Chapter 73
Vol. 8 Ch. 73
လတ်တလော မြို့တော်ထဲမှာဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေ ရန်ပွဲတွေကိုကြည့်ပြီး တစ်ခုခုထူးဆန်းနေတာဆိုတာ လုဟွမ် ခံစားမိသည်။
တော်ဝင်ရုံးတော်က ဖမ်းထားခဲ့တဲ့လူတွေကို ကြည့်မယ်ဆိုရင် ဒီအမှုတွေမှာ တူညီတာမရှိပေ။ မတူညီတဲ့အချိန်အတွင်း မတူညီတဲ့နေရာအသီးသီးမှာ ရုတ်တရက် ဆူပူမှုတွေ ဖြစ်နေခြင်းပင်။ နောက်ဘယ်နေရာမှာ ထပ်ဖြစ်မလဲဆိုတာကိုလဲ ဘယ်သူမှ မခန့်မှန်းနိုင်ကြတာမလို့ တန်ပြန်ဆောင်ရွက်ရမယ်ဆိုရင် ပြည်သူတွေကို ကိုယ့်ကိုယ်ကို လုံခြုံအောင်နေဖို့သာ သတိပေးဖို့ ရှိတော့သည်။
အဆက်အစပ်မရှိဘူးလို့ ထင်ရပေမယ့် လုဟွမ် သတိပြုမိတဲ့တစ်ချက်ရှိသည်။ တော်ဝင်ရုံးချုပ်ရဲ့ မှတ်တမ်းတွေအရ အဆိုပါအမှုနှစ်ခုမှာ ပါဝင်သူတွေဟာ ဆင်းရဲနွမ်းပါးကြပေမယ့် မှုခင်းဖြစ်တဲ့နေရာဟာ မြို့တွင်းရှိ အနောက်ဈေး ဖြစ်နေခြင်းပင်။
မြို့တော်မှာ ဈေးကြီးနှစ်ခုရှိပြီး အရှေ့ဈေးနဲ့ အနောက်ဈေးဖြစ်၏။
အနောက်ဈေးတွင် ရေသယ်ယူပေးတဲ့ မြစ်ရှိတာမလို့ "ဟူ"ကုန်သည်တွေနဲ့ ကုန်သွယ်မှုအများအပြားရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အနောက်ဈေးမှာ ရောင်းချတဲ့ ပစ္စည်းအားလုံးနီးပါးဟာ ရှားပါးပစ္စည်းတွေ ဖြစ်လာပြီး သားရဲကောင်ထူးထူးဆန်းဆန်းတွေ၊ ရွှေ၊ ငွေနဲ့ တန်ဖိုးရှိလက်နက်တွေ ဖြစ်သည်။ တော်ဝင်နန်းတော်ကလူတွေနဲ့ ရာထူးမြင့်အရာရှိတွေ၊ အထက်တန်းလွှာတွေသာ ဝယ်ဖို့တတ်နိုင်ကြလေ၏။
အရှေ့ဈေးဟာ ကောင်းကင်ဘုံလမ်းနဲ့ ဆက်ထားတာမလို့ မြို့သူမြို့သားများ၏ ဈေးဝယ်၊ အရောင်းအဝယ်လုပ်၊ မီးပုံးပွဲတော်ကျင်းပဖို့ လူစုတဲ့နေရာဖြစ်သည်။
အနောက်ဈေးက မြေတွေမှာ ဈေးကြီးပြီး အရေးပါသည့် တော်ဝင်ရုံးတော်ရှိ အရာရှိတွေရဲ့ အိမ်တော်တွေသာ ရှိသည်။ အရင်ကဆို လုဟွမ်ဟာ မင်းသားနင်းဖူရဲ့အိမ်တော်မှာ နေခဲ့၏။ ဘာလို့ဆို မင်းသားနင်းဖူက အာဏာကျဆင်း နေခဲ့သောကြောင့် သူ၏အိမ်တော်က အရှေ့ဘက်စျေးရှိ ချောင်ကျသော နေရာတွင် တည်ရှိသည်။
တစ်နည်းဆိုရသော် သာမန်ပြည်သူတွေက မြို့ပြင်မှာ ဈေးသက်သက်သာသာဖြင့် ပစ္စည်းကောင်းတွေ ဝယ်ယူကြသည်။ သူတို့လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိရင် မြို့ထဲက အသင့်အတင့်ပိုက်ဆံရှိတဲ့လူထဲမှာပါပြီး အများစုကတော့ ရိက္ခာတွေဝယ်ဖို့ အရှေ့ဈေးကို သွားကြသည်။ အနောက်ဈေးကို လာတဲ့သူအများစုဟာ အထက်တန်းလွှာတွေရဲ့ သားသမီးတွေသာဖြစ်ပြီး သူတို့ကို မတော်တဆ ဝင်တိုက်မိပါက အသက်ဆုံးရှုံးရတဲ့ထိတောင် ဖြစ်နိုင်၏။
ဒါကြောင့် ဒီရာဇဝတ်သားနှစ်ယောက်က ဆင်းရဲတဲ့မိသားစုက ဖြစ်ပေမယ့်လည်း အနောက်ဈေးမှာ ပြစ်မှု လာကျူးလွန်တယ်ဆိုတာ အရမ်းထူးဆန်းနေသည်။
မှုခင်းဖြစ်ပွားတဲ့နေ့တွင် သူတို့က အနောက်ဈေးမှာ ဘာလုပ်နေကြတာပါလိမ့်။
လုဟွမ်က သူ့လူယုံနှစ်ယောက်ကို ဒီကိစ္စအား တိတ်တဆိတ်စုံစမ်းဖို့ တာဝန်ပေးလိုက်သည်။ သူတို့တွေဟာ မှုခင်းဖြစ်ပွားတဲ့နေ့က သေရည်ဆိုင်တွေ ပြည့်တန်ဆာအိမ်တွေရဲ့ ပိုင်ရှင်တွေ ဘာပြောလဲဆိုတာကိုတော့ မစစ်မေးခဲ့ကြပေ။ ရာဇဝတ်သားတွေကို မဖမ်းခင်တည်းက တော်ဝင်ရုံးတော်က မေးခဲ့ပြီးပြီ ဖြစ်လေသည်။ ဒီလူတွေက လာဘ်ထိုးဖို့ လွယ်တာကြောင့် ထပ်မေးရင်လဲ အားကုန်ရုံပဲရှိမှာမလို့ သူ့လူယုံတွေကို မှုခင်းဖြစ်တဲ့နေ့ ရှီမြို့ထဲ အဝင်အထွက်လုပ်ခဲ့သူတွေကို စုံစမ်းထားခိုင်းလိုက်သည်။
