အခန်း (၆၉၃)
Vol. 47 Ch. 693
“ဒါက”
အဘိုးအိုသည် မုတ်ဆိတ်မွှေးများကို အသာပွတ်သပ်နေရာမှ ရပ်တန့်လိုက်၏။ “ဒီကိစ္စက ကွာစီအင်မော်တယ် အင်ပါယာ ကိစ္စရပ်လေးတင် မဟုတ်ဘူး။ အင်မော်တယ် အင်ပါယာတွေတောင် ပါဝင် ပတ်သက်နေတယ်”
“ကျုပ်လည်း ဒီကိစ္စကို နည်းနည်းတော့ သတိပြုမိတယ်” ကျောင်းကျွင်းဟန်သည် အသာရယ်မောကာ ပြောဆိုလိုက်၏။ သူသည် လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်တစ်ကွင်းကို ချွတ်ယူကာဖြင့် စားပွဲပေါ်သို့ တင်လိုက်သည်။
“ဒါက အင်မော်တယ်ရှေးလမ်းစဉ်ရဲ့ အသိအမှတ်ပြု လက်ဆောင်တစ်ခုပါပဲ။ ခင်ဗျား လက်ခံပေးမယ်လို့ မျှော်လင့်မိတယ်။ “ဒီသတင်းအချက်အလက်သာ မှန်တယ်ဆိုရင် ဆန်းကြယ်ဂိတ်တံခါးဂိုဏ်းက ကျုပ်တို့ကို မျက်နှာသာပေးတာနဲ့ တူတူပါပဲ”
ဆန်းကြယ်ဂိတ်တံခါး၏ ပုံမှန်ဖောက်သည် တစ်ယောက်ဖြစ်သည်နှင့်အညီ ကျောင်းကျွင်းဟန်သည် တစ်ဖက်လူများ၏ တောင်းဆိုတတ်သည့် သဘောတရားကို နားလည်ခဲ့ပြီးပြီဖြစ်၏။ သတင်းအချက်အလက် များကို ရရှိရန်အတွက် သူတို့သည် ကျိန်းသေပေါက် အရင်းအမြစ်များကို ပြန်လည်ကာ ပေးအပ်ရပေလိမ့်မည်။
အထူးသဖြင့် လက်ရှိ သတင်းအချက်အလက်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက် အလက် ဖြစ်နေသောကြောင့်ပင်။ သူသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အားအင်နှင့် နီးကပ်လျက် ရှိနေသည့် လူတစ်ယောက်ဖြစ်သော်လည်း အခြေအနေသည် အလျင်လိုလျက်ရှိပြီး အရေးကြီးသည့် အကြောင်းအရာဖြစ်ကြောင်း ကျောင်းကျွင်းဟန်က နားလည်ထား၏။
လေထုထဲတွင် ရှိနေသည့် တင်းမာမှုများကို သူက အာရုံခံမိ၏။ အားလုံးသော သူတို့သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အစစ်အမှန်ကို သိရှိချင်စိတ် ရှိနေမှာ သေချာ၏။ ထိုကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် သူသည် ဆန်းကြယ်ဂိတ်တံခါး၏ ထောက်ပံ့မှုကို ရရှိရန် မျှော်လင့်လျက် ရှိနေသည်။
“မလုံလောက်သေးဘူး” အဘိုးအိုက ခေါင်းကို ခါယမ်းလိုက်၏။ သူသည် သူ၏ ပိန်ခြောက်လျက် ရှိနေသည့် လက်ကြီးကို အသာဆန့်တန်းကာဖြင့် သိုလှောင်လက်စွပ်ကို ပြန်တွန်းပို့လိုက်၏။
“အမ်”
ကျောင်းကျွင်းဟန်၏ မျက်နှာသွင်ပြင် တစ်ခုလုံးက နက်မှောင်သွားခဲ့၏။ သူ့အနေနှင့် ပေးသင့် ပေးထိုက်သည့် အရာများကို ပေးအပ်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ အဘိုးအိုသည် ငြင်းပယ်လျက် ရှိနေသည်။
တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက ကျောင်းကျွင်းဟန်သည် ကန်ထုတ်မိမှာ သေချာ၏။ သို့ပေမဲ့ ဆန်းကြယ်ဂိတ်၏ ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်မို့ သူသည် ဒေါသထွက်လျက် ရှိနေလျှင်တောင်မှ ကျိန်းသေပေါက် မိမိကိုယ်ကို ထိန်းချုပ်ရပေလိမ့်မည်။ တစ်ဖက်လူများကို သူ ရန်ပြုရန် ဘယ်တော့မှ စဉ်းစားလိမ့်မည် မဟုတ်ချေ။
