← Chapters

Chapter 70

Vol. 7 Ch. 70

Chapter 70

Vol. 7 Ch. 70

စုရှီသည် လုဟွမ် သူမဘေး၌ရှိနေလျှင် မည်သို့ဖြစ်ဖြစ် အိပ်ပျော်နိုင်မှာမဟုတ်ဘူးဟု ထင်ခဲ့သည်။ သူမပုံရိပ်ကို အာရုံစိုက်ဖို့ လိုသေး၏။ သို့သော် စိတ်ငြိမ်သက်မှုကြောင့် ဖြစ်ကောင်းဖြစ်မည်၊ ခဏအကြာ၌ သူမ မမျှော်လင့်ခဲ့ဘဲ အိပ်ပျော်သွားခဲ့သည်။

ကောင်းစွာ အိပ်ပျော်ခဲ့သည့် တစ်ညတာပင်။

နောက်တစ်နေ့ အိပ်ရာမှ နိုးလာချိန် ကန့်လန့်ကာ ဆွဲထားသည်ကို တွေ့လိုက်ရသည်။ နေရောင်သည် သူ့မျက်နှာပေါ် မကျရောက်တော့ဘဲ ကန့်လန့်ကာများကြောင့် အနည်းငယ်သာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

စားပွဲပေါ်ရှိ စာအုပ်အကြမ်းပေါ်တွင် စာတစ်ကြောင်း ရှိနေခဲ့သည်။

လုဟွမ်: ဒီနေ့ ချန်ကျိုးကနေ မြို့တော်ကိုပြန်ရမှာ။ ကိုယ် ရောက်တဲ့အခါ မင်းကို ပြန်လာရှာမယ်နော်။

စုတ်တံကိုသာ သုံးလေ့ရှိပြီး ဖောင်တိန်ဘောပင် မသုံးဖူးသည့်အတွက် သူ့လက်ရေးသည် ပုံမှန်လက်ရေးလောက် မလှနေပါ။ သို့သော် အလွန်သပ်ရပ်နေရာ ကျောင်း၌ရှိသည့် ကောင်လေးများ၏ လက်ရေးနှင့် ကွာခြားလှသည်။

စုရှီ သည် စားပွဲပေါ်ရှိ မှတ်စုကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ နေသာသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမ၏ နှလုံးသားသည် ပျော့ပျောင်းသော ကြက်ဥလေးနှယ် နွေးနွေးထွေးထွေး ခံစားမိသွားတော့သည်။

သူမသည် စာအုပ်အကြမ်းကို အံဆွဲထဲထည့်ကာ ကိုယ်လက်အကြောဆန့်တန်း၍ အားကစားဝတ်စုံကို ပြောင်းလဲဝတ်ပြီး မနက်စာဝယ်ရန် ထွက်သွားလိုက်သည်။

အချစ်သည် လူများကို စိတ်ချမ်းသာစေသည်။ ရပ်ကွက်အဝင်ဝတွင် လမ်းလျှောက်နေသော ဦးလေးများနှင့် အဒေါ်များကို သူမတွေ့သောအခါ စုရှီက သူတို့ကို အပြုံးဖြင့် နှုတ်ဆက်သည်။ သို့သော် ဖက်ထုပ်စွပ်ပြုတ်ဝယ်ရန် အနောက်ဘက်တွင် တန်းစီနေသော ဟောက်ကျင်းချွမ်ကို သူမ မြင်လိုက်ရသောအခါ မနေ့ညက အဖြစ်အပျက်ကို တွေးမိပြီး ဟောက်ကျင်းချွမ်ကို စိုက်ကြည့်နေလေသည်။

ဟောက်ကျင်းချွမ်သည် ထိုစိုက်ကြည့်မှုကို သတိထားမိပြီး စုရှီဝယ်သော ဖက်ထုပ်စွပ်ပြုတ်ကို ယူရန် လှမ်းဆွဲလိုက်သည်။

စုရှီက သူ မထိနိုင်အောင် အဝေးကို သယ်သွားသည်။

ဟောက်ကျင်းချွမ်သည် မျက်မှောင်ကြုတ်ပြီး "မင်းဘာလုပ်နေတာလဲ၊ မနက်စောစော မုန့်ကြွပ်တွေ စားခဲ့တာလား"

