အခန်း (၁၃၆၃-၁၃၆၈)
Vol. 88 Ch. 1363-1368
အပိုင်း ၁၃၆၃ ချန်းမိသားစုက မင်းကိုမကာကွယ်နိုင်ဘူး
ထန်ချွမ်ကျွင်းက ဆက်ပြီး၊ "မင်းကို ရိုးရိုးသားသားပဲပြောလိုက်မယ်၊ ကောင်မလေးက မင်းရဲ့ရုံးခန်းထဲကို ဝင်လာတုန်းက သူ့မှာ ကင်မရာအသေးလေးတစ်လုံးပါလာပြီး အရာအားလုံးကို ဗီဒီယိုရိုက်ထားခဲ့တယ်။"
"ဘာ.. မဖြစ်နိုင်ဘူး" ချန်းပင်းကျန်းထိတ်လန့်တကြား ပြန်တုန့်ပြန်မိသွားသည်။
"ဘာလို့ မဖြစ်နိုင်တာလဲ? အခုမှလန့်နေပြီလား?"
“ငါ…” ချန်းပင်းကျန်း ရှက်ရွံ့သွားသည်။
"မင်း သက်သေမရှိဘဲ ဝန်ခံမှာမဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့် ငါတို့ မင်းကိုပြနိုင်တယ်။" ထန်ချွမ်ကျွင်းက ထိုသို့ ပြောပြီးသည်နှင့် သူ့ဘေးမှာ ရပ်နေသည့် ရဲတစ်ဦးသည် ကွန်ပျူတာကို ချက်ချင်း ထုတ်ယူလိုက်သည်။
ချန်းပင်းကျန်းမှာ ဗီဒီယိုကို ကြည့်ပြီးသောအခါ သူအလွန် အံ့အားသင့်သွားသည်။ သူ မယုံနိုင်သော်လည်း ဤသည်မှာ အစစ်အမှန်ဖြစ်ကြောင်း သူသိသည်။
ဗီဒီယိုမဆုံးခင်မှာပင် ချန်းပင်းကျန်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
"ဟုတ်တယ်၊ ကုနင်းကို ခြိမ်းခြောက်ပြီး ပစ်ခဲ့တာကို ဝန်ခံပါတယ်၊ ဒါပေမယ့် ဒါက ကြီးကြီးမားမားမှ မဟုတ်တာ။ အခု သူမ ဘေးကင်းနေတာပဲ၊ မင်းတို့အားလုံး တစ်ခါမှ ဥပဒေ ချိးဖောက်ခဲ့တာ မရှိဘူးလို့ ထင်နေတာလား? ဘာလို့ မျက်ကွယ်ပြုထားလို့ မရတာလဲ?"
"ဒါ့အပြင်၊ ငါ့မိသားစုက ချန်းမိသားစုပဲ ဒီလိုလုပ်လို့ ပြဿနာကြီးကြီးမားမားဖြစ်လာရင် ဘယ်သူမှ အကျိုးအမြတ်မရပါဘူး။" ချန်းပင်းကျန်း သူ့ကိုယ်သူ အပြစ်ပေးခံရခြင်းမှ ကာကွယ်ရန် မိသားစု၏အင်အားကို အသုံးပြုရန် ကြိုးစားနေသည်။
ဤနိုင်ငံတွင် သြဇာအာဏာအရှိဆုံး မိသားစုလေးစုသည် တူညီသည့်အဆင့်တစ်ခုမှာ ရှိနေသော်လည်း အကျိုးအမြတ်မရပဲ မည်သူကမှ တခြားတစ်ခုကို ဆန့်ကျင်ရန် ဆန္ဒမရှိကြပေ။ ခိုင်လုံသော သက်သေမရှိသ၍ အရေးယူမည်မဟုတ်ပေ။
ဤကဲ့သို့ အခြေအနေမျိုးတွင် ချန်းပင်းကျန်းသည် ပြသနာကိုရှောင်ရန် တခြားမြို့ကို ပြောင်းရွှေ့ခံရတာလောက်သာ ဖြစ်နိုင်ပြီး အဆင်ပြေနိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏ လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ မှတ်စုစာအုပ်ကိုပါ ဖော်ထုတ်ခံခဲ့ရသည်။ ထို့ကြောင့် ချန်းမိသားစုသည် သူ့ကို မကာကွယ်နိုင်တော့ပေ။
"ဆိုတော့ ....ငါကတော့ ဒီတစ်ကြိမ် ချန်းမိသားစုက မင်းကို ကာကွယ်ပေးမယ်လို့ မထင်ဘူး။ မင်းကို တိုက်ရိုက်လက်လျှော့လိုက်လိမ့်မယ်၊” ပြည်သူ့လုံခြုံရေးဌာန အကြီးအကဲက ဝင်ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ချန်းပင်းကျန်းကို မည်သူမှ မကူညီနိုင်တော့ပေ။
"မဖြစ်နိုင်ဘူး။" ချန်းပင်းကျန်း ယုံကြည်မှုအပြည့်နှင့် ပြန်ပြောလိုက်သောကြောင့် ထန်ချွမ်ကျွင်းက သရော်လိုက်ကာ၊ "ငါတို့မှာ ဒီဗီဒီယိုလေးပဲ ရှိတယ်ထင်လို့လား?"
ထိုစကားကိုကြားသော် ချန်းပင်းကျန်း တစ်စက္ကန့်မျှ ကြောင်အသွားသည်။
"မင်းမှာ ဘာရှိသေးလို့လဲ?"
"မင်းမှာ အငယ်အနှောင်းတစ်ယောက်နဲ့ ကလေးတစ်ယောက်ရှိတယ်လို့ စွဲချက်တင်ခံရတယ်၊ မင်းက အရေးပါတဲ့အရာရှိတစ်ယောက်ဖြစ်လို့ ဒါက လုံးဝလက်မခံနိုင်စရာပါ။"
ချန်းပင်းကျန်း ထိတ်လန့်သွားပြီး သူ့နားကိုပင် မယုံနိုင်ဖြစ်သွားသည်။
"မင်းမှာ သက်သေရှိလား?" ချန်းပင်းကျန်း အော်ပြောလုနီးပါး အသံကျယ်သွားသည်။
ထန်ချွမ်ကျွင်းသည် ရဲသားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရဲသားသည် ချန်းပင်းကျန်းကို သက်သေ ထုတ်ပြလိုက်သည်။
ချန်းပင်းကျန်းသည် ယခုအချိန်တွင် မငြင်းနိုင်တော့သော်လည်း သူ လက်မခံန်ုင်သေးပေ။ “အငယ်အနှောင်းနဲ့ ကလေးရှိတဲ့ တခြားအရာရှိတွေရှိသေးတယ်။ မင်းက ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ?"
“ဒါကိုကြည့်။” ထန်ချွမ်ကျွင်း မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။
ထိုစာအုပ်သည် ကော်ပီဖြစ်သော်လည်း ချန်းပင်းကျန်းကတော့ အမြန်ဆွဲလုသွားသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ဒါ အတုပဲ!" ချန်းပင်းကျန်း လွတ်မြောက်ဖို့ ကြိုးစားနေတုန်းပင်။ သူဝန်ခံလိုက်သည်နှင့် ချန်းမိသားစုသည် သူ့ကို စွန့်လွှတ်မည်ဖြစ်၍ သူ ဝန်ခံ၍မရပါ။
"ဒါက မင်းလက်ရေးမှန်း မင်းသိပါတယ်၊ မင်းအိမ်က လုံခြုံတဲ့ နေရာမှာ တွေ့ခဲ့တာ။"
“ငါ…” ချန်းပင်းကျန်း ယခု ဘာပြောရမည်မှန်း မသိတော့ပေ။ သူသည် လက်ခံရန် တွန့်ဆုတ်နေသော်လည်း ယခုအချိန်တွင် သူဘာမျှ မတတ်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင် သူ သေချာပေါက် ထောင်ကျလိမ့်မည်။
စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင်မှ တာဝန်ရှိသူက “ကောင်းပြီ၊ မင်း ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ မင်းမှာ ရာဇ၀တ်မှုတွေ အများကြီးကျူးလွန်ထားတယ်ဆိုတာ သက်သေအတိအပြည့်အစုံရှိထားပြီ။”
ချန်းပင်းကျန်း တိတ်ဆိတ်နေသည်။
ထိုနေ့လည်ပိုင်းတွင် ချန်းပင်းကျန်း၏အရှုပ်တော်ပုံသည် Weibo တွင် ပေါက်ကြားခဲ့ပြီး အင်တာနက်အသုံးပြုသူအများအပြားသည် သူ့အကြောင်းကို စတင်ပြောဆိုကြသည်။
“နောက်ထပ် အကျင့်ပျက် အရာရှိ!”
