← Chapters

Chapter 83

Vol. 8 Ch. 83

Chapter 83

Vol. 8 Ch. 83

ကောလိပ်ဝင်ခွင့်စာမေးပွဲသည် တစ်လခွဲအကြာ၌ အောင်စာရင်းထွက်လာလေသည်။ စုရှီသည် သူမ ရမှတ်ကို မကြည့်မီ ကြောက်လန့်နေခဲ့သည်။ သူမ၏ရမှတ်နှင့် လုဟွမ်၏ ရမှတ် ကွာခြားချက် အလွန်များပြီး တက္ကသိုလ်အတူတူ မတက်နိုင်မည်ကို သူမ စိုးရိမ်နေခဲ့သည်။ အိမ်မှထွက်လာပြီး သူမ၏ ကျောင်းဝင်လက်မှတ်ကိုပါ လုဟွမ်၏ တိုက်ခန်းသို့ ယူဆောင်လာ၍ ကွန်ပျူတာကို ဖွင့်လိုက်သည်။

အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် လုဟွမ်သည် နန်းတော်မှ ထွက်လာခဲ့သည်။ သူ့အဝတ်အစားလဲဖို့ပင် အချိန်မယူတော့ပေ။ အောက်ကို ငုံ့ကာ စုရှီ ဖွင့်ထားသည့် ကွန်ပျူတာမျက်နှာပြင်ကို ကြည့်လိုက်သည်။

"ထွက်ပြီလား?"

"ထွက်ပြီ။ အရမ်းစိတ်လှုပ်ရှားတာပဲ"

သူမ၏ ဝင်ခွင့်လက်မှတ်နံပါတ်ကို ရိုက်ထည့်ရာ စုရှီ၏လက်များ တုန်လှုပ်နေ၏။

ရိုက်ထည့်နေရင်း သူမ မထိန်းနိုင်ဘဲ လုဟွမ်ကို လှည့်ကြည့်လိုက်သည်။

"အဖြေတွေကို စစ်ကြည့်ရင် ရမှတ်တွေက နီးစပ်လောက်မယ်မလားဟင်"

"ပြဿနာရှိမှာမဟုတ်ဘူး"

လုဟွမ်က သူမခေါင်းကို ပွတ်ကာ ပြုံးလိုက်သည်။

"မင်း ကိုယ်ကို စစ်ကြည့်စေချင်လား"

"မြန်မြန်၊ မြန်မြန်၊ မြန်မြန်၊ ရှင် ကြည့်‌ပေး"

စုရှီ အလွန်စိတ်လှုပ်ရှားနေသည်။ သူမ ကုလားထိုင်ပေါ်မှ ထရပ်လိုက်ပြီး လုဟွမ်ကို ထိုင်ခိုင်းလိုက်သည်။

သူမသည် လုဟွမ်၏နောက်တွင်ရပ်လိုက်ပြီး ကျောကို မှီထားလိုက်သည်။ သူမ စိတ်လှုပ်ရှားစွာ သူ့လည်ပင်းကို သိုင်းဖက်၍ မျက်နှာကို သူ့ပခုံး၌ မြှုပ်ထားလေသည်။

"ဟူးးးးးး အတူတူ တက္ကသိုလ် တက်လို့မရရင် ဘယ်လိုလုပ်မလဲ"

"ကိုယ် အဲလို ဖြစ်ခွင့်မပြုပါဘူး"

လုဟွမ်က အခိုင်အမာပြောလိုက်သည်။

စုရှီ ရယ်လိုက်ပြီး စိတ်လှုပ်ရှား လျော့သွားစေသော်လည်း မကြည့်ရဲနေသေးပါ။ သူမ နှလုံးခုန် အလွန် မြန်နေသေးသည်။

လုဟွမ်သည် သူမလက်ကို ဘယ်လက်ဖြင့် ကိုင်ထားပြီး ညာလက်ဖြင့် ကီးဘုတ်ပေါ် စာရိုက်ထည့်သည်။ တစ်နှစ်ခန့် သင်ယူပြီးနောက် သူ ကွန်ပြူတာသုံးရာ၌ ကျွမ်းကျင်နေလေပြီ။

သူသည် ဝင်ခွင့်လက်မှတ်နံပါတ်ကို အမြန်ရိုက်ထည့်လိုက်သော်လည်း တစ်တိုင်းပြည်လုံးက ရမှတ်များကို စစ်ဆေးနေသောကြောင့် ဖြစ်ပေလိမ့်မည်၊ စာမျက်နှာပေါ်ရှိ ခလုတ်များသည် အလွန်နှေးကွေး နေခဲ့ပြီး လူကို ပို၍ စိတ်ရှုပ်စေသည်။

"ထွက်ပြီ" လုဟွမ် ရုတ်တရက်ပြောလာသည်။

"မင်းအမှတ်က..."

