← Chapters

အပိုင်း(၆၂)

Vol. 7 Ch. 62

အပိုင်း(၆၂)

Vol. 7 Ch. 62

သို့သော် ကျီဖေးမမေးခင် ဝမ်ကျားနီ သူ့ကိုယ်သူပြန် လည်ချေပလိုက်သည်။ ရွမ်ကျား၏အရှက်ကွဲမှုအား ပျော်ရွှင်စွာခံစားပြီးနောက် ဝမ်ကျားနီက

"ကျွန်မကို အဲ့ဒီ အယ်လ်ကိုဟောပါတီပွဲဆီ လှည့်စားပြီး သွားခိုင်းဖို့ ရှင့်ကို ဘယ်သူအကြံပေးတာလဲ ? ရှင် ကျွန်မကို အဲ့လူတွေဆီက အတင်းအကြပ်အရက်တိုက်တာခံရပြီး ဒုက္ခရောက်စေချင်တာလား ? ကောက ရှင့်မှာ ပိုက်ဆံရှိနေသေးရင် ဒီလိုကိစ္စတွေလုပ်ခိုင်းပြီး အခြားသူတွေကို ဒုက္ခရောက်အောင်လုပ်မှာဆိုးလို့ဆိုပြီး ရှင့်ကတ်ကိုပိတ်လိုက်တာလေ။"

ရွမ်ကျား၏မျက်နှာ သိသိသာသာပြောင်းလဲသွားသည်။ "ငါ မလုပ်ဘူး၊ ၊ အဲဒါ ငါ လုပ်တာမဟုတ်ဘူး!"

သို့ပေမယ့် ဝမ်ကျားနီက "ကျွန်မမှာ တခြားရန်သူမရှိဘူး။ ရှင်ကသာ ကျွန်မကိုဒုက္ခရောက်စေချင်တဲ့ တစ်ယောက် တည်းသောသူပဲလေ။ ရှင် မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ?"

[အဲဒါ နင်ပဲလေ၊ နင်ကိုယ်တိုင် ဖန်တီးထားတာလေ၊ ရှန်းဝမ်ယွဲ့ရှေ့မှာ အယ်လ်ကိုဟောပါတီပွဲအတွက် ရွမ်ကျားရဲ့ ဖိတ်ခေါ်မှုကို လက်ခံဟန်ဆောင်ပြီး ဒီဇာတ်လမ်းတစ်ခုလုံးကို နင်ကိုယ်တိုင်စီစဉ်ထားတာ၊ လမ်းတစ်ဝက်မှာပဲ နင်က ရှန်းဝမ်ယွဲ့ စီကို တစ်ခုခု မှားနေသလိုခံစားရတယ်လို့ message ပို့ပြီး လာကယ်ခိုင်းခဲ့တာလေ။ အားလုံးက နင့်ဘာသာစီစဉ်ပြီး နင့် ဘာသာလုပ်ခဲ့တာချည်းပဲ]

ကျီဖေး နောက်ဆုံး အခြေအနေအားသိလိုက်ရပြီး မဝေ ဖန်ပဲမနေနိုင်တော့ချေ။

[သူ့ကို သာမန်အငယ်အနှောင်းတစ်ယောက်လို့ ငါမထင်ခဲ့ပေမဲ့ တကယ်တော့ သူ့ကိုယ်သူ အလွဲသုံးစားလုပ်လုနီး ပါးအထိ ရှန်းဝမ်ယွဲ့ ရဲ့သနားမှုနဲ့ ယုံကြည်မှုကိုရဖို့ အကြိးကြီးကြံနေခဲ့တာကိုး။]

