← Chapters

အလောင်းအရိုးတောင်ကြောရိုးများ

Vol. 176 Ch. 2637

အလောင်းအရိုးတောင်ကြောရိုးများ

Vol. 176 Ch. 2637

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး လေထဲမှာမတ်တတ်ရပ်ကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။

ဘေးပတ်ဝန်းကျင်က မှောင်မည်း၍ မကောင်းဆိုးဝါးဆန်းနေသည်။ ဤနေရာမှာ သူ၏ ဦးခေါင်းထက်တွင် နေ၊ လ သို့မဟုတ် ကြယ်တို့မရှိဘဲ ရှားရှားပါးပါးအလင်းရောင်တချို့သည် ထူးဆန်းသောဒေသပေါက်ပင်တချို့ကနေ လာလေသည်။

မြင့်မားသောသစ်ပင်တချို့သည် စို​ပြေသော သစ်ရွက်များနှင့်အတူ ပိန်းပိတ်အောင်နက်မှောင်နေသည်။ သို့သော်လည်း သစ်ရွ​က်အများစုက မည်းနက်နေလေသည်။

သစ်ရွက်တချို့ကသာလျှင် မကြာမကြာခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေ၏။ မှောင်မည်းနေသောပတ်ဝန်းကျင်မှာ သူတို့သည် တလက်လက်နှင့် အတော်လေးမကောင်းဆိုးဝါးဆန်သည့်ပုံပေါ်နေသည်။

ခပ်လှမ်းလှမ်းအမှောင်ထုထဲမှာ များပြားလှစွာသော ဧရာမရှေးဟောင်းတောကောင်များက အမှောင်ထုထဲမှာ ပုန်းလျှိုးနေသည့်အလား ကြီးမားသောအရိပ်တစ်ခုက မလှုပ်မယှက်ပေါ်ထွက်နေသည်။

၎င်းသည် တိတ်ဆိတ်ငြိမ်သက်၍ မှောင်မည်းသောပတ်ဝန်းကျင်မှာ အတော်လေးမကောင်းဆိုးဝါဆန်နေသည်။

မြေပြင်မလှမ်းမကမ်းမှာ တစ္ဆေမီးတောက်များကဲ့သို့ လွင့်မျောနေသော လက်သီးဆုပ်အရွယ် မသတီစရာအစိမ်းရောင်မီးတောက်များရှိနေသည်။

သိုင်းတာအိုပင်မခန္ဓာက အာရုံစိုက်၍ကြည့်ရှုပြီးနောက် သူ၏ မျက်လုံးနှစ်ဖက်ကို အလိုလိုမှေးကျဥ်းလိုက်၏။

တစ္ဆေမီးတောက်များ၏ ကုတ်ခြစ်ရာများနှင့် ကိုက်ခဲရာများပြည့်နှက်နေသည့် အရိုးဖြူဖြူများက ပြန့်ကျဲနေသည်။ ဤနေရာမှာဖြစ်ပွားခဲ့သော တိုက်ပွဲက ဘယ်လောက်တောင်ကြောက်စရာကောင်းခဲ့သလဲ သိသာနေလေသည်။

သိုင်းတာအိုပင်မခန္ဓာက အကြမ်းဖျင်းအာရုံခံကြည့်လိုက်၏။

ဘေးပတ်ဝန်းကျင်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီတချို့ရှိနေသော်လည်း ၎င်းသည် ကောင်းကင်ဘုံကမ္ဘာမှာထက် များစွာပိုမို​ပါးလွှာလေသည်။

တကယ်တော့... အဲဒါသည် နဂါးအသူတရာချောက်နက်ကြယ်မှာထက်တော့ များစွာသာလွန်လေသည်။

သို့သော်လည်း ကောင်းကင်ဘုံကမ္ဘာနှင့်မတူကွဲပြားစွာ ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီတွင် နက်မှောင်၍ မကောင်းဆိုးဝါးဆန်သောစွမ်းအားတစ်ခုက ရောနှောပါဝင်နေသည်။

