အခန်း (၁၃၇၅-၁၃၈၀)
Vol. 88 Ch. 1375-1380
အခန်း ၁၃၇၅ ဂိမ်းဆော့ခြင်း
ဝတ်စုံအရ ထိုသူသည် ကျင့်ကြံသူသာ ဖြစ်သည်ဆိုပါက မိစ္ဆာကျင့်ကြံသူ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေမည်။
သို့သော် ထိုသည်မှာ ကုနင်း၏ မှန်းဆချက်သာ ဖြစ်ပြီး သူမသည် ထိုသူကို မျက်လုံးဖြင့် မမြင်ရသော်လည်း သူမ၏ ခန့်မှန်းချက် နီးစပ်မည်ဟုတော့ တွေးလိုက်သည်။
ထိုသူထွက်သွားချိန်တွင် ရှေးဟောင်းအဆောင် ဆိုင်ရှင်သည် သူ၏ ဝန်ထမ်းများအား တစ်စုံတစ်ခုကို ပြောလိုက်သည်။ ထို့နောက် ဝန်ထမ်းများသည် အနောက်ဘက်ခြံထဲသို့ ထွက်သွားကြပြီး လူတစ်ယောက်နှင့်အတူ ပြန်လာလေသည်။
ထိုသူသည် အဖိုးအိုနှင့် အပေးအယူလုပ်သူ ဖြစ်ပြီး ထိုကြွေထည်အား ရှန်းယွင်သို့ သွားရောက်ရောင်းချခိုင်းသူလည်း ဖြစ်လေသည်။
ရှေးဟောင်းအဆောင် ဆိုင်ရှင်သည် ထိုသူကို တစ်ခုခု ပြောလိုက်ပြီးနောက် ထိုသူသည် ဖုန်းတစ်ချက်ခေါ်လိုက်ပြီး ကြွေထည်နှင့်အတူ နာရီဝက်ခန့်အကြာတွက် ထွက်သွားလေသည်။ အဖိုးအိုနှင့် တိတ်တဆိတ်တွေ့ဆုံခဲ့ပြီး သူတို့ဘေးတွင် လူအချို့ရှိသော်လည်း စီစီတီဗီကင်မရာများလည်း ရှိသောကြောင့် ကေက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အဖိုးအိုသည် ကြွေထည်ကို ယူပြီး လှည့်ထွက်သွားသည်။
ထို့ကြောင့် ကြွေထည်ကိစ္စသည် ရှေးဟောင်းအဆောင် လက်ချက်ဖြစ်ကြောင်း ထင်ရှားသွားလေသည်။ သူတို့သည် ရှန်းယွင်ကို မနာလိုဖြစ်နေသောကြောင့် ထိုကဲ့သို့ ကြံစည်ကြခြင်း ဖြစ်သည်။
ကုနင်းသည် အစပိုင်းတွင်တော့ ထိုကြံစည်မှု၏ နောက်ကွယ်မှလူကို သင်ခန်းစာ ကောင်းကောင်းပေးမည်ဟု ကြံစည်ထားသော်လည်း စိတ်ပြောင်းလိုက်သည်။ သူမအတွက် အရေးမကြီးတော့သောကြောင့် ဖြစ်သည်။ ထို့အပြင် သူမတွင် အဖိုးတန်ကြွေထည်လည်း ရှိထားပြီမဟုတ်ပါလား။ ထို့ကြောင့် ကုနင်းသည် ထိုကိစ္စကို မေ့လိုက်သည်။ ထပ်ဖြစ်လာလျှင်တော့ ခွင့်လွှတ်မည် မဟုတ်ပါချေ။
သို့သော် သူမသည် အမည်းရောင်ဝတ်စုံနှင့်သူကိုတော့ စိတ်ဝင်စားမိလေသည်။ တကယ်လို့ သူမ ထိုသူနှင့် ထပ်တွေ့ခဲ့ပါက သူနှင့် လုပ်ဆောင်စရာ ကိစ္စရှိသောကြောင့်ပင်။
…
ကေသည် ကုနင်း တစ်ယောက် ရုံးခန်းတွင် ထိုင်လိုက်ပြီး မကြာခင် ဖုန်းခေါ်လိုက်လာကာ သူမရုံးခန်းထဲတွင် ရှိနေကြောင်း ပြောလိုက်သည်နှင့် ချက်ချင်းတက်လာတွေ့တော့သည်။
“ဘော့စ် အခုအားလား” ကေ စိုးရိမ်တကြီး မေးလိုက်သည်။
“အင်း ဘာဖြစ်လို့လဲ?”
“ဂိမ်းထဲကို အခုဝင်လိုက်ပါလား.. ဟိုဘက်က ကစားသူs တွေက တော်တော် ဇောင်းကြွနေပြီ.. တော်တော် ကျွမ်းကျင်အဆင့်တွေထင်တယ်.. သူတို့က စနစ်ထဲမှာ ဘော့စ်ကို သူငယ်ချင်းအဖြစ်အပ်ထားကြတယ်.. ပြီးတော့ ဘော့စ်ကို စိန်ခေါ်နေကြတာ.. ဒါပေမယ့် သူတို့ကို အကြောင်း မပြန်တော့ ဒေါသထွက်နေကြတယ်။”
“ဘာ?” ကုနင်း အံ့ဩသွားလေသည်။ ကေသာ မပြောပါက သူမသည် ထိုဂိမ်းကိုပင် မေ့နေပြီ ဖြစ်သည်။
“ကောင်းပြီလေ ဝင်ကြည့်လိုက်မယ်”။ ကုနင်း ပြောရင်းနှင့် ဖုန်းကို ထုတ်လိုက်သည်။
သူမဂိမ်းထဲဝင်လိုက်ချိန်တွင် မက်ဆေ့ချ်ပေါင်းမြောက်များစွာ ဝင်လာနေတော့သည်။
ကေကတော့ ကုနင်းကို ပြောပြီးနောက် ပြန်ထွက်သွားသည်။
ထို ဂိမ်းဝါသနာရှင်များသည် တစ်ချိန်လုံး အွန်လိုင်းဖြစ်နေကြလေရာ ကုနင်းမှ သူတို့ကို လက်ခံလိုက်သည်ကို ချက်ချင်းမြင်လိုက်ကြသည်။ သူတို့တွင် လူ ၈ ယောက်ပါဝင်သောကြောင့် ကုနင်းသည် သူတို့နှင့် ခဏစကားပြောလိုက်ပြီး သူမအလုပ်များနေသည့် အကြောင်း ပြောပြလိုက်သည်။
ကုနင်းသည် လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်သည်ဆိုသော အချက်မှာ လူသိရှင်ကြားဖြစ်သောကြောင့် သူတို့သည် သူမ၏ ပျောက်ဆုံးနေမှုကို နားလည်သွားကြသည်။ ထို့နောက် သူတို့သည် ကုနင်းကို ဂိမ်းတစ်ပွဲစာလောက် အားမအားကို မေးလိုက်ကြသည်။
ကုနင်းကလည်း အဆင်ပြေသည်ဆိုသောကြောင့် အတူတကွ ဂိမ်းဆော့လိုက်ကြသည်။
ကစားသူများသည် ဂိမ်းထဲတွင် အသင်းတစ်သင်းတည်း ဆော့ရပြီး အသင်းတစ်သင်းတွင် အများဆုံး ၅ ယောက် ပါဝင်ရသည်။
သူတို့တွင် ၈ ယောက်ရှိနေသောကြောင့် လူခွဲဆော့လိုက်ရသည်။ သို့သော် ကုနင်းနှင့် တစ်ဖွဲ့တည်း ကျချင်သူက များနေလေသည်။ ထို့ကြောင့် တစ်ယောက်က ခေါင်းဆောင်လုပ်လိုက်ပြီး ကျန်သူများက သူ့အသင်းနှင့် ကုနင်း အသင်းတွင် ကျပမ်း ဝင်လိုက်ကြသည်။
