← Chapters

Chapter 81

Vol. 8 Ch. 81

Chapter 81

Vol. 8 Ch. 81

ကောလိပ်ဝင်ခွင့် စာမေးပွဲသည် သူတို့၏ကျောင်းတွင် ကျင်းပ၏။ စာသင်ဆောင်ကို မျဉ်းဝါများဖြင့် တားဆီးထားလေသည်။ ပထမ စာမေးပွဲမတိုင်ခင် နာရီဝက်အချိန်ရှိသေးသောကြောင့် တစ်ခန်းလုံးသည် မျဉ်းဝါများ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြလေသည်။

စာမေးပွဲခန်းထဲသို့ ၁၅မိနစ် ကြိုဝင်ရမည် ဖြစ်သောကြောင့် အချိန်သည် အလွန်ကျပ်နေလေသည်။ အတန်းပိုင်ဆရာမသည် စုရှီနှင့် လုဟွမ် အဘယ်ကြောင့် ရောက်မလာသေးကြောင်း ဖုန်းဆက်မေးရန် ဟောက်ကျင်ချွမ်းကို မေးခိုင်းပြီးလေပြီ။

ထိုက်မင်နန်းတော်မှ တိုက်ခန်းဆီသို့ လုဟွမ် အမြန်ပြန်လာ‌သည့်အခါ ၂၇ မိနစ်သာ ကျန်တော့သည်။

စုရှီသည် သူတို့နှစ်ယောက်လုံးအတွက် စာ‌မေးပွဲ စာရွက်စာတမ်းများကို ပြင်ဆင်ပြီးလေပြီ။ တိုက်ခန်းထဲတွင် သူ့ကို စိတ်ပူပန်စွာ စောင့်လျက် သူမသည် အချိန်ကို ကြည့်လိုက်လေသည်။

“စောင့်နေရအောင် လုပ်မိလို့ တောင်းပန်ပါတယ် ရှောင်ရှီ”

လုဟွမ်ရောက်လာသည်နှင့်တစ်ပြိုင်နက် စုရှီသည် သူ့ကို တံခါးအပြင်သို့ ဆွဲခေါ်သွား၏။

“အား အား အား နေဦး ကျွန်မတို့ စာမေးပွဲကို လွတ်တော့မယ်”

အောက်ထပ်သို့ ပြေးဆင်းပြီးနောက် ရုတ်တရက် လုဟွမ်သည် စုရှီကို ကျောပိုးလိုက်လေသည်။ သူသည် ပျံသန်းနေသကဲ့သို့ စုရှီထက်ပင် လျင်မြန်စွာ ပြေးနေလေသည်။

သူသည် စုရှီကို ကျောပိုးကာ ကျောင်းသို့ အမြန်သွားလေ၏။ သူသည် အလျင်လိုနေသည့်အတွက် ဝတ်ရုံကို လဲရန် အချိန်မရှိချေ။ လမ်းတစ်လျှောက် အဝါရောင်နဂါးပုံဝတ်ရုံသည် ကျောင်းတစ်ခုလုံးတွင် အလှပဆုံးမြင်ကွင်းပင် ဖြစ်လေသည်။ သူ သွားလေရာတွင် ဆရာများနှင့် ကျောင်းသားများသည် အံ့ဩစွာ ပင့်သက်ရှိုက်မိကြ၏။ စုရှီသည် သူမ မျက်နှာကို သူ့ကျောတွင် နှစ်မြှုပ်ထား၏။ သူမသည် စိတ်သည် ရှုပ်ထွေးနေလေသည်။ မတတ်နိုင်ဘဲ တိုင်တစ်ခုအဖြစ် ဟန်ဆောင်ပြီး သူမ၏ မျက်နှာကို တင်းကြပ်စွာ ဖုံးကွယ်လိုက်လေသည်။

ကံကောင်းစွာဖြင့် အတန်းသို့ သူတို့ရောက်ချိန်တွင် စာမေးပွဲဖြေရန် ၂၃မိနစ် လိုသေး၏။ စုရှီသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

