Chapter 78
Vol. 8 Ch. 78
အထက်တန်း တတိယနှစ်စပြီး တစ်လခွဲအကြာတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် အတန်းအနောက်ဘက်ရှိ ကျောက်သင်ပုန်းပေါ်၌ ရက်စွဲအား စတင် ရေတွက်တော့သည်။ "ဒီနေ့ စာမကျက်ရင် မနက်ဖြန် အုတ်သယ်ရမယ်" ဟူသော စာတန်းပါ ဆိုင်းဘုတ်ကိုပါ ကျောင်းတံခါးဝတွင် ချိတ်ဆွဲထား၏။ အားလုံးသည် အငွေ့အသက်မှာ တဖြည်းဖြည်း တင်းမာလာသလို ခံစားလိုက်ရသည်။
ထို့ကြောင့် ကော်ဖီဆိုင်မှ စာသင်ခန်းသို့ သွားကြသည့် ကျောင်းသားများ၏ အရှိန်အဟုန် မြန်လာခဲ့သည်။ လူများစွာသည် နေ့လယ်စာစားချိန်အတွင်း မအိပ်ဘဲ မေးခွန်းများဖြေဆိုရန် စာသင်ခန်းထဲတွင်သာ နေခဲ့ကြသည်။
လုဟွမ် ဤကျောင်းနှင့် ဤအတန်းသို့ ရောက်လာခဲ့သည်။ လ၏ပထမနှစ်ဝက်တွင် သူသည် များစွာသောအာရုံကို ဆွဲဆောင်ခဲ့ပေသည်။ အခြားအတန်းထဲရှိ မိန်းကလေးတော်တော်များများက သူ့ကိုတွေ့ပြီး စကားစမြည်ပြောဖို့ ကြိုးစားတတ်ကြသည်။
သို့သော် ပထမလနှစ်ဝက် ကုန်လွန်လာသည့်အခါ လူတိုင်းက အတန်းထဲ၌ ချောမောသည့် ယောက်ျားတစ်ယောက် ရှိသည်ကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။
ပထမအချက်အနေဖြင့် ဤကျောင်းသည် အထက်တန်းကျောင်းဖြစ်ပြီး ကျောင်းသားများသည် သူတို့၏စာလေ့လာမှုကို ဦးစားပေးပြီး ချုပ်တည်းမှု ပိုရှိကြသည်။ ဒုတိယအနေဖြင့် ယုပိန်နှင့် စကားစမြည်ပြောဖို့ အခွင့်အရေးရခဲ့မည်ဆိုလျှင်ပင် လုဟွမ်က သူတို့ကို သိပ်ဂရုမစိုက်ပေ။ သူသည် စုရှီထက်ပင် ပို၍ သတိရှိနေသည်။
ထို့ကြောင့် လဝက်အကြာတွင် အေးစက်သော လုဟွမ်သည် စုရှီအား ကျောက်သင်ပုန်းကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးနေသည်ကို အတန်းအတွင်းရှိ ကျောင်းသားများက မြင်သောအခါတွင်ပင် သူတို့ ငြိမ်သက် နေကြသည်။
စုရှီ သည် လုဟွမ်နှင့်အတူ ကျောင်းသို့ အသွား အပြန်လုပ်သည်။ ရေဒီယို ကျွမ်းဘားအားကစားမှ မာဂျောင်၊ ရိုလာစကိတ်စီးခြင်းအထိ တစ်ပတ်လျှင် အနည်းဆုံး ခေတ်မီသည့် အရာတစ်ခုကို သင်ကြားပေးသည်။ လုဟွမ်သည် အရာအားလုံးကို လျင်မြန်စွာ လေ့လာခဲ့သည်။ ထို့အပြင် ယန်မင်းဆက်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်းမရှိပါက၊ သူသည် ဤနေရာတွင် နေထိုင်ရန် အချိန်များစွာ ရရှိပေမည်ဖြစ်သည်။ သို့ဖြစ်ရာ ဖြည်းဖြည်းချင်း….