အဖွဲ့ခေါင်းဆောင်သည် အသင်းသား အရေအတွက်ကို ဆုံးဖြတ်နိုင်ပေသည်။ ကုနင်းသည် သူမအသင်းတွင် အဖွဲ့ဝင်လေးယောက်သာ ထားချင်သောကြောင့် နောက်ထက် ၃ ယောက်သာ ထပ်လိုတော့သည် ဖြစ်သည်။
မကြာခင်မှာပဲ လူခွဲသည့်အစီအစဉ် ပြီးသွားလေသည်။
ကုနင်းနှင့် တစ်ဖွဲ့တည်းကျချင်သော သူများသည် အတူတူမကျလိုက်သောအခါ စိတ်ပျက်သွားကြသော်လည်း သူမကိုလည်း စိန်ခေါ်ကြည့်ချင်ကြလေသည်။ ထိုသို့ဆိုလျှင်က သူမနှင့် ပြိုင်ဖက်အသင်းကျမှသာ စိန်ခေါ်နိုင်မည် မဟုတ်ပါလား။
ထို့နောက် ဂိမ်းစဆော့လိုက်ကြသည်။
ဂိမ်းအစပိုင်းတွင် သူတို့သည် တောအုပ်ထဲတွင် တစ်ကွဲတစ်ပြား စပေါ်လာသည်။ သူတို့သည် အဖွဲ့သားများကို ရှာဖွေရမည်ဖြစ်ပြီး ရန်သူကိုလည်း တိုက်ခိုက်ရမည် ဖြစ်သည်။
ထိုသို့ဖြင့် ရန်သူအသင်းသားများ အားလုံး သေဆုံးသွားလျှင် အနိုင်ရမည် ဖြစ်သည်။
အဖွဲ့သားများသည် အချင်းချင်း စာရိုက်ပြီးဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက်သွယ်လို့ရသည်။ ထိုမှသာ သူတို့၏ တည်နေရာနှင့် ဗျူဟာများကို ပြောနိုင်ကြမည် ဖြစ်သည်။ ဂိမ်းကစားသူများသည် အဆင့်တက်ရန် တစ်ယောက်တည်း တင်ဖို့ မလွယ်ကူပါချေ။ ရန်သူမျိုးစုံနှင့် တွေ့ရနိုင်သည် မဟုတ်ပါလား။
ကုနင်း နှင့် သူငယ်ချင်းဖြစ်သွားကြသူများသည် ကျွမ်းကျင်ရှင်များ ဖြစ်သောကြောင့် ကုနင်းအတွက်လည်း အနိုင်ရရန် မလွယ်ကူပါချေ။ သို့သော် နောက်ဆုံးတွင်တော့ ကုနင်း အသင်းမှ နိုင်သွားပြီး အဖွဲ့ဝင်နှစ်ယောက်ကိုတော့ ဆုံးရှုံးလိုက်ရလေသည်။ ကုနင်းနှင့် နောက်တစ်ယောက်သာ ကျန်ခဲ့လေသည်။
သို့သော် အဖွဲ့ဝင်နည်းနည်းနှင့် အနိုင်ရသည်မှာလည်း အံ့ဩဖွယ်ပါပင်။
သူတို့ ဂိမ်းပွဲအနည်းငယ် ဆက်ဆော့ပြီးနောက် ကုနင်းလည်း ခွင့်တောင်းပြီး ထွက်လိုက်သည်။
သူတို့ဆော့သော ဂိမ်းများတွင် ကုနင်း၏ အဖွဲ့သည် တောက်လျှောက်နိုင်လေသည်။ ထို့ကြောင့် ကုနင်းသည် သူတို့ထက်တော်ကြောင်းကိုတော့ ဝန်ခံရမည်။
ကုနင်း ထွက်သွားချိန်တွင် သူတို့လည်း ဂိမ်းကို ခဏရပ်ပြီး နားလိုက်ကြသည်။ သူတို့သည် ကုနင်း နှင့် အတူတကွ ဆော့ပြီး အနိုင်ရသည့် ဖုန်းပေါ်မှပုံများကိုရိုက်ယူကာ အင်တာနက်တွင် တင်ပြီး ကြွားလိုက်ကြသည်။ တခြား ကစားသူများကတော့ မနာလို ဖြစ်နေကြလေသည်။
“သူတို့တွေ ကုနတ်ဘုရားမနဲ့တောင် တွဲဆော့ဖူးပြီးကြပြီပေါ့!!”
***
အခန်း ၁၃၇၆ အခြားဆေးရုံသို့ ပြောင်းရွှေ့ရခြင်း
“ကုနတ်ဘုရားမ နဲ့ အချိန်တိုအတွင်း ဂိမ်းထဲမှာသူငယ်ချင်း ဖြစ်သွားတာ အံ့ဩစရာပဲ!”
“ကုနတ်ဘုရားမ က ငါ့ရဲ့အိုင်ဒေါလေ!”
“…”
အခြားသော ဂိမ်းကစားသူများသည်လည်း ကုနင်း ၏ ကစားပုံ ဗီဒီယိုများကို အင်တာနက်တွင် တင်လိုက်ကြသောကြောင့် ချီးကျူးမှုများစွာ ရနေလေသည်။
“ဝိုး ကုနတ်ဘုရားမ က အထင်ကြီးစရာပဲ!”
“အရမ်းမိုက်တယ်!”
“အမှန်ပဲ!”
“ဒီဂိမ်းထဲမှာဆော့နေတာ တကယ် ကုနတ်ဘုရားမ လား?”
“ဟုတ်တာပေါ့ ငါတို့တွေ အသံဖွင့်ပြီးတော့တောင် စကားပြောလိုက်ကြသေးတယ်။”
“…”
…
စနေနေ့တွင်လင်ရှောက်မင် မြို့တော်သို့ ပြန်ရောက်လာပြီး လင်ရှောက်ကျားဆီသို့ သွားတွေ့လေသည်။ သူမအတွက် များစွာခံစားခဲ့ရသည် မဟုတ်ပါလား။
လင်ရှောက်ကျားသည် စိတ်မြန်လက်မြန်ရှိသူ ဖြစ်သောကြောင့် သူ့ကိုယ်သူ ထိန်းနေရသည်။ သူတို့သည် သူမအား စိတ်ကို ထိန်း၍နေရန် ပြောသော်လည်း သူမက နားမထောင်ပေ။ အကယ်၍သာ လင်ရှောက်ကျားသည် သူမကိုယ်သူမ မပြောင်းလဲနိုင်ခဲ့ပါက သူမ၏ အနာဂတ်သည် ထိုထက်ပိုဆိုးဖို့သာ ရှိတော့လေသည်။
လင်ရှောက်ကျားသည် နှစ်ရက်တိုင် အိပ်ရာထဲတွင် လှဲလျောင်းနေရသော်လည်း သူမ၏ ခါးမှာ နာကျင်နေဆဲ ဖြစ်သည်။ သူမသည် တောက်လျှောက် ညည်းသူနေသော်လည်း ဆရာ၀န်သည်လည်း အကြောင်းရင်းကို ရှာမတွေ့ပါချေ။
ထိုညတွင် သူမအိပ်ပျော်ရန် မေ့ဆေးပင် ပေးခဲ့လေသည်။ သို့သော် သူမခန္ဓာကိုယ်အတွက် ထိခိုက်နိုင်သည်မို့ သူမ မိသားစုလည်း စိုးရိမ်နေကြသည်။
“မလုပ်နဲ့ နာတယ်” လင်ရှောက်ကျား စောဒက တက်နေလေသည်။
“ဘာလို့လဲ? ဘာလို့လုပ်မှဖြစ်မှာလဲ? ဆရာ၀န်က ပြောတော့ အဆင်ပြေတယ်တဲ့။ ဒါပေမယ့် သူတစ်နေကုန် ညည်းညူနေတာ။” ကျန်းရှူးယွမ်သည်လည်း လင်ရှောက်ကျားကို ကြည့်ပြီး နာကျင်ခံစားနေရလေသည်။
“သူ့ခါးက နာနေတယ် ပြောပေမယ့် ဆရာ၀န်ကလည်း မရှာဖွေနိုင်ဘူး” လင်ရှောက်မင်သည် ထူးဆန်းနေသောကြောင့် “သူ့ကို ဆေးရုံပြောင်းတက်ခိုင်းလိုက်ရင် ကောင်းမလား?”
