← Chapters

အခန်း (၇၀၂)

Vol. 47 Ch. 702

အခန်း (၇၀၂)

Vol. 47 Ch. 702

လောကတစ်ခုကို ဖျက်စီးခြင်းနှင့် လောကတစ်ခုကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်အောင် ပြုလုပ်ခြင်း ဆိုသည်မှာ မတူကွဲပြားသည့် အကြောင်းအရာ နှစ်ခု ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် အနေဖြင့် လောကများကို လွှမ်းခြုံထိန်းချုပ်နိုင်ဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဖြစ်၏။ သို့ပေမဲ့ ပျက်စီးလျက် ရှိနေသည့် လောကကြီးကို တစ်စစီ ပြန်လည်ကာပြင်ဆင်ပြီး စုစည်းဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။

နက်နဲလွန်းလှသည့် လောက၏ နိယာမများကို ထုတ်ဖော် အသုံးပြုနိုင်သူ ဖြစ်ရပေလိမ့်မည်။

“အင်း... ကြည့်ရတာ ငါ နက်နဲမီးတောက်လောကဆီ တစ်စုံတစ်ယောက် စေလွှတ်ပြီး စုံစမ်းခိုင်းမှ ဖြစ်တော့မယ်”

ကျောင်းကျွင်းဟန်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် သူသည် လက်ကို မြှောက်ကာဖြင့် တစ်စုံတစ်ယောက်ကို ဆင့်ခေါ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ချက်ချင်းပဲ လက်ကို ပြန်ရုတ်ကာ တီးတိုးရေရွတ်လိုက်၏။ “အင်း... ငါကိုယ်တိုင် သွားကြည့်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်”

အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သော သူ၏အားအင်အဆင့်နှင့် လောကကို ဖြတ်သန်းကာ သွားလာခြင်းသည် လွယ်ကူသည့် အရာပင်ဖြစ်၏။ နက်နဲမီးတောက်လောကကြီးတွင် လျှိုကလန်က ခြယ်လှယ်လျက် ရှိနေသည့်ပုံပင်။ ထို့ကြောင့် တခြားသော တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည် ဆိုပါက အနည်းငယ် ကြန့်ကြာကောင်း ကြန့်ကြာနိုင်၏။ သို့ပေမဲ့ သွားမည်ဆိုပါက သူသည် တခြားသောသူများ၏ ကစားပွဲထဲမှ စစ်တုရင်ရုပ်တစ်ခုအဖြစ် ဖြစ်သွားနိုင်သည်။

ထိုသို့ဆိုလျှင် ဘာဖြစ်မည်နည်း။ ဘာတစ်ခုမှ မရရှိသေးဘဲ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရသည်မျိုးလည်း ဖြစ်နိုင်၏။ ထိုအရာကို အပြန်ပြန် အလှန်လှန် တွေးတောပြီးသည့်နောက် ကျောင်းကျွင်းဟန်က ဆုံးဖြတ်လိုက်၏။

“ငါကိုယ်တိုင် သွားကြည့်တာပဲ ကောင်းလိမ့်မယ်။ ဒီထက်ပိုပြီး ကောင်းတဲ့ရွေးချယ်မှုကို မစဉ်းစားမိသေးဘူး” ကျောင်းကျွင်းဟန်သည် ပထမဦးဆုံးအနေနှင့် အင်မော်တယ်ရှေးလမ်းစဉ်မှ အကြီးအကဲများကို ဆင့်ခေါ်လိုက်၏။ ပြီးနောက် အတွင်းရေးကိစ္စရပ်အားလုံးကို မည်သို့ ပြုလုပ်ရမည် ဖြစ်ကြောင်း သေချာ မှာကြားလိုက်၏။ ပြီးနောက် သူသည် တစ်ယောက်တည်း ထွက်ခွာသွားလိုက်သည်။

…….

