အခန်း (၁၃၆၉-၁၃၇၄)
Vol. 88 Ch. 1369-1374
အခန်း ၁၃၆၉ ပြဿနာကြီး
သူသည် ကုနင်း၏ မှော်ဆေးလုံးအစွမ်းကို ကြုံတွေ့ထားသူ ဖြစ်သောကြောင့် ယခုလည်း သူမအကူအညီကို တောင်းရခြင်းပင်။
ကုနင်းသည်လည်း သူ၏ အကူအညီတောင်းသည့် စကားကို ကြားသောအခါ ရှေးဟောင်းပစ္စည်းဆိုင်ထဲတွင် မကောင်းဆိုးဝါး ရှိနေမည်ဟု ထင်လိုက်မိသည်။ ထို့ကြောင့် ရှေးဟောင်းပစ္စည်းဆိုင်သို့ ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ဆိုင်သို့ ရောက်သွားသောအခါ ယင်စွမ်းအင်ကို ခံစားမိလိုက်ပြီး ဖြူပြာရောင် ကြွေထည်တစ်ခုကို သတိထားမိလိုက်သည်။
ချန်တရုန်နှင့် အခြား၀န်ထမ်းများသည် မျက်နှာများပင် ဖြူဖျော့နေကြသည်။ ကုနင်းသည် ချက်ချင်းပင် မှော်ဆေးလုံးများကို ထုတ်တိုက်လိုက်ပြီး စင်များဆီသို့ လျှောက်သွားလိုက်သည်။
ချန်တရုန်သည် ကုနင်းကို ယုံကြည်သောကြောင့် သူမစကားကို နားထောင်လိုက်သည်။
ချန်တရုန်သည် ဆေးကို ချက်ချင်းသောက်လိုက်သောကြောင့် ကျန်၀န်ထမ်းများသည်လည်း လိုက်သောက်လိုက်ကြသည်။ ကုနင်းသည် သူတို့အတွက် နတ်ဘုရားလိုလူ ဖြစ်နေသောကြောင့် သူမ၏ အမိန့်များကို တသွေမတိမ်း လိုက်နာကြသည်ပင်။
ဆေးလုံးသောက်ပြီးသောအခါ သူတို့အားလုံး ချက်ချင်းပင် နေလို့ ထိုင်လို့ ကောင်းသွားကြကာ မကြာခင်မှာပဲ သူတို့မျက်နှာသည် ပုံမှန်အရောင် အသွေးပြန်ဖြစ်သွားကြသည်။
ဆေး၏အစွမ်းကို သူတို့သည် လွန်စွာအံ့ဩနေကြသည်။ သူတို့သည် အကြောင်းရင်းကို သိချင်နေကြသော်လည်း ဘာမှတော့ မမေးပါချေ။
ထို့နောက် ကုနင်းသည် ဖြူပြာရောင် ကြွေထည်ကို ယူလိုက်ကာ “ဒါကို ဘယ်ကရတာလဲ” ဟု မေးလိုက်သည်။
ကုနင်းသည် ထိုပစ္စည်းကို ချန်တရုန်ကို ပေးထားခြင်း မဟုတ်သောကြောင့် ချန်တရုန်သည် တစ်နေရာရာက ရခဲ့ခြင်း ဖြစ်ပေမည်။
“စုတ်စုတ်ပြတ်ပြတ် အဖိုးအိုတစ်ယောက်က ပြီးခဲ့တဲ့ အပတ်က ရောက်လာပြီး သူ့မြေးလေးအတွက် ပိုက်ဆံလိုလို့ဆိုပြီး လာရောင်းသွားတာပဲ.. သူက ဈေးများများလည်း မတောင်းသွားတော့ ယူထားလိုက်တာ” ချန်တရုန်က ပြောလိုက်သည်။
ကုနင်း တစ်ခုခုတော့ မှားနေပြီဟု ခံစားမိလိုက်သည်။
ထိုရှေးဟောင်းပစ္စည်းတွင် မကောင်းဆိုးဝါးကပ်ငြိ နေသည်ဆိုပါက အဖိုးအိုသည် ထိုအသက်အရွယ်အထိ ရှင်နေနိုင်မည် မဟုတ်ပေ။
ကုနင်းသည် ထိုအဖိုးအိုကို မကောင်းသူရယ်လို့ သံသယမ၀င်ချင်သော်လည်း သတိတော့ ထားရပေမည်။ မည်သို့ပင် ဖြစ်စေ သူမသည် စုံစမ်းစစ်ဆေးမှုတော့ လုပ်ရတော့ပေမည်။ အကယ်၍ တိုက်ဆိုင်မှုသာဆိုလျှင် သူမသည် စိတ်ထဲထားနေတော့မည် မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ လုပ်တာဆိုလျှင်တော့ သူမသည် ခွင့်လွှတ်မည် မဟုတ်ပါချေ။
“စီစီတီဗီကြည့်ရအောင်။” ကုနင်း ပြောလိုက်သည်။
ဆိုင်ထဲတွင် စောင့်ကြည့်ကင်မရာများ ရှိသောကြောင့် ကုနင်းသည် ကေကို မစုံစမ်းခိုင်းခင် သူမကိုယ်တိုင် အရင်ကြည့်လိုက်သည်။
ချန်တရုန်သည် ကုနင်းကို ဖွင့်ပြပေးလိုက်ပြီး သူမသည် အဖိုးအို၏ ဓာတ်ပုံကို ရိုက်ကာ ကေ့ထံသို့ ပို့လိုက်သည်။
ကေ့ထံမှ သတင်းစကားကို မရမချင်း ကုနင်း ရှေးဟောင်းလမ်းထဲတွင် နေဦးမည် ဖြစ်သည်။
ကုနင်းသည် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်သို့ မလာခင် ရှေးဟောင်းပစ္စည်းအချို့ကို ယူလာသောကြောင့် သူမသည် ယူလာသော ပစ္စည်းများကို စင်များတွင် လိုက်တင်လိုက်သည်။
ချန်တရုန်သည် ကုနင်း ပြသော ပစ္စည်းများကို တွေ့ပြီး လွန်စွာ အံ့ဩသွားသည်။ သူသည် ကုနင်းတစ်ယောက် ထိုရှေးဟောင်းပစ္စည်းပေါင်းများစွာကို မည်ကဲ့သို့ ရရှိမှန်း သိချင်နေလေသည်။ သို့သော် သူမ မပြောချင်မှန်းကိုတော့ နားလည်လေသည်။
တိုက်ဆိုင်စွာပင် ကုနင်း သည် ရှန်းယွင်ဆိုင်သို့ တစ်စုံတစ်ယောက်က ကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူသည် သူမဆိုင်ထဲတွင် ကြာနေသည်ကို မကျေမနပ် ဖြစ်နေသည့်ပုံပင်။
သူမသည် အကာအကွယ်နေရာတစ်ခုကို ယူလိုက်ပြီးနောက် သူမ၏ ကျောက်စိမ်းမျက်လုံးကို အသုံးပြုလိုက်သည်။
ထိုသူသည် အသက် ၃၀ အရွယ်ခန့် ရှိပြီ ဖြစ်ပြီး သူမ ဆိုင်နားတွင် မတ်တပ်ဆိုင်လေးတစ်ခု မှီဖွင့်ထားခြင်း ဖြစ်သည်။
ကုနင်း ထိုသူကို မသင်္ကာ ဖြစ်မိသော်လည်း သူ့ဆိုင်တွင် ရှေးဟောင်းပစ္စည်း အစစ်အချို့ကို တွေ့လိုက်ရသည်။
ထိုပစ္စည်းသည် တန်ဖိုးကြီးလှသည်တော့ မဟုတ်သော်လည်း အစစ်ဖြစ်သောကြောင့် ကုနင်းသည် လက်လွတ်မခံချင်ပါချေ။
သူမသည် ကောင်းယိ နှင့် ချောင်ယတို့ကို ဆိုင်ထဲတွင် စောင့်နေခိုင်းလိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။
ကုနင်းသည် ထိုသူမှာ သူမကို သိမသိ မသေချာသောကြောင့် ဈေး၀ယ်သူ တစ်ယောက်ပုံစံပင် နေလိုက်သည်။
“မိန်းကလေး.. ပစ္စည်းတစ်ခုခု ၀ယ်ချင်တယ်ဆိုရင် ကျုပ်လျှော့ဈေးနဲ့ ပေးပါမယ်။” ထိုသူက ပြောလိုက်သည်။
ကုနင်း တစ်ချက်ကြည့်လိုက်ပြီး ရှေးဟောင်းပစ္စည်း အတုတစ်ခုကို ကောက်ကိုင်ကြည့်လိုက်ကာ “ဒါကဘယ်လောက်လဲ” ဟုမေးလိုက်သည်။
