အခန်း (၂၆)
Vol. 3 Ch. 26
ချင်းချွမ် ကျေးရွာ ရှိ သစ်သီးခြံ။
ချင်းချွမ် ကျေးရွာ ရှိ သစ်သီးခြံတွင် သစ်သီးခူးရန်အတွက် ဖော်ရက်စ် ချီပိုင် နှင့် လုယန်ရန် တို့အား အဖွဲ့တစ်ဖွဲ့တည်း ခွဲဝေချထားခဲ့သည်။
မူလက ဤအလုပ်သည် အတော်လေး လွယ်ကူသော အလုပ်တစ်ခုပင်။ သို့သော် သစ်သီးခြံအလယ်တွင် ရွာသားများ မြေသြဇာကျွေးရန် အသုံးပြုသည့် သဘာဝမြေသြဇာကန်ကြီးတစ်ခု ရှိနေသောကြောင့် သစ်သီးခြံတစ်ခုလုံး မြေဩဇာနံ့များဖြင့် ပြည့်နှက်နေသည်။
သို့ဖြစ်၍၊ သစ်သီးခူးခြင်းသည် အနံ့ဆိုးများနှင့် ရင်ဆိုင်ရသော အလုပ်တစ်ခု ဖြစ်သွားတော့သည်။
လုယန်ရန် နှင့် ချီပိုင် တို့သည် အဝတ်အစားအပြည့်အစုံ ဝတ်ဆင်ထားပြီး နှာခေါင်းထဲတွင် စက္ကူလိပ်ရှည်နှစ်ခုစီ ထိုးသွင်းထားရာ ရှေးခေတ်က Mammoth နှစ်ကောင်နှယ် ပုံသဏ္ဌာန်ပေါ်နေကြသည်။
[T/N : Mammoth = ice age ကာတွန်းကားထဲမှ ဆင်)
ဧည့်သည်များအနေဖြင့် သစ်ပင်ပေါ်ရှိ သစ်သီးများကို ရယူရန် လှေကားထစ်များအတိုင်း တက်ရသည်။ အပေါ်မှတစ်ဦးက ခုတ်ယူ၍ အောက်မှတစ်ဦးက ဖမ်းယူရမည်ဖြစ်သည်။
အကူအညီပေးနေသော သစ်သီးခြံပိုင်ရှင်သည် လှေကားအား ချီပိုင် ထံ လှမ်းပေးသော်လည်း ချီပိုင် မှာ ရှက်ရွံ့သော အမူအရာကို ပြသခဲ့၏။
"စိတ်မကောင်းပါဘူး... ကျွန်တော်က အမြင့်ကြောက်တယ်ဗျ"
[ချီပိုင် က တကယ် အမြင့်ကိုကြောက်တတ်တာ၊ သူ့ကို ဖျော်ဖြေရေးအစီအစဉ် တစ်ခုမှာ ရိုလာကိုစတာ စီးတာတွေ့လိုက်တာ၊ အဲတုန်းက အရမ်းကြောက်ပြီး ငိုတော့တာပဲ!~]
[ဟားဟားဟား အဲ ဖျော်ဖြေရေးအစီအစဉ် ကိုမှတ်မိတယ်၊ တအား ရယ်ရတာ!]
[အမြင့်ကြောက်တာက သူ့ရဲ့ ဇာတ်ကောင် သတ်မှတ်ချက် လို့ ထင်ခဲ့တာ! ဘာလို့လဲဆိုတော့ ဒီဘက်ခေတ်မှာ နာမည်ကြီးတွေက ဒီလို Label တစ်ခုလောက်တောင် မရှိရင် အပြင်ထွက်ဖို့ ရှက်ရမှာလေ…]
[ချီပိုင် က တကယ် အမြင့်ကြောက်တတ်တာ! ဒါပေမဲ့ မိန်းကလေးကို အဲ့လို အန္တရာယ်များတဲ့ အလုပ်တွေ လုပ်ခိုင်းတာတော့ မကောင်းဘူး]
….
