← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

လုယန်ရန် စိတ်ရှုပ်ထွေးစွာဖြင့် ခြံဝင်းထဲသို့ ပြန်လျှောက်လာခဲ့သည်။

သူမနောက်ကွယ်မှ ကိုယ်ရံတော်များသည် လုယန်ရန် ခြံဝင်းထဲဝင်ပြီးနောက် ထွက်ခွာသွားကြသည်။ သူတို့က လုမိသားစု၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။ အင်တာနက်ပေါ်တွင် ကျင်းရိဖန်၏ အရှုပ်တော်ပုံ သတင်း ပေါ်ပေါက်လာသောအခါ ဥက္ကဋ္ဌလုသည် သူ၏သမီးအား အစီအစဉ်တွင် မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် လုယန်ရန်ကို ကာကွယ်ရန် ကိုယ်ရံတော်များကို ချက်ချင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် လုယန်ရန်သည် ခြံဝင်းထဲသို့ ပြန်ရောက်လာခဲ့လေသည်။

ဧည့်သည်များအားလုံး ခြံဝင်းထဲတွင် ရှိနေကြသည်။

မည်သူမျှ လုယန်ရန် ဘယ်ရောက်နေသည်ကို စူးစမ်းလိုပုံ မရပေ။ လူတိုင်းက ချီပိုင် ထွက်သွားပြီးနောက် မည်သူ့ကို ဖိတ်ခေါ်လျှင် ပိုကောင်းမည်ဆိုသည်ကို ဆွေးနွေးနေကြပုံရသည်။ မည်သည့်အရာမျှ မဖြစ်ခဲ့သလိုပင်။

လူကြိုက်အများဆုံး အရာမှာ ရှုကျစ်ချင်းကို ဆက်လက် ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ရှုကျစ်ချင်းနှင့် လုယန်ရန်တို့သည် ပန်းလေးပွင့်ထဲမှ ဖြစ်ကြသည်။ ထိုနှစ်ဦးတွင် ပြိုင်ဆိုင်မှုအနည်းငယ် ရှိပြီး တွေ့ဆုံသောအခါ မကြာခဏ ငြင်းခုံလေ့ရှိရာ ရယ်စရာများနှင့် ရယ်မောသံများကို ဖန်တီးပေးနိုင်သည်။

ချီပိုင်က ကျင်ရိဖန်ကို သီချင်းခိုးချမှုနှင့် လုယန်ရန်က ကျင်ရိဖန်ကို လှောင်ပြောင်ရာတွင် ချီပိုင်ကို ကူညီခဲ့သည့်ကိစ္စက ပေါ့ပေါ့ပါးပါး ဖော်ထုတ်ပြီးသွားပြီဖြစ်ပြီး မည်သူမျှ ဖော်ပြခြင်းမရှိတော့ပေ။

သို့သော် လုယန်ရန် စိတ်ထဲတွင် အလွန်မသက်မသာ ဖြစ်နေသည်။

ဘာလို့လဲ။

ငါ ရှင်းရှင်းလင်းလင်းကို မှားခဲ့တာပဲ၊ ချီပိုင်က အပြစ်ပေးခံလိုက်ရပြီ၊ ငါလည်း အပြစ်ပေးခံရသင့်တယ် မဟုတ်ဘူးလား။

သူမက ကျင်ရိဖန်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ခေါ်လိုက်သည်။

"ကျင်ရိဖန်"

ကျင်ရိဖန် ထိတ်လန့်သွားရာ သူစားနေသော ဖရဲစေ့များပါ ပါးစပ်ထဲမှ ပြုတ်ကျသွားခဲ့သည်။

"ဘာလဲ! ရုတ်တရက် ဒီလောက် အကျယ်ကြီး မခေါ်ပါနဲ့"

ထို့နောက် သူက ဤချမ်းသာသောအမျိုးသမီးက သူ့ကို ၉၀ ဒီဂရီ ထောင့်ချိုးဖြင့် ဦးညွှတ်လိုက်သည်ကို မြင်လိုက်ရသည်။

ကျင်းရိဖန်: !!!

သူတို့အားလုံးက သူဌေးအသိုင်းအဝိုင်းမှ ဖြစ်ကြပြီး လုယန်ရန်၏ နာမည်ကို သူ ကြားဖူးသည်။

လုယန်ရန်က ဘယ်တုန်းက တခြားသူတွေကို ဦးညွှတ်ဖူးလို့လဲ။

လုယန်ရန်က အော်ပြောခဲ့သည်။

"တောင်းပန်ပါတယ် ငါ အရင်က မှားခဲ့တယ်၊ လူအများစု ပြောတာကို လိုက်ပြီး အင်တာနက်ပေါ်မှာ နင့်ကို မဆဲခဲ့သင့်ဘူး"

ကျင်းရိဖန် နှစ်စက္ကန့်ကြာ မှင်သက်နေပြီးမှ သူမ ဘာပြောနေသည်ကို သဘောပေါက်သွားကာ ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။

"ငါ သိတယ်"

ထို့နောက် ခုနက ဘာမှ မဖြစ်ခဲ့သလိုပင် သူက ရှဲ့ကျစ်ရှင်းနှင့် ပိုင်ရှုချန် တို့နှင့်အတူ မည်သည့် ဧည့်သည်အသစ်ကို ဖိတ်ခေါ်မည်ကို ပျော်ရွှင်စွာ ဆက်လက် ဆွေးနွေးနေသည်။

မဟုတ်ဘူး၊ ဒီလိုပဲလား။ ဒီလောက်ပဲလား။

လုယန်ရန် ပို၍ပင် ရှုပ်ထွေးသွားသည်။

"နင်... ငါ့ကို ဆူငေါက်သင့်တာ မဟုတ်ဘူးလား၊ မဟုတ်ရင် ငါ့ကို ထိုးကြိတ်ရင်လည်း ကိစ္စမရှိဘူး’

ကျင်ရိဖန် လက်ထဲမှ ဖရဲစေ့များကို ချလိုက်ပြီး အနည်းငယ်ခန့် ရယ်ကာ ပြောသည်။

"လုယန်ရန်၊ ငါတို့မှာ ရန်ငြိုးမရှိပါဘူး၊ ဘာလို့ မင်းကို ဆူပြီး ထိုးကြိတ်ရမှာလဲ"

လုယန်ရန်က လျင်မြန်စွာ ပြောသည်။

“ဒါပေမယ့် ငါ အရင်က ချီပိုင်ကို ကူညီပြီး နင့်ကို အဲ့လို ဆဲခဲ့တာလေ!"

ကျင်ရိဖန် အကြာကြီး တိတ်ဆိတ်နေသည်။

"မင်း ဘာမှ မမှားခဲ့ပါဘူး"

သူ့အသံက ပေါ့ပေါ့ပါးပါးဖြစ်ပြီး မည်သည့်လေသံမျှ မပါဝင်ပေ၊။

"မင်း အဲဒီလို ခိုးချတဲ့ သူတစ်ယောက်ကို ဆဲသင့်တယ်၊ ခိုးချတာက အစကတည်းက မှားနေတာပဲလေ"

လုယန်ရန် ပို၍ပင် ရှုပ်ထွေးသွားသည်။

“ဒါပေမယ့် နင် မခိုးချခဲ့ဘူးလေ... နင့်အပေါ် ပုံချခဲ့တာက ချီပိုင်လေ၊ ငါ ကြားတာကိုပဲ ယုံပြီး ချီပိုင်ကို ယုံခဲ့တာ၊ ငါ မှားခဲ့တယ်”

လုယန်ရန်က ပို၍ပင် နောင်တရစွာဖြင့် ခေါင်းငုံ့ကာ ပြောသည်။

ကျင်ရိဖန် ပခုံးတွန့်လိုက်သည်။

"တကယ်တော့ ငါလည်း စဉ်းစားခဲ့ဖူးတယ်၊ ကွန်ရက်တစ်ခုလုံးက ငါ့ကို အတင်းအကျပ် အနုပညာလောကကနေ ထွက်ခွာခိုင်းခဲ့တာကို အင်တာနက်အသုံးပြုသူတွေကို အပြစ်တင်သင့်လားဆိုပြီး"

"ဒါပေမယ့် ကိုယ့်ကိုယ်ကို သူ့နေရာကနေ ထားပြီး စဉ်းစားကြည့်၊ ချီပိုင်က ငါ့ဆီက ခိုးချခဲ့တာ ထုတ်ဖော်ခံရတဲ့အချိန်မှာ ငါလည်း အင်တာနက်အသုံးပြုသူတွေက ချီပိုင်ကို သေတဲ့အထိ ဝိုင်းပုတ်ပေးဖို့ မျှော်လင့်မိမှာပဲ"

"တစ်ခါတလေကျရင် အင်တာနက်အသုံးပြုသူတွေက တကယ့်ကို ကီးဘုတ်ဖိုက်တာ တွေပဲ၊ သူတို့က ကြားသမျှကို ယုံကြတယ်၊ ဒါကပဲ ဆိုးကျိုးတွေ ဖြစ်စေတာ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်ကတော့ တကယ်ပဲ ချီပိုင်ရဲ့ သီချင်းက ပိုစောပြီး ထွက်ခဲ့တာပါ၊ ငါသာ လမ်းသွားလမ်းလာဆိုရင်လည်း ကျန်စန်းက ခိုးချတယ်လို့ပဲ ထင်မိမှာပဲ”

"ဒါကြောင့်မလို့…”

ကျင်ရိဖန်က လုယန်ရန်ကို ညင်သာစွာ ကြည့်လိုက်သည်။

“ချီပိုင်ရဲ့ ပြစ်မှုအတွက် မင်း သူ့ကို အပြစ်တင်နိုင်တယ်၊ ဒါမှမဟုတ် ငါ စောစောစီးစီး အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်ခဲ့တာအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်လို့ရတယ်၊ ဒါပေမယ့် ဒီကိစ္စကိုတော့ ဘယ်တော့မှ မင်းကို အပြစ်တင်လို့ မရဘူး။"

"သီချင်းခိုးချမှုကို ဆန့်ကျင်တာက အမြဲတမ်း မှန်ကန်တယ်"

[ဘုရားရေ ဖန်ဖန်က အရမ်း သိမ်မွေ့တာပဲ]

[ဝိုး၊ ဒီလောက် အများကြီး ကြုံတွေ့ခဲ့ပြီးနောက်မှာတောင် သူက ကမ္ဘာကြီးကို ကြင်နာချင်သေးတယ်၊ ကျင်းရိဖန်က တကယ်ပဲ ကမ္ဘာပေါ်မှာ အသိမ်မွေ့ဆုံး ကောင်လေးပဲ!]

[သူ ခုနက ပြောလိုက်တဲ့အချိန်မှာ ငါ စိတ်လှုပ်ရှားသွားတယ်၊ အရမ်းနွေးထွေးတာပဲ ချစ်တယ် ချစ်တယ်]

[အရင်က သူ့ကို ဒီလောက် ဆိုးဆိုးရွားရွား ဝေဖန်ခဲ့ကြတာ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက ချီပိုင်နဲ့ သူ့ကိုယ်သူပဲ အပြစ်တင်နေတယ်၊ အင်တာနက်အသုံးပြုသူတွေကို မဟုတ်ဘူး၊ ဘုရားရေ၊ သူက အရမ်း သိမ်မွေ့တာပဲ၊ သူ့နဲ့ ချစ်မိသွားချင်တယ်]

လုယန်ရန်က ကျင်ရိဖန်ကို မှင်သက်စွာ ကြည့်လိုက်သည်။

ရုတ်တရက် သူမ "ဝါး" ဟု အော်ငိုလိုက်ပြီး သူမမျက်နှာပေါ်ရှိ နူးညံ့သော မိတ်ကပ်များက ဖရိုဖရဲ ဖြစ်ကုန်ကြ၏။

ကျင်ရိဖန် ထိတ်လန့်သွားရသည်။

ဘာတွေဖြစ်နေတာလဲ။ ငါ လုယန်ရန်ကို အပြစ်မတင်ခဲ့ဘူး မဟုတ်ဘူးလား။ ဘာလို့ သူ ငိုနေရတာလဲ။

မိန်းကလေးတွေက တကယ်ပဲ ကမ္ဘာပေါ်မှာ ကိုင်တွယ်ရ အခက်ဆုံး သက်ရှိသတ္တဝါတွေပဲ။

"ဝိုး... ကျင်ရိဖန်၊ နင် ဘယ်လိုလုပ် ဒီလောက် ကောင်းနိုင်ရတာလဲ”

လုယန်ရန် မျက်ရည်များ စီးကျလာခဲ့သည်။

“နင်က ချောမောပြီး ရယ်စရာကောင်းတဲ့ လူတစ်ယောက်ပဲလို့ ထင်ခဲ့တာ၊ နင် ဒီလောက် သိမ်မွေ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

ကျင်ရိဖန်: ???