ထိုဆေးရုံသည် မြို့တော်တွင် အကောင်းဆုံး ဆေးရုံမဟုတ်သော်လည်း လင်ရှောက်ကျား ထိခိုက်သောနေရာနှင့် အနီးဆုံး ဆေးရုံဖြစ်သည်။ မြို့တော်ခန်းမနှင့်နီးပြီး သိပ်အဆိုးရွားချည်းလည်း မဟုတ်ပါချေ။ သို့သော် လင်ရှောက်မင်သည် ဆေးရုံကို သံသယ၀င်နေလေသည်။ သူတို့ လင်ရှောက်ကျားကို ပိုကောင်းသော ဆေးရုံသို့ ပြောင်းနိုင်ပါက သူမခါးအမြဲနာနေရသည် အကြောင်းရင်းကို သိနိုင်ပေမည်။
ကျန်းရှူးယွမ် တစ်ချက်တွေးလိုက်ပြီး လင်ရှောက်မင် အကြံကို သဘောတူလိုက်သည်။
“ဟုတ်ပြီ ငါတို့ နောက်ဆေးရုံရွှေ့ပြီး ဆေးစစ်ချက် ပြန်လုပ်ကြမယ်။”
ထို့နောက်တွင် လင်ရှောက်ကျားသည် မြို့တော်ရှိ အကောင်းဆုံး ဆေးရုံသို့ ရောက်သွားသည်။ သို့သော် ကံမကောင်းစွာပင် ထိုဆေးရုံမှ ဆရာ၀န်များသည်လည် လင်ရှောက်ကျား၏ ခါးနာနေသေးသည့် ကိစ္စကို အဖြေမရှာနိုင်ကြပါချေ။ သူမ၏ ခါးသည် ဆေးဘက်ဆိုင်ရာအရ ဘာမှဖြစ်မနေပေ။
သူတို့သည် အကြောင်းရင်း ရှာမတွေ့သောကြောင့် လင်ရှောက်ကျားကို မည်ကဲ့သို့ ကုရမှန်းမသိဖြစ်နေလေသည်။ နောက်ဆုံးတွင် ဆရာ၀န်သည် လင်ရှောက်ကျားကို နာနေသော နေရာတွင် လိမ်းဆေးတစ်ခုခုလိမ်းဖို့သာ အကြံပေးနိုင်တော့လေသည်။
ကျန်းရှူးယွမ်တို့သည်လည်း ဘာလုပ်ရမှန်းမသိသောကြောင့် ဆရာ၀န်စကားကိုသာ နားထောင်လိုက်ရသည်။
…
ထိုနေ့သည် စနေနေ့ ဖြစ်သောကြောင့် လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည်လည်း လင်မိသားစု အိမ်သို့ ရောက်နေကြသည်။ သူတို့လည်း လင်ရှောက်ကျား၏ အဖြစ်ကို သိသွားကြလေသည်။
လင်ရှောက်ရွှမ်းသည် လင်ရှောက်ကျားကို သနားခြင်း အလျင်းမရှိသလို လင်ရှောက်ရှီသည်လည်း လင်ရှောက်ကျားကို သဘောမကျချေ။ သူတို့နှစ်ယောက်လုံးသည် လင်ရှောက်ကျားကို ဖြစ်သင့်လို့ ဖြစ်တာဟုပင် တွေးနေကြလေသည်။ လင်ရှောက်ကျားသည် အလွန်စိတ်ဆတ်သူဖြစ်သောကြောင့် သင်ခန်းစာ ကောင်းကောင်းရသင့်သည်ဟု တွေးနေကြသည်ပင်။
တကယ်တမ်း ယခုထက်ပိုစောစောပင် သင်ခန်းစာ ရသင့်ခဲ့သည် မဟုတ်ပါလား။
လင်ရှောက်ရှီသည် ဆိတ်ဆိတ်နေတတ်သူဖြစ်ပြီး လင်ရှောက်ကျာ ၏ အနိုင်ကျင့်ခြင်းကို ခံရလေ့ရှိသော်လည်း သူမသည် စိတ်ပုပ်သူ တစ်ယောက်တော့ မဟုတ်ပါပေ။ သူမသည် လင်ရှောက်ကျား၏ သူမအပေါ် လုပ်ရပ်များကို ရှင်းလင်းစွာ မှတ်မိသော်လည်း လက်တုံ့ပြန်ဖို့တော့ စိတ်ကူးမရှိချေ။ လင်ရှောက်ရွှမ်းသည်သာ လင်ရှောက်ကျား နှင့် ဖက်ပြိုင်ဖြစ်ရဲသူ ဖြစ်သည်။
လင်ရှောက်ရှီသည် လင်ရှောက်ကျားကို မုန်းနေသော်လည်း သူမကို ထိခိုက်အောင် ပြန်လုပ်ဖို့ စိတ်ကူးမရှိပါချေ။ မိသားစု၀င် ဖြစ်နေသည် မဟုတ်ပါလား။
ယွီယင်သည် သူတို့အားတုန်း လင်ရှောက်ကျားကို သွားတွေ့ဖို့ ပြောလိုက်သည်။ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့မှာ သွားမတွေ့ချင်ကြသော်လည်း လင်ရှောက်ကျားကိုတော့ စိတ်ကသိကအောက်ဖြစ်အောင် လုပ်ချင်နေကြသေးသည်။ သို့သော် လင်ရှောက်ကျား တစ်ယောက် ဆေးရုံပြောင်းသွားပြီ ဖြစ်သောကြောင့် မတွေ့လိုက်ရပေ။
လင်ရှောက်ရွှမ်းကတော့ မကျေမနပ် ဖြစ်သွားပြီး သူ၏ အမေကို ဖုန်းခေါ်လိုက်သည်။
ယွီယင်သည် သူ့ကို ကျန်းရှူးယွမ် အားမေးရန် ပြောလိုက်သော်လည်း လင်ရှောက်ရွှမ်းက ငြင်းဆန်နေလေသည်။ လင်ရှောက်ရွှမ်းက လင်ရှောက်ကျားကို သွားမတွေ့ချင်သလိုပဲ လင်ရှောက်ရှီကလည်း မတွေ့ချင်ပါပေ။
ယွီယင်သည်လည်း သူမကလေးတွေ၏ ခံစားချက်ကို နားလည်သောကြောင့် အတင်းတွန်းအား မပေးတော့ပါချေ။ သူတို့နှစ်ယောက်မှာတော့ လင်ရှောက်ကျားကို သွားမတွေ့ကြသော်လည်း မြို့တော်တွင် ကုနင်း ရောက်နေမှန်း သိသောကြောင့် သူမနှင့် အတူစားသောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကုနင်းသည် သူတို့၏အိုင်ဒေါဖြစ်ပြီး တစ်ခါနှစ်ခါ တွေ့ဖူးထားသောကြောင့် သူတို့ကိုယ်သူတိူ့ သူစိမ်းဟု မတွေးကြပါချေ။
ထို့ကြောင့် လင်ရှောက်ရွှမ်းသည် ကုနင်းကို ဖုန်းခေါ်ပြီး အတူစားသောက်ရန် ဖိတ်လိုက်သည်။
ကုနင်းသည်လည်း အားနေသောကြောင့် လက်ခံလိုက်သည်။
မြို့တော်သည် အလွန်ကျယ်၀န်းသောကြောင့် လင်ရှောက်ရွှမ်းသည် အချိန်ကုန်သက်သာစေရန် ကုနင်း၏ တည်နေရာကို မေးလိုက်သည်။
ကုနင်းကလည်း လိပ်စာပြန်ပေးလိုက်ပြီး လင်ရှောက်ရွှမ်းသည် သူမနှင့် နီးသော စားသောက်ဆိုင်ကို စဉ်းစားလိုက်ကာ ထိုနေရာတွင်ပင် တွေ့ဖို့ ချိန်းလိုက်သည်။
အချိန်သည် ၅ နာရီခန့် ရှိပြီ ဖြစ်သောကြောင့် ၆ နာရီတွင် တွေ့ဖို့ ချိန်းလိုက်သည်။
ကုနင်းနှင့်ဖုန်းချလိုက်ပြီးနောက် လင်ရှောက်ရွှမ်းသည် သီးသန့်ခန်းတစ်ခန်းကို ဘိုကင်ယူလိုက်ပြီးနောက် ကုနင်းအား အခန်းနံပါတ်ကို စာပို့လိုက်သည်။
ကုနင်းသည် ထိုစားသောက်ဆိုင်ကို ရောက်ဖူးပြီး သူမဆီမှ သွားလျှင် မိနစ် ၂၀ ခန့်သာ ကြာလေသည်။ ဤတစ်ခါတွင်တော့ ကောင်းယိနှင့် ချောင်ယတို့မပါပဲ သွားလိုက်သည်။
သူမ စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင်တော့ ၅ နာရီ ၄၀ ခန့် ရှိပြီ ဖြစ်သည်။
***
အခန်း ၁၃၇၇ သူထိခိုက်သွားတော့ ဝမ်းသာလား
စားသောက်ဆိုင်သည် လုပ်ငန်းရှင်များအတွက် တည်ဆောက်ထားခြင်း မဟုတ်သော်လည်း ရှေးခေတ် အဆောက်အအုံပုံစံမျိုး တခမ်းတနား ဖြစ်နေသောကြောင့် ထူးခြားလေသည်။ ထိုစားသောက်ဆိုင်သည် နာမည်ကြီး ဖြစ်သောကြောင့် ၆ နာရီမတိုင်ခင်တွင်ပင် ဘိုကင်များပြည့်သွားပြီဖြစ်သည်။