ရှီ မြို့တွင် လူအများအပြား နေထိုင်ပြီး ရုံးတော်၏ အာဏာသက်ရောက်မှုကလည်း မတည်းကြပ်ပေ။ ထို့ကြောင့် အမြတ်ခွန်ရုံးတော် နှင့် ပူးပေါင်းပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ် အလွန်အမင်း အခက်တွေ့နေခဲ့သည်။ ဤသို့သောအကြောင်းများကြောင့် လုဟွမ်သည် စာရင်းကို ရရှိရန် နှစ်ရက်ကြာမြင့်ခဲ့သည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ရှီမြို့တွင် ရှိခဲ့ကြသော လူများကို ရှာဖွေရန် သူ့လက်အောက်ငယ်သားများကို စေလွှတ်ခဲ့သည်။ ထိုနည်းဖြင့် ဝင်ထွက်သွားလာနေသာ ထောင်သောင်းချီသည့် လူများကြားမှ တစ်ရာကိုးဆယ့်ရှစ်ယောက်ကို ရွေးချယ်နိုင်ခဲ့သည်။
ထို၁၉၈ယောက်ထဲမှာမှ လုဟွမ် အာရုံစိုက်မိတဲ့ လူနည်းနည်းရှိသည်။
သူတို့ကြားမှာ ဦးထုပ်ချွန်ချွန်ဆောင်းထားပြီး ဝတ်ရုံရှည်ဝတ်ထားသည့် ဟူ ကုန်သည်ကြီးရှိသည်။ သူဟာ လွန်ခဲ့တဲ့နှစ်လကမှ ထင်းတွေ ကော်ဇောတွေပို့ဖို့ မြို့ကိုရောက်လာသည့် အနောက်ဘက်နယ်မြေမှ ကုန်သည်တစ်ဦးပင်။ မြို့ကို ခဏခဏ လာခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်လအတွင်း ဘာအရောင်းအဝယ်မှတ်တမ်းမှ ရှိမနေပေ။
လုဟွမ်က စစ်တပ်ရေးရာဝန်ကြီးရဲ့အိမ်တော်ဆီ သွားရောက်ခဲ့သည်။ အနောက်ဘက်နယ်မြေမှ လူများ ယန်တိုင်းပြည်၏ နယ်မြေထဲသို့ ဝင်ရောက်လာပါက အကောက်ခွန် စာရင်းရှင်းတမ်းတစ်ခု ပြုလုပ်ရန် လိုအပ်သည်။ ဒါအပြင် စစ်တပ်စခန်းသို့ သွားတာ စစ်ဆေးခံရမည်။ ထိုလူများက သူခိုးများ ဖြစ်ပါက ယန်တိုင်းပြည်ထဲသို့ ဝင်ခွင့်ရနိုင်မည် မဟုတ်ပေ။ စစ်တပ်ရေးရာဝန်ကြီး က ထို ဟူ ကုန်သည်များ၏ စစ်ဆေးမှု မှတ်တမ်းများကို လက်ခံရရှိသင့်သည်။
စစ်တပ်ရေးရာဝန်ကြီးက သူ့ကို သိုလှောင်ခန်းဆီ ခေါ်သွားပြီး လက်အောက်ငယ်သားနှစ်ဦးက တောင်ပေါ်မှလာသည့် ဟူ ကုန်သည်ရဲ့ အကောက်ခွန်စာရင်းရှင်းတမ်းတွေကို အချိန်အတော်ကြာ ရှာခဲ့ရသည်။ မြောက်ပိုင်းစစ်သားတွေကို စစ်ဆေးရလျှင် သူတို့ရဲ့စိတ်မှာ အရိုင်းမဆန်ကြပေမယ့် သူ့မျက်လုံးတွေမှာတော့ သိမ်းငှက်တစ်ကောင်လို စူးရှပြီး အကဲခတ်နိုင်စွမ်း မြင့်မားသည်။
လုဟွမ် လတ်တလောအတွင်း ဒီကိစ္စကို လျို့ဝှက်စုံစမ်းနေတာ စစ်တပ်ရေးရာဝန်ကြီးက သိထား၏။ လုဟွမ်က အကောက်ခွန်စာရင်းရှင်းတမ်းမိတ္တူကို ပိတ်တာမြင်တော့ နောက်လှည့်ကာ တံခါးကိုပိတ်၍ မေးသည်။
"မင်းသားကိုး၊ ဘယ်လိုနေလဲ"
"ဒီကိစ္စကို တော်ဝင်ရုံးတော် တွေ့ထားသလို မရိုးရှင်းမှာ စိုးနေတာ"
လုဟွမ် ပြောလိုက်သည်။
စုံစမ်းပြီးနောက်မှာတော့ သူဟာ မြို့ထဲလတ်တလော ဖြစ်ပွားနေတဲ့ ဓားပြမှုတွေအတွက် လုံးဝကွဲကွဲပြားပြား ခန့်မှန်းမိသွားသည်။
လုဟွမ် မျက်မှောင်ကြုတ်လျက် စစ်တပ်ရေးရာဝန်ကြီးအား ပြောလိုက်၏။
"ရှီမြို့ကို တစ်ခါမှ မရောက်ဖူးတဲ့ ကုန်သည် နှစ်ယောက်က ရှီမြို့ထဲက နစ်နာသူ အမျိုးသမီး နှစ်ယောက် သတ်လိုက်တယ်"
