← Chapters

အခန်း (၆၉၁)

Vol. 47 Ch. 691

အခန်း (၆၉၁)

Vol. 47 Ch. 691

“ဒီလိုကိစ္စရပ်မျိုး ရှိသေးတာလား”

အဘိုးအို၏ ရှေးဆန်လှသည့် မျက်နှာသွင်ပြင်ပေါ်တွင် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ လျှိုချင်းယုသည် လျှိုကလန်၌ သစ္စာဖောက် တစ်ယောက်ရှိပြီး ကွာစီအင်မော်တယ် အင်ပါယာ သတင်း ထွက်ပေါ်လာခြင်းသည် လျှိုချင်းယုဆီမှ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

“သစ္စာဖောက်ဆီက သတင်းအချက်အလက်၊ လျှိုကလန်က ဒီကိစ္စကို ငြင်းလည်း မငြင်းသလို အသိအမှတ်လည်း မပြုဘူး။ ဘယ်လောက် ရယ်စရာကောင်းလဲ” အဘိုးအိုသည် ဝိုင်ခွက်ကို အသာချပြီးသည့်နောက် လျှိုကလန် တည်ရှိရာနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လေဟာနယ်ထဲတွင် များပြားလှသည့် သင်္ကေတများ ဖြစ်တည် လာခဲ့ပြီးသည့်နောက် မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို ထိုးဖောက်ကာဖြင့် လျှိုကလန်၏ ရှေးနယ်မြေဆီသို့ အကြည့်ကာ ရောက်ရှိသွား၏။

“ကြည့်ရတာ ဒီကိစ္စက ကျုပ်ထင်မှတ်ထားတာထက် ပိုပြီး ရှုပ်ထွေးတဲ့ပုံပဲ။ အင်း... ဘာပဲဖြစ်ဖြစ် လျှိုကလန်ဆီကို သွားပြီးတော့ အမှန်တရားကို အရင်ဆုံး စုံစမ်းမှဖြစ်မယ်” ထိုစကားစုကို ပြောဆိုပြီးသည့်နောက် အဘိုးအိုက မတ်တပ် ထရပ်လိုက်သည်။

ရှေ့ကို လှမ်းတက်လိုက်ပြီးနောက် မည်သည့် လှုပ်ရှားမှုမှ မရှိသော်လည်း သူ၏ ရှေ့လေဟာနယ်ကြီး တစ်ခုလုံးက ကွဲအက်သွားခဲ့၏။ အဘိုးအိုသည် အထဲသို့ လှမ်းဝင်လိုက်ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။

အမဲရောင် တွင်းနက်ကြီးကလည်း မူလပုံသဏ္ဍာန်အတိုင်း ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့သည်။

.............

တည်နေရာ အတွင်းရှိ လူများသည် အံ့အားတသင့်ဖြင့် ဖြစ်လို့နေခဲ့၏။ မထင်မှတ်ထားသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။ သူတို့၏ အသိပညာ ဗဟုသုတအရဆိုရင် လွင့်မျောမြို့သည် တကယ့်ကို အားကောင်းလွန်းသည့် တည်နေရာ ခံတပ်ကြီးတစ်ခုဖြစ်ပြီး အင်မော်တယ်ဘုရင်များ စောင့်ကြပ်လျက် ရှိနေ၏။ မယုံကြည်နိုင်လောက်အောင် အားကောင်းသည့် အစီအရင်များလည်း တည်ရှိလို့ နေ၏။

အင်မော်တယ်ဘုရင်၏ အောက်တွင် တည်ရှိနေသည့် အားအင်အဆင့်နှင့်လူများသည် ဤနေရာဆီသို့ ဝင်ရောက် လာသည်နှင့် တပြိုင်နက် ဖိနှိပ်ခြင်းကို ခံရပေမည်။ ပျံသန်းဖို့ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။ တည်နေရာတစ်ခုလုံးကို ချိုးဖြတ်ကာဖြင့် မြို့မှ တိုက်ရိုက်ဆိုသလို ထွက်ခွာသွားဖို့ ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ ကိစ္စရပ်မျိုး မဟုတ်ပေ။ ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်နိုင်သည်ခြင်းသည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေသည့် လူတစ်ယောက်ဟု ပြောဆိုရပေလိမ့်မည်။

“ဒါဆိုရင် ခုဏက အဘိုးကြီးက အင်မော်တယ်ဘုရင်တစ်ယောက်ပေါ့”

“အင်း... မမှားနိုင်ဘူး”

...........