ရယ်စရာကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ငါက ရှင်းရှင်းလင်းလင်း အေးစက်ပြီး ခန့်ညားတဲ့ ကာတွန်းဇာတ်ကောင်က ကောင်လေးပဲကို။

[ဟားဟားဟား မစ္စလု၊ မင်း ငါ့ကို ချီးကျူးနေတာ သေချာလား]

[တစ်စက္ကန့်အလိုက ငါ အရမ်းထိမိသွားတာ၊ ဖန်ဖန်က အရမ်း သိမ်မွေ့တာပဲ၊ နောက်တစ်စက္ကန့်မှာ ဟားဟားဟား၊ လုယန်ရန်က ဘယ်လို သတ္တဝါမျိုးလဲ]

[လုယန်ရန်က တကယ်ကို ယီဖန် မုန်းတီးသူပဲ၊ သူ့ရဲ့ ဖော်ပြချက်က အရမ်းမှန်ကန်တယ်!]

[ဟုတ်တယ်၊ ပရိသတ်တွေက သူ့ရဲ့ ရယ်စရာကောင်းတဲ့ စိတ်နေစိတ်ထားကို ဖော်ထုတ်ဖို့ ရှက်နေကြတာလေ၊ မစ္စလုကတော့ ပွင့်ပွင့်လင်းလင်းပဲ!]

[ပွင့်ပွင့်လင်းလင်းနဲ့ ဦးနှောက်မရှိတဲ့ အမျိုးသမီးကြယ်ပွင့် x ရယ်စရာကောင်းပြီး မပျော်ရွှင်တဲ့ အမျိုးသားအဆိုတော်၊ ဒါက ကောင်းတဲ့ မောင်-နှမ အတွဲပဲ]

[စကားတစ်ခွန်း ဖြည့်ပြောရရင်၊ မကြာသေးခင်က မစ္စတာချီပိုင်ရဲ့ အခြေအနေက ပျက်စီးသွားတာမလို့ ပရိသတ်တော်တော်များများက အိမ်ခြေရာမဲ့ ဖြစ်နေကြတယ်၊ ဆွေးနွေးပြီးတဲ့နောက်မှာ ကျင်ရိဖန်ရဲ့ ဖန်ကလပ်က အိမ်ခြေရာမဲ့ ချီပိုင်ပရိသတ်တွေကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဖန်ဖန်က သီချင်းခိုးချမှုကို ဆန့်ကျင်တာ မှန်ကန်တယ်လို့ ပြောခဲ့တယ်၊ အချိန်မီ ပြုပြင်ပေးရင် ငါတို့က အမြဲတမ်း ကြိုဆိုနေမှာ!]

[ထောက်ခံတယ် လာခဲ့ လာခဲ့၊ လုယန်ရန်တောင် သစ္စာဖောက်သွားပြီ၊ မင်းတို့ ဘာလို့ မလာကြသေးတာလဲ]

[လွန်ခဲ့သောတစ်နာရီက: ကျင်ရိဖန်ပရိသတ်နဲ့ ချီပိုင်ပရိသတ်တွေက ညှိနှိုင်းလို့မရဘူး၊ တစ်နာရီကြာပြီးနောက်: တကယ်တော့ သူတို့အားလုံးက တစ်အိမ်သားတည်းတွေပဲ]

…..

လုယန်ရန် အချိန်ကြာမြှင့်စွာ ငိုပြီး ပင်ပန်းလာသောအခါ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပြီး ပေါင်ဒါ ပုတ်အပွတ်နှင့် နှုတ်ခမ်းနီကို ထုတ်ပြီး မိတ်ကပ်စတင်ပြင်ရန် လုပ်လိုက်သည်။

သူမကို နှစ်သိမ့်ပေးဖို့ လောနေတဲ့ ကျင်ရိဖန်: ???

မိန်းကလေးတွေက အမြဲတမ်း အဲဒီလောက် မြန်မြန် စိတ်ပြောင်းတတ်ကြတာလား။ တစ်စက္ကန့်က ငိုပြီး နောက်တစ်စက္ကန့်ကျတော့ မိတ်ကပ်ပြင်တယ်။ စာအုပ်စာမျက်နှာကို လှန်တာတောင် အဲဒီလောက် မမြန်ဘူး။

သို့သော် ကျင်ရိဖန်က သက်ပြင်းချလိုက်သည်။

လုယန်ရန် မိတ်ကပ်ပြင်နေစဉ်တွင် သူမက ဆက်လက် ပြောဆိုနေသည်။

"ကျင်ရိဖန်၊ တကယ်တော့ ငါ အရင်က နင်က ကျန်စန်း မဟုတ်ဘူးလို့ သံသယဝင်ခဲ့ဖူးတယ်"

ကျင်ရိဖန်က လုယန်ရန်ကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်၊ သူ့မျက်နှာအမူအရာက ရှင်းရှင်းလင်းလင်း ပြောနေသည်။

မင်း မျက်စိကန်းနေတာလား။ ကျန်စန်းနဲ့ ငါက အဲ့ဒီ အစိမ်းရောင်ဆံပင်ကလွဲလို့ ပုံစံတူတူပဲကို။

သို့သော် လုယန်ရန်ကို ထပ်မငိုအောင် ရှောင်ရှားရန် သူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“မင်း ဘာလို့ ဒီလို ပြောတာလဲ"

"နင့်ရဲ့ စိတ်နေစိတ်ထားကြောင့်လေ"

လုယန်ရန်က ပြောသည်။

“တကယ်တော့ နင့်ရဲ့ စိတ်နေစိတ်ထားက... ငါ သီချင်းခိုးချတယ်လို့ မှားယွင်းပြီး စွပ်စွဲခံရတာမဟုတ်ဘူးပြောနေသလိုပဲ"

[မစ္စလုရဲ့ မေးခွန်းက ငါ့ရဲ့ မေးခွန်းပဲ]

[ဟုတ်တယ်၊ ချီပိုင်နဲ့ ကျင်ရိဖန် စင်ပေါ်မှာ အတူရှိနေတုန်းက သူက အရမ်း တည်ငြိမ်ခဲ့တာ]

[ငါသာ ကျင်ရိဖန်ဆိုရင် ချီပိုင်ကို သေတဲ့အထိ မုန်းမိမှာပဲ၊ သူ့နဲ့ စင်ပေါ်မှာ အတူတူရှိနေတာဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး၊ ဒါပေမယ့် ကျင်ရိဖန်က တကယ်ပဲ... ဘာမှ မဖြစ်ခဲ့သလိုပဲ တစ်လျှောက်လုံး သရုပ်ဆောင်ခဲ့တာ]

[နောက်ပိုင်းမှာလည်း သူက ဈေးထဲမှာ ရှဲ့ကျစ်ရှင်းနဲ့ ငြင်းခုံဖို့ စိတ်ပါနေသေးတယ်၊ သူ့ အတွင်းစိတ်က အရမ်း သန်မာတာပဲ]

[ကျင်ရိဖန်ကို တခြားတစ်ယောက်က ဝင်ပူးထားတာလား၊ မဟုတ်ရင် အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နိုင်မှာလဲ]

ကျင်ရိဖန် အကြာကြီး တိတ်ဆိတ်နေသည်။

တကယ်ပဲ တည်ငြိမ်တာလား။

တကယ်တော့ ဘယ်သူမှ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နိုင်တာ မဟုတ်ဘူး။

သို့သော် အခက်အခဲဆုံးအချိန်များမူကား ကျော်လွန်ခဲ့ပြီပင်။ ယခု သူ့ရှေ့၌ ချီပိုင်က အစီအစဉ်အတူတူ ရိုက်ကူးရန်အတွက် ရပ်နေခြင်းသာ ရှိသည်။

ကျင်ရိဖန် မှတ်မိသည်၊ သူ အသက်ဆယ့်ငါးနှစ်အရွယ်တွင် သူ အလယ်တန်းကျောင်းမှ ဘွဲ့ရခဲ့ပြီး မူရင်းသီဆိုသူ ပြိုင်ပွဲ၏ ဒုတိယရာသီတွင် ပါဝင်ရန် မှတ်ပုံတင်အတုတစ်ခု ရခဲ့သည်။

သူထံ၌ မျှော်လင့်ချက်များ အပြည့်နှင့်ပင်။ သို့သော် တစ်စုံတစ်ယောက်က သူ့ကို ရေအေးနှင့် လောင်းချပြီး ကွန်ရက်တစ်ခုလုံးက သူ့ကို နာမည်ပျက်စာရင်း ထည့်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

အိမ်အပြန်လမ်းတွင် သူက လူတိုင်းက သူ့ကို ကြည့်နေသည်ဟု ခံစားရပြီး သူတို့၏ ဖုန်းများထဲမှ ဓာတ်ပုံများကို အခြေခံပြီး သူ့ကို ထောက်ပြ၊ ဝေဖန်နေကြသည်။

သူ ရှက်ရွံစွာ ခေါင်းငုံ့လိုက်သည်။

သူ မမှားသည်က သေချာနေလျက်နှင့် သူ ခေါင်းမော့ရန် မရဲတော့ပေ။

ကျင်မိသားစု ကို ပြန်ရောက်သောအခါ ကျင်ရိဖန်က ရှဲ့ရှင်းယောင်နှင့် ကျင်ဟုန်ဟွေ့ တို့က ဤကိစ္စကို သိပြီးသားဖြစ်၍ အနည်းဆုံးအနေနှင့် သူ့ကို နှစ်သိမ့်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။

ဒါပေမယ့် သူတို့ မလုပ်ခဲ့ဘူး။

ရှဲ့ရှင်းယောင်က ညည်းညူခဲ့သည်။

"နင် ဒီနေ့ ဘယ်တွေ လျှောက်သွားနေခဲ့တာလဲ"

ပြီးနောက် ရှဲ့ကျစ်ရှင်းကို ခေါ်ပြီး အထက်တန်းကျောင်း သင်ခန်းစာများ သင်ပေးခိုင်းခဲ့သည်။

ရှဲ့ကျစ်ရှင်းလည်း ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သူ မကြာသေးမီက မည်သည့် ကြေညာချက်မှ မရှိ၍ စာအုပ်ဆိုင်သွားပြီး အထက်တန်းကျောင်း ဘာသာရပ် သင်ကြားရေး

စာအုပ် ဆယ်အုပ်ကျော် ဝယ်ကာ နွေရာသီ လက်ဆောင်အဖြစ် ကျင်ရိဖန်ကို ပေးခဲ့သည်။

ကျင်ရိဖန်: ? ? ?