သူပြော၍မပြီးလိုက်ခင် စုရှီက သူ့ပါးစပ်ကို အုပ်လိုက်သည်။

"အခု မပြောနဲ့ဦး။ ရှင်ဟာအရင် ကြည့်ကြည့်။ အမှတ်က သိပ်မကွာမှ ပြောပြ"

လုဟွမ် ပြုံးလိုက်ပြီး စုရှီ၏ လက်ချောင်းလေးကို နမ်းလိုက်သည်။ သူ၏ ဝင်ခွင့်နံပါတ်ကို ဆက်ရိုက်ထည့်ပါသည်။

စုရှီသည် တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေချိန်ထက် ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းသည်ဟု သူမ ခံစားရသည်။ စာမေးပွဲအပြီး အဖြေများကို အတူစစ်ဆေးကြည့်ခဲ့သော်လည်း သူမ၏စိတ်ထဲ အမြဲတမ်း မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ သူမ တစ်ကိုယ်လုံး တင်းမာနေသည့် ငါးဆားနယ်ကဲ့သို့ သူမ၏ ဦးခေါင်းကို လုဟွမ် ၏ ပခုံးတွင် ဆက်လက်မြှုပ်ထားဆဲပင်…

နွေရာသီ၌ အလွန်ပူပြီး နေရာတိုင်း စိုစွတ်နေသည်။ လုဟွမ်၏နဖူးတွင် တဖျပ်ဖျပ်တောက်နေသော ချွေးများ ရှိနေသော်လည်း အသက် ၁၈ နှစ်အရွယ် ယောက်ျားလေး၏ ခန္ဓာကိုယ်သည် သန့်ရှင်းသော တက်ကြွမှုတစ်မျိုးဖြင့် ပြည့်နေသောကြောင့် စုရှီ၏နှလုံးကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။

"အင်တာနက်က အရမ်းနှေးနေတာလား"

စုရှီက လုဟွမ်လည်ပင်းကို ဖက်ပြီး အိပ်ပျော်ခါနီးပင်၊ ရုတ်တရက် သူ့နားထဲ၌ "မင်းအမှတ် ၆၄၁၊ ကိုယ်က ၆၃၈" ဆိုသည့် အသံတစ်ခု ကြားလိုက်ရသည်။

စုရှီ မယုံကြည်နိုင်စွာဖြင့် စခရင်ကို ကြည့်လိုက်သည်။

“ကျွန်မ တစ်ကယ် အဲလောက် ရတာလား"

"ရှောင်ရှီရဲ့ အမှတ်က အမြဲတမ်း ကောင်းပါတယ်"

လုဟွမ် ခေါင်းလေး စောင်းပြီး သူမကို ကြည့်လိုက်သည်။ သူ၏ လေသံ၌ ဂုဏ်ယူမှုဖြင့် ပြည့်နေပါသည်။

စုရှီ ရူးမတတ် ပျော်သွားပြီး ချက်ချင်း ထခုန်ကာ သူမ မိဘများကို ဖုန်းခေါ်လိုက်သည်။ ဖုန်းကိုင်ပြီးနောက် သူမ ပျော်ရွှင်စွာ အော်ပြော၍ ဟောက်ကျင်းချွမ်နှင့် ကုချင်အား အလျင်အမြန် ပြန်ခေါ်လေသည်။ လုဟွမ်ကမူ သူမကို ပြုံး၍ ကြည့်နေသည်။ သူလည်း စိတ်လှုပ်ရှားနေသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်ရန် ထိန်းချုပ်ထားသည်။

စုရှီက သူတို့အားလုံးကို အသိပေးပြီးနောက်ထိပင် သူမ၏ နှလုံးခုန်နှုန်းက အလွန်မြန်နေသေးပြီး လုံးဝမရပ်နိုင်သေးပါ။ သူမ လုဟွမ်ကို ပြောသည်။

"ကျွန်မတို့ကျောင်း အတူတူတက်လို့ ရနေပြီ! ဘာပြဿနာမှ မရှိတော့ဘူး! မတူညီတဲ့ မေဂျာအတွက် မှီမဲ့ ရမှတ်က မတူပေမယ့် ငါတို့ရမှတ်တွေက တော်တော်မြင့်နေတော့ ကန့်သတ်ချက်က သိပ်များမှာ မဟုတ်ဘူး!"