[ရှန်းဝမ်ယွဲ့ ကလည်း ဝက်ခေါင်းနဲ့ငတုံးပဲ၊ သူ ရွမ်ကျားကိုမေးခဲ့ပေမဲ့ အဲ့တာရွမ်းကျားလုပ်တာလို့ အလိုလျောက်ယူဆထားသလိုမျိုး သူ့ဇနီးရှင်းပြတာကိုတောင် နားမထောင်ဘူး။ တကယ်တော့ နှလုံးသားရဲ့ဘက်လိုက်မှုနောက်ကိုလိုက်ပြီး ဉာဏ်ရည်ပါနိမ့်သွားတာပဲ။]

[သူက ရွမ်ကျားကို သူ့အမှားသူ ဝန်ခံစေချင်ရုံသပ်သပ် မေးခွန်းထုတ်ခဲ့တာ။ ရွမ်ကျား ရှက်ရှက်နဲ့ ဒေါသထွက်ပြီး ဝန်ခံဖို့ငြင်းတော့ သူ စိတ်ပျက်ပြီးစစ်အေးတိုက်ပွဲအနေနဲ့ ကတ် ပိတ်လိုက်တာပဲ။]

ကျီဖေး၏ဝေဖန်သံများအားကြားပြီးနောက် ရှုံ့ချသောစကားများအားနားထောင်နေသည့် ချင်မိသားစုသည် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရ သည်။

သို့ပေမယ့် ၎င်းသည် တခြားသူ၏ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး သူတို့ မသိနိုင်သည့်အရာဖြစ်၍နှောက်ယှက်မိတာမျိုးမဖြစ်ချင်ပေ။

[ဟင်းးး၊ အဲ့လို ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသွားတော့၊ ဝမ်ကျားနီက ရှန်းဝမ်ယွဲ့ ရဲ့လူဆိုတာကို အလုပ်ထဲက လူတော်တော်များများသိသွားကြပြီး၊ သူ့ အကြောင်းကို ဘာမှတ်ချက်မှမပေးရဲကြတော့ဘူး။]

[ဒါ့အပြင် ရှန်းဝမ်ယွဲ့က ဝမ်ကျားနီရဲ့တစ်ကျော့ပြန်လမ်းကြောင်းကို ပိုခိုင်မာအောင်လုပ်ပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ သူ့အမှားတွေအတွက် ဝမ်ကျားနီကိုကာကွယ်ပေးခဲ့တယ်။ ကောလဟာလတွေ နေရာတိုင်းပျံ့နေတာအံ့သြစရာမဟုတ်သလို သူတို့ကုမ္ပဏီကလည်းဂရုမစိုက်ခဲ့ဘူး]

[အိုး၊ ဘယ်လိုအမှိုက်မျိုးလဲ၊ သူ့အငယ်အနှောင်းလေးကို ကာကွယ်ဖို့ ဒီလိုမဟုတ်မဟက်အကြောင်းပြချက်တွေလိုက်ရှာနေသေးတယ် ? ဟင် !]

မားမားချင်နှင့် ချင်ရန်သည်လည်း ရွံရှာစွာတံတွေးမထွေးဘဲ မနေနိုင်တော့ချေ။

ဒီအဖြစ်အပျက်ကြောင့် ကတ်ပိတ်ခံရမည်ဟု ရွမ်ကျားမမျှော်လင့်ထားခဲ့ပေ၊ ထို့နောက် ဒေါသတကြီးနှင့် သူ မဟုတ်ကြောင်းပြောခဲ့သည်။ သူ့အား မေးခွန်းထုတ်လာခြင်းသည် ရိုးရိုးရှင်းရှင်းပင် စော်ကားမှုတစ်ခုဖြစ်သည်။

သူ့အား ရှန်းဝမ်ယွဲ့နားလည်သည်ဟုထင်ကာ သူဟာ ထိုကဲ့သို့လူမျိုးမ ဖြစ်နိုင်မှန်းသိသည်ဟုထင်ခဲ့သည်။ သူ့အနေနှင့် ရှန်းဝမ်ယွဲ့ နှင့်ဝမ်ကျားနီတို့ စည်းကျော်လိမ့် မည်မဟုတ်ဟုယုံကြည်ရန် ဆန္ဒရှိခဲ့သည်။