ကျင်းရိဖန် ဒေါသထွက်သွားရသည်။

ငါက အခု မှားယွင်းပြီး သီချင်းခိုးချတယ်လို့ စွပ်စွဲခံရပြီးတော့ ကွန်ရက်တစ်ခုလုံးက ငါ့ကို နာမည်ပျက်စာရင်း ထည့်ထားတာလေ။ ဒီလူတွေ မသိကြဘူးလား။ သူတို့က ငါ့ကို လေ့ကျင့်ခန်းတွေ လုပ်ဖို့တောင် အတင်းအကျပ် တွန်းအားပေးနေကြသေးတယ်ယ

အိုး၊ ဒါတင်မကသေးဘူး၊ စားဖိုမှူးက မကြာသေးခင်က သူ့ဇာတိကို ပြန်သွားတာ၊ ရှဲ့ကျစ်ရှင်းဆိုတဲ့ ကောင်ဆိုးလေးက သူ ချက်ပြုတ်လို့မရလို့ ငါ့ကို ချက်ပြုတ်ဖို့ သင်ခိုင်းသေးတယ်။

ငါတို့က မိသားစုလား။

သူတို့က လူသားတွေ မဟုတ်ဘူး။

သို့သော် ကျင်ရိဖန်က မပြောလိုပေ။ သူ့မိသားစုရှေ့၌ ကိုယ့်ကိုယ်ကို အရှက်ရအောင်လည်း မလုပ်ချင်ပေ။

ထို့ကြောင့် တိုတောင်းသည့် နှစ်လတာ နွေရာသီ အားလပ်ရက်၌ သူက အသိပညာများ သင်ယူနေခဲ့ရပြီး ချက်ပြုတ်ရန်လည်း သင်ယူနေခဲ့ရသည်။

ဆိုးလိုက်တာ။

ဤအချိန်ကာလက အလွန် အလုပ်များနေခဲ့သည်။ အားလပ်ချိန် ရတိုင်း ရှဲ့ကျစ်ရှင်းက သူ့အတွက် လုပ်စရာအမျိုးမျိုးကို အမြဲ စဉ်းစားပေးတတ်သည်။

သူ့အတွက် ဘာကြေညာချက်မှ မရှိတော့ ပျင်းနေလို့ ကျင်ရိဖန်ကို နှိပ်စက်နေတာ။

သူက နေ့စဉ်နေ့တိုင်း အလွန် အလုပ်များနေခဲ့သည်။

တဖြည်းဖြည်းနှင့် ကျင်ရိဖန်က သီချင်းခိုးချမှု ကိစ္စကို မေ့သွားသည်။

တစ်နေ့၌ သူက အထက်တန်းကျောင်း လေ့ကျင့်ခန်းစာအုပ်ကို ဆုတ်ဖြဲပြီး အင်တာနက်ကဖေးတွင် ဂိမ်းကစားရန်အတွက် နံရံကျော်တက်ရန် စီစဉ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူက ရှဲ့ကျစ်ရှင်းနှင့် ရှဲ့ရှင်းယောင်တို့ ခြံဝင်းထဲ၌ စကားပြောနေသည်ကို ကြားလိုက်ရသည်။

ရှဲ့ရှင်းယောင်၏ အသံက စိုးရိမ်ပူပန်နေသည်။

“ရိဖန်က ပြိုင်ပွဲကြောင့် စိတ်မကောင်းဖြစ်နေသေးလား”

ရှဲ့ကျစ်ရှင်းက နှစ်သိမ့်သည်။

"သူက ညတိုင်း ကုတင်ပေါ် လဲလိုက်တာနဲ့ အိပ်ပျော်သွားတာ၊ တခြားအရာတွေ စဉ်းစားဖို့ အချိန် ဘယ်ရှိတော့မှာလဲ"

ရှဲ့ရှင်းယောင် သက်ပြင်းချလိုက်သည်။

“အဒေ့ါ်သားအတွက် စိတ်မကောင်းပါဘူး၊ ဒါရိုက်တာလီရဲ့ ရုပ်ရှင်ကို မသွားခဲ့တာရော၊ ဒီလို ကောင်းတဲ့အခွင့်အရေးကြီးကို ပစ်ပြီး ရီဖန်နဲ့အတူ အိမ်မှာနေခဲ့တာရော..."

ရှဲ့ကျစ်ရှင်းက ရှဲ့ရှင်းယောင်၏ ပခုံးကို ပုတ်လိုက်သည်။

"အဒေါ်၊ ရိဖန်က ကျွန်တော့်ရဲ့ ညီလေးပါ၊ ဒါက ကျွန်တော် လုပ်သင့်တဲ့အလုပ်ပဲလေ၊ ရိဖန်ရဲ့ ကိစ္စတွေကို ပြန်စစ်ဆေးဖို့ လူတစ်ယောက်ကို ခိုင်းလိုက်မယ်၊ သူ ခိုးချတာ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်မယ့် အထောက်အထား ရှိမရှိ ကြည့်ဖို့အတွက်၊ ခဏကြာရင် သူ ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

နံရံတက်နေသော ကျင်ရိဖန်က ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏မျက်လုံးများ မသိစိတ်ကပင် မျက်ရည်များ ဝဲလာသည်။

တကယ်တော့ သူတို့ မသိတာ မဟုတ်ဘူး၊ မသိချင်ယောင် ဆောင်နေကြတာပဲ။

လူတိုင်းက ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ငါ့ကို အဲဒီ မှိုင်းမိနေတဲ့ကာလကနေ ထွက်အောင် ကူညီပေးနေကြတာ။

သူတို့က "မင်း သီချင်းခိုးချခဲ့တာလား" လို့တောင် မေးစရာ မလိုခဲ့ဘူး။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ အမြင်မှာ ဒီလို ဖြစ်နိုင်ခြေမျိုးက ဘယ်တုန်းကမှ မရှိခဲ့လို့ပဲာ

အတွေးများက ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည်။

ကျင်ရိဖန်က လုယန်ရန်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"လုံးဝ မထိရောက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အားလုံးက အတိတ်ဖြစ်သွားပြီလေ"

သူ အားအကိုးရာအမဲ့ဆုံးနှင့် အနိမ့်ဆုံးအခြေအနေသို့ ကျရောက်နေသည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ဤသို့ မှိုင်းမိနေသည့်ကာလကို ဖြတ်ကျော်ရန် အတူတူ အဖော်ပြုပေးခဲ့သည်။ ဒါမှသာလျှင် နောင်လာမည့် နေ့တိုင်းက ပို၍ ကောင်းလာတော့မည်ပင်။

ခြံဝင်းငယ်လေး ရုတ်တရက် တိတ်ဆိတ်သွားသည်။

အဝေးမှ တိုက်ခတ်လာသော လေက ခြံဝင်းငယ်လေးထဲ၌ ပဲ့တင်ထပ်နေပြီး သရက်ပင်များနှင့် တရုတ်ဇီးပင်များ၏ အရွက်များကို တရှဲရှဲ တိုက်ခတ်နေလေသည်။

ခဏအကြာတွင် ပိုင်ရှုချန်၏ အသံက လူအများ၏ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

"ဒါဆို ရိဖန်က အနာဂတ်မှာ သရုပ်ဆောင် မလုပ်တော့ဘဲ အဆိုတော်ပဲ ဖြစ်တော့မှာပေါ့~"

ကျင်ရိဖန် အံ့အားသင့်သွားသည်။

ငါးနှစ်အကြာက ဖြစ်ခဲ့သည့်ကိစ္စပြီးနောက် သူ တကယ်ပင် ဂီတလောကသို့ ပြန်လာနိုင်လိမ့်မည်ဟု ဘယ်သောအခါမှ မတွေးဖူးခဲ့ချေ။

"ငါ... မသိဘူး"

ကျင်ရိဖန် အနည်းငယ် ရှုပ်ထွေးနေသည်။

"သရုပ်ဆောင်နဲ့ အဆိုတော် နှစ်ခုလုံး တစ်ပြိုင်နက်တည်း လုပ်လို့ရတာလည်း ရှိတယ်လေ၊ ဖျော်ဖြေရေးလောကမှာ ဒီလို နှစ်မျိုးစလုံးလုပ်တဲ့ အနုပညာရှင်တွေ အများကြီးပဲ”

လုယန်ရန် လက်ထဲရှိ တိုးပတ်ကို ချလိုက်ပြီး ကျင်ရိဖန်၏ ပခုံးကို ပုတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ နင် အယ်လ်ဘမ် ထုတ်တဲ့အခါ ငါ အယ်လ်ဘမ် ရာချီ ဝယ်ပြီး အရင်က နင့်ကို အပုပ်ချခဲ့တာတွေအတွက် တောင်းပန်ပါ့မယ်”

"ချိုးချိုးလည်း ရိဖန်ကောကို ထောက်ပံ့ပေးမယ်”

ပိုင်ချိုးချိုးက ခြေတိုလေးများနှင့် ပြေးလာပြီး ကျင်ရိဖန်၏ ပေါင်များကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

"ရိဖန်ကောရဲ့ သီချင်းတွေက အရမ်းကောင်းတယ်၊ ချိုးချိုးလည်း ကြိုက်တယ်!"

ပိုင်ရှုချန်: "ဂီတမှတ်တမ်းတင်အဖွဲ့ လိုအပ်ရင် ငါ့ကို ရှာလို့ရတယ်၊ ငါက အနည်းဆုံးတော့ ဂီတလောကမှာ နံပါတ် ၁ OST ပဲ၊ ဒီအကြောင်းအရာတွေနဲ့ ငါ ရင်းနှီးတယ်"

လုယန်ရန်: "နင်က ကြောငြာနဲ့ ပရိုမိုးရှင်းအတွက်လည်း ငါ့ကို ရှာလို့ရတယ်၊ ငါတို့ လုအဖွ့အစည်းက ဂီတကြောငြာနဲ့ ပရိုမိုးရှင်းတွေမှာ ကောင်းကောင်း လုပ်ဆောင်နိုင်တယ်၊ ထျန်ရှန်းကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်”

ပိုင်ချိုးချိုး: "ချိုးချိုးမှာ အရင်းအမြစ် မရှိဘူး... ဒါပေမယ့် ချိုးချိုးက မူရင်းထုတ်ကုန်တွေကို အတူတူ ထောက်ပံ့ဖို့ ကလေးတွေကို တိုက်တွန်းပေးမယ်”

ကျင်ရိဖန်က လူတိုင်း သူ၏ အယ်လ်ဘမ်ကို စိတ်ဝင်တစား ဆွေးနွေးနေသည်ကို ကြည့်ပြီး သူ့မျက်လုံးများ နီရဲလာပြန်သည်။

သူ့ကိုယ့်ကိုယ်ကိုယ် ညှိနှိုင်းခဲ့ပြီးတော့ အဲဒီ မှောင်မိုက်တဲ့ကာလကနေ ထွက်လာနိုင်ခဲ့ပြီ။

ဒါပေမယ့် ငါ အတိတ်ကို တကယ်မေ့သွားပြီလို့တော့ မဆိုလိုဘူး။

တိုက်ပွဲပြီးနောက် သူက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်များ၊ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ၊ မူရင်းယှဉ်ပြိုင်ပွဲဝင်များ၏ ကူညီမှုများကို မြင်ခဲ့ရသည်။ ငါးနှစ်တာ ကာလပတ်လုံး တိတ်ဆိတ်နေခဲ့သည့် မတရားမှုကို နောက်ဆုံးတွင် ပြန်ဖြေရှင်းခဲ့ပြီပင်။

ကျင်ရိဖန်က လက်တွေ့မဟုတ်သကဲ့သ်ို့ ခံစားနေရသည်။

သို့သော် ယခု သူတို့က သူ့အယ်လ်ဘမ်အား အတူတူ စီစဉ်နေသည်ကို ကြည့်ပြီးမှသာ ကျင်ရိဖန်က တကယ်ပင် လက်တွေ့ဖြစ်နေသည်ဟု ခံစားရသည်။

ကျင်ရိဖန် ပြုံးလိုက်သည်။ ဖြစ်နိုင်သည်မှာ ယမန်နေ့ကစပြီး သူ တကယ်ပင် အတိတ်ကို လွှတ်ချနိုင်လိုက်ပြီပင်။

အင်တာနက်ပေါ်ရှိ လူထုထင်မြင်ယူဆချက်များက ဆက်လက် ပြန့်ပွားနေဆဲပင်။

အင်တာနက်အသုံးပြုသူများက သူတို့၏ အာရုံစိုက်မှုကို ချီပိုင်ထံကို ပို့လိုက်ပြီး သူ၏ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လုပ်ဆောင်ခဲ့သော လုပ်ရပ်များကို ဖော်ထုတ်နေကြလေသည်။ သူ၏ မကောင်းမှုများနှင့် အပုပ်ချမှုများကို အင်တာနက်အသုံးပြုသူများက ဖော်ထုတ်လိုက်ပြီဖြစ်သည်။

ဤအချိန်တွင် မာကတ်တင်းအကောင့်တစ်ခုက ထျန်ရှန်းက "မူရင်းသီဆိုသူ ပြိုင်ပွဲ" ၏ အသွားအလာကို ကန့်သတ်ထားစဉ်က ရဲ့ရှီးဝမ်က ပြန်လည်မျှဝေခဲ့၍ ဖော်ထုတ်ခံခဲ့ရသည့် ဗီဒီယိုကို ရုတ်တရက် သတိရသွားသည်။

["မူရင်း မသေနိုင်ဘူး" ဆိုတာ ဘာလဲ၊ ရဲ့ရှီးဝမ် က သူ့ရဲ့ မှတ်ချက်တွေကို ပြန်ကြည့်နိုင်လောက်လား၊ ရှက်စရာကြီး]

[အာဏာရှင်ကို ကူညီတဲ့သူ၊ ကျင်ရိဖန်သာ တိုက်ပွဲမှာ သူ့ကိုယ်သူ သက်သေမပြနိုင်ခဲ့ရင် ဒီတစ်ခါ ရဲ့ရှီးဝမ်ကြောင့် သေသွားလောက်ပြီ]

[ဒီကိစ္စကို ဝမ်ဝမ်ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမလဲ၊ ဝမ်ဝမ်ကလည်း ချီပိုင်ရဲ့ ပရိသတ်တွေလိုပဲ အမှောင်ထဲမှာ ထားခံခဲ့ရတာ မဟုတ်ဘူးလား၊ လုယန်ရန်ကိုတောင် ခွင့်လွှတ်နိုင်တာကို ဝမ်ဝမ်အပေါ် ဘာလို့ ဒီလောက် ကြမ်းတမ်းနေရတာလဲ]

[ရဲ့ရှီးဝမ်ရဲ့ လုပ်ရပ်က တကယ်တော့ မမှားဘူး၊ ဒါပေမယ့် သူ့ရဲ့ အရင်လုပ်ရပ်တွေကို ထည့်သွင်းစဉ်းစားရင် ကျီကျင်းဟန်၊ ချန်မင်ကျယ်နဲ့ အခု... ငါ ပြောနိုင်တာကတော့ သူက ခံထိုက်တယ်!]

