← Chapters

Chapter 82

Vol. 8 Ch. 82

Chapter 82

Vol. 8 Ch. 82

မင်းသားကိုး နန်းတက်သောအခါ ယန်မင်းဆက်မှ ပြည်သူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။

မင်းသားကိုးသည် လူအများကြားတွင် မင်းသားဖြစ်ဆဲအချိန်ကတည်းက သူ့အကြောင်း ဒဏ္ဍာရီများစွာ ရှိနေပြီ ဖြစ်သည်။

ယုံအန်းဘုရားကျောင်း၌ ပြည်သူများကို ကူညီပေးသည့်အကြောင်း၊ လျှို့ဝှက်ဆန်းကြယ်သည့် နည်းပညာများဖြင့် တိုင်းပြည်၏ လယ်ယာမြေများ ဖွံ့ဖြိုးတိုးတက်လာသည့် အကြောင်းများ၊ ဘဘာဝ‌ဘေးအန္တရာယ် ကယ်ဆယ်ရေးဖြင့် စပါးသုံးသောင်းချေးကာ ပြည်နယ် ၃ခုကို ကူညီခဲ့သည့်အကြောင်း၊ ရန်သူကို ကယ်တင်ပြီး အောင်ပွဲပြန်ရခဲ့သည့် အကြောင်း၊ မြောက်ပိုင်းစစ်တပ်ကို ဦးဆောင်၍ ပုန်ကန်သည့် မင်းသားနှစ်အား ဝိုင်းထားကာ မြို့တော်ကို ကာကွယ်ခဲ့သည့်အကြောင်း စသည်ဖြင့် ဒဏ္ဍာရီလာများစွာ ရှိနေပြီဖြစ်သည်။

ဤအကြောင်းအရာများအားလုံးဖြင့် သူသည် ရဲရင့်ပြီး ဉာဏ်ပညာရှိကာ ပြည်သူကို ချစ်ကြောင်း ပြသခဲ့သည်။ ယန်မင်းဆက်၏ ဧကရာဇ်မင်းအဖြစ် သူ နန်းတက်ချိန်မှစ၍ အရွှင်လန်းရဆုံးဖြစ်ခဲ့သည်။

ဧကရာဇ်အသစ်သည် ပြည်သူတို့၏နှလုံးသားကို သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ပြည်သူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ အခွန် လျှော့ပေါ့ရန်နှင့် လုပ်အား လျှော့ချရန် အစီအစဉ် အချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ ယင်းတို့သည် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော လူများကို မျှော်လင့်ချက်အသစ်များ မြင်လာစေသည်။ ထို့ကြောင့် ဧကရာဇ်အသစ် ယန်ချင်း နန်းတက်ပြီးကတည်းက ယန်မင်းဆက်တစ်ခုလုံးသည် အေးချမ်းပြီး မျှော်လင့်ချက်ရှိသော အငွေ့အသက်များ ရှိနေခဲ့သည်။

အချို့သော အရပ်သားများနှင့် စစ်ဘက်အရာရှိအချို့သည် မှားယွင်းသောဘက်တွင် ရပ်တည်မိခဲ့ကြကာ အလွန် ကြောက်လန့် နေကြသည်။ ဧကရာဇ်သစ်သည် ထီးနန်းတက်ပြီးနောက် သူတို့အား ဦးစွာပစ်မှတ်ထားပြီး ပုန်ကန်မှုရာဇ၀တ်မှုများအတွက် မိသားစုများကိုလည်း ကွပ်မျက်မည်ကို ကြောက်ရွံ့နေခဲ့ပြီး စိုးရိမ်စိတ်အပြည့် ဖြစ်ခဲ့ကြသည်။ တစ်ဖက်တွင်မူ စစ်ရေးဝန်ကြီးနှင့်အတူ လုဟွမ်၏နောက်တွင် ရပ်တည်ခဲ့ကြသူအချို့သည် နောက်ဆုံးတွင် သူတို့၏ကျောကို ဖြောင့်တန်းကာ ရာထူးတိုးရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေခဲ့ကြသည်။

