← Chapters

အခန်း (၁၃၀၉-၁၃၁၄)

Vol. 85 Ch. 1309-1314

အခန်း (၁၃၀၉-၁၃၁၄)

Vol. 85 Ch. 1309-1314

အပိုင်း ၁၃၀၉ အလျင်စလိုလုပ်ဖို့မလိုပါဘူး...

ကုနင်း ချောင်ယထံမှ အသံဖိုင်ကို လက်ခံရရှိသည့်အချိန်တွင် သူမသည် လင်ရှောင်းထင်၏သူငယ်ချင်းများနှင့် ထမင်းစားပြီးကာစဖြစ်ပြီး သူတို့သည် ချက်ချင်းမပြန်ကြပေ။

သူမလည်း ခွင့်တောင်းကာ အမျိုးသမီးသန့်စင်ခန်းတွင် အသံသွင်းထားသည့် အသံဖိုင်ကို နားထောင်ရန် ထွက်သွားသည်။ ထို့နောက် လူများ မကြားရစေရန် နားကြပ် တပ်လိုက်သည်။

အသံဖိုင်ကိုနားထောင်ပြီးနောက် ကုနင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ အံ့သြမိသည်မှာ သူမ၏ စီးပွားရေးရန်သူသည် သူမ၏စက်ရုံအပေါ် ထိခိုက်အောင်လုပ်နိုင်ခြင်းဖြစ်သည်။ သူမ ချက်ချင်း ကေထံသို့ စာတစ်စောင်ပို့ပြီး ခိုကျီ မိတ်ကပ်စက်ရုံမှ ထုတ်လုပ်သူခေါင်းဆောင်အားလုံးကို စစ်ဆေးရန် ပြောခဲ့သည်။

ခိုကျီ မိတ်ကပ်စက်ရုံတွင် ထုတ်လုပ်မှုအမျိုးအစားများစွာရှိသောကြောင့် ချောင်ယသည် အပြစ်ရှိသောထုတ်လုပ်သူခေါင်းဆောင်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို မရရှိသေးပေ။ ထို့ကြောင့် ထုတ်လုပ်သူခေါင်းဆောင်အားလုံးကို စုံစမ်းစစ်ဆေးရန် လိုအပ်သည်။

ကျောက်ဝေ့၏ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို စစ်ဆေးခြင်းဖြင့် အပြစ်ရှိသောထုတ်လုပ်သူခေါင်းဆောင်ကို ရှာဖွေရန်မှာ မခက်ခဲပေ။

တစ်မိနစ်အတွင်းတွင် ကေက သူမ၏ မက်ဆေ့ချ်ကို ချက်ခြင်းလုပ်လိုက်မည်ဟု စာပြန်ခဲ့သည်။

ထို့နောက် ကုနင်း အမျိုးသမီးသန့်စင်ခန်းထဲမှ ထွက်လာကာ သူမ၏ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

ဟိုတယ်မှ မထွက်ခွာမီ အချိန်အတော်ကြာအောင် အချင်းချင်း စကားစမြည်ပြောကြသည်။ ရှောင်နန်ချန်နှင့် ကျောက်ဝေ့ရှန်းတို့သည် စစ်တပ်အထွေထွေဆေးရုံသို့ ပြန်သွားခဲ့ကြပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့က အိမ်သို့ ကားဖြင့် ပြန်လာခဲ့ကြသည်။

ကျောက်ဝေ့ရှန်း၏ဒဏ်ရာသည် ပျောက်ကင်းလုနီးပါးဖြစ်နေသော်လည်း ရက်အနည်းငယ်ကြာအောင် ဆေးရုံတွင် ဆက်လက်နေထိုင်ရန် လိုအပ်နေသေးကာ ခွင့်ပြုချက်မရှိပဲဆေးရုံမှထွက်ခွင့်မရှိပေ။ နောက်နေ့ ဆေးစစ်အပြီး ဆရာဝန်မှ အဆင်ပြေပြီဟုပြောလျှင်ဆေးရုံက ဆင်းနိုင်သည်။

စစ်တပ်တွင် ရာထူးမြင့်သော စစ်သားများသည် စစ်တပ်အထွေထွေရောဂါကု ဆေးရုံတွင် အခမဲ့ ကုသနိုင်သောကြောင့် စစ်ဆေးရုံ လူနာများကို ငွေကြေးအတွက် အချိန်ဆွဲထားမည်မဟုတ်ပေ။

ကုနင်းနှင့် လင်ရှောင်းထင်တို့ ဟိုတယ်မှ ထွက်ခွာပြီးနောက် မကြာမီတွင် ကုနင်းသည် ကေ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ကျောက်ဝေ့နှင့် လျှို့ဝှက်အဆက်အသွယ်ရှိသည့် ထုတ်လုပ်သူခေါင်းဆောင်ကို သိရှိပြီးဖြစ်ကြောင်း ကေမှ ပြောပြသည်။ ထိုတို့သည် သူတို့၏ ဖုန်းနံပါတ် အစစ်အမှန်များနှင့် အချင်းချင်း ဆက်သွယ်ခဲ့ကြသောကြောင့် ကေ့အတွက် အမှန်တရားကို ရှာဖွေရန် အလွန်လွယ်ကူခဲ့သည်။

ကျောက်ဝေ့နှင့် အဆက်အသွယ်ရှိခဲ့သော ထုတ်လုပ်သူခေါင်းဆောင်မှာ ဝမ်ကျုံးဟန် ဖြစ်သည်။ သူသည် အသက် ၄၀ ခန့်ရှိပြီး ကိုလိန်းတွင် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သည်။

သူသည် နဉ်ချန်းခိုင် ထံတွင် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့သော်လည်း နဉ်ချန်းခိုင်နှင့် ကိုလိန်းကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သေးသည်။ ဆိုလိုသည်မှာ ကျောက်ဝေ့သည် ဝမ်ကျုံးဟန်၏ အားနည်းချက်တစ်ခုခုကိုဆုပ်ကိုင်ထားခြင်းဖြစ်ရမည်။

မည်သို့ပင်ဖြစ်စေ ဝမ်ကျုံးဟန်သည် ကိုလိန်းကို သစ္စာဖောက်ခဲ့ပြီးဖြစ်၍ ကုနင်းအနေနှင့် သူ့ကို အပြစ်ပေးရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

ဝမ်ကျုံးဟန်သည် ကျောက်ဝေ့နှင့် လျှို့ဝှက်ဆက်သွယ်နေကြောင်း သိရသော်လည်း သူတို့အချင်းချင်း ဘာတွေပြောနေကြသည်ကို သူမ မသိသေးသောကြောင့် ဝမ်ကျုံးဟန်ကို တရားမစွဲနိုင်သေးပေ။

အကယ်၍ ဝမ်ကျုံးဟန်သာ ဆိုးရွားသောအမှားတစ်ခုကို မကျူးလွန်မီ ဝန်ခံခဲ့လျှင် ကုနင်း သူ့ကို ခွင့်လွှတ်ကောင်းခွင့်လွှတ်သည်။ သို့သော် သူဆက်လက်လုပ်ဆောင်ပါက ကုနင်းဘက်က သူကြီးကြီးမားမား မှားသည်အထိစောင့်ကာ Corydalis မိတ်ကပ်ကို ပြင်းထန်စွာ အပြစ်ပေးနိုင်မည့်အခွင့်အရေးအား ဆုပ်ကိုင်မည်ဖြစ်သည်။

အကယ်၍ သူမသာ ယခုအချိန်တွင် ဝမ်ကျုံးဟန်ကိုသွားတွေ့ခဲ့ပါက Corydalis မိတ်ကပ်သည် ခိုကျီကို တိုက်ခိုက်ခြင်းကို ရပ်သွားမည်ဖြစ်ပြီး သူမသည်လည်း ခုခံရန် အခွင့်အရေးကောင်းရလာမည်မဟုတ်ပေ။

ထို့ကြောင့် ကုနင်း စိတ်ရှည်ရှည်ထားရန် ဆုံးဖြတ်လိုက်သည်။

ကျောက်ဝေ့တွင်ရှိသည့် ဝမ်ကျုံးဟန်၏အားနည်းချက်ကို သူမ အရင်သိထားရန်လိုအပ်သည်။ ထို့အပြင် သူမသည် Corydalis မိတ်ကပ်နှင့် ကျွမ်းချွမ်ဟောက်အကြောင်းကိုလည်း စုံစမ်းရန် လိုအပ်သေးသည်။

အကယ်၍ သူမသည် ထိုသူတို့၏ ညစ်ပတ်သောလျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိပါက တိုက်ရိုက်ဖော်ထုတ်ပြီး Corydalis မိတ်ကပ်ကို ဖျက်ဆီးပစ်မည်။

သူတို့၏ ညစ်ပတ်သောလျှို့ဝှက်ချက်များကို ရှာတွေ့ရန် လွယ်ကူမည်မဟုတ်သောကြောင့် ကုနင်းအနေနှင့် အချိန်အတော်အတန်စောင့်ရန် လိုအပ်သည်။ အခြေခံအားဖြင့် ထိုလူများသည် ငတုံးများမဟုတ်ပေ။

ကုနင်း သည် ဝမ်ကျုံးဟန်ကို အခုမတွေ့ရန် ဆုံးဖြတ်ထားသော်လည်း တစ်ယောက်ယောက်ကို သူ့ကို စုံစမ်းရန်စီစဥ်ခဲ့သည်။

နဉ်ချန်းခိုင်သည် ယခင်က စက်ရုံကို တစ်ကြိမ်စစ်ဆေးခဲ့ပြီး ဝမ်ကျုံးဟန်သည် ဘာအမှားမှမလုပ်ရသေး၍ ပြဿနာမရှိဟုဆိုခဲ့သော်လည်း နောင်တွင် သူဘာမှလုပ်မည်မဟုတ်ဟု မဆိုလိုပေ။ ထို့ကြောင့် ကုနင်းသည် နဉ်ချန်းခိုင်ကိုဖုန်းဆက်ပြီး ဝမ်ကျုံးဟန်အကြောင်း ပြောပြလိုက်သည်။

နဉ်ချန်းခိုင် အံ့အားသင့်ရသည်မှာ သူ့ကိုသစ္စာဖောက်ရန် ရွေးချယ်ခဲ့သူမှာ သူ့ကိုအကူအညီပေးနေသူတစ်ဦးဖြစ်ပြီး ထိုအချက်နှင့်ပတ်သက်၍ သူတော်တော်လေး ဝမ်းနည်းသွားခဲ့သည်။

