အခန်း (၇၀၀)
Vol. 47 Ch. 700
အဘိုးအို ပြောဆိုခဲ့သည့် စကားလုံးများသည် ကြီးကြီးမားမား တန်ဖိုးကြီးလှသည် မဟုတ်သော်လည်း ဘာမှ မသိသည်ထက်စာလျှင်တော့ တော်သေး၏။ လျှိုကလန်သည် ဆိုးရွားလှသည့် ဒုက္ခတရားကို ကြုံဆုံနေရပြီ ဖြစ်ကြောင်း သူ သိရှိလိုက်၏။ လျှိုချင်းယုသည် ငရဲလောကထဲကို ပူးပေါင်းသွားခဲ့ပြီ ဖြစ်သည်။
“အသင်္ချေများပြားတဲ့ လောကအသီးသီးမှာ ကပ်ဘေးတွေ ကျရောက်လာလိမ့်မယ်။ တာအိုရောင်းရင်း... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဒီအချိန်မှာ ကျုပ်ပြောနိုင်တာ ဒါပါပဲ” အဘိုးအိုသည် ဦးညွတ်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
“ဘာကို ဆိုလိုတာလဲ”
ကျောင်းကျွင်းဟန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။ “အစောတုန်းက ခင်ဗျား ကျုပ်ကို ကူညီမယ်လို့ ပြောခဲ့တယ်လေ”
“တချို့အရာတွေက ကူညီချင်တဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင်တောင်မှ ဘာမှလုပ်လို့ရတဲ့ အခြေအနေ မဟုတ်တော့ဘူး။ ကျုပ် ကတိစကားကို ချိုးဖြတ်ရမှာ စိုးရိမ်မိတယ်။ ပြောရမယ်ဆိုရင် ကျုပ် ခင်ဗျားကို သတင်း အချက်အလက် သုံးခုပဲ ပေးနိုင်တယ်” အဘိုးအိုသည် ခဏလောက် စဉ်းစားလိုက်၏။ ဤအတိုင်း ထွက်ခွာသွားခြင်းသည် ကောင်းမွန်သည့် အရာမဟုတ်ချေ။ ရေရှည် ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ရန်အတွက် သူသည် ကျိန်းသေပေါက် တစ်ဖက်လူကို မျက်နှာသာ ပြန်ပေးရလိမ့်မည်။
“ဘယ်လို အချက်အလက်လဲ” ကျောင်းကျွင်းဟန်က မေးမြန်းလိုက်၏။
“အနာဂတ် ….. ဆိုင်းဘုတ်တစ်ခုပေါ်မှာ ကောင်းကင်လျှို့ဝှက်ဆိုတဲ့ စာလုံးပါတဲ့ နန်းတော်တစ်ခုကို တွေ့မယ်ရင် ပြဿနာ မရှာမိစေနဲ့” အဘိုးအိုသည် လေးနက်စွာ ပြောလိုက်သည်။
“ကောင်းကင်လျှို့ဝှက် ဟုတ်လား” ကျောင်းကျွင်းဟန်၏ နှလုံးသားတစ်ခုလုံးက နင့်ကနဲ ဖြစ်သွား၏။ အလိုလို သိစိတ်အရဆိုလျှင် အဘိုးအိုသည် စောဏတုန်းက တစ်စုံတစ်ခုကို တွက်ချက်မိခဲ့ပုံပေါ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် မပြောခဲ့ချေ။ ထို့ကြောင့် သူသည် တစ်ဖက်လူကို ပြောဆိုရန် အတင်းတွန်းအားပေး၍လည်း မဖြစ်ချေ။
တစ်ဖက်လူသည် အင်မော်တယ်လောကဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သူ၏ နောက်ကွယ်တွင် ဆန်းကြယ်ဂိတ် တံခါးတစ်ခုလုံးက တည်ရှိနေခဲ့၏။ တစ်ဖက်လူကို ရန်ပြုခြင်းအတွက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသင့်၊ အကြောင်းသင့်ကို ချိန်ဆထားရမှာ ဖြစ်၏။
