အခန်း (၁၄၀၅-၁၄၁၀)
Vol. 90 Ch. 1405-1410
အပိုင်း ၁၄၀၅ အဖျက်သမားတစ်အုပ်..
“ကြားရတာ ဝမ်းသာပါတယ်။” ကုနင်း ပြုံးလိုက်သည်။ "အိုး၊ ဒါပေမယ့် မင်းအခက်အခဲတစ်ခုခုကြုံလာရင် ငါ့ကိုပြောဖို့ မတွန့်ဆုတ်ပါနဲ့ ဟုတ်လား။ မင်းမှာ ငါ့ရဲ့ပံ့ပိုးမှုရှိတယ်။"
ယွီမီရှီသည် သူမ၏ ဝန်ထမ်းဖြစ်ရုံသာမက သူမ၏ ရင်းနှီးသော သူငယ်ချင်းလည်း ဖြစ်သည့်အတွက် တစ်စုံတစ်ယောက်မှ ယွီမီရှီကို အနိုင်ကျင့်ဝံ့လျှင် သူမသည် ကာကွယ်ပေးမည်ဖြစ်သည်။
"ငါ နားလည်ပြီ။" ယွီမီရှီ ခေါင်းညိတ်ပြလိုက် သော်လည်း မလိုအပ်လျှင် ကုနင်းကို အကူအညီတောင်းမည်မဟုတ်ပေ။ ပြိုင်ဆိုင်မှုသည် နေရာတိုင်းမှာရှိသည်ကို နားလည်ပြီး သူမအနေနှင့် ကျင့်သားရဖို့ လိုသည်။ ထို့အပြင်၊ ကောလိပ်မှဘွဲ့ရပြီးနောက်တွင် ကုနင်း၏အကူအညီမပါဘဲ သူမဘာသာ အလုပ်တစ်ခုရှာရန် လိုအပ်နေသေးသည်။ ထို့ကြောင့် အခက်အခဲတွေကို ကြိုပြီးရင်ဆိုင်ရသည်က သူမအတွက် မကောင်းသည့်အရာမဟုတ်ပေ။
ယွီမီရှီသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် အလုပ်သင်တစ်ဦးအဖြစ်လုပ်နိုင်သည်မှာ ထိုကုမ္ပဏီသည် ကုနင်း ပိုင်ဆိုင်သောကြောင့် ဖြစ်ကြောင်းမည်သူမှ မသိကြပေ။ ကုနင်းသည် အန်းယိ၏ဖခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိမည်ဟုသာ အခြားသူများက ယုံကြည်ထားကြသည်။
စင်စစ် ကုနင်းသည် သူ့အဖေ၏ စီးပွားရေးမိတ်ဖက်ဖြစ်သည်မို့ ကုနင်းနှင့် ဆက်ဆံရသည်ကို အန်းယိ အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
နောက်ဆုံးတွင် စားပွဲပေါ်သို့ ဟင်းတွေရောက်ရှိလာပြီး အားလုံးသည် စပျစ်ဝိုင်အနည်းငယ်နှင့် အရသာစားသုံးကြသည်။
၁၂ နာရီအထိ အတူတူပျော်ပါးကြပြီး သူတို့၏ အမှတ်တွေကို မသိမချင်း မခွဲကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် ညစာစားပြီးနောက် လမ်းအနည်းငယ်လျှောက်ပြီး နောက်... တိဟောက်ကလပ်သို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ညစာစားပြီးသောအခါ လူအများစုသည် ပန်းခြံထဲတွင် ပျော်ပျော်ပါးပါး ကစားလေ့ရှိကြပြီး စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း လူအများအပြား စုဝေးရာနေရာများတွင် မတော်တဆမှုများဖြစ်တတ်သည်။
ကုနင်းနှင့် သူမတို့ သူငယ်ချင်း တသိုက် ပန်းခြံကို ရောက်ပြီး မကြာခင်မှာပင် မတော်တဆမှုတစ်ခု ဖြစ်ပွားသည်။
ကွင်းပြင်ထဲတွင် လူများစွာရှိသော်လည်း တောအုပ်အတွင်းရှိ လမ်းသွယ်လေးတွင် လမ်းလျှောက်နေသူ အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် လူအုပ်ကြီးကြောင့် အနှောက်အယှက် မဖြစ်စေလိုသောကြောင့် တောအုပ်ထဲသို့ လမ်းလျှောက်သွားကြသည်။
ထို့နောက်တွင် သူတို့သည် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပေးနေသည့် အဖျက်သမားတသိုက်ကို သူတို့တွေ့လိုက်သည်။
သူတို့သည် သူမကို မထိပါးသော်လည်း အလွန်အမင်း စိတ်အနှောက်အယှက် ပေးနေပြီး အမျိုးသမီးသည် ဒေါသဖြစ်နေသည်မှာသိသာသည်။ သို့သော်လည်း သူမသည် သူတို့ကို စိတ်တိုအောင်မလုပ်ဝံ့ပေ။ သူမသည် ရဲစခန်းကို ဖုန်းဆက်မည်ဟုသာ အော်နေသည်။ ကံမကောင်းစွာပင် အဖျက်သမားများက ထိုစကားကို လုံးဝဂရုမစိုက်ဘဲ သူမကို ဆက်၍ နှောင့်ယှက်သည်။ "အဲ့လိုမလုပ်ပါနဲ့! ငါတို့က မင်းကို အရှင်လတ်လတ် မစားပါဘူး။”
"ငါတစ်ယောက်တည်းနေပါရစေ။" အမျိုးသမီးသည် ကြောက်စိတ်ကြောင့် ငိုလုမတတ်ပင်။ သူမသည် တစ်ယောက်တည်း လမ်းလျှောက်ထွက်လာသည်ကို နောင်တရမိသည်။ အကယ်၍ သူမသာ ထိုသို့မလုပ်ခဲ့လျှင် ထိုအဖျက်သမားအုပ်စုက သူမအားနှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ သူမသည် ယခုမှပင် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
စင်စစ် သူတို့၏ပတ်ဝန်းကျင်တွင် လူတချို့ရှိပြီး ဒီမြင်ကွင်းကိုတွေ့ကြသော်လည်း မည်သူမှ သူမကို ကူညီဖို့ ထွက်မလာကြပေ။
အမျိုးသမီးမှာ လူတိုင်းသည် ကြင်နာတတ်သည်မဟုတ်ကြောင်း နားလည်သွားသည်။ ကြည့်ရှုနေသူများစွာသည် သူမကို လျစ်လျူရှုခဲ့ကြသည်။
"လာပါ.. အတူတူပျော်ကြရအောင်"
“ငါတို့က လူဆိုးတွေ မဟုတ်ပါဘူး။ ငါတို့ကိုယုံပါ"
“…”
“ဘော့စ်…”
ဟောင်ရန်နှင့် အခြားသော ကောင်လေးများသည် ဒေါသထွက်သွားကြသည်။ သူတို့သည် တုန့်ပြန်ချင်သော်လည်း ကုနင်း၏ ထင်မြင်ချက်ကို အရင်တောင်းသည်။
"သွားလုပ်ချေ။ မင်းတို့ဒါကိုဖြေရှင်းနိုင်တယ်။" ကုနင်း ကပြောလိုက်ပြီး တခြားမိန်းကလေးတွေနှင့် သွားထိုင်နေလိုက်သည်။
“ရတာပေါ့။” ကုနင်း သဘောတူလိုက်သည်နှင့် ထိုကောင်လေးများသည် အဖျက်သမား များဆီသို့ လျှောက်သွားကြသည်။
"နင်သူတို့နဲ့လိုက်သွားမယ်လို့ ငါထင်ခဲ့တာ။" ကုနင်းသည် ချူးဖေ့ဟန် က ရန်ပွဲများနှင့်ပတ်သက်လျှင် အမြဲတမ်း စိတ်လှုပ်ရှားတတ်သောကြောင့် သူ့ကို ကြည့်လိုက်သည်။
"ဘာလို့လဲ?" ချူးဖေ့ဟန် ရယ်သည်။ "သူတို့က အဖျက်သမားသာသာတွေမို့ ငါက သူတို့နဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။"
ကုနင်း ပြုံးပြီး ဘာမှ ပြန်မပြောပေ။ သူမသည် ချူးဖေ့ဟန်၏စကားကို သဘောတူသည်။
ဟောင်ရန်နှင့် တခြားကောင်လေးတွေသည် လမ်းလျှောက်လာပြီးအော်လိုက်သည် “ဟေ့ ယောက်ျားအစစ်တွေက မိန်းမတွေကို မနှောင့်ယှက်ဘူး။ မင်းသတ္တိရှိရင် ငါတို့ကို အနိုင်ကျင့်ရဲလား?"
ဟောင်ရန်သည် အဖျက်သမားတွေကိုအထင်သေးသောကြောင့် အထက်စီးဆန်ဆန်ပြောသည် စင်စစ် သူတို့အနေနှင့် ထိုလူတွေကို အလွယ်တကူ အနိုင်ယူနိုင်သည်။
ဟောင်ရန် ရောက်လာသောအခါ အမျိုးသမီးသည် စိတ်လှုပ်ရှားသွားပြီး သူမကို ကယ်ဆယ်နိုင်မည်ဟု မျှော်လင့်နေသည် ထိုအဖျက်သမားအုပ်စုမှာမူ နှောက်ယှက်ခံလိုက်ရ၍ ဒေါသထွက်သွားသည်။ သူတို့ထဲမှ တစ်ယောက်ကပြောလိုက်သည် “မင်းတို့က ကလေးတွေသာသာပဲ။ ဝေးဝေးနေ...”
