← Chapters

Chapter 67

Vol. 7 Ch. 67

Chapter 67

Vol. 7 Ch. 67

မိခင်စုသည် အခန်းထဲမှ အသံတချို့ကြား၍ တံခါးဆီသို့ လျှောက်သွားပြီး ခေါက်လိုက်သည်။

"ရှီရှီ အထဲမှာလား"

စုရှီ စိုးရိမ်တကြီးဖြင့် သူမ၏ ထိုင်ခုံကို ဘယ်ဘက်သို့ ရွှေ့လိုက်ပြီး "ဟုတ်" ဟု ပြန်ထူးလိုက်သည်။

အမေဖြစ်သူ တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲ၌ စုရှီတစ်ယောက်တည်းကိုသာ တွေ့သည်။ စုရှီသည် သူမ၏ စားပွဲခုံတွင် ထိုင်ပြီး အိမ်စာလုပ်နေသည်။ အခန်းအတွင်းရှိ လေအေးပေးစက်၏ အပူချိန်သည် အလွန်နိမ့်စွာ ဖွင့်ထားပြီး သူမ ဒူးပေါ်မှ ဂျာကင်အင်္ကျီနှင့် အုပ်ထားသည်မို့ လေအေးပေးစက်ဖွင့်၍ ဘောင်းဘီတို မဝတ်သင့်ကြောင်း သူမ လိုက်နာသည်ကို တွေ့လိုက်ရ၏။ နွေရာသီ၌ လေအေးပေးစက်ခန်းထဲတွင် ဘောင်းဘီတို ဝတ်ထားလျှင် အသက်ကြီးလာသည့်အခါ ခြေထောက် ထိခိုက်လာနိုင်မည်မှာ သေချာ၏။

မိခင်သည် အလွန်စိတ်သက်သာရာရသွားကာ စုရှီလုပ်နေသောစာရွက်ကို ကြည့်ရန် သူမ အနား လျှောက်လာခဲ့သည်။

စုရှီ ၏ နှလုံးခုန်သံ မြန်လာသည်။ သူမ မျက်လုံးထောင့်မှ စားပွဲအောက်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်မိသည်။ သူမ အလွန် တုန်လှုပ်သွားပြီး လက်ဖဝါးများတွင် ချွေးများ စီးကျလာသည်။

သူ့စားပွဲသည် ပြတင်းပေါက်နားမှာရှိပြီး ဘေးနှစ်ဖက်လုံး၌ ဗီဒိုများ ရှိသည်။ တံခါးမှဖြစ်စေ နံဘေးမှဖြစ်စေ လျှောက်လာပါက စားပွဲအောက်၌ ထိုင်နေသော လူငယ်ကို မမြင်နိုင်လောက်ပေ။ သို့သော် သူမ နောက်သို့ ရပ်ပါက သေချာပေါက် တွေ့သွားလိမ့်မည်။

အကယ်၍ သူ့အမေသာ အခန်းထဲ၌ ချောမောသည့် ကောင်လေးတစ်ယောက် ရှိနေသည်ကို တွေ့ခဲ့လျှင် ရည်းစားထားပြီး အိမ်ခေါ်လာသည်ဟု ထင်နေမည်မှာ သေချာသည်။ မြစ်ဝါမြစ်ထဲ ခုန်ဆင်းသွားလျှင်ပင် သူမနာမည်ကို ရှင်းနိုင်မည် မဟုတ်တော့ပါ။

ကံကောင်းစွာဖြင့် အမေဖြစ်သူသည် သိပ်ဝေးဝေး လျှောက်ချင်တော့ပုံ မရ။ သူမသည် စုရှီ၏အိမ်စာများကို ပေါ့ပေါ့ဆဆ ကြည့်လိုက်ပြီး မေးလိုက်သည်။

"အဝင်ပေါက်မှာ ယောက်ျားလေးဖိနပ်တစ်ရံကို တွေ့တော့ ဟောက်ယောင် ဒီမှာရှိနေမယ် ထင်ခဲ့တာ။ သူ ဘာလို့ဒီမှာမရှိနေတာလဲ?"