မည်သို့ဖြစ်စေ ဝမ်ကျုံးဟန်သည် သစ္စာဖောက်ခဲ့သည်ဖြစ်၍ နဉ်ချန်းခိုင်သည် ကုနင်း၏ စကားကို နားထောင်ပြီး သူ့ကိုထောက်လှမ်းရန်ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် ကုနင်းသည် နေ့လည်စာစားပြီးလျှင် လင်မိသားစုနှင့် အတူ Bမြို့သို့ သွားမည်ဖြစ်သည်အတွက် သူမ၏ကုမ္ပဏီသို့မနက်စောစောသွားခဲ့သည်။

လင်ရှောင်းထင်သည် ကုနင်း၏မိသားစုနှင့်မတွေ့မီ အပြည့်အစုံပြင်ဆင်ရန် အလုပ်များနေသည်။

ထိုနေ့နံနက်အစောပိုင်းတွင် သခင်ကြီးလင်သည် ထန်ဟိုင်ဖုန်းကိုဖုန်းဆက်ပြီး စေ့စပ်ပွဲအကြောင်းဆွေးနွေးရန် ထန်မိသားစုထံသို့ ယနေ့လာလည်မည်ဟုပြောခဲ့သည်။

ကုနင်းက ထိုအကြောင်းကို ပြောထား၍ ထန်ဟိုင်ဖုန်း မအံ့သြသွားပေ။ သူသည်လည်း ထိုအတွက် ပြင်ဆင်ထားသည်။

နံနက် ၉ နာရီမထိုးမီ ကုနင်း သူမ၏ရုံးခန်းသို့ ရောက်ရှိလာပြီး ကေက သူသိရှိထားသည်များကို တင်ပြရန် သူ၏လက်ပ်တော့နှင့် သူမနောက်သို့ လိုက်လာခဲ့သည်။

ဤကိစ္စသည် အလွန်အရေးကြီးကြောင်း သူသိရှိ၍ ကေမှာ မနေ့ညက အိမ်မပြန်ဘဲ မိုးလင်းခါနီးတွင်သာ နာရီအနည်းငယ်မျှ အိပ်ခဲ့ရသည်။

“ကောင်းပြီ ဒါကို ကိုင်တွယ်ဖို့ မင်း အလျင်စလို လုပ်ဖို့ မလိုဘူး.. မင်းရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်။" ကုနင်းကပြောပြီး ကေကို စွမ်းအင်သလင်းကျောက်ပေးလိုက်တယ်။ “ဒီမှာ ဒါသောက်လိုက် မင်းရဲ့ အားအင်တွေ ပြန်ရလာအောင် ကူညီပေးလိမ့်မယ်။”

ကေသည် မျက်ကွင်းများညိုနေပြီး ကောင်းမွန်သော အခြေအနေမဟုတ်ကြောင်း ကုနင်း မြင်နိုင်သည်။

“အဆင်ပြေပါတယ်..ရလဒ်ကို စောစောရနိုင်ရင် ပိုကောင်းမယ်လို့ ငါ့ထင်လို့။”

"နောက်အကြောင်းအရာတစ်ခုအနေနဲ့ ကျွန်မ ခဏနေရင် Bမြို့ ကို သွားရမှာဆိုတော့ သတင်းစာရှင်းလင်းပွဲ ကို မလာနိုင်လောက်ဖူး။"

‘ကောင်းကင်တိုက်ပွဲ’၏ သတင်းစာရှင်းလင်းပွဲသည် သုံးရက်သာ လိုတော့သော်လည်း ကုနင်းသည် ထိုအချိန်၌ Bမြို့တွင် ရှိနေမည်ဖြစ်သည်။

"နားလည်ပြီ။" ကေ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။

***

အပိုင်း ၁၃၁၀ မသက်ညှာဘူး...

ထို့နောက် ကုနင်း စစ်ဆေးမှု၏ရလဒ်ကိုဖတ်သည်။

ဝမ်ကျုံးဟန်နှင့်ကျောက်ဝေ့၏ပတ်သက်မှုကို စုံစမ်းရန် မလွယ်ကူခဲ့သော်လည်း အချက်အလက်အလုံအလောက်တော့ ရရှိခဲ့သည်။

ဝမ်ကျုံးဟန်နှင့် ကျောက်ဝေ့တို့သည် တစ်မြို့တည်းမှဖြစ်ပြီး ငယ်ငယ်ထဲက အသိများဖြစ်သည် လွန်ခဲ့သောရှစ်နှစ်က ဝမ်ကျုံးဟန်သည် အသက်နှစ်ဆယ်ကျော်သာရှိသေးပြီး သူ၏မြို့တွင်အလုပ်လုပ်သည်။

ဝမ်ကျုံးဟန်သည် အရက်မူးပြီးကားမောင်းခဲ့ကာ တစ်စုံတစ်ယောက်ကိုဆိုက်မိခဲ့ပြီး သေဆုံးစေခဲ့သည်။ သူသည်ကြောက်လန့်ကာထွက်ပြေးခဲ့သည်။ သို့သော် ကျောက်ဝေ့က မိသွားခဲ့သည်။

မြို့ငယ်လေးတစ်ခုဖြစ်သောကြောင့် လုံခြုံရေးကင်မရာများ အလုံအလောက်မရှိ၍ ရဲများသည် ဝမ်ကျုံးဟန် ကိုမဖမ်းနိုင်ခဲ့ပေ။ ကျောက်ဝေ့သည်လည်းထုတ်မပြောခဲ့ပေ။ ကားမတော်တဆမှုအပြီး ဝမ်ကျုံးဟန်သည် မြို့တော်သို့ထွက်သွားကာ ထိုအမှုသည်တရားမျှတမှုမရခဲ့ပေ။

နောက်ပိုင်းတွင် ကျောက်ဝေ့သည် ဝမ်ကျုံးဟန်နှင့်မတော်တဆပြန်တွေ့ပြီး ကိုလိန်းတွင်အလုပ်လုပ်နေကြောင်းသိခဲ့သည်။

ကျောက်ဝေ့ အလုပ်လုပ်သည့် ကုမ္ပဏီသည် ခိုကျီကိုအကွက်ဆင်မည်ကြံစည်သည့်အခါ သူသည် ဝမ်ကျုံးဟန်၏ပြစ်မှုဟောင်းကိုသတိရသွားသည်။

ဝမ်ကျုံးဟန်သည် အပြစ်ရှိသည်ဟုခံစားနေရသူဖြစ်တာကြောင့် ကျောက်ဝေ့သည် သူ့ကိုအောင်မြင်စွာခြိမ်းခြောက်နိုင်ခဲ့သည်။ စင်စစ် ကျောက်ဝေ့ ရဲခေါ်လျှင်ပင် သက်သေမလုံလောက်သည့်အပြင် အချိန်ကြာခဲ့ပြီဖြစ်၍ ဝမ်ကျုံးဟန် ဝန်မခံသရွေ့ အဖမ်းခံရမည်မဟုတ်ပေ။

သို့သော် အပြစ်ရှိသောသူများသည် မတည်ငြိမ်နိုင်ပဲ ကြောက်လန့်ကာ သူများ၏ အသုံးချမှုကိုခံရတတ်သည်။

ကျောက်ဝေ့သည် ထိုအချိန်ကသက်သေမရှိသော်လည်း သူတို့ညှိနှိုင်းစဥ်တွင် ဝမ်ကျုံးဟန်၏ ဝန်ခံချက်ကို အသံဖမ်းထားသောကြောင့် ဝမ်ကျုံးဟန်သည် သူ၏အမိန့်ကို နာခံရတော့မည်ဖြစ်သည်။

ဝမ်ကျုံးဟန်၏အတိတ်အကြောင်းကို သူမသိသောအခါ ကုနင်း မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ကျုံးဟန်သည် ခိုကျီကို သစ္စာမဖောက်ခဲ့ဘူးဆိုလျှင်ပင် သူမ သူ့ကို ထုတ်ပစ်တော့မည်။

ကျောက်ဝေ့တွင်လည်း ညစ်ပတ်သည့်လျှို့ဝှက်ချက်တစ်ခုရှိသော်လည်း သူ့မှာ မယားငယ်ထားခြင်းသာဖြစ်ကြောင့် ဥပဒေကိုချိုးဖောက်ခြင်းမဟုတ်ပါပေ။

ကျောက်ဝေ့သည် အစိုးရအရာရှိဖြစ်ပါက သူ၏ညစ်ညမ်းသောလျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်လျှင် အလုပ်ပြုတ်နိုင်သော်လည်း သူသည် အကျင့်စာရိတ္တနိမ့်ပါးသော စီးပွားရေးသမားသာဖြစ်နေသည်။

တစ်ဖက်တွင် ကျွမ်းချွမ်ဟောက်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အခွန်ရှောင်မှုများ ကျူးလွန်သောကြောင့် ဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့သည်။

Corydalis မိတ်ကပ်သည် ဤနှစ်များအတွင်း ရောင်းအားကောင်းခဲ့ပြီး အခွန်များစွာ ပေးဆောင်ခဲ့ရသည်။ ကျွမ်းချွမ်ဟောက်သည် အခွန်များစွာမပေးဆောင်လို၍ အကောင့်အတုများပြုလုပ်ပြီး အခွန်လျှော့ပေးရန်အတွက် အရာရှိများကို လာဘ်ထိုးခဲ့သည်။

စင်စစ် ကုမ္ပဏီတော်တော်များများသည် ထိုသို့ ပြုလုပ်ကြပြီး အကျိုးအမြတ်ယူထားသည့် အရာရှိတချို့ကလည်း ဤအရာကို မျက်ကွယ်ပြုထားကြသည်။

ကုမ္ပဏီပိုင်ရှင်သည် တစ်စုံတစ်ဦးကို မစော်ကားသရွေ့ အဆင်ပြေသော်လည်း သူ့ထက် သြဇာကြီးသူတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေပါက ဒုက္ခရောက်နိုင်သည်။ ထို့ကြောင့် ကျွမ်းချွမ်ဟောက်သည် ဤတစ်ကြိမ်တွင် ဒုက္ခရောက်ပေပြီ။

ကုနင်းသည် ယခု သူမ၏လက်ထဲတွင် လုံလောက်သော အထောက်အထားများရှိပြီး မတုန့်ပြန်မီ Corydalis မိတ်ကပ်၏နောက်ထပ်ခြေလှမ်းကို စောင့်ရန်သာလိုသည်။