[ရဲ့ရှီးဝမ်က ရှင်းရှင်းလင်းလင်းကို နာမည်ကြီးအောင်နဲ့ လမ်းသွားလမ်းလာတွေရဲ့ နှစ်သက်မှုကို ရဖို့ ကြိုးစားနေတာလေ၊ သူက ချီပိုင်လိုပဲ ကျင်ရိဖန်ကို နင်းပြီး ထိပ်ဆုံးကို ရောက်ချင်တာ၊ ဒါပေမယ့် သူက ကျရှုံးလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးထင်တယ်]

ဤအချိန်တွင် ရဲ့ရှီးဝမ်က ယွမ်ကွမ်းရုပ်ရှင်အဖွဲ့၏ ဒါရိုက်တာ လျှို့ကျစ်မင်း ရုံးခန်းတွင် ရှိနေသည်။

လျို့ကျစ်မင်းက စာချုပ်ဖျက်သိမ်းစာရွက်ကို ရဲ့ရှီးဝမ် ရှေ့သို့ တွန်းပို့လိုက်သည်။

"မစ္စရဲ့ ၊ ကျွန်တော်တို့ရဲ့ မူရင်းစာချုပ်က သတ်မှတ်ချက်အရ မင်းရဲ့ စာချုပ်ချုပ်ဆိုပြီး ရုပ်ရှင်ထွက်ရှိတဲ့ တစ်နှစ်အတွင်းမှာ ဘာ မကောင်းသတင်းမှ မရှိရဘူး၊ မဟုတ်ရင် ကျွန်တော်တို့ စာချုပ်ဖျက်သိမ်းခွင့်ရှိတယ်"

ရဲ့ရှီးဝမ်က သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရာ သူမ၏ လက်သည်းများက သူမ၏ အသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်နေသည်။

"ဒါရိုက်တာလျို့ ကျွန်မ Weibo တစ်ခုကိုပဲ ပြန်မျှဝေခဲ့တာလေ၊ ဒါကို မကောင်းသတင်းလို့ မယူဆသင့်ဘူး မဟုတ်ဘူးလား”

ရဲ့ရှီးဝမ် နားမလည်နိုင်ခဲ့ပေ။

ငါ တကယ်ပဲ ခွင့်လွှတ်လို့မရတဲ့ အမှားတစ်ခုခု လုပ်ခဲ့တာလား။ ငါက ရှင်းရှင်းလင်းလင်း Weibo တစ်ခုပဲ ပြန်မျှဝေခဲ့တာလေ!

"မစ္စရဲ့၊ မင်း အဲဒီ Weibo ကို သုံးပြီး မင်းရဲ့ ကျော်ကြားမှုကို ပြောင်းပြန်လှန်ချင်နေတာလေ"

လျို့ကျစ်မင်းက ရဲ့ရှီးဝမ်၏ အတွေးကို ဖော်ထုတ်လိုက်သည်။

“မင်း ဒီလိုလုပ်တာကို နားလည်လို့ရတယ်၊ ကျင်ရိဖန်သာ အနုပညာလောကကနေ အနားယူရင် မင်း တကယ်ပဲ ကျော်ကြားမှုကို ရနိုင်တယ်"

"ဒါပေမယ့် မင်းရဲ့ ချဉ်းကပ်မှုကတော့ စတော့ဈေးကွက် မှာ ရင်းနှီးမြှုပ်နှံတာနဲ့ တူတယ်၊ အကျိုးအမြတ်တွေလည်း ရှိတယ်၊ အန္တရာယ်တွေလည်း ရှိတယ်၊ အန္တရာယ်တွေ မယူဘဲ အကျိုးအမြတ်တွေကိုပဲ ခံစားလို့မရဘူး”

"ငါ့အတွက်ကတော့ မင်းရဲ့ လုပ်ရပ်က မှန်လား မှားလားဆိုတာ တကယ်ပဲ ဂရုစိုက်မယ်လို့ ထင်နေတာလား၊ ကျွန်တော် ဂရုစိုက်တာက မင်းရဲ့ လူထုအကြားက ကျော်ကြားမှုပဲ၊ ဒါက ကျွန်တော်တို့ ရုပ်ရှင်ရဲ့ အနာဂတ်ဝင်ငွေနဲ့ သက်ဆိုင်တယ်၊ ကံမကောင်းစွာနဲ့ပဲ ဒီကိစ္စတွေ ဖြစ်ပြီးနောက်မှာ မင်းရဲ့ လူထုအကြား ကြိုက်နှစ်သက်မှုက အရမ်း ဆိုးရွားသွားခဲ့တယ်”

လျို့ကျစ်မင်းက ပြောပြီး Weibo ပေါ်တွင် မဲပေးရန် လင့်ခ်တစ်ခုကို ဖွင့်လိုက်ရာ ၎င်းတွင် မာကတ်တင်းအကောင့် တစ်ခုမှ ပြုလုပ်ထားသော "အမုန်းဆုံး ကြယ်ပွင့် မဲပေးခြင်း " ဖြစ်နေသည်။

ရဲ့ရှီးဝမ်က ဤမဲပေးမှုတွင် တစ်ချိန်က ကလစ်နှိပ်ခဲ့ဖူးသည်။ ထိုအချိန်က အင်တာနက်ပေါ်ရှိ အင်တာနက်အသုံးပြုသူများ၏ ချန်ပီယံနှင့် အမုန်းဆုံးကြယ်ပွင့်မှာ ရှချန်းချန်း ဖြစ်သည်။

တစ်လကျော်ကျော်အကြာတွင် အင်တာနက်ပေါ်ရှိ အမုန်းဆုံးကြယ်ပွင့်က ချီပိုင် ဖြစ်လာခဲ့သည်။

ဒုတိယနေရာက ရဲရှီးဝမ်ဖြစ်သည်။

နှစ်ပေါင်းများစွာ ဖန်သားပြင်ပေါ်တွင် နံပါတ်တစ် ဖြစ်ခဲ့သော ရှချန်းချန်းက ကျီကျင်းဟန်နှင့် ချန်မင်ကျယ်တို့၏ ဖြစ်ရပ်နှစ်ခုကို ကြုံတွေ့ပြီးနောက် လူထုအကြား လူကြိုက်များမှု များစွာရရှိခဲ့သော်လည်း ယခုအခါ ထိပ်ဆုံး ၂၀ မှ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

ရဲ့ရှီးဝမ် မဲပေးမှုရလဒ်များကို ကြည့်ရင်း သူမ၏ လက်ချောင်းများက တုန်ရီနေသည်။

ဝက်ဘ်ဆိုက်အောက်ခြေတွင် ပရိသတ်များ၏ မှတ်ချက်များစွာလည်း ရှိသည်။

[ရဲ့ရှီးဝမ်က ဘာလို့ ဒီလောက် ပရိယာယ်တွေ များနေရတာလဲ၊ သူ့သရုပ်ဆောင်မှုက အရမ်း-အရမ်းကို စိတ်ပျက်စရာပဲ]

[ဖျော်ဖြေရေးလောကကနေ မြန်မြန် ထွက်ပါတော့၊ ဒီမိန်းမကို မမြင်ချင်တော့ဘူး]

[သူတို့က အမြဲတမ်း သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြီး ရှချန်းချန်းရဲ့ ရုပ်ရည်ကို ဝေဖန်တာကို ကြိုက်တယ်၊ ရှချန်းချန်းရဲ့ ရုပ်ရည်က ဖျော်ဖြေရေးလောက တစ်ခုလုံးမှာ အကောင်းဆုံးပဲ၊ ဒါပေမယ့် သူကိုယ်တိုင်က high-tech look (ခွဲစိတ်မှု ပြုလုပ်ထားသည့် ပုံစံ) ရှိနေတယ်၊ သူ တကယ်ကို နားမလည်ဘူးလား]

[ဘယ်လိုပဲဖြစ်ဖြစ် ငါ ရဲ့ရှီးဝမ်ကို မကြိုက်ဘူး၊ ဝက်ဘ်ဆိုက်က ထိပ်ဆုံး ကြယ်သုံးပွင့်ကို တိုက်ရိုက် ပိတ်ပင်လို့ မရဘူးလား]

…

ရဲ့ရှီးဝမ်က ထိုမှတ်ချက်များကို ကြည့်လိုက်သည်။

သူမ၏ ယခင်ဘဝမှ အမှတ်ရစရာများက သူမ၏ စိတ်ထဲ၌ ထင်ထင်ရှားရှား ရှိနေသည်။ သူမက ရှချန်းချန်း၏ လွှမ်းမိုးမှုနှင့် ကွန်ရက်တစ်ခုလုံး၏ အပုပ်ချခြင်း ခံခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် နေ့ရက်များသို့ ပြန်ရောက်သွားသလိုပင်။

မဟုတ်ဘူး။ ငါ ခက်ခဲခက်ခဲနဲ့ ပြန်လည်မွေးဖွားလာခဲ့တာ။ ငါက ဒီကမ္ဘာမှာ ရွေးချယ်ခံရတဲ့သူပဲ။ ငါ ရှုံးလို့ မဖြစ်ဘူး။

ဒါက မတော်တဆမှုတစ်ခုပဲ။

ငါ အခြေအနေကို ပြောင်းပြန်လှန်ဖို့ နည်းလမ်းတစ်ခုခု ရှိရမယ်။

"မစ္စရဲ့ မင်း စာချုပ်ကို လက်မှတ်ထိုးသင့်တယ်"

လျို့ကျစ်မင်းက ထပ်မံ သတိပေးသည်။

ရဲ့ရှီးဝမ်က အံကိုတင်းတင်းကြိတ်ကာ လျူကျစ်မင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် မတတ်သာစွာနှင့် စာချုပ်ကို လက်မှတ်ထိုးလိုက်သည်။

ဤနေရာက သူမကို ရှက်ရွံ့စေခဲ့သည်။ သူမက ထွက်ခွာရန် လှည့်လိုက်သော်လည်း တံခါးဝရှိ လုံခြုံရေးဝန်ထမ်းနှစ်ဦးက ရဲရှီးဝမ်ကို ရုတ်တရက် တားဆီးလိုက်သည်။

ရဲ့ရှီးဝမ် မျက်ခုံးပင့်လိုက်ပြီး လှည့်ကြည့်ကာ လျို့ကျစ်မင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

"ကျွန်မ စာချုပ်ကို လက်မှတ်ထိုးပြီးသွားပြီ၊ ရှင် နောက်ထပ် ဘာလိုချင်သေးလို့လဲ”

"မစ္စရဲ့ မင်း မေ့နေတဲ့အရာတစ်ခု ရှိနိုင်သေးတယ်နော်"