စုရှီ သည် စာရွက်ကြမ်းပေါ်တွင် ရေးခြစ်ကာ တွက်ချက်ဟန်ဆောင်လိုက်သည်။

"အိုး၊ သူ နေ့ခင်းဘက်က ကစားဖို့ လာခဲ့တာ၊ သူ ပြန်သွားပြီ"

"သွားပြီလား၊ သူ ဘာလို့ ညစာမစားသွားတာပါလိမ့်"

အမေဖြစ်သူသည် လှည့်ထွက်လိုက်သော်လည်း တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။

"သူ ပြန်သွားရင်လည်း တို့အိမ်မှာ ဘာလို့ သူ့ဖိနပ်ရှိနေသေးတာလဲ"

စုရှီ အေးစက်သော ချွေးများ ထွက်လာသည်။ သူမသည် ဂရုမစိုက် ဟန်ဆောင်ကာ

"သူ မေ့နေတာ ဖြစ်နိုင်ပါတယ်။ အိမ်စီးဖိနပ်တစ်ရံကို စီးသွားမိပြီး မတော်တဆ ကျန်ခဲ့တာဖြစ်မယ်" ဟု ပြောလိုက်သည်။

အမေ: “…”

"ဒီနေ့ခေတ် ကလေးတွေက တစ်နေကုန် ဂိမ်းဆော့ပြီး အာရုံတွေ ပျံ့လွင့်နေတာ၊ ဒီဟောက်ယောင်လေးကတော့ ဘယ်လိုဖြစ်လို့ ဒီလောက်ပေါ့ဆရတာပါလိမ့်..."

အမေက သိပ်ပြီး မတွေး တော့ပေ။ သူမသည် တံခါးကို ပိတ်ပြီး ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ ပြန်သွားလိုက်သည်။

ထိုမှသာ အခန်းသည် တိတ်ဆိတ်ခြင်းသို့ ပြန်ရောက်သွားပါသည်။

စုရှီ၏ နှလုံးခုန်သံသည် ရိုလာကိုစတာကို စီးခဲ့သလိုပင် ခံစားလိုက်ရသည်။ ဒူးပေါ် တင်ထားသော အင်္ကျီကို ဖယ်ကာ တံခါးဆီသို့ ကြောက်လန့်တကြား ပြေးသွားသည်။ တံခါးအပြင်ဘက်သို့ ကြည့်လိုက်ပြီး သူ့မိဘများ ဘာကိုမှ သံသယမရှိသည်ကို တွေ့လိုက်ရပြီးနောက် သက်ပြင်းတစ်ချက် ချကာ တံခါးကို သော့ခတ်၍ စားပွဲဆီသို့ ပြန်လာခဲ့သည်။ စုရှီ ထိုင်ချပြီး တိုးတိုးလေး ပြောသည်။

"လုဟွမ် ရပြီ။ အမေ ထွက်သွားပြီ"

စားပွဲအောက်တွင် လုဟွမ် သူ့ဒူးကို ဖက်ထား ဆဲပင်။ သူသည် အံဆွဲကို မှီ၍ နက်မှောင်သော မျက်လုံးများက ပိတ်နေခဲ့သည်။ သူ အိပ်ပျော် သွားလေပြီ။

စုရှီသည် သူ့ရှေ့တွင် ငုတ်တုတ်ထိုင်ပြီး သူ့ကို မခေါ်ရန် ဆုံးဖြတ်လိုက်သည်။ လုဟွမ်သည် ချန်ကျိုးတွင် ရေကြီးမှုအကြောင်းကို အတိုချုံးပြောပြခဲ့သော်လည်း သူသည် အမှတ် ၂၀၀ ကို အမြန်ဆုံး ရောက်ရှိစေရန်အတွက် ရက်ပေါင်းများစွာ မအိပ်ရဘဲ မောပန်းနေရမည်ကို သူမ သိထားသည်။ ဤ နေရာသို့ ရောက်ပြီးနောက် သူသည် လုံးဝမတူသည့် ပတ်ဝန်းကျင်တစ်ခု၌ ဖြစ်နေခဲ့သည်။ မနေ့ညက ဟောက်ကျင်းချွမ် နေအိမ်တွင် အိပ်မပျော်နိုင်ခဲ့သောကြောင့် အချိန်တိုအတွင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

စုရှီက သူ့ကို နည်းနည်းကြာအောင် အိပ်စေချင်သောကြောင့် ဖုန်းကို အသံတိတ်မုဒ်အဖြစ် တိတ်တိတ်လေး ပိတ်လိုက်သည်။