မေးခွန်းများဖြေပြီးလျှင် ဂရုတစိုက်ပြန်စစ်ဆေးရန် တစ်တန်းလုံးကို လေးလေးနက်နက် မှာကြားနေသော အတန်းပိုင်ဆရာမသည် လုဟွမ်ကို ရုတ်တရက်ကြည့်လိုက်လေ၏။ သူမသည် အသက်ရှူရပ်မတတ် သူ့ကို စိုက်ကြည့်လိုက်လေသည်။

“ကျောင်းသားလု ဒါကောလိပ်ဝင်ခွင့် စာမေးပွဲနော်။ ဘာလို့ cosplay လုပ်နေတာလဲ။ ဉာဏ်ကောင်းပြီး ချောမောတဲ့ လူငယ်လေးက ဒီဝါသနာကို ဘာလို့ပြောင်းလို့မရတာလဲ”

လုဟွမ် “...”

စုရှီ “...”

စုရှီသည် စာရွက်စာတမ်းအိတ်ကို ပိုက်ကာ ဗိုက်အောင့်သည်အထိ ရယ်မောနေလေသည်။ လုဟွမ်သည် နောက်လှည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ သူမကို ငေးကြည့်နေလေသည်။

ကံကောင်းသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲသည် အလွန်တင်းကြပ်သော်လည်း ကျောင်းသားများ မှတ်စုစာရွက်များကို ခိုးယူလာခြင်း ခွင့်မပြုရန်ဟူသော အချက်ကိုသာ ကန့်သတ်ထားလေသည်။ စာမေးပွဲစောင့်သူများသည် သူတို့ ဘာဝတ်ဆင်သည်ကို ထိန်းချုပ်ရန် အာဏာမရှိချေ။ ထို့ကြောင့် ဤမနက်ရှိ တရုတ်ဘာသာစာမေးပွဲတွင် လုဟွမ်သည် စာမေးပွဲဖြေရန် နဂါးပုံဝတ်ရုံကို လူပုံအလယ်တွင် ဝတ်ဆင်‌ခဲ့လေသည်။

စုရှီနှင့် ဟောက်ကျင်ချွမ်းသည် သူနှင့် ခန်းမမတူသဖြင့် စာမေးပွဲခန်းမတစ်ခုလုံး လုဟွမ်ကို စိုက်ကြည့်နေသော ခံစားချက်‌အတွေ့အကြုံကို သူတို့ မခံစားခဲ့ရချေ။

သို့သော် ဤစာမေးပွဲအပြီးတွင် သူတို့ထဲမှ တစ်ချို့သည် အတူစားရန် ကန်တင်းသို့ သွားခဲ့ကြသေးသည်။ တစ်ဖန် ကျောင်းတစ်ခုလုံးတွင် ယင်းသည် မျက်စိအဖမ်းစားဆုံး မြင်ကွင်းဖြစ်လာပြန်သည်။

သူ၏ နူးညံ့ပြီး သင့်တင့်သော ပုံပန်းသွင်ပြင် ကြောင့် သူငယ်စဉ်ကတည်းကပင် လူများသူ့ကို စိုက်ကြည့်သည်မှာ မထူးဆန်းပေ။ ထို့ပြင် တစ်နှစ်ပတ်လုံး လုဟွမ်နှင့် သူမ အတူရှိခဲ့၏။ သူ သွားလေရာတွင် သူ့မျက်နှာသည် လူများကို အံ့ဩမှင်သက်စေသောကြောင့် စုရှီသည် ဤသေးငယ်သော မြင်ကွင်းနှင့် နေသားကျနေလေပြီ။

သို့သော် ဟောက်ကျင်ချွမ်းနှင့် ကုချင်တို့သည် နေသားမကျသေး‌ကြချေ။ နဂါးပုံဝတ်ရုံဝတ်ထားသောသူကို သူတို့မသိကြောင်း ပြသရန် သူတို့မျက်နှာပေါ်တွင် မှတ်စုစာရွက် ကပ်ထားချင်မိကြလေသည်။

