကတော်တော် ကြောက်စရာကောင်းပေမယ့် အနားကပ်ကြည့်လိုက်တော့ စာပို့ရခက်နေတာ တွေ့လိုက်ရသည်။ လက်ကွက် ကို ဘယ်လိုသုံးရမလဲဆိုတာကိုလည်း ဘိုင်ဒူပေါ်မှာ ရှာနေ၏။
သူ့မှာ စာလုံးလေးနှစ်လုံးပို့ဖို့ နာရီဝက်လောက် ကြာသွားလေသည်။
"ကောင်းသောညပါ"
ဟောက်ကျင်းချွမ်"...."
ဟောက်ကျင်းချွမ်မှာ အခန်းထဲကနေ တစ်လှမ်းချင်း ပြန်ထွက်လာလိုက်သည်။ လုဟွမ်ရဲ့ အမူအရာမှာ အဖိုးအိုကြီးတစ်ယောက် ကြိုးဖုန်းကို ကြည့်နေသလိုပင်။ ဒီကောင်လေးဟာ ရှေးဟောင်းအုတ်ဂူထဲက ထွက်လာတဲ့ ကျောက်ခေတ်လူသားလေးလို ဖြစ်နေသည်။ ဘယ်ခေတ်တောင် ရောက်နေပြီလဲ။ စာတောင် မပို့တတ်ဘူးလား။
ဟောက်ကျင်းချွမ်မှာ စိတ်ရှုပ်နေတော့၏။
နောက်ဆုံးတော့ နောက်တစ်နေ့မနက် ရောက်လာပြီပင်။
မနက်အစောပိုင်းတွင် စုရှီက စားစရာဝယ်ပြီး သူတို့နှစ်ယောက်ဆီလာသည်။ သူကစားပြီးပြီဖြစ်ပြီး ဖက်ထုပ်သုံးပွဲဝယ်လာလိုက်သည်။ ဟောက်ကျင်းချွမ်က အိပ်နေဆဲဖြစ်တာမလို့ ဖက်ထုပ်နှစ်ပွဲနဲ့ တစ်ဝက်ကို လုဟွမ်ရဲ့ ပန်းကန်ထဲထည့်လိုက်ပြီး ပြောသည်။
"များများစားနော်။ ရှင်ဒီလို လက်ရာမျိုး မစားဖူးဘူးမလား"
လုဟွမ်က အရင်ခြောက်လလုံးလုံး စစ်တပ်နဲ့ စစ်ပွဲထဲမှာပဲ အချိန်ကုန်နေရတာမလို့ ဖြစ်သလိုသာစားပြီး အချိန်ချွေတာရသည်။ သို့သော်ငြား အဲလိုဆိုရင်တောင် သူစားနေတဲ့ပုံစံလေးက ကြည့်ကောင်းနေသေးသည်။ သူ့ရဲ့လှုပ်ရှားမှုတခုစီတိုင်းဟာ ရှေးခေတ်က ဗိုလ်ချုပ်ငယ်ငယ်လေးရဲ့ ဟန်ပန်ရှိနေ၏။ သူဟာ မနေ့ကမှ အဝါရောင်တောက်တောက် နဂါးရုပ်ပါသည့် ဝတ်ရုံကိုချွတ်ကာ ရိုးရိုးအင်္ကျီလက်တိုနဲ့ ဘောင်းဘီကို ဝတ်ထားပေမယ့် ဒီကမ္ဘာကလူတစ်ယောက်နဲ့ မတူသေးပေ။ သူ့ရဲ့ဇာတ်မြတ်ကိုသာ မသိတဲ့သူတွေဆို ဒါဟာသူ့ရဲ့ နဂို အထက်တန်းဆန်ဆန် အရောင်အဝါလို့ပဲ ထင်ကြလိမ့်မည်။
စုရှီက ကော်ဖီစားပွဲဘေးက ထိုင်ခုံပုလေးပေါ် ထိုင်လိုက်သည်။ သူဟာ ပြုံးလျက် မေးထောက်ပြီး လုဟွမ် စားတာကို ထိုင်ကြည့်နေ၏။ တစ်နေ့လုံးသာ ထိုင်ကြည့်ဆိုလဲ ကြည့်နိုင်ပါသည်။ ရုပ်ချောတဲ့သူတွေဟာ ဟင်းချက်မယ်ဆိုရင် တော်တော်လေး အောင်မြင်လာနိုင်၏။
လုဟွမ်မှာ ပန်းကန်နဲ့တူကိုချပြီး မော့ကြည့်လိုက်တော့ သူ့ကို ကလေးပေါက်လေးလို ကြည့်နေတဲ့ စုရှီရဲ့ အကြည့်တွေကို တွေ့ရတဲ့အခါ စိတ်ညစ်သလိုဖြစ်သွားသည်။