ဟောင်ရန်နှင့် အခြားသော ကောင်လေးများသည် အလွန်ငယ်သောကြောင့်၊ အဖျက်သမား များက သူတို့ကို အလေးအနက်မထားကြပေ။
"မင်းတို့က ငကြောက်တွေပဲ!" ဟောင်ရန် သူတို့ကို စိန်ခေါ်ပြန်သည်။
အဖျက်သမားအုပ်စုသည် ဒေါသတကြီး ဖြစ်သွားသည်။ "သူတို့ကို ရိုက်!"
ချက်ချင်း သူတို့ထဲမှလေးယောက်သည် ဟောင်ရန်နှင့် တခြားကောင်လေးတွေဆီ ပြေးသွားသည်။
အန်းယိသည် အနည်းငယ် အားနည်းပေမယ့် တခြားကောင်လေးတွေက ရန်ဖြစ်ရာမှာ တော်ကြသည်မို့ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့သည် ထိုအဖျက်သမားတွေကို အနိုင်ယူလိုက်ကြသည်။
အဖျက်သမားများသည် ထိတ်လန့်သွားပြီး ဟောင်ရန် ကို လွှတ်ပေးရန် တောင်းဆိုသည်။ “ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ။ ငါတို့ ထပ်မလုပ်တော့ပါဘူး။"
"ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး ကျေးဇူးပြုပြီး" သူတို့ မမျှော်လင့်ထားသည်မှာ ဒီကောင်လေးတွေက သူတို့ထက် အများကြီး ပိုသန်မာနေသည်။
"အခုချက်ချင်း မျက်စိရှေ့ကထွက်သွားတော့!"
ဟောင်ရန်နှင့် ကောင်လေးတွေသည် ထိုသူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေဘဲ ပြင်ပဒဏ်ရာတချို့သာပေးခဲ့သည့်အတွက် ထိုအဖျက်သမားများသည် ချက်ချင်း ထွက်ပြေးသွားကြသည်။
"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်" အမျိုးသမီးသည် ဟောင်ရန် ကို ကျေးဇူးတင်စကားဆိုသည်။
“ကိစ္စမရှိပါဘူး...မင်း..အခု အိမ်ပြန်သင့်တယ်။ ညဘက်အပြင်မှာ အမျိုးသမီး တစ်ယောက်တည်းနေဖို့က မလုံခြုံဘူး” မုခယ်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်။" အမျိုးသမီးသည် သူမထွက်သွားခင် သူတို့ကို ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောနေမိသည်။
ထိုအမျိုးသမီး ထွက်သွားသောအခါ ဟောင်ရန်နှင့် အခြား ယောက်ျားလေးများသည် ကုနင်းထံသို့ ပြန်သွားကြသည်။
"အဖျက်သမားတစ်အုပ်သာသာပါ...ငါတို့က သူတို့ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူလိုက်တယ်" ဟောင်ရန်က အထင်အမြင်သေးစွာဖြင့် သရော်လိုက်သည်။
သူတို့သည် ကျောင်းတွင် မကြာခဏ ရန်ဖြစ်လေ့ရှိကြသော်လည်း အချိန်အတော်ကြာအောင်ရန်မဖြစ်ခဲ့ကြပေ။ သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ ရင့်ကျက်လာကာ မလိုအပ်သည့်အခါတွင် အခြားသူများကို ဒုက္ခမပေးချင်ပေ။
"နင်တို့ ပျော်ချင်ရင် ဘာလို့ အချင်းချင်း မတိုက်ကြတာလဲ?" ကုနင်းက နောက်ပြောင်သည်။
***
အပိုင်း ၁၄၀၆ ခန့်မှန်းအမှတ်...
"မဟုတ်ဘူး၊ ငါတို့အဲ့လိုလုပ်မှာမဟုတ်ဘူး။" သူတို့သည် အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် မနာကျင်စေလိုသည့်အတွက် တိုက်ခိုက်ပြီး ပျော်ရွှင်ဖို့ မဖြစ်နိုင်ပေ။
သူတို့ ပန်းခြံထဲတွင် အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် တိဟောက်ကလပ် သို့ သွားကြသည်။ ကလပ်များသည် များသောအားဖြင့် ၁၀ နာရီနောက်ပိုင်းတွင်သာ လူစည်ကားတတ်သောကြောင့် စောစောသွားလျှင် ငြီးငွေ့ဖွယ်ကောင်းပေလိမ့်မည်။
ကုနင်းသည် သံသယဝင်ခံရမည် စိုးရိမ်သောကြောင့် ယခုတစ်ကြိမ်တွင် ဆုမရရှိပေ။ မည်သို့ပင်ဖြစ်စေ သူတို့မှာ ပိုက်ဆံမရှားသည့်အတွက် ကုနင်း ငွေရှင်းပေးနိုင်သည်။
သီးသန့်အခန်းတွင် နာရီဝက်ကြာ နေပြီးနောက် မြေအောက်လက်ဝှေ့ကွင်းသို့ သွားကာလက်ဝှေ့ပွဲကို ကြည့်ကြသည်။ သူတို့ သီးသန့်အခန်းထဲပြန်ရောက်ကြချိန်တွင် ည ၁၁း၃၀ ပဲရှိသေးသည်။
ထိုအချိန် စုအန်းယာက၊ “ရမှတ်တွေ ထွက်လာတော့မှာ နာရီဝက်ပဲလိုတော့တယ်ဆိုပေမယ့် ထာဝရလို့ ခံစားနေရတယ်။”
အမှတ်များထွက်လာသည်နှင့် သူတို့သည် သူတို့၏အိမ်မက် တက္ကသိုလ်များတွင် လျှောက်ထားနိုင်သည်။ သူတို့၏ စိတ်ကူးထဲက တက္ကသိုလ်တွေကို အောင်အောင်မြင်မြင်၀င်ခွင့်ရလျှင် အကောင်းဆုံးဖြစ်မည်။ မဟုတ်လျှင် သူတို့၏ ပန်းတိုင်တွေကို ပြောင်းလဲပစ်ရမည်။
ကုနင်းသည် သူမကိုယ်သူမ မြို့တော်တက္ကသိုလ် ကို ဝင်နိုင်မည်ဟု ယုံကြည်သောကြောင့် သူမ စိတ်မပူပေ။
စုအန်းယာသည်လည်း မြို့တော်တွင် ပညာသင်ကြားလိုပြီး သူမ၏ ဒုတိယရွေးချယ်မှုမှာ Bမြို့၏ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်သည်။ သို့သော်လည်း မြို့တော်ရှိ တက္ကသိုလ်တစ်ခုနှင့် B မြို့၏ တက္ကသိုလ်ကြား ကွာခြားချက်ရှိသည်။
စုအန်းယာသည် မြို့တော်တွင် ပညာသင်ကြားရန် ရည်မှန်းထားသော်လည်း သူမသည် မုခယ် နှင့် ကုနင်းတို့လောက် မထူးချွန်သောကြောင့် ယုံကြည်ချက်သိပ်မရှိပေ။
ယွီမီရှီသည် မြို့တော်ရှိ စီးပွားရေးတက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားရန် ရည်ရွယ်ထားပြီး မုခယ်သည်လည်း အလားတူပင်ဖြစ်သည်။ ယွီမီရှီ သွားမည့်နေရာ သူသွားမည်ဖြစ်သည် ။
ချူးဖေ့ဟန်၏ပန်းတိုင်မှာ မြို့တော်ရှိ ရုပ်ရှင်အကယ်ဒမီတစ်ခုဖြစ်ပြီး သူတို့နိုင်ငံရှိ အကောင်းဆုံးရုပ်ရှင်အကယ်ဒမီ ဖြစ်သည်။ သူမ၏ ရမှတ်မှာ မနိမ့်သရွေ့ ချူးဖေ့ဟန် ဝင်နိုင်မည်မှာ သေချာသည်။
နောက်ဆုံး မနက် ၁၂ နာရီထိုးသောအခါ သူတို့၏ဖုန်းတွေကိုထုတ်ပြီး ရမှတ်တွေကို စစ်ဆေးကြသည်။ သို့သော် ကျောင်းသားတွေ အရမ်းများနေသောကြောင့် အချိန်ပိုကြာအောင် စောင့်ရန်လိုသည်။
ည ၁၂:၁၀ တွင် သူတို့၏ ရမှတ်တွေကို ဖတ်ရသည်။
ယွီမီရှီသည်သူမ၏ရမှတ်များကိုပထမဆုံးသိရသူဖြစ်ပြီးသူမ၏စုစုပေါင်းရမှတ်မှာ ၅၉၃မှတ် ဖြစ်သည်။ ၎င်းသည်အစမ်းစာမေးပွဲမှရမှတ်များထက် ၃၃ မှတ်ပိုများသည်။ အောင်ချက်အမှတ်များသည် တစ်နှစ်နဲ့တစ်နှစ်မတူသော်လည်း မနှစ်ကထက် ဒီနှစ် ပိုများတာမျိုးမရှိပေ။
ယွီမီရှီသည် သူမ၏ စုစုပေါင်းရမှတ်ကို မြင်သောအခါ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသောကြောင့် အလွန်စိတ်လှုပ်ရှားနေသည်။ "ကောင်းတာပေါ့.. ၅၉၃ မှတ် က အရမ်းမြင့်တယ် နင်ဝင်ခွင့်ရဖို့ အလားအလာများတယ်” ဟု ကုနင်း ပြောလိုက်သည်။ သူမသည် ယွီမီရှီအတွက် ပျော်မိသည်။ သဘာဝကျစွာပင် လူတိုင်းသည် သူမလောက်တော့ မတော်နိုင်ကြပေ။
"ဘာ.. ၅၉၃ မှတ်..အိုး မီရှီ၊ နင်.. သေချာပေါက် တက္ကသိုလ်ကောင်းကောင်း တစ်ခုမှာ ဝင်ခွင့်ရပြီ။"
"ငါ့ကိုကြည့်ခွင့်ပြုပါဦး.."
