အခန်း (၁၃၈၇-၁၃၉၂)
Vol. 89 Ch. 1386-1392
အခန်း ၁၃၈၇ သတင်းဆိုး
ဖန်းရှင်းဟောက်သည် အတော်အတန်ပြန်ကောင်းနေပြီ ဖြစ်သော်လည်း ပြစ်မှုကို မထင်ရှားမည်စိုးသောကြောင့် ဒဏ်ရာပြင်းထန်ပြီး တရားခွင်ပင် မတက်နိုင်ပုံ ဖမ်းထားခြင်းဖြစ်သည်။ ဖန်းရှင်းဟောက် တရားခွင်သို့ လာပါက သူ့ပုံစံကိုကြည့်ပြီး ကျင့်ခိုင်အား ပြစ်ဒဏ်လျှော့ပေါ့ နိုင်သည် မဟုတ်ပါလား။
တကယ်တော့ ကုနင်း၏ အကူအညီကြောင့်သာ မဟုတ်ပါက ဖန်းရှင်းဟောက်သည် သတိမေ့နေဦးမည် ဖြစ်သည်။ ထို့ကြောင့် ကုနင်း၏ စီစဉ်မှုသည် ကျိုးကြောင်းဆီလျော်လေသည်။
ထိုသို့ဖြင့် ကျင့်ခိုင်၏ ပြစ်မှုအထောက်အထားများ ထင်ရှားသောကြောင့် သူသည် ထိုနေ့တွင် တရားရင်ဆိုင်ရခြင်း ဖြစ်သည်။ သူသည် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရသည်။
ဖန်းရှင်းဟောက်ကတော့ လျော်ကြေးအနေဖြင့် ယွမ် ၁.၂ သန်းရလိုက်သည်။
ကျင့်ခိုင်၏မိခင်ကတော့ သူ၏ တစ်ဦးတည်းသော သားလေးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းအပေါ် လက်မခံနိုင်ဖြစ်နေသောကြောင့် တရားရုံးထဲတွင် ငိုကြွေးနေလေသည်။ သူမ၏ အပြုအမူသည် မသင့်တော်သောကြောင့် ကျင့်လီချန်းသည် လျှိုယွဲ့အား သူမကို ခေါ်ထုတ်သွားဖို့ ပြောလိုက်သည်။ သူသည်လည်း ရလဒ်ကို လက်မခံချင်သော်လည်း ဘာမှမတတ်နိုင်တော့သည် မဟုတ်ပါလား။
တရားခွင် မစခင်တွင် ကျင့်လီချန်းသည် တရားရုံတွင် အလုပ်လုပ်သော မိတ်ဆွေတစ်ယောက်နှင့် စကားပြောကာ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သိမ်းသွင်းခဲ့သေးသည်။ သို့သော် နစ်နာသူ၏ နောက်တွင် အရှိန်အဝါကြီးသော တစ်စုံတစ်ယောက်ရှိနေသောကြောင့် တရားဥပဒေအရသာ စီရင်ဖြစ်သွားခြင်း ဖြစ်သည်။
ထိုသို့ဖြင့် ကျင့်လီချန်းသည် ဘာမှမတတ်နိုင်တော့ခြင်း ဖြစ်သည်။
…
နေ့လည်ဘက်တွင် ကျန်းရှူးယွမ်သည် လင်ရှောက်ကျား၏ အခန်းထဲတွင် တစ်ယောက်တည်း စောင့်ပေးနေသည်။ လင်ရှောက်ကျားကတော့ ထုံးစံအတိုင်း ညည်းညူနေရင်း တိုက်ခိုက်သူကို ကျိန်ဆဲနေလေသည်။ သူမသည် သခင်ကြီးလင်ကိုပင် ကုနင်းဆီမှ ဆေးမတောင်းပေးခြင်းအပေါ် စိတ်ဆိုးနေလေသည်။
ကျန်းရှူးယွမ်သည်လည်း စိတ်မချမ်းမသာဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ပါချေ။
လင်ရှောက်ကျားသည် အခြားသူများကို အပြစ်တင်နိုင်နေခြင်းမှာ သူမ၏ နာကျင်မှုသည် အလွန်မပြင်းထန်သောကြောင့်ဖြစ်သည်။ သူမသည် စိတ်မရှည် ဖြစ်နေခြင်းပင်။ သွားကိုက်ဝေဒနာကဲ့သို့ပင် ကျန်းမာရေးကို ထိခိုက်နေခြင်း မဟုတ်သော်လည်း စိတ်ရှုပ်စရာကောင်းနေသည် မဟုတ်ပါလား။
သူတို့သည် သခင်ကြီးလင် ရှေ့တွင်တော့ စကားနားထောင်ပြနေသော်လည်း သခင်ကြီးလင်၏ နောက်ကွယ်တွင် တိုက်ခိုက်သူကို စုံစမ်းနေကြသည်။
ကျန်းမိသားစုသည် လင်မိသားစုနှင့် မယှဉ်နိုင်သော်လည်း အရှိန်အဝါတစ်ခုတော့ ရှိလေသည်။ ထို့ကြောင့် အရေးကြီးပုဂ္ဂိုလ်မဟုတ်ပါက လူတစ်ယောက်ကို စုံစမ်းခြင်းမှာ သူတို့အတွက် လွယ်ကူလေသည်။
ကုနင်းသည်လည်း သာမာန်သူမဟုတ်သောကြောင့် ကျန်းမိသားစုမှာ မဖော်ထုတ်နိုင်ကြခြင်း ဖြစ်သည်။
လင်ရှောက်ကျားသည် သူမဖုန်းမြည်နေချိန်တွင်လည်း ကျိန်ဆဲနေတုန်းပင်။ သို့သော် ဖုန်းမျက်နှာပြင်တွင် စမစ်၏ နာမည်ကို တွေ့လိုက်ရသောအခါ သူမသည် ပျော်ရွှင်မြူးတူးသွားပြီး “ဟေး ဘယ်လိုလဲ.. အောင်မြင်လား?”
သူမသည် ဆေးရုံတက်နေရသောကြောင့် သူမ၏ အခြားဖုန်းတစ်လုံးကို အိမ်မှာထားထားခြင်း ဖြစ်သည်။
လင်ရှောက်ကျား၏ စကားလုံးများကို ကြားပြီး ကျန်းရှူးယွမ်သည် အနည်းငယ် သံသယဝင်သွားသည်။ သို့သော် လင်ရှောက်ကျား ဖုန်းပြောနေသောကြောင့် ဘာမှ မပြောပါချေ။
စမစ်က “အင်း.. သတင်းဆိုးကို ပြောရမှာတော့ အားနာပါတယ်.. လူသတ်သမားက သေပြီးနေပြီ.. ပြီးတော့ သူက နိုင်ငံရဲ့ အထက်တန်းအရာရှိကို တိုက်ခိုက်ထားတာမို့လို့ သူ့နိုင်ငံကပေးတဲ့ သေဒဏ်ချခံလိုက်ရတာ။”
“ဘာ?” လင်ရှောက်ကျား အံ့ဩသွားပြီး “ဘာလို့လဲ?” ဟု ချက်ချင်းမေးလိုက်သည်။ သူမသည် Bမြို့ မှ ကားမတော်တဆမှုအကြောင်း မသိပါချေ။
“ပြီးခဲ့တဲ့အပတ်က Bမြို့က လေဆိပ်ရဲ့ အပြင်ဘက်လမ်းမမှာ ကားမတော်တဆမှု ဖြစ်ခဲ့တယ်.. အထက်တန်းအရာရှိက အဲဒီကားထဲမှာ ထိုင်နေခဲ့တာ။” စမစ်က ပြောလိုက်သည်။ သူသည် ထိုအထက်တန်းအရာရှိကို မည်သူမှန်း မသိပါချေ။
သူသည် ထိုသတင်းကို အင်တာနက်မှ ဖတ်မိထားခြင်းဖြစ်ပြီး ထိုအထက်တန်းအရာရှိအကြောင်းကို ရှာဖွေလို့ မရပါချေ။ သို့သော် ထိုကားမတော်တဆမှုတွင် ပါဝင်ခဲ့သူမှာ အထက်တန်းအရာရှိကိုယ်တိုင် ဖြစ်နေသောကြောင့် သတင်းအတုတော့ ဖြစ်စရာအကြောင်း မရှိပါချေ။
စမစ်ကတော့ သူတို့သည် ကုနင်းကို တိုက်ခိုက်သော်လည်း တကယ်အတိုက်ခိုက်ခံရသူမှာ အထက်တန်းအရာရှိ ဖြစ်သွားသည်ကို နားမလည်နိုင်ပါချေ။ မတော်တဆ ဖြစ်ခြင်းပေလား။
လင်ရှောက်ကျားကတော့ စိတ်ရှုပ်သွားလေသည်။ သူမသည် လင်ရှောင်းထင်သည် လင်မိသားစု၏ အရေးကြီး မိသားစုဝင်များနှင့် Bမြို့သို့ ပြီးခဲ့သောအပတ်က လာရန်ရှိကြောင်း သိထားသည် မဟုတ်ပါလား။
“အဲဒီအထက်တန်းအရာရှိက ဘယ်သူလဲ?”