စစ်တပ်ရေးရာဝန်ကြီးက ဒီစကားကိုကြားတော့ ပြောလာသည်။
"ကောင်းကင်သားတော်ရဲ့ ခြေတော်ရင်း မှာ ဖြစ်တဲ့ မှုခင်းနဲ့ ကျေးလက်နယ်မြေမှာ ဖြစ်တဲ့ မှုခင်းကို ဖြေရှင်းပုံခြင်း ဘယ်တူပါ့မလဲ။ မြို့တော်က မှုခင်းတွေကို ဖြေရှင်းတဲ့သူတွေကလဲ သူတို့ခေါင်းက ခေါင်းဖြတ်စက် ပေါ်တင်ထားရသလိုပဲ။ ပြီးတော့ မယ်တော်မိဖုရားကြီးက ဒီရက်ပိုင်းအတွင်းမှာပဲ လုပ်ကြံခံထားရသေးတယ်။ ဧကရာဇ်က အရမ်းဒေါသထွက်ပြီး ဒီကိစ္စကို မြန်မြန်စုံစမ်းဖို့နဲ့ ရာဇဝတ်သားတွေကို ထောင်သွင်းအကျဉ်းချဖို့ အမိန့်ပေးထားတာလေ။ သူတို့ကို ဖုံးကွယ်ပေးရဲတယ်ဆိုရင် ဒါဟာ ဧကရာဇ်ကို လိမ်လည်မှုမြောက်တယ်။ အခုအခြေအနေတွေက အရမ်းတင်းမာနေတာကို ဘယ်သူကအဲဒီလိုလုပ်ရဲမှာလဲ"
လုဟွမ်က စစ်တပ်ရေးရာဝန်ကြီးကို စိုက်ကြည့်လိုက်သည်။
စစ်တပ်ရေးရာဝန်ကြီးရဲ့ စကားတွေမှာ မေးခွန်းထုတ်စရာဖြစ်နေပေမယ့်လည်း လုဟွမ်က ပြောချင်တာကို နားလည်လိုက်သည်။
ဒီကိစ္စဟာ မြို့တော်မှာ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပြီး လက်ရှိမှာတော့ မင်းသားငါးနဲ့ တော်ဝင်ရုံးတော်က အမှုကို စုံစမ်းနေကြသည်။ တော်ဝင်ရုံးတော်ဟာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထားပြီး ရုံးတော်မှာ တိုင်ချက်ဖွင့်ပြီးပြီဖြစ်၏။ သို့သော်ငြား သူတို့ဖမ်းမိသူမှာ မှားယွင်းစွပ်စွဲခံရသူ ဖြစ်နေသည်။ ဧကရာဇ်ကတော့ ဒီကိစ္စကို ဖြေရှင်းပြီးပြီ ထင်ပြီး စိတ်ကျေနပ်နေကာ တော်ဝင်ရုံးတော်က အလွန်တာဝန်ကျေတယ်လို့ ထင်နေသည်။
သို့သော်ငြား အတွင်းကျကျ စုံစမ်းကြည့်ပါက သူတို့ဟာ လူမှားဖမ်းမိပြီး "ဟူ"ကုန်သည်ကို တစ်ယောက်ယောက် ဖုံးကွယ်ပေးနေတယ်ဆိုတာ သိရလိမ့်မည်။ ဧကရာဇ်က သက်တော်လေးဆယ်ကျော်နေပြီး သူဟာ ရုံးတော်ကိစ္စတွေမှာ ပေါ့လျော့နေပေမယ့် တုံးအတဲ့သူတော့ မဟုတ်ပေ။ မဟုတ်ရင် ဧကရာဇ်နေရာမှာ ဘယ်လိုမှ ထိုင်နိုင်မည် မဟုတ်ပါလေ။ ဒီကိစ္စကို ဧကရာဇ် မသိသေးလို့သာပင်၊ တကယ်လို့ လဝက်လောက်ကြာပြီးတဲ့အထိ မသိသေးပါက တစ်ယောက်ယောက်ကတော့ မခန့်လေးစား လုပ်ပြီး သိအောင်လုပ်မှာဖြစ်သည်။
အချိန်တန်ရင် တော်ဝင်ရုံးတော်ရဲ့ ပေါ့ဆမှုကြောင့် လူမှားဖမ်းမိတဲ့ကိစ္စရော "ဟူ"ကုန်သည်ကို ကာပေးဖို့အတွက် လာဘ်ယူခဲ့ပြီး အပြစ်မဲ့ပြည်သူကို အကျဉ်းချခဲ့တဲ့ကိစ္စရော ပေါ်သွားလိမ့်မည်။
မင်းသားငါးကလဲ အပြစ်တင်ခံရခြင်းမှ လွတ်ဖို့ တော်တော်ခက်မည်ပင်။
ဧကရာဇ်အမျက်တော်ရှပြီး တော်ဝင်ရုံးတော်ကို ဖျက်သိမ်းနိုင်သလို မင်းသားငါးကိုလဲ ထုတ်ပယ်နိုင်လေသည်။
သို့သော်ငြား ဒီကိစ္စဟာ အဲဒီလောက်ရိုးရှင်းနေမယ်ဆိုရင် ထူးဆန်းနေလိမ့်မည်။
လုဟွမ်က
"ကျွန်တော်အဲဒီ"ဟူ"ကုန်သည်ကို စုံစမ်းကြည့်တော့ လွန်ခဲ့တဲ့နှစ်လအတွင်း မြို့ထဲမှာ ဘာအရောင်းအဝယ်မှ မလုပ်ခဲ့ဘူးတဲ့။ သူ့နောက်ကြောင်းကရှင်းတာမလို့ သူဘယ်သူ့အတွက် အလုပ်လုပ်နေလဲဆိုတာ ရှာဖို့ဖြစ်နိုင်ချေသိပ်မရှိပေ။ သို့သော် မနှစ်က အိမ်ရှေ့စံမင်းသားရဲ့ မွေးနေ့မှာ သူက အိမ်ရှေ့စံမင်းသားအိမ်တော်ရှေ့ကနေ ဖြတ်လာရင်း မွေးနေ့လက်ဆောင်အဖြစ် ရှားပါးတဲ့ရတနာတွေ ပေးခဲ့တယ်။ စုံစမ်းကြည့်ရသလောက် သူနဲ့အိမ်ရှေ့စံမင်းသားသာ ဖြစ်နိုင်တော့တယ်။”