အခြားသူများအားလုံး သူမထံ ချဉ်းကပ်ကြသည်။ ယွီမီရှီသည် မြို့တော်ရှိ သာမန်ကောလိပ်တစ်ခုတွင် ကျောင်းအပ်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါတွင် သူမ၏အိပ်မက် တက္ကသိုလ်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ သူမသည် စိတ်လှုပ်ရှား၍ ငိုချချင်သော်လည်း သူငယ်ချင်းများရှေ့တွင် ငိုရမည်ကို ရှက်သောကြောင့် စိတ်ကို တည်ငြိမ်အောင် ထိန်းထားသည်။
ထို့နောက်တွင်၊ အန်းယိသည် သူ၏စုစုပေါင်းရမှတ် ၅၆၄ မှတ် ဖြစ်သည်ကိုတွေ့မြင်ရသည်။ သူသည် G မြို့ ရှိ တက္ကသိုလ်ကြီးတစ်ခုတွင် စာရင်းသွင်းနိုင်တော့မည်ဖြစ်သည်။ သို့သော် Gမြို့ တွင် ကြီးကျယ်သောတက္ကသိုလ်များစွာရှိသော်လည်း ၎င်းတို့သည် မြို့တော်က ထိပ်တန်းတက္ကသိုလ်များနှင့်မယှဉ်နိုင်ပေ။
စုအန်းယာ၏ စုစုပေါင်းရမှတ်မှာ ၆၁၅ ဖြစ်ပြီး ၎င်းသည် သူမ၏ စိတ်ကူးထဲက တက္ကသိုလ်ကို ဝင်နိုင်လောက်အောင် မမြင့်သော်လည်း B မြို့၏ ကျော်ကြားသော တက္ကသိုလ် တစ်ခုခုတွင် ဆက်လက် သင်ယူနိုင်သောကြောင့် သူမ အဆင်ပြေပါသည်။
အနာဂတ်တွင် ကုနင်းနှင့် သူမ၏ အခြားသူငယ်ချင်းများကို မကြာခဏ မတွေ့ရတော့မည်မှာ နှမြောစရာကောင်းသော်လည်း သူမ၏ စုစုပေါင်းရမှတ်မှာ မဆိုးလှပေ။
ဟောင်ရန်၊ ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းတို့သည် အခြေခံအားဖြင့် တူညီသော စုစုပေါင်းရမှတ်များ ရှိပြီး ၎င်းတို့၏ ပစ်မှတ် တက္ကသိုလ်တွင် စာရင်းသွင်းရန် ပြဿနာ မရှိပေ။
ချူးဖေ့ဟန်၏ စုစုပေါင်းရမှတ်မှာ ၆၅၃ မှတ် ဖြစ်ပြီး မုခယ်မှာ ၆၈၉ မှတ်ဖြစ်သောကြောင့် သူတို့သည် သူတို့၏ စုစုပေါင်းရမှတ်များကို အလွန်ကျေနပ်ကြသည်။
ကုနင်းသည် သူမ၏ စုစုပေါင်းရမှတ်ကို သိရသော နောက်ဆုံးသူဖြစ်သော်လည်း သူမ၏ သူငယ်ချင်းကို အရင် ခန့်မှန်းရန် ပြောလိုက်သည်။
"ငါတို့တစ်ယောက်ချင်းစီ ဘော့စ်ရဲ့စုစုပေါင်းရမှတ်ကို ခန့်မှန်းနိုင်တယ်၊ မှားရင် ဘယ်သူမဆို ဘီယာတစ်ပုလင်းသောက်ရမယ်။" ချူးဖေ့ဟန်က အဆိုပြုသည်။
"ပြဿနာမရှိဘူး" လူတိုင်းက သဘောတူသည်။
စင်စစ်၊ ကုနင်း၏ စုစုပေါင်းရမှတ်ကို မှန်ကန်စွာ ခန့်မှန်းရန် သူတို့အတွက် မခက်ခဲပေ၊ အကြောင်းမှာ သူမသည် ကျောင်းတွင် မယုံနိုင်စရာကောင်းလောက်သော အရည်အချင်းကြောင့် နာမည်ကြီးသူဖြစ်သည်။
"ငါအရင်လုပ်မယ်။" ဟောင်ရန်သည် သူ၏လက်ကို မြှောက်လိုက်သည်။ "ငါတို့ကျောင်းမှာ ပြီးခဲ့တဲ့ စာမေးပွဲတွေတုန်းက သူက အမှတ်ပြည့် အမြဲရခဲ့တာကြောင့် သူက အမှတ်ပြည့် ၇၅၀ မှာ ၇၄၈ မှတ်လောက် ရနိုင်မယ်ထင်တယ်။"
"ငါ ဟောင်ရန်ပြောတာ သဘောတူတယ်" ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းက ချက်ချင်းပြောလိုက်သည်။ ကုနင်းသည် ရမှတ်အပြည့်နှင့် အလွန်နီးစပ်သည့် စုစုပေါင်းရမှတ်ကို အလွယ်တကူရနိုင်သည်ဟုလည်း သူတို့ ယုံကြည်ခဲ့ကြသည်။
"ငါကတော့ ၇၄၉မှတ်လို့ထင်တယ်" ချူးဖေ့ဟန် ကပြောသည်။ သူမသည် သူတို့ကိုယ်သူတို့ထက် ကုနင်း အပေါ် ပို၍ယုံကြည်မှုရှိသော်လည်း စာစီစာကုံးမှာ အမှတ်ပြည့်ရရန် မဖြစ်နိုင်သောကြောင့် သူမသည် ရမှတ်အပြည့်မှ တစ်မှတ်သာ နုတ်ယူလိုက်သည်။
***
အပိုင်း ၁၄၀၇ အမှတ်ပြည့်
"ငါဖေ့ဟန် ပြောတာကို သဘောတူတယ်။" ဟု ယွီမီရှီက ပြောသည်။
ယွီမီရှီသည် ကုနင်း စုစုပေါင်းရမှတ် ၇၄၉ ရနိုင်သည်ဟု ယုံကြည်သည့်အတွက် မုခယ်သည်လည်း သူမကို ထောက်ခံလိုက်သည်။
အဆုံးတွင် စုအန်းယာသည် ၇၄၇မှတ် ဖြစ်မည်ဟု မှန်းဆလိုက်သည်။
လူတိုင်းသည် သူမ၏ရမှတ်ကို ခန့်မှန်းနေချိန်တွင် ကုနင်းသည် သူမ၏ စုစုပေါင်းရမှတ်ကို ဖော်ပြလိုက်သည်။ ရမှတ်မှာ ၇၅၀ အပြည့် ဖြစ်နေသည်။
ထိုအခြေအနေမျိုးတွင် မည်သူမှ မှန်ကန်အောင် မမှန်းဆနိုင်ပေ။ အမှန်ဟု ယုံကြည်ဖို့ခက်ခဲလွန်းသောကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ အရင်က ဘယ်သူမှ စာစီစာကုံး အမှတ်ပြည့် မရဖူးပေ။
ရလဒ်ကြောင့် ကုနင်းသည် လည်း အံ့အားသင့်ခဲ့သည်။
“၇၅၀ ..ငါကြားတာမှန်ရဲ့လား?"
"မဖြစ်နိုင်တာ.."
"ငါ့နားကို ငါမယုံနိုင်ဘူး!"
"ဘော့စ်၊ မင်းအရမ်းအံ့သြဖို့ကောင်းတာပဲ!"
"အရမ်းလေးစားတယ်။"
"ဝိုး..."
