Chapter 75
Vol. 8 Ch. 75
လုဟွမ် အိမ်မဝယ်ခင် ဒီကမ္ဘာ မှာ အချက်အလက်များကို ဂရုတစိုက်လေ့လာခဲ့သည်။ ဒီကမ္ဘာမှာ အိမ်ဝယ်ရသည်က ယန်တိုင်းပြည်မှာလို မရိုးရှင်းချေ။ ယန်တိုင်းပြည်တွင် လက်ရှိ ငွေဘယ်လောက်လဲရှိလဲနှင့် အခွန်ရေးရာဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပိုင်ဆိုင်မှုစာချုပ်များသာ ရှိရန်လိုအပ်သည်။ ဒီကမ္ဘာတွင်တော့ အိမ်ဝယ်ရာတွင် အထပ်ထပ်သော ငွေကြေးရရှိသည့် အကြောင်းအရင်း၊ ပိုင်ဆိုင်မှု အထောက်အထားများ စသည်တို့ကို အထပ်ထပ် စစ်ဆေးခြင်းများဖြင့် နှေးကွေးကြန့်ကြာလှသည်။
ဒါကြောင့် အရင်လဝက်လောက်ထဲက ကြိုပြင်ဆင်ထားခဲ့တာဖြစ်သည်။
စုရှီ နေ့ခင်းတရေးတမောအိပ်နေတဲ့ နှစ်ရက်ကို အခွင့်ကောင်းယူပြီး အိမ်ပွဲစားဆီသွားကာ အိမ်သွားကြည့်ခဲ့သည်။
ဒီနယ်မြေရှိ အဆောက်အဦးတွေဟာ အရင်ရောင်းထွက်ပြီးသားတွေဖြစ်လို့ သူဝယ်ချင်ရင် တစ်ပတ်ရစ်အိမ်သာ ဝယ်လို့ရသည်။ အစကတော့ လုဟွမ်က တစ်ပတ်ရစ်အိမ်ဆို သိပ်မကြိုက်ပေမယ့် အလွန်သန့်ရှင်းပြီး အသစ်စက်စက် အိမ်တစ်လုံးကို ချောချောချူချူ ရှာတွေ့မယ်လို့ မထင်ထားခဲ့ပေ။
စုရှီရဲ့ ကျောင်းနဲ့လဲ နီးတာကြောင့် သူ တရေးတမောအိပ်ချင်ရင် ခုံပေါ်မှာပဲ လှဲအိပ်နေဖို့ မလိုတော့ချေ။
ဒီလိုစဉ်းစားပြီး ဒီအိမ်က သင့်တော်တယ်လို့ ထင်တာမလို့ လုဟွမ်က ငွေချေပေးခဲ့၏။
သူဟာ အသက်မပြည့်သေးပါက အိမ်ဝယ်ရန်ဖြစ်ဖြစ် ဘဏ်စာရင်းဖွင့်ရန်ဖြစ်ဖြစ် အုပ်ထိန်းသူ လိုအပ်လိမ့်မည်။ ဒီလိုသာဆို တော်တော် အလုပ်ရှုပ်သွားလိမ့်မည်။ လုဟွမ်ကို ID ကဒ်ရအောင် လုပ်ဆောင်ပေးသူ ပြောစကားအရ လုဟွမ် ရရှိသော ID ကဒ်၏ ကိုယ်ရေးအချက်အလက်တွင် လူမှုဘဝသက်သာချောင်ချိရေးအစီအစဥ်တွင် လွန်ခဲ့သော ၁၀နှစ်ကတည်းက စာရင်းသွင်းထားပြီးသား ဖြစ်သည်။ ထို့နောက် "လု" မျိုးရိုး အဘိုးအို တစ်ဦးအားလည်း လုဟွမ်အတွက် ရှာပေးခဲ့သေးသည်။ လုဟွမ်သာ ပိုက်ဆံလုံလုံလောက်လောက် ပေးပါက ထို အဘိုးအိုက သူ့ အုပ်ထိန်းသူ ဖြစ်လာလိမ့်မည်။
သို့သော် လုဟွမ်မှာ ယန်တိုင်းပြည်တွင် ဆွေမျိုးများ မရှိတာကြောင့် ဒီကမ္ဘာမှာ သူ့အိမ်ထောင်စုစာရင်း၌ စုရှီကိုပဲ ထားချင်ခဲ့သည်။
ဒါကြောင့် လုဟွမ်က IDကဒ်လုပ်ပြီး သူ့အသက်ကို လနည်းနည်းလောက် ပိုကြီးကာ အရွယ်ရောက်နေပြီ ဖြစ်တဲ့ ပုံစံမျိုး နေခဲ့သည်။
ဒီလိုနည်းနဲ့ သေသေသပ်သပ်ဖြင့် ထိရောက်ပြီး ပြဿနာအများကြီးကို ရှောင်နိုင်သွား၏။
လူငယ်လေးက ဘဏ်ကနေ ချေးငွေမယူဘဲ ငွေအပြည့်ချေခဲ့တာကြောင့် အိမ်ပွဲစားမှာ အံ့ဩနေလေသည်။ အရင် အိမ်ရှင်မှာလည်း လုဟွမ် သူ့စကားသူ ပြန်ရုတ်သိမ်းသွားမှာ စိုးတာကြောင့် အတော်လေးအရေးတယူ ဆက်ဆံပေးနေသည်။ ဒါကြောင့် ဒီကိစ္စက ဖြစ်မြောက်သွားပြီး အိမ်ဝယ်တဲ့ လုပ်ငန်းစဉ်မှာ တစ်လခွဲထက် ပိုမကြာလိုက်ပေ။
ဒါတွေ မစီစဉ်ရသေးခင် မမျှော်ထားတဲ့အရာ တစ်ခုခုဖြစ်လာမှာ စိုးတာကြောင့် စုရှီကို မပြောဖြစ်ခဲ့တာပင်။
အရာအားလုံး အဆင်ပြေသွားတော့မှ ဒီည စုရှီကို ခေါ်လာပြီး အံ့ဩအောင် လုပ်မှာဖြစ်သည်။
စုရှီကတော့ အံ့ဩနေပြီး တိုက်ခန်းထဲက ရှူထောင့်မျိုးစုံကို စိတ်လှုပ်ရှားစွာ ပတ်ကြည့်နေမိသည်။ စိတ်ထဲမှာတော့ ဒီနေရာကို ဘယ်လိုအလှဆင်ရမလဲ တွေးနေလျက်။
အရင်ပိုင်ရှင် ပြောင်းသွားတော့ လုဟွမ်က မြို့ထဲရှိ သန့်ရှင်းရေးကုမ္ပဏီလေးငါးခုလောက်က ဝန်ထမ်းတွေကို ငှားလိုက်သည်။ ဒါကြောင့် တိုက်ခန်းမှာ ပရိဘောဂမရှိတာကလွဲရင် သန့်ရှင်းသပ်ရပ်လို့နေ၏။
စုရှီက မီးဖိုချောင်ဆီသွားပြီး ရေခဲသေတ္တာဖွင့်ကာ ကြည့်လိုက်ပြီး ပြော၏။
"မနက်ဖြန် ကျောင်းဆင်းရင် စူပါမားကတ်သွားပြီး ရေခဲသေတ္တာထဲထည့်ဖို့ စားစရာတွေ သွားဝယ်ရမယ်"
