အခန်း (၆၉၂)
Vol. 47 Ch. 692
“ဒီဖြစ်နိုင်ချေကိုတော့ ဖယ်ထုတ်လို့ မရပါဘူး” အမျိုးသမီးကုက ခေါင်းညိတ်လိုက်၏။
လျှိုချင်းယုသည် လျှိုကလန်၏ အကြီးအကဲကြီးတစ်ယောက်ဖြစ်ပြီး ၎င်းသည် ငရဲလောကသို့ ဝင်သွားခဲ့သည် ဖြစ်သောကြောင့် တခြားသောသူများ၏ အပြစ်ကင်းစင်မှုကို မည်သူက အာမခံမည်နည်း။ လျှိုကလန်အနေနှင့် သိသာထင်ရှားသည့် သက်သေပြမှုများကို မပြုလုပ်နိုင်ပါက ကျိန်းသေပေါက် ငရဲလောကနှင့် ပူးပေါင်းသွားကြောင်း အားလုံးသောသူတို့က သတ်မှတ်ရမှာ ဖြစ်သည်။ လက်ရှိအချိန်၌ မည်သူမှသည် လျှိုကလန်နှင့် ပူးပေါင်းမှုကို မပြုလုပ်ချင်ကြပေ။
လုံလောက်သည့် အသိအမှတ်ပြုမှု၊ သက်သေ သာဓကများလား။
ထိုအရာကို ရှာဖွေဖို့ဆိုသည်မှာလည်း လျှိုချင်းယု တစ်ယောက် သေဆုံးသွားခဲ့ပြီး လျှိုကလန်၏ လက်ဆီသို့ ရောက်ရှိမှသာလျှင် တခြားသောသူများသည် လျှိုကလန်၏ အပြစ်ကင်းစင်မှုကို ယုံကြည်ကြမှာ ဖြစ်၏။
ထိုသို့ဆိုလျှင်တောင် အနည်းနှင့်အများကတော့ သံသယရှိလို့ နေနိုင်သေးသည်။ သို့ပေမဲ့ လျှိုကလန် တစ်ခုလုံး ပါဝင်ပတ်သက်နေသည်ဆိုသော ဖြစ်နိုင်ချေကိုလည်း ဖယ်ရှား၍ မရနိုင်ချေ။ အချို့သော အရာများကို စတေးပြီး ၎င်းတို့ကိုယ်တိုင် ကစားပွဲကြီးတစ်ခုကို ပြုလုပ်နေပါက မည်သို့လုပ်မည်နည်း။
“လျှိုကလန်က တကယ်ပဲ သူတို့နဲ့ ပူးပေါင်းနေတာလား” ပြောဆိုလိုက်သည့်လူ၏ လေသံသည် ပိုမိုကာ လေးနက်လာခဲ့သည်။
“ဘိုးဘေး”
အမျိုးသမီးကုက ထပ်မံကာ ပြောဆိုလိုက်၏။ “လျှိုကလန် ငရဲလောကကို ဝင်ရောက်သွားလား၊ မဝင်ရောက်သွားလားဆိုတာ အရေးမကြီးဘူး။ အခု အရေးကြီးတာက သူတို့က ကွာစီအင်မော်တယ် အင်ပါယာ အမွေအနှစ် ဘယ်နေရာမှာရှိတယ်ဆိုတာ သိကောင်း သိလိမ့်မယ်လေ။”
ဘိုးဘေး၏ တုံ့ပြန်မှုကိုကြားပြီးသည့်နောက် အမျိုးသမီးကုသည် မည်သို့မျှ မနေနိုင်ဘဲ ဆက်လက်ကာ ပြောဆိုလိုက်မိ၏။ ဘိုးဘေးကြီးသည် အင်မော်တယ်ဘုရင်များကြားထဲတွင် အလွန်အားကောင်းသည့်လူဟု သူ့ကိုယ်သူ ကြွေးကြော်ထားပြီးသားဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အမွေအနှစ်ကို စိတ်ဝင်စားမှု မရှိသလို ပြုမူနေရသနည်း။
အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ၎င်းသည် လျှိုကလန်တစ်ခုလုံး ငရဲလောကသို့ ပူးပေါင်းသွားသည် ဆိုသည့် ကိစ္စရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှု အနည်းငယ်ကိုသာ ပြသခဲ့၏။ သာမန် ဆန်လွန်းနေချေ၏။ သာမန် လျှိုကလန်လေးတစ်ခုသည် စိုးရိမ်ပူပန်စရာ ကိစ္စရပ်မျိုး မဟုတ်သော်လည်း ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက် ပါဝင်ပတ်သက်လာခြင်းသည် လေးနက်သည့် ပြဿနာပင်ဖြစ်၏။
ထို့အပြင် လျှိုကလန်တစ်ယောက် မည်မျှအားကောင်းသည်ဆိုဆို နတ်ဘုရားလောကတစ်ခုလုံးနှင့် ယှဉ်ပြိုင် တိုက်ခိုက်၍ ရနိုင်သည်မဟုတ်ချေ။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ပေါ်ပေါက်လာသည် ဆိုပါက နတ်ဘုရားလောကကြီးတစ်ခုလုံး၏ မျှခြေကိုပင် ပြောင်းပြန်လှန်သလို ဖြစ်သွားပေလိမ့်မည်။
“ဒီလောကကြီးထဲမှာ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် မွေးဖွားလာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” အေးစက်သည့်အသံက ထပ်မံကာ ထွက်ပေါ်လာ၏။
“ဒီသတင်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခြေအမြစ်လည်း မရှိဘူး။ လျှိုကလန်ကို သေသေချာချာ စုံစမ်းလိုက်။ ပြီးရင် ငါ့ကို ချက်ချင်း သတင်းပို့ကြ”
“ကောင်းပါပြီ” ထိုစကားကို ကြားရသည့်အချိန်မှာတော့ အမျိုးသမီးကု၏ မျက်လုံးများသည် လင်းလက် လာခဲ့၏။ ၎င်းသည် လေးစားမှုများကို မြန်မြန်ဆန်ဆန် ထုတ်ဖော်ပြသလိုက်သည်။
နတ်ဘုရားလောကကြီးတွင် အင်မော်တယ်ရှေးလမ်းစဉ်ဟုခေါ်သော သာမန်ထက် ပိုသည့် အင်အားစု တစ်ခုက တည်ရှိ၏။ ထိုအင်အားစုသည် နတ်ဘုရားလောက၏ အစပ်တည်နေရာတွင် စတည်းချ နေထိုင်ကြ၏။ ၎င်းတို့သည် ငရဲလောက၏ တိုက်ပွဲပြီးသည့်နောက် နတ်ဘုရားလောကဆီသို့ လာရောက်ကာ အခြေချခဲ့သည့် အင်မော်တယ်လောကဆီမှ လူများပင် ဖြစ်၏။ ၎င်းတို့သည် နတ်ဘုရားလောကဆီမှ အင်အားစု တစ်ခုအဖြစ် သုံးသပ်၍ရသော်လည်း အင်မော်တယ်လောကနှင့် ပတ်သက် ဆက်နွယ်လျက်တော့ ရှိနေတုန်းပင်။
အင်မော်တယ်ရှေးလမ်းစဉ် တည်နေရာထဲတွင် ဆန်းကြယ်လွန်းသည့် နတ်ဘုရားတောင်ထွတ်များသည် မားမားမတ်မတ်နှင့် တည်ရှိနေခဲ့ပြီး ထိုထဲတွင် နန်းတော်များ၊ ဟောခန်းများသည် အစီအရီ တည်ရှိနေကြ၏။ တည်နေရာကြီးတစ်ခုလုံးသည် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင် ဖြစ်သည်။
ဂူး..