“မသိဘူး အင်တာနက်မှာလည်း ဘယ်လိုမှ ရှာလို့မရဘူး.. သိချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ရှာမှဖြစ်မယ်။”
လင်ရှောက်ကျား ဖုန်းကို မြန်မြန်ချလိုက်ပြီး အင်တာနက်မှ သတင်းများကို ရှာဖွေလိုက်သည်။
“ရှောက်ကျား ဘာဖြစ်လို့လဲ?” ကျန်းရှူးယွမ် သည် စိုးရိမ်တကြီးမေးလိုက်သည်။ အရေးတကြီးပုံပေါက်နေသည် မဟုတ်ပါလား။
လင်ရှောက်ကျားသည် ကျန်းရှူးယွမ်ကို လျစ်လျူရှုလိုက်ကာ ဖုန်းကိုသာ အာရုံစိုက်ထားလိုက်သည်။ သူမသည် စကားလုံးအစုံရိုက်ရှာကာ ရှာဖွေနေလေသည်။
ၐခဏတွင်းချင်းပင် ကားမတော်တဆမှုနှင့်ဆိုင်သော သတင်းများ တက်လာသည်။
သူမသည် သတင်းအကြောင်းများကို ဖတ်ရန်မလိုပါချေ။ ကုနင်း၏ နာမည်ကို သတင်းခေါင်းစဉ်တွင် တွေ့လိုက်ရသည် မဟုတ်ပါလား။ ထို့ကြောင့် ထိုမတော်တဆမှုတွင် ကုနင်း ပါဝင်ကြောင်းတော့ သေချာလေသည်။ ထိုသို့ဆိုလျှင် အထက်တန်းအရာရှိသည် လင်ရှောင်းထင် ဖြစ်နိုင်လေသည်။
လူသတ်သမားကလည်း သူဖမ်းမိသွားသည့်အချိန်တွင် ရရာလုပ်လိုက်ရပုံပေါ်သည်။
လင်ရှောက်ကျား ထိတ်လန့်သွားသည်။ လူသတ်သမားသည် သူမကို သစ္စာတော့ မဖောက်နိုင်ပါချေ။ တကယ်လို့ ကုနင်းနှင့် လင်ရှောင်းထင်သာ သိသွားပါက သူမဒုက္ခကြီးကြီး ရောက်မည်ပင်။
ထို့အပြင် သူမသည် လူသတ်သမားကို ကုနင်းအား ဒုက္ခိတဖြစ်ရုံသာ ခိုင်းထားခြင်း ဖြစ်သည်။ သို့သော် ဘာကြောင့် ကားဖြင့်တိုက်သည်ကိုတော့ နားမလည်နိုင်ပေ။ ကုနင်း သေသွားနိုင်သည် မဟုတ်ပါလား။
ထိုအတွေးများဖြင့် လင်ရှောက်ကျား ကြောက်ရွံ့တုန်လှုပ်နေလေတော့သည်။
***
အခန်း ၁၃၈၈ မြို့တော်မှာ ဘယ်လိုနေမလဲ
လင်ရှောက်ကျားသည် သွေးပျက်နေသောကြောင့် သူမ၏ ဝေဒနာကိုပင် မေ့လျော့နေလေသည်။
“ရှောက်ကျား ဘာဖြစ်နေတာလဲ.. အမေတောင်လန့်လာပြီ။” ကျန်းရှူးယွမ်သည် လင်ရှောက်ကျား၏ ပုခုံးကို လှုပ်လိုက်ရင်း မေးနေသည်။ ထို့နောက် လင်ရှောက်ကျား၏ ဖုန်းဆီသို့ အကြည့်ရောက်သွားသည်။ သူမသည် လင်ရှောက်ကျား ဘာကြောင့် ထိုသို့ ဖြစ်နေကြောင်းကို သိချင်နေခြင်း ဖြစ်သည်။
လင်ရှောက်ကျားကတော့ ဖုန်းကို မမြင်အောင် ရွှေ့လိုက်သည်။ သို့သော် ကျန်းရှူးယွမ်သည် သတင်းများကို တွေ့ပြီးသွားပြီဖြစ်သောကြောင့် နောက်ကျသွားပြီ ဖြစ်သည်။
ကျန်းရှူးယွမ် အလွန်အံ့ဩသွားသည်။ သူမသည် လွန်ခဲ့သောတစ်ပတ်က လင်မိသားစုဝင်များ Bမြို့ကို သွားကြသော အဖြစ်အပျက်ကို သတိရသွားသည်။ သို့သော် သူတို့ရောက်လာချိန်တွင် ထိုအကြောင်းကို မည်သူမှ မပြောခဲ့ပါချေ။
ရုတ်တရတ်ပင် ကျန်းရှူးယွမ်သည် တစ်စုံတစ်ခုကို သတိရသွားပြီး လင်ရှောက်ကျားကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
လင်ရှောက်ကျားသည် ဖုန်းလာစဉ်က စိတ်လှုပ်ရှားနေပြီး ဖုန်းကို ဖြေလိုက်သည်နှင့် အောင်မြင်လားဟု မေးလိုက်သည် မဟုတ်ပါလား။ ထို့ကြောင့် လင်ရှောက်ကျားသည် ကားမတော်တဆမှုနှင့် တစ်ခုခုတော့ ပတ်သက်နေပေမည်။
ကျန်းရှူးယွမ် ကိုယ့်အတွေးနှင့်ပင် ထိတ်လန့်သွားသည်။ သူမသည် မယုံနိုင်ဖြစ်နေသော်လည်း လင်ရှောက်ကျား၏ ပုံစံများက သက်သေပြနေသည်ပင်။ တိုက်ဆိုင်မှု ဖြစ်စရာအကြောင်းမရှိပါချေ။ ထို့အပြင် လင်ရှောက်ကျားသည် ကုနင်းနှင့် မတည့်ကြောင်းကိုလည်း ကောင်းကောင်းသိသည်ပင်။
“ရှောက်ကျား.. အမေ့ကို မှန်မှန်ပြောစမ်း.. ဒီကိစ္စက သမီးနဲ့ တစ်ခုခုပတ်သက်နေလား?” ကျန်းရှူးယွမ် မေးလိုက်သည်။
“ဘာ.. ဘာမှမပတ်သက်ပါဘူး။” လင်ရှောက်ကျား ချက်ချင်ငြင်းလိုက်ကာ ထိတ်လန့်နေလေသည်။ “သမီးနဲ့ ဘာမှမဆိုင်ဘူး”
သို့သော် လင်ရှောက်ကျား မည်မျှပင် ငြင်းဆန်နေပါစေ။ သူမ၏ ပျက်ယွင်းနေသော ပုံစံက သက်သေပြနေသည်ပင်။ ကျန်းရှူးယွမ်သည် လင်ရှောက်ကျားတစ်ယောက် ထိုကိစ္စတွင် ပါဝင်နေကြောင်း သိသွားပြီး လက်မခံနိုင် ဖြစ်နေလေသည်။ သူမသည် လင်ရှောက်ကျားကို အလိုလိုက်ခံထားရပြီး ဆိုးနေသော ကလေးဟု မြင်သော်လည်း လင်ရှောက်ကျားသည် တစ်စုံတစ်ယောက်ကို သတ်ဖို့ လူသတ်သမားပါ ငှားခဲ့သည် မဟုတ်ပါလား။
ကုနင်းသည် သူတို့၏ ရန်သူ ဖြစ်နေသော်လည်း သခင်ကြီးလင်နှင့် အခြားအရေးကြီး မိသားစုဝင်များသည် ထိုအချိန်တွင် ကုနင်းနှင့် အတူရှိနေခဲ့သည် မဟုတ်ပါလား။
“ရှောက်ကျား.. နင်ဘယ်လိုတောင်…” ကျန်းရှူးယွမ် ဒေါသထွက်လွန်းနေသောကြောင့် စကားပင်ဆုံးအောင် မပြောနိုင်တော့ပါချေ။ သူမသည်လည်း ကုနင်းကို မုန်းသူဖြစ်သော်လည်း သတ်ဖို့အတွေးတော့ မရှိပါချေ။ သူမသည် ကုနင်းကို စိတ်ပင်မဝင်စားသူ ဖြစ်သည်။ ကုနင်း သေလျှင်လည်း သူတို့အတွက် ဘာမှအကျိုးထူးမည် မဟုတ်ပါပေ။
“သ-သမီး…” လင်ရှောက်ကျား ငြင်းဆန်ချင်နေသေည်လည်း သူမကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိနေပါချေ။
ကျန်းရှူးယွမ်သည် လင်ရှောက်ကျားကို အလွန်စိတ်ဆိုးနေပြီ ဖြစ်သည်။
