အခန်း (၆၉၀)
Vol. 47 Ch. 690
“ဘာ”
မူလအားဖြင့် တည်တည်ငြိမ်ငြိမ် နေတတ်သည့် သတ္တမဘိုးဘေးကြီးပင်လျှင် သူ့ကိုယ်သူ မထိန်းချုပ် နိုင်ခဲ့တော့ချေ။ သူ၏မျက်လုံးထဲတွင် လျှိုကလန်၏ အရင်းအမြစ်အားလုံး ပျောက်ကွယ်သွားသည့် မြင်ကွင်းက ထင်ပေါ်လာခဲ့၏။
လျှိုချင်းယု၊ ယခု လျှိုကျန်းရန် - ၎င်းတို့နှစ်ယောက်လုံးသည် လျှိုကလန်တစ်ခုလုံး၏ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည့် လူနှစ်ယောက်ပင်။
အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခု - ဤအရာသည် ကြီးမားလွန်းသည့် တန်ဖိုးပင် ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး မည်သည့်နေရာတွင် ရှိကြောင်း ဝယ်ယူနိုင်သည့် ပမာဏပင် ဖြစ်၏။ ကြည့်ရမည်ဆိုလျှင် ၎င်းတို့သည် အလွန်ပင် တန်ဖိုးကြီးမားလှသည့် အရာမျိုးပင် ဖြစ်၏။ လျှိုကျန်းရန် သည် လျှိုချင်းယု၏ အခြေအနေကို ယခင်ကတည်းက ကြိုတင်သိရှိခဲ့ပုံပေါ်သည်။
“ဘိုးဘေးကြီး... ကျုပ်တို့ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ လျှိုကျန်းရန် အနောက်ကို လိုက်ရမလား” လျှိုရွှမ်ချမ်သည် အလောတကြီးဖြင့် မေးမြန်းလိုက်၏။
အခြေအနေသည် တကယ့်ကို အရေးအကြောင်း အခြေအနေမျိုးသို့ ရောက်ရှိလို့နေ၏။ ပြဿနာ အကြီးအကျယ် တက်နေသည့် အချိန်မျိုးတွင် လျှိုကျန်းရန် တစ်ယောက် ဤကဲ့သို့ ပြုလုပ်မည်ဟု မည်သူမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။ ၎င်းသည် လျှိုကလန်၏ အကြီးအကဲတစ်ယောက် ဆိုသည့်ဂုဏ်ပုဒ်နှင့် နေထိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်လို့နေသည် မဟုတ်ပါလား။
ကလန်ခေါင်းဆောင်၏ အောက်၌ အခွင့်အာဏာအရ ပြောရလျှင် ၎င်းပြောဆိုသည့် စကားလုံးများသည် ကလန်အတွင်း လေးနက်ပြီး အဓိပ္ပာယ်သက်ရောက်မှု အားကောင်း၏။ အတိတ်တုန်းက ၎င်း မည်သည့်နေရာကို သွားသွား လူပေါင်းများစွာတို့သည် လေးလေးစားစား ပြောဆိုဆက်ဆံခဲ့ကြ၏။ ထိုအရာကပင်လျှင် ၎င်းအား ရတနာခန်းမထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ပေးသလို ဖြစ်ခဲ့သည်။
ထို့ကြောင့် ၎င်းသည် အင်မော်တယ်အဆင့် ပစ္စည်းများနှင့် များပြားလွန်းသည့် မိုးကောင်းကင် ရတနာများကို ခိုးယူကာ ထွက်ပြေးသွားခဲ့၏။ မည်သို့ပင်ဆိုဆို ရတနာအားလုံး ယူဆောင်ပြီး လွတ်မြောက်သွားခဲ့ခြင်းမှာ ဆိုးရွားလွန်းသည့် ကိစ္စပင်ဖြစ်၏။ လျှိုကလန်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်နှာကို ပိတ်ရိုက်လိုက်ခြင်းနှင့်ပင် ဆင်တူ၏။
“တစ်စုံတစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်”