အခြေအနေတစ်ခုမှာ ကျောင်းကို နဂါးဝတ်ရုံဝတ်လာခြင်း မဟုတ်ဘဲ ထိုမျက်နှာသည် အဓိက ဖြစ်လေသည်။ သူတို့နံဘေးရှိ လူများကို ဧကရာဇ်၏ ကိုယ်လုပ်တော်များ၊ မိန်းမစိုးများ အစေခံများနှင့် တူသွားစေလေ၏။ ဤအရာများသည် လူများကို စိတ်မချမ်းမြေ့‌စေပေ။

ကံကောင်းထောက်မစွာဖြင့် ပထမစာမေးပွဲအပြီးတွင် စုရှီနှင့် လုဟွမ်တို့သည် တိုက်ခန်းသို့ပြန်သွားကာ သူတို့ဝတ်စုံများကို လဲပြီး အင်္ကျီလက်တိုများ ဝတ်လိုက်ကြလေသည်။

ခြစ်ခြစ်တောက်နေသော နွေရာသီသည် အလွန်အမင်းပူလောင်လေသည်။ လုဟွမ်သည် သူ၏ဝတ်ရုံကို ချွတ်ပြီး ရေချိုးလိုက်လေသည်။ စုရှီသည်လည်း အေးမြသောကြမ်းပြင်ပေါ်တွင် ခြေပြောင်လျှောက်သွားပြီး ရေခဲမုန့်စားရန် ရေခဲသေတ္တာဆီသို့ သွားရှာလေ၏။ အေးမြပြီး လန်းဆန်းသော ခံစားချက်သည် သူမ၏ နှုတ်ခမ်းများနှင့် သွားများတွင် စွဲကျန်နေပြီး နောက်ဆုံး၌ နွေရာသီအပူကို လွင့်ပြယ်သွားစေလေသည်။

လုဟွမ်သည် ထွက်လာပြီး သူ၏ဆံပင်ကို အခြောက်ခံနေလျက် သူမ၏ နောက်တွင် ထိုင်လိုက်လေ၏။ စုရှီသည် သူ့ကို တစ်ကိုက်ကျွေး‌လိုက်လေသည်။ လုဟွမ်သည် မေးလိုက်လေ၏။

“ဒါ စတော်ဘယ်ရီ အရသာလား။”

စုရှီသည် ခေါင်းညိတ်လိုက်ပြီး ကြွားဝါသောလေသံဖြင့် ပြောလိုက်၏။

“ယန်မင်းဆက်မှာ ဒါမျိုး မရှိလောက်ဘူး”

“သေချာပေါက်မရှိဘူးပေါ့”

လုဟွမ်သည် ပြုံးလိုက်ပြီး နောက်သို့မှီလိုက်လေ၏။

သူမ လက်ထဲမှ နောက်တစ်ကိုက်စားလိုက်ပြီး မပီမပြင် ပြောလိုက်လေသည်။

“ဒါပေမယ့် ဒီလိုမျိုး ရေခဲချောင်းတော့ရှိတယ်”

သူ ဆက်ပြောလိုက်လေသည်။

“ကိုယ်တို့ ယန်မင်းဆက်ကို အထင်မသေးနဲ့ ရှောင်ရှီ။ ယန်မင်းဆက်မှာ ပျော်စရာတွေနဲ့ စားစရာတွေ အများကြီးပဲ။ အနာဂတ်မှာ အမှတ် ၃၀၀ ရမယ့် မစ်ရှင်ပြီးသွားရင် အဲဒီမှာ လျှောက်လည်ဖို့ ကိုယ်မင်းကို ခေါ်သွားမယ်”

ချက်ချင်းပင် လုဟွမ် အောင်မြင်အောင်လုပ်ရမည့် မစ်ရှင်အရေအတွက်ကို စုရှီသည် စိတ်ထဲတွင် အမြန်တွက်ချက်လိုက်လေသည်။

‘နန်းတက်ပွဲက စနစ်ကပေးတဲ့ မစ်ရှင်အခု ၂၀ မြောက်ဖြစ်ပြီး အခက်ခဲဆုံး မစ်ရှင်ပဲ။ ဆုက အမှတ် ၃၀ ။ မနေ့က ညီလာခံခန်းမထဲကို လုဟွမ် ဝင်လိုက်တုန်းက အဲ့မစ်ရှင်က ပြီးသွားပြီလို့ ပြတယ်။ ဒါပေမယ့် အခုကြတော့ အမှတ်ပေါင်းက ၂၆၃ မှတ်ထဲပဲ။ အမှတ် ၃၀၀ ရဖို့ဆိုရင် အချိန်အကြာကြီး အခွန်ကောက်တာနဲ့ လူတွေ အသိအမြင်ကြွယ်ဝဖို့ ကျောင်းကို အောင်မြင်အောင် လုပ်ရဦးမယ်’