သို့သော် အစမှ အဆုံးအထိ၊ ရှန်းဝမ်ယွဲ့သည် သူ့အားမယုံကြည်ခဲ့ချေ။ သူ ဝမ်ကျားနီအားဒုက္ခပေးလိမ့်မည်ဟုသာထင်နေခဲ့သည်။ သူ့အား လျစ်လျူရှုသည့်နေ့ရက်များသည် ပြစ်ဒဏ်၏တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်သည်။

နှစ်များစွာတည်ရှိလာခဲ့သည့်ချစ်ခြင်းမေတ္တာမှာ သူ့အား အရိုးရှင်းဆုံးသော ယုံကြည်မှုတစ်ခုကိုပင် မပေးနိုင် သည့်အတွက် ရွမ်ကျားဂရုမစိုက်ပေ၊ သူ့အား သတ်ပစ်လျှင်ပင် ယခု ဝမ်ကျားနီ၏ရှေ့တွင် မျက်နှာမပျက်ချင်ကြောင်းကိုသာ သူ သိသည်။

ရွမ်ကျား ပိုက်ဆံအလုံအလောက်မစုဆောင်းနိုင်သော ကြောင့် ရှန်းဝမ်ယွဲ့ ထံသို့ဖုန်းဆက်သော်လည်း အကြိမ်ရေမည်မျှ ခေါ်သည်ဖြစ်စေ မည်သူမှပြန်မဖြေချေ။

ထို့ကြောင့် သူ့အားလာကြိုသည့် လက်ထောက်ထံသို့ ဖုန်းခေါ်ရန် လှည့်လိုက်သော်လည်း ဖုန်းချပြီးနောက် ရွမ်ကျား ၏မျက်နှာမှာ မီးခိုးရောင်ပြောင်းသွားသည်။

ဤအခြေအနေကိုမြင်တော့ ကျီဖေးရင်ဘတ်မထုဘဲမနေနိုင်တော့ချေ။

[တကယ်တော့၊ ဘယ်သူမှယောကျာ်းတွေရဲ့ ကတ်ကို အားကိုးလို့မရဘူး။ ငါ အရမ်းအမြော်အမြင်ကြီးခဲ့တာပ၊ ဒီယောက်ျားဘာလုပ်နေလဲကြည့်၊ သူ ဖျားနေလို့လား ? အခြားတစ်ယောက်အတွက်နဲ့ ဇနီးဖြစ်သူရဲ့ ကတ်ကို ပိတ်ပစ်တယ်၊ အသေ ရယ်ရတယ်နော်။ အဲ့တာက လင်မယားနှစ်ယောက်လုံးရဲ့ပိုင်ဆိုင်မှုတွေဆိုတာ ရှင်းနေတာပဲ၊ ဒါကို သူကပဲ ထိန်းချုပ်နိုင်တဲ့ပုံစံမျိုးလုပ်နေတာ။ အဲ့တာဆီလျော်မှုရှိလို့လား ? အဟက် !]

မားမားချင်နှင့် ချင်ရန်သည် ဆီလျော်မှုမရှိကြောင်း ထောက်ခံလိုက်သည်။ ဒီ CEO တွေက သူတို့ဇနီးမယားတွေကို ဒီလိုဆုံးမတတ်တဲ့အာဏာကို အမြဲဆုပ်ကိုင်ထားရသလား ?