အဘိုးအိုသည် ဤတည်နေရာမှ ထွက်ခွာသွားရန် စဉ်းစားထားခဲ့သည် ဆိုလျှင်တောင်မှ ကျောင်းကျွင်းဟန်သည် ကျိန်းသေပေါက် တစ်ဖက်လူကို တားဆီးပြီး ကြိုးစားမေးမြန်းချင်စိတ် ရှိနေ၏။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးသည် လွဲချော်၍ မရနိုင်လောက်အောင် တန်ဖိုးကြီးမားသည့် အခွင့်အရေးဖြစ်၏။
သူက ပြောဆိုလိုက်သည်။ “တာအိုရောင်းရင်း... စောဏတုန်းက ပြောဆိုခဲ့တဲ့ နတ်ဘုရားအပြစ်ပေးမှုက မကြာခင် ကျဆင်းတော့မယ်ဆို၊ ခင်ဗျားကို ကျုပ် ကူညီနိုင်မယ်ဆိုရင်”
“ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကို ဒုက္ခပေးဖို့ မလိုတော့ပါဘူး” အဘိုးအိုက အသာရယ်မောလိုက်၏။ ပြီးနောက် စကားလမ်းကြောင်းကို ဖြတ်တောက်လိုက်၏။
ယခင်တုန်းက သူသည် သူ၏မျှော်လင့်ချက် အားလုံးကို ကျောင်းကျွင်းဟန်အပေါ် ထားရှိခဲ့၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် ပါဝင်ပတ်သက်နေသည့် အခြေအနေဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် နတ်ဘုရားအပြစ်ပေးမှုကို ကြောက်လန့်သည် ဆိုလျှင်တောင်မှ ဤကိစ္စထဲ၌ မပါဝင်ရဲတော့ချေ။
ပိုမို၍ အရေးကြီးသည်မှာ ဆန်းကြယ်လှသည့် ထိုလူသည် သူ့အပေါ်တွင် မကောင်းသည့် ရည်ရွယ်ချက်များ ရှိပုံ မပေါ်ချေ။ ထိုသူသည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်လည်း ဖြစ်ပုံပေါ်၏။ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ပြီးသား လူတစ်ယောက်နှင့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ရန် အလားအလာ ရှိသောလူနှစ်ယောက်တို့မှ အကူအညီ တပြိုင်နက်တည်း တောင်းဆိုသည်ဆိုပါက သူ မည်သည့်ဘက်ကို ပိုမိုကာ ဦးစားပေးရမည်နည်း။
“တာအိုရောင်းရင်း.. ကြည့်ရတာ တွက်ချက်မှုတွေထဲကနေ တစ်စုံတစ်ခု သိရှိခဲ့တဲ့ပုံပေါ်တယ်” ကျောင်းကျွင်းဟန် သည် သေသေချာချာ မှတ်ချက်ပြုလိုက်၏။ ဤသတင်းအချက်အလက်သည် အရေးကြီးသည့် အကြောင်းအရာပင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် နတ်ဘုရား အပြစ်ပေးမှုကိုပင် ကြောက်လန့်ခြင်း မရှိတော့ချေ။
ပထမဦးဆုံး စတင်ကာ တွေ့ဆုံခဲ့စဉ်က အဘိုးအိုသည် သေတော့မည် အခြေအနေမျိုးသို့ ရောက်ရှိလျက် ရှိနေ၏။ သူ့အား ကူညီပေးပါရန်ပင် နှိမ့်နှိမ့်ချချ တောင်းဆိုခဲ့၏။ ရုတ်တရက် ပြောင်းလဲသွားခြင်းသည် သူ့အား အံ့အားသင့်စေခဲ့၏။