သို့သော် ဧကရာဇ်သစ်၏မူဝါဒများနှင့် ဆောင်ရွက်မှုများသည် ယခင်ဧကရာဇ်များနှင့် ကွဲပြားမည်ဟု သူတို့ မထင်ထားကြပေ။ မှားယွင်းသောဘက်တွင် ရပ်တည်နေသူများကို ပြင်းထန်သော ပြစ်ဒဏ်ဖြင့် အပြစ်ပေးမည် မဟုတ်သလို မင်းသားကိုးအား လက်ဆောင်များ ဆက်သရင်း သူ့ဘေး၌ ရပ်တည်နေသူအားလုံးကိုလည်း အရေးပါသည့် ရာထူးများ၌ ထားဖို့ ရည်ရွယ်ချက် မရှိချေ။ ဧကရာဇ်သစ်သည် တရားဝင်ရွေးချယ်မှုစနစ်သစ်ကို ထူထောင်ခဲ့သည်။ သီလရှိသူများသာ ရာထူးတိုးပြီး ထက်မြက်သူများကိုသာ အသုံးချခဲ့သည်။

တစ်လခွဲအတွင်း အရာရှိများကြားတွင် အပြောင်းအလဲများစွာ ရှိခဲ့သည်။

တော်လှန်ပုန်ကန်မှုကို ကူညီရန် တော်ဝင်အစောင့်တပ်များအား ဦးဆောင်ခဲ့သည့် ရာဇ၀တ်မှုဖြင့် ဝန်ကြီးချုပ်ဟောင်း၏ ဆွေမျိုးများမှာ ထောင်ကျခဲ့သည်။ စစ်တပ်ရေးရာဝန်ကြီးကမူ လက်ရှိ ဧကရာဇ်မင်း၏ ရာထူး တိုးမြှင့်ခံရပြီး မြောက်ပိုင်းမှ လုဟွမ်နှင့်အတူ ပြန်လာသော တပ်သားအချို့သည် စစ်တပ်ရေးရာဝန်ကြီးဌာနထဲသို့ ဝင်ရောက်ခဲ့သည်။

မင်းသားနှစ်လည်း ထောင်ကျနေပြီး မင်းသားငါးမှာ လုဟွမ် လက်အောက်တွင် တစ်ကျော့ ပြန်လာနိုင်ခွင့်ရှိမည်မဟုတ်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် အကြံပေး အချို့သည် အခြေအနေ အရပ်ရပ်ကို တင်ပြကာ အသုံးမကျသူအဖြစ် လျှောက်ထားလေသည်။ သို့သော် မင်းသားငါးသည် အနည်းငယ် ဆူးငြှောင့် ဖြစ်ခဲ့သော်လည်း အစိုးရ အုပ်‌ချုပ်ရေးရာများတွင် အလွန်စွမ်းဆောင်နိုင်ဆဲဖြစ်ကြောင်း စစ်တပ်ရေးရာဝန်ကြီးနှင့် လုဟွမ်တို့က သဘောတူခဲ့ကြသည်။ ထို့ကြောင့် မြို့တော်၌ နေခွင့်ပြု၍ မင်းသားဘွဲ့ကို ပြန်လည်အပ်နှင်းခဲ့ပြီး သူ့၌ လုပ်စရာ အများကြီး ရှိနေတော့သည်။