ခင်ပွန်းဖြစ်သူ ချင်ရှန့်သည် ကျောရိုးတ‌လျှောက်အေးစိမ့်သွားသည်ကိုခံစားခဲ့ရသည်။

ဒါခင်ပွန်းသည်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတယ်။

"ရွမ်ကျားကျဲ ဝယ်ဖို့ပိုက်ဆံမရှိဘူးဆိုတော့ လက်လျော့လိုက်သင့်တယ်လို့ ကျွန်မ ထင်တယ်"

ဝမ်ကျားနီ လှောင်ပြောင်ပြောဆိုလိုက်သည်။

"ငါ့မှာ ပိုက်ဆံမရှိပေမယ့် နင့်မှာရော ရှိလို့လား ? နင့်က အလုပ်တောင်မရှိဘဲ ကွာရှင်းပြီး ပိုက်ဆံမရှိလို့ပြန်လာတာဆိုတာ ငါ မှတ်မိတယ်။ ဒီဈေးနဲ့ နင် ဘယ်လိုလုပ်ဝတ်နိုင်မှာလဲ ? နင် ငါနဲ့ ပြိုင်ချင်ယုံသတ်သတ်ပဲ။" ရွမ်ကျား ခေါင်းမာမာဖြင့် ဆက်ပြောသည်။

ဝမ်ကျားနီလှောင်ပြောင်ပြီး အဖွဲ့ ဝင်ကတ်အား ဆိုင်အကူထံထုတ်ပေးလိုက်သည်။

ဆိုင်အကူမှ ၎င်းအား သူတို့ဆိုင်၏အထူးVIP ကတ်မှ အခွဲဖြစ်သည့် အပိုဆောင်းခံစားခွင့်ကတ်အဖြစ်အသိအ မှတ်ပြုပြီး အတည်ပြုရန်အမြန်ယူခဲ့သည်။

ရွမ်ကျား၏မျက်နှာ တခဏချင်းပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤဆိုင်သည် နာမည်ကြီးများအတွက် သီးသန့်အဝတ်အစားများ မကြာခဏပေးလေ့ရှိသည်ကို သတိရမိသောကြောင့်ဖြစ်ပြီး ရှန်းဝမ်ယွဲ့ တွင် ဤစတိုးမှ အထူးVIP ကတ်တစ်ခုရှိသည်။

ရွမ်ကျားသည် ဤအဝတ်အစားမျိုးသိပ်ဝယ်လေ့မရှိသောကြောင့် ရှန်းဝမ်ယွဲ့ သူ့အား အပိုကတ်အားတစ်ခါမှ မပေးခဲ့ပေ။ တစ်ခုခုဝယ်ချင်လျှင် black card အား တိုက်ရိုက်သုံးနိုင်သည်။

ရွမ်ကျား၏သူငယ်အိမ်များတုန်ခါလာပြီး အချို့သော သတင်းများကြားခဲ့မိသည်ကို သတိရလိုက်သည်။

ဆိုင်လက်ထောက်မှ "ဒါက မစ္စတာရှန်းရဲ့အပိုဆောင်းခံစားခွင့်ကတ်ပါ၊ ရှင်ရဲ့ ဝယ်ယူမှုအတွက် တိုက်ရိုက်လက်မှတ်ထိုးလို့ရပါတယ်။"

ကြည့်နေသူများ အံ့သြသွားကြသည်။

[ဒီတော့၊ ရှန်းဝမ်ယွဲ့ကရှိုးမှာပါဖို့ ဝမ်ကျားနီမှာ အဝတ်အ စားဝယ်ဖို့ ပိုက်ဆံမရှိဘူးဆိုတာသိလို့ သူသုံးဖို့ အပိုကတ်တစ်ခုပေးခဲ့တာကိုး။ သေလေ၊ တရားဝင်ဇနီးကျ အပိုကတ်မရှိဘဲ မယားငယ်မကိုကျတော့ အပိုကတ်ပေးထားတယ်၊ သေလိုက် အဲ့မှာ၊ ဒါက တရားဝင်ဇနီးကို စော်ကားလိုက်တာပဲ။]

ရွမ်ကျား၏အသက်ရှုသံသည် တခဏမျှရပ်တန့်သွားပြီး နောက်တစက္ကန့်တွင် ဝမ်ကျားနီကပြုံး၍ "ဘာလဲ၊ ကောက ရွမ်ကျားကျဲကို အပိုကတ်တစ်ခု မပေးဘူးလား ?"