ထိုဆိုင်သည် ကြီးမားပြီး နာမည်ကြီးသော်လည်း နေ့စဉ်နေ့တိုင်း လူများပြည့်ကျပ်တော့ မနေပါချေ။ စျေးနှုန်းများသည်လည်း ကြယ်ငါးပွင့် ဟိုတယ်များထက်နည်းသောကြောင့် လူအများ တတ်နိုင်သော စျေးဖြစ်သည်။
…
ကုနင်း သူမရောက်သည်နှင့် သီးသန့်ခန်းဆီသို့ တန်းသွားလိုက်သည်။ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ကတော့ မရောက်သေးသောကြောင့် ထိုင်စောင့်နေလိုက်သည်။
၆ နာရီထိုးခါနီးထိ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ ရောက်မလာသေးသောကြောင့် ကုနင်း ဖုန်းခေါ်ကြည့်လိုက်သည်။
“ဆောရီးပါ လမ်းမှာ ကားလမ်းပိတ်နေလို့.. နည်းနည်းပဲ နောက်ကျမှာပါ” လင်ရှောက်ရွှမ်း ပြောလိုက်သည်။
“ရပါတယ်.. လောစရာမလိုပါဘူး..ဂရုစိုက်လာပါ” ကုနင်းသည်လည်း မြို့တော်၏ ကားလမ်းကျပ်ပုံကို ကောင်းကောင်းသိထားသောကြောင့် အေးအေးဆေးဆေးပင် ရှိနေသည်။
လင်ရှောက်ရွှမ်းအနေနှင့်လည်း ကုနင်း၏ စိတ်ရှည်ပုံကို သိသော်လည်း သူနောက်ကျမည်ဆိုလျှင် သူမကိုတော့ ဖုန်းခေါ်ခဲ့သင့်သည်ပင်။ သူတို့သည် ကုနင်းကို မိသားစုဝင်အဖြစ် သဘောထားသော်လည်း မယဉ်မကျေးတော့ မလုပ်သင့်ပေ။
၁၂ မိနစ်ခန့် ကြာသောအခါ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ ရောက်လာကြသည်။ သူတို့သည် သီးသန့်ခန်းထဲသို့ အပြေးရောက်လာကြသည်။
သူတို့သည် ကုနင်းကို ထပ်တောင်းပန်လိုက်ကြပြီး ဝင်ထိုင်လိုက်ကာ အစားအသောက်များ မှာလိုက်ကြသည်။
စားပွဲထိုး ထွက်သွားသောအခါ လင်ရှောက်ရွှမ်းသည် ကုနင်းကို ပျော်ရွှင်မှုပြည့်နှက်နေသည့်လေသံဖြင့် “နင်းနင်းရေ.. သတင်းကောင်း ပြောစရာရှိတယ်.. လင်ရှောက်ကျားတစ်ယောက် တခြားသူဆီက အရိုက်အနှက် ခံထားရတယ်။”
ထိုသို့ ပြောပြီးနောက် လင်ရှောက်ရွှမ်းသည် မထိန်းနိုင်ပဲ ရယ်မောလိုက်ကြသည် “တိုက်ခိုက်သူက ဘယ်သူလဲတော့မသိပေမယ့် လင်ရှောက်ကျားကြောင့်ပဲ ဖြစ်မှာ.. သူက အမြဲတမ်း စိတ်တိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်နေတာလေ.. ပြီးတော့ သူက အရမ်းကြီးလည်း မထိခိုက်သွားတော့ အဖိုးဆို ဆက်တောင် မစုံစမ်းခိုင်းတော့ဘူး။”
ကုနင်း အနည်းငယ် အံ့ဩသွားသည်။ လင်မိသားစုဘက်က ဆက်လက်စုံစမ်းခြင်းမပြုတော့ဟု ပြောထားသည်မဟုတ်ပါလား။ သူမသည်လည်း စိတ်ပူနေသူ ဖြစ်သောကြောင့် လျှို့ဝှက်ချက် အဖြစ်ပင် ထားလိုက်သည်။
ထို့အပြင် သူတို့သည် လင်ရှောက်ကျားကို ပြင်းထန်စွာ ထိခိုက်ထားခြင်း မရှိဟု ထင်နေကြခြင်းမှာလည်း သူမ၏ ခါးသည် ကုနင်း၏ မှော်စွမ်းအင်ကြောင့် ထိခိုက်ထားခြင်းကြောင့်မှန်း မသိသောကြောင့်ပင်။
သို့သော် လင်မိသားစုသည် လင်ရှောက်ကျားအကြောင်းကို ကောင်းကောင်း သိထားကြသောကြောင့် စဉ်းစားချင့်ချိန်နိုင်ကြသူများလည်း ဖြစ်သည်။
ကုနင်းသည် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့မှာ သခင်ကြီးလင်၏ စကားကို နားထောင်မည်ဟုတော့ မထင်မိချေ။ သူတို့သည် ရှေ့တွင်တော့ သဘောတူမည်ဖြစ်သော်လည်း သခင်ကြီးလင်၏ နောက်ကွယ်တွင်တော့ ဆက်လက်စုံစမ်းကြမည် ဖြစ်သည်။
သို့သော် သူတို့လက်မလျှော့ကြလျှင်တောင် ကုနင်းအတွက်တော့ အနေသာကြီးသာ။
“သူထိခိုက်သွားတာကို ပျော်နေတာလား?” ကုနင်း လင်ရှောက်ရွှမ်းကို ပြုံးကြည့်ရင်း မေးလိုက်သည်။
“ဒါပေါ့ သူက အကျင့်မကောင်းတော့ အမြဲမုန်းနေခဲ့ရတာလေ.. သူစောစောကတည်းက အဲဒီလို သင်ခန်းစာရသင့်ခဲ့တာ။”
“အမေကတောင် ဒီနေ့ သူ့ကို သွားတွေ့ဖို့ ပြောသေးတယ်.. ဒါပေမယ့် သူက ဆေးရုံပြောင်းသွားလို့ ဒီကိုပဲ လာတွေ့လိုက်တာ။” လင်ရှောက်ရွှမ်း ဆက်ပြောလိုက်သည်။
“နင်းနင်း .. ရှောင်းထင်နဲ့ စေ့စပ်ပွဲကရော ဘယ်လိုလဲ?” လင်ရှောက်ရှီ စိုးရိမ်တကြီး မေးလိုက်သည်။ သူမသည် ကုနင်းကို အလွန်ချစ်သောကြောင့် သူမကို လင်မိသားစု၏ တရားဝင်မိသားစုအဖြစ် မြင်ချင်နေပြီ ဖြစ်သည်။ သူမသည် ကုနင်းကို အထင်ကြီးသူ ဖြစ်သောကြောင့် လင်ရှောင်းထင်နှင့် သက်ဆုံးတိုင် ပေါင်းဖက်စေချင်နေလေသည်။
“ဘယ်တော့ စေ့စပ်ကြမှာလဲ?” လင်ရှောက်ရွှမ်း ထပ်မေးလိုက်သည်။
“နောက်နှစ်လောက်တော့ လုပ်ဖြစ်မယ် ထင်ပါတယ်။”
သူမသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဘာမှတော့ ဖြစ်မသွားပါချေ။ သူတို့ လက်မထပ်သေးပဲ စေ့စပ်ကြမည်သာ ဖြစ်သော်လည်း ဘာမှပြောင်းလဲသွားမည် မဟုတ်ပါပေ။ လင်ရှောင်းထင်ကတော့ မြန်မြန်လက်ထပ်ချင်နေပြီဖြစ်သည်။
“နောက်နှစ်မှလား?” လင်ရှောက်ရွှမ်း နှင့် လင်ရှောက်ရှီတို့သည်လည်း စိတ်ပျက်သည့်ပုံ ဖြစ်သွားကြသည်။ သူတို့သည် လင်ရှောင်းထင်နှင့် ကုနင်းကို မကြာခင်လက်ထပ်တော့မည်ဟု ထင်နေကြသည် မဟုတ်ပါလား။
…
လင်မိသားစုအိမ်တွင် လင်ယွမ်ကျင်း၊ သခင်ကြီးလင်၏ အငယ်ဆုံးသမီးနှင့် သူမခင်ပွန်းတို့သည် သူတို့၏ သမီးဖြစ်သူနှင့်အတူ ရောက်ရှိနေကြသည်။
