အခန်း (၁၄၁၁-၁၄၁၆)
Vol. 90 Ch. 1411-1416
အပိုင်း ၁၄၁၁ ချင်ကျီရွှမ်းရဲ့အဖေ ဒုက္ခရောက်နေတယ်...
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ကော်ဖီဆိုင်တွင် ကော်ဖီသောက်နေစဉ် ရုတ်တရက် ချင်ကျီရွှမ်းဆီ ချင်ယီဖန်းထံမှ ဖုန်းဝင်လာသည်။ ချင်ကျီရွှမ်း၏ဖခင်သည် ဒုက္ခရောက်နေပြီး လာဘ်ပေးလာဘ်ယူမှုဖြင့် စွပ်စွဲခံခဲ့ရသည်။ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်သည် ချင်ကျီရွှမ်း၏ဖခင်ကို ခေါ်ဆောင်သွားခဲ့ပြီးဖြစ်သည်။
ချင်ယီဖန်းသည် ချင်ကျီရွှမ်းကို အခု ကုနင်းနှင့်အတူရှိနေသလားဟုမေးသည်။အကြောင်းမှာ သူတို့အနေနှင့် ကုနင်း၏အကူအညီကို လိုအပ်နေပြီဖြစ်ခြင်းကြောင့်ပင်။
ကုနင်းသည် သူမ၏ကုမ္ပဏီ ဒုက္ခရောက်တိုင်း ခိုင်လုံသော အထောက်အထားများ စုဆောင်းနိုင်ခဲ့သောကြောင့်၊ ယခုတစ်ကြိမ် ချင်ကျီရွှမ်း၏ဖခင်ကိုကူညီရန် ကုနင်းအတွက် ပြသနာမရှိဟု သူယုံကြည်နေသည်။
"ဘာ..." ချင်ကျီရွှမ်းသည် ကြောက်လန့်ပြီး သူ၏ နားကို မယုံကြည်နိုင်ဖြစ်သွားသည်။ သူ၏တုံ့ပြန်မှုကိုမြင်သောအခါ သူငယ်ချင်းအားလုံးသည် သူ့ကို လှည့်ကြည့်ကြသည်။ သို့သော် ကုနင်းသည် သူတို့၏ ပြောဆိုမှုများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ချင်ကျီရွှမ်းသည် အံ့အားသင့်သွားသော်လည်း ဆက်ပြောသည် "အင်း..၊ ကျွန်တော် အခု ကုနင်းနဲ့ အတူရှိနေတယ်။"
ထိုစကားကိုကြားသော် တခြားသူများသည် ကုနင်းကို လှည့်ကြည့်ကြသည်။
“သူမမှာ ကူညီချင်စိတ် ရှိမရှိ မေးကြည့်လိုက်။ သူက ကူညီချင်တယ်ဆိုရင် အိမ်ခေါ်လာခဲ့ပြီး ရောက်မှ ဆွေးနွေးရအောင်။ မရရင်လည်း အဆင်ပြေပါတယ်။” ချင်ယီဖန်း ထပ်ပြောလိုက်သည်။
"ဟုတ်ကဲ့.." ချင်ကျီရွှမ်း သဘောတူလိုက်ပြီးနောက် ဖုန်းချလိုက်ကာ၊ "ဘော့စ်..." ကုနင်း၏ မျက်လုံးများကို စိုက်ကြည့်ပြီး သူ၏အသံမှာ တုန်နေသည်။
"ငါကြားတယ်။ စိတ်မပူပါနဲ့၊ နင့်ကိုကူညီမှာပါ။ အားလုံးပဲ..အိမ်ပြန်လို့ရတယ် ဒါမှမဟုတ် ဆက်စားရင်စား ငါကတော့ အခု ကျီရွှမ်းနဲ့ အတူ ချင်မိသားစုအိမ်ကို သွားရမယ်။" ကုနင်းသည် ချင်ကျီရွှမ်းကို သူ၏စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။
သတင်းကောင်းမဟုတ်သောကြောင့် လူသိရှင်ကြားမဖော်ပြသင့်ကြောင်း သူမသိသည်။ ထို့အပြင် ချင်ကျီရွှမ်းသည် သူငယ်ချင်းကောင်းတစ်ဦးဖြစ်သောကြောင့် သူမသည် သူ့ကိုဖြစ်စေ သူ၏မိသားစုကိုဖြစ်စေ ကူညီရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
ချင်ကျီရွှမ်း၏ဖခင်မှာသာ အပြစ်မရှိပါက၊ သူမသည် သူကိုကူညီနိုင်သမျှ အားလုံးကို လုပ်ဆောင်ပေးသွားမည်ဖြစ်သော်လည်း တကယ်အပြစ်ရှိနေလျှင်တော့ သူမဘာမှလုပ်လိမ့်မည်မဟုတ်ပေ။ သူသည် ချင်ကျီရွှမ်း၏ဖခင်ဖြစ်နေရုံဖြင့် သူမက မျက်စိစုံမှိတ်ကာ ကူညီမည်ဟု မဆိုလိုပေ။
ချင်ကျီရွှမ်း၏ဖခင် ချင်ဟောက်ကျီသည် သူ၏ရိုးသားမှုကြောင့် နာမည်ကြီးသော်လည်း သူတကယ်ဘာလုပ်နေသည်ကို မည်သူမျှမသိပေ။
"ဘာဖြစ်တာလဲ?" ဟောင်ရန် က စိုးရိမ်တကြီး မေးသည်။
"နင်တို့ကို နောက်မှပြောပြတော့မယ်။" ကုနင်းကပြောပြီး ထရပ်လိုက်သည်။
ကုနင်း ထိုသို့ပြောသောကြောင့် သူမကို ဆက်မမေးကြတော့ပေ။
ထို့နောက် ကုနင်း နှင့် ချင်ကျီရွှမ်း တို့ ထွက်ခွာသွားကြသည်။
တခြားသူများသည်လည်း ယနေ့ ထမင်းအတူတူစားဖို့ စိတ်မပါတော့၍ ကိုယ့်အိမ်ကိုယ်ပြန်သွားကြသည်။
ချင်မိသားစုဝင်များသည် အတူမနေသောကြောင့် ကုနင်းသည် ချင်ကျီရွှမ်း၏အိမ်သို့ လိုက်သွားသည်။
ချင်ကျီရွှမ်း၏ဖခင်သည် ဖြောင့်မတ်သောအရာရှိတစ်ဦးဖြစ်သော်လည်း ချင်မိသားစုသည် အလွန်ချမ်းသာပြီး ငွေလုံးဝမချို့တဲ့သောကြောင့် သူတို့မိသားစုသည် အဆင့်မြင့်အိမ်ရာတွင် နေထိုင်နိုင်သည်။
ချင်ကျီရွှမ်း၏အိမ်တွင် ချင်ကျီရွှမ်း၏မိခင်၊ ချင်ဟောက်ကျန်းနှင့်သူ၏ဇနီး၊ ချင်ယီဖန်း၏မိဘများနှင့် ချင်ယီဖန်းတို့အားလုံးရှိသည်။ ချင်ဟောက်ကျီတွင် ဖြစ်ပျက်ခဲ့တာတွေအတွက် သူတို့သည် စိတ်မငြိမ်မသက်ဖြစ်နေကြသည်၊ သူတို့အားလုံး ချင်ဟောက်ကျီ အပြစ်ကင်းစင်ကြောင်း တခြားသူတွေထက် အများကြီး ပိုကောင်းကောင်းသိသည်။
ချင်ယီဖန်းတစ်ယောက်သာ တည်ငြိမ်နေသည်။ "အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး။ ဦးလေးက ဘာအမှားမှ မလုပ်ခဲ့သလို ကုနင်းက ကျွန်တော်တို့ကို ကူညီပေးဖို့ ဆန္ဒရှိနေသရွေ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။”
"မစ္စကုက ငါတို့ကို ကူညီဖို့ ဆန္ဒရှိရဲ့လား?" ချင်ကျီရွှမ်း၏မိခင်သည် စိုးရိမ်နေဆဲဖြစ်သည်။ ကုနင်း၏ မယုံနိုင်စရာ စွမ်းရည်နှင့် ချင်ကျီရွှမ်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ကို သူမ သိသော်လည်း ကုနင်းသည် ယခုတစ်ကြိမ်တွင် သူမ၏ မိသားစုကို ကူညီမည်ကို သူမ မသေချာပေ။
"ကုနင်းနဲ့ကျီရွှမ်းတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ သူမ တစ်ခုခု လုပ်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံတယ်”
ခဏအကြာတွင် ချင်ကျီရွှမ်းသည် ကုနင်းနှင့်အတူ ရောက်ရှိလာပြီး ချင်မိသားစုသည် ကုနင်းအား စိတ်လှုပ်ရှားစွာ ကြိုဆိုခဲ့သည်။ "မစ္စကု၊ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။"
“တွေ့ရတာ ဝမ်းသာပါတယ်။” ကုနင်း သူတို့ကို ပြုံးပြသည်။ တစ်ယောက်ပြီးတစ်ယောက် လိုက်နှုတ်ဆက်ဖို့ အချိန်မရှိသောကြောင့် "ဒီအကြောင်းအသေးစိတ်သိရမလား?"ဟုသာ တိုက်ရိုက်မေးလိုက်သည်။
