Chapter 71
Vol. 8 Ch. 71
စစ်သူကြီး ကျန့်ယွမ်နှင့် အခြားသူများ၏ ပံ့ပိုးမှုဖြင့် နန်းတော်ခုံရုံး၌ လုဟွမ်၏ အခြေအနေမှာ မခက်ခဲခဲ့ပေ။ သူ၏အာဏာသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အိမ်ရှေ့စံမင်းသားနှင့် မင်းသားငါး ကဲ့သို့ပင် ဩဇာကြီးလာ၏။
သူ ချန်ကျိုးသို့ မသွားခင်ကပင် သူ့အိမ်တော်သို့ ဝင်ချင်သည့်သူ များစွာ ရှိနှင့်နေပြီ ဖြစ်သည်။ သူသည် ချန်ကျိုးအား ကြီးစွာသော ပံ့ပိုးကူညီမှု ပေးကာ ရာဇပလ္လင်ရှိ ဧကရာဇ်မင်း၏ နှစ်သက်မှု ရပြီးနောက်တွင် နေ့တိုင်း သူ့ထံ လာရောက်လည်ပတ်သော အရာရှိအရေအတွက်မှာ ခြံတံခါးမပင် ပျက်လုနီးနီးပင်။
ထိုလူတို့က လက်ဆောင်မျိုးစုံပေးပို့ကြ၏။ တိမ်မြူပိုးထည်များ၊ ရွှေသိန်းငှက်သန္တာကျောက်များနှင့် လက်ဝတ်ရတနာများသာမက မင်းသား၏ အိမ်တော်ကို ပြန်လည် ပြုပြင်မွမ်းမံပေးလိုသော လက်သမားဆရာများပင် ရှိသေးသည်။ လုဟွမ် သည် ငြိမ်သက်တိတ်ဆိတ်မှုကို နှစ်သက်သောကြောင့် တောင်ပုံကဲ့သို့ သူ့အိမ်ထဲသို့ နေ့တိုင်း ရွေ့လျားနေကြသော လူအုပ်စုကြီးများကို မကြိုက်ပေ။ ထို့ကြောင့် ဤလူများအားလုံးကို တံခါးဝတွင်သာ ရပ်စောင့်ခိုင်းထားတော်မူ၏။
ဧကရာဇ်ကမူ ဤကဲ့သို့ဖြစ်သည်ကို ဝမ်းသာ နေလေသည်။ ယန်မင်းဆက်တွင် သားအကြီးဆုံးကိုသာ ထီးနန်းဆက်ခံရမည်ဟူ၍ ဥပဒေမရှိပေ။ အမြဲတမ်း စွမ်းဆောင်ရည်အရှိဆုံးသူကိုသာ ထီးနန်း လွှဲပြောင်းပေးသည်။ မင်းသားကိုး၏ အသွင်အပြင်သည် အိမ်ရှေ့စံမင်းသားနှင့် မင်းသားငါးတို့၏ တိုက်ခိုက်လို စိတ်ဓာတ်ကို နှိုးဆွပေးနိုင်သည်မှာ ဆိုးရွားသည့်အရာ မဟုတ်ပေ။ အနည်းဆုံး အိမ်ရှေ့စံမင်းသားက တော်ရုံတန်ရုံကိစ္စများတွင် ပိုအာရုံစိုက်လာပြီး ပျော့ညံ့သိမ်မွေ့ရုံနှင့် ကမ္ဘာကြီးကို အလွယ်တကူ အုပ်ချုပ်နိုင်မည်ဟု မထင်တော့ပေ။
လုဟွမ်သည် သူ၏မွေးနေ့ အက္ခရာ မှတ်တမ်းများကို စစ်တပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဧကရာဇ်ထံ ပေးပို့ပြီးနောက် မိဖုရားသည် အေးစက်စက်သာ ဆက်ဆံခဲ့သည်။ ကြင်ယာတော်ရွေးချယ်ပွဲ၌ လုဟွမ် ဘက်မှ လူများကို စီစဉ်ရန် ကြိုးစားပါက ဧကရာဇ်မင်းအား ဒေါသဖြစ်စေနိုင်ကြောင်း သူမ သိသည်။ ထို့ကြောင့် သူမသည် ယခု အရှုံးသာ ပေးလိုက်ရတော့သည်။
လုဟွမ်သည် မင်းသားကိုးအဖြစ် ရာထူးပြန်လည်ရရှိပြီးနောက် မြို့တော်တွင် လက်ထပ်ထိမ်းမြားရေး ဆွေးနွေးရန် အရာရှိများစွာ လာရောက်ခဲ့ကြသည်။ သို့ရာတွင် မိဖုရားနှင့် အိမ်ရှေ့စံမင်းသားတို့ မလှုပ်မရှား တုန့်ပြန်မှု မရှိသည်ကို တွေ့ရှိပြီးနောက် မင်းသားကိုး၏ အိမ်တံခါးဝကို လာသော ဤသူများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
လုဟွမ်သည် နောက်ဆုံးတွင် သူ၏အိမ်တော်ကြီးထဲတွင် ငြိမ်သက်တိတ်ဆိတ်စွာ နေနိုင်လေပြီ။
ဤအခွင့်အရေးကို အသုံးချ၍ သူသည် အုပ်ချုပ်ရေးရာ ကိစ္စများစွာကို အာရုံစိုက်ခဲ့ပြီး စနစ်မှ မစ်ရှင်အသစ်များကို လက်ခံရယူရန် အချိန်ယူခဲ့သည်။
မကြာသေးမီက မြို့တော်တွင် ဓားပြများ နှောက်ယှက်မှုကြောင့် လုယက်မှုများ အနည်းငယ် ဖြစ်ပွားခဲ့သည်။