နောက်ဆုံးတွင် သူသည် ၂၁ ရာစု၏ ယောက်ျားလေးတစ်ယောက်နှင့် ပို၍ ပုံစံပေါ်လာသည်။ သူလည်း ဤကမ္ဘာကြီးထဲ၌ ပိုပိုပြီး အသားကျလာခဲ့သည်။
သူ ဤလောကကို ပထမဆုံးရောက်လာစဉ်က သူအသားမကျဆုံးမှာ တက္ကစီ စီးရခြင်း ဖြစ်သည်။ မြေပြင်ပေါ်တွင် တရွတ်ဆွဲနေပုံရသော ဘီးလေးဘီးပါသည့် ရထားပေါ်၌ ထိုင်နေရခြင်းက လုဟွမ်၏ လောကအမြင်၌ ကြီးမားစွာ သက်ရောက်မှုရှိခဲ့သည်။
သို့သော် သူအသားကျသွားသည်နှင့် ကားအမျိုးအစားမျိုးစုံကို လေ့လာခဲ့လေသည်။
၎င်းမှာ ယောက်ျားလေးတိုင်း မထိန်းချုပ်နိုင်သည့် ဝါသနာတစ်ခု ဖြစ်နိုင်ပေသည်။ သူတို့သည် စက်ပိုင်းဆိုင်ရာ အရာများကို ပြင်းပြစွာ နှစ်သက်ကြသည်။
သန့်ရှင်းရေးစက်ရုပ်တစ်ရုပ်နှင့် မော်ဒယ်အချို့ကို အွန်လိုင်းမှ ဝယ်ယူပြီး အတွင်း၌ မည်သည့်အရာများ ပေါင်းစည်းထားသည်ကို ကြည့်ရန် ခွဲထုတ်သည်အထိပင် လုပ်ခဲ့သည်။
ပိတ်ရက်များတွင် သူတို့ အပန်းဖြေပြီး အိမ်စာမလုပ်ကြဘဲ စုရှီသည်လည်း တက်ပ်ဘလက်တစ်လုံးနှင့် ဆိုဖာပေါ် ထိုင်ပြီး တီဗီစီးရီးကြည့်နေလေ့ရှိသည်။ သူကမူ ထိုစက်ပစ္စည်းများကို ခွဲထုတ်ကြည့်နေရာ — စုရှီကပင် သူ့ကို အနည်းငယ် မနာလိုလာသည်။ သူသည် ခေတ်မီယဉ်ကျေးမှုနှင့် ယခင်က မထိတွေ့ဖူးသောကြောင့် သူ့အတွက် ဤကမ္ဘာတွင် ဆန်းသစ်သောအရာများစွာ ရှိနေသည်။
စုရှီနှင့် ဟောက်ကျင်းချွမ်တို့၏ မျက်လုံးများတွင် သာမန်အရာများသာ ဖြစ်သည့် အပူပေးစက်များကဲ့သို့သော အရာအချို့ကိုပင် ကြည့်ရန် အလယ်မှ အပူပေးမျှင်များကို ခွဲထုတ်ကြည့်ခဲ့သည်။
လုဟွမ်သည် စုရှီ၏ကမ္ဘာတွင် စူးစမ်းလေ့လာကြည့်ရန်အရာများစွာရှိခဲ့သည်။
စုရှီ၏ အဖော်ပြုပေးမှုအောက်တွင် လုဟွမ်သည် သူ အစကနဦး၌ ဖြစ်သကဲ့သို့ မဟုတ်ဘဲ ဤကမ္ဘာကြီးတွင် ကျင့်သားရလာလေပြီ။
သို့သော် သူ၏ အပြောအဆို အပြုအမူများအပြင် ယန်မင်းဆက်၏ ဓလေ့ထုံးတမ်းကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲပင်၊ သူ သွားလေရာရာ လမ်းပေါ်ရှိ လူများက သူ့ကို အထက်တန်းကျောင်းသား သို့မဟုတ် နာမည်ကြီးသူဟုသာ ထင်ကြပါလိမ့်မည်။
စုရှီသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန် စိတ်သက်သာရာ ရသွားသည်ဟု ဆိုရမည်ဖြစ်သည်။
သူမ....................