သူမ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကာ ဒူးပေါ် တံတောင်ဆစ်တင်လိုက်ပြီး မေးဆေ့ကို လက်များကြား မှေးတင်လိုက်ကာ သူ့ကို ငေးကြည့်လိုက်သည်။

စားပွဲပေါ်ရှိ မီးအိမ်သည်လည်း မထွန်းလင်း နေတော့ဘဲ လုဟွမ်၏ မေးစေ့တစ်ဝိုက်တွင်သာ မီးရောင်အနည်းငယ် ရှိနေသည်။ သူ့မျက်နှာသွင်ပြင်ကို အရိပ်ထဲတွင် ဖုံးကွယ်ခံထားရသည်။ သူ၏ ကြည့်ကောင်းသော မျက်ခုံးနှင့် ရှည်လျားသော နှာတံဖြင့်ပင် အေးစက် လှပသော မျက်နှာတစ်ခုအဖြစ် ယူဆနိုင်သည်။ သို့သော် မျက်လုံးမှိတ်လိုက်သောအခါ သူသည် သိမ်မွေ့အေးချမ်းပုံ ရလေသည်။ လူများပင် သူ့ကို အနှောက်အယှက်ဖြစ်မည် စိုး၍ အသက်မရှူနိုင်ဘဲ တိုးတိုးလေးသာ ရှူသွင်းနေမိသည် အထိ။

ကျီးကန်းအမွေးကဲ့သို့ မဲနက် ထူထဲရှည်လျားသော မျက်တောင်များသည် တဖျပ်ဖျပ်လွင့်နေကာ လူတို့၏နှလုံးသားကို နာကျင်စေ‌နိုင်သော အရိပ်တစ်ခုက သူ၏မျက်ခွံပေါ်၌ ကျရောက်နေသည်။

ထိုမျှလောက် နီးကပ်သော အကွာအဝေးအတွင်း စုရှီက သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေမိသည်။ သူမစိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။ 'ကျိုက်ကျိုက်က အရမ်းကြည့်ကောင်းလွန်း...'

သူသည် ကျောင်းတွင် ဘတ်စကတ်ဘော ကစားသော ယောက်ျားလေးများနှင့် ကွဲပြားသည်။ သူ့လက်မောင်းပေါ်ရှိ အရေပြားတွင် သေးငယ်သော အမာရွတ်အချို့ရှိသည်။ အင်္ကျီလက်တို ဝတ်ထားသောကြောင့် ရှင်းရှင်းလင်းလင်းပင် မြင်နိုင်သည်။ သူ့ညာဘက်လက်မောင်းရှိ အမာရွတ်က ပိုနက်ပြီး ၎င်းမှာ မြှားဒဏ်ရာတစ်ခု ဖြစ်လေသည်။

ဒူးကို ပွေ့ဖက်ပြီး နှင်းဖြူဖြူများ ဖုံးနေသည့် ထင်းရှူးပင်လို ထိုင်နေခဲ့သည်။ စားပွဲသာ မနိမ့်နေခဲ့လျှင် မတော်တဆ အိပ်ပျော်သွားတောင် သူ့နောက်ကျောမှာ ဖြောင့်တန်းနေပေလိမ့်မည်။

အလွန်တိတ်ဆိတ်နေသောကြောင့် ဖြစ်နိုင်သည်။ စုရှီသည် မိမိ၏ အသက်ရှုသံကိုပင် ကြားနေရ၍ နူးညံ့စွာ အသက်ရှုရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ သို့ရာတွင် သူမ၏ နှလုံးခုန်သံသည် တဖြည်းဖြည်း ပိုပို မြန်၍သာလာသည်။

သူမသည် ရှေ့ကို ကိုင်းကာ သူ့ညာလက်မောင်းပေါ်ရှိ အမာရွတ်ကို ထိရန် လက်ကို ဆန့်တန်းလိုက်သည်။

စစ်တပ်စခန်း၌ ပတ်တီးပတ်ထားစဥ် ဒဏ်ရာက သွေးထွက်များပြီး စုရှီ အလွန်စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် စျေးဆိုင်မှ ကျင်းချွမ်လိမ်းဆေးသည် အလွန်ထိရောက်မှု ရှိပြီး နှစ်လအတွင်း ပြန်လည် ကောင်းမွန်လာသည်။ သို့သော် လူငယ်တစ် ယောက်၏ ဖြူစင်လွန်းသော အသားအရေပေါ်တွင် အမာရွတ်အချို့ ကျန်နေခဲ့သေးသည်။