လုယန်ရန် သည် ချီပိုင်၏ "အမြင့်ကြောက်တယ်ဗျ" ဟုကြားသောအခါ ချက်ချင်း လှေကားကိုယူ၍
"ကျွန်မ လုပ်ပါရစေ၊ ချီပိုင် ကော! ကျွန်မ သစ်ပင်တက်တတ်ပါတယ်”
ချီပိုင် မှာ ချီတုံချတုံဖြစ်လျက် "ဒါပေမဲ့ မင်းက မိန်းကလေးလေ၊ ဒါမျိုးက သိပ်မကောင်းဘူး"
လုယန်ရန် မှာ ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်လျက်
"ကိစ္စမရှိပါဘူး ကျွန်မကို နွဲ့နွဲ့လေးလို့ မထင်ပါနဲ့၊ တကယ်တော့
ကျွန်မက အကြမ်းခံနိုင်ပြီး လုပ်နိုင်ပါတယ်"
[လုယန်ရန် က ချီပိုင် ကို တကယ်ချစ်တာပဲ!]
[သူမကို အရင်တုန်းက ဖျော်ဖြေရေးအစီအစဉ် တွေမှာ ပါဝင်တာ တွေ့ဖူးတယ်၊ တခြားသူတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်မယ့်အစား Task ကိုတောင် မလုပ်ဘဲ နေတတ်တာ၊ ဒါပေမဲ့ ချီပိုင် ရှေ့ကျတော့ အခြေခံမူတွေ အကုန်လုံးကို စွန့်လွှတ်ပစ်တာ!]
[တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ Double Standard တွေထားတာပေါ့နော်~ ခွေးခေါင်း.jpg]
[နာမည်ကြီး မူရင်းအဆိုရှင် x မာနကြီးတဲ့ သရုပ်ဆောင်မင်းသမီး၊ ဒီ CP ကို ငါ သဘောကျတယ်!]
….
ချီပိုင်မှာ လှေကားကို ကိုင်ထားပြီး လုယန်ရန် သည် သစ်သီးပင်ပေါ်သို့ ဂရုတစိုက် တက်သွားခဲ့သည်။
တကယ်တမ်း လုယန်ရန် သည်လည်း အနည်းငယ် အမြင့်ကြောက်တတ်သူပင်။ သို့သော် ချီပိုင် ရှေ့တွင်မူ သူမသည် မိမိ၏ အောက်ခြေစည်းကို လျှော့ချကာ၊ သူမ၏ ရင်တွင်းမှ ကြောက်ရွံ့မှုကို ကျော်လွှားရန် ကြိုးစားလိုစိတ် ရှိခဲ့သည်။
သစ်သီးပင်ပေါ်ရှိ အကိုင်းအခက်များသည် တုန်ယင်လျက်ရှိရာ လုယန်ရန် ၏ နှလုံးသားသည်လည်း ထိုအကိုင်းအခက်များနှင့်အတူ တုန်လှုပ်နေခဲ့သည်။ သူမရှေ့တွင် တောက်ပသော အနီရောင် သစ်သီးများစွာသည် မှည့်မှည့်ရဲရဲ ဖြစ်နေပြီး နေရောင်အောက်တွင် တောက်ပသော အလင်းရောင်များ ရောင်ပြန်ဟပ်နေခဲ့သည်။
လုယန်ရန် သည် ကတ်ကြေးတစ်စုံကို ထုတ်ယူကာ သစ်သီးများကို ဂရုတစိုက် ဖြတ်ယူခဲ့သည်။
သစ်သီးပင်အောက်တွင် ချီပိုင် သည် လှေကားကို ကိုင်ထားသော်လည်း စိတ်များ မပါမလာဖြစ်နေခဲ့သည်။
သူသည် "သာယာရိုးရှင်းသော" အစီအစဉ်တွင် ဧည့်သည်အဖြစ် ပါဝင်ခွင့်ရရန် ရှုကျစ်ချောင် အား အတင်းအကျပ် လုပ်ခဲ့ရသည်။
ချီပိုင် သည် ဝမ်ရှန့် မီဒီယာ ၏ ရှယ်ယာရှင်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် "Chasing Dreams" ဖြင့် နာမည်ကျော်ကြားလာခဲ့ပြီး ငွေကြေးများကို လျင်မြန်စွာ ရရှိခဲ့သည်။ နောက်ပိုင်းတွင် စာချုပ်ဖျက်သိမ်းရန် ခြိမ်းခြောက်ကာ ဝမ်ရှန့် မီဒီယာ ၏ ဥက္ကဋ္ဌအား ကုမ္ပဏီ၏ ရှယ်ယာများကို ပေးစေခဲ့သည်။
