တမလွန်ရတနာကြေးမုံ
Vol. 176 Ch. 2628
“ဟမ်...”
သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် သုန်မှုန်နေသောအမူအရာဖြင့် တစ်ဘက်သို့ လှည့်လိုက်၏။ သူက ကာထားသည့်အနေဖြင့် သူ့ရှေ့မှာ ငရဲဖိနှိမ်မီးဖိုကို မြှောက်လိုက်သည်။ သူ၏ ပုံရိပ်ကို ခပ်ရေးရေးသာမြင်ရတော့ပြီး သူက ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ်အချိန်မရွေးပြောင်းလဲကာ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ဖို့ ပြင်ထားသည်။
သို့သော်လည်း သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာက စိတ်လက်ပေါ့ပါးလာခဲ့သည်။
ထိုနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက သက်ရှိတစ်ဦးမဟုတ်ဘဲ စိတ်ဆန္ဒတစ်ခုသာဖြစ်သည်။
မဟာအဝီစိမှာ ဤမျှအထိကြာမြင့်အောင် လျှောက်လှမ်းလာခဲ့ပြီးနောက် ဤသည်မှာ စိတ်ဆန္ဒတစ်ခုသာဖြစ်သည်ဆိုလျှင်တောင် ၎င်းသည် သိုင်းတာအိုပင်မခန္ဓာက အခြားတစ်ခုခု၏ တည်ရှိမှုကို ပထမဆုံးအကြိမ်အာရုံခံမိခြင်းဖြစ်သည်။
ထိုစိတ်ဆန္ဒ၏ ပိုင်ရှင်က မဟာအဝီစိမှာရှိနေခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားခဲ့ပြီဖြစ်သည်။
၎င်းပေါ်ထွက်လာပြီးနောက် ၎င်းသည် သိုင်းတာအိုပင်မခန္ဓာအပေါ် ပြင်းထန်သောရန်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။
၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားကို ကိုင်လှုပ်ဖို့ ကြိုးစားပြီး သူ၏ အသိစိတ်ထဲမှာ ကြောက်စရာကောင်းသော မြင်ကွင်းအမျိုးမျိုးကို ပေါ်ထွက်လာစေသည်။
သိုင်းတာအိုပင်မခန္ဓာက နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေပြီး ထိုစိတ်ဆန္ဒကို စိတ်ကြိုက်ပြုလုပ်ခွင့်ပေးထားသည်။
ဤကဲ့သို့သောလှည့်ကွက်များက သိုင်းတာအိုပင်မခန္ဓာကို မခြိမ်းခြောက်နိုင်ပေ။
၎င်းသည် မည်သည့်ရုပ်ဒြပ်စွမ်းအားမှမရှိသည့် အကြွင်းအကျန်စိတ်ဆန္ဒတစ်ခုသာဖြစ်ပြီး ၎င်းထုတ်ဖော်နိုင်သည့် နည်းလမ်းများက အကန့်အသတ်ရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ မျက်လုံးထဲမှာ အထင်အမြင်သေးမှု သို့မဟုတ် လှောင်ပြောင်သရော်မှုမရှိဘဲ ဝမ်းနည်းမှုသာရှိနေသည်။
ဤစိတ်ဆန္ဒ၏ ပိုင်ရှင်သည် အတိတ်ကာလတုန်းက နယ်မြေဒေသတစ်ခုကို အုပ်စိုးသည့် မဟာဧကရာဇ်တစ်ပါးနှင့်ယှဥ်နိုင်သော ထိပ်သီးပညာရှင်တစ်ဦးဖြစ်ရပေမည်။
မဟုတ်ပါက မဟာဧကရာဇ်အနန္တသည် ထိုလူကို ဤနေရာမှာ ဖိနှိမ်ဖို့အတွက် သူ၏ ခန္ဓာကိုယ်နှင့် ဤငရဲကိုဖန်တီးရန် သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့လိမ့်မည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာက မဟာအဝီစိမှာ အတောမသတ်နာကျင်မှုကို ကြိတ်မှတ်ခံစားခဲ့ရသည်။
အနန္တငရဲဟုခေါ်ဆိုသောအရာသည် အာကာသ၊ အချိန်နှင့် ဆင်းရဲဒုက္ခတို့၏ အနန္တဖြစ်မှုကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ။