လင်ယွမ်ကျင်းနှင့် သူမခင်ပွန်းတို့သည် လင်ရှောက်ကျား၏ သတင်းကို ကြားသောကြောင့် တစ်မိသားစုလုံး ရောက်လာကြခြင်းဖြစ်သည်။ သူတို့သည် လေယာဉ်ချိန် ကြန့်ကြာနေသောကြောင့် ညတုန်းက မရောက်ခဲ့ရပေ။ သူတို့သည် မြို့တော်တွင် မနေကြပဲ အနည်းငယ်အလှမ်းဝေးသော ပထမအဆင့်မြို့တော်တွင်သာ နေကြသောကြောင့် မြို့တော်သို့ အမြဲလာရန် မလွယ်ကူကြပါချေ။ လင်ယွမ်ကျင်းသည်လည်း လင်ရှောက်ကျား ပြင်းထန်စွာ ဒဏ်ရာရထားခြင်း မဟုတ်သည်ကို သိသောကြောင့် ဆေးရုံသို့တန်းမသွားသေးပဲ လင်မိသားစုအိမ်သို့ အရင်သွားလိုက်သည်။
သူတို့ရောက်လာသောအခါ လင်မိသားစုကလည်း နွေးထွေးစွာကြိုဆိုလိုက်ရင်း လင်ရှောက်ကျားကို သွားမတွေ့ခင် အတူစားသောက်လိုက်ကြသည်။
ကျန်းရှူးယွမ်နှင့် လင်ရှောက်မင်တို့သည် ဆေးရုံတက်နေသော လင်ရှောက်ကျား အနားတွင် နေပေးရမည် ဖြစ်သောကြောင့် သူတို့ကတော့ မရှိကြပေ။
***
အခန်း ၁၃၇၈ လင်ယွမ်ကျင်း
လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် လင်ရှောက်ကျားကိုမတွေ့ခဲ့ရသောကြောင့် သခင်ကြီးလင်သည် ကျန်းရှူးယွမ်ကို မည်သည့်နေရာတွင် ရောက်နေကြောင်း ဖုန်းဆက်မေးလိုက်သည်။ သူတို့သည် လင်ရှောက်ကျားကို အခြားဆေးရုံသို့ပြောင်းလိုက်သော်လည်း သခင်ကြီးလင်ကို မပြောရသေးသောကြောင့် သခင်ကြီးလင် မကျေမနပ်ဖြစ်နေကာ ဆူပူကြိမ်းမောင်းနေလေသည်။
“အိုး.. ဒါနဲ့ ဘယ်သူတိုက်ခိုက်တာလဲဆိုတာ သိပြီးသွားပြီလား?” လင်ယွမ်ကျင်း ရုတ်တရတ် ထမေးလိုက်သည်။
လင်ယွမ်ကျင်းသည် အခြားမိသားစုနှင့် လက်ထပ်ခဲ့သည်မှာ ကြာပြီ ဖြစ်သောကြောင့် လင်ရှောက်ကျား အကြောင်း ကောင်းကောင်းမသိပေ။ လင်ရှောက်ကျားသည် ငယ်စဉ်ကတည်းမှ အလိုလိုက်ခံထားရသူမှန်း သိသော်လည်း လင်ယွမ်ကျင်းသည် သူမကို ကြီးလာပြီ ဖြစ်သောကြောင့် ဆိုးသွမ်းသော ကလေးဟုတော့ မထင်တော့ချေ။
လင်ယွမ်ကျင်းသည် လင်မိသားစုထံသို့ တစ်နှစ်လျှင် နှစ်ခေါက် သုံးခေါက်ခန့် လာတွေ့တတ်သော်လည်း လင်ရှောက်ကျားနှင့်လည်း အမြဲမတွေ့ဖြစ်သောကြောင့် ပါသည်။
လင်မိသားစုသည် နိုင်ငံ၏ အရှိန်အဝါကြီးသော မိသားစုဖြစ်သောကြောင့် လင်ရှောက်ကျားကို တစ်စုံတစ်ယောက်က လာတိုက်ခိုက်သည်ဟု သိသောအခါ အလွန်အံ့ဩသွားခဲ့သေးသည်။ သူမသည် လင်မိသားစုမှာ စဉ်းစားချင့်ချိန်တတ်သူများ ဖြစ်သောကြောင့် သူတို့တစ်ခုခု အမှားရှိလျှင်လည်း ဝန်ခံမည်ဟုသာ တွေးနေလေသည်။
တကယ်တော့ လင်ယွမ်ကျင်းသည် ကျန်းရှူးယွမ်နှင့်လည်း မတည့်ပါချေ။ သူတို့သည် လင်ယွမ်ကျင်း တစ်ယောက် အိမ်ထောင်မပြုခင်အထိ တကျက်ကျက် ရန်ဖြစ်နေလေ့ရှိကြသူများ ဖြစ်သည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် နောက်ပိုင်းတွင် သိပ်မတွေ့ဖြစ်တော့သောကြောင့် ရန်မဖြစ်ကြတော့ခြင်း ဖြစ်သည်။ သို့သော် လင်ယွမ်ကျင်းကတော့ ကျန်းရှူးယွမ် တစ်ယောက် ပြောင်းလဲသွားမည်ဟုတော့ မထင်ပါချေ။
သခင်ကြီးလင်သည်လည်း ဒေါသထွက်နေပုံပေါက်နေပြီး “ငါတို့ ဒီကိစ္စကို စုံစမ်းမှာ မဟုတ်ဘူး.. ရှောက်ကျား ဒီကိစ္စကနေ သင်ခန်းစာ ယူသင့်တယ်.. သူအခုကစပြီး မပြင်နိုင်ရင် ငါတို့မိသားစုလည်း တစ်နေ့နေ့တော့ သူ့ကြောင့် ဒုက္ခရောက်ဦးမှာ။”
ထိုစကားကို ကြားသောအခါ လင်ယွမ်ကျင်း အံ့ဩသွားလေသည်။ သူမသည် လင်ရှောက်ကျားကို လိမ္မာနေပြီဟု အထင်မှားနေခဲ့ခြင်းပင်။
လင်မိသားစုသည် အရှိန်အဝါကြီးမားသောကြောင့် ရန်သူလည်း များပြားသည် မဟုတ်ပါလား။
လင်ယွမ်ကျင်းသည် လင်ရှောက်ကျားကို စိတ်ပျက်နေသူ ဖြစ်သောကြောင့် သူမအကြောင်း ဂရုမစိုက်မိခြင်းလည်း ဖြစ်သည်။
“အိုး ဟုတ်သားပဲ ရှောင်းထင်ရဲ့ စေ့စပ်ပွဲကရော ဘယ်တော့လောက် ဖြစ်မလဲ?” လင်ယွမ်ကျင်း ထပ်မေးလိုက်ပြန်သည်။
လင်ယွမ်ကျင်းသည် သခင်ကြီးလင်နှင့်တော့ အဆက်အသွယ် မပြတ်ရှိနေသောကြောင့် လင်ရှောင်းထင်ကိုတော့ ချစ်ကြလေသည်။ သူတို့ ဖုန်းခေါ်ကြတိုင်း သူ့အကြောင်းကို ပြောလေ့ရှိကြသည်ပင်။ ထို့ကြောင့် လင်ယွမ်ကျင်းသည် လင်ရှောင်းထင်နှင့် ကုနင်းတို့အကြောင်းကိုတော့ ကောင်းကောင်းသိလေသည်။
လင်ယွမ်ကျင်းသည် အခြားမိသားစုနှင့် အိမ်ထောင်ကျသွားခဲ့သော်လည်း အားလုံးထဲတွင် လင်ရှောင်းထင်ကိုတော့ အချစ်ဆုံးဖြစ်သည်။ သူမသည် သွေးအနီးဆုံး ဖြစ်သောကြောင့်ပင်။
သို့သော် လင်ရှောင်းထင်ကတော့ အေးတိအေးစက် နိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူနှင့် လင်ယွမ်ကျင်းတို့သည် အရမ်းတော့ မရင်းနှီးခဲ့ကြပေ။
လင်ယွမ်ကျင်းသည် လင်ရှောင်းထင်နှင့် စကားစမြည်ပြောချင်သော်လည်း ဘာပြောရမှန်းပင် မသိဖြစ်နေသည်။ သူ့အကြောင်းများကို သခင်ကြီးလင်ဆီမှတစ်ဆင့်သာ ကြားနေရသည် မဟုတ်ပါလား။ ထို့အပြင် လင်ရှောင်းထင်သည် ကုနင်းနှင့် မတွေ့ခင်အထိ သူ့ကို ဆက်သွယ်ဖို့လည်း ခက်ခဲသူဖြစ်သည်။ သူသည် စစ်အခြေစိုက်စခန်းတွင်သာ နေလေ့ရှိသူ မဟုတ်ပါလား။ ကုနင်းနှင့်တွေ့ပြီးမှသာ ဘဝ၏ အနှစ်သာရများကို ခံစားတတ်လာသူ ဖြစ်သည်။
ကုနင်းသည် သူနှင့် သူ့ဘဝကို အမှန်တကယ်ပင် ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။
“လောင်ထန်က ဒီနှစ်ထဲ ကောင်းတဲ့ရက် မရှိသေးဘူးဆိုလို့ နောက်နှစ်မှ စေ့စပ်ဖြစ်ကြမယ်။” သခင်ကြီးလင်က ပြောလိုက်သည်။
“အဲဒီလိုလား.. သူတို့ထပ်စောင့်ဖြစ်တော့လည်း ကောင်းတာပါပဲ.. ပိုပြီး ရင်းနှီးသွားကြတာပေါ့။” လင်ယွမ်ကျင်းလည်း သခင်ကြီးလင်ကို နှစ်သိမ့်ပေးလိုက်သည်။
