ယင်ယန်အဆောင်သုတ္တန်
Vol. 176 Ch. 2634
အင်မော်တယ်ဘုရင်မလင်းလုံက ညင်သာစွာပြုံးပြလိုက်သည်။
“ငါထင်တာမမှားဘူးဆိုရင် မဟာဧကရီ ကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ရဲ့ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်က နင့်ဆီမှာရှိရမယ်”
“အင်း”
ဆူဇီမိုက တစ်စုံတစ်ရာကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
“စီနီယာ... အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နဲ့ နည်းစနစ်သိုလှောင်ရုံရဲ့ အာဒိကပ္ပသမဂ္ဂအတွဲကြားမှာ ဆက်စပ်မှုတစ်ခုခုရှိနေမလား”
“အင်း”
အင်မော်တယ်ဘုရင်မလင်းလုံက အရင်ဆုံးတိကျသောအဖြေတစ်ခုကိုပေးပြီးမှ ထပ်မံ၍မေးလိုက်သည်။
“နင်က... အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကိုရတုန်းက လျှို့ဝှက်အတတ်သုတ္တန်တစ်ခုခုကို မရခဲ့ဘူးလား”
“အဲဒီမှာ ယင်ယန်အဆောင်သုတ္တန်လို့ခေါ်တဲ့ သုတ္တန်တစ်ခု တကယ်ပဲရှိခဲ့တယ်...အတွဲနှစ်တွဲပေါင်းရင်တောင် အဲဒါက စကားလုံးခြောက်ရာကျော်ကျော်ပဲရှိတယ်”
ဆူဇီမိုက ပြောလိုက်သည်။
“ဒါပေမဲ့ ယင်ယန်အဆောင်သုတ္တန်က ထူးဆန်းတဲ့မှော်စာလုံးတွေနဲ့ပြည့်နေတာ... ကျုပ်က စကားလုံးတစ်လုံးကိုတောင်မှ နားမလည်နိုင်ဘူး”
အတိအကျဆိုရလျှင် ယင်ယန်အဆောင်သုတ္တန်သည် တာအိုနှလုံးသားလှေခါး၏ နဝမမြောက်ကျောက်လှေခါးထစ်မှာ သူမတ်တတ်ရပ်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို အစီအစဉ်တကျနေရာချခဲ့စဉ်က ဆူဇီမိုရရှိခဲ့သော မျိုးဆက်မှတ်ဉာဏ်တစ်ခုဖြစ်သည်။
သူက ဖြစ်နိုင်ခြေတစ်ခုကိုတွေးမိသွားသည့်အလား ဆူဇီမိုက မေးလိုက်သည်။
“ယင်ယန်အဆောင်သုတ္တန်က နည်းစနစ်သိုလှောင်ရုံရဲ့ ပထမတွဲ အာဒိကပ္ပသမဂ္ဂလား”
အင်မော်တယ်ဘုရင်မလင်းလုံက ပြုံးပြလိုက်သည်။
“ဟုတ်လည်းဟုတ်တယ်... မဟုတ်လည်းမဟုတ်ဘူး”
ဆူဇီမိုက ဝေခွဲမရဖြစ်သွားသည်။
အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။
“အရင်တုန်းက မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်က ဖန်တီးခြင်းကြာပဒုမ္မာကိုရရှိပြီး အဲဒါကိုအဆင့်-၁၂ရဲ့ ရင့်သန်တဲ့အဆင့်ထိ ပြုစုပျိုးထောင်ပြီးမှပဲ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ရလာခဲ့တာ... တကယ်တော့ သူက ယင်ယန်အဆောင်သုတ္တန်ကိုလည်းရရှိခဲ့တယ်”
အင်မော်တယ်ဘုရင်မလင်းလုံ၏ စကားများသည် နောက်ထပ်သတင်းအချက်အလက်တစ်ခုကို ထုတ်ဖော်ပြသနေသည်။
ဖန်တီးခြင်းကြာပဒုမ္မာသည် အလွန်တရာရှေးကျပြီး မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ ခေတ်ကာလကပင် တည်ရှိခဲ့သည်ဟု ဆိုနိုင်သည်။