‘ဒီမစ်ရှင် နှစ်ခုက အရမ်းကြီးမခက်ဘူး။ ဒါပေမယ့် ယန်မင်းဆက်ကို ပြောင်းလဲဖို့ ကြာမယ့်ကိစ္စပဲ။ တစ်နေ့ထဲ လုပ်နိုင်တဲ့ အလုပ်မဟုတ်ဘူး’

“ဒီကိစ္စနှစ်ခု ပြီးမြောက်ဖို့ ဘယ်လောက်ကြာမယ်လို့ ထင်လဲ”

စုရှီမေးလိုက်လေသည်။

လုဟွမ်သည် သူ့ဆံပင်ကို သုတ်လိုက်ပြီး တစ်ခဏအကြာလောက် တွေးတောလိုက်၏။

သူပြောလိုက်လေသည်။

“ယန်မင်းဆက်က ဒီအချိန်မှာ ချမ်းသာတဲ့တိုင်းပြည်မဟုတ်ဘူး။ အဲဒီမစ်ရှင်နှစ်ခု ပြီးမြောက်ဖို့ အနည်းဆုံး ၃နှစ်တော့ ကြာလိမ့်မယ်”

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စုရှီသည် ချက်ချင်း တွေးလိုက်ပြန်၏။

‘နောက်၃နှစ်ကြာတဲ့အခါ သူက အသက်၂၀ ဖြစ်နေပြီ။ အဲ့အချိန်မှာ လက်ထပ်မယ်ဆိုရင် ယန်မင်းဆက်ကို လျှောက်လည်ဖို့ သွားလို့ရပြီ။ ဒီကမ္ဘာက ဘယ်သူမှ မလုပ်နိုင်တဲ့ ထူးခြားတဲ့ ဟန်းနီးမွန်းနဲ့ တူနေလိမ့်မယ်’

သို့သော် နောက်ထပ် သူမ တွေးလိုက်သည်က..

‘မဟုတ်သေးဘူး။ လုဟွမ်ရဲ့ အိမ်ထေင်စုစာရင်းသွင်းထားတာက ၂၂ မဖြစ်သေးဘူး’

စုရှီသည် သူမ၏ စိတ်ထဲမှ ဤလို အလောတကြီးအတွေးကြောင့် ရုတ်တရက် ထိတ်လန့်သွား၏။ လုဟွမ်သည်လည်း သူမနှင့် တူညီသော အတွေးကို တွေးမိလေသည်။ သူသည် အဝေးသို့ ကြည့်လိုက်ပြီး တဘက်စကို သူ့လက်များဖြင့် ဆွဲညှစ်လိုက်လေသည်။ သူ၏ ချောမောသောမျက်နှာသည် အလွန်ရှက်သွေးဖြာသွားလေ၏။

“ဒီမှာ လုပ်ထုံးတစ်ခုရှိတယ်လို့ ကြားဖူးတယ်။ မင်္ဂလာဆောင်ပြီးခါစ လူတွေက လက်ထပ်စာချုပ် ရပြီးတဲ့နောက်မှာ လျှောက်လည်ကြဖို့ နေရာတစ်ခုကို သွားကြတဲ့ပုံ...”

