← Chapters

အခန်း (၁၃၈၁-၁၃၈၆)

Vol. 89 Ch. 1381-1386

အခန်း (၁၃၈၁-၁၃၈၆)

Vol. 89 Ch. 1381-1386

အခန်း ၁၃၈၁ နောက်ကလိုက်ခြင်း

ထို့အပြင် လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့သည် ကုနင်းကို ချစ်ကြလေသည်။ ထို့ကြောင့် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ ကုနင်းကို ဆန့်ကျင်နေကြခြင်းသည် လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့ကို ဆန့်ကျင်ခြင်းကဲ့သို့ သဘောသက်ရောက်လေသည်။

“ဘယ်လိုလုပ်ကြမလဲ?” ကျန်းရှူးယွမ် အနည်းငယ် ထိတ်လန့်နေပြီ ဖြစ်သည်။ သူမသည် ကုနင်း ဆေးမပေးမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ကုနင်းကို မုန်းသော်လည်း သူမ၏ ဆေးအစွမ်းကိုတော့ ကောင်းကောင်းသိသည်ပင်။

“အဖေက ရှောက်ကျားကိုတော့ ဂရုစိုက်ပါတယ်.. ဒါပေမယ့် သူအခု စိတ်ဆိုးနေသေးတော့ ခဏတော့ စောင့်လိုက်ကြတာပေါ့.. မနက်ဖြန် အဖေ့ကို သွားတောင်းပန်လိုက်။” လင်ယွမ်ချန်က ပြောလိုက်သည်။

“ဟုတ်တယ် တောင်းပန်လိုက်မယ်။” ကျန်းရှူးယွမ်ကလည်း ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

ထို့ကြောင့် လင်ရှောက်ကျားသည် နာကျင်မှုကို နောက်တစ်ည ထပ်ခံစားလိုက်ရသည်။

…

လင်မိသားစု ဆေးရုံမှ ပြန်ကြချိန်တွင် လင်ယွမ်ကျန်း၊ စုန့်ဝမ်ရွှမ်နှင့် သခင်ကြီးလင်တို့သည် အရှေ့မှ ကားထဲသို့ တက်လိုက်ကြပြီး လင်ယွမ်ကျင်း၊ ယွီယင်နှင့် ကလေးများကတော့ အနောက်ကားဆီသို့ သွားလိုက်ကြသည်။

သူတို့ကားထဲ ရောက်သောအခါ လင်ယွမ်ကျင်း က “ယင်.. ရှူးယွမ်က ကုနင်းကို ဘာလုပ်ခဲ့လို့ အဖေက ဒီလောက်တောင် စိတ်ဆိုးနေတာလဲ” ဟု မေးလိုက်သည်။

ယွီယင်ကလည်း လင်ယွမ်ကျင်းကို ကျန်းရှူးယွမ်၊ လင်ရှောက်ကျားနှင့် ကုနင်းတို့ကြား ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို ပြောပြလိုက်သည်။

“ရှူးယွမ်က တော်တော်ဆိုးခဲ့တာ.. သူ့အပြုအမူတွေကို အခုပြန်တွေးကြည့်ရင်တောင် အံ့ဩမိနေတုန်းပဲ.. ရှောက်ကျားကလည်း ငယ်ငယ်က အလိုလိုက်ခံထားရတော့ ဆိုးတယ်ဆိုတာ သိပေမယ့် ကြီးလာတော့ ပြောင်းလဲလာပြီ ထင်ထားတာ.. အတွေးမှားခဲ့တာပေါ့” လင်ယွမ်ကျင်း သက်ပြင်းချရင်း ပြောလိုက်သည်။

“လင်ရှောက်ကျားက ပြီးခဲ့တဲ့ နှစ်ကတည်းက ဘယ်သူနဲ့မှ မတည့်တော့တာလေ.. သူသာ လင်မိသားစုက မဟုတ်ရင် သေသွားတာကြာပြီ.. သူလည်း သင်ခန်းစာကောင်းကောင်းရဖို့ ရက်နည်းနည်းထပ်ပိုပြီး ခံစားသင့်တာ။” လင်ရှောက်ရွှမ်းသည် မကျေမနပ်ပြောလိုက်သည်။

“ကြည့်ရတာ အဖေက ကုနင်းကို နောက်ရက်နည်းနည်းကြာရင်တော့ ဆေးတောင်းပေးမယ်ထင်တယ်.. ရှောက်ကျားလည်း ဒီလောက်ဆို သင်ခန်းစာကောင်းကောင်း ရလောက်ပါပြီ။” လင်ယွမ်ကျင်းကပြောလိုက်သည်။ သူမသည် ကုနင်း လင်ရှောက်ကျားကို ကူညီပေးမည်ဟု မျှော်လင့်နေလေသည်။ သူမသည် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားကို မုန်းနေသော်လည်း မိသားစု ဖြစ်နေသည် မဟုတ်ပါလား။

…

ကုနင်းသည်တော့ ဇာမဏီတောင်ဆီသို့ အမြန်ကားမောင်းသွားလိုက်သည်။

သူမအာရုံထဲမှ ချောက်ကမ်းပါးသည် ထိုနေရာတွင် ရှိနေခြင်းပင်။

ဇာမဏီတောင်သည် မြို့တော်နှင့် ၃၅ ကီလိုမီတာ ဝေးပြီး ထိုတောင်၏ မတ်စောက်မှုကြောင့် တောင်တက်စွန့်စားသူများ အများအပြားလာသောနေရာ ဖြစ်သည်။

၃၅ ကီလိုမီတာသည် ပြောပလောက်အောင် ဝေးသောနေရာ မဟုတ်သောကြောင့် ကုနင်းအတွက် အပန်းမကြီးပါချေ။

သူမသည် ထိုနေရာကို အခက်အခဲမရှိ ရောက်နိုင်သောကြောင့် အဆင်ပြေလေသည်။ သူမသည် ကားမောင်းကျွမ်းကျင်သူလည်း မဟုတ်ပါလား။ သို့သော် သူမသည် လမ်းတစ်ဝက်တွင် ကားပိတ်တာနှင့် ကြုံနေသောကြောင့် ကားလမ်းကြောတွင် နာရီဝက်ခန့် ပိတ်မိနေလေသည်။

ထို့အပြင် သူမသည် လူအများကြား ရောက်နေသောကြောင့် သူမ၏ ကားကို စိတ်စွမ်းအင်အာကာပြင်ထဲလည်း ထည့်လိုက်လို့ မရချေ။ စီစီတီဗီကင်မရာများတွင် ပါသွားနိုင်သည် မဟုတ်ပါလား။

သူမသည် စီစီတီဗီများမရှိသော နေရာလည်း ရှာမတွေ့သောကြောင့် စိတ်ရှည်ရှည်ဖြင့်စောင့်နေရသည်။

နာရီဝက်ခန့်ကြာသောအခါ ကားလမ်းရှင်းသွားသောကြောင့် သူမလည်း အရှိန်တင်လိုက်သည်။

ထိုအချိန်တွင် မိစ္ဆာကျင့်ကြံသူသည် လင်ရှောင်းထင်ကို ဇာမဏီ တောင်၏ ချောက်ကမ်းပါးအစွန်းတွင် လိုက်ဖမ်းနေလေသည်။

ထိုသူသည် လင်ရှောင်းထင်ထံမှ အလိုက်ခံရမည့်အစား သူက ပြန်လိုက်နေခြင်း ဖြစ်သည်။ လင်ရှောင်းထင်တစ်ယောက် မကြာခင်က ထိုသူနှင့် တွေ့မိလိုက်သည့် အချိန်မှ စခဲ့ခြင်းပင်။

လင်ရှောင်းထင်သည် ပုံမှန်အားဖြင့် ပိတ်ရက်များတွင် အားသူဖြစ်သောကြောင့် ထိုပိတ်ရက်တွင် ကုနင်းကို သွားတွေ့ရန်ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သူသည် နေ့ဘက်များတွင် အလုပ်များသောကြောင့် ညဘက်မှ လာခြင်း ဖြစ်သည်။

လင်ရှောင်းထင် နေ,နေသော စစ်အခြေစိုက်စခန်းသည် မြို့တော်နှင့် အလှမ်းမဝေးသောကြောင့် ဇာမဏီတောင်နှင့်လည်း နီးလေသည်။ ထို့ကြောင့် သူသည် မြို့တော်ဆီသို့ ရောက်ရန် ထိုတောင်ကို ဖြတ်ရမည် ဖြစ်သည်။

ရှုကျင်းချန်သည်လည်း လင်ရှောင်းထင်နှင့်အတူ ထိုပိတ်ရက်တွင် အတူပြန်လာခဲ့သည်။ သို့သော် သူတို့ကားသည် ဇာမဏီ တောင်ခြေမှ ရွာတစ်ရွာကို ဖြတ်သွားစဉ်တွင် ထိုရွာအဝင်ဝတွင် လူတစ်စုကို တွေ့လိုက်သည်။

တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်နေသောကြောင့် လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့လည်း စိတ်ဝင်စားသွားကြသည်။

သူတို့သည် ကားထဲမှ ထွက်လိုက်ကြပြီး လျှောက်သွားလိုက်ကြသည်။ ထိုအခါမှ မိန်းကလေးတစ်ယောက်ကို အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက် ဖမ်းခေါ်သွားသောကြောင့် ဖြစ်ကြောင်း သိလိုက်သည်။ မိန်းကလေး၏ မိဘများသည် လိုက်ဖမ်းလို့လည်း မမိကြသောကြောင့် ရဲများအလာကိုသာ ထိုနေရာတွင် စောင့်နေကြခြင်း ဖြစ်သည်။