“မင်းက အမြင်ရှိသားပဲ.. ဒါလေးက..” ထိုသူသည် တစ်ချက်မြှောက်ပြောလိုက်ပြီး ကုနင်းကလည်း ငြိမ်သက်စွာနားထောင်ပေးလိုက်သည်။ “ဒါလေး လိုချင်တယ်ဆိုရင် ယွမ် ၁၈၀၀ ပဲ ပေးပါ”
“ဒါလေးကရော” ကုနင်း နောက်တစ်ခုကို ယူပြီး မေးလိုက်ပြန်သည်။
ထိုသူသည်လည်း ထပ်မြှောက်ပြောလိုက်ပြန်ကာ ဈေးကို ပြောလိုက်သည်။
တတိယအကြိမ်တွင်တော့ ကုနင်း သည် ပစ္စည်းအစစ်ကို ကိုင်လိုက်ကာ ဈေးကို မေးလိုက်သည်။
ထိုသူသည် စိတ်မရှည်တော့သည့် လေသံဖြင့် “ယွမ် ၃၀၀၀” ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူသည် ကုနင်းကို တကယ်၀ယ်မည်ဟု မထင်သောကြောင့် တမင်ဈေးမြှင့် ပြောလိုက်ခြင်း ဖြစ်သည်။
“ကောင်းပြီလေ ကျွန်မဒါကိုယူမယ်” ကုနင်း ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ယွမ် ၃၀၀၀ ကို ထုတ်ပေးလိုက်သည်။
ထိုသူသည် အလွန်အံ့ဩသွားသည်။ သူသာ ကြိုသိခဲ့လျှင် ဈေးကို ပိုမြှင့်ကာ ပြောလိုက်မည်ပင်။
ထိုသူသည် ထိုပစ္စည်းကို အစစ်မှန်း မသိသောကြောင့် ယွမ် ၃၀၀၀ ဖြင့်သာ ရောင်းခြင်း ဖြစ်သည်။
ကုနင်းက ပေးနေပြီဖြစ်သောကြောင့် သူလည်း ထိုပိုက်ဆံကို ချက်ချင်းပင် ယူလိုက်သည်။ ထို့နောက် ပိုက်ဆံကို ရေတွက်လိုက်ပြီး ပစ္စည်းကို ပေးလိုက်သည်။
ထိုသူသည် ပျော်ရွှင်နေပြီး ထပ်ရေတွက်နေပြန်သည်။ ထို့ကြောင့် သူသည် ကုနင်း တစ်ယောက် ဆိုင်ထဲပြန်၀င်သွားသည်ကို မတွေ့လိုက်ပေ။ သူသည် ကုနင်းကို မည်သူမှန်းလည်း မသိပါချေ။
ကုနင်းသည် ဆိုင်ထဲသို့ ရှေးဟောင်းပစ္စည်းတစ်ခုနှင့် ပြန်၀င်လာအခါ ချန်တရုန်သည် တစ်ချက်ပြုံးလိုက်သည်။
“ဘော့စ် ဒီပစ္စည်းက အစစ်မဟုတ်လား?”
“ဟုတ်တယ် ယွမ် ၃၀၀၀ ပဲ ပေးခဲ့ရတယ်။”
ချန်တရုန် ထိုပစ္စည်းကို သူမလက်ထဲမှ ယူလိုက်ပြီးနောက် ယွမ် ၆၀၀၀၀ ဟု ဈေးကပ်လိုက်သည်။
အမှန်တွင် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်မှ ပစ္စည်းများသည် အခြားဆိုင်များထက်ပင် ဈေးနည်းလေသည်။
***
အခန်း ၁၃၇၀ လွတ်တဲ့ငါးက ပိုကြီးတယ်
ဆိုင်ငယ်လေးပိုင်ရှင် ပိုက်ဆံများကို ပျော်ရွှင်စွာ ရေတွက်နေစဉ် သူ့ဘေးမှ နောက်ဆိုင်ရှင်တစ်ယောက်က၊ “ဟေး မင်းတော့ ပိုက်ဆံအလိမ်ခံလိုက်ရပြီထင်တယ်။”
ထိုသူသည် တစ်ချက်တွေဝေသွားပြီးနောက် “ဘာလို့လဲ?” ဟု မေးလိုက်သည်။
“မင်းသူ့ကို မသိဘူးလား?”
“မသိဘူး.. မင်းရောသိလို့လား?”
“သိတာပေါ့ သူက ရှန်းယွင်ဆိုင်ရဲ့ သူဌေးလေ.. ကြည့်ရတာ သူ၀ယ်သွားတဲ့ ပစ္စည်းက အစစ်ထင်တယ်”
ထိုသူသည် အံ့အားသင့်သွားပြီး ရှန်းယွင် ဆိုင်ထဲသို့ ချက်ချင်းကြည့်လိုက်ပြီးနောက် ကုနင်းကို တွေ့လိုက်သောအခါ မကျေမနပ် ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး အဲဒီပစ္စည်းက အစစ်တဲ့လား?” ထိုသူသည် မယုံနိုင်ဖြစ်နေလေသည်။ ထိုပစ္စည်းသာ အစစ်ဆိုပါက သူသည် လွတ်တဲ့ငါး,ကြီးတော့မည်ပင်။
“သူက ရှေးဟောင်းပစ္စည်းတွေရှာတာ တော်တယ်.. ဒါပေမယ့် သူရွေးတယ်ဆိုတိုင်း အစစ်လို့တော့ မပြောနိုင်ပါဘူး.. ပြောရတော့ခက်တယ်။”
သို့သော် သူသည် ပိုက်ဆံယူထားပြီးပြီ ဖြစ်သောကြောင့် သူသည် နောင်တမရသင့်တော့ပါချေ။
ဘေးဆိုင်မှလူသည် အမှန်ကို ပြောခြင်း ဖြစ်သော်လည်း မနာလိုစိတ်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် သူ့ဆိုင်မှ ပစ္စည်းတစ်ခုမျှပင် မရောင်းရသေးသော်လည်း ထိုသူကတော့ ခဏတွင်းချင်းပင် ရောင်းလိုက်ရသည် မဟုတ်ပါလား။
ရုတ်တရတ် ထိုသူသည် မတ်တပ်ထရပ်လိုက်ပြီး ရှန်းယွင် ဆိုင်ထဲသို့ ၀င်သွားလိုက်သည်။
“ဟေး မသွားနဲ့လေ” ဘေးမှဆိုင်ရှင်သည် တားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သောကြောင့် စောင့်ကြည့်နေဖို့သာ ရှိတော့သည်။
ထိုသူသည် ရှန်းယွင် ဆိုင်ထဲသို့ ၀င်သွားလိုက်ကာ ကုနင်းကို မြင်သည်နှင့် ညှိုးငယ်သော မျက်နှာထားကို လုပ်လိုက်သည်။ “မိန်းကလေး.. ခုနကရောင်းလိုက်တဲ့ ပစ္စည်းက မိသားစု အမွေအနှစ်ဆိုတာ အခုမှ သတိရလိုက်လို့ပါ.. ကျုပ်အဖေက သူမဆုံးခင် ဒီပစ္စည်းကို သေချာထိန်းသိမ်းထားဖို့ မှာခဲ့တာပါ.. ကျုပ်ကို ပြန်ပေးလို့ ရမလား?”
ကုနင်း ဘာမှ မပြောရသေးခင်ပင် ထိုသူသည် မျက်ရည်များပင် သုတ်လိုက်သေးသည်။ သို့သော် ကုနင်းသည် သူနှင့် အခြားဆိုင်ရှင်တို့၏ ပြောစကားများကို ကြားထားပြီး ဖြစ်သောကြောင့် သူ့စကားကို မယုံပါချေ။
“ကောင်းပြီလေ ပြန်ပေးရမှာပေါ့။” ကုနင်း စိုက်ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ထိုသူသည် မျက်ခုံးများပင် မြင့်တက်သွားသည်။
“ပြန်လိုချင်ရင် ယွမ် ၆၀၀၀၀ တော့ ပေးရလိမ့်မယ်။”
ထိုသူသည်ဒေါသထွက်သွားတော့သည်။ သူရောင်းလိုက်သော ပစ္စည်းသည် ယွမ် ၆၀၀၀၀ တန်နေသည် မဟုတ်ပါလား။
“ကျွန်မပိုက်ဆံယူထားပြီးမှတော့ လွတ်တဲ့ငါးကြီးနေလို့ မရတော့ဘူးဆိုတာ သိပါတယ်နော်။”
ထိုသူသည် ကောင်းကောင်း သဘောပေါက်သော်လည်း လက်မခံနိုင် ဖြစ်နေခြင်းပင်။ သူသည် ပိုက်ဆံများကို မဆုံးရှုံးချင်ပါပေ။
“ကျုပ်-ကျုပ်မှာ အဲဒီလောက် ပိုက်ဆံမရှိဘူး.. ကျုပ်ကို ယွမ် ၁၀၀၀၀ နဲ့ပဲ ပြန်ရောင်းပေးပါလား?”