စုရှီရဲ့ စိတ်ထဲကနေ သူ့ကိုလူပုလေးလို မြင်နေသည့်အမြင်ကို ဘယ်တော့ အပြတ်ဆွဲထုတ်ရမလဲတောင်မသိ။
စဉ်းစားကြည့်လိုက်တော့ လုဟွမ်က တောင့်တောင့်ကြီးထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ခေါင်းငုံ့ကာ စုရှီကို ပြောလိုက်သည်။
"ရှောင်းရှီ၊ ဘေးဖယ်ပေးပါအုန်း။ ကိုယ်ဒါတွေသန့်ရှင်းပြီး လွှတ်ပစ်မလို့"
စုရှီ သူ့ကိုမော့ကြည့်လိုက်သည်။
"ဟမ်"
နေရာဒီလောက်အကျယ်ကြီးကို ဖယ်ခိုင်းနေသေးတယ်။
စုရှီ တုံ့ပြန်တာကို မစောင့်တော့ဘဲ လုဟွမ်က ကိုယ်ကိုကိုင်းလိုက်တာ စုရှီရဲ့ထိုင်ခုံကို ဘေးရောက်အောင် မလိုက်သည်။ လက်မောင်းမှာ အားထည့်လိုက်တော့ လူငယ်လေးရဲ့ ကျစ်လစ်တဲ့လက်မောင်းတွေမှာ ကြွက်သားအဖုအထစ်တွေပေါ်လာပေမယ့် အရမ်းကြီး ကြီးမားနေတာမျိုးတော့ မဟုတ်ပေ။ အဲအပြင် လူငယ်တစ်ယောက်၊ ရင့်ကျက်သော လူတစ်ယောက်ရဲ့ ခွန်အားကြားကနေ ချောမွေ့ဖြူစွတ်နေတဲ့ အသားအရည်ရဲ့ လှပမှုလဲ ပေါ်လွင်နေသည်။
လုဟွမ်က တမင်ရပ်လိုက်ပြီး စုရှီကို ငုံ့ကြည့်လိုက်သည်။
စုရှီက မျက်လုံးပြူးနေလျက် လုဟွမ်မှာ ခုံကိုအလွယ်လေး ဘေးရွှေ့လိုက်ပြီး ချပေးလိုက်သည်။
???ဘာလဲဟ?? အားကြီးကြောင်း ပြနေတာလား။ စိတ်ကြီးဝင်နေလိုက်တာ။
သို့သော်ငြား လုဟွမ်က စုရှီရဲ့ အရမ်းနီးကပ်သွားသည်ဟု ပြောရမည်။ သူ့ရင်ဘတ်နဲ့ တစ်လက်မလောက်ပဲ ကွာတော့၏။ လူငယ်လေးရဲ့အနံ့မှာ စုရှီရဲ့ မျက်နှာတစ်ဝိုက် ဝေ့သီနေပြီး စုရှီမှာ ရှေ့က၁.၈မီတာရှည်တဲ့ လူငယ်လေးကို ဆန်မုန့်လုံးလေးအဖြစ် လုံးဝ မြင်ယောင် မရတော့ချေ။
လုဟွမ်က စုရှီရဲ့ပါးတွေ တဖြည်းဖြည်းနီရဲလာတဲ့အထိ စောင့်ပြီးနောက် ပန်းကန်နဲ့တူတွေကို ရှင်းလိုက်ပြီး မီးဖိုချောင်ထဲ သွားလိုက်သည်။
ဟောက်ကျင်းချွမ် အိပ်ပျော်နေရာမှ နိုးလာသောအခါ စုရှီ သူ့အတွက် ဝယ်လာပေးသော ဖက်ထုပ်မှာ နှစ်ခုသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
ချီး။
စုရှီ မနေ့က ဆေးရုံကနေ တက်စီငှားပြီး ပြန်လာခဲ့သည်။ စုရှီ ဖုန်းပြင်တဲ့နေရာက အိမ်နဲ့သိပ်မဝေးတာကြောင့် စက်ဘီးကိုတွန်းသွားလိုက်သည်။