“ငါ့ မိဘတွေကို ပြောပြရမယ်။”
အားလုံးသည် ရမှတ်အပြည့်ရထားသူမှာ သူတို့ကဲ့သို့ ရွှင်မြူးပြီး အောင်ပွဲခံကြသည်။
အချိန်အတော်ကြာအောင်ပွဲခံပြီးမှ အားလုံးသည် ကိုယ့်အိမ်ကိုယ်ပြန်ကြသည်။
ကုနင်း အိမ်ပြန်ရောက်သောအခါ သူမသည် လင်ရှောင်းထင်ကိုဖုန်းဆက်ပြီး သတင်းကောင်းကို ဝေမျှခဲ့သည်။ လင်ရှောင်းထင်သည် ရလဒ်ကြောင့် အံ့ဩသွားပြီး သူမအတွက် ဂုဏ်ယူမိသည်။
ကုနင်းသည် သခင်ကြီးလင်ကိုသူနိုးလာလျှင် ကိုယ်တိုင်ကိုယ်ကျ ပြောပြချင်သောကြောင့် အခုလောလောဆယ် လျှို့ဝှက်ထားဖို့ ပြောလိုက်သည်။
ထို့နောက် မနက် ၇ နာရီတွင် ကုနင်းသည် ထန်ဟိုင်ဖုန်းကိုအရင်ဖုန်းဆက်သည်။ ထန်ဟိုင်ဖုန်းသည် ပုံမှန်အားဖြင့် ယခုလိုအချိန်တွင် နိုးနေပြီဖြစ်ကြောင်း သူမသိသည်။
ကုနင်း သူမ၏ စုစုပေါင်းရမှတ်ကို ပြောပြသောအခါ ထန်ဟိုင်ဖုန်း အံ့သြသွားသည်။ ကုနင်းသည် သူမ၏ကျောင်းတွင် ထိပ်တန်းကျောင်းသားဖြစ်ကြောင်း သူတို့သိသော်လည်း သူမကို ရမှတ်အပြည့်ရရန် မမျှော်လင့်ထားပေ။ ထန်မိသားစုဝင်များအားလုံး ဝမ်းသာမျက်ရည်ကျကြသည်။
ထို့နောက် ကုနင်းသည် သခင်ကြီးလင်ကို ဖုန်းခေါ်သည်။ သခင်ကြီးလင်သည် လင်ယွမ်ချန်တို့ ဇနီးမောင်နှံ ၊ လင်ယွမ်ကျန်းတို့ဇနီးမောင်နှံတို့နှင့်အတူ နံနက်စာစားနေသည်။
"မင်္ဂလာပါ နင်းနင်း ၊ အဘိုးကို သတင်းကောင်းတစ်ခု ပြောပြချင်လား" သခင်ကြီးလင် ကုနင်း၏ ဖုန်းကို ကိုင်လိုက်သည်နှင့် ရယ်ပြီးပြောသည်။ ကုနင်း အမှတ်ကောင်းတွေရမည်ကို သခင်ကြီးလင်က သေချာသိသည်။
ကုနင်းက ပြုံးလိုက်ပြီး၊ "ဟုတ်တယ် အဘိုး၊ ဒါပေမယ့် သမီးရဲ့ စုစုပေါင်းရမှတ်ကို ဘာလို့ မခန့်မှန်းကြည့်တာလဲ? အမှတ်ပြည့်က ၇၅၀ ပါ။"
“ကောင်းပြီ၊ မင်း ၇၄၈ ဒါမှမဟုတ် ၇၄၉ ရနိုင်မယ်လို့ ငါယုံကြည်တယ်။” သခင်ကြီးလင် က ယုံကြည်မှုအပြည့်နှင့် ပြောသည်။ စာမေးပွဲတွင် စာစီစာကုံးကို ရမှတ်ပြည့်ရနိုင်သည်မရှိသောကြောင့် ကုနင်းသည် ရမှတ်အပြည့်ရနိုင်သည်ဟု သူမထင်ထားပေ။ စင်စစ် မည်သူမှ ထိုသို့တွေးမည်မဟုတ်ပေ။
ထိုစကားကိုကြားပြီး လင်ယွမ်ချန် နှာမှုတ်လိုက်သည်။ ကုနင်း သည် သူမ၏ကျောင်းတွင် ထိပ်တန်းကျောင်းသားဖြစ်သော်လည်း သူ၏အမြင်တွင် သူမသည် စုစုပေါင်းရမှတ် ၇၃၀ နှင့် ၇၄၀ ကြားသာရှိနိုင်သည်။
လင်ယွမ်ကျန်းနှင့် ယွီယင်တို့သည်လည်း သခင်ကြီးလင် ၏ ခန့်မှန်းချက်သည် မြင့်မားလွန်းသည်ဟုယူဆသောကြောင့် အံ့အားသင့်နေကြသည်။ စာမေးပွဲတွင် စုစုပေါင်းရမှတ် ၇၄၅ ထက်ကျော်လွန်နိုင်သည့် စီနီယာ အထက်တန်းကျောင်းသားကို သူတို့ မတွေ့ဖူးကြပေ။
"အမ်၊ အရမ်းနီးစပ်ပေမယ့် မမှန်ပါဘူး၊ တကယ်တော့ သမီးရဲ့ စုစုပေါင်း ရမှတ်က ၇၅၀မို့လို့ပါ" "သမီးကို ဆု မပေးချင်ဘူးလား?"
ကုနင်းသည် ဆု၊လက်ဆောင်များ မရှားသော်လည်း ထိုအရာသည် သူမအတွက် အဓိပ္ပာယ်ရှိသောကြောင့် သခင်ကြီးလင်ထံမှ ဆုကို လိုချင်သည်။
သို့သော် သခင်ကြီးလင် အံ့အားသင့်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
လင်ယွမ်ချန်သည် သူ၏တုံ့ပြန်မှုကို သတိပြုမိပြီး ကုနင်း၏ စုစုပေါင်းရမှတ်သည် သခင်ကြီးလင်၏ ခန့်မှန်းချက်နှင့် အလွန်ကွာခြားနိုင်သည်ဟု တွေးထင်ခဲ့သည်။
"ဘာ..ဘာ မင်း.. အမှတ်အပြည့်ရတာလား?" သခင်ကြီးလင် မေးလိုက်သည်။
၇၄၈ မှတ်နှင့် ၇၄၉ မှတ် သည် ၇၅၀ မှတ် ထက် တစ်မှတ်၊နှစ်မှတ်သာနည်းသော်လည်း ၇၅၀ သည် အမှတ်ပြည့်ဖြစ်သည်။
လင်ယွမ်ကျန်းနှင့် စားပွဲဝိုင်းရှိ အခြားသူများ အံ့ဩသွားကြသည်။ သူတို့သည် သခင်ကြီးလင်ကို စိုက်ကြည့်ကာ သူ၏နောက်ထပ်စကားကို စောင့်နေသည်။
"ဟုတ်တယ်၊ သမီး..အမှတ် ၇၅၀မှတ်ရတာဟုတ်တယ်"
"ကောင်းတာပေါ့! ငါ မင်းအတွက် အရမ်းပျော်တယ်” သခင်ကြီးလင် ဝမ်းသာအားရ ရယ်မောလိုက်သည်။
"ဒီတော့ သမီး ဆုရမှာလား?"
"ဒါပေါ့၊ မင်းမြို့တော်ပြန်ရောက်တဲ့အခါ ငါ့ကိုလာတွေ့၊ အနီရောင်စာအိတ်ထူထူပေးမယ်။"
"ဟုတ်.. ဒါဆို နောက်မှတွေ့ပါမယ်။"
"နောက်မှ တွေ့မယ်" သခင်ကြီးလင် အလွန်စိတ်လှုပ်ရှားနေသည်။
"အဖေ၊ ကျွန်တော် ကြားတာမှန်လား နင်းနင်းက အမှတ် ၇၅၀ မှတ်အပြည့်ရတယ်ဆို"။ လင်ယွမ်ကျန်းက သခင်ကြီးလင် ကို မေးသည်။
"မှန်တယ် အမှတ် ၇၅၀ ရမှတ်အပြည့်ပဲ!" သခင်ကြီးလင်က ခပ်ကျယ်ကျယ် ပြုံးပြသည်။ သူသည် ထမင်း ဆက်မစားချင်တော့ဘဲ သူငယ်ချင်းဟောင်းတွေဆီ ဖုန်းဆက်ရန် အခန်းထဲပြန်ဝင်သွားသည်။
သခင်ကြီးရှု နှင့် ကျန်းကျုံးယွီတို့သည် ထို သတင်းကိုကြားသောအခါ အလွန်အံ့အားသင့်သွားကြပြီး သူ့တွင် ထူးချွန်သော အနာဂတ်မြေးချွေးမတစ်ဦးရှိသောကြောင့် သခင်ကြီးလင်ကို မနာလိုဖြစ်ခဲ့ကြသည်။
သူတို့၏မြေးများသည် သူတို့နှင့်ရွယ်တူချင်းများကြားတွင် ထူးချွန်ကြသော်လည်း၊ သူတို့သည် ကုနင်းနှင့်တော့ မယှဉ်သာပေ။
***
အပိုင်း ၁၄၀၈ သခင်ကြီးလင်၏ ချိန်းခြောက်မှု...
