← Chapters

နည်းစနစ်သိုလှောင်ရုံ

Vol. 176 Ch. 2633

နည်းစနစ်သိုလှောင်ရုံ

Vol. 176 Ch. 2633

သို့သော်လည်း ထိုသဲလွန်စများအားလုံးသည် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို ညွှန်ပြနေသည်။

မဟုတ်လျှင်လည်း ထိုသူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တစ်ယောက်ယောက်ဖြစ်ပေမည်။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက ဆူဇီမို၏ စစချင်းဝင်ရောက်လိုသော အဖွဲ့အစည်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မဟုတ်ဘဲ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းဖြစ်ခဲ့သောကြောင့်ပင်။

သို့သော်လည်း မင်းသားယွမ်ကျောနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ ပေါ်ထွက်လာမှုကြောင့် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ကြီးမားသောအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးမှာ ယန်လောရှု၏ ခေါင်းမာမှုနှင့် စီနီယာအစ်မမိုချင်၏ ပေါ်ထွက်လာမှုနှင့်အတူတွဲဖက်၍ အလှည့်အပြောင်းတချို့ဖြစ်ခဲ့ပြီးနောက် သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကိုဝင်ရောက်ခဲ့သည်။

ဖြစ်စဥ်တစ်ခုလုံးက မသေမချာမရေမရာမှုများနှင့် တိုက်ဆိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ဤဖြစ်ရပ်၏ နောက်ကွယ်မှာ အကွက်ချကြံစည်နေသည့် လူတစ်ယောက်တကယ်ပဲရှိသည်ဆိုလျှင် ဤလူသည် တိုက်ဆိုင်မှုများအားလုံးကို တွက်ချက်ထားပြီး ဤကိစ္စ၏ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ထားသည်ဟု အဓိပ္ပါယ်ရနေလေသည်။

အဲဒါက ဘယ်လောက်တောင်ကြီးမားလိုက်တဲ့ ဉာဏ်ပညာအမြော်အမြင်လဲ။

ဒါ့အပြင် တက္ကသိုလ်၏ ဂိုဏ်းချုပ်နှင့် သူစကားပြောပြီးနောက် ဆူဇီမိုသည် နတ်မိမယ်မိုချင်ကို သူမပေါ်ထွက်ခဲ့သည့် အကြောင်းအရင်းကို တကူးတကပင်မေးမြန်းခဲ့သည်။

စီနီယာအစ်မမိုချင်ပြောပုံအရ တက္ကသိုလ်၏ အကြီးအကဲရှစ်ကြောင့် သူမက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်၏ အကြီးအကဲရှစ်က ဘယ်သူလဲ။

ဤကိစ္စမှာ သူက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတာလဲ။

“အဲဒါက တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်ဖြစ်နိုင်မလား”

ဆူဇီမိုက အင်မော်တယ်ဘုရင်မလင်းလုံကိုကြည့်ပြီး ညင်သာစွာမေးမြန်းလိုက်သည်။

အင်မော်တယ်ဘုရင်မလင်းလုံက အသံတိတ်နှုတ်ဆိတ်နေ၏။

ဤကိစ္စ၏ ပါဝင်ပတ်သက်မှုများက အလွန်တရာအရေးပါနေသည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် မည်သို့ပင်ဆိုစေ ဆူဇီမို၏ ဆရာဖြစ်ပြီး သူ့အပေါ် အသက်ကယ်ကျေးဇူးကြွေးရှိနေသည်။ သူမသည် သက်သေအထောက်အထားတစ်စုံတစ်ရာမရှိဘဲ ထင်မြင်ချက်ကို မထုတ်ဖော်နိုင်ပေ။

“သူက တက္ကသိုလ်ရဲ့ဂိုဏ်းချုပ် ဟုတ်လားဆိုတာ ငါသေချာမပြောတတ်ဘူး”

အင်မော်တယ်ဘုရင်မလင်းလုံက လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ဒါပေမဲ့ တက္ကသိုလ်ဂိုဏ်းချုပ်က ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေ.. လူသားနှလုံးသား.. ကံကြမ္မာနဲ့ ကမ္မတို့ကို တွက်ချက်နိုင်စွမ်းရှိတယ်... သူ့မှာ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ဒီလိုမျိုးအကြံအစည်တစ်ခုကို အကောင်အထည်ဖော်နိုင်စွမ်း တကယ်ပဲရှိနေတယ်”