လွင့်မျောမြို့၏ အတွင်းဘက်တွင်တော့ ခရမ်းရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက်သည် ကျောက်စိမ်းကဲ့သို့ ကြည်တောက်နေသည့် အဖြူရောင် ကျောက်လှေကားများအတိုင်း အသာ ဆင်းလျှောက်လာခဲ့၏။ ၎င်း၏ဝတ်စုံသည် နတ်မိမယ်တစ်ပါး၏ ဝတ်စုံကဲ့သို့ပင် တောက်ပပြီး ကြည့်ကောင်းလှ၏။

ဤတည်နေရာကြီး၌ ကြောက်မက်ဖွယ်ရာကောင်းသည့် အစီအရင်များ တည်ရှိနေပြီး ခြေလှမ်းတစ်ခု မှားသွားသည်နှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။ အင်မော်တယ်ဘုရင်တစ်ယောက်ပင်လျှင် အသိအပြည့်နှင့် သွားလာရမည့် နေရာမျိုး ဖြစ်သည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် တောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိလာပြီးနောက် ကြည့်ကောင်းလှစွာဖြင့် အသာ ဒူးထောက်ထိုင်ချလိုက်၏။ ပြီးနောက် သူမ၏ ဗာမေလီယန်ငှက်ကဲ့သို့ လှပလွန်းသည့် နှုတ်ခမ်းပါး များဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “တပည့်ကု.. ဘိုးဘေးကို လာပြီး တွေ့ဆုံပါတယ်”

သူမ၏အသံသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

အချိန်ခဏလောက် ကြာမြင့်ပြီးသည့်နောက် .....။

“အင်း”

အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ တောင်ကုန်းတစ်ခုလုံးတွင် ရောင်စဉ်ရောင်ဝါများနှင့် ဖုံးလွှမ်းလာပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားဒဏ်သည် လွင့်မျောမြို့တွင် တည်ရှိနေသည့် လူပေါင်းများစွာတို့၏ သိစိတ်ကို စတင်ကာ ဖိနှိပ်လာခဲ့၏။ ၎င်းတို့၏ ပထမံဝိညာဉ်များ အားလုံးသည် ရုတ်တရက် ပြိုလဲလု မတတ်ပင် ဖြစ်လို့လာခဲ့၏။ လူပေါင်းများစွာတို့သည် ထိုအော်ရာများကို အာရုံခံမိသည့် အချိန်မှာတော့ ကြက်သီးမွေးညှင်း များပင် ထလာမိကြ၏။

“ဒါ.. ဒါ သင်္ချိုင်းတစ်ခုပဲ” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။

လွင့်မျောမြို့ကြီး တည်ရှိမှုသည် သင်္ချိုင်းတစ်ခုကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း လူတော်တော်များများက သိရှိသွားကြသည်။ ပြောရမည်ဆိုလျှင် ငရဲလောကနှင့် လောကအသီးသီးတို့ တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သော အင်မော်တယ်ဘုရင်တစ်ယောက်၏ နေအိမ်ဟုလည်း သတ်မှတ်ရမှာ ဖြစ်၏။ ဤသင်္ချိုင်းထဲတွင် တည်ရှိနေသည့်လူသည် အင်မော်တယ်ဘုရင်တစ်ယောက်ပင် ဖြစ်သည်။

ထိုသူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ခန့်မှန်း၍မရအောင် အားကောင်းပါသည်ဆိုသော အင်မော်တယ် ဘုရင်တစ်ယောက်ကို တစ်ချက်တည်း ရိုက်နှက်ကာဖြင့် ကြီးကြီးမားမား ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ဖူးသည့် လူဖြစ်၏။ ထို့ကြောင့်ပင်လျှင် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ မည်သူကမှ လွင့်မျောမြို့ကို လာရောက်ကာ ပြဿနာ မရှာရဲပေ။

ခန့်မှန်း၍ မရအောင် အားကောင်းပါသည်ဆိုသော လျှိုကလန် သည်ပင်လျှင် ဤသင်္ချိုင်းထဲတွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူကို သတိမပြုဘဲ ပြုမူဆောင်ရွက်၍ မရနိုင်ချေ။