အစက ရည်ရွယ်ထားတာကတော့ လုဟွမ်ကို တင်သွားမလို့ဆိုပေမယ့် လုဟွမ် နောက်မှာထိုင်လိုက်တော့ တွန်းမရတာကြောင့် သူ့ကိုပဲတစ်ယောက်တည်း စီးခိုင်းရမလား ဇဝေဇဝါဖြစ်နေသည်။
နောက်ခုံမှာထိုင်နေတဲ့ လုဟွမ်ကို ကြည့်လိုက်တော့ သူ့ခြေတံရှည်တွေကို မြေကြီးမှာ ဒရွတ်တိုက် ဖြစ်မနေအောင် ကွေးထားတာ တွေ့လိုက်ရသည်။
သူက ဘာလို့ အဲလောက်ရှည်နေရတာလဲ။ စုရှီ ထင်ထားတာထက် လုံးဝကို ကွာလှသည်။
လုဟွမ်မှာ သူက စုရှီ ဒူးလောက်ပဲရှိတဲ့ ကလေးတစ်ယောက် မဟုတ်ဘဲ ယောင်္ကျားတစ်ယောက် ဖြစ်တယ်ဆိုတာကို စုရှီ လုံးဝမှတ်မိသည်အထိ တမင်စောင့်နေလိုက်၏။ အဲဒီနောက် စုရှီ စိတ်ကသိကအောက်ဖြစ်နေတာကို မသိချင်ယောင်ဆောင်ပြီး သဲ့သဲ့လေး ပြုံးကာ မတ်တပ်ရပ်လိုက်သည်။
"ကိုယ် နင်းပါ့မယ်။ စုရှီ မင်းကနောက်မှာပဲ ထိုင်လိုက်"
စုရှီ ခေါင်းသာ ကုတ်လိုက်မိတော့၏။ သူလုဟွမ်ကို မယုံချင်ယုံချင်ဖြင့် စက်ဘီးလက်ကိုင်ကို ကိုင်ခိုင်းလိုက်ပြီး နောက်ခုံဆီသွားကာ ပြောလိုက်သည်။
"သတိထားနော်။ ကျွန်မအရင်က မစီးဖူးဘူး..."
ဒါပေမယ့် သူ့စကားမဆုံးခင်မှာပင် လုဟွမ်က ခြေဆန့်ကာ စက်ဘီးကိုရပ်လိုက်သည်။ အဲဒီနောက် စုရှီရဲ့ခါးကိုကိုင်ကာ 90ကီလိုလောက်ရှိသည့် သူ့ကို အသာလေးဆွဲမပြီး နောက်ခုံပေါ်တင်ပေးလိုက်၏။ ထို့နောက် စက်ဘီးပေါ်တက်ကာ နှစ်လမ်းကျော်ကို နင်းသွားတော့သည်။
စုရှီရဲ့ နောက်ပြောမယ့် စကားတစ်ဝက်မှာ လေထဲပျောက်ကွယ်သွားတော့၏။
"...လက်ကိုင်ကို မထိန်းနိုင်ဘူးဆိုရင် သတိထားနော်"
စုရှီမှာ နောက်ခုံတွင်ထိုင်ပြီး ကြောင်တောင်တောင်ဖြစ်နေလျက် မတတ်နိုင်ဘဲ လုဟွမ်ရဲ့ အင်္ကျီကို ဆွဲထားလိုက်သည်။ 'ဘာလို့ ဒီလောက်ကျွမ်းနေရတာလဲ။ သူထင်ထားတာနဲ့ လုံးဝကိုကွာနေရောပဲ'
လုဟွမ်ရဲ့အသံ ထွက်လာသည်။
"ဒါက မြင်းစီးသလိုမျိုး နဲ့ တူတူပဲကိုး၊ ကိုယ်က ခြေတံရှည်တဲ့သူတွေက စီးရတာခက်မယ်လို့ ထင်နေတာ"
စုရှီက လုဟွမ်ရဲ့ ခြေထောက်တွေကို မသိမသာငုံ့ကြည့်လိုက်ပြီး သူ့ခြေထောက်သူ ပြန်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ ခြေတိုလေးတွေနဲ့ ဆန်မုန့်လုံးလို ပုတိုတို ကျိုက်ကျိုက်လေးအစား ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခြေတံရှည်ရှည်လေးတွေကို အစားထိုး မြင်လိုက်ရတော့သည်။
