အခန်း (၂၈)
Vol. 3 Ch. 28
28
ရှဲ့ကျစ်ရှင်း သည် အပန်းဖြေတဲလေးထံသို့ ပြန်ရောက်လာခဲ့သည်။
မီးဖိုချောင်ထဲ၌ ကျင်ရိဖန် တစ်ယောက် ကျေးလက်မီးဖိုနှင့် နပန်းလုံးနေသည်ကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားမိသည်။ ကျင်ရိဖန် သည် ထင်းများကို အကြာကြီး မှုတ်နေသော်လည်း မီးမတောက်ဘဲ မျက်နှာတစ်ခုလုံး ဖုန်များဖြင့် ဖုံးလွှမ်းနေသည်။
ကျင်ရိဖန် ချောင်းနှစ်ချက် ဆိုးလိုက်ပြီးနောက် စိတ်တိုတိုဖြင့် မီးမှုတ်ပိုက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ အော်လိုက်သည်။
"ဒီဟာကြီးနဲ့ ဘယ်လိုလုပ် မီးတောက်မှာလဲ၊ အလုပ်လည်း မဖြစ်ဘူး”
ရှဲ့ကျစ်ရှင်း ပြန်လာသည်ကို မြင်သောအခါ သူက မကျေမနပ်ဖြင့် ပြောသည်။
"ကော၊ ဂျေးများမနေနဲ့၊ ဘာပဲဖြစ်ဖြစ် စားလိုက်တော့!"
ထိုအချိန်၌ ပိုင်ရှုချန်က ပိုင်ချိုးချိုး ကို ခေါ်ကာ မီးဖိုချောင်သို့ ရောက်ရှိလာသည်။ ကျင်ရိဖန် ၏ မရှုမလှ ပုံစံကို မြင်သောအခါ ရယ်မောမိတော့သည်။
"ကျင်ရိဖန်၊ မင်းကို ဒီမီးဖိုချောင်မှာ ချက်ရမယ်လို့ ဘယ်သူပြောလဲ၊ ဒီမီးဖိုချောင်က ဒီနေရာမှာ သုံးရတာ အခက်ခဲဆုံးပဲ"
ကျင်ရိဖန် မျက်လုံးပြူးသွားပြီး မေးလိုက်သည်။
"တခြား မီးဖိုချောင်တွေ ရှိသေးတာလား"
"ရိဖန်ကော၊ ဒီမှာ မီးဖိုချောင်သုံးခုရှိတယ်”
ပိုင်ချိုးချိုးသည် လက်ချောင်းလေးများဖြင့် ရေတွက်ပြရင်း ရှင်းပြသည်။
"ဒါပေမဲ့ ဂိမ်းတစ်ခု ကစားရမယ်၊ အနိုင်ရတဲ့အဖွဲ့ကပဲ ရွေးချယ်ခွင့်ရှိတာ”
ဆယ်မိနစ်ခန့် ကြာပြီးနောက် ပိုင်ရှုချန် သည် ရှဲ့ကျစ်ရှင်း နှင့် ကျင်ရိဖန် တို့ကို အပန်းဖြေဝင်းသို့ ခေါ်ဆောင်လာခဲ့သည်။
အပန်းဖြေဝင်းသည် အိမ်အသီးသီးကို ဝန်းရံထားသည်။ ခြံဝင်းထဲ၌ နှစ်တစ်ရာနီးပါး သက်တမ်းရှိ ရှေးဟောင်းသစ်ပင်ကြီးနှစ်ပင် ရှိပြီး၊ တစ်ပင်မှာ ညောင်ပင်ဖြစ်၍ ကျန်တစ်ပင်မှာ တရုတ်စကားပန်းပင် ဖြစ်သည်။ ဘေးဘက်တွင် ကြက်၊ ဘဲ၊ ငန်း စသည့် ကြက်ငှက်များ မွေးမြူရန် မြေကွက်အနည်းငယ်ကို ပိုင်းခြားထားသည်။
ရှဲ့ကျစ်ရှင်း တို့ အပန်းဖြေဝင်းသို့ ရောက်ရှိလာသောအခါ ချီပိုင် နှင့် လုယန်ရန် တို့သည် ဝင်းအတွင်းရှိ တဲအောက်၌ အေးအေးလူလူ လက်ဖက်ရည် သောက်လျက် ရှိနေကြသည်။
ပိုင်ချိုးချိုးသည် နှာခေါင်းရှုံ့ကာ လှည့်ပတ်နမ်းကြည့်ပြီး ပိုင်ရှုချန် ကို မော့ကြည့်ကာ မေးလိုက်သည်။
"ဖေဖေ၊ ထူးဆန်းတဲ့ အနံ့တစ်ခုခု ရလား၊ တစ်ယောက်ယောက် ချေးတွင်းထဲ ကျပြီး ရေမချိုးထားသလိုပဲ”
ချီပိုင်: !!!
ချီပိုင်၏ မျက်နှာသည် ရုတ်တရက် နီရဲလိုက်၊ ဖြူဖျော့လိုက်ဖြင့် ပြောင်းလဲသွားသည်။ နေ့လယ်က သူ ချေးတွင်းထဲသို့ ကျသွားခဲ့သည့် အဖြစ်အပျက်များက သူ့စိတ်ထဲ၌ ပြန်လည် ထင်ဟပ်နေဆဲဖြစ်သည်။
သူသည် ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ရေချိုးထားပြီး ရေမွှေးတစ်ပုလင်းနီးပါး ဖျန်းထားပါလျက် ဘာလို့ အနံ့ထွက်နေသေးတာလဲ။
လုယန်ရန် မှာမူ ဘာတစ်ခွန်းမျှ မပြောဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ချီပိုင် ချေးတွင်းထဲ ကျရခြင်း၏ အကြောင်းရင်းမှာ သူမကြောင့်ပင် ဖြစ်သောကြောင့် ဖြစ်သည်။ အပြန်လမ်းတွင် သူမသည် ချီပိုင် ကို တောင်းပန်နေခဲ့ရာ ရှချန်းချန်း ပြောခဲ့သည့် ဆိုးသွမ်းသော အမျိုးသမီးဇာတ်ဆောင်အကြောင်းကို လုံးဝမေ့လျော့နေခဲ့ပြီဖြစ်သည်။
ပိုင်ချိုးချိုး က မျက်နှာရှုံ့မဲ့ကာ "အသက်ကကြီးနေပြီ၊ ဒါတောင် သန့်သန့်ရှင်းရှင်း မနေချင်ဘူး၊ အရမ်းနံတာပဲ ရှက်စရာကြီး”
ချီပိုင် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်ပြီး အော်လိုက်သည်။
"ငါ ချိုးပြီးပြီ၊ ခြောက်ခါတောင် ချိုးထားတာ”
ပိုင်ချိုးချိုး: ? ? ?
ကျန်သော ဧည့်သည်များမှာလည်း ချီပိုင် ကို နားမလည်စွာ ကြည့်နေကြသည်။ သူတို့သည် နေ့လယ်ပိုင်းမှာ မိမိတို့၏ လုပ်ငန်းများကို လုပ်ဆောင်နေကြသဖြင့် သစ်သီးခြံထဲ၌ ဘာဖြစ်ခဲ့သည်ကို မသိကြပေ။ ချီပိုင် ၏ အဖြေကြောင့် သူတို့မှယ အလွန်အမင်း စိတ်ရှုပ်ထွေးသွားကြသည်။
အဖြစ်မှန်ကို သိရှိကြသော ဝန်ထမ်းများသည် ရယ်မောခြင်းကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။ အလုပ်လုပ်နေစဉ် ရယ်မောခြင်းသည် မှားယွင်းသော်လည်း ချီပိုင် ချေးတွင်းထဲ ကျသွားခြင်းနှင့် သရဲကြောက်သော လုယန်ရန် က ပြန်ပြီး ရိုက်နှက်လိုက်သည့် မြင်ကွင်းကို စဉ်းစားလိုက်သောအခါ အလွန်ပင် ရယ်စရာကောင်းလှသည်။
ပိုင်ချိုးချိုး သည် အတွင်းကျကျ အဖြစ်အပျက်များကို မသိရှိပေ။ သူသည် ချီပိုင် ၏ အဖြေကို ရိုးသားစွာ နားထောင်လိုက်ပြီး မျက်လုံးပြူးသွားကာ ပြောလိုက်သည်။
"ချီပိုင် ကော၊ ကောက ဒီကြက်နဲ့ဘဲတွေကို ခြောက်ခါ ရေချိုးပေးထားတာလား၊ ကော အရမ်းကို အလုပ်ကြိုးစားတာပဲ"
"?"
