- ဆက်သွယ်မှု ပျောက်ဆုံးခြင်း
Vol. 176 Ch. 2630
သူ့၏ စိတ်ထဲတွင် အတွေးပေါင်းသောင်းခြောက်ထောင်က ပေါ်ထွက်လာပြီး ဘုန်းကြီးအို၏ ပိန်လှီနေသော လက်ဖဝါးက သိုင်းတာအိုပင်မခန္ဓာ၏ ရင်ဘတ်ပေါ် ဆင်းသက်လာခဲ့ပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက လုံးဝမလှုပ်ရှားနိုင်ဘဲ ဤနေရာမှာ သေရဖို့ကို ပြင်လိုက်သည်။
ဘုန်းကြီးအို၏ ခွန်အားအရ သူ့မှာ ကောင်းကင်လိုဏ်ဂူတစ်ခုနှင့် ပကတိအစစ်အမှန် သိုင်းတာအိုခန္ဓာ ရှိမည်ဆိုလျှင်တောင် သူသည် ဤကဲ့သို့သော လက်ဝါးရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော်လည်း ဘုန်းကြီးအို၏ လက်ဖဝါး ဆင်းသက်လာသောအခါ သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။
အတိအကျဆိုရလျှင် ဘုန်းကြီးအိုက သူ့ကို ညင်သာစွာ တွန်းလိုက်ခြင်းမျှသာဖြစ်သည်။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် ရှေးဟောင်းရေတွင်း၏ အစပ်မှာ မတ်တတ်ရပ်နေသည်။ ဘုန်းကြီးအို၏ တွန်းခြင်းခံရပြီးနောက် သူက သူ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ နက်မှောင်၍ မကောင်းဆိုးဝါးဆန်နေသော ရှေးဟောင်းရေတွင်းထဲသို့ အရင်ဆုံးကျဆင်းသွားသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က အမှောင်ထုဖြင့် ဝါးမျိုခံရပြီး သူသည် အဆုံးမဲ့အသူတရာချောက်နက်ထဲသို့ ကျဆင်းသွားနေသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော ရှေးဟောင်းမြို့တော်နှင့် ရှေးဟောင်းရေတွင်းက ချက်ချင်းပင် ပျောက်ကွယ်သွားပုံရသည်။
ဘုန်းကြီးအိုတစ်ယောက်တည်းကသာ အနီးအနားမှာ ကျန်ရစ်ခဲ့သည်။
နက်မှောင်နေသော ချောက်နက်ကြီးအစပ်သို့ ရောက်ရှိလာပြီး ဘုန်းကြီးအိုက ကျဆင်းသွားသော သိုင်းတာအိုပင်မခန္ဓာကို ငုံ့ကြည့်လိုက်သည်။
သူက ညင်သာစွာ လှောင်ပြုံးပြုံးပြီး သူ၏ အိုမင်းရွတ်တွနေသော မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဘုန်းကြီးအို၏ မှုန်ရီဝေဝါးသော မျက်လုံးအနက်ပိုင်းထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ရှိနေသည်။
နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာသည် အမှောင်ထုဖြင့် လုံးလုံးလျားလျား ဝါးမျိုခြင်းခံရပြီး မည်သည့်အရာကိုမှ မတွေ့မြင်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှု လုံးလုံးလျားလျား ဆုံးရှုံးသွားရသည်။
အစိမ်းရောင်ကောင်းကင် အင်မော်တယ်မဟာနယ်မြေ တိုက်ပွဲနိုင်ငံတွင်…
လူသားဧကရာဇ်၏ အခန်းထဲမှာ…
အင်မော်တယ်မြူခိုးများဖြင့် လွှမ်းခြုံထားပြီး.. ဆူဇီမိုက ဆတ်ခနဲတုန်ယင်ကာ သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်သည်။ ရုတ်တရက် သူက ဒေါသချောင်းချောင်းထွက်နေသော အမူအရာဖြင့် မတ်တတ်ထရပ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိသို့ ဝင်ရောက်လာစဉ် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ စိတ်အာရုံသည် သိုင်းတာအိုပင်မခန္ဓာပေါ် အမြဲတမ်းရောက်ရှိနေခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို သန့်စင်ခဲ့ပြီးနောက် သူက အဝီစိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိသို့ ဝင်ရောက်နေလျှင်တောင် အစစ်အမှန်ခန္ဓာနှစ်ခုက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်ကြဆဲဖြစ်သည်။