လုဟွမ်နဲ့ ဆိုဖာပေါ်မှာ ထိုင်ပြီး အာလူးကြော် စားနေပုံ၊ Weiboကြည့်နေပုံ၊ ဂိမ်းဆော့နေပုံတို့ကို စုရှီ မြင်ယောင် နေမိသည်။
လုဟွမ်က နောက်ကနေ လိုက်လာပြီး
"အိပ်ယာရယ်၊ စားပွဲရယ်၊ မီးအိမ်ရယ် ပြီးတော့ တစ်ခြားပရိဘောဂတွေ လိုသေးတယ်။ နောက်နေ့မှ ဝယ်ကြတာပေါ့"
"နောက်ထပ်ရှိသေးတာလား"
စုရှီက ရုတ်တရက်နောက်လှည့်ကြည့်လိုက်သည်။ ကြမ်းပြင်က ဖယောင်းသုတ်ထားတာမလို့ ချောနေပြီး လဲကျတော့မလို့ ဖြစ်သွားပေမယ့် လုဟွမ်က ဖမ်းပေးလိုက်သည်။ စုရှီမှာ အရမ်းစိတ်လှုပ်ရှားနေလို့ ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ လုဟွမ်ကို မီးပြင်းပြင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်၏။
"ကျွန်မ ဒီမှာ ကြောင်မွေးလို့ရလား"
မိန်းကလေးတိုင်း ချစ်စရာကောင်းတဲ့ ကြောင်ပေါက်စလေး တစ်ကောင်လောက် မွေးချင်ကြသည်။ သူ ဈေးဝယ်ထွက်တိုင်း ကြောင်ကဖေးဆိုင်တွေတွေ့ရင် ခြေထောက် မလှုပ်နိုင်တော့ဘဲ ရပ်ပြီးကြောင်လေးတွေကို ပွတ်သပ်လေ့ရှိ၏။ သို့သော် စုရှီရဲ့အမေက အရမ်း အသန့်ကြိုက်ဝာာကြောင့် ကြောင်မွေးလို့မရပေ။ စုရှီမှာ ဆယ်နှစ်ကျော်လောက် နားပူနားဆာလုပ်ခဲ့ပေမယ့် အကျိုးမရှိ။
သို့သော် စုရှီရဲ့အမေက သူ့သမီးကို ကြောင်မမွေးခိုင်းရင် တစ်ယောက်ယောက်က သူ့အတွက် အိမ်ဝယ်ပေးပြီး ကြောင်မွေးခိုင်းမယ်လို့တော့ ထင်ထားမည်မဟုတ်ချေ။
စုရှီ ရင်တွေ တဒိန်းဒိန်းခုန်နေလေသည်။ ရုတ်တရက် လုဟွမ်ခါးကို ကုတ်ဖက်ကာ မော့ကြည့်ပြီး ပြောလေ၏။
"လုဟွမ် ကျွန်မ ကြောင်မွေးချင်တယ်လို့"
လုဟွမ်မှာ ရင်ခုန်နေလွန်းလို့ မငြင်းနိုင်ပေ။
အဲဒီအကြောင်းတောင် မတွေးနိုင်ဖြစ်နေကာ ခွင့်ပြုဖို့လုပ်လိုက်ပေမယ့် လျှာဖျားပေါ်မှာတင် တစ်သွားရသည်။ သူ ကြောင်မွေးရင် နောက်ထပ် သားပေါက်တစ်ကောင် ရောက်လာမှာမလား။ အဲတော့ ကြောင်ကို ဂရုစိုက် ပေးရဦးမယ်မလား။
လုဟွမ်မှာ သံသယဖြစ်နေလျက်။
စုရှီ သူ့အပေါ်ထားတဲ့ အချစ်က ဝေခွဲမရဘူးလို့ ခံစားနေရသည်။ မိန်းကလေးက ယောင်္ကျားလေးကို ချစ်တဲ့အချစ်မျိုး ပဲလား။ ဂိမ်းထဲက သူမွေးလာတဲ့ သားပေါက်လေးကို အပြင်မှာ မွေးရတော့ စိတ်ပြောင်းနိုင်လို့လား။
စုရှီ သူ့နောက်ကျောကို တို့လိုက်ပြီး
"ဘာဖြစ်လို့လဲ။ ခွင့်မပြုဘူးလား"
"အင်္ကျီဆွဲတင်လိုက်ဦး"
လုဟွမ်က စုရှီရဲ့ ကုတ်အင်္ကျီအောက်က ညဝတ်အင်္ကျီကို ဆွဲထုတ်ပြီး ညှပ်ရိုးတွေကို ဖုံးပေးလိုက်သည်။
လည်စိမှာလဲ လှုပ်ခတ်သွားကာ မျက်နှာလွှဲပြီး တမင်တကာဖြင့် တုံ့ဆိုင်းနေပုံပြလိုက်သည်။
"အင်း ကိုယ်စဉ်းစားလိုက်ဦးမယ်"
"စဉ်းစားဦးမှာလား"
စုရှီ စိတ်တိုသွားသည်။ သူ တောင်းဆိုသမျှကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကတိကရော။ သူ့ကျိုက်ကျိုက်က လူကြီးဖြစ်လာတော့ အတောင်စုံပြီဆိုတော့ ခြေစုံကန်တာလား။
စုရှီက
"ဒါဆို ဘယ်လိုလုပ်မှ ရှင်ခွင့်ပြုမှာလဲ"
လုဟွမ်က
"အရင်ဆုံး ကြောင်ကို ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ် ဝရန်တာမှာပဲဖြစ်ဖြစ် အိပ်ခိုင်းရမယ်။ အဲတာမှ မင်းအိပ်ယာပေါ်ကို တက်မလာမှာ"
စုရှီက စိတ်ထဲကနေ
'နူးညံပြီး ချစ်စရာကောင်းတဲ့ အကောင်ပေါက်လေးကို မွေးတဲ့ ရည်ရွယ်ချက်က အိပ်ရာပေါ်မှာထားဖို့ မဟုတ်ဘူးလား။ ကြောင်လေး ကို အိပ်ရာပေါ် ပေး မတက်ခိုင်းတာက အရမ်းကို နှလုံးသားမဲ့တာပဲ! လုဟွမ် ရှင်က အသဲနှလုံးမရှိတဲ့လူ! ဒါပေမယ် ဘယ်သူက ဂရုစိုက်လို့လဲ။ အချိန်တန်တော့လဲ လုဟွမ်က ငါ့ကို အခန်းထဲ အတင်းထည့်ပြီး ကြောင်ကို အပြင်ထုတ်နိုင်မှာ မို့လို့လား။'
စုရှီက ပြုံး၍
"ဒါပေါ့ ကိစ္စမရှိဘူး။ ကျွန်မနားလည်ပြီ။ ကြောင်အမွှေးတွေ ကျွတ်မှာ ရှင်ကြောက်နေတာပဲ။ အိပ်ယာခင်းတွေ လျှော်လို့ အဝတ်လျှော်စက် ညစ်ပတ်သွားရင် အိပ်ယာခင်းတွေ ပျက်စီးသွားမှာ"
လုဟွမ် "..."