စုရှီသည် ဖက်ထုတ်စွပ်ပြုတ်ကို ကိုင်ပြီး ပြန်လျှောက်လာလျက်

"လုဟွမ်ကို အဲ့လို အသုံးမဝင်တဲ့အရာတွေ မသင်ပေးနဲ့။ အွန်လိုင်း လူ့အဖွဲ့အစည်းကို သူ မသိသေးဘူး။ သူက အရမ်းရိုးသား စင်ကြယ်တယ်"

"ရိုးသားတယ်? ငါထင်တာတော့ သူက အခွံကြီးလိုပဲ။ မင်းကိုမေးဦးမယ်၊ မင်းသူငယ်ချင်းက နာမည်ကြီးနဲ့တော့ တူပါရဲ့။ ဒါပေမယ့် ဘာလို့ သူက ခုမှတောင်ပေါ်က ဆင်းလာဖူးတဲ့ လူလို ခံစားနေရတာလည်း မသိဘူး"

ဟောက်ကျင်းချွမ်က ရယ်ပြီး "သူ့မိသားစုရော အင်တာနက်သုံးလား။ သူ့မှာ ဝေ့ပေါ် အကောင့်ရှိလားလို့ မေးတော့ သူက အဲ့တာ ဘာလဲတဲ့။ ရှီးဇယ်မိန်က ဘယ်သူလဲဆိုတာ သိလားလို့ မေးတော့လည်း သူက စုရှီ ဆိုတာကိုပဲ သိတယ်တဲ့"

စုရှီသည် ဟောက်ကျင်းချွမ်ကို အလွန် ဒေါသထွက်နေ၏။

"နင်ဘာလို့ သူ့ကို ဒီအကြောင်းပြောတာလဲ!"

ရှေးခေတ်အချိန်သာဆိုလျှင် သူတို့အားလုံး ကျိုက်ကျိုက် စိတ်ကို အနိုင်ယူနိုင်မည်မဟုတ်။ သို့သော် ၂၁ ရာစု၌ လှပသော အမျိုးသမီး အနုပညာရှင်များစွာ ရှိရာ ကျိုက်ကျိုက်က သူတို့အား လှသည်ဟု ရုတ်တရက် ခံစားလိုက်ရလျှင် မည်သို့ဖြစ်မည်နည်း။

"ဒါတင်မကဘူး၊ ဘတ်စကတ်ဘောလည်းဘဲ။ အခုခေတ်မှာ ကျေးလက်က ချမ်းသာတဲ့ ကောင်လေးတွေတောင် ဘတ်စကတ်ဘော ကစားနည်းကို သိတယ်။ သူက ဘာကြောင့် မသိတာလဲ" ဟောက်ကျင်းချွမ်က မေးသည်။

ဟောက်ကျင်းချွမ်၏ လှောင်ပြောင်သောလေသံကို စုရှီ သည်းမခံနိုင်တော့ပေ။ သူမသည် လုဟွမ်ဘက်က နေကာ

"သူက မြင်းစီးပြီး သေနတ် ပစ်တာလည်း တော်တယ်။ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး စစ်တိုက်ရာမှာလည်း အရမ်းတော်တယ်။ နင်က သူနဲ့ ပြိုင်ချင်တာလား"

" စစ်တိုက်တာလား" ဟောက်ကျင်းချွမ် အံ့ဩသွားကာ "သူ “စစ်သူကြီးတို့ခရာသံ”ဂိမ်း ကစားတာလား"

စုရှီ ပြောစရာစကားပင် ပျောက်သွား၏။

စုရှီသည် တခြားဘာမှ ထပ်မပြောချင်၍ လှည့် ထွက်သွားသည်။ သို့သော် ဟောက်ကျင်းချွမ်သည် အလွန်ပျင်းနေရာ သူ့နောက်ကို လိုက်လာပြီး "ငါတို့အတန်းထဲက ကောင်လေးတချို့ အနီးနားက ဘတ်စကက်ဘောကွင်းမှာ နေရာယူထားတယ်။ ဒါပေမယ့် အခုရက်ပိုင်း လူလိုနေလို့။ ညီကိုလု နဲ့ အဆက်အသွယ်ရရင် သူ့ကို လာပြီး ဘတ်စကတ်ဘော ကစားခိုင်းကြည့်ပါလား။ ၁.၈ မီတာထက် အရပ်မြင့်တာကို ဘတ်စကတ်ဘော မကစားတတ်ရင် နှမြောစရာကြီး"