ထို့ကြောင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဲဒါကို ကိုယ်တိုင်တွေ့ကြုံခံစားနေရသည့်အလား သိုင်းတာအိုပင်မခန္ဓာ မဟာအဝီစိမှာ တွေ့ကြုံနေရသည့် အရာရာတိုင်းကို သိရှိနေသည်။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာက နက်မှောင်နေသော ချောက်နက်ထဲသို့ ဘုန်းကြီးအို၏ တွန်းပို့ခြင်းခံရပြီးနောက် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ဣန္ဒြေပျက်ယွင်းခြင်းဖြစ်သည်။
သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုကို လုံးဝလျားလျား ဆုံးရှုံးသွားရပြီဖြစ်သည်။
ဆူဇီမို၏ အမူအရာက ပျက်ယွင်းနေသည်။
သိုင်းတာအိုပင်မခန္ဓာသည် မကြာသေးခင်ကမှ ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ပြီး အစစ်အမှန်သိုင်းတာအိုပခန္ဓာကို ပြီးပြည့်စုံစေခဲ့သည်။ တကယ်ဆို သူသည် သိုင်းတာအို၏ နောက်ထပ်နယ်ပယ်အတွက် ဓမ္မအစီအရင်လမ်းကြောင်းတစ်ခုကိုပင် ရရှိနေပြီဖြစ်သည်။
သူသည် မဟာအဝီစိမှာ မကြုံသင့်သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရပြီး သူ၏ ကံကြမ္မာက ဘာမှန်းမသိရတော့ပေ။
မဟာအဝီစိ၏ အနက်ပိုင်းထဲမှာ ဘုန်းကြီးအိုနှင့် ဆုံတွေ့ရလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။
အဲဒါထက် ဘုန်းကြီးအိုသည် မည်သည့်စကားမှမဆိုဘဲ သူ့ကို နက်မှောင်နေသော ချောက်နက်ထဲသို့ တွန်းချလိုက်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ထိုစဉ်မှာပင် ဆူဇီမိုသည် ထူးခြားမှုတစ်စုံတစ်ရာကို ခံစားမိပြီး အလိုလိုလှည့်ကြည့်လိုက်သည်။
မလှမ်းမကမ်းမှာ လူသားဧကရာဇ်လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံက စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် သူ့ကို ကြည့်နေကြသည်။
စောစောက သူ၏ စိတ်အာရုံသည် သိုင်းတာအိုပင်မခန္ဓာပေါ် ရောက်ရှိနေခဲ့သည်။ ယခုအခါမှာသာ ဆူဇီမိုသည် သူ၏ ငေးငိုင်ရာကနေ နိုးထလာပြီး သူက လူသားဧကရာဇ်၏ အခန်းထဲမှာ ရောက်ရှိနေသည်ကို သတိရသွားသည်။
“ကျုပ်က ထျန်ဟွမ်ကုန်းမြေတိုက်က ဆူဇီမိုပါ… စီနီယာ လူသားဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
သူ၏ စိတ်ခံစားချက်များကို ဖိနှိမ်ရင်း ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဦးညွှတ်လိုက်သည်။
လင်းကျန့်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
အင်မော်တယ်ဘုရင်မ လင်းလုံသည် ဆူဇီမိုက လေးနက်သော တစ်စုံတစ်ရာနှင့် ကြုံတွေ့နေရသည်ကို ပြောနိုင်သည့်အလား သူမမှာ စိုးရိမ်ပူပန်သော အမူအရာတစ်ခုရှိနေသည်။ သူမက ညင်သာစွာ မေးလိုက်သည်။
“နင်အဆင်ပြေရဲ့လား”
“ရပါတယ်”
ဆူဇီမိုက ကြိုးစား၍ ပြုံးပြလိုက်သည်။
သူသည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုမည်ဆိုလျှင်တောင် လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံသည် အဲဒါနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြုလုပ်ပေးနိုင်မည် မဟုတ်ပေ။
ဒဏ်ရာအပြင်းအထန်ရရှိထားသော လူသားဧကရာဇ်နှင့် ကောင်းကင်လိုဏ်ဂူအသေး အင်မော်တယ်ဘုရင်မ လင်းလုံကို မပြောနှင့်၊ ဧကရာဇ်များပင်လျှင် မဟာအဝီစိကနေ ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။