“အဲဒီအကျင့်ပျက် အရာရှိတွေ အားလုံးကို ဘယ်တော့ ထောင်ချနိုင်မလဲ?”
“ဖြစ်နိုင်မယ်မထင်ဘူး။”
“ကျွန်တော်တို့နိုင်ငံမှာ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေရော အရာရှိကောင်းတွေရော ရှိပါတယ်။"
“မှန်တယ်။”
“အကျင့်ပျက် အရာရှိတစ်ဦးကို ဖမ်းမိတာနဲ့ပဲ အကျင့်ကောင်းတဲ့ အရာရှိတွေကို လျစ်လျူရှုလို့ မရပါဘူး။”
" အရာရှိကောင်းတွေ နည်းလွန်းတယ်လို့ ငါသံသယဖြစ်မိတယ်။”
“မတူညီတဲ့ အင်အားစုတွေကြားက ပဋိပက္ခတွေကြောင့် ဖော်ထုတ်တာ ဖြစ်နိုင်တယ်လို့ ငါထင်တယ်။”
"ငါသဘောတူတယ်။"
***
အပိုင်း ၁၃၆၄ ထန်ချင်းရန်အတွက် ရှုချင်ယင်းကဟင်းချက်ပေးတယ်
"လာပါ၊ ချန်းပင်းကျန်းက အကျင့်ပျက်အရာရှိဖြစ်ပြီး ထောင်ကျသင့်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။"
“မှန်တယ်”
“မင်း ဒီအကျင့်ပျက် အရာရှိကို ခုခံကာကွယ်နေတယ် ထင်တယ်”
“…”
ထို အင်တာနက်အသုံးပြုသူသည် အမှန်တရားကို ထောက်ပြခဲ့သော်လည်း အချိန်တိုတိုအတွင်း ဝေဖန်မှုစွာရ၍ ထိုအကြောင်းကို ထပ်မံမပြောဆိုဝံ့တော့ပေ။
အရှုပ်တော်ပုံ ပေါ်ပေါက်သည်နှင့် တပြိုင်နက် ချန်းမိသားစုသည်လည်း ထိုအကြောင်းကို ကြားလိုက်ရသည်။ စိတ်ဆိုးသော်လည်း ချန်းပင်းကျန်းကို စွန့်လွှတ်ရန် ရွေးချယ်သည်။ ခိုင်လုံသောအထောက်အထားရှိပြီးဖြစ်၍ ချန်းမိသားစုသာ ချန်းပင်းကျန်းကို ကူညီရန်ကြိုးစားပါက ပြဿနာပိုကြီးသွားနိုင်သည်။
ရလဒ်အနေဖြင့် ချန်းမိသားစုသည် ထန်ချွမ်ကျွင်းအစား ချန်းပင်းကျန်းကိုသာ သတိမထားသည့်အတွက် ဒေါသထွက်နေတော့သည်။
ချန်းပင်းကျန်းသည် အကြိမ်ပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုကို လက်ခံခဲ့သည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ သို့သော်လည်း ချန်းပင်းကျန်းသည် ယခုတစ်ကြိမ်တွင် လူသိရှင်ကြား ထုတ်ဖော်ခံခဲ့ရသည်။
ထို့အပြင် ချန်းမိသားစုသည် ချန်းပင်းကျန်း၏ မကောင်းမှုများကို သတိပြုမိသော်လည်း ထိုမျှ များပြားသော လာဘ်ပေးလာဘ်ယူ မှုများကို လက်ခံခဲ့ကြောင်း မသိခဲ့ပေ။
ဤအခြေအနေမျိူ’ ချန်းပင်းကျန်း ထောင်ကျမည်မှာ အသေအချာပင်။ သူသည် အသုံးဝင်သောနယ်ရုပ်ကောင်းတစ်ခုဖြစ်ရန် အလွန်တုံးအလွန်းသည်။
အာဏာရှိသည့်လူများသည် သူတို့လုပ်ချင်သမျှကို လုပ်မရပေ။ ထိုအစား သူတို့သည် သာမန်လူတွေထက် ပိုသတိထားရသည်။ အတိအကျပြောရလျှင် သူတို့သည်အင်အားကြီးသောကြောင့် သူတို့ထက် အင်အားကြီးသူတွေကသာ သူတို့ကို ဒုက္ခရောက်စေနိုင်သည်။ သို့သော် သူတို့၏ လူသိမခံနိုင်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံရလိုက်သည်နှင့် မည်သူမျှ သူတို့ကို ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
ချန်းပင်းကျန်းကို ရဲက ဖမ်းဆီးပြီးနောက် တခြား ချန်းမိသားစုဝင်များသည် ယခင်ကထက် ပိုမိုသတိထားဖြစ်တော့သည်။ သူတို့သည် သူတို့၏ရန်သူ၏ပစ်မှတ်သည် ချန်းပင်းကျန်းတင်ပဲလား သို့မဟုတ် ချန်းမိသားစုတစ်ခုလုံးလားမသိကြ၍ဖြစ်သည်။
မိသားစုတစ်ခုလုံး ဘေးကင်းစေရန်အတွက် ချန်းမိသားစုဝင်များသည် ချန်းပင်းကျန်းကိုပင် ထောင်ထဲထည့်နိုင်ခဲ့သည့်ထိုအရည်အချင်းရှိသည့်သူကို စုံစမ်းနေကြသည်။
ညနေ ၄ နာရီတွင် ရှုချင်ယင်းသည် ထန်ချင်းယန်၏အိမ်သို့သွားပြီး သူ့အတွက်ချက်ပြုတ်ရန် စီစဉ်နေသည်။ ထန်ချင်းယန်သည် သူမကြောင့် ဒဏ်ရာရရှိခဲ့သည့်အတွက် သူ့ကို ကျေးဇူးတင်ရန်လိုအပ်သည်။
သို့သော်၊ ရှုချင်ယင်းတွင် ထန်ချင်းယန်၏ဖုန်းနံပါတ်မရှိသောကြောင့် ကျန်းယွေ့ချင်ကိုမေးရသည်။
ထန်ချင်းယန်သည် တစ်ကိုယ်တည်းသမားဖြစ်ပြီး သူ့အိမ်တွင် တစ်ယောက်တည်းနေရသောကြောင့် ပျင်းလာလျှင် ကျန်းယွေ့ချင်၏အိမ်တွင် မကြာခဏနေလေ့ရှိသည်။ ပါးထျန်းယန်သည် သူ့ဘေးတွင် နေသော်လည်း သူနှင့် စကားပြောသည်မှာ ရှားသည်။ သူတို့နှစ်ဦးသည် အကြိုက်မတူသလို ပါးထျန်းယန်သည်လည်း စကားများများမပြောတတ်ပေ။
ကျန်းယွေ့ချင်သည်လည်း အိမ်အကြီးကြီးတစ်အိမ်တွင်နေပြီး သူသည်လည်း တစ်ကိုယ်တည်းသမားပင်။ သူသည်လည်း ပျင်းသည့်အတွက် ပါးထျန်းယန်နှင့် ထန်ချင်းယန်တို့ သူ့ဆီလာလည်သည်ကို ကြိုဆိုသည်။
ကျန်းယွေ့ချင်သည် သူ့မိဘများက သူ့ကို ချစ်သူရှာရန် အမြဲတိုက်တွန်းသောကြောင့် ကျန်းမိသားစုအိမ်တော်သို့ မပြန်ချင်ပေ။ သူ မငယ်တော့သည်ကိုသိသော်လည်း သူကြိုက်သည့် မိန်းကလေးကို ရှာတွေ့ဖို့က မလွယ်ကူပေ။ အတိအကျပြောရလျှင် သူသည် သူ့ကို ပြန်သဘောကျသော မိန်းကလေးကို ရှာရန် လိုအပ်သည်။