ဆန်းကြယ်ဂိတ်တံခါး အကြောင်းကို များများစားစား မသိရှိသောကြောင့်ပင်။ ဆန်းကြယ်ဂိတ်တံခါးထဲတွင် မည်သည့် လျှို့ဝှက်ချက်များ တည်ရှိနေသည်ကို မည်သူကမှ သေသေချာချာ မသိပေ။
“တခြားတောင်းဆိုမှု တစ်ခုခုရှိရင် ကျုပ်ကို ပြောပြပါ။ ကျုပ် ဖြည့်ဆည်းနိုင်တာ ဆိုရင် ဘယ်တော့မှ မလစ်ဟင်းစေရပါဘူး” ကျောင်းကျွင်းဟန်က ပြောဆိုလိုက်၏။ သူသည် မနည်း ဖျစ်ညှစ်ကာ ပြုံးထားရ၏။ အရာအားလုံးကို ပေးအပ်မည်ဆိုသည့် စိတ်ပိုင်းဆိုင်ရာကိုလည်း အသင့်ပြင်ထားသည်။
“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တာအိုရောင်းရင်း”
အဘိုးအိုသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ပြောဆိုလိုက်၏။ “ကျုပ်ဘဝတစ်ခုလုံးမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို အမှားအယွင်း မရှိဘဲ တွက်ချက်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိနှစ်ထဲမှာ ကျုပ်ရဲ့စိတ်တွေက ပူပင် ကြောင့်ကြနေခဲ့တယ်။ ကျုပ်ရဲ့ကပ်ဘေးကြီးက နီးကပ်လာခဲ့ပြီလို့ သံသယဝင်နေတာပဲ”
“ကပ်ဘေးကြီး ဟုတ်လား”
ကျောင်းကျွင်းဟန်က မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ထိုစကားစုကို တီးတိုး ရေရွတ်လိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောဆိုလိုက်သည်။ “နတ်ဘုရားပြစ်ဒဏ်လား”
“အတိအကျပဲ” အဘိုးအိုက ခေါင်းညိတ်လိုက်၏။
“ဒီလိုကိစ္စမျိုး ဖြစ်တော့မှာလား” ကျောင်းကျွင်းဟန်၏ အမူအရာ တစ်ခုလုံးကလည်း လေးနက်သွားခဲ့၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် ပျောက်ကွယ်သွားရမည့် လူကဲ့သို့ပင် ဖြစ်လို့နေ၏။ ဆန်းကြယ်ဂိတ်၏ ကပ်ဘေးကြီးသည် ၎င်းတို့ဂိုဏ်းသားများအတွက် ထူးခြားသည့် အရာမျိုး မဟုတ်ချေ။ နတ်ဘုရားအပြစ်ဒဏ် သင့်မည်ကို အစောကြီးတည်းက သိရှိနားလည်ပြီးသားဖြစ်သည်။
ယခင် ဆန်းကြယ်ဂိတ် သခင်သည် အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်၍ ဟောပြောမူများ ပြုလုပ်ခဲ့၏။ သို့ပေမဲ့ နတ်ဘုရားအပြစ်ပေးမှု ကျဆင်းလာသည့် အချိန်မှာတော့ ၎င်း၏ ကြိုးစားအားထုတ်မှုများသည် သဲထဲရေသွန် ဖြစ်ခဲ့ရ၏။
လက်ရှိ ဆန်းကြယ်ဂိတ်သခင်သည် နတ်ဘုရားအပြစ်ပေးမှု အကြောင်းကို ပြောဆိုလျက် ရှိနေသည်ဆိုမှတော့ ကျိန်းသေပေါက် ကပ်ဘေးကြီး ရောက်ရှိလာသည့်အချိန်တွင် အကူအညီ လိုကောင်း လိုပေလိမ့်မည်။ နောက်ဆုံး ဆန်းကြယ်ဂိတ်အရှင် ကျရှုံးခဲ့သည့် အတောအတွင်း ဘာမှ ထိုက်ထိုက်တန်တန်နှင့် မှတ်သားခဲ့သည့် အရာမျိုး မရှိချေ။ ထို့ကြောင့် ဖြစ်ပေါ်လာသည့် အရာများကို ရင်ဆိုင်သည့်နေရာတွင် အကူအညီကို လိုအပ်နေနိုင်သည်။
