← Chapters

Chapter 69

Vol. 7 Ch. 69

Chapter 69

Vol. 7 Ch. 69

စုရှီ၏ပါးများသည် အလွန်ပူနေပြီး သူမ၏ နှလုံးသားသည် ရူးတော့မတတ် အခုန်မြန်နေလေသည်။

‘သူ ပြောတာ မရှင်းသေးလို့လား။ ဘယ်လိုပိုပြီး ရှင်းအောင်ပြောရမလဲ။ အဲဒါကို စပီကာကြီး သုံးပြီး ကြေညာရမှာလား’

‘အခြေအနေတွေက ဒီလိုဖြစ်လာမှတော့လည်း တစ်ခါတည်းနဲ့ လုပ်‌လိုက်တာ ပိုကောင်းပါတယ်’

စုရှီသည် သူ့၏ ညအိပ်ဝတ်ဘောင်းဘီကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

“ဆိုလိုတာက…. လုဟွမ် ကျွန်မလည်း ရှင့်ကို သဘောကျနေတယ် ထင်တယ်လို့”

လုဟွမ်သည် သူ့အသက်ကို အောင့်လိုက်လေသည်။ သူမ၏ စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏စိတ်သည် မြည်ဟိန်းပြီး ပေါက်ကွဲသွားလေ၏။ သူသည် သူ့နှုတ်ခမ်းများ ခြောက်သွေ့သည်အထိ အချိန်အကြာကြီး စောင့်နေသည့် သူ၏ အိုအေစစ်သည် နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

သူ၏ မျက်လုံးများသည် နီရဲနေသော်လည်း သူ၏ နှုတ်ခမ်းများသည် အသိစိတ်မဲ့စွာ တွန့်ကွေးနေလေ၏။

ဤကမ္ဘာတွင် ထပ်တူကျသော ခံစားချက် အနည်းငယ်သာရှိလေသည်။ အများစုက မရရှိနိုင်ချေ။ ဤသဘောသဘာဝကို လုဟွမ် နားလည်လေသည်။

ထို့ကြောင့် သူသည် အိပ်ရာထဲ၌သာ လူးလှိမ့်နေရင်း တစ်နေ့တွင် သူမနှင့် ပိုနီးကပ်ချင်သော်လည်း သူက သူမကို သဘောကျ‌သည်ဆိုရုံဖြင့် သူ့ကို သူမအနေဖြင့် တူညီသော ခံစားချက်များ ပြန်‌ပေးရန် အကြောင်းပြချက် မရှိချေ။

သူမသည် သူ့ကို ဂိမ်းထဲမှ ဇာတ်ကောင်တစ်ခုအဖြစ် သို့မဟုတ် သူမကို အချိန်ကြာမြင့်စွာ အဖော်ပြုခဲ့သော သူငယ်ချင်းတစ်ယောက်အဖြစ် ဆက်ဆံလျှင်လည်း ကိစ္စမရှိချေ။ သူသည် စိတ်ဓာတ်ကျ‌ပြီး ဝမ်းနည်းနေသော်လည်း သူမကို အပြစ်တင်ရန် နေနေသာသာ အလျင်လိုဖို့တောင် အတွေးမရှိချေ။

သူ စိတ်ရှည်ပြီး တစ်နေ့ပြီးတစ်နေ့ စောင့်နေသမျှ သံနှင့်ကျောက်တုံးကိုပင် ရွေ့နိုင်သည့်နေ့ ရောက်လာမည်ဟုသာ သူတွေးထားခဲ့လေသည်။

ထို့နေ့က စခရင်လိုက်ကာ ပျောက်မသွားခင်တွင် သူမ သူ့ကို တမင်သက်သက် ရှောင်နေချိန်၌ သူအနည်းငယ် ရှက်ရွံ့သွားခဲ့ရ၏။ ဤရက်များတွင် သူမကို ပြောချင်သည့် အရာများ ရှိသော်လည်း ပြောရန် အချိန်မရှိချေ။ မူလက ဧကရာဇ်စီစဉ်ပေးသော ကြင်ရာတော် ရွေးချယ်ခြင်းအား ငြင်းဆိုရန် နည်းလမ်းကို သူတွေးမိထားကြောင်း သူမကို ပြောပြချင်သော်လည်း သူ့တွင် လက်ထပ်ရန်နှင့် ကလေးယူရန်အတွေး လုံးဝမရှိသောကြောင့် သူသည် သူမကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုခု မကြုံတွေ့စေချင်ပေ။

သို့သော် ယခုအခိုက်အတန့်တွင် သူမသည် သူ့ရှေ့တွင် ရပ်ပြီး သူ့ကို သူမလည်း သဘောကျကြောင်း ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