စက်တတ်ယာဥ် မမောင်းရလမ်းမပေါ်တွင် သူတို့နှစ်ဦးသား စက်ဘီးလေးသာ စီးနေကြခြင်း ဖြစ်သော်လည်း အလွန်တရာ မျက်စိဖမ်းစားနိုင်နေသည်။ ဖြတ်သွားသော လူများ၏အကြည့်က လုဟွမ်ဆီသို့သာ စုပြုံ ကြရောက်နေကြသည်။ လုဟွမ်တို့ နှစ်ဦးကို ကျော်ဖြတ်သွားပြီးမှသာ အိပ်မက်က နိုးသကဲသို့ လုဟွမ်ထံမှ အကြည့်ကို လွှဲဖယ်နိုင်ကြ၏။
စုရှီက မိန်းကလေးတွေနဲ့ ပြည့်နေတဲ့ လမ်းကို ကြည့်ပြီး နည်းနည်းစိတ်ညစ်သွားသည်။ 'ဘာလို့များ မင်းသားဝတ်ရုံကနေ ရိုးရိုးအင်္ကျီနဲ့ ဘောင်းဘီလဲ လိုက်ရတာတောင် အခုထိ ဆန်မုန့်လုံးကျိုက်ကျိုက်ကို ကြည့်နေကြသေးတာလဲ။ ကြည့်ရတာ သူ့ရဲ့ရေတံခွန်လို ဆံပင်ရှည်ကြီးတွေကြောင့် ထင်တယ်'
စုရှီက အိတ်ထဲကို နှိုက်ပြီး ဦးထုပ်နှစ်လုံး ထုတ်လိုက်သည်။ ဦးထုပ်အဖြူကို သူ့ခေါင်းပေါ်ဆောင်းပြီး လုဟွမ်နောက်ကျောပေါ် အသာလေးမှီလိုက်ကာ ဦးထုပ်အနက်ကို ဆောင်းပေးလိုက်သည်။
"နေမပူအောင်လို့ ဒါဆောင်းထား"
တစ်ခြားအတွေးတွေကြောင့်လို့တော့ စုရှီ မပြောလိုက်ပေ။
လုဟွမ်မှာ ခိုးပျော်နေသည်။ မီးနီစောင့်နေတုန်းမှာ စုရှီခေါင်းပေါ်က ဦးထုပ်ကိုကြည့်ပြီး သူ့ဦးထုပ်ကို ချွတ်လိုက်သည်။ ဦးထုပ်ကို ထပ်တလဲလဲ ကြည့်နေပြီးတဲ့နောက် ခေါင်းပေါ်ပြန်ဆောင်းလိုက်၏။
လုဟွမ် မှတ်မိသလောက်က ဒီလိုအဖြူနဲ့အနက် ဦးထုပ်နှစ်လုံးဟာ သူတို့ ကမ္ဘာမှာဆို "စုံတွဲဦးထုပ်"လို့ ခေါ်ကြသည်ပင်။
စုရှီမှာ လုဟွမ် ဘာကို ပျော်နေမှန်းမသိဘဲ သူ့မျက်ခုံးတွေပင့်လာပြီး စိတ်ပျော်နေတယ်ဆိုတာပဲ သိသည်။ သူဟာ ဆန်မုန့်လုံးကျိုက်ကျိုက် ဘာတွေးနေလဲသာသိရင် ဆွံ့အသွားလိမ့်မည်မှာ အမှန်ပင်။ ဦးထုပ်တစ်လုံးက ငါးဖမ်းသမားတွေ ဆောင်းတဲ့ဦးထုပ်ဖြစ်ပြီး တစ်လုံးက ဘေ့စ်ဘောသမားတွေ ဆောင်းတဲ့ ဦးထုပ်သာ။
'ဘာကို စုံတွဲဦးထုပ်တုန်း၊ ဆန်မုန့်လုံးကျိုက်ကျိုက်ရဲ့'
ဖုန်းပြန်ရသွားတော့ လုဟွမ်ဘာလို့ ကူးပြောင်းလာလဲဆိုတာ စုရှီ သိသွားပြီပင်။ ဖုန်းအဟောင်းကပျက်စီးပြီး Motherboardလဲ ထိခိုက်သွားပေမယ့် လုံးဝမပျက်သွားခင် ဒေတာတွေကို ဖုန်းအသစ်ဆီ ဖုန်းပြင်သမားက လွှဲပြောင်းပေးခဲ့သည်။