ထိုအကြောင်းကို သိသောအခါ လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့သည် ထိုသူကို လိုက်ဖို့ ထွက်သွားလိုက်ကြသည်။ သို့သော် ဇာမဏီတောင်သည် အလွန်ကြီးသောကြောင့် သူ့ကိုရှာရန် မလွယ်ကူပါချေ။

လမ်းတွင် လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့သည် ဒဏ်ရာရနေသော ရွာသားတစ်ဦးကို တွေ့ပြီး ထိုရွာသားသည် မိန်းကလေးကို ခေါ်ဆောင်သွားသော အမည်းရောင်ဝတ်စုံနှင့် လူကိုတားရင်း ဒဏ်ရာရသွားကြောင်း ပြောလိုက်သည်။

ကံကောင်းစွာပင် သူ၏ ဒဏ်ရာသည် မကြီးမားပါချေ။

ရှုကျင်းချန်သည် ရွာသား၏ ဒဏ်ရာကို ချက်ချင်းကုသပေးလိုက်ပြီး လင်ရှောင်းထင်ကတော့ စွမ်းအင်သလင်းကျောက်တစ်လုံးကို ပေးလိုက်သည်။ ထို့နောက် ထိုရွာသားတစ်ယောက်တည်း ပြန်သွားနိုင်သော အခြေအနေရောက်သွားသောအခါ သူ့ကို ထားခဲ့လိုက်ကြသည်။

ထိုရွာသား၏ အကူအညီဖြင့် လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့သည် အမည်းရောင်ဝတ်စုံနှင့်လူ ထွက်ပြေးသွားသော နေရာကို သိလိုက်ကြသည်။

လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ အမြန်လိုက်နေကြသော်လည်း ထိုလူကို အချိန်အတော်ကြာထိ မမှီနိုင် ဖြစ်နေကြသည်။

မိစ္ဆာကျင့်ကြံသူသည် သူ၏ ကျင့်ကြံခြင်းအတွက် သွေးကိုစုပ်ရန် ဆိတ်ငြိမ်သောနေရာကို ရှာဖွေနေလေသည်။ သူသည် ထိုအချိန်တွင် ဘေးမှအနှောင့်အယှက်များ ရှိလို့မရသလို ထိခိုက်လို့လည်း မရပေ။ ထို့ကြောင့် သူသည် မိန်းကလေးကို တောင်၏ တစ်ဝက်ခန့်တွင်ရှိသော ဂူဆီသို့ ခေါ်သွားလိုက်ပြီး သွေးကိုစုပ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုသူသည် မိန်းကလေးကို ကိုက်ဖို့ပြင်လိုက်ချိန်မှာပဲ ဆူညံသံများ ကြားလိုက်ရသည်။ သူသည် သူနောက်မှ တစ်ယောက်ယောက်လိုက်လာသည်ကို ခံစားမိလိုက်သည်။

ထိုနေရာသည် ကျောက်တုံးထူထပ်ပြီး မတ်စောက်သောကြောင့် တော်ရုံသူအတွက် ခက်ခဲမည်ဖြစ်သည်။ သို့သော် သူ့အတွက်ကတော့ လွယ်ကူလေသည်။

ထိုသူသည် သူ့ကို ချဉ်းကပ်သူမှာ လူဟုတ်မဟုတ်လည်း မသိချေ။ တိရိစ္ဆာန်များလည်း ရှိတတ်သည် မဟုတ်ပါလား။ သူသည် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

တကယ်ဆိုလျှင် သားရဲများသည် လူသားများထက်ပင် ကြောက်စရာကောင်းလေသည်။ အားနည်းသော တိရိစ္ဆာန်များသည် ထိုနေရာတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့အပြင် တိရိစ္ဆာန်တို့၏ အနံ့ခံအာရုံမှာ လူသားများထက် ပိုကောင်းသောကြောင့် မီတာတစ်ရာ အဝေးတွင် ရှိသောအရာကိုပင် အနံ့ခံနိုင်လေသည်။

***

အခန်း ၁၃၈၂ မျှားခေါ်ခြင်း

သူသည် မိန်းကလေးကို ကိုက်ထားပြီး မိန်းကလေးသည် သွေးများထွက်နေခြင်းကြောင့် သွေးနံ့ကိုရပြီး သားရဲတိရိစ္ဆာန်များ ရောက်လာနိုင်သည်ပင်။ သူသည် မိန်းကလေးထံမှ သွေးကိုစုပ်ယူရန် အနည်းဆုံး အချိန် ၁နာရီခွဲလိုပြီး ကျင့်ကြံခြင်းကို လေ့ကျင့်ရန်အတွက်လည်း နောက်ထပ် အချိန် ၁ နာရီလိုလေသည်။

သူသည် ဂူထဲတွင် ပုန်းနေသော်လည်း အတွင်းနက်နက်ထဲ မရောက်သေးသောကြောင့် လတ်ဆတ်သော သွေးနံ့ကို ပြီးပြည့်စုံအောင် ဖုံးထားနိုင်စွမ်း မရှိပါချေ။ သို့သော် ထိုနေရာသည် သူရှိနေသော နေရာနှင့် ဝေးနေသောကြောင့် မိန်းကလေး၏ သွေးကိုစုပ်ယူရန် ပြင်လိုက်သည်။

သူသည် အနည်းငယ် တွေဝေသွားပြီးနောက် လက်လျှော့လိုက်ပြန်သည်။ သူသည် သတိမေ့နေသော မိန်းကလေးကို ဂူထဲတွင်ထားခဲ့ပြီး အပြင်ထွက်လိုက်သည်။ အချိန်သည် အရမ်းမမှောင်သေးသောကြောင့် သစ်ပင်ရှည်များကြားတွင် အလင်းရောင်အနည်းငယ် ရှိနေသေးလေသည်။

ထိုလူသည် အလွန်ကောင်းမွန်သော အမြင်အာရုံရှိသောကြောင့် အဝေးမှအရာများကိုပင် ကြည်လင်ပြတ်သားစွာ မြင်နိုင်လေသည်။ သူသည် ဂူပေါက်၀တွင် ရပ်နေလိုက်ရင်း ဆူညံသံများကို နားစွင့်လိုက်ကာ တည်နေရာကို ရှာဖွေကြည့်လိုက်သည်။

ခဏကြာသောအခါ ဆူညံသံများသည် တဖြည်းဖြည်းနီးကပ်လာသော်လည်း ထိုသူသည် ထွက်ပြေးဖို့ စိတ်ကူး မရှိပါချေ။ သူသည် လာနေသောအရာမှာ လူသားဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ ထိုအခြေအနေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု တထစ်ချယုံကြည်ထားသည်ပင်။ ထို့ကြောင့် မိန်းကလေး၏ သွေးကို မစုပ်မီ ချဉ်းကပ်လာသောအရာကို အရင်ဖြေရှင်းမည်ဟု တွေးထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ပုန်းကွယ်မနေပဲ အပြင်ထွက်ရပ်လိုက်ကာ ချဉ်းကပ်လာသောအရာကို သူ့အား ထင်သာမြင်သာ ရှိစေအောင် နေလိုက်သည်။

မကြာမီတွင် သူသည် လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ကို တွေ့လိုက်သည်။ သာမာန်လူသားများကိုသာ တွေ့လိုက်ရသောကြောင့် ခပ်ပေါ့ပေါ့ပင် နှာခေါင်းတစ်ချက် ရှုံ့ကာ ရယ်လိုက်သည်။

လင်ရှောင်းထင်တွင်လည်း စူးရှသော အမြင်အာရုံရှိသောကြောင့် ထိုသူနှင့် အကြည့်ချင်းဆုံသွားလေသည်။

သူသည် ခပ်ဝေးဝေးတွင် ဂူရှေ့၌ လူတစ်ယောက်ရပ်နေသည်ကို မြင်သော်လည်း အနည်းငယ်လှမ်းနေသောကြောင့် သဲကွဲစွာ မမြင်ရပဲ ဖြစ်နေလေသည်။ သို့သော် ထိုသူသည် သူ့ကို စောင့်နေသလို ပုံစံမျိုး ဖြစ်နေသည်။

လင်ရှောင်းထင်သည် နားမလည်နိုင် ဖြစ်သွားသော်လည်း ထိုသူသည် သူတို့ရှာနေသူ ဖြစ်နေကြောင်းတော့ သေချာသိလေသည်။ ရွာသားများသည် မိန်းကလေးကို ခေါ်ဆောင်သွားသူမှာ အနက်ရောင်များ ၀တ်ထားသူဖြစ်ကြောင်း ပြောပြထားခဲ့သည်ပင်။

ထို့ကြောင့် တုံ့ဆိုင်းမနေပဲ လင်ရှောင်းထင်နှင့် ရှုကျင်းချန် တို့ အရှိန်မြှင့်လိုက်ကြသည်။

လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ နီးကပ်လာချိန်တွင် ထိုသူသည် သူတို့ကို အားမနည်းသော သူများမှန်းသိလိုက်သည်။ သို့သော် သိပ်တော့ ဂရုမစိုက်ပါချေ။