သခင်ကြီးလင်သည် သခင်ကြီးရှု နှင့် ကျန်းကျုံးယွီတို့ကို ဖုန်းခေါ်ပြီးနောက် ချိုက်ချင်းဟွာ အမည်ရှိ အမျိုးသားတစ်ဦးထံ ဖုန်းဆက်သည်။
"လောင်လင် မင်း ဘာလို့ ငါ့ကို မနက်အစောကြီးဖုန်းခေါ်တာလဲ? မင်း ငါ့ဆီက ဒီလက်ရေးလှပန်းချီကို လိုချင်နေသေးတာလား? ငါ မင်းကို ပြောမယ် မင်း ဘယ်လောက်ပေးပေး ငါမင်းကိုမရောင်းနိုင်ဘူးနော်။ ငါအခုအရမ်းအလုပ်များနေတယ်၊ အဲ့ဒါကြောင့် မင်းမှာအရေးကြီး ပြောစရာ တစ်ခုခု မရှိဘူးဆိုရင် ဖုန်းချလိုက်ရအောင်"
ချိုက်ချင်းဟွာသည် သခင်ကြီးရှုနှင့် ကျန်းကျုံးယွီတို့လောက် သခင်ကြီးလင်ကို မရင်းနှီးသော်လည်း သူသည် သခင်ကြီးလင်၏ သူငယ်ချင်းဟောင်းဖြစ်နေသေးသည်။
"မင်းဘာအလုပ်ရှုပ်နေတာလဲ?" သခင်ကြီးလင် မေးလိုက်သည်။
“ဒီနှစ် F မြို့ မှာ ရမှတ်အပြည့်ရတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်၊ အဲ့တော့ ငါ သူမကို တွေ့ဆုံဖို့ ချက်ချင်း ဖိတ်ခေါ်ရမယ်။ အရင်က ဒါမျိုး တခါမှမဖြစ်ဖူးဘူး။" ချိုက်ချင်းဟွာက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
ချိုက်ချင်းဟွာသည် မြို့တော်တက္ကသိုလ်၏ကျောင်းအုပ်ဖြစ်သည်။ စင်စစ် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်တိုင်း၏ ကျောင်းအုပ်များသည် ကုနင်း၏ အမှတ်ပြည့်ကို စိတ်ဝင်စားနေကြသည်။ ထို့ကြောင့် ချိုက်ချင်းဟွာသည် ကုနင်းကို အမြန်ဆုံးတွေ့ရန် စီစဉ်နေသည်။
"မင်းက ကုနင်း ကိုဆိုလိုတာလား?" သခင်ကြီးလင်က အပြုံးနှင့် ပြောသည်။
"အဲဒါကို မင်းဘယ်လိုသိလဲ?" ချိုက်ချင်းဟွာ အံ့သြသွားသည်။
"မင်း သူ့ကို မင်းရဲ့တက္ကသိုလ်မှာ ကျောင်းတက်စေချင်တာလား?" သခင်ကြီးလင် ရည်ရွယ်ချက်ရှိရှိ မေးသည်။
"ဒါပေါ့"
"မင်းငါ့ကို အဲ့ဒီလက်ရေးလှပန်းချီ ရောင်းရင် သူ့ကို မင်းရဲ့တက္ကသိုလ်တက်အောင် ငါကူညီပေးမယ်၊ မဟုတ်ရင်တော့ မင်းသူမကို ဆုံးရှုံးရလိမ့်မယ်။" သခင်ကြီးလင် ခြိမ်းခြောက်သောလေသံဖြင့် ပြောလိုက်သည်။ တကယ်လည်း ချိုက်ချင်းဟွာကို ခြိမ်းခြောက်ရန် ကုနင်းကို အသုံးချလိုက်ခြင်းပင်။
ကုနင်း၏အိပ်မက်တက္ကသိုလ်သည် မြို့တော်တက္ကသိုလ်သာဖြစ်ပြီး မည်သူမျှသူမ၏စိတ်ကိုမပြောင်းလဲနိုင်သော်လည်း သခင်ကြီးလင်က ချိုက်ချင်းဟွာထံမှ လက်ရေးလှပန်းချီရရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိပြောလိုက်ချင်းဖြစ်သည်။ ချိုက်ချင်းဟွာ၏မျက်လုံးထဲတွင် ထိုလက်ရေးလှပန်းချီသည် အလွန်အဖိုးတန်ကြောင်း သူသိသောကြောင့် ပိုမိုကောင်းမွန်သောအကြံအစည်မရှိသဖြင့် ဤနည်းကို စမ်းကြည့်ခြင်းဖြစ်သည်။
ချိုက်ချင်းဟွာ စိတ်ပူသွားသည်။ "လောင်လင် မင်းက အဲဒီကျောင်းသားကို ခြိမ်းခြောက်မလို့လား? လက်မခံနိုင်ဘူး.. ကောင်မလေးက တောက်ပတဲ့အနာဂတ်တစ်ခုရဖို့အတွက် ခက်ခက်ခဲခဲစာလေ့လာခဲ့ရပြီးမှ မြို့တော်တက္ကသိုလ် ကိုဝင်မယ့်ဟာကို မင်းတားလို့မရဘူး။"
“သူမက မြို့တော်တက္ကသိုလ်ကို ရွေးမလား၊ မရွေးဘူးလားဆိုတာတောင် မသေချာပဲနဲ့...ပြီးတော့ မြို့တော်မှာ တခြားနာမည်ကြီး တက္ကသိုလ်တွေအများကြီးလည်း ရှိသေးတယ်။” သခင်ကြီးလင်က ရှုတ်ချစွာပြောသည်။
“မင်း…” ချိုက်ချင်းဟွာသည် သခင်ကြီးလင် ပြောသည်မှာ မှန်သောကြောင့် စိတ်ဆိုးသွားသည်။ မြို့တော်မှာ တခြားနာမည်ကြီးတက္ကသိုလ်တွေရှိသည့်အတွက် ထိပ်တန်းကျောင်းသားတွေအနေနှင့် ရွေးချယ်စရာတွေအများကြီးရှိနေတုန်းပင်။
"ခဏနေပါဦး မင်းက အဲ့ဒီ ကျောင်းသူကို ကောင်းကောင်းသိတယ်လား?"
“ဟုတ်တယ်၊ သူက ငါ့ရဲ့ မြေးချွေးမလောင်းပဲ မင်းငါ့ကို လက်ရေးလှပန်းချီ မရောင်းရင် ငါ သူ့ကို မြို့တော်က တခြားနာမည်ကြီး တက္ကသိုလ်မှာ ကျောင်းတက်ဖို့ ပြောမယ်။” သခင်ကြီးလင် ဂုဏ်ယူစွာပြောလိုက်သည်။
"ဘာလဲ ကုနင်းက မင်းရဲ့ မြေးချွေးမလောင်းလား? မင်းငါ့ကိုနောက်နေတာလား?" ချိုက်ချင်းဟွာ မယုံနိုင်ဖြစ်သွားသည်။
ကုနင်းသည် F မြို့ မှာနေပြီး လင်မိသားစုက မြို့တော်မှာနေသည့်အပြင် ကုနင်းသည် အရမ်းငယ်သေးသည်။ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်မှာ ရည်းစားရှိတာက ပုံမှန်ဖြစ်သော်လည်း မယုံကြည်နိုင်သေးပေ။
"ယုံရခက်တယ်ထင်လို့လား? ဒီမနက်ကပဲ အစောကြီးဖုန်းဆက်ပြီး ငါ့ကို သတင်းကောင်း ပြောသွားတာ။” ဟု "ယုံ .ချင်.ယုံ ၊ မယုံ.ချင်.နေ ကုနင်းက ငါ့မြေးရဲ့ ချစ်သူပဲ ပြီးတော့ ...သူတို့ စေ့စပ်ကြောင်းလမ်းဖို့ ကိစ္စတောင် ပြောပြီးနေကြပြီ။"
ထို့နောက်တွင် ချိုက်ချင်းဟွာ ဘာစကားမှမပြောနိုင်ခင် သခင်ကြီးလင်က ဖုန်းချလိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူ၏ဖုန်းမြည်လာပြီး ဖုန်းခေါ်သူမှာ ချိုက်ချင်းဟွာ ဖြစ်သည်။
သခင်ကြီးလင်သည် ချက်ချင်းမကိုင်ပဲ နောက်ထပ် စက္ကန့်အနည်းငယ်လောက် ထားလိုက်သည်။
ဤစက္ကန့်များကို စောင့်ဆိုင်းရခြင်းသည် ချိုက်ချင်းဟွာအတွက် ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးဖြစ်နေသည်။
"ဘာလဲ.. မယုံဘူး မဟုတ်လား?"
"ကုနင်းက မင်းရဲ့ မြေးချွေးမလောင်းလား? သူက တကယ်ပဲ ရှောင်းထင် ရဲ့ ချစ်သူလား?"
"ဟုတ်တယ်၊ မင်း သူ့အကြောင်း ပိုသိချင်ရင် သူ့နာမည်ကို အင်တာနက်မှာ ရှာလို့ရတယ်။ မင်းဆုံးဖြတ်ချက်ချပြီးရင် ငါ့ကိုပြန်ခေါ်ပါ။” ဟု သခင်ကြီးလင် ပြောပြီး နောက်တစ်ကြိမ် ဖုန်းချလိုက်သည်။ ထိုလက်ရေးလှပန်းချီကိုရရန်အတွက် သခင်ကြီးလင်သည် ကုနင်းကို အပြည့်အဝအသုံးချခဲ့သည်။
သို့သော်၊ ချိုက်ချင်းဟွာသည် လင်မိသားစုနှင့် သူ၏ဆက်ဆံရေးကြောင့် သူမကို ပို၍အာရုံစိုက်ပေးတော့မည်ဖြစ်သောကြောင့် ကုနင်းအတွက် မကောင်းသောအရာမဟုတ်ပေ။
ကုနင်းသည် ကျောင်းသားတစ်ဦးဖြစ်သည်သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သောကြောင့် နေ့တိုင်း ကျောင်းမတက်နိုင်ပေ။ ထို့ကြောင့် သူမတွင် အဆက်အသွယ်မရှိလျှင် သူမ၏ ကုမ္ပဏီများကို လည်ပတ်ရန် အဆင်မပြေနိုင်ပေ။ ကုနင်းသည် အများကြီးအောင်မြင်နေသော်လည်း မြို့တော်တက္ကသိုလ်သည် သူတို့၏နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် သူမအတွက်ဆိုးကျိုးမရှိနိုင်ပေ။
ချိုက်ချင်းဟွာသည် အင်တာနက်ပေါ်တွင် ကုနင်း ၏အမည်ကို ချက်ချင်းရှာဖွေလိုက်ပြီး သူမနှင့်ပတ်သက်သည့်သတင်းကိုဖတ်ပြီးနောက်တွင် သူလုံးဝတုန်လှုပ်သွားခဲ့သည်။
သူသည် ကုနင်း ရမှတ်အပြည့်ရစဉ်ကပင် မယုံကြည်နိုင်လောက်အောင်တော်သည်ဟု ထင်ခဲ့သည်၊ သို့သော် သူမသည် ယခင်ကတည်းက အံ့သြဖွယ်ရာများစွာကို ပြုလုပ်ခဲ့ဖူးကြောင်း ပေါ်ပေါက်လာခဲ့ပြန်သည်။၊
***
အပိုင်း ၁၄၀၉ လေးစားမှုနှင့် သံသယဖြစ်မှု...