ကမ္ဘာနှစ်ခုမှ သူတို့သည် မတွေ့ဆုံနိုင်ဘဲ ဖြစ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မစ်ရှင်ကို ပြီးမြောက်ရန် ကြိုးစားပြီး သူမ၏ကမ္ဘာသို့ ရောက်ရှိလာမည်မှာ သေချာသည်။
ဤကမ္ဘာမှ ရပ်တန့်နေခြင်း၊ နေရာလွဲနေပြီး နောက်ဆုံး သူမနှင့် လမ်းခွဲရခြင်းမျိုးလည်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားအားထုတ်ပြီး လုံးဝရင်းနှီးမှုမရှိသော ကမ္ဘာတွင် သာမန်လူတစ်ဦးကဲ့သို့ နေထိုင်ရန် ကြိုးစားနေရာ သူ ဘာပဲလုပ်လုပ် နောက်ဆုံးအောင်မြင်မည်မှာ သေချာသည်။
လုဟွမ်သည် ရယူမှုနှင့် ဆုံးရှုံးမှုအတွက် သူမကို ဘယ်သောအခါမှ စိတ်ပူစေမည်မဟုတ်သလို သူမကို ကြောက်ရွံ့စေမည်လည်း မဟုတ်ပေ။
ပေါက်စီလုံးလေးလို ဖြစ်ခဲ့ဖူးသော မုန့်လုံးလေးသည် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ နှလုံးသားထဲတွင် အသွေးအသား နှင့် လူအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သူ့ကမ္ဘာကို မရောက်မချင်း ဒါကို သူမ သတိမထားမိခဲ့ပါ.. စိတ်ထဲ တစ်ခုခုရှိနေလျှင် သူ့ခေါင်းထက်၌ အတွေးပူဖောင်းများ ပေါ်နေခြင်းမျိုး မဟုတ်ဘဲ၊ သူပျော်နေသည့်အခါ နေက ကြီးလာပြီး၊ သူ စိတ်မချမ်းသာသည့်အခါ တိမ်များက သူ့ခေါင်းကို ဖုံးလွှမ်းသွားခြင်းလည်း ပေါ်လာမည်မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သူသည် သူမရှေ့တွင် အသက်ရှင်လျက် ကောင်းကောင်းရပ်တည်နေပြီး အဆုံးမရှိသော အရည်အသွေးကောင်းများ၊ နူးညံ့သိမ်မွေ့မှု၊ ရိုးသားပြီး ခေါင်းမာသော လူငယ်တစ်ဦးဖြစ်နေသည်။
လုဟွမ်ကို တွေ့လိုက်ရသောအခါတိုင်း စုရှီသည် သူမ၏နှလုံးသားထဲတွင် နွေးထွေးနေစေရာ သူမ အလွန် ကျေနပ်မိသည်။
သူမ၌ ယုံကြည်မှု အပြည့်နှင့် သတ္တိများ ပြည့်နေသကဲ့သို့ အနာဂတ်၌ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ကြောက်စရာမရှိပေ။
ထိုရက်သတ္တပတ်ကုန်တွင် စုရှီမှာယူခဲ့သော ကြောင်လေးတစ်ကောင်သည် နောက်ဆုံးတွင် အိမ်သို့ရောက်လာသည်။ ကြောင်အား လှောင်အိမ်ထဲ၌ ထည့်ထားပြီး တက္ကစီတစ်စီးဖြင့် လိုက်ပါလာသောကြောင့် ယင်းက ကြောက်ရွံ့ထိတ်လန့်ကာ ညည်းတွားနေခဲ့သည်။
စုရှီ အလွန်စိတ်လှုပ်ရှားသွားသည်။ သူမသည် အိမ်စာလုပ်ရန် ကုချင်၏အိမ်သို့ သွားနေခြင်းဖြစ်သည်ဟု သူမ၏မိဘများအား ပြောခဲ့သော်လည်း သူမသည် မနက်အစောကြီးကတည်းက တိုက်ခန်းတွင် စောင့်နေခဲ့သည်။ သူမသည် လှောင်အိမ်နှင့် ကြောင်ကို ကြောင်စားစရာပန်းကန် ပြင်ဆင်ထားပြီး လသာဆောင်သို့ သယ်ဆောင်သွားသည်။
လှောင်အိမ်ဖွင့်ပြီးသည်နှင့် တပြိုင်နက် ထွားကြိုင်းသောကြောင်ကလေးသည် ပတ်ပတ်လည်ကို သတိကြီးစွာကြည့်ကာ ဖြည်းညှင်းစွာ ထွက်လာရာ သူ၏ဗိုက်သားလေးပေါ်ရှိ အဆီများ တုန်ခါသွားသည်။