လုဟွမ်သည် အချိန်အကြာကြီးစောင့်ခဲ့ရပြီးမှ သူ့အကြိုက်ဆုံး သကြားလုံးရသွားသော ကလေးတစ်ယောက်လိုပင်။ သူသည် စုရှီကို မျက်လုံးနီများဖြင့် စိုက်ကြည့်ကာ အနည်းငယ် ထပ်တောင်းဆိုလေသည်။

“မင်းလည်း ကိုယ့်ကို သဘောကျတယ်လို့ ဆိုလိုတာလား”

စုရှီသည် သူမ၏ ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်ပြီး အသံနိမ့်ဖြင့် ပြောလိုက်၏။

“အင်း”

လုဟွမ်သည် ထပ်မေးလိုက်၏။

“အဲဒါဆို မင်းက ဟောက်ကျင်းချွမ်နဲ့ ဒိတ်တွေလည်း မသွားတော့ဘူး ပြီးတော့ ကိုယ့်ဆီက လွဲပြီး တခြားယောက်ျားလေးတွေဆီက ရုပ်ရှင်လက်မှတ်ကိုလည်း လက်မခံတော့ဘူးလို ဆိုလိုတာလား”

စုရှီသည် တစ်စုံတစ်ခု လွဲနေသည်ဟု ခံစားမိလိုက်သော်လည်း သူမ မော့ကြည့်လိုက်ပြီး လုဟွမ်၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်လိုက်ရသောအခါ သူမ ဆက်လက်၍ သဘောတူလိုက်လေသည်။

“ဟုတ်တယ်”

လုဟွမ်သည် အပျော်လွန်သွားလေသည်။ သူ့၏ မျက်နှာကိုတည်ရန် အကောင်းဆုံးကြိုးစားသော်လည်း သူ့မျက်လုံးများ၏ ထောင့်မှ ပျော်ရွှင်မှုများနှင့် ဝမ်းမြောက်မှုများကို ဖုံးဖိ၍မရချေ။

သူသည် အက်ကွဲသောအသံဖြင့် မေးလိုက်လေသည်။

“အဲဒါဆို မင်းက အနာဂတ်မှာ ကိုယ့်ရဲ့ တော်ဝင်ကြင်ရာတော်ဖြစ်လာပြီးတော့ ကိုယ့်ကို တခြားမိန်းမတွေ ကြည့်ဖို့ ခွင့်မပြုတော့မှာလား”

စုရှီ “...”

‘အရှင့်သား မင်းသားကိုးရေ.. ရှင်က အဝေးကြီးအထိ တွေးပစ်လိုက်တာလား’

‘ပြီးတော့ ငါ့ကို သဝန်တိုတဲ့ မိန်းမတစ်ယောက် ဖြစ်လာ‌အောင် ဘာလို့ ဒီလောက် အတင်းတွန်းပို့နေရတာလဲ’

စုရှီသည် မနေနိုင်ဘဲ ရှင်းပြလိုက်ရ၏။

“လုဟွမ် ရှင်ဒါကို မသိလောက်ဘူး။ ဒီမှာက တရားဝင်လက်ထပ်ခွင့်ပြုတဲ့ အသက်အရွယ်က ၂၀ မှ။ ရှင့်ရဲ့ ကမ္ဘာနဲ့ ကွာခြားတယ်”

လုဟွမ်၏မျက်လုံးများသည် ရုတ်တရက် မှေးမှိန်သွားလေသည်။

“မင်းဆိုလိုချင်တာကို ကိုယ်နားလည်ပါတယ် ရှောင်ရှီ။ မင်းက ကိုယ့်ကို သဘောကျပေမယ့် အနာဂတ်မှာတော့ ကိုယ့်ကို လက်မထပ်ချင်တော့ဘူးဆိုပြီး မင်းပြောချင်တာမလား”

“အဲဒါဆို မင်းတို့ကမ္ဘာက ‘ပလေး’တာနဲ့ 'Pua’ နဲ့ ဘာကွာတော့မှာလဲ ”

စုရှီ “...???”

စုရှီသည် စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

“ ‘pua’ ကို ဘယ်သူသင်ပေတာလဲ။”

{ PUA - pick-up artist (Chinese slang) လိင်ဆက်ဆံဖော်များကို ဆွဲဆောင်ရန်အတွက် စကားစမြည်ပြောဆိုရာ၌ ကျွမ်းကျင်သောလူ }

လုဟွမ်သည် ဖြေလိုက်၏။

“ဟောက်ကျင်းချွမ်”

စုရှီသည် ဟောက်ကျင်းချွမ်ကို သေသည်အထိ ရိုက်နှက်ပစ်ချင်နေလေသည်။

သူမရှေ့မှ လူငယ်လေးသည် ပို၍ စိတ်ပျက်လာပြီး သူ့၏ ပုခုံးများလည်း ကျုံ့လာကာ ပလေးခံလိုက်ရသောပုံ ဖြစ်နေသည်ကို မြင်ပြီး စုရှီသည် အမြန်ပြောလိုက်လေသည်။