ကုနင်းသည် ယွမ် ၃၀၀၀နှင့်သာ ၀ယ်ခဲ့ခြင်း ဖြစ်သောကြောင့် သူမသည် ယွမ် ၁၀၀၀၀ နှင့် ပြန်ရောင်းလျှင်တောင် မြတ်ဦးမည် ဖြစ်သည်။
သို့သော် ထိုအရာသည် သူ့အတွေးသာ ဖြစ်၍ ကုနင်းကတော့ သဘောမတူပါချေ။
“ရှင်ဘာတွေးနေလဲ ကျွန်မသိပါတယ်.. ဒါပေမယ့် ကျွန်မက ယွမ် ၆၀၀၀၀ နဲ့တင်ရောင်းပြီး ပိုက်ဆံပိုရနိုင်သေးတာပဲ.. ရှင်မ၀ယ်နိုင်ရင် ကျွန်မ တခြားသူဆီ ရောင်းလိုက်ရုံပေါ့။” သူမသည် ငတုံးတစ်ယောက် မဟုတ်ပါချေ။
ထိုသူ ကြက်သေသေသွားတော့သည်။
“မင်းကျုပ်ကို သနားငဲ့ညာစိတ်တောင် မရှိဘူးလား?” ထိုသူသည် လက်လျှော့မည့်ပုံ မရှိချေ။
ကုနင်း ခဏစဉ်းစားလိုက်ပြီးနောက် “ကောင်းပြီလေ ကျွန်မလျှော့ပေးလိုက်ပါမယ်။ ယွမ် ၅၀၀၀၀ ပဲထားလိုက်ပါ။”
ထိုသူသည် ပိုလို့ပင်ဒေါသထွက်သွားတော့သည်။ ပြောရရင် ယွမ် ၅ သောင်းနှင့် ၆ သောင်းသည်က ကွာခြားချက်ရော ရှိနေလို့လား?
အမှန်တွင် ထိုပစ္စည်းသည် ထိုဆိုင်ကြီးတွင်သာ ဈေးမြင့်မြင့်နှင့် ရောင်းချနိုင်မည် ဖြစ်သော်လည်း သူ့လို ဆိုင်ငယ်လေးကတော့ ထိုဈေးနှင့် ရောင်းဖို့ မဖြစ်နိုင်ပေ။
ထိုသူသည် ရှန်းယွင် ဆိုင်အကြောင်း အနည်းငယ် သိထားပြီး ရှေးဟောင်းပစ္စည်းပိုင်းတွင် ထိုဆိုင်သည် အရေးပါသောနေရာတွင် ရှိသည်ကို သိလေသည်။ ထို့ကြောင့် သူသည် ကုနင်းကို ဘာမှမပြောနိုင်တော့ပဲ ထွက်သွားလိုက်သည်။
သူထွက်သွားသည်နှင့် ကုနင်းသည် ကောင်းယိအား သူ့နောက်လိုက်သွားခိုင်းလိုက်သည်။ ထိုသူသည် မသင်္ကာစရာ ကောင်းနေသည် မဟုတ်ပါလား။
ခဏကြာသောအခါ ကုနင်းထံသို့ ကေ့ဆီမှ စာ၀င်လာသည်။
ကေပြောပုံအရဆိုလျှင် အဖိုးအိုသည် ထိုကြွေထည်ကို တစ်စုံတစ်ယောက်၏ ခိုင်းစေမှုဖြင့် လာရောင်းခြင်း ဖြစ်သည်။ ထို့ကြောင့် မြေးဖြစ်သူ အကြောင်းပြောခြင်းသည် လုပ်ဇာတ်သာ ဖြစ်သည်။
ထို့အပြင် အဖိုးအိုသည် ထိုကြွေထည်ကို ရောင်းမထွက်ထွက်အောင် ဈေးနှိမ့်၍ပင် ရောင်းလိုက်သောကြောင့် ချန်တရုန်က ယူလိုက်ရခြင်း ဖြစ်သည်။ လုပ်ကြံဇာတ်သည် သေချာပြီ ဖြစ်သည်။
ထို့ကြောင့် ကုနင်း ကိုယ်တိုင် ထိုကိစ္စကို ဖြေရှင်းရတော့မည် ဖြစ်သည်။
ကုနင်းသည် ကေအား ထိုကိစ္စ၏ နောက်ကွယ်မှလူကို ဖော်ထုတ်ခိုင်းလိုက်သည်။ ချန်တရုန်နှင့် ၀န်ထမ်းများကိုလည်း သတိထားနေဖို့ မှာလိုက်သည်။
သူတို့ ထပ်ဖြစ်လျှင် သူမ ကူညီရဦးမည် မဟုတ်ပါလား။
မကောင်းဆိုးဝါး ကပ်ငြိနေသော ပစ္စည်းကိုတော့ မည်သူမျှ လိုချင်ကြမည် မဟုတ်၍ ထိုကြွေထည်ကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်ထားလိုက်သည်။
***
အခန်း ၁၃၇၁ ရှေ့ဖြစ်ဟောသူနှင့် ထပ်တွေ့ခြင်း
ချန်တရုန်သည်လည်း ကြံစည်မှုမှန်း သိလိုက်ရသောအခါ အံ့ဩသွားလေသည်။
ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်သည် နာမည်ကြီးသောကြောင့် လူများသည် မနာလိုဖြစ်လေ့ ရှိကြသည်။ သို့သော် သခင်ကြီးကျန်းနှင့် သခင်ကြီးရှုတို့၏ ထောက်ခံမှုကို ရထားသောကြောင့် တော်ရုံလူမှ မထိပါးရဲသောကြောင့် ထိုသို့ ကြံစည်ခြင်း ဖြစ်ပေမည်။
သာမာန်သူများကတော့ ထိုပစ္စည်းကို မကောင်းဆိုးဝါး ကပ်နေသော ပစ္စည်းမှန်း သိကြမည် မဟုတ်ချေ။ အတွေ့အကြုံရှိသော ရှေးဟောင်းပညာရှင်များပင် ထိုပစ္စည်းကို ခွဲခြား သိနိုင်မည် မဟုတ်ပါချေ။
ချန်တရုန်သည်လည်း ကုနင်းထံမှ အကူအညီသာ မရပါက သူလည်း အသက်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် နောက်ပိုင်း သတိထားနေမှဖြစ်တော့မည်။
ကုနင်းသည် ထိုနေရာမှ ကိစ္စများကို မရှင်းပြီးမချင်း ဘယ်မှမသွားပဲ နေလေသည်။ ကောင်းယိလည်း ပြန်မရောက်သေးသောကြောင့် စောင့်နေခြင်းလည်းပါသည်။
ချန်တရုန်၏ ပြဿနာများကြောင့် သူမအလျင်စလို လာလိုက်ရသည်ဖြစ်ရာ ထိုရှေးဟောင်းလမ်းထဲတွင် လမ်းလျှောက်ကြည့်ရန်ပင် အချိန်မရှိခဲ့ပါချေ။ ထို့ကြောင့် ကုနင်းသည် ချန်တရုန်အား ကောင်းယိ ပြန်ရောက်လျှင် ဖုန်းခေါ်လိုက်ဖို့ မှာခဲ့ပြီး အပြင်ထွက် လမ်းလျှောက်လိုက်သည်။
ထို့နောက် ကုနင်းသည် ချောင်ယနှင့် ထွက်သွားလိုက်သည်။ သူမသည် ကံကောင်း၍ ရှေးဟောင်းပစ္စည်းကောင်းကို ရှာတွေ့သော်လည်း ကံမကောင်းစွာပင် သူမ မတွေ့ချင်သောသူနှင့် တွေ့လိုက်ရသည်။
ထိုသူမှာ ရှေ့ဖြစ်ဟောသူ ဖြစ်သည်။
ကုနင်း သူ့ကို မတွေ့ချင်သောကြောင့် ချက်ချင်း လှည့်ထွက်ပြီး တစ်ဖက်သို့ လျှောက်သွားလိုက်သည်။
သို့သော် ရှေ့ဖြစ်ဟောသူမှာ သူမကို မြင်သွားပြီး ဖြစ်သောကြောင့် သူမဆီသို့ ပျော်ရွှင်စွာ လျှောက်လာနေပြီ ဖြစ်သည်။
“ဟေး မစ္စ ဘာလို့ ကျုပ်ကို တွေ့တာနဲ့ လှည့်ထွက်သွားတာလဲ?” ရှေ့ဖြစ်ဟောဆရာသည် ကုနင်း အနောက်မှ အော်ပြောလိုက်သည်။