သိုင်းတာအိုပင်မခန္ဓာသည် စိမ်းသက်သော ကမ္ဘာတစ်ခုသို့ ရောက်ရှိလာသည့်အလား ခံစားနေရသည်။

ဤလောကသည် ကောင်းကင်ဘုံကမ္ဘာ၏ ပတ်ဝန်းကျင်နှင့် ကွဲပြားနေရုံသာမက ဤနေရာမှာရှိသောလေထုသည်ပင် အထက်ဘုံ​ကမ္ဘာတစ်ခုလုံးနှင့် လုံးလုံးလျားလျား ကွဲပြားနေသည့်ပုံပေါ်သည်။

လှည့်ပတ်ကြည့်ရှုရင်း ဤနေရာမှာရှိသော ဒေသပေါက်ပင်များကပင် အတော်လေးစိမ်းသက်၍ ထူးဆန်းသည့်ပုံပေါ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံလောကမှာ ဤကဲ့သို့နေရာကို တစ်ခါမှမမြင်ဖူးခဲ့ပေ။

“ငါဘယ်ကိုရောက်နေတာပါလိမ့်”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူက စေ့စေ့စပ်စပ်အာရုံခံကြည့်ပြီး သူက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုပျောက်ဆုံးသွားပြီကို သိရှိလိုက်၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ထားသည်။ မဟာအဝီစိမှာပင်လျှင် သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုတစ်ခုကို ထိန်းထားနိုင်ဆဲဖြစ်သည်။

ဤနေရာသို့ ကျဆင်းလာပြီးနောက် အပြင်လောကနှင့် သူ၏ ချိတ်ဆက်မှုက လုံးလုံးလျားလျားဖြတ်တောက်ခံလိုက်ရသည်။

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို လှည့်ပတ်ပြီး သာမန်ကာလျှံကာ ပစ်ထိုးလိုက်သည်။

ဘေးပတ်ဝန်းကျင်လေဟာနယ်က တုန်ခါ၍ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး အတွင်းမှာ အာကာသဥမင်တစ်ခုရှိနေသည်။ သိုင်းတာအိုပင်မခန္ဓာက အထဲကို ဖျတ်ခနဲခုန်ဝင်လိုက်၏။ သိပ်မကြာခင် အခြားတစ်ဘက်မှာရှိသော နောက်ထပ်လေဟာနယ်က ပွင့်ထွက်သွားပြီး သိုင်းတာအိုပင်မခန္ဓာက အထဲကနေ လျှောက်လှမ်းထွက်လာကာ မျက်မှောင်ကြုတ်ထားသည်။

တစ်စုံတစ်ရာက လွဲမှားနေသည်။

သူသည် ဤနေရာမှာ လေဟာနယ်ကိုဆုတ်ဖြဲပြီး အချိန်မရွေးတည်နေရာခုန်ကူးနိုင်သော်လည်း သူသည် ကောင်းကင်ဘုံကမ္ဘာကိုမပြောနှင့် မဟာအဝီစိသို့ပင် ပြန်ရောက်မလာနိုင်ခဲ့ပေ။ သူနှင့် မဟာအဝီစိကြားမှာ ကိုင်လှုပ်၍မရနိုင်သော အဟန့်အတားတစ်ခုရှိနေသည့်အလားပင်။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သိုင်းတာအိုပင်မခန္ဓာက စဥ်းစားတွေးတောရင်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။

သူသည် တည်နေရာခုန်ကူးခြင်းကို ယခုတင်ပြုလုပ်ထားခါစဖြစ်ပြီး သူပထမဆုံးမြင်တွေ့ခဲ့သည့် အရိပ်ကြီးနားသို့ ရောက်ရှိလာခဲ့သည်။

သူက ပိုမိုနီးကပ်လာသည့်အမျှ အမှောင်ထဲမှာပုန်းကွယ်နေသည့် အရိပ်များသည် အဆုံးမဲ့တောင်ထွတ်များဖြစ်သည်ကို ရှင်းလင်းစွာတွေ့မြင်လိုက်ရသည်။

