အခန်း (၇၀၃)
Vol. 47 Ch. 703
“ကျုပ်တို့ နတ်ဆိုးလောကကြီးက အရင်တုန်းက ငရဲလောကကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တယ်။ အခု ပိုမို ထွန်းပြောင်တဲ့ ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်ဖို့အတွက် ငရဲလောကကို အမှီအခို ပြုလုပ်ဖို့ မလိုတော့ဘူး။ ကျုပ်တို့ဘာသာ ကျုပ်တို့အားအင်နဲ့ အားလုံးက လေးစားရတဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးနိုင်တယ် မဟုတ်လား”
“ဌာနေအရှင်ပြောတဲ့ သတင်းအချက်အလက် အကြောင်းအရာတွေက ကျုပ်အထင်အရဆိုရင် ဂရုစိုက်နေဖို့လိုတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ ကျုပ်တို့ နတ်ဆိုးလောကကြီးက တိတ်ဆိတ်ငြိမ်သက်နေတယ် ဆိုပေမဲ့ ကျိန်းသေပေါက် အားနည်းတဲ့ လူတွေမှ မဟုတ်တာ။ သူတို့အချင်ချင်း တိုက်ခိုက်ပြီး ခွေးခွေးချင်း ကိုက်တာကို ကြည့်ရတာ ဘယ်လောက် အရသာ ရှိလဲ။ သူတို့အားလုံး မောပန်းပြီး အသက်ဓာတ်တွေ လျော့ကျနေတဲ့ အချိန်ကျမှ ကျုပ်တို့ နတ်ဆိုးလောကကြီးက အခွင့်အရေး အရယူပြီး သွားတိုက်ခိုက်လိုက်ကြမယ်”
ထိုသူ၏အသံသည် စူးရှလွန်း၏။ ထို့အပြင် ထိုသူ၏ ရည်ရွယ်ချက်ကလည်း ကြီးမားလွန်း၏။ ၎င်းတို့သည် ငရဲလောကကိုပင် အထင်ကြီးခြင်း မရှိတော့ချေ။ နတ်ဆိုးလောကကြီးနှင့် ပတ်သက်ခဲ့သည့် ငရဲလောကကြီး ပြန်လည်ကာ ပေါ်ပေါက်လာမည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ကျိန်းသေပေါက် တစ်ဖက်လူများကို ဂရုမစိုက်တော့ချေ။
ယခုကောလဟလသတင်းသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတင်းအချက်အလက်ပင် ဖြစ်၏။ အင်မော်တယ်ဘုရင်ဖြစ်သည့် လူပေါင်းများစွာတို့သည် ထိုသတင်းအချက်အလက်ကို မည်သို့မှ ကြိတ်မှိတ် ငြိမ်သက်ကာ နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။ အသင်္ချေ များပြားလှသည့် လောကအသီးသီးကို ပျံ့နှံ့သွားသည့် အချိန်တွင် အတွင်းကြိတ် လောင်မြိုက်ကာဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်တည်လာနိုင်၏။
ထိုသို့ဆိုလျှင် နတ်ဆိုး လောကသည် အခွင့်အရေးကို အရယူကာဖြင့် သူတို့၏ ရည်မှန်းချက်ဆီ လှမ်းတက် လိုက်ရုံပင်။ တစ်ဖက်လူများသည် သူတို့ကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ချေ။
သူပြောပြောပြီးချင်းမှာပဲ တစ်စုံတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။