“ကျွန်မရှင့်ကို မတွေ့ချင်လို့။” ကုနင်း စိတ်ရှုပ်ထွေးစွာ ပြန်ပြောလိုက်သည်။
“ဘာလို့လဲ?” ရှေ့ဖြစ်ဟောဆရာက ပြန်မေးလိုက်သည်။
“ကျွန်မက ရှင့်လို အလယ်အလတ် ပညာရှင်တွေကို မုန်းတယ်။” ကုနင်း အနည်းငယ်ရိုင်းပြကာ ပြောဆိုလိုက်သည်။
“ဘာလို့လဲ?” ရှေ့ဖြစ်ဟောဆရာက ထပ်မေးလိုက်ပြန်သည်။
“ကျုပ်က လျှောက်သွားနေတယ် ဆိုပေမယ့် အန္တရာယ်ရှိတဲ့သူ မဟုတ်ပါဘူး.. ကျုပ်ဟောတာတွေကလည်း အရမ်းတိကျပါတယ်”
“အဲဒါ ကျွန်မနဲ့ မဆိုင်ပါဘူး.. ကျွန်မနဲ့ ဝေးဝေးနေပါ” ကုနင်း စိတ်မရှည်သော လေသံနှင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှေ့ဖြစ်ဟောဆရာသည် အံ့အားသင့်လွန်း၍ လဲကျတော့ မတတ်ပင် ဖြစ်သွားသည်။
“ကိုယ်ထက် အသက်ကြီးသူကို ဘယ်လိုတောင် ရိုင်းစိုင်းတာလဲ!” သူသည် ဒေါသတကြီး မေးလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မနဲ့ ဝေးဝေးနေပါ။”
“မစ္စ .. ကျုပ်ကတကယ် ရှေ့ဖြစ်ကောင်းကောင်း ဟောတတ်ပါတယ်.. ကျုပ်ကို အခွင့်အရေး ပေးနိုင်မလား” ရှေ့ဖြစ်ဟောဆရာသည် ကုနင်းက သူ့ကို မုန်းနေခြင်းမှာ သူ့ကို လိမ်စားနေသည်ဟု ထင်နေသောကြောင့်ဟု တွေးနေခြင်း ဖြစ်သည်။
“မလိုပါဘူး ကျေးဇူးပါ”
“ဘော့စ် အရင်သွားနှင့်လိုက်ပါ.. ကျွန်မ တားထားလိုက်မယ်” ချောင်ယက ပြောလိုက်သည်။
“ဘာ??” ရှေ့ဖြစ်ဟောဆရာသည် ချောင်ယကို စိုက်ကြည့်လိုက်သည်။
ကုနင်း တော့ “ကောင်းပြီလေ” ဟု ပြောရင်း ချက်ချင်းပင် လှည့်ထွက်သွားလိုက်သည်။
ထို့နောက် သူမသည် တုံ့ဆိုင်းခြင်း မရှိပဲ လှည့်ထွက်သွားလိုက်သည်။ ရှေ့ဖြစ်ဟော ဆရာသည်လည်း ချောင်ယ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သူသည် ပြန်တိုက်ခိုက်သော်လည်း ချောင်ယကိုတော့ မယှဉ်နိုင် ဖြစ်နေလေသည်။ ထို့ကြောင့် ကုနင်း ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
သူသည် ဒေါသထွက်နေပြီး ကုနင်း ၏ အနောက်မှ အော်ပြောနေလေသည်။ “မင်းငါ့ကို တစ်သက်လုံး ရှောင်နေလို့ မရပါဘူး.. ငါမင်းရဲ့ ရှေ့ဖြစ်ကို သေချာပေါက် ဟောမှာ” ကုနင်း၏ ကံကြမ္မာသည် အလွန်ထူးခြားသောကြောင့် သူသည် လက်မလျှော့နိုင်ခြင်း ဖြစ်သည်။
သူတို့၏ ပဋိပက္ခများကို လမ်းသွားလမ်းလာများက သတိပြုမိကြလေသည်။ လူများသည် ရှေ့ဖြစ်ဟောသူများကို အထင်သေးလေ့ ရှိသောကြောင့် သူ့ကို ဝိုင်းပြီး ဝေဖန်ကြလေသည်။
“သူကလူလိမ်ပဲ။”
“ဟုတ်တယ် ပိုက်ဆံရချင်လို့ အကြံအဖန်လုပ်နေတာ။”
“သူက အသုံးမ၀င်တာတွေပဲ ပြောလိမ့်မယ်။”
“ဟုတ်တယ်။”
“…”
လူလိမ် တော်တော်များများသည်လည်း ရှေ့ဖြစ်ဟောသူယောင်ဆောင်ကာ ပိုက်ဆံလိမ်တောင်းလေ့ ရှိကြသောကြောင့် လူများက မုန်းတီးလေ့ ရှိခြင်း ဖြစ်သည်။
ရှေ့ဖြစ်ဟောဆရာသည် ဒေါသထွက်နေကာ ရှက်လည်း ရှက်နေလေသည်။ သို့သော် ရှေ့ဖြစ်ဟောသူ တော်တော်များများမှာ လူလိမ်များသာ များသောကြောင့် သူသည်လည်း ခွန်းတုံ့မပြန်နိုင်ပဲ ဒေါသထွက်ထွက်နှင့်သာ ကျန်ရစ်ခဲ့ရလေသည်။
ထို့နောက် ချောင်ယသည်လည်း လှည့်ထွက်သွားလိုက်သည်။
အမှန်တွင် ရှေ့ဖြစ်ဟောဆရာသည် ထွက်မသွားသေးပဲ ထောင့်တွင် ပုန်းနေခြင်း ဖြစ်သည်။ သူသည် ကုနင်းကို ရှာချင်သောကြောင့် ချောင်ယနောက် လိုက်နေခြင်း ဖြစ်သည်။
ချောင်ယသည် ကျွမ်းကျင်အဆင့် လူသတ်သမား ဖြစ်သောကြောင့် ရှေ့ဖြစ်ဟောဆရာ လိုက်လာသည်ကို သိနေလေသည်။ သူမ၏ စွမ်းရည်နှင့် ဆိုလျှင် ရှေ့ဖြစ်ဟောဆရာကို အသာလေး ရှင်းနိုင်မည် ဖြစ်သည်။
မိနစ်ပိုင်းအတွင်းမှာပင် ရှေ့ဖြစ်ဟောသူသည် ချောင်ယအား မျက်ခြေပြတ်သွားလေသည်။ သူသည် ချောင်ယကို မျက်စိရှေ့တွင်ပင် ပျောက်သွားသောကြောင့် ဒေါသထွက်သွားသည်။
ကံဆိုးစွာပင် ရှေးဟောင်းလမ်းထဲ၌ လူများစွာ ရှိနေသောကြောင့် ချောင်ယအား ထပ်ရှာရန် မဖြစ်နိုင်တော့ပါချေ။
ရှေ့ဖြစ်ဟောဆရာကို မျက်ခြေဖြတ်လိုက်ပြီးနောက် ချောင်ယလည်း ရှန်းယွင်ဆိုင်သို့ ပြန်သွားလိုက်သည်။ ကောင်းယိသည်တော့ ပြန်မရောက်သေးပါချေ။
ကုနင်းသည် ရှေ့ဖြစ်ဟောဆရာက သူမကို ထပ်တွေ့နေမည် စိုးသောကြောင့် ဆိုင်၏ ဒုတိယထပ်သို့ တက်နေလိုက်သည်။ သူမသည် ကျောက်စိမ်းမျက်လုံးကို အသုံးပြု၍လည်း ရှေ့ဖြစ်ဟောဆရာကို ရှောင်နေလိုက်သည်။
ရှေ့ဖြစ်ဟောဆရာသည် လမ်းတစ်လျှောက် လျှောက်လာနေသည်။ ထိုစဉ် သူ့ထံ ကုနင်း၏ အကြည့် နှစ်စက္ကန့်ခန့် ရောက်သွားချိန်တွင် သူသည် ဟိုဟို ဒီဒီ လှည့်ကြည့်လိုက်ပြီး ရှန်းယွင် ဆိုင်ဘက်သို့ အကြည့်ရောက်သွားသည်။
ကုနင်းလည်း ထိတ်လန့်သွားပြီး အကြည့်ကို လွှဲလိုက်ရလေသည်။ ထိုရှေ့ဖြစ်ဟောဆရာသည် သူမ၏ အကြည့်ကို အာရုံခံမိနိုင်ခြင်းပေလား.. အကွာအဝေးသည် အတော်လေးတော့ လှမ်းနေပေသည်။ သို့မဟုတ် တိုက်ဆိုင်သွားတာပဲလား..