ထိုအခါ ချင်ယီဖန်းကပဲ၊ "ဒီနေ့မွန်းလွဲ ၃ နာရီခွဲမှာ ငါ့အဖေ ငါ့ဦးလေးရဲ့ အတွင်းရေးမှုးဆီက ဖုန်းကိုလက်ခံရရှိပြီး ငါ့ဦးလေးကို စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က လူတွေက ခေါ်ဆောင်သွားတယ်ဆိုတာ သိလိုက်ရတယ်။ တစ်စုံတစ်ယောက်က ဦးလေးကို လာဘ်ပေးလာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း စွပ်စွဲတယ်ဆိုတာရယ် ငါ့ဦးလေးက လွန်ခဲ့တဲ့သုံးရက်က ငွေသားယွမ်နှစ်သိန်းနှင့် ယွမ်တစ်သန်းကျော်တန်ဖိုးရှိသော အိမ်တစ်လုံးကိုယူခဲ့တယ်လို့စွဲချက်တင်ခံရတယ်။ စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင်က လူတွေက ဦးလေးရဲ့ ရုံးအံဆွဲတစ်ခုထဲမှာ သက်သေ ဖိုင်တွဲတစ်ခုကို ရှာတွေ့ခဲ့ပေမယ့် ငါတို့မိသားစုထဲက ဘယ်သူမှ မယုံနိုင်ဘူး။ ငါတို့မိသားစုက ပိုက်ဆံမရှားနေဘူးလေ။”
"မစ္စကု၊ မင်းရဲ့ ကုမ္ပဏီတွေ ဒုက္ခရောက်တုန်းက မင်းပြန်တုန့်ပြန်ခဲ့တာတွေ ငါသိထားတယ်၊ ဒါကြောင့် မင်း ငါတို့ကို ဒီတစ်ခေါက် ငါ့ဦးလေးအပေါ် ဘယ်သူကြံစည် တာလဲဆိုတာ သိရအောင် ကူညီနိုင်မယ်လို့ မျှော်လင့်တယ်။ ”
ချင်ကျီရွှမ်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ကုနင်းကို စိုက်ကြည့်လိုက်သည်။ ပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောချင်နေပုံရသော်လည်း ကျယ်ကျယ် မပြောပေ။
ကုနင်းသည် သူ၏မိသားစုကို ကူညီနိုင်မယ်လို့ သူသေချာပေါက် မျှော်လင့်ထားသော်လည်း သူမကို ထိုသို့လုပ်ဖို့ သူ အတင်းအကြပ်တိုက်တွန်းမှာ မဟုတ်ပေ။ အကယ်၍ ကုနင်းက သူ့ကို ကူညီဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တောင် သူမကို အပြစ်တင်၊ ဝေဖန်မှာ မဟုတ်ပေ၊ သူ စိတ်ထိခိုက်ရုံသာ ဖြစ်လိမ့်မည်။ သူတို့သည် ရင်းနှီးသောသူငယ်ချင်းများဖြစ်ပြီး ကုနင်းအတွက် သူ့ကို ကူညီရန် ကြီးကြီးမားမားပြဿနာမရှိဟု ယုံကြည်သည်။
"ကျီရွှမ်းက ..သူငယ်ချင်းကောင်းပါ။ သူ့အဖေသာ အပြစ်ကင်းရင် သူ့ကို သံသယရှင်းအောင် ...ကူညီပေးပါ့မယ်၊ ဒါပေမယ့် ဒီမှာ ရှင်းရှင်းလေး ပြောရအောင်။ သူ့အဖေက လာဘ်ပေးလာဘ်ယူမှုမှာ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ ကျွန်မ ဆက်မကူညီပေးနိုင်တော့မှာစိုးတယ်။”
***
အပိုင်း ၁၄၁၂ မီးခံသေတ္တာထဲမှ သေတ္တာငယ်လေး...
အကယ်၍ ချင်ဟောက်ကျီတွင် အမှန်တကယ် အပြစ်ရှိလျှင်၊ သူမသည် ဤရာဇ၀တ်မှုတွင် ပါဝင်ပတ်သက်မိ၍အပြစ်ပေးခံရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ကုနင်းသည် ချင်မိသားစုဟာ အပြစ်မရှိဘူးလို့ ယုံကြည်ချင်သည်။
ကုနင်း ကူညီဖို့ သဘောတူပြီးလိုက်၍ ချင်မိသားစုသည် ဝမ်းသာအားရ ဖြစ်သွားသည်။ ကုနင်းသည် ကြင်နာတတ်ပြီး ကူညီတတ်ကြောင်း သူတို့သိသော်လည်း သူမ၏နှုတ်မှ ကူညီမည်ဟု ပြောသံကို ကြားရမှသာ စိတ်သက်သာရာရကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ကုနင်း၏ အတွေးကို နားလည်ပြီး ချင်ဟောက်ကျီ အပြစ်ကင်းသည်ဟုလည်း ယုံကြည်ကြသည်။
“ဖိုင်က အံဆွဲထဲမှာ ရှာတွေ့တာဆိုတော့ တစ်စုံတစ်ယောက်က ထည့်ထားလို့ပဲ။ အဲ့ဒီလူက ဦးလေးချင် မဟုတ်ရင်၊ အခြားသူဖြစ်ရမယ်။ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးလို့မရနိုင်ဘူးလား?” ကုနင်း မေးလိုက်သည်။
ထိုအခါ ချင်ယီဖန်းက “ဦးလေးရဲ့ အတွင်းရေးမှူးက ဦးလေးကိုယ်စား ယူသွားပြီး ရုံးခန်းထဲမှာ ထည့်လိုက်တာ။ အဲဒါက ငါ့ဦးလေးကခိုင်းထားတာ ဒါပေမယ့် ဖိုင်တွဲထဲမှာ ဘာတွေပါလဲဆိုတာ သူသိမယ်မထင်ဘူး”
ချင်ဟောက်ကျီသည် ဖိုင်ကို အမှန်တကယ် လက်ခံခဲ့၍ အမှုမှာရှုပ်ထွေးလာသည်။
"အန်ကယ်ချင်ရဲ့ အတွင်းရေးမှူး နာမည်က ဘာလဲ?" ချင်ဟောက်ကျီ၏ အတွင်းရေးမှူးသည် ဖိုင်ကို ထည့်ခဲ့သောကြောင့် သံသယရှိသူ ဖြစ်နိုင်သည်။ အကယ်၍ ချင်ဟောက်ကျီသည် ဖိုင်တွဲတွင် ပါရှိသည်များကို မသိပါက၊ သူ၏ အတွင်းရေးမှုးသည် သိကောင်းသိနိုင်သည်။
"ကျိုးယန်"
ကုနင်းသည် အခြေခံအသေးစိတ်အချက်အလက်များကို သိပြီးနောက်၊ ကေကိုဖုန်းခေါ်ရန် အပြင်ထွက်သွားသည်။
ကုနင်းအနေနှင့် ကေကို ဖုံးကွယ်ထားရန် မလိုအပ်သောကြောင့် သူမသည် သူ့အား အမှန်တရားရှာဖွေနိုင်ရန် ချင်ဟောက်ကျီအကြောင်း အရာအားလုံးကို ပြောပြသည်။
ချင်ဟောက်ကျီ လာဘ်စားခဲ့သည်ဟု ယူဆရသည့် အချိန်အတိအကျကို မည်သူမျှ မသိနိုင်သော်လည်း ချင်ယီဖန်းက လွန်ခဲ့သော သုံးရက်ခန့်က ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။
ဤအမှုမှာ လူတော်တော်များများ ပါဝင်ပတ်သက်နေသောကြောင့် အမှန်တရားကို ရှာဖွေဖို့ အချိန်တစ်ခုယူရပါလိမ့်မည်။ ကံကောင်းစွာဖြင့်၊ ကေ့တွင် သူ့ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ရှိကာ သူ၏အဖွဲ့တွင် လူငါးယောက်ခန့်ရှိသောကြောင့် အချိန်အများကြီးယူမည်မဟုတ်ပေ။
ကုနင်းသည် ကေမှ အသုံးဝင်သော အချက်အလက်တစ်စုံတစ်ရာကို ရှာမတွေ့မီ၊ ချင်မိသားစု၏ အိမ်တွင်နေပြီး သူ၏ပြန်ကြားချက်ကို စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် ကုနင်းသည် မကြာသေးမီက လာရောက်လည်ပတ်သူများအကြောင်း ချင်မိသားစုအဖွဲ့ဝင်များအား မေးမြန်းခဲ့သည်။
"လွန်ခဲ့တဲ့ငါးရက်က ဟောက်ကျီ ရဲ့သူငယ်ချင်းတစ်ယောက်က သူ့ကိုလာတွေ့ခဲ့တယ်။" ချင်ကျီရွှမ်း ၏မိခင်ကပြောသည်။
"ဦးလေးချင်နဲ့ ဘယ်လိုဆက်ဆံရေးရှိလဲ?"
