အခန်း (၁၃၂၇-၁၃၃၂)
Vol. 86 Ch. 1327-1332
အပိုင်း ၁၃၂၇ နောက်ဆုံးတော့မင်းကိုတွေ့ပြီ ....
ကုနင်း သူမကို အကြာကြီးစောင့်ရမည်စိုး၍ ဟန်ဝမ်လင်းသည် သူမ၏ တူမလေးကို ဟိုတယ်ကို လိုက်ပို့ပေးဖို့ ဟန်မိသားစု၏ ယာဉ်မောင်းကိုတာဝန်ပေးလိုက်သည်။ ထို့ကြောင့် ဟန်ဝမ်လင်းသည် သူမ၏ အတွင်းရေးမှူးနှင့်သာ လိုက်ပါလာခဲ့သည်။
"မတွေ့တာကြာပြီနော် မစ္စကု။" ကုနင်း အထဲကိုဝင်လာသည်နှင့် ဟန်ဝမ်လင်း မတ်တပ်ရပ်လိုက်သည်။
သူမသည် ကျော်ကြားသော စီးပွားရေးလုပ်ငန်းစုတစ်ခု၏ အမွေဆက်ခံသူဖြစ်သော်လည်း သူမထက် များစွာငယ်သော မိန်းကလေးတစ်ဦးအပေါ် အလွန်ယဉ်ကျေးသည်။ ဟန်ဝမ်လင်း၏ အတွင်းရေးမှူးသည် ကုနင်း၏ နောက်ခံအကြောင်း မသိပါက သူမ အံ့အားသင့်သွားမည်ဖြစ်သည်။
တစ်ဖက်တွင်မူ ဟန်ဝမ်လင်းကို မှတ်မိသော်လည်း ကုနင်းကို မသိသည့် စားပွဲထိုးသည် အလွန်အံ့သြသွားသည်။
ကုနင်း၏လူမှုအသိုင်းအဝိုင်း အဆင့်အတန်းသည် ဟန်ဝမ်လင်း လောက်မမြင့်မားသော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် တော်လွန်းသော သူမ၏အရည်အချင်းသည် ဟန်ဝမ်လင်း၏ အထင်ကြီးလေးစားမှုကိုရရှိခဲ့ပြီးဖြစ်သည်။
ဟန်ဝမ်လင်းသာမကဘဲ အခြားသော သြဇာရှိပုဂ္ဂိုလ်များစွာကလည်း ကုနင်းကို လေးစားကြသည်။ ကုနင်းကို မနာလိုသူ သို့မဟုတ် ဘဝင်မြင့်နေသောသူများသာ ကုနင်းကို မလေးမစားဆက်ဆံကြသည်။
ဟန်ဝမ်လင်းသည်လည်း မာနရှိသူဖြစ်သော်လည်း ထူးချွန်ထက်မြက်သောသူရှေ့တွင် ထိုမာနကို သူမ ထုတ်မပြပေ။
"ဟိုင်း၊ ထပ်တွေ့ရတာဝမ်းသာပါတယ် မစ္စဟန်။" ကုနင်း သူမကို ပြုံးပြလိုက်သည်။
“ကျေးဇူးပြုပြီး ထိုင်ပါ။ ငါ့တူမလေးက ဒီကိုလာနေပြီ၊ ခဏနေရင် ရောက်လိမ့်မယ်။" ဟန်ဝမ်လင်းက ပြောပြီး ကုနင်းသည် သူမ၏ဘေးမှာ ဝင်ထိုင်လိုက်သည်။
"ကျေးဇူးပြုပြီး..." ထို့နောက် ဟန်ဝမ်လင်းသည် လှည့်၍ ကောင်းယိ နှင့် ချောင်ယတို့ကို ထိုင်ရန် ဖိတ်ကြားလိုက်သည်။
"မစ္စကု၊ မင်းကြိုက်တာ မှာလို့ရတယ်၊"ကုနင်းကို မီနူးပေးရန် စားပွဲထိုးကို တစ်ချက်ကြည့်လိုက်ပြီး ဟန်ဝမ်လင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်" ကုနင်းလည်း သူမအကြိုက်ဆုံးဟင်းလျာအချို့ကို မှာလိုက်သည်။
ဟန်ဝမ်လင်းသည်လည်း အစားအစာများ မှာလိုက်သည်။
စားပွဲထိုးထွက်သွားသောအခါ ဟန်ဝမ်လင်း ကုနင်းကိုမေးလိုက်သည်။ "မစ္စကု၊ လွန်ခဲ့တဲ့ရက်ပိုင်းက ခိုကျီအကြောင်း သတင်းဆိုးတစ်ခုကို ကြားခဲ့ရတယ်။ အခုအဲ့တာ ဘယ်လိုလဲ?"
“ဒါက လွယ်လွယ်နဲ့ ပြီးဆုံးမှာ မဟုတ်ဘူး၊ ကျွန်မရန်သူက ထပ်ပြီး လှုပ်ရှားဦးမယ်လို့ ထင်တယ်။ တကယ်တော့ အဲ့ဒီကိစ္စ ဖြေရှင်းဖို့ Q မြို့ကို လာခဲ့တာ။” ကုနင်း ရိုးရိုးသားသားဖြေလိုက်သည်။
"အိုး ငါနားလည်ပြီ။" ဟန်ဝမ်လင်း ခေါင်းညိတ်လိုက်သည်။ ကုနင်းသည် ထိုကိစ္စကိုကိုင်တွယ်ရန် Q မြို့ကို ရောက်လာသည်ဆိုကတည်းက သူမ၏ရန်သူသည် Q မြို့မှာ ရှိသည်ဟုဆိုလိုသည်။
"မင်း အဲဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ငါယုံကြည်ပါတယ်၊ ဒါပေမယ့် မင်းအကူအညီလိုရင် ငါ့ကို ဖုန်းဆက်လိုက်ဖို့ အားမနာပါနဲ့။" အခြေခံအားဖြင့် ဟန်မိသားစုသည် Qမြို့တွင် ထိပ်တန်းမိသားစုဖြစ်သည်။
ဟန်ဝမ်လင်း ထိုသို့ပြောသည်မှာ ကုနင်းအပေါ် သူမ၏ သဘောထားကို ဖော်ပြခြင်းဖြစ်သည်။
"ကောင်းပါပြီ။"
တစ်ခဏအကြာတွင် တစ်စုံတစ်ဦး တံခါးလာခေါက်ပြီး အသက် ၁၅ နှစ်ခန့် မိန်းကလေးတစ်ဦး အထဲသို့ ဝင်လာသည်။ ကုနင်း ထံသို့ အကြည့်ရောက်သွားသောအခါ သူမ၏ မျက်လုံးတွေသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာခဲ့သည်။ "အိုး .. နောက်ဆုံးတော့ မင်းကို ငါတွေ့ခွင့်ရပြီ.. ငါ့ရဲ့ အိုင်ဒေါ.."