***
အခန်း ၁၃၇၂ ကျွန်မကို အသိအမှတ်မပြုပေးလည်း ရပါတယ်
တိုက်ဆိုင်ခြင်းသက်သက် မဟုတ်နိုင်မှန်း ကုနင်း သိသောကြောင့် ရှေ့ဖြစ်ဟောဆရာသည် အန္တရာယ်များသောသူမှန်း သိလိုက်သည်။
မိနစ် ၂၀ ခန့်ကြာသောအခါ ကောင်းယိ ပြန်ရောက်လာသည်။
ကောင်းယိ နောက်ယောင်ခံလိုက်သွားသောသူသည် ရှေးဟောင်းလမ်းမှ ထွက်သွားပြီးနောက် အိမ်ပြန်သွားခြင်း ဖြစ်သည်။ ထို့နောက် ထိုသူသည် တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ပြီး ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်မှ သူများအားလုံး ဘာမှ မဖြစ်နေကြောင်း ပြောလိုက်သည်။ ထိုအကြောင်းမှလွဲပြီး ဘာမှတော့ ဆက်မပြောပါချေ။
ထို့ကြောင့် ကုနင်းသည် ထိုသူမှာ ကြွေထည်ပစ္စည်းနှင့် ဆက်စပ်နေသူဖြစ်ကြောင်း သိလိုက်သည်။ သို့သော် ထိုသူသည် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ကို တစ်ခုခု ဒုက္ခပေးရန် တစ်စုံတစ်ယောက်က ပိုက်ဆံပေး အခိုင်းခံထားရခြင်း ဖြစ်သည်။
ကိစ္စများ ပြီးသောအခါ ကုနင်းနှင့် ကိုယ်ရံတော်နှစ်ယောက် ပြန်ထွက်လာကြသည်။
သူတို့ ရှေးဟောင်းလမ်းမှ ပြန်ထွက်ချိန်သည် နေ့လည်စာစားချိန်ဖြစ်သောကြောင့် ကုမ္ပဏီသို့ မပြန်ခင် အတူတကွ နေ့လည်စာစားလိုက်ကြသည်။
…
စားနေစဉ်တွင် ကုနင်းဆီသို့ ထန်ချွမ်ကျွင်းထံမှ ဖုန်းဝင်လာသည်။
သူသည် ချန်းပင်းကျန်းမှာ သူ၏ အမှုများအကြောင်း ဝန်ခံခဲ့သောကြောင့် ထိုကိစ္စနှင့် သက်ဆိုင်သော တရားခွင်မှာ ထိုနေ့လည် ၂ နာရီတွင် စမည်ဖြစ်ကြောင်း ဖုန်းဆက်ပြောခြင်း ဖြစ်သည်။ သို့သော် ချန်းပင်းကျန်း၏ မှတ်စုမူရင်းကိုတော့ လိုအပ်နေသည် ဖြစ်သောကြောင့် ကုနင်းထံမှ တောင်းခြင်း ဖြစ်သည်။
ကုနင်းကလည်း သဘောတူလိုက်ပြီး သူနှင့် တွေ့ရန် စီစဉ်လိုက်သည်။ ဖြစ်နိုင်လျှင် သူမကိုယ်တိုင်ပင် ထိုကိစ္စကို ပါဝင်ဖြေရှင်းချင်သည်ပင်။
ကုနင်း စားပြီးချိန်တွင် နေ့လည် ၁၂ နာရီခွဲ ရှိပြီ ဖြစ်သည်။
မြို့တော်တွင် ကားလမ်းများ ပိတ်လေ့ရှိသောကြောင့် ကုနင်း တရားရုံးဆီသို့ တန်းသွားလိုက်သည်။
ကုနင်း ရောက်သွားချိန်သည် တရားရုံးဖွင့်ပြီး နာရီဝက်ပင် ရှိသေးသည်။
သူမသည် ထန်ချွမ်ကျွင်းကို သူမရောက်ပြီ ဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ ထန်ချွမ်ကျွင်းကလည်း ရောက်တော့မည် ဖြစ်ကြောင်း ပြောလိုက်သည်။
ထို့ကြောင့် ကုနင်း သူ့ကို ကားပါကင်တွင်သာ စောင့်နေလိုက်သည်။
ခေတ္တကြာသောအခါ ထန်ချွမ်ကျွင်း ရောက်လာသည်ကို မြင်လိုက်သောကြောင့် ကုနင်းသည် ချောင်ယနှင့်အတူ ကားထဲမှ ထွက်လိုက်သည်။ ကောင်းယိကတော့ ကားထဲတွင်သာ နေခဲ့သည်။
ထန်ချွမ်ကျွင်းသည် ကုနင်းကို ဖုန်းခေါ်တော့မည့်အချိန်တွင် သူ့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်သည်။
“ဟိုင်း မစ္စကု။” ထန်ချွမ်ကျွင်းသည် ကုနင်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူသည် ကုနင်းကို သူ့ဘက်ပါအောင် လုပ်ထားသည်က မမှားဘူးဟု တွေးထားသည်ပင်။
“ထပ်တွေ့ရတာ ဝမ်းသာပါတယ်” ကုနင်းကလည်း ပြုံးပြနှုတ်ဆက်လိုက်သည်။
ကုနင်းသည်လည်း ထန်ချွမ်ကျွင်း၏ အပြုအမူကိုကြည့်ပြီး သူမအကြောင်း တော်တော်များများ သိထားပြီး ဖြစ်သည်ကို သဘောပေါက်လိုက်သည်။ သူမသည် တုံ့ဆိုင်းမနေပဲ ထန်ချွမ်ကျွင်းကို မှတ်စုစာအုပ် မူရင်းအား ကမ်းပေးလိုက်သည်။
“မစ္စကု ကူညီပေးလို့ တကယ်ကျေးဇူးတင်ပါတယ်.. ဒီအမှုအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။”
“ကျွန်မကို အသိအမှတ် မပြုပေးလည်း ရပါတယ်.. ကျွန်မက အပြစ်ရှိသူကို ဥပဒေအရ အပြစ်ပေးခံစေချင်တဲ့ စိတ်ပဲ ရှိတာပါ။” သူမသည် ထန်ချွမ်ကျွင်း တစ်ယောက် အထက်တန်း အရာရှိများထံမှ အထောက်အပံ့များလည်း ရထားကြောင်းကို သိလေသည်။ သူတစ်ယောက်တည်းနှင့် ထိုအမှုကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ကုနင်းကလည်း စိတ်ထဲမထားပါချေ။ တစ်ချိန်တည်းမှာပင် သူမသည် ထိုကိစ္စတွင် သူမ၏ ပါဝင်ပတ်သက်မှုကို ထိန်ချန်ထားစေချင်လေသည်။
ချန်းမိသားစုသည် ချန်းပင်းကျန်းအတွက် ထိုကိစ္စတွင် ဝင်မပါသော်လည်း သူ့ကို ထောင်ကျအောင်လုပ်သော နောက်ကွယ်ကသူကိုတော့ လက်စားချေချင်နေကြလေသည်။ တကယ်လို့သာ ချန်းမိသားစုသည် ကုနင်းတစ်ယောက် ပါဝင်ပတ်သက်နေသည်ကို သိသွားပါက သူမလည်း ပြဿနာတက်နိုင်သည်။
ရှီးရို့ဟန်သည် ထိုကိစ္စကို လင်ယွမ်ကျန်းအားအစီရင်ခံထားပြီး ဖြစ်သည်။ လင်ယွမ်ကျန်းသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဗဟိုရုံးချုပ်တွင် အရေးကြီးသော ရာထူးတွင် ရှိနေသည် မဟုတ်ပါလား။
လင်ယွမ်ကျန်းသည် ကုနင်းတစ်ယောက် ချန်းပင်းကျန်း၏ လာဘ်ထားစားသည့် မှတ်စုကို ရထားမှန်း သိလေသည်။ သို့သော် လင်ယွမ်ကျန်းသည် ထိုကိစ္စကို သိထားသော်လည်း သခင်ကြီးလင် အပါအဝင် မည်သူကိုမျှ မပြောခဲ့ပါချေ။
လင်ယွမ်ကျန်းသည် ရှီးရို့ဟန်ကိုလည်း ကုနင်းနှင့် လင်မိသားစုကြား ဆက်ဆံရေးကိုပင် မပြောထားပါချေ။ မလိုအပ်သောကြောင့် ဖြစ်သည်။
“အပြင်မှာ ပူတယ်.. အထဲဝင်ရအောင်” ထန်ချွမ်ကျွင်း ပြောလိုက်သည်။
“ကောင်းပြီလေ”
သူတို့သည် တရားရုံးထဲသို့ ဝင်လိုက်ပြီး စောင့်ဆိုင်းခန်းတွင် ထိုင်လိုက်သည်။
