သက်ရှိ
Vol. 176 Ch. 2629
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး တမလွန်ရတနာကြေးမုံကို စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း မကောင်းဆိုးဝါးဆန်၍ အေးစက်နေသော ခံစားချက်ကလွဲလျှင် သူသည် တခြားမည်သည့်အရာကိုမှ ရှာမတွေ့ပေ။
သူက ဘယ်လိုပင် ကြိုးစားသည်ဖြစ်စေ ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို ထုတ်ဖော်စဉ်မှာတောင် တမလွန်ရတနာကြေးမုံထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာပေ။
သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်လိုက်သည်။ သူက တမလွန်ရတနာကြေးမုံကို အရင်ဆုံး သိမ်းဆည်းပြီး ဝိညာဉ်မီးအိမ်၏ မီးတောက်စေညွှန်ရာဘက်သို့ ဆက်လက်၍ စူးစမ်းရှာဖွေဖော်ထုတ်ဖို့ ပြင်လိုက်သည်။
သို့သော်လည်း တမလွန်ရတနာကြေးမုံကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လို့မရနိုင်ဘူးဆိုတာ သူက ရုတ်တရက် နားလည်သဘောပေါက်လိုက်၏။
သိုလှောင်အိတ်ကို ဖွင့်ထားသော်လည်း ၎င်းနှင့် တမလွန်ရတနာကြေးမုံကြားမှာ မည်သို့မှ ပေါင်းစည်း၍ မရနိုင်သည့် ခုခံမှုတစ်ရပ် ရှိနေသည်။
သိုင်းတာအိုပင်မခန္ဓာက ဘာမှန်းမသိရသော ရှေးဟောင်းကြေးမုံကို သူ၏ အသိစိတ်ထဲသို့ သာမန်ကာလျှံကာ ပစ်မထည့်ရဲပေ။
ခဏကြာစဉ်းစားတွေးတောပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ရတနာကြေးမုံကို သူ၏ ရင်ဘတ်ကြားထဲ အရင်ဆုံးထိုးထည့်ကာ ဝိညာဉ်မီးအိမ်ကို ကိုင်မြှောက်ပြီး မီးတောက်၏ စေညွှန်ရာအတိုင်း ဆက်လက်၍ လျှောက်လှမ်းလိုက်သည်။
အတန်ကြာပြီးနောက် ရှေ့တည့်တည့်အမှောင်ထုထဲမှာ မြင့်မားသော မည်းမည်းသဏ္ဌာန်အရိပ်ကြီးတစ်ခုက ခပ်ရေးရေးပေါ်ထွက်လာသည်။
အနားသို့ ချဉ်းကပ်လာစဉ် သူ့ရှေ့မှာ ရပ်တည်နေသောအရာသည် တိတ်ဆိတ်ခြောက်ကပ်၍ အထီးကျန်နေသော ရှေးဟောင်းမြို့တော်တစ်မြို့ ဖြစ်သည်ကို သိုင်းတာအိုပင်မခန္ဓာက တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
မဟာအဝီစိရဲ့ အနက်ပိုင်းထဲမှာ ရှေးဟောင်းမြို့တော်တစ်မြို့ ရှိနေတာလား။
ရှေးဟောင်းမြို့တော်မှာ မည်သည့်မြို့ရိုးမှ မရှိတော့ပေ။
ရှေးဟောင်းမြို့တော်၏ ဝင်ပေါက်ဝသည် ရှေးကျသော သတ္တဝါကြီးတစ်ကောင်၏ ပါးစပ်ပေါက်နှင့်တူနေသည်။ ၎င်းသည် အထဲမှာ နက်ရှိုင်း၍ မှောင်မည်းနေပြီး ရှေ့မှာရှိသောလမ်းကို မတွေ့မြင်ရပေ။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ရှေးဟောင်းမြို့တော်သည် တိတ်ဆိတ်ငြိမ်သက်၍ လမ်း၏ တစ်ဖက်တစ်ချက်စီမှာ မည်သည့်အသက်ဓာတ်မှ မရှိပေ။
သို့သော်လည်း ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက် မဟာအဝီစိမှ စိတ်ပျက်အားငယ်စရာ နာကျင်မှုနှင့် မွန်းကျပ်ဖွယ်ရာကောင်းသော ပတ်ဝန်းကျင်က ပျောက်ကွယ်သွားပုံရသည်။
ရှေးဟောင်းမြို့တော်သည် မဟာအဝီစိထံကနေ ပိုင်းခြားထားသည့် သူ့ကိုယ်ပိုင်လောကတစ်ခု ဖြစ်နေပုံရသည်။
သိုင်းတာအိုပင်မခန္ဓာက ဘယ်ဘက်လက်မှာ ငရဲဖိနှိမ်မီးဖို၊ ညာဘက်လက်မှာ ဝိညာဉ်မီးအိမ်ကို ကိုင်စွဲပြီး လမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့သည်။