“ဘာဆက်ဖြစ်မယ်ဆိုတဲ့ အကျိုးဆက်ကို တွေးကြည့်မိရဲ့လား.. နင့်အဖိုး၊ အန်တီယင်.. ဦးလေးယွမ်ကျန်း ပြီးတော့ လင်ရှောင်းထင်.. သူတို့အားလုံး ကားမတော်တဆမှုနဲ့ သေသွားနိုင်တယ်လေ.. ငါတို့ လင်မိသားစု မြို့တော်မှာ ဒီလိုနေနိုင်တာ ဘယ်သူ့ကြောင့်လဲ?” ကျန်းရှူးယွမ်သည် အလွန်ဒေါသထွက်နေသလို သူမ၏ အသံသည်လည်း ကြောက်ရွံ့စိတ်ဖြင့် တုန်လှုပ်နေလေသည်။
ကျန်းရှူးယွမ်သည်လည်း လင်ရှောင်းထင်နှင့် လင်ယွမ်ကျန်းတို့မိသားစုကို သဘောမကျပေမည့် သူတို့သည် လင်မိသားစု၏ အရေးကြီးသူများမှန်းသိလေသည်။ သူတို့မရှိလျှင် လင်မိသားစုသည် မြို့တော်တွင် အရှိန်အဝါရှိတော့မည် မဟုတ်ပါချေ။
သခင်ကြီးလင်သည် ပင်စင်ယူသွားပြီ ဖြစ်သော်လည်း သူ့အတွက် အလုပ်လုပ်ခဲ့သူများမှာ သူ၏ သစ္စာတော်ခံများ ဖြစ်နေကြသေးသည်။ တကယ်လို့ သခင်ကြီးလင်သာ မရှိတော့လျှင် လင်မိသားစုအတွက် အထောက်အပံ့များလည်း ရှိတော့မှာ မဟုတ်ချေ။ လင်ရှောင်းထင်သည်လည်း စစ်တပ်တွင် ဗိုလ်ချုပ်အထိ ဖြစ်ခဲ့သောကြောင့် အဆင့်မြင့်အရာရှိတစ်ဦးပင်။
ထိုအချိန်တွင် လင်ရှောက်မင် ရောက်လာသည်။ သူသည် ကျန်းရှူးယွမ်တစ်ယောက် လင်ရှောက်ကျား ကို အပြစ်တင်နေသံများကို ကြားသောကြောင့် အထဲမဝင်သွားသေးပဲ အပြင်တွင် ရပ်နေလိုက်သည်။ သူသည် အရှေ့ကပြောသည့်စကားများကို မကြားသော်လည်း နောက်ပိုင်းပြောသည့် စကားများကိုတော့ ကြားလိုက်ရသည်။
လင်ရှောက်ကျားသည်တော့ ငိုကြွေးလိုက်ရင်း “သ-သမီး ကုနင်းကို သတ်ဖို့ မလုပ်ခဲ့ပါဘူး.. သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး သင်ခန်းစာပေးချင်ခဲ့တာပါ.. သမီးလည်း ဘာလို့ လူသတ်သမားက ကားနဲ့တိုက်လဲဆိုတာ မသိဘူး…”
သူမသည် တကယ်လည်း ကုနင်းကို သတ်ဖို့ ဆန္ဒမရှိပါချေ။ ထို့ကြောင့် ထိုကိစ္စနှင့် အပြစ်တင်မခံလိုခြင်း ဖြစ်သည်။
လင်ရှောက်မင်ကတော့ အလွန်အံ့အားသင့်သွားသည်။ သူသည် အခန်းထဲသို့ ပြေးဝင်သွားသောကြောင့် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့လည်း လန့်သွားကြသည်။
“နင်ဘာလုပ်ခဲ့တာလဲ?” လင်ရှောက်မင် လင်ရှောက်ကျား ကို မေးလိုက်သည်။
“ငါ-ငါ…” လင်ရှောက်ကျားသည် လင်ရှောက်မင်၏ ဒေါသထွက်နေပုံကို ကြည့်ပြီး ကြောက်နေသောကြောင့် စကားပင် ပြောမထွက်တော့ပါချေ။
“ပြောလေ” လင်ရှောက်မင် အလွန်ဒေါသထွက်နေလေသည်။ သူသည်လည်း ကုနင်းကို သဘောမကျခဲ့သူ ဖြစ်သည်။ လင်ရှောင်းထင်သာ သူမနှင့် လက်ထပ်လိုက်ပါက လင်ရှောင်းထင်သည် သူ့ထက် သာသွားပြီး ပိုအောင်မြင်သွားမည် ဖြစ်သောကြောင့်ပင်။ သူသည် ထိုကဲ့သို့ စိတ်ထားရှိနေသော်လည်း လုပ်သင့်သည်နှင့် မလုပ်သင့်သည်ကိုတော့ ခွဲခြားသိလေသည်။
တကယ်တော့ လင်ရှောင်းထင်သည် ကုနင်းနှင့် ယူလိုက်ပါက လင်မိသားစုနှင့် ထန်မိသားစုမှာ မိတ်ဖက်များ ဖြစ်သွားကြမည်မှာ ပိုတောင်ကောင်းသောအရာ ဖြစ်သည်။
လင်မိသားစုဝင်တစ်ယောက်အနေဖြင့် သူသည်လည်း ထိုကဲ့သို့ အရှိန်အဝါပိုကြီးလာမည့် အဖြစ်ကို မျှော်လင့်နေသည်ပင်။ အရေးကြီးဆုံးမှာ ထန်မိသားစုသည် လင်ရှောက်ကျား၏ ကုနင်း အပေါ်လုပ်ရပ်ကို သိသွားမည်ဆိုပါက လင်မိသားစု ဒုက္ခရောက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် လင်မိသားစုအပေါ် ရန်သူများ ပိုများသွားနိုင်ပေသည်။
လင်ရှောက်ကျားသည် မတတ်နိုင်တော့ပဲ လင်ရှောက်မင်ကို ပြောပြလိုက်ရတော့သည်။ “ငါ ကုနင်းကိုမုန်းလို့ သူ့ကို ပညာပေးဖို့ ဆိုပြီး လူငှားလိုက်တာ.. ဒါပေမယ့် သတ်ဖို့ထိ မရည်ရွယ်ခဲ့ဘူး.. ငါလည်း အဲဒီလူက ကုနင်းကို ထရပ်ကားနဲ့ ဝင်တိုက်တာကို အံ့ဩနေတာ.. ကုနင်းက ဘာမှ မဖြစ်သွားပေမယ့် အဲဒီလူကတော့ ငါတို့နိုင်ငံရဲ့ အထက်တန်းအရာရှိကို တိုက်ခိုက်တဲ့အမှုနဲ့ သေဒဏ်ချခံလိုက်ရတယ်တဲ့။”
***
အခန်း ၁၃၈၉ ကူညီပေးပါ
“ငါ-ငါလည်း အခုဒီသတင်းကို မတွေ့လိုက်မချင်း မသိသေးဘူး.. သူအဲဒီလိုလုပ်မယ်လို့ ငါလည်း ဘယ်လိုလုပ်သိမှာလဲ.. သူအဲဒီလို လုပ်မယ်မှန်းသိရင် ငါလည်းတားမှာပါ။” လင်ရှောက်ကျား ပြောလိုက်သည်။
“ဘာ.. နင်ဘယ်လိုတောင် လုပ်ရက်ရတာလဲ?” လင်ရှောက်မင်သည် သူ၏ ညီမကို ထိုကဲ့သို့ ရက်စက်တတ်သောသူမှန်း မယုံနိုင်ဖြစ်နေလေသည်။
“ငါ…” လင်ရှောက်ကျားသည် သူမကိုယ်သူမ မည်ကဲ့သို့ ကာကွယ်ပြောဆိုရမည်ကိုပင် မသိတော့ပါချေ။
“နင်အဲဒီ လူသတ်သမားနဲ့ရော ဘယ်လိုသိတာလဲ.. သူကရော နင့်ကို ဘယ်သူမှန်းသိလား?” လင်ရှောက်မင် မေးလိုက်သည်။
ဖြစ်ပြီးသွားပြီ ဖြစ်သောကြောင့် လင်ရှောက်ကျားကို အပြစ်တင်နေလည်း ဘာမှမထူးတော့ပြီဖြစ်သည်။ ကံကောင်းစွာပင် မတော်တဆမှုတွင် သေဆုံးသူတော့ မရှိခဲ့ပါပေ။ သူတို့သည် အခြားသူများ မဖော်ထုတ်မိအောင် လိုက်ဖုံးရတော့မည်။
“Yနိုင်ငံက ငါ့သူငယ်ချင်းတစ်ယောက်က ကူညီပေးတာ.. လူသတ်သမားက ငါ့ကို မသိဘူး။” လင်ရှောက်ကျား ပြောလိုက်သည်။ သူမသည် သူ့ကိုယ်သူ လုံလှပြီ ထင်နေခြင်းပင်။