ကြယ်ပွင့်များဟူသည် လူငယ်ဘဝအတွက် အလုပ်တစ်ခုပင် ဖြစ်သည်။ ချီပိုင် သည် မိမိ၏ အခြေအနေကို သိရှိပြီး မိမိအတွက် ထွက်ပေါက်တစ်ခုကို အမြန်ဆုံး စီစဉ်ထားရမည်ကို နားလည်ထားသည်။
ချီပိုင် သည် မကြာသေးမီက သူ၏ အနုပညာလုပ်ငန်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
သူ့တွင် ပါရမီ အကန့်အသတ်ရှိသည်။ သူ့နောက်ကွယ်တွင် မူရင်းတေးဂီတပညာရှင်အဖွဲ့တစ်ဖွဲ့ ရှိနေသော်လည်း "Chasing Dreams" ကဲ့သို့ ကောင်းမွန်သော လက်ရာများကို ရေးသားနိုင်ခြင်း မရှိပေ။
အင်အားမကောင်းလျှင် အခြားနည်းလမ်းကို ရှာဖွေရမည်။
မျက်နှာပြင်ပေါ်တွင် ကျင်ရိဖန် ကို ထပ်မံမြင်တွေ့ရသောအခါ ချီပိုင် သည် ယခု ထွန်းကားနေသော အနုပညာရှင်သစ်သည် ယခင်က ထူးချွန်သော အဆိုတော်သစ် ဖြစ်သည်ဟု ရာနှုန်းပြည့် သေချာခဲ့သည်။
ကျင်ရိဖန် ၏ ခိုးယူကူးချမှု ဆိုင်ရာ မကောင်းသတင်းများကို ဖော်ထုတ်ခြင်းဖြင့် လူတိုင်းသည် ချီပိုင် "Chasing Dreams" ဖြင့် ဂီတလောကကို လွှမ်းမိုးခဲ့သည့် ခေတ်ကို လွမ်းဆွတ်စေနိုင်ပြီး၊ သူ့အား ပြန်လည်နာမည်ကြီးစေနိုင်ပါသည်။
ထို့ကြောင့် ချီပိုင် သည် ရှုကျစ်ချောင် ၏ နောင်ရေးကို အပေးအယူလုပ်ကာ ဤ ဖျော်ဖြေရေးအစီအစဉ် ကို စွန့်လွှတ်ရန် သဘောတူစေခဲ့ခြင်း ဖြစ်သည်!
ချီပိုင် သည် သူ၏ အစီအစဉ်ကို စဉ်းစားနေရင်း သူ၏လက်များ လျှော့သွားကာ လှေကားကို မကိုင်ထားမိတော့ပေ။
လုယန်ရန် မှာ ချော်လဲကာ သစ်သီးပင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
Live ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များသည် အသက်ရှုပင် ရပ်သွားကြသည်။
ကံကောင်းစွာပင် လုယန်ရန် သည် ငယ်စဉ်ကတည်းက ဘဲလေး သင်ယူခဲ့သောကြောင့် သူမ၏ ခန္ဓာကိုယ် ဟန်ချက်ညီမှုနှင့် ပျော့ပြောင်းမှုမှာ အလွန်ကောင်းမွန်သည်။ သူမသည် အကိုင်းအခက်ကို လျင်မြန်စွာ ဆုပ်ကိုင်ကာ ပြုတ်ကျခြင်းမှ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော်လည်း သူမ၏ လက်ဖဝါးတွင် ရှည်လျားသော ဒဏ်ရာတစ်ခု ရရှိသွားခဲ့ပြီး၊ ထိုဒဏ်ရာမှာ စူးရှနာကျင်ကာ ရင်ထဲ နင့်သွားစေခဲ့သည်။
[အိုးမိုင်ဂေါ့! ငါ ခုနက တကယ် ကြောက်သွားတာ! ဒီလောက်အမြင့်က ပြုတ်ကျရင် မသေတောင် မသန်မစွမ်းဖြစ်သွားမှာနော်!]
[ဒါ ချီပိုင် က လှေကားကို သေချာမကိုင်လို့လေ! ယန်ရန် က ဒီလောက်အမြင့်ကို တက်ရတာတောင် ဒုက္ခရောက်နေတာ၊ ဒါတောင် ဒီလိုကိစ္စလေးကို မလုပ်နိုင်ဘူးလား!]
[ချီပိုင် က လုယန်ရန် ကို သစ်ပင်တက်ခိုင်းတုန်းက ငါ အရမ်းစိတ်မကောင်းဖြစ်ခဲ့တာ၊ လုယန်ရန် က သူ့ကို ကြိုက်နေလို့ မဟုတ်ဘူးလား?]