သူ၏ ခပ်သဲ့သဲ့ခြေသံများက လွဲလျှင် ဗလာကျင်းနေသော လမ်းမထက်မှာ မည်သည့်အရာမှ ရှိမနေပေ။
ခဏကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် လမ်း၏ အဆုံးသို့ ရောက်ရှိလာပုံရပြီး အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။
လမ်း၏ အဆုံး ဗလာကျင်းနေသောနေရာလွတ်ထဲမှာ ရှေးဟောင်းရေတွင်းတစ်တွင်း ရှိနေပြီး အဲဒါက အနည်းငယ် မပြေပြစ်သည့်ပုံပေါ်နေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီး မည်သည့်အရာကိုမှ ရှာမတွေ့သည့်အခါ ရှေးဟောင်းရေတွင်းရှိရာသို့ ဦးတည်လိုက်လေသည်။
ရှေးဟောင်းရေတွင်း၏ အစပ်ကို ရောက်ရှိလာစဉ် ဝိညာဉ်မီးအိမ်၏ မီးတောက်များက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
သူ့ရှေ့မှ ရှေးဟောင်းရေတွင်းသည် ဝိညာဉ်မီးအိမ် လမ်းညွှန်ပေးနေသည့် ဆုံးမှတ် ဖြစ်သည့်အလားပင်။
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ငုံ့ပြီး ရှေးဟောင်းရေတွင်းကို တစ်ချက်ကြည့်လိုက်သည်။
၎င်းက အထဲမှာ မှောင်မည်း၍ မကောင်းဆိုးဝါးဆန်ပြီး အသက်ဓာတ် ကင်းမဲ့နေသည်။
သူ၏ စိတ်ဝိညာဉ်အသိစိတ်က ရှေးဟောင်းရေတွင်းထဲသို့ ဝင်ရောက်သွားသောအခါ ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားသည်။
သိုင်းတာအိုပင်မခန္ဓာက ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ပြီး တစ်ခုခုကို ရှာဖွေတွေ့ရှိလိုစိတ်ဖြင့် ရှေးဟောင်းရေတွင်းထဲသို့ ဝိညာဉ်မီးအိမ်ကို ဖြည်းဖြည်းချင်းထည့်လိုက်၏။
ထိုစဉ်မှာပင် သူ၏ နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အရမ်းကို နီးကပ်နေလေသည်။
“မင်း ဘာတွေ့ရလဲ”
ဟာ…
သိုင်းတာအိုပင်မခန္ဓာက အေးစက်တောင့်တင်းသွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်ကာ တုန်လှုပ်သွားလေသည်။
ထိုအသံသည် မဟာအဝီစိအတွင်းမှ အကြွင်းအကျန်စိတ်ဆန္ဒတစ်ခု မဟုတ်ပေ။
သူ၏ နောက်ဘက်မှာ တစ်ယောက်ယောက်က တကယ်ပင် မတ်တတ်ရပ်နေသည်ကို သိုင်းတာအိုပင်မခန္ဓာက ရှင်းလင်းစွာ အာရုံခံမိနေသည်။
သက်ရှိလူသားတစ်ယောက်…။
တကယ်ဆို သူ့နောက်ဘက်မှလူ၏ အသက်ရှူသံကိုပင် သူက အာရုံခံမိနေသည်။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
မဟာအဝီစိအနက်ပိုင်းထဲရှိ ဤရှေးဟောင်းမြို့တော်မှာ သက်ရှိတစ်ယောက်ယောက်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
ဒါ့အပြင် သူသည် စောစောက ဤနေရာကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ခဲ့ပြီး သက်ရှိတစ်ဦးကိုမပြောနှင့် ဘေးပတ်ဝန်းကျင်မှာ မည်သည့်အသက်ဓာတ်မှ မရှိခဲ့ပေ။
တကယ်ဆို ဤလူ ဘယ်အချိန်က ရောက်ရှိလာသည်ကိုပင် သူ မသိခဲ့ပေ။
ဤလူက သူ့နောက်ဘက်မှာ ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာတာလဲ…။
ထိုအသံက ရင်းနှီးနေသည်ဟု ထင်ရသည်။