သူ့စိတ်ထဲတွင်
"မဟုတ်ပါဘူး။ မင်းနားမလည်ဘူးပဲ"
စုရှီက
"တစ်ခြား အချက်တွေ ရှိသေးလား။ ဒုတိယတချက်နဲ့ တတိယတချက်ကကော"
လုဟွမ်က ယုံကြည်ချက်ရှိရှိဖြင့်
"ဒုတိယနဲ့ တတိယအချက်တွေကိုတော့ မစဉ်းစားရသေးဘူး။ စဉ်းစားပြီးရင် ထပ်ဖြည့်ပြောမယ်"
စုရှီ ပြောစရာ စကားပြောက်ရှသွားသည်။ လုဟွမ် သူ့ဖုန်း နဲ့ နဂါးနိုင်ဓါးနဲ့ တိမ်လွှာဓါး ဇာတ်လမ်းကို ဖတ်တုန်းကများ ကျိုးကျစ်ရို့ ဆီကများ သင်လာတာလား။ ကြောင်တစ်ကောင် မွေးနိုင်ဖို့ နီးကပ်လာပြီမို့ စုရှီ နှစ်ခုလုံးကို သဘောတူလိုက်သည်။ မွေးပြီးရင် လုဟွမ် ဘာများ ပြောနိုင်ဦးမှာ မို့လို့လဲ။ ကောင်းကောင်း ဆိုးဆိုး၊ စုရှီက လုဟွမ်ကို မွေးနေ့လက်ဆောင် ပေးရမယ်။ အကြံအစည် အောင်မြင်အောင် ကြိုးစားရမယ်။
လုဟွမ်က စုရှီကို အိမ်ပြန်ပို့ပြီးတဲ့ နောက်မှာတော့ သူဟာ စိတ်လှုပ်ရှားပြီး မျှော်လင့်နေခဲ့ပါသည်။ ညနက်သန်းခေါင်မှာ ကြောင်လေးတစ်ကောင်ကို တတ်နိုင်သမျှအမြန်ဆုံး မွေးဖို့ စီစဥ်နေတဲ့ စုရှီဟာ အင်တာနက်မှာ ကြောင်စာ အကြောင်း ရှာဖွေခဲ့ပါသည်။
ကြောင်တစ်ကောင် မွေးရတာက အလုပ်တော်တော်များသည်။ သူက ကြောင်အိပ်ရာ၊ ကြောင်ခြစ်ဘုတ်၊ ကြောင်စာစတာတွေကို ဝယ်ရမည်ဖြစ်၏။ ထို့ကြောင့် စုရှီသည် ကြောင်စာကိုရှာဖွေပြီးနောက် Taobao သို့ ချက်ချင်းဝင်ကာ စျေးဝယ်လှည်းအတွင်း အာဟာရဖြည့်စွက်စာတွေကို ပျော်ပျော်ကြီးထည့်ခဲ့သည်။
လုဟွမ်က သူ ဝတ်ထားတဲ့ ပိုးထည်ဖြူအင်္ကျီနဲ့ ဦးထုပ်အဖြူကို လဲလိုက်သည်။ မင်းသားအိမ်တော်သို့ အနားယူရန် ပြန်လာပြီးနောက် စခရင်ကို ဖွင့်၍ မနေနိုင်ဘဲ စုရှီကို ကြည့်လိုက်သည်။
မနက် လေးနာရီထိုးခါနီးတွင် ကြောင်လေးကို ဖုန်းစခရင်ပေါ်မှ ငေးကြည့်ရင်း ရူးကြောင်ကြောင်ရီနေတဲ့ စုရှီကို မြင်လိုက်ရသောအခါ သူဆွံ့အသွားသည်။
အမျိုးကောင်းသားတစ်ယောက်က သူ့စကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူးဆိုတာ မှန်ပေမယ့် လုဟွမ်က ဒါကို သဘောတူခဲ့တာ တကယ်ကို နောင်တရနေ၏။
လုဟွမ်တစ်ယောက် တော်ဝင်ဂူဗိမာန်သို့ မသွားမီတွင် သူသည် ကျန့်ယွမ်စစ်သူကြီးနှင့် စစ်သူကြီးယွင်ဆီသို့ သွားရောက်၍ သူတို့ ဘာဆက်လုပ်ရမည်ကို ဆွေးနွေးသည်။
အခု အိမ်ရှေ့မင်းသားကလဲ အကျယ်ချုပ်ကျနေပြီး ဝန်ကြီးချုပ်ရဲ့ အဖွဲ့ထဲမှာလဲ ရန်ပွဲတွေဖြစ်သွားပြီး ကွဲထွက်သွားကြသည်။ ဆွေမျိုးများ၏ သြဇာလွှမ်းမိုးမှုသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ ဧကရာဇ် အလိုရှိသည်အတိုင်း မင်းသားနှစ်က အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီး ယခုအခါ သူ၏ ရည်မှန်းချက်သည် တဖြည်းဖြည်း ပေါ်လွင်လာနေပြီဖြစ်သည်။ သူနှင့် မင်းသားငါးတို့ကြားတွင် ပြိုင်ဆိုင်မှုတစ်ခု ရှိလာ၏။
မြို့တော်ကလဲ မငြိမ်းချမ်းဘဲ အခြေအနေ ပိုဆိုးလာလေသည်။
လုဟွမ်သည် တော်ဝင်ဂူဗိမာန်တွင် တစ်နှစ်ကြာ နေရမည်။ သူကိုယ်တိုင် တောင်းဆိုပေမယ့် ပြင်ပလူတွေ မသိကြဘဲ ဧကရာဇ်က သူ့ကို ရာထူးက လျှော့ချလိုက်တယ်လို့ အားလုံးက ထင်နေကြပြီး တခြားမင်းသားတွေက သူ့ကို သိပ်ဂရုမထားကြပေ။
ဒီနည်းနဲ့ ဒီလူတွေ ရန်ဖြစ်တဲ့အခါ သူက အနှောက်အယှက်မဖြစ်ဘဲ တခြားအရာတွေ အများကြီး လုပ်နေနိုင်သည်။
အဲဒီထဲမှ တစ်ခုမှာ မပြီးဆုံးသေးသော မစ်ရှင်၁၆ ဖြစ်ပြီး ယန်တိုင်းပြည်၏ အခွန်များ လျှော့ချရေးကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
လုဟွမ်သည် စစ်တပ်ရေးရာဝန်ကြီးနှင့် ဆွေးနွေးခဲ့သည်။ အခွန်တွေကို လျှော့ချပြီး ပြည်သူတွေ အပေါ်ပိနေတဲ့ ဖိအားတွေကို အချိန်တိုအတွင်း လျှော့ချဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဧကရာဇ်ထံ အခွန်လျှော့ချခြင်းစာတမ်း ပေးပို့ပါကလဲ တန်းပယ်ချမှာ ဖြစ်သည်။