လုဟွမ် စကားမဆုံးခင်တွင် စုရှီသည် ရုတ်တရက် ထခုန်လိုက်၏။

“နေ့လယ် စာမေးပွဲဖို့ အသင့်ပြင်တော့။ အရမ်းတွေ လျှောက်တွေးမနေနဲ့”

သူမ၏ မျက်နှာသည် အနည်းငယ်ပူနေလေသည်။ သူမ တွေးလိုက်လေသည်။

“ဘယ်သူက သူ့ကို လက်ထပ်ဖို့ သဘောတူလို့လဲ။ အစောကြီး ပြောနေတာပဲ”

သို့သော် လူငယ်၏ မျက်ခုံးများသည် ရှင်းလင်းပြီး တောက်ပနေကာ သူ့မျက်လုံးများသည် တောက်လောင်နေလေသည်။ သူသည် ထိုနေရာတွင် ခြေချိတ်ထိုင်ပြီး သူမကို စိတ်ရှည်စွာ စိုက်ကြည့်နေလေသည်။ သူမ သည် ရှက်ရွံ့စွာ လှုပ်ရွလှုပ်ရွ ဖြစ်နေ၏။

အခြားကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများသည် နေပူပူအောက်တွင် ရုန်းကန်နေကြရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ယောက်သည် ကျောင်း၏ မျက်စောင်းထိုးတွင် တိုက်ခန်းရှိလေသည်။ မိနစ်အနည်းငယ် ပတ်သွားရသည်မှာ အလွန်မြန်ဆန်လေသည်။

နေ့လယ်တွင် တစ်ခဏအကြာလောက် ဆိုဖာပေါ်တွင် လုဟွမ် အနားယူနေစဉ် စုရှီသည် အိပ်ရာပေါ်တွင် လှဲနေလေသည်။

နေ့လယ်တွင် စာမေးပွဲ စတင်တော့မည့် အချိန်၌ လုဟွမ်သည် အထဲဝင်သွားပြီး မူးနောက်နေသော စုရှီကို နှိုးလိုက်၏။ တပတ်ကို ရေခဲရေထဲတွင် စိမ်ပြီး အပူကို အနည်းငယ် လျော့ချရန် စုရှီ၏ မျက်ခွံ့များပေါ် တင်ပေးလိုက်လေသည်။ ထို့နောက် သူသည် စုရှီ၏ နားထင်များကို နှိပ်နယ်ပေးလိုက်သည်။ စုရှီသည် လုံးဝ နိုးသွားလေပြီ။

ဤနည်းဖြင့် နှစ်ရက်နှင့် နေ့တစ်ဝက် ကြာမြင့်ခဲ့သော ကောလိပ်ဝင်ခွင့်စာမေးပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် ကျောင်းသားများသည် အတန်းထဲတွင် အောင်ပွဲခံနေကြလေသည်။ သူတို့၏ ပုံနှိပ်စာအုပ်များကို ပစ်တင်နေကြပြီး အချို့မှာ နှုတ်ဆက်ရန် မလိုမလား ဖြစ်နေကြ၏။ စုရှီသည်လည်း ထုတ်ပိုးရန် လုဟွမ်နှင့်အတူ စာသင်ခန်းဆီသို့သွားပြီး ကျောင်းသားအချို့ကို နှုတ်ဆက်စကားပြောလိုက်၏။

ပုံမှန်ဆိုရင် သူမရဲ့ အထက်တန်းကျောင်း နောက်ဆုံးနှစ်ရဲ့ နောက်ဆုံးရက်မှာ အောင်ပွဲခံတာကြောင့် ဝမ်းနည်းရမယ်လို့ ထင်မိ‌ခဲ့သည်။ ဒါပေမယ့် အဲ့နေ့ကို တကယ်ရောက်လာချိန်မှာ သူမရဲ့စိတ်မှာ အကောင်းတွေချည်းပဲ ပြည့်နေ၏။ သူမရဲ့ အထက်တန်းကျောင်း နောက်ဆုံးနှစ်ရဲ့ အခက်ခဲဆုံးနှစ်မှာ သူမကို အဖော်ပြုပေးတဲ့ လုဟွမ်ရှိနေလို့ ဖြစ်နိုင်သည်။ ဒါပြီးရင် သူမ လုဟွမ်နဲ့ ဖြေးဖြေးချင်း ကုန်ဆုံးဖို့ အချိန်တွေ အများကြီးရှိသည်။ သူမ သဘောအကျဆုံးလူက သူမဘေးမှာ အမြဲရှိနေ၏။ သူမမှာ ယုံကြည်ချက်ရှိနေပြီးတော့ တခြားသူတွေနဲ့ ခွဲခွာရတာ ဝမ်းနည်းရတဲ့ ခံစားချက်ရှိမနေပေ။