“သူက ကောလိပ်မှာ ဟောက်ကျီရဲ့ ကျောင်းနေဖက်ဖြစ်ပြီး သူ့နာမည်က ရှန်းကွမ်းလီပါ။ သူက နိုင်ငံ့မီးရထားစီမံခန့်ခွဲရေးရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီး မကြာသေးခင်ကမှ တခြားမြို့ကနေ ဒီကို ပြောင်းရွှေ့ခဲ့တာပါ။”
"သူက တချိန်လုံး ဧည့်ခန်းထဲမှာပဲ နေခဲ့တာလား?" ကုနင်း ထပ်မေးလိုက်သည်။သူမ ရှန်းကွမ်းလီကို သံသယရှိနေသည်မှာ ထင်ရှားသည်။ မကြာသေးမီက ချင်ဟောက်ကျီထံ လာရောက်လည်ပတ်ဖူးသူတိုင်း အပြစ်ရှိနိုင်သည်။
ထိုစကားကိုကြားသော် ချင်မိသားစုသည် ကုနင်း၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားသည်။ သူတို့သည် ယခင်က ထိုသို့ မတွေးခဲ့သော်လည်း ယခုမူ ချင်ဟောက်ကျီ၏သူငယ်ချင်းကိုလည်း သံသယဝင်သင့်သည်ဟု ထင်လာသည်။
"သူတို့က စာကြည့်ခန်းထဲကို အကြောင်းအရာတစ်ခုခုပြောဖို့သွားခဲ့တယ်။" ချင်ကျီရွှမ်းမိခင်၏အသံက ပိုလို့လေးနက်လာခဲ့သည်။
“ကောင်းပြီ၊ ဒါဆို စာကြည့်ခန်းကို သေချာကြည့်သင့်တယ်။ ဘယ်သူကမှ အရမ်း သတိမရှိနိုင်ဘူးလေ။”
"ပြဿနာမရှိပါဘူး။" ချင်ကျီရွှမ်း၏ အမေက ချက်ချင်း သဘောတူလိုက်သည်။
ထို့နောက် ကုနင်း၊ ချင်ကျီရွှမ်း၏မိခင်နှင့် ချင်ယီဖန်းတို့သည် ချင်ဟောက်ကျီ၏ စာကြည့်ခန်းသို့ သွားကြပြီး အခြားသူများသည် ဧည့်ခန်းတွင် ထိုင်နေခဲ့ကြသည်။
ချင်ဟောက်ကျီ၏ စာကြည့်ခန်းထဲသို့ ဝင်လာပြီးသည်နှင့် တစ်နေရာရာတွင် ဝှက်ထားသောအရာများ ရှိမရှိကို သိရှိရန် ထောင့်တိုင်းကို ရှာဖွေကြသည်။
ကုနင်းသည် မီးခံသေတ္တာကို မြင်သော်လည်း သူမသည် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုသောကြောင့် အခြားသူများကတော့ သူမဘာလုပ်နေသည်ကို မသိပေ။
ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြု၍ မီးခံသေတ္တာထဲတွင် ရှိသည့်အရာကို ကြည့်သောအခါ ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။
၎င်းသည် တက်ဘလက်အရွယ် သစ်သားသေတ္တာငယ်လေးတစ်ခုဖြစ်သည်။ ၎င်း၏အမြင့်မှာ ၁၀စင်တီမီတာခန့်ရှိပြီး အလွှာနှစ်လွှာရှိသည်။ ပထမအလွှာတွင် ရွှေချောင်းသုံးချောင်းရှိပြီး ဒုတိယအလွှာတွင် ပိုင်ဆိုင်မှုစာချုပ်၊ သော့နှင့် ယွမ်နှစ်သိန်းတန် ချက်လက်မှတ်ကို ထားထားသည်။
ချင်မိသားစုသည် အလွန်ချမ်းသာသောကြောင့် သူတို့တွင် ရွှေချောင်းများရှိနေသည်မှာ မထူးဆန်းပေ။ ချင်ကျီရွှမ်း၏ အဖေက အိမ်တစ်လုံးဝယ်ထားသည်မှာ ပုံမှန်ဖြစ်သည်၊ သို့သော် အဘယ်ကြောင့် ဤမျှ လျှို့ဝှက်သောနေရာတွင် သိမ်းဆည်းထားရတာလဲ?
သူတို့မိသားစု အံဆွဲများထဲတွင် ရှာဖွေနေချိန်တွင် သူမသည် ချင်ကျီရွှမ်းမိသားစု၏ ပိုင်ဆိုင်မှုစာချုပ်ကို သူမတွေ့လိုက်ရသည်။ ထို့အပြင် ချင်ကျီရွှမ်း၏အမည်ကိုလည်း ချက်လက်မှတ်တွင် ရေးထားခဲ့ပြီး ရက်စွဲမှာ လွန်ခဲ့သည့်တစ်လခန့်က ဖြစ်သည်။
ထိုအရာမှာ အရမ်းပုံမှန်မဟုတ်သလို ကုနင်း ခံစားလိုက်ရသည်။
တကယ်ပဲ ချင်ဟောက်ကျီ လာဘ်စားခဲ့ခြင်းများ ဖြစ်နေမလား?
"ချင်ကတော်၊ ဒီမီးခံသေတ္တာရဲ့သော့ရှိလား? အထဲကို ကြည့်လို့ရမလား?" ကုနင်း ချင်ကျီရွှမ်း၏မိခင်ကိုမေးရန် လှည့်ကြည့်လိုက်သည်။
“ရပါတယ်။” ချင်ကတော်သည် ခေါင်းညိတ်လိုက်ပြီး မီးခံသေတ္တာကို ချက်ချင်းဖွင့်လိုက်သည်။
" ကျေးဇူးပြုပြီး သေတ္တာကို ထုတ်ပေးပါလား?" ကုနင်း ထပ်ပြောသည်။
“ကိစ္စမရှိပါဘူး။” ချင်ကတော်သည် ထိုသို့ ပြောပြီး သေတ္တာကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
"ဒီဟာရဲ့ သော့ရှိလား?" သေတ္တာကိုသော့ခတ်ထားသောကြောင့် ကုနင်းကမေးလိုက်သည်။
"တောင်းပန်ပါတယ်..သော့က ကျီရွှမ်းအဖေရဲ့ လက်ထဲမှာရှိနေတာပါ။”
"တကယ်လို့များ ချင်ကတော် စိတ်မရှိဘူးဆိုရင် ကျွန်မ ဒါကို ဒီအတိုင်းရိုက်ဖွင့်ချင်တယ်။" အတွင်းမှာရှိသည့်အရာများသည် အရမ်းအရေးကြီးသည်မို့ ကုနင်း ဖွင့်ကြည့်ဖို့ လိုသည်။
***
အပိုင်း ၁၄၁၃ သေတ္တာငယ်လေး...
ချင်ကတော်ကလည်း၊ “သေချာပေါက် ကိစ္စမရှိပါဘူး...မင်းလုပ်ချင်တာ... လုပ်နိုင်ပါတယ်”
ချင်ကတော်၏ခွင့်ပြုချက်ဖြင့်၊ ကုနင်းသည် သော့ကို သူမ၏လက်ဖြင့်တိုက်ရိုက်ဖျက်စီးကာ ချင်ကတော်နှင့် ချင်ယီဖန်းကို ထိတ်လန့်စေခဲ့သည်။
သေတ္တာကိုဖွင့်လိုက်သည်နှင့် ရွှေချောင်းသုံးချောင်းကို သူတို့၏မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်။
ချင်ကတော်သည် ခေတ္တ အံ့အားသင့်သွားပြီးနောက် ကုနင်းကိုပြောသည်။ "ဟောက်ကျီက ဒီ ရွှေချောင်းသုံးချောင်းကို သူ့သူငယ်ချင်းထဲက ပိုက်ဆံနဲ့ လဲလှယ်ခဲ့တာ။ လာဘ်စားတာမဟုတ်ဘူး။”
"ဒါတွေကို ဘယ်သူ့ဆီက လဲလှယ်လိုက်တာလဲ?" ကုနင်းမေးလိုက်ရာ ချင်ကတော်က၊
“ရှန်းကွမ်းလီ”
"ရွှေချောင်းသုံးချောင်းနဲ့အတူ ဒီသေတ္တာပါ ပါလာတာလား?" ကုနင်း က ဆက်ပြောသည် ။
“ဟုတ်တယ်။” ချင်ကတော် က ခေါင်းညိတ်သည်။
ထိုအကြောင်းကို သိပြီးနောက်၊ ကုနင်းသည် ရှန်းကွမ်းလီနှင့် ချင်ဟောက်ကျီတို့သည် ရင်းနှီးသော ဆက်ဆံရေးရှိမည် မဟုတ်ကြောင်းနှင့် လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံသည် ရှန်းကွမ်းလီနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း တွေးမိသွားသည်။ ဤသေတ္တာ၏ ဒုတိယအလွှာတွင် ထည့်ထားသောအရာများသည် ရှန်းကွမ်းလီ၏လက်ချက်ဖြစ်နိုင်သည်။
"ဒီသေတ္တာမှာ ပြဿနာရှိလို့လား?" ချင်ယီဖန်း မျက်မှောင်ကြုတ်ပြီး ကုနင်းကိုကြည့်လိုက်သည်။
ချင်ကတော်သည် ကြောက်လန့်သွားပြီး ကုနင်း၏ မျက်နှာကို ကြည့်နေသည်။ သူမတွင်လည်း သံသယအချို့ရှိလာပေမည့် ဘာမှ မပြောဘဲ ကုနင််၏ အဖြေကို စောင့်နေသည်။
ကုနင်းသည် ပထမတော့ နှုတ်ဆိတ်နေခဲ့သည်။ သူမသည် ရွှေချောင်းသုံးချောင်းကို ထုတ်ယူလိုက်ပြီး အထဲမှာ အခြားဘာတွေရှိမှန်း သူမမသိသလို တည်ငြိမ်စွာဖြင့် သေတ္တာကို စစ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ရုတ်တရက် ရပ်တန့်ပြီး ပြောလိုက်သည်။ "ဒီသေတ္တာရဲ့အောက်ခြေက အရမ်းထူနေတယ် အတွင်းထဲမှာ အခေါင်းပေါက်ရှိမယ်ထင်တယ်။"
ထိုစကားကိုကြားသောအခါ ချင်ယီဖန်းနှင့် ချင်ကတော်တို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
"ဒီသစ်သားအလွှာကို ဆွဲခွာဖို့လိုတယ်။"
"ရပါတယ် မင်းအတွက် ဓားတစ်ချောင်းသွားယူပေးမယ်" ချင်ကတော် သည် မဆိုင်းမတွပင် ဓားသွားယူရန် ထွက်သွားသည်။
ခဏအကြာတွင် ဓားသေးသေးလေးတစ်ချောင်းနှင့် ပြန်လာခဲ့သော်လည်း ကြောက်ရွံ့လွန်းသောကြောင့် သူမ၏လက်သည် တုန်တုန်ယင်ယင်ဖြစ်နေသည်။
ကုနင်းသည် ဓားကိုယူ၍ သေတ္တာကိုဖွင့်လိုက်သည်။
ချင်ကတော်နှင့် ချင်ယီဖန်းတို့သည် သေတ္တာကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။ အထဲမှာ အမှန်ပင် မသင့်လျော်သော အရာတစ်ခုခုရှိလျှင် ရှန်းကွမ်းလီမှာ အပြစ်ရှိရမည်။ တစ်ချိန်တည်းမှာပင်၊ ရှန်းကွမ်းလီသည် ချင်ဟောက်ကျီ၏သူငယ်ချင်းဖြစ်သောကြောင့် ရှုပ်ထွေးသောခံစားချက်များ ရှိနေကြသည်။ ထို့အပြင် ကုနင်းသာ သူတို့ကို ကူညီ ရှာဖွေမပေးခဲ့ပါက၊ သူတို့ မိသားစုသည် ဒုက္ခကြီးကြီးမားမား ရောက်မည်ဖြစ်သည်။
ကုနင်း သစ်သားဘုတ်ကို ဖယ်ရှားလိုက်သောအခါတွင် ဒုတိယအလွှာတွင် ထည့်ထားသောအရာထွက်ပေါ်လာသည်။
ချင်ကတော်နှင့် ချင်ယီဖန်းသည် တုန်လှုပ်သွားပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
ကုနင်းက ထိုအရာများကို ဆွဲထုတ်ပြီး မေးလိုက်သည် " မကြာသေးခင်က ချင်ကျီရွှမ်းအတွက် အိမ်တစ်လုံး ဝယ်ခဲ့တာလား?"