လင်ရှောင်းထင်သည် ထိုသူရှေ့သို့ရောက်သွားသောအခါ ထိုသူ၏ ပုံပန်းသွင်ပြင်ကို သေချာမြင်လိုက်ရသောကြောင့် ထိုသူသည် မိစ္ဆာကျင့်ကြံသူ အဖွဲ့၀င်တစ်ဦးဖြစ်ကြောင်း သိလိုက်သည်။ ထိုသို့ဆိုလျှင် မိန်းကလေး အန္တရာယ်များနေပြီ ဖြစ်သည်။

ရှုကျင်းချန်သည် ထိုသူကို ထူးဆန်းနေသည်ဟု ထင်နေသော်လည်း သူသည် မိစ္ဆာကျင့်ကြံသူ အကြောင်းမကြားဖူးသောကြောင့် ထွေထွေထူးထူးတော့ မတွေးမိပါချေ။

လင်ရှောင်းထင်သည် ရှုကျင်းချန်အား အခြေအနေမှန်ကို မရှင်းပြနိုင်သေးသောကြောင့် ဂရုစိုက်ဖို့သာ မှာကြားလိုက်သည်။ “ဂရုစိုက်နော် သူက သာမာန်လူမဟုတ်ဘူး။”

“အေးပါ။” ရှုကျင်းချန် သည် ခေါင်းငြိမ့်ပြလိုက်သည်။

“မိန်းကလေး ဘယ်မှာလဲ?” လင်ရှောင်းထင် အေးစက်စွာ မေးလိုက်သည်။

“ဂူထဲမှာလေ။” ထိုသူသည် ပျင်းရိလေးတွဲ့စွာ ဖြေလိုက်သည်။ “မင်းတို့သူ့ကို ပြန်ခေါ်သွားနိုင်မယ် ထင်လို့လား?”

လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့သည် အသင့်အနေအထားပြင်လိုက်ကာ ထိုသူကို စတင်တိုက်ခိုက်လိုက်သည်။

ထိုသူသည် လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ကို ပေါ့သေးသေးပင် ထင်သောကြောင့် အစပိုင်းတွင် သူ၏ အစွမ်းကို အကုန်ထုတ်မသုံးသေးပဲ ဒဏ်ရာများကိုပင် အရခံလိုက်သည်။

လင်ရှောင်းထင်သည် သူ မထင်မှတ်ထားချိန်တွင် သူ၏ စွမ်းအင်ဗဟိုချက်ဖြစ်သော ၀မ်းဗိုက်ပိုင်းသို့ ထိုးချလိုက်သည်။

စွမ်းအင်ဗဟိုချက်သည် ကျင့်ကြံသူများ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ထိုအရာ ပျက်စီးသွားလျှင် ကျင့်ကြံသူများသည် သူတို့၏ ကျင့်စဉ်အားလုံးကို ဆုံးရှုံးသွားနိုင်ကာ အသက်သေသည် အထိပင် ဖြစ်စေလေသည်။

ထိုအချက်ကို ကုနင်းက လင်ရှောင်းထင် အား ပြောပြထားခြင်း ဖြစ်သောကြောင့် လင်ရှောင်းထင်သည် တိုက်ခိုက်မှုအစပိုင်းတွင် ထိုအခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်သည်။ သို့သော် ကျင့်ကြံသူများ၏ စွမ်းအင်ဗဟိုချက်ကို အလွယ်တကူ ချိုးဖောက်၍တော့ မရပါချေ။ မှော်စွမ်းအင်ဖြင့် ကာကွယ်ထားသောကြောင့် ဖြစ်သည်။

ထိုသူသည် အထိုးခံရပြီးနောက်တွင် ဒဏ်ရာအနည်းငယ် ရသွားသည်။

“မင်း…” သူသည် ချက်ချင်းဒေါသထွက်သွားသည်။ လင်ရှောင်းထင်သည် သူ၏ စွမ်းအင်ဗဟိုချက်ကို ဦးတည်ချက်ထားကာ တိုက်ခိုက်လိုက်သည် မဟုတ်ပါလား။ တစ်နည်းအားဖြင့် သူ၏ သရုပ်မှန်ကို သိနေခြင်းပင်။

လင်ရှောင်းထင်သည် သူ၏ ဒေါသကို မသိကျိုးကျွန်ပြုလိုက်ပြီး တောက်လျှောက် တိုက်ခိုက်နေလိုက်သည်။ စွမ်းအင်သလင်းကျောက်များကို များစွာ စားသုံးထားသောကြောင့် လင်ရှောင်းထင်သည် အလွန်သန်မာနေပြီ ဖြစ်ရာ ထိုသူသည် သူ၏ မှော်စွမ်းအင်များကို အသုံးပြုလျှင်ပင် သူရင်ဆိုင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ရှုကျင်းချန်ကတော့ ကံမကောင်းစွာပင် ဘာမှ မလုပ်နိုင်ပါချေ။ သူသည် ထိုသူ၏ မြန်ဆန်သော လှုပ်ရှားမှုများကို အံ့ဩနေရုံသာတတ်နိုင်ခဲ့သည်။ ထိုသူသည် အလင်း၏ အလျင်ကဲ့သို့ အလွန်ပင် မြန်ဆန်နေသောကြောင့် ရှုကျင်းချန် သည် ထိပင်မထိနိုင် ဖြစ်နေလေသည်။ ထို့အပြင် ထိုသူသည် သစ်ပင်ပေါ်ကိုပင် အလွယ်တကူပျံသွားလိုက်သေးသည်။

လင်ရှောင်းထင်သည် ရှုကျင်းချန်အား ထိုသူသည် မိစ္ဆာကျင့်ကြံသူ အဖွဲ့၀င်ဖြစ်ကြောင်း မပြောခဲ့လျှင်ပင် ရှုကျင်းချန် အနှေးနှင့် အမြန် သိသွားမည် ဖြစ်သည်။

ရှုကျင်းချန်သည်လည်း ထူးချွန်သော စစ်သားတစ်ယောက် ဖြစ်သောငြား ထိုသူကိုတော့ မယှဉ်နိုင်ပါချေ။ ထိုအချိန်တွင် ထိုသူ၏ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သောအခါ လင်ရှောင်းထင်သည် ရှုကျင်းချန်အား စွမ်းအင်သလင်းကျောက်ကို ချက်ချင်းပေးလိုက်သည်။

လင်ရှောင်းထင်သည် ထိုကျောက်ကို ထုတ်လိုက်ချိန်တွင် ထိုသူသည် မှော်စွမ်းအင်ကို အာရုံခံမိလိုက်ပြီး လောဘတကြီး လိုချင်သွားလေသည်။

“မှော်စွမ်းအင် မင်းမှာ မှော်စွမ်းအင်ရှိတယ်။” ထိုသူသည် သွေးရူးသွေးတန်းပြောနေရင်း လင်ရှောင်းထင်ကို တိုက်ခိုက်ကာ အစွမ်းရှိကျောက်ကို ယူဖို့ ကြိုးစားနေလေသည်။

လင်ရှောင်းထင်ကလည်း ကျောက်ကို ထိုသူ လိုချင်နေမှန်း သိသောကြောင့် မျှားခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

“ငါသူ့ကို မျှားခေါ်သွားလိုက်မယ်.. မင်း မိန်းကလေးကို ခေါ်ပြီး ထွက်ပြေးတော့။” လင်ရှောင်းထင် ရှုကျင်းချန်ကို ပြောလိုကိသည်။

ထို့နောက် လင်ရှောင်းထင်သည် တစ်ဖက်သို့ ပြန်လှည့်ပြီး တိုက်ခိုက်လိုက်သည်။

***

အခန်း ၁၃၈၃ ကျွန်မအရူးမဟုတ်ဘူး

သူတို့သည် မိန်းကလေးကို အသက်ရှင်သေးလား မသိသော်လည်း ပြန်လည်ခေါ်ဆောင်ရမည် ဖြစ်သည်။

ရှုကျင်းချန်သည် လင်ရှောင်းထင်၏ အမိန့်ကို အမြဲနာခံသူ ဖြစ်လေရာ သူပြောသည့်အတိုင်း လုပ်မည် ဖြစ်သော်လည်း သူ့ကိုတော့ စိတ်ပူနေမိလေသည်။ သို့သော် ရှုကျင်းချန်သည် မတ်တပ်ရပ်လိုက်ပြီး ဂူဆီသို့ တန်းပြေးသွားလိုက်သည်။ သူသည် ဒဏ်ရာရထားပြီး ကောင်းမွန်စွာ မလှုပ်ရှားနိုင်သော်လည်း ကိစ္စတော့ မရှိပါချေ။

ထိုအချိန်တွင် အမည်းရောင်ဝတ်စုံနှင့်လူသည် သူ့အတွက် မှော်စွမ်းအင်က ပိုအရေးကြီးနေသောကြောင့် ရှုကျင်းချန်ကို လိုက်ဖမ်းရန် အချိန်မရှိပါပေ။

“မင်းက ဘယ်သူလဲ.. မင်းမှာဘာလို့ မှော်ဆေးလုံး ရှိနေတာလဲ?” ထိုသူက မေးလိုက်သည်။

“သိချင်ရင် အနောက်ကလိုက်ခဲ့လေ။” လင်ရှောင်းထင်က ပြောလိုက်ရင်း တောင်ထိပ်ဆီသို့ ပြေးတက်သွားလိုက်သည်။