အင်မော်တယ်ဘုရင်မလင်းလုံက ဆက်ပြောလိုက်သည်။
“တကယ်တော့... နည်းစနစ်သိုလှောင်ရုံရဲ့နောက်ပိုင်း အတွဲနှစ်တွဲဖြစ်တဲ့ ချီမင်သွမ့်ကျားနဲ့ ယန်ခြောက်ပါးဂမ္ဘီရအတွက်အချက်ကို မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်က ဖန်တီးခဲ့တာပဲ”
“ပထမအတွဲ အာဒိကပ္ပသမဂ္ဂကို ယင်ယန်အဆောင်သုတ္တန်ကနေတစ်ဆင့် မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်က နားလည်ဆင်ခြင်ခဲ့တာပဲ”
“အာဒိကပ္ပသမဂ္ဂကို ထည့်ပေါင်းပြီးမှ နည်းစနစ်သိုလှောင်ရုံက တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုရဲ့အဆင့်ကို ရောက်ခဲ့တယ်”
ဆူဇီမိုက ခဏမျှစဉ်းစားတွေးတောပြီး မေးမြန်းလိုက်သည်။
“စီနီယာ... ယင်ယန်အဆောင်သုတ္တန်က အာဒိကပ္ပသမဂ္ဂထက် ပိုပြီးတော့မြင့်မားတဲ့တန်းတစ်ခုမှာရှိနေတယ်လို့ ခင်ဗျားပြောချင်တာလား”
“ဒါပေါ့”
အင်မော်တယ်ဘုရင်မလင်းလုံက ခေါင်းညိတ်ပြလိုက်သည်။
“ယင်ယန်အဆောင်သုတ္တန်ကို ဖတ်ရှုပြီးတဲ့နောက် မတူညီတဲ့လူတွေက မတူညီတဲ့ဓမ္မတာအိုတွေကို နားလည်ဆင်ခြင်နိုင်ခဲ့ကြတယ်”
“မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ပြောပုံအရဆို ယင်ယန်အဆောင်သုတ္တန်မှာ စကားလုံးခြောက်ရာကျော်ကျော်ပဲရှိတယ်ဆိုပေမဲ့ အဲဒီမှာ စကြာဝဠာရဲ အဆုံးမဲ့လျှို့ဝှက်ချက်တွေပါဝင်နေတယ်... အဲဒီကနေ လျှို့ဝှက်ချက်တစ်ခုကို နားလည်ဆင်ခြင်နိုင်တဲ့ဘယ်သူမဆို ကြီးမားတဲ့ အကျိုးအမြတ်ကိုရရှိလိမ့်မယ်”
ရှေးအကျဆုံး မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ပင်လျှင် ယင်ယန်အဆောင်သုတ္တန်ကို ဤမျှအထိ မြင့်မားစွာတန်ဖိုးထားသည်ဆိုပါက ယင်ယန်အဆောင်သုတ္တန်ကို မွေးထုတ်ပေးခဲ့သည့် ဖန်တီးခြင်းကြာပဒုမ္မာ၏ နောက်ခံက ဘာဖြစ်မလဲ။
ဆူဇီမိုက တိတ်တဆိတ်ဆွံ့အသွားပြီး ရင်တစ်ချက်ထိတ်လာခဲ့သည်။
ခဏကြာသည်အထိ ဤကဲ့သို့ကြီးမားသည့် သတင်းအချက်အလက်ကို သူလက်မခံနိုင်ပေ။
ခဏနေပြီးနောက် သူက သူ့ကိုယ်သူတဖြည်းဖြည်းဣနြေဆယ်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ စက္ကူဖြူတစ်ရွက်ကို ထုတ်ယူကာ ယင်ယန်အဆောင်သုတ္တန်ကို အကုန်အစင်ရေးချဖို့ပြင်လိုက်၏။
“နင်ဘာလုပ်နေတာလဲ”
ဆူဇီမိုက စကားလုံးတချို့ကို ရေးသားလိုက်စဥ်မှာပင် အင်မော်တယ်ဘုရင်မလင်းလုံက သူ့ကို အလောတကြီးတားဆီးပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။
ဆူဇီမိုက ပြောလိုက်သည်။
“ကျုပ်က ယင်ယန်အဆောင်သုတ္တန်ရဲ့ ထူးဆန်းတဲ့မှော်စာလုံးတွေကို မဖတ်နိုင်ဘူး... အဲဒါကြောင့် ကျုပ်က အဲဒါကိုရေးချပြီး ခင်ဗျားဆီက လမ်းညွှန်မှုကို ခံယူမလို့ပါ စီနီယာ”