[ ဘယ်လောက် ရွံဖို့ကောင်းလိုက်လဲ ! ]

ကျီဖေး ဒရာမာအားကြည့်ရင်း ဒေါသထွက်နေခဲ့သည်။

ချင်ရန်နှင့် မားမားချင်သည်လည်း ထုတ်ဖော်ခဲ့သည်- ဟုတ်တယ် ရွံစရာကြီး။

သို့သော် ထိုထက်ပို၍ပင် စက်ဆုပ်စရာကောင်းသည့် အရာတစ်ခုရှိသေးသည်။

ဝမ်ကျားနီ ဝတ်စုံအားကိုင်ကာ သူ့ကိုယ်နှင့်ကပ်လိုက်ပြီး မှန်ရှေ့သွားကာ ဓာတ်ပုံရိုက်လိုက်သည်။ အဲ့ဒီနောက် တစ်စုံတစ်ယောက်ထံသို့ ပို့လိုက်သည်။

ထို့နောက် အသံမက်ဆေ့ခ်ျတစ်စောင်ကိုပါ ပို့လိုက်သေးသည်- "ကော၊ ဒါ ဘယ်လိုနေလဲ ?"

ချက်ချင်းပင် message တစ်ခုဝင်လာပြီး ဖုန်းကတုန်ခါသွားသည်။

အစောကမှဖုန်းခေါ်လို့မရသည့်အပြင် သူဌေးအလုပ်ရှုပ်နေသည်ဟုလက်ထောက်ထံမှ သတင်းကိုသာရရှိခဲ့သည့် ရွမ်ကျားသည် မျက်စိသူငယ်အိမ်များကျဉ်းသွားသလို ခံစားလိုက်ရသည်။

ဝမ်ကျားနီ သူ့ဖုန်းစခရင်အားထိလိုက်သည်။

အေးစက်ပြီး သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိသည့် အသံသည် နူးညံ့သိမ်မွေ့ စွာထွက်ပေါ်လာသည်။

"အရမ်းကြည့်ကောင်းတယ်၊ မင်းနဲ့ လိုက်တယ်။"

ရွမ်ကျား၏ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းယိုင်သွားပြီး ဒေါသကြောင့် တကိုယ်လုံးတုန်ယင်နေသည်။

[ခွေးကောင်၊ သောက်ရမ်းရွံဖို့ကောင်းတဲ့ ခွေးးးကောင်!]

ချင်ရန်နှင့် မားမားချင်လည်း ထုတ်ဖော်ပြောဆိုခဲ့သည်- မိုးထိအောင်ကို ရွံဖို့ကောင်းတဲ့အကောင်၊

သို့ပေမဲ့ ဝမ်ကျားနီက "ကော၊ ရှင် ဘာတွေပြောနေတာလဲ ? ဒါ ယောင်းမနဲ့ လိုက်မယ်လို့ထင်လို့ ကျွန်မ သူ့ဆီ ပေးဖို့ စိတ်ကူးထားတာ။ မကြာသေးခင်ကမှ ကျွန်မတို့ရဲ့ အခြေအနေကြောင့် သူ သိပ်စိတ်မချမ်းသာဖြစ်နေမှာ သေချာတယ်" ဟု reply ပြန်လိုက်သည်။

မကြာခင်မှာပင် ရှန်းဝမ်ယွဲ့ မှ reply ပြန်လာသည်။

"သူ့ကို ပေးစရာမလိုပါဘူး၊ အဲဒါ သူနဲ့ မလိုက်ဘူး။ မင်းနဲ့ ပိုလိုက်တယ် ပြီးတော့ သူကမှ မင်းကိုတောင်းပန်သင့်တာ"

[ဝေါ့~ ဘယ်သူ့ရင်သားက ရင်သားမဟုတ်လို့လဲ ?]

ချင်ရှန့်: ?