“ကျုပ် ဒီကိုရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
ဆူဇီမိုက လူသားဧကရာဇ် လင်းကျန့် နိုးထနေသည်ကို သတိထားမိပြီး အချိန်ကာလအတော်အတန် ကုန်ဆုံးသွားခဲ့ရမည်ဟု နားလည်သဘောပေါက်လိုက်သည်။
“ခုနစ်ရက်ရှိသွားပြီ”
အင်မော်တယ်ဘုရင်မ လင်းလုံက ပြောလိုက်သည်။
“နင်က အခြေအနေတစ်ခုမှာ နစ်မြောသွားပြီး တစ်စုံတစ်ရာနဲ့ ကြုံတွေ့နေရတဲ့ပုံပဲ… အဲဒါကြောင့် ငါတို့က နင့်ကို မနှောင့်ယှက်ခဲ့တာ”
ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ မဟာအဝီစိသို့ သွားရာခရီးစဉ်က တိုတောင်းသည်ဟု ထင်ရသော်လည်း အချိန်ခုနစ်ရက် ကုန်ဆုံးခဲ့သည်။
မဟာအဝီစိမှာ အချိန်စီးဆင်းမှုကို တကယ်ပင် မခံစားမိနိုင်ပေ။
“စီနီယာတို့... ခင်ဗျားတို့က သင်္ချိုင်းစောင့်ဆိုတဲ့သူကို ကြားဖူးလား”
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက ငေးငိုင်နေသော အမူအရာဖြင့် စေ့စေ့စပ်စပ် ပြန်လည်စဉ်းစားလိုက်ကြသည်။ သူတို့က အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏ ခေါင်းများကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ကြသည်။
ဆူဇီမိုက ဤရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။
ရှေးဟောင်းစာအုပ်များစွာကို ဖတ်ရှုပြီး သမိုင်းကြောင်းများမှာ ကျွမ်းကျင်နှံ့စပ်သော ယွင်ကျူးပင်လျှင် သင်္ချိုင်းစောင့်ကို မသိရှိခဲ့ပေ။ လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံတို့အနေဖြင့် မသိရှိသည်မှာ နားလည်လက်ခံ၍ ရလေသည်။
“စီနီယာ လူသားဧကရာဇ်... ခင်ဗျားရဲ့ဒဏ်ရာတွေ ဘယ်လိုနေလဲ”
ဆူဇီမိုက ထပ်မံ၍ မေးလိုက်သည်။
မည်သို့ပင်ဆိုစေ လူသားဧကရာဇ်၏ လက်ရှိထိခိုက်ဒဏ်ရာများသည် အရင်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ လူသားမျိုးနွယ်သည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့စဉ် သူက အရာရာတိုင်းကို လျစ်လျူရှုပြီး ထျန်ဟွမ်ကုန်းမြေတိုက်သို့ အတင်းအကျပ် ဆင်းသက်ခဲ့သောကြောင့် ရရှိလာခဲ့ခြင်းဖြစ်သည်။
လင်းကျန့်က လက်ကာပြပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးပြလိုက်သည်။
“မင်းရဲ့ ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနဲ့ အာသောကသစ်သီးကို ရရှိပြီးတဲ့နောက် ငါက နည်းနည်းသက်သာလာတယ်… ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ပြန်ရောက်နေပြီ… ငါက အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး”
လူသားဧကရာဇ်သည် အဲဒါကို ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း ဆူဇီမိုက ပြောနိုင်လေသည်။
သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အလွန်ဆုံး ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်သို့သာ ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး အဲဒါသည် သူ၏ ယခင်က အထွတ်အထိပ်ခွန်အားနှင့် ဝေးကွာလွန်းလေသည်။
လူသားဧကရာဇ်က ပြုံးပြလိုက်သည်။
“ငါ့ကိုမပူပါနဲ့… ငါက ဒီနှစ်တွေထဲ အထက်ဘုံလောကမှာ ဒီလိုမျိုး ထိခိုက်ဒဏ်ရာတွေနဲ့ နေသားကျနေခဲ့ပြီ”
“တစ်ဖက်မှာ မင်းက တက်လှမ်းလာပြီးကတည်းက ငါနဲ့လင်းလုံကို တကယ်တုန်လှုပ်စေခဲ့တာပဲ”
