မဟာအဝီစိသို့ နောက်တစ်ဖန်ဝင်ရောက်ခြင်း
Vol. 176 Ch. 2627
သိပ်မကြာခင် အင်မော်တယ်ဘုရင်မလင်းလုံသည် ဆူဇီမိုကို အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။
အခန်းက အင်မော်တယ်မြူခိုးများနှင့် ပြင်းထန်သောဆေးရနံ့ဖြင့် ပြည့်နှက်နေသည်။
ထူထဲသောမြူခိုးများကြားမှာ လူတစ်ယောက် ကုတင်ပေါ်မှာ တင်ပျဥ်ခွေထိုင်ပြီး ကျင့်ကြံနေသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်သည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက်မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုသည် လူသားဧကရာဇ်လင်းကျန့်ကို ချက်ချင်းပင် မှတ်မိသိရှိသွားသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူရှိခဲ့စဥ်ကနှင့်နှိုင်းစာလျှင် လူသားဧကရာဇ်က များစွာ ကွာခြားမသွားပေ။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှတိုက်ပွဲတုန်းက သူပိုင်ဆိုင်ထားခဲ့သည့် အနှိုင်းမဲ့ဂုဏ်ကျက်သရေနှင့် ထက်ရှမှုတို့နှင့်မတူဘဲ လူသားဧကရာဇ်သည် ဤအခိုက်အတန့်မှာ သာမန်သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်တူနေသည်။
လင်းကျန့်သည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူသည် သူမဖြေရှင်းနိုင်သည့် အရေးကြီးသော အမှတ်တစ်ခုမှာ ကျရောက်နေသည့်အလားပင်။
ဆူဇီမိုသည် သူ့ကိုအနှောက်အယှက်မပေးလိုဘဲ အင်မော်တယ်ဘုရင်မလင်းလုံကို လက်ကာပြလိုက်သည်။
အင်မော်တယ်ဘုရင်မလင်းလုံက တောင်းပန်သလိုခေါင်းညိတ်ပြီး ဆူဇီမိုအနားယူရန် အခြားတစ်ဘက်သို့ ခေါ်ဆောင်သွားသည်။
အဝီစိမှာ...။
သိုင်းတာအိုပင်မခန္ဓာသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ လွှမ်းမိုးခြယ်လှယ်ပြီး ပြိုင်ဘက်ကင်းခဲ့သည်။ သူသည် ကောင်းကင်လိုဏ်ဂူတစ်ခုကိုစုဖွဲ့ကာ မဟာနယ်မြေနှစ်ခုက အင်မော်တယ်များနှင့် ကိုယ်တော်များကိုဖိနှိမ်ပြီးနောက် မထိမခိုက်လွတ်မြောက်လာခဲ့သည်။ အဲဒါက ပြီးပြည့်စုံသော အခြေအနေတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မာရ်နတ်မျက်နှာဖုံးအောက်တွင် သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက အနည်းငယ်တည်တံ့နေသည်။
သူသည် တစ်စုံတစ်ရာကို အမှတ်ရနေသည်။ စောစောက သူသည် တည်ဆောက်သူသစ်ပင်အောက်မှာ အဆင့်ချိုးဖျက်ပြီး သူ၏ ကောင်းကင်လိုဏ်ဂူကို စုဖွဲ့ခဲ့စဥ်က သူသည် သိပ်သည်းပြင်းထန်ကြီးမားသောအန္တရာယ်ကို ရုတ်တရက်အာရုံခဲမိခဲ့သည်။
ထိုအချိန်တုန်းက တိုက်ပွဲနယ်မြေမှာ မည်သူကမှ သူ့ကို မခြိမ်းခြောက်နိုင်ပေ။