အင်မော်တယ်ဘုရင်မလင်းလုံက လေးနက်စွာပြောလိုက်သည်။
“နင်အဲဒါကို သေချာစဥ်းစားသင့်တယ်... နင်အဲဒီလျှို့ဝှက်အတတ်ကို ချရေးလိုက်တာနဲ့ ငါက အဲဒါကို မြင်မိသွားမှာပဲ”
ဆူဇီမိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်က ကျုပ်အသက်ကို အရင်က ကယ်ခဲ့တာပဲ... ယင်ယန်အဆောင်သုတ္တန်ကို မျှဝေပေးရတာ ကျုပ်အတွက် ဘာမှအပန်းမကြီးဘူး... တကယ်ဆို ခင်ဗျားတို့တွေက ဒီလျှို့ဝှက်အတတ်ကနေ အာဒိကပ္ပသမဂ္ဂအပိုင်းကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့စီနီယာ”
တကယ်တော့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာတုန်းက ဆူဇီမိုသည် တာအိုနှလုံးသားလှေခါး၏ နဝမမြောက်ကျောက်လှေခါးထစ်မှာ မတ်တတ်ရပ်ခဲ့စဥ်က တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် ဤမှော်စာလုံးများကို သိရှိလောက်သည်ဟု သူကနားလည်ခဲ့သည်။
သို့သော်လည်း သူ့နှလုံးသား၏ အနက်ပိုင်းထဲမှာ သူသည် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို အမြဲတမ်းသတိထားနေခဲ့သည်။
ထို့ကြောင့် အစကနေယခုအချိန်ထိ သူသည် ဤကိစ္စကို တက္ကသိုလ်၏ ဂိုဏ်းချုပ်ထံ ဖော်ပြပြောဆိုခဲ့ခြင်း သို့မဟုတ် ယင်ယန်အဆောင်သုတ္တန်၏ ထူးဆန်းသော မှော်စာလုံးများနှင့်ပတ်သက်၍ ထိုသူ့ထံမှ လမ်းညွှန်မှုကိုခံယူခဲ့ခြင်း မရှိပေ။
သို့သော်လည်း ဆူဇီမိုသည် လူသားဧကရာဇ်တို့ ဇနီးမောင်နှံနှင့်ပတ်သက်၍ သံသယတစ်စုံတစ်ရာမရှိပေ။
“ကောင်းပြီလေ”
ဆူဇီမိုက ဆုံးဖြတ်ချက်ချပြီးသွားပြီကို အင်မော်တယ်ဘုရင်မလင်းလုံတွေ့မြင်သောအခါ သူမက သဘောတူစွာခေါင်းညိတ်ပြီး အနည်းငယ်စိတ်လှုပ်ရှားလာခဲ့သည်။
မည်သို့ပင်ဆိုစေ ဤဒဏ္ဍာရီလာသုတ္တန်သည် သူမအတွက်လည်း အလွန်တရာအရေးပါနေသည်။
ဆူဇီမိုပြောသည့်အတိုင်းပင် သူမသည် ၎င်းကနေ အာဒိကပ္ပသမဂ္ဂအပိုင်းကို နားလည်နိုင်မည်ဆိုလျှင် အဲဒါက သူမအတွက် ကြီးမားသောအထောက်အကူနှင့် မြင့်မားတိုးတက်မှုဖြစ်လာစေပေလိမ့်မည်။
သိပ်မကြာခင် ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်၏ ထူးဆန်းသောမှော်စာလုံးများကို သူ၏ မှတ်ဉာဏ်ကနေတစ်ဆင့် အဖြူရောင်စာရွက်ပေါ်မှာ ရေးသားလိုက်ပြီဖြစ်ပြီး အင်မော်တယ်ဘုရင်မလင်းလုံနှင့် လူသားဧကရာဇ်ကို ကမ်းပေးလိုက်သည်။
လင်းကျန့်က ခါးသက်စွာပြုံးပြီး လက်ကာပြလိုက်သည်။
“အဲဒါက ငါ့အတွက်တော့ ဆိုးဆိုးရွားရွားဘာသာစကားပဲ... ငါအဲဒါကို ဘယ်လိုမှ မဖတ်နိုင်ဘူး”
“အဲဒါက တကယ်ပဲ အဲဒီစာလုံးတွေကိုး”