ထိုသူသည် လင်ရှောင်းထင်က တမင်မျှားခေါ်ခြင်းမှန်း သိသော်လည်း နောက်ကလိုက်မည်သာ ဖြစ်သည်။ သူသည် လင်ရှောင်းထင်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု တွေးနေသောကြောင့် သူ့ဆီမှ မှော်အစွမ်းများကို လောဘတက်နေခြင်း ဖြစ်သည်။ ထိုမှော်ဆေးလုံးမှာ စစ်မှန်သန့်စင်သော မှော်အစွမ်းဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါလား။

တကယ်လို့ သူသည် လင်ရှောင်းထင်ဆီမှ ဆေးလုံးမရလျှင်လည်း မိန်းကလေးရှိရာသို့ ပြန်သွားလိုက်ရုံသာဖြစ်သည်။ သူ့အတွေးထဲတွင် အရာအားလုံးသည် လွယ်ကူနေလေသည်။

ထိုသို့ဖြင့် သူသည် လင်ရှောင်းထင် နောက်သို့ လိုက်သွားလိုက်သည်။

…

ရှုကျင်းချန်သည် ဖုန်းကိုထုတ်လိုက်ပြီး ဓာတ်မီးကို ဖွင့်လိုက်သည်။

ဂူသည် အရမ်းမကြီးမားသောကြောင့် ရှုကျင်းချန်သည် မကြာမီတွင် မိန်းကလေးကို ထောင့်တစ်နေရာတွင် တွေ့လိုက်ရသည်။ သူမသည် ဒဏ်ရာကြီးစွာ မရထားသော်လည်း သတိလစ်နေလေသည်။ ထို့ကြောင့် ရှုကျင်းချန်သည် သူမကိုခေါ်ပြီး ချက်ချင်းထွက်သွားလိုက်သည်။

ရှုကျင်းချန် အပြင်ရောက်သွားချိန်တွင် လင်ရှောင်းထင်နှင့် ထိုသူတို့လည်း မရှိကြတော့ပေ။ သူသည် သူတို့ကို ဂရုစိုက်နေချိန်မရှိသောကြောင့် တောင်အောက်ကို ချက်ချင်းဆင်းလိုက်သည်။

တောင်ဆင်းလမ်းတစ်ဝက်အရောက်တွင် သူသည် ကုနင်းနှင့် ပက်ပင်းတိုးမိပြီး အလွန်အံ့ဩသွားလေသည်။

သူဘာမှ မပြောလိုက်နိုင်ခင်မှာပင် ကုနင်းက “ရှောင်းထင် ဘယ်မှာလဲ?” ဟု မေးလိုက်သည်။

“သူ ရန်သူကို မျှားခေါ်သွားတယ်။” ရှုကျင်းချန် ပြောလိုက်သည်။

“ဟုတ်ပြီ ရှင်ဆက်ဆင်းသွားလိုက်ပါ။” ကုနင်း ပြောလိုက်ပြီး လျင်မြန်စွာ ပြေးတက်သွားကာ မကြာခင်မှာပင် ရှုကျင်းချန်၏ မြင်ကွင်းမှ ပျောက်သွားတော့သည်။

ရှုကျင်းချန်သည် ကြက်သေသေနေလေသည်။ ကုနင်းသည် လင်ရှောင်းထင်ကို ထိုနေရာတွင် ရောက်နေမှန်း မည်သို့သိနေသည်ကို နားမလည်နိုင် ဖြစ်နေသောကြောင့်ပင်။ သို့သော် စဉ်းစားလို့လည်း မရသောကြောင့် လက်လျှော့လိုက်သည်။ သေချာသည်ကတော့ ကုနင်း ရောက်လာပြီ ဖြစ်သောကြောင့် လင်ရှောင်းထင် အဆင်ပြေတော့မည် ဖြစ်သည်။

သူကတော့ မိန်းကလေးကို ပြန်ပို့ရပေမည်။

…

လင်ရှောင်းထင်နှင့် ထိုသူတို့ တောင်ထိပ်သို့ ရောက်ချိန်တွင် သူတို့သည် တောင်စွန်းချောက်ကမ်းပါး၏ ဘေးတွင် ရပ်လိုက်ကြသည်။ သူတို့နှစ်ယောက်ကြားတွင် ၅ မီတာလောက်သာ ခြားလေသည်။

လင်ရှောင်းထင်သည် ထိုနေရာတွင် ချောက်ကမ်းပါးရှိနေမှန်းမသိပဲ ရှုကျင်းချန်ကို အချိန်များများဆွဲနိုင်ဖို့သာ ရည်ရွယ်ထားလေသည်။ သို့သော် သူဆက်ပြီး မျှားခေါ်ဖို့ လမ်းမရှိတော့ပါချေ။

“အဲဒီဆေးကို ဘယ်ကရတာလဲ ပြောပြစမ်း?” ထိုသူက ထပ်မေးလိုက်ပြန်သည်။

“မပြောပြနိုင်ဘူး။” လင်ရှောင်းထင် ပြောလိုက်သည်။

“ငါ့ကို အရူးလုပ်ရဲတာလား?” ထိုသူသည် ဒေါသထွက်သွားသည်။ သူသည် လင်ရှောင်းထင်က လွယ်လွယ်ပြောမည်မဟုတ်မှန်းသိသောကြောင့် အံ့တော့မအံ့ဩမိပါချေ။ “ကောင်းပြီလေ မင်းဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့?”

ထို့နောက် သူသည် လင်ရှောင်းထင်ကို စတိုက်ခိုက်ကာ လင်ရှောင်းထင်ကလည်း အားကုန်ထုတ်ပြီး ပြန်တိုက်ခိုက်လေသည်။

သို့သော် ထိုသူသည် မိစ္ဆာကျင့်ကြံသူ အဖွဲ့ဝင်ဖြစ်သောကြောင့် လင်ရှောင်းထင် ထက်တော့ ပိုသန်မာလေသည်။ လင်ရှောင်းထင်သည် နောက်ဆုတ်ရင်း ဒဏ်ရာများလည်း ရနေပြီ ဖြစ်သည်။

ထိုသူသည်လည်း ဒဏ်ရာရနေပြီ ဖြစ်သော်လည်း လင်ရှောင်းထင်၏ ဒဏ်ရာများကတော့ ပိုများလေသည်။

ထို့နောက် ထိုသူသည် လင်ရှောင်းထင်၏ ဝမ်းဗိုက်ကို ထိုးချလိုက်ပြီး လင်ရှောင်းထင်ကလည်း ရှောင်ချိန်မရလိုက်ပါချေ။ သို့သော် လင်ရှောင်းထင်သည် ဘာမှမဖြစ်သွားပဲ သူ၏ ဝမ်းဗိုက်ထဲမှ ထူးဆန်းသော အစွမ်းတစ်ခုထွက်လာကာ ထိုသူသည် အဝေးသို့ လွင့်ထွက်သွားသည်။

“အား” ထိုသူသည် မီးလောင်ခံလိုက်ရသကဲ့သို့ အလွန်နာကျင်သွားကာ ချောက်ကမ်းပါးသို့ ပြုတ်ကျသွားလေသည်။

လင်ရှောင်းထင်ကတော့ အံ့ဩပြီး ကျန်ခဲ့ကာ ထိုသူ လွင့်ထွက်သွားသည့် အကြောင်းရင်းကို နားမလည်နိုင် ရှိနေလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝမ်းဗိုက်ထဲတွင် နေရထိုင်ရခက်နေသောကြောင့် ဝတ်စုံဖြင့် ဖုံးဖိနေလိုက်သည်။

ကုနင်းသည် လင်ရှောင်းထင်နှင့် ထိုသူနှင့် တိုက်ခိုက်နေကြသည်ကို တောင်ခြေမှာ ရောက်နေကတည်းက မြင်နေရခြင်း ဖြစ်သောကြောင့် သူမတတ်နိုင်သမျှ အမြန်ဆုံး ပြေးတက်လာသည်။ သူမ တောင်ထိပ်သို့ ရောက်လာခါနီးတွင် အော်သံတစ်ခု ကြားလိုက်ရပြီး သူမ၏ ကျောက်စိမ်းမျက်လုံးဖြင့် ကြည့်လိုက်ရာ ထိုသူပြုတ်ကျသွားသည်ကို မြင်လိုက်ရပြီး လင်ရှောင်းထင် အဆင်ပြေနေသည်ကို တွေ့လိုက်ရသည်။

ကုနင်း စိတ်သက်သာရာရသွားပြီး လင်ရှောင်းထင် ဆီသို့ ပြေးသွားလိုက်သည်။

“ရှောင်းထင် အဆင်ပြေရဲ့လား?” ကုနင်း စိုးရိမ်တကြီး မေးလိုက်သည်။

“နင်းနင်း ဒီမှာ ဘာလုပ်နေတာလဲ?” လင်ရှောင်းထင်သည် ကုနင်းကို တွေ့သောအခါ အံ့ဩသွားလေသည်။ သူသည် မသက်မသာဖြစ်နေသော်လည်း ကုနင်းကို စိတ်ပူနေမည် စိုးသောကြောင့် ဘာမှ မဖြစ်နေဟန် ဆောင်လေသည်။

“အဆင်ပြေရဲ့လား?” ကုနင်းက ထပ်မေးလိုက်ပြီး သူမ၏ မှော်အစွမ်းများကို သူ့ကိုယ်ထဲ ထည့်ပေးလိုက်သည်။