ဤသည်က ရိုးရှင်းသောအကြံအစည်တစ်ခုမဟုတ်ပေ။ မည်သို့ပင်ဆိုစေ ပစ်မှတ်ထားခံရသည်မှာ ဆူဇီမိုတစ်ယောက်တည်းသာမဟုတ်ဘဲ မင်းသားယွမ်ကျော၊ မဟာကျင်းအင်မော်တယ်နိုင်ငံ၊ ယန်လောရှု၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်၊ ပန်းချီအင်မော်တယ်မိုချင်နှင့် အခြားသူများပါဝင်ခဲ့ကြသည်။

ဘုရင်ယွင်ရိုနှင့် အင်မော်တယ်ဘုရင်မလင်းလုံပင်လျှင် ပါဝင်ပတ်သက်ခဲ့သည်။

ဆူဇီမိုစတင်ကျင့်ကြံခဲ့ကတည်းက သူတွေ့မြင်ခဲ့ရသောလူတိုင်းသည် ကြိုးကိုင်ခြယ်လှယ်သူ၏ စစ်တုရင်အရုပ်များ ဖြစ်နေနိုင်သည်။

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“ငါက ဗေဒင်တွက်ချက်တဲ့နေရာမှာ တော်တယ်ဆိုပေမဲ့ ငါကကောင်းကင်ဘုံလျှို့ဝှက်ချက်နဲ့ ကံကြမ္မာကို တွက်ချက်ဟောကြားတဲ့နေရာမှာ တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်ထက် တကယ်ပဲနိမ့်ကျတယ်”

“အနည်းဆုံးတော့ ငါ့ရဲ့အစွမ်းအစနဲ့ဆို ငါက နင်တက်လှမ်းမယ့် အချိန်နဲ့နေရာအတိအကျကို တွက်ချက်နိုင်စရာအကြောင်းမရှိဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တာအိုနှလုံးသားလှေခါး၏ နဝမမြောက်ကျောက်လှေခါးထစ် ဉာဏ်ပညာလှေခါးထစ်ကို တက္ကသိုလ်၏ ဂိုဏ်းချုပ်က စုဖွဲ့ထားခဲ့သည်။

သူသည် နဝမမြောက်ကျောက်လှေခါးထစ်ကို တက်လှမ်းခဲ့စဥ်က သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ စိတ်စွမ်းအားကို တွေ့ကြုံခံစားမိခဲ့သည်။

သူ့တာအိုနှလုံးသားအပေါ်ရိုက်ခတ်မှုက တကယ်ပင်တုန်လှုပ်စရာကောင်းခဲ့သည်။

သူသည် နဝမမြောက်ကျောက်လှေခါးထစ်ကိုဖြတ်ကျော်ပြီး တာအိုနှလုံးသားလှေခါးတွင် ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့နိုင်ခဲ့သည်မှာ သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုသည် အပြန်အလှန်ဆက်သွယ်ပြီး သူ၏ သိုင်းတာအိုစိတ်စွမ်းအားက ဆင်းသက်လာခဲ့သောကြောင့်ဖြစ်သည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်က ကိစ္စများကို ဟာကွက်မဲ့စွာ ကြံစည်နိုင်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုရာကျမည်မဟုတ်ပေ။

ရုတ်တရက် အင်မော်တယ်ဘုရင်မလင်းလုံက မေးလိုက်သည်။

“လန့်ဖုန်းမြို့တော်မှာတည်းက နင်က နန်းတော်ကိုးဆောင်လှပသိမ့်မွေ့ခြေလှမ်းတွေကို အမှတ်တမဲ့ထုတ်ဖော်ခဲ့မိတယ်လို့ လောအာဆီကနေ ငါကြားထားတယ်... နင်က အဲဒီခြေနင်းကွက်ကို တစ်နေရာရာမှာ တွေ့မြင်ဖူးခဲ့တာလား”