[အားလုံးပဲ၊ ငြင်းခုံတာ ရပ်ကြပါတော့လား! ယန်ရန် က ချီပိုင် ကို ဒီလောက်ချစ်နေတာကို၊ မင်းတို့ မှတ်ချက် တွေကို မြင်ရင် ဘယ်လောက် စိတ်မကောင်းဖြစ်မလဲ!]
…
ချီပိုင် မှာလည်း ကြောက်လန့်ကာ ချွေးအေးများပင် ပြန်လာခဲ့သည်။ သူသည် လုယန်ရန် အား လျင်မြန်စွာ တောင်းပန်ခဲ့သည်။
လုယန်ရန် မှာမူ ထိတ်လန့်မှုမှ မပြေသေးဘဲ ရှိနေခဲ့သည်။ သူမသည် သစ်ပင်ပင်စည်ပေါ်တွင် ထိုင်၍ အသက်ရှုသွင်းရှုထုတ် အကြိမ်များစွာ လုပ်ပြီးမှ စိတ်တည်ငြိမ်လာခဲ့သည်။
"ချီပိုင် ကော ကျွန်မ အဆင်ပြေပါတယ်~" လုယန်ရန် သည် အပြုံးအတုဖြင့် ချီပိုင် အား ပြုံးပြုံးလေး နှစ်သိမ့်လိုက်သည်။
သူမသည် လှေကားမှ ဆင်းလာခဲ့သည်။ အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း သူမ၏ လက်ဖဝါးများမှာ မသိစိတ်မှပင် ချွေးများဖြင့် ရွှဲစိုနေခဲ့သည်။
လူနှစ်ဦးလုံး ခဏနားရန် ဆုံးဖြတ်ခဲ့ကြသည်။ လုယန်ရန် သည် ဘေးသို့သွား၍ ရေကို "ဒူဒူဒူဒူ" ဟု အသံမြည်အောင် သောက်ကာ ဒဏ်ရာအား ကုသပေးရန် အဖွဲ့သား အား အကူအညီတောင်းခဲ့သည်။
ချီပိုင် သည် ကင်မရာကို ရှောင်ရှားကာ သစ်သီးပင်တစ်ပင်၏ နောက်သို့ သွား၍ သူ၏ အေးဂျင့် အား ခေါ်ဆိုခဲ့သည်။
ချီပိုင် ၏ အေးဂျင့် မှာ မိန့်ဟောင် ဖြစ်သည်။ သူသည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်မလာခဲ့သော်လည်း ကုမ္ပဏီတွင် အလုပ်များကို လုပ်ဆောင်နေခဲ့သည်။ အစီအစဉ်၏ Live ထုတ်လွှင့်မှု စတင်သောအခါ သူသည် အလုပ်လုပ်ရင်း Live ထုတ်လွှင့်မှု ကို ကြည့်ရှုနေခဲ့သည်။
ရှဲ့ကျစ်ရှင်း နှင့် ကျင်ရိဖန် တို့သည် ညီအစ်ကိုဝမ်းကွဲများဖြစ်ကြောင်း သိရှိရသောအခါ မိန့်ဟောင် သည် ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ သူတို့ လုံးဝမျှော်လင့်မထားခဲ့သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သူသည် ချီပိုင် အား အလျင်အမြန် ခေါ်ဆိုခဲ့သော်လည်း တစ်ဖက်မှ အလုပ်များနေသော ဖုန်းသံသာ ကြားရသည်။ မိန့်ဟောင် သည် ချီပိုင် ပြန်ခေါ်သည်အထိ စောင့်ဆိုင်းရတော့သည်။
ဖုန်းမြည်သည်နှင့် မိန့်ဟောင် သည် ချက်ချင်း ဖုန်းကို ပြန်ဖြေကာ
"ဖျော်ဖြေရေးအစီအစဉ် က ဘာအခြေအနေရှိလဲ၊ ရှဲ့ကျစ်ရှင်း နဲ့ ကျင်ရိဖန် က ညီအစ်ကိုဝမ်းကွဲတွေဆိုရင် ဒီသတင်းကို ထုတ်ဖော်သင့်သေးလား"
"ဖော်ထုတ်! ဘာဖြစ်လို့ မဖော်ထုတ်ရမှာလဲ”
ချီပိုင် သည် သွားများကြိတ်၍ ပြောလိုက်သည်။ သူသည်လည်း ရှဲ့ကျစ်ရှင်း က အနှောင့်အယှက် ဖြစ်လာမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ရှဲ့ကျစ်ရှင်း ၏ အလွန်မြင့်မားသော ကျော်ကြားမှုနှင့် လူကြိုက်များမှုကြောင့်သာ အင်တာနက်အသုံးပြုသူများသည် ကျင်ရိဖန် အား လွှတ်ပေးကြမည်လော။