အင်တာနက်ပေါ်တွင် လူတွေသည် ခိုကျီ၏ အရည်အသွေးပြဿနာအကြောင်း ပြောနေကြတုန်းပင်ဖြစ်သည်။ အင်တာနက်အသုံးပြုသူအများစုသည် ခိုကျီကိုယုံကြည်ကြသော်လည်း အချို့မှာ သံသယရှိနေဆဲဖြစ်သည်။ အရေးအကြီးဆုံးမှာ အင်တာနက်ပေါ်ရှိ အခကြေးငွေယူထားသော သူများသည် ခိုကျီကို ဝေဖန်ရန် လူတွေကို လှုံ့ဆော်နေတုန်းပင်ဖြစ်သည်။

သခင်ကြီးလင်သည် ထွက်ခွာချိန်ကို မွန်းလွဲ ၂ နာရီဟု သတ်မှတ်ပြီး ထန်မိသားစုနှင့် ညစာစားမည်ဖြစ်သည်။

လင်ရှောင်းထင်သည် လင်မိသားစု၏အိမ်တွင် နေ့လည်စာစားရန် ကုနင်းကို ခေါ်လာပြီးနောက် လေဆိပ်သို့ အတူတူသွားကြမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် B မြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့သွားကြမည်။ သို့သော် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သွားသော်လည်း မတော်တဆမှုတစ်စုံတစ်ရာ ဖြစ်ပွားနိုင်သည့်အရေးကိုတွေး၍ လေဆိပ်နှင့် အရင် ဆက်သွယ်ရန် လိုအပ်နေသေးသည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ၄၀ မတိုင်မီ ထွက်ခွာခွင့်ရသွားသည်။

ယွီယင်သည် ထိုနေ့မနက်မှ ခိုကျီ ကြုံတွေ့ခဲ့ရသော ပြဿနာကို သိသော်လည်း သူမသည် ခိုကျီကို ယုံမှားသံသယမရှိစွာ ထောက်ခံခဲ့သည်။ ထောင်ချောက်တစ်ခုဖြစ်မည်ဟုသာ သူမယုံကြည်သည်။

ကုနင်း ရောက်လာသည်နှင့် ယွီယင် စိုးရိမ်တကြီးနဲ့မေးသည် "နင်းနင်း ဒီရက်ပိုင်း ခိုကျီမှာ ဘာဖြစ်ခဲ့လဲ ငါကြားလိုက်ရတယ်။ ခိုကျီ ထုတ်ကုန်တွေက အရည်အသွေးပြဿနာမရှိဘူးလို့ငါယုံတယ်။ ဒါပေမယ့် နောက်ကွယ်ကလူကိုရော ရှာလို့တွေ့ခဲ့လား?"

“ဒေါ်လေးယင် စိတ်မပူပါနဲ့ .. ကျွန်မ ချုပ်ကိုင်သူကို ရှာတွေ့ပြီးပြီ။ အခွင့်အရေးရရင် လူသိရှင်ကြား ထုတ်ပြပါမယ်။”

“ကောင်းလိုက်တာ” ထိုတော့မှ ယွီယင် စိတ်သက်သာရာရသွားသည်။

"နင်းနင်း မညှာနဲ့သိလား..ငါလုံးဝမင်းဘက်ကပဲ!” သခင်ကြီးလင်က ဒေါသတကြီးပြောသည်။

ယွီယင်သည် သခင်ကြီးလင်ကိုပြောပြခဲ့၍ သခင်ကြီးလင် ဒေါသထွက်နေခြင်းဖြစ်သည်။

ကုနင်းသည် သခင်ကြီးလင်၏မျက်လုံးထဲတွင် အလွန်အရေးပါပြီး သူမဘာလုပ်ချင်သည်ဖြစ်စေ သူ အပြည့်အဝပံ့ပိုးပေးမည်ဖြစ်သည်။

စီးပွားရေးသည် စစ်မြေပြင်ဟု သခင်ကြီးလင် သိထားသော်လည်း သူ့မြေးချွေးမ တိုက်ခိုက်ခံရချိန်တွင်သည်းမခံနိုင်ပေ။

"ကျွန်မ မညှာပါဘူး.." ကုနင်း ကပြောသည်။ သူမသည် မပျော့ညံ့သည့်အတွက် ညှာတာမည်မဟုတ်ပေ။

"မင်းအကူအညီလိုရင် ရှောင်းထင်ကိုပြောပြီး မင်းအတွက်လုပ်ခိုင်း။"သခင်ကြီးလင် ထပ်ပြောသည်။

"ဟုတ်ကဲ့ပါ" ကုနင်း ပြုံးလိုက်သည်။ လိုအပ်လျှင် လင်ရှောင်းထင်ထံမှ အကူအညီတောင်းရန် သူမ တုံ့ဆိုင်းမည်မဟုတ်ပေ။

"နင်းနင်း မင်း Bမြို့ကိုသွားရင် မင်းရဲ့ကုမ္ပဏီကထားခဲ့လို့ အဆင်ပြေပါ့မလား?"

"ရပါတယ်.. ကိစ္စတိုင်း ကျွန်မ ကိုယ်တိုင်ဖြေရှင်းဖို့ မလိုပါဘူး။ ကျွန်မဝန်ထမ်းတွေက ကိုင်တွယ်နိုင်ပါတယ်။" သူမသည် အလွန်အရေးကြီးသည့်အချိန်တွင်သာ နောက်ဆုံးဆုံးဖြတ်ချက်ချရန် လိုအပ်သည်။

“ကောင်းတယ်” သခင်ကြီးလင် ခေါင်းညိတ်သည်။

နေ့လည် ၁၂:၃၀ တွင် နေ့လည်စာစားပြီး လေဆိပ်သို့သွားကြသည်။ ယာဉ်ကြောပိတ်ဆို့မှု မရှိ၍ လေဆိပ်ကို ရောက်ရန် မိနစ် ၄၀ လောက် အချိန်ယူရသောကြောင့် ချိန်းထားသည့် အချိန်ထက် စောပြီး လေဆိပ်ကို ရောက်သွားကြသည်။

***

အပိုင်း ၁၃၁၁ သူမကအဘိုးကိုကာကွယ်ဖို့ပြောခဲ့တာ...

တခြားပစ္စည်းများကို လေယာဉ်ဆီ ပို့ပေးထားပြီးဖြစ်သောကြောင့် လေဆိပ်ကိုသွားရာလမ်းတွင် ဘယ်အရာမှသယ်ရန်မလိုပေ။

နေ့လယ် ၁ နာရီမထိုးမီတွင် လင်မိသားစုဝင်များ လေယာဉ်ပေါ်တက်ခဲ့ကြသည်။ မွန်းလွဲ ၁ နာရီ ၄၀မိနစ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်သည် ပျံသန်းရန် အသင့်ဖြစ်နေပြီဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် စတင်ထွက်ခွာခဲ့သည်။

ထိုအချိန်တွင် ကျန်းယွီထုန်၏မိခင်သည် ခိုကျီ၏တိုက်ရိုက်ရောင်းချသည့်စတိုးမှ ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့သည်။ ခိုကျီ ထုတ်ကုန် အစုံ ၁၀၀ လာပို့ပြီဖြစ်၍ လာယူနိုင်ရန်အကြောင်းကြားခဲ့သည်။

သူတို့သည် လွန်ခဲ့သည့် နှစ်ရက်က စပေါ်ငွေကို ပေးချေခဲ့ပြီး ကုန်ပစ္စည်းများ ပေးပို့လာပြီဖြစ်သည်။

ကျန်းယွီထုန်၏မိခင်သည် ထိုသတင်းကိုကြားရသောအခါတွင် စိတ်အခြေအနေဆိုးဝါးသွားသည်။ ဤသတင်းသည် သူမအတွက် သတင်းကောင်းတစ်ခုတော့ မဟုတ်ပေ။

ဤအသုတ်တွင် ကျန်းယွီထုန်အတွက် ထုတ်ကုန်များကိုသာ ပို့ဆောင်ခဲ့ပြီး အခြားဖောက်သည်များသည် ရက်အနည်းငယ် စောင့်ရန်လိုအပ်သည်။

ကုနင်းသည် အစောပိုင်းကတည်းက ကျန်းယွီထုန်အတွက် ကုန်ပစ္စည်းအသုတ်ကို တမင်ပြင်ဆင်ခဲ့သည်။

ညနေ ၄ နာရီခန့်တွင် လင်မိသားစု၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် B မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး လင်ရှောင်းထင်၏ လက်အောက်ငယ်သားတစ်ဦးမှ သူတို့ကို လာကြိုသည်။

ကုနင်း သည် ထန်မိသားစုအတွက် ပြင်ဆင်ပေးထားသည့် လက်ဆောင်အပုံလိုက်ကို လေယာဉ်မှ ဆင်းမှသာတွေ့ခဲ့ရသည်။ သူမ အလွန်အံ့သြပြီး ရယ်ချင်သွားသည်။ "အဘိုးလင် လက်ဆောင် အဲ့လောက် အများကြီး ပြင်ဖို့ မလိုပါဘူး။"

“ငါ့အထင် လက်ဆောင်တွေ အဲ့လောက် မများပါဘူး။ မလုံလောက်သေးဘူးလို့တောင် ထင်သေးတယ်" သခင်ကြီးလင် က ငြင်းသည်။

လင်မိသားစုအတွက် ကုနင်း၏ အရေးပါမှုကို ပြသရန်အတွက် သခင်ကြီးလင်သည် လက်ဆောင်အပုံလိုက်ကို ပြင်ဆင်ချိန်များစွာ အကုန်ခံခဲ့သည်။

လင်ယွမ်ကျန်းနှင့်သူ၏မိန်းမသာ သခင်ကြီးလင်ကို အချိန်မီ မတားနိုင်ခဲ့လျှင် လက်ဆောင်သည် ပို၍များနေလိမ့်မည်။

“အင်း ...” ကုနင်း ဘာပြန်ပြောရမှန်း မသိတော့ပေ။

လင်ရှောင်းထင်က လက်ဆောင်များအားလုံးကို ထုပ်ပိုးရန် သီးခြားကားတစ်စီး စီစဉ်ပေးသည်။

သို့သော်လည်း သူတို့ လေယာဉ်မှ ဆင်းပြီး မကြာမီတွင် တစ်စုံတစ်ယောက်သည် သူမအား ရန်လိုသည့်အကြည့်ဖြင့် ကြည့်နေကြောင်း ကုနင်း သတိပြုမိသည်။

သူမသည် ထိုလူကို ရှာရန် ချက်ချင်း လှည့်မကြည့်ဘဲ ပုံမှန်အတိုင်း ပြုမူကာ သူမ၏ကျောက်စိမ်းမျက်ဝန်းကိုသာ အသုံးပြုခဲ့သည်။