နတ်ဘုရားပြစ်ဒဏ်သည် ဆန်းကြယ်ဂိတ် တစ်ခုတည်းကိုသာလျှင် ပစ်မှတ်ထားခြင်းဖြစ်၏။ ဆန်းကြယ်ဂိတ်သခင် ၏ အသက်ဓာတ်စွမ်းအားများကို ကျိန်းသေပေါက် ဖျက်ဆီးဖြိုခွင်းပစ်မည့် အရာမျိုးပင် ။
နှစ်သန်းနှင့်ချီအတွင်းတွင် အင်မော်တယ်ဘုရင် ခြောက်ယောက်၊ ခုနှစ်ယောက်တို့သည် တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြ၏။ ဆန်းကြယ်ဂိတ်သခင်တို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခြင်းတွင် မည်သည့် ဆက်စပ်မှုမှ မရှိဟု ပြောပါက ကျိန်းသေပေါက် ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
သေသေချာချာ စဉ်းစားပြီးသည့်နောက် ကျောင်းကျွင်းဟန်သည် အခြေအနေတစ်ခု၏ အရင်းအမြစ်ကို နားလည်လက်ခံသွားခဲ့ပြီဖြစ်၏။ ဆန်းကြယ်ဂိတ်၏ သခင်သည် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေသည့် အတောအတွင်း အကူအညီကို လိုအပ်နေခြင်းပင်။
ထို့ကြောင့် သမိုင်းအဆက်ဆက်တွင် ဆန်းကြယ်ဂိတ်တံခါးသခင်တစ်ယောက် ရင်ဆိုင်ရသည့် အကြောင်းအရာများသည် တကယ့်ကို ခက်ခဲလျက် ရှိနေသည်မှာ သိသာထင်ရှားလှ၏။
အင်မော်တယ်ရှေးလမ်းစဉ် အရှင်သည် နှလုံးသားထဲတွင် တွန့်ဆုတ်မှုများ ဖြစ်တည်လာခဲ့၏။ တခြားသော သူများကို ကူညီခြင်းဆိုသည်မှာ အရင်းအမြစ်များ ကူညီခြင်းက အကောင်းဆုံးဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ဆန်းကြယ်ဂိတ်သခင်သည် သူတို့ဆီမှ အကူအညီကို တောင်းခံလျက် ရှိနေသည်။
သူသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အမွေအနှစ်များကို ရယူရန် စဉ်းစားထား၏။ ထို့ကြောင့် မသေချင်သေးပေ။
“ခင်ဗျားသာ ကူညီခဲ့မယ်ဆိုရင် ကျုပ်က ခင်ဗျားအတွက် ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်ပေးမယ်။ ပြီးတော့ ဘာအရင်းအမြစ်ကိုမှ မယူဘူး။ ဒီသတင်းအချက်အလက်တွေသာ မှန်မယ်ဆိုရင် ကျုပ် ခင်ဗျားကို ကွာစီအင်မော်တယ် အင်ပါယာအဆင့် တက်လှမ်း နို်ငဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်” အဘိုးအိုက လေးနက်တည်ကြည်စွာ ပြောလိုက်၏။
သူသည် ကောင်းကင်ကို အသာမော့ကြည့်ကာဖြင့် ဖြည်းညှင်းစွာ ဆက်လက်ပြောဆိုလိုက်သည်။ “တာအိုအရှင် စိုးရိမ်ပူပန်နေတာကို ကျုပ်သိပါတယ်။ အရင်ဆန်းကြယ်ဂိတ်သခင်က ကျုပ်ရဲ့ဆရာပဲလေ။ ကျုပ်ရဲ့ဆရာက နတ်ဘုရားအပြစ်ပေးမှုအောက်မှာ သေဆုံးသွားခဲ့တယ်။ နတ်ဘုရား အပြစ်ပေးမှုအောက်မှာ အင်မော်တယ်ဘုရင်တစ်ယောက်တောင် မလွတ်မြောက်နိုင်ဘူး ဆိုတာကို ရည်ညွှန်း ပြသနေတာပဲ။ ဒါပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာဆိုရင်ကော ....”
သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “အကယ်၍ တာအိုအရှင်ကသာ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမယ်ဆိုရင် လောကအသီးသီးကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီး သက်ရှိတွေ အားလုံးကို ငုံ့ကြည့်နိုင်တဲ့ အခြေအနေမျိုး ရောက်လာလိမ့်မယ်။ ကောင်းကင်တာအိုတောင်မှ ခင်ဗျားကို ထိခိုက်အောင် ပြုလုပ်နိုင်မှာ မဟုတ်တော့ဘူး။ အဲအချိန် ရောက်လာရင် ကျုပ်ရဲ့ နတ်ဘုရားပြစ်ဒဏ်ကို ဖယ်ရှားပေးဖို့ ခင်ဗျား ကူညီဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ ဖြစ်လာလိမ့်မယ်”
“တကယ်လား” ကျောင်းကျွင်းဟန်၏ နှလုံးသားတစ်ခုလုံးက လှုပ်ခါလာခဲ့၏။ သူသည် ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်ကာဖြင့် မြန်မြန်ဆန်ဆန် မေးမြန်းလိုက်သည်။
“အင်း.. အမှန်ပဲ” အဘိုးအိုက ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာသတင်းက မှားနေတယ်ဆိုရင်ကော” ကျောင်းကျွင်းဟန်က ထပ်မံကာ မေးမြန်းလိုက်၏။ လက်ရှိ နတ်ဘုရားလောကထဲတွင် ဤသတင်းအချက်အလက်သည် မြန်မြန်ဆန်ဆန်နှင့် ပျံ့နှံ့လျက် ရှိနေသည်ဆိုသော်လည်း ဤသတင်းအချက်အလက်၏ စစ်မှန်မှုကို မည်သူကမှ အာမ မခံနိုင်ချေ။
ကောင်းကင်မူလလောကကြီးထဲသို့ သတင်းအချက်ကို စစ်ဆေးသင့်သည်ဟု တချို့က အကြံပြုခဲ့၏။ သို့ပေမဲ့ ပြဿနာမှာ ကောင်းကင်မူလလောကကြီး ဆိုသည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ခြင်းပင်။ သေချာသည်မှာ ရှုပ်ထွေးသည့် တည်နေရာလမ်းကြောင်းထဲတွင် ရှိနေသည့်လောက တစ်ခုခုသာ ဖြစ်ပေလိမ့်မည်။ သူတို့ကဲ့သို့ လူမျိုးအနေနှင့် ရောက်ရှိရန် ခက်ခဲလှ၏။
“တကယ်လို့ မှားတာဆိုရင် ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့အတွက် သာမန် အလဲအထပ် တစ်ခုပဲ လုပ်လိုက်ကြတာပေါ့။ တာအိုအရှင်ကို ကျုပ် ဒုက္ခပေးသလို မဖြစ်တော့ဘူး” အဘိုးအိုက ယုံကြည်ချက်ရှိရှိ ပြောဆိုလိုက်သည်။
ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးကို ကြားရချိန်မှာတော့ ကျောင်းကျွင်းဟန်၏ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွား၏။ စားပွဲပေါ်တွင် ပေးအပ်ထားခဲ့သည့် ပစ္စည်းများကို တစ်ဖက်လူက ငြင်းပယ်ခဲ့ခြင်း ဆိုသည်မှာ မလေးမစားပြုမူခြင်း မဟုတ်ချေ။
သူတို့သည် တခြားသောသူများမှ မလေးမစား ပြုမူ ဆောင်ရွက်၍ ရနိုင်သည့် ကျင့်ကြံသူများလည်း မဟုတ်သည်မလား။ လျှိုကလန်ထဲတွင်တောင်မှ သူနှင့် နှိုင်းယှဉ်၍ ရနိုင်သည့်လူဟူ၍ မွန်းစတားအိုကြီး နှစ်ယောက်သာလျှင် ရှိ၏။