ထိုအန္တရာယ်အသိစိတ်သည် ဆိုင်းမဆင့်မဗုံမဆင့်ထွက်ပေါ်လာပြီး လျင်မြန်စွာပျောက်ကွယ်သွားသည်။ သူ၏ အာရုံခံသတိစိတ်နှင့်ပင်လျှင် သူက ထွက်ပေါ်လာရာဇာစ်မြစ်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။
ထိုအချိန်တုန်းက သူသည် အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦးဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေနိုင်ခဲ့ပေ။
ယခုသူက သူ၏ စိတ်ကို တည်ငြိမ်စေပြီးနောက် တဒင်္ဂထွက်ပေါ်လာသည့် ထိုအန္တရာယ်အသိစိတ်ကို ပြန်လည်အမှတ်ရလာကာ သိုင်းတာအိုပင်မခန္ဓာက မအီမသာခံစားလာရသည်။
၎င်းသည် လေဟာနယ်ထဲမှာပုန်းကွယ်ပြီး အင်မော်တယ်ဘုရင်ညတာရှည်ကို သတ်ဖြတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်ထံမှ လာခဲ့တာလား။ သို့မဟုတ် ၎င်းသည် နောက်ပိုင်းမှဆင်းသက်လာသော ကောင်းကင်အရှင်ဆဗြဟ္မထံမှ လာတာလား။
သို့မဟုတ် သူကြိုတင်မတွက်ချက်နိုင်သည့် စွမ်းအားကြီးမားသော အခြားတည်ရှိမှုများလား။
ခံစားချက်က အရမ်းကိုကြောက်စရာကောင်းလွန်းသည်။
သိုင်းတာအိုပင်မခန္ဓာ မွေးဖွားလာစဥ်ကတည်းက သူသည် ဤကဲ့သို့သန်မာအားကောင်းသော အန္တရာယ်အသိစိတ်ကို ပထမဆုံးအကြိမ်ရရှိသည်ဟုဆိုလျှင် ချဲ့ကားရာကျလိမ့်မည်မဟုတ်ပေ။
သူသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရစဥ်ကပင် သူသည် ဤကဲ့သို့သန်မာလွန်းသော ခံစားချက်ကို မရရှိခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာ အဝီစိမှာ အတန်ကြာအောင်စဥ်းစားတွေးတောနေပြီး မည်သည့်သဲလွန်စမှ ရမလာခဲ့ပေ။
တည်ဆောက်သူသစ်ပင်အောက်မှာ ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာခဲ့သည်။ ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် မဟာအရိုင်းကမ္ဘာကို သွားရောက်ဖို့ စိတ်ဝင်စားလာခဲ့ပြီဖြစ်သည်။
အရင်တုန်းက တျဲယွဲ့သည် မိုးကောင်းကင်ကို မဖာသေးခင် သူမသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ သူရေးသားခဲ့သည့် စာကြောင်းကို သတိထားမိသွားပြီး ချီးကျူးခဲ့လေသည်။
“ဘယ်လောက်တောင်ရဲဝင့်လိုက်လဲ... နင်ကငါ့ကိုယှဥ်နိုင်တာပဲ”
“ငါနင့်ကို အထက်ဘုံမှာစောင့်နေမယ်... နင်က အထက်ဘုံလောကရဲ့ တောင်တန်းတွေမြစ်တွေကိုချိုးဖျက်ပြီး ငါကို တစ်ဖန်ပြန်လာတွေ့နိုင်ဖို့ မျှော်လင့်တယ်”
ထိုစကားသည် သူ့အတွက် တျဲယွဲ့နောက်ဆုံးချန်ထားခဲ့သည့် စကားလုံးများဖြစ်လေသည်။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဤအဆင့်ထိကျင့်ကြံလာခဲ့ပြီဖြစ်သည်။ သိုင်းတာအိုနယ်ပယ်မှာ သူသည် ယခုအချိန်ထိ ဘုရင်တစ်ပါးမဖြစ်သေးပေ။