သူမသည် အသက်ငယ်ငယ်လေးနဲ့ စီးပွားရေးစလုပ်ခဲ့ပြီး ယွမ်နှစ်ဘီလီယံကျော် ချမ်းသာနေပြီဖြစ်သည်။ သူမ၏ကုမ္ပဏီများတွင် Jade Beauty လက်ဝတ်ရတနာလုပ်ငန်း၊ ကိုလိန်း ၊ Charm၊ ဖုန့်ဟွာအင်တာတိန်းမန့်၊ ခိုကျီ စသည်တို့ပါဝင်သည်။
ချိုက်ချင်းဟွာသည် သူ၏အိမ်တွင် ကိုလိန်းဆေးများစွာရှိသောကြောင့် ကိုလိန်းကိုရင်းနှီးသည်။ သူ၏အစာအိမ်သည် သိပ်မကောင်းပေ၊ ထို့ကြောင့် ကိုလိန်း၏ ဆေးသောက်လိုက်သည့်အခါတိုင်း ပိုမိုသက်သာလာသည်။
အံ့ဩဖို့ကောင်းသည်မှာ ထိုဆေးကုမ္ပဏီသည်ငယ်ရွယ်သည့် မိန်းကလေးတစ်ဦး ပိုင်ဆိုင်ခြင်းဖြစ်သည်။ သူ့အနေနှင့် ယုံကြည်ရန်ခက်ခဲလှသည်။ ထို့အပြင်၊ ဤမိန်းကလေးသည် ကွန်ဖူးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လူများစွာ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်။
သူသည် အရည်အချင်းရှိသည့် ကျောင်းသားတစ်ယောက်ကို လက်လွှတ်ခံရန် သူ တွန့်ဆုတ်နေသည်။ ထို့ကြောင့် ချိုက်ချင်းဟွာသည် စိတ်ပိုင်းဖြတ်ပြီး မဆိုင်းမတွပင် သခင်ကြီးလင်ကို ဖုန်းခေါ်လိုက်ကာ ထိုလက်ရေးလှပန်းချီအား သခင်ကြီးလင်ကို ရောင်းချရန် သဘောတူသော်လည်း ကုနင်းက မြို့တော်တက္ကသိုလ်ကို သေချာပေါက် တက်ရောက်မည်ဟု သခင်ကြီးလင်က အာမခံပေးရမည်။
သခင်ကြီးလင်သည် အလွန်ကျေနပ်ပြီး သဘောတူလိုက်သည်။သခင်ကြီးလင်သည် ကုနင်း၏အိပ်မက်တက္ကသိုလ်မှာ မြို့တော်တက္ကသိုလ် ဖြစ်ကြောင်း ချိုက်ချင်းဟွာ သိသွားလျှင် စိတ်ပြောင်းသွားမည်စိုး၍ ကုနင်းကိုလူချင်းတွေ့ဆုံရန်ပြောခဲ့သည်။
ထို့နောက် သခင်ကြီးလင်သည် ထိုလက်ရေးလှပန်းချီအတွက် ချိုက်ချင်းဟွာ၏အိမ်သို့ သွားသည်။
ကုနင်းသည် သခင်ကြီးလင်နှင့် ဖုန်းပြောပြီး မကြာခင်မှာပင် သူမတို့ကျောင်းအုပ်က သူမကို ဖုန်းဆက်သည်။ ကျောင်းအုပ်သည် ကုနင်း၏စုစုပေါင်းရမှတ်ကို တရားဝင်ဝဘ်ဆိုဒ်တွင် စစ်ဆေးနိုင်သော်လည်း ၎င်းသည် အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြစ်သည်ဟု သူထင်သောကြောင့် ထိုသို့ မလုပ်ခဲ့ပေ။ ထို့ကြောင့်၊ ကုနင်းကိုမေးရန် ဆုံးဖြတ်ခဲ့သည်။
ကျောင်းသားတွေ့ဆုံပွဲကို မွန်းလွဲ (၂) နာရီတွင် ကျင်းပမည်ဖြစ်ရာ ပညာရေးဌာနက ကျောင်းသားများ၏ စုစုပေါင်းရမှတ်အားလုံးကို နေ့လည် ၁၂ နာရီမတိုင်မီ စုစည်းပေးမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးသည် ရလဒ်ကို နေ့ခင်းလောက်မှာ သိမှာဖြစ်သည်။ သို့သော် သူ မစောင့်နိုင်ပေ။
မနေ့ညက ရလဒ်တွေ ထွက်လာသည့်အချိန်မှာ အရမ်းနောက်ကျသည်။ မဟုတ်လျှင် သူ မနေ့ကထွက်ပြီးသည်နှင့် ကုနင်းကို ဖုန်းခေါ်လိမ့်မည်။
ကျောင်းအုပ်ကြီးသည်လည်း ကုနင်းက ရမှတ် ၇၅၀ အပြည့်ရသည်ဆိုတာ သိလိုက်ရသောအခါ အံ့သြသွားသည်။ ၇၄၀မှတ် ထိရောက်ရန် ကုနင်းအတွက် ပြဿနာမဟုတ်ကြောင်း သူသိသော်လည်း သူမသည် ရမှတ်အပြည့်ရခဲ့သည်ကို သူ အံ့သြမိသည်။
အရင်က တစ်ခါမှ မဖြစ်ဖူးပေ။
ကျောင်းအုပ်ကြီးက ဖုန်းခေါ်ပြီးနောက် ကျန်းချိုးဟွာနှင့် အခြားလူများကလည်း ကုနင်းကိုဖုန်းခေါ်ကြသည်။ ထို့ကြောင့် ကုနင်းသည် တစ်မနက်လုံး ဖုန်းပြောပြီး မက်ဆေ့ချ်များကို ပြန်ကြားနေရသည်။ ပြီးတော့ သူတို့သည် သူမကို စိတ်ရင်းမှန်နဲ့ ဂရုစိုက်သောကြောင့် ကုနင်းသည်လည်း စိတ်ရှည် သည်းခံမှုအပြည့်ဖြင့် အားလုံးကို ပြန်လည်ဖြေကြားပေးခဲ့သည်။။
Weiboရှိ ကုနင်း၏ဖောလိုဝါ အများအပြားသည် ကောလိပ်ဝင်ခွင်စာမေးပွဲအတွက် သူမ၏ စုစုပေါင်းရမှတ်ကိုမေးခဲ့သည်။ သူတို့အားလုံးသည် သူမက သူတို့ကို ပြောပြနိုင်မည်ဟု မျှော်လင့်နေကြသည်၊ သို့သော် ကုနင်း၏ Weibo အကောင့်တစ်ခုတည်းသာမကပဲ သူမ၏ ကုမ္ပဏီတွေ၏ တရားဝင် Weibo အကောင့်တော်တော်များများမှာလည်း သူမ၏ စုစုပေါင်းရမှတ်နှင့် ပတ်သက်သည့် မက်ဆေ့ချ်များစွာကို လက်ခံရရှိသည်။
သို့သော် ကုနင်းသည် အလုပ်များသောကြောင့် သူမမှာ Weibo အကောင့်ရှိသည်ဆိုတာကိုပင် တခါတရံမေ့နေတတ်သည်။ ထို့အပြင် ထိုတရားဝင် Weibo အကောင့်များကို စီမံခန့်ခွဲနေသူများသည်လည်း သူမ၏ရမှတ်ကို မသိကြပေ။
တစ်ချိန်တည်းတွင်၊ F မြို့၏ ပညာရေးဌာနသည် F မြို့က ကျောင်းသားများ၏ ရမှတ်များအားလုံးကို စီစဉ်နေချိန်တွင် ကုနင်း၏ ပုံမှန်မဟုတ်သော ရမှတ်ကို သတိပြုမိခဲ့သည်။
ပညာရေးဌာနသည် ကုနင်း၏ စုစုပေါင်းရမှတ်ကြောင့် အံ့အားသင့်သွားသည်။ သူမသည် ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံးရသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပုံမှန်အားဖြင့်၊ F မြို့တွင် စုစုပေါင်းရမှတ်အမြင့်ဆုံးများသည် ၇၀၀မှတ် ဝန်းကျင်သာရှိပြီး ရမှတ်အပြည့် တစ်ခါမှမရခဲ့ဖူးပေ။
မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် ရမှတ်အပြည့်ရနိုင်သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲသည် အလွန်လွယ်ကူသည်ဟု မဆိုလိုပါ။ စင်စစ် အထက်တန်းကျောင်းသားတော်တော်များများ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့က အရမ်းခက်ခဲသည်။ ထို့ကြောင့်၊ ကုနင်း၏ စုစုပေါင်းရမှတ်သည် ပညာရေးဌာနရှိ လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး ရလဒ်ကို သေချာစေရန် အကြိမ်များစွာ စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပညာရေးဗျူရိုသည် အမှတ်စာရင်းကို Weibo မှာ ထုတ်ပြန်ခဲ့သည်။ ထိုသို့လုပ်ရန်ကုနင်း၏ ခွင့်ပြုချက်မလိုပေ။ မိနစ်ပိုင်းအတွင်းမှာပင် ကုနင်း၏ စုစုပေါင်းရမှတ်သတင်းသည် အင်တာနက်မှာ ပျံ့နှံ့သွားသည်။
“ဘုရားသခင် ..သူမက အမှတ်ပြည့်ရတယ်လား..။”
"ငါ့မျက်လုံးတွေကို မယုံနိုင်ဘူး!"