"မဟုတ်ဘူး၊ ငါတို့မဝယ်ခဲ့ဘူး။" ချင်ကတော်က ချက်ချင်း ငြင်းဆိုလိုက်သည်။
"ဒါက ချင်ကျီရွှမ်းရဲ့ နာမည်နဲ့ အိမ် ပိုင်ဆိုင်မှုစာချုပ်ပဲ၊ သူ့နာမည်နဲ့ ဒီ ယွမ်နှစ်သိန်းတန်ချက်လက်မှတ်လည်းရှိသေးတယ်။"
"ဘ.. ဘယ်လိုဖြစ်နိုင်မှာလဲ?" ချင်ကတော် မယုံကြည်နိုင်ပေ။ "ဟောက်ကျီက လာဘ်ထိုးတာကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး၊ ရှန်းကွမ်းလီမှာ အပြစ်ရှိတာပဲ ဖြစ်ရမယ်။" ချင်ကတော်သည် သဘာဝကျစွာပဲ သူမ၏ခင်ပွန်းဘက်မှ ခုခံကာကွယ်ပေးသည်။ သူတို့သည် အိမ်ထောင်သက်ကြာပြီး သူမ၏ခင်ပွန်းကို ကောင်းကောင်းသိသည်။ သို့သော်လည်း သူမ၏ ခင်ပွန်းသည်က သူမထံမှ လျှို့ဝှက်ထားသောအရာတစ်ခု ဖြစ်နိုင်နေသေးသည်။
"ကုနင်း၊ ငါ့ဦးလေး လာဘ်စားမယ်လို့ ငါ မယုံဘူး၊ ဒါပေမယ့် ငါတို့ အထောက်အထားတွေ တွေ့နေရပြီ။ ငါ့ဦးလေးက လာဘ်စားတာကို လက်ခံတာလား ဒါမှမဟုတ် ရှန်းကွမ်းလီရဲ့ ထောင်ချောက်တစ်ခုလားဆိုတာ သိဖို့လိုမယ်ထင်တယ်။” ချင်ယီဖန်းကပါ ဝင်ပြောလာခဲ့သည်။
"စိတ်မပူပါနဲ့ ငါရှာပါ့မယ်။" စင်စစ် ရှန်းကွမ်းလီက အပြစ်ရှိပုံပိုပေါက်သည်။ ထို့နောက် ကုနင်းကပဲဆက်ပြီး၊
“ဒီသေတ္တာနဲ့ အထဲမှာ ရှိတဲ့ အရာအားလုံးကို အခုလောလောဆယ် ငါ ထိန်းသိမ်းထားဖို့ လိုတယ်။ ရှန်းကွမ်းလီ ဆင်ထားတဲ့ ထောင်ချောက်တစ်ခုသာဆိုရင် သူ့ရဲ့နောက်ထပ်ခြေလှမ်းက သက်သေအထောက်အထားတွေ ပြန်ယူဖို့ဖြစ်လိမ့်မယ်။”
“ဟုတ်တာပေါ့၊ ရပါတယ်။”ချင်ကတော်က ချက်ချင်း သဘောတူလိုက်သည်။
ကုနင်းသည် သူမ၏ယုံကြည်မှုကို ရရှိထားပြီးဖြစ်ပြီး၊ သူမသည် ဤအကျပ်အတည်းကို ကျော်လွှားရန် ကုနင်း ကို အားကိုးနေသည်။
ထို့နောက် ကုနင်းသည် ပိုင်ဆိုင်မှုစာချုပ်ကို ဓာတ်ပုံရိုက်ပြီး ကေထံသို့ ဓာတ်ပုံများပေးပို့သည်။ သူမသည် ဤပိုင်ဆိုင်မှုစာချုပ်ကို မည်သို့လုပ်ဆောင်ခဲ့သည်ကို သိရှိရန် ကေအား ရှာခိုင်းသည်။ ချင်ကျီရွှမ်းသာ ၎င်းကို မသိလျှင် ဤစာချုပ်သည် တရားမဝင် ဖြစ်ရမည်။
ဤပိုင်ဆိုင်မှုလက်မှတ်သည် ချင်မိသားစု၏အိမ်မှာမရှိသရွေ့၊ မြေယာတည်ဆောက်သူနှင့် အိမ်ရာစီမံခန့်ခွဲရေးတို့က တာဝန်ယူရမည်ဖြစ်သည်။
"အိုး၊ အထောက်အထားရှာဖို့ လာတဲ့သူတွေက ရန်သူတွေဖြစ်လို ဖြစ်ငြား အိပ်ခန်းနဲ့ စာကြည့်ခန်းမှာ ကြိုးမဲ့ ကင်မရာကို တပ်ဆင်ပြီး စောင့်ကြည့်ဖို့လိုတယ်။"
"ပြဿနာမရှိပါဘူး။" ချင်ကတော်က သဘောတူသည်။
"ငါသွားဝယ်လိုက်မယ်" ချင်ယီဖန်းကပြောပြီး ချက်ချင်းထွက်သွားဖို့လုပ်သည်။ သို့သော် သူလှည့်ထွက်သည်နှင့် ကုနင်းက သူ့ကို တားလိုက်ကာ "မလိုပါဘူး၊ ငါ့မှာ ပါတယ်။"
ထိုစကားကိုကြားသောအခါ ချင်ကတော် နှင့် ချင်ယီဖန်း တို့ နှစ်ယောက်လုံး အံ့သြသွားကြသည်။ ကြိုးမဲ့ ကင်မရာများကို သူမနှင့်အတူ အဘယ်ကြောင့် ယူဆောင်လာသည်ကို နားမလည်သော်လည်း သူတို့သည် ထိုအကြောင်းကို ဆက်မမေးကြပေ။
ထို့နောက် ကုနင်းသည် သူမ၏ ကျောပိုးအိတ်မှ ကြိုးမဲ့ ကင်မရာနှစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် တစ်ခုကို စာကြည့်ခန်းထဲနှင့် ကျန်တစ်ခုကို အိပ်ခန်းထဲမှာ ထားလိုက်သည်။
ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်း ကို အသုံးပြု၍ အိပ်ခန်းတစ်ဝိုက်ကို ကြည့်ကာ အခြားသော ထူးဆန်းသောအရာများ ရှိမရှိကို ရှာသည်။
ကံကောင်းစွာပင် သူမ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ ကုနင်းသည် ချင်ကတော်ကို အပြင်မထွက်မှီ မီးခံသေတ္တာကို ဖယ်ခိုင်းခဲ့သေးသည်။
***
အပိုင်း ၁၃၁၄ ချင်ဟောက်ကျီ ရဲ့အိမ်ကို ရှာဖွေခြင်း..
