← Chapters

ကြိုးကိုင်ခြယ်လှယ်သူဘယ်သူလဲ

Vol. 176 Ch. 2632

ကြိုးကိုင်ခြယ်လှယ်သူဘယ်သူလဲ

Vol. 176 Ch. 2632

အင်မော်တယ်ဘုရင်မလင်းလုံက ပြုံး၍ပြောလိုက်သည်။

“လက်စသတ်တော့ ဒီလိုမျိုးပညာရှင်တစ်ဦးက နင့်ကိုနောက်ခံပေးထားတာကို...အရင်တုန်းက ငါရရှိခဲ့တဲ့သတင်းအချက်အလက်က အဲဒီသားရဲဧကရီ သွေးလိပ်ပြာဆီကနေ လာတာဖြစ်မယ်နဲ့တူတယ်”

ဆူဇီမိုက ဆိုလိုသည့်အရာကို အမှန်တကယ်နားမလည်နိုင်ဘဲ အလိုလိုမေးလိုက်သည်။

“ဘာသတင်းအချက်အလက်လဲ”

အင်မော်တယ်ဘုရင်မလင်းလုံကပြောလိုက်သည်။

“နင်တက်လှမ်းလာတုန်းက ဘုရင်ယွင်ရိုက နင့်ကိုသတ်ဖို့ကြိုးစားခဲ့တယ်... ငါအချိန်မီရောက်လာနိုင်ခဲ့တယ်ဆိုတာ ငါက သတင်းအချက်အလက်တစ်ခုကို ကြိုတင်ပြီးရရှိထားခဲ့လို့ပဲ”

“မဟုတ်ရင် ငါ့ရဲ့နည်းလမ်းတွေနဲ့စွမ်းအားအရဆို နင်ကပ်ဘေးကျရောက်မယ့် အချိန်နဲ့နေရာအတိအကျကို ငါကတွက်ချက်နိုင်ခဲ့စရာအကြောင်းမရှိဘူး”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်သည်။

အင်မော်တယ်ဘုရင်မလင်းလုံက အဲဒါကိုသတိမထားမိဘဲ ညင်သာစွာသက်ပြင်းချလိုက်သည်။

“အာ... ကံဆိုးစွာနဲ့ပဲ လင်းကျန့်က အဲဒီတုန်းက ဒဏ်ရာရနေခဲ့တယ်... ငါက ရောက်လာခဲ့ပေမယ့် ခြေတစ်လှမ်းနောက်ကျသွားပြီး... နင်က အစစ်အမှန်ခန္ဓာတစ်ခုကို ဆုံးရှုံးခဲ့ရတယ်”

“သားရဲဧကရီသွေးလိပ်ပြာက ဘာ့ကြောင့်ကိုယ်​တိုင်ရောက်မလာခဲ့တာလဲ ငါမသိဘူး... သူသာရောက်လာမယ်ဆိုရင် သူက ဘုရင်ယွင်ရိုကို လက်ချောင်းတစ်ချာင်းတည်းနဲ့ ဖိခြေသတ်ဖြတ်နိုင်မှာ”

လင်းကျန့်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“မဟာအရိုင်းကမ္ဘာက အခြေအနေက အတော်လေးဖရိုဖရဲဖြစ်နေပြီ စစ်မီးတောက်တွေက နေရာအနှံ့ပျံ့နှံ့နေတယ်လို့ ငါကြားတယ်... အဲဒီမှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ သားရဲဧကရာဇ်တချို့လည်းရှိကြတယ်”

“ဘာမှန်းမသိတဲ့ အကြောင်းအရင်းတချို့ကြောင့် သားရဲဧကရီသွေးလိပ်ပြာက အရင်တုန်းက ဒဏ်ရာအပြင်းအထန်တောင်ရရှိခဲ့တယ်... သူရဲ့လက်အောက်မှာရှိတဲ့ သားရဲဧကရာဇ်ဆယ့်နှစ်ပါးကလည်း ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ပြီး သူတို့ရဲ့ ပိုင်နက်နယ်မြေ ထက်ဝက်ကျော်က လုယူခံခဲ့ရတယ်”