၎င်းသည် အနန္တစက်ဝန်းတစ်ခုလည်းဖြစ်သည်။ လူတစ်ယောက်က အဝီစိသို့ကျဆင်းလာသည့်ခဏမှာပင် သူတို့သည် မည်သည့်အကြားအလပ်မှမရှိဘဲ အနန္တဆင်းရဲဒုက္ခကို တွေ့ကြုံခံစားရပေလိမ့်မည်။
ဤနေရာကလည်း အနန္တပင်ဖြစ်လေသည်။
တစ်ခုသောရှုထောင့်ကနေကြည့်မည်ဆိုလျှင် အဝီစိသို့ ကျဆင်းလာသောသက်ရှိများက အင်မော်တယ်များ ဖြစ်လုနီးပါးပင်။
မဟာအဝီစိသည် ဖျက်ဆီးမခံရသရွေ့ ဤနေရာမှာရှိသော သက်ရှိများသည် နာကျင်မှုကို ထာဝရကြိတ်မှိတ်ခံစားရပြီး ဘယ်တော့မှလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
အသွေးအသားနှင့်သက်ရှိများဖြစ်စေ သို့မဟုတ် ဝိညာဥ်များသာဖြစ်စေ ထိုခန္ဓာကိုယ်များနှင့် ဝိညာဥ်များ၏ တစ်စိတ်တစ်ပိုင်းချင်းစီတိုင်းသည် အနန္တဆင်းရဲဒုက္ခကို ကြိတ်မှိတ်ခံရပေလိမ့်မည်။
ဤပညာရှင်သည် အရင်တုန်းက မဟာဧကရာဇ်တစ်ပါးနှင့် ယှဥ်နိုင်ရန် ဘယ်လောက်တောင်သန်မာခဲ့တာလဲ။
သို့သော်လည်း မဟာအဝီစိမှာကျဆင်းပြီး ဆင်းရဲဒုက္ခနှင့် ညှင်းပန်းနှိပ်စက်မှုကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြိတ်မှိတ်ခံစားပြီးနောက် အဲဒီမှာ အကြွင်းအကျန်စိတ်ဆန္ဒတစ်ခုသာလျှင် ကျန်ရစ်တော့လေသည်။
၎င်းသည် သိုင်းတာအိုပင်မခန္ဓာအပေါ် ဤကဲ့သို့အဆင့်နိမ့်လှည့်ကွက်တချို့ကို ထုတ်ဖော်နိုင်သည့်အချက်ကပင် ချီးကျူးဖွယ်ရာဖြစ်နေလေပြီ။
အကြွင်းအကျန်စိတ်ဆန္ဒသည် သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထားသည်ကို တွေ့မြင်သောအခါ သူ့ကို မဟာဧကရာဇ်အနန္တ၏ အရိုက်ဆက်ခံသူဖြစ်မည်ဟု ၎င်းက သတ်မှတ်လိုက်ခြင်းဖြစ်ပေမည်။ ထို့ကြောင့်ပင် ၎င်းက ရန်လိုနေခြင်းဖြစ်သည်။
သို့သော်လည်း အကြွင်းအကျန်စိတ်ဆန္ဒက သိုင်းတာအိုပင်မခန္ဓာကို မခြိမ်းခြောက်နိုငိပေ။
“မင်းဘယ်သူလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးမြန်းကြည့်လိုက်သည်။
သို့သော်လည်း သူစကားပြောလိုက်သည့်အခါ မည်သည့်အသံမှထွက်ပေါ်မလာဘဲ တစ်ဘက်သူက သူ့စကားကို မကြားနိုင်ဘူးဆိုတာ နားလည်သိရှိလိုက်သည်။
တစ်ဘက်သူက အမှန်တကယ် တစ်စုံတစ်ရာကိုပြန်ပြောမည်ဆိုလျှင်တောင် သူကအဲဒါကို ကြားရလိမ့်မည်မဟုတ်ပေ။
ဤသည်က မဟာအဝီစိဖြစ်သည်။
အသံများ သို့မဟုတ် စိတ်ဝိညာဥ်အသိစိတ် အသံပို့လွှတ်မှုများအားလုံးက သုံးစားမရပေ။
ဤနေရာမှာ ဆက်သွယ်စရာမည်သည့်နည်းလမ်းမှ မရှိပေ။
ထိုစိတ်စွမ်းအား၏ ပေါ်ထွက်လာမှုကြောင့် သိုင်းတာအိုပင်မခန္ဓာသည် ရှေ့ကိုဆက်လက်၍ စူးစမ်းရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သောအခါ အကြွင်းအကျန်စိတ်ဝိညာဥ်ဆန္ဒက တောင်းပန်တိုးလျှိုးသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသပြီး သိုင်းတာအိုပင်မခန္ဓာကို ဤနေရာမှာနေဖို့ တားဆီးထားလိုသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် အဆုံးမဲ့ဆင်းရဲဒုက္ခကို ကြိတ်မှိတ်ခံစားနေရစဥ် ဤစိတ်ဆန္ဒ၏ ပိုင်ရှင်သည် အထီးကျန်မှုနှင့် နာကျင်မှုကိုလည်း တွေ့ကြုံခံစားနေခဲ့ရသည်။
ဤနေရာမှာ မည်သည့်အသံ၊ မည်သည့်အာကာသ၊ မည်သည့်အချိန် သို့မဟုတ် မည်သည့်အသက်ဓာတ်မှ မရှိပေ။