စုရှီ၏ နှလုံးသား အရည်ပျော် ရပါတော့သည်။ သူမသည် သူ့ကို ကောက်ကိုင်လိုက်ပြီး သူမလက်ထဲတွင် ဆုပ်ကိုင်ထား၍ ခေါင်းလေးကို ပွတ်သပ်ပြီး ဖောင်းကားသည့် မျက်နှာလေးကို တို့ထိလိုက်သည်။
လုဟွမ်သည် ကုန်စုံဆိုင်မှ ပြန်လာ၍ ဤမြင်ကွင်းကို မြင်လိုက်ရပြီး စုရှီက ကြောင်လေးကို ပွေ့ချီပြီး နမ်းနေသည်ကို တွေ့လိုက်ရသည်။ တံခါးမှ ပြန်လာပြီး သူ့ဖိနပ်ကို ပြောင်းစီး၍ ဝင်လာခဲ့သည်ကိုပင် သူမ မကြားပေ။ စုရှီ ကြောင်၏ ခြေသည်းများကို စိတ်လှုပ်ရှားစွာ ဆုပ်ညှစ်နေတုန်းပင်… လုဟွမ်က ချောင်းဟန့်လိုက်ပြီး "ပုဇွန်လုံးလေးတွေဝယ်ခဲ့တယ်၊ နေ့လယ်စာအတွက် ပုဇွန်စားချင်လား" ဟုမေးလိုက်သည်။
စုရှီက သူ့ကို မော့ကြည့်ပြီး အံ့သြတကြီးနှင့် ခေါ်လိုက်သည်။
"မြန်မြန်၊ မြန်မြန်၊ နာမည်ပေးရအောင်"
လုဟွမ်သည် ဝယ်လာသောပစ္စည်းများကို မီးဖိုချောင်ထဲ ထားကာ လမ်းလျှောက်လာခဲ့ပြီး သူမနှင့် ကြောင်ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ သူသည် သူ့ အင်္ကျီလက်ကို ခေါက်လိုက်ပြီး ကြောင်ကို ပွေ့ဖက်ရာ ကြောင်သည် ရုတ်တရက် အမွေးအမျှင်များကျုံ့၍ လှောင်အိမ်ထဲသို့ မဝံ့မရဲ ပြန်သွားသည်ကို တွေ့လိုက်ရသည်။
"..."
လုဟွမ်က တစ်ချက်ကြည့်လိုက်ပြီး "သူရဲဘောကြောင်လို့ နာမည်ပေးရအောင်" ဟုပြောလိုက်သည်။
"မကြောက်ပါနဲ့၊ သူက လူကောင်းပါ။ သူက မရက်စက်ပါဘူး" စုရှီက ကြောင်ကို ပြုံးပြီး ပြောသည်။
သူမ လက်ကို လှမ်းလိုက်ပြီး ကြောင်ခေါင်းကို ပွတ်လိုက်သည်။ ခဏလောက်တွေးပြီးနောက် သူမသည် လုဟွမ်ကို မော့ကြည့်ကာ "သူရဲဘောကြောင်လို့ ခေါ်ရအောင်" ဟု ဆုံးဖြတ်လိုက်သည်။
လုဟွမ် သည် လှောင်အိမ်ထဲတွင် ကောက်ကွေးနေသော ကြောင်လေးကို ကြည့်လိုက်ပြီး "… သေချာပြီလား"
သူရဲဘောကြောင်သည် ဤတိုက်ခန်း၌ ဘဝကိုလျင်မြန်စွာ စတင်လိုက်သော်လည်း အကြောင်းတစ်ခုခုကြောင့် လုဟွမ်အား အနည်းငယ် ကြောက်နေခဲ့သည်။ လုဟွမ်ပေါ်လာတိုင်း ခြေထောက်ကြား၌ အမြီးကုပ်ပြီး အမြန်ပြေးသွားသည် ။ လုဟွမ် နာမည်ခေါ်လိုက်သည့်အခါတိုင်း စုရှီ၏ရင်ခွင်ထဲ အလျင်အမြန် ပုန်းနေလေသည်။
စုရှီနှင့် လုဟွမ်သည် ဤကိစ္စကို အတော်လေး စိတ်ရှုပ်နေခဲ့သည်။ တူညီသော ခေါင်မိုးအောက်တွင် နေထိုင်သော အထီးသတ္တဝါ နှစ်ကောင်ကြား သဘောထားကွဲလွဲမှုကြောင့် ဖြစ်နိုင်ပေမည်။
စုရှီက လုဟွမ်ကို သူရဲဘောကြောင် အား အစာကျွေးခိုင်းပြီး ပိုနီးစပ်ရန် လုပ်ပေးသည်။ သို့သော် လုဟွမ်သည် ကြောင်၏ပန်းကန်ထဲသို့ အစာထည့်သည့်အခါတိုင်း လုံးဝ မထိပါ။ နောက်ဆုံး စုရှီကသာ သူ့ကို ပြန်ကျွေးရသည်။ လုဟွမ်ကမူ ၎င်း၏ မစင်များကိုသာ ကျုံးရနိုင်သည်။