“လက်ထပ်တာ လက်ထပ်မထပ်တာ ဒီလိုကိစ္စမျိုးက အနာဂတ်ကြမှပဲ ဆွေးနွေးလို့ရမှာလေ။ အခုတော့ ဘယ်သူက တပ်အပ်ပြောနိုင်မလဲ”

သို့သော် လုဟွမ်သည် ပထမ စကားလုံးသုံးလုံးကိုသာ ကြားလိုက်သည့်ပုံပေါ်၏။

သူသည် စုရှီကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး သူ့၏ ရင်ဘတ်သည် အပျော်များဖြင့် ပြည့်နှက်လုနီးပါးပင်။

“ကိုယ်တို့ကမ္ဘာမှာ လူတွေက ကတိပြုလိုက်တာနဲ့ အဲဒါက ဘဝတစ်သက်တာအတွက်ပဲ ရှောင်ရှီ။ ပြောပြီးသားကို ပြန်ရုတ်သိမ်းလို့ မရဘူး”

စုရှီသည် အားပျော့စွာ ပြောလိုက်၏။

“ပြောပြီးသားကို ပြန်မရုတ်သိမ်းပါဘူး။ ဒါပေမယ့် သဘောတူညီမှုတစ်ခုတော့ လုပ်ကြရအောင်။ ရှင့်ရဲ့ ကမ္ဘာမှာ မိန်းမတွေ အများကြီးပဲ ပြီးတော့ သူတို့က လမ်းတွေပေါ်က နေရာတိုင်းမှာပဲ။ ရှင့်ကို ကျွန်မက တခြားမိန်းမတွေကို ကြည့်ခွင့်မပြုဘူး ဆိုရင် ရှင့်မျက်လုံးတွေကို ကျွန်မက ဖောက်ထုတ်ပစ်သလို မဖြစ်သွားဘူးလား”

စုရှီသည် ဤအကြောင်းပြောပြီးနောက် လုဟွမ်၏နှလုံးသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်တော့မည်ကို မမျှော်လင့်ထားချေ။

ဤကဲ့သို့ နီးကပ်သော အကွာအဝေးမှ သူ၏ အပြင်းအထန်ခုန်နေသော နှလုံးခုန်သံကို စုရှီကြားနိုင်၏။

သူသည် တစ်ဖက်သို့ အမြန်လှည့်လိုက်ကာ အသက်ဝဝရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်လျှော့ရန် ကြိုးစားလေသည်။ ထို့နောက် ပြန်လှည့်လိုက်ပြီး အက်ကွဲသော အသံဖြင့်ပြောလိုက်၏။

“တကယ်ပဲ မင်းက သဝန်တိုလို့ ကိုယ့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်တာလား။ ကိုယ်အရမ်းပျော်တာပဲ”

စုရှီ “...”

စုရှီသည် အပေးအယူ လုပ်ရန် ပြင်နေခြင်းသာ ဖြစ်၏။

‘အဲဒါဆို သူမ အနာဂတ်မှာ ဟောက်ကျင်ချွမ်းနဲ့ ရုပ်ရှင်သွားကြည့်လို့ မရတော့ဘူးလား။ ဟောက်ကျင်ချွမ်းကို ယောက်ျားလေးဆိုတဲ့ အုပ်စုထဲက ဖယ်ထားသင့်တယ်’

သို့သော် သူမ ယင်းကို မပြောခင်တွင် အိပ်ခန်းတံခါးဖွင့်သံကို သူမ ရုတ်တရက် ကြားလိုက်ရလေသည်။

မိခင်စုသည် ညလယ်ခေါင်တွင် အိမ်သာသို့ သွားချင်သော်လည်း စုရှီ၏ အခန်းထဲမှာ တီးတိုးပြောသံများကို သူမ ကြားလိုက်ရ၏။ သူမသည် မနေနိုင်ဘဲ လျှောက်လာပြီး အခန်းတံခါးကို ခေါက်လိုက်၏။

“ရှီရှီ မအိပ်သေးဘူးလား။ ညလယ်ခေါင်ကြီး ဇာတ်ကားတွေကြည့်ဖို့ ထပ်ပြီး မအိပ်ဘဲနေပြန်ပြီလား”

စုရှီသည် တုန်လှုပ်သွား၏။ မိခင်စုသည် ‌ခဏအကြာတွင် တံခါးဖွင့်ပြီး အခန်းထဲဝင်လာမည်ကို သူမ ကြောက်မိသွားလေသည်။ သူမ အိပ်ရာမဝင်ခင်တွင် တံခါးကို လော့မချထားခဲ့ချေ။ မိခင်စု ဝင်လာလျှင် စားပွဲခုံ‌အောက်တွင် ဝင်ပုန်းလို့မရချေ။ ညလယ်ခေါင်ကြီးတွင် သူမ စားပွဲရှေ့ ထိုင်နေ၍လည်း မရချေ။ ပြီးလျှင် ဗီရိုသည်လည်း အင်္ကျီများဖြင့် ပြည့်နေလေသည်။ သူမ၏ နှလုံးသည် အပြင်းအထန်ခုန်နေပြီး ဘေးပတ်လည်ကို သူမ ကြည့်လိုက်လေသည်။ ကြောက်လန့်ကာ သူမသည် လုဟွမ်ကို အိပ်ရာပေါ်သို့ တွန်းလိုက်၏။