သိပ်မကြာခင်မှာပဲ သူတို့နဲ့ဝေးသည့် ဂိတ်တစ်ခုတွင် ရပ်နေသည့်လူကို သူမတွေ့လိုက်ရသည်။ သူသည် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး သူမကို တယ်လီစကုပ်ဖြင့် စိုက်ကြည့်နေသည်။

သူတို့ကြား အလှမ်းကွာဝေးသော်လည်း ထိုလူသည် သာမန်လူမဟုတ်ဟု ကုနင်း ခံစားရသည်။ သူသည် လူသတ်သမား ဖြစ်နိုင်ချေများပြီး ကုနင်းသည် သူ၏ ပစ်မှတ်ဖြစ်မှန်း သေချာသည်။

ထိုလူသည် တိုင်းတစ်ပါးသားဖြစ်သောကြောင့် ကုနင်း အေမီကို ဦးစွာစဉ်းစားခဲ့သည်။ နိုင်ငံခြားသားသည် အေမီ သူမကိုမုန်း၍ သတ်ရန် စေလွှတ်ခဲ့သူဖြစ်နိုင်သည် ။ သို့သော် ဤအရာသည် သူမ၏ သံသယသာဖြစ်ပြီး နိုင်ငံခြားသားသည် မည်သည့်နိုင်ငံမှ ရောက်ရှိလာသည်ကို သူမမသိပေ။

ကုနင်း အေမီကို သံသယဝင်ရသည်မှာ အေမီသည် လက်ရှိအချိန်အထိ သူမနှင့် ရန်ငြိုးရှိသည့် တစ်ဦးတည်းသောနိုင်ငံခြားသူဖြစ်ပြီး အေမီ သူမအားတိုက်ခိုက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သောကြောင့်ဖြစ်သည်။

နိုင်ငံခြားသားသည် သူမအတွက် ဒီကိုလာခဲ့ခြင်းဖြစ်သော်လည်း ကုနင်းမှာ သခင်ကြီးလင် နှင့်အတူ လင်မိသားစု၏ တခြားအရေးကြီးမိသားစုဝင်များပါပါလာသည်။ သူမကြောင့် သူတို့ ဒုက္ခရောက်မှာကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူမသည် သူတို့နှင့် ခွဲခွာရန်လိုသည်။

ကုနင်း သူမယခုတွေ့ရှိခဲ့သောအရာကို သခင်ကြီးလင်အား မပြောနိုင်သော်လည်း လင်ရှောင်းထင်ကိုတော့ ရိုးရိုးသားသားပြောနိုင်သည်။

မနှောင့်နှေးစေပဲ ကုနင်းသည် လင်ရှောင်းထင်ကို ဘေးသို့ဆွဲကာ အသံတိုးတိုးဖြင့် "ရှောင်းထင် တစ်ယောက်ယောက်က ကျွန်မနောက်ကို လိုက်ပြီး နောက်ယောင်ခံနေတာ.. သူက နိုင်ငံခြားသားပဲ၊ ဂိတ်အမှတ် ၁၂မှာ ရပ်နေတယ်။ အဘိုးလင်နဲ့ တခြားသူတွေကို မထိခိုက်စေချင်လို့ တခြားကားနဲ့ သွားမယ်။ ရှင် သူတို့ကို ကောင်းကောင်း ကာကွယ်လိုက်ပါ။”

ထိုစကားကိုကြားသောအခါ လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားသည်။ ကုနင်း၏နောက်ကိုလိုက်နေသည့် နိုင်ငံခြားသားကို သူဒေါသထွက်သွားသလို ကုနင်း၏လုံခြုံရေးကိုလည်း စိတ်ပူသော်လည်း လက်ရှိအခြေအနေအရ သူမစကားကို နားထောင်ရန်လိုသည်။

ကုနင်းသည် ပျော့ညံ့သောမိန်းကလေးမဟုတ်သလို သူမကိုယ်သူမ ကာကွယ်နိုင်သည်။ တစ်ဖက်တွင်မူ သခင်ကြီးလင်သည် ရန်ပွဲအကြောင်း ဘာမှမသိသော အဖိုးအိုတစ်ဦးဖြစ်သောကြောင့် လင်ရှောင်းထင်သည် ယခုအချိန်တွင် သူ၏မိသားစုကို ကာကွယ်ရန် လိုအပ်သည်။

“ကောင်းပြီ။” လင်ရှောင်းထင် သဘောတူလိုက်သည်။

သူတို့ကိုကြိုရန် ထိုင်ခုံခုနစ်လုံးစီပါရှိသော MPV သုံးစင်းစီ ရောက်ရှိလာသည်။

သခင်ကြီးလင်သည် လင်ယွမ်ကျန်းတို့လင်မယားနှင့် သက်တော်စောင့် ရှစ်ယောက်နှင့်အတူ B မြို့သို့ လာခဲ့ခြင်းပင်။

လင်မိသားစုမှ ပြင်ဆင်ပေးသော လက်ဆောင်များနှင့်အတူ သက်တော်စောင့် သုံးယောက်သည် ပထမကားတွင် ထိုင်နေသည်။

သခင်ကြီးလင်၊ လင်ယွမ်ကျန်းတို့လင်မယား၊ လင်ရှောင်းထင်တို့နှင့်အတူ သက်တော်စောင့်တစ်ဦးဒုတိယကားတွင် ထိုင်သည်။

ကုနင်းသည်လည်း ဒုတိယကားကို သူတို့နှင့်အတူ မျှစီးသင့်သည်။ သို့သော် ယခုတွင် သူမသည် အခြားသက်တော်စောင့်များနှင့်အတူ တတိယကားတွင် ထိုင်လိုက်သည်။

သခင်ကြီးလင် နှင့် အခြားသူများသည် ကုနင်း ဘာကြောင့်များ ရုတ်တရက် ထိုသို့ပြုမူသည်ကို သိချင်သော်လည်း ကုနင်းက အကြောင်းအရင်းကို မပြောပြခဲ့ပေ။ အစောတုန်းက လင်ရှောင်းထင်ကို ကုနင်း ဘေးသို့ ဆွဲခေါ်သွားသည်ကို မြင်ခဲ့သောကြောင့် မူမမှန်သည့်အရာတစ်ခု ဖြစ်ရမည်ကို သခင်ကြီးလင် သိသည်။

"ရှောင်းထင်၊ နင်းနင်းက မင်းကို ခုဏဘာပြောတာလဲ? သူဘာလို့ ငါတို့နဲ့အတူတူ ကားမစီးရတာလဲ?" ကားထဲသို့ရောက်ပြီးနောက် လင်ရှောင်းထင်ကို သခင်ကြီးလင်မေးလိုက်သည်။

လင်ရှောင်းထင်သည် သူ့အဖိုးကို လှည့်စားရန် မဖြစ်နိုင်ကြောင်း နားလည်သောကြောင့် အမှန်အတိုင်း ပြောပြခဲ့သည်။ “အွန်း၊ နင်းနင်းကို တစ်စုံတစ်ယောက်က နောက်ယောင်ခံလိုက်နေတာကို သတိထားမိခဲ့တယ်။ သူ့ကြောင့် အဘိုးတို့အန္တရာယ်တွေ ကြုံရမှာစိုးလို့ အဘိုးတို့ကို ကာကွယ်ပေးဖို့ ပြောတာ။"

"ဘာ.. အန္တရာယ်ရှိနေပြီဆိုတာ မင်းသိရဲ့သားနဲ့ မင်းဘာလို့ သူ့ကိုတစ်ယောက်တည်းထားခဲ့တာလဲ? ကြောက်စရာကောင်းတဲ့အရာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?” သခင်ကြီးလင် ဒေါသထွက်သွားသည်။

"သူက အဘိုးတို့ကိုကာကွယ်ဖို့ပြောခဲ့တယ်"

“အဘိုး.. သူ့ကို.. သိပ်စိုးရိမ်နေဖို့ မလိုဘူး။ သူက ထက်မြက်ပြီး သန်မာတယ်။ သူ့ဘာသာသူ ဖြေရှင်းလို့ရတယ်။”

“ဒါပေမယ့်…” သခင်ကြီးလင်ကတော့ စိုးရိမ်နေသေးသည်။

“အဆင်ပြေပါတယ်။ သူ ဘေးကင်းမှာပါ။” လင်ရှောင်းထင် ယုံကြည်ချက်ဖြင့် ပြောကြားခဲ့သည်။

လင်ယွမ်ကျန်း နှင့် သူ့ဇနီးသည် နှုတ်ဆိတ်နေခဲ့သည်။ ကုနင်း ရဲ့ လုံခြုံရေးကို သူတို့ စိုးရိမ်ပေမယ့် သခင်ကြီးလင်၏ လုံခြုံရေးက သူတို့မျက်လုံးထဲမှာ ပိုအရေးကြီးသည်။ သူတို့ ကုနင်းကို တကယ်သဘောကျသော်လည်း သခင်ကြီးလင်သည်က သူတို့အတွက် ပိုအရေးပါနေသေးသည်။ ထို့ကြောင့် လင်ရှောင်းထင် ဤနေရာတွင်ကျန်ခဲ့ပြီး သခင်ကြီးလင်ကို ကာကွယ်သည်မှာ ပိုကောင်းပေသည်။

***

အပိုင်း၁၃၁၂ ကားတိုက်မှု

ကုနင်း ထိုသို့လုပ်ရန်ရွေးချယ်ခဲ့သည်မို့ သူမအနေနှင့် ယခုကိစ္စကိုကိုင်တွယ်နိုင်မည်ဟု ယုံကြည်ချက်ရှိရမည်ဖြစ်၍ လင်ရှောင်းထင်သည်လည်း သူမကိုယုံကြည်ရန်ရွေးချယ်ခဲ့သည်။

ကားသုံးစင်း စတင်ထွက်ခွာလာခဲ့သည်။

သခင်ကြီးလင်နှင့် အခြားသူများသည် ကုနင်းကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသော်လည်း စိတ်မအေးနိုင်၍ ကုနင်း စီးလာသည့်ကားကို လှည့်ကြည့်မိနေကြသည်။

ကုနင်းသည် အနောက်ထိုင်ခုံတွင်ထိုင်ကာ နိုင်ငံခြားသားကို စောင့်ကြည့်နေသည်။ သူမ အံ့သြမိသည်မှာ နိုင်ငံခြားသည် ထရပ်ကားကြီးကိုမောင်းကာ သူတို့နောက်မှလိုက်လာသည်။ သူမအထင် ထရပ်ကားနှင့်တိုက်ရန်ကြံစည်ထားသည်နှင့်တူသည်။