သူမသည် ကုနင်းဆီသို့ တည့်တည့်ပြေးသွားပြီး လက်ကိုဆွဲလိုက်သည်။ သူတို့သည် သူစိမ်းများဟု လုံးဝမထင်ရပေ။
"ရိုဟန် မင်းရဲ့အမူအကျင့်ကို ဂရုစိုက်။" ဟန်ဝမ်လင်းက သူမကို လှမ်းကြည့်သည်။
"တောင်းပန်ပါတယ် ငါအရမ်းစိတ်လှုပ်ရှားသွားလို့..။" ဟန်ရိုဟန်သည် ကုနင်း၏လက်ကို ချက်ချင်းလွှတ်လိုက်ပြီး တောင်းပန်လိုက်သည်။
“အဆင်ပြေပါတယ်။” ကုနင်း ပြုံးလိုက်သည်။ သူမ လုံးဝစိတ်မဆိုးပဲ ဟန်ရိုဟန်သည် အလွန်ချစ်စရာကောင်းသည်ဟုသာ ထင်မိသည်။
ကုနင်းသည် သူစိမ်းများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရခြင်းကို မကြိုက်သော်လည်း ဟန်ရိုဟန်သည် ငယ်ရွယ်ပြီး စွမ်းအင်ပြည့်ဝသော ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဖြစ်သည်။ ထို့အပြင်၊ ကုနင်းသည် ဟန်ဝမ်လင်းကိုထောက်၍ စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံ မပြပေ။
ဟန်ရိုဟန်သည် သူမ၏ အိုင်ဒေါနှင့် ဓာတ်ပုံရိုက်ရန် မမေ့ပေ။ သို့သော်လည်း သူမသည် ကုနင်းကို တောက်လျှောက်စကားအများအပြားပြောနေ၍ ဟန်ဝမ်လင်း ကြည့်မရဖြစ်ကာ သူမ၏ ထိုင်ခုံပေါ်သို့ပြန်ဆွဲရသည်။
ဟန်ရိုဟန်သည် ကုနင်းနှင့် ဓါတ်ပုံများ လုံလောက်အောင်မရိုက်ရသေးဟုတွေးကာ နှုတ်ခမ်းစူလိုက်သည်။
ထမင်းစားနေစဉ် ဟန်ရိုဟန်သည် မတူညီသောအကြောင်းအရာများအကြောင်း ကုနင်းနှင့် ဆက်လက်စကားပြောခဲ့ပြီး ကုနင်းသည် စိတ်ရှည်သည်းခံခဲ့သည်။
ဟန်ဝမ်လင်းသည် ဟန်ရိုဟန်ကြောင့် ကုနင်း စိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမသည် ဟန်ရိုဟန်ကို ခဏလောက်တော့ ပါးစပ်ပိတ်ရန် ပြောခဲ့သည်။
ဟန်ရိုဟန်သည် ဟန်ဝမ်လင်း သူမကို ဆူလိုက်သည်နှင့် ပါးစပ်ပိတ်သွားသော်လည်း နောက်တစက္ကန့်တွင် ကုနင်းနှင့် သူမ ပြန်စကားပြောပြန်သည်။
ဟန်ရိုဟန်သည် သူတို့မိသားစုတွင် ဟန်ဝမ်လင်းနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိသော်လည်း သူမသည် ထိုအဒေါ်ကို အကြောက်ဆုံးဖြစ်သည်။ သူမ၏အဖိုးမှလွဲ၍ အဒေါ်သည် ဟန်မိသားစုတွင် အရေးအကြီးဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် ဟန်ဝမ်လင်းသာ သူမကို တစ်ကြိမ်ဆူခဲ့ရင် ဟန်ရိုဟန်သည် တိတ်ဆိတ်သွားမည်ဖြစ်သော်လည်း ယနေ့တွင် မတူညီပဲ ကုနင်း၏ ရှေ့တွင် သူမကိုယ်သူမ မထိန်းနိုင်ပေ။
ကုနင်းသည် ဟန်ဝမ်လင်း၏စိုးရိမ်မှုကို နားလည်သော်လည်း သူမစိတ်မဆိုးသောကြောင့် ဟန်ရိုဟန်ကို မဆူရန် ဟန်ဝမ်လင်းကို တားလိုက်သည်။
ကုနင်း စိတ်မဆိုးသောကြောင့် ဟန်ဝမ်လင်း လက်လျှော့လိုက်သည်။ အသုံးဝင်မည်မဟုတ်ကြောင်းကိုလည်း သူမသိသောကြောင့်ဖြစ်သည်။
ဟန်ရိုဟန်သည် အလွန်စကားများပြီး သူမသည် ထမင်းစားချိန်အတွင်း ကုနင်းနှင့် အကြောင်းအရာအားလုံးနီးပါး စကားပြောခဲ့သည်။
ကုနင်းသည် ဟွမ်းဒင်ဟိုတယ် တွင်နေသောကြောင့် ဟန်ဝမ်လင်းသည် ဟန်ရိုဟန်နှင့် အတူထွက်ခွာသွားခဲ့သည်။
ဟန်ဝမ်လင်း ပြန်သွားသောအခါ ကုနင်းလည်း သူမ၏အခန်းထဲပြန်ဝင်သွားသည်။
ကုနင်းသည် Corydalis မိတ်ကပ်၏နောက်ခြေလှမ်း လုပ်ဆောင်ခဲ့ခြင်းရှိမရှိကို အင်တာနက်ပေါ်တွင် ရှာဖွေခဲ့သော်လည်း မထူးခြားပေ။
Corydalis မိတ်ကပ်သည် ဘာမျှမလုပ်သေးသောကြောင့် ကုနင်း စောင့်ခဲ့ရသည်။ သူမအနေနဲ့ ထိုသူဘာဆက်လုပ်မည်ဆိုတာကို မကြောက်ဘဲ ဘာမှမလုပ်မည်ကိုသာစိုးသည်။
ထိုညတွင် ကုနင်း လင်ရှောင်းထင်ကို ဖုန်းခေါ်ဆိုခဲ့သည်။
လင်ရှောင်းထင်သည် လူကာ အရေးကို လူကိုယ်တိုင်ကိုင်တွယ်နေသော်လည်း ရလဒ်ရရှိရန် ရက်အနည်းငယ်ကြာမည်ဖြစ်သည်။
လူကာသည် နိုင်ငံခြားသားဖြစ်သောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရန် လိုအပ်သည်။
သုံးရက် သို့မဟုတ် ထို့ထက်ပိုကြာနိုင်သည်။
***
အပိုင်း ၁၃၂၈ နောက်ဆုံးတော့...စတင်လိုက်ပြီ..
လင်ရှောင်းထင်သည် မြို့တော်သို့ပြန်ရောက်ပြီးနောက် လင်မိသားစုထံ မပြန်ပေ။ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပဲ လင်ရှောက်ကျားကို ရိုက်နှက်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ည ၁၀ နာရီတွင် လူအများစုသည် အင်တာနက်ပေါ်တွင် ပျော်ရွှင်နေကြချိန် ခိုကျီ နှင့်ပတ်သက်သည့် ကောလဟာလ ထပ်မံပေါ်ပေါက်လာသည်။ ခိုကျီ၏အကြောင်းကို Weibo မှာ အကျော်ကြားဆုံး အကြောင်းအရာများထဲက တစ်ခုအဖြစ် သတင်းပေးသူမှာ ဝမ်ကျုံးဟန်ဖြစ်သည်။
သူသည် ဖုန်းနှင့် ဗီဒီယို ရိုက်ပြီး Weiboပေါ် တင်ခဲ့သည်။ ဗီဒီယိုတွင် ခိုကျီသည် ငွေကိုသာပိုရှာလိုပြီး အရည်အသွေးကို ဂရုမစိုက်သောကြောင့် ခိုကျီ၏ ထုတ်ကုန်များတွင် အရည်အသွေးပြဿနာရှိနေကြောင်း ဝန်ခံခဲ့သည်။ ခိုကျီသည် ညစ်ပတ်သောလျှို့ဝှက်ချက် ပေါ်ပေါက်လာပါက အရောင်းကိုယ်စားလှယ်များကို အပြစ်တင်နိုင်စေရန် ထုတ်ကုန်အတုများအတွက် ထုပ်ပိုးမှုအမျိုးမျိုးပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။ ဝမ်ကျုံးဟန်သည် သူ့အနေနှင့် သည်းမခံနိုင်တော့၍ ဖော်ထုတ်ဖို့ ရွေးချယ်ခဲ့သည်ဟုဆိုသည်။
သူသည် Weibo တွင် ဘာမှမဟုတ်သောအကောင့်တစ်ခုသာဖြစ်သော်လည်း သြဇာကြီးသူ အများအပြားကို မန်းရှင်းခဲ့သည်။ သို့နှင့် သူ၏ဗီဒီယိုသည် weiboတွင် အာရုံစိုက်မှုများစွာ ရရှိလာသည်။ သူ ခိုကျီအတွက် အလုပ်လုပ်သည်ဆိုသောကြောင့်လူအများစုသည် သူ၏စကားကို ယုံကြည်ရန် ရွေးချယ်ကြသည်။
"ခိုကျီက တရားဝင်ရှင်းပြချက်ထုတ်ထားတာမဟုတ်ဘူးလား။ လိမ်တာလား? ငါမယုံနိုင်တော့ဘူး။"
“အခု ငါ အသည်းကွဲသလို ခံစားရတယ်။ ငါ ခိုကျီကို အရင်တခေါက်က ထောက်ခံခဲ့တာ။"
“ ခိုကျီ ထုတ်ကုန်တွေက တကယ်ထိရောက်တယ်ဆိုတာ ငြင်းလို့မရပေမယ့် ခိုကျီ ရဲ့ ငွေရှာနည်းကို တော့ ငါတကယ် အထင်သေးမိတယ်။ တော်တော်ရူးသွပ်တာပဲ။"
"ငါ ခိုကျီ ကို မဝယ်တော့ဘူး။"
"ငါရောပဲ။"
“…”
တစ်ချိန်တည်းမှာပင် လူအချို့သည် အကျိုးအကြောင်းကို ဆင်ခြင်နိုင်တုန်းပင်ဖြစ်သည်။
“ဒါက သူ့စကားပဲဖြစ်ပြီး အမှန်တရားကို ဘယ်သူမှ မသိရသေးဘူး။ သူ ခိုကျီမှာ တကယ်အလုပ်လုပ်ရဲ့လားငါသိချင်မိတယ်။"