ပြည်နယ်ထဲတွင် ဖြစ်ခဲ့လျှင် သာမန်အရပ်ဘက် အမှုအခင်းအဖြစ် သတ်မှတ်နိုင်ပါသည်။ သို့သော် ယခုမူ ဧကရာဇ်၏ မျက်စိအောက်တွင် ဖြစ်ပျက်ခဲ့သည်။ မယ်တော် မိဖုရားကြီးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဘုရားဖူးမြော်ရန် သွားစဉ် မူးလဲလုနီးပါးဖြစ်သဖြင့် ဧကရာဇ်မင်းကြီးသည် အမှုကိစ္စအားလုံးကို အမြန်အာရုံစိုက် လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။
ဓားပြအချို့ကို ဖမ်းဆီးပြီး ထောင်ချခြင်းသည် အလွန်ရိုးရှင်းသော ကိစ္စသာ ဖြစ်သည်။ မြို့တော်မှ လူအနည်းငယ် စေလွှတ်ရန်သာ လိုအပ်ပေ၏။
သို့သော်လည်း ပြဿနာကို အရင်းခံပြီး ဖြေရှင်းလိုပါက မြို့တော်၏ အဓိက လောင်းကစားအိမ်များနှင့် ပြည့်တန်ဆာများအပြင် ‘ဟူ’ကုန်သည်များ မကြာခဏ လည်ပတ်လေ့ရှိသော မြို့၏ အရှေ့ဘက်နှင့် အနောက်ဘက်ဈေးတို့ကို သေချာစွာ စုံစမ်းရမည်ဖြစ်သည်။ ဤနေရာများအား စီမံခန့်ခွဲရေးမှာ ဖရိုဖရဲဖြစ်နေပြီး မကြာခဏ ပြဿနာဖြစ်စေသော ဓားပြအများစုသည် ထိုနေရာများတွင် ပုန်းအောင်းနေတတ်ကြသည်။
သို့သော်လည်း အဆိုပါနေရာများကို သေချာစွာ စုံစမ်းနေလျှင်ပင် မည်သူသည် သာမန်နိုင်ငံသားဖြစ်ပြီး မည်သူက ရာဇ၀တ်သားဖြစ်ကြောင်း ပြသာနာ မဖြစ်လာမချင်း တပ်အပ် မပြောနိုင်ပေ။
ခဏအကြာတွင် တရားရေးရာဝန်ကြီးဌာနနှင့် မြို့တော်တရားသူကြီးတို့ ဆုံးဖြတ်ချက် မချနိုင်ဘဲ တော်ဝင်ညီလာခံ၌ အချင်းများကြသည်။
စနစ်က ထုတ်ပြန်သည့် မစ်ရှင်၁၇မှာ ဤသို့ဖြစ်သည်။ [ မစ်ရှင် ၁၇ကို လက်ခံပါ- မြို့တော်တွင် မကြာခဏ လူသတ်မှုများသည် တိုင်းသူပြည်သားများအကြား အထိတ်တလန့် ဖြစ်စေခဲ့သည်။ မှုခင်းဖြစ်ပွားမှုနှုန်းကို တတ်နိုင်သမျှ လျှော့ချရန် နည်းလမ်းတစ်ခုကို စဉ်းစားပြီး ပြည်နယ်စီရင်စု အသီးသီးသို့ တွန်းအားပေးပါ။ ဆုငွေ- ရွှေဒင်္ဂါး + ၃၀၀၀၊ ၁၅ မှတ်။]
လုဟွမ် သည် ဤမစ်ရှင်ကို လက်ခံပြီးနောက်တွင် အလျင်လိုစွာ မလုပ်ဆောင်ခဲ့ပေ။ ပထမဦးစွာ လူသတ်မှုကျူးလွန်ပြီး ထောင်ချခံထားရသော ရာဇ၀တ်ကောင်များအကြောင်း အစီရင်ခံစာများကို ပြန်လည်ရယူရန် သူ၏ လက်အောက်ငယ်သားများအား တရားရုံးချုပ်သို့ သွားခိုင်းစေခဲ့သည်။ မည်သည့် ပြစ်မှုဖြစ်ကြောင်း သူ သိချင်ခဲ့သည်။
မကြာသေးမီက မင်းသားငါးသည် သူနှင့် တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်။ အများရှေ့တွင် ဧကရာဇ်သည် ဤကိစ္စကို မင်းသားငါးထံ အပ်လိုက်သောကြောင့် အမှုကိစ္စကို ပွင့်ပွင့်လင်းလင်း မစုံစမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများအား စစ်တပ် ရေးရာဝန်ကြီးဌာန အိမ်ရာသို့ သွားကာ စာရင်းများရယူရန် ခိုင်းလိုက်သည်။
စာရင်းများ တင်ပြပြီးနောက် လုဟွမ်သည် တစ်ညလုံး ၎င်းတို့ကို လှန်လှောကြည့်ကာ ဘာတွေဖြစ်နေသည်ကို အကြမ်းဖျင်း တွေးဆမိသည်။
မိုးမလင်းခင် စာရင်းတွဲများကို တစ်ယောက်ယောက်အား ပြန်ပို့ပေးခိုင်းကာ လက်အောက်ငယ်သားများအား အမှာစကားအချို့လည်း ပါးလ်ိုက်သည်။
စုရှီ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ သူသည် အစိုးရကိစ္စများကို ကိုင်တွယ်နေကြောင်း တွေ့လိုက်ရပြီး မစ်ရှင်၁၇ ကို စုံစမ်းနေနိုင်သည်ဟု သိလိုက်ရသည်။