လုဟွမ် ဘေးတွင်ရှိနေရလျှင် စုရှီသည် မည်သည်ကိုမျှ မထုတ်ပိုးရချေ။ သူနှင့်အတူ လက်ဗလာဖြင့် တိုက်ခန်းသို့ ပြန်ရုံပင်။

ကျောင်းသားအများစုသည်လည်း လုဟွမ်ကို လာနှုတ်ဆက်ကြ၏။ တစ်နှစ်တာ အတန်းဖော်ဖြစ်ပြီးနောက်တွင် လုဟွမ်သည် ဤအတန်းဖော်များ၏ နာမည်ကို ခေါ်လာနိုင်ပေသည်။ ဤလူများနှင့် စကားပြောသောအခါ သူ၏နှုတ်ခမ်းစွန်းများသည်လည် အနည်းငယ် ပြုံးနေလေ၏။

လုဟွမ်သည် ပုံနှိပ်စာအုပ်များကို ဧည့်ခန်းတွင်ထားပြီး စုရှီကိုမေးလိုက်၏။

“ဒါတွေနဲ့ ကိုယ်တို့ ဘာလုပ်ကြမလဲ ရှောင်ရှီ”

စုရှိသည် အလွန်ပူလောင်နေလေသည်။ သူမသည် ရေခဲမုန့်နှစ်ခုယူရန် မီးဖိုချောင်ထဲသို့ သွားပြီး တစ်ခုကို လုဟွမ်အား ပေးလိုက်၏။

“ဒီရက်ပိုင်းထဲမှာ နောက်တစ်သုတ်က ကျွန်မတို့မှတ်စုတွေကို လာတောင်းလိမ့်မယ်။ သိမ်းထားကြမယ်လေ။ ရောင်းမယ်ဆိုရင်တောင် ပိုက်ဆံအများကြီး ရမှာမဟုတ်ဘူး။ ဂျူနီယာတွေကို ပေးလိုက်တာ ပိုကောင်းတယ်။ ရှင်ကရော ကျွန်မတို့ရဲ့ နောက်ခရီးဖို့ ဘာအစီအစဉ်တွေရှိလဲ”

ရလဒ်များမထွက်သေးချေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပြီးသွားခဲ့ပြီး ပိတ်ရက်များသာ ဖြစ်လေသည်။ သူတို့ လျှောက်လည်ရန် အပြင်မထွက်စရာ အကြောင်းမရှိပေ။ ထို့အပြင် လုဟွမ် မရောက်ဖူးသေးသော ခေတ်သစ်မြို့များစွာ ရှိသေး၏။

“ယန်မင်းဆက်မှာ လုပ်ဖို့ စောင့်နေတာတွေ အများကြီးရှိတယ်။ ဖြေရှင်းစရာ ကိစ္စတွေလည်း အများကြီးရှိသေးတယ်။ နောက်လဝက်လောက် ကိုယ်ထွက်လာလို့ မရလောက်ဘူး။ လဝက်ပြီးရင်တော့ ကိုယ်တို့ ခရီးထွက်ကြမယ်လေ”

လုဟွမ်ပြောလိုက်လေသည်။

“ညီကိုဟောက်ရယ် တခြားသူတွေရယ်နဲ့ အရင်မသွားနှင့်နဲ့ဦး။ လဝက်လောက် ကိုယ့်ကို အဖော်ပြုပေးဦးလေ”

စုရှီသည် ယင်းကို ရယ်ရသည်ဟု တွေးမိပြီး ပြောလိုက်၏။

“ရှင်က ကျွန်မကို တောင်းဆိုနေတာပဲ။ ဘာနဲ့ လာဘ်ထိုးမှာလဲ”