နဂါးအော်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ အသူရာနဂါးကိုးကောင် ဆွဲထားခဲ့သည့် မိုးကောင်းကင် ရထားလုံး တစ်ခုသည် လေဟာနယ်ထဲသို့ ထိုးခွင်းကာ ရောက်ရှိလာခဲ့၏။ ဆန်းကြယ်သော အော်ရာများသည် တည်နေရာတစ်ခုလုံးကို ဖိနှိပ်လျက် ရှိ၏။ ဤတောင်ထွတ်ကြီးကို ဖုံးကွယ်ထားသည့် အင်မော်တယ် တောင်ထွတ်ဟုခေါ်ဆိုပြီး ဤနေရာတွင် အင်မော်တယ်ရှေးလမ်းစဉ်အရှင်က နေထိုင်၏။ သာမန်လူများအနေနှင့် ဤနေရာဆီသို့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
“အရှင်... ဆန်းကြယ်ဂိတ်တံခါးဆီက ဧည့်သည်တွေ ရောက်ရှိလာခဲ့ပါတယ်” စစ်ရထားလုံးဆီမှ လူငယ်တစ်ယောက်၏ အသံက ပထမဦးဆုံး ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် တောင်ကုန်းတစ်ခုဆီသို့ မရောက်ခင်မှာပဲ လေးလေးစားစားနှင့် လက်သီးကို ဆုပ်ကာဖြင့် ပြောဆိုလိုက်သည်။
“နားလည်ပြီ။ မင်းတို့သွားတော့”
ကြည်လင်အေးချမ်းလှသည့် အသံတစ်ခုက တဲအိမ်တစ်ခုအတွင်းမှ ထွက်ပေါ်လာ၏။ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာခဲ့ပြီး တဲအိမ်တံခါးက ပွင့်သွား၏။
အပြာဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အသာ လှမ်းလျှောက် ထွက်လာခဲ့၏။ ၎င်းသည် အရပ်ရှည်ရှည်၊ ကြည့်ကောင်းလှသည့် ဟန်ပန်အမူအရာမျိုး တည်ရှိပြီး ဆံပင်များကို သပ်ရပ်စွာ စည်းနှောင်ထားသည်။
နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခု တည်ရှိနေ၏။ အသက်သုံးဆယ်နီးပါးခန့်သာရှိသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်သော်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများကို ရရှိခဲ့သည့် လူသားတစ်ယောက်ကဲ့သို့ပင် ထင်မှတ် မှားရ၏။ ဤလူသည် ကြည့်ရှုလိုက်သည် ဆိုသည်နှင့် အင်မော်တယ်ရှေးလမ်းစဉ်၏အရှင် ဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲလှ၏။
“သွားလိုက်ပါအုံးမယ်” လူငယ်သည် ဦးကိုညွတ်ကာဖြင့် မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့သည်။
သူ၏တပည့် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် အင်မော်တယ်ရှေးလမ်းစဉ်၏ အရှင်သည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏နက်နဲလှသည့် အကြည့်များသည် နဂါးကိုးကောင် ဆွဲထားသည့် နတ်ဘုရားစစ်ရထားလုံးကြီးပေါ်သို့ ရောက်ရှိနေ၏။ သူက ကျယ်လောင်စွာ ပြောဆိုလိုက်၏။ “အင်း ဆန်းကြယ်ဂိတ်ရဲ့သခင်.. ကိုယ်တိုင်ထွက်ပြီး မကြိုဆိုမိတာ အားနာပါတယ်။ ကျုပ်ရဲ့ ဧည့်ဝတ်မကျေပွန်မှု အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်”