စုရှီသည် ပျင်းရိပြီး ထိုကိစ္စတွင် ပါဝင်ရန် အစီအစဉ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူတစ်ဦးတည်းဖြင့် ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။ အရင်တစ်ချိန်၌ စုရှီသည် အရာရာကို ကြောက်ရွံ့နေသည့်တိုင် သူမ၏ မိခင်စိတ်ထားကြောင့်သာ ကူညီခဲ့ရသည်။ သူသည် ကျိုက်ကျိုက်အတွက် အမြဲတမ်း စိတ်ပူပြီး ထိခိုက်မည်ကို စိုးရိမ်နေတတ်သည်။ သို့သော်လည်း မြောက်ပိုင်းတိုက်ပွဲအပြီးတွင်၊ စုရှီ သည် ဤအရာများအတွက် သူမအား မလိုအပ်တော့ကြောင်း သဘောပေါက်ခဲ့သည်။
အထူးသဖြင့် ယခု သူတို့ မြို့တော်၌ ရှိနေချိန် ဖြစ်သည်။ မင်းသားငါးနှင့် အိမ်ရှေ့စံမင်းသားသည် ကျိုက်ကျိုက်အား မကြိုက်သော်လည်း ဧကရာဇ်ရှေ့၌ သူ့ကို လုပ်ကြံသတ်ဖြတ်၍ မရပေ။ မည်သို့သော လျှို့ဝှက်လုပ်ကြံမှုဖြင့် ကျိုက်ကျိုက်ကို အနိုင်ယူနိုင်မည်နည်း။ မည်သူက မည်သူကိုသတ်မည် ဆိုသည်ကို ပြောဖို့ခက်ခဲလှသည်။ ထို့ကြောင့် စုရှီ စိတ်ပူစရာ မလိုပေ။
သူ မြောက်ဘက်တွင် ရှိစဉ် ဤအရာကြောင့် ဝမ်းနည်းပြီး စိတ်ဓာတ်ကျကာ ကျိုက်ကျိုက်သည် သူမကို မလိုအပ်တော့ကြောင်း ခံစားခဲ့ရသည်။ သို့သော်လည်း ယခုတွင် စုရှီ သည် သူမ၏ စိတ်ဓာတ်ကို မိခင်တစ်ဦးမှ ချစ်သူရည်းစားအဖြစ်သို့ အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။ သူ့ရည်းစားမှာ အရည်အချင်းရှိပြီး တာဝန်သိတတ်သူဖြစ်ရာ စိတ်ပူစရာ မလိုသည်က ပို၍ မကောင်းပေဘူးလား။ သူ့မျက်နှာကို အနမ်းခြွေလိုက်သည်ကပဲ ပိုမကောင်းပေဘူးလား။
တကယ်တော့ စုရှီသည် နန်းတွင်းနှင့် နိုင်ငံရေးဒရာမာများကို ကြည့်ရသည်ကို အလွန်ပျော်သော်လည်း သူမ တကယ် ပါဝင်လာရသည့်အခါမူ သူမ၏ဦးနှောက်သည် အလုပ်မလုပ်သလိုပင် ခံစားမိသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ မိသားစုတစ်ဝက်သည် ထက်မြက်ပြီး ကျန်တစ်ဝက်မှာ ငါးဆားနယ်မျှသာဖြစ်သည်။
လုဟွမ်သည် အချို့ကိစ္စများကို စောင့်ရန် လိုအပ်သေး၏။ နေ့တိုင်း ရုံးတော်သို့ သွားစရာ မလိုတော့ပေ။ ထို့ကြောင့် နေ့ခင်းဘက်တွင် မနက်ပိုင်း အစိုးရကိစ္စများ ပြီးသည်နှင့် အလုပ်မှ ပြန်လာကာ မည်သူ့ကိုမျှ ဝင်ခွင့်မပြုရန် အပြင်မှ အစောင့်များအား အကြောင်းကြား၍ တစ်ရေးတစ်မော အိပ်ရန် ကြံစည်သော်လည်း လှည့်လိုက်သည်နှင့် စုရှီဘက်သို့ ရောက်လာခဲ့လေသည်။
စုရှီ၏မိဘများ အိမ်၌မရှိကြပေ။ စုရှီသာလျှင် သူမ၏အခန်းထဲတွင် အထုပ်တစ်ထုပ်ကို တိတ်တဆိတ် ဖွင့်နေသည်။ လုဟွမ်ကို သူမ တွေ့လိုက်သောအခါ မျက်လုံးများ တောက်ပလာပြီး "လာ အထုပ်ဖွင့်ကူပေးဦး" ဟု ပြောလိုက်သည်။
လုဟွမ်က သူ့အကျီရှည်ကို မြှောက်ကာ သူမဘေးမှာ ထိုင်ချလိုက်ပြီး သူ့ရှေ့ရှိ အထုတ်မှ လိပ်စာကို ကြည့်လိုက်သည်။ လိပ်စာသည် စုရှီအိမ်မှ ကီလိုမီတာ ထောင်ဂဏန်းနီးပါး ကွာဝေးသည့် စီရင်စုနှစ်ခုမှ ဖြစ်သည်။ လုဟွမ် သက်ပြင်းချလိုက်ပြီး " တစ်နေ့ကမှ ဝယ်ခဲ့တာကို ဒီနေ့ ရောက်လာတယ်၊ အရမ်းမြန်တာဘဲ"
စုရှီ က သူမလက်ထဲမှ ကတ်ကြေးကို ချလိုက်ပြီး သူ့ကိုကြည့်ကာ "လုဟွမ်၊ တစ်နေ့က ကျွန်မဝယ်တာ ရှင် ဘယ်လိုသိတာလဲ၊ ရှင် ကျွန်မကို ထပ်ချောင်းကြည့်တယ်!"