သို့သော်လည်း သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ တစ်မူထူးခြားမှုကို အသုံးချကာ ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ပြီး အခြားသောလမ်းကြောင်းတစ်ခုကနေတစ်ဆင့် သူ၏ ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို အရင်ဆုံးထိန်းချုပ်လာနိုင်ခဲ့သည်။
သူ၏ လက်ရှိခွန်အားအရ သူသည် အထက်ဘုံလောက၏ တောင်တန်းများ၊ မြစ်များကို ချိုးဖျက်နိုင်သည့်အဆင့်ထိ မရောက်ရှိသေးသော်လည်း သူသည် တျဲယွဲ့ကိုရှာဖွေရန် မဟာအရိုင်းကမ္ဘာသို့ သွားရောက်ဖို့ အဆင့်မီနေပြီဖြစ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားဖို့ကို အလောတကြီးရှိမနေပေ။
သူ့မှာ အဝီစိနှင့်ပတ်သက်သည့် မေးခွန်းများစွာရှိနေဆဲဖြစ်ပြီး သူက အဖြေတစ်ခုကို ရှာဖွေလိုသည်။
ဤနှစ်များအားလုံးမှာ သူသည် အဝီစိမှာ မကြာခဏတံခါးပိတ်ကျင့်ကြံခဲ့သည်။
သူသည် ငရဲဖိနှိမ်မီးဖိုကို ပိုင်ဆိုင်ထားလေသည်။ မဟာအဝီစိကလွဲလျှင် သူသည် အမျိုးမျိုးသောငရဲငယ်များမှာ လွတ်လပ်စွာကျက်စားသွားလာနိုင်ပြီး ဤနေရာတစ်ထောင့်တစ်နေရာချင်းစီနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
သို့သော်လည်း မဟာဧကရာဇ်အနန္တသည် အရင်တုန်းက အဝီစိကိုဘာ့ကြောင့်ဖန်တီးခဲ့သလဲ သိုင်းတာအိုပင်မခန္ဓာက နားမလည်နိုင်ပေ။
အဲဒါက မိစ္ဆာတွေကိုဖိနှိမ်ဖို့လား။
အဝီစိမှာ မြှုပ်နှံထားသော စွမ်းအားကြီးမားသည့်သက်ရှိများစွာတကယ်ပင်ရှိနေသည်။ သို့သော်လည်း သူတို့ထဲမည်သူကမှ မဟာဧကရာဇ်အနန္တ၏ စိတ်အာရုံများစွာကို ရရှိဖို့ မထိုက်တန်ပေ။
အနန္တငရဲ၏ အစစ်အမှန်ဗဟိုချက်အူတိုင်က အနက်ဆုံးအပိုင်းထဲမှ မဟာအဝီစိဖြစ်လေသည်။
ဒဏ္ဍာရီအရ မဟာအဝီစိကို မဟာဧကရာဇ်အနန္တ၏ အသွေးအသားကနေ အသွင်ပြောင်းလဲထားသည်ဟုဆိုလေသည်။
မဟာဧကရာဇ်အနန္တကို ဤမျှအတိုင်းအတာထိ ဖိအားပေးနိုင်ခဲ့သည်က မည်သို့သောပြိုင်ဘက်မျိုးပါလိမ့်။
မဟာဧကရာဇ်အနန္တသည် တစ်ဘက်သူကိုဖိနှိမ်ဖို့အတွက် သူ၏ ကိုယ်ပိုင်အသွေးအသားနှင့်အတူ ငရဲတစ်ခုကို ဖန်တီးဖို့အတွက် သူ့ကိုယ်သူစွန့်လွှတ်စတေးခဲ့ရသည်။
အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။
ဤအကြောင်းအရာသည် မဟာလောကသုံးထောင်မှာ မွှေနှောက်ခဲ့သော မိစ္ဆာအရှင်နှင့် တစ်နည်းတစ်ဖုံပတ်သက်နေနိုင်မလား။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ မေးခွန်းပေါင်းစုံက ပေါ်ထွက်လာသည်။ မဟာအရိုင်းကမ္ဘာသို့ မသွားရောက်ခင် သူသည် အနန္တငရဲ၏ ဗဟိုချက်နှင့် အနက်ဆုံးအပိုင်းဖြစ်သော မဟာအဝီစိကို စူးစမ်းရှာဖွေဖော်ထုတ်ဖို့ပြင်ထားသည်။
သူလိုချင်သည့်အဖြေများအားလုံးက မဟာအဝီစိမှာ ရှိကောင်းရှိနေနိုင်သည်။