ချီပိုင် အံ့အားသင့်သွားပြီး ပြန်မေးသည်။
"ကြက်တွေနဲ့ ဘဲတွေ"
"ဟုတ်တယ်!"
ပိုင်ချိုးချိုး က ဘေးနားရှိ ကြက်ငှက်မွေးမြူရေးနေရာကို လက်ညှိုးထိုးပြကာ
"ဒီကြက်၊ ဘဲ၊ ငန်းတွေက နေ့တိုင်း စားဖို့ပဲသိတယ်၊ ရေချိုးဖို့ မသိဘူး အရမ်းပျင်းတာပဲ၊ ဖေဖေက ပြောတယ် သန့်ရှင်းတဲ့ တိရစ္ဆာန်လေးတွေ မဟုတ်ဘူးတဲ့”
"ဒါပေမဲ့ ကော၊ ကောက သူတို့ကို ဒီလောက် ခဏခဏ ရေချိုးပေးထားတာတောင် ဘာလို့ အနံ့ထွက်နေသေးတာလဲ"
ပိုင်ချိုးချိုး သည် သူ့ခြေတိုလေးများဖြင့် ချီပိုင် ထံသို့ ပြေးသွားကာ သူ့ကို နမ်းကြည့်လိုက်သည်။
"သိပြီ၊ ချီပိုင်ကော.. ကော ရေချိုးပေးတာတောင် သူတို့က ချီးနံ့တွေ နံနေတာဖြစ်ရမယ်၊ သူတို့က ချေးပုံကြီး ဖြစ်သွားတာပဲ"
မူလက ကျင်ရိဖန် ကို ဆဲဆိုနေကြသော မှတ်ချက်များမှာ ယခုအခါ ရယ်မောနေကြပြီ ဖြစ်သည်။
[ဟားဟားဟားဟား!!!!]
[ဘာ ချေးပုံကြီးလဲ!!!]
[ဆိုလိုတာက၊ မင်းရှေ့က ချီပိုင် ကော ရဲ့ ကိုယ်ပေါ်မှာ တကယ်တမ်း ချီးတွေ ပေနေတာများ ဖြစ်နိုင်လား၊ ချိုးချိုး လေးရေ]
[ကြက်၊ ဘဲ၊ ငန်းတွေ နာမည်ပျက်ရပြီ၊ ချီးတွင်းထဲ ကျတာ ငါတို့မဟုတ်တာ သိသာနေတာပဲ၊ နံနေတာလည်း ငါတို့မဟုတ်ဘူး၊ ဘာလို့ အပြစ်ပုံချတာလဲ]
[ကြက်၊ ဘဲ၊ ငန်းများ: ဘဝရဲ့ မခံနိုင်ဝန်ကို ခံခဲ့ရပြီ]
…
ပိုင်ချိုးချိုး သည် မှတ်ချက် မှ လှောင်ပြောင်မှုများကို လုံးဝ မသိရှိဘဲ ချီပိုင် ကို အလေးအနက်ထား၍ ဆက်လက် ဆုံးမနေသည်။
"ချီပိုင် ကော၊ ကောက ကြက်၊ ဘဲ၊ ငန်းတွေကို ရေချိုးပေးတာ တော်ပေမဲ့ ကိုယ့်ဘာသာကိုယ်လည်း ရေချိုးရမယ်လေ၊ မဟုတ်ရင် ညစ်ပတ်နေလိမ့်မယ် ဒါက တခြားသူတွေကို အနံ့ထွက်စေလိမ့်မယ်၊ နားလည်လား!"
ချီပိုင် ၏ မျက်နှာ ဖြူဖျော့သွားပြီး "နားလည်ပါပြီ!" ဟုသာ တည်ငြိမ်စွာ ပြန်ဖြေနိုင်တော့သည်။
အားလုံး စကားပြောပြီး ဝန်ထမ်းများလည်း ဝဝလင်လင် ရယ်မောပြီးနောက် ဒါရိုက်တာယွီ ထွက်လာကာ ဤအချီ ဂိမ်း၏ စည်းကမ်းများကို ကြေညာခဲ့သည်။
ယနေ့ မီးဖိုချောင်ရွေးချယ်ရေး ဂိမ်းသည် အလွန်ရိုးရှင်းပါသည်။ ၎င်းမှာ 'Truth or Dare' ဂိမ်းပင် ဖြစ်သည်။ ဧည့်သည်များအားလုံး တဲနန်းအတွင်း၌ ဝိုင်းဖွဲ့ထိုင်ကြမည်ဖြစ်ပြီး၊ အလယ်စားပွဲငယ်ပေါ်၌ ဘီယာပုလင်းတစ်လုံးကို တင်ထားမည်။ ပုလင်းခေါင်း လှည့်လာသူသည် Truth သို့မဟုတ် Dare ကို ရွေးချယ်ရမည်ဖြစ်သည်။
Truth ကို မဖြေနိုင်ခြင်း သို့မဟုတ် Dare ကို မအောင်မြင်ပါက အစီအစဉ်အဖွဲ့မှ "ထွက်ပြီ" ဟု သတ်မှတ်မည်။ ပထမဆုံး ထွက်သူသည် 0 မှတ် ရရှိမည်ဖြစ်ပြီး၊ ဒုတိယထွက်သူသည် 1 မှတ်၊ ထိုသို့ စသည်ဖြင့် ရရှိကြမည်။ နောက်ဆုံး၌ အဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး၏ ရမှတ်များကို ပေါင်း၍ အမှတ်ပိုများသူသည် မီးဖိုချောင်ရွေးချယ်ခွင့် ရရှိမည်ဖြစ်သည်။
ဂိမ်းသည် မရှုပ်ထွေးသော်လည်း "သာယာရိုးရှင်းသောဘဝ" ဟူသော အဓိကအကြောင်းအရာနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။
ရှဲ့ကျစ်ရှင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဘေးနားရှိ ပိုင်ရှုချန် ကို မေးလိုက်သည်။
"ဘာလို့ ရုတ်တရက် ဒီဂိမ်းကို ကစားတာလဲ"
"ချီပိုင် က ဒါကို ဒါရိုက်တာယွီ ကို အကြံပေးခဲ့ပုံရတယ်၊ မီးဖိုချောင်ရွေးဖို့ သုံးလို့ရတာပေါ့”
ပိုင်ရှုချန် က ပြုံး၍ ပြောသည်။
"အားလုံး နေ့လယ်ကတည်းက ပင်ပန်းနေကြပြီ၊ ပြီးတော့ နောက်ကျရင်လည်း ထပ်ချက်ပြုတ်ရဦးမှာ၊ ရှုပ်ထွေးတဲ့ဂိမ်းနောက်တစ်ခု ထပ်ကစားဖို့ကတော့ များလွန်းအားကြီးတယ်!"