“ကျွန်တော်နဲ့အတူ ဧည့်သည်ခုံမှာပဲ လိုက်ထိုင်လိုက်ပါ.. ကိုယ်တိုင်တော့ လိုက်မတက်လည်း ရပါတယ်.. ချန်းပင်းကျန်းနဲ့ ပတ်သက်ပြီး အမှုသက်သေတွေက ထင်ရှားနေပြီ ဆိုတော့ ဒီနေ့ပြီးလောက်မှာပါ။”
“ရပါတယ်” ကုနင်းကလည်း ခေါင်းငြိမ့်ပြလိုက်သည်။
ချန်းမိသားစုသည် တရားခွင်သို့ မလာကြသော်လည်း ချန်းပင်းကျန်း၏ မိသားစုကတော့ လာကြသည်။ သူ၏ အဖေ၊ အစ်ကို၊ ညီမ၊ ဇနီး၊ မရီးနှင့် ယောက်ဖတို့ အားလုံးလာကြလေသည်။
သူတို့သည် ထန်ချွမ်ကျွင်းကို မြင်သောအခါ ဒေါသထွက်သွားကြသည်။ သူတို့သည် သူ့ကိုသာ အပြစ်ပုံချင်နေကြသည်ပင်။ သူတို့ အတွေးထဲတွင် ထန်ချွမ်ကျွင်းသည် ချန်းပင်းကျန်းကို ထောင်ထဲပို့သူ ဖြစ်သည်။
မှတ်စုစာအုပ်သည် ထိုကိစ္စ၏ အဓိက သက်သေဖြစ်သည်။ ထို့ကြောင့် ထန်ချွမ်ကျွင်းသည် ထိုစာအုပ်ကို သူ၏ ခေါင်းဆောင်လက်ထဲ ထည့်ပေးလိုက်သည်။
ချန်းပင်းကျန်းနှင့် ထန်ချွမ်ကျွင်းတို့သည် နိုင်ငံရေးတွင် ပြိုင်ဖက်များ ဖြစ်ကြသည်။ ထို့ကြောင့် ထန်ချွမ်ကျွင် အနေဖြင့် တွေဝေနေစရာ အကြောင်းမရှိပါချေ။
ထန်ချွမ်ကျွင်း ဒုက္ခရောက်လျှင်လည်း ချန်းပင်းကျန်းသည် သူ့အား ထောင်ထဲပြန်ထည့်ဖို့ ဝန်လေးနေမည် မဟုတ်ပါချေ။ ကံကောင်းစွာပင် ထန်ချွမ်ကျွင်းသည် ဖြောင့်မတ်မှန်ကန်သူ ဖြစ်နေလေသည်။
နိုင်ငံရေးတွင် ရိုးသားဖြောင့်မတ်သော အရာရှိဟူပြီး မရှိပါချေ။ တစ်ခါတစ်ရံတွင် ဖြောင့်မှန်သော အရာရှိများသည်ပင် လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်မှုများကို ဖိအားပေး လုပ်ခိုင်းခြင်း ခံကြရသည် မဟုတ်ပါလား။
***
အခန်း ၁၃၇၃ သခင်ကြီးချန်း
လက်ဆောင်အသေးအမွှားများကိုတော့ တန်ဖိုးအရမ်းမကြီလျှင် လက်ခံလို့ရကြလေသည်။ လောကတွင် ပြီးပြည့်စုံအောင် ပြစ်ချက်ကင်းစင်သော အရာရှိ အရာခံဟူပြီး မရှိပါချေ။
ထို့ကြောင့် လင်မိသားစုတွင်လည်း ပြီးပြည့်စုံသော အစိတ်အပိုင်းဟူပြီး မရှိပါချေ။ သို့သော် လင်မိသားစု၏ အသိုင်းအဝိုင်းအများစုသည် ထန်ချွမ်ကျွင်း နှင့် ရှီးရို့ဟန်တို့ကဲ့သို့ ရိုးသားသော အရာရှိများ ဖြစ်သည်။
သူတို့သည် ထောက်ခံအားပေးသူများ၏ ပုံစံအတိုင်း ရှိနေကြသည်။ ထောက်ခံသူများက ဥပဒေကို မချိုးဖောက်လျှင် သူတို့သည်လည်း မချိုးဖောက်ကြပါချေ။ အပြန်အလှန်ပင်။
ကုနင်းသည် အကျင့်ပျက်ခြစားသော အရာရှိများအား လိုက်လံ တိုက်ဖျက်နေသော လင်မိသားစုကို ကူညီပေးဖို့ ဝန်မလေးပေ။
ထန်ချွမ်ကျွင်းသည် ချန်းပင်းကျန်း၏ မိသားစုကို တွေ့သော်လည်း ဂရုမစိုက်ပဲ တစ်ချက်သာ ကြည့်လိုက်လေသည်။ ချန်းပင်းကျန်း၏မိသားစုကတော့ သူ့ဆီသို့ ဒေါသတကြီး လျှောက်လာကြလေသည်။
“ထန်ချွမ်ကျွင်း.. ရှင်…” ချန်းပင်းကျန်း၏ ညီမဖြစ်သူ ချန်းချီဝေ့သည် ထန်ချွမ်ကျွင်း နားရောက်သည်နှင့် အော်ဟစ် ပြောဆိုလိုက်သည်။ သို့သော် သခင်ကြီးချန်းက သူမကို တားဆီးလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း!”
ချန်းချီဝေ့သည် ထိုသို့မလုပ်ချင်သော်လည်း သူမအဖေ၏ စကားဖြစ်သောကြောင့် နားထောင်လိုက်ရသည်။
ချန်းချီဝေ့ တင်မဟုတ်ပဲ ချန်းပင်းကျန်း၏ အခြားမိသားစုဝင်များကလည်း သူ့ကို စိုက်ကြည့်နေကြသည်။
“လက်ထောက် ဒါရိုက်တာထန်.. မင်းကတော့ နှာတစ်ဖျားသာသွားတာပေါ့” ချန်းပင်းကျန်း၏ ဖခင်က မကျေမနပ်လေသံနှင့် ပြောလိုက်သည်။
“ကျွန်တော်လည်း အံ့ဩနေတာပါ သခင်ကြီးချန်း” ထန်ချွမ်ကျွင်းကတော့ တည်တည်ငြိမ်ငြိမ်ပင်။
ချန်းပင်းကျန် ၏ ဖခင်သည် ချန်းမိသားစုကို ဦးဆောင်သူ၏ ညီဖြစ်သည်။ ထို့ကြောင့် သူ၏ အစ်ကို ဖြစ်သူ မရှိတော့သောအခါ ကျန်သူများသည် သူ့အား သခင်ကြီးချန်း ဟု ခေါ်ကြသည်။ သို့သော် သခင်ကြီးချန်းနှင့် သူ့အစ်ကိုသည် အဖေတူ အမေကွဲ ညီအစ်ကိုများဖြစ်သည်။ သူတို့၏ ဖခင်တွင် တရားဝင်ဇနီးအပြင် အခြား ကိုယ်လုပ်တော် များစွာလည်း ရှိနေသည် မဟုတ်ပါလား။
သူဌေးသူကြွယ်များသည် တရားဝင်ဇနီးအပြင် ကိုယ်လုပ်တော်များ ထပ်ရှိခြင်းမှာ ထူးဆန်းသော အရာ မဟုတ်ပေ။ ထို့ကြောင့် သခင်ကြီးချန်းသည် သူ၏ အစ်ကိုနှင့် ကောင်းသော ဆက်ဆံရေး မဟုတ်သလို မကောင်းသော ဆက်ဆံရေးလည်း မရှိပါချေ။
သူ၏ အစ်ကိုသည် မိသားစုအပေါ် အများအပြား စောင့်ရှောက် ကူညီခဲ့သူ ဖြစ်သည်။ သွေးချင်းနီးသောမိသားစုဖြစ်သည်ကြောင့် မိသားစု တိုးတက်ရာ တိုးတက်ကြောင်းအတွက် အတူတကွ လုပ်ဆောင်ကြသည်ပင်။
သို့သော် ချန်းမိသားစု၏ ပင်မ မိသားစုဝင်များကတော့ ချန်းပင်းကျန်းကို သူ၏ ပြစ်မှုများကြောင့် စွန့်လွှတ်လိုက်ကြပေပြီ။
သခင်ကြီးချန်းသည် ရလဒ်ကို မမြင်ချင်သော်လည်း သက်သေခိုင်မာနေသောကြောင့် ဘာမှ မပြောတော့ပါပေ။ သူသည် ချန်းမိသားစုအပေါ် သက်ရောက်သွားမည်ကိုသာ စိုးရိမ်နေလေသည်။
ချန်းပင်းကျန်း၏ မိသားစုသည် ထန်ချွမ်ကျွင်းကို မုန်းတီးနေသောကြောင့် သူနှင့်ဝေးရာတွင်သာ ထိုင်ကြသည်။ သို့သော် ထန်ချွမ်ကျွင်းကိုတော့ မကြာခဏ စိုက်ကြည့်နေကြလေသည်။
ချန်းပင်းကျန်း၏ မိသားစုသည် နိုင်ငံရေး၏ ရက်စက်စွာ ပြိုင်ဆိုင်မှုများကို ကောင်းကောင်းသိကြသူများဖြစ်သည်။ မတည့်သူများသည်လည်း အစဉ်အမြဲရန်ဆောင်နေကြသည်ပင်။
ထို့ကြောင့် သူတို့ထဲမှ မိသားစုဝင်တစ်ယောက်ယောက် ဒုက္ခရောက်နေသောအခါ ဒေါသထွက်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ချန်းပင်းကျန်း ထောင်ကျလျှင် သူတို့အတွက် ကြီးမားသောဆုံးရှူံးမှု ဖြစ်မည် မဟုတ်ပါလား။