ကုနင်းသည် သူတို့အပြင်မထွက်ခင် ချင်ကတော်နှင့် ချင်ယီဖန်းကို သေတ္တာအကြောင်း ချင်ဟောက်ကျန်းနှင့် တခြားလူတွေကို စိုးရိမ်နေမည်စိုး၍ မပြောပြဖို့ ပြောလိုက်သည်။
သူတို့သည် သက်သေကို ရှာတွေ့ပြီးပြီဆိုသော်လည်း ဤအိမ်တွင် ဒီထက်မက ရှိနေနိုင်သည်။
ထို့နောက် ကုနင်းသည် ကေကိုဖုန်းဆက်ပြီး ရှန်းကွမ်းလီ၏ အချက်အလက်များကို ပိုမို စုဆောင်းရန်လိုအပ်သောကြောင့် ရှန်းကွမ်းလီအကြောင်း သူမသိသမျှ ကေ့ကိုပြောပြသည်။
ချင်ဟောက်ကျန်းသည် သူတို့ကို စာကြည့်ခန်းမှာ မသင့်လျော်တာ တွေ့ခဲ့သလားဟု မေးသောအခါ မတွေ့ဖူးဟုသာ ပြန်ဖြေလိုက်သည်။ ထိုတော့မှ ချင်ဟောက်ကျန်း စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် အားလုံး လက်ဖက်ရည်သောက်ရန် ဧည့်ခန်းတွင် ထိုင်ကြသည်။
စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်သည် အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသော်လည်း ကုနင်းမှ သူတို့အား အမှန်တရားရှာဖွေတွေ့ရှိဖို့ ကူညီပေးရန် တောင်းဆိုနေကြဆဲဖြစ်သည်။ နောက်ကွယ်ကလူမှာ ရှန်းကွမ်းလီဖြစ်သည်လား သို့မဟုတ် တခြားလူတွေလား မသေချာကြပေ။
အမှန်တရားကို ရှာဖွေတွေ့ရှိရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သော်လည်း ကုနင်းသည် သူမ အကောင်းဆုံးလုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။
ခဏအကြာတွင် ချင်ဟောက်ကျီ၏အိမ်ခေါင်းလောင်းတီးသံကိုကြားလိုက်ရသည်။ ရဲကားနှစ်စီးသည် အပြင်ဘက်တွင် ရပ်တန့်ကာ လူအများအပြား တံခါးဆီသို့ လျှောက်လာကြသည်။
ချင်ကျီရွှမ်း တံခါးကိုဖွင့်ပေးလိုက်သည်နှင့် ရဲရှစ်ယောက်သည် အထဲကို ဝင်လာသည်။
အားလုံးသည် ရဲကို မြင်ပြီး ကြောက်ရွံ့သွားကြသော်လည်း ကုနင်းသည်သာ တည်ငြိမ်နေသည်။
ထိပ်တန်းရဲအရာရှိသည် သူ၏အရာရှိလက်မှတ်နှင့် ရှာဖွေခွင့်ကို ပြသကာ ပြောသည် "ကျွန်တော်တို့က ချင်ဟောက်ကျီရဲ့အိမ်မှာ လာဘ်စားမှုနှင့်ပတ်သက်ပြီး သက်သေ ရှာဖွေရန် အမိန့်တစ်ခုရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။"
ချင်ကတော် ကြောက်လန့်သွားပြန်သည်။ သက်သေတွေ ဖယ်ရှားပြီး ခဏသာကြာပြီးနောက် ရဲတွေ ရောက်လာကြခြင်းဖြစ်သည်။
ချင်ယီဖန်းသည်လည်း တွေးကြည့်ပြီး ကြောက်လန့်သွားကာ ကုနင်းကိုလည်း စိတ်ထဲတွင် ကျေးဇူးတင်နေမိသည်။
ချင်ဟောက်ကျန်းနှင့် အခြားသူများသည် သက်သေအထောက်အထားများကို မသိသောကြောင့် တုံ့ပြန်မှုများစွာမရှိကြပေ။
ချင်ဟောက်ကျီသည် သံသယရှိသူဖြစ်နေပြီဖြစ်၍ ရဲများကို ရှာဖွေခြင်းမှ မတားဆီးနိုင်ပေ။
ဧည့်ခန်းထဲတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး နေခဲ့ပြီး အခြားရဲများက အိမ်ကို စတင်ရှာဖွေကြသည်။
ချင်ကတော်၊ ကုနင်းနှင့် ချင်ယီဖန်းတို့က သူတို့နောက်သို့ လိုက်သွားသည်။
အဓိကအားဖြင့် သူတို့သည် မာစတာအိပ်ခန်းနှင့် စာကြည့်ခန်းကိုရှာဖွေကြကာ စာကြည့်ခန်းကိုတော့ အထူးအလေးပေး သေချာရှာဖွေကြသည်။
ကံကောင်းစွာပဲ၊ သူတို့သည် ကျင့်ဝတ်ကိုသိပြီး ပစ္စည်းတွေကို ပြန့်ကြဲ မပစ်ကြပေ။
သူတို့ နေရာတကာ လှည့်ပတ်ရှာဖွေခဲ့ကြသော်လည်း လာဘ်ပေးလာဘ်ယူမှုသက်သေကို မတွေ့ကြသေးပေ။ ထိုအချိန်တွင် ရဲသားတစ်ဦးက မီးခံသေတ္တာကို စစ်ဆေးလိုပြီး ချင်ကတော်ကို ဖွင့်ရန် ပြောသည်။
ချင်ကတော်က ဖွင့်ပေးသော်လည်း သူရှာနေသည့်အရာကို မတွေ့လိုက်ရသည့် တစ်ခဏတွင် ရဲသား၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ သစ်သားသေတ္တာထဲတွင် ရွှေချောင်းသုံးချောင်းရှိသည်ဟု သိရှိခဲ့ရသော်လည်း ထိုထဲတွင် သစ်သားသေတ္တာမရှိပေ။
သစ်သားသေတ္တာကို ရှာမတွေ့သည့်အတွက် ရဲတပ်ဖွဲ့တွင် သက်သေမရှိပေ။
သက်သေမရှိလျှင် ရဲများသည် ချင်ဟောက်ကျီကို ဘာမှ မလုပ်နိုင်ပေ။
ရဲများသည် ချင်ဟောက်ကျီ၏အိမ်တွင် အသုံးဝင်သောအရာကို ရှာမတွေ့ခဲ့သည့်အတွက် ကုနင်း စိုးရိမ်သည့်အရာလည်း ဖြစ်မလာပေ။ ကြိုးကိုင်သူသည် ယုံကြည်မှုလွန်ကဲခဲ့သောကြောင့်၊ အစီအစဉ်ဘီကိုတောင် မပြင်ဆင်ခဲ့ပေ။
ရဲများသည် ချင်ဟောက်ကျီ ရုံးခန်းတွင် ဖိုင်တွဲကို ရှာတွေ့ခဲ့ပြီးဖြစ်သော်လည်း ချင်ဟောက်ကျီသည် သူ့တွင် အပြစ်မရှိကြောင်း အခိုင်အမာ ပြောဆိုသောကြောင့် သက်သေများ ပိုမိုရရှိရန် ရဲများ လာရောက်ရှာဖွေရခြင်းဖြစ်သည်။
ချင်ဟောက်ကျီသည် သူ၏ကိုယ်စား ဖိုင်တွဲကို လက်ခံရန် သူ၏အတွင်းရေးမှူးကို ပြောခဲ့သည်ကို ဝန်ခံသော်လည်း လာဘ်စားခြင်းမဟုတ်ဘူးဟုငြင်းသည်။ ထိုဖိုင်မှာ သူ၏သူငယ်ချင်း၏ ပစ္စည်းတစ်ခုဖြစ်ပြီး သူက ကိုယ်စားထိန်းသိမ်းပေးထားခြင်းဖြစ်သည်ဟုပြောသည်။ ဖိုင်ထဲတွင် ဘာတွေပါသည်ကို သူမသိပေ။ ထို့အပြင် ၎င်းသည် လာဘ်စားမှုသက်သေတစ်ခုဖြစ်ခဲ့လျှင် သူသည် သူ၏ရုံးခန်းတွင် ထားမည်မဟုတ်ပေ။ လာဘ်ထိုးသည်ကို လက်ခံရင်တောင် ပိုင်ရှင်ထံမှ လွှဲပြောင်းပေးသည့် အိမ်ကိုတော့ လက်ခံမည်မဟုတ်ပေ။ ပို၍လုံခြုံအောင် အိမ်အသစ်ကို သူ တိုက်ရိုက်လက်ခံနိုင်သည်။ ထို့အပြင်၊ ငွေလက်ခံလိုလျှင်လည်း ချက်လက်မှတ်ထက်စာရင် ငွေသားက ပိုမိုလုံခြုံမှုရှိသည်။
ရှန်းကွမ်းလီသည် ဖိုင်တွဲကို ဂရုစိုက်ရန် သူ့ကို အပ်ခဲ့သည့် သူငယ်ချင်းဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။
လာဘ်စားသည်ဟုစွပ်စွဲခံရသောအခါ ချင်ဟောက်ကျီသည် ရှန်းကွမ်းလီက သူ့ကို ခုခံကာကွယ်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ရှန်းကွမ်းလီက ထိုအကြောင်းကို ဘာမှမသိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ချင်ဟောက်ကျီကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ချင်ဟောက်ကျီ အံ့ဩမိသည်မှာ ရှန်းကွမ်းလီသည် အလုံးစုံကို ငြင်းဆိုခဲ့ခြင်းပင်။ ထိုအခါမှပင် ဤဖြစ်ရပ်တစ်ခုလုံးသည် ရှန်းကွမ်းလီ ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူသဘောပေါက်သွားတော့သည်။