အစကတော့ သိုင်းတာအိုပင်မခန္ဓာသည် အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်းမရှိပေ။ သို့သော်လည်း သူ၏ အကြည့်က အနီးဆုံးတောင်ထွတ်ပေါ် အမှတ်တမဲ့ရောက်ရှိသွားပြီးနောက် သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

တောင်ထွတ်၏ နေရာတစ်ဝန်း အလောင်းများက ပြန့်ကျဲနေပြီး သက်ရှိအမျိုးအစားပေါင်းစုံရှိလေသည်။

လူသားများအပြင် အဲဒီမှာအခြားသောမျိုးနွယ်များလည်း ပါဝင်လေသည်။

ဤသည်က ဘယ်လိုလုပ်သာမန်တောင်တစ်လုံးဖြစ်မှာလဲ။ အဲဒါက သွေးနှင့်အလောင်းတို့၏ တောင်တစ်လုံးဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ၎င်းကို အဆက်မပြတ် အပြင်ဘက်သို့ ထုတ်လွှတ်လိုက်၏။

အဆုံးမဲ့တောင်ကြောရိုးများမှာ အလောင်းများက နေရာအနှံ့ပြန့်ကျဲနေပြီး အရိုးရိုးဖြူဖြူများက အောက်ဘက်မှာ ပုံထပ်နေသည်။

တကယ်​ဆို သက်ရှိတချို့သည် မကြာသေးခင်ကမှ သေဆုံးသွားပြီး သူတို့၏ အသားများက ဆွေးရိခြင်း မရှိသေးပေ။

ကြောက်စရာကောင်းသောအရာမှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်ဖြန့်ကြက်ထားသော ကီလိုမီတာငါးထောင်အတွင်း မြင့်မားသော တောင်တန်းများနှင့် မတ်စောက်သောတောင်ထွတ်များသည် ဤကဲ့သို့ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရှိနေကြလေသည်။

ဤတောင်ကြောရိုးတစ်ခုလုံးက အလောင်းများအရိုးများနှင့် ပြည့်​နှက်နေ၏။

ထိုစဥ်မှာပင် ကျင့်ကြံသူတစ်ရာကျော်က သူရှိရာအရပ်သို့ ဦးတည်လာနေသည်ကို သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိလိုက်သည်။

ထိုကျင့်ကြံသူအုပ်စုသည် သူတို့၏ ဘေးပတ်လည်မှာ အလောင်းအရိုးတောင်တန်းများကို တွေ့မြင်ရသောအခါ အံအားသင့်သွားခြင်းမရှိပေ။ သူတို့သည် ဤနေရာနှင့် အသားကျနေသည့် ဒေသခံများဖြစ်သည့်ပုံ ပေါ်လေသည်။

“အဲဒီဘက်မှာ လှုပ်ရှားမှုတချို့ရှိခဲ့တယ်... ငါတို့တစ်ချက်လောက်သွားကြည့်ရအောင်.. ငါတို့တွေက ငိုကြွေးဝိညာဥ်တောင်ကြောရိုးကို အခုပဲ လှဲချထားတာ တခြားအဖွဲ့အစည်းတွေကို အမြတ်ထုတ်ခွင့်ပေးလို့ မဖြစ်ဘူး”

“အာ... တမလွန်ချီက ခန်းခြောက်ပြီး အရင်းအမြစ်တွေက ရှားပါးလာပြီ... ကျင့်ကြံဖို့က ခက်သထက်ခက်လာပြီပဲ”

“ငါက ငါ့ရဲ့ဘဝမှာ ငရဲဗိုလ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိမလားမသိဘူး... ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်နယ်မြေနဲ့ ငရဲငယ်သားသန်းချီနဲ့.. မရေမတွက်နိုင်တဲ့ အချောအလှလေးတွေနဲ့ဆို ဘယ်လောက်ကောင်းမလဲ”