ထရပ်ကားသည် ကြီးမားပြီး လေးလံသောကြောင့် ကားငယ်တစ်စီးကို အလွယ်တကူ တိုက်ပစ်နိုင်သည်။

ထိုသို့ဖြစ်လျှင် ကုနင်းသည် ထရပ်ကားကို ရပ်တန့်ရန် သူမ၏ မှော်အစွမ်းကို အသုံးပြု၍ ခုခံနိုင်သောကြောင့် သူမစိတ်မပူပေ။

ကုနင်း၏မှော်စွမ်းအားသည် ယခုအခါတွင် ခုခံမှုအဖြစ်အသုံးပြုရန် လုံလောက်နေပြီဖြစ်သော်လည်း သူမအနေနှင့် အားအင်များစွာ ကုန်မည်ဖြစ်၍ သူမ၏ဘဝတွင် အန္တရာယ်များသောအချိန်တွင်သာ အသုံးပြုသည်။

လမ်းမပေါ်တွင် ယာဉ်အများကြီးမရှိ၍ ထရပ်ကားကို ရှောင်ရန် မခက်ခဲသော်လည်း ကုနင်းမှာ ရွေးချယ်စရာမရှိပေ။ အကယ်၍ သူမသာရှောင်လျှင် ထရပ်ကားသည် သခင်ကြီးလင် စီးလာသည့် ကားကို ဝင်တိုက်မိနိုင်ပြီး ထိုအချက်ကို သူမ လက်မခံနိုင်ပေ။

မြစ်ကူး ချောင်းတံတားပေါ်သို့ရောက်သည့်အခိုက်တွင် ကားသုံးစင်း တန်းစီပြီး မောင်းကြသည်။ နိုင်ငံခြားသားသည် ထိုအခြေအနေကို အခွင့်အရေးယူကာ ကားကို အရှိန်မြှင့်လိုက်သည်။

လင်ရှောင်းထင်နှင့် အခြားသူများသည် ထရပ်ကားကြီး မည်သို့ ဦးတည်နေသည်ကို မသိကြပေ။

ထရပ်ကားကြီးသည် ပုံမှန်အတိုင်းမောင်းနေရင်း သူတို့နှင့် တစ်မီတာသာဝေးသောအခါတွင် ရုတ်တရက် လမ်းပြောင်းသွားပြီး ကုနင်း စီးလာသည့်ကားကို ဝင်တိုက်မိသွားသည်။ ကားမောင်းသူက ရှောင်ရန် နောက်ကျသွားသည်။

တစ်ချိန်တည်းမှာပင် ကုနင်းသည် သူမ၏ မှော်အစွမ်းကို အသုံးပြုကာ ခုခံရန် အကာအကွယ်ကိုပြုလုပ်ခဲ့သည်။

ကားအဆင်ပြေမည်ကို သူမ မသေချာသော်လည်း ကားအတွင်းရှိလူများ ဘေးကင်းမည်ဟုသာ မျှော်လင့်ထားသည်။

လင်ရှောင်းထင်သည်လည်း ပြဿနာကို သဘောပေါက်ကာ သူ၏ကားထဲရှိ ယာဉ်မောင်းကို ချက်ချင်းရပ်ဖို့ ပြောသော်လည်း အရမ်းနောက်ကျသွားပြီး ကုနင်း စီးလာသည့် MPVကားကို ထရပ်ကားကြီး ဝင်တိုက်သည်ကိုသာ ကြည့်နေလိုက်သည်။

ကုန်တင်ကားကြီးသည် ကျယ်လောင်စွာ ဝင်တိုက်ပြီး အရှိန်မသတ်ပဲ MPVကို မြစ်ကူးတံတားဆီသို့ ဦးတည်တွန်းသွားသည်။ MPV ကားသည် ယခုချက်ချင်း တံတားပေါ်မှ ပြုတ်ကျသွားတော့မည့်အတိုင်းပင်။

ထိုမြင်ကွင်းသည် တံတားပေါ်ရှိ အခြားကားပေါ်မှ လူအားလုံးကို ကြောက်လန့်သွားစေသည်။

ထိုတံတားသည် မီတာ ၂၀ ခန့်မြင့်ပြီး ပြုတ်များကျခဲ့လျှင် ကားပေါ်ရှိလူအကုန် သေသွားလိမ့်မည်။

ထိုအခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အခင်းဖြစ်ပွားရာနှင့် မီတာ ၁၀၀ အကွာအဝေးရှိ တက္ကစီတစ်စီး၏ နောက်ခန်းတွင် ထိုင်နေသည်။ ထို အမျိုးသားသည် ထူးခြား ပြင်းထန်သည့် မှော်အစွမ်းကို ခံစားမိလိုက်ပြီး ချက်ခြင်းပင် မျက်လုံးပြူးကာ ထိတ်လန့်သွားသည်။

ကျင့်ကြံသူများ သို့မဟုတ် သရဲတစ္ဆေများသာ ထိုအရာသည် မှော်အစွမ်းဖြစ်ကြောင်း သိနိုင်သည်။ သို့သော် ဤလူလတ်ပိုင်းအမျိုးသားသည် သရဲတစ္ဆေမဟုတ်သောကြောင့် ကျင့်ကြံသူပဲဖြစ်သည်။ ထို့အပြင် သူ၏မျက်နှာသည် သာမန်သာထင်ရသဖြင့် သူသည် သူတော်စင်ကျင့်ကြံသူအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုလိုသည်။

ဤလူလတ်ပိုင်းအရွယ်အမျိုးသား လန့်သွားရခြင်းမှာ မှောင်စွမ်းအားသည် ကျင့်ကြံသူများထံမှ လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအားအစား သန့်စင်သောမှော်အစွမ်းဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုအရာသည် မှော်အစွမ်းများနှင့်ပြည့်နေသောရတနာတစ်ခု၏အစွမ်းဖြစ်ရမည်။

ကံမကောင်းစွာနှင့် သူသည် အခင်းဖြစ်ပွားရာနေရာနှင့် ဝေးနေသောကြောင့် ထိုနေရာတွင် ဖြစ်ပျက်နေသည်များကိုမသိပေ။

MPV သည် အကာအရံများ၏ရှေ့တွင် ရပ်တန့်ပြီး ပြုတ်မကျပေ။ ကုန်တင်ကားကြီးသည်လည်း ပြုတ်ကျမည်စိုး၍ ရှေ့သို့ဆက်မတိုးဘဲ အကာအရံရှေ့ နှစ်မီတာအကွာတွင် ရပ်တန့်သွားသည်။

စင်စစ် ထရပ်ကားကြီးသည် MPV ကို ရှေ့သို့ဆက်တွန်းနေသော်လည်း ကုနင်းသည် သူမ၏ မှော်အစွမ်းဖြင့် ရပ်တန့်ထားနိုင်ခြင်းဖြစ်သည်။

ကုနင်းသည် ထရပ်ကားကြီးအား MPV ကို ရည်ရွယ်ချက်ရှိရှိ တွန်းထုတ်ခွင့်ပြုခဲ့ခြင်းမှာ MPVသည် အပြင်းအထန်တိုက်မိပြီးဖြစ်သော်လည်း ကောင်းမွန်နေသေးလျှင် ထူးဆန်းပေလိမ့်မည်။

MPVသည် တံတားပေါ်မှ ပြုတ်ကျခြင်း မရှိပဲ အခြေအနေကောင်းနေသည်ကိုမြင်ရပြီး နိုင်ငံခြားသားဖြစ်သူမှာ အံ့အားသင့်သွားသည်။ ထိုအရာသည် သိပ္ပံနည်းမကျပေ။

MPVပေါ် ရှိ သက်တော်စောင့်များသည် အံ့အားသင့်နေကြသော်လည်း ကုနင်းသည် တည်ငြိမ်ကာ ပျက်စီးနေသော နောက်ခန်းပြတင်းပေါက်မှ ချက်ချင်း ခုန်ဆင်းသွားသည်။

ကား၏ ဘေးဘက်ခြမ်းကို ကုန်တင်ကားကြီးက ပိတ်ဆို့ထားသော်လည်း နောက်မှန်တွင် ထိုသို့မဟုတ်ပေ။

သက်တော်စောင့်များသည် မှင်သက်နေကြသော်လည်း မကြာမီပင် စိတ်ပြန်စုစည်းနိုင်ကာ သူတို့လုပ်ဖို့လိုအပ်သည်ကို လုပ်ကြသည်။ သူတို့ ကားပေါ်ကနေ ချက်ချင်းဆင်းသွားသည်။

ကားမောင်းသူသည်သာ တုန်လှုပ်ခြောက်ခြားနေသေးခြင်းပင်။

လင်ရှောင်းထင်သည်လည်း မဆိုင်းမတွပင် ကုနင်းဆီသို့ ပြေးသွားသော်လည်း သူမ ကားထဲမှ ခုန်ချလာသည်ကိုတွေ့ပြီး သူမအဆင်ပြေကြောင်းသိလိုက်ရသည်နှင့် ထရပ်ကား၏ ယာဉ်မောင်းကို ဖမ်းရန် လှည့်ထွက်လာသည်။

ကုနင်း မသေသည်ကိုမြင်ပြီး နိုင်ငံခြားသား ဒေါသထွက်သွားသည်။ သူစိတ်ပျက်ပြီး ထွက်ပြေးရန်ပြင်နေစဉ် လင်ရှောင်းထင်က တားလိုက်ပြီး သူတို့ စတင်တိုက်ခိုက်ကြတော့သည်။

ထိုအချင်းအရာကို မြင်သောအခါ လူတိုင်းသည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု သိလိုက်သည်။ ကုနင်းနှင့်အတူ MPVပေါ်ရှိ အခြားလူများ အဆင်ပြေကြသည်ကိုလည်း အံ့သြနေကြသည်။

ကားမတော်တဆမှုသည် အလွန်ကြောက်စရာကောင်းပြီး ကားထဲရှိလူတွေ အသက်ရှင်ကျန်ရစ်ခြင်းကို မယုံနိုင်စရာဟု ခံစားနေကြသည်။

လင်ရှောင်းထင်သည် နိုင်ငံခြားသားကို တိုက်ခိုက်နေသောကြောင့် ကုနင်းသည် သခင်ကြီးလင်ကို အဆင်ပြေကြောင်း ပြောပြီး နှစ်သိမ့်ရန် ပြေးသွားသည်။