စုရှီ သည် လုဟွမ်အား ဟောက်ကျင်းချွမ်နှင့် အခြားသူများနှင့်အတူ ဘတ်စကတ်ဘောကစားရန် မလိုလားပေ။ ယောက်ျားလေးများသည် ဘတ်စကတ်ဘော ကစားရင်း အချင်းချင်း ရန်ဖြစ်တတ်ကြပြီး ဒူးများ ပွန်းပဲ့သွားလိမ့်မည်။ တွေးကြည့်ရုံဖြင့်ပင် သူမနှလုံးသားကို နာကျင်စေသည်။ ဟောက်ကျင်းချွမ်၏ အသားအရေသည် ကြမ်းတမ်းပြီး ထူထဲနေသော်လည်း လုဟွမ်၏ အသားအရေသည် အလွန်ဖြူရာ ညိုမဲသွားပေလိမ့်မည်။ ထို့ပြင် ဘတ်စကတ်ဘောကစားရင်း အလွယ်တကူ ပွန်းပဲ့ဒဏ်ရာရနိုင်မည်မှာ သေချာပါသည်။

သို့သော် လုဟွမ် ဆန္ဒမရှိဘဲ နေမည်မဟုတ်ဟု စုရှီ ထင်သည်။ သူသည် ထင်ထားသည်ထက် ဤကမ္ဘာကြီး၌ သဟဇာတဖြစ်ရန် ပိုစိတ်အားထက်သန်နေနိုင်သည်။

ထို့ကြောင့် သူမစဉ်းစားပြီး ဟောက်ကျင်းချွမ်ကို "ကောင်းပြီ" ဟု ပြောလိုက်သည်။

ဟောက်ကျင်းချွမ် အလွန်ပျော်သွားသည်။ သူပြန်လှည့်ပြီး ဖက်ထုပ်စွပ်ပြုတ်ဆိုင်ဆီသို့ လျှောက်သွားသည်။ လမ်းလျှောက်ရင်း ဘတ်စကက်ဘောအဖွဲ့ထဲရှိ ယောက်ျားလေးတချို့ထံ ဝီချက်မှ မက်ဆေ့ခ်ျတစ်စောင် ပို့ပြီး တစ်ယောက် တွေ့ထားပြီဟု ဆိုလိုက်သည်။

ယောက်ျားလေးများကြား ရင်းနှီးမှု ထူထောင်ရန် အလွန်လွယ်ကူလှသည်။ ဘတ်စကတ်ဘောဂိမ်းတစ်ခုနဲ့တင် ဘဝ၏သေခြင်း၊ ရှင်ခြင်း ဆိုင်ရာအထိ ရင်းနှီးမှုကို ဖြစ်စေနိုင်သည်။

စုရှီသည် သူ သူမနောက်ထိ လိုက်၍ ပြောသည်ကို သံသယဝင်မိသည်။ ဘတ်စကတ်ဘောကစားရန် အကြောင်းပြကာ လုဟွမ်၏ အဆက်အသွယ် အချက်အလက်များအား လိုချင်နေမည်ကို သူမကြောက်နေမိသည်။

လုဟွမ် ဆွဲဆောင်မှု လွန်ကဲနေသည်ကိုသာ အပြစ်တင်ရပေမည်... သို့သော် တစ်ဖက်တွင် အဆင်းရော အချင်းပါ ပြည့်စုံသည့် ထိုအမျိုးကောင်းသားလေးက သူမနဲ့သာ သက်ဆိုင်ကြောင်း တွေးလိုက်မိပြီး ဝမ်းသာသွားပြန်သည်။