စုရှီ ၏ အေးစက်သော လက်ချောင်းများက သူ့လက်မောင်းရှိ အနည်းငယ် မညီမညာသော အမာရွတ်အချို့ကို ထိလိုက်သည်။

စုရှီက ဖြည်းညှင်းစွာ အသက်ရှုသွင်းလိုက်ပြီး သူ့၌ အမာရွတ် ကျန်နေခဲ့မည်ကို သူမ အနည်းငယ် စိုးရိမ်နေမိသည်။

'ဒီအမာရွတ်ဟောင်းတွေက ဘယ်အချိန်မှ လုံးဝပျောက်သွားမှာလဲ’

စုရှီသည် သူမ၏ လက်ချောင်းထိပ်များမှ ထိတွေ့မှုကို ခံစားလိုက်ရသည်။ လုဟွမ်၏ သိမ်မွေ့သော အသက်ရှုသံကို သူမ နားထောင်ပြီး လေအေးပေးစက်ကြောင့် ညင်သာစွာ လွင့်နေသော သူ့နဖူးပေါ်ရှိ ဆံပင်အနည်းငယ်ကို ကြည့်လိုက်သည်။ တစ်ဖန် သူမ ရှေ့မှလူသည် အသွေးအသားနှင့် သက်ရှိထင်ရှားရှိသူတစ်ဦး ဖြစ်ကြောင်း လေးလေးနက်နက် ခံစားခဲ့ရသည်။

သူသည် သူမကို ပွေ့ဖက်နိုင်၊ ဆုပ်ကိုင်ထားနိုင်ပြီး အလွယ်တကူ ပွေ့ချီသွားနိုင်သည်။

'... ငါ သူ့ကို ကြိုက်လား ?'

စုရှီ သည် ဖန်တီးထားသောလူတစ်ဦးကို ချစ်မိသွားခြင်း သို့မဟုတ် အခြားကမ္ဘာတွင် သူမ မတွေ့ဆုံနိုင်သော လူတစ်ယောက်ကို ချစ်မိသွားရန် စိတ်ကူးပင် မယဉ်ဝံ့ပေ။ ယခုမူကား သူ့ရှေ့မှာ အိပ်နေလေပြီ။ သူ့၌ စစ်မှန်သည့် အသက်ရှုမှု၊ သွေးစစ်စစ်နှင့် ကိုယ်အပူချိန်ပါ ရှိသည်…

သူမ မည်သို့ မကြိုက်ဘဲ နေနိုင်မည်နည်း။

သူမရှေ့၌ ဒူးခေါင်းကို ဖက်ထားပြီး အိပ်ပျော်နေသော လူငယ်မှာ အလွန် ကြည့်ကောင်းလှသည်။

စုရှီသည် မျက်လုံးဖွင့်ပြီး သူမကို စိုက်ကြည့်မည့် သူ့ပုံစံကိုပင် စိတ်ကူးယဉ်ကြည့်နိုင်သည်။ သူ့ပုံစံမှာ နှင်းကိုပင် အရည်ပျော်သွားစေနိုင်လိမ့်မည်။

တကယ်တော့ စုရှီသည် သူနှင့် အတူရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူ ဘယ်လိုပုံစံလဲဆိုသည်ကို သူမ စိတ်ကူးကြည့်နိုင်သလောက်ပင်...

သူ၏ တက်တက်ကြွကြွ ရှိနေတတ်သည့်အကြည့်မှာ မူလရုပ်သွင် မရစဉ် ဖက်ထုပ်လုံးလေး အသွင်ထဲကပင်။ အခြားသူများ အကြည့်နှင့် မတူပေ။ သို့သော် ဖန်သားပြင်ပေါ်ရှိ သူမကို မော့ကြည့်လိုက်သည့်အခါ သူ၏ ခံစားချက် အကြည့်များကမူ…

သူ၏ သွေးစွန်းနေသော ချပ်ဝတ်တန်ဆာဖြင့် စစ်မှုထမ်းသည့်အခါ အကြည့်မှာ အေးစက်တင်းမာတတ်ပြီး ... သူမကို မြင်သောအခါ ထိန်းချုပ်မထားနိုင်သော တောက်ပမှုအကြည့် …