“ငရဲဗိုလ်လား... မစဥ်းစားလိုက်နဲ့ ငါတို့တွေက ငါတို့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ငရဲငယ်သားတွေအဖြစ်နဲ့ပဲ နေရလိမ့်မယ်... တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းတွေက မြောက်ဘက်ရိုးမမှာ အတောမသတ်ဖြစ်နေတာ ငါတို့တွေက နောက်ထပ်နှစ်ကြာကြာထပ်ပြီး ရှင်သန်နေထိုင်နိုင်မယ်ဆိုရင်တောင်မှ မဆိုးဘူးလို့ဆိုရမယ်”

“မင်းက... ငရဲဗိုလ်တစ်ယောက်ဖြစ်တဲ့အထိ ကျင့်ကြံပြီးရင်တောင် အသက်ရှည်ရှည်နေရမယ်လို့ ထင်လို့လား... ငိုကြွေးဝိညာဥ်တောင်ကြောရိုးရဲ့ အရင်ပိုင်နက်အရှင်ကတောင်မှ ငါတို့ရဲ့ပိုင်နက်အရှင်သတ်လို့ သေသွားပြီပဲ”

သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုကြားသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

တမလွန်ချီလား...။

ငရဲငယ်သားလား.. ငရဲဗိုလ်လား...။

မြောက်ဘက်ရိုးမနဲ့ ငိုကြွေးဝိညာဥ်တောင်ကြောရိုးတဲ့လား။

ငိုကြွေးဝိညာဥ်တောင်ကြောရိုးနှင့် မြောက်ဘ​က်ရိုးမက နာမည်များဖြစ်ပေမည်။ သို့သော်လည်း တမလွန်ချီ၊ ငရဲငယ်သားနဲ့ ငရဲဗိုလ်တို့က ဘာတွေလဲ။

သူသည် အထက်ဘုံသို့ တက်လှမ်းလာပြီးကတည်းက သိုင်းတာအိုပင်မခန္ဓာသည် အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေတတ်ခဲ့၏။

သို့သော်လည်း သူသည် ကျင့်ကြံရေးနည်းစနစ်နှင့် လျှို့ဝှက်အတတ်များစွာကို လေ့လာဖတ်ရှုထားခဲ့သည်။ အဝီစိမှာပင်လျှင် လောကသုံးထောင်မှ မရေမတွက်နိုင်သောအမွေအနှစ်များရှိနေသည်။

ထိုအမွေအနှစ်များမှာ တမလွန်ချီ၊ ငရဲငယ်သား သို့မဟုတ် သူတို့ပြောသောစကားလုံးများကို ဖော်ပြထားခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်အာရုံမှာ ကျင့်ကြံသူတစ်ရာကျော်၏ ကျင့်ကြံမှုနယ်ပယ်များက အမျိုးမျိုးကွဲပြားနေသည်။

အားအနည်းဆုံးသူများက မဟူရာအင်မော်တယ်များဖြစ်ပြီး ပိုမိုသန်မာသောသူများက ကောင်းကင်အင်မော်တယ်များဖြစ်ကြသည်။ သူတို့၏ ခေါင်းဆောင်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လေသည်။

ဒါ့အပြင် ထိုကျင့်ကြံသူများသည် လူပုံသဏ္ဍာန်မှာရှိသော်လည်း သူတို့မှာ အနည်းငယ်သော ကွာခြားချက်များ ရှိနေသည်ကို သိုင်းတာအိုပင်မခန္ဓာက သတိထားမိသည်။

ထိုကျင့်ကြံသူများ၏ သူငယ်အိမ်များက အညိုရောင်ဖြစ်သည်။ အလင်းရောင်အရင်းအမြစ် ပြတ်လပ်မှုကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သူတို့၏ အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သွေးရောင်ကင်းမဲ့နေသည်။

ကျင့်ကြံသူများထံမှ သူတို့၏ ဘေးပတ်ဝန်းကျင်နှင့် အလွန်တရာဆင်တူသော မကောင်းဆိုးဝါးဆန်၍အေးစက်နေသော အော်ရာတစ်ခု ဖြာထွက်နေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံလောကမှာ ဤကဲ့သို့သောအော်ရာတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