ကုနင်း၏မျက်နှာကိုမြင်သောအခါ သခင်ကြီးလင်တစ်ယောက် ငိုလုမတတ်ဝမ်းသာသွားရလေသည်။

"အဘိုး၊ အန်ကယ်၊ အန်တီ ကျွန်မအဆင်ပြေပါတယ်"

“ကောင်းတယ်…” သခင်ကြီးလင်၏ အသံသည် တုန်ယင်နေဆဲဖြစ်သည်။

သူတို့အားလုံး ကုနင်းကိုဆိုးဝါးတာ တစ်စုံတစ်ခုမဖြစ်စေချင်ပေ။

ထိုအချိန် လုပ်ကြံသူနိုင်ငံခြားသားမှာတော့ လင်ရှောင်းထင်သည် အတိုက်အခိုက်ကျွမ်းကျင်သူတစ်ဦးဖြစ်နေ၍ အလွန်အံ့ဩနေရလေသည်။ ထို့ကြောင့် ရှောင်ထွက်သွားဖို့ရန်မဖြစ်နိုင်ပေ။

လင်ရှောင်းထင်သည် ချက်ချင်း သူ့ကို တားရန် ပြေးလာသောကြောင့် သူ၏ရည်ရွယ်ချက်ကို လင်ရှောင်းထင် သိထားမည်မှန်း နားလည်လိုက်သည်။

နိုင်ငံခြားသားသည် ပျော့ညံ့သူမဟုတ်သော်လည်း လင်ရှောင်းထင်နှင့်တော့ မယှဉ်နိုင်ပေ။

လင်ရှောင်းထင်သည် မကြာမီ သူ့ကိုဖမ်းမိပြီး သက်တော်စောင့်နှစ်ယောက်ထံ လွှဲလိုက်သည်။

ထိုအချိန်တွင် လူလတ်ပိုင်း ကျင့်ကြံသူသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့သော်လည်း မှော်စွမ်းအား မရှိတော့ပေ။ ထို့ကြောင့် သူသည် မှော်အစွမ်း၏အရင်းအမြစ်ကို သိချင်၍ စိတ်ရှုပ်နေရတော့သည်။

***

အပိုင်း၁၃၁၃ ထန်မိသားစုကို စေ့စပ်ခွင့်တောင်းတယ်

လူလတ်ပိုင်းအမျိုးသားသည် မှော်အစွမ်း၏အရင်းအမြစ်ကို အခုဘယ်နေရာမှာမှ ရှာမတွေ့တော့သော်လည်း တစ်ချိန်တည်းမှာ ဖြစ်ခဲ့သော ကားမတော်တဆမှုနှင့် ပတ်သက်မည်မှန်း သေချာသိသည်။

ထို့ကြောင့် မှော်စွမ်းအားသည် အခင်းဖြစ်ပွားရာနေရာရှိ လူတစ်ဦးထံမှ လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ပုန်းကွယ်နေသည်။

ကျင့်ကြံသူသည် အခင်းဖြစ်ပွားရာနေရာတွင်ရှိခဲ့သည့် မျက်နှာများကို ပိုမိုစုံစမ်းရှာဖွေရန်အတွက် မှတ်ထားလိုက်သည်။

ကျင့်ကြံသူရောက်လာသောအခါ၊ ကုနင်းသည်လည်း သူ့ကို သတိပြုမိပြီး မှော်အစွမ်းကြောင့် သူလာရခြင်းဖြစ်သည်ကို သူမသိသည်။

ကုနင်းသည် သူမကိုယ်သူမ မဖော်ထုတ်မိခြင်းကြောင့် ကံကောင်းသည်ဟု ခံစားမိသည် မဟုတ်လျှင် သူမ ဒုက္ခရောက်နိုင်သည်။ ကျင့်ကြံခြင်းလောကအကြောင်း ယခုအချိန်ထိ သူမသိသည်မှာ နည်းသောကြောင့် သူမကိုယ်သူမ ထုတ်ဖော်မပြချင်ပေ။

"ငါ့ကိုလွှတ်!" နိုင်ငံခြားသားက ရုန်းကန်နေသည်။

"လွှတ်ရမယ်" ကုနင်းက ရယ်ပြီး သူ့ဆီ လျှောက်သွားသည်။ “ဒါက မတော်တဆမှုတစ်ခုသာဆိုရင် ငါမင်းအတွက် ခက်ခဲအောင် လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့လိုမဟုတ်ဘူးလေ။ မင်းငါ့ကို လေဆိပ်ထဲကလိုက်လာတယ်ဆိုတာ ငါသိတယ်။"

ထိုစကားကိုကြားသော် နိုင်ငံခြားသားသည် အလွန်အံ့သြသွားသည်။ သူ့အထင် သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားနိုင်သည်ဟုပင်။

"ရဲကိုခေါ်ပြီးပြီလား?" ကုနင်း မေးလိုက်ရာ

“ဟုတ်ကဲ့” သက်တော်စောင့်တစ်ဦးက ပြန်ဖြေသည်။

ဤအရာသည် ပုဂ္ဂိုလ်ရေးရန်ငြှိုးတစ်ခုသာဖြစ်သော်လည်း ယာဉ်တိုက်မှုအထိဖြစ်ပြီးသွား၍ ရဲကိုဖုန်းဆက်ရန် လိုသည်။

၁၀ မိနစ်အတွင်း.. ယာဉ်ထိန်းရဲများ ရောက်လာသည်။ ၎င်းသည် သာမန်ကားမတော်တဆမှုဖြစ်ပါက ၎င်းကိုဖြေရှင်းရန် အလွန်လွယ်ကူသော်လည်း ထိုသို့မဟုတ်ပဲ အလွန်ရှုပ်ထွေးနေသည်။

လင်ရှောင်းထင်သည် ထန်မိသားစုနှင့် တွေ့ဆုံမှုကို မနှောင့်နှေးစေလို၍ အရာရှိတံဆိပ်ကို တိုက်ရိုက်ထုတ်ယူခဲ့သည်။ ဤအမှုသည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုဖြစ်၍ သူကိုယ်တိုင် စစ်ဆေးမေးမြန်းရန် လိုအပ်သည်ဟုရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည် ။ သို့သော် သူအလုပ်များနေသောကြောင့် နိုင်ငံခြားသားအား ညမှစစ်ဆေးမေးမြန်းမည်ဖြစ်ပြီး ယခုမူ ထိုလူကို ပြည်သူ့လုံခြုံရေးဗျူရိုသို့ ခေါ်သွားရန် သက်တော်စောင့်နှစ်ဦးကို စီစဉ်ခဲ့သည်။

လင်ရှောင်းထင်သည် နိုင်ငံခြားသားကို သူ့အလိုကျ အပြစ်ပေးမည်မဟုတ်သောကြောင့်သာ ပြည်သူ့လုံခြုံရေးဗျူရိုသို့ ဦးစွာခေါ်ဆောင်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

လင်ရှောင်းထင် သူ့အရာရှိတံဆိပ်ကို ပြလိုက်သည်နှင့် ယာဉ်ထိန်းရဲက ချက်ချင်းသဘောတူလိုက်တော့သည်။ လင်ရှောင်းထင်သည် ငယ်ငယ်ရွယ်ရွယ်နှင့် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်နေကြသော်လည်း သူ့စကားကိုတော့ နားထောင်ကြတုန်းပင်။

လင်ရှောင်းထင်၏လက်ထဲတွင် မည်သည့်တံဆိပ်ကိုင်ထားသည်ကို တခြားသူများက မသိကြသော်လည်း သူသည် အရေးကြီးသော ပုဂ္ဂိုလ်ဖြစ်ရမည်ကို သိကြသည်။ ထို့နောက် လင်မိသားစုမှ သက်တော်စောင့်နှစ်ဦးနှင့်အတူ ယာဉ်ထိန်းရဲများက အဆိုပါနိုင်ငံခြားသားအား ပြည်သူ့လုံခြုံရေးဗျူရိုသို့ ခေါ်ဆောင်သွားခဲ့သည်။

လင်ရှောင်းထင်သည် နောက်ဆက်တွဲ အရာများကို ကိုင်တွယ်ရန် သက်တော်စောင့်တစ်ဦးကို ထားခဲ့ကာ ကားမောင်းထွက်သွားသည်။

ကုနင်းကတော့ ကေကိုဖုန်းဆက်ပြီး သူမကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြောပြလိုက်သည်။ ကေ အလွန်အံ့အားသင့်သွားပြီး အစကနေ အဆုံးအထိ နိုင်ငံခြားသား၏လုပ်ရပ်ကို မှတ်တမ်းတင်ထားသည့် စောင့်ကြည့်ကင်မရာများကို စစ်ဆေးမည်ဟု ပြောသည်။ ထို့အပြင် နိုင်ငံခြားသား၏ ယခင်ကျူးလွန်မှုများ၏ မှတ်တမ်းကိုလည်းလိုက်ရှာမည်ဖြစ်သည်။

လင်ရှောင်းထင်နှင့် မိသားစုဝင်များသည် ထန် မိသားစုအိမ်သို့ ရောက်ရှိလာသောအခါ ညနေ ၅:၃၀ ပင်ရှိနေပြီဖြစ်သည်။

ချိန်းထားသည့်အချိန်ထက် နာရီဝက်ခန့် နောက်ကျခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ညစာစားပွဲကို ညနေ ၆ နာရီတွင် စတင်ခဲ့သည်။ မိသားစုသည် လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နိုင်သည်ဟု ထင်သောကြောင့် နောက်ကျသည့်အကြောင်းရင်းကို များများမတွေးခဲ့ပေ။

ကုနင်းသည် ထန်မိသားစုကို စိတ်မပူစေချင်သောကြောင့် သခင်ကြီးလင်နှင့် အခြားသူများကို ကားမတော်တဆမှုအကြောင်း မပြောရန် သတိပေးခဲ့သည်။ သို့သော် ယနေ့ လျှို့ဝှက်ထားလျှင်ပင် ထန်မိသားစုသည် ထိုအကြောင်းကို အနှေးနဲ့အမြန် သိလာမည်ဖြစ်သော်လည်း လတ်တလေ ပျော်စရာကောင်းသော လေထုကို မဖျက်စီးချင်ပေ။