ညစာစားပြီးနောက် စုရှီ သည် ပန်းကန်များကို ဆေးကြောပြီး စျေးဝယ်အက်ပ်တစ်ခု ဖွင့်ရန် ဖုန်းကို ထုတ်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လုဟွမ် သည် အလျင်အမြန်ရောက်လာပြီး ဟောက်ကျင်းချွမ်၏ အဝတ်အစားများကို ငှားဝတ်ခဲ့ရသည်။ အနာဂတ်၌ သူ့ကမ္ဘာသို့ မကြာခဏလာလည်မည်ဆိုလျှင် သူ့အတွက် အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းများကို အရင်ပြင်ဆင်ထားရပေမည်။

စုရှီ၏ မိန်းကလေးအဝတ်အစားဝယ်သည့် အမြင်မှာ မဆိုးသော်လည်း ယောက်ျားလေးအဝတ်အစားဝယ်ရန်မူ မပြောနိုင်ပေ။ အဓိကမှာ လုဟွမ်၏ အရပ်အမောင်းနှင့် အရွယ်အစားကို မသိပေ။

ဝယ်ပြီးလျှင် ပစ္စည်းပြန်လဲရန် အခက်အခဲဖြစ်မည်ကိုလည်း စိုးရိမ် သောကြောင့် စုရှီသည် စတိုင်လ်အနည်းငယ်ကို အရင်ရွေးချယ်ခဲ့သည်။

နေ့ခင်းဘက်တွင် သူမဖုန်းထဲရှိ ဂိမ်းကို ဖွင့်ကြည့်လိုက်ရာ လုဟွမ်တစ်ယောက် အလျင်လိုနေသည်ကို တွေ့လိုက်ရသည်။ သူ၏မြင်းသည် တစ်နေ့လျှင် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်နိုင်သည်။ သူ အလျင်စလိုသွားနေသောကြောင့် သူ့အား မနှောင့်ယှက်ချင်တော့ပေ။

ညဘက်တွင် လုဟွမ် နှင့် ယုလင်အစောင့်အဖွဲ့တစ်ဖွဲ့သည် ကန်ကျိုးရှိ တည်းခိုခန်းတွင် တစ်ညတာ အိပ်စက်ခဲ့ကြသည်။ ရေချိုးပြီးနောက် အတွင်းဝတ် ဝတ်ကာ ကုတင်ပေါ်တွင် ထိုင်၍ အချိန်အတော်ကြာ အိပ်မပျော် ဖြစ်နေခဲ့သည်။ သူ စုရှီကို သွားတွေ့ချင်သော်လည်း မကြာခဏသွားလျှင် စုရှီ အနှောင့်ယှက်ဖြစ်မည်ကို သူ ကြောက်နေမိသည်။ ထို့ပြင် သူ မနေ့ညကပင် သူ သွားခဲ့ပြီးလေပြီ။ ယခုည ထပ်သွားလျှင်… သို့သော် နောက်ဆုံး လုဟွမ် မိမိဖာသာ တွေးရင်း မနေနိုင်ဘဲ တစ်ချက်ကြည့်ရန်သာ စခရင်ကို ဖွင့်လိုက်သည်။

မမျှော်လင့်ဘဲ သူ စခရင်ကို ဖွင့်လိုက်သည်နှင့် စုရှီ သည် သူ့ကို စောင့်နေပြီဖြစ်သည်။ သူမက သူ့ကို လက်ညိုးလှုပ်ပြပြီး "လာခဲ့" ဟုပြောလိုက်သည်။

လုဟွမ် သည် လျင်မြန်စွာထကာ ဝတ်ရုံကို ဝတ်ပြီး ခါးပတ်ကို ချည်လိုက်သည်။ သူသည် စိတ်မရှည်စွာ စောင့်နေရသည့်ပုံ မပေါ်အောင် ဟန်ဆောင်ကာ စုရှီ၏ အခန်းထဲဝင်လာပြီး "ရှောင်ရှီ ဘာဖြစ်လို့လဲ"

သူ့မိဘများ ပြန်မလာသေးသည့်အတွက် စုရှီက တံခါးကို ခတ်လိုက်ပြီး

“ဝတ်ရုံကို ချွတ်လိုက်” ဟု ပြောလေ၏။

လုဟွမ်: "…"