ဧကရာဇ်နှင့် စစ်သူကြီးကျန့်ယွမ်အပြင် ယန်မင်းဆက်ရှိ လူများက သူတို့၏ မင်းသားကိုးမှာ တော်ဝင်ဂူဗိမာန်ကို စောင့်ကြပ်နေလိမ့်မည်ဟု လုံးဝမထင်ထားကြသော်လည်း တကယ်တော့ သူသည် အခြားကမ္ဘာ၌ နေ့တိုင်းလိုလို သူ့ကိုယ်သူ နှိမ့်ချနေခဲ့ရသည်။ ခြေလေးချောင်းသတ္တဝါ၏ မစင်များကို သန့်ရှင်းနေရသည်။
လုဟွမ်၏ ခန့်မှန်းချက်အရ စုရှီ ကြောင်မွေးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် တစ်ပတ်လုံးလုံး စိတ်လှုပ်ရှားနေခဲ့ပြီး ကြောင်ကို အခန်းထဲခေါ်သွားပြီး ခေါ်အိပ်ရန်ပင် မစောင့်နိုင်တော့ပေ။
တစ်ပတ်၏ ခုနစ်ရက်တွင် ခြောက်ရက်မှာ လုဟွမ် သည် စုရှီကို နှိုးရန် တံခါးခေါက်ရသည်။ တံခါးကို ဖွင့်လိုက်ရာ စုရှီ၏ခေါင်းပေါ်၌ ထိုင်၍ ဗိုက်ဖွင့်ပြီး ကျေနပ်နေသည့် ကြောင်လေးတစ်ကောင်ကို တွေ့လိုက်သည်။
ဆူဖြိုးသောကြောင်သည် ပျင်းရိစွာ မျက်ခွံကိုဖွင့်ကာ ခြေနှစ်ချောင်းရှိသော သတ္တဝါ အထဲသို့ ဝင်လာသည်ကို တွေ့သောအခါ သူ့အား စိုက်ကြည့်ပြီး မျက်လုံးများပြူးပြလေသည်။
"…"
လုဟွမ်၏ မျက်နှာ မဲ့ရှုံ့သွားသည်။
မူလက သူတို့နှစ်ယောက်သည် ညဘက်ဆိုဖာပေါ်၌ ဘေးချင်းကပ် ထိုင်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြသည်။ ထိုကြောင်လေးရောက်လာပြီးသည့် နောက် စုရှီ၏ပေါင်ကို တစ်ပတ်ပတ်လုံး သိမ်းပိုက်ပြီး သူ၏ ခြေသည်းများကို စိမ်ပြေနပြေ ထုတ်ပြလေသည်။
စုရှီသည် သူ၏ ချစ်စဖွယ်ကောင်းမှုတွင် လုံးဝ မျောပါသွားလေသည်။
ထိုကြောင်သည် အလွန်ဝဖြိုးနေရာ လုဟွမ် သူ့ ခါးကိုပင် မဆုပ်ကိုင်နိုင်ပေ။ သူ့တစ်ကိုယ်လုံး ဖြင့် စိတ်ဓာတ်ကျသွားသည့်ပုံစံဖြင့် "ဘာက အရမ်းချစ်စရာကောင်းတာလဲ" ဟု မှုန်ကုပ်ကုပ်တွေးလိုက်သည်။
သူသည် အဆီများနှင့် ကြောင်၏လည်ပင်းနောက်ကို လျင်မြန်စွာ တိတိကျကျ တစ်ဖက်မှကိုင်၊ တစ်ဖက်မှ တင်ပါးကို ကိုင်ကာ ဆိုဖာပေါ် လွှင့်ပစ်လိုက်သည်။
အဆီပြည့်နေသည့်ကြောင်က ကော်ဖီစားပွဲပေါ် သနားစရာကောင်းလောက်အောင် ခုန်ဆင်းပြီး စုရှီကို "မြောင်"ဟု လှမ်းအော်လိုက်သည်။
ကြောင်လေးကို ပွတ်သပ်နေသည့် စုရှီ၏လက်များသည် ရုတ်တရက် ဗလာဖြစ်သွားရာ သူမက လုဟွမ်ကို ကြည့်လိုက်ပြီး "ရှင်ဘာလုပ်နေတာလဲ"
လုဟွမ် သည် ကြောင်ထက် ပို၍ပင် ဒေါသကြီးသည်။ သူ့လက်နှစ်ဖက်ကို ချပြီး သူမ ပေါင်ပေါ် ခေါင်းတင် လဲလျောင်းလိုက်သည်။ ကော်ဖီစားပွဲပေါ်မှ စာရွက်ကို ကောက်ကိုင်လိုက်ပြီး စုရှီကို ပေးကာ "ကိုယ်မသိတဲ့ မေးခွန်းတစ်ခုရှိတယ်”
'သူမသိတာက ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခုပဲ’ စုရှီသည် ချက်ချင်းပင် လေးနက်သည့် လေသံဖြင့်"ဘယ်မေးခွန်းလဲ!"