နောက်ပြီး သူတို့ဟာ လက်ရှိအခြေအနေကနေ စရမည်။ ယန်တိုင်းပြည်သည် ကြွယ်ဝသောပြည် မဟုတ်ပေမယ့် နိုင်ငံတော်ဘဏ္ဍာတိုက်သည် ဘာမှမရှိတာတော့ မဟုတ်ပေ။ မြောက်ပိုင်းရှိ ရန်သူများသည် ယခုအချိန်တွင် မကျူးကျော်နိုင်သော်လည်း ယန်တိုင်းပြည်သည် စစ်အင်အားကို မြှင့်တင်ရန် လိုအပ်နေသေးသည်။ ဒါတွေ အားလုံးက ငွေအများကြီးလို၏။
ဒီလိုလုပ်ဖို့ ယန်တိုင်းပြည်ရဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်ဟာ အရင်ဆုံး ငွေကြေးပေါများနေဖို့ လိုသည်။
ပြောရမည်ဆိုလျှင် ဝင်ငွေတိုးစေပြီး အသုံးစရိတ်လျော့ချခြင်း ဖြစ်သည်။ တစ်ဖက်မှာက သူတို့သည် ယန်တိုင်းပြည်ရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးနည်းစနစ်ကို မြှင့်တင်ရန်နှင့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန် လိုအပ်သည်။ တစ်ဖက်ကလည်း အကျင့်ပျက် အရာရှိတွေကနေ စရဦးမည်။ အရှေ့နန်းတော်၏ အိမ်ရှေ့မင်းသားသည် စည်းစိမ်ဥစ္စာများစွာကို စုဆောင်းခဲ့ကြောင်း၊ တော်ဝင်နန်းတွင်း၌ လောဘကြီးသူ ဘယ်လောက်ရှိကြောင်း သိနေတာကို ရှာတွေ့သွားကြသည်။ အဲတာကြောင့် သူတို့ကို တစ်ယောက်ပြီး တစ်ယောက် စုံစမ်းစစ်ဆေးဖို့ အချိန် နည်းနည်းယူရပြီး ရန်သူကို သတိမမူနိုင်ကြပေ။
လုဟွမ်သည် တော်ဝင်ဂူဗိမာန်သို့ သွားကာ တစ်နှစ်အတွင်း ဒီအရာများကိုလုပ်ဆောင်ရန် သူ့ လက်အောက်ငယ်သားများအား လျှို့ဝှက် စေလွှတ်မှာ ဖြစ်သည်။
မစ်ရင် ၁၇ အတွက် ဧကရာဇ်ကို သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်နှင့် သဘောတရားကို လက်ခံ ပြီးနောက် နယ်မြေဒေသများတွင် စမ်းသပ် အသုံးပြုကြည့်သည်။ လုဟွမ်က မစ်ရှင်အောင်မြင်ကြောင်း ဂုဏ်ပြုစာကို ရရှိလိုက်သည်။
[မစ်ရှင် ၁၇အောင်မြင်တဲ့ အတွက် ဂုဏ်ပြုပါတယ်။ မြို့တော်က လူသတ်မှု၊ မှုခင်းဖြစ်ပွားမှု လျော့ချနိုင်ခြင်းကို နယ်ပယ် ဒေသတော်တော်များများတွင် အကောင်အထည် ဖော်နိုင်သည့်အတွက် ဆုငွေ ရွှေဒင်္ဂါး ၃၀၀၀၊ ၁၅ မှတ် ရရှိပါသည်]
စုရှီနဲ့လုဟွမ်တို့သည် အမှတ်၂၀၀ပြည့် ပြီးတော့ မစ်ရှင်များသည် အလွန်ခက်ခဲလာကြောင်း နှစ်ယောက်စလုံး သဘောပေါက်ခဲ့ကြသည်။ မစ်ရှင်အားလုံးနီးပါးသည် ယန်တိုင်းပြည်တစ်ပြည်လုံး၏ မူဝါဒများ တိုးတက်ကောင်းမွန်ရေးနှင့် ဆက်နွယ်နေသည်။
သခင်မကြီး၏ အရေးပေးမှုရရှိရန် လုဟွမ်ကို စုရှီ စတင် ကူညီစဉ်က ခက်ခဲမှု အဆင့်မှာ အမှတ် အနည်းငယ်ပဲ ဖြစ်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။ နောက်ပိုင်းတွင် လုဟွမ် အဆင့်၄ အရာရှိ ဖြစ်လာပြီးနောက် ခက်ခဲမှုအဆင့်မှာ ၂၀ ဝန်းကျင်သာ ဖြစ်သည်။
ဒီတော့ အခက်အခဲက နောက်ပိုင်းမှ လာသည်။
လက်ရှိ မစ်ရှင်တွင် ကြယ် ၄၅ ပွင့် ခက်ခဲမှုနှုန်း ရှိနေ၏။
အခွန်လျှော့ချခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ပေးသည့် မစ်ရှင်၁၆ တွင် ကြယ် ၆၅ ပွင့် အခက်အခဲ ရှိသည်။
ဒါတောင် အပြည့်မဟုတ်သေးပေ။
စုရှီသည် ကြယ် ၁၀၀ ခက်ခဲသော မစ်ရှင်က ဘယ်လိုတွေတောင် ခက်နေမလဲဆိုတာ သံသယဖြစ်နေမိသည်။
မစ်ရှင် ၁၇ကို ပြီးမြောက်တော့ စုစုပေါင်း အမှတ်က ၂၁၅ မှတ်သို့ ရောက်ရှိသွားသည်။ အခက်အခဲများ တိုးလာခြင်းကြောင့် လုပ်ဆောင်ချက်တွေကလဲ နှေးလာသည်။ လုဟွမ်က စနစ်အား မစ်ရှင်၁၈ မြန်မြန်ပို့ဖို့ လုပ်နေရ၏။
မစ်ရှင် ၁၈- [ယန်တိုင်းပြည်သည် နိုင်ငံခြားကုန်သွယ်မှုနှင့် သံတမန်ဆက်ဆံရေး ဘယ်တုန်းကမှ မဖွဲ့စည်းထားပေ။ ကျေးဇူးပြု၍ အနောက်ပိုင်းရှိ "ဟူ"ကုန်သည်များကို ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံခြားကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့အစည်းကို ထူထောင်ပါ။ ရွှေဒင်္ဂါးပြား ဆုကြေးမှာ ၄၀၀၀ ဖြစ်ပြီး အမှတ် ဆုကြေးမှာ ၁၈ ဖြစ်သည်။]