ဤသည်ကို ကြားသော် ရှဲ့ကျစ်ရှင်း သည် မျက်လုံးများကို ပင့်၍ မလှမ်းမကမ်းရှိ ချီပိုင် ကို ကြည့်လိုက်သည်။ မူရင်းသီချင်းပြိုင်ပွဲ၏ ဗီဒီယိုများ ပေါက်ကြားသွားသည်မှာ ချီပိုင် ကြောင့် ဟုတ်၊ မဟုတ် မဆုံးဖြတ်ရသေးသော်လည်း၊ ခိုးချသူနှင့် ခိုးချခံရသူတို့သည် ဤအစီအစဉ်၌ မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ ဂိမ်းကစားနေကြသည်။
ချီပိုင် သည် ဂိမ်းစည်းမျဉ်းများကို ဂရုတစိုက် နားထောင်နေသည်။ ပထမတစ်ချက်၌ သူသည် သတင်းပေါက်ကြားမှုနှင့် ပတ်သက်၍ ဘာမှမသိသကဲ့သို့ ပြုမူနေသည်။ သို့ရာတွင် သူ မည်မျှပင် ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြုမူလေလေ၊ ပို၍ပင် အပြစ်ရှိသကဲ့သို့ ထင်ရလေလေ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့သူ ဖြစ်ပြီး၊ အခြားသူများက မိမိ ပေါက်ကြားစေခဲ့သည်ကို မသိစေလိုသောကြောင့် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ခြင်း ဖြစ်သည်။ သို့သော် သူ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ခဲ့သောကြောင့် ရှဲ့ကျစ်ရှင်း လည်း ထိုအတိုင်း လိုက်ပါပြုမူခဲ့ရာ မည်သူကမျှ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ခြင်း မရှိပေ။
အစီအစဉ်မှူးအနေဖြင့် ပိုင်ရှုချန် သည် ပုလင်းကို ပထမဆုံး လှည့်သူ ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို ပိုမိုပျော်ရွှင်စေရန် တမင်ပင် နောက်ပြောင်ပြောဆိုလိုက်သည်။
"ချစ်ခင်ရပါသော ဧည့်သည်တော်များခင်ဗျာ၊ နောက်မှ မေးခွန်းတွေ မမေးခင် အခုပဲ ဆက်သွယ်ပြောဆိုလို့ ရပါသေးတယ်နော်၊ ဘယ်လိုလျှို့ဝှက်ချက်တွေကို မေးလာမလဲဆိုတာ ဘယ်သူသိမှာလဲ!"
လုယန်ရန် က ကျောကို မတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မမှာ ဘာ အမဲစက် မှ မရှိဘူး၊ မေးခံရမှာလည်း မကြောက်ပါဘူး"
ချီပိုင် ကလည်း ပြုံးလိုက်ပြီး ပြောသည်။
"ကျွန်တော့်အကြောင်း အများစုကို ပရိသတ်တွေ သိပြီးသား၊ ဒါကြောင့် မကြောက်ပါဘူး"
သူ ပြောရင်းဆိုရင်း ကျင်ရိဖန် ကို ဝိုးတဝါး ကြည့်လိုက်သည်။
ကျင်ရိဖန် သည် မျက်လုံးများကို အောက်သို့ ချထားပြီး ပြန်မတုံ့ပြန်ပေ။ ရှဲ့ကျစ်ရှင်း က ရှေ့သို့ တက်၍ ချီပိုင် ၏ အမြင်ကို ကွယ်လိုက်သည်။
ရှဲ့ကျစ်ရှင်း က ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဒီဂိမ်းရဲ့ အဓိက အနှစ်သာရက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ မဟုတ်ဘဲ၊ တစ်ဖက်လူကို မေးခွန်းတွေ မဖြေနိုင်အောင် ဒါမှမဟုတ် စွန့်စားခန်းကို မပြီးမြောက်နိုင်အောင် လုပ်ဖို့ပဲ ဖြစ်နိုင်တယ်"
ချီပိုင် ပြုံးလိုက်သော်လည်း သူ့မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု လျှပ်ခနဲ ဖြစ်ပေါ်သွားသည်။
"ဒါပေမဲ့ အဖြေရှာဖို့ အခက်ခဲဆုံးအရာက လူ့နှလုံးသားထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်လေ၊ ဟုတ်တယ်မလား”
သူ ပြောပြီးသောအခါ ကျင်ရိဖန် ကို တစ်ဖန် ကြည့်လိုက်သည်။
ရှဲ့ကျစ်ရှင်း က မှတ်ချက်မပေးဘဲ မျက်ခုံးပင့်လိုက်သည်။
"ဒါက အမြဲမှန်တယ်လို့ မဆိုနိုင်ဘူးလေ"
ဂိမ်း စတင်ခဲ့သည်။ ပိုင်ရှုချန် က ဝိုင်ပုလင်းကို လှည့်လိုက်ရာ ပုလင်းသည် စားပွဲငယ်လေးပေါ်၌ အကြိမ်ပေါင်းများစွာ လည်ပတ်ပြီးနောက် နောက်ဆုံးတွင် ပုလင်းခေါင်းသည် ပိုင်ချိုးချိုး ကို ချိန်ရွယ်လိုက်သည်။
ပိုင်ချိုးချိုး က ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် Truth ကို ရွေးတယ်၊ ကောကောတို့၊ ကျဲကျဲတို့၊ ကြိုက်တာ မေး၊ ချိုးချိုး မှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး၊ ဘာမေးမေး မကြောက်ဘူး”
လုယန်ရန် က နောက်ပြောင်လိုက်သည်။
"ဒါဆို မင်းရဲ့ အချစ်ရေးအကြောင်း မေးလို့ရလား။ ဥပမာ..."
လုယန်ရန် စကားမဆုံးခင် ရှဲ့ကျစ်ရှင်း က စတင်ပြောလိုက်သည်။
"ပိုင်ချိုးချိုး၊ ကမ္ဘာကနေ နေအထိ အကွာအဝေး ဘယ်လောက်လဲ"
ပိုင်ချိုးချိုး: ???
လုယန်ရန်: ???
ပိုင်ရှုချန်: ???
ပိုင်ချိုးချိုး မျက်တောင်ခတ်လိုက်ရာ မျက်လုံးများ နီရဲလာသည်။ သူ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် မျက်ရည်များ တဖြိုင်ဖြိုင် ကျလာသည်။
"ကျွန်တော် နားမလည်ဘူး... ဒီမေးခွန်းကို... ချိုးချိုး မသိဘူး... ဝူးဝူးဝူး..."
ပိုင်ရှုချန် မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေသည်။ သူသည် ပိုင်ချိုးချိုး ကို ချော့မော့ရင်း ရှဲ့ကျစ်ရှင်း ကို ဆူပူလိုက်သည်။
"ရှဲ့ကျစ်ရှင်း၊ မင်းမေးတဲ့ မေးခွန်းကိုလည်း ပြန်ကြည့်ဦး လူလိုပြောနေတာရော ဟုတ်ရဲ့လား၊ အဖြေကို မင်းကိုယ်တိုင် မသိဘူးလား ပြီးတော့ လေးနှစ်အရွယ် ကလေးတစ်ယောက်ကို သွားမေးနေသေးတယ်”
ရှဲ့ကျစ်ရှင်း က ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သိတာပေါ့ "နေနဲ့ ကမ္ဘာကြား အမြင့်ဆုံးအကွာအဝေးက ကီလိုမီတာ ၁၅၂.၁ သန်း၊ အနိမ့်ဆုံးက ကီလိုမီတာ ၁၄၇.၁ သန်း၊ ပျမ်းမျှက ကီလိုမီတာ ၁၄၉.၆ သန်းလေ"
ပိုင်ရှုချန်: "..."