ကျောင်းစတက်စဉ်၌ လစဉ် စာမေးပွဲဖြေရသည်။ လုဟွမ်သည် ပထမ စာမေးပွဲတွင် ကောင်းမွန်စွာ မလုပ်နိုင်ခဲ့ပေ။ မည်မျှပင် ထက်မြက်သည်ဖြစ်စေ အထက်တန်းကျောင်းတွင် ဤမျှအချိန်တိုလေးအတွင်း အကြောင်းအရာများစွာကို သင်ယူရန် မဖြစ်နိုင်ပေ။
ကျိုက်ကျိုက်သည် ယန်မင်းဆက်တွင် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သော်လည်း သူကမူ ဤနေရာတွင် ဘာသာရပ်များကို မလိုက်မီနိုင်သေးပေ။ ဘုရားသခင်က သူ့ကိုပေးခဲ့သည့် ကောင်းချီးမှာ ချဲ့ကားလွန်းပုံမပေါ်ပေ။
သူသည် ညံ့ဖျင်းသော ကျောင်းသားတစ်ဦးအဖြစ်ပင် ဟောက်ကျင်းချွမ်၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။ ထိုစဉ်က စုရှီ ဟောက်ကျင်းချွမ်ကို ရိုက်လိုက်ချင်မိသည်။
လုဟွမ်အား သီးသန့်ဆရာအဖြစ် သင်ရန် အချိန်ရှာချင်ခဲ့သည်မှာ ကြာလေပြီ။
စုရှီ စာရွက်နှင့် ဘောပင်ကို အမြန်ယူလိုက်ပြီး သူမ မရှင်းပြခင် သူမကိုယ်တိုင် တွက်ချက်မှုအချို့ကို အရင်လုပ်ကြည့်သည်။
ဤနည်းဖြင့် စုရှီသည် ကြောင်ကို လုံးဝမေ့သွားခဲ့သည်။
လုဟွမ်သည် စုရှီ၏ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဆူဖြိုးသည့်ကြောင်လေးကို ပြုံးပြလိုက်သည်။
ကြောင်မှာ ဘာမှပြန်မပြောနိုင်။
နှစ်လအကြာတွင်၊ လုဟွမ်နှင့် အကြောက်ကင်းလာသော ကြောင် အကြား မမြင်နိုင်သော မနာလိုမှုများ တဖြည်းဖြည်း ပျောက်လာခဲ့သည်။ ကြောင်သည် လုဟွမ်က သူ့မစင်များကို နေ့တိုင်းသန့်စင်ပေးသည်ကို မြင်ပြီး နောက်ဆုံးတွင် စုရှီ၏ပေါင်ပေါ်မှ ခုန်ဆင်းကာ လုဟွမ်၏ပေါင်ပေါ်တက်ရန် ဆန္ဒရှိခဲ့ပြီး ပို၍ နီးကပ်လာကြသည်။
နောက်ဆုံးတွင် စုရှီသည် သူမ၏ ကနဦး တယူသန်သည့် ကြောင်မွေးမြူရေး စိတ်ဓာတ်သည် သာမန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ဆူဖြိုးသောကြောင်ကို မကြာခဏနမ်းခြင်း မပြုတော့ဘဲ လုဟွမ်ကို တာဝန်ပေးလိုက်တတ်သည်။
လုဟွမ်၏ စိတ်သည် နောက်ဆုံးတွင် ကြည်လင်လာတော့သည်။
စုရှီသည် လုဟွမ်ကို သူ့ဖုန်းရှိ နားထောင်ရန်နှင့် သင်္ချာအက်ပ်များ အသုံးပြုနည်းကို သင်ကြားပေးပြီးနောက် လုဟွမ်သည် ထိုအရာများ လုပ်ရင်း အချိန်များစွာ ကုန်ဆုံးခဲ့သည်။ သူသည် သူများထက် ပိုကြိုးစားခဲ့သည်။ စုရှီ အပါအဝင် အတန်းဖော်အများစုသည် သူတို့အထက်တန်းကျောင်း တတိယနှစ်ရောက်ချိန်မှာပင် အိပ်နေ၍ အိပ်ယာထဲ ပျင်းရိနေကြဆဲပင်။ သို့သော်လည်း သူသည် စစ်ချီတက်ရာတွင် ကျင့်သားရခဲ့ပြီး ဤအလေ့အထကို တစ်ခါမျှ မပြုလုပ်ခဲ့ပေ။