“အဆင်ပြေပါတယ်။” လင်ရှောင်းထင်က ပြုံးပြရင်း ပြောလိုက်သည်။

“ကျွန်မ အရူးမဟုတ်ဘူးနော်။” ကုနင်း မကျေမနပ် ပြောလိုက်သည်။

လင်ရှောင်းထင်သည် ကုနင်းကို အရူးလုပ်မရမှန်း သိသော်လည်း ကြိုးစားပြီး ဟန်ဆောင်နေလေသည်။

ကုနင်း၏ မှော်အစွမ်းဖြင့် လင်ရှောင်းထင်သည် တဖြည်းဖြည်း နေလို့ ကောင်းလာသည်။ လင်ရှောင်းထင်သည် သူ့ဝမ်းဗိုက်မှ ဘာဖြစ်မှန်းမသိသော်လည်း ကုနင်းကို စိတ်ပူနေမည် စိုးသောကြောင့် ဘာမှ မပြောလိုက်ပါချေ။

လင်ရှောင်းထင် အဆင်ပြေသွားသောအခါ တောင်အောက်သို့ အတူဆင်းလိုက်ကြသည်။ သူတို့သည် ထိုသူနှင့် ထပ်တွေ့မှာကို မကြောက်ကြတော့ပါချေ။

“အိုး ဒါနဲ့ မိစ္ဆာကျင့်ကြံသူနဲ့ ဘယ်လိုတွေ့တာလဲ?” ကုနင်း မေးလိုက်သည်။

ထိုသို့ဖြင့် လင်ရှောင်းထင်သည် ကုနင်းကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

***

အခန်း ၁၃၈၄ သာမာန်လူမဟုတ်သော

ရဲများသည် ရှုကျင်းချန် ရွာသို့ပြန်ရောက်ချိန်အထိ ရောက်မလာကြသေးချေ။ မိနစ် ၂၀ ခန့်ကြာမှသာ ရောက်လာလေသည်။

မိန်းကလေး၏ မိဘများသည် သူတို့သမီး ပြန်ရောက်လာသောအခါ ငိုကြွေးကြလေသည်။ ရှုကျင်းချန်သည် မိန်းကလေးကို ဆေးရုံပို့ဖို့ ပြောလိုက်သည်။

ရဲများသည် ရှုကျင်းချန်ကို စုံစမ်းမေးမြန်းချင်ကြသော်လည်း ရှုကျင်းချန်သည် သူ၏ အရာရှိကတ်ကို ထုတ်ပြလိုက်သည်။ “အဲဒီလူက ကျွန်တော်တို့ သံသယရှိလို့ လိုက်ရှာနေကြတဲ့သူပါ.. ကျွန်တော်တို့ ဆက်ဖြေရှင်းလိုက်ပါမယ်။”

သူ လိမ်ညာလိုက်ခြင်း ဖြစ်သော်လည်း အထက်တန်းအရာရှိ ဖြစ်နေသောကြောင့် ရဲများက ယုံကြည်လိုက်ကြသည်။

ရှုကျင်းချန်က အမှုကို လက်လွှဲယူလိုက်သောကြောင့် ရဲများကလည်း ပြန်သွားကြသည်။ ထို့နောက်တွင် ရှုကျင်းချန်သည် တောင်ဆီသို့ ပြန်သွားလိုက်သည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့ အဆင်ပြေမည်မှန်းသိသော်လည်း စိတ်တော့ပူနေမိသည်။ သူသွားနေစဉ်တွင် လင်ရှောင်းထင်နှင့် ကုနင်းတို့ ပြန်လာကြသည်ကို တွေ့လိုက်ရသည်။

“ဟေး အဆင်ပြေကြလား.. ဟိုလူရော ဘာဖြစ်သွားလဲ?” ရှုကျင်းချန် မေးလိုက်သည်။

“အဆင်ပြေတယ်။ အဲဒီလူ ချောက်ထဲပြုတ်ကျသွားပြီ။” လင်ရှောင်းထင် ဖြေလိုက်သည်။

“ဘာ?” ရှုကျင်းချန်သည် အံ့ဩသွားသည်။ သို့သော် ထိုသည်ကလည်း ရလဒ်ကောင်းပင် မဟုတ်ပါလား။

“မိန်းကလေးရော?” လင်ရှောင်းထင် မေးလိုက်သည်။

“သူလည်း အဆင်ပြေတယ်.. ဒါပေမယ့် သတိလစ်နေလို့ သူ့မိဘတွေကို ဆေးရုံပို့ခိုင်းထားတယ်။” ရှုကျင်းချန် ပြောလိုက်သည်။

လင်ရှောင်းထင်လည်း ခေါင်းတစ်ချက် ငြိမ့်လိုက်ရင်း စိတ်သက်သာရာရသွားသည်။

အမည်းရောင်ဝတ်စုံနှင့် လူအကြောင်းကို ရှုကျင်းချန် အလွန်သိချင်နေလေသည်။ “ဟိုလူအကြောင်း ပြောပြပါဦး.. သူကဘယ်လိုတောင် ခုန်ပျံကျော်လွှားနိုင်ပြီး အရမ်းကို မြန်ဆန်နေရတာလဲ?”

လင်ရှောင်းထင်သည် အဖြေကို တန်းမပြောပဲ ကုနင်းကို တစ်ချက်ကြည့်လိုက်သည်။

ကုနင်းသည် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားလို့ မရတော့မှန်း သိလိုက်သောကြောင့် ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ရှုကျင်းချန်လည်း သိထားမှသာ နောက်ပိုင်းတွင် ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်မည် မဟုတ်ပါလား။

“ဝိဉာဉ်တွေ မကောင်းဆိုးဝါးတွေကို တကယ်ရှိတယ်လို့ ယုံလား?” ကုနင်း မေးလိုက်သည်။

“မယုံပါဘူး။” ရှုကျင်းချန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သို့သော် သူသည် ရုတ်တရတ် ထိုသူကို သတိရသွားကာ “တကယ်ကြီး အဲဒါတွေက ရှိတာလား?” ဟု မေးလိုက်သည်။

“ဟုတ်တယ် အဲဒီလူက သာမာန်လူသားမဟုတ်ဘူး။” ကုနင်း ပြောလိုက်သည်။ “ရှင် သူတို့ကို အရင်က မြင်ဖူးခဲ့မှာ မဟုတ်ပေမယ့် တကယ်ရှိပါတယ်။”

ထိုစကားကို ကြားသောအခါ ရှုကျင်းချန် သည် ထိတ်လန့်သွားပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူသည် အရွယ်ရောက်ပြီးသူ ဖြစ်ပြီး သန်မာသော်လည်း အနည်းငယ်တော့ ထိတ်လန့်နေလေသည်။ အနည်းငယ် ရှက်စရာကောင်းသော်လည်း သရဲ တစ္ဆေဆိုလျှင် လူတိုင်း ကြောက်တတ်ကြသည် မဟုတ်ပါလား။

“တ- တကယ်ပြောနေတာလား?” ရှုကျင်းချန် လက်မခံနိုင် ဖြစ်နေလေသည်။

“တကယ်ပါ။” ကုနင်းကလည်း ထပ်ပြီး အတည်ပြုပေးလိုက်သည်။

“ခေါင်းဆောင်ကရော အဲဒါကို သိထားတာလား?” ရှုကျင်းချန်သည် လင်ရှောင်းထင်ကိုကြည့်ပြီး မေးလိုက်ပြန်သည်။ သူသည် အဖြေကို သိပြီးဖြစ်သော်လည်း ထပ်မေးလိုက်ခြင်းဖြစ်သည်။ လင်ရှောင်းထင်နှင့် ကုနင်းသည် ချစ်သူများဖြစ်သောကြောင့် လင်ရှောင်းထင်သည် သေချာပေါက် သိထားနိုင်သည်ပင်။

“သိထားတယ်”

ထို့နောက် ကုနင်းက ဆက်ပြောလိုက်သည် “အဲဒီလူက ကျင့်ကြံသူပဲ.. ထာဝရရှင်သန်ခြင်း ကျင့်စဉ်ကို ကျင့်နေတဲ့သူပေါ့။”

“အဲဒီအကြောင်းကို လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတွေမှာတော့ ဖတ်ဖူးတယ်။” ရှုကျင်းချန် က ပြောလိုက်သည်။

“ဟုတ်တယ် အဲဒီဝတ္ထုမှာ ပါတဲ့အကြောင်းအရာတွေနဲ့ အတူတူပဲ.. ကျင့်ကြံသူတွေကို သူတော်စင်ကျင့်ကြံသူနဲ့ မိစ္ဆာကျင့်ကြံသူ ဆိုပြီး နှစ်မျိုးခွဲထားတယ်.. သူတော်စင်ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံခြင်းအတွက် စကြာ၀ဠာထဲက မှော်စွမ်းအင်ကို လိုအပ်ပြီး မိစ္ဆာကျင့်ကြံသူ ကသူတွေကတော့ ယင်စွမ်းအင်ကို လိုအပ်တယ်.. ခုနက မိန်းကလေးက အပျိုစင်လေးဖြစ်ပြီး လနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်လို့ မိစ္ဆာကျင့်ကြံသူ အဖွဲ့ဝင်တွေ ကျင့်ကြံဖို့အတွက် သင့်တော်နေတယ်.. ရှင်ခုနက တွေ့ခဲ့တဲ့သူက မိစ္ဆာကျင့်ကြံသူ အဖွဲ့ဝင်ပဲ။”