ထိုအချက်ကိုနားလည်ပြီးနောက်၊ ချင်ဟောက်ကျီသည် လွန်ခဲ့သည့်ငါးရက်က ရှန်းကွမ်းလီကိုကူညီရန် ရွှေချောင်းများလဲလှယ်ခဲ့သည့်အချက်ကို တွေးမိကာ တုန်လှုပ်သွားသည်။ ရွှေချောင်းကိစ္စသည်လည်း ပြဿနာတက်နိုင်သည်။
ရှန်းကွမ်းလီသည် တက္ကသိုလ်တွင် သူ၏ကျောင်းနေဖက်သူငယ်ချင်းဟောင်း ဖြစ်သည်။ သူတို့သည် နှစ်တွေတစ်လျှောက်လုံး အချင်းချင်း အဆက်အသွယ် မပြတ်ခဲ့ပေ။ သို့သော် သူ၏ သူငယ်ချင်းဟောင်းက သူ့ကို သစ္စာဖောက်သွားသည်။
စင်စစ် ရှန်းကွမ်းလီသည် ချင်ဟောက်ကျီနှင့် ကာလရှည်ကြာ ခင်မင်ရင်းနှီးခဲ့သည်မှာမှန်သော်လည်း သူသည် ချင်ဟောက်ကျီကို အစဉ်အမြဲမနာလိုဖြစ်သည်။ ချင်ဟောက်ကျီသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင်တွင်ရှိစဉ်ကလည်း သူ့ထက် အမြဲပိုသာသည်။ ရှန်းကွမ်းလီသည် ထိုအချက်ကို လက်မခံနိုင်ခဲ့ဘဲ သူ၏ မနာလိုစိတ်က နောက်ဆုံးမှာ သူ့အပေါ် အနိုင်ယူသွားသည်။
ချင်ဟောက်ကျီ သည် ရှန်းကွမ်းလီကို သူ၏ဘဝတစ်လျှောက် အများကြီး ကူညီပေးသည့်တိုင်အောင် ထိုသူကတော့ ကျေးဇူးကန်းခြင်းနှင့်သာ ပြန်ပေးဆပ်ခဲ့သည်။
ချင်ဟောက်ကျီသည် ဤတစ်ကြိမ်တွင် ထောင်ချောက်အဆင်ခံရသော်လည်း သူ့ကို လွတ်မြောက်အောင် ကူညီမည့် သူနှင့် ပတ်သက်ဆက်နွယ်သူများ ရှိသေးသည်။ ရှန်းကွမ်းလီအနေနှင့် ခိုင်လုံသောသက်သေ အထောက်အထားမရှိဘဲ သူ့ကိုဖြုတ်ချရန် မလွယ်ကူပေ။ ယွင်ကျီစုန့်သည်လည်း ယခုအကြိမ်တွင် ချင်ဟောက်ကျီဘက်က ရပ်တည်ပေးသည်။
ချင်ဟောက်ကျီ၏ ငြင်းဆိုမှုသည် ထိရောက်မှုရှိပြီး ယခု အချိန်ထိ ပြစ်ဒဏ်မခံရသေးပေ။ သို့သော် စုံစမ်းစစ်ဆေးမှုများမှာ ဆက်လက်လုပ်ဆောင်နေပြီး သူ့အနေနှင့် နောက်ဆုံးရလဒ်ကို စောင့်ရမည်ဖြစ်သည်။
ရှန်းကွမ်းလီသည်လည်း ဤအမှုမှာ ပါဝင်ပတ်သက်နေသောကြောင့် သူလည်း စုံစမ်းစစ်ဆေးခံနေရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပြင်ဆင်ပြီးသားဖြစ်သောကြောင့် လုံးဝမကြောက်ပေ။ ထို့ကြောင့် ချင်ဟောက်ကျီ ရဲများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစဉ်တွင် သူကတော့ စုံစမ်းစစ်ဆေးမှုအတွင်း လွတ်လပ်နေသည်။
***
အပိုင်း ၁၄၁၅ ချင်ကျီရွှမ်းနာမည်နဲ့အိမ်
ထိုအခြေအနေတွင် ရှန်းကွမ်းလီသည် နောက်ထပ်သူ၏ခြေလှမ်းကို လွတ်လပ်စွာ လှမ်းနိုင်ပေပြီ။
စင်စစ် ရှန်းကွမ်းလီသည် ဤကိစ္စတွင် ကြံရာပါတစ်ဦးသာဖြစ်ပြီး လုပ်ကြံသူမှာ ပိုမိုအင်အားရှိသည့် အခြားသူတစ်ဦးဖြစ်သည်။
ရှန်းကွမ်းလီသည် ချင်ဟောက်ကျီကို ထောင်ထဲထည့်ရန် ဒီ့ထက်ပိုသောသက်သေတွေလိုအပ်သည်ကို သိသောကြောင့် ရက်အတော်ကြာကတည်းက ရွှေချောင်းလဲလှယ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်သည် ချင်ဟောက်ကျီ၏နေအိမ်ကို ရဲများစေလွှတ်ကာ ရှာဖွေမည်ဖြစ်ကြောင်း သူသိသည်။
ဤအစီအစဉ်ကို အကွက်ချသူသည် သူ၏လူများကို ရဲများထဲတွင် ထည့်ထားပြီး ရဲများသည် မီးခံသေတ္တာအတွင်းပိုင်းကို ကြည့်ရှုရန် တောင်းဆိုခဲ့သည်။
ရှန်းကွမ်းလီသည် ထိုကဲ့သို့ သတင်းကောင်းကို စောင့်မျှော်နေစဉ်တွင် ချင်ဟောက်ကျီ၏ မီးခံသေတ္တာထဲတွင် သစ်သားသေတ္တာကို ရဲများ ရှာမတွေ့ခဲ့ကြောင်း သတင်းကို သူကြားလိုက်ရသည်။ သူ တုန်လှုပ်သွားပြီး ဒေါသထွက်သွားသည်။
သို့သော် သူသည် ချင်ဟောက်ကျီက သစ်သားသေတ္တာထဲတွင် ဘာရှိသည်ကို သိမည်ဟု မထင်ပေ။ ချင်ဟောက်ကျီက သစ်သားသေတ္တာကို မကြိုက်၍ လွှင့်ပစ်ခဲ့တာ ဖြစ်နိုင်သည်ဟုသာတွေးသည်။
ရဲတွေက ချင်ကျီရွှမ်း၏ နာမည်ပေါက်နဲ့ အိမ်ကိုရှာတွေ့သရွေ့ ကိစ္စမရှိဘူးဟုသူထင်ခဲ့သည်။ ကံမကောင်းစွာ သူသည် အိမ်ကိုလွှဲပြောင်းစဉ်က ချင်ကျီရွှမ်းကိုယ်တိုင် လက်မှတ်မထိုးထားလျှင် တရားမဝင်ကြောင်း သူမေ့နေခဲ့သည်။
ရှန်းကွမ်းလီက ချင်ကျီရွှမ်း၏ မှတ်ပုံတင် မိတ္တူကို နည်းလမ်းတစ်ခုခုဖြင့် ရယူပြီး ကိုယ်စား လက်မှတ်ထိုးခဲ့လျှင်ပင် ၎င်းသည် တရားမဝင်ပေ။
ခဏအကြာတွင် ချင်ဟောက်ကျီ၏သားသည် သူ၏အမည်ပေါက်ဖြင့် အိမ်တစ်အိမ်ရှိကြောင်း အမည်မဖော်လိုသူတစ်ဦးက သတင်းပို့ခဲ့သည်။ သို့သော် ထိုအိမ်အတွက် ငွေပေးချေသူမှာ အခြားသူ၏အမည်ဖြစ်ပြီး လာဘ်စားမှုဖြစ်နိုင်ချေ များသည်။
စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်သည် ၎င်းအား စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ပြီး ၎င်းသည် တကယ်ကြီး ချင်ကျီရွှမ်း၏အမည်ပေါက်နှင့် တခြားသူမှငွေပေးချေထားသော အိမ်ဖြစ်နေသည်။
လာဘ်စားသူသည် ဥပဒေအရ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခံရသော်လည်း တရားသူကြီးများသည် လာဘ်ပေးသူကို အမြဲမျက်ကွယ်ပြုထားသည်။ ရလဒ်အနေဖြင့် လာဘ်ပေးသူများသည် လာဘ်စားသူများထက် ပို၍ ပေါ်ပေါ်တင်တင်လုပ်ဆောင်ကြသည်။
ချင်ဟောက်ကျီသည် အိမ်နှင့်ပတ်သက်၍ ထပ်မံအစစ်ဆေးခံရပြီး သူ ထိုအိမ်ကို မသိကြောင်းနှင့် သူ၏သားဖြစ်သူက အိမ်တစ်လုံးလက်ခံသည်မှာ မဖြစ်နိုင်ကြောင်း အခိုင်အမာပြောသည်။
ချင်ဟောက်ကျီသည် သူ၏သားကို ယုံကြည်သော်လည်း ချင်ကျီရွှမ်းက သူ၏နောက်ကွယ်တွင် ထိုသို့လုပ်မည်ကို စိုးရိမ်နေတုန်းပင်။ နိုင်ငံရေးက အလွန်အန္တရာယ်များကြောင်း သားဖြစ်သူအား သတိထားရန် သူအမြဲ သတိပေးတတ်သည်။
ချင်ကျီရွှမ်းသည် သူ၏အပြုအမူကို အမြဲ ထိန်းသိမ်းပြီး ဥပဒေကို တစ်ခါမှ မချိုးဖောက်ခဲ့ သော်လည်း နိုင်ငံရေးတွင် ကောက်ကျစ်စဉ်းလဲသောမြေခွေးများ၏ ထောင်ချောက်ဆင်ခံရ နိုင်သေးသည်။
ချင်ကျီရွှမ်းသည်လည်း ဤအမှုမှာ ပါဝင်ပတ်သက်နေ၍ ရဲတွေက သူ့ကို စစ်ဆေးမေးမြန်းသည်။
ကုနင်းသည် အိမ်က ချင်ကျီရွှမ်း၏အမည်ပေါက်ဖြစ်သောကြောင့် စစ်မေးခံရသည်ကို မအံ့သြပေ။
ချင်ကျီရွှမ်းကို ရဲတွေ ခေါ်မသွားခင် ကုနင်းက ပိုင်ဆိုင်မှုစာချုပ်အကြောင်း သူနှင့် သီးသန့်ဆွေးနွေးခဲ့သည်။
ချင်ကျီရွှမ်းသည် သူ၏နာမည်ပေါက် အိမ်တစ်အိမ်ရှိကြောင်းသိပြီး ဤကိစ္စမှာမရိုးရှင်းကြောင်း နားလည်၍ ထိတ်လန့်သွားသည်။ သူ၏အဖေသည် နိုင်ငံရေးနှင့်ပတ်သက်သော လူတွေဆီက ဘာမှမယူဖို့ အရင်က ပြောဖူးသည်။ ထိုသို့လုပ်လျှင် သူ၏အဖေ၏ အသက်မွေးဝမ်းကြောင်း အလုပ် ပျက်စီးလိမ့်မည်။ မမျှော်လင့်ထားသည်မှာ၊ သူကိုယ်တိုင်က လက်ဆောင်မယူလျှင်တောင် တစ်စုံတစ်ယောက်က သူ့ကို တိုက်ရိုက်စွပ်စွဲလိမ့်မည် ဆိုသည်ကိုပင်။