ကျိုက်ကျိုက်သည် အလွန် သိမ်မွေ့သည်။ သူ အခြားသူများအား မည်ကဲ့သို့ အေးစက်စွာ ဆက်ဆံသည်ဖြစ်စေ၊ ပျော်သည်ဖြစ်စေ၊ စိတ်ဆိုးနေသည်ဖြစ်စေ သူမအား အမြဲ နူးညံ့စွာသာ ဆက်ဆံခဲ့သည်။

ဤကဲ့သော သူကို မည်သို့ မကြိုက်ဘဲ နေနိုင်မည်နည်း။

စုရှီသည် သူ အနားသို့ မရောက်လာမီ မူလက ဘယ်လိုခံစားချက်မျိုးလဲ ဆိုသည်ကို သူမ မသိခဲ့။ နှစ်နှစ်ကြာ ပေါင်းဖော်ခဲ့သည့် ခံစားချက်နှင့်သာ ပိုတူနေမည်လား။ သို့သော် ကုချင်၏ စကားတစ်ခွန်းကတော့ မှန်နေသည်။ ခင်မင်ရင်းနှီးမှု၌ ပိုင်ဆိုင်လိုသည့် စိတ် မရှိနိုင်ဆိုတာပင်။

သို့သော် သူမသည် မသိစိတ်ဖြင့် အဖြစ်မှန်ကို ရှောင်ချင်နေသေးသည်။ အမှန်တော့၊ အချိန်ကို ဖြတ်သန်းသွားလာခြင်းသည် စုရှီအတွက် စိတ်ကူးမယဉ်နိုင်သော အရာတစ်ခု ဖြစ်သည်။

လုဟွမ်သည် ခေတ်မီယဉ်ကျေးမှုကို လေ့လာရန် ကြိုးပမ်းပြီး တတ်နိုင်သမျှ အမြန်ဆုံး အသားကျရန် ကြိုးစားနေစဉ်အခါက သူမသည် တစ်နေ့တွင် ဤကဲ့သို့ အမှန်တကယ် သူ ရပ်တည်နိုင်မည်ဟု မထင်ခဲ့ပေ... ယခုမူ သူမရှေ့တွင် အမှန်ပင် ရှိနေခဲ့သည်။ သူမ လက်ချောင်းများဖြင့် သူ့အရေပြားကို ထိလိုက်သည်။ သူ၏ အရေပြားအောက်သို့ သွေးများ စီးဆင်းနေသည်ကို ခံစားရ၏... မျက်တောင်များသည် ဖြည်းညှင်းစွာ တဖျပ်ဖျပ်ခတ်လာကာ စုရှီ၏နှလုံးမှာ လျင်မြန်စွာ ခုန်နေခဲ့သည်။

သူသည် ခရီး၏ ၉၉.၉% အား လုပ်ဆောင်ပြီးသွားပါပြီ။

ပြီးတော့ သူမက …

စုရှီသည် သူ၏ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။ သူမ၏ ဦးနှောက်သည် မသိလိုက်ဘဲ အလုပ်မလုပ်တော့သည့်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် လုဟွမ်သည် သူ၏ပုခုံးပေါ်မှ အေးစက်နေသော လက်ချောင်းထိပ်များ၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ သူသည် မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

စုရှီက ရှေ့ကို ကိုင်းပြီး မျက်တောင်ပင် မခတ်ဘဲ သူ့ကို စိုက်ကြည့်နေမိသည်။ သူ ထိုင်နေသည့်ပုံစံက လူမိုက်တစ်ယောက်ပုံ ပေါက်နေ၏။

နှစ်ယောက်သား နီးကပ်လွန်းနေသည်။

တစ်ယောက်၏ ဝင်သက်ထွက်သက်များက ကျန်တစ်ယောက်မျက်နှာပေါ် ထိခတ်နေ သကဲ့သို့ပင်။

စုရှီ လန့်သွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာနှင့် နားရွက်များ နီရဲလာသည်။

သူမ အမြန်ထရန် ကြိုးစားလိုက်သည်။

ထိတ်လန့်တကြားနှင့် ခေါင်းပေါ်တွင် စားပွဲတစ်လုံးရှိနေသည်ကို သူမ လုံးလုံး မေ့သွားသည်။ ရုတ်တရက် သူမ ခေါင်းကို ဆောင့်ထလိုက်မိသည်။ သို့သော် ကံကောင်းထောက်မစွာပင် သူမရဲ့ဦးခေါင်းက စားပွဲကို မထိခင် လုဟွမ်က သူ့လက်နှင့် အမြန်ကာလိုက်သည်။ စုရှီသည် သူ့လက်ဖဝါးမှ တိုးတိုးတိတ်တိတ် အသံတစ်ခု ထွက်လာသံ ကြားလိုက်ရသည်။