ဥပမာအားဖြင့်၊ ကုနင်းကို သူ နှစ်သက်သော်လည်း ကုနင်းမှာ ချစ်သူရှိနေပြီဖြစ်သည်။
ထန်ချင်းယန်သည် ကျန်းယွေ့ချင်၏အိမ်တွင်ရှိနေကြောင်း ရှုချင်ယင်း ကြားသောအခါ၊ သူမလည်း သူတို့ထံသို့ တိုက်ရိုက်ကားမောင်းသွားသည်။
ကျန်းယွေ့ချင်သည် ရှုချင်ယင်း ထန်ချင်းယန်ကို အဘယ်ကြောင့် တွေ့ချင်သည်ကို မသိသောကြောင့် အသားနှင့် ဟင်းသီးဟင်းရွက်အိတ်များ ပေါ်လာသောအခါ သူ အံ့အားသင့်သွားသည်။
"ဒီကို ဘာလာလုပ်တာလဲ?" ကျန်းယွေ့ချင် မေးလိုက်သည်။
"ချက်ဖို့ပေါ့။" ရှုချင်ယင်း သူ့ကို ပြုံးပြလိုက်ကာ၊ "မနေ့ကငါ့ကြောင့် ချင်းရန် ဒဏ်ရာရတာမဟုတ်လား။ သူ့အတွက် ချက်ပြုတ်ပေးပြီး သူ့ကို ကျေးဇူးတင်သင့်တယ်လို့ ထင်လို့။”
ထိုသို့ပြောရင်း ရှုချင်ယင်းသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး ကျန်းယွေ့ချင်၏အိမ်ထဲသို့ ဝင်လာသည်။ သူမနှင့် ကျန်းယွေ့ချင်သည် အတူတူကြီးပြင်းလာသောကြောင့် သူမအနေနှင့် ထိုသို့ပြုမူရန် လုံးဝအဆင်ပြေသည်။
ကျန်းယွေ့ချင် ခေါင်းညိတ်ပြီး သူမနောက်မှ လိုက်လာသည်။ ရှုချင်ယင်းသည် ဟင်းချက်တော်သောကြောင့် သူမချက်ပြုတ်ထားသော အစားအစာကို သူ နှစ်သက်သည်။ ထို့အပြင် သူသည် အမြဲအပြင်မှာ စားလေ့ရှိပြီး ထိုအကျင့်သည် ကျန်းမာရေးနဲ့ မညီညွတ်ပေ။
သူ့မိဘများသာ သူ့ကို ချစ်သူရှာခိုင်းသည်ကို ရပ်လိုက်နိုင်လျှင် ကျန်းမိသားစု၏အိမ်မှာသာ ပြန်သွားစားချင်တော့သည်။
ထန်ချင်းယန်သည်လည်း ထမင်းချက်တော်သူတစ်ဦးဖြစ်ပေမည့် လက်ရှိတွင် ဒဏ်ရာရနေသည်။
"မစ္စရှု ကျွန်တော့ကိုတွေ့ချင်လို့လား?" ထန်ချင်းယန် ဧည့်ခန်းထဲကနေ ပြောလိုက်သည်။ နောက်တစက္ကန့်တွင် သူသည် သူမ၏လက်ထဲက အသားနှင့် ဟင်းသီးဟင်းရွက်အိတ်တွေကို တွေ့ပြီး အံ့သြသွားသည်။
"ဟုတ်တယ် ဒီည ရှင့်အတွက် ဟင်းချက်ပေးပြီး ကျေးဇူးတင်ချင်တယ်။" ရှုချင်ယင်း ထိုသို့ ပြောပြီး သူမ၏လက်ထဲက အိတ်တွေကို ယမ်းလိုက်သည်။
"မစ္စရှု၊ မင်းအဲလိုလုပ်စရာမလိုပါဘူး။ ကျွန်တော်နေကောင်းပါတယ်။”
သူသည် ဒဏ်ရာအပြင်းအထန်မရရှိသည့်အပြင် ကုနင်း၏ဆေးလုံးအကူအညီဖြင့် အတော် သက်သာနေပြီဖြစ်သည်။
“ကျွန်မကို မလိမ်ပါနဲ့။ မနေ့က တစ်ချိန်လုံး သွေးထွက်နေတာကို”
ရှုချင်ယင်း ပြောရင်းဆိုရင်း မီးဖိုခန်းဆီသို့ တည့်တည့်လျှောက်သွားသည်။
"ထားလိုက်ပါ၊ ခဏနေရင် ထမင်းစားဖို့ပဲ စောင့်နေလိုက်၊" ကျန်းယွေ့ချင်က ထန်ချင်းယန်၏ ပုခုံးကို ပုတ်ကာ ကူပြောပေးလာသည်။
ရှုချင်ယင်းသည် မီးဖိုချောင်တွင် ထမင်းချက်နေပြီဖြစ်သည့်အတွက် ထန်ချင်းယန်လည်း အဆုံးတွင် လက်ခံလိုက်ရတော့သည်။
***
အပိုင်း ၁၃၆၅ လိုက်ဖက်တဲ့အတွဲ
သို့သော်လည်း ထန်ချင်းယန်သည် အနည်းငယ် မသင့်လျော်ဟု ခံစားမိနေသေးသဖြင့် မီးဖိုခန်းထဲသို့ လှမ်းဝင်ကာ "ကျွန်တော် ကူညီရမလား?" ဟု မေးလိုက်သည်။
"မဟုတ်တာ၊ ကျေးဇူးတင်ပါတယ်၊ ရှင် ဒီမှာ နေရင် အကူအညီမရပဲ အနှောက်အယှက်ဖြစ်လိမ့်မယ်။"
ထန်ချင်းယန်သည် သူသည်လည်း ဟင်းချက်ကောင်းသောကြောင့် ဘာပြန်ပြောရမည်ကို မသိတော့ပေ။
"ချင်းရန်၊ စိတ်မပူပါနဲ့ ချင်ယင်း ကိုယ်တိုင် လုပ်နိုင်ပါတယ်။ အဲဒါက သူ့အတွက် အသေးအမွှားပါ၊” ကျန်းယွေ့ချင်က ထိုသို့ပြောပြီး ထန်ချင်းယန်ကို ဆွဲထုတ်သွားသည်။
ရှုချင်ယင်းသည် သူ၏အကူအညီကို မလိုအပ်သောကြောင့် ထန်ချင်းယန်လည်း ဧည့်ခန်းသို့ပြန်လိုက်သွားလိုက်သည်။
ထန်ချင်းယန် မီးဖိုချောင်ဘက်သို့ ခဏခဏ မျှော်ကြည့်မိနေပြီး ဘာကြောင့်မှန်းသူမသိပေ။
ကျန်းယွေ့ချင်က သတိထားမိပြီး မေးလိုက်သည် "ချင်းရန် မင်း ဘာလို့ မီးဖိုချောင်ကို ခဏခဏ ကြည့်နေတာလဲ? ချင်ယင်း အပေါ် ထူးထူးခြားခြား ခံစားချက်ရှိနေတာလား?"
“မဟုတ်တာတွေ” ထန်ချင်းယန် ချက်ချင်းငြင်းဆိုလိုက်သည်။
"တကယ်လား?" ကျန်းယွေ့ချင် မျက်ခုံးပင့်လိုက်သည်။
ထန်ချင်းယန် မည်သို့ရှင်းပြရမည်မသိ၍ ပါးစပ်ပိတ်လိုက်သည်။ သူ့အတွက် အရင်က ဘယ်အမျိုးသမီးကမှ ထမင်းချက်မပေးဖူးပေ၊ ထို့အပြင် ထန်ချင်းယန်သည် ရှုချင်ယင်း အပေါ် လေးလေးနက်နက် အမြင်ရှိသည်။
သို့သော်၊ ထန်ချင်းယန်သည် မလုံသောကြောင့် နှုတ်ဆိတ်နေသည်ဟု ကျန်းယွေ့ချင်က တွေးထင်သွားသည်။ “ရိုးရိုးသားသားပြောရရင် မင်းတို့နှစ်ယောက်က လိုက်ဖက်တဲ့ အတွဲဖြစ်မယ်ထင်တယ်။ မင်းငါ့ကိုကူညီစေချင်လား?"