နတ်ဆိုးလောက

ကျယ်ပြောလှသည့် လောကကြီးတစ်ခုလုံးတွင် လကြီးနှစ်ခုက ထင်းထင်းကြီး တည်ရှိနေ၏။ လောကကြီး တစ်ခုလုံးသည် မြူများနှင့် ရစ်သိုင်းလျက် ရှိနေ၏။ နတ်ဆိုးလောကအရှင်သခင်၏ ပုလ္လင်ဗဟိုပြုရာ တည်နေရာတစ်ခုကသာလျှင် မြူများ ကင်းရှင်းလျက်ရှိ၏။

လောကအသီးသီးတွင် အားကောင်းလွန်းသည့် ကျင့်ကြံသူများ ရှိသည်ဆိုလျှင်တောင် ဤနေရာသည် တကယ့်ကို ခန့်မှန်း၍မရနိုင်သည့် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့်နေရာဟု ပြောရမှာဖြစ်၏။ ဆိုးသွမ်းလှသည့်သူများ တည်ရှိနေထိုင်ရာ တည်နေရာဟုလည်း သတ်မှတ်၍ ရသည်။

ငရဲလောကကြီး ထွန်းတောက်စဉ်အခါက နတ်ဆိုးလောကထဲတွင် ဝိညာဉ်နတ်ဆိုးတောအုပ် ဟူသော အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ငရဲလောကကြီး ပျက်စီးသွားသည့်အချိန်တွင် ထိုအဖွဲ့အစည်း သည်လည်း ကြက်ပျောက်ငှက်ပျောက်ဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။

ငရဲလောက၏ ယခင်ဌာနခွဲတစ်ခုဖြစ်သော နတ်ဆိုးလောကသည် ကျိန်းသေပေါက် အားလုံးသောသူတို့၏ ပစ်မှတ်ထားရာ နေရာပင်ဖြစ်၏။ လက်ရှိအချိန်တွင် ဝိညာဉ်နှင့် နတ်ဆိုးတောအုပ်၏ အလယ်ဗဟို တည်နေရာတွင်တော့ ခပ်မို့မို့ကုန်းပြင်မြင့်ကြီးတစ်ခု တည်ရှိနေ၏။ ထိုကုန်းပြင်မြင့်ကြီးသည် ဆန်းကြယ် လွန်းလှသည့်အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။

ထိုအရာပေါ်ရှိ ဟောခန်းထဲတွင်တော့ ပုလ္လင်တစ်ခုက တည်ရှိနေပြီး ထိုပုလ္လင်ထက်တွင် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူတစ်ယောက် ထိုင်နေ၏။ ထိုသူ၏မျက်လုံးက ဖြည်းညှင်းစွာ ပွင့်လာခဲ့၏။ ပြီးနောက် ခြောက်ခြားဖွယ်ရာကောင်းပြီး အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “သက်ရှိရောင်းရင်းတို့... ငရဲလောကကြီး ပြန်လည်ရှင်သန်လာမယ့် အရိပ်သင်္ကေတကို ထုတ်ဖော် ပြသနေပြီ”

ထိုအသံ မပျောက်ကွယ်ခင်မှာပဲ များပြားလွန်းသည့် ဝိညာဉ်ကဲ့သို့သော လူဘီလူးကြီးများသည် တည်နေရာ၌ ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးစွမ်းအင်များ ရစ်သိုင်းလျက်ရှိနေပြီး ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံး၌ ကြီးမားလွန်းသည့် ဖိအားများ ဖြစ်တည်လာခဲ့၏။ ဘုရင်တစ်ပါး၏ အော်ရာ ရောင်စဉ်များ ထွက်ပေါ်နေသည်။

“ငရဲလောက ဟုတ်လား” တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းလျက် ရှိနေပြီး အတောင်ပံခြောက်ခု ပါသည့် သတ္တဝါတစ်ကောင်သည် နှာခေါင်းရှုံ့လိုက်၏။ သူ၏ အသံထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပါဝင်လျက် ရှိနေ၏။

“အင်း… အရင်တုန်းက ရှိခဲ့တဲ့ မျိုးဆက်တွေက အခုပြန်ပြီး အသက်ရှင်လာတာ မဖြစ်နိုင်ဘူး။ နောက်လိုက် မျိုးဆက်တွေ ငရဲလောကရဲ့နာမည်ကို အသုံးပြုခဲ့တာပဲဖြစ်မယ်။ ဒီလူတွေက ငရဲလောကနာမည်ကို အသုံးပြုဖို့ ထိုက်တန်တဲ့ လူတွေ မဟုတ်ဘူး”