အရင်တုန်းက သူ့ကို ဧကရာဇ်ပိုရွှင်းသည် မဟာအဝီစိထဲသို့ ပစ်ချခဲ့ပြီး သူက အထဲမှာပိတ်မိနေကာ ညှင်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာရောက်ရှိလာခြင်းကြောင့်မဟုတ်လျှင် သိုင်းတာအိုပင်မခန္ဓာသည် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့မည် မဟုတ်ပေ။
သူသည် ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ထားပြီး ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်သည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း အန္တိမအင်မော်တယ်ဘုရင်များကို ဖိနှိမ်ဖို့ လုံလောက်နေပြီဖြစ်သည်။ သူ့အနေဖြင့် မဟာအဝီစိကိုနောက်တစ်ဖန်စူးစမ်းရှာဖွေဖော်ထုတ်ဖို့က လုံလောက်ပေလိမ့်မည်။
ငရဲဖိနှိမ်မီးဖိုအပြင် သူ့မှာ ဝိညာဥ်မီးအိမ်လည်းရှိနေသည်။
ဒါ့အပြင် မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်း၏ ဂူသင်္ချိုင်းထဲမှာတုန်းက ဝီညာဥ်မီးအိမ်သည် တစ္ဆေအင်မော်တယ်များစွာကို လောင်ကျွမ်းစေပြီး လောင်စာဆီများစွာကို ရရှိလာခဲ့သည်။
အဲဒါကို ထွန်းညှိလိုက်သည်နှင့် ၎င်းကို အတန်ကြာသည့်အထိ ထိန်းထားနိုင်ပေလိမ့်မည်။
သူသည် မဟာအဝီစိမှာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် သူသည် ငရဲဖိနှိမ်မီးဖိုနှင့် ဝိညာဥ်မီးအိမ်နှင့်အတူ အချိန်မရွေး ဆုတ်ခွာနိုင်မည်ဖြစ်သည်။
ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး အဲဒါကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။ ဖျတ်ခနဲဆိုသူက အာကာသအလွှာများကို ဖြတ်ကျော်ပြီး မဟာအဝီစိရှိရာသို့ ရောက်ရှိလာသည်။
အောက်ဘက်အလယ်မှာ တံခါးတစ်ချပ်နှင့်ဆင်တူသော ပိန်းပိတ်အောင်နက်မှောင်နေသည့် ဧရာမဝဲကတော့တစ်ခုရှိနေ၏။ ၎င်းသည် အဆုံးမဲ့ပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခု ဖြာထွက်နေသည်။
တံခါး၏ နောက်ဘက်မှာ ဆိုးယုတ်တစ္ဆေများက ညည်းတွားအော်ဟစ်၍ တရိပ်ရိပ်ဖြတ်ပြေးနေသည့်အလားပင်။
ဧကရာဇ်ပိုရွှင်းက သူ့ကို အဝီစိဂိတ်တံခါးထဲသို့ ပစ်ချခဲ့သည့်မြင်ကွင်းက သူ၏ စိတ်ထဲမှာ ပြန်လည်ပေါ်ထွက်လာသည်။ ထိုအချိန်တုန်းက သူသည် မဟာအဝီစိကို အတင်းအကျပ်ပို့ဆောင်ခံခဲ့ရသည်။
သို့သော် ဤတစ်ခေါက်မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် အဖြေတစ်ခုကို ရှာဖွေရန် မဟာအဝီစိသို့ သူ့သဘောနှင့်သူ သွားရောက်လိုလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကိုကိုင်ဆွဲပြီး ခုန်ချလိုက်သည်။