"သူ ခိုကျီမှာ တကယ်အလုပ်လုပ်တယ်ဆိုရင်တောင် ခိုကျီ ကို သစ္စာဖောက်တာ ဖြစ်နိုင်သေးတယ်။"
“စီးပွားရေး ပြိုင်ဆိုင်မှုက ရက်စက်ပြီး ရှုပ်ထွေးတယ်။ ဘာမဆို ဖြစ်နိုင်တယ်။”
“…”
သို့သော်လည်း ယခုတစ်ကြိမ်တွင် အများစုသည် ခိုကျီ အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။
ခိုကျီကို ဝေဖန်နေကြသည့် လူတွေပိုများလာသည်ကိုတွေ့သော်လည်း ကုနင်း လုံးဝမစိုးရိမ်ပေ။
ယင်းအစား၊ သူမသည် ထိုကိစ္စသည် သူမနှင့် လုံးဝ မဆိုင်သလို ကြည့်နေသည်။
ခိုကျီ၏တရားဝင် Weibo အကောင့်တွင်လည်း အသံတိတ်နေခဲ့ပြီး ခိုကျီသည် တကယ် အပြစ်ရှိသည်ဟု လူအများကိုထင်မြင်လာစေသည်။
ဝမ်ကျုံးဟန်သည် လူအများစု အလုပ်ဆင်းချိန်တွင် တင်ခဲ့သောကြောင့် သတင်းခေါင်းစဉ်ကြီးကြီးမားမားဖြစ်စေရန် အကူအညီရသည်။
သူတို့မသိသည်မှာ ကုနင်းသည် ခိုကျီ၏ တရားဝင် Weibo အကောင့်ကို ထိန်းချုပ်ထားပြီးသားပါ။ သူမကြိုက်သည့် အချိန်တိုင်း ပို့စ်တင်နိုင်သည်။
နဉ်ချန်းခိုင်သည် ခိုကျီနှင့်ပတ်သက်သည့် သတင်းများကို အချိန်တိုင်း အာရုံစိုက်နေသောကြောင့် ထိုဗီဒီယို Weibo တွင် ရေပန်းစားလာသောအခါ သူ သတိပြုမိသည်။ သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဒေါသထွက်မိသေးသည်။ ကုနင်းသည် သတင်းကို သတိပြုမိခြင်းရှိမရှိကို သူမသိသောကြောင့် သူမကို ချက်ချင်းဖုန်းဆက်လိုက်သည်။
ကုနင်းသည် နဉ်ချန်းခိုင်ကို စိတ်အေးအေးထားပြီး သူတို့ဇာတ်လမ်းကို စောင့်ကြည့်ဖို့ ပြောခဲ့သည်။ သူမသည် အာရုံစိုက်မှု လုံလုံလောက်လောက်ရပြီဟု မထင်သေးကြောင့် ကေကိုဖုန်းဆက်ပြီး အင်တာနက်တွင် ပိုသတိထားမိအောင် လုပ်ဖို့ ပြောလိုက်သည်။
ကုနင်းသည် ဤစုံစမ်းမှုအတွက် ရက်အတန်ကြာ အသုံးပြုခဲ့သောကြောင့် တစ်ခါတည်း ထိထိရောက်ရောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ည ၁၁ နာရီတွင် ခိုကျီသည် Weibo တွင် အကျော်ကြားဆုံးအကြောင်းအရာများစာရင်းတွင် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။
ကျွမ်းချွမ်ဟောက်သည် ၎င်းအတွက် အလွန်ကျေနပ်ခဲ့ပြီး ခိုကျီသည် ယခုတစ်ကြိမ်တွင် ကျရှုံးရမည်ဟု ယုံကြည်ခဲ့သည်။
ထိုအချိန်တွင် ကုနင်းသည် ခိုကျီ၏တရားဝင် Weibo အကောင့်သို့ ဝင်ရောက်ပြီးနောက် ပို့စ်တစ်ခုတင်လိုက်သည်။
ခိုကျီ : ဝမ်ကျုံးဟန်က တကယ်ပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက်ပါ ၊ ဒါပေမယ့် သူကတော့ ကျွန်တော်တို့ ကုမ္ပဏီကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ သူတစ်ယောက်ရဲ့ လာဘ်ပေးလာဘ်ယူမှုကို ခံခဲ့ရပါတယ်။ ဤအစီအစဉ်နောက်ကွယ်မှ ထိန်းချုပ်သူကို ကျွန်တော်တို့သတိပေးပြီး ရပ်တန့်ရန် အခွင့်အရေးပေးထားပြီးဖြစ်သော်လည်း သူတို့က လက်မခံခဲ့ပါဘူး။ ၁၀ မိနစ်အတွင်း အမှန်တရားက ထွက်လာပါလိမ့်မယ်။
စင်စစ် ကုနင်းသည် Corydalis မိတ်ကပ်ကို လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ဤအစီအစဉ်ကို ရပ်တန့်ရန် အခွင့်အရေးပေးခဲ့သည်ဆိုသည်မှာ လိမ်ညာမှုတစ်ခုပင်။ သို့သော်လည်း ဤပို့စ်သည် လူအများစု၏ သဘောထားကို ပြောင်းလဲရန် မလုံလောက်ခဲ့ပေ။
လူအများစုသည် ဤသည်မှာ ဟန်ဆောင်မှုတစ်ခုဟု ထင်နေကြသေးသည်။
ကျွမ်းချွမ်ဟောက် နှင့် ကျောက်ဝေ့တို့သည် ပို့စ်ကိုဖတ်လိုက်မိသောအခါ သူတို့သည် ထိုအကြောင်းကို ချက်ချင်းဆွေးနွေးကြသည်။ ခိုကျီသည် သူတို့ကို အပြစ်ပေးနိုင်သည်ဟု မယုံကြည်ပေ။
သို့သော်၊ သူတို့သည် Corydalis မိတ်ကပ်နှင့် ပတ်သက်၍ ခိုကျီ မည်မျှသိထားသည်ကိုလည်း စိုးရိမ်ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ၁၀ မိနစ်လောက် စောင့်ရန် ကိစ္စမရှိပေ။
"ဝမ်ကျုံးဟန်က ယုံကြည်ရလို့လား? သူ မင်းကို သစ္စာဖောက်မှာလား?" ကျွမ်းချွမ်ဟောက်က ကျောက်ဝေ့ကို မေးသည်။
ကျောက်ဝေ့ သည် ဝမ်ကျုံးဟန်ကို ယုံကြည်စိတ်ချရကြောင်း ကတိပေးခဲ့သော်ခည်း သူကိုယ်တိုင်လည်း စိုးရိမ်နေစဲပင်။
"စိတ်လျှော့ပါ၊ ဝမ်ကျုံးဟန်က Weibo မှာ ဗီဒီယိုကို တင်လိုက်တဲ့အချိန်မှာ B မြို့က ထွက်သွားပါပြီ။ ခိုကျီက သူ့ကို ဖမ်းလို့မရဘူး။” ကျောက်ဝေ့ ယုံကြည်မှုအပြည့်နဲ့ ပြောသည်။ သို့သော်၊ အကြောင်းအရာများသည် သူတို့လိုချင်သည့်ပုံစံအတိုင်း အမှန်တကယ် ဖြစ်သွားတော့မှာတဲ့လား။
***
အပိုင်း ၁၃၂၉ ဒရမ်မာဆန်တဲ့ အပြောင်းအလဲ
"ကောင်းတယ်၊ ဝမ်ကျုံးဟန်ကို ရှာမတွေ့သရွေ့ ဝမ်ကျုံးဟန်ရဲ့ စကားတွေက အစစ်အမှန်တွေပဲဖြစ်လိမ့်မယ်။" ကျွမ်းချွမ်ဟောက်က ထိုသို့ ပြောပြီး စိတ်သက်သာရာရသွားသည်။
ဝမ်ကျုံးဟန် မရှိတော့လျှင် ခိုကျီသည် သူတို့၏လုပ်ရပ်မှန်း သိနိုင်မည်ဟု မထင်ကြပေ။
ခိုကျီ၏ ဝန်ထမ်းများသည် ဝမ်ကျုံးဟန်ကို အလွန်ဒေါသထွက်နေကြသည်။ သူတို့သည် စက်ရုံတွင် နေ့တိုင်းအလုပ်လုပ်ကြသော်လည်း ခိုကျီ ထုတ်ကုန်အတုများကို မည်သူမျှ မမြင်ဖူးကြပေ။ ဝမ်ကျုံးဟန်သည် ခိုကျီကို ထိုသို့ စွပ်စွဲရန် တစ်စုံတစ်ဦးထံမှ လာဘ်ယူထားသည်မှာ ထင်ရှားသည်။
အကယ်၍ ခိုကျီသည် ဝမ်ကျုံးဟန် ကြောင့် နာမည်ပျက်သွားပါက သူတို့သည် အလုပ်ပြုတ်သွားမည်ဖြစ်သည်။ သူတို့သည် ထိုသို့လုံးဝမဖြစ်ချင်ကြပေ။
သို့သော်လည်း သူတို့သည် ကုမ္ပဏီတွင် အရေးပါသော ပုဂ္ဂိုလ်များမဟုတ်ကြ၍ ဝမ်ကျုံးဟန်၏စကားကို ငြင်းဆိုလျှင်ပင် မည်သူမျှ သူတို့ကို ယုံမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူတို့သည် ကုမ္ပဏီကိုသာ အားကိုးရတော့မည်။
၁၀ မိနစ်ခန့်အကြာတွင် ကုနင်းသည် ပို့စ်များစွာကို ဆက်တိုက်တင်လိုက်သည်။ ပို့စ်တစ်ခုစီ၏ စာလုံးအရေအတွက် ကန့်သတ်ထားသောကြောင့် သူမတွေ့ရှိခဲ့သော အထောက်အထားအားလုံးကို တင်ရန် ပို့စ်များစွာတင်ရမည်ဖြစ်သည်။