လုဟွမ်သည်လည်း ပူးပေါင်းလိုက်ပြီး ခွေနေလိုက်၏။ သူသည် ထောင့်မှ အိပ်ရာခင်း အပုံကြီးကို ယူပြီး ယင်းတို့ဖြင့် သူ့ကိုယ်သူ ဖုံးအုပ်လိုက်လေသည်။ ထို့နောက် ခြေဗလာဖြင့် စုရှီသည် ဝက်ဝံရုပ်ကို ငြင်သာစွာယူပြီး အိပ်ရာဘေးတွင် ထားလိုက်ကာ အိပ်ရာခင်းအပုံကို ဝက်ဝံနှင့်တူအောင် ဖန်တီးလိုက်လေသည်။

“ရှီရှီ”

ဖြေသံမကြား၍ မိခင်စုသည် အခန်းအပြင်တွင် ရပ်ကာ မေးလိုက်လေသည်။

“ဇာတ်ကားတွေ ကြည့်နေတုန်းပဲလား”

“မဟုတ်ပါဘူး”

စုရှီသည် ထိတ်လန့်တကြားဖြစ်သွား၏။ သူမသည် အိပ်ရာပေါ်သို့ အမြန်ခုန်တက်လိုက်ပြီး အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်လေသည်။

“မဟုတ်ပါဘူး။ အိပ်နေပြီ။ မှားကြားတာဖြစ်မှာပါ အမေရယ်။ အပေါ်ထပ်က အသံဖြစ်မှာပေါ့”

မိခင်စုသည် အနည်းငယ် သံသယဝင်နေသော်လည်း သူသည် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုလည်း သံသယဝင်နေသေး၏။ သူမ သည် စုရှီကို သတိပေးလိုက်လေသည်။

“မြန်မြန်အိပ်တော့။ ကျောင်းသွားရတော့မှာ။ အထက်တန်းကျောင်းရဲ့ တတိယနှစ်ရောက်နေပြီ။ ညဉ့်နက်ထိ နေမနေနဲ့။”

ထို့နောက် သူမသည် တစ်ဖက်သို့လှည့်ကာ အိမ်သာသို့ သွားလေ၏။

‘အမေက တံခါးဖွင့်ပြီး ဝင်မလာဘူးလား’

စုရှီသည် စိတ်သက်ရရာစွာ သက်ပြင်းချလိုက်ပြီး အမြန်ပြောလိုက်၏။

“အိုကေ”

စုရှီသည် အသံကျယ်ကျယ်ဖြင့် အသက်မရှူရဲချေ။ အိပ်ရာခင်းများအောက်တွက် ဖိခံထားရသော လုဟွမ်သည်လည်း အသက်အောင့်ထားလေသည်။ အိမ်သာထဲမှ ထွက်လာကာ အခန်းထဲသို့ ပြန်ဝင်သွားပြီး အိပ်ခန်းတံခါးကို ပိတ်လိုက်သော မိခင်စု၏ အသံကို ကြားပြီးနောက် နှစ်ယောက်သားသည် တစ်ချိန်တည်းတွင် စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်ကြလေသည်။

သို့သော် ထို့နောက် အခန်းထဲတွင် သူတို့နှစ်ဦး၏ ပြင်းထန်သော နှလုံးခုန်သံဖြင့် အလွန် တိတ်ဆိတ်သွား၏။

စုရှီ၏ အိပ်ရာသည် မကြီးချေ။ အလျား ၁.၄ မီတာနှင့် အနံ ၂မီတာခန့် ရှိလေသည်။ သူမသည် လက်လှမ်းလိုက်ကာ လုဟွမ်၏ ခန္ဓာကိုယ်ကို ထိမိသွား၏။

လုဟွမ်သည် ခုနလေးကပင် သူမဆီမှ အိပ်ရာဘေးသို့ တွန်းပို့ခံထားရခြင်း ဖြစ်၏။ ပရမ်းပတာ အခြေအနေထဲတွင် သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်ချေ။ သူ၏ ဝတ်ရုံသည် တွန့်ကြေသွား၏။ သူ့မျက်နှာကို ဖုံးနေသော အိပ်ရာခင်းကို နှေးကွေးစွာ ဖယ်လိုက်ပြီး စူရှီကို ကြည့်နေလျက် ယင်းကို သူ့လက်ထဲတွင် ကိုင်ထားလေသည်။