အချိန်သည် ၂ နာရီထိုးရန် ၁၀ မိနစ်သာ လိုတော့သည် ဖြစ်သောကြောင့် တရားခွင်တံခါး ပွင့်သွားချိန်တွင် အားလုံးသည် တန်းစီဝင်သွားလိုက်ကြသည်။
ထန်ချွမ်ကျွင်းနှင့် ကုနင်းတို့သည် ယာဘက်တွင် ထိုင်လိုက်ပြီး ချန်းပင်းကျန်း၏ မိသားစုကတော့ ဘယ်ဘက်တွင် ထိုင်လိုက်ကြသည်။
၂ နာရီထိုးသောအခါ ချန်းပင်းကျန်းကို တရားခွင်တွင် ကြားနာရန် ခေါ်လိုက်သည်။ သူသည် ကုနင်းနှင့် ထန်ချွမ်ကျွင်းတို့ကို တွေ့လိုက်သောအခါ မျက်လုံးများ မီးဝင်းဝင်းတောက်သွားလေသည်။
သူသည် အားလုံးကို ဝန်ခံပြီး ဖြစ်သော်လည်း ထန်ချွမ်ကျွင်းနှင့် ကုနင်းကို မုန်းသည့်စိတ်ကိုတော့ ဖြေဖျောက်လို့ မရနိုင်ပါချေ။
ထို့နောက် တရားသူကြီးများ ရောက်လာပြီး တရားခွင် စတင်လေသည်။
ချန်းပင်းကျန်းသည် အပြစ်များကို ဝန်ခံပြီး ဖြစ်သောကြောင့် တရားခွင်သည် တစ်နာရီအတွင်း ပြီးသွားသည်။
သူသည် ပြစ်ဒဏ်များကို ရှောင်မရတော့သောကြောင့် ရလဒ်ကို လက်ခံရတော့မည် ဖြစ်သည်။
သို့သော် ချန်းပင်းကျန်းသည် လာဘ်စားမှုများစွာ ရှိထားသောကြောင့် သေဒဏ်ကျခံရလေသည်။ ဥပဒေအရ ယွမ် ၁၀ သန်းနှင့်အထက် လာဘ်စားထားသော အရာရှိများသည် သေဒဏ်ကျခံရမည်သာ ဖြစ်လေသည်။
ချန်းပင်းကျန်းကတော့ ယွမ်သန်းပေါင်း ရာချီကျော်ပင် လက်ခံထားသူ ဖြစ်သည်။
ထိုအမိန့်ကို ကြားသောအခါ ချန်းပင်းကျန်း၏ ဇနီးသည်မှာ မေ့လဲသွားပြီး သခင်ကြီးချန်းသည်လည်း အလွန်အံ့အားသင့်သွားလေသည်။ ချန်းပင်းကျန်းသည်ပင် သူ့နားသူ မယုံနိုင်ဖြစ်သွားသည်။
“မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး” ချန်းချီဝေ့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ချန်းပင်းကျန်းသည် ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ထားသူ ဖြစ်သော်လည်း သူသည် ချန်းမိသားစု အနွယ်ဝင်ဖြစ်သောကြောင့် အသက်ချမ်းသာရာ ရမည်ဟုတော့ ထင်ခဲ့မိသည်ပင်။ သူတို့သည် ချန်းပင်းကျန်းကို ထောင်ထဲမှ ထုတ်ရန် ချန်းမိသားစု၏ အရှိန်အဝါနှင့် ဖိအားပေးမည်ဟုပင် တွေးထားကြတာ ဖြစ်သည်။
သို့သော် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျလျှင်ပင် ခံသာနေသေးသည်။ ယခုတော့ ချန်းပင်းကျန်းသည် သေဒဏ်ကျခံသွားရလေသည်။
ချန်းပင်းကျန်း၏ မိသားစုသည် ရလဒ်ကို လက်မခံနိုင်သော်လည်း ဘာမှ မတတ်နိုင်တော့ပါပေ။ အရာအားလုံးပြီးဆုံးသွားပြီ ဖြစ်သည်။
ထို့နောက် ချန်းပင်းကျန်း သည် ခေါ်ဆောင်သွားခံရပြီး သူ၏ မိသားစုလည်း ပြန်လိုက်ကြသည်။ ချန်းပင်းကျန်း၏ ဇနီးမှာ သတိလစ်နေသောကြောင့် သူ၏ အစ်ကိုမှာ သူမကို ကျောပိုးခေါ်သွားလိုက်သည်။ သခင်ကြီးချန်းကိုတော့ ချန်းချီဝေ့၏ အမျိုးသားက တွဲခေါ်သွားသည်။
တရားခွင် ပြီးသွားသောကြောင့် ကုနင်းလည်း ပြန်လိုက်သည်။
ချန်းပင်းကျန်း၏ မိသားစုသည် ထန်ချွမ်ကျွင်းကိုတွေ့သည်နှင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေကြပြန်သည်။
ချန်းချီဝေ့သည် ထန်ချွမ်ကျွင်းထံသို့ ပြေးသွားပြီး အော်ဟစ် ပြောဆိုလိုက်သည်။
“ထန်ချွမ်ကျွင်း ဒါတွေအားလုံး ရှင့်ကြောင့်ပဲ ရှင်လုပ်ခဲ့တာ…” သူမသည် ထန်ချွမ်ကျွင်း ကိုပင် ပါးရိုက်ချင်နေလေသည်။
“သူ့ကိုတားကြ” သခင်ကြီးချန်းသည် ဒေါသထွက်နေပြီး ချန်းချီဝေ့၏ အမျိုးသားကို ပြောလိုက်သည်။
ချန်းချီဝေ့၏ အမျိုးသားကလည်း သူမကို လိုက်ဆွဲရတော့သည်။
***
အခန်း ၁၃၇၄ ရှေးဟောင်းအဆောင်
ကံမကောင်းစွာပင် ချန်းချီဝေ့၏ အမျိုးသားသည် သူမကို တားချိန်ပင် မရလိုက်ပါချေ။ သူမသည် ထန်ချွမ်ကျွင်းကို ထိလုနီးနီးပင် ဖြစ်နေသည်။
သူတို့သည် ထန်ချွမ်ကျွင်းကို မကျေနပ်ကြသော်လည်း ချန်းချီဝေ့အနေနှင့် လူရှေ့သူရှေ့တွင်တော့ ထိုသို့ မလုပ်သင့်ပေ။ ထန်ချွမ်ကျွင်းသည် နိုင်ငံရေးတွင် အရေးကြီး အရာရှိတစ်ယောက် ဖြစ်ပြီး အာဏာရှိသူ တစ်ယောက်ပင်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်က သူ့အပေါ် တိုက်ခိုက်ဖို့ ကြံစည်နေခြင်း ဖြစ်နေပါက ပိုတောင် ကိစ္စကြီးလေသည်။ သို့သော် ထန်ချွမ်ကျွင်းသည် ချန်းချီဝေ့ကို အေးအေးဆေးဆေးပင် ရှောင်တိမ်းလိုက်သည်။
ချန်းချီဝေ့ကတော့ အရှိန်မထိမ်းနိုင်စွာပင် ထန်ချွမ်ကျွင်း အနောက်မှ တိုင်တစ်တိုင်နှင့် တိုက်မိလေသည်။ ကျယ်လောင်သော အသံနှင့်အတူ သူမ၏ နဖူးသည် ရောင်ကိုင်းလာတော့သည်။
ကုနင်းသည် အဖြစ်အပျက်များကို အံ့ဩစွာကြည့်နေပြီး ချောင်ယသည်ပင် အံ့ဩနေလေသည်။
ချန်းချီဝေ့၏ အမျိုးသားသည် သူမကို ထိန်းပေးလိုက်ရင်း “ဘာလုပ်တာလဲ.. ဒါက တရားရုံးနော်..ရုတ်ရုတ်သဲသဲ ဖြစ်အောင် မလုပ်နဲ့လေ”
ချန်းချီဝေ့သည် ဒေါသထွက်နေသေးသော်လည်း သူမအဖေက ထပ်တားလိုက်သည်။ “ဒီလောက် အရှက်ခွဲရတာတောင် မဝသေးဘူးလား.. အိမ်ပြန်လိုက်တော့။”
သူတို့သည် ထန်ချွမ်ကျွင်းကို လက်စားချေဖို့ မစောင့်နိုင်ကြတော့သော်လည်း ယခုတော့ လက်လျှော့လိုက်ကြရသည်။ ချန်းချီဝေ့သည်လည်း ပိုပင် ဒေါသထွက်နေသော်လည်း အခွင့်မသာသောကြောင့် သည်းခံလိုက်ရလေသည်။
ချန်းချီဝေ့သည် ထွက်မသွားချင်သေးသော်လည်း သူမ၏ ဖခင်စကားကို နားထောင်ရမည် ဖြစ်သည်။ ထို့ကြောင့် ထန်ချွမ်ကျွင်းကိုတစ်ချက် စိုက်ကြည့်ပြီး ထွက်သွားကြသည်။
“လက်ထောက် ဒါရိုက်တာထန် ဒီရက်ပိုင်း ဂရုစိုက်နေပါ။” ကုနင်းက သတိပေးလိုက်သည်။