ယန်တိုင်းပြည်သည် ဒီနှစ်တွေထဲ ထင်သလောက် မဖွံ့ဖြိုးခဲ့ပေ။ ဧကရာဇ်သည် နလပိန်းတုန်းဟု မယူဆ နိုင်သော်လည်း ယန်တိုင်းပြည်၏ စီးပွားရေး၊ လူတို့၏ စားဝတ်နေရေး၊ စစ်ရေးနှင့် အခြားသော ကဏ္ဍများကို ဂရုစိုက်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် အခြားနိုင်ငံမှ ကုန်သည်အများအပြားသည် ယန်တိုင်းပြည်မှ ရှားပါးသစ်တောနှင့် ဆေးဖက်ဝင်အပင်များ အများအပြားကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူခဲ့ကြသည်။ အပြန်အလှန်အားဖြင့် လှပသော်လည်း အမှန်တကယ် အသုံးမဝင်သော ကျောက်မျက်ရတနာတွေ ပြန်ရလေ၏။
အရာရှိများစွာကိုပင် လှည့်ဖြားပြီး ကျောက်မျက်ရတနာများကို ပြန်ဝယ်ကာ မြေပေါ်ကျတော့ ကွဲကြေသွားသည်ကိုသာ တွေ့ရှိရသည်။
နိုင်ငံခြား ကုန်သွယ်မှု စျေးကွက်သည် အလွန် ဖရိုဖရဲ ဖြစ်နေသည်။ ယန်တိုင်းပြည်မှ ဆေးပင်ဝါးပင် အမြောက်အမြားကို အခြားနိုင်ငံတွေမှ လုယူသွားသောကြောင့် သူတို့၏ နိုင်ငံတော်ဘဏ္ဍာကို ပြန်လည် ဖြည့်တင်းလိုသောအခါတွင် အခြားနိုင်ငံမှ ဝယ်ယူရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ ရေရှည်တွင် ယန်တိုင်းပြည်သည် ပိုဆင်းရဲလာပြီး အခြားနိုင်ငံများသည်လည်း တဖြည်းဖြည်း ပိုချမ်းသာလာလိမ့်မည်။
စုရှီ၏စကားအရ သူတို့သည် ယန်တိုင်းပြည်၏ အခြေအနေကို ပြောင်းပြန်လှန်ပြီး ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို အားကောင်းစေရန် ကုန်သွယ်မှု ပိုငွေပြအဖြစ်သို့ ပြောင်းလဲရန် လိုအပ်သည်။
လုဟွမ်သည် မစ်ရှင်၁၈ကို လက်ခံခဲ့သော်လည်း ဒီမစ်ရှင်က ရေရှည်လုပ်ရမည့်အရာတစ်ခုဖြစ်သည်။ အခွန်လျှော့ချခြင်းစာတမ်းတင်ရန် ဧကရာဇ်ထံ အရာရှိအချို့ စေလွှတ်ဖို့ လိုအပ်နေသေးသည်။
လောလောဆယ်တော့ အလျင်စလို မလုပ်နိုင်သေးပေ။
ကျန့်ယွမ်စစ်သူကြီးနှင့် အခြားသူများသည် အစက လုဟွမ်ကို ဧကရာဇ်က ရာထူးမှ ဖယ်ရှားလိုက်သောကြောင့် တော်ဝင်ဂူဗိမာန်ကို စောင့်ကြပ်မည်ဟု ထင်ခဲ့ကြသော်လည်း လုဟွမ်၏ ရှင်းလင်းချက်အပြီးတွင် နားလည်ခဲ့ကြသည်။
လုဟွမ်၏ ဆုံးဖြတ်ချက်သည် အမှန်ပင် မှန်ကန်သည်။ လက်ရှိတွင် မြို့တော်ရှိ မင်းသားများအားလုံးသည် ထီးနန်းကို လိုချင်ကြသည်။ မူလက ဤရည်မှန်းချက်များကို မသိမသာ မျိုသိပ်ထားနိုင်ကြသော်လည်း လုဟွမ်သည် မင်းသားကိုးအဖြစ် မြို့တော်သို့ ပြန်ရောက်ပြီးနောက် မင်းသားနှစ်နှင့် မင်းသားငါးတို့သည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။ လုဟွမ်သည် မြို့တော်တွင်နေပါက သူဟာ သူတို့၏ လျှို့ဝှက်တိုက်ခိုက်မှုများကို သေချာပေါက် ရင်ဆိုင်ရပေမည်။
လုဟွမ်က ကြောက်စရာ ဘာမှမရှိဘူးလို့ ခံစားရ၏။ သူဟာ လာသမျှကို ပြေလည်အောင် ဖြေရှင်းလိုက်မည်။ ဒါပေမယ့် ဒီလိုတွေ ဆက်လုပ်နေရင် တခြားအရာတွေ လုပ်ဖို့ သူ့ကိုယ်သူ အနားပေးနိုင်မည်မဟုတ်ပေ။ ဧကရာဇ်နေရာအတွက် သူတို့နဲ့ တိုက်ပွဲဝင်တာနဲ့ ယှဉ်ရင် သာမန်ပြည်သူတွေကို အကျိုးပြုမယ့် အရာတွေအတွက် အချိန်ဖြုန်းတာက ပိုကောင်းသည်။
သူတို့တွေဟာ ပလ္လင်ပေါ်သို့ တက်ချင်ကြသည်။ ဒီရည်မှန်းချက်က မမှားပေမယ့် ရန်ဘက်တွေကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူပြီး ဧကရာဇ်ဖြစ်လာရင်တောင်မှ ယန်တိုင်းပြည်ရဲ့ ပြည်သူတွေဟာ အန္တရာယ်ရှိနေဆဲပင်။ ပြည်သူတွေရဲ့ နှလုံးသားဟာ အရှုံးပေးမည်မဟုတ်။
မြို့တော်၌ ခုနစ်ရက်ကြာ ဈာပနပွဲ ပြီးဆုံးသွားကာ မြို့ကို ပိုးဖြူတွေဖြင့် ဖုံးအုပ်ထားသည်။
မိုးသည်းစွာ ရွာသွန်းပြီးနောက်တွင် တော်ဝင်နန်းတော်မှ တော်ဝင်အစောင့် စစ်ကြောင်း နှစ်ကြောင်းအား လုဟွမ်ကို ဆုချီးမြှင့်ကာ တော်ဝင်ဂူဗိမာန်သို့ ပို့ဆောင်ပေးခဲ့သည်။