“ဟုတ်လား.. နင်ဒီလို လုပ်ပြီးတော့ နင့်ကိုယ်နင် လုံခြုံမယ် ထင်နေတာလား?” လင်ရှောက်မင် သရော်လိုက်သည်။ သူသည် ထိုကိစ္စကို ပိရိသည်ဟု မထင်ပါချေ။
လင်ရှောက်ကျားသည် လူသတ်သမားကို ငှားရန် အခြားသူငယ်ချင်းကို အကူအညီတောင်းထားသည် ဖြစ်သော်လည်း ထိုလူသတ်သမားသည် သူမနှင့် သူမသူငယ်ချင်းကို သစ္စာဖောက်နိုင်သေးသည် မဟုတ်ပါလား။
လင်ရှောင်းထင်တစ်ယောက် လင်ရှောက်ကျား၏ သူငယ်ချင်းကို စုံစမ်းနိုင်မယ်ဆိုလျှင် သူမကို ဆက်စုံစမ်းဖို့လည်း ခက်တော့မည်မဟုတ်ချေ။ ထို့ကြောင့် လင်ရှောက်မင်သည် လင်ရှောင်းထင်တစ်ယောက် လင်ရှောက်ကျားအကြောင်း သိပြီးသွားပြီလားဟုပင် စိတ်ပူသွားလေသည်။
သို့သော် လင်ရှောင်းထင်ဘက်မှ ဘာမှမလှုပ်ရှားသောကြောင့် ဇဝေဇဝါလည်း ဖြစ်နေလေသည်။
သူတို့သည် မိသားစု၀င်များဖြစ်သောကြောင့် လင်ရှောင်းထင်သည် ချက်ချင်းအပြစ်မပေးသေးခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် ကုနင်းကလည်း ဘာမှမဖြစ်သောကြောင့် လင်ရှောင်းထင်သည် မဖော်ထုတ်တော့ဖို့ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သေချာသည်ကတော့ လင်ရှောင်းထင်သည် လင်ရှောက်ကျား၏ လုပ်ရပ်ကို သိထားကောင်း သိထားနိုင်ပေသည်။ အခြေအနေများသည် အထိန်းအကွပ်မဲ့နေပြီ ဖြစ်သည်။
“အခု ဘယ်လိုလုပ်ကြမလဲ?” ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ ကြောက်လန့်နေကြသည်။
သူတို့သည် လင်ရှောင်းထင်ကို သွားမထိရဲကြပေ။ လင်ရှောင်းထင်သည် လင်မိသားစုတွင် အရေးပါအရာရောက်ဆုံးသူ ဖြစ်နေသည်မဟုတ်ပါလား။ လင်ရှောင်းထင်သာ လင်ရှောက်ကျား၏ လုပ်ရပ်ကိုသိလျှင် ဒီတိုင်း လွှတ်ထားမည် မဟုတ်ပေ။
လင်ရှောက်ကျားသည်လည်း ဘာဖြစ်နိုင်မည်မှန်း မသိသောကြောင့် ကြောက်လန့်နေလေသည်။
“ငါလည်း မသိတော့ဘူး။” လင်ရှောက်မင် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ အကယ်၍ လင်ရှောင်းထင်သာ ပါ၀င်ပတ်သက်နေသည် ဆိုပါလျှင် သူလည်း ဘာမှတတ်နိုင်တော့မည် မဟုတ်ချေ။ လင်ရှောင်းထင်က အကုန်သိသွားပြီး အပြစ်ပေးမည် ဆိုလျှင်လည်း ဘယ်သူကမှ တားနိုင်မည် မဟုတ်ပါပေ။
လင်ရှောက်မင်သည် လင်ရှောင်းထင်မှာ လင်ရှောက်ကျားကို သတ်မည် မဟုတ်ကြောင်းတော့ သေချာသိလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု ဖြစ်နေသည် မဟုတ်ပါလား။
ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားကတော့ တိတ်ဆိတ်နေလေသည်။ ဘာလုပ်ရမှန်း မသိကြတော့ပေ။
ထိုအချိန်တွင် လင်ရှောက်မင်၏ အတွေးထဲတွင် လင်ရှောက်ကျား၏ ခါးပြဿနာသည် လင်ရှောင်းထင်နှင့် ကုနင်းတို့နှင့် ဆက်စပ်နေမလားဟု တွေးလိုက်မိသည်။
လင်ရှောက်မင် ထိုသို့တွေးမိလိုက်ခြင်းမှာ ထိုခါးနာမှုသည် မတော်တဆမှုဖြစ်ပြီးနောက်မှ ဖြစ်လာသောကြောင့်ပင်။ ထိုအချက်သည် သူ၏ အတွေးဖြစ်သော်လည်း ဖြစ်နိုင်ချေတော့ များနေလေသည်။
သူ့အတွေးမှန်ကန်သည်ဆိုပါက ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ဒီလောက်နှင့်ပင် သက်ညှာပေးပြီးပြီဟုပင် ယူဆရတော့မလိုဖြစ်သည်။
“ရှောက်မင် မင်း ညီမအတွက် တစ်ခုခုလုပ်စမ်းပါ.. လင်ရှောင်းထင်က ကုနင်းကို အရမ်းချစ်တာ.. သူသာ သိသွားရင် ရှောက်ကျားကို လက်စားပြန်ချေဖို့ ၀န်လေးမှာ မဟုတ်ဘူး။” ကျန်းရှူးယွမ် ထိတ်လန့်စွာ ပြောလိုက်သည်။
လင်ရှောင်းထင်သည် သူမကို သတိပေးခဲ့ပြီးဖြစ်ရာ သူမသည်လည်း ထိုသတိပေးချက်ကို မမေ့ပါချေ။ လင်ရှောက်ကျားသည် ယခုတော့ အလွန်ခံစားနေရပြီဖြစ်ရာ ထပ်ခံစားရအောင်လည်း မလုပ်ချင်ပြန်ပါချေ။
“ရှောက်မင် .. ကူညီပေးပါ” လင်ရှောက်ကျားသည် လင်ရှောက်မင်ကို ကြောက်လန့်တကြား အကူအညီတောင်းလိုက်သည်။
လင်ရှောက်မင်သည် သူမကို ကူညီချင်သော်လည်း သူကိုယ်တိုင်လည်း ဘာလုပ်ရမှန်း စဉ်းစားမရတော့ချေ။
“လင်ရှောင်းထင် သိသွားရင်တောင် ရှောက်ကျားကိုတော့ သတ်မှာ မဟုတ်ပါဘူး.. မိသားစုတွေပဲဟာ.. သူလည်းအဖိုး မျက်နှာနဲ့ မိသားစု အချင်းချင်း မရက်စက်လောက်ပါဘူး။” လင်ရှောက်မင် ပြောလိုက်သည်။ သူသည် မရှောင်ချင်သောကြောင့် ရင်ဆိုင်ဖို့သာ ရွေးချယ်လိုက်သည်။
“ဘာ ရှောက်ကျားက အခုတောင် ခံစားနေရတာကို ပိုခံစားစေချင်လို့လား?” ကျန်းရှူးယွမ် လင်ရှောက်မင်ကို ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်ရှောက်မင် စိတ်ပျက်သွားသည်။ “သူအဲဒီကိစ္စကို လုပ်တုန်းကရော ဘာဖြစ်သွားနိုင်တယ်ဆိုတာ စဉ်းစားခဲ့လို့လား.. သူ့လုပ်ရပ်အတွက် သူပြန်ပေးဆပ်ရမှာ မဟုတ်ဘူးလား.. သူ့လုပ်ရပ်က တရားမ၀င်နေဘူးဆိုတာ မမေ့ပါနဲ့။”
“သူထောင်တောင် ကျသွားနိုင်တယ်.. ပြီးတော့ သူပစ်မှတ်ထားတာက ကုနင်းနော်.. လင်ရှောင်းထင် မဟုတ်ဘူး.. ကုနင်းသာ အားလုံးရဲ့နောက်ကွယ်မှာ သူရှိတယ်ဆိုတာကို သိသွားပြီး လင်ရှောင်းထင်နဲ့ လင်မိသားစုက ဘာမှမလုပ်ဘူးဆိုရင်တောင် ကုနင်းက သူ့ကို တိုက်ရိုက်တရားစွဲလိုက်လို့ရတယ်.. အဲဒီအခါကျရင် ပိုဆိုးသွားမှာ။”