ဒါကြောင့် ဖုန်းဖွင့်ပြီး ရှာလိုက်တော့ ဂိမ်းကို ရှာတွေ့ခဲ့သည်။ ဂိမ်းကိုဖွင့်လိုက်တော့ အင်တာဖေ့စ်က ရပ်နေပြီး အမှတ်၂၀၀ ပြည့်သွားကြောင်း သတိပေးစာတွေရယ် လက်ဆောင်အထုပ်ကြီး ဖွင့်တော့မလို့ လုပ်နေတာရယ် တွေ့လိုက်ရသည်။
သူ့မှာတော့ ခုနှစ်ရက်လုံးလုံး စိတ်ပူလိုက်ရတာ။ ဖုန်းထဲကနေ ဂိမ်းပျောက်သွားမှာကို ကြောက်နေခဲ့ရသည်။ ဖုန်းအသစ်မှာ ဂိမ်းပြန်ဖွင့်လို့ရသွားတော့ စုရှီမှာ ပျော်နေပြီး ဖုန်းပြင်သမားကို ယွမ်တစ်ရာလောက်တောင် ပိုပေးချင်မိသွားသည်။
"ရှင် ကူးပြောင်းလာတော့ ကျွန်မအိမ်ဆီ တန်းရောက် လာတယ်ပေါ့။ ရှင်ပြန်သွားချင်တယ်ဆိုရင် ကျွန်မအိမ်ကပဲ သွားလို့ရမယ်"
စုရှီက မှန်းဆနေပြီး လုဟွမ်ကို ပြန်ဆွဲခေါ်လိုက်သည်။
"ဒါဆို ကျွန်မအိမ်သွားပြီး ဘယ်လိုကူးပြောင်းတာလဲ အဖြေရှာကြည့်ရအောင်"
"ဒီနေ့လား"
လုဟွမ် အံ့ဩသွားသည်။
အဲဒီနောက် မျက်မှောင်ကြုတ်လိုက်သည်။
သူကူးပြောင်းလာတာက မတော်မဆကြောင့် ဖြစ်ကာ လက်ရှိ စနစ်ကပေးတဲ့ အချက်အလက်အရ အမှတ်၂၀၀ပြည့်ရင် ရမယ့် လက်ဆောင်အထုပ်ကြီးဟာ တစ်ခါပဲ ကူးပြောင်းလို့ရတာလား ခဏခဏ ကူးပြောင်းလို့ရတာလားဆိုတာ ပြောလို့မရချေ။ အခုနေ သူပြန်သွားပြီး နောင်ကျ ပြန်လာလို့မရရင် ဘယ်လိုလုပ်မည်လဲ။
'ရှောင်ရှီက ဒါကိုစိတ်မပူဘူးလား။ ဒီနေ့ကို ဘာလို့သူ့ကို အတင်းပြန်ခိုင်း ချင်နေရတာလဲ"
လုဟွမ်က စုရှီကို စိုက်ကြည့်လိုက်သည်။ စုရှီသည်လဲရင်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ထိတ်လန့်မှုတွေနဲ့ပင်။ ဒီလိုကူးပြောင်းတာက ဘယ်ချိန်ထိ ရလဲ သူတို့လဲမသိပေ။ ကျိုက်ကျိုက်ကို ပြန်ပို့လိုက်ပြီးလို့ သူပြန်လာလို့မရရင် ဘယ်လိုလုပ်ရပါ့။ ဒါပေမယ့် တကယ်လို့ သူ အဲလို စိတ်ပူနေရင်တောင် သူ့မှာ"ရှင်ဘာလို့ဒီမှာ မနေတာလဲ"ဆိုတဲ့ စကားမျိုးပြောလို့ မရတာကြောင့် ကိုယ့်စိတ်ကိုယ်စုစည်းပြီး လုဟွမ်ကို ပြန်ပို့သည်။
"မြန်မြန်၊ ကျွန်မမိဘတွေ အိမ်ပြန်မရောက်ခင် အိမ်သွားပြီး ရှင့်ကိုပြန်ပို့ရမယ်"
"ကောင်းပါပြီ"
လုဟွမ် စက်ဘီးပေါ် နင်းလိုက်သည်။ သူ့မျက်နှာထားမှာ ဒီကိုလာတုန်းက အပြုံးနဲ့ လုံးဝကိုကွာနေပြီး နှုတ်ခမ်းကို တင်းတင်းစိထားကာ ဘာစကားမှမပြောပေ။