ကိစ္စများ ပြီးဆုံးသွားသည်ကို တွေ့လိုက်ရသဖြင့် စစ်သူကြီး ကျန့်ယွမ်သည် အငြိမ်းစားယူပြီး အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ဇာတိမှာ ကျန်းကျိုး၌ ဖြစ်ပြီး ကျန်းကျိုး စီရင်စုတရားသူကြီးထံ လွှဲပြောင်းပေးဖို့ စတင်လျှောက်ထားခဲ့သည်။ သူ ထွက်သွားသည့်နေ့၌ လုဟွမ်က သူနှင့် သွားတွေ့သည်။ စစ်သူကြီး ကျန့်ယွမ်သည် အစပိုင်းတွင် လုဟွမ်အတွက် ခက်ခဲမှုများ ပြုလုပ်ခဲ့သော်လည်း မြောက်ပိုင်းတွင် ရှိစဉ် လုဟွမ်ကို များစွာ ကူညီပေးခဲ့သည်။ စစ်သူကြီး ကျန့်ယွမ်နှင့် စစ်တပ်ရေးရာ ဝန်ကြီး၏အကူအညီမပါဘဲ လုဟွမ်သည် ဤမျှလွယ်ကူစွာ ရာဇပလ္လင်ကို သိမ်းပိုက်နိုင်မည် မဟုတ်ပေ။

မြောက်ပိုင်း ဒေသတွင် တိုက်ပွဲမဖြစ်မီ အချိန်မှ ယခုထိ စစ်သူကြီးကျန့်ယွမ်၏ ဆံပင်များ စတင်ဖြူလာနေပါပြီ။ သူသည် လုဟွမ်ကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောမည့်စကားကို ခဏလောက်စဉ်းစားပြီး “အရှင့်ကို ကျွန်တော်မျိုး သိခဲ့တာ သုံးနှစ်ရှိသွားပြီ” ဟူ၍ အစပျိုးလိုက်သည်။

လုဟွမ်က "ဟုတ်တယ်။ သုံးနှစ်ရှိသွားပြီ"

သူတို့နှစ်ယောက် ပထမဆုံးတွေ့သည်က နန်းတော် စားသောက်ပွဲတစ်ခု၌ ဖြစ်သည်။ လုဟွမ်သည် ဆောင်းငှက်တောင်မှ အောင်ပွဲခံပြီး ပြန်လာခဲ့သော နင်းဖူမင်းသား၏ တရားမဝင်သား ဖြစ်သည်။ စစ်သူကြီးကျန့်ယွမ်သည် အလွန်အစွဲကြီးပြီး သူ့ဝိုင်ခွက်ကို တမင်တကာ လက်မခံခဲ့ပေ။ သို့သော် ထိုအချိန်က အသက်ဆယ့်ငါးနှစ်သာ ရှိသေးသော လုဟွမ်က သူ့ကို ရယ်မောလိုက်သည်။

ထိုအကြောင်းကို ပြန်သတိရမိတော့ စစ်သူကြီးကျန့်ယွမ်သည် အချိန်မှာ မြန်မြန်ကုန်သွားသည်ဟု ခံစားမိလေသည်။ သူ လုဟွမ်ကို ပြောသည်။ "ဧကရာဇ်က သူ့ရဲ့မူလရည်ရွယ်ချက်အတိုင်း လိုက်နာမယ်လို့ မျှော်လင့်ပါတယ်"

သူပြောသည့် မူလ ရည်ရွယ်ချက် ဆိုသည်မှာ မြောက်ပိုင်းတွင် လုဟွမ်တာဝန်ကျသည့် ညတစ်ညအကြောင်းကို ရည်ညွှန်းသည်။ သူသည် လမ်းဘေးတွင် အေးခဲ၍ သေတော့မည့် လူများကို တွေ့ခဲ့သည်။ ထိုစဉ် သူ တဲသို့ ပြန်လာပြီး သူ့ကိုယ်၌ ဝတ်ထားသော အဝတ်အပါအဝင် တပ်သားများ၌ ရှိသည့် အဝတ်အစားများကိုပါ ထိုသူတို့အား ဝေငှပေးခဲ့သည်။