“ဟုတ်တယ်”

အတောင်ပံခြောက်ခုနှင့်လူ စကားပြောဆိုပြီးနောက်မ ဟောခန်း၏ထောင့် တစ်နေရာတွင် ရှိနေသည့် အကြီးအကဲတစ်ယောက်က တုံ့ပြန်လိုက်၏။ ထိုသူသည် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ရှိသည်ဆိုသော်လည်း ၎င်း၏လက်များမှာတော့ သစ်ကိုင်းခြောက်ကြီးများကဲ့သို့ဖြစ်၏။ ခြေချိတ်ကာလည်း ထိုင်လျက် ရှိနေသည်။

“ငရဲလောကက အရာအားလုံး ပြောင်းလဲသွားခဲ့ပြီပဲ။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ငရဲလောကရဲ့ ဆက်ခံသူအသစ် ပေါ်ပေါက် မလာခဲ့ဘူး” သူက ထပ်မံကာ ပြောလိုက်၏။

“အင်း”

လွန်ခဲ့သည့်နှစ်များတုန်းက ငရဲလောက၏ ဆက်ခံသူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်ဆိုသော သတင်း အချက်အလက်ကို သူတို့ အနည်းငယ်တော့ ကြားခဲ့ရ၏။ သို့ပေမဲ့ ဘာတစ်ခုမှ ထူးထူးခြားခြား ပြုလုပ်နိုင်သည့် လူများ မဟုတ်သောကြောင့် စိတ်ဝင်စားမှု မရှိခဲ့ကြချေ။ တချို့သောလူများသည် ငရဲလောက၏ ယခင်က ဂုဏ်သိက္ခာများကို ပြန်လည်ရယူကာ ပြုလုပ်နိုင်မည့် လူများဖြစ်မည်ဟု ထင်မှတ်ခဲ့မိ၏။ သို့ပေမဲ့ အရာအားလုံးတို့သည် နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် ပျောက်ကွယ် သွားခဲ့သည်။

ယနေ့ ဝိညာဉ်နတ်ဆိုးတောအုပ်၏ အရှင်သည် သူတို့ကို ဆင့်ခေါ်ခဲ့၏။ ထိုအကြောင်းအရာသည် ထူးခြားသည့် အကြောင်းအရာ တစ်ခုခုကြောင့် ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ အရှင်၏ စကားကို ကြားရချိန်မှာတော့ အားလုံးတို့သည် ရယ်ချင်စိတ်ကို မနည်းပင် ဖိနှိပ်ထားခဲ့ရ၏။

ယခင်ကကဲ့သို့ တောက်ပသည့် ငရဲလောက၏အရှင် ပြန်လည် ပေါ်ပေါက်လာသည်ဆိုမှသာလျှင် သူတို့က အညံ့ခံရန် စဉ်းစားကြမှာ ဖြစ်၏။ မဟုတ်ပါက သာမန် သူလိုကိုယ်လိုလူများကို မည်သူက အညံ့ခံချင် မည်နည်း။

“အင်း... နယ်မြေအရှင်က ပြောဆိုနေပြီဆိုမှတော့ သတင်းအချက်အလက်တစ်ခုခု ရရှိခဲ့လို့ မဟုတ်လား” ဝိညာဉ်ကဲ့သို့ အစိမ်းရောင်မီးတောက်တစ်ခု တည်ရှိနေသည့်လူသည် ထူးမခြားနားသလိုပင် ပြောဆိုလိုက် ၏။ ၎င်းသည် ရှေးတိုက်ပွဲကြီး၌ အသက်ရှင် ကျန်ရစ်ခဲ့သည့် လူတစ်ယောက်လည်း ဖြစ်သည်။ နတ်ဆိုးလောကကြီးထဲတွင် အမိန့်ပေးနိုင်စွမ်းရှိသည့် လေးစားလောက်ဖွယ်ရာ ဂုဏ်ရည်ဂုဏ်ဝါကို ပိုင်ဆိုင်၏။