Corydalis မိတ်ကပ်အရောင်းမန်နေဂျာဝမ်ကျုံးဟန်နှင့် ကျောက်ဝေ့တို့၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ သူတို့၏ ပူးပေါင်းဆောင်ရွက်မှု၏ အကြောင်းရင်းနှင့် အထောက်အထားများ၊ ကျောက်ဝေ့ နှင့် အရောင်းကိုယ်စားလှယ်များကြား အဆက်အသွယ်မှတ်တမ်းများ၊ Corydalis မိတ်ကပ်မှငှားရမ်းထားသော အင်တာနက်ပေါ်မှ အခကြေးငွေဖြင့် ပြသနာဖန်တီးပေးသူများ ၊ Corydalis မိတ်ကပ်မှ ခိုကျီထုတ်ကုန်အတုပြုလုပ်ခြင်း ဗီဒီယို စသည်တို့ ဖြစ်သည်။
ထိုပို့စ်များကို ဖတ်ပြီးနောက် အားလုံး အံ့သြသွားကြသည်။ ထိုအရာသည် အလွန်ဆိုးရွားသော အကွက်ဆင်မှုတစ်ခု ဖြစ်နေသည်။
“ဂျီးဆပ် ..အခု ငါ့မျက်လုံးတွေကို မယုံနိုင်တော့ဘူး။ ခိုကျီက တကယ်ပဲ ချောက်ချခံရတာပေါ့။"
"ငါလည်းပဲ ငါ့မျက်လုံးကို မယုံနိုင်ဘူး။"
"ငါ ခိုကျီကို တစ်ချိန်လုံး ယုံကြည်ခဲ့တယ်၊ အဲဒါက ငါ့ကို စိတ်မပျက်စေခဲ့ပါဘူး။"
“ဒါဟာ မမျှတတဲ့ စီးပွားရေး ပြိုင်ဆိုင်မှုပဲ။ ခိုကျီ ကို ဝေဖန်ခဲ့တဲ့သူတွေ အခုပဲ တောင်းပန်သင့်တယ်လို့ ငါထင်ပါတယ်။”
"ငါသဘောတူတယ်။"
“…”
ခိုင်လုံသောသက်သေကိုရင်ဆိုင်ရသောကြောင့် ခိုကျီကိုမည်သူမျှနောက်တဖန်မတိုက်ခိုက်ဝံ့ပေ။
နောက်ပိုင်းတွင် အင်တာနက်အသုံးပြုသူအားလုံးသည် Corydalis မိတ်ကပ်ကို ၎င်း၏တရားဝင် Weibo အကောင့်အောက်တွင် ဝေဖန်လာကြသည်။
"အရှက်မရှိတဲ့ Corydalis မိတ်ကပ်။"
"ငါ Corydalis မိတ်ကပ် မဝယ်တော့ဘူး။"
"ခိုကျီကအခု ငါ့ရဲ့ မိတ်ကပ် ရွေးချယ်မှု အသစ်ပဲ။"
"ကျွမ်းချွမ်ဟောက်ကို ထောင်ထဲထည့်သင့်တယ်။"
“…”
လူတွေသည် Corydalis မိတ်ကပ်နှင့် ကျွမ်းချွမ်ဟောက်ကို အရင် ခိုကျီကိုဝေဖန်ခဲ့သည်ထက် ပိုပြင်းထန်စွာ တိုက်ခိုက်ကြသည်။
ခိုကျီ၏ အရည်အသွေး အရှုပ်တော်ပုံ ပေါ်ပေါက်လာသောအခါ လူအများစုသည် ရိုးရိုးရှင်းရှင်းပင်ခိုကျီကို စိတ်ပျက်မိသော်လည်း Corydalis မိတ်ကပ်လုပ်ခဲ့သည့်အရာမှာ လုံးဝ လက်မခံနိုင်စရာ တရားမဝင်ကိစ္စဖြစ်သည်။
ကျွမ်းချွမ်ဟောက်နှင့် ကျောက်ဝေ့တို့သည် ခိုကျီ၏တရားဝင် Weibo အကောင့်မှ တင်ထားသော ပို့စ်များကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။ ခိုကျီသည် သူတို့၏ ညစ်ပတ်သောလျှို့ဝှက်ချက်များအကြောင်း အထောက်အထားများစွာရှိသည်ကို သူတို့မယုံနိုင်ခဲ့ကြပေ။
ကျွမ်းချွမ်ဟောက်ရော ကျောက်ဝေ့ပါ လက်မခံနိုင်ကြပေ။ ကျွမ်းချွမ်ဟောက်သည် Corydalis မိတ်ကပ်၏ ဘော့စ်ဖြစ်သည်။ Corydalis မိတ်ကပ်သည် ဆိုးရွားသော အကျပ်အတည်းတစ်ခုရင်ဆိုင်ရပါက၊ သူသည် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။
ကျောက်ဝေ့သည် သူ့အတွက်သာ အလုပ်လုပ်ခဲ့ပြီး အလုပ်ပြောင်း၍ရသည်။ ထို့ကြောင့် ကျွမ်းချွမ်ဟောက်သည် သူ့အတွက် ကိုယ်စားခံမည့်သူရှာရန် ဆုံးဖြတ်ခဲ့သည်။
ကံမကောင်းစွာပင် သူမလုပ်နိုင်ခင်မှာ ခိုကျီသည် တခြားပို့စ်တစ်ခုကို တင်လိုက်ပြီး ကျွမ်းချွမ်ဟောက်သည် ဤအချိန်တွင် ပစ်မှတ်ဖြစ်လာသည်။
ကျွမ်းချွမ်ဟောက်၏ လာဘ်ပေးလာဘ်ယူမှု၊ အခွန်ရှောင်မှု၊ ငွေကြေးလိမ်လည်မှုစသည်ဖြင့် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ထောက်ပြထားသည်။ ကျွမ်းချွမ်ဟောက်သည် အလွန် အံ့အားသင့်သွားသည်။ သူ သေချာပေါက်ထောင်ကျတော့မည်ဖြစ်သည်။
ထိုသတင်းပေါက်ပြီး မကြာခင်ပင် ရဲငါးယောက်သည် ကျွမ်းချွမ်ဟောက်၏အိမ်သို့သွားပြီး သူ့ကို ဖမ်းဆီးခဲ့ကြသည်။
“ကျွန်တော်တို့က ပြည်သူ့လုံခြုံရေးဌာနကပါ။ လာဘ်ပေးလာဘ်ယူမှု၊ အခွန်ရှောင်မှုနှင့် ငွေကြေးလိမ်လည်မှုတို့အတွက် စွဲချက်တင်ထားတယ်။" ရဲအရာရှိသည် သူ၏လက်မှတ်ကိုပြပြီး ကျွမ်းချွမ်ဟောက် ကိုလက်ထိပ်ခတ်လိုက်သည်။
ရဲတပ်ဖွဲ့ဝင်များသည် ကျွမ်းချွမ်ဟောက်၏အိမ်သို့ အလျင်အမြန်ရောက်ရှိလာရခြင်းအကြောင်းရင်းမှာ ဟန်ဝမ်လင်းသည် ကုနင်းကိုကူညီခဲ့သောကြောင့်ဖြစ်သည်။
ကုနင်းသည် ဟန်ဝမ်လင်းကို ပို့စ်မတင်ခင် ဖုန်းဆက်ပြီး ကျွမ်းချွမ်ဟောက်ကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့သည်။
ကုနင်းသည် Qမြို့ တွင် သြဇာမညောင်းသောကြောင့် ရဲများသည် သူမအလိုရှိသလောက် မြန်မြန်အရေးယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည်ဟန်ဝမ်လင်းထံ လှည့်၍ အကူအညီတောင်းခဲ့သည်။
ကျွမ်းချွမ်ဟောက်သည် Q မြို့တွင် အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး လူအများအပြားက သူ့ကို ဆန့်ကျင်ရန် ဆန္ဒမရှိကြပေ။
ကုနင်းသည် တခြားမြို့က ဖြစ်ပြီး ရဲများသည် သူမဘက်လိုက်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ပြဿနာကို ဖြေရှင်းရန်အတွက် ကုနင်းသည် ဟန်ဝမ်လင်း၏ အကူအညီကို တောင်းရုံသာတတ်နိုင်သည်။
***
အပိုင်း ၁၃၃၀ ကုနင်း၏ရှင်းလင်းချက်
ကုနင်း သူ့ကို မဖမ်းခိုင်းခင် ကျွမ်းချွမ်ဟောက်ကို ဘာကြောင့် ဖမ်းချင်ရသည်ကို ဟန်ဝမ်လင်းအား ပြောပြခဲ့သည်။
အကြောင်းရင်းကိုသိပြီးနောက် ဟန်ဝမ်လင်းသည် မဆိုင်းမတွသဘောတူပြီး ကုနင်းကို ကူညီ၍ ချက်ချင်းဖုန်းဆက်ပြီး ရဲကိုခေါ်လိုက်သည်။
ဟန်ဝမ်လင်း၏လူမှုအသိုင်းအဝိုင်းအဆင့်အတန်းအရ၊ ပြည်သူ့လုံခြုံရေးဗျူရိုသည် ထိုပြသနာကိုဖြေရှင်းရန် ချက်ချင်းအရေးယူခဲ့သည်။ ထို့အပြင် ဟန်ဝမ်လင်း သူတို့အား ဖမ်းဆီးရန် တောင်းဆိုခဲ့သူသည် အမှန်ပင် ဥပဒေကို ချိုးဖောက်ခဲ့သူဖြစ်သည်။
ဟန်ဝမ်လင်းသည် ကုနင်း Weibo ပေါ်တွင် ပို့စ်တင်ပြီးနောက် ကျွမ်းချွမ်ဟောက်ကို ဖမ်းဆီးရန် ရဲကို ပြောခဲ့သည်။
ကျွမ်းချွမ်ဟောက်သည် သူ့အနေနှင့် ရုန်းကန်လည်း အသုံးမဝင်ကြောင်း သိထားသောကြောင့် လုံးဝမရုန်းကန်ပဲ ရဲတွေနောက် လိုက်သွားခဲ့သည်။
အင်တာနက်ပေါ်တွင် အင်တာနက်အသုံးပြုသူအများအပြားသည် ထိုအကြောင်းကို ဆွေးနွေးနေကြဆဲဖြစ်သည်။ အများစုမှာ ခိုကျီ၏ တုံ့ပြန်မှုကို သဘောကျသော်လည်း တစ်စုံတစ်ယောက်သည် ထိုနည်းလမ်းကို အလွန်ရင်းနှီးသည်ဟု ခံစားရသည်။
“ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံက ဘာကြောင့် အရမ်းရင်းနှီးတယ်လို့ ထင်နေတာလဲ။ အရင်က တစ်နေရာရာမှာ မြင်ဖူးပြီးသားဖြစ်မယ်။”
"ဘာလို့လဲ? သူများတွေက ပြသနာကို ဒီလိုမဖြေရှင်းဘူးလား?"