"ဟုတ်တယ်"

လုဟွမ်က ရှေ့ကို လှမ်းတက်လာပြီး သူမကို ပွေ့ချီလိုက်သည်။ သူသည် ဧည့်ခန်းဆီသို့ လျှောက်သွားကာ အနာဂတ်အတွက် အသေးစိတ်ပုံစံကို အကြမ်းဖျင်းဖော်ပြရန် ကြိုးစားသည်။

"ကိုယ်တို့ အတူတူ တက္ကသိုလ်တက်ရင် နေ့ခင်းတိုင်း အတူတူ အတန်းတက်လို့ရပြီ။ ဒါပေမယ့် မနက်ပိုင်း အတန်းကတော့ တက်လို့ရမှာ မဟုတ်ဘူး။ အချိန်ရရင်.. ရှောင်ရှီ ကိုယ့်အတွက် မှတ်စုလေး ရေးပေးဖို့ ဒုက္ခပေးရတော့မယ်။ ကိုယ်တို့ ကျောင်းဝင်းထဲမှာ မနေတော့ဘဲ တက္ကသိုလ်မြို့ပြင်မှာ အခန်းတစ်ခန်းပဲ ငှားလိုက်ရအောင်။ တစ်ခန်းထဲဆို ပိုကောင်း—"

သူ့စကားတစ်ဝက်တစ်ပျက်၌ လုဟွမ်၏ နားရွက်များ အနည်းငယ်နီလာသည်။ လူကြီးလူကောင်းမဆန်သလို သူ ခံစားလာရသည်။ သူ့နှာခေါင်းဖျား၌ အနည်းငယ် ယားယံလာပြီး စုရှီ၏ လက်မောင်း၌ ပွတ်သပ်လိုက်သည်။

သို့သော် စုရှီသည် သူ့ထက်ပို၍ စိတ်လှုပ်ရှားနေမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ သူမသည် တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်ပြီး "ကျွန်မတော့ အရမ်းကောင်းတယ်ထင်တယ်!"

လုဟွမ်: "အဟမ်း"

ရလဒ်ထွက်လာပြီးနောက် စုရှီသည် သူ့မိဘများနှင့် ဆွေးနွေးဖို့ ပြန်သွားခဲ့သည်။

ထို့နောက် သူသည် လုဟွမ် နှင့်အတူ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အတူတူ လေ့လာကြည့်ပြီး နောက်ဆုံး သူတို့လျှောက်မည့် ကျောင်းကို ဆုံးဖြတ်လိုက်သည်။ ၎င်းသည် ပထမတန်းစား တက္ကသိုလ်တစ်ခု ဖြစ်သည်။

စုရှီသည် သမိုင်းဌာနသို့ လျှောက်ထားခဲ့ပြီး လုဟွမ်သည် ကွန်ပျူတာသိပ္ပံဌာနသို့ လျှောက်ထားခဲ့သည်။ ဟောက်ကျင်းချွမ် ၏ ရမှတ်များသည် အမြဲတမ်း ကောင်းမွန်ခဲ့သည်။ ဤတစ်ကြိမ်မှာတော့ သူ့ရမှတ်သည် စုရှီတို့နှစ်ယောက်ထက် အနည်းငယ်သာ နိမ့်သည်။ ထို့ကြောင့် သူသည်လည်း စုရှီတို့နှစ်ဦးနှင့် အတူတူ ကျောင်း လျှောက်ခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မေဂျာကို လျှောက်ထားခဲ့သည်။

ကုချင်၏ ရမှတ်များက သူတို့လောက် မကောင်းသော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ သူ့စွမ်းဆောင်ရည်က တည်ငြိမ်ခဲ့သည်။ သူသည် တူညီသောမြို့ရှိ အခြားကျောင်းတစ်ကျောင်းသို့ လျှောက်ထားခဲ့သည်။