ပိုင်ချိုးချိုး က မျက်ရည်များကို သုတ်လိုက်ပြီး ပိုင်ရှုချန် ကို နှစ်သိမ့်လိုက်သည်။
“ရပါတယ်၊ ဖေဖေ၊ ချိုးချိုး မဖြေနိုင်ဘူး၊ သား အရှုံးပေးဖို့ ဆန္ဒရှိပါတယ်"
ပထမအဆင့်တွင် ပိုင်ချိုးချိုး ကို ထွက်ပြီဟု သတ်မှတ်ခဲ့ပြီး 0 မှတ် ရရှိခဲ့သည်။
ဒုတိယအဆင့် စတင်သောအခါ ပိုင်ချိုးချိုးသည် ဘီယာပုလင်းကို လှည့်လိုက်သည်။ အကြိမ်အနည်းငယ် လှည့်ပြီးနောက် ပုလင်းခေါင်းသည် လုယန်ရန် ကို ချိန်ရွယ်လိုက်သည်။
လုယန်ရန် က လျင်မြန်စွာ ပြောလိုက်သည်။
"ကျွန်မ Big Dare ကို ရွေးတယ်!"
ထို့နောက် သူမသည် ရှဲ့ကျစ်ရှင်း ကို ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ရှဲ့ကျစ်ရှင်း၊ ရှင်ရဲ့ ရူးကြောင်ကြောင် မေးခွန်းတွေနဲ့ ကျွန်မကို ထပ်ပြီး အရှက်ခွဲဖို့မကြိုးစားနဲ့!"
ရှဲ့ကျစ်ရှင်း က မျက်ခွံများ ပင့်လိုက်ရာ သူ့မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်တစ်ခု လျှပ်ခနဲ ပေါ်လာသည်။
"ဪ၊ Big Dare တဲ့လား၊ အဲ့ဒါဆို ဒီခြံထဲက ညောင်ပင်ကို တစ်မိနစ်အတွင်း တက်!"
လုယန်ရန်: ???
လုယန်ရန် ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။
"ရှဲ့ကျစ်ရှင်း၊ ရှင်ရော တစ်မိနစ်အတွင်း တက်နိုင်လို့လား။"
"တစ်မိနစ်က တကယ်ပဲ အရမ်းတိုလွန်းတယ်"
ပိုင်ရှုချန် က ဘေးမှ ထပ်ပြောလိုက်သည်။
"အချိန်ကန့်သတ်ချက် မထားကြရအောင်!"
ရှဲ့ကျစ်ရှင်း က ခေါင်းညိတ်လိုက်သည်။ "ဒါဆိုလည်း ကောင်းပြီလေ"
ဖိအားသည် လုယန်ရန် ထံသို့ ပြန်ရောက်လာပြီး လုယန်ရန် သည် သူမရှေ့ရှိ သစ်ပင်ကြီးနှစ်ပင်ကို လှည့်ကြည့်ကာ တိတ်ဆိတ်သွားသည်။
ဤသည်ကို မြင်သောအခါ ချီပိုင် က ကြင်နာစွာ သတိပေးလိုက်သည်။
"ယန်ရန်၊ မင်း မတက်နိုင်ရင် လှေကားကို သုံးလို့ရတယ်”
ရှဲ့ကျစ်ရှင်း ရဲ့ Big Dare က မသုံးရဘူးလို့ မပြောထားဘူး၊ ဒါပေမဲ့ ဘယ်သူက ဒီလောက် ခေါင်းမာမှာလဲ။
"အဓိကက အဲဒါမဟုတ်ဘူး…”
လုယန်ရန် က အနည်းငယ် စိုးရိမ်တကြီးဖြစ်တာ ငိုသံဖြင့်
"...ဒါပေမဲ့၊ ဒီခြံထဲက သစ်ပင်နှစ်ပင်ထဲက ဘယ်ဟာက ညောင်ပင်လဲ၊ ကျွန်မက ရုက္ခဗေဒမှ မသင်ဖူးတာ၊ ဘယ်လိုလုပ်သိမှာလဲ”
အားလုံးလည်း အံ့အားသင့်သွားကြသည်။
လုယန်ရန် ၏ မေးခွန်းသည် တကယ်ကို မှန်နေသည်။ ၎င်းတို့သည် နာမည်ကျော် အပင်အချို့ကိုသာ သိရှိကြပြီး အခြားသစ်ပင်များကို သူတို့၏ မျက်လုံးများတွင်…
"သစ်ပင်" ဟုသာ ခေါ်ကြသည်။
နောက်ဆုံးတွင် လုယန်ရန် သည် သစ်ပင်ပေါ်သို့ တက်ခဲ့သော်လည်း မှားယွင်းသော သစ်ပင်ပေါ် တက်ခဲ့သောကြောင့် သူမကို ထုတ်ပယ်ခဲ့သည်။
တတိယအဆင့်တွင် ရွေးချယ်ခံရသူမှာ ပိုင်ရှုချန် ဖြစ်သည်။
ပိုင်ရှုချန် သည် ယခင် သင်ခန်းစာမှ သင်ယူခဲ့ပြီး Truth ကို ရွေးချယ်ခဲ့သည်။ သို့သော် ရှဲ့ကျစ်ရှင်း ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသည်ကို မြင်သောအခါ သူသည် သူ့ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။
"မစ္စတာရှဲ့ ခင်ဗျား နှစ်ခါ မေးပြီးပြီ၊ ထပ်မေးလို့မရတော့ဘူး”
ကျင်ရိဖန် က ရှေ့သို့ တက်လာသည်။
"ကော၊ ကျွန်တော် မမေးတတ်ဘူးနော်!"
ပိုင်ရှုချန် မျက်လုံးလှန်လိုက်သည်။
သူသည် ကျင်ရိဖန် ၏ အေးစက်တည်ငြိမ်ပြီး ခန့်ညားသော စရိုက်ကို ယခင်က ကြားဖူးသော်လည်း၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသော စရိုက်ကိုမူ မကြားဖူးပေ။ သူသည် အသက် ၂၀ အရွယ် ကလေးတစ်ယောက်သာ ဖြစ်ပြီး ဘာမျှ မအောင်မြင်နိုင်ပေ။
ပိုင်ရှုချန် ခေါင်းညိတ်လိုက်ရာ သူ သဘောတူကြောင်း သတ်မှတ်ခဲ့သည်။
ကျင်ရိဖန် ခဏမျှ စဉ်းစားပြီး မေးလိုက်သည်။
"ကျွန်တော်တို့ သိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က Mount Everest လေ၊ ဒါဆို ဒုတိယအမြင့်ဆုံးတောင်က ဘာလဲ"
ပိုင်ရှုချန်: ???
ကျင်ရိဖန် က သူ့ဘာသာသူ မေးခွန်းထုတ်ပြီး ပြန်ဖြေလိုက်သည်။
"ဒါက Mount K2 ပါ၊ အမြင့် ၈,၆၁၁ မီတာ ရှိပါတယ်၊ ဒါဆို ခင်ဗျားကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်! ခင်ဗျား ဒုတိယအမြင့်ဆုံးတောင်ကို မသိဘူးဆိုတော့ တတိယအမြင့်ဆုံးတောင်ကရော ဘာလဲ"
ပိုင်ရှုချန်: ???
"ဒါကတော့ Mount Kanchenjunga ပါ၊ အမြင့် ၈,၅၈၆ မီတာ ရှိတယ်၊ စတုတ္ထက Mount Lhotse ပါ၊ အမြင့် ၈,၅၁၆ မီတာ ရှိတယ်၊ ပဉ္စမက…”
ပိုင်ရှုချန်: "..."