ကြီးမားသည့် တိုက်ပွဲကြီးအတွင်း အသက်ရှင်ကျန်ရှိခဲ့သည်မှာ အနည်းငယ်သာလျှင် ရှိ၏။ ထိုလူများကလည်း တကယ်ကို ရှားပါးလွန်း၏။ ထိုသူတို့သည် ရှုံးနိမ့်ခဲ့သည် ဆိုလျှင်တောင်မှ မိမိ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်သူများ ဖြစ်၏။ ကြီးမားသည့် တိုက်ပွဲကြီးအတွင်း အသက်ရှင်ကျန်ရစ်ခဲ့အောင် ကြိုးစားရခြင်းမှာ လွယ်ကူမည် မဟုတ်ချေ။

“ခင်ဗျားလည်း သတင်းအချက်အလက် တချို့တလေ ရနေလို့လား” ဝိညာဉ်နတ်ဆိုးတောအုပ်၏ အရှင်သည် လှမ်းကာ မေးမြန်းလိုက်၏။

“သတင်းအချက်အလက် ဟုတ်လား”

အောက်တွင်ရှိနေသည့် လူပေါင်းများစွာတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် မည်သည့် သတင်းအချက်အလက်ကိုမှ ရေရေရာရာ မသိရှိခဲ့ကြချေ။

ဝိညာဉ်နတ်ဆိုးတောအုပ်ကြီးထဲတွင် ဆန်းကြယ်လွန်းသည့်လူဟူ၍ တစ်ယောက်တည်း ရှိ၏။ ထိုသူသည် ဤဌာနေ အရှင်သာလျှင် ဖြစ်၏။ ထိုသူသည် မည်သူဖြစ်ပြီး မည်သည့်အချိန်က ပေါ်ပေါက် လာကြောင်း မည်သူမှ မသိကြချေ။ နောက်ခံ ဘာမှန်းမသိသော်လည်း အားကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြောင်းကိုတော့ အားလုံးက သိရှ့ကြ၏။ အားလုံးသော သူတို့သည် ထိုသူကို အညံ့ခံခဲ့ရသည်။

“ဌာနေအရှင် ပြောနေတာက နတ်ဘုရားလောကထဲမှာ လက်ရှိပေါ်ပေါက်နေတဲ့ ကောလဟလ အကြောင်းလား” အတောင်ပံခြောက်ခုနှင့်လူသည် ရုတ်တရက် မေးမြန်းလိုက်၏။

နတ်ဆိုးလောကကြီးသည် ကျယ်ပြောလွန်းသောကြောင့် သတင်းအချက်အလက် ရယူမှုနှုန်းတွင် နှေးကွေး၏။ ထို့ကြောင့် သူတို့သည် အချို့သော သတင်းအချက် အလက်များကို သေသေချာချာ ကြိုးကြိုးစားစား နှင့် ရှာဖွေနေရသည်။

“အမှန်ပဲ” ဝိညာဉ်နတ်ဆိုးတောအုပ် အရှင်သည် အမှတ်မထင်ဆိုသလို ထိုစကားစုကို ရေရွတ်လိုက်၏။

“ဘာလို့လဲ ဌာနေအရှင်။ ဒါက သာမန် ကောလဟလတစ်ခုပဲ မဟုတ်ဘူးလား။ ဒီလောက်ကြီး အလေးထားနေဖို့ မလိုပါဘူး” တစ်စုံတစ်ယောက်သည် ရှေ့ကိုတက်လှမ်းကာ ပြောဆိုလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်သည် ပေရာနှင့်ချီ မြင့်မားလျက်ရှိနေပြီး ခြေထောက်က တစ်ချောင်းတည်းရှိကာ လက်နှစ်ဖက် နှင့်ပင်။ ပုံပန်းသွင်ပြင်သည် တကယ့်ကို ဆိုးရွားသည့် ပုံပန်းသွင်ပြင်မျိုးဖြစ်ပြီး ကြည့်ရှုလိုက်ရုံနှင့် ကြောက်မက်ဖွယ်ရာကောင်းသည်။

All Chapters