သတ္တမဘိုးဘေးကြီးသည် ဒေါသတရားများဖြင့် တုန်ယင်လျက်ရှိ၏။ ၎င်း၏ မျက်နှာသွင်ပြင် တစ်ခုလုံးက နီရဲလျက် ရှိနေ၏။ ၎င်းသည် သားကောင်ကို စားသုံးတော့မည့် ဒေါသထွက်နေသော သားရဲရိုင်းကြီး တစ်ကောင်ကဲ့သို့ပင်။ ၎င်းသည် တင်းမာ ခက်ထန်စွာဖြင့် ပြောဆိုလိုက်သည်။ “ကလန်ခေါင်းဆောင်ကို ဆက်သွယ်လိုက်။ လျှိုကလန်မှာရှိတဲ့ ခရီးထွက်နေတဲ့ အင်မော်တယ်ဘုရင်တွေ အကုန်လုံးကို စုစည်းပြီး ချက်ချင်း ပြန်လာခဲ့ဖို့ အမိန့်ပေးခိုင်လိုက်”
သူတို့ ဤနေရာဆီသို့ ရောက်ရှိလာခဲ့သည်မှာ အင်မော်တယ်ဘုရင် သုံးယောက်သာဖြစ်ပြီး တခြားသော အင်မော်တယ်ဘုရင်များမှာတော့ အပြင်လောကထဲတွင် လှည့်လည်ကာ သွားလာလျက် ရှိနေ၏။ လျှိုကျန်းရန် သည် အင်မော်တယ်ဘုရင်များ ဤကဲ့သို့ ခရီးထွက်နေသည်ကို အခွင့်ကောင်းယူပြီး ပြုလုပ်စရာရှိသည်များကို ရဲရဲကြီး ပြုလုပ်သွားခဲ့ခြင်းဖြစ်၏။ ယခု စဉ်းစားဆုံးဖြတ်စရာ ရှိသည်များကို စဉ်းစားပြီးနောက် အင်မော်တယ်ဘုရင်များကို ဆင့်ခေါ်ကာဖြင့် ပထမဦးဆုံး ခြေလှမ်းကို လှမ်းရန် ကြိုးစားရပေလိမ့်မည်။
“နားလည်ပါပြီ”
လျှိုရွှမ်ချမ်၏ နှလုံးသားများသည် တုန်ခါလျက် ရှိနေ၏။ သတ္တမဘိုးဘေးကြီးသည် အလွန် အရေးကြီးသည့် ကိစ္စရပ်ကို အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သူ သိရှိလိုက်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ တုံ့ပြန်လိုက်၏။ “ကျုပ် ကလန်ခေါင်းဆောင်ဆီသို့ သတင်းစကား ပေးပို့လိုက်ပါမယ်”
ဟူး..
ခဏလောက် ကြာပြီးသည့်နောက် သတ္တမဘိုးဘေးကြီး၏ ရင်ဘတ်တစ်ခုလုံးသည် ပြန်လည်ကာ လျော့ပါး သွားခဲ့၏။ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ပြင်ဆင်လိုက်၏။ ပြီးသည့်နောက် တိုင်ချူးဘက်သို့ အသာ ဦးညွတ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ကလန်ရဲ့ ကိစ္စရပ်တွေက ရှုပ်ထွေးနေတယ်။ ဒီကိစ္စတွေ အားလုံးက တာအိုရောင်းရင်း အတွက် ဟာသလုပ်စရာ ဖြစ်နေပြီလား မသိပါဘူး”
“ဒီလို ကိစ္စရပ်မျိုးက စီနီယာနန်းဆောင်သခင်ကလွဲပြီး ဘယ်သူမှ မြင်မယ့်အရာမျိုး မဟုတ်ဘူး။ ဒီတော့ ခင်ဗျား အနေနဲ့ အရမ်းကြီး စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။ လောလောဆယ် တာအိုရောင်းရင်း လျှိုချင်းကျီရဲ့ ဒဏ်ရာတွေ ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ဖို့က ဦးစားပေး ကိစ္စရပ် ဖြစ်နေတယ်” တိုင်ချူးသည် လေးလေးနက်နက်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