လင်ရှောက်မင်သည် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သော်လည်း လင်ရှောင်းထင်နှင့်ပြိုင်ဆိုင်ရာတွင် မသမာသောနည်းကို သုံးမည်မဟုတ်ပါပေ။
သူသည် သူ၏အမေနှင့် ညီမတို့ ကုနင်း အပေါ်လုပ်ရပ်များကိုလည်း မကြိုက်ခဲ့သောကြောင့် တားခဲ့သော်လည်း သူတို့က နားမထောင်ခြင်း ဖြစ်သည်။
သို့သော် ဒီတစ်ခေါက် လင်ရှောက်ကျား၏ လုပ်ရပ်ကတော့ လင်ရှောက်မင်ကိုပင် အလွန်စိတ်ပျက်သွားစေသောကြောင့် သူ၏ ညီမဖြစ်နေလင့်ကစား သူမမျက်နှာကို မြင်ရလျှင်ပင် စိတ်အပျက်ကြီး ပျက်နေလေတော့သည်။
***
အခန်း ၁၃၉၀ လင်ရှောင်းထင် ၏ အဒေါ်နှင့်တွေ့ဆုံခြင်း
ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့သည် လင်ရှောက်မင်၏ စကားကို ကြားသောအခါ အလွန်အံ့ဩသွားကြသည်။
တကယ်တော့ ကျန်းရှူးယွမ်သည်လည်း အခြေအနေ ဆိုးဝါးနေသည်ကို ရိပ်စားမိလေသည်။ သူမသည် လက်မခံနိုင်ဖြစ်နေသော်လည်း ဖြစ်ပြီးသွားပြီ ဖြစ်လေရာ ပြဿနာကို ဖြေရှင်းဖို့သာကျန်တော့လေသည်။
“အခြေအနေကို ပိုမဆိုးစေချင်ရင် သားပြောတာကို နားထောင်ပါ.. တကယ်လို့ လင်ရှောင်းထင်သာ သိသွားခဲ့ရင် တည့်တည့်ရင်ဆိုင်ပြီး ၀န်ခံခိုင်းလိုက်.. လင်ရှောင်းထင်က ရှောက်ကျားကို အဖိုးမျက်နှာနဲ့ ပြင်းပြင်းထန်ထန်တော့ အပြစ်ပေးမှာ မဟုတ်ပါဘူး.. ဒါပေမယ့် အပြစ်ဒဏ်လွတ်ရင်တောင် လင်ရှောင်းထင်နဲ့ အဖိုးတို့ရဲ့ စိတ်ဆိုးတာကိုတော့ ခံရမှာပဲ။” လင်ရှောက်မင် ပြောလိုက်သည်။ ထို့နောက် သူသည် လှည့်ပင်မကြည့်ပဲ ထွက်သွားလိုက်တော့သည်။ သူသည် လင်ရှောက်ကျားကို စေ့စေ့ကြည့်ရန်ပင် မုန်းနေသည် မဟုတ်ပါလား။
…
လင်ယွမ်ကျင်းနှင့် အခြားသူများသည် ဒီနေ့တွင်တော့ လင်ရှောက်ကျားကို ဆေးရုံတွင် သွားမတွေ့ကြတော့ပါချေ။ သူတို့သည် သူမကို စိတ်ပျက်နေကြပြီ မဟုတ်ပါလား။ ထိုအစား လင်ယွမ်ကျင်းသည် JadeBeautyရတနာဆိုင်၊ Charm နှင့် ခိုကျီဆိုင်တို့ကို သွားကြည့်ရန် စီစဉ်လိုက်သည်။
သူမသည် ထိုဆိုင်များကို အရင်ကလည်း ကြားဖူးပြီး ကုနင်း ပိုင်သော ဆိုင်များဖြစ်ကြောင်းကိုလည်း သိထားသောကြောင့် သွားကြည့်ချင်နေခြင်း ဖြစ်သည်။ သူမနေထိုင်သော မြို့တွင် ဆိုင်ခွဲများ မရှိသောကြောင့်ပင်။
လင်ယွမ်ကျင်းသည် ထိုဆိုင်များကို သူမကိုယ်တိုင် မြင်ချင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယွီယင်ကိုပင် ထိုပစ္စည်းများကို မပို့ခိုင်းခဲ့ပါချေ။
မိန်းမသားများသည် အသက် ၄၀ ရောက်သည့်တိုင်အောင်ပင် လှပချင်နေကြသေးသည်။ သူမသည်လည်း အသက်ရလာသောကြောင့် သူမ၏ မျက်နှာကို ပိုဂရုစိုက်နေရသည်။ လင်ယွမ်ကျင်းသည် သူမ၏ အသားအရေကို တန်ဖိုးကြီး ပစ္စည်းများဖြင့် ဂရုစိုက်နေသော်လည်း ယွီယင်၏ အသားအရေသည် သူမထက် ပိုကောင်းသည်ကို သတိထားမိလေသည်။ ယွီယင်သည် သူမထက် အများကြီး ပိုအသက်ကြီးသော်လည်း ခိုကျီ၏ ထုတ်ကုန်များကို သုံးနေသောကြောင့် သူမ၏ အသားအရေမှာ လှသထက် လှနေခြင်း ဖြစ်သည်။
…
ခိုကျီအကြောင်းပြောရင်း၊ ကျန်းယွီထုန်သည်လည်း ခိုကျီပစ္စည်းအစုံ၁၀၀ကို ရှင်းထုတ်ပြီးသွားသည့်အကြောင်း ထည့်ပြောရပေဦးမည်။
သူမနှင့် သူမမိခင်တို့သည် သူတို့၏ အ၀တ်အစားဆိုင်တွင် ထိုပစ္စည်းများကို တင်ထားခဲ့ခြင်းဖြစ်သည်။ ခိုကျီ၏ ကျော်ကြားမှုကြောင့် သူတို့သည် ထိုပစ္စည်းများကို ၃ ရက်အတွင်း ရောင်းချနိုင်ခဲ့လေသည်။ သူတို့သည် ထိုပစ္စည်းများကို ခိုကျီမှတိုက်ရိုက်တင်သွင်းပြီး ရောင်းချခြင်း ဖြစ်သောကြောင့် ၀ယ်သူများကလည်း ယုံကြည်ကြလေသည်။
…
ယွီယင်သည် ကုနင်း၏ ကုမ္ပဏီများကို လင်ယွမ်ကျင်း တစ်ယောက်သွားကြည့်မည်ကို ကြားသောအခါ ကုနင်း၏ အောင်မြင်မှုများကို ချီးကျူးပြောဆိုနေလေသည်။
လင်ယွမ်ကျင်းသည် မစောင့်နိုင်တော့ပဲ ယွီယင်နှင့် ချက်ချင်းပင် လိုက်သွားလိုက်သည်။
“နင်တို့တွေ ကုနင်းဆီက လက်ဆောင်တွေ အမြဲရနေပြီး ငါကတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး.. အခု ကုနင်း မြို့တော်မှာ ရှိနေလား.. သူ့ကို ဒီည ညစာခေါ်စားကြမလား?” လင်ယွမ်ကျင်း ပြောလိုက်သည်။
“ရှောင်းထင်က ဒီမှာရှိမနေတော့ သူမပါရင် တစ်ယောက်တည်း အနေခက်နေမယ်ထင်တယ်.. ဒါပေမယ့် ပြောကြည့်လိုက်မယ်လေ.. အပြင်မှာ စားရင်လည်း စားတာပေါ့။”
သူတို့သည် အပြင်မှာစားစား အိမ်မှာစားစား အဆင်ပြေသလို စားလိုက်မည်ဟု စဉ်းစားလိုက်ကြသည်။
“ကောင်းသားပဲ။”
တကယ်တော့ လင်ယွမ်ကျင်းသည်လည်း ကုနင်းကို အထင်ကြီးလေသည်။ သူမသည် အသက်ငယ်ငယ်နှင့် အောင်မြင်နေသူ မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် ကုနင်းအတွက်လည်း ဂုဏ်ယူမိလေသည်။ လင်မိသားစုနှင့် လက်ထပ်ရတော့မည် မဟုတ်ပါလား