ယနေ့အချိန်မှာတော့ မကောင်းသည့် ခံစားချက်အော်ရာများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ လူပေါင်း များစွာတို့၏ နှလုံးသားထဲတွင် တချို့သော မှတ်ဉာဏ်များက ဖြစ်တည်လာခဲ့၏။ သင်္ချိုင်းထဲတွင် ရှိနေသည့် လူသည် နှစ်ပေါင်းများစွာ တိတ်ဆိတ် ငြိမ်သက်လျက် ရှိရာမှ ရုတ်တရက် နိုးထလာခဲ့၏။ ဖြစ်နိုင်သည်မှာ ...... ကွာစီအင်မော်တယ် အင်ပါယာ သတင်းကို သိရှိသွားခဲ့သောကြောင့်လား။

“ဘယ်လိုဖြစ်တာလဲ။ ဘာ့ကြောင့် ငါ့ကိုလာပြီး နှိုးရတာလဲ” အသံတစ်ခုသည် တောင်ကုန်းပေါ်မှ ထွက်ပေါ် လာခဲ့၏။ ထိုအသံကြီးသည် ခြောက်ကပ်လျက်ရှိနေပြီး လူပေါင်းများစွာတို့၏ နားထဲသို့ ဝင်ရောက်လာသည့် အချိန်မှာတော့ ခြောက်ခြားဖွယ်ရာ အသံမျိုးဖြစ်လို့နေသည်။

“ဘိုးဘေးကို အရေးတကြီး သတင်းပို့စရာရှိလို့ပါ”

အမျိုးသမီးကုသည် ခဏလောက် စဉ်းစား ပြီးသည့်နောက် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။ “နတ်ဘုရားလောကထဲမှာ ကွာစီ အင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်လာနိုင်တဲ့ သတင်းအချက်အလက်က ပျံ့နှံ့နေပါတယ်”

လွင့်မျောမြို့သည် ယုံကြည်ရလောက်သည့် သတင်းအချက်အလက်ကို ရရှိခဲ့ပြီးပြီဖြစ်သည်။

“ကွာစီအင်မော်တယ် အင်ပါယာရဲ့ အမွေအနှစ်လား” ထိုအသံက ပြန်လည်ကာ ထွက်ပေါ်လာခဲ့ပြန်၏။ ပြီးသည့်နောက် အေးစက်စက် ရယ်သံတစ်ခုက ထွက်ပေါ်လာခဲ့ပြီးနောက် ပြောလိုက်၏။ “ဟမ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကောလဟလဆိုတာ ကောလဟလပဲ ဖြစ်မှာပေါ့”

ထိုအသံသည် ယုံကြည်ချက် ရှိစွာဖြင့် ပြောဆိုလိုက်သော အသံဖြစ်သည်။ ကွာစီအင်မော်တယ် အင်ပါယာ၏ အမွေအနှစ် ပေါ်ပေါက်လာသည်ဆိုခြင်းမှာ မည်သို့မျှ မဖြစ်သည့်အရာပင်။

အမျိုးသမီးကုသည်လည်း ဇဝေဇဝါဖြစ် သွားမိ၏။ ဘိုးဘေးကြီး၏ ဤကဲ့သို့သော ယုံကြည်မှုသည် မည်သည့်နေရာမှ ရရှိထားသည်ဖြစ်ကြောင်း သူမ သေသေချာချာ မသိရှိချေ။ ရရှိခဲ့သည့် သတင်း အချက်အလက်များအား ကောလဟလများဟုသာ ပြောဆိုလျက် ရှိနေ၏။

သူမအနေနှင့်လည်း ဘာတစ်ခုမှ ထူးခြားကာ ပြုလုပ်လို့ မရနိုင်ချေ။ သတင်းပေးပို့မှုကို မပြုလုပ်သည်ဆိုပါက လွင့်မျောမြို့သည် ကြီးမားသည့် အခွင့်အရေးကို ရရှိရန် လွဲချော်သွားလိမ့်မည်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အမွေအနှစ် ဖြစ်တည်လာခဲ့သည်တွင် ရွေးချယ်စရာ သုံးခုသာလျှင် လွင့်မျောမြို့၌ သာ ငြိမ်ငြိမ်သက်သက် နေထိုင်ခြင်း၊ ထိုအရာကို လက်လွတ်ပေးခြင်း (သို့မဟုတ်) ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ရရှိအောင် ကြိုးစားခြင်း...