"သူမက တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးဖြစ်ရမယ်။"
"အရင်က တစ်ခါမှ မဖြစ်ဖူးဘူး!"
"ကုနတ်ဘုရားမက ငါ့ရဲ့ အိုင်ဒေါ ပဲ!"
"ငါ သူ့အတွက် အရမ်းဂုဏ်ယူတယ်။"
“…”
အင်တာနက်အသုံးပြုသူအများစုသည် အဆိုပါသတင်းကြောင့် အံ့အားသင့်ခဲ့ကြသော်လည်း အချို့မှာ သံသယဝင်နေကြသည်။
"ရမှတ်အပြည့်လား.. တကယ်ကြီးလား..... မဖြစ်နိုင်ပါဘူး။”
"မယုံဘူး။"
“…”
သို့သော် ထိုသံသယများသည် အာရုံစိုက်မှု သိပ်မရပေ။ ရမှတ်အပြည့်ဆိုသည်မှာ ယခင်က ဘယ်သူမှ တစ်ခါမှ မရဖူးသော်လည်း ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ မဆိုလိုပေ။
မည်သို့ပင်ဖြစ်စေ.. လူအများစုသည် ကုနင်းကို ထောက်ခံကြသည်။
ထိုနေ့မွန်းလွဲ ၁ နာရီတွင် ကုနင်းသည် သူမ၏ကျောင်းသို့သွားသည်။
သူမ၏ မယုံနိုင်စရာ စုစုပေါင်းရမှတ်အတွက် ကုနင်းကို ဂုဏ်ပြုရန် သူတို့၏ ကျောင်းတံခါးတွင် ဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသည်။
ကျောင်းသားတော်တော်များများသည် အဲဒါကို မြင်ပြီး သူတို့အားလုံး ထိတ်လန့်သွားကြသည်။
"အိုး မိုင်... ကုနင်း က အရမ်းအံ့သြစရာကောင်းတယ်။"
"၇၄၀က တော်တော်မြင့်တယ်လို့ ထင်နေတာ၊ ဒါပေမယ့် သူမက အမှတ်ပြည့်တောင်ရနိုင်တယ်။"
"အရင်က ဒါမျိုး..တစ်ခါမှ မဖြစ်ဖူးဘူး"
"ငါ ရှော့ခ်ရနေပြီ"
“…”
သူတို့အားလုံးသည် ကုနင်းကို ချီးကျူးနေကြသည်။ ကျောင်းသားတွေအပြင် သတင်းထောက် အများအပြားလည်း ဂိတ်ဝမှာ စုရုံးနေကြသည်။
ကုနင်းကတော့ သို့သော် အင်တာဗျူးကို ရှောင်လွှဲ၍မရကြောင်း သိနေ၍ စိတ်ကိုသာ လျှော့ထားလိုက်တော့သည်။
ကုနင်း ပေါ်လာသည်နှင့် ကျောင်းသားတော်တော်များများသည် သူမကို မှတ်မိပြီး အလန့်တကြား အော်ကြသည်။ နောက်တစ်စက္ကန့်တွင် သတင်းထောက်များက သူမအား ကင်မရာများဖြင့် ဝိုင်းရံလိုက်ကြသည်။
"မစ္စကု၊ မင်း စာမေးပွဲမှာ ရမှတ်အပြည့်ရမယ်လို့ တွေးထားဖူးလား?"
"အင်း...ကျွန်မလည်း ရလဒ်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ စာစီစာကုံးတစ်ခုမှာ အမှတ်ပြည့်ရဖို့က အရမ်းခက်ခဲတယ်ဆိုတာ သိတယ်မလား?" ဟု ကုနင်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။
***
အပိုင်း ၁၄၁၀ မြို့တော်တက္ကသိုလ်ကသူမကိုရသွားတယ်...
လူအများစုသည် အရင်ထဲက ကုနင်း အပေါ်အထင်အမြင်ကောင်းရှိပြီး၊ ယခုတစ်ကြိမ်တွင် သူမ၏ အပြုအမူသည် သူတို့ကို ပိုပြီး အထင်ကြီးစေသည်။
ထို့နောက် သတင်းထောက်များသည် သူမ၏ ကုမ္ပဏီများနှင့်ပတ်သက်သည့် မေးခွန်းများကို စတင်မေးမြန်းခဲ့ပြီး သူမသည် ပရိသတ်များ ပိုမိုရရှိစေရန်အတွက် စိတ်ရှည်သည်းခံစွာဖြင့် ပြန်လည်ဖြေကြားပေးသည်။
ကုနင်း အင်တာဗျူးဖြေနေချိန်တွင် ချင်ကျန်းနှင့် သူ၏သူငယ်ချင်းတွေ ရောက်ရှိလာကြသည်။ သူတို့သည် ဂိတ်ဝမှာ ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကိုမြင်ပြီး ရှက်ရွံ့ကာ အချိန်မဆွဲပဲ လူအုပ်ကြားထဲမှ အမြန်ပြေးဝင်သွားကြသည်။
ချူးဖေ့ဟန်နှင့် အခြားသူများသည် နောက်မှ ရောက်လာကြပြီး သူတို့သည် ကုနင်း၏ သူငယ်ချင်းများဖြစ်ရခြင်းကို ဂုဏ်ယူနေကြသည်။
"ငါတို့ဘော့စ်က လျစ်လျူရှုလို့မရလောက်အောင် ထင်ရှားလွန်းနေတာပဲ။" ဟောင်ရန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
ထိုအခါ ချူးဖေ့ဟန်က"ဟုတ်တယ်၊ ဒါပေမယ့် တခါတလေကျ အရမ်း စိတ်ဖိစီးရတယ် အထူးသဖြင့် နင်းနင်းက အာရုံစိုက်မခံချင်တဲ့အခါမျိုးမှာပေါ့။" ပြောသည်။
"သူမက ငါတို့နဲ့ အသက်တူတူပေမယ့် ငါတို့ထက် အများကြီး ပိုရင့်ကျက်တယ်လို့ ငါအမြဲခံစားရတယ်။" ဟု ချင်ကျီရွှမ်းကလည်း ဆိုသည်။
"သူမက ရွယ်တူတွေထက်သာ အများကြီး ရင့်ကျက်မနေဘူးဆိုရင် ဒီနေ့လိုမျိုး သူအောင်မြင်မှု ရလာမှာ မဟုတ်ဘူး"
“…”
သူတို့သည် ကုနင်းကို လေးစားကြပြီး သူမကို သူတို့၏အိုင်ဒေါဟု မှတ်ယူကြသည်။ သို့သော် သူတို့သည် သူမကို စိတ်ရင်းနှင့် ဆက်ဆံကြသည်ဖြစ်၍ မနာလိုမဖြစ်ကြပေ။
အချိန်အတော်ကြာပြီးနောက်၊ ကုနင်းသည် အင်တာဗျူးကို ရပ်လိုက်ပြီး ကျောင်းထဲသို့ ဝင်သွားကာ ဟောင်ရန်နှင့် အခြားလူများက သူမနောက် ချက်ချင်း လိုက်လာကြသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် အခြားကျောင်းသားများ၏ အာရုံစိုက်မှုကို တောက်လျှောက်ခံရသည်။ စာသင်ခန်းထဲသို့ ဝင်ရမည့်အချိန်တွင် သူတို့သည် သူတို့နှင့်သက်ဆိုင်သည့် စာသင်ခန်းအသီးသီးသို့ဝင်သွားကြသည် ။
ကုနင်း၏ အတန်းဖော်များသည် သူမ ပေါ်လာသည်နှင့် တပြိုင်နက် နှုတ်ဆက်ကာ သူမ၏ စာမေးပွဲ ရလဒ်ကိုလည်း ချီးကျူးကြသည်။ ကုနင်းကဲ့သို့ လိုက်လုပ်နိုင်ရန် ခက်ခဲသည်ကို သူတို့ သိရှိသောကြောင့် မည်သူမျှ သူမအား မနာလိုမဖြစ်ကြပေ။
နောက်ပိုင်းတွင် သူတို့၏ကျောင်းအုပ်ဆရာမရောက်လာပြီး တွေ့ဆုံပွဲမစတင်မီ ကုနင်းကို ဦးစွာဂုဏ်ပြုစကားပြောသည်။
အဆိုပါတွေ့ဆုံပွဲသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ အကြံဉာဏ်များပေးနိုင်ရန် ရည်ရွယ်သည်။ ယနေ့မှစပြီး မိမိတို့၏ အိပ်မက်တက္ကသိုလ်များကို လျှောက်ထားနိုင်တော့မည်ဖြစ်သည်။
တွေ့ဆုံပွဲ တစ်ဝက်ခန့်လောက်တွင် ကျောင်းသားရေးရာဌာနမှူးရောက်လာကာ ကုနင်းကို အဆင့်မြင့်ပညာရေးရုံးသို့ လူကိုယ်တိုင်သွားဖို့ လာပြောသည်။