လျို့ကျစ်မင်းက စာချုပ်ထဲရှိ စာချုပ်ဖောက်ဖျက်မှု ပုဒ်မကို ဖွင့်လိုက်သည်။

“မင်း စာချုပ်ချုပ်ဆိုတဲ့အချိန်ကနေ ရုပ်ရှင်ထွက်ရှိတဲ့ တစ်နှစ်အတွင်းမှာ အရှုပ်တော်ပုံ တွေ ပါဝင်လာခဲ့ရင် ရုပ်ရှင်လုပ်ခအားလုံးကို ပြန်ပေးရုံသာမက ပျက်စီးကြေးဆယ်ဆ လည်း ပေးရပါလိမ့်မယ်"

ရဲ့ရှီးဝမ်က မျက်လုံးများက ပြူးကျယ်သွားသည်။

“ရှင် အရမ်းလွန်လွန်းတယ်၊ ရုပ်ရှင်အဖွဲ့ထဲတောင် မဝင်ရသေးဘူး၊ ရှင့်ရဲ့ စပေါ်ငွေလည်း မရသေးဘူး၊ ဆယ်ဆ ပျက်စီးကြေး ပေးခိုင်းချင်တာလား”

လျှို့ကျစ်မင်းက ဖြည်းညှင်းစွာ ပြောသည်။

“မစ္စရဲ့ ဒါက စာချုပ်မှာ ဖော်ပြထားတာပဲ၊ ကျွန်တော်တို့ မင်းနဲ့ စာချုပ်ချုပ်တုန်းက ဘယ်လောက်တောင် ဖိအားတွေများခဲ့ရတာလဲဆိုတာ မင်း သိသင့်တယ်၊ မင်းက ပထမအဆင့် မင်းသမီး တစ်ယောက်ပဲလေ၊ စာချုပ်နဲ့ပတ်သက်ပြီး နားလည်မှု ရှိသင့်တယ် မဟုတ်လား”

နောက်ဆုံးတွင် လျို့ကျစ်မင်းက ထပ်ထည့်သည်။

"ရိုးရိုးသားသား ပြောရရင် မင်း ရုပ်ရှင်အဖွဲ့ကို ဆယ်သန်းချီ အကြွေးတင်နေပြီး ပြန်မပေးဘူးဆိုတဲ့ သတင်းကို အင်တာနက်ပေါ်မှာ ပေါ်လာတာကို ကျွန်တော်လည်း မလိုချင်ပါဘူး"

"လျို့ကျစ်မင်း!"

ရဲ့ရှီးဝမ် အံကိုတင်းတင်းကြိတ်ကာ ပြောသည်။

"ရှင့်ရဲ ရုပ်ရှင်အဖွဲ့ကို ဟန်ကျားလင်က ရင်းနှီးမြှုပ်နှံထားတာကို ရှင်သိတယ်မလား၊ ကျားလင်နဲ့ ကျွန်မကြားက ဆက်ဆံရေးကိုလည်း ရှင် သိသင့်တယ်၊ သူက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထုတ်သွားမှာ မကြောက်ဘူးလား"

“သေချာတာပေါ့၊ ငါ သိတယ်"

လျို့ကျစ်မင်းက ပြုံးပြီး ပြောသည်။

"ဒါပေမယ့် ဒီကမ္ဘာမှာ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ထက်မက ပိုများပါတယ် မစ္စရဲ့၊ ဒီမှာ ငါနဲ့ ငြင်းခုံနေမယ့်အစား ပျက်စီးကြေး ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားတာက ပိုကောင်းလိမ့်မယ်၊ ပထမအဆင့်မင်းသမီးက စာချုပ်ဖောက်ဖျက်ပြီး ပိုက်ဆံ ပြန်မပေးတာ၊ ဒါက ကြီးမားတဲ့ အမည်းစက်ပဲ”

"ရှင်--!"

ရဲ့ရှီးဝမ်သည် လျို့ကျစ်မင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

ရဲ့ရှီးဝမ် ထွက်သွားပြီးနောက် လျို့ကျစ်မင်းက ပြတင်းပေါက်သို့ လျှောက်သွားကာ ရှဲ့ကျစ်ရှင်း ကို ခေါ်လိုက်သည်။

"မစ္စတာရှဲ့၊ ခင်ဗျား တောင်းဆိုတဲ့အတိုင်း ရဲရှီးဝမ်ကို ဆယ်ဆ ပျက်စီးကြေး ပေးခိုင်းလိုက်ပါပြီ၊ ခင်ဗျားလည်း ကတိတည်ပြီး "ယွီကွမ်း" မှာ ရင်းနှီးမြှုပ်နှံမယ် မဟုတ်လား"

ဖုန်း၏တစ်ဖက်ရှိ အမျိုးသားက သူ့နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်စွာ ပြုံးကာပြောသည်။

"ဒါပေါ့၊ ကျွန်တော့် လက်ထောက်ကို စာချုပ်ပြင်ဆင်ခိုင်းလိုက်မယ်၊ အဲဒါအပြင် ရုပ်ရှင်ရိုက်ကူးမှုက ခင်ဗျားအပေါ် မူတည်တယ်၊ ကျွန်တော်တို့ အများကြီး ဝင်ပါမှာ မဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်"

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသည်။

လျို့ကျစ်မင်းက ပျော်ရွှင်စွာနှင့် သူ့ဖုန်းကို ကော်ဖီစားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ရုံးခန်းရှိ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းလိုက်သည်။

သူက သူ့စိတ်ထဲရှိ ပြဿနာကြီးတစ်ခုကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပြီပင်။

သို့သော်လည်း ရှဲ့ကျစ်ရှင်းက တကယ်ပင် မကျေနပ်မှုကို သိမ်းထားတတ်သည်ဟု ပြောရမည်ပင်။

လျို့ကျစ်မင်းက ရှဲ့အုပ်စု၏ အမွေခံ ရှဲ့ကျစ်ရှင်းက သူ့ဦးလေးကို မည်သို့ လက်စားချေခဲ့သည်ကို ကြားဖူးသည်။

ထိုအချိန်က သူက ဤအရာများစွာကို အသိုင်းအဝိုင်းရှိ လူများက ချဲ့ကားပြောဆိုခြင်းဟု ထင်ခဲ့သည်။

ယခုမူ ရဲ့ရှီးဝမ်က ကျင်ရိဖန် ၏ အထောက်အထားကို သက်သေပြသည့် Weibo ကို ပြန်မျှဝေခဲ့ခြင်းသာ ဖြစ်ပြီး black material (မကောင်းသတင်း) မဟုတ်သော်လည်း ရှဲ့ကျစ်ရှင်းက သူမကို ဆယ်သန်းချီ ပျက်စီးကြေး ပေးဆောင်ရန် အတင်းအကျပ် လုပ်ခဲ့သည်။

တကယ်ကို ဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ် ရှဲ့ကျစ်ရှင်းနဲ့တော့ မဖြစ်သင့်ဘူး။

"သာယာရိုးရှင်းသောဘဝ" ၏ တရားဝင် Weibo အကောင့်က ချီပိုင်က ရိုက်ကူးမှုမှ နုတ်ထွက်ကြောင်းနှင့် ဧည့်သည်အသစ်မှာ ရှုကျစ်ချင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရှချန်းချန်းက ချင်ချွမ်းရွာ၏ လျှို့ဝှက်ချက်များကို

ဖော်ထုတ်သည့် လုပ်ငန်းတာဝန်ကို ပြီးမြောက်ခဲ့သည်။ ဤတစ်ခါတွင် အလိမ်ညာဖော်ထုတ်သူက ပရိသတ်များကို ဆွဲဆောင်နိုင်ဆဲဖြစ်ပြီး ၎င်းက ထိမိနေဆဲဖြစ်သည်။ ကွန်ရက်တစ်ခုလုံးတွင် ကျင်ရိဖန်ကို အစကတည်းက ထောက်ခံခဲ့သည့် တစ်ခုတည်းသော အကောင့်အနေဖြင့် ရှချန်းချန်း၏ ပရိသတ်အရေအတွက်သည် သန်း ၂၀ ကို တိုက်ရိုက်ကျော်လွန်သွားခဲ့သည်။ယခုအခါ အင်တာနက်အသုံးပြုသူများသာမက ရှဲ့ကျစ်ရှင်း၊ ကျင်ရိဖန်နှင့် လုယန်ရန် ကဲ့သို့သော ကြယ်ပွင့်များကလည်း သူမ၏ Weibo ကို followed လုပ်ခဲ့ကြသည်။

အလိမ်အညာဖော်ထုတ်သူသည် ဖျော်ဖြေရေးလောကတွင် နံပါတ်တစ် ဖရဲသီးပိုင်ရှင် ဖြစ်လာခဲ့သည်။

[ကျီကျီက အံ့သြစရာပဲလို့ မပြောဘဲနေနိုင်တဲ့သူ မရှိလောက်ဘူး]

[လွန်ခဲ့တဲ့ခြောက်နှစ်က ဖရဲသီး၊ ငါ တကယ်ကို ဒူးထောက်နေပြီ]

[ကျီကျီကို မာကတ်တင်းအကောင့်လို့ မသတ်မှတ်တော့ဘူး၊ ဒီလောက် အံ့သြစရာကောင်းတဲ့ မာကတ်တင်းအကောင့် ရှိလို့လား]

[ကျီကျီက ပြည်တွင်းဖျော်ဖြေရေးလောကရဲ့ သန့်စင်သူပဲ၊ အဲ့ဒီ အကျင့်ပျက်ခြစားမှုတွေကို အားလုံး မောင်းထုတ်ပစ်လိုက်ပြီ၊ အရမ်းကောင်းတယ်]

[ငါ့ထက် ပိုဆိုးတဲ့သူ ရှိသေးလား... ငါ အကြိုက်ဆုံး သရုပ်ဆောင်မင်းသမီးက ကျီကျင်းဟန် ၊ ကျီကျင်းဟန်ရဲ့ နာမည်က ပျက်စီးသွားခဲ့ပြီ၊ ငါ အကြိုက်ဆုံး ဒါရိုက်တာက ချန်မင်ကျယ် ၊ ချန်မင်ကျယ်ရဲ့ နာမည်ကလည်း ပျက်စီးသွားခဲ့ပြီ၊ ငါ အကြိုက်ဆုံး အဆိုတော်က ချီပိုင် ၊ ချီပိုင်ရဲ့ နာမည်ကလည်း ပျက်စီးသွားခဲ့ပြီ၊ ကျီကျီ၊ ပြောပါဦး၊ ဒီဖျော်ဖြေရေးလောကမှာ နာမည်ပျက်မရှိတဲ့သူရဲ့ ပရိသတ်လုပ်လို့ရတာ ဘယ်သူ ရှိသေးလဲ]

[အပေါ်က လူ တကယ် အခြေအနေဆိုးနေတာပဲ၊ ဟားဟားဟား]

[ဖျော်ဖြေရေးလောကက တကယ်ကို အရမ်းညစ်ပတ်တာပဲ၊ သန့်ရှင်းတဲ့ ကြယ်ပွင့် နည်းနည်းလေးပဲ ရှိတယ်]

[ဒါဆို အဲဒီကံမကောင်းတဲ့ကောင်မလေး၊ ကျီကျီရဲ့ ပရိသတ်လုပ်ကြည့်လိုက်ပါလား]

[???]