“မသိဘူး၊ ဒါပေမယ့် လူတိုင်းက အရေးကြီးတဲ့ သက်သေတွေကို အချိန်တိုတိုအတွင်းမှာ စုဆောင်းနိုင်မယ်လို့မထင်ဘူး။”
" ကုနတ်ဘုရားမက ပြဿနာတွေကို ဖြေရှင်းဖို့ ဒီနည်းလမ်းကို မကြာခဏသုံးတယ်လို့ ငါထင်တယ်။"
"အိုး မှန်တယ် အရင်ကလည်း ဖြစ်ခဲ့တယ်။”
" ကုနတ်ဘုရားမက ခိုကျီ ရဲ့ ဘော့စ်ဖြစ်နိုင်မလား ?"
"ကုနတ်ဘုရားမက တကယ်ကို ထူးချွန်တယ်လို့ ကျွန်တော်သဘောတူပေမယ့်၊ ကိစ္စ တွေကို ဒီလို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တာ သူမ တစ်ယောက်တည်းပဲ ရှိမယ်လို့တော့ မထင်ဘူး။"
"သူ့နာမည်ကိုပဲ ထပ်ခါထပ်ခါပြောနေကြအခါ နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။"
ဤသဘောထားကို လူအများက သဘောတူသော်လည်း ကုနင်း၏ သစ္စာရှိ ပရိသတ်အများအပြား ဒေါသထွက်ခဲ့ကြသည်။
"စိတ်အနှောက်အယှက်ဖြစ်တာလား? ငါတော့ မင်းမနာလိုဖြစ်နေတယ်လို့ ပဲထင်တယ်။"
“ဒါဟာ ခန့်မှန်းချက်တစ်ခုပါပဲ။ ကုနတ်ဘုရားမ လို့ ဘယ်သူမှ မပြောဘူး။”
"ကုနတ်ဘုရားမ နဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ကွန်းမန့်တွေ ဖတ်ရတာ မကြိုက်ရင် မင်းအဲ့တာတွေကို တိုက်ရိုက် လျစ်လျူရှုလို့ရတယ်။"
“…”
ကုနင်း၏သစ္စာရှိပရိသတ်အများအပြားရှိသောကြောင့် ကုနင်းကို အပျက်သဘောဆောင်သောကွန်းမန့်များကို ဘယ်သူမှမထားခဲ့ဝံ့ပေ။ သို့သော် တစ်စုံတစ်ယောက်သည် သည်းမခံနိုင်ဘဲ ပြန်ငြင်းခုံသည်။ " Weibo မှာ မင်းရဲ့ ကုနတ်ဘုရားမကိုမြင်ရတာ ငါမုန်းတယ်။ သူမက နေ့တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုဖြစ်နေတာ။ မင်းတို့ သူမရဲ့အားသာချက်တွေကိုပဲ အာရုံစိုက်နေတာ.. သူ့အားနည်းချက်ကရော..."
ကုနင်း၏ ပရိသတ်များသည် ထိုမှတ်ချက်ကို မြင်ပြီးသည်နှင့် သူတို့က ပြန်တုံ့ပြန်ကြသည်။
“ငါတို့က ကုနတ်ဘုရားမ ရဲ့သစ္စာရှိပရိတ်သတ်တွေဖြစ်ပြီးတော့ အင်တာနက်ပေါ်မှာ သူမအကြောင်းပြောတာ နှစ်သက်ကြတယ်ဆိုတာဘာ အမှားမှမရှိဘူး။ ဒါ မင်းအလုပ်မဟုတ်ဘူး"
"ကုနတ်ဘုရားမက နေ့တိုင်း ပြသနာရှာနေတာမဟုတ်ဘူး။ သူမက အလွန်ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ် အချိန်တိုင်းလိုလို သူမက ခံရသူပဲလေ။ ထူးချွန်တဲ့သူတွေကအလွယ်တကူ မနာလိုခံရတယ် ဆိုတာ မင်းမသိဘူးလား?”
အင်တာနက်အသုံးပြုသူအများအပြားသည် ကုနင်းကိုမန်းရှင်းပြီး Weibo တွင် ခိုကျီကိုသူမပိုင်ဆိုင်သည်လားဟု မေးမြန်းခဲ့သည်။
ဤမေးခွန်းကို အင်တာနက်တွင် မေးရသည်မှာ အနည်းငယ် မသင့်တော်သော်လည်း သူတို့ သိချင်လွန်း၍ဖြစ်သည်။
စင်စစ် အရင်က တစ်စုံတစ်ယောက်သည် ကုနင်းကို ထိုမေးခွန်းမေးဖူးသော်လည် ကုနင်းသည် လျစ်လျူရှုခဲ့သည်။ သို့သော် အခုအချိန်တွင် ခြားနားသည်။ ကုနင်းအနေနှင့် ထိုအကြောင်းကိုရှင်းပြရန် လိုအပ်သည်။
ကုနင်းသည် ထိုအင်တာနက်အသုံးပြုသူများကို အမှန်အတိုင်းပြောပြရန် ရွေးချယ်ခဲ့သည်။ သို့သော် သူမသည် ခိုကျီ၏ဘော့စ်ဖြစ်ကြောင်းသိပြီးနောက် ဘယ်သူမှ ခိုကျီကို နောက်တစ်ကြိမ်ထပ်မကြံစည်ဝံ့တော့ဟု သူမထင်သောကြောင့် မဟုတ်ပေ။ လုပ်ငန်းရှင်တစ်ယောက် မည်မျှပင် အောင်မြင်ပါစေ သူ့တွင် အမြဲ ရန်သူတွေ ရှိသည်။ ထန်မိသားစု၏ စီးပွားရေးလုပ်ငန်းသည်ပင် မျှတမှုမရှိသော ပြိုင်ဆိုင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ အားကောင်းသော ပံ့ပိုးကူညီမှုရှိသော လုပ်ငန်းတစ်ခုသည် ပံ့ပိုးမှုမရှိသော လုပ်ငန်းတစ်ခုနှင့် ကွဲပြားနေဆဲဖြစ်သည်။ ကုနင်း၏ လက်ရှိလွှမ်းမိုးမှုကြောင့် သာမန်စီးပွားရေးလုပ်ငန်းများသည် သူမနှင့် ပဋိပက္ခဖြစ်ရန် ဆန္ဒမရှိပေ။
အကယ်၍ ကျွမ်းချွမ်ဟောက်သည် ခိုကျီကို ကုနင်း မှပိုင်ဆိုင်ကြောင်းသိခဲ့ပါက၊ ယခုသူလုပ်ခဲ့သမျှကိုလုပ်ဆောင်လိမ့်မည်မဟုတ်ပေ။
ကုနင်းသည် ကျွမ်းချွမ်ဟောက်ထက် အများကြီးပို၍ သြဇာကြီးသည်။
သို့သော် ယခုအချိန်တွင် အလွန်နောက်ကျသွားပြီ။
ကုနင်းသည် ထိုအကြောင်းအား လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိတော့သောကြောင့် သူမ၏ပရိသတ်များ၏မေးခွန်းကို မြင်သောအခါတွင် သူမက ပြန်လည်ဖြေကြားခဲ့သည်။