“နတ်ဆိုးလောကကြီးက ငရဲလောကကြီးရဲ့ အမိန့်ပေးမှုအောက်ကို တစ်ကြိမ် ရောက်ရှိခဲ့ဖူးတယ်။ ဒီတော့ ကျုပ်တို့က ငရဲလောကနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူတွေလို့လည်း သုံးသပ်လို့ ရတယ်လေ။ တကယ်လို့ ကျုပ်တို့ နတ်ဆိုးလောကက ငြိမ်ငြိမ်သက်သက်နဲ့ နေနေမယ်ဆိုရင်တောင်မှ ကျန်တဲ့ လောကတွေက ငြိမ်နေမယ် ထင်လို့လား။ အကုန်လုံးက ဝိုင်းပြီး ပစ်မှတ်ထားပြီဆိုရင် ကျုပ်တို့ နိဂုံးချုပ်သွားနိုင်တယ်။ လုပ်စရာရှိတာ အရင်လုပ်ရအောင်။ တိုက်ခိုက်ရမယ် ဆိုလည်း အရင်ဆုံး တိုက်ခိုက်ကြမယ်”
သုံးပေခန့်သာရှိသော အမဲရောင် ခန္ဓာကိုယ်နှင့် သတ္တဝါတစ်ကောင်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ ၎င်းသည် ကြွက်သား အမြောင်းမြောင်း ထနေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်လျက် ရှိနေလေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် ကျိန်းသေပေါက် အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်၏။
ငရဲလောကကြီးသည် အတိတ်တုန်းက ကြီးကြီးမားမား ဆုံးရှုံးမှုကို ခံခဲ့ရသည်။ ထိုသို့ဆိုလျှင်တောင်မှ နတ်ဆိုး လောကကြီးသည် လက်ရှိအချိန်တွင် အေးအေးသက်သာဖြင့် နေထိုင်နိုင်စွမ်း ရှိနေသေး၏။ မယုံကြည်နိုင်စရာ ကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော နတ်ဆိုးလောကကြီး၏ အင်မော်တယ်ဘုရင်များအနေနှင့် အသင်္ချေ များပြားသည့် လောကအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေသည်။
“လက်ရှိ နတ်ဆိုးလောကကြီးက အသင်္ချေ များပြားတဲ့ လောကအသီးသီးရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင် နိုင်လိမ့်မယ်လို့ ခင်ဗျားထင်လား။ တခြားလောကကို မပြောနဲ့အုံး။ အင်မော်တယ်လောကနဲ့ နတ်ဘုရားလောကက လူတွေ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့လောကက တစ်ခါတည်း ပျက်စီးသွားလိမ့်မယ်။ ဒါကိုတောင် ခင်ဗျားက စဦးသွားတိုက်ခိုက်ဖို့ စဉ်းစားနေသေးတယ်။ တကယ့်ကို ကြောင်တောင်တောင်ပဲ” နဖူးထက်တွင် ထောင့်ဖြတ်အတိုင်း မျက်စိသူငယ်တစ်ခု တည်ရှိနေသည့်လူက ဝင်ရောက်ကာ ပြောဆိုလိုက်လေ၏။
သုံးပေခန့်ရှိသည့် လူသေးသေးလေးသည် ထိုစကားကို ကြားသည့်အချိန်မှာတော့ ဒေါသတရားများ ဖြစ်တည် သွားခဲ့၏။ သူက အေးစက်စက်နှင့် ခွန်းတုံ့ပြန်လိုက်၏။ “ခင်ဗျား ဘာပြောနေလဲ ဆိုတာတောင် ခင်ဗျား သိရဲ့လား။ ခင်ဗျားရဲ့ အရှင်က ငရဲလောကရဲ့ ဝိညာဉ်ဘုရင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ။ ဒီနေ့အချိန်မှာ ခင်ဗျားက ငရဲလောကကို သစ္စာဖောက်ချင်နေသေးတယ်။ ခင်ဗျားရဲ့ အရှင်သာ သိမယ်ဆိုရင် ဘယ်လောက် ရှက်ရွံ့လိမ့်မလဲ”
“ဟမ့်”
သွေးဘုရင်သည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “သူတို့ လက်ရှိအခြေအနေကို နားမလည်ဘဲ နေမှာ မဟုတ်ဘူးလေ”