ဘာ Truth or Dare တဲ့လဲ။ဒါ သိပ္ပံပဟေဠိပဲလို့ ထင်တယ်။
မျှော်လင့်ထားသည့်အတိုင်း ပိုင်ရှုချန် ထွက်ခဲ့ရသည်။
ဂိမ်းသည် စတုတ္ထအချီသို့ ရောက်ရှိလာပြီး ဤတစ်ကြိမ်၌ ပုလင်းခေါင်းသည် ရှဲ့ကျစ်ရှင်း ကို ချိန်ရွယ်လိုက်သည်။
လုယန်ရန် က လက်မောင်းများ ဆွဲလှန်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟားဟားဟား ရှဲ့ကျစ်ရှင်း၊ ဒီတစ်ခါ ရှင် ကျွန်မတို့လက်ထဲ ရောက်ပြီပေါ့၊ ရှင့်ကို သေအောင် နှိပ်စက်ပစ်မယ်"
ရှဲ့ကျစ်ရှင်း မှာ သိပ်ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် Truth ကို ရွေးတယ်"
လုယန်ရန် က မျက်မှောင်ကြုတ်ကာ အကြာကြီး စဉ်းစားနေပြီးနောက် သူ့မျက်လုံးများ တောက်ပလာသည်။
"သိပြီ! ကျွန်မရဲ့ မေးခွန်းက–"
သူမသည် လျှို့ဝှက်ဆန်းကြယ်စွာ ဟန်ဆောင်ကာ လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့ပြီး နောက်ဆုံးတွင် ရှဲ့ကျစ်ရှင်း ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
"ပိုင်ရဲ့ ဒသမနေရာနောက်က ၉၈၇,၆၅၄,၃၂၁ ခုမြောက် ဂဏန်းက ဘာလဲ”
လုယန်ရန် မေးခွန်းမေးလိုက်သောအခါ လူတိုင်း မျက်လုံးပြူးသွားကြသည်။
လူတိုင်း: !!!
ကောင်းလိုက်တာ! မေးခွန်းကောင်းပဲ။
ပိုင်ရှုချန်၊ ပိုင်ချိုးချိုး နှင့် ချီပိုင် တို့အားလုံး သူမကို လေးစားစွာ ကြည့်နေကြသည်။ လုယန်ရန်၊ ကောင်းလိုက်တဲ့ မေးခွန်း။
လုယန်ရန် လည်း အလွန်ဂုဏ်ယူနေပြီး သူမ၏ အမြီးမှာ ဝမ်းသာအားရဖြင့် ထောင်မတ်တော့မလို ဖြစ်နေသည်။
သို့သော် ရှဲ့ကျစ်ရှင်း က ရယ်မောလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"၇"
ပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းပင် မျက်လုံးပြူးသွားကြပြီး ကျင်ရိဖန် ပင် အံ့အားသင့်သွားသည်။
ပိုင် ၏ ဒသမနေရာနောက်က သန်း ၉၀၀ ကျော်ရှိသော ဂဏန်း၊ ၎င်းသည် နေနှင့်ကမ္ဘာကြား အကွာအဝေးနှင့် မတူပေ။ ထိုသို့သော မေးခွန်းများကို ဖြေဆိုနိုင်လျှင် သင်သည် သင်္ချာပါရမီရှင်တစ်ဦး ဖြစ်ရမည်။
ဒါရိုက်တာအဖွဲ့လည်း စိတ်ရှုပ်ထွေးသွားပြီး အဖြေကို စုံစမ်းရန် လူများကို အမြန်စေလွှတ်ခဲ့သည်။
နာရီဝက်ခန့်ကြာပြီးနောက် ၎င်းတို့သည် ကျန်းချန် တက္ကသိုလ် သင်္ချာဌာနမှ ပါမောက္ခထံမှ ထိုဂဏန်းကို နောက်ဆုံးတွင် ရရှိခဲ့သည်။
၎င်းသည် ၇ ဖြစ်နေသည်။
ရှဲ့ကျစ်ရှင်း ကို ကြည့်နေကြသော လူတိုင်း၏ မျက်လုံးများ ချက်ချင်း ပြောင်းလဲသွားသည်။
ကျင်ရိဖန် ကို ဆဲဆိုနေဆဲ မှတ်ချက်များမှာ ရှဲ့ကျစ်ရှင်း ၏ မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေး လုပ်ဆောင်ချက်ကြောင့် မအံ့ဩဘဲ မနေနိုင်တော့ပေ။
[ရှဲ့ကျစ်ရှင်း... အရမ်းမိုက်]
[ကျွန်မတို့ရဲ့ လောင်ရှဲ့ ဆိုတဲ့ အတိုင်းပဲ]
[ရှဲ့ကျစ်ရှင်း သူ့ငယ်ဘဝတုန်းက ဖျော်ဖြေရေးအစီအစဉ် တွေမှာ ပါဝင်တုန်းက "လူသားပါရမီရှင်" လို့ အခေါ်ခံခဲ့ရတာ၊ သူ ဒီလောက်ထိ ဉာဏ်ကောင်းမယ်လို့ မထင်ထားခဲ့ဘူး ]
[သူ အနုပညာရှင်လုပ်နေတာ ပါရမီတွေကို ဖြုန်းတီးရာကျတယ်လို့ ခံစားရတယ်]
[ငါထင်တယ် ရှဲ့ကျစ်ရှင်း နဲ့ ငါ... မျိုးစိတ်မတူဘူး]
[ဝိုး၊ ကျွန်မတို့ရဲ့ ကျစ်ရှင်း က အရမ်း ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ သူ့ကို ဉာဏ်ရည်မြင့် သင်္ချာပါရမီရှင်အဖြစ် သရုပ်ဆောင်တာ မြင်ချင်လိုက်တာ]
….
လုယန်ရန် သည် မယုံနိုင်စွာ ရှဲ့ကျစ်ရှင်း ကို ကြည့်ရင်း မပီမသ ပြောလိုက်သည်။
"ရှင်... ဘယ်လိုလုပ် သိတာလဲ"
ရှဲ့ကျစ်ရှင်း က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
"ခန့်မှန်းလိုက်တာ၊ ၀ ကနေ ၉ အထိ၊ ဆယ်ခုမှာ တစ်ခု ဖြစ်နိုင်ချေရှိတယ်လေ"
လုယန်ရန်: ???
ပတ်ဝန်းကျင်မှ လူတိုင်း: ???
မှတ်ချက်ထဲမှ ပရိသတ်များ: ???
ကျင်ရိဖန်: "ဟားဟားဟားဟားဟား!"
ကျင်ရိဖန် သည် ရယ်မောလိုက်သည်။
"ကျွန်တော် ပြောသားပဲ၊ ရှဲ့ကျစ်ရှင်း က ဒီလို မေးခွန်းမျိုးကို ဘယ်လိုလုပ် သိမှာလဲလို့ ဟားဟားဟား”
လုယန်ရန် သည် စိုးရိမ်တကြီး မျက်နှာနီရဲကာ ခြေထောက်ကို ဆောင့်နင်းလိုက်သည်။
"ရှဲ့ကျစ်ရှင်း၊ ရှင်၊ ရှင်က ရွှေမြင်းဆု သုံးကြိမ်ရဖူးတဲ့ မင်းသားပဲ၊ ဘယ်လိုလုပ် ကျွန်မကို လိမ်ရက်တာလဲ”
ရှဲ့ကျစ်ရှင်း က လုယန်ရန် ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒါဆို ကျွန်တော် ရှုံးသွားပြီ"
လုယန်ရန်: "......?"
"အဖြေမှန်ကတော့ ကျွန်တော်လည်း မသိဘူး"
ရှဲ့ကျစ်ရှင်း က လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး
"ဒါက truth or dare ဂိမ်းလေ၊ သိပ္ပံစိန်ခေါ်ပွဲမှ မဟုတ်တာ၊ မသိရင် မသိဘူးလို့ ဖြေလို့မရဘူးလား"
ပိုင်ချိုးချိုး: ???
ပိုင်ရှုချန်: ???
ဒါက အဓိပ္ပာယ်ရှိတယ်။ ၎င်းတို့သည် မသိဘူးဟုသာ ဖြေခဲ့သင့်သည်။ ထိုအဖြေသည် ၎င်းတို့၏ စိတ်ထဲ၌ ရှိသော အမှန်တကယ် အဖြေ မဟုတ်ဘူးလား။
၎င်းတို့သည် ရှဲ့ကျစ်ရှင်း ကဲ့သို့ လိမ်ညာခြင်းကို ခံခဲ့ရသည်။ ၎င်းတို့သည် Truth or Dare ကို ကစားနေခြင်းပင်။
ပိုင်ရှုချန် က လျင်မြန်စွာ ပြောလိုက်သည်။
"ဒီလိုဆိုရင် ချိုးချိုး ရော ကျွန်တော်ပါ မရှုံးသေးဘူး!"