[ပါပါရာဇီ ရဲ့ ပရိသတ်လုပ်ရမှာလား]

ပါပါရာဇီတစ်ဦး၏ ပရိသတ်ဖြစ်ခြင်းကို နောက်ဆုံးတွင် meme (လူရယ်စရာ) အဖြစ် သတ်မှတ်ပြီး အင်တာနက်အသုံးပြုသူများက ပေါ့ပေါ့ပါးပါး ပစ်ပယ်လိုက်ကြသည်။

ရှချန်းချန်းလည်း လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် လုပ်ငန်းတာဝန်ကို ပြီးမြောက်ခဲ့ပြီး ဒါရိုက်တာယွီထံမှ ခွင့်ယူသည်ဟု အကြောင်းပြကာ ချင်ချွမ်းရွာမှ ထွက်ခွာခဲ့သည်။

အပြန် တက္ကစီပေါ်တွင် ရှချန်းချန်းက သူမ၏ မိုဘိုင်းဖုန်းကို ဖွင့်ပြီး “သာယာရိုးရှင်းသောဘဝ" ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက် ကြည့်ရှုနေသည်။

ယနေ့တွင် ရှဲ့ကျစ်ရှင်းက ကုမ္ပဏီအလုပ်ကြောင့် အစီအစဉ်ရိုက်ကူးမှုမှ နုတ်ထွက်ခဲ့သည်။ အစီအစဉ်အဖွဲ့က ထပ်ခါတလဲလဲ စဉ်းစားပြီးနောက် ရှုကျစ်ချင်းကို ဖိတ်ခေါ်ရင်း "ရှန်းကျယ်" ရုပ်ရှင်အဖွဲ့မှ နောက်ထပ် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သော လင်းရှီချန် ကိုလည်း ဖိတ်ခေါ်ခဲ့သည်။

လင်းရှီချန်၏ အတွေ့အကြုံကို ယခင်က အလိမ်ညာဖော်ထုတ်သူ၏ ထုတ်ဖော်မှုများကြောင့် အင်တာနက်အသုံးပြုသူများ သိရှိခဲ့ကြပြီး ဤလှပ၊ သန်မာပြီး ဆိုးရွားသော သရုပ်ဆောင်မင်းသမီးငယ်လေးအပေါ် အလွန် သနားစိတ် ဖြစ်ခဲ့ကြသည်။ လင်းရှီချန်၏ လူကြိုက်များမှုက မကြာသေးမီက များစွာ တိုးတက်လာခဲ့သည်။

လင်းရှီချန်နှင့် ကျင်းရိဖန်တို့က တစ်ဖွဲ့ဆည်းကျခဲ့သည်။ သူတို့ အလုပ်မစမီ ကျင်းရိဖန်က လင်းရှီချန်ကို တိတ်တိတ်လေး မေးသည်။

"မင်း အလိမ်အညာဖော်ထုတ်သူကို သိလား”

လင်းရှီချန် အံ့အားသင့်သွားသည်။

"ဘာလို့ ရုတ်တရက် ဒီလို မေးတာလဲ"

ကျင်ရိဖန် စိတ်ရှုပ်ထွေးနေသည်။

“ဟုတ်တယ်၊ ငါ မနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာကို မင်းလည်း သိတယ်မလား၊ တကယ်တော့ ငါလည်း အရမ်း သိချင်နေလို့၊ အလိမ်ညာဖော်ထုတ်သူက ငါ့အကြောင်း ဘာလို့ ဒီလောက် အများကြီး သိနေရတာလဲ”

ကွန်ရက်တစ်ခုလုံးက သူ့ကို အပုပ်ချနေစဉ်တွင် အလိမ်အညာဖော်ထုတ်သူ တစ်ဦးတည်းကသာ "အချိန်နဲ့အမျှ အမှန်တရားပေါ်လာပါစေ" ဟု ရေးခဲ့သည်။

ချီပိုင်၏ ပရိသတ်များက ပြိုင်ပွဲနိုင်ခြင်းက သူ မခိုးချခြင်းမဟုတ်ကြောင်း မေးခွန်းထုတ်နေဆဲတွင် သူမက ပထမဆုံး "မူရင်းသီဆိုသူ ယှဉ်ပြိုင်ခြင်း " က ပြိုင်ပွဲဝင်များ၏ သက်သေပြ ဗီဒီယိုကို ဖော်ထုတ်ခဲ့သည်။

ငါ လွန်ခဲ့တဲ့ခြောက်နှစ်က CD ပျောက်ဆုံးခဲ့တဲ့ ကိစ္စကို ရှဲ့ကျစ်ရှင်းကိုတောင် မပြောခဲ့ဘူး။ အလိမ်အညာဖော်ထုတ်သူက ဘယ်လိုသိတာလဲ။

ကျင်ရိဖန် တစ်ညလုံး စဉ်းစားခဲ့သော်လည်း သူ ဘယ်လိုမှ နားမလည်နိုင်ခဲ့ချေ။

လင်းရှီချန် ရယ်လိုက်သည်၊ သူမ ထိုနေ့က ကားပါကင်မှ ကောင်မလေးကို သတိရလိုက်သည်။

လှပပြီး နူးညံ့သည်။

လင်းရှီချန်က ချီးကျူးသည်။

“ငါလည်း မသိဘူး၊ ဘုရားသခင်က စေလွှတ်လိုက်တဲ့ နတ်သမီးတစ်ပါး ဖြစ်နေမလား"

ကျင်ရိဖန်: ? ? ?

ကျင်ရိဖန်က သူ့ဖုန်းကို ကြည့်နေရင်း အဖိုးအိုတစ်ယောက်၏ မျက်နှာနှင့်တူနေသော်လည်း လင်းရှီချန်၏ တည်တံ့နေသည့် ပုံစံကို ကြည့်လိုက်သောအခါ။

ဖြစ်နိုင်တာက... အလိမ်အညာဖော်ထုတ်သူက တကယ်ပဲ လူမဟုတ်ဘူးလား။

ဒါက လက်ခံနိုင်စရာမရှိပေမယ့် အရမ်း ယုတ္တိရှိသလိုပဲ။

ဘာလို့လဲဆိုတော့ ကျီကျီက နတ်သမီးတစ်ပါးဖြစ်နေလို့ပဲ၊ သူက လူတွေ မသိသေးတဲ့ အမှန်တရားတွေ အများကြီးကို သိနေတာ။

ကျင်ရိဖန် ကြောက်ရွံ့သွားပြီး အလိမ်ညာဖော်ထုတ်သူကို ပို၍ပင် လေးစားသွားသည်။

တက္ကစီထဲတွင် ရှချန်းချန်းက ဆက်တိုက် နှာချေနေ၏။

သူမ နှာခေါင်းကို ပွတ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ၊ တစ်ယောက်ယောက်က ငါ့ကို ဆဲနေတာလား”

အလိမ်ညာဖော်ထုတ်သူကို "ဆဲနေသော" ကျင်ရိဖန်က သံယတရားရှေ့တွင် ဆုတောင်းလိုက်သည်။

“နတ်သမီး ကျီကျီ ! ကျေးဇူးပြုပြီး ကျွန်တော့်ကို ကောင်းချီးပေးပါ! နာမည်ကြီးလာပါစေ! ရှဲ့ကျစ်ရှင်းကို ကျော်နိုင်ပါစေ! ပြည်တွင်းဖျော်ဖြေရေးလောကရဲ့ ထိပ်တန်းကြယ်ပွင့် ဖြစ်လာပါစေ! ကျေးဇူးတင်ပါတယ်! အာမင်!"

ဘေးနားမှ လင်းရှီချန်: ? ? ?

ငါတို့ ညီအစ်ကိုဝမ်းကွဲတွေလို့ ပြောခဲ့တယ်မဟုတ်လား။ စက္ကူနဲ့ လုပ်ထားတာလား။ ဟုတ်တယ်မလား။

ရှချန်းချန်း အာသမ်းခြင်းမှ ရပ်သည်ကိုမြင်သောအခါ သူမ ဖုန်းထဲမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် "ယွီကော" ၏ တရားဝင် Weibo အကောင့်က နောက်ဆုံးသတင်းကို ထုတ်ပြန်ခဲ့သည်၊ ရုပ်ရှင်အဖွဲ့က ရဲ့ရှီးဝမ နှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီး အမျိုးသမီးဇာတ်လိုက်အသစ်ကို ပြန်လည်ရွေးချယ်တော့မည် ဖြစ်သည်။

စနစ်က စိတ်ဝင်တစားနှင့် နောက်ဆုံးသတင်းကို လာရောက် သတင်းပို့သည်။

“Host၊ ငါ ခုနလေးတင် ရှဲ့ကျစ်ရှင်း ပါဝင်နေတာကို တွေ့လိုက်ရတယ်၊ မူလကတော့ "ယွီကွမ်း" ကို ဟန်ကျားလင်က အပြည့်အဝ ရင်းနှီးမြှုပ်နှံထားတာမို့ လူပြောင်းဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် "ယုဂွမ်း" ရဲ့ ဒါရိုက်တာ လျိုကျစ်မင်းက ရဲ့ရှီးဝမ်ကို အသုံးချနေတာကို အမြဲတမ်း မနှစ်သက်ဘူး၊ ပြီးတော့ ထျန်ရှန်း လည်း သူ့ကို ဆက်သွယ်ခဲ့တယ်"

ရှချန်းချန်း အံ့သြခြင်းမရှိ။ သူမ နိုဗယ်ဖတ်စဉ်က ရှဲ့ကျစ်ရှင်းက အလွန် အငြိုးကြီးသူတစ်ယောက်ဆိုသည်ကို သိခဲ့ပြီးသားပင်။

ရဲ့ရှီးဝမ်က ချီပိုင်ကိစ္စမှာ ကျင်ရိဖန်ကို တမင်တကာ နင်းချေခဲ့တာ။ ရှဲ့ကျစ်ရှင်းက လက်တုံ့မပြန်တာကမှ ထူးဆန်းလိမ့်မယ်။

စနစ်: "ဒါပေမယ့်... ရဲ့ရှီးဝမ်က ကျင်ရိဖန်အကြောင်း သတင်းဖော်ထုတ်တဲ့ Weibo ကိုပဲ ပြန်မျှဝေခဲ့တာလေ၊ ရှဲ့ကျစ်ရှင်းက သူမကို သန်း ၅၀ ပေးခိုင်းတယ်၊ ဒါပေမယ့် ချီပိုင်က ကျင်ရိဖန်ကို အဲလို ထိခိုက်စေတာတောင် နောက်ဆုံးတော့ ဖျော်ဖြေရေးလောကကနေပဲ ပိတ်ပင်ခံရတာ သူ့အတွက် အရမ်း လွယ်ကူလွန်းတယ်”

"ဒီလိုလူယုတ်မာကို ဥပဒေအရ အပြစ်ပေးသင့်တယ်”

ရှချန်းချန်း ခဏရပ်လိုက်သည်။

"ထုံဇီ၊ မင်း မှန်တယ်!"

ရှချန်းချန်း၏ မျက်လုံးများက လင်းလာသည်။

“ရှဲ့ကျစ်ရှင်းက ချီပိုင်ကို ဘယ်လိုလုပ် လွှတ်ပေးမှာလဲ၊ မနေ့ညက ငါ အရေးမယူရင်တောင် သူ့မှာ ချီပိုင်ကို ဖျက်ဆီးဖို့ နည်းလမ်းတစ်ခု ရှိကိုရှိရမယ်”

စနစ်က နားမလည်နိုင်ခဲ့ပေ။

“ဒါပေမယ့် နိုဗယ်ထဲမှာ သူက ကျင်ရိဖန်အတွက် သက်သေမပြနိုင်ခဲ့ဘူးလား"

ရှချန်းချန်း ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ နိုဗယ်ထဲမှာ ရေးမထားလို့ သူ သက်သေမပြခဲ့ဘူးလို့ မဆိုလိုဘူး၊ အဲဒီအချိန်မှာ ကျင်ရိဖန်က သေဆုံးသွားခဲ့ပြီဆိုရင် ရှဲ့ကျစ်ရှင်းရဲ့ သက်သေပြမှုက ရေးသားခံရမှာ မဟုတ်ဘူး"

ရှချန်းချန်း၏ နိုဗယ်ကမ္ဘာအကြောင်း ဒုတိယ ကောက်ချက်အရ- နိုဗယ်ကမ္ဘာတွင် ဖုံးကွယ်ထားသော ဇာတ်လမ်းအချို့ ရှိသည်၊ ဇာတ်လမ်းက နောက်ဆက်တွဲ ဇာတ်လမ်းအပေါ် သက်ရောက်မှု မရှိလျှင် နိုဗယ်က ထိုအရာကို ဖော်ပြရန် အချိန်ကုန်ခံမည် မဟုတ်ပေ။

ရှချန်းချန်း မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လက်သည်းများကို ကိုက်ကာ ဆက်လက် တွေးတောသည်။

"ရှဲ့ကျစ်ရှင်းမှာ ချီပိုင်ကို ဖျက်ဆီးဖို့ နည်းလမ်းတစ်ခုခု ရှိကိုရှိရမယ်၊ ဒါပေမယ့် ဒီနည်းလမ်းက တရားဝင် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ ဒါပေမယ့်... သူ့နည်းလမ်းက အတိအကျ ဘာလဲ"

စနစ် မဖြေနိုင်ခဲ့ပေ။

ဒါက ငါ့ရဲ့ ဉာဏ်ရည်ထက် ကျော်လွန်နေတယ်။

သူက ချန်းချန်းကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

ရှချန်းချန်းက အရှုံးမပေးဘဲ သူမ၏ လက်သည်းများကို ခဏတာ ကိုက်နေသည်။

ရုတ်တရက် သူမ၏ မျက်လုံးများက လင်းလာခဲ့သည်။

"ထုံဇီ! ရှဲ့ကျစ်ရှင်း အခု ဘယ်မှာလဲ"