“သိုင်းတာအိုပင်မခန္ဓာက ကပ်ဘေးဖြတ်ကျော်စဥ်တုန်းက လူပုံသဏ္ဌာန်ကောင်းကင်ကပ်ဘေးတချို့ ဆင်းသက်လာခဲ့တယ်... အဲဒီထဲမှာ လိပ်ကျောခွံတစ်ခုနဲ့ မြင်းမြီးကျာပွတ်တစ်လက်ကို ကိုင်ဆွဲထားတဲ့ အနက်ရောင်ဝတ်အမျိုးသမီးတစ်ယောက်လည်းပါတယ်”

ဆူဇီမိုသည် အင်မော်တယ်ဘုရင်မလင်းလုံက ရုတ်တရက် ဤကိစ္စကို ဘာ့ကြောင့်ပြောဆိုလာသလဲ မသိရှိပေ။ သို့သော်လည်း သူက ခေါင်းညိတ်ပြလိုက်ဆဲဖြစ်ပြီး တစ်စုံတစ်ရာကို ဖုံးကွယ်မထားပေ။

ဆူဇီမို၏ ဖော်ပြချက်ကို ကြားရသောအခါ အင်မော်တယ်ဘုရင်မလင်းလုံ၏ မျက်လုံးများက ဝင်းလက်သွားသည်။

ဆူဇီမိုက ဆက်ပြောလိုက်သည်။

“အဲဒီအနက်ရောင်ဝတ်အမျိုးသမီးရဲ့ တိုက်ခိုက်ရည်စွမ်းအားက ကြောက်စရာကောင်းတယ်... သူက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ခြေနင်းကွက်ကို တစ်ခါအသုံးပြုခဲ့တယ်... အဲဒါက အရမ်းကိုပဟေယဠိဆန်ပြီး ကျုပ်အပေါ်မှာ နက်ရှိုင်းတဲ့ထင်မြင်ချက်တစ်ခု ကျန်ရစ်ခဲ့စေတယ်”

“နောက်ပိုင်းလန့်ဖုန်းမြို့တော်မှာ ကျုပ်က မသိစိတ်ရဲ့လှုံ့ဆော်မှုနဲ့ အဲဒါကို ထုတ်ဖော်ခဲ့မိတယ်”

“တကယ်ပဲကို...”

အင်မော်တယ်ဘုရင်မလင်းလုံက ညင်သာစွာ တီးတိုးရေရွတ်ပြီး ပြုံး၍မေးလိုက်သည်။

“နင်တွေ့မြင်ခဲ့ရတဲ့ အနက်ရောင်ဝတ်အမျိုးသမီးက ဘယ်သူလဲဆိုတာ သိလား”

“ကျုပ်မသိဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်သည်။

အင်မော်တယ်ဘုရင်မလင်းလုံကပြောလိုက်သည်။

“အဲဒီအနက်ရောင်ဝတ်အမျိုးသမီးရဲ့ ခေတ်ကာလက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ဘီလီယံကျော် ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံချီကတောင် ဖြစ်လိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် သူက အထက်ဘုံရဲ့သမိုင်းမှတ်တမ်းတွေထဲမှာ ရှေးအကျဆုံး မဟာဧကရာဇ်ပဲ”

ထိုသူက နောက်ထပ်မဟာဧကရာဇ်တစ်ပါးဖြစ်လေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

အရင်တုန်းက ဒသမမြောက်ကပ်ဘေးတွင် သိုင်းတာအိုပင်မခန္ဓာတွေ့မြင်ခဲ့ရသည့် ဓားရှည်တစ်လက်နှင့် အဖြူရောင်ဝတ်အမျိုးသမီးသည် အတိတ်ကာလတုန်းက မဟာဧကရာဇ်တစ်ပါးဖြစ်သည်ဟု နတ်ဆိုးမကျိက သူ့ကိုပြောခဲ့ဖူးသည်။

မဟာဧကရီတမလွန်ကိုးဘုံ...။

ဤအနက်ရောင်ဝတ်အမျိုးသမီးသည်လည်း တစ်ခါတုန်းက မဟာဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ တွေ့မြင်ခဲ့ရသည့် လူတချို့သည် အထက်ဘုံလောကမှာ ဓမ္မတာအိုအငွေ့အသက်များ ချန်ထားရစ်ခဲ့သည့် မဟာဧကရာဇ်များ ဖြစ်လောက်လေသည်။