“ဘိုးဘေး ဒီသတင်းက လျှိုကလန်ကနေ စပေါ်လာတာလေ။ လွင့်မျောမြို့ရဲ့ ကင်းထောက်တွေက ဒီကိစ္စကို သေသေချာချာ သတင်းပေးပို့ခဲ့တယ်။ ကြည့်ရတာ သတင်းဖြန့်လိုက်တဲ့လူက လျှိုချင်းယုတဲ့။ သူက လျှိုကလန်ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ပြီးတော့ လျှိုချင်းယုက ငရဲလောကနဲ့ ပူးပေါင်းသွားခဲ့ပြီဆိုတဲ့ ကောလဟာလတွေလည်း ရှိနေသေးတယ်။ ထပ်ပြောရမယ် ဆိုရင် လျှိုကလန်ရဲ့ ဘုရင်သုံးယောက်တို့က သူတို့ရဲ့ ဘိုးဘေးနယ်မြေက ထွက်ခွာသွားခဲ့တာ မကြာသေးဘူးလို့ ကျွန်မ စုံစမ်းမိတယ်။ လက်ရှိ ဘယ်နေရာကို ရောက်နေလဲ မသိဘူးဆိုပေမဲ့ လျှိုချင်းယုကို သွားဖမ်းတာပဲ ဖြစ်ရမယ်”

“ဪ”

အသံတစ်ခုက ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ ပုံမှန်အားဖြင့် တည်ငြိမ်လျက် ရှိနေသည့် အသံထဲတွင် ဇဝေဇဝါ အမူအရာများ စတင် ပေါ်ပေါက်လာသည်။ တောင်ကုန်း၏ အောက်၌ မျက်လုံးတစ်စုံက ပွင့်လာခဲ့၏။ ၎င်းသည် ပြန်လည်မွေးဖွားခြင်း နိယာမများကို ကျော်ဖြတ်ကာဖြင့် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးကို တုန်ခါစေ၏။ စွမ်းအင်များသည် တကယ်ကို ကြောက်မက်ဖွယ်ရာကောင်း၏။ ရှေးနတ်ဘုရား ဘုရင်ကြီးတစ်ယောက် လက်ရှိခေတ်ကာလဆီသို့ ဆင်းသက်လာသကဲ့သို့ပင်။

“လျှိုကလန် ဟုတ်လား” ဘိုးဘေး၏အသံက ပဲ့တင်ထပ်သွားခဲ့၏။ သူ၏အသံသည် လှောင်ပြောင်မှုများနှင့် ပြည့်နှက်လျက် ရှိနေသလိုပင်။ သူ့အတွက် လျှိုကလန်ဆိုသည်မှာ ဘာမှမဟုတ်လှသည့်ပုံပင်။ သူက မှတ်ချက်ပြုလိုက်သည်။ “လျှိုချင်းယုက ငရဲလောကနဲ့ ပူးပေါင်းသွားခဲ့တယ် ဆိုတာ အတည်ပြုပြီးပြီလား”

အမျိုးသမီးကုသည် ခဏလောက်တွန့်ဆုတ်သွား၏။ ပြီးသည့်နောက် ဖြည်းညှင်းစွာဖြင့် ပြန်လည် ပြောဆိုလိုက်၏။ “တပည့် သေချာအတည်တော့ မပြုရသေးပါဘူး ဒါပေမဲ့ လျှိုကလန်ဆီကနေ ဒီသတင်း အချက်အလက်က ထွက်ပေါ်လာခဲ့တာဆိုတော့ သေချာသလောက်နီးပါးပါပဲ။ လျှိုကလန်ရဲ့ လွှမ်းမိုးနိုင်မှုကို သုံးသပ်ရမယ်ဆိုရင် သူတို့ဆီက သတင်းအချက်အလက်တွေက အခြေအမြစ်မရှိဘဲ ထွက်ပေါ်လာမှာ မဟုတ်ဘူး။ ကျွန်မရဲ့ အထင်အရဆိုရင် လက်ရှိလျှိုကလန်က ငရဲလောကကြီး နဲ့ ဘာမှန်းမသိတဲ့ ပတ်သက်ဆက်နွယ်မှုတစ်ခုခု ရှိနေမှာတောင် စိုးရတယ်"

“ဟုတ်လား”

အေးစက်သည့် အသံကြီးက ပေါ်ပေါက်လာသည်။ “လျှိုကလန် တစ်ခုလုံးက ငရဲလောကနဲ့ ပူးပေါင်းသွားတယ်လို့ မင်းသံသယ ရှိနေတာလား”

All Chapters