နတ်ဆိုးလောကကြီးထဲတွင် မတူညီသည့် မျိုးနွယ်များအလိုက် စိတ်ခံစားချက်က ကွဲပြားလျက် ရှိနေ၏။ ထို့အပြင် ဤနေရာသည် တကယ့်ကို ရက်စက် ကြမ်းကြုတ်လွန်းသော တည်နေရာလည်း ဖြစ်၏။ အားအင်အဆင့်သာ လုံလောက်သည်ဆိုပါက ကလန်ခေါင်းဆောင်ကို သတ်ဖြတ်ပြီး လွယ်လွယ်ကူကူနှင့် ထိုသူ၏ နေရာကို ရယူနိုင်စွမ်း ရှိနေသည့် နေရာဖြစ်၏။
ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ဤကဲ့သို့ တိုက်ခိုက်ပြီး တည်နေရာ ရာထူးကို ပိုင်ဆိုင်လာခဲ့သည့် လူဖြစ်သည်။
တခြားတစ်ဖက်တွင် ရှိနေသည့် တောင်ပံခြောက်ခု လူ နှင့် တခြားသော လူအားလုံးတို့သည် ရယ်မောချင်သလို မျက်နှာသွင်ပြင်မျိုးနှင့် လှမ်းကာ ကြည့်ရှုနေ၏။ တစ်ဖက်လူများ၏ စကားလုံး တိုက်ပွဲသည် တကယ့်ကို ကြည့်ကောင်းလွန်းလှချေ၏။
ပြောရမည်ဆိုလျှင် လက်ရှိ နတ်ဆိုးလောကကြီးတွင် ဂိုဏ်းဂဏ နှစ်ခုအဖြစ် ကွဲပြားလျက် ရှိနေ၏။ တစ်ခုသည် ငရဲလောကဆီသို့ ပြန်လည် ခိုလှုံရန်ဖြစ်ပြီး တခြားတစ်ခုမှာတော့ အသစ်တစ်ခုကို ပြန်လည်ကာ စတင်ရန်ပင် ဖြစ်၏။ ငရဲလောက မရှိဘူး ဆိုလျှင်တောင်မှ နတ်ဆိုးလောကသည် အားလုံးသောသူတို့ အထင်အမြင်သေး၍ ရနိုင်သည့် လောကတစ်ခု မဟုတ်မှန်း သူတို့က ယုံကြည်ထားသည်။
“ငရဲလောကအရှင်က သေဆုံးသွားခဲ့ပြီ။ သူ့ရဲ့ ဝိညာဉ်ကလည်း ပျက်စီးသွားခဲ့ပြီ။ သူ့ရဲ့ အစီအစဉ်ကလည်း သဲထဲ ရေသွန်သလို ဖြစ်သွားခဲ့ပြီ။ ကျုပ်တို့ နတ်ဆိုးလောကကြီးအနေနဲ့ ကျိန်းသေပေါက် ကိုယ့်ဘာကိုယ် ရပ်တည်မယ် ဆိုရင်လည်း ဖြစ်တာပဲ”
သွေးနတ်ဆိုးသည် အထင်အမြင်သေးသည့် လေသံဖြင့် ပြောဆိုလိုက်၏။ သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရချေ။ ဝိညာဉ်နတ်ဆိုးတောအုပ်၏ အရှင်က တားဆီးလိုက်၏။
“လုံလောက်ပြီ” အရှင်သည် ထူးမခြားနားသလို ပြောလိုက်၏။ ထိုစကားစုကို သူရွတ်ဆိုလိုက်သည်နှင့် တပြိုင်နက် အားလုံးသောသူတို့က တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ဆက်ပြောမည့် စကားလုံးများကို အောင့်ထားလိုက်ကြသည်။
ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အာဏာကို ပိုင်ဆိုင်သူ တစ်ယောက်တော့ ဖြစ်နေသေး၏။ အသင်္ချေများပြားသည့် လောကများနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်သည့် နေရာတွင် ထိုသူသည် နတ်ဆိုးလောကကြီး တစ်ခုလုံးကို ဦးစီးဦးဆောင်ပြုလုပ်၍ တိုက်ခိုက်ရမည် မဟုတ်ပါလား။ တောရိုင်းဥပဒေနှင့် ကျင့်သုံးသည့် လောကကြီး တစ်ခုတွင် သန့်ရှင်းစင်ကြယ်နေသည့် လူဆိုပါက နေထိုင်၍ ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အားကောင်းလွန်းသည့် သူသည်သာလျှင် အုပ်ချုပ်သူ ဖြစ်လာခဲ့၏။