ဤနေရာမှာ အဆုံးမဲ့နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုသာလျှင်ရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာက ၎င်းကိုလျစ်လျူရှုပြီး ရှေ့သို့ဆက်တက်သွားသည်။
အတန်ကြာပြီးနောက် နောက်ထပ်စိတ်ဆန္ဒတစ်ခုက သူ၏ ညာဘက်ရှိ ငရဲ၏ အနက်ပိုင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤစိတ်စွမ်းအားက ယခင်တစ်ခုနှင့် ကွဲပြားခြားနားကြောင်းကို ခပ်ရေးရေးပြောနိုင်လေသည်။
သို့သော်လည်း ဤစိတ်ဆန္ဒသည်လည်း သိုင်းတာအိုပင်မခန္ဓာအပေါ် အလွန်တရာရန်လိုနေပြီး သူ့ကိုခြိမ်းခြောက်ရန် အဆင့်နိမ့်လှည့်ကွက်တချို့ကို ထုတ်ဖော်လိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားယိမ်းယိုင်ခြင်းမရှိဘဲ ရှေ့သို့ဆက်တက်လာခဲ့၏။
အတန်ကြာပြီးနောက် တတိယမြောက်စိတ်ဆန္ဒက ပေါ်ထွက်မလာခဲ့ပေ။
သူသည် ဗလာကျင်းနေသော မဟာအဝီစိမှာ အတန်ကြာသည့်အထိ လှည့်ပတ်သွားလာခဲ့သော်လည်း အကြွင်းအကျန်စိတ်ဆန္ဒနှစ်ခုသာလျှင် ပေါ်ထွက်ခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာမှာ လှည့်ပတ်သွားလာပြီးတာတောင် သူက မည်သည့်အရာကိုမှ မရရှိခဲ့ပေ။
သူသည် အကြွင်းအကျန်စိတ်ဆန္ဒနှစ်ခုနှင့် ကြုံတွေ့ခဲ့တာတောင် သူသည် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိဘဲ အသုံးဝင်သောသတင်းအချက်အလက် မည်သည့်အရာကိုမှ မရရှိခဲ့ပေ။
သူ၏ ဘေးပတ်ဝန်းကျင်က ကျယ်ပြော၍ အလင်းသို့မဟုတ် အမှောင်ထုမရှိပေ။
“ဒီလိုအခြေအနေအောက်မှာ ငါက ရှေ့ဆက်သွားမယ်ဆိုရင်တောင်မှ ဘာကိုမှရှာတွေ့မှာ မဟုတ်လောက်ဘူး”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာသက်ပြင်းချလိုက်သည်။
သူက လှည့်ထွက်တော့မည့်ဆဲဆဲမှာပင် သူက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဝိညာဥ်မီးအိမ်ကို ရုတ်တရက်ထုတ်ယူလိုက်သည်။
ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ဝိညာဥ်မီးအိမ်ပေါ်ရှိ စွမ်းအားကြီးမားသော စုပ်ယူအားကို ခုခံနိုင်နေပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက အမြုတေစိတ်ဝိညာဥ်မီးတစ်စကို ထုတ်လွှတ်ပြီး ဝိညာဥ်မီးအိမ်ကို ထွန်းညှိလိုက်၏။
ဝိညာဥ်မီးအိမ်က လင်းထိန်လာပြီး မဟာအဝီစိမှာ အလင်းလုံးတစ်လုံးပေါ်ထွက်လာသည်။
အလင်းရောင်က ရောက်ရှိလာပြီး အမှောင်ထုကလည်း တွဲဖက်၍ပေါ်ထွက်လာသည်။
အစကတော့ မဟာအဝီစိမှာ မည်သည့်အလင်းရောင် သို့မဟုတ် မည်သည့်အမှောင်ထုမှမရှိခဲ့ပေ။ သို့သော်လည်း ဝိညာဥ်မီးအိမ်ထွန်းညှိလာစဥ် ဘေးပတ်ဝန်ကျင်ရှိ ကစဉ့်ကလျားများက အမှောင်ထုအဖြစ်ပြောင်းလဲပြီး တဖြည်းဖြည်းဖယ်ရှားရှင်းလင်းခံလာရသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ဆယ်ပေပတ်လည်က အလင်းရောင်ရှိလေသည်။
ထိုအလင်းရောင်အနည်းငယ်က သူ့ကို စိတ်သက်သာရာရစေသည်။
ထိုစဥ်မှာပင် အစက ဝိညာဥ်မီးအိမ်ထဲမှာ ဖြောင့်မတ်စွာလောင်ကျွမ်းနေသော မီးတောက်က ရုတ်တရက်အရပ်တစ်ဘက်သို့ အနည်းငယ်တိမ်းညွှတ်သွားလေသည်။
“အာ...”