အင်မော်တယ်ဘုရင်မလင်းလုံက တည်တံ့သောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“အဲဒါဘယ်ဘာသာစကားလဲ... သူတို့တွေက ဘယ်မျိုးနွယ်ကနေလာတာလဲ”
ဆူဇီမိုက မေးလိုက်သည်။
“ငါသေချာမပြောတတ်ဘူး”
အင်မော်တယ်ဘုရင်မလင်းလုံက ခေါင်းခါပြလိုက်သည်။
“ငါက မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ရဲ့ အမွေအနှစ်ကို လက်ခံရရှိတုန်းက ဒီစကားလုံးတွေနဲ့ ပထမဆုံးထိတွေ့မိခဲ့တာပဲ”
“အဲဒီစာလုံးတွေက မျိုးနွယ်စုတစ်ခုခုကနေ လာတာမဟုတ်လောက်ဘူး... သူတို့က အရမ်းကိုရှေးကျတဲ့ လူမူအဖွဲ့အစည်းတစ်ခုကလာတာဖြစ်လောက်တယ်... တကယ်ဆို...”
ထိုနေရာအရောက်တွင် အင်မော်တယ်ဘုရင်မလင်းလုံက ခဏမျှရပ်တန့်ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“တကယ်ဆို... အဲဒါက မဟာတစ်ထောင်လောကကနေ လာတာဖြစ်လောက်တယ်”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။
သူသည် မဟာတစ်ထောင်လောကအကြောင်း အနည်းအကျဥ်း သိရှိထားသည်။
အင်မော်တယ်ဘုရင်မလင်းလုံ၏ ကောက်ချက်ချမှုကမှန်ကန်နေသည်ဆိုလျှင် ဤယင်ယန်အဆောင်သုတ္တန်၏ မူလဇာစ်မြစ်က အရမ်းကိုကြီးမားနေပေလိမ့်မည်။
မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ မှတ်ဉာဏ်များအပေါ်မှီခိုရင်း အင်မော်တယ်ဘုရင်မလင်းလုံက လျှို့ဝှက်အတတ်၏ ထူးဆန်းသောမှော်စာလုံးများကို ခေတ်သစ်ဘာသာစကားတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲပေးလိုက်သည်။
ဆူဇီမိုက စကားလုံးများကို တစ်လုံးပြီးတစ်လုံးကြည့်လိုက်သည်။
“မိုးကောင်းကင်ရဲ့တာအိုကိုလေ့လာစောင့်ကြည့်ပါ... သဘောတရားအတိုင်းသတ်ဖြတ်သုတ်သင်ပါ... အဲဒီကနေ အလိုဆန္ဒပြည့်ဝမှုကို ရရှိနိုင်မယ်”
“နှလုံးသားထဲမှာသက်ရောက်နေတဲ့ အပျက်သဘောဆောင် ပင်ကိုယ်အရည်အချင်းငါးခုရှိမယ်... သူတို့ကို ရှာဖွေနိုင်တဲ့သူတွေ ရှင်သန်ရမယ်”
“စကြဝဠာက လက်တစ်ဆုပ်စာအတွင်းမှာ.. အသင်္ချေအသွင်ပြောင်းလဲမှုတွေကတော့ ခန္ဓာကိုယ်အတွင်းကနေလာတယ်”
(တရုတ်-အင်္ဂလိပ်-မြန်မာ နှစ်ဆင့်ဘာသာပြန် ဖြစ်တဲ့အတွက် အထက်ပါစာကြောင်းတွေရဲ့ ဘာသာပြန်ဆိုမှုက မတိကျနိုင်ပါဘူး။ မူရင်းစာသားမှာ ပါဝင်တဲ့ လေးနက်သိမ့်မွေ့မှုနဲ့ နက်ရှိုင်းတဲ့သဘောတရားကို အတိအကျ ဖော်ပြပေးနိုင်မှာ မဟုတ်ပါဘူး။)
စာကြောင်းတစ်ကြောင်းချင်းစီမှာ ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်တချို့နှင့် မဟာတာအို၏ သဘောတရားများပါဝင်နေပုံရသည်။
သို့သော်လည်း ဆူဇီမိုသည် အချိန်တိုအတွင်းမှာ မည်သည့်အရာကိုမှ မဖော်ထုတ်နိုင်ပေ။
ယင်ယန်အဆောင်သုတ္တန်မှာ စကားလုံးခြောက်ရာကျော်ကျော်သာရှိပြီး သိပ်မကြာခင် သူက ဖတ်ရှုလိုက်သည်။
“အမ်...”