ဤ နွေရာသီ နေ့ရက်များတွင် လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။

တက္ကသိုလ်စတင်ပြီးနောက် စုရှီနှင့် လုဟွမ်တို့သည် ခေါင်းပေါ်တွင် စက္ကူဦးထုပ်များဆောင်းကာ ငှားထားသောအိမ်ကို အတူတူသန့်ရှင်းရေးလုပ်ကြသည်။

လုဟွမ် သည် သူ့ပစ္စည်းများကို သူနှင့်အတူ အမြဲသယ်ယူလေ့ရှိသည်။ ယခုတော့ စုရှီပေးခဲ့သော မီးအိမ်မှလွဲ၍ အခြားအရာအားလုံးကို ရွှေ့ကာ အခန်းလွတ်ထဲတွင် ထည့်ထားလိုက်သည်။

စုရှီသည် မီးအိမ်ကို အမြဲဆောင်ထားသည်ဟု အရွှန်းဖောက်လိုက်တိုင်း သူက ၎င်းသည် အချစ်သင်္ကေတဖြစ်သည်ဟု ရှက်ရွံ့စွာ ပြောခဲ့သည်။

စုရှီ:...???

'ငါ နင့်ကို မီးအိမ်ပေးတုန်းက နင်က ကလေးပဲ ရှိသေးတာဟဲ့ ငါ နင့်ကိုတောင် မကြိုက်သေးဘူး သိရဲ့လား’

စုရှီသည် သူ့စိတ်ထဲတွင်သာ ဤအကြောင်းကို တွေးနေနိုင်သည်။ သူသာ အသံကျယ်ကျယ်ပြောလျှင် လုဟွမ်က သူ့ကို မျက်လုံးနီရဲပြီး ပြန်ကြည့်နေလိမ့်မည်။

အတန်းများ တရားဝင်မစတင်မီ ဟောက်ကျင်းချွမ်နှင့် ကုချင်တို့သည် ထမင်းတစ်နပ်စားရန် လာရောက်ခဲ့ကြသည်။ ဤတစ်ခါတော့ ဟော့ပေါ့ဝယ်ရန်မှာ သူတို့ အလှည့်ကျပြီဖြစ်သည်။ သူတို့ မရောက်ခင် စုရှီနှင့် လုဟွမ်တို့က သန့်ရှင်းရေးလုပ်ပြီး၍ ရေချိုးပြီးလေပြီ။ ဆိုဖာနှင့် အခြားပစ္စည်းများဝယ်ရန် အချိန်မရှိသောကြောင့် သူတို့ ကြမ်းပြင်ပေါ်တွင်သာ ထိုင်နိုင်ကြသည်။

ပူပြင်းသည့် နွေရာသီ နေ့တစ်နေ့ ဖြစ်ပြီး အပြင်ဘက်၌ နေပူနေသော်လည်း အိမ်ထဲတွင်မူ လေအေးပေးစက်ကြောင့် အေးမြနေသည်။

စုရှီသည် ရေခဲမုန့်ကိုကိုင်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ သူမက ဆံပင်အခြောက်ခံနေသည့် လုဟွမ်ကို မော့ကြည့်လိုက်ပြီး "ရှင် ကျွန်မမိဘတွေဆီ ထပ်ပြီး တစ်ခုခု ပို့လိုက်သေးလား"

"ဂျင်ဆင်းနည်းနည်း။ အနောက်တိုင်းက အရာရှိတွေ နန်းတော်ကို လာတုန်းက ဂုဏ်ပြု လက်ဆောင်ဆိုပြီး ပေးသွားတာ။ လူလတ်ပိုင်းနဲ့သက်ကြီးရွယ်အိုတွေအတွက် ကောင်းတယ်"

လုဟွမ်က ပြောသည်။ "ပြီးတော့ တစ်ခါတစ်ခါ ကိုယ် တစ်ခုခု ပို့ပေးသေးတယ်။ ကိုယ် ပို့လိုက်တာ မင်းမိဘတွေ သိရင် ရှောင်ရှီကို လိုက်ပိုးပန်းနေတာ ဘယ်လောက်ကြာပြီလဲဆိုတာလည်း သူတို့ သိသွားလိမ့်မယ်။ အဲ့ဒါဆို သူတို့ မင်းကို ကိုယ့်ဆီ လွှဲပေးဖို့ နည်းနည်း စိတ်သက်သာရာရလိမ့်မယ်ထင်တယ်"

"ပြီးတော့ ရှင့်နာမည် ဘယ်လိုပြောင်းလိုက်တာ"