သူတောင် ဒီလောက်ထိ ရှာနိုင်တယ်ဆို ဧကရာဇ်လဲ ရှာတွေ့နိုင်သွားလိမ့်မည်။
စစ်တပ်ရေးရာဝန်ကြီးက
"အရှင့်သားပြောချင်တာက အိမ်ရှေ့စံမင်းသားက မင်းသားငါးကို ထောင်ချောက်ဆင်ဖို့ "ဟူ"ကုန်သည်နဲ့ အလုပ်တွဲ လုပ်နေတယ်ပေါ့။ ဒါပေမယ့် အိမ်ရှေ့စံက အဲဒီလောက် ဉာဏ်မများပါဘူး။ ဝန်ကြီးချုပ်ဘက်က လုပ်တာမဟုတ်ဘူးဆိုရင် မင်းသားငါးက သူ့ကိုယ်သူ ထိခိုက်ခံပြီး အိမ်ရှေ့စံရဲ့ယုံကြည်မှုကို ရအောင်လုပ်တာလဲ ဖြစ်နိုင်တယ်"
"ခင်ဗျား ထင်တာလဲ မမှားပေမယ့် လောလောဆယ် သက်သေက မရှိဖြစ်နေတယ်။ ဒီ"ဟူ"ကုန်သည်က ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေလဲဆိုတာ ဘယ်သူမှလဲ မသိကြဘူး။ ဒါပေမယ့် နန်းတော်ထဲလူ မဟုတ်ဘူးလို့ မပြောနိုင်တာတော့ မဟုတ်ဘူး"
စစ်တပ်ရေးရာဝန်ကြီးက
"မင်းသားနှစ်က အမြဲတမ်း သိုသိုသိပ်သိပ်နေပြီး တစ်ခြားသူတွေနဲ့ အခေါ်အပြောလုပ်လေ့ရှိတာမဟုတ်ဘူး။ မင်းသားသုံးကလဲ မိန်းမလိုက်စားတယ်ဆိုပေမယ့် သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာသိရဖို့ခက်တယ်။ နှစ်ယောက်လုံးထဲက တစ်ယောက်လုပ်တာလို့ မပြောနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုက.."
စစ်တပ်ရေးရာဝန်ကြီးမှာ ရုတ်တရက်သတိရသွားပြီး တုန်လှုပ်သွားသည်။
'ဒီပြဿနာတွေရဲ့ ဦးတည်ရာက လုဟွမ်လား'
အဲလိုဆိုရင် သူတို့ရဲ့ထင်မြင်ချက်တွေအရ ဧကရာဇ်က ဒီကိစ္စကို စစုံစမ်းပြီး "ဟူ"ကုန်သည်က လုဟွမ် လုပ်တာပါလို့ ရုတ်တရက်ဝန်ခံလိုက်လျှင် အခြေအနေတွေ ပြင်းထန်လာလိမ့်မည်။ ဒါက ပိုဖြစ်နိုင်ခြေရှိသည်။ အိမ်ရှေ့စံမင်းသားကသာ “ဟူ”ကုန်သည်နဲ့ အလုပ်တွဲလုပ်နေတာ ဖြစ်ပေမယ့် တော်ဝင်ရုံးတော်ရှိ မင်းသားတွေကြားမှာ လုဟွမ်ကသာ နန်းတော်အပြင်ဘက်တွင် ချမ်းသာတဲ့ကုန်သည်တစ်ယောက် ဖြစ်နေသည်။ “ဟူ”ကုန်သည်က မြောက်ပိုင်းနယ်မြေမှာ လုဟွမ်နဲ့ ဆက်သွယ်မှုရှိခဲ့တယ်လို့ လုပ်ကြံ ပြောဆိုနိုင်သည်။
အဲဒီကျရင် ထို “ဟူ”ကုန်သည်က ဘယ်သူပဲဖြစ်ဖြစ် ဒါမှမဟုတ် သူက လုဟွမ်ဘက်ကပါလို့ ဝန်ခံလိုက်တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် မင်းသားကိုးအနေနဲ့ အိမ်ရှေ့စံမင်းသားကို အမည်ဖျက်ပြီး မင်းသားငါးကို ချောက်ချခဲ့တဲ့သူ ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်ကျရင် ဧကရာဇ်က ဘယ်သူ့ကို ယုံမှာလဲဆိုတာ မသိနိုင်ပေ။
ဒီလိုတွေးနေရင်း စစ်တပ်ရေးရာဝန်ကြီးမှာ ဇောချွေးတွေပြန်လာပြီး
"မြို့တော်မှာ ဓားပြတွေ ကျူးလွန်တဲ့အမှုကို ဒီလောက်ထိ လူအာရုံစိုက်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကျုပ်တို့မှာလည်း သက်သေက မလုံလောက်တော့ ဘယ်သူက ထောင်ချောက်ဆင်တာလဲဆိုတာ သိမနေပြန်ဘူး"
သေသေချာချာတွေးကြည့်ပါက အိမ်ရှေ့စံမင်းသား၊ မင်းသားနှစ်၊ မင်းသားသုံးနဲ့ မင်းသားငါးအားလုံးဟာ သံသယဝင်စရာတွေပဲ ဖြစ်သည်။ သူနဲ့ ကျန့်ယွမ်စစ်သူကြီးသာ လုဟွမ်အကြောင်းမသိဘူးဆိုရင် လုဟွမ်ကိုသာ သံသယအဝင်ဆုံး ဖြစ်မိမည်ပင်။ မသိရင် သူဟာ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ပြီး အိမ်ရှေ့စံနဲ့မင်းသားငါးကို ရေတိမ်နစ်အောင်လုပ်ကာ မြို့တော်ထဲ နာမည်အကြီးဆုံးလူဆိုလို့ သူပဲရှိတော့တယ်ပေါ့။ ဒီလိုနည်းက သူ့အတွက် အကျိုးအရှိဆုံးဖြစ်မှာပင်။