"ရှဲ့ကျစ်ရှင်း မှာ သက်သေအထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျင်ရိဖန် ခိုးချထားတယ်ဆိုတာကတော့ အမှန်တရားပဲ! ငါတို့ ဘာကို ကြောက်စရာလိုလို့လဲ"
မိန့်ဟောင် က စဉ်းစားပြီးနောက်
"ငါတို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေသမျှတော့၊ အင်တာနက်အသုံးပြုသူတွေက ငါတို့ဘက်က ရပ်တည်နေမှာပဲ!" ဟုဆိုသည်မှာ မှန်ကန်သည်ဟု ခံစားရသည်။
"ကျင်ရိဖန် ရဲ့ ပထမဆုံး 'မူရင်းသီချင်းပြိုင်ပွဲ’ မှာ ပါဝင်ခဲ့တဲ့ ဗီဒီယိုကို ရှာတွေ့ပြီလား"
"တွေ့ပါပြီ" ဟု မိန့်ဟောင် က ပြန်ဖြေသည်။
ကျင်ရိဖန် သည် ထိုနှစ်က အဆိုတော်သစ်ဖြစ်ကြောင်း သက်သေပြရန် မိန့်ဟောင် သည် ကျင်ရိဖန် ပြိုင်ပွဲဝင်ခဲ့သည့် ဗီဒီယိုကို ရှာဖွေခဲ့သည်။ သို့သော် "မူရင်းသီချင်းပြိုင်ပွဲ" ကို မည်သူဝယ်ယူသွားသည် မသိရဘဲ အင်တာနက်ပေါ်ရှိ ဗီဒီယိုအားလုံးကို ဖယ်ရှားပစ်ခဲ့သောကြောင့် အချိန်အကြာကြီး ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ ငါးနှစ်အကြာက ဖျော်ဖြေရေးလောကသည် ယခုလောက် မဖွံ့ဖြိုးသေးသလို ကျင်ရိဖန် ပြိုင်ပွဲဝင်ခဲ့သည့် ထိုနှစ်က သူ့ဆံပင်ကို အစိမ်းရောင်ဆိုးထားခဲ့ရာ ယခုလက်ရှိနှင့် လုံးဝမတူညီခဲ့ပေ။
"ကျင်ရိဖန် ဖိုင်နယ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗီဒီယိုကို ကျွန်တော် ရှာတွေ့ပြီ၊ သူ့မျက်နှာကိုပါ မှတ်တမ်းတင်ထားတယ်၊ သူတို့က တစ်ယောက်တည်းပဲဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်!" ဟု မိန့်ဟောင် က စိတ်လှုပ်ရှားစွာ ပြောသည်။
"ခင်ဗျား အဆင်ပြေတယ်လို့ ထင်ရင် ကျွန်တော် အခုပဲ marketing account တွေကို ဆက်သွယ်ပြီး ဒီဗီဒီယိုကို ဖြန့်လိုက်တော့မယ်!"
"ဖြန့်လိုက်တော့! အစီအစဉ်က ခုချိန် အပူဆုံးပဲ၊ ဒီအချိန်မှာ ဒီလိုဖော်ထုတ်လိုက်ရင် ရေစီးကြောင်းနဲ့လိုက်ပြီး လူကြိုက်များမှုကို အခွင့်ကောင်းယူနိုင်တာပေါ့”
ချီပိုင် ၏ နှုတ်ခမ်းများက အောင်မြင်မှုအပြုံးဖြင့် ကွေးညွတ်သွားသည်။
"ကမ္ဘာက ကျင်ရိဖန် ရဲ့ တကယ့်မျက်နှာကို မြင်ဖို့ အချိန်တန်ပြီ” ချီပိုင် ဖုန်းချလိုက်သည်။
သိပ်မဝေးသော နေရာရှိ သစ်သီးပင်တစ်ပင်၏ နောက်ကွယ်တွင် ရှချန်းချန်း သည်လည်း အသံဖမ်းစက်ကို ပိတ်လိုက်သည်။
အသုံးဝင်သော သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ယခုအခါ ချီပိုင် သည် မိမိကိုယ်ကို "Dream Chaser" ၏ မူရင်းဖန်တီးသူအဖြစ် လုံးဝမှတ်ယူထားပြီး သူခိုးယူကူးချခဲ့သည့် အရာအားလုံးကို ဖျောက်ဖျက်ထားခဲ့သည်။
ချီပိုင် ထွက်ခွာပြီးနောက် ရှချန်းချန်း သည်လည်း ထွက်ခွာရန် စီစဉ်ခဲ့သည်။
ရုတ်တရက် အမျိုးသမီးတစ်ဦး၏ အသံသည် နောက်ကွယ်မှ ထွက်ပေါ်လာသည်။ "ရှချန်းချန်း၊ နင် ဒီကို ဘာလာလုပ်တာလဲ”
ရှချန်းချန်း: !!!