စုရှီက ရယ်မောရင်း မေးလိုက်သည်။ တခါတရံ မနက်အိပ်ရာနိုးသောအခါ လုဟွမ်သည် ရုံးတော်သို့ တက်ရန် ပြန်သွားတတ်သည်။ သူမသည် လုဟွမ် ၏ ညီလာခံခန်းအတွင်း တိုးတက်မှုကို သူမ၏ဖုန်းမှတဆင့် စစ်ဆေးနေရသည်။ ထို့ပြင် ဟင်းချက်ရန် အဆင်ပြေဖို့ ညီလာခံ ဘယ်အချိန်မှာ ပြီးကြလဲ ဆိုသည်ကိုပါ သူမ သိချင်ခဲ့သည်။ သူမသည် “စုရှီ လက်ထပ်ရမယ့် လုဟွမ်” ဟူသော သွေးနီရောင်စကားလုံးများကိုသာ တွေးမြင်နေရပြီး တစ်ကယ်ကို မျက်စိကျိန်းစေသည်။

"ပြောင်းလိုက်!"

"အများဆုံးတော့ စာလုံးအရွယ်အစားကို ပြောင်းလို့ရပါတယ်"

လုဟွမ်အနည်းငယ် မှားသွားသလို ခံစားလိုက်ရသည်။ သူ အနောက်က လျှောက်လာပြီး သူမနောက် ကြမ်းပြင်ပေါ် ထိုင်လိုက်သည်။

စုရှီက နောက်သို့ မှီလိုက်သည်။

"ရှင် တကယ်မပြောင်းတော့ဘူးလား"

လုဟွမ် သည် သူ့လက်မောင်းပေါ်မှီဖို့ လွယ်ကူစေရန် ခြေထောက်တစ်ဖက်ကို ဆန့်လိုက်သည်။ သူက သူမကို ငုံ့ကြည့်သည်။

"မင်းသဘောတူရင် ပြောင်းလို့ရပါတယ်"

စုရှီ မျက်တောင်လေး တစ်ခတ်ခတ် ဖြစ်နေသည်။

“ဘာပြောင်းမှာလဲ"

"ခင်ပွန်း၊ ယောက်ျား၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်…"

လုဟွမ် သည် သူ၏နား နီရဲနေမှုကို တွန်းလှန်ပြီး စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားသည်။

စုရှီ က သူ့ကို ကြည့်ပြီး သေလုမတတ် ရယ်တော့သည်။ ယခုလေးတင် သူမ ဘာပြောမည်ဆိုသည်ကိုပင် မမှတ်မိတော့ပေ။ သူမ စဉ်းစားနေရင်း ရုတ်တရတ် သူမ၏ ခေါင်းအထက်မှ လုဟွမ်၏ ဩရှရှ အသံတစ်ခုကို ကြားလိုက်ရသည်။

"စုရှီ၊ ကိုယ် သင်ခဲ့ပြီ။ မင်းခေါင်းကို မော့လိုက်။"

"အင်း? ဘာတွေ သင်ခဲ့တာ...အိုး!!!"

စုရှီက သူမ ခေါင်းကို မော့လိုက်သည်နှင့် လုဟွမ်၏ ခေါင်း ငုံ့လာပြီး သူမ၏နှုတ်ခမ်းနှင့် သွားများကြား အနမ်းတစ်ခု ဖြစ်ပေါ်လာသည်။

လုဟွမ်၏ နှုတ်ခမ်းများက လှည့်၍ သူ့နှုတ်ခမ်းကို စုပ်ယူသွားသည်။ သူက ညင်ညင်သာသာဖြင့် သူမ၏နှုတ်ခမ်းများကို ဖွင့်ဟစေသည်။ သူသည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမကို စုပ်လိုက်ပြီး အနည်းငယ် စိတ်ကျေနပ်သွားသည်။

စုရှီ ၏ခေါင်းသည် နောက်သို့ စောင်းသွားခဲ့သည်။ နောက်ဆုံးတော့ သူမကိုယ်သူမ မထိန်းနိုင်ဘဲ သူ့ရင်ခွင်ထဲ လဲကျသွားသည်။ သူမ အသက်ရှူသံ အနည်းငယ် မြန်လာတော့သည်။