"မဟုတ်ဘူး၊ ခင်ဗျားတို့ ရှုံးနေတုန်းပဲ"
ရှဲ့ကျစ်ရှင်း ၏ မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဘာလို့လဲဆိုတော့ ဒါရိုက်တာယွီ က အစကတည်းက စည်းကမ်းတွေ ပြောထားတယ်လေ၊ truth or truth မေးခွန်းကို ငါးစက္ကန့်အတွင်း ဖြေရမယ်၊ ခင်ဗျားတို့အားလုံး အချိန် ကျော်သွားပြီလေ"
ပိုင်ချိုးချိုး: "..."
ပိုင်ရှုချန်: "..."
ပိုင်ရှုချန် နှင့် ပိုင်ချိုးချိုး တို့သည် ချက်ချင်းပင် အားအင်ကုန်ခမ်းသွားကြသည်။
လက်ရှိရမှတ်များအရ ပိုင်ရှုချန် နှင့် ပိုင်ချိုးချိုး တို့သည် ၂ မှတ်စီ၊ လုယန်ရန် တွင် ၁ မှတ်နှင့် ရှဲ့ကျစ်ရှင်း တွင် ၃ မှတ် ရှိသည်။ ချီပိုင် က ကျင်ရိဖန် ကို အနိုင်ရရှိခဲ့လျှင်ပင် ရှဲ့ကျစ်ရှင်း နှင့် ကျင်ရိဖန် တို့သာ အနိုင်ရရှိနေဦးမည်ဖြစ်သည်။
သူသည် မည်သည့်ဂဏန်းကိုမဆို ကျပန်းဖြေဆိုခြင်းသည် အံ့ဩစရာ မရှိပေ၊ ဤဂိမ်းသည် အဓိပ္ပာယ်မဲ့နေသည်။
ရှဲ့ကျစ်ရှင်း သည် ဒါရိုက်တာအဖွဲ့ကို ဂိမ်းဆက်ကစားရန် မလိုအပ်တော့ကြောင်း ပြောပြတော့မည် ဖြစ်သော်လည်း ချီပိုင် က ပုလင်းကို ဦးစွာ လှည့်လိုက်ရာ ပုလင်းခေါင်းသည် နောက်ဆုံးတွင် ကျင်ရိဖန် ကို ချိန်ရွယ်လိုက်သည်။
ချီပိုင် ၏ မျက်လုံးများ မှောင်မိုက်သွားသည်။
“မစ္စတာရှဲ့၊ ရိဖန်၊ ကျွန်တော်တို့ တစ်ယောက် ရွေးပြီးပြီဆိုတော့ နောက်ဆုံးအနေနဲ့ တစ်ခါလောက် ထပ်ကစားရအောင်”
"မလိုဘူး"
ရှဲ့ကျစ်ရှင်း က အေးစက်စွာ ငြင်းဆန်ပြီး ကျင်ရိဖန် ကို မီးဖိုချောင်အသစ်ထဲသို့ ဆွဲခေါ်သွားသည်။
သူ့နောက်မှ ဘာမှမကြားသကဲ့သို့ ကျယ်လောင်စွာ ပြောလိုက်သည်။
"မစ္စတာရှဲ့၊ ကျွန်တော့်မေးခွန်းက အရမ်း ရိုးရှင်းပါတယ်၊ ကျင်ရိဖန် မင်းက မူရင်းသီချင်းဆိုပြိုင်ပွဲမှာ ငါ့ကို ခိုးချတယ်လို့ ဖော်ထုတ်ခံခဲ့ရတဲ့ ကျန့်စုန့် လား!”
ထိုအချိန်၌ ပရိသတ်တစ်ရပ်လုံး တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် မိမိတို့ လုပ်နေသည်များကို ရပ်တန့်လိုက်ပြီး ထိုသုံးဦးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ခြံဝင်းသည် အလွန်တိတ်ဆိတ်နေပြီး မည်သည့်အသံမျှ မကြားရပေ။
ရှဲ့ကျစ်ရှင်း ၏ ခြေဖဝါးသည် တဲထဲသို့ ဝင်နေပြီဖြစ်သော်လည်း သူ၏လက်ကို သူ့နောက်မှ ကျင်ရိဖန် က ဖမ်းဆုပ်ထားခဲ့သည်။
သူ လှည့်ကြည့်လိုက်သောအခါ ကျင်ရိဖန် သည် ခေါင်းငုံ့၍ ဘာမှမပြောသည်ကို မြင်လိုက်ရသည်။
လသည် လဆန်းတစ်ရက်နေ့တွင် ပုန်းအောင်းနိုင်သော်လည်း လပြည့်နေ့တွင် ပုန်းအောင်းနိုင်ပါဦးမည်လား။
ခြံဝင်းနှင့်မတူဘဲ မှတ်ချက်များမှာ ပေါက်ကွဲသွားခဲ့သည်။
[ချီပိုင် နောက်ဆုံးတော့ ငါ အသိချင်ဆုံး မေးခွန်းကို မေးလိုက်ပြီ၊ ကျင်ရိဖန် က ကျန့်စုန့် လား]
[လုံးဝ မဟုတ်ဘူး၊ ရုပ်ဆင်လို့ပဲလေ]
[ငါတို့ရဲ့ ရိဖန် က သရုပ်ဆောင်၊ အဆိုတော် မဟုတ်ဘူး]
[ကျင်ရိဖန် က ကျန်းချန် က ချမ်းသာတဲ့ ကျင်မိသားစုရဲ့ တစ်ဦးတည်းသော သားပဲ၊ သူ့အမေက အရမ်းနာမည်ကြီးတဲ့ လက်ဝတ်ရတနာ ဒီဇိုင်နာတစ်ယောက်၊ သူ ခိုးချဖို့ လိုမယ်လို့ ထင်ကြလို့လား]
[ဟာသပဲ၊ ခိုးချတာက မိသားစုနဲ့ ဘာဆိုင်လဲ၊ ချမ်းသာတဲ့သူတွေက ခိုးမချဘူးလို့ ဘယ်သူပြောလဲ]
…
ရှဲ့ကျစ်ရှင်း သည် ကျင်ရိဖန် ၏ လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူသည် ကျင်ရိဖန် ၏ စိတ်နေစိတ်ထားကို သိသည်။ သို့သော် ယခုအချိန်က ထုတ်ဖော်ပြသရမည့် အချိန်လား။
ကျင်ရိဖန် သည် တိတ်ဆိတ်နေပြီး ရှဲ့ကျစ်ရှင်း ကိုလည်း ပြန်မဖြေ၊ ချီပိုင် ကိုလည်း ပြန်မဖြေပေ။
ချီပိုင် က ကျင်ရိဖန် ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ပြင်းပြင်းထန်ထန် ဒေါသများ ပါဝင်နေပြီး ငရဲမီးကဲ့သို့ ကျင်ရိဖန် ကို မီးရှို့ပစ်တော့မလိုပင် ဖြစ်သည်။
သူသည် သွားများကို ကြိတ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
"ကျင်ရိဖန်၊ တကယ်တော့ မင်းငါ့ကို ခိုးချတာကို ငါဂရုမစိုက်တော့ပါဘူး၊ ဒါပေမဲ့ ငါလက်မခံနိုင်ဘူး၊ အဲဒီတုန်းက ပြိုင်ပွဲမှာ ဒုတိယနဲ့ တတိယရတဲ့သူတွေကို မင်းစဉ်းစားဖူးလား”
“သူတို့က ပြိုင်ပွဲရဲ့ ချန်ပီယံတွေ ဖြစ်သင့်တယ်၊ အဲဒီတုန်းက ပြိုင်ပွဲမှာ အာရုံစိုက်ခံရဖို့ အထိုက်တန်ဆုံးသူတွေပေါ့၊ ဒါပေမဲ့ မင်းက ငါ့ကို ခိုးချပြီး သူတို့ရဲ့ ဂုဏ်ပြုမှုအားလုံးကို လုယူသွားခဲ့တယ်”
“ဒီလောက်နှစ်တွေမှာ သူတို့က ဖျော်ဖြေရေးလောကမှာ နာမည်မကြီးဘဲ ရှိနေကြရတယ်၊ ဒါပေမဲ့ မင်းကရော၊ ချမ်းသာတဲ့မိသားစုကနေ မွေးလာ၊ ငါးနှစ်ကြာကျ နာမည်ပြောင်းပြီး ဖျော်ဖြေရေးလောကမှာ ဆက်ပြီး ကြီးပွားနေတုန်းပဲ”
“မင်း အဲတာတွေကို ထိုက်တန်တယ်လို့ ထင်လား၊ မင်း မူရင်းဖန်တီးမှုကို ထိုက်တန်ရဲ့လား”
ချီပိုင် သည် သွားများကို ကြိတ်လိုက်သည်။
"မူရင်းဖန်တီးမှု မသေမချင်း မင်းလို ခိုးချသူမျိုးကို ဖျော်ဖြေရေးလုပ်ငန်းမှာ ဆက်ပြီး လက်ခံထားလို့ မရဘူး!"