"ကျေးဇူးပြုပြီး ဒီအကြောင်းပြောနေတာ ရပ်လို့ရမလား? ချင်ယင်း နဲ့ ငါက အကွာကြီးပဲဟာကို။" ထန်ချင်းယန် ကျန်းယွေ့ချင်ကို စူးစူးရဲရဲ ကြည့်လိုက်သည် ။
ရှုချင်ယင်း၏ မိသားစုသည် သူ၏မိသားစုထက် အများကြီး ပိုသြဇာရှိပြီး သိမ်ငယ်သည်ဟု ခံစားရသည်။ ထို့အပြင်၊ သူသည် ရှုချင်ယင်းကို နှစ်သက်လျှင်ပင် ရှုချင်ယင်းကလည်း သူ့ကို သဘောကျမှသာ အတူရှိနိုင်မည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူသည် လက်စားချေမှုကို အာရုံစိုက်ရန် လိုအပ်နေသေးသည်။
"လာပါ ၊ ဒီလို မပြောပါနဲ့ ငါ့အမြင်မှာ မင်းက အရည်အချင်းရှိတဲ့လူတစ်ယောက်ပါ။” "ချင်ယင်း ရဲ့ မိသားစုက မင်းမိသားစုထက် သြဇာရှိပေမယ့် မင်းနဲ့ ရွယ်တူတွေကြားမှာ မင်းက အရမ်းထူးချွန်တာပဲကို။"
ထန်ချင်းယန်သည် ထန်လုပ်ငန်းစု၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ကြွယ်ဝချမ်းသာမှု ယွမ်တစ်ဘီလီယံကျော်ရှိသည်။
ထန်ချင်းယန်နှင့် ယှဉ်လျှင် ကျန်းယွေ့ချင်က ပိုဆင်းရဲသည်။
"ကောင်းပြီ၊ ငါတို့ ဒီအကြောင်းအရာကို ရပ်နိုင်မလား?"
“ကောင်းပြီ။” ကျန်းယွေ့ချင် သူ့ကို ရှက်အောင်မလုပ်ချင်ပေ။ရှုချင်ယင်းနှင့် ထန်ချင်းယန်တို့သည် လိုက်ဖက်သည့် စုံတွဲတစ်တွဲဖြစ်မည်ဟု သူထင်သော်လည်း ဤကိစ္စမှာ သူတို့၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။
ကျန်းယွေ့ချင်နှင့် အနည်းငယ် အငြင်းအခုံဖြစ်ပြီးနောက် ထန်ချင်းယန် မီးဖိုချောင်ကို မကြည့်ဝံ့တော့ပေ။ သူသည် ခဏနေ ရှုချင်ယင်း ထွက်လာသည့်အချိန်တွင် ကျန်းယွေ့ချင်ကို ထိုအကြောင်းကို မပြောစေချင်ပေ။
ရှုချင်ယင်းသည် သူတို့လေးယောက်အတွက် ဟင်းငါးခွက်ပြင်ဆင်သည်။ သူမသည် ထန်ချင်းယန်အတွက် အာဟာရရှိသော ဟင်းချိုကိုလည်း ချက်ပြုတ်ပေးသည်။
………
ကုနင်း ရုတ်တရက် ပင်လယ်စာစားချင်သောကြောင့် အပြင်ထွက်စားရန် ဆုံးဖြတ်လိုက်သည်။
စားသောက်ဆိုင်သို့ သူမရောက်သောအခါ ခန်းမအတွင်းရှိ ပိုင်လီကျုံးယန်နှင့် တိုးသည်။ ပိုင်လီကျုံးယန်သည် သူ၏သူငယ်ချင်းနှစ်ယောက်နှင့် ရောက်လာခြင်းဖြစ်သည်။
"တိုက်ဆိုင်လိုက်တာ! တွေ့ရတာဝမ်းသာပါတယ် မစ္စကု။” ပိုင်လီကျုံးယန် အရင်နှုတ်ဆက်လာသည်။ ကုနင်း အကြောင်း စုံစမ်းမှုရလဒ်ကို ရရှိထားပြီးဖြစ်ပြီး၊ ကားမတော်တဆမှုမတိုင်မီနှင့် အပြီးတွင် ကုနင်း၏ပြောင်းလဲမှုများကို သိရှိခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်က ကုနင်းသည် ပျော့ညံ့ပြီး ပေါင်းသင်းဆက်ဆံရေးမကောင်းသည့် မိန်းကလေးတစ်ဦးဖြစ်ခဲ့သော်လည်း ကားမတော်တဆမှုအပြီးတွင် သူမ လုံးဝပြောင်းလဲသွားခဲ့သည်။ တူညီတဲ့ ခန္ဓာကိုယ်ထဲတွင် မတူညီသည့် ဝိညာဉ်တစ်ခု ရှိနေသလိုပင်။
ပိုင်လီကျုံးယန်သည် ကျင့်ကြံခြင်းလောကမှ လူတစ်ဦးဖြစ်သော်လည်း လူဝင်စားခြင်းကို မယုံကြည်ပေ။ ထို့ကြောင့် ပိုင်လီကျုံးယန်သည် ကုနင်းက အားနည်းဟန်ဆောင်ခဲ့သည်ဟု တွေးထင်သည်။ သို့သော် ကုနင်းသည် ကားမတော်တဆမှုအပြီးတွင်မှ ကွန်ဖူးကျွမ်းကျင်သူတစ်ဦးဖြစ်လာခဲ့ပြီး ထိုအချက်ကို နားလည်ရန်ခက်ခဲသည်။
ကုနင်း၏ အတိတ်ဘဝအကြောင်းကို သူဘာမှမသိသောကြောင့် ၎င်းကို သူမ၏ရုပ်ဖျက်မှုအဖြစ် မှတ်ယူသည်။
ထို့အပြင်၊ ကုနင်းသည် ကျောက်လောင်းကစားခြင်းတွင် ထူးထူးခြားခြား ထူးချွန်ပြီး၊ ၎င်းသည် ပိုင်လီကျုံးယန်၏ စိတ်ထဲတွင် နောက်ထပ်မေးခွန်းတစ်ခုဖြစ်သည့် Jade Beauty လက်ဝတ်ရတနာလုပ်ငန်းကို စတင်တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကုနင်း ကျောက်လောင်းကစားခြင်းတွင် အဘယ်ကြောင့် အလွန်ထူးချွန်သည်ကို သူနားမလည်နိုင်ပေ။
ကျင့်ကြံသူများသည် သူတို့ ကျင့်ကြံရန်အတွက် မှော်စွမ်းအင်များ လိုအပ်ပြီး ကျောက်စိမ်းမှော်စွမ်းအင်သည် သူတို့၏ စွမ်းအင်အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သောကြောင့် သူတို့သည် ငယ်စဉ်ကတည်းက ကျောက် လောင်းကစားကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် ကျောက်လောင်းကစားလုပ်ခြင်းသည် လုံးဝမလွယ်ကူကြောင်း သူသိသည်။ ကျောက်စိမ်းကျွမ်းကျင်သူများပင် ကျောက်စိမ်းလောင်းကစားလုပ်တိုင်း ကျောက်စိမ်းမရနိုင်ပါ။
ပိုင်လီကျုံးယန်သည် ကုနင်း ဟာ ကျောက်စိမ်းထဲက မှော်အစွမ်းကို ခံစားနိုင်လိမ့်မည်ဟု ထင်သော်လည်း ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။
အဆင့်မြင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပိုင်လီကျုံးယန်သည်ပင် ကျောက်စိမ်းထဲမှ မှော်အစွမ်းကို မခံစားနိုင်ပေ။ ဒါကြောင့် ထိုအချက်သည် ဖြစ်နိုင်ချေရှိသည်ဟု သူသိပ် မထင်မိပြန်ပေ။
***
အခန်း ၁၃၆၆ ကူညီပေးရမလား
ကုနင်း နှင့်ပတ်သက်သည့် ကိစ္စများကို မှော်စွမ်းအင်များနှင့် သက်ဆိုင်သော အရာများမှ လွဲ၍ ပိုင်လီကျုံးယန်သည် ကျန်အရာများကို စိတ်မ၀င်စားပါချေ။
သူသည် ဆေးဝါးများကို စစ်ဆေးရန် ကိုလိန်း စက်ရုံသို့ပင် သွားခဲ့သေးသည်။ သူတို့ထံမှ မှော်စွမ်းအင်များကို ခံစားမိသော်လည်း စွမ်းအင်ကိုမူ ရှာဖွေ၍ မရခဲ့ခြင်းကြောင့် စိတ်ရှုပ်ထွေးလျက်ရှိသည်။
“မစ္စတာပိုင်လီ ကျွန်မလည်း တွေ့ရတာ၀မ်းသာပါတယ်။” ကုနင်းကလည်း ပြန်လည်ပြုံးပြနှုတ်ဆက်လိုက်သည်။ သူမသည် ပိုင်လီကျုံးယန်မှာ သူမအား စုံစမ်းခဲ့ကြောင်းကို မသိသောကြောင့် ပုံမှန်အတိုင်းသာ ဆက်ဆံလေသည်။
အမှန်တော့ သူမ သိထားလျှင်လည်း ဘာမှ ပြောင်းလဲသွားမည် မဟုတ်ပါချေ။ ပိုင်လီကျုံးယန်သည် သူမကို နာကျင်လိုသော ရည်ရွယ်ချက်ဖြင့် စုံစမ်းခြင်း မဟုတ်သောကြောင့်ပင်။ ထို့အပြင် ကုနင်းသည် ကျင့်ကြံရေးလောကအကြောင်း လေ့လာချင်သေးသောကြောင့် ပိုင်လီကျုံးယန်နှင့် အဆက်အသွယ် မပြတ်အောင်နေနေရလေသည်။
“မစ္စကု ကျွန်တော်ခင်ဗျားနဲ့ တစ်ခါလောက် အတူစားသောက်ဖို့ ဖိတ်ချင်ခဲ့တာပါ.. ဒါပေမယ့် အခွင့်မကြုံဘူး ဖြစ်နေတယ်.. ဒီနေ့ရော အချိန်ရှိမလား မသိဘူး?” ပိုင်လီကျုံးယန် ယဉ်ကျေးစွာ ကမ်းလှမ်းလိုက်သည်။
သူသာ ကုနင်း နှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုလျှင် ပို၍ ရင်းနှီးမှုရှိအောင် နေရမည်ပင်။
ကုနင်းသည် ပိုင်လီကျုံးယန်က ရိုးသားစွာ ခွင့်တောင်းနေခြင်းဖြစ်ပြီး သူမကိုယ်တိုင်ကလည်း တွေ့ချင်နေခြင်း ဖြစ်သည်ကြောင့် သဘောတူလိုက်သည်။
“အင်း.. ကျွန်မရှင့်ရဲ့ မိတ်ဆွေတွေလည်း ပါလာတာတွေ့လိုက်တယ်၊ အဆင်ပြေပါ့မလား?”