ဤသည်မှာ နှစ်ဖက်မြင်ရခြင်း၏ မကောင်းသောအရာဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် အချိန်မရွေး နေရာမရွေး တွေ့နိုင်ကြသည်။
လုဟွမ် ကြားခံမျက်နှာပြင်ကို ဖွင့်လိုက်သည်နှင့် သူမကို မြင်နိုင်ကြောင်း စုရှီ သိလိုက်သည့်အခါ သူမ၏ပါးများ ပူသွားသည်။ သူမသည် ဆံပင်ကို မကြာခဏလျှော်ရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့သည်။ နေ့တိုင်း ဆိုဖာပေါ်တွင် နာခံမှုရှိရှိ ထိုင်ပြီး နူးညံ့သိမ်မွေ့သည့် မိန်းကလေးတစ်ယောက်ဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစားသည်။
သို့သော်လည်း သူမသည် လေးရက်ကြာအောင်ပင် မထိန်းထားနိုင်ခဲ့…
သူမ၏ပုံရိပ်ကို ထိန်းသိမ်းရန်မှာ ပင်ပန်းလွန်းလှသည်… ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး အာလူးကြော်စားရင်း ပျင်းရိနေသည့် သူအဖြစ်သာ ပြန်ဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူမသည် လုဟွမ် ကို ကြားခံမျက်နှာပြင်ဖွင့်၍ သူ အလိုရှိတိုင်း မကြည့်ရန်၊ ကြည့်ချင်ရင် ကြိုပြောထားရမည်ဟူ၍ ပြောထားလေသည်။ အနည်းဆုံး သူမကို ရေချိုးခန်းထဲ အပြေးအလွှား သွားပြီး မိတ်ကပ်လိမ်းချိန်လေးတော့ ပေးဦးမှပေါ့!!
လုဟွမ် မတော်တဆ ပြောထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ သူသည် ရုတ်တရက် ပြောစရာ စကားပျောက်သွားလေ၏။
စုရှီဒေါသအလွန်ထွက်ပြီး ဆူပုတ်နေကာ "ပြီးတော့ ကျွန်မကဖြင့် ရှင် ရုံးတော်မှာ ရှိနေတဲ့အချိန်မှာ ဝယ်ခဲ့တာ!"