“ကျေးဇူးပါ ဂရုစိုက်ပါ့မယ်။”
သူသည် ချန်းပင်းကျန်း၏ မိသားစုက သူ့အား ဒီတိုင်းထားမည် မဟုတ်မှန်းသိလေသည်။ သူသည် ချန်းပင်းကျန်းကို သေဒဏ်ကျအောင်ပင် လုပ်ခဲ့သူ မဟုတ်ပါလား။ သူတို့သည် ထန်ချွမ်ကျွင်းကို ကိုယ်တိုင် မတိုက်ခိုက်လျှင်တောင် လူသတ်သမားငှားပြီး လုပ်ကြံကြမည် ဖြစ်သည်။
“အိုး.. ကျင့်မိသားစု အမှုလည်း ဒီရက်ပိုင်းအတွင်း ရုံးတင်တော့မှာ။” ထန်ချွမ်ကျွင်း ပြောလိုက်သည်။
“ကောင်းတာပေါ့” ကုနင်း ခေါင်းတငြိမ့်ငြိမ့်ရှိနေလေသည်။ သူမသည် နေ့ရက်ကို စိတ်မဝင်စားပါချေ။ ကျင့်ခိုင် အပြစ်ပေးခံရဖို့သာ မျှော်လင့်နေလေသည်။
ထို့နောက် ကုနင်း ကုမ္ပဏီသို့ ပြန်သွားလိုက်သည်။ သူမ ကားထဲ ပြန်ရောက်ချိန်တွင် ဖုန်းကို ကြည့်လိုက်ရာ ကေ့ထံမှ စာဝင်ထားသည်ကို တွေ့လိုက်သည်။
ကေသည် စုံစမ်းထားပြီး ဖြစ်သောကြောင့် အီးမေးလ်ပို့ထားခြင်း ဖြစ်သည်။
ကုနင်း ရုံးခန်းထဲသို့ ပြန်ရောက်မှ ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကွန်ပြူတာနှင့် ဖတ်သည်က ပိုအဆင်ပြေသည် မဟုတ်ပါလား။
ကုနင်း ရုံးခန်းထဲသို့ ရောက်သွားသောအခါ အီးမေးလ်ကိုဖွင့်လိုက်သည်။
ကေသည် စီစီတီဗီမှတ်တမ်းများကိုကြည့်ပြီး ကြွေထည်ကိုရောင်းလိုက်သည့် အဖိုးအိုကို လိုက်လံစုံစမ်းကြည့်ရာ အဖိုးအိုကို ငွေပေးပြီး လုပ်ခိုင်းသော နောက်ကွယ်က လူကို ရှာတွေ့လေသည်။
ထိုသူသည် ဖြူပြာရောင် ကြွေထည်၏ မူလအစ ဖြစ်ပေသည်။
မနက် ၉ နာရီခန့်တွင် လူတစ်ယောက်သည် ရှေးဟောင်းပစ္စည်းများ ထည့်ထားသော အိတ်တစ်လုံးကို သယ်ဆောင်ကာ ရှေးဟောင်းလမ်းထဲရှိ ရှေးဟောင်းအဆောင်ဆိုသော ဆိုင်ထဲသို့ ဝင်သွားသည်။ ဖြူပြာရောင်ကြွေထည်သည်လည်း ထိုအိတ်ထဲတွင် ပါနေလေသည်။
ကုနင်းသည် ရှေးဟောင်းအဆောင် ဆိုင်ကို သိလေသည်။ ပြောရရင်တော့ ရှေးဟောင်းလမ်းထဲမှ ရှေးဟောင်းဆိုင် အားလုံး၏ နာမည်ကို မှတ်မိသူဖြစ်သည်။
ရှေးဟောင်းအဆောင်သည် ရှန်းယွင် လောက်နီးပါး နာမည်ကြီးသော ဆိုင်ဖြစ်သော်လည်း ရှန်းယွင်သည် ကုနင်း လက်လွှဲယူလိုက်ပြီးနောက် ပိုပြီး နာမည်ရသွားခြင်း ဖြစ်သည်။
ရှေးဟောင်းအဆောင် ပိုင်ရှင်သည် ထိုသူ၏ ပစ္စည်းများကို သဘောကျသောကြောင့် ဝယ်ယူလိုက်သည်။
ပုံမှန်အားဖြင့် ဝယ်စျေးသည် အလွန်နည်းလေသည်။ ထိုပစ္စည်းများသည် ဂူများကို ဖောက်ပြီး ယူထားသော ပစ္စည်းများဖြစ်သည်ကို အားလုံးက သိထားသောကြောင့် ဖြစ်သည်။
ဂူဖောက်သူများသည် ရှေးဟောင်းဆိုင်များနှင့်လည်း အရောင်းအဝယ် သဘောတူညီချက် လုပ်ထားရလေသည်။ ဂူဖောက်ခြင်းသည် တရားဝင်မဟုတ်သောကြောင့် ဂူဖောက်သူများသည် သူတို့ ခိုးထားသော ရှေးဟောင်းပစ္စည်းများကို ဝယ်သူဆီ တိုက်ရိုက်မရောင်းချကြပဲ ရှေးဟောင်းပစ္စည်းဆိုင်များတွင်သာ ရောင်းချကြသည်။
ရှေးဟောင်းဆိုင်များကလည်း အလိုတူ အလိုပါ ဖြစ်နေသောကြောင့် ရဲတိုင်ခြင်းကို မလုပ်ကြပါပေ။
ဂူဖောက်သူများသည် ရောင်းစျေးမှာ နိမ့်သည်ကို သိကြသော်လည်း ပိုက်ဆံပိုရှာနိုင်မည့် နည်းလမ်းတော့ စဉ်းစားမရကြပါချေ။
လီမြောင်စုန့်နှင့် သူ့မိတ်ဆွေများသည် သူတို့၏ ပစ္စည်းများကို မှောင်ခိုစျေးကွက်တွင် တင်ရောင်းကြသည်။ သို့သော် သူတို့သည်လည်း ပမာဏ များများ မရကြပါချေ။
လီမြောင်စုန့်တို့သည် ကုနင်း ရောက်ပြီး နောက်တစ်ရက်တွင် မြို့တော်သို့ ရောက်လာကြသည်။
ရှိူးအသစ်အတွက် အဖွဲ့ဝင်များ လိုအပ်နေသည် ဖြစ်သောကြောင့် ကုနင်းသည် သူတို့ကို ရိုက်ကွင်းဆီသို့ သွားခိုင်းထားလိုက်သည်။ လီမြောင်စုန့်တို့သည် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ ရိုက်ကူးရေးတွင် အလုပ်လုပ်နေကြလေသည်။
ရှေးဟောင်းအဆောင်၏ သူဌေးသည် အိတ်ထဲမှ ပစ္စည်းများကို ဝယ်လိုက်ပြီးနောက် ကြွေထည်လေးကို တစ်ချက်ကြည့်လိုက်သည်။
ဂူဖောက်သူများ ပြန်သွားသောအခါ လူတစ်ယောက်သည် ရှေးဟောင်းအဆောင်သို့ ရောက်လာသည်။ ရာသီဥတုသည် ပူပြင်းနေသော်လည်း ထိုသူသည် အမည်းရောင် ဝတ်စုံကို ဝတ်ထားကာ ဦးထုပ်ဆောင်းထားပြီး နှာခေါင်းစည်းလည်း တပ်ထားလေသည်။ သူ့ပုံစံမှာ နေရောင်အထိ မခံချင်သည့်ပုံ ပေါက်နေလေသည်။
ကုနင်း ဗီဒီယိုထဲမှ ထိုသူကို မြင်သောအခါ စိတ်ထဲတွင် ထူးဆန်းသွားလေသည်။ သူမ၏ ထိုသူ၏ မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရပါပေ။
ထိုသူသည် ဂူဖောက်သူများ ရောင်းသွားသည့် ပစ္စည်းအိတ်ကို ကြည့်ချင်သည်ဟု ပြောလိုက်သည်။
ဆိုင်ရှင်သည် ဝယ်သူကို မငြင်းချင်သောကြောင့် ကြွေထည်လေးကိုတော့ ယူထားပြီး ကျန်ပစ္စည်းများကို ပြလိုက်သည်။
အမည်းရောင်ဝတ်စုံနှင့်သူကတော့ လက်မလျှော့ပဲ ရှေးဟောင်းအဆောင် ပိုင်ရှင်နှင့် စကားပြောနေလေသည်။
ကုနင်းသည် ဗီဒီယိုကို အသံမပါပဲ ကြည့်နေရသောကြောင့် အမည်းရောင်ဝတ်စုံနှင့်သူနှင့် ရှေးဟောင်းအဆောင် ဆိုင်ရှင်နှင့် ပြောနေသည့် စကားများကို မကြားရပါပေ။
ရှေးဟောင်းအဆောင် ဆိုင်ရှင်သည် ကြွေထည်ကို ရောင်းရန် အဆုံးထိ ငြင်းဆန်နေသောကြောင့် အမည်းရောင်ဝတ်စုံနှင့်သူသည် အခြားပစ္စည်းကိုသာ ဝယ်သွားလိုက်သည်။
ကုနင်းကတော့ အမည်းရောင်ဝတ်စုံနှင့်လူသည် ရှေးဟောင်းအဆောင် ပိုင်ရှင်ကို ထိုကြွေထည်၏ ပြဿနာအကြောင်း ပြောနေသည်ဟု တွေးလိုက်သည်။
ချက်ချင်းဆိုသလို ကျင့်ကြံသူများကို သွားသတိရလိုက်သည်။