နတ်ဘုရားလောက၊ လျှိုကလန် တစ်ခုလုံးသည် သစ္စာဖောက်များကြောင့် ရှုပ်ထွေးလျက် ရှိနေ၏။ အပြင်ဘက်တွင် တည်ငြိမ်လျက် ရှိနေသည်ဆိုသော်လည်း ၎င်းတို့၏ လျှိုကလန်အတွင်းတွင် ရှုပ်ထွေး ပွေလီလျက် ရှိသည်။
လွင့်မျောနေသည့်မြို့၊ ကြောက်မက်ဖွယ်ရာ ကောင်းသည့် တည်နေရာကုန်းမြေကြီး တစ်ခုသည် မြေပြင်ပေါ်မှ ကောင်းကင်ယံဆီသို့ လွင့်မျောလျက် ရှိနေ၏။ ၎င်းသည် မိုးကောင်းကင်ကျွန်းကြီးတစ်ခုကဲ့သို့ ဖြစ်လို့ နေသည်။ ထိုကျွန်း၏ အနီးအနားတဝိုက်တွင် များပြားလွန်းသည့် စွမ်းအင်များက ရစ်သိုင်းလျက် ရှိနေ၏။ ထိုစွမ်းအင်များ သည် သမုဒ္ဒရာရေများကဲ့သို့ပင် ကြမ်းတမ်းကာ လှိုင်းထလို့နေ၏။
မြို့၏ အတွင်းဘက်တွင် သက်ရှိသတ္တဝါများ၊ နတ်ဘုရား လောကဆီမှ များပြားလှသည့် ကျင့်ကြံသူများ တည်ရှိလို့ နေပြီး တချို့မှာတော့ တခြားသော လောကများဆီမှ ရောက်ရှိလာသည့် လူများဖြစ်သည်။
“ခင်ဗျားတို့ ကြားခဲ့ပြီးပြီလား” လွင့်မျောမြို့၏အတွင်း တည်နေရာတစ်ခုမှာတော့ တီးတိုးပြောဆိုသံ တစ်ခုက ထွက်ပေါ်လာ၏။
“ဘာကို ကြားရမှာလဲ”
“ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်း ပေါ်ပေါက်လာခဲ့တယ်လေ။ ကျုပ်တို့ရဲ့ ဘဝတစ်သက်တာမှာ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကို မြင်မှ မမြင်ခဲ့ရဖူးတာ။ အခု မြင်ရတော့မယ့် ခေတ်ကို ရောက်နေပြီနဲ့ တူတယ်”
“မဖြစ်နိုင်ဘူးလေ။ လက်ရှိ အခြေအနေမှာ အင်မော်တယ်ဘုရင်ကပဲ အဆင့်အမြင့်ဆုံး ကျင့်ကြံသူအဖြစ် ရှိခဲ့တာလေ။ ဘယ်အင်မော်တယ်ဘုရင် တစ်ယောက်ကမှ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်ဆိုတာ မကြားခဲ့ဖူးဘူး”
“အင်း.. ဒါ အမွေအနှစ်တစ်ခုလို့ ပြောရမယ်နဲ့တူတယ်။ အမွေအနှစ်တစ်ခု ရှိနေပြီဆိုမှတော့ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စရပ်လေ။ ပြီးတော့ ရိုးရှင်းလွန်းတယ် မဟုတ်လား”
“ဟမ့်... ကွာစီအင်မော်တယ် အင်ပါယာဆိုတာ လွယ်လွယ်ကူကူ ဖြစ်လာနိုင်တယ်လို့ ခင်ဗျား ထင်လို့လား။ တကယ်လို့သာ ဖြစ်လာမယ်ဆိုရင် နေရာအနှံ့မှာ ကွာစီအင်မော်တယ် အင်ပါယာတွေ ပြည့်နေမှာပေါ့”
“ခင်ဗျား နားမလည်သေးပါဘူး။ အရင်တုန်းက ငရဲလောကကြီးကို ရင်ဆိုင် တိုက်ခိုက်ခဲ့တဲ့ နတ်ဘုရားအင်ပါယာ ချန်ခဲ့တဲ့ အမွေအနှစ်တွေ ဆိုရင်ကော”
“နတ်ဘုရားအင်ပါယာက မသေဆုံးသေးဘူး။ တကယ်လို့ သူသာ ဆက်ခံသူကို ရှာဖွေချင်တယ်ဆိုရင် သူ့ဘာသူ ရှာမှာပေါ့။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုပုံစံမျိုးနဲ့ အမွေအနှစ်ကို ချန်ထားရမှာလဲ”
“အင်း.. ငရဲလောကကြီးရဲ့ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နိုင်တယ်”
“ခင်ဗျားရဲ့ စကားကို သတိထား”