သူသာ ဒီလိုတွေးထားရင် ဧကရာဇ်ကလဲ ထိုသို့ တွေးထားလိမ့်မည်။
ဒီကိစ္စဟာ လုဟွမ်ဆီ ဦးတည်နေပြီဆိုတာ သက်သေမရှိပေမယ့် လုဟွမ်က မြို့တော်ထဲကို လေးလေကျော်လောက် လာနေခဲ့မှန်း တွက်မိသည်။ အိမ်ရှေ့စံနဲ့မယ်တော်မိဖုရားကြီးက ကြင်ယာတော်ရွေးချယ်တာကို အကြောင်းပြပြီး သူ့ဘက်မှာ သူလျှိုတွေထားချင်နေကာ တစ်ခြားမင်းသားတွေကလည်း သူ့အိမ်တော်ထဲမှာ သူလျှိုတွေထားဖို့ ကြိုးစားနေကြလိမ့်မည်။ သို့သော်လည်း သူ့အိမ်တော်ကို မြောက်ပိုင်းက ပြန်လာတဲ့ တော်ဝင်မြင်းတပ်က စောင့်ကြပ်ထားတာကြောင့် သူလျှိုတွေ အလွယ်တကူ ဝင်မလာနိုင်ပေ။ လေးလကြာသွားပြီ ဖြစ်သော်လည်း သူလျှိုတွေမှာ မစဉ်းစားဘဲနဲ့တော့ မျက်စိစုံမှိတ်ပြီး ဘာမှမလုပ်ရဲကြချေ။ သို့ပေမယ့် အခုချိန်မှာတော့ သူတို့တွေလည်း စိတ်မတည်ငြိမ်ကြတော့ဘဲ လှုပ်ရှားလာချေပြီ။
လုဟွမ်မှာ ဒီလိုရန်ပွဲတွေကို စိတ်ကုန်နေပြီး ရိုးနေပြီဖြစ်၏။ သို့သော်လည်း စစ်သားတွေ ရောက်လာရင်တော့ စစ်သူကြီးက ကာပေးနေမြဲ ဖြစ်သည်။
သူကစစ်တပ်ရေးရာဝန်ကြီးအား
"အခုချိန်မှာတော့ ဒီကိစ္စကို ဘယ်သူလုပ်တာလဲ စိတ်ပူမနေဘဲ ဒီအခြေအနေကို ဘယ်လိုဖြိုခွဲရမလဲ ဆိုတာပဲ အာရုံစိုက်ရအောင်"
မနက်ဖြန် တရားခွင်အတွင်း ညီလာခံခန်းမမှာ စစ်တပ်ရေးရာဝန်ကြီးက အကြံပြုချက်တစ်ချို့ကို အဆိုပြုလိမ့်မည်။ သူတို့က အရှေ့ဈေးနဲ့ အနောက်ဈေးကို ကိုင်တွယ်ဖို့လွယ်ကူအောင် ပိုရှင်းလင်းတဲ့နေရာတွေ အဖြစ် ခွဲထားကြမှာပင်။ ညမထွက်ရအမိန့်ကိုလဲထုတ်ပြီး နေဝင်တာနဲ့ တော်ဝင်ရုံးတော်က ဦးဆောင်ပြီး ဝန်ကြီးဌာနခြောက်ခုဆီကနေ မြို့တော်ကိုကင်းလှည့်ဖို့ လူတွေလွှတ်ကြလိမ့်မည်။ ညမထွက်ရအမိန့်အတွင်း အမှုကျူးလွန်သည်ဟု သံသယရှိသူကို ဖမ်းမိပါက အပေါ့ဆုံးပြစ်ဒဏ်မှာတော့ ကြိမ်ဒဏ်ဖြစ်ပြီး အကြီးလေးဆုံးပြစ်ဒဏ်မှာတော့ ခေါင်းဖြတ်ခံရခြင်းဖြစ်သည်။
ယခင်က မြို့တော်မှာ ဓားပြမှုတွေအပြင် တစ်ခြားရာဇဝတ်မှုတွေ ရှိခဲ့သည်။ ဒီလိုစီမံခြင်းအားဖြင့် မှုခင်းဖြစ်ပွားနှုန်းကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မည်ဖြစ်၏။
ဒီလိုစီမံတာကို မြို့တော်မှာ စမ်းကြည့်ပြီး အသုံးဝင်ရင် ပြည်နယ်အကုန်လုံးမှာပါ ဆောင်ရွက်မည်ဖြစ်သည်။
စစ်တပ်ရေးရာဝန်ကြီးက ဒီအကြံပြုချက်ကို ညီလာခံခန်းမမှာ တင်ပြလိုက်ပါက အများပြည်သူကို ထိန်းသိမ်းနိုင်မယ်လို့ ယူဆပြီး တချို့အရာရှိတွေက သဘောတူကြလိမ့်မည်။ ညမထွက်ရအမိန့်က ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်နိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကြတဲ့ အရာရှိတွေလည်း ရှိ၏။ လောလောဆယ်မှာတော့ ဆွေးနွေးပွဲမှာ ဘာမှကောက်ချက်မချကြသေးပေ။
နောက်နေ့တွင်လုဟွမ်က စစ်သူကြီးယွင်ကို အနောက်ဈေးက ပြဿနာအကြောင်း တိုင်ပင်ဖို့ အရာရှိတွေ ခေါ်လာခိုင်းလိုက်သည်။ ဒါမှမဟုတ်လည်း တိုင်ပင်ချင်ယောင်ဆောင်ဖို့ပေါ့။