ထိုအချိန်တွင် စစ်သူကြီးကျန့်ယွမ်သည် လုဟွမ်မှာ မင်းသားကိုး ယန်ချင်း ဖြစ်သည်ကို စစ်တပ်ရေးရာ ဝန်ကြီးထံမှ မသိခဲ့သေးပေ။ သို့သော် ထီးနန်းဆက်ခံခြင်းကို သူ့အတွက် ထောက်ထားရန် ရုတ်တရက် စိတ်ကူးရှိ နေခဲ့သည်။ မူလက ဤလုပ်ငန်းစဉ်သည် ရှည်လျားမည်ဟု သူထင်ခဲ့သည်။ သို့သော် မင်းသားကိုး၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် ထီးနန်းဆက်ခံမှုသည် ရလဒ်တစ်ခု ဖြစ်လာခဲ့သည်။ ယခုတော့ အရာအားလုံးပြီးသွားကာ ဧကရာဇ်သစ်ကို အလွန်ယုံကြည်မှုရှိပြီး၊ ဤအတိတ်ဟောင်းကို ထိန်းသိမ်းထားရန် အသုံးမဝင်တော့ပေ။

လုဟွမ်က စစ်သူကြီးကျန့်ယွမ်ကို ကြည့်ပြီး "မင်းကို စိတ်မပျက်စေရပါဘူး။ ကျန်းမာရေးကို ဂရုစိုက်ဖို့ မျှော်လင့်ပါတယ်"

စစ်သူကြီးကျန့်ယွမ် မြို့တော်မှ ထွက်ခွာသွားခဲ့သည်။ သူသည် ချမ်းသာပြီး အဆင့်အတန်းမြင့်သူမဟုတ်၍ လိုက်ပါလာသော လူများ မြင်းများမှာ သိပ်မများပေ။

လုဟွမ်သည် အတိတ်တွင် စစ်သူကြီးကျန့်ယွမ်၏ အကူအညီများစွာကို ရယူခဲ့သည်။ ထို့ကြောင့် သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ပျက်ဝမ်းနည်းနေလေသည်။ သို့သော် သူ့၌ ကိုင်တွယ်ရမည့် အစိုးရရေးရာကိစ္စရပ်များစွာ ကျန်နေသေးရာ ဤအကြောင်းကို တွေးတောနေရန် အချိန်မရှိပေ။

စစ်ဘက်အရာရှိများကို သူတို့၏ အရည်အချင်းအရ ဆုချီးမြှင့်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့ကို ပြီးမြောက်ပြီးနောက် နန်းတော်အတွင်းရှိ စီရင်စုအသီးသီး၊ အစောင့်များနှင့် မိန်းမစိုးများကို ပြန်လည်ဖွဲ့စည်းရသေးသည်။ နှစ်လခွဲအတွင်း နန်းတက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်။ လုဟွမ်သည် ဤကိစ္စကို ပြုလုပ်ရန် အခွန် ရေးရာဝန်ကြီးထံ လွှဲပြောင်းပေးခဲ့သည်။

ဤတကြိမ်မှာတော့ စစ်တပ်သည် မြို့တော်တွင်း ချောချောမွေ့မွေ့ ဝင်လာနိုင်လေပြီ။ အမှောင်ထုကို စွန့်ပြီး မြို့တံခါးကို ဖွင့်ပေးရမည့်သူမှာ မင်းသားငါး ဖြစ်ခဲ့သော်လည်း အခွန်ဝန်ကြီး၏ ဖျန်ဖြေမှုမပါဘဲ သူ မလုပ်ဆောင်နိုင်ပေ။ အခွန်ဝန်ကြီး၏သမီးဖြစ်သူအား လုဟွမ်က ကယ်တင် ပေးခဲ့သောကြောင့် သူသည် လုဟွမ်ကို အမြဲလေးစားသည်။

ယန်မင်းဆက်၏ပြည်နယ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မြို့တော်သည် ထူးထူးခြားခြား အသက်ဝင်လာခဲ့သည်။ ပူပြင်းသောနေ့ဖြစ်သော်လည်း မီးပုံးပွဲတော်ကဲ့သို့ပင် စည်ကားလှသည်။