သူသည် နေ့တိုင်း မမောမပန်း အလုပ်လုပ်ပြီး မီးထွန်းထားကာ မေးခွန်းများကို ဖြေသည်။
သူ ပြီးသွားလျှင်ပင် စုရှီအား ထပ်ပြီးကူကြည့်ပေးသည်။
ထို့ကြောင့် နောက်ဆုံး စာမေးပွဲသို့ ရောက်သောအခါ သူ၏ တိုးတက်မှုသည် ပထမ စာမေးပွဲနှင့် ယှဉ်လျှင် အဆင့်အများကြီး ခုန်တက်သွားသည်။
သူသည် ဟောက်ကျင်းချွမ်၏ရှေ့ အဆင့် ၁၁၃ ဖြစ်သည်။
ဤတစ်ခါတော့ ဟောက်ကျင်းချွမ် မရယ်နိုင်တော့ပါ။
စုရှီသည် ပျင်းရိလေ့ရှိသည်။ သူမ၏အဆင့်များသည် ထိပ်တန်းငါးဆင့်မှ အဆင့်သုံးဆယ်ကြားတွင် အတက်အကျ ဖြစ်နေတတ်သည်။ ယခု သူ့ကြီးကြပ်မှုအောက်တွင် အတင်းအကြပ် မေးခွန်းများ လုပ်စေခြင်းဖြင့် သူမ စိတ်ဆင်းရဲနေခဲ့ရသည်။ သို့သော် ရလဒ်မှာ ကောင်းမွန်ခဲ့ပါသည်။ သူမသည် နောက်ဆုံးစာမေးပွဲတွင် အမှတ်အများဆုံးရခဲ့ပြီး အဆင့် ဒုတိယရခဲ့သည်။
သူမ၏ မိဘများပင် အံ့ဩနေခဲ့သည်။
ရာသီဥတုသည် အေးလာပြီး နှင်းကျစပြုလာသည်။ ကျောင်းတော်ကြီးသည် လက်တွေ့ဘဝ၏ အနိဠာရုံများကို မသိချင်ယောင် မျက်ကွယ်ပြုထားလျက်။ သို့သော် လုဟွမ်အတွက် အမှတ်တရကောင်းများ ဖန်တီးပေးခဲ့သည်။
အထက်တန်း တတိယနှစ်ရောက်နေပြီဖြစ်ပြီး ဆောင်းရာသီ ပိတ်ရက်မရှိဘဲ
တရုတ်နှစ်သစ်ကူးအတွက် ဆောင်းရာသီအားလပ်ရက် ခုနစ်ရက်သာ ပိတ်ပါသည်။ ထို ခုနစ်ရက်အတွင်း စုရှီသည် တိုက်ခန်းတွင် မနေနိုင်ဘဲ အိမ်ပြန်ခဲ့ရသည်။
လုဟွမ်သည် သူမ၏ ပစ္စည်းများကို ထုပ်ပိုးပြီး သူမကို ပြန်ပို့ရန် စီစဉ်ခဲ့သည်။
မပြန်ခင် ညတိုင်း ထိုက်ရှမ်းနန်းဆောင်ကို ပုံမှန်အတိုင်း ပြန်သွားခဲ့သည်။ လွန်ခဲ့သော ခြောက်လက သူ ကူးယူထားသော ကျမ်းများသည် အစုအဝေးတစ်ခုအဖြစ်သို့ ရောက်လာလေပြီ။ အစေခံနှစ်ယောက်ကို ယင်းတို့အား အခြားခန်းမတစ်ခုသို့ သယ်ဆောင်ရန် တာဝန်ပေးခဲ့သည်
ထိုက်ရှမ်း ဘက်၌လည်း နှင်းများကျနေသည်။ ဆီးနှင်းများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်ပြီး စည်းရိုးပေါ် ရေခဲများနှင့် နှင်းများ ဖုံးလွှမ်းလာသည်။
လုဟွမ်သည် လွန်ခဲ့သော ခြောက်လက ဆံပင်မညှပ်ခဲ့ပေ။ စုရှီသည် သူ့နား နား ရောက်လုနီးပါး ဆံပင်များကို စည်းပေးသည်။ ယန်မင်းဆက်သို့ ပြန်ရောက်သောအခါ သူ၏ ခေါင်းစောင်းကို ချည်ရန် လုံလောက်ပေလိမ့်မည်။ သူသည် နဂါးပုံ ၀တ်ရုံသို့ ပြောင်းဝတ်ပြီး အချိန်အတော်ကြာ ပိတ်ထားသော ခန်းမတံခါးကို ဖွင့်လိုက်ပြီး ယွီလင် အစောင့်တပ်များကို ဖြေရှင်းချက်ပေးရန် ထွက်သွားလေသည်။