လင်ယွမ်ကျင်းသည် ကုနင်းကို အထင်ကြီးသူဖြစ်သည်။ မိန်းကလေးတစ်ယောက် အနေဖြင့် ထိုအသက်အရွယ်နှင့် ထိုကဲ့သို့အောင်မြင်မှုများ ရရှိရန်မှာ မလွယ်ကူသည်ပင်။ ထို့အပြင် လင်ရှောင်းထင်၏ ချစ်သူလည်း ဖြစ်နေသေးသည်။
သူတို့အားလုံးသည် လင်ရှောင်းထင်တစ်ယောက် အချစ်ကို ရှာတွေ့သွားခဲ့ခြင်းအပေါ် ပျော်ရွှင်ပေးကြလေသည်။ လင်ရှောင်းထင် မည်သူ့ကို ရွေးရွေး လင်မိသားစုသည် လက်ခံကြမည်သာ ဖြစ်သည်။
အမှန်တွင်တော့ လင်ရှောင်းထင်ကို သူတို့မိသားစုနှင့် အဆင့်တူသည့် မိန်းကလေးကိုတော့ ရှာစေချင်ကြသည်ပင်။ သူတို့သည် မာနကြီးသူများမဟုတ်သော်လည်း သာမာန်မိသားစု မဟုတ်သောကြောင့် သူတို့၏ အရှိန်အဝါကို ထောက်ပံ့တိုးမြှင့်ပေးနိုင်သူ ဆိုလျှင်တော့ ပိုကောင်းနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် များသောအားဖြင့် အရှိန်အဝါကြီးသော မိသားစုများမှ လူငယ်များသည် အိမ်ထောင်ပြုရာတွင် သူတို့၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ခွင့်မရကြပါချေ။
လင်ရှောင်းထင်၏ ဖခင်မှလွဲပြီး ကျန်သော လင်မိသားစုဝင်များသည် သူတို့တွဲချင်သူများနှင့် မတွဲကြပါချေ။ သခင်ကြီးလင်၏ အတင်းတိုက်တွန်းမှုကြောင့်တော့မဟုတ်ပဲ လင်မိသားစု၏ အကျိုးအမြတ်အတွက် ထောက်ပံ့လိုကြခြင်းကြောင့် ဖြစ်သည်။
ကံကောင်းစွာပင် သူတို့အားလုံးလည်း အိမ်ထောင်ရေးကံ ကောင်းကြသည်။
ထို့အပြင် လင်မိသားစုဝင်များသည် သူတို့၏ အိမ်ထောင်ဖက်များအပေါ်လည်း သစ္စာရှိကြသည်။ ဥပမာပြောရလျှင် ကျန်းရှူးယွမ်သည် စိတ်ကြီးသူ ဖြစ်သော်လည်း လင်ယွမ်ချန်သည် သူမကို ကွာရှင်းမည့်စိတ်ကူးပင် မရှိပါချေ။
သို့သော် ကုနင်းသည်လည်း သူမ၏ အရည်အချင်းများနှင့် မိသားစုနောက်ခံကြောင့် အဆင်ပြေသူတစ်ယောက်ပင် ဖြစ်သည်။ လင်မိသားစုအတွက် အကျိုးများစွာ ဖြစ်စေနိုင်သည် မဟုတ်ပါလား။ ကုနင်း၏ အကူအညီနှင့်ဆိုလျှင် လင်မိသားစု၏ အရှိန်အဝါပင် ပိုကြီးလာနိုင်သေးသည်။
ထန်မိသားစုတွင် ထန်ယွင်ဟန်သည် နိုင်ငံရေးလမ်းကြောင်းကို မရွေးချယ်သေးသော်လည်း မြို့တော်၏ အထင်ကရ မိသားစုများသည် သူ့ကို တွန်းအားမပေးရဲကြပါချေ။ ကုနင်းသည် လင်ရှောင်းထင်နှင့် လက်ထပ်မည်ဆိုပါက သူတို့သည်လည်း လင်မိသားစုနှင့် တစ်သားတည်း ဖြစ်သွားကြတော့ပေမည်။
ထန်ကျားခိုင်နှင့် ထန်ကျားယန်တို့သည် လူလွတ်များဖြစ်နေသေးသော်လည်း သူတို့သည် ကုနင်းတစ်ယောက် လင်မိသားစုဝင်နှင့် လက်ထပ်လိုက်ပါက အခြား မိသားစု ၃ ခုမှ မိန်းကလေးများနှင့် လက်ထပ်ကြမည် မဟုတ်တော့ချေ။
***
အခန်း ၁၃၇၉ မိစ္ဆာကျင့်ကြံသူနှင့် လင်ရှောင်းထင် တွေ့ဆုံခြင်း
လင်မိသားစုသည် လင်ရှောက်ကျား ပြောပြလိုက်သော ဆေးရုံအသစ်၏ လိပ်စာကို ရလိုက်ပြီးနောက်တွင် ညစာစားပြီး သွားတွေ့လိုက်ကြသည်။ လင်ယွမ်ကျင်းတို့မိသားစုသည်လည်း လင်မိသားစုနှင့် လိုက်သွားလိုက်သည်။
သွားနေစဉ်တွင် ယွီယင်သည် လင်ရှောက်ရွှမ်းကို ဖုန်းခေါ်ပြီး ဆေးရုံသို့ လိုက်လာရန် ပြောလိုက်သည်။
ထိုအချိန်တွင် ကုနင်း၊လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် ညစာစားပြီး ဖြစ်သောကြောင့် အခြားမိတ်ဆွေများနှင့်အတူ ပျော်ပါးကြဖို့ စီစဉ်ထားတာ ဖြစ်သည်။ သို့သော် ယွီယင်၏ ခေါ်ဆိုမှုက သူတို့၏အစီအစဉ်ကို ဖျက်ဆီးလိုက်သည်။
လင်ရှောက်ရွှမ်းမှာ လင်ရှောက်ကျားနှင့် မတွေ့ချင်သော်လည်း လင်ယွမ်ကျင်းတို့မိသားစုလည်း ရောက်နေသောကြောင့် သွားတွေ့ရမည် ဖြစ်သည်။
“ပြီးရော” လင်ရှောက်ရွှမ်း နောက်ဆုံးတွင် သဘောတူလိုက်ရသည်။ သို့သော်သူသည် ယွီယင်ကိုတော့ ကုနင်းနှင့်အတူရှိနေကြောင်း မပြောပြလိုက်ချေ။ ယွီယင် သာသိမည်ဆိုပါက ကုနင်းကိုပါ လင်ရှောက်ကျားကို လိုက်တွေ့ဖို့ ပြောနိုင်လေသည်။ ကုနင်းသည် လင်ရှောက်ကျားနှင့် မတည့်ကြောင်း သိကြသောကြောင့် လင်ရှောက်ရွှမ်းသည် ကုနင်း စိတ်အနှောင့်အယှက် ဖြစ်မှာကို စိုးရိမ်သွားခြင်း ဖြစ်သည်။
ယွီယင်နှင့် ဖုန်းပြောပြီးနောက်တွင် လင်ရှောက်ရွှမ်းသည် ကုနင်းကို “နင်းနင်း.. ငါတို့ လင်ရှောက်ကျားကို သွားတွေ့ရဦးမယ်.. အမေ့ကိုတော့ အတူတူ ရှိနေတယ်လို့ မပြောလိုက်ဘူး.. လိုက်လာခိုင်းနေရင် အနေခက်နေမှာ စိုးလို့။”
“ကျေးဇူးပါ.. ငါလည်း သူနဲ့ မတွေ့ချင်ဘူး.. သွားလိုက်ကြပါ။”
“ကောင်းပြီ နောက်မှ တွေ့တာပေါ့။”
“ဘိုင့်။”
လင်ရှောက်ရွှမ်း သည် လင်ရှောက်ရှီ တို့ ထွက်သွားတော့မည် ဟန်ပြင်လိုက်သောကြောင့် ကုနင်း လည်း လိုက်ထွက်လာလိုက်သည်။
ကုနင်းကို ပိုက်ဆံမရှင်းစေချင်သောကြောင့် လင်ရှောက်ရွှမ်းသည် သီးသန့်ခန်းထဲမှ ထွက်လိုက်သည်နှင့် ငွေရှင်းကောင်တာသို့ အပြေးသွားလိုက်သည်။ ကုနင်းနှင့် လင်ရှောက်ရှီတို့ပင် လန့်ဖျပ်သွားကြလေသည်။ ကုနင်းသည် သူတို့ဧည့်သည် ဖြစ်သောကြောင့် သူတို့က ပေးရမည် မဟုတ်ပါလား။
ထို့နောက် ကားပါကင်သို့ ထွက်လာလိုက်ကြပြီး ကားကိုယ်စီနှင့် ထွက်သွားလိုက်ကြသည်။ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ကတော့ လင်ရှောက်ကျားဆီကို သွားတွေ့ကြပြီး ကုနင်းကတော့ ရာစုနှစ်မြို့တော်အိမ်ရာသို့ ပြန်သွားလိုက်သည်။
…
သခင်ကြီးလင်နှင့် အခြားသူများကတော့ ကြိုရောက်နှင့်နေကြသည်
ဆရာဝန်သည် လင်ရှောက်ကျား၏ ခါးကို လိမ်းဆေးလိမ်းပေးပြီး ဖြစ်သော်လည်း သူမသည် ဖြူဖျော့သော မျက်နှာဖြင့် ညည်းညူနေဆဲ ဖြစ်လေသည်။