ကုနင်းသည် သူမနောက်မှ လိုက်သွားပြီး သူမအဘယ်ကြောင့်ထွက်သွားရသနည်းဟူသောမေးခွန်းများဖြင့် သူမ၏ အတန်းဖော်များကိုကျန်ရစ်စေသည်။ သူတို့သည် ကြောက်စရာကောင်းသည့် အရာတစ်ခုခု ဖြစ်နိုင်သည်ဟု စတင်တွေးလာကြသည်။
ထိုသို့တွေးမိပြီး ကုနင်းကို စိတ်ပူစပြုလာကြသည်။ ကျန်းချိုးဟွာသာလျှင် အကြောင်းရင်းအမှန်ကို သိသည်။ နိုင်ငံတစ်ဝှမ်းရှိ ထင်ရှားကျော်ကြားသော တက္ကသိုလ်များမှ လူများသည် ကုနင်းကို ယနေ့ တွေ့လိုကြောင်း ကျောင်းအုပ်ကြီးက သူမအား ပြောပြခဲ့သည်။
ကျောင်းအုပ်သည် ကုနင်းက မြို့တော်တက္ကသိုလ်တွင် သင်ကြားရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိသော်လည်း အခြားကောလိပ်များ၏ ကျောင်းအုပ်များကို သူ မတားနိုင်ပေ။ ယခုမူ ကုနင်းသည် နာမည်ကြီး တက္ကသိုလ်အများစု အလိုရှိသော ကျောင်းသား ဖြစ်လာသည်။ သူမ၏ ရမှတ်ပေါင်းဖြင့် သူမသည် သူတို့၏ နိုင်ငံရှိ အကောင်းဆုံး တက္ကသိုလ်များတွင် ဝင်ခွင့်ရမည်မှာ သေချာပါသည်။
ကျောင်းအုပ်ကြီးသည် သူမအတွက် အမှန်တကယ် ဂုဏ်ယူမိသည်။ ကုနင်းကြောင့် သူတို့၏ကျောင်းသည် ပို၍ ကျော်ကြားလာသည်။
ကျောင်းသားရေးရာခေါင်းဆောင်သည် ကုနင်းကို ပညာရေးရုံးအစား ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါ်သွားသည်။
ကုနင်း မအံ့သြပေ။ သူမသည် လက်ရှိတွင် အလွန်လူသိများနေမှန်း သူမသိသည်။ သူမသည် ရမှတ် ၇၅၀ အပြည့်ရထားပြီး တခြားမည်သူမျှ သူမထက် ပိုမြင့်သောရမှတ်ကို မရနိုင်ပေ။
ကုနင်း ရုံးခန်းထဲ ဝင်လာသော် အထဲမှာ လူခြောက်ယောက် ထိုင်နေသည်။
သူမ ပေါ်လာသည်နှင့် သူတို့အားလုံး ကုနင်းနှင့် မိတ်ဆက်ရန် မတ်တပ်ရပ်လိုက်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် B မြို့ ရှိ တက္ကသိုလ်ကြီးများကို ကိုယ်စားပြုကြပြီး အချို့မှာ မြို့တော်မှ လာကြသည်။
သူတို့သည် ကုနင်းကို ဆွဲဆောင်မှုရှိသော ကမ်းလှမ်းမှုများ ပေးရန် ဆန္ဒရှိသော်လည်း ကုနင်းသည် သူတို့ကို အေးဆေးစွာ ငြင်းပယ်ခဲ့သည်။
သူမ၏ စိတ်ကူးထဲက တက္ကသိုလ်မှာ မြို့တော်တက္ကသိုလ် ဖြစ်သည်ဟုဆိုကာ ထိုတက္ကသိုလ်၏ ကိုယ်စားလှယ်သည် ချက်ခြင်း ရှေ့ထွက်လာသည်။ သူသည် ကုနင်းကို ဦးစွာ မိတ်ဆက်ပြီးနောက် သူမကို အလားတူ ကမ်းလှမ်းမှုပြုသည်။
ကုနင်းကို သူတို့ပေးခဲ့သည့် ကမ်းလှမ်းမှုတွေထဲတွင် ထူးခြားသာလွန်မနေသော်လည်း ကုနင်းသည် မြို့တော်တက္ကသိုလ်ကိုသာ ရွေးချယ်လိုက်သည်။
အခြားကိုယ်စားလှယ်များက စိတ်ပျက်သွားကြသော်လည်း ဤရလဒ်ကို လက်ခံရမည်ဖြစ်သည်။ သဘာဝကျစွာ မြို့တော်တက္ကသိုလ်သည် သူတို့နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်နေသည်။
ကုနင်းက သဘောတူခဲ့သော်လည်း မြို့တော်တက္ကသိုလ်၏ ကိုယ်စားလှယ်သည် သူမနှင့် သဘောတူညီမှုစာချုပ်ရေးစေကာ တက္ကသိုလ် ဝင်ခွင့်လက်ခံလွှာပေးလိုက်သည်။
ကိစ္စများ ပြေလည်ပြီးနောက်၊ ကုနင်း၏ တက္ကသိုလ်ရွေးချယ်မှုကို အတည်ပြုရန် ပညာရေးဌာနနှင့် ဆွေးနွေးမည်ဖြစ်သည်။ ကုနင်းသည် မြို့တော်တက္ကသိုလ်တွင် ပညာသင်ကြားသ၍ သူမ လိုချင်သည့် မည်သည့် မေဂျာကိုမဆို လျှောက်နိုင်သည် ။
ချိုက်ချင်းဟွာသည် သတင်းကောင်းကြားရသည့်အတွက် ဝမ်းသာမိသော်လည်း ထိုလက်ရေးလှပန်းချီကို ဆုံးရှုံးလိုက်ရပြီးနောက် အနည်းငယ် ဝမ်းနည်းမိသေးသည်။ မည်သို့ပင်ဖြစ်စေ ထိုလက်ရေးလှပန်းချီသည် သခင်ကြီးလင်၏လက်ထဲ ရောက်နေပြီဖြစ်ပြီး နောင်တရဖို့ နေက်ကျသွားပြီဖြစ်သည်။
ကုနင်း ရုံးခန်းမှ ထွက်လာချိန်တွင် ကျောင်းသားတွေ့ဆုံပွဲလည်း ပြီးသွားကာ သူမ၏အတန်းဖော်များသည် ဂိတ်ပေါက်တွင် စု၍ သူမကို စောင့်နေကြသည်။
သူတို့၏ အတန်းပိုင်ဆရာက ကျောင်းသားရေးရာခေါင်းဆောင်က ကုနင်းကို တွေ့ချင်ရသည့် အကြောင်းရင်းကို ရှင်းပြခဲ့ပြီးဖြစ်၍ မကောင်းသည့်အရာမဟုတ်ကြောင်း နားလည်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ကုနင်းကို ယခင်ကထက်ပို၍ လေးစားမိကြသည်။
ထို့နောက် ကုနင်းသည် မြို့တော်တက္ကသိုလ်နှင့် သဘောတူညီမှု လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း သတင်းကောင်းကို သူတို့အား ပြောလိုက်သည်။
သူမ၏ အတန်းဖော်တွေအားလုံးသည် သူမအတွက် ပျော်ရွှင်နေခဲ့ကြသည်။ ကုနင်းသည် သူတို့နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်မှာ ဝင်ခွင့်ရထားပြီးဖြစ်၍ သူတို့အားလုံးသည် သူမကို သူတို့နှင့်အတူ အောင်ပွဲခံခိုင်းနေကြသည်။
ကုနင်း ပြုံးပြီး အတူတူထမင်းစားဖို့ သဘောတူကာ သူမရှင်းမည်ဟု ပြောလိုက်သည်။ အမှန်တော့ သတင်းကောင်းမရှိခဲ့ရင်တောင် သူတို့နှင့် ထမင်းအတူစားဖို့ အစီအစဉ်ရှိထားပြီးသားပင်။
သူတို့သည် ညစာစားရန် အချိန်မရောက်သေးသောကြောင့် အဆာပြေစားရန် နေရာကောင်းတစ်ခုကို ရှာလိုက်သည်။
အခြားနာမည်ကြီး တက္ကသိုလ်များမှ ကိုယ်စားလှယ်များသည်လည်း ကုနင်းနှင့် တွေ့ဆုံလိုသော်လည်း ကျောင်းအုပ်ကြီးသည် ကုနင်းက မြို့တော်တက္ကသိုလ် နှင့် သဘောတူညီမှု လက်မှတ် ရေးထိုးထားပြီးဖြစ်သောကြောင့် တိုက်ရိုက် ငြင်းပယ်လိုက်သည်။
မြို့တော်တက္ကသိုလ်သည် အထက်တန်းကျောင်းသားတစ်ဦးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိသောကြောင့် သူတို့သည် အတွန့်မတက်ကြပေ။ သူတို့နိုင်ငံမှာရှိသည့် တခြားထိပ်တန်းတက္ကသိုလ်များသည် ဤသတင်းကို ကြားပြီးနောက် စိတ်မကောင်းဖြစ်သွားကြသည်။ သို့သော် ယခုမူ သူတို့သည် ဘာမှ မတတ်နိုင်တော့ပေ။