“တာအိုရောင်းရင်း... ယဉ်ကျေးလွန်းနေပြီ” နဂါးကိုးကောင်ဆွဲထားသည့် နတ်ဘုရားစစ်ရထားလုံးဆီမှ ခန့်ညားလွန်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ အကြီးအကဲ တစ်ယောက်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး အပြင်သို့ ထွက်လျှောက်လာသည်။
၎င်း၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဖြူလျော်လျော်နှင့် ဖြစ်တည်နေပြီး အရေးအကြောင်းများပင် ထင်လျက်ရှိ၏။ ၎င်းသည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် အသာ လှမ်းလျှောက်လာခဲ့၏။ ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် စွမ်းအင်များ ရစ်သိုင်းလျက် ရှိနေ၏။ ၎င်း၏ စူးရှလှသည့် မျက်လုံးသည် လေဟာနယ်တစ်ခုလုံးကို ထိုးခွင်းပြီး အရာအားလုံးကို မြင်နေရသည့်ပုံမျိုးပင်။
အင်မော်တယ်ရှေးလမ်းစဉ်၏ အရှင်ဖြစ်သော ကျောင်းကျွင်းဟန်ပင်တောင်မှ ၎င်းနှင့် မျက်စိအကြည့်ချင်း မဆုံရဲချေ။ ခဏအတွင်းမှာပဲ ကျောင်းကျွင်းဟန်သည် ထိုအကြည့်မှတဆင့် သူ၏ ဝှက်ဖဲအားလုံး ပေါ်ပေါက်သွားသကဲ့သို့ပင် ခံစားနေမိ၏။
အင်မော်တယ်လောက၏ ဆန်းကြယ်ဂိတ်အရှင် တစ်ယောက်တည်းသာလျှင် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်မည်ဟု ကျောင်းကျွင်းဟန်က ယုံကြည်မိ၏။ ၎င်းသည် လူသားများ၏ နှလုံးသားကို ကြည့်ရှု ပြီးသည့်နောက် ကံကောင်းခြင်း၊ ကံဆိုးခြင်း အရာအားလုံးကို ခန့်မှန်းနိုင်သည့် လူတစ်ယောက်ကဲ့သို့ပင်။
“အင်း.. အင်မော်တယ်ရှေးလမ်းစဉ်အရှင်က ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီးကြိုဆိုတာ ကျုပ်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ” နတ်ဘုရားစစ်ရထားလုံးထဲတွင် ရှိနေသည့် အဘိုးအိုသည် အသာပင် လှမ်းကာ ပြောဆိုလိုက်၏။
“ဆန်းကြယ်ဂိတ်သခင် ရောက်ရှိလာပြီဆိုမှတော့ ကျုပ်က ဘယ်လိုဖြစ်ပြီး ထွက်ပြီးတော့ မကြိုဘဲ နေရဲမှာလဲ” ကျောင်းကျွင်းဟန်သည် အသာရယ်မောပြီးသည့်နောက် ပြောဆိုလိုက်သည်။ ၎င်းသည် အဘိုးအိုအား လေးလေးစားစား နွေးနွေးထွေးထွေး ကြိုဆိုနေရသည်။ တစ်ဖက်လူကို မည်သို့မျှ အထင်မသေးခဲ့ချေ။