သို့သော် တောင်စောင်းမှ မြင်းစီးသံကို ရုတ်တရက် ကြားလိုက်ရသောအခါ ခြေလှမ်းနှစ်လှမ်းပင် မလှမ်းခဲ့။ မြို့တော်မှ တစ်စုံတစ်ယောက် ဖြစ်သည်။
ထိုညက မြို့တော်မှ ရုတ်တရက် သတင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က “ဟူ”ကုန်သည်များကို ငွေကြေးခဝါချရန် ကိစ္စသည် ကြီးမားသောကိစ္စ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အိမ်ရှေ့စံမင်းသား အခြေချနိုင်ရုံ အချိန်သာဖြစ်သည်။ သို့သော်လည်း ထွက်ပေါ်လာသော သတင်းအရ မင်းသားနှစ်သည် လွန်ခဲ့သော ခြောက်လအတွင်း တစ်ခုခု ထပ်မံပြုလုပ်ခဲ့သည့်ပုံ ပေါ်သည်။ နောက်ဆုံးမင်းသားငါးသည် ထိုအတားအဆီးများကို တွန်းလှန်ပြီး အိမ်ရှေ့စံမင်းသား၏ကိစ္စကို လူသိရှင်ကြား ကြေညာခဲ့သည်။
လွန်ခဲ့သော တစ်လခန့်က အိမ်ရှေ့စံမင်းသားသည် ထိုက်ကျိုး မှ ငွေများကို ထပ်မံ ကောက်သိမ်းခဲ့ရာ ပြည်သူများက ဒေါသထွက်ပြီး တော်ဝင်ခုံရုံးကပင် အချိန်အတော်ကြာသည်အထိ မထိန်းနိုင်ခဲ့ပေ။
မထင်မှတ်ဘဲ တော်ဝင်ခုံရုံးမှ တစ်စုံတစ်ဦးသည် ပြည်သူများ၏ဒေါသကို ပြေပျောက်စေဖို့ အိမ်ရှေ့စံမင်းသားအား ရာထူးမှဖယ်ရှားရန် အဆိုပြုခဲ့သည်။
ထိုစာကို စစ်တပ်ဆိုင်ရာဝန်ကြီးဌာနမှ ပေးပို့ခဲ့ခြင်း ဖြစ်သောကြောင့် အတုအပ မဖြစ်နိုင်ပေ။ လုဟွမ်သည် တိုင်ရှန်နန်းတော်တွင် တစ်နှစ်ခွဲကြာ နေထိုင်ခဲ့ပြီး သတင်းများကို နားစွင့်နေခဲ့သည်။ သို့သော် ထိုသတင်းသည် သူ့ထံသို့ ရောက်လာရန် နောက်ကျမသွားခဲ့ပေ။ ဤအချိန်တွင် တော်ဝင်ညီလာခံခန်းသည် အငြင်းပွားမှုအလယ်၌ ရှိနေပေလိမ့်မည်။
သူ့အမူအရာသည် မပြောင်းလဲသွားသော်လည်း သူ့မျက်လုံးများက အနည်းငယ် မှိုင်းတွဲနေပါသည်။ သူသည် ခန်းမဆီသို့ ပြန်လှည့်လာပြီး ဖယောင်းတိုင်မီးထွန်းကာ စာကို မီးရှို့လိုက်သည်။
မှန်မှန်ကန်ကန် မှတ်မိလျှင် ဖန်သားပြင်ပေါ်တွင် သူမြင်ခဲ့သော နောက်ဆုံးတာဝန်မှာ ပညာရေး မဟာမိတ်အဖွဲ့ကို ထူထောင်ရန်၊ စာဖတ်ရေးမြှင့်တင်ရန်၊ ပြည်သူများ၏ စားဝတ်နေရေး ထောက်ပံ့မှု၊ ခရိုင်ကျောင်းများ ထူထောင်ရန်နှင့် ယန်မင်းဆက်၏ ပြည်သူများအား ပညာရေး မြှင့်တင်ပေးရန် ဖြစ်သည်။
ထို့နောက် မစ်ရှင် ၂၀မှာ -
ရွှယ်ဝူ ဂိတ်သို့ဝင်ကာ ထိုင်ကျီနန်းတော်တွင်ထိုင်ပြီး ယန်မင်းဆက်၏ဧကရာဇ်ဖြစ်လာရန် ဖြစ်သည်။