ယနေ့ ထန်မိသားစုထံသို့ လင်မိသားစုမှလာရောက်လည်ပတ်မည်ဖြစ်သောကြောင့် ကုမန့်သည် အလှပြင်ဆိုင်သို့ မသွားဘဲ အိမ်တွင်သာ နေခဲ့သည်။ ကျန်းလီဟွာ၊ ထန်ယွင်ဖန်း နှင့် ထန်ယွင်ဟန်တို့လည်း ညနေ ၄ နာရီလောက်ကတည်းက အိမ်သို့ ပြန်ရောက်ခဲ့ကြသည်။

ထန်ယွင်ရုန်နှင့် ချောင်ယွေ့ဟွာတို့သည် Tang မိသားစု၏အိမ်သို့ ညနေ ၄:၃၀တွင် ရောက်ရှိလာကြပြီး ထန်ကျားခိုင်၊ ချောင်ဝမ်ရှင်းနှင့် ချောင်ဝမ်ကျွင်းတို့သည်လည်း နောက်က ပြန်လာကြသည်။

နိုင်ငံခြားရောက်နေသည့် ထန်ကျားယန်မှလွဲ၍ ထန်မိသားစု၏ ကျန်မိသားစုဝင်တွေအားလုံး တက်ရောက်ကြသည်။ ကုနင်း၏အိမ်ထောင်ရေးအတွက်သာမကဘဲ အလွန်လေးစားစရာကောင်းသောပုဂ္ဂိုလ် လင်ဝေ့ဟွာ လာရောက်တွေ့ဆုံမည်ဖြစ်သောကြောင့် သူတို့အားလုံး ဤညစာစားပွဲကိုအလေးအနက်ထားကြခြင်းဖြစ်သည်။

လူတိုင်း အလွန်စိတ်လှုပ်ရှားလို့နေသည်။

သာမာန်အားဖြင့် ထန်မိသားစု၏အိမ်တံခါးကြီးသည် အမြဲ ပိတ်ထားလေ့ရှိသော်လည်း ယနေ့တွင်အစောကြီးကတည်းက ဖွင့်ထားပြီး လင်မိသားစု ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့သည်။

လင်မိသားစု၏ကားများ နီးကပ်လာသည်နှင့်အမျှ လုံခြုံရေးအစောင့်တစ်ဦးကသတင်းပို့ပြီး ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့သည် အခြားမိသားစုဝင်များနှင့်အတူ တုန့်ဆိုင်းမှုမရှိ ထွက်ကြိုသည်။

MPV ကားနှစ်စင်းသည် ထန်မိသားစု၏ ခြံဝန်း အတွင်းသို့ ဝင်လာပြီး အဆောက်အဦးဆီသို့ ဦးတည်လာသဖြင့် ထန်မိသားစုဝင်များသည် အဆောက်အဦးရှေ့တွင် တန်းစီ၍ ရပ်စောင့်နေလိုက်သည်။

ကားနှစ်စီးသည် ရပ်သွားပြီးနောက် ကားတံခါးကိုဖွင့်ရန် သက်တော်စောင့်တစ်ဦး ချက်ချင်းထွက်လာသည်။ လင်ရှောင်းထင်သည် ဦးစွာ ကားထဲမှ ထွက်လာပြီး နောက်မှ ကုနင်းနှင့် သခင်ကြီးလင် ထွက်လာသည်။

ထန်မိသားစုသည်လည်း ချက်ချင်း သခင်ကြီးလင်ကို ကြိုဆိုရန် လျှောက်လာကြသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းဆောင်လင်။ ထန်အိမ်တော်ကနေကြိုဆိုပါတယ်။" ထန်ဟိုင်ဖုန်းကစကာ နှုတ်ဆက်လိုက်ရာ ကျန်မိသားစုဝင်များကလဲ လေးလေးစားစား နှုတ်ဆက်လာကြသည်။

"တွေ့ရတာဝမ်းသာပါတယ် ခေါင်းဆောင်လင်"

"ငါ့ကို ခေါင်းဆောင်လင်လို့ ခေါ်စရာ မလိုပါဘူး။ အခုငါတို့က မိသားစုပဲကို။ ငါ့ကို လောင်လင် ၊ ဦးလေးလင် ဒါမှမဟုတ် အဘိုးလင် လို့ပဲ ခေါ်ကြပါ။” သခင်ကြီးလင် ပြုံးပြုံးလေးပြန်ပြောလိုက်သည်။

"ဟားဟား တွေ့ရတာ ဝမ်းသာပါတယ် လောင်လင်။" ထန်ဟိုင်ဖုန်း ပြန်နှုတ်ဆက်လိုက်သည်။ လင်ဝေ့ဟွာသည် အလွန်မြင့်မားသောရာထူးရှိခဲ့သော်လည်း ယခုအချိန်တွင် အငြိမ်းစားယူခဲ့ပြီး သူတို့သည် အမှန်တကယ်ပင် မိသားစုဖြစ်လာတော့မည်ဖြစ်သည်။

“တွေ့ရတာဝမ်းသာပါတယ် ဦးလေးလင်။” ထန်ယွင်ဟန်နှင့်အတူ သူနှင့်မတိမ်းမယိမ်း အခြားမိသားစုဝင်များက ပြောသည်။

“တွေ့ရတာ ဝမ်းသာပါတယ် အဘိုးလင်။” ထန်ကျားခိုင်နှင့် အခြားမိသားစုဝင် လူငယ်များကလည်း ပြန်နှုတ်ဆက်ကြသည်။

လင်ယွမ်ကျန်းနှင့် ယွီယင်သည် နောက်မှ ကားပေါ်မှ ဆင်းသည်။ အားလုံးသည် ဧည့်ခန်းထဲသို့ မ၀င်မီ တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ကြသည်။

သူတို့ထိုင်နေကြစဉ်တွင် လက်ဆောင်များ အတောမသတ်နိုင်အောင် သယ်လာသည်ကို တွေ့လိုက်ရသဖြင့် ထန်မိသားစု အံ့အားသင့်သွားလေသည်။ သူတို့အံ့အားသင့်သည်မှာ လင်မိသားစုသည် လက်ဆောင်များစွာဖြင့် လာခြင်းသည် ကုနင်းကို အလွန်အလေးထားသည်ဟု ဆိုလိုခြင်းဖြစ်နေ၍ပင်။

"လောင်ထန်.. မင်းမှာ အရမ်းထူးချွန်တဲ့ မြေးလေးတစ်ယောက်ရှိတာပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းအောင်မြင်လာနိုင်တယ်။ ငါတော့ သူ့ကိုလေးလဲလေးစားသလို ချစ်လဲချစ်ခင်တယ်။ မင်းသိလား၊ ငါ့သူငယ်ချင်းဟောင်းတွေအကုန်လုံးက သူ့ကို သူတို့ရဲ့မြေးချွေးမဖြစ်စေချင်နေကြတာ။ နင်းနင်းက အခု ရှောင်းထင် ရဲ့ ချစ်သူဖြစ်ပေမယ့် သူတို့ မြန်မြန် စေ့စပ်ဖို့ ငါမျှော်လင့်နေတုန်းပဲ။”

"ဟားဟားဟား. ငါသိပါတယ်။ နင်းနင်းက ငါတို့မိသားစုရဲ့ ဂုဏ်ယူစရာပဲကို။” ထန်ဟိုင်ဖုန်း ကျေနပ်စွာပြုံးရယ်လိုက်လေသည်။

***

အပိုင်း ၁၃၁၄ ရွှေထက်စျေးကြီးတယ်

သို့သော် ထန်ဟိုင်ဖုန်းသည် ရုတ်တရက် ဝမ်းနည်းသွားဟန်ဖြင့် သက်ပြင်းချသည်။ " ငါက သူတို့ကို စောစောတွေ့ခဲ့ဖို့ပဲမျှော်လင့်တာ။ အဲ့လိုသာဆို အစောပိုင်းနှစ်တွေမှာ သူတို့ပင်ပန်းခဲ့မှာမဟုတ်ဖူး။"

လက်ရှိတွင် ကောင်းကောင်းနေနေရသော်လည်း ကုနင်း ယခင် တွေ့ကြုံခဲ့ရသည့်အရာများကို တွေးတောမိတိုင်း ထိုအတွက် အပြစ်ရှိသည်ဟု သခင်ကြီးလင် ခံစားနေရတုန်းပင်။ သူထိန်းချုပ်နိုင်သည့်အရာမဟုတ်သော်လည်း သူ့တွင် အပြစ်ရှိသည်ဟု ခံစားမိသေးသည်။ သူသည် ကုနင်းကို ဂရုစိုက်သောကြောင့် ခံစားရခြင်းဖြစ်သည်။

“အဘိုး.. အပြစ်ရှိတယ်လို့ ခံစားစရာမလိုပါဘူး။ ကံကြမ္မာက သမီးတို့ကို ပေါင်းစည်းခွင့်ပေးတယ်လို့ ထင်ပါတယ်။ အကယ်၍ သမီးသာ ထန်မိသားစုတွင် ကြီးပြင်းလာခဲ့ရင်၊ သမီးက အသုံးမကျတဲ့ အလိုလိုက်ခံထားရတဲ့ သူဌေးသမီးလေးပဲ ဖြစ်လာနိုင်ပြီး အခုလိုအရာတွေကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။ အများကြီး မဖြတ်သန်းခဲ့ရင် အခုလို သန်မာပြီး သတ္တိရှိလာဖို့ သင်ယူနိုင်မှာမဟုတ်ဘူး။” ကုနင်း က ထန်ဟိုင်ဖုန်းကို ချက်ချင်းနှစ်သိမ့်ပြောဆိုသည်။

တကယ်လဲ ကုနင်းသာ အများကြီး မခံစားခဲ့ရဘူးဆိုရင် ထန်အိုက်နင်းသည် ပြန်လည်မွေးဖွားလာမည် မဟုတ်ပေ။ ထန်အိုက်နင်းအဖြစ် ပြန်လည်မမွေးဖွားခဲ့ဘူးဆိုရင် လင်ရှောင်းထင်နှင့်လဲ တွေ့ရမည်မဟုတ်ပေ။ အကယ်၍ အထက်ပါအရာများ တစ်ကြိမ်မှ မဖြစ်ခဲ့လျှင် ၊ ကုနင်းသည် ထန်မိသားစုကို တွေ့ရမည်မဟုတ်သလို ကုမန့်သည်လည်း ပုံမှန် ဆိုးရွားသော ဘဝနှင့်နေထိုင်ရပေလိမ့်မည်။ ကုနင်းသည် ကားမတော်တဆမှုကြောင့် ကိုမာဖြစ်သွားနိုင်ပြီး ကုမန့်သည် အလွန်စျေးကြီးသော ဆေးဖိုးကို သူမဘာသာသူမ ပေးဆောင်ရမည်ဖြစ်သည်။