ရုတ်တရက် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။ သူသည် ယင်ယန်အဆောင်သုတ္တန်မှ စာပိုဒ်တချို့ကို တွေ့မြင်သောအခါ သူက အဲဒါကို အလိုလိုအသံထွက်၍ ဖတ်ရှုလိုက်သည်။
“ကောင်းကင်ရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ ကြယ်တွေက နဂိုနေရာကနေ ရွေ့လျားကုန်လိမ့်မယ်”
“ကမ္ဘာမြေရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ နဂါးမြွေတို့ ပေါ်ထွက်လာလိမ့်မယ်”
“လူသားသတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ ကောင်းကင်နဲ့မြေကြီးက လဲပြိုကျသွားလိမ့်မယ်”
“ဘာလဲဟ”
ဆူဇီမိုက တုန်လှုပ်သွားသည်။
သူသည် ထိုစာကြောင်းသုံးကြောင်းနှင့် အရမ်းကို ရင်းနှီးမှုရှိခဲ့၏။
ထိုစာကြောင်းသုံးကြောင်းသည် မဟာဓားပညာရပ်သုံးခု၏ လေးနက်သိမ်မွေ့မှုကို ဖွင့်ဆိုထားခြင်းဖြစ်သည်။
ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။
“စီနီယာ... ဓားကမ္ဘာက တစ်ယောက်ယောက်က တစ်ခါတုန်းက ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိခဲ့ဖူးတယ်လို့ ခင်ဗျားကြားဖူးလား”
“တကယ်ပဲ တစ်ယောက်ရှိခဲ့တယ်”
အင်မော်တယ်ဘုရင်မလင်းလုံက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီလူက ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်-၁၁ထိ ပြုစုပျိုးထောင်နိုင်ခဲ့တယ်လို့ဆိုတယ်... အဲဒီလူနဲ့ပတ်သက်ပြီး အထင်ရှားဆုံးအရာကတော့ မဟာလောကသုံးထောင်ကိုကိုင်လှုပ်ခဲ့တဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနဲ့အတူ တွဲဖက်ပြီး သူဖန်တီးခဲ့တဲ့ မဟာဓားပညာရပ်သုံးခုပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်သည်။
“အဲဒီမှာ မှားစရာမရှိတော့ဘူး”
ထိုသို့ဆိုလျှင် ဓားကမ္ဘာမှ ဤပညာရှင်သည် ယင်ယန်အဆောင်သုတ္တန်ကို ရရှိပြီး ဤလျှို့ဝှက်သုတ္တန်ကနေတစ်ဆင့် မဟာဓားပညာရပ်သုံးခုကို နားလည်ဆင်ခြင်ခဲ့လေသည်။
မတူညီသောလူများသည် ယင်ယန်အဆောင်သုတ္တန်ကနေ မတူညီသော ဓမ္မတာအိုများကို နားလည်ဆင်ခြင်နိုင်လိမ့်မည်ဟု အင်မော်တယ်ဘုရင်မလင်းလုံက ဆိုခဲ့သည်မှာ မထူးဆန်းတော့ပေ။