ယောက်ျားလေးများနှင့် မိန်းကလေးများသည် ကွဲပြားကြသည်ကို ဤအချိန်တွင် စုရှီနားလည်သွားလေသည်။ ပုံမှန်အားဖြင့် အိပ်ရာပေါ်တွင် သူမ လှဲလိုက်လျှင် ယင်းသည် အလွန်ကြီးနေပြီဟု သူမ ခံစားမိ၏။ သူမ ဘယ်လောက်ပဲ လှည့်ပါစေ ပြုတ်မကျချေ။ သို့သော် လုဟွမ်သည် အိပ်ရာခင်းနှင့်အတူ သူမ ဘေးတွင် လှဲနေလေ၏။ ဤလူငယ်၏ ပုံသဏ္ဍာန်သည် ပိန်းပါးပြီး သူ့ကြွက်သားသည် ဖောင်းပွမနေဘဲ သန်မာသော်လည်း အိပ်ရာသည် ရုတ်တရက် သေးသွားသလိုပင်။

သူမ ဘေးမှ လူငယ်သည် အရပ်ရှည်ရုံသာမက ပခုံးများသည်လည်း အလွန်ကျယ်ကြောင်း ဤအချိန်တွင်မှ စုရှီ သတိထားမိသွားလေသည်။ သူသည် လေးအရှည် ကိုပင် ဆွဲနိုင်လောက်၏။ သူမ၏ ဘေးတွင် လှဲနေလျက် သူသည် ရုတ်တရက် စိတ်တိုသွားလေသည်။

‘သူ့ကို ခြေတိုလက်တိုနဲ့ ကလေးပေါက်စလေးလို သူမ ဘယ်လိုများ ဆက်ဆံမိခဲ့ရတာလဲ။ ဂိမ်းရဲ့ စနစ်က တော်တော်လွဲနေတာပဲ’

ထို့ပြင် သူမ၏ ပါးပြင်များလည်း အလွန်ပူနေလေသည်။ အပြင်သို့ ခုန်ထွက်လုနီးပါးဖြစ်နေသည်မှာ သူမ၏ နှလုံးလား လုဟွမ်၏ နှလုံးလား မသိချေ။ သို့သော် ယင်းသည် အိပ်ရာကို ပိုမိုသေးသွားစေလေသည်။

‘ရှေးလူကြီး‌တွေ ပြောသလိုပဲ။ “အချစ်က အရေးကြီးပေမယ့် ကျင့်ဝတ်တွေက ပိုအရေးကြီးတယ်” ပြီးတော့ ရှောင်ရှီရဲ့ ကမ္ဘာမှာ လူတစ်ယောက်က အသက် ၂၀ ရောက်မှ လက်ထပ်ဖို့ ပြောလို့ရမှာ’

လုဟွမ်၏ ဆင်ခြင်တုံတရားသည် သူ့ကို အမြန်ပြန်ရန် ပြောနေလေ၏။ သို့သော် ယနေ့ညတွင် စုရှီမှ သူ့ကိုပြောခဲ့သည်။ အရားများအားလုံးသည် အိပ်မက်လှလှလေးတစ်ခု ဖြစ်နေမည်ကို သူ ကြောက်နေမိလေသည်။ သူပြန်ရောက်သွားသောအခါ ဤအိပ်မက်မှ နိုးထလာလိမ့်မည်။

စုရှီသည် ယောက်ျားလေးတစ်ဦးနှင့်အတူ အိပ်ရာတစ်ခုထဲတွင် လှဲရသော အတွေ့အကြုံကို မခံစားဖူးချေ။ သူမ၏ အဝတ်အစားများကို သေချာဝတ်ထားသော်လည်း သူမကို ရင်ခုန်စေ၏။ သူမ၏ ဆင်ခြင်တုံတရားသည် လုဟွမ်ကို သူ့အိပ်ခန်းထဲသို့ ပြန်ပို့ရန် သူအား ပြောနေလေသည်။ သို့သော် လူတစ်ယောက်၏ အချစ်နိုးထလာလျှင် မလိုလားသော အတွေးများစွာ ပေါ်လာနိုင်ပေသည်။ သူမသည် လုံးဝ အိပ်ချင်‌မနေပေ။ သူမ၏ ခေါင်းကို အိပ်ရာခင်းဖြင့် ဖုံး၍ လုဟွမ်နှင့် စကားပြောချင်နေသေး၏။

လုဟွမ်သည် တစ်ဖက်သို့ လှည့်ပြီး အိပ်ရာထဲမှ ထွက်လိုက်လေသည်။

သို့သော် စုရှီသည် မနေနိုင်ဘဲ သူ့ကို တားမိလိုက်၏။ စုရှီသည် တီးတိုးပြောလိုက်လေသည်။

“သွားတော့မှာလား။ အိပ်ရာခင်းအောက်မှာ စကားပြောကြမယ်လေ။ တိုးတိုးနေ။ အိပ်ရာခင်းနဲ့ ပတ်ထားရင် ငါ့အမေ ကြားမှာမဟုတ်ဘူး”