ရှုကျင်းချန် သူ့နားသူပင် မယုံနိုင်ပဲ မှင်သက်နေလေသည်။

“ကျင့်ကြံသူတွေက နံရံတွေပါတက်နိုင်တယ် အဲဒါကိုတော့ ချင်ကုန်းလို့ ခေါ်တယ်.. သူတို့က လိုချင်တဲ့ အစွမ်းတွေကိုလည်း ထုတ်သုံးနိုင်တယ်.. ခုနက သူက အဆင့်သိပ်မြင့်တဲ့သူတော့ မဟုတ်ဘူးထင်တယ်.. မဟုတ်ရင် ဒီလိုမျိုး လွယ်လွယ် ရှင်ကျန်နိုင်မှာ မဟုတ်ဘူး။” ကုနင်း ပြောလိုက်ရင်း အနည်းငယ် ထိတ်လန့်မိနေလေသည်။

လင်ရှောင်းထင်သည် သူမလက်ကို ဆုပ်ကိုင်ထားပြီး နှစ်သိမ့်လိုက်သည်။

ရှုကျင်းချန် သည်လည်း ကြောက်လန့်နေလေသည်။

“ငါကတော့ လက်ခံနိုင်ဖို့ ခဲယဉ်းနေတယ်.. ခေါင်းဆောင်ရော စစကြားချင်းတုန်းက ဘယ်လို ခံစားရလဲ?”

“ငါလည်း အံ့ဩသွားခဲ့ပြီး လက်မခံနိုင်ဖြစ်ခဲ့ပါတယ်။”

“အင်း.. ငါကတော့ ဒီည အိပ်မက်ဆိုးတွေ မက်တော့မယ်ထင်ပါရဲ့။” ရှုကျင်းချန် ပြောလိုက်သည်။

သူသည် ယုံကြည်မိပြီး ဖြစ်သော်လည်း လက်မခံနိုင်ဘူး ဖြစ်နေသည်ပင်။

“ရှင်လည်း ဒီအကြောင်းကို လျှို့ဝှက်ထားပြီး ကျင့်ကြံသူတွေကို တတ်နိုင်သလောက် ရှောင်ပါ။” ကုနင်းက ထပ်ပြောလိုက်သည်။ ရှုကျင်းချန်သည် ထိုသူများကို ယှဉ်နိုင်စွမ်း မရှိသူ မဟုတ်ပါလား။

“နားလည်ပါပြီ” ရှုကျင်းချန် ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

***

အခန်း ၁၃၈၅ ‘အနာဂတ်ဘုရင်’ နှင့် ‘အနာဂတ်ဧကရာဇ်’

သူတို့သည် စကားခဏပြောလိုက်ကြပြီးနောက် မြန်မြန်လမ်းလျှောက်ပြန်လိုက်ကြသည်။ သို့သော် ရှုကျင်းချန်သည် ရုတ်တရတ် တစ်ခုခုကို သတိရသွားပြီး ကုနင်းကို မေးလိုက်သည်။ “ကုနင်း ငါတို့ ဒီမှာ ရှိနေမှန်း ဘယ်လိုသိတာလဲ?”

ကုနင်းက ပြုံးလိုက်ရင်း “အာရုံခံမိလို့ပါ။”

“အာရုံခံမိတယ်?” ရှုကျင်းချန် မယုံနိုင် ဖြစ်နေသော်လည်း သူသည် ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ချေ။ ကုနင်းကလည်း ပြောပြချင်ပုံမရသည် မဟုတ်ပါလား။

ကုနင်းသည် ရှုကျင်းချန်က သူမကို မယုံချင်မှန်းသိသော်လည်း ရှင်းပြမနေချင်တော့ပါချေ။

သူတို့သည် ရွာအဝင်ဝဆီသို့ ပြန်ရောက်သောအခါ လင်ရှောင်းထင်သည် ရှုကျင်းချန်အား သူ့ကားကို ပြန်မောင်းသွားရန်ပြောလိုက်ပြီး သူကတော့ ကုနင်း ကားဆီသို့ သွားလိုက်သည်။

“အိုး ကျွန်မ ဟိုနေ့ညက လင်ရှောက်ကျားကိုဆုံးမလိုက်တယ်.. သူ့ကို ဒုက္ခိတ ဖြစ်လောက်အောင်ထိတော့ မလုပ်လိုက်ပါဘူး.. ဒါပေမယ့် ကျွန်မရဲ့ မှော်အစွမ်းကြောင့် လအတော်ကြာထိတော့ သူ့ခါးက နာနေမယ်ထင်တယ်။” ကုနင်း ကားထဲတွင် ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်။

လင်ရှောင်းထင်ကတော့ မကျေမနပ်ဖြစ်သွားလေသည်။ “သူ့ကို အပြစ်ပေးတာ နည်းနည်းပေါ့နေတယ်လို့ မထင်ဘူးလား?” ကုနင်းသည် လင်ရှောက်ကျားကြောင့် သေပင်သေသွားနိုင်ခဲ့သည် မဟုတ်ပါလား။

လင်ရှောက်ကျားသည် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း ကားမတော်တဆမှုသည် ပြင်းထန်ခဲ့သည်ပင်။ တကယ်လို့ ကားသာ ပြုတ်ကျခဲ့ပါက မည်သူမျှ အသက်ရှင်နိုင်မည် မဟုတ်ပါချေ။ ကံကောင်းစွာပင် ကုနင်းတွင် မှော်စွမ်းအင်ရှိသောကြောင့် သူမကိုယ်သူမ ကာကွယ်လိုက်နိုင်ခြင်း ဖြစ်သည်။

လင်ရှောင်းထင်၏ စိတ်ထဲတွင် လင်ရှောက်ကျား၏ လုပ်ရပ်သည် ဘယ်လိုမှ လက်သင့်ခံစရာ ကောင်းမနေပါပေ။

“ဟားဟား” ကုနင်း ရယ်မောလိုက်သည်။ သူမသည် လင်ရှောင်းထင်၏ ဂရုစိုက်ပေးမှုကိုလည်း ကျေနပ် နှစ်သိမ့်သွားလေသည်။

“သူက လင်မိသားစုဝင်တစ်ယောက်ပဲလေ.. အဖိုးကို စိတ်မထိခိုက်စေချင်ဘူး။” ကုနင်းက ပြောလိုက်သည်။ လင်ရှောင်းထင်သည်လည်း သခင်ကြီးလင်ကို ဂရုစိုက်သူပင် မဟုတ်ပါလား။

“ဟုတ်ပါပြီ” လင်ရှောင်းထင် လက်ခံလိုက်သော်လည်း ကုနင်းအတွက်တော့ စိတ်မကောင်း ဖြစ်မိလေသည်။

ကုနင်းသည် သူ၏ စိတ်မကောင်း ဖြစ်သွားပုံကိုကြည့်ပြီး နှစ်သိမ့်လိုက်သည်။ “စိတ်မပူပါနဲ့ ကျွန်မလည်း ဘာမှမဖြစ်တော့ပါဘူး.. ရှင်လည်း ကျွန်မအကြောင်း သိခဲ့တာ ကြာပြီပဲ.. ကျွန်မက ဘယ်တုန်းကမှ မကျေနပ်ရင် ဒီတိုင်းနေတတ်တဲ့သူမှ မဟုတ်တာ။”

ကုနင်းသည် လင်ရှောက်ကျားကို လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့ မျက်နှာဖြင့် သက်ညှာပေးလိုက်ခြင်း ဖြစ်သော်လည်း သူမသည် သူမချစ်သောသူများအတွက် ထိုသို့လုပ်ခြင်း ဖြစ်သောကြောင့် နောင်တရမနေပါချေ။

လင်ရှောင်းထင်လည်း ထိုအခါမှ စိတ်သက်သာရာ ရသွားလေသည်။

“ရှောက်ရွှမ်းကပြောတယ်.. လင်ရှောက်ကျားကို ကုပေးဖို့ ကျွန်မရဲ့ မှော်ဆေးလုံးကို တောင်းနေတယ်တဲ့.. ဒါပေမယ့် သူတို့ဆီကတော့ ဖုန်းမခေါ်လာသေးဘူး။ ဘာလို့လဲ မသိဘူး။”

“လုံးဝမပေးနဲ့နော်” လင်ရှောင်းထင်သည် တုံ့ဆိုင်းခြင်း မရှိပဲ ပြောလိုက်သည်။ သူသည် လင်ရှောက်ကျားတစ်ယောက် ပြင်းထန်စွာ အဆုံးမ မခံလိုက်ရသည်ကိုပင် မကျေမနပ် ဖြစ်နေသည် ဖြစ်ရာ ကူညီပေးခိုင်းဖို့ စိတ်ကူးတော့ အလျင်းမရှိနေပါချေ။

“ကျွန်မလည်း မပေးချင်ပါဘူး.. သူတို့ ခေါ်ရင်လည်း တစ်ခုခု အကြောင်းပြလိုက်မယ်.. သူနာနေတာလည်း အချိန်တန်ရင် ပျောက်သွားမှာပဲဟာ။”