သို့သော်လည်း အသံသည် ရုတ်တရက်ဆန်စွာနှင့် ထူးဆန်းစွာ ပေါ်ထွက်လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက တုန်လှုပ်သွားပြီး အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမိခြင်း မရှိပေ။
သူ၏ အာရုံခံအသိစိတ်က သူ့ကို မည်သည့်သတိပေးချက်မှ ထုတ်ပေးမလာခဲ့ပေ။
ဝင်ရောက်လာသူသည် သူ့အပေါ် ရန်လိုစိတ်မရှိဟု ယူဆနိုင်သည်။
သို့သော်လည်း အဲဒီမှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ရှိနေသည်။ ဝင်ရောက်လာသူသည် သူ၏ အာရုံခံအသိစိတ်မှ ပုန်းကွယ်နိုင်လောက်သည်အထိ လုံလောက်အောင် သန်မာနေခြင်းပင်။
သိုင်းတာအိုပင်မခန္ဓာက ချက်ချင်းထွက်မပြေးပေ။
သူ့နောက်ဘက်မှလူက သူ့ကို အမှန်တကယ်တိုက်ခိုက်ချင်သည်ဆိုလျှင် သူက တစ်ခုခုပြောနေစရာမလိုပေ။ သိုင်းတာအိုပင်မခန္ဓာက လုံးဝကို ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာက တစ်ဖက်သို့ ဖြည်းဖြည်းချင်းလှည့်ပြီး သူ၏ ရှေ့မှ ငရဲဖိနှိမ်မီးဖိုနှင့် ဝိညာဉ်မီးအိမ်ကို မြှောက်ကာ သတိအနေအထားပြင်ထားသည်။
သူက ကြိုတင်ပြင်ဆင်ထားသော်လည်း သူသည် ထိုသူကို တွေ့မြင်သည့်အခါ မယုံကြည်နိုင်မှုဖြင့် တုန်လှုပ်သွားရဆဲဖြစ်သည်။
“စီနီယာ… ခင်ဗျားက…”
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှုတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
ထိုအသံကို ရင်းနှီးနေသည်ဟု ခံစားရသည်မှာ မထူးဆန်းပေ။
သူ့ရှေ့မှာ ရပ်နေသောလူသည် မဟာထျဲဝေတောင်ပေါ်တွင် အဆူရာကျောင်းတော်၏ နောက်ဘေးဘက်မှ သင်္ချိုင်းစောင့်ဟုခေါ်သော မုတ်ဆိတ်မွေးဖြူဘုန်းကြီးအို ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် အုတ်ဂူများကို စောင့်ကြပ်နေသည့် ဤဘုန်းကြီးအိုနှင့် ထိတွေ့ဆက်ဆံမှုများစွာ မရှိခဲ့ပေ။
အရင်တုန်းက သူတို့နှစ်ယောက်သည် တစ်ခါသာ တွေ့ဆုံခဲ့ဖူးသည်။
ဘုန်းကြီးအိုက တစ်မူထူးခြားမှု ရှိသည်ကို သိုင်းတာအိုပင်မခန္ဓာက ခပ်ရေးရေး အာရုံခံမိနိုင်ခဲ့သည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၊ ယွင်ကျူးနှင့် မိုချင်တို့သည် အဝီစိကနေ ထွက်ခွာပြီး ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုရင်ရှစ်ဦး၏ အမဲလိုက်ခြင်းခံခဲ့ရသည်။
ထိုအချိန်တုန်းက ဂူသင်္ချိုင်းများကို စောင့်ကြပ်နေသည့် ဘုန်းကြီးအိုက ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုရင်ရှစ်ဦးထဲ ထက်ဝက်ကျော်ကို သတ်ဖြတ်ခဲ့သည်။
အတိအကျဆိုရလျှင် ဘုန်းကြီးအိုသည် လုံးဝတိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူ့ထံမှ စကားတစ်ခွန်းသည် ဗုဒ္ဓကျောင်းတော်များမှာ ကောင်းကင်ဘုရင်တစ်ပါး၏ အသက်ကို နှုတ်ယူသွားခဲ့သည်။
သူသည် ဗုဒ္ဓကျောင်းတော်များမှာ နောက်ထပ်ကောင်းကင်ဘုရင်တစ်ပါးကို တစ်ချက်သာကြည့်ခဲ့ပြီး ထိုသူက နေရာမှာပင် သေဆုံးသွားခဲ့သည်။
ကောင်းကင်ဘုရင်ရှစ်ဦးထဲမှ သုံးဦးသာလျှင် နောက်ဆုံး အဝီစိသို့ ထွက်ပြေးပုန်းရှောင်ပြီး ဘုန်းကြီးအို၏ လက်ထဲကနေ လွတ်မြောက်လာခဲ့သည်။