လုဟွမ်အတွက် အဝတ်အစားများ ဝယ်ပြီး သူ့ကို အံ့အားသင့်အောင် လုပ်ချင်ခဲ့သည်။ သူမကို ကြားခံမျက်နှာပြင်မှ မမြင်စေချင်သောကြောင့် ဖွင့်ဖို့ မဖြစ်နိုင်သည့် ရုံးတော်၌ ရှိနေမည့် အချိန်ကို တိတိကျကျ ရွေးချယ်ခဲ့သည်။
လုဟွမ်သည် သူ့ရှေ့တွင် အထုပ်ကို လက်ဗလာဖြင့် ဆုတ်ဖြဲလိုက်သည်။ သူ မော့ကြည့်လိုက်ပြီး "တရားရုံးအရာရှိတွေ ညီလာခံခန်းထဲမှာ ရန်ဖြစ်နေကြတာ။ ခေါင်းကိုက်တယ်"
ဆူညံလွန်း၍ သူသည် လိုက်ကာစခရင် ကို ဖွင့်ပြီး စုရှီ ငြိမ်သက်တိတ်ဆိတ်စွာနဲ့ လုပ်နေသည့်အရာကို မြင်ချင်ရုံသာ ဖြစ်သည်။
စုရှီသည် အထုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး အတွင်းမှ အဝတ်တစ်ဒါဇင်ကျော်ကို ထုတ်ယူလိုက်သည်။ "ဒါပေမယ့် ဒီလိုဆို ဘယ်လိုလုပ် စပရိုက်ဖြစ်တော့မှာလဲ"
လုဟွမ်သည် သူမအဝတ်အစားများ ထုတ်လိုက်သည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများသည် ရုတ်တရက် အံ့အားသင့်သွားလေသည်။ သူက အလွန် ဝမ်းသာသွားသည့် အမူအရာဖြင့်
"ရှောင်ရှီ မင်း ကိုယ့်အတွက် အဲဒါတွေဝယ်ခဲ့တာလား"
စုရှီ "…"
စုရှီ သည် သူ၏ တောက်ပနေသော မျက်လုံးများကို မြင်၍ ရယ်မောလိုက်လေသည်။ သူမက သူ့ ပုခုံးကို တို့လိုက်ပြီး
"ကောင်းပါပြီ၊ ဟန်ဆောင်တာကို ရပ်လိုက်ပါတော့"
လုဟွမ် သည် သူမ၏ အပြုံးကို မြင်ပြီး လိုက်ရယ်မိသည်။
စုရှီ သည် ကြမ်းပြင်ပေါ်တွင် ထိုင်ချနေရာ လုဟွမ်သည် သူမကို ဆွဲတင်ပြီး ပြောလိုက်၏။
"ကုတင်ပေါ်မှာ ထိုင်ပါ။ မင်းခြေထောက်တွေကို ဂရုစိုက်"
သူ မပြောလျှင် စုရှီ ခံစားမိမည် မဟုတ်ပါ။ မတ်တပ်ထရပ်လိုက်သည်နှင့် ခြေထောက်များ တကယ်ထုံသွားသလို ခံစားလိုက်ရသည်။ သူမသည် ကုတင်ပေါ်တွင် ထိုင်နေသော်လည်း ပိုထိုင်လေ၊ သူမ၏ ခြေထောက်များသည် ခြေချောင်းများမှ ဒူးအထိ ထုံနေလေလေ ဖြစ်သွားသည်။ စုရှီ အသက်ပြင်းပြင်းရှူရုံမှ မတတ်နိုင်။
"တကယ် ထုံနေပြီလား?"
လုဟွမ်က သူမကို မတ်တတ်ရပ်ရန် ကူပြီး ခြေလှမ်းအနည်းငယ် လှမ်းခိုင်းလိုက်သည်။ အနည်းငယ် သက်သာလာပြီးနောက် သူမကို ကုတင်ပေါ် ထိုင်ခိုင်းလိုက်ပြန်သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သူမရှေ့တွင် သူလည်း ငုတ်တုတ်ထိုင်ချလိုက်သည်။ သူ၏ ဘယ်လက်က သူမ၏ ခြေကျင်းဝတ်ကို ကိုင်ကာ ညာလက်က သူမ၏ ဖိနပ်ပါးကို ချွတ်ပြီး ခြေဖဝါးပေါ်ရှိ ယုံချွမ်အာရုံကြောအမှတ် ကို ညင်သာစွာ ပွတ်သပ်ပေးသည်။
စုရှီ အနည်းငယ်ရှက်သွားပြီး သူ ခွန်အားကို အလွန်အကျွံအသုံးမပြုဘဲ နှိပ်ပေးရာ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ဓမ္မတာလာစဉ် ကိုက်ခဲသည့် ဝေဒနာကိုပင် သက်သာရာရစေသလို ခံစားရသည်။ သူမ ရှက်၍ မျက်နှာကို အဝေးသို့ လွှဲထားလိုက်သည်။
ခဏအကြာ စုရှီ ခြေထောက်ကို သိမ်းလိုက်ပြီး သူ့အား ပြောလိုက်သည်။
"မြန်မြန် စမ်းဝတ်ကြည့်"
လုဟွမ် ခေါင်းကိုလှည့်ကာ ကြမ်းပြင်ပေါ်ရှိ အဝတ်အစားများကို ကြည့်လိုက်သည်။ သူ သူမကို ပြန်လှည့်ကြည့်လိုက်ပြီး “ဒါဆို မင်း အဲဒီနေ့က ငါ့အရွယ်အစားကို တိုင်းတာက ဒီဟာအတွက်လား” ဟုမေးသည်။
"မဟုတ်ရင်ကော?" စုရှီ ပြုံး၍ ပြန်ဖြေသည်။
လုဟွမ်သည် သူမရှေ့တွင် ဒူးထောက် ထိုင်နေဆဲဖြစ်၏။
"ကိုယ် နင်းဖူမင်းသားအိမ်တော် ရှိတုန်းက တစ်နေ့မှာ ညစ်ပတ်နေတဲ့ ဗီရိုထဲမှာ ဝတ်ရုံတန်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရတယ်။ အဲဒီတုန်းက ဘယ်သူက ကိုယ့်ကို တိတ်တဆိတ် ကူညီပေးနေတာလဲလို့ပေါ့။ အဲဒီတုန်းကတော့ တစ်စုံတစ်ယောက်ကိုမှ တွေးလို့မရဘူး။ တခြားကမ္ဘာမှာရှိတဲ့ မင်းရဲ့အသွင်အပြင်ကို ကိုယ် စိတ်ကူးယဉ်ကြည့်လို့ မရခဲ့ဘူး"