အင်မော်တယ်ဘုရင်မလင်းလုံက ဆက်ပြောလိုက်သည်။

“နင်မြင်တွေ့ခဲ့ရတဲ့ အနက်ရောင်ဝတ်အမျိုးသမီးက မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ပဲ... သူက အထက်ဘုံလောကမှာ ဓမ္မတာအိုအမွေအနှစ်တစ်ခုကို ချန်ထားခဲ့တယ်... အဲဒါက နည်းစနစ်သိုလှောင်ရုံလို့ခေါ်တဲ့ တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုပဲ”

တဗူးဂမ္ဘီရကျင့်စဥ်များသည် အလွန်တရာရှားပါးပြီး မဟာဧကရာဇ်များကသာ တဗူးဂမ္ဘီရကျင့်စဥ်အမွေအနှစ်များကို ချန်ထားရစ်ခဲ့နိုင်ကြသည်။

ဥပမာအားဖြင့် ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့က သန်မာကြသော်လည်း သူတို့၏ မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်နှင့် ကမ္ဘာဖျက်မိစ္ဆာသုတ္တန်တို့သည် အလွန်ဆုံး တဗူးဂမ္ဘီရကျင့်စဥ်များနှင့်သာ ယှဥ်နိုင်ပြီး သူတို့ကို အစစ်အမှန်တဗူးဂမ္ဘီရကျင့်စဥ်များဟု မခေါ်ဆိုနိုင်ပေ။

“နည်းစနစ်သိုလှောင်ရုံက ဗေဒင်... ပထဝီ... ကြမ္မာ... သင်္ချာ... နမိတ်ဖြစ်စဥ်.. အိပ်မက်ကောက်... အတိတ်နိမိတ်ကောက် ... ကြယ်တာရာကောက်... နက္ခတ်ဖြစ်စဥ်... အဆောင်လက်ဖွဲ့နဲ့ တခြားအရာတွေ အကုန်အပါအဝင် အရာရာတိုင်းကို ခြုံငုံမိထားတယ်”

“နည်းစနစ်သိုလှောင်ရုံမှာ အာဒိကပ္ပသမဂ္ဂကနေစပြီး စုစုပေါင်းအတွဲအသုံးတွဲရှိတယ်... ကျန်တဲ့နှစ်တွဲက ချီမင်သွမ့်ကျားနဲ့ ရမ်ခြောက်ပါးဂမ္ဘီရအတွက်အချက်ပဲ”

“အရင်တုန်းက ငါက တက္ကသိုလ်ကဂိုဏ်းချုပ်နဲ့ တစ်ချိန်တည်းမှာ အဲဒီအခွင့်အရေးကိုရခဲ့တယ်... ငါတို့နှစ်ယောက်စလုံးက မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ရဲ့ ဓမ္မတာအိုကနေ ရွေးချယ်တာကိုခံခဲ့ရတယ်.. ဒါပေမဲ့ ငါတို့တွေက မတူညီတဲ့အမွေအနှစ်တွေကို ရခဲ့ကြတယ်... တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က ချီမင်သွမ့်ကျားကိုရပြီး ငါက ရမ်ခြောက်ပါးဂမ္ဘီရအတွက်အချက်ကိုရခဲ့တယ်”

“ကောင်းကင်ဘုံလျှို့ဝှက်ချက်... ကံကြမ္မာနဲ့ တိုက်ခိုက်ရည်နည်းစနစ်တွေကို ဟောကြားတွက်ထုတ်တဲ့နေရာမှာ ချီမင်သွမ့်ကျားက ပိုပြီးတော့သာလွန်တယ်”

“နန်းတော်ကိုးဆောင်လှပသိမ့်မွေ့ခြေလှမ်းတွေရဲ့ ဓမ္မအစီအရင်ကိုတော့ ရမ်ခြောက်ပါးဂမ္ဘီရအတွက်အချက်ထဲမှာ ဖုံးကွယ်ထားတယ်”