သို့သော်လည်း ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာက အဝီစိမှာ ရောက်ရှိနေပြီး ထိုကောင်းကင်ဘုရင်သုံးဦးသည် သူတို့၏ သေဘေးကနေ နောက်ဆုံး မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့နောက် သူသည် ဘုန်းကြီးအိုထံမှ မည်သည့်သတင်းကိုမှ မကြားသိခဲ့ရပေ။
သူသည် ယွင်ကျူးကို ထိုအကြောင်းမေးကြည့်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။
ဘုန်းကြီးအိုသည် သူ့ဘဝ၏ နေဝင်ချိန်သို့ ရောက်ရှိနေပြီး သူ၏ ဘဝသက်တမ်းက အချိန်မရွေး ကုန်ဆုံးသွားနိုင်သည်ဟု ထင်ရသော်လည်း သူ၏ ခွန်အားက ကြောက်စရာကောင်းနေဆဲဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိ၏ ဤရှေးဟောင်းမြို့တော်မှာ ဤဘုန်းကြီးအိုနှင့် ပြန်တွေ့ရမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူသည် ငရဲဖိနှိမ်မီးဖိုနှင့် ဝိညာဉ်မီးအိမ်ကြောင့် မဟာအဝီစိကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။
ဘုန်းကြီးအိုက ဤနေရာကို ဘယ်လိုရောက်ရှိလာတာလဲ…။
ဧကရာဇ်များပင်လျှင် မဟာအဝီစိကို မပြောနှင့် အပြင်ဘက်ရှိ ငရဲငယ်တစ်ခုထဲမှာ ပိတ်မိသွားပြီဆိုလျှင် သူတို့သည် အသက်ရှင်လျက် ထွက်ခွာနိုင်ချင်မှ ထွက်ခွာနိုင်ပေတော့မည်။
ဂူသင်္ချိုင်းများကို စောင့်ကြပ်နေသည့် ဤဘုန်းကြီးအိုက မဟာဧကရာဇ်တစ်ပါး ဖြစ်နေမလား…။
ထိုအတွေးက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူက တုန်လှုပ်သွားသည်။
သို့သော်လည်း သူက သိပ်မကြာခင် သူ၏ စိတ်ကို တည်ငြိမ်စေလိုက်သည်။
သူက မဟာဧကရာဇ်တစ်ပါးဖြစ်စရာ အကြောင်းမရှိပေ။
သူ နားလည်ထားသလောက် မဟာဧကရာဇ်ဒီဃာယု ကွယ်လွန်သွားပြီးကတည်းက ဒီဘက်မျိုးဆက်မှာ မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်လာခြင်း မရှိသေးပေ။
တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါး အမှန်တကယ်ဖြစ်လာခဲ့သည်ဆိုလျှင် ထိုသတင်းက မဟာလောကသုံးထောင်မှာ ပျံ့နှံ့သွားပေလိမ့်မည်။
“စီနီယာ… ခင်ဗျား ဘာလို့…”
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် မေးခွန်းများစွာရှိနေပြီး ဘုန်းကြီးအိုက သူ့အပေါ် ရန်လိုစိတ်မရှိသည့်အခါ သူက မေးမြန်းလိုက်သည်။
သို့သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် ဘုန်းကြီးအိုက ရုတ်တရက် သူ၏ ပိန်လှီနေသောလက်ကို ဆန့်ထုတ်ပြီး သူ၏ ရင်ဘတ်ကို ပစ်တွန်းလိုက်၏။
“ဟမ်”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားသည်။
ဘုန်းကြီးအို၏ ပိန်လှီနေသောလက်က သူ့ကို တွန်းလာသည်ကို သူက ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပုံရပြီး သူက လုံးဝမလှုပ်ရှားနိုင်ပေ။
သူ့လက်ထဲရှိ ငရဲဖိနှိမ်မီးဖိုနှင့် ဝိညာဉ်မီးအိမ်နှင့်ပင်လျှင် အဲဒါက ဘာမှ ထူးခြားမလာခဲ့ပေ။
ဤဘုန်းကြီးအိုက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…။
သူက သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားနေတာလား…။
ဘာလို့လဲ…။
ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာက တစ်ဖျပ်ဖျပ်ပေါ်ထွက်လာသည်။