လုဟွမ်၏ နားရွက်များ နီရဲနေပြီး သွေးများ ယိုစီးမလိုပင် ဖြစ်နေသည်။ စုရှီက အနည်းငယ် အံ့ဩသွားပြီး

"ဘာဖြစ်နေတာလဲ၊ ချွတ်ပါဆိုတာကို"

လုဟွမ် သည် စိတ်အနှောင့်အယှက် ဖြစ်စေသော အတွေးများကို ရှင်းထုတ်ရန် ကြိုးစားခဲ့သည်။ သူ လှည့်ပြီး ချည်ထားသည့် ခါးပတ်ကို ဖြည်လိုက်၍ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူ၏ အပြင်ဘက်ဝတ်ရုံကို ချွတ်လိုက်သည်။ စုရှီသည် သူ ကိုယ်တိုင်းနေချိန် သူမ၏မိဘများ ပြန်လာမည်ကို စိုးရိမ်သောကြောင့် "မြန်မြန်လုပ်ပါ" ဟု ဆက်လက်တိုက်တွန်းလေသည်။

သူမသည် ခြေဖျားထောက်ကာ လုဟွမ် ၏ အပြင်ဘက်ဝတ်ရုံကို ဆွဲချလိုက်သည်။

ရှေးခေတ်အဝတ်အစားများက ယခုခေတ်နှင့်မတူချေ။ ၎င်းတို့သည် ယနေ့ခေတ်ထက် များစွာပို၍ ပေါ့ပါးသည်။ သူမသည် စိတ်မရှည်နိုင်လွန်းသဖြင့် လှုပ်ရှားမှုများက အနည်းငယ် ကြမ်းတမ်းနေပေလိမ့်မည်။ ထို့အပြင် လုဟွမ်သည် တည်းခိုခန်းတွင် ရေချိုးပြီးသွား၍ အတွင်းဝတ်ရုံကိုသာ ၀တ်ထားကာ ခါးပတ်ကို ကြိုးမစည်းထားပေ။ ထို့ကြောင့် သူမသည် ခြေဖျားထောက်ပြီး ဆွဲချလိုက်သောအခါ သူ့ပခုံးတစ်ဝက်ခန့်ထိ လျောကျသွားသည်။

ရလဒ်အားဖြင့် လုဟွမ် ၏ပခုံး၊ ညှပ်ရိုးနှင့် သူ့ရင်ဘတ်တစ်ဝက်ခန့်သည် စုရှီ ၏ရှေ့တွင် ထင်ရှားစွာ ပေါ်သွားစေသည်။

စုရှီ: "…"

လုဟွမ်: "…"

ဤသို့သော မြင်ကွင်းမျိုး နောက်ဆုံးမြင်လိုက်ရသည်မှာ စခရင်မှတစ်ဆင့် ဖြစ်သည်။ ဤတစ်ခါတော့ တိုက်ရိုက်ဖြစ်ရာ အမြင်အာရုံအပေါ် သက်ရောက်မှုသည် အလွန်ကြီးမားလှသည်။ စုရှီသည် ဖြူစင်သောလူအဖြစ် ၁၇ နှစ်ရှိခဲ့ပြီး ယောက်ျားလေး၏ ရင်ဘတ်ကို မြင်ဖို့ မဆိုနှင့်၊ လက်ကိုပင် မကိုင်ဖူးပေ — ကုချင်နှင့် ညစ်ပတ်သည့် အကြောင်း ပြောသည် ဆိုသည်ကလည်း ကြွားလုံးထုတ်ရုံသက်သက်ပင်။ အမှန်မှာ သူမ ထိုညစ်ညမ်းရုပ်ပြကိုပင် မဖတ်ဖူးချေ။

၀တ်ရုံ လျောကျပြီးနောက် လူငယ်၏ ကျစ်လျစ်လှပသည့် ကြွက်သားများသည် သူမရှေ့တွင် ပေါ်လာသည်။ စုရှီ၏ စိတ်မရှည်မှုသည် မပျောက်သေးသော်လည်း သူမ ရုတ်တရက် ထိတ်လန့်သွားပြီး သူမ၏ပါးပြင်များ ပူလောင်လာသည်။ သူ့အဝတ်အစားကို အမြန် ပြန်ဆွဲတင်ပေးလိုက်သည်။