“ကိုယ်မသွားပါဘူး”

လုဟွမ်သည် အိပ်ရာဘေးတွင် ဒူးထောက်လိုက်ကာ တောက်ပသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်၏။ သူ တီးတိုးပြောလိုက်လေသည်။

“မင်း ကိုယ့်ကို မောင်းမထုတ်ရင် ကိုယ်မသွားပါဘူး”

စုရှီသည် နောက်ဆုံးတွင် ပျော်သွားလေ၏။

လုဟွမ်သည် ‌သူမအတွက် ခေါင်းအုံးကို ဖြန့်ပေးရန် လှမ်းလိုက်ပြီး အိပ်ရာခင်းဖြင့် ဖုံးပေးလိုက်လေသည်။ သူသည် အသံကို နိမ့်လိုက်ပြီး ပြောလိုက်လေသည်။

“လာလှဲပြီး အိပ်”

စုရှီသည် လှဲလိုက်ပြီး အိပ်ရာခင်းအောက်တွင် သူမ လက်များကို ထားလိုက်လေသည်။ သူမ၏ခေါင်းကို လှည့်ပြီး သူ့ကိုကြည့်လိုက်၏။

“ရှင်ကရော”

“ကိုယ်က အိပ်ရာဘေးမှာ ရှိနေမယ်”

လုဟွမ်သည် အိပ်ရာဘေးတွင် ဒူးတစ်ဖက်ထောက်လိုက်လေသည်။ အိပ်ရာပေါ်တွင် သူ၏ တံတောင်များကို ထောက်လိုက်ပြီး ခေါင်းကို ထိန်းထားလိုက်၏။ သူ ထပ်ပြောလိုက်လေသည်။

“ကိုယ်ထွက်မသွားဘူးနော် အဆင်ပြေရဲ့လား”

ဤသည်မှာ စုရှီအလိုရှိသည့်အရာပင်။ သူမသည် ပျော်ရွှင်စွာ ပြောလိုက်၏။

“အင်း”

လူငယ်သည် အလွန်အရပ်ရှည်၏။ အိပ်ရာဘေးတွက် ဒူးထောက်ထားလျက်ပင် အလွန်ကြီးမားသော ဘောလုံးကဲ့သို့ပင်။ လရောင်သည် ပြတင်းပေါက်ကို ဖြတ်ကာ သူ့မျက်နှာပေါ်သို့ ကျရောက်နေသည်။ သူ၏ နက်မှောင်ရှည်လျားသော ဆံပင်များသည် ရေတံခွန်အလား ဖြစ်နေပြီး သူ၏ ဝတ်ရုံသည် အကျော်အမော်များကဲ့သို့ ဖြစ်နေသော်လည်း သူ့မျက်နှာအမူအရာကို ကြည့်ရုံဖြင့် နှစ်တစ်ထောင်အလွန်မှ လာသော လူနှင့်မတူချေ။ ထိုအစား တက်ကြွမှုအပြည့်ဖြင့် ချစ်မိနေသော လူငယ်နှင့်တူနေ၏။ သူသည် စုရှီကို ကြည့်နေ၏။ စုရှီလည်း ခေါင်းစောင်းပြီး သူ့ကို ကြည့်နေလေသည်။

စုရှီသည် မနေနိုင်ဘဲ ထလိုက်ကာ အိပ်ရာပေါ်တွင် လှဲလိုက်၏။ အိပ်ရာခင်းကို သူ့ပခုံးပေါ်သို့ ဆွဲတင်ပြီး ခေါင်းကိုဖုံးလိုက်လေသည်။ သူမသည် လုဟွမ်၏ခေါင်းကိုပါ ဖုံးပေးလိုက်၏။

စုရှီနှင့် လုဟွမ်သည် အလွန်နီးကပ်နေလေသည်။ သူတို့၏ ဝင်သက်ထွက်သက်များသည် တစ်ယောက်ဆီ၏ ဝင်သက်ထွက်သက်ပေါ်သို့ ကျရောက်နေလေ၏။

လုဟွမ်၏ နားများသည် သွေးများ စီးကျလုမတတ် နီရဲနေလေသည်။ သူသည် အသံနိမ့်ဖြင့် မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး။ ဆန်းကြယ်နေလို့” စုရှီသည် တီးတိုးပြောလိုက်၏။

“ကျွန်မမိဘတွေက ကျွန်မကို ဟောက်ကျင်းချွမ်နဲ့ အမြဲ အတူထားပေမယ့် ကျွန်မသာ ဒီလောက်ငယ်ငယ်လေးနဲ့ ချစ်မိသွားတာ သိရင် သေအောင်ရိုက်ကြမှာပဲ”