တည်နေရာကြီး တစ်ခုလုံးထဲတွင် ထိုအသံက ပျံ့နှံ့သွား၏။ ငရဲလောကဆိုသည့် စကားကို ပြောဆိုလိုက်သည် ဆိုသည်နှင့် ပတ်ဝန်းကျင်ရှိ အပူချိန် တစ်ခုလုံးသည် ကျဆင်းသွားသကဲ့သို့ပင်။ လူပေါင်းများစွာတို့သည် သူတို့အား စူးစိုက်ကာ ကြည့်ရှုလာကြသည်။
ကံကောင်းစွာဖြင့် လူတော်တော်များများတို့သည် မိမိကိစ္စနှင့်မိမိ ရှုပ်ထွေးလျက် ရှိနေကြပြီး ငရဲလောကကြီး၏ ကိစ္စရပ်နှင့်ပတ်သက်၍ မည်သူမှ ထူးထူးထွေထွေ လှုပ်ရှားချင်စိတ် ရှိပုံမပေါ်ချေ။ နက်နဲလျှို့ဝှက်လောကထဲတွင် ငရဲလောကဆိုသည့် စကားလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေတစ်ခုကို ဖြစ်တည်စေနိုင်သည့် အရာ ဖြစ်သော်လည်း နတ်ဘုရားလောကတွင်တော့ ဘာမှမဟုတ်သကဲ့သို့ပင်။ ငရဲလောက၏ အမွေဆက်ခံသူများသည် လောကအသီးသီးကို စတင်လွှမ်းမိုးရန် ကြံစည်နေကြပြီ ဆိုသော သတင်းကိုတော့ သူတို့ သိရှိကြ၏။
“ကွာစီအင်မော်တယ် အင်ပါယာ အမွေအနှစ်ကိစ္စက ရိုးရှင်းတဲ့ အရာမျိုး မဟုတ်ဘူး။ တချို့တွေက သာမန်လူတွေ လက်လှမ်းမှီနိုင်တဲ့ အရာရဲ့ အထက်မှာ ရှိတယ်လေ” တည်နေရာကြီး၏ ထောင့်တစ်နေရာ တွင်တော့ နှင်းကဲ့သို့ ဖြူဖွေးသည့် ဆံနွယ်များနှင့် စီနီယာတစ်ယောက်သည် ဝိုင်ခွက်ကို အသာမြှောက်ကာဖြင့် ပြောဆိုလိုက်သည်။
၎င်းသည် အထင်အမြင်သေးသလိုလည်း ပြောဆိုလိုက်၏။ “ဒီကိစ္စကလည်း အတည်ပြုဖို့ ခက်ခဲသေးတယ်။ အချက်အလက်အားဖြင့် တစ်စုံတစ်ယောကက် မဟုတ်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်နေတာလည်း ဖြစ်နိုင်တယ် မဟုတ်လား။ ပြီးတော့ သက်တမ်းတလျှောက်မှာ အင်မော်တယ်ဘုရင်အဆင့်ထက် မြင့်တဲ့ ကျင့်ကြံသူကို တစ်ခါမှ မမြင်ခဲ့ဖူးတာ။ အင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ ခက်ခဲ လွန်းတဲ့ အရာတစ်ခုပဲ”
“ဟမ့်”
အဘိုးအို၏ စကားကို ကြားရသည့် အချိန်မှာတော့ တစ်စုံတစ်ယောက်သည် နှာခေါင်းရှုံ့ကာဖြင့် ဝင်ကာ ပြောလိုက်သည်။ “အဘိုးကြီး... ခင်ဗျား အတွေးတွေ လွဲနေပြီ။ မကြာသေးခင်က လျှိုကလန်က သူတို့ရဲ့ အဖွဲ့သား တစ်ယောက် သစ္စာဖောက်သွားတယ်ဆိုတာကို ဝန်ခံခဲ့ပြီးပြီလေ။ အဲလူနာမည်က လျှိုချင်းယုတဲ့။ လျှိုချင်းယုက ကြီးမားတဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တာကြောင့် လျှိုကလန်ကနေ ထုတ်ပယ်ခြင်းကို ခံလိုက်ရတယ်။ လျှိုကလန် တည်ရှိမှုကို ခင်ဗျားတို့ ဘယ်လို စဉ်းစားထားခဲ့လဲ။ သူတို့က ငရဲလောကနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ လူတွေထဲ ကလေ။ သူတို့က ဘယ်လိုဖြစ်ပြီး သတင်းအချက်အလက် အမှားတွေကို ဖြန့်ဝေမှာလဲ။ မဖြစ်နိုင်ဘူး မလား”