“ရပါတယ် ကျွန်တော်တို့ ဒီတိုင်း ထွက်လာတာပါ.. အရေးတကြီး မဟုတ်ပါဘူး။”
“ဟုတ်ပါတယ်။” ပိုင်လီကျုံးယန်၏ သူငယ်ချင်း နှစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း သွားကြတာပေါ့။”
ထို့နောက်တွင် သူတို့သည် ပိုင်လီကျုံးယန် ဘိုကင်တင်ထားသော သီးသန့်ခန်းသို့ သွားလိုက်ကြသည်။ ပိုင်လီကျုံးယန်သည် ကုနင်းအား မီနူးကို ကမ်းပေးလိုက်ပြီး အရင်မှာစေလိုက်သည်။ ထို့ကြောင့် ကုနင်းလည်း အားနာမနေတော့ပဲ သူမ ကြိုက်သည့် ပင်လယ်စာများကို မှာလိုက်သည်။
ပိုင်လီကျုံးယန်သည်လည်း သူမ ပင်လယ်စာ ကြိုက်သည်ကို သတိထားမိလိုက်သောကြောင့် ပင်လယ်စာ ဟော့ပေါ့ကို မှာလိုက်သည်။
သူတို့စားနေစဉ်တွင် ပိုင်လီကျုံးယန်သည် ကုနင်းအား သူမ၏ ကျောက်ကစားတော်သည့်အကြောင်း မေးလိုက်သည်။
“ကျွန်မက ကျောက်ကစားတာကို စိတ်၀င်စားပြီး အများကြီးလေ့လာခဲ့လို့ပါ.. ပြောရရင်တော့ ကံကောင်းသွားလို့ပါပဲ။”
ပိုင်လီကျုံးယန်၏ မျက်ခုံးများပင် မြင့်တက်သွားသည်။ ကုနင်းတစ်ယောက် ကျောက်ကစားခြင်းအတွက် သူမ ကံကို အသုံးပြုသည် ဆိုသောအချက်ကို အံ့ဩသွားခြင်းပင်။
သူသည် ထိုစကားကို အမှန် ဟုတ်မဟုတ် မသိသော်လည်း ထိုရှင်းပြချက်ကိုပင် လက်ခံလိုက်သည်။ လောကကြီးတွင် မယုံနိုင်စရာကောင်းသော အရာများစွာ ရှိနေသည် မဟုတ်ပါလား။
သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ထူးဆန်းသောအရာများကို လူသားများထက်ပင် ပိုသိသူဖြစ်သည်။ ထို့ကြောင့် သူသည် ကုနင်းကို ပုံမှန်လူများထက် ထူးဆန်းသောသူဟုသာ သတ်မှတ်လိုက်သည်။
ထို့နောက် ကုနင်း သံသယဖြစ်နေမည် စိုးသဖြင့် ပိုင်လီကျုံးယန်လည်း စကားလမ်းကြောင်း လွှဲလိုက်တော့သည်။
…
ည ၆ နာရီခွဲတွင် ရှုချင်ယင်း ချက်ပြုတ်၍ ပြီးစီးသွားပြီဖြစ်သည်။
ရှုချင်ယင်း သည် ထမင်းစားပွဲတွင် လာထိုင်ဖို့ ပြောလိုက်သောကြောင့် ကျန်းယွေ့ချင်သည် သူမထံ ပြေးသွားလိုက်သည်။
“ဘာကူညီပေးရမလဲ?” ထန်ချင်းယန်ကလည်း ရှုချင်ယင်းတစ်ယောက် မီးဖိုချောင်ထဲတွင် တစ်နာရီနီးပါး အလုပ်ရှုပ်နေခြင်းကို အားနာစွာဖြင့် မေးလိုက်သည်။
ကျန်းယွေ့ချင်သည် ထန်ချင်းယန် ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ မပြောပါချေ။ သူသည် ထန်ချင်းယန်တစ်ယောက် ရှုချင်ယင်း အပေါ် ခံစားမှုကို မပြောချင်သေးမှန်း နားလည်လိုက်သည်။
“ရပါတယ် ဒီတိုင်း ထိုင်နေပါ။” ရှုချင်ယင်း ပြောလိုက်ပြီး မီးဖိုချောင်ထဲတွင် ပန်းကန်များကို သွားယူနေလိုက်သည်။
ရှုချင်ယင်းက ထိုသို့ပြောနေခြင်းကြောင့် ထန်ချင်းယန်သည်လည်း စားပွဲတွင်သာ ထိုင်နေလိုက်သည်။
မကြာမီတွင် ရှုချင်ယင်းသည် အာဟာရစွပ်ပြုတ်ကို ထန်ချင်းယန် ရှေ့တွင် ချပေးလိုက်ရင်း “ချင်းယန် မနေ့ညက ကျွန်မကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
“ရပါတယ် မစ္စရှု”
“ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ မျက်နှာ စုတ်ပြတ်သတ်နေလောက်ပြီ” ရှုချင်ယင်း မျက်နှာထားကို တည်ပြီး ထပ်ပြောလိုက်သည်။ ရှုချင်ယင်း ထိုအကြောင်းကို ပြန်တွေးရင်းဖြင့်ပင် ကြောက်မိနေလေသည်။
ထို့နောက် အစားအသောက်များကို အတူစားသောက်လိုက်ကြသည်။
…
ကုနင်းသည် ပိုင်လီကျုံးယန် နှင့်အတူ ညစာစားပြီး စားသောက်ဆိုင်မှ တစ်ယောက်တည်း ထွက်လာလိုက်သည်။
ပိုင်လီကျုံးယန်သည် ထိုညတွင် သူ့သူငယ်ချင်းများနှင့်အတူ ဘားဖို့ ရှိသောကြောင့် ကုနင်းကို အတူပျော်ပါးဖို့ ဖိတ်သော်လည်း ကုနင်းကတော့ အိမ်ပြန်မည်ဟုသာ ပြောခဲ့လိုက်သည်။
…
ချန်းပင်းကျန်း ရဲဖမ်းခံလိုက်ရပြီ ဖြစ်သောကြောင့် သူ့ကို လာဘ်ထိုးခဲ့သူများအားလုံးလည်း ဒုက္ခရောက်ကြလေသည်။
ချန်းပင်းကျန်းကို လာဘ်ထိုးကာ ရာထူးတိုးဖို့ ကြံစည်ကြသူ အရာရှိများအားလုံးသည် အပြစ်ပေးခံရတော့မည် ဖြစ်သည်။
ထိုနေ့လည်တွင် အရာရှိငါးယောက် အဖမ်းခံလိုက်ရပြီး သူတို့ထဲမှ နှစ်ယောက်မှာ မြို့တော်တွင် အလုပ်လုပ်သူများဖြစ်ကာ ကျန်သုံးယောက်မှာ အခြားမြို့များမှသူများ ဖြစ်ကြသည်။ သူတို့သည် အစိုးရပိုင်းတွင် ရာထူးကြီးကြီးများ မရကြသောကြောင့် အပြစ်ကို ရှောင်လွှဲ၍ မရနိုင်ပေ။ သူတို့သည် ချန်းပင်းကျန်းနှင့် ရင်းနှီးကြသော်လည်း ချန်းမိသားစုနှင့် မရင်းနှီးကြသောကြောင့် မည်သည့်ဘက်သို့ လိုက်ရမှန်း မသိဖြစ်နေကြသည်။