"တမင်လုပ်တာ မဟုတ်ဘူးနော်"

"ရပါတယ်" လုဟွမ်၏ နားရွက်များသည် နီရဲနေသည်။ သူ အနည်းငယ် ရှက်ရွံ့ကာ ရှက်ကိုးရှက်ကန်းဖြင့် “ကဲ ကြည့်ချင်ရင် ကြည့်လို့ရပြီ”

စုရှီ: "…"

"လိင်မရွေး အလှအပနှစ်သက်သူ" ဟူသည်ကို သူ မသိသော်လည်း လုဟွမ် သည် "လှပသောအမျိုးသမီးများ" ကို စုရှီ နှစ်သက်ကြောင်း သဘောပေါက်ခဲ့သည်မှာ ကြာလေပြီ။

မျက်နှာကို စိုက်ကြည့်ရသည်ကို နှစ်သက်ရုံတင်မက ပန်းထိုးဘောလုံးများကို ပစ်ပေါက်သည့် လှပသော အမျိုးသမီးများကိုလည်း သူမ သဘောကျသည်။ ချောမောလှပသော အမျိုးသမီးများကို ရှာဖွေရန် အများသုံး ရေချိုးခန်းများသို့ သွားရန်လည်း နှစ်သက်သည်။ ဝမ်စန်းချန်၏သမီးကို နောက်ဆုံးအကြိမ်တွေ့လိုက်ရသည့်အချိန် စုရှီ ၏အမူအရာကို မမြင်နိုင်သော်လည်း လုဟွမ်သည် သူမ၏မျက်လုံးများ ဖန်သားပြင်ရှေ့တွင် တောက်ပနေရမည်ကို သေချာသိသည်။

လုဟွမ်သည် စုရှီ၏ဝါသနာကို အနည်းငယ် ဒေါသထွက်မိသည်။

ယန်မင်းဆက်တွင် ချောမောသော အမျိုးသားများနှင့် လှပသော အမျိုးသမီးများ များစွာရှိသည်။ သူမသာ မူရင်းရုပ်ပုံကို ဖွင့်ကြည့်ခဲ့လျှင် ပန်းပွင့်ကလေးများ၏ ဆွဲဆောင်မှုများကြား သူမကိုယ်သူမပင် မှတ်မိတော့မည် မဟုတ်ပေ။

ယန်မင်းဆက်တွင်သာမက သူမ၏ကမ္ဘာတွင်လည်း ချောမောသူ များစွာရှိသည်။ ဟောက်ကျင်းချွမ်သည် အမျိုးသမီး အနုပညာရှင်များ၏ ဓာတ်ပုံအချို့ကို ပြကာ လုဟွမ်အား သူတို့ကို သိလား ဟု မေးချိန်၌ လုဟွမ်သည် ဤလောကတွင် ရုပ်ရည်အသွင်အပြင်ကို အခြေခံ၍ အသက်မွေးဝမ်းကြောင်းပြုသည့် အလုပ်အကိုင်တစ်ခု ရှိကြောင်း သိလိုက်ရသည်။

ရုပ်ရည်ချောမောသူ ဦးရေသည် ယန်မင်းဆက်ထက်ပင် မနည်းလှပေ။

ရှေးခေတ်စာအုပ်များ ဖတ်သည့်အခါ “လူတွေကို အသွင်အပြင်နဲ့ ဖြားယောင်းသွေးဆောင်ခြင်း” ဆိုသည့် ရှေးခေတ်နမူနာများကို မြင်ချိန် အမြဲမျက်မှောင်ကြုတ်မိသည်။ သို့သော် ယခု သူသည် "အသွင်အပြင်ဖြင့် လူများကို ဆွဲဆောင်ခြင်း" ဟူသော စိတ်ပညာကို အနည်းငယ် နားလည်လာခဲ့သည်။