ယွီယင်သည် ကုနင်းကို ဖုန်းခေါ်လိုက်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အိမ်တွင် ဂိမ်းဆော့နေကြသည်။
ကုနင်းသည် ယွီယင် ခေါ်သည်ကို တွေ့လိုက်သောအခါ ယွီယင်သည်လည်း လင်ရှောက်ကျား ကိစ္စနှင့်ခေါ်သည်ဟု ထင်လိုက်သေးသည်။ သို့သော် ယွီယင်သည် သူမကို ရိုးရိုးတွေ့ချင်သည်ဟု ဆိုသောအခါ အံ့ဩသွားလေသည်။
လင်ရှောင်းထင်သည်လည်း သူ၏ အဒေါ်က တွေ့မည်ဆိုသောကြောင့် ကုနင်းကို လက်ခံတွေ့ဆုံခိုင်းလိုက်သည်။ သူသည် သူ၏အဒေါ်ကို လေးစားချစ်ခင်လေသည်။ သူငယ်စဉ်ကတည်းက ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့သည် မဟုတ်ပါလား။
သခင်ကြီးလင်မှ လွဲ၍ သူ့အား စစ်မှန်သော ချစ်ခြင်းဖြင့် စောင့်ရှောက်သူမှာ လင်ယွမ်ကျင်းသာ ရှိလေသည်။
လင်ရှောင်းထင်က သဘောတူသောကြောင့် ကုနင်းကလည်း ယွီယင်၏ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။
ထို့နောက် ယွီယင်သည် ကုနင်းအား သူတို့သည် ခိုကျီကို သွားကြည့်မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ကုနင်းကလည်း သူမလာတွေ့မည် ဖြစ်ကြောင်းနှင့် ထိုနေရာတွင် စောင့်နေရန် ပြောလိုက်သည်။
ကုနင်းသည် ယွီယင်အား သူမ လင်ရှောင်းထင်နှင့် ရှိနေကြောင်းကို မပြောထားသောကြောင့် ယွီယင်သည် သူမြို့တော်ကို ရောက်နေမှန်း မသိပါချေ။ သူသည် မြို့တော်ကို ရောက်သည်နှင့် ကုနင်းကို တန်းတွေ့သည့်အကြောင်းကို လင်မိသားစု သိသွားလျှင် စိတ်ခုနိုင်မည် မဟုတ်ပါလား။
ကုနင်းသည် လင်ရှောင်းထင်၏ အဒေါ်အတွက် လက်ဆောင်ပေးဖို့ ပြင်ဆင်လိုက်ပြီး မြို့တော်တွင်ရှိသော ခိုကျီဆိုင်၏ မန်နေဂျာကို ဖုန်းခေါ်လိုက်ကာ ခိုကျီ၏ အသားအရေ အလှကုန်များကို အပြည့်ပြင်ဆင်ထားဖို့ ပြောလိုက်သည်။
လင်ရှောင်းထင်သည် သူမကို မတားပါချေ။ သူမ၏ စေတနာပင် မဟုတ်ပါလား။
“ကိုယ့်အဒေါ်က ကိုယ်ငယ်ငယ်ကတည်းက ကောင်းကောင်းစောင့်ရှောက်ထားခဲ့တာ.. အခုနောက်ပိုင်း စကားတောင် သိပ်မပြောဖြစ်တော့ပေမယ့် သူ့ကိုတော့ သတိရမိနေတုန်းပဲ။”
ကုနင်း ပြုံးနေရင်း သူ့စကားများကို မှတ်ထားလိုက်သည်။ သူမသည်လည်း လင်ရှောင်းထင် အပေါ် ကောင်းကောင်းဆက်ဆံသူကို အကောင်းဆုံး ပြန်လည် ကျေးဇူးတုံ့ပြန်ပေးရမည် မဟုတ်ပါလား။
နာရီ၀က်ခန့်ကြာသောအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့ ယွီယင်နှင့် လင်ယွမ်ကျင်းတို့ကို ခိုကျီ ဆိုင်တွင် သွားတွေ့လိုက်ကြသည်။ ယွီယင်နှင့် လင်ယွမ်ကျင်းတို့သည် ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေကြလေသည်။
ကုနင်း ရောက်လာသောအခါ လင်ယွမ်ကျင်းအတွက် ပြင်ဆင်ထားသော လက်ဆောင်များကို မန်နေဂျာအား ယူခိုင်းလိုက်သည်။
ယွီယင်နှင့် လင်ယွမ်ကျင်းတို့သည်သာ ရှော့ပင် ထွက်နေကြခြင်း ဖြစ်ပြီး ကျန်သော လင်မိသားစု၀င်များမှာ အိမ်မှာပင် ရှိနေကြသည်။
“ဟိုင်း အန်တီပင်နဲ့ အန်တီယွမ်ကျင်း။” လင်ရှောင်းထင် သူတို့ကို နှုတ်ဆက်လိုက်သည်။
သူတို့သည် လင်ရှောင်းထင်၏ အသံကို မှတ်မိလိုက်ကြပြီး သူရောက်နေသည်ကိုလည်း အံ့ဩသွားလေသည်။
“တွေ့ရတာ၀မ်းသာပါတယ် အန်တီယင်နဲ့ အန်တီယွမ်ကျင်း။” ကုနင်း ကလည်း ပြုံးပြနှုတ်ဆက်လိုက်သည်။
***
အခန်း ၁၃၉၁ သူဌေးလက်သစ်
လင်ယွမ်ကျင်းသည် ကုနင်း၏ လှပကျော့ရှင်းသော ပုံစံကိုကြည့်ပြီး အံ့ဩမှင်သက်သွားမိကာ လင်ရှောင်းထင်ကိုပင် လျစ်လျူရှုမိသွားလေသည်။ “ဝိုး.. ဓာတ်ပုံထဲကထက်တောင် ပိုလှတာပဲ။”
“ကျေးဇူးတင်ပါတယ်” ကုနင်း ပြုံးပြီး ပြောလိုက်ရင်း လင်ယွမ်ကျင်းကို လက်ဆောင်ပေးလိုက်သည်။ “အန်တီယွမ်ကျင်း.. ကျွန်မတို ပထမဆုံး တွေ့ဆုံခြင်းအတွက် လက်ဆောင်လေး ပြင်ထားပါတယ်.. လက်ခံပေးပါနော်။”
လင်ယွမ်ကျင်းသည် ထိုလက်ဆောင်ထုပ်ကို မြင်လိုက်ချိန်တွင် ခိုကျီ၏ ထုတ်ကုန်များ ဖြစ်ကြောင်း သိသွားပြီး မျက်ခုံးများ မြင့်တက်သွားကာ ချက်ချင်းပင်ယူလိုက်သည်။
“ကျေးဇူးပါ.. အန်တီက ခိုကျီကို အရမ်းကြိုက်တာ.. သမီးရဲ့ လက်ဆောင်ကို အရမ်းကြိုက်ပါတယ်ကွယ်။” လင်ယွမ်ကျင်းသည် ကုနင်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ကုနင်းသည် လင်ယွမ်ကျင်း၏ စိတ်နေစိတ်ထားကို သဘောကျမိသည်။
“ရပါတယ်ရှင်.. အန်တီ့အတွက် နောက်ထပ်လက်ဆောင်လည်း ပြင်ဆင်ထားပါသေးတယ်” ကုနင်း ထိုသို့ ပြောလိုက်ပြီး လင်ရှောင်းထင်၏ လက်ထဲမှ ရတနာဘူးကို ယူလိုက်သည်။ “ဒါက JadeBeautyရတနာဆိုင်က ရတနာပစ္စည်းတွေပါ.. အန်တီယင်ကိုလည်း အရင်က လက်ဆောင်ပေးဖူးပါတယ်.. အန်တီယွမ်ကျင်းကိုလည်း တစ်စုံလက်ဆောင်ပေးချင်လို့ပါ။”
လင်ယွမ်ကျင်း အလွန်အံ့အားသင့်သွားသည်။ JadeBeautyအလှရတနာဆိုင်သည် စျေးအလွန်ကြီးသည် မဟုတ်ပါလား။ သူမသည် အလွန်ချမ်းသာသောကြောင့် ထိုလက်ဆောင်သည်လည်း တန်ဖိုးနည်းမည် မဟုတ်ချေ။ သို့သော် ယွီယင်လည်း လက်ခံထားသည်ဆိုသောကြောင့် သူမသည်လည်း ယူထားလိုက်တော့သည်။