ကုနင်း : လူတော်တော်များများက Weibo မှာ မန်းရှင်းပြီး ခိုကျီက ငါ့ကုမ္ပဏီတွေထဲက တစ်ခုလားလို့ မေးတယ်။ အခု တရားဝင် အဖြေပေးဖို့ လိုမယ်ထင်တယ်။ အဖြေကတော့ ဟုတ်ပါတယ်။ ခိုကျီက ကျွန်မပိုင်ဆိုင်ပြီး ကိုလိန်းရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ ခိုကျီ အတုကိစ္စ ဖြစ်ခဲ့တုန်းက ငါ ကြောက်စရာကောင်းတယ်လို့ ခံစားခဲ့ရတယ် ပြောရမယ်။
ကြီးလေးတဲ့ ပြဿနာ မဖြစ်စေချင်လို့ ဒီကိစ္စကို အကွက်ချခဲ့သူတွေနဲ့ စကားပြောခဲ့ပါတယ်။ ရပ်တန့်နိုင်မည်လို့ မျှော်လင့်ခဲ့သော်လည်း ရှေ့ဆက်တိုးသောကြောင့် ကျွန်မရဲ့ကုမ္ပဏီနဲ့ အပြစ်မဲ့ဖောက်သည်တွေကို ကာကွယ်ရန် အရေးယူဆောင်ရွက်ပါမည်။ ကိုလိန်းနှင့် ခိုကျီသည် အန္တရာယ်မကင်းတဲ့ အရည်အသွေးမပြည့်မီတဲ့ ထုတ်ကုန်များကို ဘယ်သောအခါမှ ထုတ်လုပ်မည်မဟုတ်ပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို တရားဝင်နည်းလမ်းများဖြင့် ဝယ်ယူပါ။ ကျွန်မတို့ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာတွေ့ပါက ကျွန်မကို ပြောနိုင်ပါတယ်။
ကုနင်းသည် ထုတ်ကုန်အတုများ မထုတ်လုပ်သော်လည်း၊ သူမ၏ ဝန်ထမ်းများသည် သူမ၏ လုပ်ငန်းပြိုင်ဘက်များထံမှ ထပ်မံလာဘ်ထိုးခံရမည်ကို စိုးရိမ်သောကြောင့် သူမအနေနှင့် ထုတ်လုပ်မှုကို အလေးအနက်ထားရန် လိုအပ်သည်။
ကုနင်းသည် Weibo တွင် ရှင်းလင်းချက်ပေးခဲ့သည်နှင့်တပြိုင်နက် ထိုအကြောင်းအရာသည် အကျော်ကြားဆုံးအကြောင်းအရာများထဲမှတစ်ခုဖြစ်လာသည်။
အားလုံး အံ့အားသင့်မိသည်မှာ ခိုကျီ သည် အမှန်ပင် ကုနင်း၏ ကုမ္ပဏီဖြစ်နေခြင်းပင်။
***
အပိုင်း ၁၃၃၁ ကုနင်းအပေါ်ဟန်ဝမ်လင်း ၏ မနာလိုမှု...
ခိုကျီသည် ကုနင်း ပိုင်ခြင်းဖြစ်နိုင်သည်ဟု အင်တာနက်အသုံးပြုသူအများအပြားက ထင်မြင်ခဲ့သော်လည်း ထိုအရာသည် ခန့်မှန်းချက်တစ်ခုသာဖြစ်သည်။
ဤသတင်းသည် ကုနင်းနှင့် ပတ်သက်သည့်အရာ ဘာမှ မပါရှိပေ။ ထို့အပြင် ကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်သည်မှာ ကုနင်း တစ်ယောက်တည်းမဟုတ်ပေ။ ထို့ကြောင့်၊ ခိုကျီကို ကုနင်း ပိုင်ခြင်းဖြစ်နိုင်သည်ဟု လူအများက ထင်မြင်ခဲ့ကြသော်လည်း သူတို့သည် ထိုအကြောင်းကို သေချာမသိကြပေ။
ကုနင်း Weibo ပေါ်တွင် ဝန်ခံလိုက်သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြသည်။
"မဖြစ်နိုင်လိုက်တာ.... ခိုကျီ က တကယ့်ကို ကုနတ်ဘုရားမ ပိုင်တာပဲ!"
"အိုးမိုင်ဂေါ့ထ် ....ငါအရမ်းစိတ်လှုပ်ရှားနေပြီ!"
"ခိုကျီက ကုနတ်ဘုရားမ ရဲ့ကုမ္ပဏီဆိုရင် သူ့ရဲ့ထုတ်ကုန်တွေက အရည်အသွေးမြင့်မားရမယ်.."
"ငါသိနေတယ်... ကုနတ်ဘုရားမပဲ ဒီလို.. အချိန်တိုအတွင်း အသုံးဝင်တဲ့ အထောက်အထားတွေကို စုဆောင်းနိုင်တာ..."
"ကုနတ်ဘုရားမ အကြောင်းပြောတိုင်း ငါတို့ကို ကြိမ်းမောင်းတဲ့လူတွေ.. ဘယ်မှာလဲ?"
"ခိုကျီက ကုနတ်ဘုရားမ ရဲ့ ကုမ္ပဏီတွေထဲက တစ်ခုဆိုတာ အမှန်ပဲ။"
"ငါ့ရဲ့ အိုင်ဒေါအတွက် အရမ်းဂုဏ်ယူတယ်။"
"မင်းတို့အားလုံး ဘာလို့ ခိုကျီ အကြောင်းပဲပြောနေကြတာလဲ။ ကိုလိန်းကော ဘယ်လိုလဲ။ သူ့ဆေးတွေက အရမ်းနာမည်ကြီးတယ်။”
"အိုး မှန်တယ် ကိုလိန်းကို မေ့တော့မလို့။ ငါ့မိသားစုက ဒီတံဆိပ်ကို အရမ်းကြိုက်တယ်၊ ဆေးဝါးတွေက အရမ်းထိရောက်တယ်။”
"အဲ့တံဆိပ်နှစ်ခုစလုံးကို ကုနတ်ဘုရားမ ပိုင်တယ်၊ ဒါကြောင့် အရမ်းအရည်အသွေး ကောင်းရမယ်။"
" ကုနတ်ဘုရားမမှာ ငါတို့ သိထားတာထက် ပိုတဲ့ ကုမ္ပဏီတွေ အများကြီးရှိမယ်ထင်တယ်။"
" ကုနတ်ဘုရားမက အရမ်းတော်တာပဲ!"
"သူမရဲ့ တဝက်လောက်ပဲ အောင်မြင်နိုင်ရင်ကောင်းမယ်။"
"ကုနတ်ဘုရားမမှာ ငါတို့ မသိသေးတဲ့ ကုမ္ပဏီတွေ အများကြီးရှိမယ်ဆိုတာကို ငါသဘောတူတယ်။"
“ငါ အခု အရမ်း သိချင်နေပြီ။”
"ငါရောပဲ။"
"ကောဆုနည်းပညာက ကုနတ်ဘုရားမ ရဲ့ ကုမ္ပဏီတွေထဲက တစ်ခုလားလို့ ငါ သိချင်မိတယ်။"
"ဖြစ်နိုင်တယ် ..ဒါပေမယ့်.. ကုနတ်ဘုရားမက အဲ့ဒီအကြောင်းမပြောချင်ဘူး..။"
"ကောဆုနည်းပညာ အကြောင်းပြောရရင် မနက်ဖြန် ကောင်းကင်တိုက်ပွဲ ရဲ့ ထုတ်လွှင့်မှု ကွန်ဖရင့် မဟုတ်ဘူးလား?"