လူများက သူ့အား စိုက်ကြည့်သည့်အခါ သူ မပျော်သော်လည်း စုရှီ သူ့အား စိုက်ကြည့်နေဖို့ကိုတော့ သူ မျှော်လင့်မိသည်။ အခြားလူများ က သူ့အားချောသည်ဟု ထင်ကြလျှင် သူ့တစ်ကိုယ်လုံး ယားယံသွားသလို ခံစားလိုက်ရသော်လည်း ရှောင်ရှီက သူ့အား ချောသည်ဟု ပြောသောအခါလျှင် သူ့နှလုံးခုန်သံများ မြင့်တက်သွားသည်။

သူသည် ခေါင်းမထောင်ရဲဖြစ်နေသော စုရှီကို ငုံကြည့်ကာ "ရည်ရွယ်ပြီး လုပ်တယ်ဆိုရင်တောင် ရပါတယ်"

စုရှီ: "…"

စုရှီ ရူးမလိုပင် ဖြစ်သွားသည်။ သူမသည် အဝတ်အစားများကို အကြောင်းပြချက်မရှိဘဲ ချွတ်ခဲ့သည့် လိင်စိတ်ကြွရူးသွပ်သူ မဟုတ်ကြောင်း သူ မည်သို့ရှင်းပြနိုင်မည်နည်း။ သူသည် ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သလို သူမသည်လည်း မခံချင်စိတ်နှင့် ဖြူစင်သော ရုပ်ရည်ရှိသူဖြစ်သည်။

"မြန်မြန်ဝတ်” စုရှီ ပြောလိုက်သည်။

လုဟွမ်သည် သူ့အတွင်းအဝတ်အစားများကို ဖြည်းညှင်းစွာ ၀တ်ဆင်လိုက်သည်။ "ဝတ်ပြီးပါပြီ"

ထိုမှသာ စုရှီက ခေါင်းကို မော့လိုက်သည်။ သူ့အဝတ်အစား သပ်ရပ်နေသည်ကို မြင်တော့ သက်ပြင်းတစ်ချက်ချပြီး ခန္ဓာအရွယ်အစားတိုင်းတာရန် ပေကြိုးပြားရှည်ကို ထုတ်လိုက်သည်။ သူ့လက်များကို တိုင်းတာပြီးသည်နှင့် သူ့ရင်ဘတ်ကို တိုင်းတာရန် ပြုသည်။ သူ၏ အတွင်းအဝတ်အစားများကို အနည်းငယ် မြှောက်လိုက်ပြီး ခါးမှ ခြေကျင်းဝတ်အထိ တိုင်းတာသည်။ လုဟွမ်သည် နှင်းဖြူရောင် အတွင်းအဝတ်အစားကို ၀တ်ထားပြီး အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်ကာ နာခံမှုရှိရှိ သူမကို တိုင်းတာခွင့်ပေးထားသည်။

စုရှီသည် တိုင်းတာမှုများကို မှတ်စုစာအုပ်ငယ်တစ်ခုတွင် ရေးမှတ်ခဲ့သည်။ ထိုမှပင် သူမ သက်ပြင်းချနိုင်ခဲ့သည်။ သူမက ခေါင်းကိုမော့ပြီး လုဟွမ်ကို

"လုပ်စရာရှိတာ လုပ်ပြီးသွားပြီ ဆိုတော့ သွားလို့ရပြီ"

သူမစိတ်ထဲက မြင်ကွင်းကို ဖျောက်မရနိုင်သေးချေ။ သူမ စိတ်တည်ငြိမ်ဖို့ အချိန်တစ်ခုလိုသည်။

လုဟွမ် : "..."