လုဟွမ်သည် ပြောလိုက်၏။

“မင်းတို့ ကမ္ဘာက ၁၇ နှစ်က ငယ်သေးတဲ့အရွယ်။ ယန်မင်းဆက်မှာတော့ အဲဒီ ၁၇ နှစ်အရွယ် မင်းသား‌တွေက ဇနီးတွေနဲ့ ကြင်ရာတော်တွေ အုပ်စုလိုက် ရှိနေပြီ”

စုရှီသည် ပြောလိုက်၏။

“အဲဒါကို ပြောရဲသေးတယ်လား။ သူတို့ကိုကြည့်။ ၁၇နှစ်မှာ ဇနီးတွေနဲ့ကြင်ရာတော်တွေ အုပ်စုလိုက် ရှိနေပြီ။ ရှင်ကရော။ တခြားမိန်းမတွေကို ကြည့်ခွင့်မပေးဖို့ တခြားသူကို တွန်းအားပေးနေတယ်”

လုဟွမ်သည် ပြုံးလိုက်၏။ သူသည် စုရှီကို ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်လေသည်။

“ရှောင်ရှီ ကိုယ်က မင်းနဲ့ပဲ အမြဲအတူတူရှိချင်တာ။ အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ကိုယ်ကမင်းနဲ့ပဲ အမြဲအတူတူရှိချင်တာ။ ကိုယ်တို့ကြားမှာ အချိန်ဖြစ်ဖြစ် အခက်အခဲဖြစ်ဖြစ် ရှိနေပါစေ ကိုယ်က မင်းကိုပဲ လိုချင်တာ။ ယန်မင်းဆက်ကို ကိုယ် လက်မလွှတ်နိုင်ပေမယ့် တကယ်လို့ ရွေးချယ်ရမယ်ဆိုရင် မင်းရဲ့ ကမ္ဘာကိုပဲ လာမှာ”

ယင်းက အတော်ကို တစ်ကိုယ်ကောင်းဆန်တယ် ဆိုရင်တောင်မှပေါ့။

သူပြောချင်သော အရာများစွာ ရှိနေ၏။

စုရှီကိုလည်း သူ နားလည်သည်။ သူက ဒီကမ္ဘာက ကစားကွင်းမှာ ဘတ်စ‌ကတ်ဘောဆော့ဖို့ ဒါမှမဟုတ် ရုပ်ရှင်ရုံသွားဖို့ ခေါ်နိုင်တဲ့ ကောင်လေးမဟုတ်ချေ။ အဲလူတွေနဲ့ တွဲရတာ ပိုလွယ်ကူမှာပင်။ ကွဲပြားတဲ့ ကမ္ဘာနှစ်ခုက အရာတွေအကြောင်း သူမ စဉ်းစားစရာမလိုပေ။ ဒါ့အပြင် တခြားလူက ဒီကမ္ဘာကနေ တစ်နေ့မှာ ပျောက်ကွယ်သွားမှာကိုလည်း သူမ စိတ်ပူစရာမလိုပေ။

သို့သော်လည်း သူမသာ သဘောကျရင် သူမ ဆီကနေ သူ သင်ချင်တယ်လို့ ပြောပြချင်သည်။ ဒီကမ္ဘာက သာမန်ယောက်ျားလေးတွေလို ယာဉ်မောင်းလိုင်စင်ရအောင်လုပ်ပြီး လေးဘီးတပ်ယာဉ်ကို မောင်းကာ ကားနောက်ဖုံးကနေ ပန်းစည်း ထုတ်လာပြီးတော့ သူမကို ရုပ်ရှင်အတူကြည့်ဖို့ ခေါ်မည်….

သူနဲ့ တွဲရတာ နှောင့်နှေးမှုတွေတော့ ရှိနိုင်သည်။ ဒါပေမယ့် ဘယ်လိုအခက်အခဲပဲကြုံကြုံ သူမကို ရှာဖို့ သူ အပြေးလာမှာပင်။

ဘာကိုမှ သူ မကြောက်ပေ။

သူ ကြောက်တဲ့တစ်ခုတည်းသောအရာက တစ်နေ့မှာ သူမကို အခက်အခဲတွေ့‌စေမှာကိုသာ။

တစ်နေ့မှာ သူနဲ့သူကမ္ဘာကနေ သူမ လွတ်မြောက်ချင်လာမှာကို သူ ကြောက်မိသည်။

သူတို့၏ ခေါင်းများကို အိပ်ရာခင်းဖြင့် ဖုံးထား၏။ အနည်းငယ်ပူနေပြီး သူတို့၏ နားရွက်များနှင့် ပါးပြင်များကို နီရဲစေသော ပူရှိန်းရှိန်း ခံစားချက် ဖြစ်နေလေသည်။