“တာအိုရောင်းရင်း.. ခင်ဗျား အတွေးလွန်နေပြီ”
အဘိုးအိုသည် မြန်မြန်ဆန်ဆန်ပဲ ပြောဆိုလိုက်သည်။ “ကျုပ် အခွင့်အရေးရပြီး ရှေးခေတ်က လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်”
ပြီးနောက် အဘိုးအိုသည် ဆက်လက်ကာ မပြောဆိုတော့ချေ။ သူသည် ရူးချင်ယောင်ဆောင်ပြီး ဦးညွတ်ကာ ပြောဆိုလိုက်၏။ “တာအိုရောင်းရင်း.. ကျေးဇူးပြုပြီး နေခဲ့ပါအုံး။ ကျုပ် အခု ထွက်သွားပါတော့မယ်”
ထိုစကားစုကို ပြောဆိုပြီးနောက် အဘိုးအိုသည် အလောတကြီးဖြင့် ထွက်ခွာသွားခဲ့၏။ သူ၏ အလျင်စလို ထွက်ခွာသွားသည့်ပုံကို ကြည့်ရမည်ဆိုလျှင် ဆန်းကြယ်ဂိတ်တံခါးဆီသို့ မြန်မြန်ဆန်ဆန် ပြန်ရန် ရည်မှန်းချက် ရှိနေသည့်ပုံပင်။ ဆန်းကြယ်ဂိတ်တံခါးဂိုဏ်းသည် ရှေးဆန်လွန်းလှပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့သည့်အရာဖြစ်၏။ ဂိုဏ်းထဲတွင် ရှိနေသည့် မှတ်တမ်းမှတ်ရာများကို သူက ပြန်လည်ကာ ရှာဖွေရမှာ ဖြစ်သည်။
သူ၏ တွက်ချက်မှု အရဆိုလျှင် ဤအံ့အားသင့်စရာကောင်းလှသည့် စီနီယာသည် သံသယရှိစရာ မလိုဘဲ သမိုင်း မှတ်တမ်းထဲမှ ကျော်ကြားလွန်းသည့် တစ်စုံတစ်ယောက် ဖြစ်ရပေလိမ့်မည်။ ကောင်းကင်၏ လျှို့ဝှက်ချက်ဟု မိတ်ဆက်ကို ကြည့်ရှုရမည်ဆိုလျှင် ဤစီနီယာသည် မှတ်တမ်းထဲတွင် ကြီးမားခန့်ထည်လွန်းသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်ရပေမည်။ ထိုစီနီယာ မည်သူဖြစ်သည်ကို အတည်ပြုနိုင်မည် ဆိုပါက သူ့အနေနှင့် ပြုမူဆောင်ရွက်ရမည့် ကိစ္စရပ်များကို သေသေချာချာ စဉ်းစားပြီး အကွက်ချနိုင်၏။
“နှုတ်ဆက်နေဖို့ မလိုပါဘူး”
ကျောင်းကျွင်းဟန်၏ အမူအရာသည် တုံ့ဆိုင်းသွားခဲ့၏။ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးနှင့် ပတ်သက်၍ သူ့အနေနှင့် စိတ်မရှည် ဖြစ်ခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် လက်ရှိ ဆန်းကြယ်ဂိတ်တံခါး ပေါ်တွင် မလေးမစားပြုလုပ်၍ မဖြစ်သေးကြောင်း သတိရလိုက်မိ၏။ ဆန်းကြယ်ဂိတ်တံခါး၏ အနောက်ဘက် တွင် ရှိနေသော များပြားလွန်းသည့် ဂိုဏ်းဂဏအသီးသီးကို တွက်ချက်ခြင်း မရှိလျှင်တောင်မှ ကျောင်းကျွင်းဟန် သည် တစ်ဖက်လူများကို ပြဿနာရှာရန် ရည်ရွယ်ချက် မရှိချေ။