လင်ရှောက်ကျားသည် ဒီတစ်ချိန်တွင်တော့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေပြီ ဖြစ်သည်။ လင်ရှောက်ကျား၏ နာကျင်မှုသည် သူမ၏ ကျန်းမာရေးကို မထိခိုက်စေသည့်အပြင် ဆေးရုံမှလည်း အလုံးစုံကုသပေးပြီး ဖြစ်လေရာ သူမအတွက် သုံးလခန့် အိပ်ယာထဲတွင်နေဖို့သာ ရှိနေတော့သည်ပင်။

တစ်နာရီခန့်ကြာသောအခါ ရာစုနှစ်မြို့တော်အိမ်ရာတွင် ရှိသော ကုနင်း၏ အိမ်သို့ ရောက်သွားကြလေသည်။

ကုနင်း၏ ဓမ္မတာရက်မှာလည်း ပြီးသွားပြီ ဖြစ်သောကြောင့် လင်ရှောင်းထင်သည် အခွင့်အရေးကို အဆုံးရှုံးမခံပဲ အနမ်းမိုးများ ရွာသွန်းလိုက်သည်။

…

ပိတ်ရက်ရောက်သောအခါ ကုနင်းသည် အနားယူဖို့ ဆုံးဖြတ်လိုက်ပြီး ကုမ္ပဏီသို့ မသွားပဲ နေလိုက်သည်။ သူမသည် မသွားချင်လည်း မသွားလို့ရသည်ပင်။

မနက်စောစောတွင် လင်ရှောင်းထင်သည် ကုနင်းကို ’ကောင်းကင်တိုက်ပွဲ’ ဆော့နည်းကို သင်ပေးခိုင်းနေသည်။

ကုနင်း၏ ဂိမ်းထဲမှအိုင်ဒီသည် ‘အနာဂတ်ဘုရင်မ’ ဖြစ်သောကြောင့် လင်ရှောင်းထင်သည် သူ၏အိုင်ဒီကို ‘အနာဂတ်ဘုရင်’ ဟု ထားလိုက်သည်။ ထိုမှသာ လူများသည် သူတို့၏အိုင်ဒီမှ တစ်ဆင့် ချစ်သူစုံတွဲမှန်း သိကြမည် ဖြစ်သည်။

လင်ရှောင်းထင် ထိုအိုင်ဒီယူလိုက်ပြီး မကြာခင်မှာပဲ တခြားတစ်ယောက်ကလဲ ထိုနာမည်ကို သုံးချင်နေလေသည်။ သို့သော်လည်း လင်ရှောင်းထင်က နာမည်ကိုယူသွားပြီဖြစ်သောကြောင့် နောက်တစ်မျိုးပြောင်းပေးမှ ဖြစ်ပေတော့မည်။

‘အနာဂတ်ဘုရင်’ ဆိုသောနာမည်ကို သုံးချင်သူနောက်တစ်ယောက်မှာ ချီထျန်းလင်ဖြစ်သည်။ ချီထျန်းလင်မှာ ထိုနာမည်ကို ယူသုံးထားသော အခြားတစ်ယောက်ကို မသိသော်လည်း မကျေမနပ်ဖြစ်နေလေသည်။

ချီထျန်းလင် ခဏစဉ်းစားလိုက်ပြီး ‘အနာဂတ်ဧကရာဇ်’ ဟု နာမည် ထပ်ပေးလိုက်သည်။ ထိုမှသာ ကုနင်းအိုင်ဒီနှင့် လိုက်ဖက်မှုရှိသွားမည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ဘုရင် နှင့် ဧကရာဇ်တို့သည် ဂိမ်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

လင်ရှောင်းထင်သည် ထက်မြက်သူ ဖြစ်သောကြောင့် ဂိမ်းကို အချိန်တိုအတွင်း ဆော့တတ်သွားလေသည်။ သို့သော် ကုနင်းနှင့် ယှဉ်လျှင်တော့ အဆင့်နည်းနေသေးသည်။

လင်ရှောင်းထင်၏ အဆင့်သည် နည်းနေသေးသောကြောင့် ကုနင်းနှင့် အတူမဆော့နိုင်သေးသည် ဖြစ်ရာ ကုနင်းသည် သူနှင့် အတူတူဆော့ရန် စောင့်နေပေးလေသည်။

ထို့အပြင် သူမ ဂိမ်းထဲဝင်လိုက်လျှင်လည်း တခြားကစားသူများသည် သူမကို စာများမြောက်များစွာ ပို့နေကြမည် မဟုတ်ပါလား။

…

လင်မိသားစုအိမ်တွင်တော့ ကျန်းရှူးယွမ်သည် ၉ နာရီတွင် အိမ်ပြန်ရောက်လာသည်။ လင်ယွမ်ချန်မှလွဲလျှင် လင်မိသားစုဝင်များအားလုံး ဧည့်ခန်းတွင် ရှိနေကြလေသည်။ သူတို့သည် ပျော်ရွှင်စွာ ရယ်မောကာ စကားစမြည်ပြောနေကြပြီး လင်ရှောက်ကျား တစ်ယောက် ဆေးရုံတွင် လှဲလျောင်းနေရသည်ကို မေ့လျော့နေပုံပင်။

တကယ်တော့ သူတို့သည် မေ့လျော့နေကြခြင်းမဟုတ်ပဲ အချင်းချင်း စိတ်အားပေးနေကြခြင်း ဖြစ်သည်။ လင်ယွမ်ကျင်း၏ သမီးဖြစ်သူ စုန့်ယွီနျိုသည် လူကြီးများကို ဟာသများပြောပြီး ပျော်ရွှင်အောင် လုပ်နေခြင်းဖြစ်သည်။

စုန့်ယွီနျိုသည် ချစ်စရာကောင်းသော မိန်းကလေးဖြစ်ပြီး သခင်ကြီးလင်ကို အဖိုးဟု တွင်တွင်ခေါ်နေသောကြောင့် သခင်ကြီးလင်သည်လည်း ပျော်ရွှင်နေလေသည်။

ထိုမြင်ကွင်းများကို ကြည့်ပြီး ကျန်းရှူးယွမ် ဒေါသထွက်သွားသည်။ သူမ၏ သမီးဖြစ်သူမှာတော့ ဆေးရုံကုတင်ပေါ်တွင် နာကျင်စွာ လှဲလျောင်းနေရပြီး သူတို့ကတော့ အိမ်တွင် ပျော်ရွှင်စွာ ရယ်မောနေကြသည်မဟုတ်ပါလား။ သို့သော် သူမဒေါသကို ထိန်းချုပ်လိုက်ကာ ဘာလုပ်ရင်ကောင်းမလဲဟု စဉ်းစားနေလိုက်သည်။

***

အခန်း ၁၃၈၆ ဆေးကုန်သွားခြင်း

သခင်ကြီးလင်သည် စိတ်မဆိုးနေတော့သော်လည်း ကျန်းရှူးယွမ်ကိုတွေ့လိုက်သောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ပျယ်သွားလေသည်။

အခြားသူများသည်လည်း တိတ်ဆိတ်သွားကြသည်။

“အဖေ.. ကျွန်မ အမှားဆိုတာ သိပါတယ်.. ကျွန်မ ကုနင်းကို အဲဒီလို မဆက်ဆံခဲ့သင့်ဘူး.. အဲဒါကြောင့် ရှောက်ကျားအတွက် ဆေးကို တောင်းပေးပါ.. ရှောက်ကျားက နိုးလာတာနဲ့ နာကျင်လွန်းလို ညည်းညူနေရရှာပါတယ်.. ကျွန်မအသည်းတွေလည်း ကွဲလုပါပြီ။” ကျန်းရှူးယွမ်သည် သခင်ကြီးလင်ကို တောင်းပန်ပြောဆိုလိုက်သည်။

သူမသည် နောင်တရနေသည့်ပုံဖြစ်နေခြင်းမှာ တကယ်မဟုတ်ပဲ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ သို့သော် သူသည် လင်ရှောက်ကျား၏ မိခင်အဖြစ် စိတ်ရင်းနှင့် ပြောနေခြင်းလည်း ဖြစ်ပေသည်။

သခင်ကြီးလင် စိတ်မကောင်းဖြစ်သွားလေသည်။ သူသည်လည်း လင်ရှောက်ကျား၏ အဖိုးပင် မဟုတ်ပါလား။ သို့သော်လည်း ကုနင်းကို ဆေးတောင်းရမည်မှာလည်း အားနာစရာကောင်းနေသောကြောင့် သခင်ကြီးလင် စိတ်အိုက်နေလေသည်။

“အဖေ” ကျန်းရှူးယွမ် သောကရောက်နေလေသည်။

“အေးပါ.. ငါစဉ်းစားထားလိုက်မယ်။” သခင်ကြီးလင် ပြောလိုက်သည်။ ထို့နောက် သူ့အခန်းထဲသို့ ဝင်သွားသည်။

ကျန်းရှူးယွမ်သည်တစ်ခုခု ထပ်ပြောချင်နေသော်လည်း သခင်ကြီးလင် ထပ်စိတ်ဆိုးသွားမည်ကို စိုးရိမ်နေလေသည်။