“နှစ်တစ်သောင်း မပြည့်ခင်မှာတင် မင်းရဲ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အဆင့်-၉ ကောင်းကင်ဘုံအင်မော်တယ်တစ်ယောက်ရဲ့ အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ခဲ့ပြီ… သင့်လျော်တဲ့ အခွင့်အလမ်းတစ်ခု ရှာတွေ့တာနဲ့ မင်းက တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီး ပကတိဧကနယ်ပယ်ကို တက်လှမ်းလာနိုင်တော့မှာပဲ”
“နောက်ပြီး အထီးကျန်သိုင်းသခင်ဆိုတဲ့ဘွဲ့နဲ့ မင်းရဲ့အစစ်အမှန်ခန္ဓာက ပိုပြီးတော့တောင် စွမ်းအားကြီးမားသေးတယ်… မင်းက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ထင်တိုင်းကျဲ မွှေနှောက်ခဲ့တယ်… မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက တိုက်ပွဲကလည်း တစ်လောကလုံးကို တုန်လှုပ်စေခဲ့ပြီ”
“ငါက အဲဒါကို ကိုယ်တိုင်မမြင်တွေ့လိုက်ရတာ နာတာပဲ… နှမြောဖို့ကောင်းလိုက်တာ”
လူသားဧကရာဇ် လင်းကျန့်က တစ်ချိန်လုံးပြုံးနေပြီး ကျေနပ်အားကျသော အမူအရာဖြင့် ဆူဇီမိုကို ချီးကျူးပြောဆိုနေသည်။
ဤနှစ်များအားလုံးမှာ သူသည် တိုက်ပွဲနိုင်ငံတွင် အတွင်းရေး အပြင်ရေး ပဋိပက္ခများနှင့်အတူ ဒဏ်ရာများ၏ ဖိစီးနှိပ်စက်မှုကို ခံနေခဲ့ရသည်။ သူသည် တစ်ချိန်လုံး စိုးရိမ်ပူပန်နေရပြီး ပြုံးလေ့သိပ်မရှိပေ။
ယခုအချိန်မှာ ဆူဇီမိုကို တွေ့မြင်ရခြင်းသည် မကြာသေးခင်နှစ်များအတွင်း သူ၏ အပျော်ရဆုံးအခိုက်အတန့်တစ်ခု ဖြစ်ပေလိမ့်မည်။
တစ်ဖက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံရသည်မှာ ရှားရှားပါးပါးဖြစ်ပြီး သူက အလွန်တရာရင်းနှီးမှုကို ခံစားနေရသည်။
အခြားတစ်ဖက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ ဂျူနီယာတစ်ယောက်သည် အထက်ဘုံလောကမှာ လျင်မြန်စွာ ကြီးပြင်းလာပြီး နာမည်တစ်ခု တည်ဆောက်လာနိုင်ခဲ့သည့်အတွက် သူက စိတ်သက်သာရာရမိသည်။
အရင်တုန်းက သူသည် ဒဏ်ရာအပြင်းအထန်ရရှိမည့် အန္တရာယ်ကို စွန့်စားပြီး အတင်းအကျပ် ဆင်းသက်ခဲ့သည်မှာ သူသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို အသုံးချပြီး မျိုးနွယ်စုအမျိုးမျိုးမှ ဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်လိုခဲ့သောကြောင့် ဖြစ်သည်။
ထိုဖြစ်စဉ်သည် ဆူဇီမိုထံ သူ၏ ဓမ္မတာအိုကို ချန်ထားရစ်ခဲ့ခြင်းနှင့် တူညီသည်။
ထိုစဉ်တုန်းက သူ မထွက်ခွာခင် သူသည် လူသားဧကရာဇ်၏ ရာထူးကိုပင် ဤလူငယ်လေးကို ပေးအပ်ခဲ့လေသည်။
ထိုစဉ်တုန်းက လူငယ်လေးသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ကောင်းကင်ဘုံကမ္ဘာမှာ ဤကဲ့သို့သော နာမည်တစ်ခု တည်ဆောက်လာနိုင်လိမ့်မည်ဟု လူသားဧကရာဇ် လင်းကျန့်ပင် ထင်မှတ်မထားခဲ့ပေ။
“ငါ့ကို ဝိုင်ယူပေးပါဦး”
စိတ်လှုပ်ရှားတက်ကြွစွာဖြင့် လူသားဧကရာဇ်က လက်ပြလိုက်သည်။
အင်မော်တယ်ဘုရင်မ လင်းလုံက ပြုံး၍ပြောလိုက်သည်။
“ကျွန်မ အဲဒါကို ပြင်ထားတာကြာပြီ… ကျွန်မလည်း ပါမယ်… ကျွန်မတို့ ဒီနေ့ စိတ်ကျေနပ်အားရတဲ့အထိ သောက်ကြတာပေါ့”
“ဒီနေရာမှာ ညီအစ်ကိုဖုန့် ရှိမနေတာ နာတာပဲ”
လူသားဧကရာဇ်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး စိတ်မကောင်းသော လေသံဖြင့် ပြောလိုက်သည်။
အင်မော်တယ်ဘုရင်မ လင်းလုံက ဝိုင်ပြင်းသုံးအိုးကို ထုတ်ယူပြီး သူမအတွက် တစ်အိုးကို ချန်ထားကာ လူသားဧကရာဇ်နှင့် ဆူဇီမိုထံ တစ်ယောက်တစ်အိုးစီ ကမ်းပေးလိုက်လေသည်။