“ငရဲလောကကြီး ပြန်လည် ထွန်းတောက်လာခဲ့ပြီလို့ ပြောခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ခင်ဗျားတို့အားလုံး စိတ်ဝင်စားနေမယ်ဆိုတာ သိတယ်။ ဒီတော့ ကျုပ်က ခင်ဗျားတို့ နှလုံးသားထဲမှာရှိတဲ့ သံသယတွေ အကုန်လုံးကို ဖယ်ရှားပေးမယ်” ဝိညာဉ်နတ်ဆိုးတောအုပ်၏ အရှင်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
သူ၏စကားလုံး တစ်ခုချင်းစီတိုင်းသည် စိတ်ခံစားချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ စကားလုံး တစ်ခုချင်းစီတိုင်း၌လည်း နက်နဲသည့် အဓိပ္ပာယ်များ ပါဝင်နေ၏။ “နတ်ဆိုးလောကကြီးရဲ့ ပြန်လည် မွေးဖွားခြင်း လမ်းခြောက်သွယ်က လက်ရှိအခြေအနေမှာ ပြန်လည် အသက်ဝင်လာခဲ့တာပဲ”
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ဟောခန်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ဘာ မဖြစ်နိုင်တာ။ ငရဲလောကကြီးရဲ့ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပျက်စီးသွားခဲ့ပြီ မဟုတ်လား။ တစ်စုံတစ်ယောက်အနေနဲ့ ဒါကို ပြန်လည်ပြင်ဆင်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူးလေ။ ဘယ်သူမှ မပြင်ဆင်နိုင်ဘူးဆိုမှတော့ ဘယ်လိုဖြစ်ပြီး အသက်ဝင်နေတော့မှာလဲ”
“ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကိစ္စက အရေးမကြီးဘူး။ ခင်ဗျားတို့ သိရမှာက ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ဆိုတာ ရှေးတုန်းက ငရဲလောကအရှင် အသုံးပြုခဲ့တဲ့ လက်နက်တစ်ခုပဲ။ အင်မော်တယ် အင်ပါယာ အဆင့် လက်နက်တစ်ခု၊ အတိအကျ ပြောရမယ်ဆိုရင် ငရဲလောကရဲ့အရှင် ပြန်လည်ရှင်သန်လာတဲ့ အခြေအနေတစ်ခုကလွဲရင် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လက်နက်ကို ဘယ်သူက အသက်သွင်းနိုင်မှာလဲ”
“ဒါဆိုရင် ငရဲလောကအရှင်က မသေဆုံးသေးဘူးဆိုတဲ့ အဓိပ္ပာယ်လား”
“ဟား ဟား ဟား နတ်ဘုရားအင်ပါယာနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ ငရဲလောကအရှင်က အသက်ရှင် ကျန်ရစ်နေတယ်လို့ ခင်ဗျား တကယ်ထင်တာလား”
“ငရဲလောကရဲ့ အမွေအနှစ်ကို ရရှိခဲ့တဲ့ တစ်စုံတစ်ယောက်က ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကို အသက်သွင်းနိုင်ခဲ့တာလည်း ဖြစ်နိုင်တယ်”
ဌာနေအရှင် ပြောဆိုခဲ့သည့် စကားလုံးသည် ဟောခန်းတစ်ခုလုံးကို ရှုပ်ထွေးသွားစေခဲ့၏။ မည်သူမှသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ဆိုသည်မှာ နတ်ဆိုးလောကကြီး တစ်ခုလုံးအတွက် ကြီးကျယ်ခမ်းနားသည့် အရာပင် ဖြစ်၏။
ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် အသက်ဝင်သွားခဲ့သည်ဆိုသော သတင်းအချက်အလက်သည် လောကအသီးသီးသို့ ပျံ့နှံ့သွားသည်ဆိုပါက လောကအသီးသီးတွင် ရှိနေသည့် ကျင့်ကြံသူများသည် ရူးသွပ်သလိုပင် ဖြစ်သွားမှာ သေချာသည်။