မြို့တော်တွင် သာယာမှုမရှိသော တစ်ဦးတည်းသောလူမှာ နင်းဖူမင်းသားဖြစ်သည်။ တစ်ဖက်တွင်၊ နင်းဖူမင်းသား နှင့် သူ၏ ကိုယ်လုပ်တော်များသည် ဧကရာဇ်အသစ်က သူတို့အား အပြစ်ပေးကာ ပိုင်ဆိုင်မှုများကို သိမ်းယူမည်ကို ကြောက်နေကြသည်။ တစ်ဖက်တွင်လည်း နောင်တရရန် အလွန် နောက်ကျသွားခဲ့လေပြီ။ ခြံဝန်းငယ်လေးတွင် နေထိုင်ခဲ့သော လူငယ်သည် ယနေ့ ဧကရာဇ်ဖြစ်လာခဲ့ပြီး သူသာ ယန်မင်းဆက်၏ ဧကရာဇ်အသစ်ဖြစ်လာမည်ကို သူတို့ သိရှိခဲ့လျှင် ကြမ်းတမ်းစွာ ဆက်ဆံမိခဲ့ကြမည် မဟုတ်ပါ။

ဝေးလံခေါင်သီသောဒေသသို့ ရာထူးမှ ချခံခဲ့ရသော နင်းဖူမင်းသားသည် နောက်ဆုံးတွင် စာတစ်စောင် ပြန်ပို့လာခဲ့သည်။ ထိုစာထဲတွင် သခင်မကြီး နှင့် သခင်မနင်းတို့အား ပြောဆိုထားသည့် အကြောင်းအရာများ ပြည့်နှက်နေသည်။ သူ့ကို မကူညီနိုင်ရုံတင်မကဘဲ သူ၏အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်စေခဲ့ရာ အသုံးမကျသည့် မိန်းမများ ဖြစ်ကြောင်း ဆိုထားလေသည်။ ရာထူးမှ ဖယ်ရှားခံရလျှင်ပင် နှစ်အနည်းငယ်မျှသာ ဖြစ်မည်ဟု မူလက ထင်ခဲ့သော်လည်း ယခုတော့ မြို့တော်ကို ဘယ်တော့မှ မပြန်နိုင်တော့ပေ။

နင်းဖူမင်းသားသည် ပြန်မလာနိုင်တော့ဘဲ သခင်မကြီးကမူ မမာကျန်းလေရာ ပင်ပန်းပြီး ပြန်လာသည့်လမ်း၌ သေသွားနိုင်သည်။ သူမ သွားစရာ နေရာလည်းမရှိ၊ မသေဆုံးမီ သူ့သားကိုလည်း မတွေ့နိုင်တော့ဟု တွေးကာ အဘွားအိုမှာ မူးမေ့လုနီးပါး ဖြစ်နေပါလိမ့်မည်။

ဤအရာမှာ အနာဂတ်၌ ဖြစ်လာနိုင်မည့် အရာများပင်။

အငြိမ်းစားဧကရာဇ်မင်းအား ယွင်ကျိုး ရှိ ယာယီဧကရာဇ်နေထိုင်ရာသို့ စေလွှတ်ခဲ့ပြီး သူ၏ ကိုယ်လုပ်တော်များ၏ ဘဝအကြောင်းကို ပြန်လည်အမှတ်ရစေခဲ့သည်။

မြို့တော်တွင် သမိုင်းပညာရှင်များသည် ဧကရာဇ်သစ် ယန်ချင်း၏ အောင်မြင်မှုများကို စုစည်း၍ မှတ်တမ်းတင်ခဲ့သည်။