သူ ထိုသို့ပြောသည့်အခါ စုရှီ၏ အကြည့်က သူ့ရင်ဘတ် ညှပ်ရိုးပေါ်ရှိ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုပေါ်ကို ရောက်သွားသည်။ ထိုနေရာ၌ တိမ်မြုပ်နေသည့် အမာရွတ်တစ်ခုရှိသည်။ စုရှီ ပြုံးပြီးပြောသည်။
"အဲဒီတုန်းက ရှင် ဘာတွေတွေးနေလဲ ကျွန်မ မသိဘူးထင်လား၊ ရှင်က အရမ်းသတိကြီးပြီး ရှင့်ဆီကို ပို့ပေးတဲ့လူကိုတောင် လူဆိုးကြီးလို့ ထင်နေတာလေ "
လုဟွမ်က သူမစကားကို ကြားပြီး ပြုံးလိုက်သည်။
စုရှီသည် သူ၏ လှပသောအပြုံးကို တွေ့ပြီး စိတ်ချမ်းသာသော်လည်း အနည်းငယ် ဝမ်းလည်းနည်းမိသည်။ သူမ လက်ကို ဖြန့်ကားလိုက်ပြီး
“ဖက်ပါဦး"
လုဟွမ်သည် မတုန့်ပြန်ဘဲ နားရွက်များ နီလာသည်။ “ဘာလို့ ရုတ်တရက်ကြီး ဖက်ခိုင်းတာလဲ"
စုရှီ အနည်းငယ် ရှက်သွားကာ "မြန်မြန်၊ မဖက်ချင်ဘူးလား၊ မဖက်ချင်လည်း မေ့လိုက်တော့"
သူမစကားမဆုံးခင်မှာပင် လုဟွမ် ရုတ်တရက်ထရပ်ပြီး သူမကို ဖက်ထားလိုက်သည်။ စုရှီက ကုတင်ပေါ်ထိုင်နေ၍ အနောက်ကို အနည်းငယ် ဖိလိုက်သလို ဖြစ်သွား၏။ သူမခါးသည် အနည်းငယ် အဆင်မပြေဖြစ်၍ တိုးတိုးလေး ညည်းမိသည်။
လုဟွမ်ခံစားမိသည်မို့ လှည့်ကြည့်လိုက်ပြီး ကုတင်စွန်း၌ ထိုင်လိုက်သည်။ သူက စုရှီ၏ခါးကို ဆွဲကိုင်လိုက်ပြီး သူ့ပေါင်ပေါ် အလွယ်တကူပင့်တင်လိုက်သည်။
သူသည် စုရှီ ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး ခေါင်းကို သူမ လည်ပင်းနား နစ်မြှုပ်လိုက်သည်။
စုရှီ သည် သူမနှင့်နီးစပ်သော လူငယ်၏ရင်ဘတ်အတွင်း နှလုံးခုန်သံကို ခံစားလိုက်ရပြီး သူ၏ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှုကိုပါ ခံစားမိခဲ့သည်။ သူသည် သူ၏ တစ်ဦးတည်းသော ချစ်ရသူကို ရိုးရိုးရှင်းရှင်း ပွေ့ဖက်ထားမိသည်။ စုရှီသည် လုဟွမ်၏လည်ပင်း၌ လက်ကို ယှက်တင်လိုက်ပြီး
"အားလုံးက ပြီးခဲ့ပါပြီ"
လုဟွမ် ခေါင်းခါပြီး "မင်း ကိုယ့်ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး။ အဲဒီအချိန်က ခါးသီးတယ်လို့ ကိုယ် မထင်ဘူး"
စုရှီ: "ဘာလို့လဲ"
လုဟွမ်: " ပထမ ဆယ့်လေးနှစ်မှာပဲ ကိုယ်လက်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားခဲ့ရတာ။ ခုတော့ အဲ့အဖြစ်အပျက်ကိုတောင် မမှတ်မိတော့ဘူး။ နှင်းတွေထူထပ်တဲ့ ညတစ်ညမှာ ထဲက ရေနွေးအိုးထဲကို ရေတွေ ရောက်လာတဲ့အချိန်ကနေ ဘဝက စတင်လာသလို ခံစားလိုက်ရတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုတွေက ရှင်းရှင်းလင်းလင်း ဖြစ်လာတော့… အရင်က နင်းဖူမင်းသားမှာ ကျွန်ဘယ်နှစ်ယောက်ရှိလဲ၊ သူတို့ ဘယ်လိုပုံစံလဲဆိုတာကို ကိုယ် လုံးဝဂရုမစိုက်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ရင် ကြားခံမျက်နှာပြင်ကိုတော့ စောစော ပေါ်လာစေချင်တယ်"
စုရှီ တုန်လှုပ်သွားသည်။ သူမသည် လုဟွမ်၏ရင်ဘတ်မှ ခေါင်းကိုမော့ပြီး သူ့ကိုကြည့်လိုက်သည်။
လုဟွမ်လည်း ခေါင်းမော့ပြီး သူမကို ငုံ့ကြည့်သည်။ သူက ပြုံးပြီး "မင်းအတွက် မီတာ ၈၀၀ ကို အကြိမ်အနည်းငယ် ကူပြေးပြီး မင်းရဲ့ အိတ်ကပ်ထဲ မုန့်ဖိုးတွေ လျှို့ဝှက်ပြီး ထည့်ထား ပေးချင်တယ်"
"မုန့်ဖိုး?!" စုရှီ ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
"ရှင့်စကား ရှင်မှတ်ထားနော်။ ရှင့်အတွက် အဝတ်အစားတွေ ဝယ်ဖို့ ကျွန်မ ပိုက်ဆံ အများကြီးကုန်သွားပြီ။ မွဲလုနီးပါး ဖြစ်နေပြီ။"
လုဟွမ်သည် သူ့ရင်ဘတ်ထဲသို့ လက်ထည့်ကာ တစ်ခုခုကို နှိုက်ရှာကြည့်သည်။ ရုတ်တရက် သူသည် ဆောက်လုပ်ရေးဘဏ်မှ ကတ်တစ်ကတ်ကို ထုတ်ကာ သူမထံသို့ ပေးလိုက်သည်။
စုရှီ စိတ်ရှုပ်သွားသည်။
လုဟွမ်က "ကိုယ်မှာ အိုင်ဒီ ကတ်ရှိပြီး အကောင့်လည်း ဖွင့်ထားတယ်။ ဒါက ဘဏ်ကတ်တစ်ခု ၊ပိုက်ဆံက..."