စနစ်: !!!
ဤမျှ ရင်းနှီးသော အသံ၊ ဤမျှ ရင်းနှီးသော ခံစားမှု... ရှချန်းချန်း မှာ ကြောက်ရွံ့စွာ လှည့်ကြည့်လိုက်ရာ သူမနောက်ကွယ်တွင် နားမလည်နိုင်သော အမူအရာဖြင့် လုယန်ရန် ကို တွေ့မြင်လိုက်ရသည်။
သူမ ဘယ်လိုလုပ်ပြီး သူ့ရဲ့ ဟန်ဆောင်ထားတာကို ထပ်ပြီး မြင်သွားရတာလဲ!
ဘာလို့လဲ!
လုယန်ရန် မှာ မျက်မှောင်ကြုတ်လျက်
“နင်ကို ငါ ကြာပြီ ကြည့်နေတာ! နင်..."
သူမ စကားမဆုံးမီ ရှချန်းချန်း သည် လုယန်ရန် ၏ ပါးစပ်ကို ပိတ်ရန် အလျင်အမြန် ရှေ့သို့ တိုးသွားသည်။ ၁.၇၅ မီတာ အရပ်ရှည်သော အမျိုးသားသည် ၁.၆၅ မီတာရှိသော လုယန်ရန် ဟူသည့် လိုလီလေးအား ဖိထားလိုက်ရာ လုယန်ရန် မှာ "ဝူး ဝူး ဝူး" ဟူ၍ နှစ်ကြိမ်သာ အသံပြုနိုင်ခဲ့သည်။
ရှချန်းချန်း သည် လုယန်ရန် ၏ လည်ပင်းကော်လံရှိ အသံဖမ်းစက် ပုန်းခိုနေသော ပျားငယ်လေးကို ကြည့်လိုက်သည်။ ကံကောင်းစွာပင် အနားယူချိန်တွင် ထိုပျားငယ်လေး ပိတ်ထားခဲ့သည်။
လုယန်ရန် ၏ ပါးစပ်ကို ဖုံးအုပ်ထားသဖြင့် သူမ မပြောနိုင်သော်လည်း ရှချန်းချန်း အား စိုက်ကြည့်ခြင်းကို မရပ်တန့်ခဲ့ပေ။
လုယန်ရန်: ရှချန်းချန်း! နင် ဘာလုပ်နေတာလဲ! ဒီလို ဆက်လုပ်နေရင် ငါ ဒါရိုက်တာယွီ ကို ဖုန်းဆက်လိုက်မှာနော်!
ရှချန်းချန်း မှာ ထပ်မံ ထိတ်လန့်သွားခဲ့သည်။
ဒါရိုက်တာယွီ ကို ရှဲ့ကျစ်ရှင်း ရှေ့မှာ ခေါ်လိုက်ရင်တော့ သူ့ရဲ့ ဟန်ဆောင်မှုက သေချာပေါက် ပေါ်သွားမှာပေါ့။
ရှချန်းချန်း သည် မျက်လုံးလှန်ကြည့်လိုက်ရာ အစီအစဉ်တစ်ခု သူမ၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူမသည် စိတ်လှုပ်ရှားဟန် ဆောင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
"နင်က ပရိသတ်တွေ လျော့ပြီး အဆိုးမြင်မှတ်ချက်တွေ ရလာစေမယ့် စကားမျိုးတွေ ပြောမှာကို စိုးရိမ်တယ် မသိဘူးလား၊ ငါတို့ရိုက်ကူးရေးအဖွဲ့ကလည်း ဒီနားမှာပဲ လေ့ကျင့်ရေးဆင်းနေပြီး လျှို့ဝှက်ရိုက်ကူးနေတာ၊ ငါတို့ ပြောတဲ့စကား၊ လုပ်တဲ့အပြုအမူ အားလုံးကို ကွင်းနောက်ကွယ်က မှတ်တမ်းဗီဒီယို ထဲမှာ ပြန်ဖြတ်တည်းဖြတ်ပြီး ထည့်သွင်းလိမ့်မယ်!”