ကုနင်းသည် ချင်ကျီရွှမ်းကို သူ၏နာမည်ပေါက် အိမ်အကြောင်း လုံးဝမသိကြောင်း၊ မည်သည့်စာရွက်စာတမ်းမှ လက်မှတ်မထိုးခဲ့ကြောင်း အမှန်အတိုင်းပြောရန် ပြောပြသည်။
ထို့နောက် ချင်ကျီရွှမ်းကို ရဲတွေက ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ချင်ကျီရွှမ်းမှာ အပြစ်ရှိကြောင်း သက်သေပြဖို့ ရှင်းရှင်းလင်းလင်း သက်သေ မရှိသောကြောင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေရတုန်းပင်ဖြစ်သည်။ ကံကောင်းထောက်မစွာ သူသည်လည်း လွတ်လပ်ခွင့် ရနေသေးသည်။
မြေရောင်းသူနှင့် အိမ်ရာမြေအုပ်ချုပ်ရေးအဖွဲ့တို့သည်လည်း ဤကိစ္စနှင့် ပက်သက်နေ၍ ရဲစခန်းမှာ စုံစမ်းမေးမြန်းခံရသည်။
မြေပိုင်ဆိုင်မှုစာချုပ်နှင့် ပတ်သက်လျှင် တင်းကျပ်သောဥပဒေများရှိပြီး ပိုင်ဆိုင်မှုစာချုပ်ခြင်းနှင့် သက်သေခံလက်မှတ်များကို လူကိုယ်တိုင်လာရောက် ရေးထိုး၊ ချုပ်ဆိုခြင်းမရှိပါက တရားမဝင်ကြောင်း သတ်မှတ်နိုင်သည်။
နောက်တော့ ချင်ကျီရွှမ်းသည် အိမ်ရာမြေအုပ်ချုပ်ရေးအဖွဲ့သို့ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှ လူများနှင့်အတူ သွားရောက်သည်။
အိမ်ရာမြေအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးသည် သူတို့၏ အိမ်ရာ သည် ဝယ်သူများ လူကိုယ်တိုင်လာရောက်ရန် မလိုအပ်ကြောင်းနှင့် သူတို့အတွက် ပိုင်ဆိုင်မှုစာချုပ်များကို မြေရောင်းသူက လျှောက်ထားပေးမည်ဖြစ်ကြောင်း ပြောသည်။
ထိုအချက်သည် မမှားပေ။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် အိမ်ရာစီမံ ခန့်ခွဲရေးဆိုင်ရာ စာရွက်စာတမ်းများကို မြေရောင်းသူများက ကိုင်တွယ်ဖြေရှင်းပေးသည်မှာ ပုံမှန်ဖြစ်သည်။
ဒါကြောင့် အိမ်ရာအရောင်းခန်းမသို့ သွားကြရပြန်သည်။ မန်နေဂျာသည် သူတို့ဘက်က တာဝန်ယူသလို ဟန်ဆောင်သော်လည်း ဝယ်ယူမှုစာချုပ် ချုပ်ဆိုခဲ့သည့် ဝန်ထမ်းသည် အချိန်အတော်ကြာတည်းက နှုတ်ထွက်သွားပြီ ဖြစ်ကြောင်း ပြောသည်။ ဤအရာသည် အလိမ်အညာ တစ်ခုဆိုသည်မှာ သံသယဖြစ်စရာမရှိပေ။
ဤကိစ္စတွင် ပါဝင်ပတ်သက်သူများမှာ သာမန်လူများသာဆိုလျှင် ဒုက္ခမများနိုင်သော်လည်း ယခုအကြိမ်မှာ ကွဲပြားသည်။ ထို့ကြောင့် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှလူများသည် စောင့်ကြည့်ကင်မရာများအား စစ်ဆေးရန် ပြောသည်။ သို့သော်လည်း မန်နေဂျာသည် စောင့်ကြည့်ကင်မရာများမှာ လွန်ခဲ့သည့်လအတော်ကြာကတည်းက ပျက်နေကြောင်း ပြောသည်။
နောက်ထပ်လိမ်ညာမှုတစ်ခုဖြစ်ကြောင်း လူတိုင်းသိသော်လည်း မည်သူမျှ သက်သေမပြနိုင်ပေ။
ချင်ကျီရွှမ်း ဒေါသတွေ တောက်လောင်နေသော်လည်း ကုနင်းသည် သူမမျှော်လင့်ထားသည့်အတိုင်းဖြစ်၍ တည်ငြိမ်နေသည်။
နောက်ကွယ်ကလူသည် ချင်ဟောက်ကျီကို ဖြုတ်ချရန် အကုန်စီစဉ်ထားပြီးဖြစ်ရမည်၊ ထို့ကြောင့် ချင်ကျီရွှမ်းသည် လတ်တလောသာ ဘေးကင်းနိုင်သည်။
ချင်ဟောက်ကျီသည် လက်ရှိတွင် ရဲများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ချင်ကျီရွှမ်း နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းကို သူကြားနိုင်သေးသည်။ ချင်ကျီရွှမ်း အဆင်ပြေကြောင်းကြားသောအခါ သူစိတ်သက်သာရာရသွားသည်။
တခြားတစ်ဖက်တွင် ရှန်းကွမ်းလီသည် သည်းခံနိုင်စွမ်း မရှိတော့ပေ။ ခိုင်လုံသောသက်သေ မရှိသရွေ့ ချင်ဟောက်ကျီသည် ပေါ့ပေါ့တန်တန်သာ အပြစ်ပေးခံရမည်ဖြစ်သည်။
***
အပိုင်း ၁၄၁၆ ကျောက်ဟုန်းဝမ်
ကေသည် ထိုနေ့မွန်းလွဲ ၆ နာရီတွင် အသုံးဝင်သောအချက်အလက်များကို စုဆောင်းနိုင်ခဲ့ပြီး ကုနင်းထံ ချက်ချင်းအီးမေးလ်ပို့ခဲ့သည်။
ကုနင်းသည် ချင်ကျီရွှမ်း၏မိသားစုအဖွဲ့ဝင်များနှင့် ညစာစားရန်စီစဉ်နေသော်လည်း သူတို့အားလုံး အီးမေးလ်ကို ဦးစွာဖတ်ဖို့ရန်သာ စိတ်အားထက်သန်နေကြသည်။
ချင်ဟောက်ကျီသည် ဖိုင်တွဲကို သူ၏ရုံးခန်းတွင် ထားထားသော်လည်း ဖွင့်ကြည့်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း ထိုဖိုင်တွဲသည် သူ၏ရုံးခန်းတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ကံမကောင်းစွာပင် ချင်ဟောက်ကျီသည် ရဲများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် တွေ့ခွင့်မရှိပေ။ သူတစ်ဦးသာ ဖိုင်တွဲကို သူ့ကိုပေးခဲ့သည့်လူမှာ မည်သူဖြစ်ကြောင်း သိသည်။
ရှန်းကွမ်းလီသည် ဤကိစ္စနှင့်တစ်ခုခု ပတ်သတ်မှုရှိနေကြောင်း ကုနင်းသိပြီးဖြစ်ကာ ဖိုင်တွဲအကြောင်းကိုလည်း ရှန်းကွမ်းလီ သိနေလိမ့်မည်ဟု သူမ ခံစားရသည်။
ဖိုင်တွဲကို ချင်ဟောက်ကျီအား ပေးသူမှာရှန်းကွမ်းလီဖြစ်ပါက ချင်ဟောက်ကျီသည် ထိုဖိုင်တွဲကို ဖွင့်လိမ့်မည်မဟုတ်ကြောင်း သူမ နားလည်နိုင်သည်။ သူသည် ရှန်းကွမ်းလီကို ယုံကြည်ပြီး ရှန်းကွမ်းလီ၏ ပစ္စည်းတစ်ခုကိုလည်းစိတ်ချလိမ့်မည်။ သို့သော်လည်း သူမမျှော်လင့်ထားစွာ ရှန်းကွမ်းလီက သူ့အား ချောက်ချခဲ့သည်။
ကုနင်း ထင်သည့်အတိုင်းပင်။ စောင့်ကြည့်ကင်မရာများတွင် ချင်ဟောက်ကျီကို ဖိုင်တွဲပေးဖို့ ရှန်းကွမ်းလီက တစ်စုံတစ်ဦးကို ခိုင်းခဲ့ကြောင်း ကေက အမှန်တကယ် ရှာတွေ့ခဲ့သည်။ ထို့အပြင် ရှန်းကွမ်းလီ၏ ဇနီးသည် သူမ၏ အမည်ပေါက်နှင့် အိမ်များစွာ ရှိသည် ။ သို့သော် ရှန်းကွမ်းလီနှင့် သူ၏ဇနီးသည် ထိုမျှလောက်သော အိမ်တွေကို ဝယ်ဖို့ တတ်နိုင်စရာမရှိပေ။ ထို့အပြင် ရှန်းကွမ်းလီ၏ဇနီးသည် မောင်ဖြစ်သူအား အိမ်နှင့် ကားတစ်စီး ဝယ်ပေးခဲ့သည်။
ထိုအရာများသည် သေချာပေါက် လာဘ်စားထားခြင်းကြောင့်မှန်း အသိအသာပင်။ အခြားဖြစ်နိုင်ခြေများ ရှိသော်လည်း ရှန်းကွမ်းလီတို့ဇနီးမောင်နှံ လာဘ်စားထားနိုင်ခြေက ပိုများသည်။
"ရှန်းကွမ်းလီ ကိုယ်တိုင်က အကျင့်ပျက်အရာရှိတစ်ယောက်ပဲ။ ဟောက်ကျီကို ချောက်ချဖို့ သူ ဘယ်လို သတ္တိရှိတာလဲ? ဒုက္ခရောက်မှာကို မကြောက်ဘူးလား?” ချင်ဟောက်ကျန်းက ပြောသည်။