"နင်းနင်း ပြောတာမှန်တယ်။ လူတစ်ယောက်က.. ဘယ်လိုဘဝမျိုးနဲ့ပဲ ရှင်သန်နေပါစေ၊ ကံကြမ္မာရဲ့ လှည့်ကွက်တွေဆိုတာ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ငါတို့ အနာဂတ်ကိုပဲ အာရုံစိုက်သင့်တယ်။” သခင်ကြီးလင်ကလဲ ဝင်ပြောလိုက်သည်။

"ဟုတ်တာပေါ့၊ ငါတို့ရဲ့ အခုလက်ရှိ ပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေနဲ့ အနာဂတ်ကိုပဲပိုပြီး အာရုံစိုက်ဖို့လိုတယ်။" ထန်ဟိုင်ဖုန်း ပြန်လည် ရွှင်လန်းသွားခဲ့သည်။

ထို့နောက်တွင် သူတို့နှစ်ယောက်သား ပျော်စရာအကြောင်းများကိုသာ ဆွေးနွေးကြတော့သည်။ ထန်မိသားစုက သူတို့မိသားစုဝင်ဖြစ်လာကာစ ကုနင်းကို မကြာခင် တခြားမိသားစုနဲ့ လက်ထပ်တာကို မတွေ့ချင်သော်ခည်း ကုနင်း၏ ဆန္ဒကိုလေးစားသည်။ သူမ လိုချင်သရွေ့ ထန်မိသားစုက ပံ့ပိုးပေးမည်ပင်။

ထို့အပြင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် စေ့စပ်ရုံသာ ရှိသေးသည်။ ကုနင်းသည် လင်ရှောင်းထင်နှင့် လက်ထပ်ခဲ့လျှင်ပင် သူမသည် ထန်မိသားစုဝင်တစ်ဦးဖြစ်နေဆဲဖြစ်ပြီး မည်သည့်အခါမှ မပြောင်းလဲနိုင်ပေ။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် တစ်နေ့တွင် လက်ထပ်ကြမည်မှာ သေချာသောကြောင့် မိသားစုနှစ်စုသည် စေ့စပ်ပွဲအကြောင်း တိုက်ရိုက်ပြောကြသည်။ သို့သော် ကြုံရာရက်စွဲကိုရွေးရန်မဖြစ်ပေ။ ကောင်းမွန်သောအချိန်ကို ဂရုတစိုက်ရွေးချယ်ရန် လိုအပ်သည်။

ထန်ဟိုင်ဖုန်းက၊ “ငါ့ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်က ရက်ရွေးဖို့ ကူညီပေးနိုင်တယ်လို့ ထင်တယ်။ နာမည်ကြီးပါမောက္ခကျောက်ယီရူပဲ၊ ရွှမ်ရွှယ်ပညာကိုလဲ တတ်တယ်။”

သခင်ကြီးလင် အပါအဝင် သခင်ကြီးထန်ပါ မွေးသက္ကရာဇ်နှင့် ဇာတာများ အကြောင်း များများစားစား မသိကြသည့်အတွက် ထန်ဟိုင်ဖုန်းသည် ကျောက်ယီရူကို တွေးမိသွားခြင်းဖြစ်သည်။

“ကောင်းသားပဲ၊” သခင်ကြီးလင်က ဝမ်းသာအားရ သဘောတူလိုက်သည်။

ထိုအချိန်တွင် ကုနင်းနှင့် လင်ရှောင်းထင်သည် အပြင်သို့ ခဏထွက်သွားသည်။ ပြန်လာသောအခါ အိတ်ကြီးကြီးတစ်အိတ်ကို သယ်လာကြသည်။ အသက်ရှိအရာတစ်ခုဖြစ်သည်မှာသိသာသည်။

အထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ဧည့်ခန်းထဲရှိ လူတိုင်းကို ကြောက်လန့်သွားစေသည်။

ထန်ဟိုင်ဖုန်း ထိတ်လန့်တကြားဖြစ်သွားကာ၊ "နင်းနင်း အိတ်ထဲမှာ ဘာသယ်လာတာလဲ / မင်း တစ်စုံတစ်ယောက်ကို ပြန်ပေးဆွဲလာတာလား ?"

ကုနင်း ရယ်ချင်သွားရသည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ.. အဘိုးရဲ့။ အထဲမှာ ငါးတစ်ကောင်ရှိနေရုံပါ။"

"ငါးလား.. ဒီငါးကြီးကို ဘယ်ကရလာတာလဲ?" သခင်ကြီးလင် မေးသည်။

"ကျွန်မ ရှန်ဟိုင်းမှာရှိခဲ့တုန်းက ပင်လယ်ထဲမှာ တွေ့ခဲ့တာ ဒီငါးက အရမ်းရှားတဲ့အတွက် ကျွန်မတို့အားလုံးအတူတူစားဖို့ စိတ်ကူးထားပြီး တခြားနေရာမှာ သိမ်းထားခဲ့တာ။ အခု တစ်ယောက်ယောက်ကို လာပို့ပေးဖို့ စီစဉ်လိုက်တာ..” ကုနင်း လိမ်ညာလိုက်သည်။ သူမတွင် စိတ်စွမ်းအင်အာကာပြင်တစ်ခုရှိပြီး ငါးကို တစ်ချိန်လုံး သိမ်းဆည်းထားကြောင်းကိုတော့ သူမ မပြောနိုင်ပေ။

လင်ရှောင်းထင်သည် ဤအကြောင်းကိုသိထားပြီးဖြစ်သော်လည်း ထိုအကြောင်းကို တခြားလူတွေကို အသိပေးဖို့ ရည်ရွယ်ချက်မရှိပေ။

"တကယ်လား..? ဘယ်လိုငါးမျိုးလဲ?" အားလုံး စူးစမ်းချင်စိတ်တွေ ပြင်းပြလာပြီး ငါးကိုကြည့်ဖို့ ရှေ့တိုးလာကြသည်။

လင်ရှောင်းထင်လဲ ငါးအိတ်ကို ချလိုက်ပြီး ဖွင့်လိုက်ရာ ဧရာမ အဝါရောင် ငါးပုတ်သင်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။

"ဒီငါးကဘာငါးလဲ?" လူတော်တော်များများသည် ဘယ်လိုငါးမျိုးလဲဆိုတာ မသိနိုင်ကြပေ။

သို့သော် သခင်ကြီးလင်နှင့် သခင်ကြီးထန်တို့သည် ငါးကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။ "ဒါက အဝါရောင်ငါးပုတ်သင်ကြီးပဲ!"

"အဝါရောင်ငါးပုတ်သင်?" တော်တော်များများက အဝါရောင်ငါးပုတ်သင်ဆိုတာ ဘာလဲဆိုတာကို မသိကြသော်လည်း သခင်ကြီးလင်နှင့် သခင်ကြီးထန်တို့၏ တုံ့ပြန်ပုံကိုကြည့်ပြီး သာမန်မဟုတ်မှန်း သိလိုက်သည်။

"ဒီငါးက အရမ်းရှားပါးပြီး ရွှေထက်တောင် ပိုစျေးကြီးသေးတယ်။" ထန်ဟိုင်ဖုန်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ပြောသည်။ ထိုငါးအကြောင်း စာအုပ်တစ်အုပ်ထဲမှာသာ ဖတ်ခဲ့ဖူးပြီး အပြင်မှာ တစ်ခါမှ မမြင်ဖူးပေ။

"ဟုတ်တယ်၊ အရမ်းစျေးကြီးတယ်" သခင်ကြီးလင်ကပါ ပြောလိုက်သည်။

ထိုအခါ ထန်ကျားခိုင်က၊ "ဘယ်လောက်တောင်စျေးကြီးလို့လဲ?"

"ဧရာမအဝါရောင်ငါးပုတ်သင်က ဆိုင်းနဒီးမျိုးစုအနွယ်ဝင် အဏ္ဏဝါနှင့်ရေသွယ်ငါးမျိုးစိတ်ပဲ။ တစ်ခါက အလေးချိန် ၄၈ ကီလိုဂရမ်ရှိတဲ့ အဝါရောင် ငါးပုတ်သင်ကြီးတစ်ကောင်ရခဲ့တာကို တစ်ယောက်ယောက်က ယွမ်ခြောက်သိန်းပေးဝယ်သွားခဲ့သေးတယ်။ ကျွန်မဖမ်းမိတဲ့ ဒီအဝါရောင်ငါးပုတ်သင်ကြီးက အနည်းဆုံး ၇၀ ကီလိုဂရမ်ရှိတော့ ယွမ်တစ်သန်းကျော်လောက် တန်ကြေးရှိသင့်တယ်။” ကုနင်းက ရှင်းပြပေးလာသည်။

ထိုအရာကိုကြားပြီး အားလုံး အံ့သြသွားကြသည်။ ငါးတစ်ကောင်သည် ယွမ်တစ်သန်းကျော်တန်ဖိုးရှိသည်။ ဤဟင်းသည် သူတို့စားဖူးသမျှ ဈေးအကြီးဆုံး ဟင်းဖြစ်လာနိုင်သည်။

"နင်းနင်း မင်းကကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးငါးကို ရလာခဲ့တယ်ဆိုတာ ငါတကယ်မယုံနိုင်ဘူး!" ချောင်ဝမ်ရှင်း ပြောသည်။

အခြားသူများသည်လည်း ကုနင်းကို ချီးကျူးလာကြသည်။

စင်စစ် ကုနင်း သည် ဤဧရာမအဝါရောင်ငါးပုတ်သင်ကို ဖမ်းဆီးပြီးထိန်းသိမ်းရန် သူမ၏ စိတ်စွမ်းအင်အာကာပြင်ကို အသုံးပြုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ထိုအချက်ကို လျှို့ဝှက်ထားသင့်သည်။

"ငါတို့ ဘယ်လိုချက်ပြုတ်ရမှာလဲ?" ထန်ယွင်ဖန်းက မေးသည်။

"သမီးတို့ စားဖိုမှုးကိုပဲ သူသိသလို ချက်ခိုင်းလိုက်မယ်"

"ငါတို့ အကုန်မစားနိုင်လောက်ဘူး"

“ကိစ္စမရှိပါဘူး... လတ်လတ်ဆတ်ဆတ် စားရမှာပေါ့”

စားဖိုမှူး ရောက်လာပြီး အဝါရောင် ငါးပုတ်သင်ကြီးကို တွေ့သောအခါတွင် သူလည်း အလွန်အံ့သြသွားတော့သည်။

All Chapters