သူသည် ဤနေရာနှင့်ပတ်သက်၍ ဘာကိုမှမသိရဘဲ တစ်ယောက်ယောက်ကို မေးမြန်းဖို့ ပြင်လိုက်သည်။

ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာက သူတို့ရှိရာသို့ ဦးတည်လိုက်လေသည်။

“ခေါင်းဆောင်တပ်မှူးချီ... အခုကျုပ်တို့က ငိုကြွေးဝိညာဥ်တောင်ကြောရိုးကို လှဲချလိုက်ပြီဆိုတော့... ပိုင်နက်အရှင်က ကျုပ်တို့ကို တမလွန်ကျောက်တုံး ဘယ်လောက်များများခွဲဝေပေးမလဲမသိဘူး”

လူအုပ်ကြားထဲမှ ကျင့်ကြံသူတစ်ယောက်က သွားဖြီး၍ မေးလိုက်၏။

“မပူပါနဲ့... မင်းတို့ရဲ့ဝေစုကို မင်းတို့ရမှာပါ”

ခေါင်းဆောင်တပ်မှူးချီက မှင်သေသေဖြင့် ပြောလိုက်၏။

“ခေါင်းဆောင်... ကြည့်ဦး ဟိုမှာတစ်ယောက်ယောက်ရှိနေတယ်”

ထိုစဥ်မှာပင် ကျင့်ကြံသူအချို့က ခပ်လှမ်းလှမ်းကနေ ပျံသန်းလာနေသော ခရမ်းရောင်ဝတ်အမျိုးသားကို လက်ညှိုးထိုးပြီး သတိပေးလိုက်၏။

“သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ ငါသူ့ကိုဘာလို့ ထောက်လှမ်းလို့မရတာလဲ”

“သူက မျက်နှာဖုံးတစ်ခုကိုတောင် တပ်ထားသေးတယ်... ဘယ်လောက်တောင်သိုဝှက်ထားသလဲ”

“ခေါင်းဆောင်... ဒီလူ့ဆီကနေ အသက်ဓာတ်အော်ရာတစ်ခုဖြာထွက်နေတယ်လို့ ကျုပ်ဘာလို့ခံစားနေရတာလဲ... သူက ကျုပ်တို့ရဲ့မြောက်ပိုင်းရိုးမက မဟုတ်ဘူးနဲ့တူတယ်”

“သူ့မှာ တမလွန်ကျောက်တုံးအတော်များများပါလာတဲ့ ဝဖြိုးတဲ့သိုးတစ်ကောင်ဖြစ်ချင်ဖြစ်နေမှာပေါ့”

ကျင့်ကြံသူအချို့က ဆွေးနွေးပြောဆိုလိုက်ကြ၏။

ခေါင်းဆောင်တပ်မှူးချီက မလှမ်းမကမ်းမှ ခရမ်းရောင်ဝတ်အမျိုးသားကိုကြည့်ပြီး သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းကာ အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

“နောက်ပြီးကျရင် ငါညွှန်ကြားတာကို စောင့်နေကြ.. သူက တကယ်ပဲ သက်ရှိလူသးတစ်ယောက်ဆိုရင် ငါတို့က သူ့ကို အရင်ဆုံးသတ်ဖြတ်ရမယ်”

“အဲဒီမှာ တမလွန်ကျောက်တုံးတွေ တကယ်ပဲရှိနေမယ်ဆိုရင် ငါတို့အဲဒါကိုအရင်ဆုံး ခွဲဝေယူကြတာပေါ့”

“နားလည်ပါပြီ”

သူ့နောက်ဘက်မှာရှိသော ကျင့်ကြံသူများက အလောတကြီးပြန်ဖြေပြီး စိတ်လှုပ်ရှားနေသေညမျက်လုံးများနှင့်အတူ သူတို့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ကြသည်။

All Chapters