အဘိုးအို ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျောင်းကျွင်းဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ်ရပ်လျက် ရှိနေလေ၏။ ၎င်းသည် အလွန်ခန့်ညားလွန်းလှသည့် ဟန်ပန်အမူအရာများကို ထုတ်ဖော်လျက် ရှိနေ၏။ သူ၏ မျက်လုံးများသည် ထွက်ခွာသွားခဲ့ပြီဖြစ်သော လူအား စူးစိုက်ကာ ကြည့်ရှုနေ၏။ အဘိုးကြီး ပျောက်ကွယ်သွားမှသာလျှင် သူ၏အကြည့်အား ပြန်လည် ရုတ်သိမ်းမိ၏။
“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်၊ ရှေးလူတစ်ယောက်” ကျောင်းကျွင်းဟန်က တီးတိုးရေရွတ်လိုက်၏။ အဘိုးအိုသည် များများစားစား မပြောခဲ့သောကြောင့် ဤစကားစုများကို ချိတ်ဆက်ကာ ဆက်စပ်စဉ်းစားဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။
ကောင်းကင်၏လျှို့ဝှက်ချက်များကို တွက်ချက်သည့်အချိန်တွင် ဂိတ်သခင်သည် အနာဂတ်၏ အစိတ်အပိုင်း တချို့တလေကို သိရှိခဲ့ပုံပေါ်၏။ ထိုသိရှိခဲ့သည့် အကြောင်းအရာများသည် ထိုစကားစုသုံးခုနှင့် ဆက်စပ်နေ ပေလိမ့်မည်။ အဘိုးကြီး အလျှင်စလိုဖြင့် ထွက်ခွာသွားခြင်း၊ ကံကြမ္မာဖတ်ရင်း ထူးခြားသည့် အခြေအနေသို့ ပြောင်းလဲသွားခြင်းများသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်နှင့် ချိတ်ဆက်လျက် ရှိနေသည်လား ဆိုသည်ကိုတော့ တော့ သေသေချာချာ မသိနိုင်ခဲ့ချေ။
အကြောင်းအရာများ အားလုံးကို စဉ်းစားပြီးနောက် ကျောင်းကျွင်းဟန်သည် လက်ကို ယမ်းခါလိုက်၏။ နတ်ဘုရား အလင်းတန်းများ ပေါ်ပေါက်လာခဲ့ပြီး လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားခဲ့၏။ မကြာခင်မှာပဲ လေဟာနယ်တစ်ခုလုံး တွန့်လိမ်ကာဖြင့် တည်နေရာလမ်းကြောင်း ပွင့်လာပြီး ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအို တစ်ယောက် ထွက်ပေါ်လာခဲ့၏။
“နှုတ်ဆက်ပါတယ် တာအိုအရှင်” အဘိုးအိုသည် အကောင်အထည် ဖြစ်တည်လာခြင်းမှာပဲ ဦးညွတ်လိုက်၏။
“အင်း”
ကျောင်းကျွင်းဟန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် အဘိုးအိုကို ကြည့်ရှုကာ အသာမေးမြန်းလိုက်သည်။ “စုံစမ်းတာ ဘယ်လိုလဲ”
အင်မော်တယ်ရှေးလမ်းစဉ်၏ အရှင်တစ်ယောက်ဖြစ်သည်နှင့်အညီ ၎င်း၏ လွှမ်းမိုးနိုင်မှုနှင့် အချိတ်အဆက်က တကယ့်ကို များပြားပြီး ကြီးမားလွန်း၏။ ဆန်းကြယ်ဂိတ်တံခါး၏ တွက်ချက်မှုများကို သူ အလုံးစုံ မှီခိုထားခြင်းတော့ မရှိချေ။ သူ့တွင် တခြားသော နည်းလမ်းတစ်ခုသည်လည်း ရှိသေး၏။ သူ၏မျက်လုံး၊ နားများ ထိုအရာများ အားလုံးသည် ဂိုဏ်းအသီးသီးဆီသို့ သူလျှိုများ ပေးပို့ထားခြင်းပင် ဖြစ်၏။ ထိုသူများအားလုံးသည် သတင်းအရင်းအမြစ်များပင် ဖြစ်နေသည် မဟုတ်ပါလား။