ချန်းပင်းကျန်းကိစ္စဖြစ်ပြီးနောက်ပိုင်းတွင် အကျင့်ပျက်ခြစားသော အခြားအရာရှိများသည်လည်း သတိကြီးစွာ ထားနေရလေသည်။ သူတို့အများစုတွင် လာဘ်စားထားသောမှတ်စုများ မရှိကြသော်လည်း အချို့တွင် ရှိနေကြသောကြောင့် ချက်ချင်းပင် မီးရှို့ဖျောက်ဖျက်လိုက်ကြသည်။
အကျင့်ပျက်ခြစားသူများသည် မည်သို့မှ အမြစ်ဖျက်ချေမှုန်း၍ ရနိုင်မည့်သူများ မဟုတ်ကြချေ။ ထိုသူတို့၏ လောဘစိတ်များသည် အတောသတ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။
***
အခန်း ၁၃၆၇ လျှိုယွဲ့
ကျင့်မိသားစုတွင်လည်း ကျင့်ခိုင်သည် သူ၏ ပြစ်မှုများမှာ ထင်ရှားနေသောကြောင့် ငြင်းမရနိုင် ဖြစ်နေလေသည်။
သို့သော် ထိုအမှုသည် တရားရုံးသို့ မရောက်သေးသောကြောင့် သူ့ကို ပြည်သူ့လုံခြုံရေး ရုံးချုပ်တွင်သာ ထိန်းသိမ်းထားသည်။
HR မန်နေဂျာသည်လည်း အဖမ်းခံထားရပြီ ဖြစ်ပြီး သူသည်လည်း နှစ်အနည်းငယ် အချုပ်ကျမည် ဖြစ်သည်။
ကျင့်လီချန်းကတော့ သူ့ပြစ်မှုများကို ၀န်ခံခဲ့သောကြောင့် ပြစ်ဒဏ်လျှော့ပေါ့ ခံရမည် ဖြစ်သည်။
ကုနင်းသည် ကျင့်လီချန်းကို စိတ်မ၀င်စားချေ။ ကျင့်ခိုင်သည်သာ ထိုအမှု၏ ပဲ့ကိုင်ရှင် ဖြစ်နေသည် မဟုတ်ပါလား။ သူမသည် ကျင့်ခိုင်ကိုတော့ ဥပဒေအရ အပြစ်ပေးချင်လေသည်။
တရားခွင်သည် မစတင်သေးသောကြောင့် ဖန်းရှင်းဟောက် ရရှိမည့် လျော်ကြေးသည် မသိရသေးပဲ ရှိနေသည်။
အယူခံ၀င်နိုင်ရန်အတွက် ကျင့်လီချန်းသည် သူ၏ ဇနီးကို မပြောပဲ သူ၏ ယောက်ဖကိုသာ ဖုန်းခေါ်လိုက်သည်။ သူ့ဇနီးသည် စိတ်ထားပြည့်၀သူ မဟုတ်သောကြောင့် သူမကို အားကိုးကာမှ သူဒုက္ခရောက်မည်ကို စိုးရိမ်နေခြင်းပင်။
ထိုသို့ဖြင့် ညအိမ်ပြန်ရောက်သည်အထိ သူ့ဇနီးသည် ထိုကိစ္စကို မသိလိုက်ပါချေ။
ထို့ကြောင့် ကျင့်ခိုင်တစ်ယောက် ထောင်ကျမည့် သတင်းကို ကြားသောအခါ သူမသည် ကျင့်လီချန်းနှင့် အော်ဟစ်ရန်ဖြစ်ပြီး ကျင့်ခိုင်ကို ထုတ်ပေးဖို့ တွန်းအားပေးလေသည်။
တကယ်တမ်းတွင် ကျင့်မိသားစုသည် မတော်တဆမှု ဖြစ်ကတည်းက ရဲကို ခေါ်ကို ခေါ်ခဲ့လျှင် ထိုမျှလောက် ပြဿနာကြီးမည် မဟုတ်ပေ။ သူတို့၏ အပြစ်သာ ဖြစ်သည်။
ကျင့်မိသားစုသည် ချမ်းသာသူများ ဖြစ်ကြသောကြောင့် ဖန်းရှင်းဟောက်အတွက် ဆေးကုသစရိတ်ကိုလည်း ကောင်းကောင်းပေးနိုင်ပေမည်။ ကျင့်လီချန်းသည် ချန်းပင်းကျန်းကိုလည်း လာဘ်များများ ထိုးပေးနိုင်မည် ဖြစ်သည်။
တစ်ခါတစ်ရံတွင် လူများသည် မဖြစ်သင့်သော အမှားများကို ပြုလုပ်တတ်ကြလေသည်။
ကျင့်ခိုင်သည် ပြိုင်ပွဲတွင် တတိယနေရာ ရခဲ့ခြင်းမှာ ဖန်းရှင်းဟောက်၏ ဒီဇိုင်းများကြောင့် ဖြစ်ပြီး ကျင့်လီချန်းသည် ကျင့်ခိုင်ကို ကူညီခဲ့ခြင်း ဖြစ်သည်။ သူသည် ဖန်းရှင်းဟောက်မှာ သာမာန်သူတစ်ယောက်သာ ဖြစ်သောကြောင့် အလွယ်တကူ အနိုင်ကျင့်နိုင်မည်ဟု ထင်နေခဲ့ခြင်းပင်။
သူသည် ဖန်းရှင်းဟောက်တစ်ယောက် ကုနင်းနှင့်တွေ့သွားလိမ့်မည်ဟု နည်းနည်းလေးမှ မမျှော်လင့်ထားမိပေ။
အကယ်၍ ဖန်းရှင်းဟောက် သာသေသွားခဲ့ပါက သက်သေရှိတော့မည် မဟုတ်ပဲ ကျင့်ခိုင်သည်လည်း သူ၏ ဒီဇိုင်းများကို သုံးကာ ပြိုင်ပွဲတွင် အနိုင်ရနိုင်မည် ဖြစ်သည်။
ကျင့်လီချန်းသည် စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်းကြောင့်သာ ထိုကဲ့သို့ အမှားမျိုး ပြုလုပ်မိခဲ့ခြင်း ဖြစ်သည်။
သူသည် သူ့ဇနီး၏ စိတ်ကို သိသောကြောင့် သူ့ယောက်ဖဖြစ်သူ လျှိုယွဲ့ နှင့် တွေ့ပြီး စကားပြောချင်ခြင်းပင်။
“ဘာလုပ်ကြမလဲ?” လျှိုယွဲ့ က မေးလိုက်သည်။
“ငါ့မှာအကြံရှိတယ်.. အဆင်ပြေမပြေတော့ ငါလည်း မသိဘူး။”
“ဘာများလဲ?”
“ဖန်းရှင်းဟောက်ကို ပိုက်ဆံတွေ ပုံပေးပြီး ပါးစပ်ပိတ်လိုက်မလားလို့”
“ကြိုးစားကြည့်ကြတာပေါ့.. တကယ်လို့ ကျင့်ခိုင် အပြစ်မလွတ်နိုင်ဘူးဆိုရင်တောင် ပြစ်ဒဏ်လျှော့ပေါ့တော့ ခံရနိုင်သေးတာပဲ။”
“ဟုတ်တယ် ဒါပေမယ့် ငါကိုယ်တိုင်တော့ သွားလို့ မဖြစ်ဘူး.. မင်းကူညီပေးနိုင်မလား?”