နောက်ပြီး သူက မင်းသားတစ်ပါး ဖြစ်တာမလို့ တော်ဝင်ဂူဗိမာန်ကို စောင့်ရှောက်ခြင်းက ဒီလောက် အေးတိအေးစက် မဖြစ်နိုင်ပေ။ တစ်ဖက်မှာ လုဟွမ်သည် ထိုက်ရှမ်းနန်းဆောင်တွင် နေထိုင်ခဲ့သည်။ မြို့တော်ရှိ မင်းသားတွေရဲ့ အိမ်တော်တွေနဲ့ သိပ်မကွာခြားပေမယ့် နည်းနည်းတော့ လူဆိတ်ညံနေ၏။ ထိုနေရာတွင် တပ်စွဲထားသော တော်ဝင်အစောင့်တပ်များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ခေါ်ဆောင်လာသော တော်ဝင်အစောင့်တပ်များမှလွဲ၍ မြို့တော်ရှိ တစ်ခြားလမ်းများလို ရှုပ်ယှက်ခတ် မနေချေ။
အရာရှိအများအပြား သူ့တံခါးကို မရောက်လာစေဘဲ လုဟွမ်က လူများကို လွှတ်လိုက်ပြီး သူ့ကို စောင့်ရှောက်ဖို့ ယုံကြည်ရသော ကျွန်တစ်ဦးသာ ကျန်ခဲ့သည်။ သူဟာ သူ့ကိုယ်သူ အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ် နေတော့သည်။ တော်ဝင်ဂူဗိမာန်ကို စောင့်ကြပ်ခြင်းဆိုင်ရာစည်းမျဉ်းများအရ ကျမ်းချက်အချို့ကို စတင် ကူးရေးတော့၏။
တစ်ဖက်တွင် စုရှီက ကျောင်းတက်ရန် သုံးရက်သာ လိုတော့သည်။ လုဟွမ်သည် ထိုက်ရှမ်းနန်းဆောင်သို့ ရောက်သည်အထိ စောင့်ရမည်ဖြစ်ပြီး ကျောင်းတက်ရန် အတူတူ စောင့်ရပေမည်။ လုဟွမ်မှာ ရှင်းရှင်းလင်းလင်း မသိရသေးသော အရာတွေရှိပြီး စုရှီရဲ့ကျောင်းကိုလဲ မရောက်ဖူးပေ။ စုရှီက သူ လမ်းပျောက်သွားမှာကို ကြောက်နေရသည်။
နံနက် ခြောက်နာရီခန့်တွင် လုဟွမ် ရောက်လာသည်။ စုရှီက သူ့အဝတ်အစားတွေလဲ နေတာကို စောင့်ပြီးနောက် ကျောင်းမစခင် သူတို့ ပထမဆုံးလုပ်ရမယ့်အရာကို လုပ်ဖို့အတွက် လုဟွမ်ကို တံခါးကနေ ဆွဲခေါ်လာလိုက်သည်။
သူ့ဆံပင်ကို ညှပ်ရမည်။
လုဟွမ်၏ဆံပင်သည် ရှည်လွန်းသဖြင့် ကျောင်းဂိတ်သို့ ဝင်နိုင်မှာမဟုတ်ချေ။ သင်ကြားရေးမှူးက သူ့ကို တားမှာ သေချာ၏။
"အတိုညှပ်ချင်တာ သေချာလား"
စုရှီက သူ့လက်နဲ့ လုဟွမ်၏ အနက်ရောင်ဆံပင်ရှည်ရှည်တွေကို ထိလိုက်သည်။ တည်ငြိမ်အေးဆေးသော အသွင်အပြင်ကို ကြည့်ပြီး စုရှီက သူ့ထက်တောင် စိတ်ပူပန်နေမိသည်။
စုရှီက
"ရှင့်ဘက်ကို ဘယ်လိုလုပ်မလဲ။ ယန်တိုင်းပြည်ရဲ့ အမျိုးသားတွေ အားလုံးမှာ ကျောက်စိမ်းသရဖူနဲ့ ဆံပင်ရှည်တွေ ရှိကြတာကို။ ရှင့်ရဲ့ ဆံပင်က အရမ်းတိုတယ်ဆိုတာ သိသွားရင် မထူးဆန်းနေဘူးလား"
လုဟွမ်က
"ထိုက်ရှမ်းနန်းဆောင်က အေးစက်ပြီး ပျော်ရွှင်မှု ကင်းမဲ့နေတာ။ ဘယ်သူမှလဲ မလာသလောက်ပဲ။ ကိုယ့် ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေပဲ အနားမှာ ရှိတာ။ ကိုယ်တောင်အောက် ဆင်းရင် ပိတ်ပါးစ ကာထားတဲ့ မြက်ခမေါက်ဆောင်းပြီး ဆင်းတာ။ နောက်တစ်နှစ် မြို့တော်ကို ပြန်လာတော့ ကိုယ့်ဆံပင်တောင် တော်တော်ရှည်နေလောက်ပြီ"
စုရှီက လုဟွမ် ဆံပင်ကို ညှပ်ပစ်ဖို့ တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သူက လုဟွမ်ကို အဝေးကို သွားခိုင်းပြီး ဆံပင်ရှည်နဲ့ သူ့ဓာတ်ပုံတချို့ ရိုက်လိုက်သည်။ သူ ကြိုတင်ဘိုကင်တင်ထားတဲ့ အွန်လိုင်း နာမည်ကြီးဆိုင်တစ်ခုဆီ မပို့ခင် သူ့ဖုန်းထဲမှာ ဓာတ်ပုံတွေကို သိမ်းထားလိုက်၏။
နှစ်ယောက်သား ဆိုင်ထဲကို ဝင်သွားသည်။ မနက် ရှစ်နာရီ ဝန်းကျင်လောက်ဖြစ်နေပြီး ခုမှ ဆိုင်ဖွင့်တာမလို့ ဆံပင်ညှပ်ဆရာမှလွဲ၍ အခြားဖောက်သည်များ မရှိပေ။
ဆရာတိုနီသည် လုဟွမ်ကို မြင်သောအခါ အံ့သ့သွားသည်။ သူ့မျက်နှာပန်းမှာ ပွင့်လာပြီး
"လူချောလေး ဘယ်လို ဆံပင်ပုံစံလိုချင်လဲ"
လုဟွမ်က
"သူ့ကို မေးပါ"
စုရှီသည် သူ့ဖုန်းထဲတွင် သူအကြိုက်ဆုံး အိုင်ဒေါကောင်လေး၏ ဓာတ်ပုံကို ရှာဖွေပြီး ဒီတိုင်းညှပ်ခိုင်းလိုက်သည်။
"ဒီလိုပုံစံညှပ်လို့ရလား?"
ဆရာတိုနီက
"သိပ်ရတာပေါ့။ ညီမသူငယ်ချင်းက ပုံထဲက လူထက်တောင် ပိုချောသွားဦးမယ်"
လုဟွမ်သည် စုရှီ၏ ဖုန်းထဲက ဓာတ်ပုံကို ကြည့်လိုက်သည် ။ မနာလိုစိတ်က ရင်ထဲမှာပြည့်လျှံနေလျက်ပင်။ သူက အေးစက်စွာပြော၏။
"ဒီလူနဲ့ မယှဉ်ချင်ဘူး။ သင်္ဘောသားဆံပင်ပုံစံပဲ ညှပ်ပေးလိုက်ပါ"
စုရှီက ရယ်မောပြီး သူ့ကို ထိုင်ခုံပေါ် ဖိချလိုက်သည်။
"ရှင်က သူ့ထက် ပိုချောပါတယ်!"