စုရှီသည် ကြမ်းပေါ်တွင် ထိုင်ပြီး လုဟွမ်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

"အဆင်ပြေလား။ နာနေလား"

"အဆင်ပြေပါတယ်"

လုဟွမ် ၏ မျက်လုံးများသည် မှုန်မှိုင်းစွာ တောက်ပနေခဲ့သည်။ သူမကို ကြည့်ကာ စကား မပြောနိုင်ခင် အပြင်မှ ခြေသံကို ရုတ်တရက်ကြားလိုက်သည်။

လုဟွမ်၏ ပါးစပ်ကို စုရှီ ရုတ်တရက် ပိတ်လိုက်သည်။ နှစ်ယောက်သား ချက်ချင်း ပါးစပ်ပိတ်ပြီး အသက်ရှုပင် အောင့်လိုက်ကြသည်။

မိခင်စုက တံခါးကို နှစ်ခါခေါက်လာသည်။

"ထမင်းစားချိန်ရောက်ပြီ ရှီရှီ"

မိခင်စုသည် တံခါးလက်ကိုင်ကို ဖွင့်ကြည့်ကာ "ဘာလို့ တံခါးကို ရုတ်တရက် သော့ခတ်ထားတာလဲ"

စုရှီ၏နှလုံးသည် ရုတ်တရက် လည်ချောင်းကပက် ခုန်ထွက်တော့မတတ်။ တံခါးအပြင်ဘက်ရှိ သူ့အမေကို ကြောက်လို့လား သို့မဟုတ် နီးကပ်နေသည့် လူငယ်လေး၏ အသက်ရှုသံကြောင့်လားပင် မသိတော့ချေ။ လေထုနွေးနွေးက သူမ၏ လက်ဖဝါးကို ထိနေခဲ့သည်။ နှစ်ယောက်သား နီးကပ်လွန်းသောကြောင့် ဖြစ်နိုင်ပါသည်။ သူတို့နှလုံးခုန်သံမှာ အလွန်မြန်နေကြ၍ သူမ ကြားနိုင်သော်‌လည်း ဘယ်သူ့ နှလုံးခုန်သံလဲဆိုသည်ကိုတော့ မပြောနိုင်ချေ။

"လာခဲ့ပါ့မယ်! အခု!" စုရှီ အမြန် ဖြေလိုက်သည်။

အမေက ပြန်လှည့်လျှောက်သွားရင်း "မြန်မြန်၊ အေးကုန်တော့မယ်"

မိခင်စု ထွက်သွားပြီးနောက် စုရှီ သက်ပြင်းချလိုက်သည်။ သူမသည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ လုဟွမ် ၏ ပါးစပ်မှ သူမ၏လက်ကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်သည်။ သူမ၏ ပါးပြင်များ အနည်းငယ် ပူလာသည်။

လုဟွမ်၏ နားရွက်များသည် အနည်းငယ်နီနေသည်။

သူ ဘာတွေတွေးနေမှန်း မသိနိုင်ချေ။

ခဏအကြာတွင် သူ မတ်တပ်ရပ်ပြီး စုရှီကို ကြမ်းပြင်ပေါ်မှ ထူလိုက်သည်။ သူက အသံကို လျှော့ပြီး "တောင်းပန်ပါတယ်။ ကိုယ် အခုလေးတင် အိပ်ပျော်သွားမိတယ်"

"ပြန်ရောက်ရင် ကောင်းကောင်းအနားယူပါ"

စုရှီ သူ့မိဘများ အပြင်မှကြားရမည်ကို ကြောက်သည့်အတွက် အလျင်စလို ပြောလိုက်ရသည်။

"ကျွန်မ အရင်ထမင်းသွားစားလိုက်မယ်။ မဟုတ်ရင် အမေ နောက်တစ်ခါ ပြန်ခေါ်နေလိမ့်မယ်"

"ကောင်းပြီ" လုဟွမ်သည် သူမအတွက် လေအေးပေးစက်ကို ပိတ်လိုက်ပြီး ပြုံးလိုက်သည်။

"သွားလိုက်ပါ"