လုယန်ရန်: ဟင်? ဒါ တကယ်လား?
လုယန်ရန် ၏ မျက်လုံးများက ရှချန်းချန်း ကို သူမ မယုံကြည်ကြောင်း ထင်ရှားစွာ ပြသနေခဲ့သည်။
ရှချန်းချန်း မှာ ဂရုမစိုက်ဟန် ပခုံးတွန့်ပြကာ လုယန်ရန် ကို လွှတ်ပေးလိုက်သည်။
"နင့်သဘောပဲ! ဘာပဲဖြစ်ဖြစ် ငါကတော့ အဆင်ပြေတယ်၊ နင်က အထက်စီးဆန်ဆန်လုပ်ပြီး ကွင်းနောက်ကွယ်က မှတ်တမ်းဗီဒီယို ထဲ ပါသွားရင် အဲဒါ နင့်အလုပ်၊ ငါနဲ့မဆိုင်ဘူး"
သူမ ဤသို့ ပြုမူလိုက်သောအခါ လုယန်ရန် မှာ အနည်းငယ် သံသယဝင်လာခဲ့သည်။ သူမ၏ အပြောအဆိုနှင့် အမူအရာများမှာ အများကြီး ထိန်းချုပ်ထားပုံ ပိုရလာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ဤသည်မှာ သစ်သီးခြံဖြစ်ပြီး သစ်ပင်များသည် နေရာတိုင်းတွင် ရှိနေရာ ပုန်းအောင်းရန် ကောင်းမွန်လှသည်။ မည်သည့် သစ်ပင်နောက်ကွယ်တွင် ဓာတ်ပုံဆရာ လိုက်ပါနေသည်ကို ပြောရန် ခက်ခဲလှသည်!
လုယန်ရန်: "ဒါက နင်အရင်တစ်ခေါက် ရိုက်ခဲ့တဲ့ ကျေးလက်ဒရာမာ အတွက် ဝတ်စုံမဟုတ်ဘူးလား? ဘာလို့ အရင်တစ်ခေါက်နဲ့ မတူရတာလဲ?"
"S-level ထုတ်လုပ်ရေးမှာ မိတ်ကပ်ကို တစ်ခါတည်းနဲ့ ပြီးသွားတာမျိုး နင် မြင်ဖူးလား? ငါတို့ ဒါရိုက်တာက အစစအရာရာ ပြည့်စုံမှ ကြိုက်တဲ့သူ!”
ရှချန်းချန်း မှာ ဂရုမစိုက်ဟန် ပြောပြီးနောက် တိုးတိုးလေး ဆက်ပြောသည်။
"ငါ နင့်ကို ပြောပြတာက ဒီတစ်ခါ ငါ ဒါရိုက်တာလီ ရဲ့ အလုပ်ကို လက်ခံထားတယ်၊ ငါ့ရဲ့ ဇာတ်ရုပ်က ဖျော်ဖြေရေးအစီအစဉ် ဒါရိုက်တာရဲ့ လက်ထောက်၊ ဒါကြောင့် ဒါရိုက်တာလီ က ငါ့ကို “သာယာရိုးရှင်းသောဘဝ” ရဲ့ ထုတ်လုပ်ရေးအဖွဲ့ထဲကို ကြိုပြီး လေ့လာဖို့ ထည့်ပေးထားတာ!”
လုယန်ရန် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒါရိုက်တာလီ! ထိုသူကား ဒါရိုက်တာလီ! အော်စကာဆုရှင် ဒါရိုက်တာလီ!