လုဟွမ်ရဲ့ မျက်နှာကြောက နည်းနည်းပျော့သွားသည်။
ဆရာတိုနီက လုဟွမ်၏ဆံပင်ကို စညှပ်လိုက်သည်။ စုရှီက အခွင့်အရေးရတုန်း အပြင်မှာ ဖက်ထုပ်တစ်ပွဲ သွားစားလိုက်သည်။ စားသောက်ပြီးတာနဲ့ လမ်းလျှောက်လာရင်း လုဟွမ်က သူ့ခန္ဓာကိုယ်ကို ဖုံးထားတဲ့ ပိတ်စကို ချွတ်လိုက်ပြီး သူဝင်လာတာနဲ့ မတ်တပ် ထရပ်လိုက်သည်။ စုရှီရဲ့ အကြည့်တွေက သူ့မျက်နှာပေါ် ကျရောက်နေပြီး အံ့အားသင့်သွား၏။
ဆံပင်အရှည်ကြီးက လုဟွမ်ကို ခန့်ခန့်ညားညား ဖြစ်နေစေသည်။ သူ့လှုပ်ရှားမှုတိုင်းကလည်း ရှေးခေတ်က အငွေ့အသက်များ ထင်ဟပ်နေသည်။ သို့သော်ငြား ဆံပင်တိုတို ညှပ်လိုက်သောအခါ ယခင်နှင့်ကွဲပြားသောအသွင် ဖြစ်သွား၏။ သူ့မျက်လုံးများက အေးစက်စူးရှနေသည်။ သူ မတ်တပ်ရပ်လိုက်ချိန်တွင် ရှည်လျားဖြောင့်မတ်တဲ့ အရပ်က လေထဲတွင် ထောင်မတ်နေသာ အဖြူရောင် ဖော့ပလာပင် ကဲ့သို့ပင်။ လုဟွမ်သည် နှစ်ထောင်ပေါင်းများစွာက အိုဟောင်းနေသော အသွင်အပြင် အချို့ကို ဖယ်ထုတ်ပြီးချိန်၌ ကျောင်းသားများကြားတွင် ထင်ပေါ်နေသာ သန့်ရှင့်သပ်ရပ်သော ကောင်ချောလေးတစ်ဦး ဖြစ်လာနိုင်သည်။ သို့ပါသော်လည်း ချောမောလှပသည့် လူများအားလုံးနှင့် ယှဥ်ပါက လုဟွမ်တွင် အေးစက်ပြီး ခပ်တည်တည် သဘောထား ရှိနေသည်။
စုရှီသည် ကျောင်းထဲသို့ဝင်ပြီးသည်နှင့် သူသည် အဓိကကျောင်းဖိုရမ်များအားလုံးတွင် ပို့စ်တင်ခံရပြီး ကျောင်း၏အချောဆုံးလူ ဖြစ်လာမည်လို့ ထင်နေ၏။
ပိုပြီး ချဲ့ကားလာကြလျှင် WeChat ရှိ ကောင်ချောလေး bot ထဲသို့ ပင် လုဟွမ်ကို ထည့်သွင်းထားကြသည်။
စုရှီက သူ့ကို ဝှက်ထားချင်လာရ၏။
လုဟွမ်တစ်ယောက် လည်ပင်းမှာ အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူ့ပုခုံးထက်မှာ ဆံပင်တွေ ကျမနေတာကို သူ သိပ်သဘောမကျပေ။ အဲတာနဲ့ မတတ်နိုင်ဘဲ သူ့ရဲ့ဖြူကောင်လိုခေါင်းကို ကိုင်ကြည့်လိုက်သည်။
သူက စုရှီဆီသို့ လျှောက်လာပြီး
"ကိုယ်အခု တစ်ယောက်ယောက်နဲ့ တူနေလား"
ရှည်လျားသော ခြေတံများက သူ့ဆီသို့ ခြေတစ်လှမ်းတိုးလာသည်။ စုရှီမှာ မူးမေ့မတတ်ပင်။
စုရှီက သူ့ကိုဖြေဖို့ အချိန်မရှိ။ ဆရာတိုနီကလဲ လုဟွမ်ကို စိုက်ကြည့်နေတော့ စုရှီလဲ မနေနိုင်တော့ဘဲ လုဟွမ်၏လက်ကို အမြန်ဆွဲကိုင်ကာ အွန်လိုင်းနာမည်ကြီးဆိုင်မှ ထွက်သွားလေသည်။
ဆံပင်တိုညှပ်ပြီးတာနဲ့ နှစ်ယောက်သား အောက်ထပ်သို့ ပြန်ဆင်းလာကြသည်။ လုဟွမ်က အောက်ထပ်မှာ စောင့်နေသည်။ စုရှီသည် ခိုးကြောင်ခိုးဝှက်နှင့် လုဟွမ်၏အဝတ်အစားများနှင့် အခြားပစ္စည်းများကို သေတ္တာတစ်ခုအတွင်း ထည့်လိုက်ကာ အောက်ထပ်ကို ယူလာပြီး သူ့ကို ပေးလိုက်၏။
အဲတာတွေကို စုရှီရဲ့အခန်းထဲမှာပဲ ထားလိုက်၏။ စုရှီက ချိန်ကိုက်ဗုံးကဲ့သို့ အမြဲလိုလို ခံစားနေရသည်။ သန့်ရှင်းရေးလုပ်နေတဲ့ သူ့အမေက တစ်နေ့မှာ သူတို့ကို တွေ့မှာ ကြောက်၏။ အခုတော့ လုဟွမ်က သူ့ကို တိုက်ခန်းဆီ ခေါ်သွားတာကြောင့် နောက်ဆုံးတော့ စိတ်သက်သာရာရသွားလေသည်။
ထို့နောက် နှစ်ယောက်သား လမ်းခွဲလိုက်ကြသည်။
လုဟွမ်သည် ကျောင်းအပြောင်းအရွှေ့လုပ်ထုံးလုပ်နည်းများကို ကိုင်တွယ်နေရသည်။ စုရှီက အိမ်ပြန်ကာ သူ့ပစ္စည်းများကို ထုပ်ပိုးပေးခဲ့ပြီး သူ့အမေက နေ့ခင်းဘက်မှာ အဆောင်ကို လိုက်ပို့လေ၏။
စုရှီမှာ နောက်ကျရင် လုဟွမ်ကို ကျောင်းတွင်တွေ့နိုင်မည်ဟု တွေးခဲ့သည်။ ဆရာမကို အခန်းဖော်အတွက် ပြောပြီး ထူးထူးခြားခြား စိတ်လှုပ်ရှားနေသည်။ ရာသီဥတုက တောက်ပပြီး လှပတယ်လို့သာ ခံစားလိုက်ရပြီး သူ့ခြေထောက်တွေမှာ အရမ်းပေါ့ပါးပါး နေသည်။ သူ့အမေက သူ့ပစ္စည်းတွေ ထုပ်ပိုးဖို့ ကူညီပေးသည်။ ကိုယ့်ကတူ နှိမ့်ချနေသေးတာကို မြင်လိုက်ရတော့ မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။ ကျောင်းစတက်တုန်းက စုရှီဆို အမြဲတမ်း ဝင်ကျ သူ ဒီနေ့ဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ။
သူ့အမေက
"ဘာတွေပျော်နေတာလဲ"
စုရှီက မျက်နှာနီရဲလာဝာာတွေ နှလုံးခုန်မြန်လာတာတွေ တစ်ခုမှမဖြစ်ဘဲ ပြန်ပြောသည်။
"အထက်တန်း တတိယနှစ်မှာ စားဖို့သောက်ဖို့တောင် မေ့ပြီး ကိုယ့်ကိုယ်ကို မြောထားမယ်လို့ တွေးနေတာ"
သူ့အမေက ဆွံ့အသွားသည်။