မူလက သူမသည် လုဟွမ်ကို ရေချိုးခိုင်းပြီး သူလာတုန်းက ဝတ်ထားသည့် အဝတ်အစားသို့ ပြောင်းဝတ်ပေးချင်သည်။ သို့သော် ယခုတွင် သူမ၏ မိဘများ အစောကြီး ပြန်ရောက်နေပြီ ဖြစ်၍ လုဟွမ်သည် ရေချိုးခန်းသို့ သွားရန် အခန်းမှ မထွက်နိုင်တော့သည်မှာ သေချာသည်။ ထို့ပြင် သူ ညစာလည်း မစားရသေးချေ။ တစ်ဖက်တွင် စုရှီသည် အလွန်စိတ်လှုပ်ရှားနေ၏။ သူ့မိဘများ သိသွားပြီး သူခိုးလို ခံစားရမည်ကို သူမ ကြောက်နေမိသည်။ တစ်ဖက်တွင်မူ လုဟွမ် ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ဖြစ်မည်စိုး၍ သူမ စိတ်မကောင်း ဖြစ်ခဲ့ရသည်။

တံခါးဆီသို့ လျှောက်သွားကာ စိုးရိမ်တကြီးဖြင့် ပြန်လှည့်ကြည့်သည်။

လုဟွမ်က မတ်တပ်ရပ်နေပြီး သူမကို ကြည့်သည်။ သူ့မျက်လုံးမှာ မြူများကင်းစင်ပြီး ကြည်လင်သန့်ရှင်းနေသည်။

စုရှီသည် အပြင်ဘက်၌ မိဘများ စကားပြောသံကို ကြားနေရသည်။ သူမ စိုးရိမ်စွာ စိတ်ငြိမ်အောင် ကြိုးစားပြီး တံခါး ဖွင့်လိုက်သည်။

သူမ အပြင်သို့ မထွက်ခင် ရပ်လိုက်သည်။

သူမ ပြန်လှည့်လာပြန်သည်။

လုဟွမ်သည် ထိုနေရာတွင် ရပ်နေဆဲပင်။ အခန်းထဲမှ သူမထွက်သွားသည်ကို သူ စောင့်နေပုံပေါ်ပြီး နောက်မှ သူ့ဖုန်းကို သုံးကာ ထွက်သွားရန် ပြုနေပုံ ပေါ်သည်။

သို့သော်လည်း သုံးကြိမ်တိုင်တိုင် ပြန်လှည့်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူက မျက်ခုံးပင့်တင်ကာ

"ဘာဖြစ်လို့လဲ"

စုရှီ သူ့ကို ကြည့်လိုက်သည်။ သူမကို စိတ်ပျက်စေခဲ့သည့် မြင်ကွင်းများကို သူမ မမေ့နိုင်ခဲ့။

မြို့တော်အပြင်ဘက်ရှိ အိမ်ရာများတွင် ရှိနေသည့်အချိန်။

စစ်တပ် ရေးရာ ဝန်ကြီးဌာန ခြံဝင်းထဲတွင် ရှိနေသည့်အချိန်။

တောင်ဝင်ဥယျာဉ်တွင် ရှိနေသည့်အချိန်။

အချိန်တိုင်း သူမ ထွက်သွားသည်အထိ သူ စောင့်နေခဲ့သည်။ ယခုကဲ့သို့ပင် သူသည် သူမ ဦးစွာ လိုင်းဆင်းသွားရန် စောင့်မျှော်နေပေလိမ့်မည်။ တဖြည်းဖြည်း မှိန်ဖျော့သွားသည့် ဖန်သားပြင်ပေါ်တွင် သူသည် ယခုကဲ့သို့ပင် စိတ်ပျက်လက်ပျက် မပြဖို့ ကြိုးစား နေလိမ့်မည်။

စုရှီ တံခါးကို ဖြည်းညှင်းစွာပိတ်ပြီး လုဟွမ်အနားသို့ အမြန်ပြန် လျှောက်လာခဲ့သည်။

လုဟွမ် မတုံ့ပြန်ခင်မှာပင် စုရှီက သူ့အင်္ကျီလက်တို၏ အစွန်းကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ရှင် မလာခင် မိဖုရားခေါင်ကြီးက ရှင့်အတွက် ကိုယ်လုပ်တော် ရွေးချင်နေတာ မဟုတ်လား။ အဲ့ဒါ ရှင် ဘယ်လိုဖြေရှင်းမှာလဲ"