စစ်သူကြီးယွင်နဲ့ ဝန်ကြီးချုပ်မှာ နိုင်ငံရေးရန်သူတွေပဲ ဖြစ်သည်။ စစ်သူကြီးယွင်ထွက်သွားတာနဲ့ ဝန်ကြီးချုပ်မှာ သူနဲ့အဲဒီအရာရှိတွေ ဘာကြံနေသလဲဆိုတာ စုံစမ်းလိမ့်မည်။
ဒီအခြေအနေကို ဖြိုခွဲဖို့ အိမ်ရှေ့မင်းသားဘက်တွင် ခေါင်းကြည်ကြည်လင်လင်ဖြင့် စဥ်းစားဆုံးဖြတ်နိုင်သူမှာ ဝန်ကြီးချုပ်တစ်ဦးသာရှိသည်။
လုဟွမ် စီစဉ်စရာရှိတာ စီစဉ်ပြီးတော့ အခြေအနေတိုးတက်လာဖို့သာ စောင့်ရုံရှိတော့၏။
ဒီကိစ္စအပြင် မစ်ရှင်၁၆ ဖြစ်တဲ့ အခွန်လျှော့ချရေးဥပဒေကို တင်သွင်းဖို့က တစ်ရက်နှစ်ရက်အတွင်း ပြီးမှာတော့မဟုတ်ဘဲ အခွင့်အရေးရဖို့ လိုအပ်နေသေးသည်။ လုဟွမ်မှာ အမှတ်၃၀၀ပြည့်အောင် မြန်မြန်လုပ်နိုင်မှ ဖြစ်မှာကြောင့် တိုင်းပြည်ပြဿနာတွေကြားမှာ ပိုဂနာမငြိမ် ဖြစ်လာလေသည်။
သို့သော်လည်း စုရှီဘက်မှာ နွေရာသီကျောင်းပိတ်ရက်ပဲ ရှိသေးသည်။ နောင်ကျရင် အထက်တန်းတတိယနှစ်ဖြစ်သွားပြီး ကျောင်းတက်ရတော့မှာပင်။ အဲဒါဆို သူတို့နှစ်ယောက်တွေ့ဖို့ အခွင့်အရေး သိပ်ရှိတော့မည်မဟုတ်။
ထို့ကြောင့် လုဟွမ်မှာ တိုင်းပြည်ပြဿနာတွေကို မြန်မြန်ဖြေရှင်းပြီးတာနဲ့ စုရှီဆီ နေ့တိုင်းသွားချင်လှလေပြီ။
နွေရာသီနောက်ဆုံးရက်တွေဆီ ရောက်နေပြီး နွေရာသီကျောင်းပိတ်ရက်ရှည်ကြီးလဲ ပြီးဆုံးတော့မည်ပင်။ နောက်ဆုံးရက်တွေမှာ အတော်လေးပူလှသည်။ စုရှီတို့ ရပ်ကွက်ထဲက ပုစဉ်းရင်ကွဲတွေနဲ့ လုဟွမ်တို့အိမ်တော်က ပုစဉ်းရင်ကွဲသံတွေမှာ တစီစီဖြင့် ဆူညံလှလေသည်။ ဟောက်ကျင်းချွမ်က စုရှီကို ပူညံပူညံလုပ်နေခဲ့ပြီး နားမခံနိုင်တော့တဲ့အဆုံး လုဟွမ်ကို ဘတ်စ်ကတ်ဘောလာကစားဖို့ ခေါ်လိုက်ရ၏။
ကျောင်းမှာက ဘတ်စ်ကတ်ဘောကွင်းရှိပြီး ပိတ်ရက်ကျရင် စာသင်ဆောင်တွေထဲ ဝင်လို့မရပေမယ့် ကျောင်းထဲတော့ ဝင်လို့ရသေးသည်။
လုဟွမ်ကိုမြင်တော့ ဟောက်ကျင်းချွမ်ရဲ့ မျက်လုံးတွေ အရောင်တောက်လာပြီး သွားနှုတ်ဆက်လိုက်သည်။
"ညီကိုလု ငါမင်းကို အရမ်းသတိရနေတာ"
သူတို့အသင်းမှာ ဟိုတလောကမှ ခြေကျင်းဝတ်ဒဏ်ရာရထားတဲ့ ကစားသမားရှိပြီး ကစားသမားနည်းနေတာကြောင့် အတန်းထဲက ကောင်လေးတွေမှာ တစ်လခွဲကျော်လောက် ဘတ်စ်ကတ်ဘော မကစားရပေ။ တစ်ခြားအသင်းတွေဆီက လူတွေကိုခေါ်ချင်နေတာ ကြာပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးကြတာကြောင့် ရန်ဖြစ်မှာလဲ စိုးရသည်။
လုဟွမ်က ဒီကစားပွဲအတွက် အသင့်တော်ဆုံး အရွေးချယ်ခံဖြစ်သည်။ သူကအရပ်ရှည်ပြီး ပြိုင်ဘက်အသင်းက လူတွေကို ခြိမ်းခြောက်နိုင်လေသည်။ သို့သော်လည်း အခုမှဘတ်စ်ကတ်ဘော ကစားတဲ့လူသစ်လေးဖြစ်တာမလို့ စုရှီရဲ့ရေပန်းစားမှုကိုတော့ မကျော်နိုင်သေးချေ။
ဟောက်ကျင်းချွမ် တိတ်တိတ်လေး တွေးနေမိသည်။ သူက အားကစားကွင်းမှာ စုဝေးနေတဲ့ မိန်းကလေးတွေကို ကြည့်ပြီး သူ့ နှလုံးသားထဲ မှာ တိတ်တဆိတ် တွက်ချက်နေမိ၏။
လုဟွမ်က ရုပ်ချောပြီး မိန်းကလေးတွေကို ဆွဲဆောင်နိုင်လေသည်။ သို့သော်လည်း သူဘတ်စ်ကတ်ဘော ကစားရင် မိန်းကလေးတွေက သူက ရုပ်ချောပေမယ့် အတွေ့အကြုံမရှိမှန်း သိသွားလိမ့်မည်။ သူ အခန်း26 က ဟောက်ကျင်းချွမ် သည် လုဟွမ် လောက် မချောသဖြင့် ဒုတိယနေရာ ဖြစ်ခဲ့သော်လည်း ဘတ်စကတ်ဘော ကစားသည့်နေရာတွင်တော့ သူထပ်ပိုသာသည်။