ယခင်က မရေမတွက်နိုင်သော တစ္ဆေသရဲလက်တံများက သူ့ကိုမဟာအဝီစိထဲသို့ ဆွဲယူသွင်းခဲ့သည့်အလားပင်။
ဤတစ်ခေါက်မှာ သူသည် ငရဲဖိနှိမ်မီးဖိုကို သူ၏ လက်ထဲမှာကိုင်ဆွဲထားပြီး အောက်ဘက်ရှိ နက်မှောင်နေသောဝဲကတော့က ရပ်တန့်သွားသည်။
အဝီစိမိစ္ဆာချီက လျင်မြန်စွာပျက်ပြယ်ပြီး လမ်းကြောင်းတစ်ခုကို ပေါ်ထွက်လာလေသည်။
ငရဲဖိနှိမ်မီးဖိုသည် မည်သို့ပင်ဆိုစေ မဟာဧကရာဇ်အနန္တ၏ ဧကရာဇ်လက်နက်ဖြစ်ခဲ့ပြီး အဝီစိ၏ သော့ချက်ဖြစ်လေသည်။ သိုင်းတာအိုပင်မခန္ဓာသည် အဝီစိဂိတ်တံခါးကိုဖြတ်ကျော်ပြီး မဟာအဝီစိသို့ ပြန်လည်ရောက်ရှိလာသည်။
ထူးဆန်း၍ကြောက်စရာကောင်းသောခံစားချက်က နောက်တစ်ဖန်ထင်ဟပ်လာသည်။
မဟာအဝီစိသို့ ဝင်ရောက်လာပြီးနောက် သူ၏ အာရုံငါးပါးနှင့် အာရုံခံသတိစိတ်က လုံးလုံးလျားလျားဖြတ်တောက်ခံလိုက်ရသည်။ သူသည် ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားကို ထိန်းချုပ်ထားသော်လည်း သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိမှာ မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။
ဤနေရာမှာ အလင်း သို့မဟုတ် အမှောင်မရှိဘဲ အရာရာတိုင်းက ဘာမှန်းမသိရပေ။
သူသည် အချိန်စီးဆင်းမှုကို အာရုံမခံနိုင်တော့ဘဲ လေထဲမှာ လွင့်မျောနေသည်ဟု ထင်ရသည်။
သူသည် ခွန်အားကို စိုက်ထုတ်စရာနေရာမရှိဘဲ အာကာသ၏ တည်ရှိမှုကိုပင် အာရုံမခံနိုင်ပေ။
ယခင်တစ်ခေါက်နှင့်မတူဘဲ သူသည် ဤတစ်ခေါက် သူ၏ လက်ထဲမှာ ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထားသည်။ လူတစ်ယောက်ကို အဆုံးမဲ့နာကျင်မှုဆီမှာ ကျဆင်းသွားစေဖို့ လုံလောက်သည့်ငရဲမီးက သူ့အပေါ်ကို ဆင်းသက်မလာခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဦးတည်ဘက်ကို အာရုံမခံနိုင်ဘဲ ရှေ့သို့သာအလိုလိုလျှောက်လှမ်းလာရသည်။
ဘေးပတ်ဝန်းကျင်က မည်သည့်အသံမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
သူ၏ ခြေသံများကိုပင် မကြားရပေ။
အတန်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်အရာကိုမှ ရှာမတွေ့ပေ။
သူထင်ထားသည့်အတိုင်းပင် သူသည် ငရဲဖိနှိမ်မီးဖိုကို ပိုင်ဆိုင်ထားပြီး မဟာအဝီစိမှာ မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရပေ။ သို့သော်လည်း သူသည် မည်သည့်အရာကိုမှလည်း မရရှိပေ။
သူက ဦးတည်ချက်မဲ့စွာဖြင့် ဆက်လျှောက်ရမလား သို့မဟုတ် ဒီကနေပြန်လှည့်ထွက်ရမလား။
သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းနေစဥ်မှာပင် ဘာမှန်းမသိရသော အမှောင်ထု သို့မဟုတ် သူ၏ ဘယ်ဘက်ရှိ ကစဉ့်ကလျား၏ အနက်ပိုင်းထဲကနေ ရုတ်ရုတ်သဲသဲအခြေအနေတစ်ခု ပေါ်ထွက်လာလေသည်။