သခင်ကြီးလင် ထွက်သွားသောအခါ ယွီယင်သည် “ရှူးယွမ်.. အဖေ့ကို အချိန်ခဏပေးလိုက်ပါ.. ကုနင်းအပေါ် လုပ်ရပ်တွေကို ပြန်တွေးကြည့်ရင် အဖေ့အနေနဲ့လည်း အကူအညီတောင်းပေးဖို့ လွယ်မှာမဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ ကျန်းရှူးယွမ် ဒေါသထွက်သွားသည်။ သူမသည် သူမမှားသည်ဟု မထင်နေသေးပေ။ သခင်ကြီးလင်သည် ကုနင်းကို ဆေးတောင်းပေးလျှင် ကုနင်းသည်လည်း လင်မိသားစုနှင့် လက်ထပ်ရမည် ဖြစ်သောကြောင့် ပေးကို ပေးရမည်ဖြစ်သည်။ ထို့ကြောင့် သခင်ကြီးလင်သည် ကုနင်းဆီမှ ဆေးတောင်းခြင်းသည် သင့်လျော်သည် မဟုတ်ပါလား။

ကျန်းရှူးယွမ်၏ ပုံစံကိုကြည့်ပြီး အခြားသူများသည် သူမ ဘာတွေးနေလဲ သိလိုက်လေသည်။ သူတို့သည် သူမကို စိတ်ပျက်သွားကြသည်။ “ရှူးယွမ်.. အဲဒီကိစ္စကို အသေးအမွှားလို့ ထင်နေတာလား?” လင်ယွမ်ကျင်းက မေးလိုက်သည်။

“ငါကမှားနေလို့လား?” ကျန်းရှူးယွမ်သည် သခင်ကြီးလင် မရှိသောကြောင့် မျက်နှာပြောင်တိုက်ကာ ပြောနေလေသည်။

“မှားတာပေါ့ နင် ကုနင်း အပေါ်လုပ်ခဲ့တာတွေ မေ့သွားပြီလား.. တော်တော်ဆိုးဆိုးတွေ လုပ်ခဲ့တာလေ။”

ကျန်းရှူးယွမ်သည် အနည်းငယ် ရှက်သွားသောကြောင့် ဘာမှ မပြောပဲနေလိုက်သည်။ သူမ ကုနင်းအပေါ် လုပ်ခဲ့သောလုပ်ရပ်များသည် လက်မခံနိုင်စရာ ဖြစ်သည်ကို သိသော်လည်း ကုနင်းက ကူညီပေးသင့်သည်ဟု တွေးနေခြင်း ဖြစ်သည်။ ဆေးတစ်လုံးမျှသာ ဖြစ်သောကြောင့် ကျန်းရှူးယွမ်သည် ဘာမှမဟုတ်သည်ကို တွက်ကပ်နေသည်ဟုလည်း တွေးနေလေသည်။

သခင်ကြီးလင်သည် အခန်းထဲတွင် တစ်နာရီခန့် တွေဝေနေသေးသော်လည်း နောက်ဆုံးတွင် ကုနင်းကို ဖုန်းခေါ်လိုက်သည်။

သူဖုန်းခေါ်ချိန်တွင် လင်ရှောင်းထင်နှင့် ကုနင်းတို့သည် အပြင်ထွက်လမ်းလျှောက်နေကြသည်။ ကုနင်း ဖုန်းကို ထုတ်လိုက်သောအခါ လင်ရှောင်းထင်သည် ဖုန်းခေါ်သူ၏ နာမည်ကို တွေ့လိုက်ပြီး “မပေးနဲ့နော်” ဟု ထပ်ပြောလိုက်သည်။

“မပေးပါဘူး” ကုနင်း သူ၏ ကလေးဆန်စွာ စိတ်ဆိုးနေပုံကို ပြုံးကြည့်ရင်း ပြောလိုက်သည်။

ထို့နောက် သူမသည် ဖုန်းကို ကိုင်လိုက်ပြီး “ဟိုင်း အဖိုး” ဟု နှုတ်ဆက်လိုက်သည်။

“နင်းနင်း ဘာတွေလုပ်နေလဲ?” သခင်ကြီးလင် သည် စိတ်မသက်သာစွာ မေးလိုက်သည်။

“အပြင်မှာ ညစာစားမလို့ အိမ်ကထွက်နေတာပါ” ကုနင်း ပြောလိုက်သည်။ သူမသည် သခင်ကြီးလင်ကို လင်ရှောင်းထင် သူမဘေးတွင် ရှိနေကြောင်း မပြောပါချေ။ လင်ရှောင်းထင်သည် သူပြန်ရောက်နေကြောင်းကို သူ့အဖိုးအား မပြောရသေးသည် မဟုတ်ပါလား။

“အင်း.. အဖိုး ပြောစရာလေးရှိလို့ပါ။”

“ဟုတ်ကဲ့”

သခင်ကြီးလင်သည် ကုနင်းကို လင်ရှောက်ကျားအကြောင်း ပြောပြလိုက်သည်။ “အဖိုးလည်း ရှောက်ကျားက အလိုလိုက်ခံထားရတော့ သမီးကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာတွေကို သိပါတယ်… အဲဒီလိုဖြစ်ခဲ့ပြီးမှ သမီးရဲ့ အကူအညီမတောင်းသင့်မှန်းလည်း သိပါတယ်.. မတရားတာမို့လို့ သမီး စိတ်ခုမယ်မှန်းလည်း သိတယ်.. ဒါပေမယ့် ရှောက်ကျားက အဖိုးရဲ့ မြေးဆိုတော့လည်း…”

“အဖိုး သမီး လင်ရှောက်ကျား ရဲ့ လုပ်ရပ်တွေကို စိတ်ထဲမထားပါဘူး.. ဒါပေမယ့် မနေ့ကပဲ သမီးမိတ်ဆွေတစ်ယောက်ကို ကူညီပေးလိုက်ရလို့ ဆေးကုန်နေလို့ပါ.. တောင်းပန်ပါတယ်.. သမီးထပ်ရတာနဲ့ ပေးပါမယ်နော်။” ကုနင်း လိမ်ညာပြောဆိုလိုက်သည်။

သူမသည် သခင်ကြီးလင်ကို လိမ်လိုက်ရခြင်းကို အားနာမိသော်လည်း ဘာမှမတတ်နိုင်ပါချေ။ သူမလည်း သူမကိုယ်သူမ ချစ်တတ်ရမည် မဟုတ်ပါလား။

ထိုစကားကို ကြားသောအခါ သခင်ကြီးလင် စိတ်ညစ်သွားသော်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါချေ။ သူသည် ကုနင်းမှာ လင်ရှောက်ကျားကို မကူညီချင်မှန်းသိသော်လည်း သူမသည် ကြင်နာတတ်သူ ဖြစ်သည်ကိုလည်း သိလေသည်။ ကုနင်းသည် သူမနှင့် ဘာမှမတော်စပ်သူများကိုပါ ကူညီပေးသူ မဟုတ်ပါလား။ ထို့ကြောင့် သခင်ကြီးလင်သည် ကုနင်း၏ စကားကို ယုံလိုက်သည်။

တကယ်တော့ လင်ရှောက်ကျားသည် ကုနင်းကို ဘာမှမလုပ်ခဲ့ဘူးဆိုလျှင် ကုနင်းသည် သခင်ကြီးလင် မျက်နှာကိုထောက်ကာ ကူညီပေးမည်ဖြစ်သည်။ သို့သော် ကားမတော်တဆမှုကြီး ဖြစ်ထားခဲ့သည်ဖြစ်ရာ ကုနင်းသည် လင်ရှောက်ကျားအကြောင်း စဉ်းစားမိလျှင်ပင် စက်ဆုပ်ရွံရှာမိလေသည်။

ထို့ကြောင့် ကုနင်းသည် လင်ရှောက်ကျားကို ကူညီပေးမည် မဟုတ်ချေ။

ထို့အပြင် သခင်ကြီးလင်သည်သာ ကားမတော်တဆမှုနောက်ကွယ်မှ ကြိုးကိုင်သူသည် လင်ရှောက်ကျား မှန်းသိသွားမည်ဆိုလျှင် အလွန်စိတ်ဆိုးမည်ဖြစ်သည်။

ကုနင်းသည် သခင်ကြီးလင်မှာ မျှတစွာ စဉ်းစားတွေးခေါ်နိုင်သူ ဖြစ်သောကြောင့် သူမကို အပြစ်တင်မည် မဟုတ်မှန်းလည်း သိလေသည်။

ကုနင်းတွင် ဆေးကုန်နေသည်ဆိုသောကြောင့် သခင်ကြီးလင် လက်လျှော့လိုက်ဖို့သာ ရှိသည်။

သူသည် အခြားသူများကို မပြောပဲ ထားမည်ဟု တွေးလိုက်သည်။ ကျန်းရှူးယွမ်သာ သိလျှင် ကုနင်းကို အပြစ်တင်ဦးမည် မဟုတ်ပါလား။ သူသည် သူ့ကိုယ်သူသာ အပြစ်တင်ခံလိုက်မည်ဟု ဆုံးဖြတ်လိုက်ကာ ကုနင်းကို ဖုန်းမခေါ်လိုက်ဘူးဟု ပြောမည်ပင်။

…

၂ နာရီခွဲသောအခါ ကျင့်ခိုင်၏ တရားခွင် စတင်လေသည်။

ဖန်းရှင်းဟောက်သည် ဒဏ်ရာရထားသောကြောင့် တရားခွင်သို့ မတက်နိုင်လေရာ သူ၏ ရှေ့နေကသာ ကိုယ်စားတက်ပေးလိုက်သည်။

ထိုရှေ့နေသည်လည်း ကုနင်း ငှားပေးထားသော သူဖြစ်သည်။

All Chapters