“ရတယ်လေ။”
အချိန်သည် နောက်မကျသေးသောကြောင့် လျှိုယွဲ့သည် ဖန်းရှင်းဟောက်ကို အမြန်ဆုံးသွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
လျှိုယွဲ့သည် ကျင့်လီချန်းကို ကူညီပေးရခြင်းမှာ ကျင့်လီချန်းသည် သူ၏ စီးပွားရေးနှင့် ပတ်သက်ပြီး ကူညီပေးခဲ့သောကြောင့် ဖြစ်သည်။ သူ၏ စီးပွားရေးသည် ဒေဝါလီခံရဆဲဆဲ ဖြစ်နေပြီး ကျင့်လီချန်းသည် ထိုအခက်အခဲကို ကျော်လွှားနိုင်အောင် ပိုက်ဆံအမြောက်အများ ချေးပေးခဲ့ခြင်းပင်။
ထိုအချိန်တုန်းက သူသည် ငွေကြေးပမာဏ အနည်းငယ်ကိုသာ လိုအပ်နေခြင်း မဟုတ်ပဲ ယွမ် ၁၀ သန်းကျော် လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ကျင့်မိသားစုအတွက် ထိုပမာဏသည် အလွန်မများသလို နည်းလည်း မနည်းပါပေ။ ထို့ကြောင့် ကျင့်လီချန်းသည် ဥပဒေချိုးဖောက်နေလင့်ကစား လျှိုယွဲ့သည် ကူညီပေးခြင်း ဖြစ်သည်။
လျှိုယွဲ့ အပြင်ထွက်လိုက်သောအခါ ကျင့်လီချန်း၏ ဇနီးဖြစ်သူ သူ၏ အမသည် သူ့ကို တားဆီးလိုက်ပြီး ကျင့်ခိုင်ကို ထုတ်ပေးဖို့ အကြံအစည်များကို မေးလိုက်သည်။
လျှိုယွဲ့ သည် သူတို့၏ အကြံအစည်များကို ပြောပြလိုက်သည်။
…
အစပိုင်းတွင် ဖန်းရှောင်မန်သည် ကျိုးဝေ့ဖန်း ရှိနေခြင်းကို စိတ်မသက်မသာ ဖြစ်နေသော်လည်း ဖန်းရှင်းဟောက်ကတော့ စကားပြောဖော် ရနေလေသည်။ သူတို့နှစ်ယောက်လုံးသည် ယောင်္ကျားလေးများ ဖြစ်နေသည် မဟုတ်ပါလား။ ထို့အပြင် ဖန်းရှင်းဟောက်နှင့် ကျိုးဝေ့ဖန်းတို့သည် ‘ကောင်းကင်တိုက်ပွဲ’ ဂိမ်းကို အတူတူဆော့ကြသောကြောင့် တဖြည်းဖြည်းနှင့် ရင်းနှီးလာကြလေသည်။
ကျိုးဝေ့ဖန်းသည် လယ်ဗယ်များကို မြန်မြန်တက်သွားသောကြောင့် ဖန်းရှင်းဟောက်မှာ အထင်ကြီးနေလေသည်။ သို့သော်သူသည် ကုနင်းကိုတော့ ပိုအထင်ကြီးလေသည်။
သူသည် ကုနင်း တစ်ယောက် ထိုဂိမ်းကို ဘယ်ချိန်ကတည်းမှ စဆော့မှန်း မသိသော်လည်း ထို လယ်ဗယ်သို့ရောက်ရန်မှာ သူမအတွက် ခက်ခဲသောအရာ မဟုတ်ကြောင်းကိုတော့ သိလေသည်။
ဖန်းရှင်းဟောက်၏ ခေါင်းသည် ဒဏ်ရာရထားဆဲ ဖြစ်သောကြောင့် သူသည် ဂိမ်းကိုတော့ အချိန်ကြာမြင့်စွာ မဆော့နိုင်ပေ။ မဟုတ်လျှင် သူသည် ကျိုးဝေ့ဖန်းနှင့်ပင် ပြိုင်ဆော့နိုင်မည် ဖြစ်သည်။
သူတို့သည် တဖြည်းဖြည်းနှင့် ရင်းနှီးလာကြပြီ ဖြစ်သောကြောင့် ဖန်းရှောင်မန်သည်လည်း စိတ်သက်သာရာရပြီး ကျိုးဝေ့ဖန်းနှင့်ပင် စကားစမြည်စပြောနေလေသည်။
…
လျှိုယွဲ့သည် ဖန်းရှင်းဟောက် တက်နေသော ဆေးရုံကို သိသော်လည်း အခန်းကိုတော့ မသိသောကြောင့် ဧည့်ကြိုကောင်တာကို မေးလိုက်သည်။
သာမာန်အခန်းများသည် လျှို့ဝှက်ထားစရာ မလိုသောကြောင့် ကောင်တာကလည်း ပြောပြလိုက်သည်။ အထူးခန်းများကိုသာ လျှို့ဝှက်ရသည် မဟုတ်ပါလား။
လျှိုယွဲ့သည် လာရောက်ညှိနှိုင်းခြင်း ဖြစ်သောကြောင့် လက်ဆောင်အချို့ကို ယူလာလိုက်သည်။ ထို့နောက် ဖန်းရှင်းဟောက် အခန်းရှေ့သို့ရောက်သည်နှင့် အခန်းတံခါးကို ခေါက်လိုက်သည်။
***
အခန်း ၁၃၆၈ ယွမ်နှစ်သန်း
ဖန်းရှောင်မန်တို့ မအိပ်ကြသေးသောကြောင့် ဆရာ၀န်ဟု ထင်လိုက်ကာ ၀င်လာဖို့ ပြောလိုက်သည်။
သို့သော် ၀င်လာသူမှာ သူစိမ်းတစ်ယောက် ဖြစ်နေသောကြောင့် ဖန်းရှောင်မန် အံ့ဩသွားပြီး “ဘယ်သူများလဲ?” ဟု မေးလိုက်သည်။
လျှိုယွဲ့သည် ဖန်းရှင်းဟောက်ကို တွေ့ပြီး အနည်းငယ် အံ့ဩသွားသည်။ ဖန်းရှင်းဟောက်သည် သတိရနေပြီး လူကောင်းပုံစံ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သူသည် ဖန်းရှင်းဟောက် တစ်ယောက် ဒဏ်ရာအပြင်းအထန်ရထားသည်ဟု သိထားသည် မဟုတ်ပါလား။
“အိုး တွေ့ရတာ၀မ်းသာပါတယ်.. ကျွန်တော့်နာမည်က လျှိုယွဲ့ ပါ.. ကျင့်မိသားစုက မတော်တဆမှုနဲ့ ပတ်သက်ပြီး စကားလေးနည်းနည်း ပြောဖို့ လွှတ်လိုက်လို့ပါ။” လျှိုယွဲ့က ပြောလိုက်သည်။ သူသည် တိမ်ဝှက်ချန်လှပ်ကာ ပြောဆို မနေတော့ပါပေ။
သို့သော် ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့သည် ကျင့်မိသားစုဆိုသော အသံကိုကြားသည်နှင့် ချက်ချင်း မျက်နှာ ပျက်သွားကာ “ကျင့်မိသားစုနဲ့ ပြောစရာ စကားမရှိဘူး.. ပြောချင်ရင် တရားရုံးကျမှ ပြောပါ။” ဟု ပိတ်ပြောလိုက်သည်။
ကုနင်းသည် သူတို့အား ကျင့်ခိုင်တစ်ယောက် အဖမ်းခံထားရပြီး မကြာခင် ထောင်နန်းစံရတော့မည့် အကြောင်း ပြောထားလေသည်။
သူတို့သည် ကုနင်းကို အလွန်ပင် ကျေးဇူးတင်နေကြပြီး သူတို့အနေနှင့် နောက်ဆုတ်စရာလည်း မရှိတော့ပါချေ။
ဖန်းရှောင်မန်သည် စကားမပြောချင်ပါသော်လည်း လျှိုယွဲ့က “မစ္စဖန်း၊ မစ္စတာဖန်း.. အခု ဒီကိစ္စက မတရားသလို ဖြစ်နေမှန်း သိပါတယ်.. ကျင့်မိသားစုကို မုန်းနေတယ်ဆိုတာလည်း နားလည်ပါတယ်.. အဲဒါကြောင့် ကျင့်မိသားစုက ယွမ် ၂ သန်း လျော်ကြေးပေးဖို့ စီစဉ်ထားပါတယ်။”