စနစ်: "ထျန်ရှန်း ဆိုတဲ့ ရုပ်ရှင်စတူဒီယိုတစ်ခုမှာ၊ ဒါပေမယ့် ဘယ်ရိုက်ကူးရေး ပရောဂျက်လဲဆိုတာတော့ ထပ်စစ်ဆေးဖို့ လိုသေးတယ်... ဘာဖြစ်လို့လဲ"

ရှချန်းချန်းက ခိုင်မာစွာ ပြောသည်။

"အခု သူ့ကို သွားရှာကြစို့၊ ငါ လိုချင်တဲ့ အဖြေကို အဲ့ဒီမှာ တွေ့လိမ့်မယ်လို့ ထင်တယ်”

တက္ကစီကြီးက စက်ရုံကြီးတစ်ခု၌ ရပ်လိုက်သည်။

စက်ရုံက ပိတ်ထားပြီး ပတ်ဝန်းကျင်က ခြောက်ကပ်နေကာ လူနည်းနေသည်။

ရှချန်းချန်း သူမရှေ့က ဧရာမအိမ်ကြီးကို ကြည့်လျက် ရင်များခုန်လာပြီး ရဲရင့်သည့် အတွေးတစ်ခုက ခေါင်းထဲဝင်လာခဲ့သည်။

သူမ ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ တိုးကာ စက်ရုံတံခါးကို တွန်းဖွင့်လိုက်သည်။

အချိန်များ ကုန်လွန်၊ နှစ်များက ရှချန်းချန်းအား လွန်ခဲ့သည့်ခြောက်နှစ်ကို တစ်ညတည်းနှင့် ပြန်ခေါ်သွားသလိုပင်။

သူတို့ရှေ့တွင် "ပထမဆုံး 'မူရင်းသီဆိုသူ ယှဉ်ပြိုင်ခြင်း' ရွေးချယ်မှုနေရာ" ဟု ရေးထားသော ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခု ရှိသည်။ တစ်လုံးချင်း ပြန်လည်တည်ဆောက်ထားသော ရွေးချယ်မှု ပြိုင်ပွဲတစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။

စနစ် အံ့အားသင့်သွားပြီး ရှချန်းချန်းထက်ပင် ပို၍ အံ့အားသင့်သွားသည်။

ဘာလို့လဲဆိုတော့ ငါ ဒီနေရာကို မြင်ဖူးလို့ပဲ။

ပင်မစနစ်၊ ကျင်းရိဖန်၏ အတွေ့အကြုံ၌ပင်။

ဤနေရာမှ အသေးစိတ်တိုင်းကို လွန်ခဲ့သည့်ခြောက်နှစ်က ပြိုင်ပွဲနေရာနှင့်အညီ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ဘာမျှ မကွဲပြားဘဲ အပြည့်အဝ ပြန်လည်တည်ဆောက်ထားသည်။

စက်ရုံထဲတွင် ရှိနေခြင်းက လွန်ခဲ့သည့်ခြောက်နှစ်က ထိုနေရာ၌ ရှိနေသလိုပင် ခံစားရစေသည်။

စနစ်က တီးတိုးပြောသည်။

"Host ရှဲ့ကျစ်ရှင်းက တကယ်ပဲ ဘာလုပ်မလို့လဲ"

ရှချန်းချန်းက ညင်သာစွာ ပြောသည်။

"သူတို့က အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကို ရိုက်ကူးတော့မှာ၊ စာရေးဆရာက ဖျက်ပစ်ခဲ့တဲ့ အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကိုပေါ့"

ဘာလို့လဲဆိုတော့ ဝတ္ထုရဲ့ setting မှာ ကျင်ရိဖန်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မယ့် ဘယ်သက်သေမှ ရှိမှာ မဟုတ်လို့ပဲ။

မရှိရင် ရှဲ့ကျစ်ရှင်းက ကိုယ်တိုင် ဖန်တီးမှာ။

စနစ်က မယုံကြည်နိုင်ခဲ့ပေ။

“Host ဆိုလိုတာက... အတုအယောင်လား၊ ဒါက ဥပဒေနဲ့ မညီဘူးလေ၊ ပေါ်ပေါက်သွားရင် ဘယ်လိုလုပ်မလဲ"

ရှချန်းချန်းက လှောင်ပြောင်သည်။

“အဲဒါက ဖော်ထုတ်ခံထားရပြီးပြီ၊ ဝတ္ထုရဲ့ နောက်ဆုံးမှာ ရဲံရှီးဝမ်နဲ့ ဟန်ကျားလင်တို့က ဗီလိန် ရှဲ့ကျစ်ရှင်းကို အနိုင်ယူခဲ့ပြီးတော့ ရှဲ့ကျစ်ရှင်းရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ခံခဲ့ရတယ်လေ၊ အရာရှိတွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းကြံစည်မှု ၊ တရားသူကြီးတွေကို လာဘ်ထိုးမှု ၊ သက်သေအထောက်အထားအတု လုပ်မှု တွေ အပါအဝင်... သူ တကယ် ဒီအရာတွေကို ဇာတ်လမ်းထဲမှာ လုပ်ခဲ့တာလား”

"ဝတ္ထုထဲမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားဘူး၊ ဘာလို့လဲဆိုတော့ ဒီအရာတွေက ချီပိုင် ကို ပစ်မှတ်ထားတာမလို့၊ ကျင်ရိဖန် သေဆုံးပြီးနောက်မှာ ရှဲ့ကျစ်ရှင်းက သူ့ကို သက်သေပြဖို့ ကူညီပေးချင်ခဲ့တာ၊ ဒါကြောင့် ဒီလို သက်သေအထောက်အထားတွေကို အတုလုပ်ခဲ့တာ၊ ဒါပေမယ့် နောက်ဆုံးဇာတ်သိမ်းမှာ ရဲ့ရှီးဝမ်တို့က ဖော်ထုတ်ခဲ့ကြတာလေ"

တကယ်တွင် ရှဲ့ကျစ်ရှင်းက ကျင်ရိဖန်အတွက် ဤသို့ လုပ်ပေးရန်မလိုအပ်ခဲ့ပေ။ သို့သော်လည်း သူက ကျင်းရိဖန်ကို အပြစ်ကင်းစင်စွာ သေဆုံးစေချင်ခဲ့သည်၊ လူ့လောက၌ မရှိတော့ခလျှင်ပင် ကဲ့ရဲ့ရှုတ်ချမှု မရှိသင့်ပေ။ ဤသို့ လုပ်လျှင်ပင် သူက ကြီးမားသည့် တန်ကြေးကို ပေးဆပ်ရလိမ့်မည်ပင်။

ရှချန်းချန်း မတတ်သာစွာဖြင့် ပြုံးလိုက်သည်။

ရှဲ့ကျစ်ရှင်းက အလွန် ထက်မြက်သည်ဟု သူ ခံစားရသည်။

သို့သော် တစ်ခါတစ်ရံတွင် သူက ကူကယ်ရာမဲ့စွာပင် မိုက်မဲနေတက်သည်။

စနစ်က အနည်းငယ် စိုးရိမ်နေသည်။

"Host ချီပိုင်က အခုမှ ပိတ်ပင်ထားရတာ၊ ရှဲ့ကျစ်ရှင်းက ချီပိုင်ကို သတိပို့အတွက် ဒီစတူဒီယိုကို သုံးမှာတော့ မဟုတ်ဘူးမလား"

ရှချန်းချန်း တုန်လှုပ်သွားရသည်။

သူမက ဝတ္ထုထဲရှိ ရှဲ့ကျစ်ရှင်း၏ ဇာတ်ကောင်စရိုက်ကို သတိရလိုက်သည်။

သေစမ်း၊ ဖြစ်နိုင်တယ်... မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

ဤအချိန်တွင် ရှဲ့ကျစ်ရှင်းနှင့် အထူးလက်ထောက်ကျိုး တို့လည်း စက်ရုံထဲ၌ ရှိနေကြသည်။

အထူးလက်ထောက် ကျိုးက သတိထားပြီး ပြောသည်။

"မစ္စတာရှဲ့၊ ဒီ အစီအစဉ် B က မလိုတော့ဘူးလား”

ရှဲ့ကျစ်ရှင်းက "မူရင်းသီဆိုသူ ယှဉ်ပြိုင်ခြင်း " ၏ ပထမဆုံး ရွေးချယ်မှု မြင်ကွင်းကို ပြန်လည်တည်ဆောက်ရန် သူ့ရည်ရွယ်ချက်ကို ဖော်ပြစဉ် သူ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ ပထမဆုံး လက်ထောက်အနေနှင့် ရှဲ့ကျစ်ရှင်း ဘာလုပ်တော့မည်ဆိုသည်ကို သူ သတိမထားမိဘဲမနေပေ။

"မလိုဘူး"

ရှဲ့ကျစ်ရှင်း၏ အသံလည်း အနည်းငယ် ပေါ့ပါးသွားခဲ့သည်။

“ချီပိုင်ရဲ့ အကောင့်နဲ့ အခွန်ကို စစ်ဆေးလိုက်၊ သူက သန့်ရှင်းတဲ့သူ မဟုတ်ဘူး”

အထူးလက်ထောက် ကျိုးက သူ့မိုဘိုင်းဖုန်းထဲက မှတ်တမ်းများကို ထုတ်ပြလိုက်သည်။

“သိပါပြီ၊ အခုပဲ လူရှာပြီး လုပ်ခိုင်းလိုက်ပါ့မယ်!"

အထူးလက်ထောက် ကျိုးက ရှဲ့ကျစ်ရှင်းကို ထပ်မေးသည်။

“မစ္စတာရှဲ့၊ ဒီစတူဒီယိုကရော၊ အလွတ်ထားဖို့က အရမ်း ဖြုန်းတီးရာမကျဘူးလား”

ရှဲ့ကျစ်ရှင်း ခဏ စဉ်းစားပြီး ပြောသည်။

" ‘မူရင်းသီဆိုသူ ယှဉ်ပြိုင်ခြင်း’ မူပိုင်ခွင့် က ထျန်ရှန်း မှာ ရှိတာမလား?"

အထူးလက်ထောက်ကျိုး: "ဟုတ်ကဲ့၊ မာစတာကျင်းက ကျန်စန်း ဖြစ်တယ်ဆိုတဲ့ သတင်းကို ပိတ်ဆို့ဖို့ အရင်က ဒီ IP (Intellectual Property) ကို ဝယ်ခဲ့တာပါ"

"ဒါဆို ဒီပရောဂျက်ကို ပြန်စလိုက်၊ လက်ရှိ လူကြိုက်များနေတာကို အခွင့်ကောင်းယူပြီး တတိယအကြိမ် "မူရင်းသီဆိုသူ ယှဉ်ပြိုင်ခြင်း" ကို ကျင်းပလိုက်၊ လူအများကြီး လာရောက်ပါဝင်လောက်တယ်၊ ဒီနေရာကို ရိုက်ကူးရေးစတူဒီယို အဖြစ် သုံးနိုင်တယ်”

အထူးလက်ထောက် ကျိုး၏ မျက်လုံးများ လင်းလက်သွားသည်။

ကောင်းတယ်။ ဒီလိုဆိုရင် စတူဒီယိုကို စွန့်ပစ်ထားစရာမလိုတော့ဘဲ ကျင်းရိဖန်နဲ့ ချီပိုက်တို့ရဲ့ လူကြိုက်များမှုကို အခွင့်ကောင်းယူပြီး နောက်ထပ် နာမည်ကြီး ရုပ်သံအစီအစဉ် တစ်ခု ဖြစ်လာနိုင်တယ်။

ရှဲ့ကျစ်ရှင်းက အမိန့်ပေးပြီးနောက် အထူးလက်ထောက် ကျိုးနှင့်အတူ စက်ရုံမှ ထွက်ခွာသွားခဲ့သည်။

စက်ရုံတံခါးတွင် ယခုမှ ရောက်လာသည့် ရှချန်းချန်းကို တွေ့လိုက်ရသည်။

ရှဲ့ကျစ်ရှင်း အံ့အားသင့်သွားသည်။

"ရှချန်းချန်း"

သူ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။

ရှဲ့ကျစ်ရှင်းကို မြင်လိုက်သောအခါ ရှချန်းချန်း၏ မျက်နှာ လင်းလက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူမက ဘာမျှ မတွန့်ဆုတ်တော့ဘဲ ရှေ့သို့ ပြေးဝင်ပြီး ရှဲ့ကျစ်ရှင်းကို ပွေ့ဖက်လိုက်သည်။

ရှဲ့ကျစ်ရှင်း: !!!