“မကြာသေးခင်နှစ်တွေထဲမှာ သားရဲဧကရီသွေးလိပ်ပြာက လွှမ်းမိုးခြယ်လှယ်စွာနဲ့ ပြန်ရောက်လာပြီးတာတောင် သူက အခုချိန်ထိ သူဆုံးရှုံးခဲ့ရတဲ့ပိုင်နက်တွေကို ပြန်မရသေးဘူး”

“သူက အဲဒါတွေကို ကိုယ်တိုင်ကိုင်တွယ်နေရတဲ့အတွက် အရမ်းကိုအလုပ်များနေမှာ”

သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေစဥ် ဘေးတစ်ဘက်မှာရှိသော ဆူဇီမိုက တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်၍ အမူအရာပျက်ယွင်းနေသည်ကို သူတို့က ရုတ်တရက်သတိထားမိသွားသည်။

ဆူဇီမိုက မဟာအရိုင်းကမ္ဘာမှအခြေအနေကို စိုးရိမ်ပူပန်နေခြင်းဖြစ်သည်ဟုတွေးပြီး လင်းကျန့်က သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။

“မပူပါနဲ့ ဇီမို... သားရဲဧကရီသွေးလိပ်ပြာရဲ့ လက်ရှိခွန်အားအရဆို ဘယ်သူကမှ သူ့ကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး”

ဆူဇီမိုက တျဲယွဲ့ကို စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။

လူသားဧကရာဇ်ပြောသည့်အတိုင်းပင် တျဲယွဲ့၏ ခွန်အားနှင့် နည်းလမ်းများအရ သူ့အနေဖြင့် သူမကို စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။

ဒါ့အပြင် ယခုအချိန်မှာ သူသည် လုံလောက်အောင်မသန်မာသေးဘဲ မဟာအရိုင်းကမ္ဘာသို့ သွားရောက်မည်ဆိုလျှင်တောင် သူမကို အကူအညီများစွာပေးနိုင်မည်မဟုတ်ပေ။

သူက အခြားတစ်စုံတစ်ရာအကြောင်း စဥ်းစားတွေးတောနေခြင်းဖြစ်သည်။ အင်မော်တယ်ဘုရင်မလင်းလုံသည် သူမအချိန်မီရောက်ရှိလာနိုင်ခဲ့ခြင်းမှာ သတင်းအချက်အလက်တစ်ခုကို လက်ခံရရှိခဲ့သောကြောင့် ဖြစ်သည်ဟု ယခုတင် သူ့ကို ပြောပြခဲ့သည်။

ထိုသတင်းအချက်အလက်သည် တျဲယွဲ့ထံမှလာခြင်းဖြစ်မည်ဟု သူမက မှတ်ယူနေသည်။

သို့သော်လည်း တျဲယွဲ့အပေါ် ဆူဇီမိုနားလည်ထားသလောက် သူမက ထိုကဲ့သို့ပြုလုပ်စရာအကြောင်းမရှိပေ။

တျဲယွဲ့က ဘယ်လောက်တောင်သန်မာလိုက်သလဲ။ သူမသည် တခြားမည်သူ့ထံကိုမှ ကျေးဇူးကြွေးမတင်လိုသော လူတစ်ယောက်ဖြစ်သည်။

ထိုသို့ဖြင့် သူမသည် လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကို အကူအညီတောင်းရန် သတင်းပို့စရာအကြောင်းမရှိပေ။