ပုံမှန်အားဖြင့် သာမန်အစိုးရအရာရှိဝန်ထမ်းများသည် ဇိမ်ကျကျနေထိုင်ရန် မတတ်နိုင်ပေ။ ထို့ကြောင့် ရှန်းကွမ်းလီနှင့် သူ၏ဇနီးသည် လာဘ်စားထားခြင်းဖြစ်ရမည်ဟု အားလုံးက ယုံကြည်ကြသည်။ သူတို့သည် ရှန်းကွမ်းလီ၏ မိသားစုကို ကောင်းကောင်းသိကြပြီး သူတို့မချမ်းသာကြောင်းသိသည်။
ယအခုအချိန်တွင်တော့ ချင်ဟောက်ကျီ၏မိသားစုသည် ရှန်းကွမ်းလီကိုဒေါသထွက်နေကြတော့သည်။
နိုင်ငံရေးတွင်ပါဝင်ပတ်သက်သည်မှာ အန္တရာယ်ရှိသော်လည်း ချင်ဟောက်ကျီသည် ဖြောင့်မတ်သောအရာရှိဖြစ်သည်။ သူသည် အပြစ်ကင်းပြီး လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုကို အမုန်းဆုံးဖြစ်သည်။
ချင်ဟောက်ကျီမှာ အပြစ်မရှိသောကြောင့် သူ၏မိသားစုသည် ရှန်းကွမ်းလီကို ပိုဒေါသထွက်ကာ အလွန်အမင်း မုန်းတီးနေသည်။
ထိုအချိန် ချင်ယီဖန်းက၊ "ဒီတစ်ခါတော့ သူအောင်မြင်မယ်မထင်ဘူး။" သူတို့လက်ထဲမှာ သက်သေအထောက်အထား အတိအကျရှိသရွေ့ ရှန်းကွမ်းလီကို အပြစ်ပေးဖို့ရန် မခက်ခဲပေ။
"ကျွန်တော်တို့ သူ့ကို မမေ့နိုင်တဲ့ သင်ခန်းစာ ပေးရမယ်" ချင်ကျီရွှမ်း အံကို တင်းတင်းကြိတ်ထားသည်။ သူသည် ရှန်းကွမ်းလီ အသတ်ခံရဖို့ အမှန်တကယ်မျှော်လင့်နေသည်။
ရက်စက်သလိုထင်ရသော်လည်း ချင်ကျီရွှမ်းသည် လုံးဝ စိတ်မပျော့ပေ။ သူ၏အဖေသည် ချောက်ချခံထားရပြီး ထောင်ကျသွားနိုင်သည့်အခြေအနေမို့ သူ့အနေနှင့် ရန်သူတွေအပေါ် သက်ညှာဖို့ မဖြစ်နိုင်ပေ။ ရှန်းကွမ်းလီသည်လည်း အစိုးရအကျင့်ပျက်အရာရှိတစ်ဦးဖြစ်ပြီး ဥပဒေနှင့်အညီ အပြစ်ပေးခံရသင့်သည်။
ထို့အပြင်၊ ရှန်းကွမ်းလီ၏ရာဇ၀တ်မှုများနှင့်ပတ်သက်သောအခြား ထင်ရှားသည့်သက်သေအထောက်အထားများရှိသေးသည်။ သူသည် လိင်မှုကိစ္စအတွက် အခကြေးငွေပေးပြီး ပြည့်တန်ဆာများနှင့်တွဲ၍ အမျိုးမျိုးသော ဓာတ်ပုံများစွာ ရိုက်ခဲ့သေးသည်။
အထက်ဖော်ပြပါ သက်သေများနှင့်ဆိုလျှင် ရှန်းကွမ်းလီ ထောင်ချခံရမည်မှာ အသေအချာပင်။
ထို လိင်အသားပေးဓါတ်ပုံများကို မြင်လိုက်ရသောအခါ လူတိုင်း အထူးသဖြင့် ချင်ယီဖန်း၏မိခင် နှင့် ချင်ကျီရွှမ်း၏မိခင်တို့သည် ရှက်ရွံ့သွားကြသည်။
ချင်ကျီရွှမ်း၏မိခင်သည် သူမ၏သားမှာ ငယ်လွန်းသည်ဟု ထင်သောကြောင့် သူ့ကို ချက်ခြင်းဆွဲထုတ်သည်။ သို့သော် လူကြီးတွေ၏မျက်လုံးထဲတွင် ကုနင်းသည် ကလေးတစ်ယောက်အဖြစ် သတ်မှတ်၍မရလောက်အောင် ရင့်ကျက်လွန်းနေသည်။
ထို လိင်အသားပေး ဓာတ်ပုံများသည် အရေးပါသော သက်သေတွေ ဖြစ်သောကြောင့် သေချာ ကြည့်ရန်လိုသည်။ ကံကောင်းထောက်မစွာ မကြာခင်မှာပင် ကြည့်လို့ ပြီးသွားသည်။
ထို့နောက် သူတို့သည် ရှန်းကွမ်းလီနှင့် ပြည်နယ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးတို့ ကလပ်တစ်ခုထဲသို့ အတူလမ်းလျှောက်သွားနေသည့် မှတ်တမ်းကို စောင့်ကြည့်ကင်မရာတွင် တွေ့ခဲ့ကြသည်။ ချင်ဟောက်ကျန်းသည် အကြီးတန်းအရာရှိကြီး၏ မျက်နှာကို မြင်လိုက်ရသောအခါ အလွန်အံ့သြသွားသည်။ "အဲ့ဒါ သူပဲ"
ထိုစကားကိုကြားသော် အားလုံးသည် ချင်ဟောက်ကျန်းကို လှည့်ကြည့်လာကြကာ၊ ချင်ယီဖန်းက "အဖေ၊ သူက ဘယ်သူလဲ?"
"သူက Gမြို့ရဲ့ လက်ထောက်မြို့တော်ဝန် ကျောက်ဟုန်းဝမ်ပဲ။" ချင်ဟောက်ကျန်း၏အမူအရာက လေးနက်လို့နေသည်။
ထိုအခါက ကုနင်းက၊ "သခင်ကြီးချင်၊ ဦးလေးချင်နဲ့ ကျောက်ဟုန်းဝမ်ကြားမှာ အငြိုးအတေးတွေ ရှိလို့လား?"
ကုနင်းသည် ချင်ဟောက်ကျန်းကို သခင်ကြီးချင် ဟုခေါ်ပြီး ၊ ချင်ဟောက်ကျီကို ဦးလေးချသ်ဟုခေါ်သည်၊၊ အကြောင်းမှာ သူတို့ကြားတွင် အသက်ကွာဟချက်ရှိသောကြောင့်ဖြစ်သည်။ ချင်ဟောက်ကျန်းသည် အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်ပြီး ချင်ဟောက်ကျီသည် အသက်လေးဆယ်ကျော်သာရှိသေးသည်။
ချင်ဟောက်ကျန်းသည် ယခုအချိန်တွင် လျှို့ဝှက်ထား၍ မဖြစ်သောကြောင့် ပြောပြသည်။ "ကောင်းပြီ၊ ဟောက်ကျီနဲ့ ကျောက်ဟုန်းဝမ်က တကယ့်ကို နှစ်များစွာကြာနေတဲ့ အငြိုးရှိတယ်၊ ကျောက်ဟုန်းဝမ်က F မြို့မှာ အရာရှိဖြစ်ခဲ့ဖူးပြီးတော့ ဟောက်ကျီနဲ့လည်း မတည့်ခဲ့ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က အထွေထွေအတွင်းရေးမှူးရာထူးအတွက် အချင်းချင်း ပြိုင်ခဲ့တယ်။ အဲ့ဒီရာထူးကိုရဖို့ ကျောက်ဟုန်းဝမ်က ဟောက်ကျီကို အကွက်ဆင်ခဲ့ပေမယ့် နောက်ပိုင်းကျ အမှန်တရား ပေါ်လာပြီး ရာထူးကနေ နုတ်ထွက်ခဲ့ရတယ်။ ဒါပေမယ့် သူ့နောက်ကွယ်က အင်အားကောင်းတဲ့ ပံ့ပိုးပေးတဲ့သူကြောင့် အခြားမြို့တစ်မြို့ကို ပြောင်းရွှေ့ခံခဲ့ရပြီး ယမန်နှစ်က ဒုတိယမြို့တော်ဝန် ဖြစ်လာခဲ့တယ်။ နှစ်တွေကြာခဲ့ပြီ၊ ငါတို့က ဇာတ်လမ်းဟောင်းဖြစ်သွားပြီလို့ ထင်ခဲ့ကြပေမယ့်... ကျောက်ဟုန်းဝမ်က ဒီကိစ္စမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်ရမယ်လို့ ငါထင်တယ်။ ရှန်းကွမ်းလီတစ်ယောက်တည်းတော့ ဟောက်ကျီကို အကွက်ဆင်နိုင်မယ်မထင်ဘူး။ ရှန်းကွမ်းလီရဲ့ ရာထူးအရွှေ့အပြောင်းကလည်း သူတို့ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်။"
ကုနင်း ခေါင်းညိတ်ကာ ချင်ဟောက်ကျန်း ပြောတာကို သဘောတူလိုက်သည်။ ကျောက်ဟုန်းဝမ်သည် ချင်ဟောက်ကျီကို အကွက်ဆင်ရန် ရှန်းကွမ်းလီကို စီစဉ်ထားတာဖြစ်ရမည်။
"ဒါက ကျောက်ဟုန်းဝမ်ရဲ့ အကြံဖြစ်ရမယ်။" ချင်ယီဖန်းကတော့ အတိအကျ ပြောလိုက်သည်။ သူတို့သည် တခြားလူတစ်ယောက်က ထိုသို့လုပ်နိုင်သည်ဟု မတွေးနိုင်ပေ။
ချင်ဟောက်ကျီသည် အတွေ့ရမများသည့် ရိုးဖြောင့်သောအရာရှိတစ်ဦးဖြစ်သောကြောင့် နိုင်ငံရေးတွင် အခြားရန်သူများစွာရှိသည်။ သို့သော်၊ သူတို့စုဆောင်းရရှိသည့် အထောက်အထားအားလုံးသည် ရှန်းကွမ်းလီကို ညွှန်ပြပြီး ရှန်းကွမ်းလီသည် ကျောက်ဟုန်းဝမ်၏လူဖြစ်သည်။
ကျောက်ဟုန်းဝမ်သည် ချင်ဟောက်ကျီကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ ထို့ကြောင့် သူသည် နောက်ကွယ်ကလူ ဖြစ်နိုင်ချေများသည်။