“ကျေးဇူးပါကွယ်.. အန်တီ ဘာပြောရမှန်းတောင် မသိတော့ပါဘူး.. တကယ်ကျေးဇူးတင်ပါတယ်” လင်ယွမ်ကျင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ သူမသည် JadeBeautyရတနာဆိုင်ကိုလည်း ကြိုက်နှစ်သက်သူဖြစ်သည်။
“အန်တီယင်.. ဒီနေ့တော့ အန်တီ့အတွက် လက်ဆောင်မပါလာလို့ စိတ်မရှိပါနဲ့နော်။” ကုနင်းက ယွီယင်ကို ပြောလိုက်သည်။
“ဒါပေါ့ အန်တီဘာမှ မဖြစ်ပါဘူးကွယ်။” ကုနင်း သည် သူမကိုလည်း လက်ဆောင်များ များပြားစွာ ပေးခဲ့ဖူးလေရာ စိတ်မကျေမနပ်ဖြစ်စရာ အကြောင်းမရှိပါချေ။ ထို့အပြင် သူမသည် စိတ်ထားကောင်းသူ ဖြစ်သောကြောင့် ပိုလို့ပင် စိတ်မခုနေပေ။
လင်ယွမ်ကျင်းသည် ယွီယင်ကို သူမ၏ လက်ဆောင်များ ကူသယ်ပေးရန် အကူအညီတောင်းလိုက်သည်။ ထို့နောက် သူမအိတ်ထဲမှ ထူထဲသော အနီရောင်စာအိတ်တစ်ခုကို ထုတ်လိုက်သည်။
“ရော့ နင်းနင်း ဒါက သမီးအတွက် အန်တီ့လက်ဆောင်ပါ.. သမီးနဲ့ ရှောင်းထင်တို့ ဘဝမှာ အကောင်းဆုံးတွေပဲ ဖြစ်လာပါစေကွယ်။” လင်ယွမ်ကျင်းသည် ကုနင်းကို ပေးရင်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အန်တီယွမ်ကျင်း!” ကုနင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
“ရှောင်းထင်ကတော့ သမီးနဲ့ ချစ်သူ ဖြစ်တာ သိပ်ကံကောင်းတာပဲ။” လင်ယွမ်ကျင်းသည် ရုတ်တရတ်ပြောလိုက်သည်။ သူမသည် လင်ရှောင်းထင်ကို နှိမ်ချပြောဆိုခြင်း မဟုတ်ပါပေ။ လင်ရှောင်းထင်သည် ယခင်က မည်သည့်မိန်းကလေးကိုမျှ ချစ်ခဲ့ဖူးသူ မဟုတ်ကြောင်း သူတို့ အားလုံးသိထားကြလေသည်။ သို့သော် သူ၏ စိတ်ကို ကုနင်းက ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။
လင်ရှောင်းထင်သည်လည်း ကုနင်းကို သူ၏ ချစ်သူအဖြစ်တော်ရခြင်းကို ကံကောင်းသည်ဟု ထင်လေသည်။ သူ့ဘဝတွင် ပျော်ရွှင်မှုကို ခံစားတတ်လာရသည် မဟုတ်ပါလား။
“အန်တီယွမ်ကျင်း.. ကျွန်မလည်း ရှောင်းထင် နဲ့ တွေ့ခဲ့ရလို့ ဝမ်းသာပါတယ်။”
“ဟုတ်တာပေါ့ မင်းတို့နှစ်ယောက်လုံးက တကယ်ကို လိုက်ဖက်တဲ့ ချစ်သူတွေပါပဲ။” လင်ယွမ်ကျင်း နှစ်နှစ်ကာကာချစ်နေကြသော ချစ်သူလေးနှစ်ယောက်ကို ကြည့်ရင်း ပျော်ရွှင်နေလေသည်။ တကယ်လည်း သူတို့သာ တစ်ယောက်နှင့်တစ်ယောက် မချစ်ကြဘူးဆိုလျှင် မကြာခင် စေ့စပ်ကြတော့မည်ပင် မဟုတ်ပါချေ။
“အန်တီ့ကို JadeBeautyရတနာဆိုင်က ပစ္စည်းတွေကို လက်ဆောင်ပေးတယ်ဆိုပေမယ့်လည်း အန်တီကိုယ်တိုင်တော့ လိုက်ကြည့်ချင်သေးတယ်။”
ကုနင်းက ပြုံးလိုက်ရင်း “ရတာပေါ့ သွားကြမယ်လေ။”
လင်ယွမ်ကျင်းသည် ကုနင်းကို တွေ့တွေ့ချင်းပင် သူမကို အထင်ကြီး လေးစားမိနေလေသည်။ ထိုအချက်ကို ကုနင်းကလည်း ခံစားမိသည်။ သူမသည် လင်ယွမ်ကျင်းမှာ လင်ရှောင်းထင်အတွက် အရေးပါသူ ဖြစ်သည်ကို သိခြင်းကြောင့် ပိုလို့ပင် ဝမ်းသာမိလေသည်။
ထို့နောက်တွင် သူတို့သည် JadeBeautyရတနာဆိုင်သို့ သွားလိုက်ကြသည်။ ကုနင်းကို မြင်လိုက်သည်နှင့် မန်နေဂျာသည် သူတို့အား ပျာပျာသလဲ ကြိုဆိုလိုက်သည်။
လင်ယွမ်ကျင်းသည် ရတနာဆိုင်၏ အပြင်အဆင်များကို ကြည့်ပြီး ရင်သပ်ရှုမောသွားလေသည်။ သူမသည် သူမမြင်သမျှ အရာအားလုံးကို ချီးမွမ်းနေမိတော့သည်။ သူမ တစ်ခါမှပင် မမြင်ဖူးခဲ့သော မြင်ကွင်းများ မဟုတ်ပါလား။
လင်ယွမ်ကျင်းသည် ထိုဆိုင်၏ ပိုင်ရှင်မှာ ကုနင်း ဖြစ်နေခြင်းကြောင့်လည်း အလွန်ပင် အထင်ကြီးနေတော့သည်။ ကုနင်း ငယ်ရွယ်သေးသော်လည်း အရွယ်နှင့်မျှ မလိုက်အောင် ယခုလို အောင်မြင်သော ရတနာဆိုင်ကိုပင် ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။ သို့သော် လင်ယွမ်ကျင်းကိုမသိသော အခြားသူများကတော့ သူမကို ဆင်းရဲချို့တဲ့သောကြောင့် ထိုအပြင်အဆင်များကို အံ့အားသင့်နေသည်ဟု ထင်နေကြလေသည်။
“တိတ်တိတ်နေစမ်းပါ.. ဒီလို ရတနာတွေကို မမြင်ခဲ့ဖူးဘူးဆိုရင်လည်း ကိုယ့်အခြေအနေ ကိုယ်သိသင့်တယ်။” အတန်ငယ် ဝဖိုင့်သော အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ယောက်သည် လင်ယွမ်ကျင်းကို ဝေဖန်ပြောဆိုလိုက်သည်။ သူမသည် တစ်ကိုယ်လုံး စျေးကြီးသော အရာများဖြင့် ဖုံးလွှမ်းပြင်ဆင်ထားပုံမှာ ယခုမှ သူဌေးဖြစ်လာသူဟုပင် ထင်ရသည်။ သူမသည် သူမကိုယ်သူမ တစ်ဆိုင်လုံးတွင် အချမ်းသာဆုံးသူကဲ့သို့ပင် မာနထောင်လွှားနေလေသည်။
ကုနင်းသည် ထိုအမျိုးသမီး၏ အပြုအမူကို ဒေါသထွက်သွားသည်။ အဆိုးဆုံးမှာ ထိုအမျိုးသမီးသည် သူမရှေ့တွင် လင်ယွမ်ကျင်းကို နှိမ်ချပြောဆိုနေသည် မဟုတ်ပါလား။
***
အခန်း ၁၃၉၂ ပြန်ရန်တွေ့ခြင်း
ကုနင်း တစ်ခုခု ပြောဖို့ ပြင်လိုက်သော်လည်း လင်ယွမ်ကျင်းက အရင် ပြောလိုက်သည်။ “ဘာလို့ နေရမှာလဲ… ရှင်ကရော ဒီဆိုင်ထဲက ဘာမဆို ဝယ်နိုင်လို့လား.. ရှင့်လက်ထဲက လက်ကောက်လေးက လှပေမယ့် ရှင်ကြည့်နေတာ တော်တော်ကြာနေပြီ.. ဘာလို့ မဝယ်သေးတာလဲ?”