ဤစကားများသည် ပစ္စုပ္ပန်တွင်ရှိသော လူတိုင်းအတွက် နားကွဲမတတ် ကျယ်လောင်လှသည်။
၎င်းတို့၏ နှလုံးသားထဲမှ တရားမျှတမှုဟု ခေါ်သော မီးသည် တောက်လောင်လာခဲ့သည်။
ဟုတ်တယ်၊ ခိုးချတဲ့သူက ဖျော်ဖြေရေးလောကမှာ ဘယ်လိုလုပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ထိပ်တန်းကြယ်တစ်ပွင့် ဖြစ်နေနိုင်ရတာလဲ။
မူရင်းဖန်တီးသူတွေအတွက်ဆိုရင် ဘယ်လောက်တောင် ကြက်သီးထစရာကောင်းလိုက်မလဲ။
ဤအချိန်တွင် ပွဲ၌ရှိသူအားလုံးနီးပါး ချီပိုင် ဘက်တွင် ရပ်တည်ခဲ့ကြပြီး ဒါရိုက်တာယွီ ပင်လျှင် ချီပိုင် ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့သည်။
ရှဲ့ကျစ်ရှင်း ၌ ပိုက်ဆံရှိလျှင်လည်း ဘာဖြစ်လဲ။ သူ့ကို ရင်းနှီးမြှုပ်နှံလျှင်လည်း ဘာဖြစ်လဲ။ သူသည်လည်း အကြောင်းအရာ ဖန်တီးသူတစ်ဦး ဖြစ်သည်။ မူရင်းလက်ရာများ ဖန်တီးရန် မလွယ်ကူကြောင်း သူသိသည်။ ထို့ကြောင့် သူ့ကဲ့သို့ မူရင်းဖန်တီးသူများကို ကာကွယ်ပေးသင့်သည်။
စနစ်သည် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
"Host! ချီပိုင် က ဘယ်လိုလုပ် ဒီလောက် မျက်နှာပြောင်တိုက်ရတာလဲ၊ ဒီလို ခမ်းနားတဲ့စကားလုံးတွေ ပြောရဲတာ၊ တကယ်တမ်းကျ သူကပဲ ခိုးချတာလေ၊ သူကမှ ခိုးချတဲ့သူ”
ပြီးတော့ ကျင်ရိဖန်–
ကျင်ရိဖန် က ဘာဖြစ်တာလဲ။ သူ အရမ်းတော်လို့ ခိုးချခံရတာလား။ သူ အပြစ်ကင်းကြောင်း သက်သေပြဖို့ အထောက်အထားမရှိလို့လား။ သူဟာ ကမ္ဘာပေါ်မှာ အပြစ်ကင်းဆုံး လူသားပဲ။
"မဟုတ်ဘူး၊ ဒီအချိန်မှာ၊ ဒီကမ္ဘာမှာ ချီပိုင် က ခိုးချသူ မဟုတ်ဘူး၊ ကျင်ရိဖန် က ခိုးချသူပဲ"
ရှချန်းချန်း က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
အမှန်တရားဆိုတာ ဘာလဲ။
၎င်းသည် အဖြစ်မှန်များ မဟုတ်ပေ။
လူတိုင်း၏ အမြင်တွင် အမှန်တရားဟူသည် အထောက်အထားများဖြင့် သက်သေပြနိုင်သော အရာဖြစ်သည်။
အထောက်အထားများ မမှန်ကန်ရင်တောင်မှ ဖြစ်သည်။
ကျင်ရိဖန် သည် ရှဲ့ကျစ်ရှင်း လက်ထဲမှ ရုန်းထွက်ပြီး ချီပိုင် ကို လှည့်ကြည့်လိုက်သည်။
ဤအချိန်တွင် ရှချန်းချန်း သည် ဒါရိုက်တာယွီ ဘေးရှိ မိုဘိုင်းလ်ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကျင်ရိဖန် ကို ဆဲဆိုနေသော မရေမတွက်နိုင်သော မှတ်ချက်များကို မြင်လိုက်ရသည်။
ထိုညစ်ညမ်းသော စကားလုံးများသည် တစ်လုံးနှင့်တစ်လုံး မချေမငံ ဖြစ်နေသည်။
ကျင်ရိဖန် မှာ မကြောက်ရွံ့ပေ။ သူသည် ချီပိုင် ကို တည့်တည့်ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ခေါင်းကို မော့ထားသည်။ သူသည် စကားလုံးတစ်လုံးချင်းစီကို တန်ချိန် ထောင်နှင့်ချီသော အားမာန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် ကျန့်စုန့် ပါ၊ ဒါပေမဲ့ ကျွန်တော် ခိုးချခဲ့တာ မဟုတ်ဘူး”
ရုတ်တရက် ကျင်ရိဖန် က ခေါင်းကို စောင်းကာ မျက်လုံးထဲ၌ မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ချီပိုင် ကို ကြည့်လိုက်ပြီး လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
“ချီပိုင်၊ ကမ္ဘာပေါ်က လူတိုင်း ကျွန်တော့်ကို ဆဲချင်ဆဲလို့ရတယ်၊ ဒါပေမဲ့ ခင်ဗျားကရော ထိုက်တန်ရဲ့လား"
ထိုအချိန်၌ ချီပိုင် ကြောက်လန့်သွားခဲ့သည်။
ခြောက်နှစ်ကြာ ဖုံးကွယ်ထားခဲ့သော သူ့နှလုံးသားထဲမှ လျှို့ဝှက်ချက်သည် ရုတ်တရက် တုန်ယင်သွားခဲ့သည်။
လုယန်ရန် မှာ အလွန်မကျေမနပ်ဖြစ်ကာ ရှေ့သို့ တက်လာသည်။
"ကျင်ရိဖန်၊ မင်းက ချီပိုင်ကော ကို ခိုးချတာ ထင်ရှားနေတာကို ဘယ်လိုလုပ် ဒီလိုမျိုး ပြောရဲရတာလဲ..."