တျဲယွဲ့က သူ့ကို ကယ်တင်လိုသည်ဆိုလျှင် သူမအနေဖြင့် ဝေ့ဝိုက်နေစရာမလိုအပ်ပေ။

အဲဒါက တျဲယွဲ့၏ သွင်ပြင်ဟန်ပန်ပုံစံလည်း မဟုတ်ပေ။

ထိုပုံစံသည် ဆူဇီမိုကို အခြားအရာတစ်ခုကို အမှတ်ရလာစေသည်။

သူသည် ပကတိမိုးကြိုးမြို့တော်မှာ မင်းသားယွမ်ကျောကို သတ်ဖြတ်ပြီး ထိုသူ၏ ဝိညာဥ်ကိုရှာဖွေခဲ့စဥ်က သူသည် ထိုသူ၏ မှတ်ဉာဏ်များထဲမှာ ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။

အစကတော့ မင်းသားယွမ်ကျောသည် သူရှိနေသည့်နေရာကို မသိရှိခဲ့ပေ။

သူသည် ရုတ်တရက်စာတစ်ဆောင်ကို လက်ခံရရှိခဲ့သောကြောင့် ဆူဇီမိုက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်နေသည်ကို သူက သိရှိသွားပြီး ဆူဇီမို၏ ပြောင်းလဲထားသော ရုပ်ရည်သွင်ပြင်ကိုပါ မှတ်မိသိရှိနိုင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်နှစ်ခုလုံးမှာ ကိစ္စများကို ကိုင်တွယ်ခဲ့သည့်ပုံစံက ဆင်တူနေသည်။

ဆူဇီမိုက အဲဒါကို ချက်ချင်းပင်တွေးမိသွားသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှာရှိသော ထင်မြင်ယူဆချက်ကို အတည်ပြုနေ၏။

ထိုထင်မြင်ယူဆချက်သည် သူတွေးထင်ထားသည်ထက် ပို၍ပင် ကြောက်စရာကောင်းနေသည်။

ဆူဇီမိုသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာသည့်အချိန်မှာပင် မမြင်ရသောလက်တစ်စုံက သူ၏ နောက်ဘက်မှာပေါ်ထွက်လာပြီး သူ၏ ကံကြမ္မာနှင့် သူ၏ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နေသည့်အလား သူက ခံစားနေခဲ့ရသည်။

ယခု ထိုမမြင်ရသောလက်တစ်စုံသည် သူတက်လှမ်းလာသည့်အချိန်မှာပင် ရည်ရွယ်ချက်ရှိရှိဖြင့် အစီအစဥ်တစ်ခုကို ချထားခဲ့ပြီဖြစ်နိုင်ကြောင်း ဆူဇီမိုက ရုတ်တရက်နားလည်မိလာသည်။

“ဇီမို... နင့်ဘာတွေတွေးနေတာလဲ”

အင်မော်တယ်ဘုရင်မလင်းလုံက ဆူဇီမို၏ အမူအရာပျက်ယွင်းမှုကို သတိထားမိပြီး ထပ်မံ၍ မေးလိုက်သည်။

ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“စီနီယာလင်းလုံ... ခင်ဗျားလက်ခံရရှိခဲ့တဲ့ သတင်းအချက်အလက်က သားရဲဧကရီသွေးလိပ်ပြာဆီက မဟုတ်လောက်ဘူး”

“အဲဒါက သားရဲဧကရီသွေးလိပ်ပြာဆီက မဟုတ်ဘူးလား”

အင်မော်တယ်ဘုရင်မလင်းလုံက မျက်မှောင်အနည်းငယ်ကြုတ်ပြီးမေးလိုက်သည်။

“အဲဒါဆို ဘယ်သူလဲ”

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆူဇီမိုက လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ပြန်ပြောပြလိုက်သည်။

သူက မင်းသားယွမ်ကျောကိုဆန့်ကျင်မိခဲ့ပုံ၊ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ခဲ့ပုံနှင့် နောက်ဆုံအလှည့်အပြောင်းတချို့အပြီးမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့ပုံကို ပြောပြလိုက်သည်။