လုဟွမ် တကယ်တော့ ပြန်မသွားချင်ပါ။
သို့သော်ငြား ဒီကမ္ဘာကြီးဟာ သူ့အိမ်မဟုတ်မှန်း သူသိသည်။ သူ့မှာဒီကမ္ဘာမှာနေဖို့ အထောက်အထားသက်သေခံလဲ မရှိပေ။ ပြီးတော့ ချန်ကျိုးမှာ ရေကြီးပြီးတဲ့နောက် ဖြေရှင်းရမယ့် ကိစ္စလေးတွေလဲ ရှိနေသည်။ ရေကြီးမှုဖြစ်ပြီးနောက် မြစ်ချောင်းများအတွင်း သန့်ရှင်းရေးလုပ်ရန် လိုအပ်နေသေးသည်။ ရုံးတော်ကြီး ၆ခု ရှိသော်လည်း မြစ်ကြောင်း သန့်ရှင်းရေးလုပ်ရာတွင် ညံ့ဖျင်းမှုလွန်းသဖြင့် တိရိစ္ဆာန် အသေများနှင့် ပိုးမွှားများကို ကောင်းစွာ မရှင်းလင်းနိုင်ချေ၊
ကျန့်ယွမ်စစ်သူကြီးနဲ့ တစ်ခြားသူတွေမှာ သူ့ကိုမျှော်လင့်ချက်အကြီးကြီး ထားထားကြသည်။ ယန်တိုင်းပြည်ဟာ မြောက်ပိုင်းမှာအောင်ပွဲရပြီးတဲ့နောက် နည်းနည်းတိုးတက်လာပြီပင်။ သူထွက်သွားပြီး ပြန်မလာဘူးဆိုရင် ဘယ်သူမှမလုပ်နိုင်တဲ့ အရာတွေအများကြီး ရှိနေလိမ့်မည်။
သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဒီလိုငြိမ်းချမ်းတဲ့ တိုင်းပြည်ထဲမှာ နေမယ်ဆိုရင် ယန်တိုင်းပြည်က လူတွေကို စွန့်လွှတ်ရပေလိမ့်မည်။
အဆောက်အဦးရှေ့မှာ စက်ဘီးရပ်လိုက်ပြီးနောက် လုဟွမ်ကတံခါးကို တွန်းဖွင့်ကာ စုရှီနဲ့အတူ ဓာတ်လှေကားထဲ ဝင်လာလိုက်သည်။
သူတို့တွေမှာ တစ်နေ့လုံးပျော်နေခဲ့ကြပေမယ့် ဒီအချိန်ရောက်လာတော့ နှစ်ယောက်လုံး တိတ်ဆိတ်နေကြသည်။
အိမ်မှာ ဘယ်သူမှ မရှိတာ စုရှီ စစ်ကြည့်ပြီးမှ သော့ဖွင့်ကာ လုဟွမ်ကို ဝင်ခိုင်းလိုက်သည်။
လုဟွမ်ကစုရှီရဲ့ အိမ်ကို စခရင်ပေါ်ကနေ အခါတစ်ရာမက မြင်ဖူးခဲ့ပေမယ့် ဒီနေ့ ဒီလိုချိန် အခန်းထဲမှာ စုရှီနဲ့တူတူ ရပ်နေရတာက ခံစားချက်ချင်း မတူပေ။
အိမ်တဲ့။
လုဟွမ်နှလုံးသားက ကြိုးဖြင့် ရစ်ပတ်မိသလို အနည်းငယ် တင်းကြပ်သွား၏။
စုရှီရဲ့ အခန်းထဲရောက်တော့ နှစ်ယောက်သား အိပ်ရာပေါ်မှာ ဘေးချင်းကပ်ထိုင်လိုက်သည်။
စုရှီက ဖုန်းကိုဖွင့်ပြီး အင်တာဖေ့စ်ကို လုဟွမ် မကူးလာခင်ရှိနေတဲ့ ချန်ကျိုးက အခန်းပုံရိပ်ကို ပြောင်းလိုက်သည်။ လူသေးသေးလေးတွေဟာ အပြင်ဘက်မှာ ပြေးလွှားနေကြ၏။ မင်းသားကိုးက ရုတ်တရက် ပျောက်သွားတာကြောင့် ချန်ကျိုးမြို့တွင်းကအရာရှိတွေမှာ တစ်ခုခုဖြစ်လာမှာစိုးလို့ အစီရင် မခံရဲကြချေ။ သူတို့က လူတွေကို တိတ်တိတ်လေးလွှတ်ပြီး ရှာခိုင်းထားတာမလို့ အပြင်မှာ ကသောင်းကနင်း ဖြစ်နေတာပင်။