အထူးသဖြင့် တစ်ဖက်လူ၏ နောက်ကွယ်တွင် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသည့် အင်အားစု တစ်ခု တည်ရှိနေ၏။ ထိုအရာသည် ဆန်းကြယ်ဂိတ်တံခါးပင်။ ဆန်းကြယ်ဂိတ်တံခါးသည် သင့်တော်သည့် သာမန်အားအင်အဆင့်ကိုသာ ပိုင်ဆိုင်သော်လည်း အင်မော်တယ်လောကကြီး တစ်ခုလုံးကို လွှမ်းခြုံထားနိုင်သလိုပင် အချိန်အဆက် အသိအကျွမ်း မိတ်ဆွေ ပေါများသည်။ သမိုင်းခေတ် အဆက်ဆက်တွင် ရေတွက်၍ မရအောင် များပြားလှသည့် ဂိုဏ်းကဏ္ဍအသီးသီးတို့သည် ဆန်းကြယ်ဂိတ် တံခါးဆီသို့ ရောက်ရှိလာပြီး ကောင်းကင်၏ လျှို့ဝှက်ချက်များကို သိရှိရန် မေးမြန်းခဲ့ကြ၏။
ကျင့်ကြံခြင်းလောကတွင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် လူများသည် ကျိန်းသေပေါက် သွားရောက် ရန်ပြုသင့်သည့်အရာမျိုး မဟုတ်ကြောင်း သိသာထင်ရှားလှ၏။ အင်မော်တယ်ရှေးလမ်းစဉ် ဆိုလျှင်တောင်မှ ယခုမှ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်ခဲ့သည့် ဤအဘိုးအိုအား မောက်မောက်မာမာဖြင့် မပြုမူ မဆက်ဆံရဲချေ။
“ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာ မဟုတ်ဘူးလေ။ ကျေးဇူးပြုပြီး အထဲဝင်ပါအုံး” ကျောင်းကျွင်းဟန် သည် တိုက်ရိုက်ဆိုသလိုပဲ အထဲကို ဖိတ်ခေါ်လိုက်၏။
“ကျေးဇူးတင်ပါတယ်” အဘိုးအိုက ခေါင်းညိတ်လိုက်၏။ ၎င်းတို့နှစ်ယောက်သည် ရွက်ဖျင်တဲလေးသို့ ဝင်ရောက်ပြီးသည့်နောက် အတွင်းဘက်တွင် မလိုအပ်သည့် ပရိဘောဂဟူ၍ တစ်ခုမှမရှိဘဲ ရှင်းလင်းလွန်း နေ၏။ အိပ်ရာတစ်ခု၊ ဝါးစားပွဲတစ်ခုနှင့် ထိုင်ခုံလေးနှစ်ခုသာလျှင် တည်ရှိသည်။
နှစ်ယောက်လုံးသည် မိမိ၏ခုံတွင် အသီးသီးဝင်ရောက် ထိုင်ပြီးနောက် ကျောင်းကျွင်းဟန်က ခဏစဉ်းစားကာ ပြောဆိုလိုက်၏။ "နတ်ဘုရားလောကဆီကို လာရာလမ်းမှာ ကောလဟလတွေကို ကြားခဲ့သေးလား တာအိုရောင်းရင်း”
“ကောလဟလ ဟုတ်လား”
ထိုအဘိုးအိုသည် မျက်ခုံးကိုပင့်လိုက်၏။ သူ၏ မုတ်ဆိတ်မွေးများကို အသာပွတ်သပ်ပြီး ၎င်း၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ထင်ပေါ်လာသည်အထိ ပြုံးလိုက်သည်။ “အရှင်ကျောင်း... ဒီအဘိုးကြီး လာရတဲ့ရည်ရွယ်ချက်ကို သိပြီးသားမဟုတ်လား”
ကျောင်းကျွင်းဟန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကွာစီအင်မော်တယ် အင်ပါယာ သတင်းအချက်အလက် ကောလဟလတွေက မယုံကြည်ရသလိုပဲ။ ဒါကို သေချာ သိချင်လို့ပါ”
သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ခင်ဗျားရဲ့ အကူအညီကိုယူပြီး ဒီသတင်းအချက်အလက်က မှန်လား၊ မှားလားဆိုတာကို ကြည့်ချင်တာပါ။ သတင်းအချက်အလက်ကို ဘယ်သူဖြန့်တာလဲ ဆိုတာကိုလည်း ကျုပ်သိချင်တယ်။ ဒါမှလည်း အမှန်တရား ဟုတ်လား၊ ကောလဟာလလားဆိုတာ ဆုံးဖြတ်လို့ ရမှာပေါ့”