“ဘယ်လိုဖြစ်တာလဲ.. ဆရာဝန်ပြောတော့ ဘာမှ မဖြစ်ဘူးဆို!” သခင်ကြီးလင် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ထိုအခါ လင်ရှောက်မင်က “ဆရာဝန်က ဘာမှမဖြစ်ဘူးပြောပေမယ့် သူ့ခါးက တောက်လျှောက်ကို နာနေတာ.. စက်ပစ္စည်းတွေနဲ့လည်း အဖြေရှာလို့ မရဘူး.. ဆရာဝန်ကတော့ အနာသက်သာအောင် လိမ်းဆေးပေးပေမယ့် မသက်သာပါဘူး။”
ထိုစကားကို ကြားသောအခါ အားလုံး စိတ်ရှုပ်သွားကြသည်။
“သူဘာလို့ တောက်လျှောက်နာနေလဲဆိုတာ မြန်မြန်အဖြေမရှာနိုင်ရင်တော့ ကြာရင်ခက်တော့မယ်။” လင်ယွမ်ကျင်းက ပြောလိုက်သည်။
“သူနာနေတာကို တစ်ရက် နှစ်ရက်လောက်ဆို ပျောက်လောက်ပြီထင်တာ.. ဒါပေမယ့် မပျောက်သွားဘူး.. ရှောက်ကျားလည်း ညညဆို မေ့ဆေးတွေကြောင့်သာ အိပ်နိုင်တာ.. ကြာလာရင် သူ့ခန္ဓာကိုယ်ကို ထိခိုက်မှာ စိုးတယ်။” ကျန်းရှူးယွမ် မျက်ရည် တစမ်းစမ်းဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ ရောက်လာကြသည်။ သူတို့သည် လင်ယွမ်ကျင်းနှင့် စုန့်ဝမ်ရွှမ်တို့ကို တွေ့သောအခါ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သို့သော် လင်ရှောက်ကျားကိုတော့ လျစ်လျူရှုထားလိုက်သည်။ လင်ရှောက်ကျားကို လုံးဝတွေ့ချင်စိတ်ပင် မရှိကြပေ။ သို့သော် လင်ရှောက်ကျား၏ နာကျင်ခံစားနေရမှုကို တွေ့လိုက်ရသောအခါ စိတ်ရှုပ်ထွေးသွားကြသည်။
လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ အကြည့်ချင်းဆုံသွားကြသည်။ ထိုအကြည့်များထဲတွင် ကျေနပ်အားရမှုများလည်း ပါဝင်နေကြလေသည်။
အခြားသော လင်မိသားစုဝင်များသည် လင်ရှောက်ကျားကို ကူညီပေးချင်နေကြသော်လည်း သူတို့သည် ဆရာဝန်များ မဟုတ်သောကြောင့် ဘာမှမလုပ်နိုင် ဖြစ်နေကြလေသည်။
“အိုး.. ကုနင်းမှာ ဆေးကောင်းဝါးကောင်းလေးများ မရှိနိုင်ဘူးလား.. သူဆိုရင် ရှောက်ကျား ကို မကုနိုင်လောက်ဘူးလား?” လင်ယွမ်ချန် ရုတ်တရတ်ထမေးလိုက်သည်။
လင်ယွမ်ချန်သည် သူမ၏ အကူအညီကို လိုအပ်လာသောအခါ သူ့မိသားစုသည် ကုနင်းနှင့် မတည့်မှန်းကို မေ့သွားလေသည်။
“အိုး ဟုတ်တာပေါ့ ဘယ်လိုတောင် မေ့နေရတာလဲ!” သခင်ကြီးလင်ကလည်း ထိုတော့မှ သတိရလို့သွားသည်။
“ငါတို့ကို ဆေးယူလာပေးဖို့ ပြောလိုက်” ကျန်းရှူးယွမ် ည် မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။ သူမ၏ အသံသည် ကုနင်းမှာ သူမထံမှ အကြွေးပင် တင်ထားသလို မာထန်နေလေသည်။ သူမသည် ကုနင်းကို မုန်းတီးနေသည်ကိုပင် မေ့လျော့နေလေသည်။
လင်ရှောက်ကျားသည် ကုနင်း၏ အကူအညီကို မလိုချင်သော်လည်း ဘာမှမတတ်နိုင်သည်ပင်။ သူမသည် ကုနင်း သူမအပေါ် မည်သို့မြင်မည်ကိုပင် ဂရုမစိုက်တော့ပါချေ။
လင်ရှောက်ရွှမ်းသည် အပြင်ထွက်သွားပြီး ကုနင်းကို ဖုန်းခေါ်လိုက်သည်။
လင်ယွမ်ကျင်းကတော့ စိတ်ဝင်စားသွားပြီး “ဆေး.. ဘာဆေးလဲ?”
သခင်ကြီးလင်သည် လင်ယွမ်ကျင်း နှင့် သူမအမျိုးသားတို့ကို ပြောပြလိုက်သောအခါ ကုနင်း၏ ဆေးစွမ်းပုံကို သိသွားပြီး အလွန်အံ့ဩသွားကြလေသည်။
လင်ရှောက်ရွှမ်းတစ်ယောက် ကုနင်းကို ခေါ်လိုက်စဉ်တွင် ကုနင်းသည် သူမအိမ်သို့ ရောက်နေပြီ ဖြစ်ပြီး သူမအိပ်ခန်းရှိရာ လှေကားသို့ တက်နေချိန် ဖြစ်သည်။
သူမတက်နေစဉ်တွင် သူမ၏ အမြင်အာရုံထဲတွင် တစ်စုံတစ်ခု ပေါ်လာလေသည်။ ချောက်ကမ်းပါး အစွန်းတွင် မိစ္ဆာကျင့်ကြံရေးမှ လူသည် လင်ရှောင်းထင် နှင့် မျက်နှာချင်းဆိုင် ရပ်နေကြသည့် ပုံရိပ်ဖြစ်သည်။
ကုနင်း အလွန်ထိတ်လန့်သွားသည်။ လင်ရှောင်းထင်က မိစ္ဆာကျင့်ကြံရေးက လူနဲ့ ဘယ်လိုတွေ့တာလဲ..
ထိုစဉ် သူမဖုန်း မြည်လာသောကြောင့် ကုနင်း၏ အမြင်အာရုံမှ ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။
ကုနင်း ဒေါသထွက်သွားတော့သည်။ သို့သော် ဖုန်းခေါ်သူသည် သူမ၏ အဖြစ်ကို မသိနေသောကြောင့် အပြစ်လည်း မဆိုသာပါချေ။ သို့သော်သူမသည် ချောက်ကမ်းပါးအစွန်းကိုတော့ ချက်ချင်းသွားရတော့မည် ဖြစ်သည်။
လင်ရှောင်းထင်တစ်ယောက် မိစ္ဆာကျင့်ကြံသူကို အနိုင်ယူနိုင်ပါ့မလားဟု သူမတွေးပူနေမိတော့သည်။
***
အခန်း ၁၃၈၀ ကုနင်း၏ဆေး
သူမသည် လင်ရှောင်းထင်ကို အရည်အချင်းရှိသော စစ်သားတစ်ဦးဖြစ်ကြောင်း သိသော်လည်း သူ့ကိုတော့ အန္တရာယ် မဖြစ်စေချင်ပေ။ သူမသည် ထိုပုံရိပ်ကိုသာ မမြင်ခဲ့ပါက ဘာမှဖြစ်မည် မဟုတ်သော်လည်း မြင်လိုက်ရပြီ ဖြစ်သောကြောင့် ထိုင်ကြည့်မနေနိုင်ပါချေ။
ထိုပုံရိပ်တွင် ပေါ်လာသူမှာ မည်သူပင်ဖြစ်စေ သူမကူညီမည် ဖြစ်သည်။ အထူးသဖြင့် ပေါ်လာသူမှာ လင်ရှောင်းထင် ဖြစ်နေသောအခါတွင်တော့ သူမပိုလို့ပင် ကူညီရမည် ဖြစ်သည်။
ကုနင်း ချက်ချင်းလှည့်ထွက်ပြီး အပြင်သို့ ထွက်လိုက်သည်။ သူမသည် ထွက်သွားစဉ်တွင် ဖုန်းကို ကိုင်လိုက်သည်။ “ဘာများလဲ ရှောက်ရွှမ်း?”
ကုနင်းသည် လင်ရှောင်းထင်အတွက် အလွန်စိတ်ပူနေသော်လည်း သူမ၏ လေသံတွင်တော့ မသိသာအောင် ထိန်းပြောလိုက်သည်။
“နင်းနင်း.. လင်ရှောက်ကျားက တော်တော်တော့ အထိနာနေတယ်ထင်တယ်.. သူ့ခါးနာနေတာကိုပဲ တောက်လျှောက် ညည်းညူနေတယ်.. အဲဒါဆေးကို တောင်းပေးဖို့ ဖုန်းဆက်ခိုင်းလိုက်လို့.. ဒါပေမယ့် လင်ရှောက်ကျားကို အဲဒီဆေးကိုလည် မပေးတိုက်ချင်ဘူး.. မရှိဘူးလို့ ပြောလိုက်ပါလား!”