ထို မတိုင်ခင်က စုရှီသည် ဤကဲ့သို့သော ကိစ္စကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။

သူ့ပတ်ဝန်းကျင်တွင် အခြားမိန်းမများ ရှိမရှိကို သူမ လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူမသည် သူ တကယ်လက်ထပ်ပြီး သားသမီးရချိန်ပင် သူ့အတွက် လက်ခုပ်တီးပြီး သူ့ထက် ပိုစိတ်လှုပ်ရှားနေလိမ့်မည်ဟု လုဟွမ် တွေးခဲ့သည်။

ထို့ကြောင့် ဤအချိန်တွင် စုရှီ ပြောသည်ကို ကြားသောအခါ သူသည် ပြန်သွားပြီးနောက် ထိုအမိန့်ကို လိုက်နာရန် သူမ တွန်းအားပေးလိုသည်ဟု လုဟွမ်က မသိစိတ်က တွေးနေခဲ့သည်။

သူ့လက်ဖျား ခြေဖျားများ အေးစက်သွားသည်။ သူ့နှလုံးသားထဲတွင် အဆုံးမဲ့ စိတ်ပျက်မှုများ ပေါ်လာပြီး သူ့နှလုံးသားမှာ နာကျင်စွာ ခုန်နေပါသည်။

သို့သော် သူ ငြိမ်သက်သွားရန် ကြိုးစားခဲ့သည်။ သူက “ဘာလို့ ဒီလိုမေးတာလဲ…” ဟုခပ်တိုးတိုးသာ ပြောလိုက်သည်။

သူငယ်ချင်းအဖြစ်သာ မြင်သည်ဟု ထိုနေ့က ပြောခဲ့သော်လည်း သူ့မျက်လုံးတွင် သူမမှလွဲ၍ အခြားမည်သူအတွက်မှ နေရာမရှိပေ။

၎င်းကို သူမ သိထားပြီးသားပင်၊ သို့သော် သူ့ကို အခြားတစ်ယောက်နှင့် လက်ထပ်ရန် တိုက်တွန်းချင်နေသေးသည် လော။

သူမထံမှ ထိုစကားကို ကြားရသည်က သူ့အတွက် ထောင်ပေါင်းများစွာ အသတ်ခံရသလိုပါပင်။

သူမ ထိုကဲ့သို့ ပြောမည်ကို ရပ်တန့်စေချင်ခဲ့သည်။ သို့သော် မည်သို့ပင် ဒေါသထွက်ပါစေ၊ သူမအား ပြင်းထန်သော စကားလုံးများ ပြောမထွက်ပေ။

သူ ဘာမပြောခင်မှာပင် စုရှီ တိုးတိုးလေး ပြောလိုက်သည်။

“ရှင် မရွေးရဘူး"

လုဟွမ် အံ့အားသင့်သွားသည်။ သူ့နားကို ပင် သူ မယုံကြည်နိုင်။

သူကြား မှားသည်ဟု သံသယဝင်နေမိသည်။

သူ ငုံ့ပြီး သူမကို မြန်မြန် ကြည့်လိုက်သည်။

သူ စိတ်ရှုပ်ထွေးနေခဲ့သည်။

စုရှီက ခေါင်းကို အနည်းငယ်မော့ပြီး သူ့ကို ကြည့်သည်။

"ရှင် ပြန်သွားပြီးရင် ကိုယ်လုပ်တော်ရွေးခွင့်မရှိဘူး၊ ရှင့်ကို ခွင့်မပြုဘူး" ဟု စိတ်လှုပ်ရှားစွာ ထပ်ခါတလဲလဲ ပြောလိုက်သည်။

လုဟွမ်က ကောင်းကင်ကြီး ရမ်းခါသွားသလို ခံစားလိုက်ရပြီး သူမကို အံ့ဩစွာ စိုက်ကြည့် နေမိသည်။

ခဏကြာမှ သူ့ဦးနှောက်သည် ဖြည်းညှင်းစွာ အလုပ်လုပ်လာပြီး သူမ ဆိုလိုချင်သည်ကို နားလည်လာသောအခါ သူ၏ တင်းကျပ်သည့် အသက်ရှူသံများ မြန်လာတော့သည်။

All Chapters