ထိုအကြောင်းအရာကို ကြားသိရ​ပြီးနောက် အင်မော်တယ်ဘုရင်မလင်းလုံ၏ အမူအရာက တည်တံ့လာခဲ့သည်။

အဲဒီမှာ ပြဿနာတစ်ခုရှိနေသည်မှာ သိသာလေသည်။

လင်းကျန့်က မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“သူတက်လှမ်းလာခဲ့ကတည်းက တစ်ယောက်ယောက်က ကိစ္စတွေကို အမှန်တကယ်ထိန်းချုပ်နေတာလား... အဲဒီလူရဲ့ရည်ရွယ်ချက်ကဘာလဲ”

“ပြီးပြည့်စုံတဲ့ဖန်တီးခြင်းကြာပဒုမ္မာပဲ”

အင်မော်တယ်ဘုရင်မလင်းလုံက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဖန်တီးခြင်းကြာပဒုမ္မာက လောကမှာရှိတဲ့ တစ်ခုတည်းသောအရာပဲ... အဲဒါက စဥ်းစားကြည့်လို့မရတဲ့ အလားအလာတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးရတနာပဲ”

“သမိုင်းတစ်လျှောက်မှာ ဖန်တီးခြင်းကြာပဒုမ္မာကြီးပြင်းလာဖို့က အင်မတန်ခဲယဥ်းခဲ့တယ်... အခု ဖန်တီးခြင်းကြာပဒုမ္မာက ဒီဘက်မျိုးဆက်မှာ ဆူဇီမိုနဲ့ပေါင်းစည်းသွားခဲ့ပြီ... သူကြီးပြင်းဖို့အ​ခြေအနေက ပိုပြီးတော့တင်းကျပ်လာခဲ့ပြီ”

“ဆူဇီမိုကို ကြိုတင်ဖိနှိမ်ပြီး အကျဥ်းချထားမယ်ဆိုရင် အဲဒီလူက ဘယ်လိုနည်းလမ်းတွေကိုပဲသုံးသုံး ဆူဇီမိုက စိတ်မပါသရွေ့ သူက ဖန်တီးခြင်းကြာပဒုမ္မာကို နောက်ဆုံးရင့်သန်တဲ့အဆင့် အဆင့်-၁၂ထိ ကြီးပြင်းစေနိုင်မှာ မဟုတ်ဘူး”

“အကောင်းဆုံးနည်းလမ်းက ဆူဇီမိုကို လုံလောက်တဲ့အခွင့်အလမ်းတွေပေးထားပြီး သူ့ဘာသာသူကြီးပြင်းလာအောင် ကျင့်ကြံခိုင်းတာပဲ”

“ဖန်တီးခြင်းကြာပဒုမ္မာက အဆင့်-၁၂ထိ ရင့်သန်လာတဲ့အခါမှ သူက အဲဒါကို ခူးယူဖို့အတွက် နောက်ဆုံးမှာ လှုပ်ရှားမှုပြုလုပ်လိမ့်မယ်... အဲလိုပုံစံနဲ့ သူက အကြီးမားဆုံးအကျိုးအမြတ်ကို ရရှိနိုင်မယ်”

ဆူဇီမိုပြန်ပြောသောစကားကနေတစ်ဆင့် အင်မော်တယ်ဘုရင်မလင်းလုံက အချက်အလက်များစွာကို ကောက်ချက်ချထုတ်နုတ်ပြလိုက်သည်။

သူတို့အားလုံးသည် ဆူဇီမို၏ ယခင်ထင်မြင်ယူဆချက်နှင့်ထပ်တူကျနေသည်။

ဆူဇီမိုသည် ထို​ထင်မြင်ယူဆချက်ကို တစ်ချိန်လုံးလက်မခံလိုခဲ့သည်မှာ ထိုထင်မြင်ယူဆချက်သည် နောက်ဆုံးမှာ လူတစ်ယောက်တည်းကို ရည်ညွှန်းဖော်ပြနေသောကြောင့်ဖြစ်သည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်...။