လုဟွမ်သည် အချိန်တစ်ခုခန့် ရှေးကျသော ငွေတုံးနှင့် ကျောက်မျက်ရတနာများကို ပြန်လည်ရောင်းချရန် တစ်စုံတစ်ဦးအား အကူအညီတောင်းခဲ့သည်။ ရလာသည့် ငွေအားလုံးကို ကတ်ထဲသို့ လွှဲပြောင်းပေးခဲ့ရာ မည်မျှရှိသည်ကို မမှတ်မိသော်လည်း ဂဏန်းခြောက်လုံးထက် ပိုရှိနေပါလိမ့်မည်။
"ပိုက်ဆံနည်းနည်းတော့ ရှိမှာပါ။ စကားဝှက်က မင်းမွေးနေ့။ နောက်နေ့ သွားစစ်ကြည့်လို့ရတယ်"
စုရှီ သူ့ရင်ခွင်ထဲမှ ရုတ်တရက်ထလိုက်ကာ သူမ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ လုဟွမ် သည် ရှေးခေတ်က တစ်ခုခုကို ပေါ့ပေါ့တန်တန် ယူဆောင်လာပြီး ငွေအမြောက်အမြားဖြင့် ရောင်းချနိုင်သည်ဟု သူမ အဘယ်ကြောင့် မတွေးမိခဲ့သနည်း။ ဂိမ်းစနစ်က သူ့ဖခင်အရင်းကဲ့သို့ ဖြစ်ရာ သူမသည် အမှတ်သုံးရာကျော်ထိ စောင့်ဆိုင်းနေရချိန်၌ သူက အမှတ်နှစ်ရာဖြင့်သာ ရွှေ့ပြောင်းနိုင်ခဲ့သည်။
"ဖုန်းဝယ်!" စုရှီ က လုဟွမ်ကို ခေါ်ထုတ်ပြီး "ပိုက်ဆံရှိတုန်း ဖုန်းဝယ်ကြရအောင်။ လုပ်ဆောင်ချက်တွေကို အရင်သင်ပေးမယ်။ ဟောက်ကျင်းချွမ်ဆီက မလေ့လာနဲ့။ သူ ရှင့်ကို မကောင်းတာတွေသင်ပေးမှာကို ကျွန်မ ကြောက်တယ်"
လုဟွမ်က ပြုံးပြီး ကူကယ်ရာမဲ့ဖြင့် "အဝတ်အစား အရင်ပြောင်းရမယ်ထင်တယ်"
"ဟုတ်တယ်၊ ဟုတ်တယ်" စုရှီသည် မမျှော်လင့်ထားသော အခြေအနေကြောင့် မူးဝေနေပြီဖြစ်သည်။
သူမက ကတ်ကို ဝမ်းသာအားရ ကိုင်လိုက်ပြီး
"မြန်မြန်အဝတ်လဲ။ ဟိုဘက်လှည့်ထားမယ်!"