လုဟွမ်သည် သူမဘေးသို့ လျှောက်သွားကာ သူမရေခဲမုန့် စားနေစဉ် သူမကို ချီမလိုက်၏။ စုရှီသည် လုဟွမ်၏ အားကို ခံစားမိသည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ သို့သော် သူမကို အလွယ်တကူ ကျောပိုးနိုင်ချိန် သို့မဟုတ် ချီမနိုင်ချိန်တိုင်းတွင် သူမ အံ့ဩမှင်သက်မိသည်။ သူသည် သူမ၏ ခါးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ သူ၏ လက်မောင်းများပေါ်တွင် သူမကို ထိုင်စေလေသည်။

လူငယ်၏ မျက်လုံးများသည် ကြယ်ပွင့်များသကဲ့သို့ပင်။ သူသည် သူမကို မော့ကြည့်ပြီး ပြောလိုက်လေသည်။

“ဆုကတော့ မင်းကို တစ်နေ့လုံး ဒီလိုမျိုး သယ်ထားပေးဖို့လေ။ အဆင်ပြေတယ်မလား”

“မပြေဘူး။ ဒီလိုမျိုးက အသားယူနေတာ မဟုတ်ဘူးလား”

စုရှီသည် သူမလက်ထဲမှ ရေခဲမုန့်ကို လွတ်ကျလုနီးပါးပင်။ သူမ အလွန် စိတ်မကျေနပ်ချေ။

“၃နှစ်အတွင်းမှာ မင်းက ဧကရီ ဖြစ်တော့မှာ။ ယန်မင်းဆက်ရဲ့ တစ်ဦးတည်းသော ဧကရီဖြစ်မှာ”

လုဟွမ်သည် မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုနေသည့်အတိုင်းပင် အသံနိမ့်ဖြင့် ပြောလိုက်လေ၏။

စုရှီသည် သူ့ကို ငုံ့ကြည့်လိုက်၏။

‘အရင်နှစ်မှာ သူက နည်းနည်း ပိုရင့်ကျက်လာတယ်။ သူ့မျက်နှာက ချောမောပြီးတော့ လူငယ်တစ်ယောက်ရဲ့ ကလေးဆန်မှုနဲ့ ရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ ရဲတင်းမှုကြားက ခံစားချက်မျိုး ရှိနေတယ်’

စုရှီသည် သူ၏ ခန္ဓာကိုယ် အပူချိန်ကို ခံစားမိလိုက်လေသည်။ သူမ၏ စိတ်သည် အပျော်လွန်နေပြီ ဖြစ်သော်လည်း သူမ၏ မျက်နှာတွင် မပြချေ။ သူမသည် သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။

“မရဘူး။”

လုဟွမ်သည် သူမ၏ ငြင်းဆိုမှုကို သေချာပေါက် ‌မမျှော်လင့်ထားချေ။ သူသည် အနည်းငယ် စိုးရိမ်နေပြီး သူမ၏ ခါးကိုကိုင်ထားသော လက်များသည် တင်းကြပ်လာလေ၏။ ဘာလို့လဲဟု သူမေးတော့မည့်အချိန်တွင် စုရှီသည် ပြောလိုက်လေသည်။

“အချိန်တန်တဲ့အခါ လက်ထပ်ခွင့် မတောင်းဘူး ဆိုရင်ပေါ့။ ကျွန်မတို့မှာ ဟန်နီးမွန်းအပြင် လက်ထပ်ခွင့်တောင်းတဲ့ အလေ့ရှိတာကို မကြားဖူးဘူးလား။”

လုဟွမ်သည် ပျော်ရွှင်မှုကြောင့် ရုတ်တရက် မူးဝေလာလေသည်။ သူသည် တစ်ခဏအကြာလောက် မူးဝေနေပြီး ပိုမိုမြင့်သထက် မြင့်လာသော သူ၏နှုတ်ခမ်းစွန်းများကို မထိန်းချုပ်နိုင်ချေ။

“ဒါပေါ့ ဒါပေါ့”

သူ အနှစ်သက်ဆုံး ရတနာကို ရပြီးနောက် ‌ဆုံးရှုံးမှာစိုးသော လူငယ်တစ်ယောက်လိုပင် သူသည် စုရှီကို စိုက်ကြည့်ပြီး “ဒါပေါ့” ဟူသည်ကို အကြိမ်ပေါင်းများစွာ ‌ပြန်ပြောနေလေသည်။

All Chapters