နှစ်လအကြာတွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အပါအဝင် သာမန်ပြည်သူတို့ သည် ယန်မင်းဆက်တွင် အလှအပ သို့မဟုတ် ရွှေများကို ဂရုမစိုက်သော ဧကရာဇ်ကောင်းတစ်ဦး ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ ဧကရာဇ်မင်းသည် နန်းတော်သို့ စေလွှတ်ခံရသည့် အလှပဂေးများကို ကောင်းစွာ ဆက်ဆံ ပြောဆိုရုံသာမက သူတို့ပြန်သွားသောအခါ တစ္ဆေနှင့် တွေ့ဆုံခဲ့သကဲ့သို့ ခံစားရ စေလိမ့်မည်။ တစ်စုံတစ်ယောက်က သူတို့ကို ဝေါယာဥ်ပေါ်မှ ဒေါသတကြီး ထိုးချနေသကဲ့သို့။

သူတို့ပို့လိုက်သည့် အလှပ‌ဂေးများ ထိုသို့ ဖြစ်သွားလျှင် ဧကရာဇ်အသစ်က အလွန်ပျော်နေပုံရသည်။ သူ့မျက်နှာမှာ ရွှင်လန်းမှုအပြည့်ရှိပြီး ဂုဏ်ယူနေပုံရပေ၏။

အရာရှိများ ဘာစကားမှမပြောနိုင်ကြ။

သို့သော် 'ဧကရာဇ်အသစ် ဘာများ ဖြစ်ခဲ့တာလဲ' ဟူ၍ တွေးနေကြပေလိမ့်မည်။

ဧကရာဇ်အသစ်သည် အိပ်ခြင်းကို အလွန်နှစ်သက်ကြောင်း တဖြည်းဖြည်း ကောလဟာလများ ထွက်ပေါ်နေသည်။

နေ့တိုင်း သူသည် တော်ဝင်ခန်းမမှ ထွက်ခွာ၍ အစိုးရကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် သူ၏ ကိုယ်ရံတော်မှလွဲ၍ လူတိုင်းကို မဝင်ခိုင်းပေ။ ထိုက်မင်နန်းတော်၌ နေ့ခင်းမှ ညအထိ ညစာပင် စားဖို့ မလိုတော့ပေ။

ယင်းက မြို့တော်ရှိ ကောလာဟလများကို ပို၍ပင် လျှို့ဝှက်ဆန်စေခဲ့သည်။ ဧကရာဇ်သစ် မျိုးဆက် ပျိုးထောင်ရန်ဟု လူတိုင်းက ထင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်သည် ထီးနန်းကို နှစ်လမျှသာ ထမ်းဆောင်ခဲ့ပြီး ယန်မင်းဆက်သည် ပုံစံသစ်သို့ ပြောင်းလဲလာခဲ့သည်။ သာယာသောလေထုသာ ရှိခဲ့ပြီး ယန်မင်းဆက်သမိုင်းတွင် အပြောင်မြောက်ဆုံးဧကရာဇ် ဖြစ်ခဲ့သည်။

သုံးလအကြာတွင် ဧကရာဇ်သစ်၏ နန်းတက်ပွဲအခမ်းအနားကို ရိုးရှင်းစွာသာ ကျင်းပခဲ့သည်။ ယန်မင်းဆက်၌ လုပ်စရာများစွာ ရှိသေးသောကြောင့် အရာအားလုံးကို ရိုးရှင်းစွာသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အလွန်အကျွံ သို့မဟုတ် ဖြုန်းတီးခြင်း ဟူသော အရာကို တွေးမိစေမည်မဟုတ်ပေ။ စုရှီ ကိုယ်တိုင် မပါဝင်နိုင်သော်လည်း လုဟွမ်၏နန်းတက်ပွဲ လုပ်ငန်းစဉ်တစ်ခုလုံးကို မြိန်ရေရှက်ရေဖြင့် ကြည့်ရှုနေခဲ့သည်။ သူမသည် ပရိုဂျက်တာကို နံရံပေါ်၌ပင် ဆွဲချကာ ဟောက်ကျင်းချွမ်နှင့် ကုချွမ်တို့ကိုလည်း ကြည့်ခိုင်းခဲ့သည်။