သိုင်းတာအိုပင်မခန္ဓာက အာရုံစိုက်၍ကြည့်လိုက်သည်။
ထိုအရာသည် ဝိညာဥ်မီးအိမ်၏ မီးတောက်က စွမ်းအားတချို့ဖြင့် သူ့ကို ထိုအရပ်သို့ လမ်းညွှန်ပြနေသည့်အလားပင်။
မဟာအဝီစိမှာ သိုင်းတာအိုပင်မခန္ဓာသည် ဦးတည်ဘက်အားလုံးကို ဆုံးရှုံးထားရပြီဖြစ်ပြီး ရှေ့သို့သာ ဆက်လက်တက်လှမ်းလာရသည်။
သို့သော်ယခု သူသည် ဝိညာဥ်မီးအိမ်၏ လမ်းညွှန်မှုကို ရရှိလာပြီး သူက အားတက်သရောရှိလာသည်။
မည်သို့ပင်ဆိုစေ ဝိညာဥ်မီးအိမ်၏ တစ်မူထူးခြားမှုက အနည်းဆုံးသဲလွန်စတစ်ခုဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဝိညာဥ်မီးအိမ်၏ မီးတောင်များ ညွှန်ပြနေသော အရပ်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။
အတန်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ ခြေလှမ်းများက တဖြည်းဖြည်းနှေးကွေးသွားပြီး သူက တွေဝေရှုပ်ထွေးသောအမူအရာဖြင့် မလှမ်းမကမ်းမှာရှိသော မြေပြင်ကိုကြည့်လိုက်သည်။
အစကတော့ ဝိညာဥ်မီးအိမ်သည် မဟာအဝီစိမှာ တစ်ခုတည်းသော အလင်းရောင်ဖြစ်လေသည်။
သို့သော်လည်း မလှမ်းမကမ်းမြေပြင်မှာ နောက်ထပ်အလင်းရောင်တစ်ခုက တောက်ပနေ၏။
သိုင်းတာအိုပင်မခန္ဓာက လျှောက်လှမ်းပြီး အာရုံစိုက်၍ကြည့်ရှုလိုက်၏။
ကြေးမုံကဲ့သို့ ရှေးဟောင်းပစ္စည်းတစ်ခု၏ တစ်ပိုင်းတစ်ဝက်က မြေကြီးထဲမှာ မြှုပ်နှံခံထားရသည်။
စောစောက သူမြင်ရသောအလင်းရောင်သည် ဝိညာဥ်မီးအိမ်ကနေ ဖြာထွက်နေသော အလင်းရောင်ကို ရှေးဟောင်းကြေးမုံက ရောင်ပြန်ဟပ်ပေးနေခြင်းဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ ရှေးဟောင်းကြေးမုံ၏ တစ်ပိုင်းတစ်ဝက်ကို မြေကြီးထဲကနေ ဆွဲထုတ်လိုက်သည်။
ရှေးဟောင်းကြေးမုံသည် မဟာအဝီစိမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် မြှုပ်နှံခံထားရသော်လည်း အကောင်းတိုင်းကျန်ရှိနေဆဲဖြစ်သည်။
ကြေးမုံသည် ထူးဆန်းသောသွေးရောင်အလင်းဖြင့်တောက်ပနေပြီး မကောင်းဆိုးဝါးဆန်ဆန်အော်ရာတစ်ခုကို ထုတ်ဖော်ပေးနေသည်။
မဟာအဝီစိမှာ မြှုပ်နှံခံထားရသည့် ဤရှေးဟောင်းကြေးမုံသည် သာမန်ပစ္စည်းတစ်ခု သေချာပေါက်မဟုတ်နိုင်ပေ။
ဒါ့အပြင် ၎င်းသည် မဟာဧကရာဇ်အနန္တခေတ်မှ ရတနာတစ်ခုဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက ရှေးဟောင်းကြေးမုံကို ဆုပ်ကိုင်ပြီး အဲဒါကို သူ၏ လက်ဖဝါးဖြင့် ထိကြည့်လိုက်သည်။ ရှေးဟောင်းကြေးမုံ၏ နောက်ကျောဘက်မှာ အမှတ်အသားတချို့ရှိနေသည့်ပုံပင်။
သူက ရှေးဟောင်းကြေးမုံကို လှန်ကြည့်လိုက်သည်။
ရှေးဟောင်းကြေးမုံ၏ ကျောဘက်တွင် စကားလုံးတချို့ကို ခတ်နှိပ်ထားသည်။
တမလွန်ရတနာကြေးမုံ။