သူအလွန်ပျော်သွားပြီး မွန်းတည့်အချိန်၌ အပိုကြက်ပေါင်တစ်ချောင်းကို ဆုချခဲ့သည်။ နေ့ခင်းဘက်မှာတော့ အဖေဖြစ်သူ ပြန်လာပြီး ကျောင်းပို့ခိုင်းပေမယ့် ကျောင်းမှာ ကားတွေကို ခွင့်မပြုပေးထားဘူး။ သူ့အဖေက လုပ်စရာရှိလို့ အရင်ထွက်သွားပြီး သူ့အမေနဲ့ သူနဲ့က စာသင်ခန်းကို သွားပြီး စာရင်းသွင်းသည်။ ကျောင်းအုပ်ဆရာမကြီး၏ ချီးမွမ်းစကား အနည်းငယ်ကြားပြီးနောက် သော့များယူကာ ခရီးဆောင်အိတ်များကို အိပ်ဆောင်အဆောင်သို့ ဆွဲယူသွားကြသည်။
မသွားခင် စုရှီက ကျောင်းအုပ်ဆရာကြီး၏ မှတ်တမ်းတွေကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။ သို့သော် လုဟွမ်၏ နာမည်ကို သူမ မတွေ့ခဲ့ရပေ။ သူစာမျက်နှာကို လှန်ကြည့်ချင်သော်လည်း ကျောင်းအုပ်ဆရာက သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လှည့်ကြည့်လိုက်သည်။ သူက အားနာသလို ဖြစ်ပြီး အသိစိတ်ဖြင့် ကျောင်းသားစာရင်း စာရွက်ကို အမြန်ချလိုက်သည်။
စုစုပေါင်း အိပ်ဆောင် အများအပြား ရှိခဲ့သည်။ အမျိုးသမီးအိပ်ဆောင်နှင့် အမျိုးသားအိပ်ဆောင်ဟူ၍ ခွဲခြားထားသည်။
မိဘတွေနဲ့ ကျောင်းသားတွေ လိုက်လာကြသည်။ တစ်ချက်ကြည့်လိုက်တော့ ဘယ်သူက ဘယ်သူလဲဆိုတာ ပြောဖို့ခက်တဲ့အတွက် နည်းနည်းရှုပ်သွား၏။
စုရှီ သည် ကျောင်းလွယ်အိတ်ကို ယူလာစဉ် သူ့အမေက သူရဲ့ လွယ်အိတ်ကို ဆွဲထုတ်ခဲ့သည်။ ကျောင်းသူအဆောင်ဆီသို့ လျှောက်သွားကြသည်။ သို့သော် မြေညီထပ်သို့ ရောက်သောအခါ သူ့အမေက လှေကားထစ်ကို ကြည့်ကာ အံသြသွားခဲ့သည်။
"သမီးရဲ့အိပ်ဆောင်က ဘယ်ထပ်လဲ"
စုရှီ သော့နံပါတ်ပြားကို ကြည့်လိုက်သည်။
"506... ပဉ္စမထပ်။"
သူ ရှေ့ကို အမြန်လှမ်းပြီး ခရီးဆောင်အိတ်ကို ယူလိုက်သည်။
"သမီး သယ်ပါ့မယ်။ အမေ့ခါးက သိပ်မကောင်းတော့ဘူး အေးဆေးပေါ့"
"အမေလုပ်ပေးမယ်။ လုပ်ပေးမယ်။ ရှီရှီ ချလိုက်"
သူ့အမေက ဝမ်းနည်းနေတဲ့ပုံပေါက်ပြီး မှိုင်တွေတွေမျက်နှာဖြင့် ပြောလေသည်။
"သမီးရဲ့အဆောင်က ဘာလို့ အထပ်မြင့်ကြီးမှာလဲကွယ်။ တက်လိုက် ဆင်းလိုက်လုပ်ရတော့ မမောဘူးလား။ ပြန်ချလိုက်တော့ ကိုယ့်ကိုယ်ကို မနှိပ်စက်နဲ့ အမေလုပ်ပေးမယ်"
သူ့အမေက သူ့သေတ္တာကို ယူချင်ပေမယ့် စုရှီက လက်နှစ်ဘက်နဲ့ မြှောက်လိုက်ပြီး ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။
ဒီအချိန်မှာ သူ့အမေက သူ့နောက်ကနေ ကြည်လင်ပြီး ကြည်နူးစရာကောင်းတဲ့ ကောင်လေးရဲ့အသံကို ရုတ်တရက်ကြားလိုက်ရသည်။
"စုရှီ၊ ကိုယ်ကူညီပါရစေ။"
သူ မတုံ့ပြန်ခင်မှာ အရပ်မြင့်မြင့် ချောမောတဲ့ ကောင်လေးတစ်ယောက် ဖြတ်သွားနေတာကို တွေ့လိုက်ရ၏။ သူသည် အရပ်ရှည်ပြီး ချောမောလွန်းသဖြင့် ရပ်ရွာရှိ အဒေါ်ကြီးများအားလုံး က ငေးမောသွားနိုင်သည်။ သူက စုရှီရဲ့ ခရီးဆောင်သေတ္တာကို လက်တစ်ဖက်တည်းနဲ့ ကိုင်ဆောင်ပြီး အရမ်း သက်တောင့်သက်သာ ရှိပုံရ၏။ စုရှီ၏ကျောဘက်ရှိ ကျောင်းလွယ်အိတ်ကို စိုက်ကြည့်ပြီးနောက် ကျောင်းလွယ်အိတ်ကို တိတ်တဆိတ် ချွတ်လိုက်သည်။
သူက ခေါင်းကိုမော့ပြီး ကြည့်လိုက်သည်။ သူက နူးနူးညံ့ညံ့ ပြုံးပြ၏။
"ဟယ်လို... စုရှီရဲ့အစ်မလား။ ကျွန်တော်က သူ့အတန်းဖော်ပါ"
စုရှီမှာ ဆွံ့အလျက်။
တကယ့်ကို ဒရာမာကင်းပင်။
စိတ်ထဲမှာ ကျိန်ဆဲပြီး သူ့အမေကို လှည့်ကြည့်လိုက်တယ်။ သူ့အမေက ပြုံးနေတာကို မြင်လိုက်ရတယ်။ သူ့အမေက ဆံပင်တွေကို နားရွက်နောက်မှာ ညှပ်ထားပြီး
"ကလေး ဘာလို့ ဒီလောက် လိမ္မာရေးခြားရှိ နေရတာလဲ။ အန်တီက ဘယ်လိုလုပ် စုရှီအစ်မ ဖြစ်ရမှာလဲ။ ဖြစ်ချင်းဖြစ် စုရှီအမေပေါ့"
လုဟွမ်က သူ့ကို စိတ်ခုသွားပုံရပြီး ချက်ခြင်း စိတ်မသက်မသာဖြစ်သွားသည်။
"မင်္ဂလာပါ အန်တီ။ တောင်းပန်ပါတယ်"
စကားမဆုံးသေးခင်မှာ သူ့အမေက
"ရပါတယ်ကွယ်။ အန်တီက ရုပ်နုတယ်လေ။ ဒါဆို မင်းတို့တွေပဲ ဆက်လုပ်လိုက်ကြနော်။ ကျေးဇူးအများကြီးတင်ပါတယ်လို့၊ ဒါနဲ့ မင်းနာမည်က"
လုဟွမ်သည် စုရှီကို ကြည့်လိုက်သည်။ စုရှီသာ နားလည်နိုင်သော သူ၏မျက်လုံးနက်များတွင် အောင်ပွဲခံ အပြုံးအရိပ်အယောင်လေး တစ်ခုရှိသည်။
"လုဟွမ်"
သူက စုရှီရဲ့သေတ္တာကိုသယ်ပြီး လှေကားထစ် ပေါ်တက်သွားသည်။ သူက အေးအေးလူလူပင် လျှောက်နေပေမယ့် စုရှီနဲ့ သူ့အမေက နောက်မှာ ကျန်ခဲ့တာကြောင့် စောင့်နေပေရ၏။
သူ့အမေက အနောက်ကနေ ကြည့်နေပြီး စုရှီရဲ့ လက်မောင်းကို ရုတ်တရက် ပုတ်လိုက်တယ်။
"အမေက တကယ် ငယ်ပုံပေါက်၏။ ဒီအသစ်လုပ်ထားတဲ့ဆံပင်နဲ့က ပိုငယ်သွားသလို ခံစားရတာလား။ ဒါပေမယ့် သမီးရဲ့အတန်းဖော်ကလဲ အဆင့်တွေ ကောင်းတယ်ထင်တယ်။ သူ အားရင် အိမ်ကို လာလည်ပါဦးလို့"
စုရှီမှာ ဆွံ့အနေလျက်။
"အမေရေ အမေ့ရဲ့စည်းမျဉ်းတွေ ဘယ်ရောက်သွားလဲ"