လင်ယွမ်ကျင်းသည် စိတ်မဆိုးသေးပဲ ထိုအမျိုးသမီးကို စိန်ခေါ်လိုက်သည်။
“ဒါပေါ့ ဝယ်နိုင်တာပေါ့.. အခုချက်ချင်း ထုပ်ပေးစမ်း။” ထိုအမျိုးသမီးသည် လင်ယွမ်ကျင်း၏ စကားများကို ခံပြင်းသွားပြီး သူမဆင်သော ထောင်ချောက်ထဲ ဝင်သွားတော့သည်။ တကယ်တော့ သူမသည် လက်ကောက်ကို ဝယ်ဖို့ တွေဝေနေခြင်းမှာ မဝယ်နိုင်လို့ မဟုတ်ပဲ စျေးအနည်းငယ် ကြီးသည်ဟု ထင်မိသောကြောင့် ဖြစ်သည်။
လက်ကောက်လေးတစ်ကွင်းကိုပင် ယွမ် ၃ သန်းခန့်တန်ဖိုးရှိနေသည် မဟုတ်ပါလား။ သူမသာ ထိုလက်ကောက်ကို ဝယ်လိုက်လျှင် ထိုလအတွက် သူမလိုချင်သော အခြားပစ္စည်းများကို ဝယ်နိုင်တော့မည် မဟုတ်ချေ။ သို့သော် လင်ယွမ်ကျင်း၏ စကားကြောင့် သူမ၏ ချမ်းသာကြွယ်ဝမှုကို သက်သေပြရန် ဝယ်ပြလိုက်ခြင်း ဖြစ်သည်။
အရောင်းဝန်ထမ်းသည် လက်ကောက်ကို သေချာထုပ်ပိုးပြီး သူမကို ပေးလိုက်သောအခါ သူမသည် ပိုက်ဆံရှင်းခါနီးတွင် လင်ယွမ်ကျင်းကို ဘယ်လိုလဲဟူသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သေးသည်။
လင်ယွမ်ကျင်းကတော့ စိတ်မဆိုးသည့်အပြင် ဂုဏ်ပင်ယူနေလေသည်။ “နင်းနင်း ဘယ်လိုလဲ.. အန်တီကတော့ အရောင်းအဝယ်တစ်ခု ဖြစ်အောင် လုပ်ပေးလိုက်ပြီနော်။”
ကုနင်း ရယ်မောရင်း လင်ယွမ်ကျင်းကို လက်မထောင်ပြလိုက်သည်။ “အန်တီယွမ်ကျင်းကအရမ်းတော်တာပဲ.. ကျွန်မတော့ အန်တီတို့ကို တစ်ခါလောက် ထမင်းဖိတ်ကျွေးရတော့မယ်။” တကယ်တော့ သူမသည် လင်ယွမ်ကျင်းက မဖိတ်လျှင်တောင် သူမကိုယ်တိုင်ဖိတ်ဖို့ စဉ်းစားထားခြင်း ဖြစ်သည်။
“ရပါတယ် ရှောင်းထင် ကြည့်စီစဉ်ပါလိမ့်မယ်။” လင်ယွမ်ကျင်းသည် ထိုသို့ပြောရင်း လင်ရှောင်းထင်ဘက်ကို လှည့်ပြောလိုက်သည်။ “ရှောင်းထင် အန်တီတို့ကို တစ်ခါမှ ထမင်းဖိတ်မကျွေးရသေးဘူးနော်။”
“ဒါပေါ့ ဒီတစ်ခေါက်တော့ ကျွန်တော့်တာဝန်ထားလိုက်ပါ။”
ကုနင်းကလည်း သဘောတူလိုက်သည်။ သူမဖြစ်ဖြစ် လင်ရှောင်းထင်ဖြစ်ဖြစ် ဘယ်သူရှင်းရှင်း အရေးမကြီးပါချေ။
ကုနင်းသည် JadeBeauty ရတနာဆိုင်၏ ပိုင်ရှင်ဖြစ်သည်မှာ လျှို့ဝှက်ချက်မဟုတ်ပါပေ။ လူတိုင်းတော့ မသိကြသော်လည်း တော်တော်များများကတော့ ကြားဖူးကြသည်။ ထို့ကြောင့် သူမဆိုင်ထဲတွင်ရောက်နေစဉ် အတောအတွင်း ဝယ်သူအများစုသည် သူမကို သတိထားမိကြသည်။
အစပိုင်းတွင် သူတို့လည်း မသေချာသော်လည်း ကုနင်းကို မကြာခဏ ကွက်ကြည့်ကွက်ကြည့်လုပ်နေရင်း သေချာသွားကြလေသည်။ သို့သော် သူမကိုတော့ အနှောင့်အယှက် မပေးကြပါချေ။ သူတို့သည် ကုနင်း၏ အသွင်အပြင်ကို အထင်ကြီးနေကြကာ သဘောကျနေကြခြင်း ဖြစ်သည်။
ခေတ္တကြာပြီးနောက် ကုနင်းတို့ နေ့လည်စာစားဖို့ ထွက်လာလိုက်ကြသည်။
လင်ယွမ်ကျင်းနှင့် ယွီယင်တို့သည် စျေးကြီးသော ဟိုတယ်များသို့ မသွားချင်ကြပေ။ သူတို့သည် အရေးကြီး အလုပ်ကိစ္စများရှိမှသာ ထိုနေရာများသို့ သွားကြခြင်း ဖြစ်သည်။ ထိုနေရာများတွင် အစားအသောက်များသည် အလွန်စျေးကြီးသောကြောင့် အရသာကောင်းသော ပုံမှန်စားသောက်ဆိုင်များတွင်သာ သွားစားချင်ကြလေသည်။
သူတို့သည် သီးသန့်ခန်းကို ယူလိုက်ပြီး အစားအသောက်များကို မှာလိုက်ကြသည်။ ထို့နောက် လင်ယွမ်ကျင်းသည် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့အကြောင်းကို ကုနင်းအား ပြောနေသည်။ “နင်းနင်း.. သမီးကို ကျန်းရှူးယွမ်နဲ့ လင်ရှောက်ကျားတို့က ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာ ကြားမိတယ်.. အန်တီ သိသလောက်တော့ သမီးက အားနည်းစိတ်ပျော့တဲ့သူ မဟုတ်ပါဘူး.. လိုအပ်ရင် သမီးလည်း ပြန်ရန်တွေ့ပေါ့။”
လင်ယွမ်ကျင်းသည် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့အကြောင်းကို တွေးမိလိုက်လျှင်ပင် စိတ်ပျက်မိလေသည်။ တကယ်တော့ လင်မိသားစုဝင်များသည် သူတို့၏ စိတ်ကို နဂိုတည်းကပင် သဘောမကျပါချေ။ ယခုတော့ လင်ယွမ်ကျင်းသည် ကုနင်းကို တွေ့လိုက်ရပြီ ဖြစ်သောကြောင့် ကျန်းရှူးယွမ်ကို ပိုလို့တောင် မုန်းမိလေတော့သည်။
“သမီးနားလည်ပါတယ် အန်တီယွမ်ကျင်း။” သူမသည် လင်ယွမ်ကျင်းမှာ သူမဘက်မှ ရပ်တည်ပေးသောကြောင့် ကြည်နူးပျော်ရွှင်နေလေသည်။
ပုံမှန်အားဖြင့် ကုနင်းသည် သူမကို တိုက်ခိုက်လာသူတိုင်းကို ပြန်လည်တိုက်ခိုက်တတ်သူ ဖြစ်သည်။ သူမသည် ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ သူမကို ဒုက္ခရောက်အောင်လုပ်တိုင်း တစ်နည်းနည်းဖြင့်တော့ ပြန်လက်တုံ့ပြန်သေးသည်ပင်။ ဒီတစ်ကြိမ်တွင်တော့ သခင်ကြီးလင်၏ မျက်နှာဖြင့် လင်ရှောက်ကျားကို ပြင်းထန်စွာ အပြစ်မပေးလိုက်သော်လည်း စိတ်ထဲတော့ ထားမနေတော့ခြင်း ဖြစ်သည်။
လင်ယွမ်ကျင်းသည် ကုနင်း၏ ထူးခြားသော ဆေးအကြောင်းလည်း မမေးပါချေ။ ကုနင်း၏ ဆုံးဖြတ်ချက်ကို လေးစားသင့်သည် မဟုတ်ပါလား။
ကုနင်းသည် လင်ရှောက်ကျားနှင့် ဘယ်တုန်းကမျှ အစေးမကပ်ခဲ့ပေ။ ထို့ကြောင့် သူမကို ကူညီခိုင်းဖို့လည်း အားနာသင့်ပေသည်။ ထို့အပြင် လင်ယွမ်ကျင်း ကိုယ်တိုင်ကလည်း လင်ရှောက်ကျားကို ရက်အနည်းငယ် သင်ခန်းစာ ဆက်ရနေစေချင်သေးသည်ပင်။ ထိုနာကျင်မှုသည် တစ်သက်လုံး ခံစားရမည်မဟုတ်ပဲ လအနည်းငယ်ကြာလျှင် ပြန်ကောင်းသွားမည် မဟုတ်ပါလား။
ထို့အပြင် လင်မိသားစုသည် ကုနင်း၏ ဆေးကို လင်ရှောက်ကျားအတွက် ကုသပေးစေချင်သည်ဆိုပါက သူမ၏ မိဘများကိုယ်တိုင် တောင်းသင့်သည်ပင်။ ထို့ကြောင့် လင်ယွမ်ကျင်းသည် ကုနင်း အနေခက်နေမည် စိုးသဖြင့် ဆေးအကြောင်းကို မမေးခြင်း ဖြစ်သည်။ သူမသည် ကုနင်းကို ယခုမှပင် တွေ့ဖူးသည် ဆိုသော်လည်း မိသားစုဝင်ကဲ့သို့ ချစ်ခင်နေလေသည်။
ထို့နောက် သူတို့သည် လင်ရှောက်ကျား အကြောင်းကို ဆက်မပြောကြတော့ပဲ လင်ယွမ်ကျင်းသည် ကုနင်းအား လင်ရှောင်းထင်နှင့် မည်သို့ဆုံခဲ့ကြောင်းကို မေးလိုက်သည်။
ကုနင်းသည် သူမအား လင်ရှောင်းထင်တစ်ယောက် တရားခံဖမ်းရင်း သူမနှင့် တွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောပြလိုက်သည်။ သူတို့သည် တရားခံကို အတူဖမ်းခဲ့ကြခြင်း ဖြစ်သည်။
လင်ယွမ်ကျင်းသည် လင်ရှောင်းထင်မှာ အလွန်ပင် အေးတိအေးစက်နိုင်သောကြောင့် ကုနင်းအတွက် လွယ်မည်မဟုတ်ကြောင်း စနောက်လိုက်သည်။
ကုနင်းကလည်း ပြုံးလိုက်ရင်း လင်ရှောင်းထင်သည်သာ သူမနားရှိလျှင် ပျင်းစရာအချိန်ပင် ရှိမည် မဟုတ်ကြောင်း ပြောလိုက်သည်။
လင်ရှောင်းထင်သည် အေးတိအေးစက်နိုင်သော်လည်း ရင့်ကျက်ပြီး အားကိုးထိုက်သူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမသည်လည်း စကားနည်းသူ ဖြစ်သောကြောင့် သူတို့သည် လိုက်ဖက်ကြသည်ပင်။ ကုနင်း၏ မျက်လုံးထဲတွင် လင်ရှောင်းထင်သည် အလွန်ပင် ပြစ်ချက်ကင်းစင်သူ ဖြစ်နေသည်။