"ငါ မစောင့်နိုင်တော့ဘူး။"
"ဂိမ်းထဲက ကုနတ်ဘုရားမရဲ့ အိုင်ဒီကို သိချင်လိုက်တာ။"
"ထွက်လာတာနဲ့ ဒေါင်းလုတ်ဆွဲရမယ်။"
"ငါရောပဲ"
သတင်းနှင့်ပတ်သက်ပြီးပြောရလျှင် သူတို့သည် ကုနင်းကို အာရုံစိုက်နေဆဲဖြစ်သည်။
ကုနင်းနှင့် ခိုကျီတို့သည် နာရီအနည်းငယ်အတွင်း Weibo တွင် အကျော်ကြားဆုံးအကြောင်းအရာများထဲမှ တစ်ခုဖြစ်လာသည်မှာ ကေပင် လှည့်ကွက်သုံးရန် မလိုအပ်ပေ။
ကုနင်းက တုံ့ပြန်ကြောင်း သူမ သိလိုက်သည်နှင့် ဟန်ဝမ်လင်းသည် ဤသတင်းကို အလွန်အာရုံစိုက်ခဲ့သည်။ ကုနင်း မည်သည့်အထောက်အထားတွေ ရှာတွေ့ခဲ့သည်လဲဆိုတာ သူမသိချင်မိသည်။
ကုနင်း၏လက်ထဲတွင် အထောက်အထားတွေရှိနေပြီဆိုတာ သူမသိခဲ့သော်လည်း ကုနင်း၏ ပို့စ်ကို မြင်သော် အံ့အားသင့်မိသေးသည်။
ရိုးရိုးသားသား ပြောရလျှင် သူမကိုယ်တိုင်ပင် အချိန်တိုလေးအတွင်း ဤမျှ အထောက်အထားတွေ အများကြီး စုဆောင်းနိုင်လိမ့်မည်ဟု မသေချာနိုင်ပေ။ သူမအနေနှင့် အနည်းဆုံး တစ်ပတ်လုံး အချိန်ယူရပေမည်။
ကုနင်းသည် သူမဘာသာအထေက်အထားအများကြီးကိုစုဆောင်းနိုင်ခဲ့ခြင်းမဟုတ်ပေ။ ကေက သူမကို အများကြီး ကူညီပေးခြင်းဖြစ်သည်။ ကေလုပ်နိုင်သည့်အရာကို လူတော်တော်များများ မလုပ်နိုင်ကြပေ။
ဤကမ္ဘာပေါ်တွင် ဟက်ကာများစွာရှိသော်လည်း ကေသည် သူ၏နိုင်ငံတွင် ထိပ်တန်း ၁၀ ဦးစာရင်းဝင်ခဲ့သည်။ ထို့အပြင် ကုနင်းသည် သိုင်းပညာတော်သော ကောင်းယိနှင့် ချောင်ယတို့ထံမှ အကူအညီများလည်း ရရှိခဲ့သည်။
ဟန်ဝမ်လင်းတွင် ကျွမ်းကျင်သော အထောက် အကူများစွာ ရှိသော်လည်း ကုနင်းတွင်ရှိသော လက်အောက်ငယ်သားများကဲ့သို့ အရည်အချင်းမျိုးမဟုတ်ပေ။
ကျောက်ဝေ့နှင့် တုကန်းတို့ကို ရဲများက ဖမ်းဆီးခဲ့သည်။ ရဲများသည် ဝမ်ကျုံးဟန်ကိုလည်း ဖမ်းခေါ်သွားသည် ။
အတိအကျပြောရလျှင် ဝမ်ကျုံးဟန်ကို တစ်စုံတစ်ဦးမှ ပြည်သူ့လုံခြုံရေးဗျူရိုသို့ ပို့ခဲ့သည်။
ဝမ်ကျုံးဟန် သည် သစ္စာဖောက်ဖြစ်သည်ကို ကုနင်း သိထားပြီးဖြစ်သည့်အတွက် သူမသည် သူ့ကိုလွှတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် သူ့နောက်ကလိုက်ရန် တစ်ယောက်ယောက်ကို စီစဉ်ခဲ့သည်။ ကောလဟာလထွက်သည်နှင့် ဝမ်ကျုံးဟန် ကိုဖမ်းဆီးပြီး ပြည်သူ့လုံခြုံရေးဗျူရိုကို ပို့လိုက်သည်။
ဟန်ဝမ်လင်းသည် ကုနင်းကို ဖုန်းခေါ်ပြီး သူမ၏ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့သည်။
ဟန်ဝမ်လင်းသည် ကုနင်းကို သဘောကျပြီး ကုနင်းကို အနည်းငယ် မနာလိုသော်လည်း ကုနင်း၏ ရန်သူဖြစ်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုအစား သူမသည် ကုနင်းဆီမှ သင်ယူချင်သည်။
ကုနင်းသည် သူမထက် အများကြီးငယ်သော်လည်း လူတစ်ယောက်ကို အသက်အရွယ်အရ ဆုံးဖြတ်၍မရပေ။
ကုနင်းသည် အခြားသူများ၏အကူအညီမပါဘဲ အကျပ်အတည်းကို မကျော်လွှားနိုင်မှန်း သူမသိသော်လည်း ထိုအရာသည် ပုံမှန်ဖြစ်သည်။အောင်မြင်သူတစ်ယောက်သည် ထူးချွန်ထက်မြက်သော အရည်အချင်းနှင့်အတူ အဖွဲ့လိုက်လုပ်ဆောင်မှုနိုင်ရမည်။
အောင်မြင်မှုရရန် လျှောက်လမ်းရာတွင် ခေါင်းဆောင်မှုစွမ်းရည်သည် အလွန်အရေးကြီးသည်။
***
အပိုင်း ၁၃၃၂ ပြီးပြည့်စုံတဲ့ တန်ပြန်တိုက်ခိုက်မှု...
ခေါင်းဆောင်မှုစွမ်းရည်ရှိသူသည် သူ့အတွက် အလုပ်လုပ်ပေးမည့် ကျွမ်းကျင်သူများကို မည်သို့ရွေးချယ်ရမည်ကို သိသည်။ တစ်ဖက်တွင် ခေါင်းဆောင်မှုစွမ်းရည်မရှိသောသူများသည် သူအတွက် အလုပ်လုပ်ရန် ကျွမ်းကျင်သူများကို ရှာဖွေနိုင်မည်မဟုတ်ပေ။
ဟန်ဝမ်လင်း၏ပြန်ပြောချက်အရ ကုနင်း သည် ဤပြဿနာကို လုံးလုံးလျားလျားဖြေရှင်းပြီးဖြစ်ကြောင်းနှင့် ကျွမ်းချွမ်ဟောက် သည် ရာဇ၀တ်မှုမှလွတ်မြောက်ရန်မဖြစ်နိုင်ကြောင်းသေချာသည်။ ကျွမ်းချွမ်ဟောက်သည် မည်မျှပင် ချမ်းသာပါစေ သူသည် ဟန်မိသားစုနှင့် ဥပဒေအရ မယှဉ်နိုင်ပေ။
ဟန်ဝမ်လင်းနှင့် ဖုန်းဆက်ပြီးနောက် ကုနင်းသည် လင်ရှောင်းထင်ကိုဖုန်းဆက်ပြီး ဤရလဒ်ကိုပြောပြလိုက်သည်။
ကုနင်း ထိုအရာကို ကောင်းစွာကိုင်တွယ်နိုင်မည်ကို သူသိသောကြောင့် လင်ရှောင်းထင် သည် မအံ့သြပေ။ တစ်ချိန်တည်းမှာပင် သူသည် ကုနင်းအတွက် ပျော်ရွှင်မိသည်။
လင်ရှောက်ကျားသည် လူကာ ဘာဖြစ်နေသည်ကို မသိရသေးပေ။ အကြောင်းမှာ သခင်ကြီးလင်သည် B မြို့ တွင် သူတို့ကြုံတွေ့ခဲ့ရသည့်အရာများကို သူမအား ဘာမှမပြောပြသောကြောင့်ဖြစ်သည်။ လင်ရှောက်ကျားသည် လူကာမှကုနင်းကိုမည်သို့တိုက်ခိုက်မည်ကိုလည်းမသိပေ။
လူကာသည် သူအောင်မြင်ပြီးသည်နှင့် သူမကို မက်ဆေ့ခ်ျပို့မယ်ဟု ကတိပေးခဲ့သည်။ လင်ရှောက်ကျားသည် သူ့ထံမှ မက်ဆေ့ချ်ကို အခုထိ မရသေးသောကြောင့် လူကာ မအောင်မြင်သေးကြောင်း သူမ သိသည်။ မည်သို့ပင်ဆိုစေကာမူ အချိန်အနည်းငယ်ယူရမည်မှန်း သူမသိထားသောကြောင့် သူမအနေနှင့် စိတ်ရှည်ရန် လိုအပ်သည်။
ထို့အပြင်လွန်ခဲ့သော နှစ်ရက်က ကုနင်းသည် လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့နှင့် အတူရှိနေသောကြောင့် လူကာသည် ထိုအချိန်တွင် လုပ်ဆောင်မည်ကိုစိုးရိမ်ခဲ့ခြင်းဖြစ်မည်။
လင်ရှောက်ကျားသည် တိုက်ခိုက်ရာတွင် လင်ရှောင်းထင် မည်မျှ ထူးချွန်သည်ကို မသိသော်လည်း လူကာကို ဖမ်းမိမည်ကို သူမကြောက်သည်။ လူကာသည် သူမမည်သူဖြစ်သည်ကို မသိသော်လည်း သူမသည်အပြစ်မကင်းသလို ခံစားရမည်ဖြစ်သည်။
လင်ရှောက်ကျားသည် ခိုကျီ၏ အရည်အသွေးအရှုပ်တော်ပုံနှင့်ပတ်သက်သည့် ကိစ္စကို အစမှအဆုံးအထိ အာရုံစိုက်ခဲ့ပြီး WeChat ဂရုက သူမ၏သူငယ်ချင်းများနှင့် ထိုအကြောင်းကို ပြောကြသည်။