စုရှီက နှုတ်ခမ်းကိုက်လိုက်ပြီး ဘေးမှာတိတ်ဆိတ်နေတဲ့ လုဟွမ်ကို ကြည့်ကာ မေးလိုက်သည်။
"ပြန်သွားဖို့ ဆုံးဖြတ်ပြီးပြီလား"
"အင်း"
လုဟွမ် မျက်လုံးမော့လိုက်ပြီး စုရှီကို ကတိပေးသလို ပြောလိုက်သည်။
"ဒါပေမယ့် ကိုယ်ဒီကို ပြန်လာဖို့ နည်းလမ်းရှာမှာပါ။ ကမ္ဘာနှစ်ခုလုံးကို လွတ်လွတ်လပ်လပ် သွားနိုင်လာနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့"
စုရှီက သူ့ကတိစကားကြောင့် စိတ်သက်သာရာရသလိုလိုတော့ ဖြစ်သွားကာ ပြုံးပြီး ပြန်ပြောလိုက်သည်။
"ပြန်လာမယ်ဟုတ်လား။ ရှင်မှားနေပြီ။ ပြန်သွားရမယ်လို့ သုံးရမှာ။ ရှင့်အိမ်က ဟိုမှာလေ"
လုဟွမ် သူ့ကို ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အဲဒီအိမ်က ဒီတိုင်းနေဖို့နေရာ တစ်ခုသာသာပါပဲ။ ကိုယ့်မှာ တစ်ခြားဆွေမျိုးတွေလဲ မရှိဘူး။ မင်းကကိုယ့်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပါ"
စုရှီ အသက်ရှူ ရပ်မိသွားသည်။ ထိုစကားကို ကြားတော့ ရင်တုန်လာပြီး ဘာပြောရမှန်းမသိတော့။
ထိုအချိန် ရုတ်တရက် တံခါးအပြင်ဘက်ကနေ ဆူညံသံကြားလိုက်ရပြီး ဖခင်စုနဲ့မိခင်စုရဲ့ အသံတွေကို ကြားလိုက်ရသည်။
"ရှီရှီ သမီး အိမ်ပြန်ရောက် နေတာလား။ ယောင်္ကျားလေးဖိနပ်က ဘာလို့ရှိနေတာလဲ။ ဟောက်ကျင်းချွမ် အိမ်ရောက်နေလို့လား"
စုရှီ လက်ပူးလက်ကြပ်မိတော့မလို ဖြစ်သွားလို့ လန့်ဖြန့်ပြီး ခုန်လိုက်မိသည်။ လုဟွမ်ကို စားပွဲအောက် အသည်းအသန် တွန်းပို့လိုက်ပြီး
"သွားပြီ။ ကျွန်မမိဘတွေ ပြန်ရောက်လာပြီ။ ရှင်နဲ့ကျွန်မကိုသာ မြင်သွားရင် တကယ်သွားပြီပဲ"
လုဟွမ်မှာ စားပွဲအောက်တွင် ကို့ရိုးကားရားကြီး ပုန်းနေကာ သူ့ရဲ့ရှည်လျားသောခန္ဓာကိုယ်ကို ဘောလုံးလေးလို ကွေးထားရပြီး ပြောလေ၏။
"ကိုယ်မင်းမိဘတွေနဲ့ ထွက်တွေ့.."
"မရဘူး!"
စုရှီ ပြတ်ပြတ်သားသားကို အခိုင်အမာငြင်းဆိုလိုက်သည်။စုရှီမှာ ဂျာကင်အင်္ကျီကိုချွတ်ကာ လုဟွမ်ရဲ့ခြေထောက်တွေကို အုပ်လိုက်ပြီး ကွယ်ဖို့ကြိုးစားတော့၏။