ထိုထင်မြင်ယူဆချက်မရှိလျှင် ဆူဇီမိုသည် တက္ကသိုလ်၏ ဂိုဏ်းချုပ်အပေါ် အသက်ကယ်ကျေးဇူးကြွေးတင်ရှိနေသည်။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက ယန်လောရှု၏ ခေါင်းမာမှုနှင့် စီနီယာအစ်မမိုချင်၏ အချိန်ကိုက်ရောက်ရှိလာမှုကြောင့်မဟုတ်လျှင် သူသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ သတ်ဖြတ်ခြင်းခံခဲ့ရပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အရိပ်အာဝါသကြောင့်လည်း သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ယာယီအားဖြင့် ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းမှာ သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကိုရရှိပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်လာခဲ့စဥ် သူသည် ရှင်းမပြတတ်သော လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်။

ထိုအချိန်တုန်းက တက္ကသိုလ်၏ ဂိုဏ်းချုပ် ကိုယ်တိုင်ဝင်ပါလာပြီးမှ ကိစ္စများကို ဖြေရှင်းနိုင်ခဲ့သည်။

ယခုအချိန်ထိကို ထိုလုပ်ကြံသတ်ဖြတ်မှုကြိုးပမ်းမှု၏ ပစ်မှတ်က သူလား သို့မဟုတ် အခြားတစ်ယောက်လားဆိုတာ ဆူဇီမိုက သေချာမပြောနိုင်ပေ။

သို့သော်လည်း မည်သို့ပင်ဆိုစေ တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူတို့ကို တကယ်ပင် ကယ်တင်ပေးခဲ့သည်။

ထို့နောက် သူသည် တာအိုနှလုံးသားလှေခါးပေါ်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့သည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပေါ်ထွ​က်လာပြီး သူ့ကို အမည်ခံတပည့်အဖြစ်လက်ခံကာ သူ့အား ပို့ဆောင်ရေးအဆောင်တစ်ခုကိုပင် ပေးအပ်ခဲ့လေသည်။

ဤပို့ဆောင်ရေးအဆောင်ကြောင့်ပင် သူသည် လန့်ဖုန်းမြို့တော်မှာတုန်းက ရုန်းရင်းဆန်ခတ်အခြေအနေကနေ ထောင်ယောင်နှင့်အတူ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းမှာ သူသည် ပကတိမိုးကြိုးမြို့တော်သို့ တစ်ယောက်တည်းသွားရောက်ပြီး ထိုမြို့​ကို မီးလောင်တိုက်သွင်းခဲ့သည်။ သူသည် ကောင်းကင်အင်မော်တယ်များစွာနှင့် မင်းသားယွမ်ကျောကိုပင် သတ်ဖြတ်ခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အင်မော်တယ်ဘုရင်ကို သတိထားမိစေခဲ့သည်။

ထိုအချိန်တုန်းက ပြဿနာကိုလည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်ဝင်ပါလာပြီးမှ ဖြေရှင်းနိုင်ခဲ့သည်။

ဒါ့အပြင် ထိုဖြစ်ရပ်အပြီး၌ တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူနှင့်စကားပြောပြီး သူက ဖန်တီးခြင်းကြာပဒုမ္မာ၏ လျှို့ဝှက်ချက်ကို သိရှိထားပြီဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ထိုအပြန်အလှန်ပြောဆိုစကားကြောင့်ပင် တက္ကသိုလ်၏ ဂိုဏ်းချုပ်အပေါ် ဆူဇီမို၏ သံသယများက သိသိသာသာလျော့ကျသွားခဲ့သည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အမှန်တကယ်လုယူချင်သည်ဆိုလျှင် သူက သူ့အပေါ် ဘာ့ကြောင့် ဤမျှထိ ရိုးသားမှုပြနေရမှာလဲ။

All Chapters