အထူးလက်ထောက်ကျိုး: !!!

စနစ်: !!!

ရှဲ့ကျစ်ရှင်းက မှင်သက်နေပြီး သူ့စိတ်ထဲတွင် ဘာမျှ မရှိတော့ဘဲ ရှချန်းချန်း ပွေ့ဖက်ထားသည်ကို ခံနေခဲ့သည်။

သူ့နောက်က အထူးလက်ထောက်ကျိုး၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပါးစပ်ကို ပိတ်လိုက်သည်။

ဘုရားရေ၊ ဘယ်လို ထိတ်လန့်စရာ သတင်းမျိုးကို ငါ သိလိုက်ရတာလဲ။

သူတို့က အတုအယောင်မဟုတ်ဘူးလား။ သူက အရင်က လက်ထပ်စာချုပ်ကို ရေးဆွဲခဲ့တာ။ အခု တကယ် ဖြစ်တော့မှာလား။

နေရာတွင် ရှိနေသော သက်ရှိအမျိုးသားမှာ မှင်သက်နေဆဲဖြစ်သော်လည်း ရှချန်းချန်းက ရှဲ့ကျစ်ရှင်း၏ နားရွက်ကို ကိုက်လိုက်သည်။ နွေးထွေးပြီး ယားယံသော အသံက ရှဲ့ကျစ်ရှင်း၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

"ရှဲ့ကျစ်ရှင်း၊ ဒီနေရာက ဘာအတွက်လဲဆိုတာ ငါ သိတယ်၊ ဒါပေမယ့် မိုက်မဲတဲ့ အလုပ်တွေ မလုပ်ပါနဲ့"

ရှဲ့ကျစ်ရှင်း အံ့သြသွားသည်။

သူ တကယ် သိတာလား။

ဒါပေမယ့် သူ ဘယ်သူ့ကိုမှ မပြောဘဲ ဒီကို ကိုယ်တိုင် ပြေးလာခဲ့တာပေါ့။

ငါ့ကို ဂရုစိုက်လို့၊ ငါ အမှားလုပ်မိမှာကို စိုးရိမ်လို့လား။

ဒါမှမဟုတ် တခြားအကြောင်းပြချက်တွေကြောင့်လား။

အဘယ်ကြောင့်မှန်း မသိသော်လည်း ရှဲ့ကျစ်ရှင်း စိတ်ထဲ၌ နွေးထွေးမှုကို ခံစားရသည်။

သူက ရှချန်းချန်းကို ညင်သာစွာ တွန်းဖယ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ဒီနေရာကို ဘာအတွက် သုံးတာလို့ မင်း ထင်လဲ"

ရှချန်းချန်း ထိတ်လန့်နေပြီး သူမဘေးနားက အထူးလက်ထောက်ကျိုးကို သတိဖြင့် ကြည့်လိုက်သည်။

"ဒါက... ဒါက အဲ့ဒါမလား..."

သူမ တုံ့ဆိုင်းနေပြီး ပြန်မဖြေဘဲ ရှဲ့ကျစ်ရှင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ရှချန်းချန်း: ဒီလောက် ကြီးမားတဲ့ ကိစ္စကို တခြားသူတွေ ဘယ်လိုလုပ် သိစေရတာလဲ။ ရှင့်ရဲ့ အထူးလက်ထောက်တောင် မလုပ်နိုင်ဘူး။

ရှဲ့ကျစ်ရှင်း ပြုံးပြီး ပြောသည်။

"ဒါက မူရင်းသီဆိုသူ ပြိုင်ပွဲရဲ့ တတိယ စတူဒီယိုပဲ"

ရှချန်းချန်း: ? ? ?

ရှချန်းချန်း တစ်ဝက်ခန့် အံ့အားသင့်နေပြီး ရှဲ့ကျစ်ရှင်းနှင့် အထူးလက်ထောက်ကျိုးတို့က သူမကို အနည်းငယ်ပျော်ရွှင်စွာ ကြည့်နေသည်ကို မြင်လိုက်သောအခါ သူမ ရုတ်တရက် သဘောပေါက်သွားသည်။

ဒီစက်ရုံအဆောက်အအုံကို ဘာအတွက်ပဲ သုံးခဲ့သုံးခဲ့၊ အားလုံးက မအောင်မြင်ခဲ့ဘူး။ အခုတော့ တကယ်ပဲ တခြားအသုံးဝင်မှုတွေ ရှိလာပြီ။

"အိုး..."

ရှချန်းချန်း စိတ်ပျက်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်းက အတော်လေးကို ဉာဏ်ကောင်းတာပဲ။ သူက မြင်ကွင်းကို တတိယအကြိမ် ပြိုင်ပွဲအဖြစ် ပြောင်းလဲပစ်လိုက်တာ၊ စက်ရုံကို လျှို့ဝှက် ရိုက်ကူးရင်တောင် အဓိပ္ပာယ်ရှိတယ်။

ရုတ်တရက် ရှချန်းချန်းက သူမသည် ရှဲ့ကျစ်ရှင်း၏ ခါးကို ကိုင်ထားဆဲဖြစ်ပြီး ရှဲ့ကျစ်ရှင်းက သူမအား လုံးဝ တွန်းမထုတ်သေးသည်ကို တွေ့လိုက်ရသည်။

ရှချန်းချန်း မျက်တောင်ခတ်လိုက်သည်။

သူမက ရှဲ့ကျစ်ရှင်းကို ချစ်ခြင်းမေတ္တာပြသခြင်းဖြင့် မိုက်မဲသည့် အလုပ်များ မလုပ်ရန်သာ သတိပေးချင်ခဲ့သည်။

ဒါပေမယ့် အခု... သတိပေးတာ မအောင်မြင်ခဲ့ဘူး။ ငါ ဆက်ပြီး သရုပ်ဆောင်သင့်လား။

ဒရာမာကလပ်မှ ပါရမီရှင်ကောင်မလေး ရှချန်းချန်းက ဝါတာလူး (Waterloo) ကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်။

ထားလိုက်ပါတော့၊ ငါ မရှက်နေသမျှတော့ တခြားသူတွေက ရှက်နေရဦးမှာပဲ။

ရှချန်းချန်း နန့်တန့်တန့်ပြုမူပြီး ရှဲ့ကျစ်ရှင်း၏ လက်ကို တိတ်တိတ်လေး လွှတ်လိုက်သည်။

"ဒါဆို လောင်ကုန်းတို့ ဆက်လုပ်ကြလိုက်နော်၊ ကျွန်မ အရင် သွားတော့မယ်"

ရှချန်းချန်း လှည့်ထွက်သွားပြီး ခြေလှမ်းကို နှစ်လှမ်းစာမျှလှမ်းကာ လျင်မြန်စွာ စက်ရုံမှ ထွက်ခွာသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းက သူမ၏ ကျောပြင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များက မသိစိတ်ကပင် လှပသော အကွေးအဝိုက်တစ်ခု ပေါ်လာသည်။

အထူးလက်ထောက်ကျိုးက ရှဲ့ကျစ်ရှင်းကို ကြည့်လိုက်ပြီးနောက် ရှချန်းချန်း၏ ကျောပြင်ကို ကြည့်လိုက်သည်။

"မစ္စတာရှဲ့၊ မင်း ထင်လား... မဒမ် (Madam) က မင်းကို ချစ်မိနေပြီလားလို့"

ရှဲ့ကျစ်ရှင်းက အံ့အားသင့်သွားပြီး သူ၏ နှလုံးခုန်နှုန်း မြန်လာခဲ့၏။ သူက တည်ငြိမ် ဟန်ဆောင်ကာ မေးခဲ့သည်။

“ဘာလို့ ဒီလို ပြောရတာလဲ”

အထူးလက်ထောက် ကျိုးက ခွဲခြမ်းစိတ်ဖြာသည်။

“မဒမ်က မင်းကို ရုပ်သံအစီအစဉ်မှာ မြင်ချင်တယ်လို့ အရင်က မပြောခဲ့ဘူးလား၊ ဒါပေမယ့် နောက်ပိုင်းမှာ သူက သခင်လေးကျင်းကို နှစ်သိမ့်ပေးဖို့ ပြောခဲ့တယ်‌လေ၊ သခင်လေးကျင်းက စိတ်ဓာတ်ကျနေတာ မဟုတ်ဘူးဆိုတာကို သူ သိထားပြီးသား၊ ဆိုလိုတာက ဒုတိယအကြောင်းပြချက်က ယုတ္တိမရှိတာပဲ၊ မာဒမ်က မင်းကို မြင်ချင်ရုံပဲ”

ထွက်ခွာသွားစဉ်က အဆင်မပြေသော ဟန်ပန်သည် ရှင်းရှင်းလင်းလင်းပင် ရှက်ရွံ့ခြင်း ဖြစ်သည်။

"နောက်ဆုံးအနေနဲ့၊ အရေးအကြီးဆုံးအချက်ကတော့ မဒမ်က မင်းနဲ့ ကွာရှင်းသေးတာ မဟုတ်ဘူး၊ သူက ဟန်ကျားလင်းကို မကြိုက်တော့ဘူး၊ အခု သူ ကြိုက်တဲ့သူက မင်းဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား”

အထူးလက်ထောက်ကျိုးက သူ၏ လက်များကို ဖြန့်လိုက်သည်။

“တခြား ဘာအကြောင်းကြောင့် သူ မင်းနဲ့ မကွာရှင်းရတာလဲ၊ သူက မင်းရဲ့ပိုက်ဆံကို လိုချင်လို့လား၊ ရှမိသားစုက အရမ်း ချမ်းသာတာလေ၊ မလိုအပ်ဘူး၊ သူက မင်းရဲ့ နာမည်ဂုဏ်သတင်းကို လိုချင်တာလား၊ သူက ပါပါရာဇီ မဟုတ်ဘူးလေ၊ မင်းရဲ့ နာမည်ဂုဏ်သတင်းနဲ့ သူနဲ့ ဘာဆိုင်လို့လဲ၊ နောက်ဆုံးတော့ သူက ပိုက်ဆံ ဒါမှမဟုတ် နာမည်ဂုဏ်သတင်းကို မလိုချင်ရင် မင်းကိုပဲ လိုချင်တာပဲ ဖြစ်နိုင်တယ်”

အထူးလက်ထောက်ကျိုး၏ ခွဲခြမ်းစိတ်ဖြာမှုက အလွန် ယုတ္တိရှိပြီး သူ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ရှဲ့ကျစ်ရှင်းက ကြားလိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။

သူ ရုတ်တရက် သတိရလိုက်သည်။”သာယာရိုးရှင်းသောဘဝ" တွင် မပါဝင်မီ သူနှင့် ရှချန်းချန်းတို့က ဟန်ကျားလင်အကြောင်း ပြောဆိုခဲ့ကြသည်။

ထိုအချိန်တွင် ရှချန်းချန်းက ဟန်ကျားလင်ကို သူမ မကြိုက်တော့ကြောင်း ပြောခဲ့ပြီး သူ့ကို ပြုံးပြုံးလေးနှင့် ကြည့်ကာ ပြောခဲ့သည်။

"အဆုံးမှာတော့ ကျွန်မရဲ့ လောင်ကုန်းက အရမ်းချောတော့ တခြားတစ်ယောက်ကို ချစ်မိတာက ပုံမှန်ပဲလေ~"

ရှဲ့ကျစ်ရှင်း ခဏရပ်လိုက်သည်။ ဖော်ပြမရနိုင်သော စိတ်ခံစားမှုတစ်ခု သူ့ရင်ထဲ၌ စီးဆင်းဝင်ရောက်လာလေသည်။ သူ မသိစိတ်ကပင် အနည်းငယ် စိတ်လှုပ်ရှားလာပြီး သူ၏ နှလုံးခုန်နှုန်းက ပို၍ မြန်လာသည်။

ရှချန်းချန်း တကယ်ပဲ ငါ့ကို ချစ်မိသွားတာလား။

All Chapters