လုဟွမ်သည် စကားဆုံးအောင် မပြောသော်လည်း သူ၏ မလွယ်ကူမှုများကို စုရှီ ခံစားမိလိုက်၏။

သူမ၏ နှလုံးသား နူးညံ့သွား၏။ သူမသည် မနေနိုင်ဘဲ သူမ၏ နှာခေါင်းဖြင့် သူ၏ နှာတံစင်းစင်းကို ပွတ်သပ်လိုက်၏။ အိပ်ရာခင်းကို ဆွဲလိုက်ပြီး တီးတိုးပြောလိုက်လေသည်။

“ဘာတွေပဲ ဖြစ်လာပါ‌စေ ကျွန်မ ရှင်နဲ့အတူ ရှိနေမှာ။ နားမလည်ဘူးလား။ ဒါ ရှင့်ကိုသဘောကျမှန်း သိလိုက်လို့ ကျွန်မကိုယ်တိုင် ရွေးချယ်လိုက်တာပဲ။ ရှင် ကျွန်မကို တွန်းအားပေးတာမဟုတ်ဘူး”

သူမ၏ ပါးစပ်မှ “သဘောကျသည်” ဟူသော စကားလုံးကို ကြားလိုက်သောကြောင့် လုဟွမ်သည် သူ အကြိုက်ဆုံးကိတ်မုန့်ကို စားထားသကဲ့သို့ပင်။ သူ့စိတ်သည် ကျေနပ်မှုများဖြင့် ပြည့်နှက်နေလေ၏။

ဤကမ္ဘာတွင် သူမကို အကောင်းဆုံး အရာများ ပေးချင်သည်ဟု သူ တွေးလိုက်သော်လည်း ထုတ်မပြောချေ။

စုရှီသည် လုဟွမ်ကို အနီးကပ်မော့ကြည့်လိုက်၏။ လရောင်အချို့သည် အိပ်ရာခင်းကြားကို ဖြတ်ကာ သူ၏ ချောမောသော မျက်နှာကို အလွန်နီးကပ်အောင် ပြုလုပ်နေလေသည်။ စုရှီသည် သူ၏ မျက်ခုံးများ၊ မျက်လုံးများနှင့် သူ့နှုတ်ခမ်းများတစ်လျှောက်ကို ကြည့်လိုက်၏။ စုရှီသည် မနေနိုင်ဘဲ ကုချီ၏ ရုပ်ရည်ကြောင့် မေ့လဲတော့မည့် ခွေးတစ်ကောင် ဖြစ်လာလေသည်။

သူမသည် တစ်စုံတစ်ခုအကြောင်းတွေးမိပြီး ရုတ်တရက် သူအ၏လက်များဖြင့် မျက်နှာကို အုပ်လိုက်၏။

“ID ကဒ်ရတာနဲ့ ကျောင်း‌ရှေ့ကို လာလို့ရပြီ”

လုဟွမ်သည် အိပ်ရာခင်းအောက်မှ စုရှီ၏ ပွနေသော ဆံပင်ကို သပ်ပေးရန် လက်လှမ်းလိုက်ပြီး အသံနိမ့်ဖြင့် မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ”

ရှောင်ရှီက သူ့ကို ဒီကမ္ဘာက ကောင်လေးတွေလို သူမကို ကျောင်းလာကြိုစေချင်လို့ဆိုပြီး သူ တွေးလိုက်မိပေမယ့်___

စုရှီ၏ မျက်လုံးများ လင်းလက်သွားပြီး

“ကျွန်မရဲ့ ရှေးခေတ်က ချစ်သူကောင်လေးက အရမ်းကြည့်ကောင်းတယ်လေ။ ထုတ်မကြွားရင် အရှုံးပဲပေါ့”

လုဟွမ် “...”

လုဟွမ်သည် သူ့စိတ်ထဲတွင် မတင်းတိမ်စွာ တွေးလိုက်၏။

‘သူမကို သူတစ်ယောက်တည်းပဲ မြင်နိုင်အောင်လို့ ကမ္ဘာပေါ်က လူတွေအကုန် ကန်း‌နေရင် ကောင်းမှာပဲ။ ဒါမှမဟုတ် သူမကို ယန်မင်းဆက်ကို ပြန်ခေါ်သွားပြီး ဘယ်သူမှ မမြင်နိုင်အောင်လို့ ဖွက်ထားလို့ရရင် ကောင်းမယ်ဟု သူ ဆန္ဒရှိနေသည်။ ဒါပေမယ့် တခြားသူတွေ သူ့ကို ကြည့်တာကို သူမကတော့ ဘယ်လိုမှမနေတဲ့ပုံပဲ’

ကံကောင်းစွာဖြင့် “ချစ်သူကောင်လေး” ဟူသော စကားလုံးသည် လုဟွမ်ကို အနည်းငယ် စိတ်လှုပ်ရှားစေ၏။

ဘယ်လိုပင် ဖြစ်ပါစေ အသိအမှတ်ပြုခံရသော ချစ်သူကောင်လေးသည် အသိအမှတ်ပြုမခံရသော ချစ်သူကောင်လေးထက် ပိုသာ၏။

All Chapters