ဒီလိုဆို မိန်းကလေးတွေအားလုံးရဲ့ အကြည့်မှာ သူ့အပေါ်သာ ကျရောက်နေလိမ့်မည်။
ဟောက်ကျင်းချွမ်မှာ သူ့ကိုယ်သူ ဂုဏ်ယူလွန်းပြီး ကိုယ်ပိုင်စိတ်ကူးယဉ်အိမ်မက်လေးထဲမှာ ပျော်မြူးနေလေသည်။ လုဟွမ်ကို ကြည့်တဲ့ အကြည့်တွေမှာလည်း ပိုစူးရှလာလေသည်။
လုဟွမ်က သူ့ရဲ့အနက်ရောင်ဆံပင်ရှည်တွေကို စီးကာ ဦးထုပ်ဆောင်းလိုက်သည်။
ဝတ်ထားတဲ့ပုံက ကလေးကလားဖြစ်နေပေမယ့်လည်း မျက်နှာအမူအရာမှာတော့ အေးစက်ပြီး တည်တံ့နေလေသည်။ ကျောင်းကိုပ စ္စည်းတွေယူဖို့ ပြန်လာတဲ့ အားကစားကွင်းနားက ကောင်မလေးတွေအား ချက်ချင်းပင် ဆွဲဆောင်သွားတော့၏။
ဘတ်စ်ကတ်ဘောကွင်းမှာ ဝိုင်းနေတဲ့လူတွေမှာ သူငယ်ချင်းတွေဆီ စာပို့ရင် အော်ဟစ်နေကြ၏။
ဟောက်ကျင်းချွမ်နဲ့ လုဟွမ်က အသက်တူတူပဲ ဖြစ်ပေမယ့် ဟောက်ကျင်းချွမ်က ဖန်လုံအိမ်မှာ ကြီးလာခဲ့တာ ဖြစ်သည်။ နိုင်ငံရေးတိုက်ပွဲတွေကြား ကြီးပြင်းလာခဲ့တဲ့ မြေခွေးလေး လုဟွမ်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
လုဟွမ်က ဟောက်ကျင်းချွမ်ရဲ့အတွေးတွေကို အကြမ်းဖျဉ်းခန့်မှန်းမိပြီး စိတ်ထဲ နည်းနည်းရီချင်သွားသည်။ သို့သော်လည်း ဟောက်ကျင်းချွမ်က စုရှီကို တစ်ခါတစ်လေ ဂရုစိုက်ပေးတတ်တာမလို့ သူ့ကို ခြိမ်းခြောက်လာနိုင်တဲ့သူမဟုတ်တာ အတည်ပြုပြီးတဲ့နောက်မှာ ကောင်းကောင်းသာ ဆက်ဆံတော့သည်။
သူက ဟောက်ကျင်းချွမ်ကို ခေါင်းညိတ်ပြပြီး
"ညီကိုဟောက် ကျုပ်ကို စည်းမျဉ်းလေးတွေ လာရှင်းပြပါလား။ အနှောင့်အယှက်ပေးရလို့ တောင်းပန်ပါတယ်"
ဟောက်ကျင်းချွမ်ကတော့ သူ့ရဲ့ ယဉ်ကျေးလိမ္မာစကားပြောဟန်ကို အသားကျနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တိုတိုနဲ့ လိုရင်းပဲ အဓိက အချက် ၃ ချက် ဖြစ်တဲ့ ပစ်၊ ကာ၊ ပြစ်ဒဏ်တွေကို ရှင်းပြလိုက်သည်။ တဖက်အသင်းမှ အသင်းသားများကတော့ ဂြိုဟ်သားတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
စုရှီက အင်္ကျီလက်တိုနဲ့ စကပ်အတိုလေးဝတ်ထားလေသည်။ လက်ထဲမှာ ဂျာကင်အင်္ကျီကိုင်ထားပြီး အားကစားကွင်းဘေးတွင် ရေဘူးကိုင်ကာ ရပ်နေလေ၏။ ကုချင်ကလဲ သူ့ဘေးမှာ ရှိသည်။
စုရှီက နည်းနည်း စိတ်လှုပ်ရှားနေလေသည်။ ရှော့ပင်းမောလ်ထဲမှာ စုံတွဲဆွယ်တာဝတ်ထားတဲ့ လူတွေကို မြင်ကတည်းက လုဟွမ်က သူ့ကဒ်သုံးပြီး နှစ်ထည် ဝယ်ခိုင်းလေသည်။
စုရှီ အချိန် အတော်ကြာ အပြန်ပြန်အလှန်လှန် ရွေးချယ်ပြီးနောက်တွင် ထို အပြာရောင်တီရှပ် နှစ်ထည်ကို ဝယ်ယူခဲ့သည်။ စုရှီ ဝတ်ဆင်ထားသည်မှာ Meiya ဆိုသည့် လှပသောမိန်းကလေး ကာတွန်းရုပ်ပုံလေး ဖြစ်သည်။
လုဟွမ်က ဒီကာတွန်းဇာတ်ကောင်နှစ်ယောက်ကို မသိသော်ငြား သူ့မျက်လုံးတွေ အရောင်လက်နေကာ အရမ်းပျော်နေသည်မှာ သိသာ၏။ သူပျော်နေတာလဲမြင်ရော စုရှီက သူ့ကို စုံတွဲဝတ်စုံဝတ်ပြီး လာခိုင်းလိုက်သည်။
သို့ပေမယ့် ဒီနေ့ အားကစားကွင်းမှာ လူဒီလောက်များနေမယ်လို့တော့ သူမထင်ထားခဲ့ပေ။ စုရှီမှာ အပြစ် ရှိသလိုခံစားနေရပြီး ပါးတွေပူလာကာ အင်္ကျီကအရုပ်ကို ဂျာကင်နဲ့ကာထားလိုက်တော့၏။