ကုနင်း စိတ်ပျက်လက်ပျက် ပြုံးလိုက်ရင်း “အခုပေးချင်ရင်တောင် လာပေးလို့မရဘူး.. မြို့တော်ကနေ အရေးတကြီး ထွက်ပြီး သွားစရာ ကိစ္စပေါ်လာလို့.. အရမ်းအရေးကြီးလို့ အခုသွားရတော့မယ်.. သူတို့ ဖုန်းဆက်လည်း နောက်မှ ပြောလိုက်တော့မယ်။”
တကယ်လည်း ကုနင်းသည် လင်ရှောက်ကျားကို ကူညီပေးရန် သခင်ကြီးလင်က အကူအညီတောင်းလျှင်ပင် မကူညီချင်ပါချေ။ သူမသည် လင်ရှောက်ကျားကို ဒုက္ခိတ မဖြစ်ရန်ပင် သက်ညှာပေးခဲ့ပြီး ဖြစ်ရာ ကူညီပေးစရာ အကြောင်းလည်း မရှိပါချေ။
“ဟုတ်ပြီလေ.. ဂရုစိုက်သွားဦး”
ကုနင်းသည်လည်း လင်ရှောက်ကျားကို မကူညီပေးနိုင်သောကြောင့် လင်ရှောက်ရွှမ်း စိတ်ကျေနပ်သွားသည်။
လင်ရှောက်ရွှမ်းနှင့်ဖုန်းပြောပြီးနောက် ကုနင်း ကားပေါ်တက်ကာ အမြန်မောင်းထွက်သွားလိုက်သည်။ ပုံရိပ်သည် သူမ အာရုံထဲတွင် ပေါ်ထားပြီး ဖြစ်သောကြောင့် ဘယ်ကို သွားရမည်ကို သူမသိလေသည်။ လင်ရှောင်းထင်၏ အခြေအနေကိုတော့ မသိသောကြောင့် သူ့ကို အနှောင့်အယှက်မပေးချင်သဖြင့် ဖုန်းမခေါ်လိုက်ပါချေ။
…
ဆေးရုံတွင်တော့ လင်မိသားစုသည် ကုနင်း၏ ဆေးမှာ လင်ရှောက်ကျားကို ကူညီပေးနိုင်မှန်း သိကြသော်လည်း သူမကို မည်သူကမျှ မခေါ်ကြပါချေ။
သခင်ကြီးလင်သည် လင်ယွမ်ကျင်းနှင့်အတူ ကျန်းကျုံးယွီအကြောင်း ပြောနေစဉ်တွင် ကျန်းရှူးယွမ်သည် စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။
“အဖေ ..ကုနင်းကို အခုချက်ချင်း ဆေးယူပြီးလာဖို့ ပြောလိုက်ပါ.. ဒီမှာ ရှောက်ကျားက နာကျင်ခံစားနေရပြီ”
သူ၏ လေသံသည် ကုနင်းမှာ လင်ရှောက်ကျားကို ကူညီဖို့ တာဝန်ရှိနေသလိုပင် ဖြစ်နေရာ သခင်ကြီးလင်ပင် ကျန်းရှူးယွမ်၏ အပြုအမူအပေါ် မနှစ်မြို့ ဖြစ်သွားသည်။
ကုနင်းသည် သူတို့အပေါ် အကြွေးတင်နေခြင်း မရှိသလို ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ကပင် ကုနင်းကို တောင်းပန်ရမည် ဖြစ်သည်။ ထို့ကြောင့် သခင်ကြီးလင်သည် ကျန်းရှူးယွမ်ကို ကြိမ်းမောင်းလိုက်သည်။
“ဘာ ကုနင်းကို အကူအညီလိုမှ သတိရတာလား.. မင်းတို့သူ့ကို အရင်က ဘယ်လိုဆက်ဆံခဲ့ကြလဲဆိုတာ မေ့သွားပြီလား.. မင်းတို့ အရှက်မရှိကြဘူးလား .. နင်းနင်းက မင်းတို့အပေါ်မှာ အကြွေးတင်နေတာ ဘာမှ မရှိဘူး။”
သခင်ကြီးလင်သည် သူ၏ မြေးဖြစ်သူကို သနားသော်လည်း ဒီတစ်ကြိမ်တွင်တော့ မြေးချွေးမဘက်မှ ရပ်တည်လိုက်သည်။ ကုနင်းမှာ သူကိုယ်တိုင်ပြောလျှင် လင်ရှောက်ကျားကို ကူညီပေးမည်မှန်း သိသော်လည်း ကုနင်း စိတ်မသက်မသာ ဖြစ်နေမည်ကို သိလေသည်။
လင်ယွမ်ချန် ရှက်သွားတော့သည်။ သူသည် သူ့မိသားစုမှာ ကုနင်းကို အရင်က ဆိုးဝါးစွာ ဆက်ဆံခဲ့ဖူးမှန်း သိလေသည်။ ကျန်းရှူးယွမ်သည်လည်း အလွန်စိတ်အနှောင့်အယှက်ပေးသူ မဟုတ်ပါလား။
လင်ရှောက်မင်ကတော့ ကျန်းရှူးယွမ် နှင့် လင်ရှောက်ကျားတို့ ကုနင်းကို ဘာလုပ်ခဲ့မှန်း မသိသော်လည်း သူ့ အမေနှင့် ညီမအကြောင်းကိုတော့ ကောင်းကောင်း သိလေသည်။ သခင်ကြီးလင်၏ လေသံကို နားထောင်ခြင်းအားဖြင့် ကောင်းသောဆက်ဆံရေးတော့ မဖြစ်နိုင်ပါချေ။
လင်ယွမ်ကျန်းနှင့် သူ့ဇနီးတို့သည်လည်း ဆိတ်ဆိတ်နေလိုက်ကြသည်။
လင်ယွမ်ကျင်းသည်လည်း အံ့ဩနေပြီး ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ကို စိတ်ပျက်စ ပြုလာလေသည်။
ကျန်းရှူးယွမ်ကတော့ ရှက်ရွံ့ခြင်း မရှိနေပါချေ။ သူမသည် သူမလုပ်ရပ် မမှားဘူးဟု တွေးနေခြင်း ဖြစ်သည်။ “အဖေ.. ရှောက်ကျားက ထိခိုက်နာကျင်နေတာလေ.. အတိတ်ကို ပြန်မပြောချင်ဘူး.. ရှောက်ကျားကိုပဲ အရင်ကယ်ချင်တယ်။”
ကျန်းရှူးယွမ်ကိုကြည့်ပြီး အားလုံးလည်း စိတ်ပျက်နေကြတော့သည်။
“ကောင်းပြီလေ ဒါဆိုလည်း ကိုယ့်ဘာသာကိုယ်ခေါ်.. ငါကတော့ မကူညီဘူး။” သခင်ကြီးလင် ပြောပြီးသည်နှင့် စိတ်တိုသွားပြီး အခန်းထဲမှ ထွက်သွားတော့သည်။ လင်ယွမ်ကျန်းနှင့် သူ့ဇနီး၊ လင်ယွမ်ကျင်းနှင့် သူ့အမျိုးသားတို့ကလည်း စိတ်ပျက်စွာ ထွက်သွားကြသည်။
ကျန်းရှူးယွမ် တစ်ခုခု ပြောချင်နေသေးသော်လည်း လင်ယွမ်ချန်ကတားလိုက်သည်။ “တော်ပါတော့.. ဘာဖြစ်နေတာလဲ.. အကူအညီလိုတော့ကျတော့ အချိုးတွေ ပြောင်းသွားတာလား ကုနင်းက မင်းကို ဘာမှ အကြွေးတင်မနေဘူး။”
လင်ယွမ်ချန်သည် ကုနင်းကို သဘောမကျသော်လည်း သူကတော့ စဉ်းစားဆင်ခြင်နိုင်သေးသည်ပင်။
“ကျွန်မ…” ကျန်းရှူးယွမ် ဘာပြောရမှန်းပင် မသိတော့ပါချေ။
“အမေ.. အမေနဲ့ ရှောက်ကျားတို့ ကုနင်း ကို ဘာလုပ်ခဲ့လို့လဲ?” လင်ရှောက်မင်က မေးလိုက်သည်။
“ဘာမှမလုပ်ပါဘူး.. ဒီတိုင်း စကားများကြရုံပါ”
“ဒီတိုင်း စကားများရုံ ဟုတ်လား.. ဒါဆို ကုနင်းဘက်က ဘာမှ မမှားပဲနဲ့ ဘာလို့ ရန်လိုက်ဖြစ်နေခဲ့သေးလဲ.. အဖေက မင်းကို မဖြစ်ဖို့ တားနေလဲ မင်းက နားထောင်လို့လား .. ရှောင်းထင်ကိုပါ မင်းကစိတ်ရှုပ်အောင် လုပ်နေတာလေ။” လင်ယွမ်ချန် မနေနိုင်ဘဲ ကျန်းရှူးယွမ်ကို ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်ရှောက်မင် အလွန်အံ့ဩသွားသည်။ လင်ရှောင်းထင်တောင် စိတ်ရှုပ်သည်ဆိုပါက လက်သင့်မခံနိုင်သာ ကိစ္စဖြစ်မည်ပင်။ ထိုသို့ဆိုလျှင်တော့ လင်ရှောက်မင်လည်း သူ၏ အမေနှင့် ညီမဘက်က လိုက်စရာ အကြောင်းမရှိတော့ပေ။
သူတို့ ကုနင်းကို မုန်းသည်ဆိုလျှင် ဝေးဝေးနေလိုက်ရုံသာ ရှိသည် မဟုတ်ပါလား။