မားမားချင်နှင့် ချင်ရန်: အတိအကျပဲ။

"တောင်းပန်ပါတယ်နော်၊ အစကကျဲကို လက်ဆောင်ပေးချင်ပေမယ့် ကောက သဘောမတူတဲ့အတွက် မေ့လိုက်ပါတော့"

ဝမ်ကျားနီ ခပ်ညစ်ညစ်အပြုံးဖြင့် မပြုံးပြမီ ရွမ်ကျားရုတ်တရက် လှုပ်ရှားလိုက်သည်။

ကျယ်လောင်သော ပါးရိုက်သံ ~ (ဖြောင်း~)

လက်ဖဝါးတစ်ခုသည် ဝမ်ကျားနီ၏ပါးပြင်သို့တည့်တည့်ရိုက်ခတ်သွားသည်။

သူ့နေကာမျက်မှန်ပင်ကျွတ်သွားပြီး ဖုန်းသည်ပင်လွတ်ကျသွားခဲ့သည်။

အားလုံးခဏတာ အံ့သြသင့်သွားကာ အသက်ရှုထုတ်လိုက်ပြီး ကျေနပ်စွာကြည့်နေကြသည် ။

သူနဲ့ ထိုက်တန်တယ်။

"အားးးးး!"

ဝမ်ကျားနီ က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

"နင် ငါ့ကို ရိုက်လိုက်တာလား ?"

ဝမ်ကျားနီ ရုတ်တရက်တုံ့ပြန်လိုက်ပြီး "ဟေး၊"

ဟူသည့်အသံအား ကျယ်လောင်စွာကြားလိုက်သောအခါတွင် သူ့ လက်ကိုမြောက်ထားမိသည်။

"နင်တို့ ရောင်းဦးမှာလား ? မရောင်းတော့ဘူးလား ?"

ကျီဖေး ဝမ်ကျားနီ၏ တန်ပြန်တိုက်ခိုက်မှုအား ရပ်တန့်လိုက်ပြီး ဆိုင်အကူများအားတုံ့ပြန်ရန် အခွင့်အရေးပေးကာ ဖျန်ဖြေဖို့အမြန်ပြေးသွားခဲ့သည်။

ထိုနေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကိုသိ၍ ဝမ်ကျားနီ မျက်စောင်းတစ်ချက်ဖြင့်သာလှည့်ကြည့်လိုက်ပြီး အာရုံစိုက်မှုအားလုံးသည် ရွမ်ကျားအပေါ်မှာသာရှိနေသည်။

ရွမ်ကျားဒေါသထွက်လွန်း၍ မျက်ရည်ကျနေသည်ကိုမြင်သောအခါ သူ ချက်ချင်းလက်တုံ့ပြန်တာကို ရပ်လိုက်ပြီး နီရဲရောင်ရမ်းနေသည့် မျက်နှာအားဖုံးကာ

"ကောက ကျွန်မကိုဒီဝတ်စုံနဲ့ ပိုကြည့်ကောင်းတယ်လို့ ထင်တဲ့အတွက် ကျွန်မ ယူလိုက်မယ်နော်။"

ဝမ်ကျားနီသည် လူအများအားဒေါသထွက်အောင် မည်သို့လုပ်ရမည်ကို တကယ်သိသည်။ သူ အနာဂတ်တွင် ဤဝတ်စုံအားဝတ်ဆင်၍ ကင်မရာထဲတစ်ကြိမ်ပေါ်လာတိုင်း ရွမ်ကျားအားတစ်ကြိမ်နာကျင်စေမည် ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် အစောကကျယ်လောင်စွာအော်ဟစ်ခဲ့သည့် ရိုင်းစိုင်းသောမိန်းကလေးမှ

"ဒီဝတ်စုံကို ငါ လုချင်.. အဲ မဟုတ်ပါဘူး၊ ငါ လိုချင်တယ်လို့ပြောတာ"

[ဒီကုန်တိုက်က ငါ့ ယောက်ျားပိုင်တာလေ ဟီးဟီး~]

All Chapters