မိန်းကလေးတွေမှာ လုဟွမ်ကို မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်ပြီး သူ့အကြောင်းပြောနေကြလေသည်။ ကုချင်သည် လုဟွမ်ကို အကြိမ်ရေ အနည်းငယ် မြင်ဖူးပြီး ဖြစ်သော်လည်း အကြည့်မလွှဲနိုင်အောင် ဖြစ်နေဆဲပင်။
သူက စုရှီကို ပိတ်ရက်မတိုင်ခင်က အတင်းတွေအကြောင်းပြောနေ၏။
"ငါ ကြားတာတော့ ကျောင်းမြက်ကလေးက နင့်ကို သုံးတဲ့ နည်းလမ်းအတိုင်းပဲ နင့်ကို ရုပ်ရှင်လက်မှတ်ပေးပြီး နောက်တနေ့မှာ ကောင်မလေးတစ်ယောက် ကို ကျောင်းတံခါးဝ မှာ ရုပ်ရှင်လက်မှတ်ပေးတယ်တဲ့"
"တကယ်ကြီးလား"
စုရှီမှာ သူဝတ်ထားတဲ့အင်္ကျီကြောင့် နည်းနည်းစိတ်လှုပ်ရှားနေလေသည်။ ကွင်းကို ကြည့်ပြီး လုဟွမ်က သူဆော့တာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် တစ်ယောက်ယောက်ကို တိုက်မိသွားမှာ စိုးရိမ်နေတာမလို့ ကုချင်ပြောတာကိုလဲ နားထဲမရောက်ပေ။
ကုချင်မှာ သူ့ထက် ပိုစိတ်တိုနေပြီး ကျောင်းက အတင်းတွေ ရှာပြောနေလေသည်။
"ဒီခေတ်ကောင်လေးတွေများ ဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲ။ အချစ်အတွက်ကြောင့် မဟုတ်ဘူးလို့ငါထင်တယ်။ ဒီတိုင်း အပျော်သဘောတွဲနေကြတာ။ တော်သေးလို့ပေါ့ နင်အဲဒီနေ့က အဲကောင်နဲ့ ရုပ်ရှင်သွားမကြည့်တာ။ မဟုတ်ရင် နင်တော့ ရယ်စရာကြီးဖြစ်တော့မှာ"
သူပြောနေတုန်း ကုချင်ရဲ့အကြည့်တွေမှာ ကွင်းဘေးက ဆွယ်တာအင်္ကျီနဲ့ ဂါဝန်ရှည်ဝတ်ထားတဲ့ ကောင်မလေးဆီ ရောက်သွားတော့သည်။
သူ ချက်ချင်း စုရှီ လက်မောင်းကိုဆွဲလိုက်ပြီး
"ဝါးး ဟိုကောင်မလေးက တော်တော်လှတာပဲ"
ခုနက ကိစ္စထက် ဒီအကြောင်းကို စုရှီ ပိုစိတ်ဝင်စားသွားသည်။ စိတ်လှုပ်ရှားနေတာလဲ ပျောက်ပြီး မျက်လုံးတွေအရောင်လက်လာကာ ကုချင်လက်မောင်းကို ကိုင်ပြီး မေးသည်။
"ဘယ်မှာလဲ ဘယ်မှာလဲလို့"
စုရှီက ကောင်မလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး
"သူ တော်တော်လှတာပဲ။ သူ့ဆံပင်ရှည် အဖြောင့်ကြီးက အရမ်းလှတယ်နော်။ အရင်က ငါတို့ကျောင်းမှာ ဘာလို့ သူ့ကို တစ်ခါမှမမြင်ဖူးတာလဲ။ ကျောင်းနားကလား...နင်လိုက် မေးကြည့်ပါလား"
စကားမဆုံးခင်မှာပဲ စုရှီရဲ့ ခန္ဓာကိုယ်ဟာ အေးစက်သွားသလို ခံစားလိုက်ရသည်။
လှမ်းကြည့်လိုက်တဲ့အချိန် ဘတ်စ်ကတ်ဘောကွင်းက မစသေးဘဲ အကုန်လုံး သွေးပူလေ့ကျင့်ခန်း လုပ်နေကြလေသည်။ လုဟွမ်ကလဲ သွေးပူလုပ်နေပြီး လက်မောင်းကို လှည့်လိုက်ရင်း စုရှီကို မသိမသာကြည့်၏။
စုရှီ "..."
လုဟွမ်က စစ်တပ်ထဲမှာနေတုန်း အကြားအာရုံနဲ့ အမြင်အာရုံ တော်တော်ကောင်းတာကို စုရှီ ရုတ်တရက် သတိရသွားသည်။ ဆယ်မီတာလောက်ကွာနေရင်တောင် လုဟွမ်က သူပြောတာ ကြားနိုင်လေသည်။
စုရှီမှာ ချက်ချင်း မြှောက်ပြောရတော့၏။
"မဟုတ်တာ၊ သူ့ပုံစံက လှပေမယ့် လုဟွမ်လောက် မလှဘူး။ သူ ကြည့်ကောင်းပေမယ့် လုဟွမ်လောက်တော့ ကြည့်ကောင်းတယ်မထင်ဘူး"
ကုချင်"...?"
လုဟွမ်၏အမူအယာက ပေါ့ပေါ့ပါးပါးပင် ဖြစ်နေခဲ့ပြီး သွေးပူလေ့ကျင့်ခန်းလုပ်ရင်းမှ ရည်ရွယ်ချက် ရှိမရှိ မသိသော်လည်း စုရှီ၏မြင်ကွင်းကို ကွယ်ပစ်လိုက်လေသည်။
စုရှီ"..."