ချီပိုင် သည် လုယန်ရန် ကို အလျင်အမြန် ဆွဲယူလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်းကိုလည်း ရှဲ့ကျစ်ရှင်း က ဤအချိန်တွင် ဖြတ်တောက်လိုက်သည်။
ချီပိုင် သည် ခေါင်းလှည့်၍ ကျင်ရိဖန် ကို ကြည့်လိုက်ရာ သူ့အသံက နိမ့်ကျနေသည်။
"ကျင်ရိဖန်၊ မင်း ငါ့ကို ခိုးချတယ်လို့ ဆက်ပြီး စွပ်စွဲနေဦးမှာလား၊ "Chasing Dreams" ဆိုတဲ့ သီချင်းက မူရင်းသီချင်းဆိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲထက်ဝက်လစောပြီး ထွက်ရှိခဲ့တာကို မင်းသိရမယ်၊ ငါ မင်းရဲ့လက်ရာကို ခိုးချဖို့ လုံးဝမဖြစ်နိုင်ဘူး"
"ခွေးသား!"
ကျင်ရိဖန် က ငယ်ရွယ်ပြီး စိတ်တိုတတ်သူဖြစ်ရာ သူ့ဒေါသသည် ချက်ချင်း ထိုးတက်လာသည်။ သူသည် ကျားသစ်ကလေးတစ်ကောင်ကဲ့သို့ ဒေါသထွက်ကာ လက်သီးကို ဝှေ့ယမ်းပြီး ချီပိုင် ကို ထိုးတော့မည့်ဟန် ဖြစ်နေသည်။
အရေးကြီးသောအချိန်၌ ဝန်ထမ်းများ ပြေးလာပြီး ထိုနှစ်ဦးကို လျင်မြန်စွာ ခွဲခြားလိုက်ကြသော်လည်း နှစ်ဦးစလုံး မျက်မှောင်ကြုတ်၍ ကြည့်နေဆဲဖြစ်ကာ တစ်ဦးနှင့်တစ်ဦး အလျှော့မပေးကြပေ။
လက်တွေ့ဘဝတွင် အရှုပ်အထွေးများ ဖြစ်ပေါ်နေသကဲ့သို့ အင်တာနက်ပေါ်၌လည်း ရှုပ်ထွေးနေသည်။
ကျင်ရိဖန် ၏ မကြာသေးမီက Weibo ပို့စ်များအားလုံးသည် "ခိုးချတဲ့ခွေး"၊ "ကျင်ရိဖန် ဖျော်ဖြေရေးလုပ်ငန်းက ထွက်သွား" နှင့် "ခိုးချတဲ့ခွေး သေရင်တောင် အသေဆိုးနဲ့သေမှာ" စသော စာကြောင်းများဖြင့် ပြည့်နှက်နေသည်။
ကျင်ရိဖန် သည် ကျန့်စုန့် ဖြစ်ကြောင်း ဝန်ခံလိုက်သောအခါ သူ၏ လူကြိုက်များမှုသည် လုံးဝပြိုလဲသွားပြီး အပျက်အစီးများအဖြစ်ပင် ပြိုလဲသွားသည်။
မူလက ပရိသတ်များသည် ဤသူတို့သည် လူနှစ်ဦးဖြစ်သည်ဟု မိမိကိုယ်ကို လိမ်ညာနိုင်သေးသော်လည်း တစ်ဦးတည်းဖြစ်နေပြီဆိုလျှင် ၎င်းတို့ ခိုးချခြင်းသည်မှာ သေချာသွားပြီဖြစ်သည်။ ကျင်ရိဖန် ၏ ဖန်ကလပ်များ တစ်ခုပြီးတစ်ခု ပိတ်သိမ်းသွားသည်။ ၎င်းတို့က ကျင်ရိဖန် ကို နှစ်သက်သော်လည်း သူ၏ ရုပ်ရည်နှင့် သရုပ်ဆောင်စွမ်းရည်ကို နှစ်သက်ကြသော်လည်း ဖျော်ဖြေရေးလုပ်ငန်းသည် မကောင်းသော အနုပညာရှင်များကို သည်းခံသင့်သည်မဟုတ်ဟု ဆိုကြသည်။ အနုပညာနယ်ပယ်မှ အနားယူခြင်းသည် မူရင်းဖန်တီးမှုကို လေးစားခြင်းနှင့် အနိမ့်ဆုံး စံနှုန်းကို လေးစားခြင်းပင် ဖြစ်သည်။
ပရိသတ်အုပ်စုတစ်စုလည်း ရှိသည်။ ကျွန်မကြိုက်တာ ရိဖန် ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ရုပ်ရည်ကိုပါ၊ သူ့သီချင်းတွေကို မဟုတ်ပါဘူး! သူ သီချင်းတွေ မရေးတော့တာဆိုတော့ နောက်ထပ်အခွင့်အရေးပေးလိုက်ရင် ဘာဖြစ်လဲ။ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် အမှားမလုပ်ဘဲ နေနိုင်မှာလဲ။
ကျင်ရိဖန် ၏ "ကျွန်တော် ခိုးချတာ မဟုတ်ဘူး" ဟူသော စကားကို ကြားပြီးနောက် ကျင်ရိဖန် ကို ခိုင်မာစွာ ယုံကြည်ကာ သူတို့ကို စိတ်ပျက်စေမည့် မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်ဟု ယုံကြည်သော ပရိသတ်အုပ်စုတစ်စုလည်း ရှိသည်။
ဤပရိသတ်နှစ်မျိုးသည် အင်တာနက်ပေါ်ရှိ လမ်းသွားလမ်းလာများနှင့် ချီပိုင် ပရိသတ်များက အများဆုံး ဆဲဆိုခြင်းခံရသူများ ဖြစ်ကြသည်။
[အဲဒါက ဦးနှောက်မဲ့ပရိသတ်တွေ အရမ်းများနေလို့၊ ဒီအချိန်မှာ ကျင်ရိဖန် ရဲ့ ပရိသတ်အဖြစ် ဘယ်လိုလုပ် ဆက်ရှိနေနိုင်သေးလဲ ]
[ဟုတ်တယ်၊ မှားတာမှန်တာ လုံးဝမသိဘူး၊ ပြည်တွင်း ဖျော်ဖြေရေးလောကက ဒီလူတွေကြောင့် ပျက်စီးနေတာ]
[ကျင်ရိဖန် ပရိသတ်တွေ၊ ငါ မင်းတို့ကို အကြံပေးမယ်၊ ဒီလို ပိုက်ဆံကြောင့် ဖက်တွယ်တတ်တဲ့သူတွေက ရုပ်ရှင်ကျောင်းတွေမှာ နှစ်တိုင်း အများကြီး ဖမ်းမိနေတာပဲ၊ နောက်လကျရင် မင်းတို့လည်း တခြားသူကို ပြောင်းဖက်တွယ်ချင် ဖက်တွယ်လိမ့်မယ်၊ ဒီလို ခိုးချတဲ့သူမျိုးအတွက်ကတော့ တန်ဖိုးမရှိဘူး]
…
"သာယာရိုးရှင်းသောဘဝ" တိုက်ရိုက်ထုတ်လွှင့်မှု နာရီဝက်ကြာ ရပ်ဆိုင်းပြီးနောက် ကျင်ရိဖန် က ထောက်ခံထားသော ခေတ်မီအမှတ်တံဆိပ်သည် ပထမဆုံး ထွက်ပေါ်လာပြီး ကျင်ရိဖန် နှင့် စာချုပ်ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ချက်ချင်းပင် အမှတ်တံဆိပ်များ ပိုမိုများပြားလာကာ Weibo တွင် ကျင်ရိဖန် နှင့် စာချုပ်ဖျက်သိမ်းကြောင်းနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ဖြတ်တောက်ကြောင်း တင်ခဲ့ကြသည်။
လမ်းသွားလမ်းလာများက သြဘာပေးကြပြီး သေလုနီးပါး ပရိသတ်များမှာ စိုးရိမ်ပူပန်နေကြသည်၊ အဘယ်ကြောင့်ဆိုသော် ထောက်ခံမှုများ ဆုံးရှုံးခြင်းသည် ကြယ်တစ်ပွင့် လုံးဝပိတ်ပင်ခံရခြင်း၏ အစဖြစ်ကြောင်း လူတိုင်းသိကြသောကြောင့် ဖြစ်သည်။