ဤနေရာအရောက်မှာ ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့သည်။

အင်မော်တယ်ဘုရင်မလင်းလုံသည် ဤကိစ္စကို ရုတ်တရက်ထုတ်ဖော်ပြောဆိုလာသည်မှာ မထူးဆန်းတော့ပေ။ သူမနှင့် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကြားမှာ ဤကဲ့သို့သော ပတ်သက်ဆက်နွယ်မှုတချို့ ရှိနေလေသည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် ကံကြမ္မာကို ဟောကြားတွက်ချက်ရာမှာ သာလွန်နေသည့်အကြောင်းအရင်းသည် သူက နည်းစနစ်သိုလှောင်ရုံ၏ ချီမင်သွမ့်ကျားကို ရရှိထားခဲ့သောကြောင့်ဖြစ်သည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်သည်။

“စီနီယာ... နည်းစနစ်သိုလှောင်ရုံမှာ အတွဲသုံးတွဲရှိတယ်လို့ အခုပဲခင်ဗျားပြောခဲ့တယ်... အာဒိကပ္ပသမဂ္ဂ အမွေအနှစ်ကို ဘယ်သူရထားတာလဲ”

အင်မော်တယ်ဘုရင်မလင်းလုံပြောပုံအရ အာဒိကပ္ပသမဂ္ဂသည် နည်းစနစ်သိုလှောင်ရုံ၏ အတွဲသုံးတွဲထဲမှာ ပထမဆုံးအတွဲဖြစ်ပြီး ပို၍ပင်လျှို့ဝှက်ဆန်းကြယ်မှုရှိနေသင့်သည်။

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“အာဒိကပ္ပသမဂ္ဂရဲ့ ဓမ္မတာအိုမှာ ထူးခြားတဲ့ဇာစ်မြစ်တစ်ခုရှိတယ်... အဲဒါကို လက်ဆင့်ကမ်းမပေးခဲ့ဘူး... ငါရော တက္ကသိုလ်ကဂိုဏ်းချုပ်ရောက အဲဒါကို မရခဲ့ကြဘူး”

ခဏမျှရပ်တန့်ပြီးနောက် အင်မော်တယ်ဘုရင်မလင်းလုံက ရုတ်တရက် သူမ၏ သိုလှောင်အိတ်ထဲကနေ ရှေးဟောင်းလိပ်ခွံတစ်ခုကိုထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်သည်။

“အရင်တုန်းက မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ရဲ့လက်ထဲမှာ နင်မြင်တွေ့ခဲ့တဲ့လိပ်ကျောခွံက ဒီလိုပုံစံမလား”

ဆူဇီမိုက အာရုံစိုက်၍ကြည့်ရှုပြီး ခေါင်းညိတ်ပြလိုက်သည်။

လိပ်ခွံ၏ အရွယ်အစားနှင့် ၎င်းပေါ်ရှိအကွက်အပြောက်များကပင် အနက်ရောင်ဝတ်အမျိုးသမီးလက်ထဲမှာ သူမြင်တွေ့ခဲ့ရသောအရာနှင့် ထပ်တူထပ်မျှ တူညီလေသည်။

ကြည့်ရသည်မှာ မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ လက်နက်ကို လက်ဆင့်ကမ်းထားခဲ့ပြီဖြစ်ပြီး အဲဒါကို အင်မော်တယ်ဘုရင်မလင်းလုံက ရရှိထားလေသည်။

ထိုစဥ်မှာပင် ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

သူသည် မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ လက်ထဲရှိ အခြားသောလက်နက် ကျောက်စိမ်းလက်ကိုင်မြင်းမြီးကျာပွတ်ကို တွေးမိသွားသည်။

၎င်းသည် သူပိုင်ဆိုင်ထားသည့် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် လုံးလုံးလျားလျားတူညီနေသည်။

ဒါ့အပြင် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်မှာ အာဒိကပ္ပသမဂ္ဂစကားလုံးများရှိနေသည်။

နည်းစနစ်သိုလှောင်ရုံမှာလည်း အာဒိကပ္ပသမဂ္ဂအတွဲရှိသည်ဟုဆိုလေသည်။

သူတို့နှစ်ခုက ပတ်သက်ဆက်စပ်မှုရှိနေမလား။

All Chapters