လုဟွမ်က သူမကို မကျေမနပ်နဲ့ ကြည့်လိုက်သည်။ သို့သော် သူမသည် သူ့ကို မနေစေလိုတော့သည်ဖြစ်၍ သူ ပြန်သွားရုံသာရှိသည်။ ဒီဖက်ကမ္ဘာက ကြားခံနယ်သည် သူမ၏အိမ်တွင် ဖြစ်နေ၍ သိပ်‌အဆင်မပြေလှပေ။

သူမမိဘများ ဘယ်တော့ပြန်လာမည်ကို အမြဲတစေ စိတ်ပူနေရုံသာမက သူ ရှိနေရန်လည်း ကျင့်ဝတ်နှင့် မကိုက်ညီချေ။ သူမအတွက် မတရားသကဲ့သို့ ဖြစ်စေနိုင်သည်။

လုဟွမ်က ဤကမ္ဘာတွင် အိမ်တစ်လုံး အမြန်ဆုံးဝယ်ရမည်ဟု တွေးမိသည်။

ချန်ကျိုးမြို့ ရေကြီးမှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ရာ မြို့တော်ရှိ ရုံးတော်များက သူ့အား ချီးကျူးဂုဏ်ပြုစကားဆိုကြသည်။

ဧကရာဇ်သည် လုဟွမ်အား မြို့တော်ကို အမြန်ဆုံးပြန်လာရန် အမိန့်ပေးခဲ့သော်လည်း သူ မြို့တော်သို့ ပြန်ရောက်ချိန်သည် ညအချိန် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်မင်းနှင့် တွေ့ဆုံရန် တော်ဝင်နန်းတော်သို့ နောက်တစ်နေ့ အစောပိုင်းမှ ထွက်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ဤညတွင် သူသည် အခွင့်အရေးကို အမိအရယူ၍ မြို့ပြင် လယ်ကွင်း၌ ကျုံးကန်ဖိန်နှင့် အခြားသူများကို သွားတွေ့လေသည်။

လုဟွမ်၏ အခြားနာမည်နှင့် ဖွင့်ထားသော ငွေစုအကောင့်တွင် ငွေများ ဝင်ပြီးရင်း ဝင်လာသည်။ တော်ဝင်နန်းတော်မှ ပေးအပ်သည့် ရုံးတော်ငွေတံဆိပ်ဆုကို ပေါင်နှံရန် မကောင်းသော်လည်း အများပြည်သူ အသုံးပြုသည့် ငွေတုံး အပိုင်းအစများကိုမူ အသုံးပြုနိုင်သည်။

သူသည် ငွေတုံးအပိုင်းအစ အချို့နှင့် ရှေးဟောင်းပစ္စည်းအချို့ကို ယူလာခဲ့သည်။ ညီကိုဟောက်၏ အဝတ်အစားများ ပြောင်းဝတ်ပြီး စုရှီကမ္ဘာသို့ လာခဲ့သည်။

စုရှီ အိပ်ပျော်နေမည်ဖြစ်၍ အနှောင့်အယှက်မပေးချင်သောကြောင့် သူခြေလှမ်းကျယ်ကြီးဖြင့် အိတ်ကို သယ်ပြီး စုရှီနေသော မြို့ လမ်းကြားသို့ လှမ်းလျှောက်လာခဲ့သည်။

အချက်အလက်အချို့ကို ရှာဖွေရန် ဟောက်ကျင်းချွမ်၏ဖုန်းကို အသုံးပြုခဲ့ပြီး ဤကမ္ဘာကြီး၏ ကိုယ်ပိုင် အထောက်အထားအချက်အလက်များကို ကုဒ်ဝှက်ထားရန်နှင့် အခြားသော ခေတ်မီနည်းပညာများ လိုအပ်ကြောင်းလည်း သူ သိရှိခဲ့သည်။ သူသည် အင်တာနက်ကို ကောင်းစွာ မသုံးနိုင်သေးသော်လည်း အသုံးဝင်သော အချက်အလက်အချို့ကို သူ ရှာတွေ့နိုင်ခဲ့ပြီး သူ့အား ကူညီပေးနိုင်မည့်သူ၏ အဆက်အသွယ် အချက်အလက်ကိုလည်း စီစစ်နိုင်ခဲ့သည်။

နိုင်ငံသားကဒ်နှင့် ပတ်သက်၍ မိဘမဲ့ အနေဖြင့် မှတ်ပုံတင်လျှင် ခက်ခဲမည်မဟုတ်ပေ။

သူသည် နာမည်ကို "ယန်ချင်း" ဟူသော စကားလုံးနှစ်လုံးအား အသုံးပြုခဲ့သည်။

All Chapters