"ရှန်းကျွယ်" သည် လက်ရှိ ပြည်တွင်း S-အဆင့် ထုတ်လုပ်ရေး ဖြစ်လျှင် ဒါရိုက်တာလီ ၏ ရုပ်ရှင်ကားသည် နိုင်ငံတကာ S-အဆင့် ထုတ်လုပ်ရေး ပင် ဖြစ်သည်။
ဒါရိုက်တာလီ နှင့် အတူ သရုပ်ဆောင်နိုင်ခြင်းသည် ရာထူးတိုးခြင်းပင် ဖြစ်သည်။ "ရှန်းကျွယ်" ကို ဘယ်သူက ဂရုစိုက်တော့မှာလဲ။
လုယန်ရန် မှာ ချက်ချင်း ယုံကြည်သွားခဲ့သည်။ "ဒီနားမှာ ဓာတ်ပုံစတူဒီယိုတွေ တကယ်ရှိတာပေါ့နော်"
ရှချန်းချန်း မှာ စိတ်ဓာတ်ကျဟန်၊ စိတ်အနှောင့်အယှက်ဖြစ်ဟန် ဆောင်ကာ
"ဒါပေါ့ ဒါရိုက်တာလီ က ငါ့ရဲ့ လေ့ကျင့်မှု ရလဒ်တွေကို မြင်ချင်တာ၊ တကယ်လို့ အဆင်မပြေရင် ငါ အစားထိုးခံရနိုင်တယ်"
ထို့နောက် ရှချန်းချန်း သည် လုယန်ရန် အား လျှို့ဝှက်စွာ ကြည့်လိုက်ရာ သူမ ယုံကြည်နေပြီဖြစ်ကြောင်း မြင်သောအခါ မီးမောင်းထိုးပေးလိုက်သည်။
"ပြီးတော့ ငါတို့ရဲ့ ဇာတ်လိုက်မင်းသမီးတောင် လေ့ကျင့်ရေးကာလမှာ စွမ်းဆောင်ရည် ညံ့လို့ အစားထိုးခဲ့တာ၊ အခု ဒါရိုက်တာလီ က သင့်တော်တဲ့ ဇာတ်လိုက်မင်းသမီးတစ်ယောက်ကို တိတ်တိတ်လေး ရှာနေတာ!"
လုယန်ရန် မှာ အလွန်စိတ်လှုပ်ရှားသွားသည်။ "နင့်ရဲ့ ဇာတ်လိုက်မင်းသမီးက ဘယ်လို စရိုက်မျိုးလဲ”
"မှတ်မိသလောက်တော့..." ရှချန်းချန်း ခဏစဉ်းစားပြီးနောက်
"ဇာတ်ညွှန်းထဲမှာ ဇာတ်လိုက်မင်းသမီးကို နှုတ်သီးကောင်းလျှာပါးပြီး ပတ်ဝန်းကျင်ကလူတွေကို ခေါင်းကိုက်အောင် လုပ်တဲ့ ကြယ်ပွင့်တစ်ယောက်လို့ ဖော်ပြထားတယ်…”
ရှချန်းချန်း သည် လုယန်ရန် ကို မထီမဲ့မြင် ကြည့်လိုက်ပြီး "နင်ကတော့ လုပ်နိုင်မှာမဟုတ်ဘူး၊ နင် ချီပိုင် နောက် ဘယ်လို လိုက်နေလဲ ကြည့်ဦး၊ ခွေးတစ်ကောင်လိုပဲ၊ ငါတို့ရဲ့ ဇာတ်လိုက်မင်းသမီးနဲ့ ဘာမှ မတူဘူး!"
လုယန်ရန် မှာ ခါးကို မတ်လိုက်ကာ မကျေနပ်ဟန်ဖြင့် "မကြိုးစားဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ! နှုတ်သီးကောင်းလျှာပါးတာများ ဘာခက်လို့လဲ”
"ချီပိုင် ကို ပြန်ပြောရဲလား" ရှချန်းချန်း က ခေါင်းခါရင်း
"ငါတော့ မယုံပေါင်"
"မဟုတ်ဘူး! လုပ်နိုင်တယ်!" လုယန်ရန် သည် လက်သီးဆုပ်ကာ
"နောက်မှ အမှန်တရားကိုသိရင် ချီပိုင် ကော က ခွင့်လွှတ်ပေးမှာပါ"
တစ်ဖက်တွင် ချီပိုင် က လုယန်ရန် အား ဆက်လက်ရိုက်ကူးရန် ခေါ်လိုက်သည်။
"လာပြီ!"
လုယန်ရန် သည် ကျယ်လောင်စွာ ပြန်ဖြေပြီးနောက် လှည့်ကာ ရှချန်းချန်း ၏ လက်ကို ဆွဲကိုင်၍ တိုးတိုးလေး ပြောလိုက်သည်။
"ဒီတစ်ခါတော့ နင်ပြောတဲ့ ဇာတ်ရုပ်အတိုင်း ဖျော်ဖြေရေးအစီအစဉ် ကို ရိုက်မယ်၊ နောက်ကျရင် ဒါရိုက်တာလီ ကို စကားကောင်းလေးတွေ ပြောပေးဖို့ မမေ့နဲ့နော်!"
ရှချန်းချန်း မှာ ရှက်ရွံ့သော အမူအရာကို ပြသကာ "ဒါကတော့..."