ထိုစကားကို ကြားသောအခါ ဖန်းရှောင်မန် နှင့် ဖန်းရှင်းဟောက်တို့သည် လောဘမတက်သွားကြသည့်အပြင် ဒေါသပင် ထွက်သွားကြသည်။
“ကျွန်မတို့ကို တကယ် တစ်ခုခု လုပ်ပေးချင်တယ်ဆိုရင် အစကတည်းက လုပ်ပေးခဲ့ရောပေါ့.. ကျွန်မတို့ ပိုက်ဆံမမက်ဘူး..ယွမ် ၂ သန်းလည်း မလိုချင်ဘူး။” ဖန်းရှောင်မန် ဒေါသတကြီး ပြောလိုက်သည်။
တကယ်တော့ ကျင့်မိသားစုသာ သူတို့အား ထိုစဉ်အခါတုန်းက ယွမ် ၅ သိန်းကို ပေးခဲ့ပါလျှင် သူတို့သည် ဘာမှ မလုပ်နိုင်ပဲ ကျေအေးပေးလိုက်မည် ဖြစ်သည်။ ယခုတော့ အခြေမနေများ မတူတော့ပါပေ။
ကုနင်းသည်သာ ဖန်းရှင်းဟောက်၏ အသက်ကို ကယ်ခဲ့သူ ဖြစ်ပြီး ကျင့်မိသားစုကိုတော့ ခွင့်လွှတ်၍ မရနိုင်ပါချေ။
လျှိုယွဲ့ အနည်းငယ် တုန်လှုပ်သွားသော်လည်း မအံ့ဩမိပါပေ။ “မစ္စဖန်း၊ မစ္စတာဖန်းကလည်း ကြည့်ရတာ အတော်သက်သာနေပါပြီ.. အဲဒါကြောင့် ခေါင်းမာမနေပါနဲ့တော့.. ဒီလျော်ကြေးက ဆေးရုံစရိတ်ရှင်းပေးပြီးရင်တောင် အများကြီး ကျန်နေဦးမှာပါ။”
“သူအဆင်ပြေတယ်တဲ့လား.. ရှင်းဟောက်က သေရွာကနေတောင် ပြန်လာထားရတဲ့သူပါ.. ရှင်တို့တွေ တစ်သက်လုံး အဲဒီအပြစ်ကို ခံယူရမှာပေါ့။” ဖန်းရှောင်မန် အလွန်ဒေါသထွက်နေတော့သည်။
ဖန်းရှင်းဟောက်သည်လည်း ငြိမ်ခံမနေနိုင်တော့ပေ၊ “ခင်ဗျားတို့ ပိုက်ဆံရှိတိုင်း အကုန်လုပ်လို့ရမယ် ထင်နေတာလား.. အဲဒါဆို ကျုပ်ခင်ဗျားကို သတ်ပြီး ယွမ် ၂ သန်း ပြန်ပေးမယ်လေ”
လျှိုယွဲ့ စိတ်တိုနေသော်လည်း သူတို့နှင့် ပြိုင်မငြင်းရဲပါချေ။
“ရှင်ထွက်သွားလိုက်ပါတော့။” ဖန်းရှောင်မန် သည် စိတ်မရှည်စွာ ပြောလိုက်သည်။
လျှိုယွဲ့ တစ်ခုခု ပြောချင်နေသေးသော်လည်း ကျိုးဝေ့ဖန်းက ရှေ့ထွက်လာကာ “မစ္စတာလျှို.. ထွက်သွားလိုက်ပါတော့ မဟုတ်ရင် ကျုပ်ကို အဆိုးမဆိုနဲ့။”
ကျိုးဝေ့ဖန်းသည် ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်ကိုကာကွယ်ရမည် ဖြစ်သောကြောင့် လိုအပ်လာလျှင် သူ့တာ၀န်သူကျေရပေမည်။
ကျိုးဝေ့ဖန်းသည် အရပ်ရှည်ပြီး ဗလတောင့်သူ ဖြစ်သောကြောင့် လျှိုယွဲ့ သည် အနည်းငယ် ဖြုံသွားသည်။
“ခဏ” ဖန်းရှောင်မန် သူ့ကို အပြင်ပြန်မထွက်သွားခင် တစ်ချက်တားလိုက်သည်။
လျှိုယွဲ့သည် ချက်ချင်းရပ်သွားပြီး ဖန်းရှောင်မန် တစ်ယောက် စိတ်ပြောင်းသွားပြီဟု ထင်လိုက်သည်။
“ဒီကပစ္စည်းတွေပါ ယူသွားပါ” ဖန်းရှောင်မန်သည် လျှိုယွဲ့ ယူလာသော ပစ္စည်းများကို ညွှန်ပြရင်း ပြောလိုက်သည်။
လျှိုယွဲ့ ဒေါသထွက်သွားသော်လည်း သူမစကားကို နားထောင်လိုက်သည်။
သူထွက်သွားသည်နှင့် ဖန်းရှောင်မန်သည် ကုနင်းကို ဖုန်းခေါ်လိုက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
လျှိုယွဲ့သည် ဒီတစ်ကြိမ်တွင်တော့ အေးဆေးစွာ ပြန်သွားသော်လည်း ကျင့်မိသားစုသည် တစ်ခုခု ထပ်လုပ်နိုင်သေးသည်ပင်။
ဖန်းရှောင်မန်သည် ကျိုးဝေ့ဖန်းကိုလည်း ကျေးဇူးတင်မိလေသည်။ လျှိုယွဲ့သည် သူ့ကြောင့်သာ ပြန်သွားခဲ့သည် မဟုတ်ပါလား။ ဖန်းရှောင်မန်သည် အားနွဲ့သော မိန်းမသား ဖြစ်သလို ဖန်းရှင်းဟောက်ကလည်း ဒဏ်ရာရထားသူ ဖြစ်သည်။ ကျိုးဝေ့ဖန်းသာ မရှိလျှင် တစ်ခုခု ဖြစ်သွားနိုင်လေသည်။
…
လျှိုယွဲ့ ကားထဲသို့ရောက်သောအခါ မထွက်သေးပဲ ကျင့်လီချန်း ကို ဖုန်းခေါ်ကာ ပြောပြလိုက်သည်။
“ဘာ သူတို့က ယွမ် ၂ သန်းကို မယူချင်ဘူးတဲ့လား?” ကျင့်လီချန်း အလွန်အံ့ဩသွားသည်။
ယွမ် ၂ သန်းဆိုသော ပိုက်ဆံသည် ဆင်းရဲသူများအတွက် မနည်းလှသော ပမာဏ ဖြစ်သောကြောင့် ဖန်းရှောင်မန် နှင့် ဖန်းရှင်းဟောက်တို့ ငြင်းလိုက်သည်ကို အံ့ဩနေခြင်း ဖြစ်သည်။
“သူတို့ကို မခြိမ်းခြောက်ခဲ့ဘူးလား?” ကျင့်လီချန်း မေးလိုက်သည်။
ကျင့်လီချန်းသည် လျှိုယွဲ့အား သူတို့ငြင်းဆန်ပါက ခြိမ်းခြောက်ဖို့ပါ မှာထားခြင်း ဖြစ်သည်။
“အခန်းထဲမှာ အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ လူတစ်ယောက်ရှိနေလို့.. သူတို့ သက်တော်စောင့်လားတော့ မသိဘူး.. သူတို့ကို သူ့ရှေ့မှာတော့ မခြိမ်းခြောက်ရဲလို့”
လျှိုယွဲ့သည် ကျိုးဝေ့ဖန်းကို ကြောက်နေဆဲပင်။
ကျင့်လီချန်းသည်လည်း စိတ်ပျက်သွားရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါချေ။
…
နောက်တစ်နေ့ မနက် ၁၀ နာရီတွင် ချန်တရုန်သည် ကုနင်းကို ဖုန်းခေါ်ခဲ့ပြီး သူ၏ ၀န်ထမ်း ၃ ယောက်သည် ထိုရက်ပိုင်းအတွင်း အိပ်မက်ဆိုးများ မက်နေကြောင်း ပြောပြလိုက်သည်။
သူသည် ဆိုင်ထဲတွင် မကောင်းဆိုးဝါးရှိနေသည်ဟု ထင်နေခြင်း ဖြစ်သည်။
ကုနင်းနှင့် တွေ့ပြီးနောက် ချန်တရုန်သည်လည်း မကောင်းဆိုးဝါးများကို ယုံကြည်လာသူ ဖြစ်သည်။