သူမ၏သူငယ်ချင်းများသည် ကုနင်းအပေါ် သူမ၏ ရန်ငြိုးထားမှုကို သတိမပြုမိဘဲ WeChat အဖွဲ့တွင် ခိုကျီကို ချီးမွမ်းခဲ့ကြပြီး လင်ရှောက်ကျားကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည် ။သူမသည် ကုနင်းကို ဒုက္ခအကြီးကြီးရောက်ဖို့ မစောင့်နိုင်တော့ပေ။
သို့သော်လည်း လင်ရှောက်ကျား မသိသောအရာမှာ သူမ၏အစီအစဉ်မှာ ထုတ်ဖော်ခံရပြီးဖြစ်ပြီး မကြာမီတွင် ထိုအတွက် သူမ ပေးဆပ်ရတော့မည်ဖြစ်သည်။
ထို့အပြင်၊ လင်ရှောက်ကျားသည် ကုနင်း၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးလိုကြောင်း ဝန်ခံရမည်ဖြစ်သည်။ သို့သော်လည်း ကုနင်းတစ်ယောက်တည်း ဤကဲ့သို့ ပြီးပြည့်စုံသည့် တန်ပြန်တိုက်စစ်ကို လုပ်နိုင်မည်ဟု သူမမထင်ပေ၊ လင်ရှောင်းထင်က ကုနင်းကို ကူညီပေးခြင်းဖြစ်မည်ဟု ယုံကြည်နေသည်။
သူမသည် လင်ရှောင်းထင် ကိုမုန်းတီးသော်လည်း လင်ရှောင်းထင် သည် သူမတို့ရွယ်တူများကြားတွင် အလွန်ထူးချွန်သည်မှာ ငြင်းမရသောအမှန်တရားတစ်ခုဖြစ်သည်။
ကုနင်းနှင့် ပတ်သက်၍ ကောင်းကြောင်းမှတ်ချက်များ ထပ်မံမတွေ့ချင်သောကြောင့် လင်ရှောက်ကျားသည် ကုနင်း နှင့်သူမရန်ငြှိုးရှိကြောင်းနှင့် ကုနင်းအကြောင်းကောင်းကြောင်းများထပ်မပြောရန် သူမ၏ သူငယ်ချင်းများကို တိုက်ရိုက်ပြောလိုက်သည်။
ထိုအကြောင်းကိုသိလိုက်ရပြီး သူမ၏သူငယ်ချင်းများသည် အံ့အားသင့်သွားပြီး ကုနင်းကို ချီးကျူးနေသည်ကို ချက်ချင်း ရပ်လိုက်ကြသည်။ သူတို့သည် လင်ရှောက်ကျား၏သူငယ်ချင်းများဖြစ်ကြသော်လည်း လင်ရှောက်ကျား၏မိသားစုသည် သူတို့မိသားစုထက်ပိုမိုသြဇာကြီးသောကြောင့် သူမ၏စကား ကိုအမြဲနားထောင်ကြသည်။
လင်ရှောက်ကျားနှင့်ရင်းနှီးသောဆက်ဆံရေးရှိသည့် ရှီယန်ယန်သာလျှင် ကုနင်းအပေါ်သူမ၏အငြှိုးကိုသတိပြုမိသည်၊ တခြားသူများသည် ထိုအကြောင်းကို ထပ်မမေးရဲကြပေ။
လင်ရှောက်ကျား၏သူငယ်ချင်းအချို့သည် ကုနင်းကိုမကြိုက်ကြောင်း လင်ရှောက်ကျားကပြောသည်နှင့်တပြိုင်နက် ကုနင်းကိုမုန်းတီးလာပြီး မကောင်းပြောကြသည်။ သို့သော် အများစုသည် ကုနင်းအပေါ် သူတို့၏ သဘောထားကို မပြောင်းလဲပဲ ဆက်လက်အကောင်းမြင်နေကြဆဲ ဖြစ်သည်။
သူတို့သည် လင်ရှောက်ကျား၏သူငယ်ချင်းများဖြစ်သော်လည်း မရင်းနှီးကြပေ။ စင်စစ် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆက်စပ်မှုရှိပြီး အကျိုးတူ ပေါင်းစည်းခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်၊ လင်ရှောက်ကျား စကားကို နားထောင်သော်လည်း၊ သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို စွန့်လွှတ်မည်ဟု မဆိုလိုပေ။ လေးနက်သောကိစ္စဖြစ်မှသာ လင်ရှောက်ကျား၏ စကားကို နားထောင်ရန် ငြင်းကြလိမ့်မည်။
ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့သည်လည်း ကုနင်းနှင့်ပတ်သက်သည့်သတင်းကို အာရုံစိုက်နေကြသည်။
ကုနင်းသည် ရာစုနှစ်မြို့တော်တွင်နေထိုင်ကြောင်း ပိုင်လီကျုံးယန် သိရှိရပြီးကတည်းက ကုနင်းနှင့် သူငယ်ချင်းဖြစ်ဖို့ အခွင့်အရေးများစေရန်အတွက် ပိုင်လီကျုံးရွှယ်ကို ထိုနေရာသို့ပြောင်းရန် ပြောခဲ့သည်။
ပိုင်လီကျုံးယန်သည် ကုနင်းကို ပထမဆုံးအကြိမ်တွေ့ခဲ့သည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ အတူတူ ထမင်းစားရန် သဘောတူခဲ့ကြသော်လည်း ပိုင်လီကျုံးယန်သည် သူမကို ခေါ်ရန် အခွင့်အရေး မရှိသေးပေ။
ကုနင်းသည် ထူးချွန်လွန်းပြီး သူ၏ မယဉ်ကျေးသော အမူအရာသည် သူမအား လန့်သွားစေမည်ကို စိုးရိမ်နေသည်။
ပိုင်လီကျုံးယန်သည် ကုနင်းနှင့် နောက်တစ်ကြိမ် ဆုံတွေ့ပြီး အတူထမင်းစားနိုင်ရန်မျှော်လင့်သည်။ ဤတစ်ကြိမ်တွင် ခိုကျီ၏အဖြစ်အပျက်ကို သိရှိပြီးနောက် ကုနင်းကို ဖုန်းဆက်ရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခု ရရှိခဲ့သည်။
သူသည် မနက်ဖြန် သူမကိုဖုန်းဆက်ရန်စီစဉ်ထားသည်။
"ကုနင်းက မယုံနိုင်စရာပဲ။ ပြီးပြည့်စုံတဲ့ တန်ပြန်တိုက်စစ်ကို ပြုလုပ်ခဲ့တယ်။” ပိုင်လီကျုံးယန် ပြောလိုက်သည်။
ကုနင်းသည် ထိုပို့စ်များကို မတင်မီတည်းက သူမ ထိုကိစ္စကို ကောင်းစွာကိုင်တွယ်နိုင်မည်ဟု သူသိခဲ့သည်။ သို့သော် ရလဒ်ကို မြင်သောအခါ သူ အံ့သြမိသေးသည်။
"ကံမကောင်းစွာ၊ သူမသေ သေမျိုးဖြစ်နေတာပဲ၊ မဟုတ်ရင် နင်တို့နှစ်ယောက်က ပြီးပြည့်စုံတဲ့ စုံတွဲဖြစ်နိုင်တယ်လို့ ငါထင်တယ်။" ပိုင်လီကျုံးရွှယ်ကဆိုသည်။
ပိုင်လီကျုံးရွှယ်၏မျက်လုံးထဲတွင်၊ ကုနင်းသည် အလွန်အထက်တန်းကျသော စီးပွားရေးစွမ်းရည်ရှိပြီး ထူးခြားသောကွန်ဖူးကျွမ်းကျင်သူဖြစ်သည်။ သူမကို သဘောကျပြီး ကောင်းမွန်သည့်အမြင်ရှိသော်လည်း ကျင့်ကြံသူတစ်ယောက်သည် သေမျိုးနှင့်လက်မထပ်ရပေ။မဟုတ်လျှင် ကျင့်ကြံသူလောကမှ နှင်ထုတ်ခံရမယ့် စည်းမျဉ်းတစ်ခုရှိသည်။
ကျင့်ကြံသူနှင့် သေမျိုး၏ကလေးသည် ကျင့်ကြံသူဖြစ်ရန် အရည်အချင်းများ ဆုံးရှုံးလိမ့်မည်။ ကျင့်ကြံခြင်းလောကရှိ လူတိုင်းသည် ကျင့်ကြံသူဖြစ်လာရန် အရည်အချင်းနှင့် မွေးဖွားလာကြသည်။ အကယ်၍ မတော်တဆတစ်ခုခုကြောင့် အချို့သောကလေးများသည် ထိုစွမ်းရည်မပါဘဲ မွေးဖွားလာပါက သူတို့၏ မိသားစု မည်မျှပင်သြဇာရှိသည်ဖြစ်ပါစေ ကျင့်ကြံခြင်းလောကမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။
ကျင့်ကြံသူများနှင့် သာမာန်လူများကို လက်ထပ်ခွင့်ပေးပါက ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူဖြစ်ရန် အရည်အချင်းမရှိသော သားသမီးများ ပိုများလာမည်ဖြစ်သည်။ ထိုသို့ဆိုရင် ကျင့်ကြံခြင်းလောကသည် တစ်နေ့တွင် ပျက်စီးသွားလိမ့်မည်။