"ဘယ်တစ်ခုဝတ်စေချင်လဲ" လုဟွမ်သည် ကြမ်းပြင်ပေါ်တွင် မရှင်းရသေးသော ၀တ်စုံများကို ကြည့်လိုက်သည်။
ထိုလက်တိုအင်္ကျီဆွယ်တာများက သူ့မျက်လုံးထဲ၌ အတူတူသာ ဖြစ်နေရာ အဝတ်အစားပုံစံကိုပင် မပြောနိုင်ချေ။
“ဒီနေ့ သိပ်မပူသလိုဘဲ…”
စုရှီက လှည့်ကြည့်လိုက်ပြီး အနက်ရောင် အရိုးစုပုံနှင့် ဆွယ်တာအင်္ကျီ၊ အရောင်ဖျော့ဖျော့ ဘောင်းဘီရှည်တစ်ထည်နှင့် အဖြူရောင် ဖိနပ်တစ်ရံကို ကောက်ယူလိုက်သည်။ သူမသည် သူ့ကို စိတ်လှုပ်ရှားစွာ ပေးလိုက်ပြီးနောက် တံခါးကိုပိတ်ကာ ထွက်သွားလေသည်။ စုရှီ အနည်းငယ် စိတ်လှုပ်ရှား နေ၏။ သူ့ချစ်သူ ၀တ်စားဆင်ယင်မှုကို ကြည့်ရသည်မှာ သူမ အကြိုက်ဆုံး အပိုင်းပင်။
ခဏအကြာတွင် တံခါးပွင့်လာသည်။
လုဟွမ်သည် ကြမ်းပြင်ပေါ်ရှိ ပါဆယ်ထုပ်များကို သိမ်းဆည်းပြီး ကုတင်ခြေရင်းတွင် ထားလိုက်သည်။ ထို့နောက် အထုပ်ကို ထုပ်ပိုးပြီး ထွက်လာခဲ့သည်။
"ပြီးပြီလား?" စုရှီ သည် တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေခဲ့သည်။
သူ၏အနက်ရောင်ဆံပင်သည် ရေတံခွန်ကဲ့သို့ ရှည်လွန်းသော်လည်း ဤအချိန်တွင် အတိုမဖြတ်နိုင်ပေ။ သူသည် အစိုးရကိစ္စများကို ကိုင်တွယ်ရန် ယန်မင်းဆက်သို့ ပြန်သွားရမည်ဖြစ်၍ သူမသည် ပါဆယ်ထုပ်ထဲမှ ဦးထုပ်တစ်ခုကိုသာ ထုတ်ယူပြီး ဆောင်းခိုင်းထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ့နှာခေါင်းတံမှာ မြင့်ပြီး ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်ရာ သူ့မျက်နှာ၏ ချောမောမှုက လိင် ခွဲခြားဖို့ မှားစေမည်မဟုတ်ပါ။
စုရှီ သည် လုဟွမ် ဤကဲ့သို့ ၀တ်ဆင်ထားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် အရပ် ၁.၈၅ မီတာရှိပြီး သန့်ရှင်းသော အဖြူရောင်ဖိနပ်နှင့် အင်္ကျီဆွယ်တာပွကြီးကို ၀တ်ဆင်ထားသည်။ ပုခုံးကျယ်ပြီး ခြေတံရှည်ရှည်နှင့် လေဆိပ်ဖက်ရှင်ရှိုးတစ်ခု၌ လမ်းလျှောက်နေသည့် လူငယ် အိုင်ဒေါလ်တစ်ယောက်ကဲ့သို့ပင်၊ လူအုပ်ထဲ၌ သူ ဘယ်မှာရပ်နေသည် ဖြစ်စေ ပေါ်လွင်နေမည်မှာ အသေချာပင် ဖြစ်သည်။
"ဘာဖြစ်လို့လဲ" လုဟွမ်သည် စုရှီ မျက်လုံးမခွာနိုင် ဖြစ်နေသည်ကို မြင်လိုက်ရပြီး အနည်းငယ်ရှက်သွားသည်။ အထူးသဖြင့် သူ့ရင်ဘတ်ပေါ်ရှိ ဦးခေါင်းခွံနှစ်ခုပုံနှင့် ဤမင်းဆက်၏ ၀တ်စားဆင်ယင်မှုကို မရင်းနှီးသေးပေ။ ၎င်းသည် မည်သည့် ဗေဒင်ဗေဒ အမျိုးအစားဖြစ်သည်ကို သူ မသိသော်လည်း စုရှီ ဝယ်ယူခဲ့ခြင်းကြောင့် သူသည် မည်ကဲ့သို့ မကြိုက်သည်ကို မထုတ်ပြနိုင်ခဲ့ပေ။
"အရမ်း မိုက်တယ်" စုရှီ၏ မျက်လုံးများ တောက်ပလာသည်။
လုဟွမ်ကို သဘောကျရတဲ့ အကြောင်းအရင်း တစ်ဝက်လောက်က သူ့မျက်နှာကြောင့် ဖြစ်ကောင်းဖြစ်နိုင်၍ သူမရှေ့၌ သူ့မျက်နှာကို သဘာဝအတိုင်း ပြသဖို့ ဆန္ဒရှိနေသည်။
သို့သော် အပြင်လူများ၏ စိုက်ကြည့်ခံရခြင်းကို မကြိုက်သည့်အတွက် မျက်မှောင်ကြုတ်ကာ အပြင်ထွက်ပြီး မက်စ် ဝယ်ရန်ပင် စဉ်းစားမိလေသည်။
သို့သော်လည်း သူ မမေးလိုက်မီ စုရှီ သည် ရုတ်တရက် သူ့ရင်ခွင်ထဲသို့ စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူ့လက်များကြား တိုးဝင်လာသည်။
"ဝူးဝူးဝူး ရှင်က အရမ်းချောတာပဲ၊ ကျွန်မ ရှင့်ကို အရမ်းကြိုက်တယ်"
စုရှီသည် သူ့ခါးကို ပွေ့ဖက်ထားပြီး လက်မလွှတ်ဘဲ သူမခေါင်းကို သူ့လက်များဖြင့် ပွတ်သပ်လိုက်သည်။
လုဟွမ်: "…"
သူ ပြောချင်သည့်အရာကိုပင် ယခု လုံးလုံး မေ့သွားခဲ့သည်။