လုဟွမ် ခေါင်းငုံ့ပြီး ရပ်နေသည့်အတိုင်း ရှိသေးသည်။

ထင်းရူးပင်၏ သန့်ရှင်းသောရနံ့သည် စုရှီ၏နှာခေါင်းထဲသို့ ဝင်လာသည်။ လျှော်ထားသော ဆံပင်၊ လုဟွမ်၏ ရှပ်အင်္ကျီနှင့် သူမ စားခဲ့သော ချိုချိုချဉ်ချဉ် ရေခဲမုန့်အနံ့အရသာပင် ဖြစ်သည်။

သူမ၏ နားထဲတွင် နွေရာသီ ပုစဉ်းရင်ကွဲ၏ အသံများ နှင့် လေအေးပေးစက် မြည်သံများ ပြည့်နှက်နေခဲ့သည်။ သို့သော် ဤအရာအားလုံးသည် သူမ၏ နားစည်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အဆုံးတွင် သူမကို ရင်ခွင်ထဲတွင် ပိုက်ထားသည့် လူငယ်လေး၏ နှလုံးခုန်သံသာ ကျန်ခဲ့တော့သည်။ သူတို့နှစ်ယောက် ပထမဆုံးတွေ့သည့်အချိန်ကဲ့သို့ ရင်ခုန်နေမိသည်။

လုဟွမ် သည် ထင်းရှုးဝင်းတွင် နေထိုင်စဉ်၊ အလွန်ရိုးစင်းသော ညတစ်ညဖြစ်သော်လည်း ရေနွေးအိုးသည် မှော်ဆန်စွာ လှုပ်ခတ်သွားခြင်းက ဤအရာအားလုံး၏ အစပင် ဖြစ်သည်။

ဝါးတောကို ဖြတ်လျှောက်လာသောအခါ သူ၏ခြေရာများသည် မြန်သထက်မြန်လာပြီး အသက်ရှူသံလည်း ပိုမြန်လာသည်။ ထင်းရှုးဝင်းနားကို ပြန်ရောက်တော့ တံစက်မြိတ်အောက်က မီးအိမ်ကို မြင်လိုက်ရချိန် သူ့စိတ်များ ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်ခြောက်ခြားသွားသည်။

စုရှီသည် ထိုဂိမ်းကို သူမ မဖွင့်ခဲ့ပါက သူမနှင့် လုဟွမ်သည် မည်သို့သော အနာဂတ်မျိုးရှိမည်ကို တစ်ခါတရံတွေး နေမိသည်။

သို့သော် နောက်ပိုင်းမှာတော့ မည်သည့်ဖြစ်နိုင်ခြေမှ မရှိကြောင်း သူမ သဘောပေါက်လာသည်။ သူမ မည်သို့ပင် လှည့်ပတ်နေပါစေ လုဟွမ်နှင့် တွေ့ဆုံရမည်သာ ဖြစ်သည်။

လုဟွမ်ကမူ မဆုံတွေ့မည့်ဖြစ်နိုင်ခြေကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။

သူတို့နှစ်ယောက်နောက်၌ နောက်ဆုံး မစ်ရှင်သည် လုဟွမ်၏ ‌စခရင်တွင် ပေါ်လာပြီး ထိုမစ်ရှင်မှာ ဆုငွေမရှိသည့် တစ်ခုတည်းသော မစ်ရှင်ပင် ဖြစ်သည်။

သို့သော် စနစ်ကို ဖန်တီးခဲ့သူသည် ဆုငွေမရှိသည့် မစ်ရှင်ဖြစ်လျှင်ပင် လုဟွမ် အကောင်းဆုံး လုပ်ဆောင်မည်ဆိုသည်ကို သိနေပြီး ဖြစ်သည်။

[ကျေးဇူးပြု၍ မစ်ရှင်၂၁ ကိုလက်ခံပါ- 'စနစ် ၀၀၁' ကို အနှစ် ၄၀ အတွင်း သုတေသနပြုလုပ်ပြီး တီထွင်ဖန်တီးရန် သိပ္ပံပညာရှင်တစ်ဦးအား တာဝန်ပေးအပ်ပါ။ ၎င်းကို ၁၂.၀၇.၂၀၂၀ သို့ ပြန်လည်ပေးပို့ပြီး စုရှီ၏ ဖုန်းတွင် တင်လိုက်ပါ။ ဆုငွေသည် ရွှေဒင်္ဂါး သုည၊ သုညမှတ် ဖြစ်သည်]

[တစ်ခုတည်းသော ဆုမှာ သူမ ဖြစ်သည်]

All Chapters