ဟောက်ကျင်းချွမ်နှင့် ကုချွမ်နှစ်ယောက်လုံး အံ့ဩသွားကြသည်။ သူတို့က ပရိုဂျက်တာကို ညွှန်ပြပြီး "ဧကရာဇ်က ဘာလို့ လုဟွမ် နဲ့ ပိုပိုတူ နေတာလဲ။ ယန်ချင်းဆိုတာ လုဟွမ် ရဲ့ ID ကတ်ထဲက နာမည် မဟုတ်ဘူးလား။ လုဟွမ်က တီဗီရှိုး သွားရိုက်တာလား"

စုရှီ ရယ်မောလိုက်တော့သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့မိသားစုက သူ့အတွက် ဇာတ်ကားတိုတစ်ကားမှာ ရင်းနှီးမြှုပ်နှံခဲ့တာ”

ဟောက်ကျင်းချွမ်နှင့် ကုချင်တို့ ဆွံ့အသွားတော့သည်။

'သူက တစ်ကယ် ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူ လိုမျိုးဘဲ။ သူတို့ အလွန်ဆုံး အထက်တန်းကျောင်းဆင်းပွဲကို အထိမ်းအမှတ်အဖြစ် အနုပညာ ဆန်တဲ့ကျောင်းဝတ်စုံနဲ့ ဓာတ်ပုံတွေ ရိုက်ကြမယ်ထင်တာ။ ဒီလူက နန်းတက်ပွဲ အထိမ်းအမှတ် ဇာတ်ကားတိုတောင် ရိုက်ကူးနေပြီ’

ခဏ__

ဟောက်ကျင်းချွမ် အံ့ဩစွာ မေးသည်။

“လုဟွမ်ရဲ့ခေါင်းပေါ်မှာ ဘာလို့ စာကြောင်း ပေါ်နေတာလဲ?၊ ‘ယန်တိုင်းပြည်က အိမ်ထောင်ပြုပြီး ကလေးယူလို့ရနေသည့် အသက်ဆယ့်ခြောက်နှစ်အရွယ် လုဟွမ်’”

စုရှီ အလွန်ပျော်သွားသည်။ သူမ စကားပြောခါနီးတွင် လှေကားထစ်ပေါ် တက်သွားသည့် လုဟွမ်သည် မော့ကြည့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ့ကို ကြည့်နေကြသည်ကို သူ သိသွားပုံရသည်။ ထို့ကြောင့် လုဟွမ်၏ ခေါင်းပေါ်ရှိ စကားလုံးများ ရုတ်တရက် ပြောင်းလဲသွားသည်။

"စုရှီ လက်ထပ်ရမယ့် လုဟွမ်"

စုရှီမှာ ပြောစရာပင် ပျောက်သွားရသည်။

ဟောက်ကျင်းချွမ်နှင့် ကုချင်တို့လည်း ဆွံ့အသွားတော့သည်။

ရုပ်ရှင်တိုလေးတစ်ကားကြည့်ရုံနှင့် ခွေးစာ စားလိုက်ရသလိုပင်။ စုရှီ၏ သူငယ်ချင်းဖြစ်ရသည်က တကယ်ကို မလွယ်လှပေ။

စုရှီအံ့သြသွားသည်။ နီရဲသောမျက်နှာဖြင့် ဆိုဖာပေါ်မှ ချက်ချင်း ထလိုက်သည်။ လုဟွမ်၏ခေါင်းပေါ်ရှိ မှတ်စုသည် "ကျိုက်ကျိုက်" မှ "ယန်တိုင်းပြည်က အိမ်ထောင်ပြုပြီး ကလေးယူလို့ရနေသည့် အသက်ဆယ့်ခြောက်နှစ်အရွယ် လုဟွမ်"

သို့ ရုတ်တရက် ပြောင်းသွားသည်မှာ စနစ်နှင့် ဘာမှမဆိုင်ပေ။

လုဟွမ်ကိုယ်တိုင် ပြောင်းလိုက်ခြင်းဖြစ်သည်။

All Chapters